Feb 27, 2009

တကယ့်လူရဲ့ နောက်ဆက်တွဲ

ရေးသူ- စစ်ငြိမ်းဒီရေ

လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ မတိုင်ခင်က သူနဲ့ကျနော် နေ့စဉ်နီးပါးတွေ့
ဆုံလေ့ ရှိပါတယ်။ သူ့သမီးရဲ့ ဈေးဆိုင်လေးတစ်ခုမှာပါ။ အဲဒီအချိန်ထိ သူ့
မှတ်ဥာဏ်တွေ မချွတ်ယွင်းသေးပါဘူး။ အရပ်ထဲက လူတွေကတော့ သူနဲ့
ကြုံသလိုပဲ စကားပြောလေ့ ရှိပါတယ်။ သူ ပြောတဲ့ အကြောင်းအရာတွေကို
မှတ်သားနိုင်ဖို့ လူတွေလည်း မကြိုးစားဖြစ်ခဲ့ဘူးလို့ ပြောလို့ရပါတယ်။
အားလုံးက လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မဲ့ အခြေအနေကြားမှာပါ။ သူ ကျင်လည်
ခဲ့တဲ့ ဘ၀တွေကို စိတ်ဝင်တစား မေးမြန်းဖို့ သူ့ သားသမီးအရင်းအချာတွေ
လည်း စိတ်ပါဝင်စားပုံ မပေါ်ခဲ့ဘူးလို့ ထင်ပါတယ်။ ဒီလိုပဲ သူနဲ့ကျနော်
ဦးတည်ရာမဲ့ စကားတွေပြောလိုက်၊ မေးလိုက် မြန်းလိုက်နဲ့ တနေ့တော့
ကိစ္စ တစ်ခုကို ရောက်သွားပါတယ်။

(သူ) တော်လှန်ရေးလုပ်တယ်ဆိုတာ ကိုယ့်ဆန့်ကျင်တဲ့အရာတွေပေါ် တိုက်ခိုက်
ခြင်းပဲ၊ လက်နက်နဲ့ပဲ ဖြစ်ဖြစ်၊ တခြားသော နည်းလမ်းတွေနဲ့ပဲ ဖြစ်ဖြစ်ပေါ့၊ အဓိက
က အဲဒီ တော်လှန်ရေး အောင်မြင်ဖို့ပဲ၊ တရားတယ်၊ မတရားဘူး၊ ဟုတ်တယ်၊
မဟုတ်ဘူး ဆိုတာတွေက ပုံစံအမျိုးမျိုးနဲ့ ရှုဒေါင့်အမျိုးမျိုးက ဆုံးဖြတ်တာပါ၊
လုပ်ရဲဖို့တော့ လိုတာပေါ့၊ လုပ်နိုင်အောင်လည်း ဖန်တီးတတ်ဖို့ လိုပါတယ်။

(ကျနော်) အဘတို့ တော်လှန်ခဲ့တဲ့ အင်္ဂလိပ်တို့၊ ဂျပန်တို့က နိုင်ငံခြားသား
တွေလေ၊ အဲဒီတော့ လူတိုင်းက မုန်းတာပေါ့၊ လူတွေကို စည်းရုံးရတာလည်း
ဒီခေတ်လောက် မခက်ဘူးလို့ ကျနော်တော့ ထင်တယ်။

(သူ) မင်းထင်လို့ပါ၊ ဒို့တုန်းကလည်း မလွယ်တဲ့ အလုပ်တွေ ရှိခဲ့ဖူးပါတယ်၊
စာတွေထဲမှာ မှတ်တမ်းမ၀င်ခဲ့တဲ့ အလုပ်တွေ အများကြီး ရှိခဲ့ဖူးပါတယ်၊ အလုပ်
တိုင်းက လူကြားကောင်းတဲ့ သဘောသဘာဝ ရှိခြင်းမှ ရှိတာလေ၊ တချို့
နေရာတွေမှာ ဖြစ်လာမဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သတ်ဖြတ်
ရတာတွေ ရှိပါတယ်။

(ကျနော်) အဘတို့က ဘယ်သူ့ကို သတ်ခဲ့လို့လဲ။
(သူ) ငါတို့က မြေအောက်တော်လှန်ရေးရဲ့ ရဲဘော်တွေလေ၊ အထက်က
ညွှန်ကြားရင် သတ်ရတာပေါ့၊ ဒါ တော်လှန်ရေး လုပ်တာလေ။
(ကျနော်) … ဘယ်သူ့ကို သတ်ခဲ့တာလဲ။
(သူ) တော်ဘုရားကြီးကို … ။
(ကျနော်) တော်ဘုရာကြီးဆိုတာ ဘယ်သူလဲ။
(သူ) သီပေါမင်းနဲ့ စုဘုရားလတ်ရဲ့မြေး …။

(ကျနော်) ဘယ်လို သတ်ခဲ့တာလဲ ... အဘ။
(သူ) ဂျပန်ခေတ် ကုက္ကိုင်ရေကူးကန်လမ်းထိပ်က ခြံတစ်ခြံမှာ ငါတို့နေတယ်။
အဲဒီခြံမှာ ရုပ်ရှင်မင်းသမီးတစ်ယောက် နေတယ်ကွ။ အဲဒီမိန်းမကြီးကို ဂျပန်ကင်ပေ
စစ်ပုလိပ်တစ်ယောက်က ကြိုက်နေတာ၊ အဲဒီခြံမှာ ငါတို့က တောက်တိုမရ
အလုပ်သမားပုံစံနဲ့ ကပ်ပြီး နေရတာ၊ အဓိက က အဲဒီမိန်းမကြီးနဲ့ ပက်သက်
ပြီး စစ်သတင်းအတိုအစများ ရမလားဆိုပြီး နေကြတာပေါ့၊ ငါရယ်၊ ငါ့သူငယ်ချင်း
ဝက်ကြီးရယ်၊ တစ်နေတော့ ငါတို့ဆီကို လျှိုဝှက်ရုံးက စာရောက်လာတယ်၊
တော်ဘုရားကြီးကို သုတ်သင်ပြစ်ဖို့ ညွှန်ကြားတဲ့ စာပေါ့၊ ပြီးတော် ခြောက်လုံးပြူး
တစ်လက်လည်း ပါတယ်။

ဒီလိုကွ ဂျပန်ဝင်ခါစက မြန်မာဘုရင်ရဲ့ ဆွေမျိုးအဟောင်းတချို့က သူတို့မိဘ
တွေ လက်ထက်က အာဏာမျိုး ပြန်ရဖို့ ဂျပန်ကို ချဉ်းကပ်တာတွေ လုပ်ကြ
တယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ရပ်တွေကို ဟန့်တားဖို့ သူတို့ရဲ့ ခေါင်းဆောင်
လုပ်သူကို ဆုံးမ ရမယ်ပေါ့။ အဲဒီအုပ်စုရဲ့ လှုပ်ရှားမှုကို တော်ဘုရားကြီးက
ဦးဆောင်တယ်၊ ဒါကြောင့် တော်ဘုရားကြီးကို ရှင်းပြစ်ရမယ်ပေါ့။

မိုးတွေက တဖွဲဖွဲ ရွာနေတဲ့ မနက်ခင်းတစ်ခုပေါ့။ ငါနဲ့ ငါ့သူငယ်ချင်း ၀က်ကြီးက
ဌက်ပျောသီးခိုင် တစ်ခုကို ထမ်းပြီး အဲဒီခြံကို သွားခဲ့ကြတယ်။ အထက်က ငါတို့ကို
အမိန့်ပေးခဲ့တာက ဒမြတိုက်တဲ့ ပုံစံလိုလို ဘာလိုလိုနဲ့ သတ်ပြစ်ခဲ့ဖို့ပါ။ ခြံကြီး
အကြီးကြီး မောင်ရေ။ ခြံပေါက်ဝ ရောက်တော့ ပါလာတဲ့ ဌက်ပျောသီးခိုင်ကြီးကို
ဘေးချ၊ လက်အုပ်လေးချီပြီး … အရှင် ကိုယ်တော်ကြီးဘုရားနဲ့ တွေ့ချင်လို့ပါ၊
ဝင်ခွင့်ပြုပါဆိုပြီး လုပ်ရတယ်။ ဒါနဲ့ပဲ ခြံထဲကို ဒို့ရောက်သွားတာပေါ့။ ဧည့်ခန်းထဲ
ခေါ်သွားတယ်။ တော်ဘုရားကြီးနဲ့ တွေ့ရတယ်။ ဟေ့ကောင်ရေ … ဒီအရင် ငါတို့က
သူ့ကို အပြင်မှာ တစ်ခါမှ မတွေ့ဖူးဘူး၊ သူလို ကိုယ်လိုပဲ ထင်တာ။ သူက ဗလ
တောင့်တောင့်နဲ့ အားကစားလေ့ကျင့်ခန်း လုပ်နေတယ်။ အားကစားသမားကွ၊
ငါတို့က ငဖျံလေးတွေ၊ သူနဲ့ ယှဉ်လိုက်ရင် ဆင်နဲ့ကြွက်လောက် ကွာတယ်။

ဒီလိုနဲ့ သူ့ကို လက်အုပ်လေးချီပြီး ဟိုပြောလိုက် ဒီပြောလိုက်နဲ့ အခြေအနေကို
လေ့လာရတယ်။ လူလည်း ရှင်းရော … ငါက ခါးကြားမှာ ၀ှက်ပြီးသယ်လာတဲ့
သေနတ်နဲ့ ထုတ်ချိန်းလိုက်တယ်။ ဘာပြောကောင်းမလဲ သူက ငါကို ခုန်အုပ်ပြီး
သေနတ် ၀င်လုတာပေါ့။ သေနတ်က လွှင့်ထွက်သွားတယ်။ ငါက အောက်မှာ၊
သူက အပေါ်ကနေ ထိုးသမျှ ငါ ခံရတယ်။ ဒါနဲ့ ငါ့သူငယ်ချင်း ၀က်ကြီးက
သူ့ဂုတ်ပိုးပေါ် ခွစီးပြီး သူ့ကို ၀င်ထိုးတာပေါ့။ သူလည်း ငါ့ကို ထိုးနေရကနေ
ဝက်ကြီးဘက်ကို လှည့်ပြီး ဆော်တယ်။ အဲဒီမှာတင် ငါလည်း လဲနေရာက
ကုန်းရုန်းထပြီး လွှတ်ကျသွားတဲ့ သေနတ်ကို ကောက်တယ်။ ပြီးတော် သူ့ကို
ပထမ တစ်ချက် ပြစ်ချလိုက်တယ်။ ပထမတော့ သူ လဲကျသွားတယ်။ ဒါပေမဲ့
သူ ပြန်ထလာတယ်ကွ။ ဒီမှာတင် ခေါင်းတည့်တည့်ကို ချိန်းပြီး နောက်တစ်ချက်
ပြစ်ချလိုက်တယ်။ သူ လုံးဝ မထ နိုင်တော့ဘူး။

ငါတို့လည်း တော်တော်လေး ထူပူ နေတာ။ ငါတို့ကို ညွှန်ကြားလိုက်တုန်းက
သတ်ပြီးရင် ခန္ဓာကိုယ့်က လက်ဝတ်ရတနာ ပစ္စည်းတစ်ခုခုကို ယူခဲ့လို့ ပါတယ်။
ပစ္စည်းလိုချင်လို့ ဒမြတိုက်ရင်နဲ့ လက်လွန်းပြီး လူသတ်မူ ဖြစ်တဲ့ ပုံစံမျိုးပေါ့။
သေနတ်သံကြားတော့ အိမ်ထဲက လူတွေလည်း ဧည့်ခန်းထဲ ပြေးဝင်လာတယ်။
ပြီးတော် သူတို့လည်း အထိန့်တလန့် ဖြစ်ပြီး … လာကြပါအုံး … ဒီမှာ
ဒမြတိုက်နေတယ် … ဘာညာ ဆိုပြီး အော်ကြတာပေါ့။ ဒီမှာတင် ငါတို့နှစ်ယောက်
လည်း ဘာပစ္စည်းမှတောင် ချွတ်ပြီး မယူနိုင်ဘူး။ ခြေကုန်သုတ်ပြီး ပြေးခဲ့တယ်။
သေနတ်တောင် သယ်နေရတာ လေးတယ်ဆိုပြီး လမ်းဘေးက မြောင်းထဲ လွှင့်ပြစ်
ခဲ့တယ်။ အဲဒီနေရာနဲ့ မနီးမဝေးမှာ စခန်းချနေတဲ့ ဂျပန်စစ်တပ်လည်း ဒို့နောက်ကို
အသည်းအသန် လိုက်တယ်။ လိုက်လာတဲ့ ဂျပန်စစ်သားက အယောက်နှစ်ဆယ်
လောက် ရှိတယ်။ လိုက်ရင်းနဲ့ ငါတို့ကိုသေနတ်နဲ့ လှမ်းပြီး ပြစ်တယ်။ ကံကောင်း
လို့ မထိတာ။

ဒီလိုနဲ့ ငါတို့လည်း ရွှေတိဂုံဘုရားကို ဦးတည်ပြီး ပြေးခဲ့ကြတယ်။ မနက်စောစော
မိုးတောင် သိပ်မလင်းသေးဘူး။ ဒါနဲ့ ငါတို့လည်း ဘုရားကုန်းပေါ် ပြေးတက်ကြ
တာပေါ့။ နောက်က လိုက်လာတဲ့ ဂျပန်က မနီးမဝေး။ ဘုရားစောင်းတန်းမှာ ပန်း
ရောင်းတဲ့ ဈေးဆိုင်ခုံတွေ ရှိတယ်လေ။ ဆိုင်တွေ မဖွင့်သေးဘူး။ အဲဒီခုံတွေအောက်
မှာ ညဖက်ဆိုရင် လာလာ အိပ်တဲ့ သူတောင်းစား တွေရှိတယ်။ ဒါနဲ့ ငါတို့လည်း
အဲဒီခုံတွေအောက် ၀င်ပုန်းတယ်။ ခါးက ပုဆိုးကို တကိုယ်လုံးဖြန့်ခြုံပြီး
သူတောင်းစားလိုလို ဘာလိုလိုနဲ့ အိပ်ချင်ယောင်ဆောင်လိုက်တာပေါ့။ ဒါနဲ့
နောက်က လိုက်ရှာတဲ့ ဂျပန်စစ်သားတွေလည်း မျက်စီလည် သွားတယ်။ သူတို့
လည်း ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဘုရားကုန်းပေါ်ကို တက်သွားကြ
တယ်။ အဲဒီတော့မှ စိတ်ထဲ … အင်း … ဆိုပြီး သက်ပြင်း ချနိုင်တယ်။ ဒါနဲ့ပဲ
ဒို့လွှတ်ခဲ့ ကြတယ်လေ။

(ကျနော်) အဘတို့ကို ညွှန်ကြားခဲ့တဲ့ အထက်အဖွဲ့အစည်း ဆိုတာ ဘယ်သူ
တွေလဲ။
(သူ) … မင်းဘိုးအေ တွေလေ … ။ တော်လှန်ရေး လုပ်ပါတယ်ဆိုမှာပဲ
… ဘီအိုင်အေရုံး ပေါ့ကွ … ဟားဟားဟား (ခြောက်ကပ်ကပ် ရယ်သံများ)။

(ဤမျှသာ။)

Feb 26, 2009

လိမ်

တချို့က လိမ်တယ်
အချို့က အလိမ်ခံရတယ်

တချို့က မသိမသာ လိမ်တယ်
တချို့က သိသိနဲ့ လိမ်တယ်
တချို့က မသိလိုက်သလိုနဲ့ လိမ်တယ်

အချို့က မသိမသာ အလိမ်ခံရတယ်
အချို့က သိသိနဲ့ အလိမ်ခံရတယ်
အချို့က မသိလိုက်သလိုနဲ့ အလိမ်ခံရတယ်

“လိမ်တဲ့ ပညာကို ဘယ်သူက စ’မွေးဖွားလဲ
အာဒံလား ….
ဧ၀ လား …
ဗြဟ္မာကြီး လေးဦးလား …
ဇာခန်းဆီနောက်ကွယ်က အင်တာဗျူးလား …
ဆောင်ကြာမြိုင်က ကြာကူလီ လူတန်းစားတွေလား …
ရင်ကွဲပက်လက်လမ်းဆုံးက ဆွံ့အ နားမကြားတွေလား …
စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေလား …
အဲဒီအကြောင်းကို ပြောပြတဲ့ လူတွေလား …. ”

တချို့က ကိုယ့်ကိုယ်ကို လိမ်ခဲ့
တချို့က သူတစ်ပါးကို လိမ်ခဲ့
တချို့က အစုအဖွဲ့ကို လိမ်ခဲ့
တချို့က အမျိုးအနွယ်ကို လိမ်ခဲ့
တချို့က တိုင်းနိုင်ငံကို လိမ်ခဲ့
တချို့က အရာအားလုံးကို လိမ်ခဲ့
တချို့က လိမ်လို့ရသမျှကို လိမ်ခဲ့

အချို့က ရယ်မောစရာအဖြစ် အလိမ်ခံခဲ့
အချို့က လျှပ်တပြက်ပဲ အလိမ်ခံခဲ့
အချို့က မျှော်လင့်ချက်နဲ့ အလိမ်ခံခဲ့
အချို့က ယုံကြည်မှုကြောင့် အလိမ်ခံခဲ့
အချို့က သံဓိဋ္ဌာန်ကြောင့် အလိမ်ခံခဲ့
အချို့က သစ္စာတရားဖြင့် အလိမ်ခံခဲ့
အချို့က ပုံအောပြီး အလိမ်ခံခဲ့

တချို့က စကားလုံးအားဖြင့် လိမ်….
တချို့က စာရေးပြီး လိမ်….
တချို့က အမူအရာနဲ့ လိမ်….
တချို့က အတတ်ပညာနဲ့ လိမ်….
တချို့က အားယူပြီး လိမ်….

အချို့က အားမရှိလို့ အလိမ်ခံ …..
အချို့က အတတ်ပညာနည်းလို့ အလိမ်ခံ …..
အချို့က မခန့်မှန်းတတ်လို့ အလိမ်ခံ …..
အချို့က စာမတတ်လို့ အလိမ်ခံ …..
အချို့က နားမလည်လို့ အလိမ်ခံ …..

တချို့က ဥပမာ ပေးပြီး လိမ်တုန်း
အချို့က အမှန်တရားကို သက်သေပြုဖို့ လိမ်တုန်း
တချို့က အခြေအနေအရဆိုပြီး လိမ်တုန်း
အချို့က မလိမ်ခြင်းပဲနဲ့ လိမ်တုန်း
တချို့က ခွင့်မပြုလို့ လိမ်တုန်း
အချို့က ဖောက်ထွက်မရလို့ လိမ်တုန်း
တချို့က အသက်ရှင်ဖို့အတွက် လိမ်တုန်း
အချို့က ထမင်းတစ်လုတ်စားဖို့ လိမ်တုန်း
တချို့က ထာဝရ လိမ်တုန်း
အချို့က လမ်းကြုံလို့ လိမ်တုန်း

တချို့က ပွဲမစ’ခင် အလိမ်ခံရ
အချို့က နေရာရဖို့ အလိမ်ခံကြ
တချို့က ပုံရိပ်တွေနဲ့ အလိမ်ခံရ
အချို့က ဆုတံဆိပ်တွေနဲ့ အလိမ်ခံကြ
တချို့က လက်ခုတ်သံနဲ့ အလိမ်ခံရ
အချို့က မင်္ဂလာပြုပြီး အလိမ်ခံကြ
တချို့က အစွမ်းထက်မှုနဲ့ အလိမ်ခံရ
အချို့က အစွမ်းအစမရှိလို့ အလိမ်ခံကြ
တချို့က အသက်ရှင်နေစဉ် အလိမ်ခံရ
အချို့က သေဆုံးတဲ့အထိ အလိမ်ခံကြ

တချို့က လိမ်တာကို သဘောတွေ့ပြီး
အချို့က အလိမ်ခံရတာကို မနောခွေ့ နေတော့ … ။ ။

- စစ်ငြိမ်းဒီရေ

Feb 24, 2009

တစ်နှစ်ပြည့်

တင်ပြသူ- စစ်ငြိမ်းဒီရေ

ကျနော့်ရဲ့ “ပျူနိုင်ငံ” စာမျက်နှာက ဒီနေ့ဆိုရင် တစ်နှစ်ပြည့်ခဲ့ပါပြီ။
အဲဒီတော့ တစ်နှစ်ပြည့် အလှူလုပ်ရမှာပေါ့ဗျာ။ စားစရာတွေ၊ သောက်စရာ
တွေက မျက်နှာချင်းဆိုင်ဆိုရင်တော့ တတ်အားသရွေ့ ဖြစ်နိုင်ပါတယ်။
အခုလို အင်တာနက်ပေါ်မှာတော့
ဘာတတ်နိုင်သလဲဆိုတော့ ….
ဟိုနေရာ သည်နေရာက ရှာဖွေပြီး ဒေါင်းလုပ်(Download) ချထားတဲ့
စာအုပ်လေးတွေပဲ ရှိပါတယ်။ ဖတ်ပြီးသား၊ ကူးယူပြီးသား ဖြစ်နေရင်တော့
ခွင့်လွှတ်ပါလို့ ပြောပါရစေ။

(မှတ်ချက်။ ။မူရင်းစာရေးဆရာများနှင့်တကွ အင်တာနက်ပေါ်သို့ ဦးစွာပထမ
ပို့ဆောင်ခဲ့သူများကို မူပိုင်ခွင့်အရ လေးစားစွာ မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်။)

(၁)ဆရာဇေယျာရဲ့ “စာပေ သမိုင်း ပုဂ္ဂိုလ်ရေး အတွေးအမြင်များ”။
ဒီနေရာမှာ Download ယူပါ။

(၂)ယောအတွင်းဝန် ဦးဖိုးလှိုင်ရဲ့“သဒ္ဒါသဘောများနှင့် ရေးနည်းများ”။
ဒီနေရာမှာ Download ယူပါ။

(၃)မြန်မာစာအဖွဲ့ရဲ့“မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း”။
ဒီနေရာမှာ Download ယူပါ။

(၄)မြန်မာစာအဖွဲ့ရဲ့“မြန်မာစာ၊မြန်မာစကား”။
ဒီနေရာမှာ Download ယူပါ။

(၅)မြန်မာစာအဖွဲ့ရဲ့“မြန်မာဆိုရိုးစကား”
ဒီနေရာမှာ Download ယူပါ။

(၆)ဆရာမြသန်းတင့်ရဲ့“စာရေးခြင်းအတတ်ပညာ”
ဒီနေရာမှာ Download ယူပါ။

(၇)ဆရာဇင်သန့်ရဲ့“စာဖတ်ကျွမ်းခြင်းဖြင့်(၁)”
ဒီနေရာမှာ Download ယူပါ။

(၈)ဆရာဇင်သန့်ရဲ့“စာဖတ်ကျွမ်းခြင်းဖြင့်(၂)”
ဒီနေရာမှာ Download ယူပါ။

(၉)ဆရာဇင်သန့်ရဲ့“စာဖတ်ကျွမ်းခြင်းဖြင့်(၃)”
ဒီနေရာမှာ Download ယူပါ။

(၁၀)ဆရာဖေမြင့်ရဲ့ “စာဖတ်သမား၏မှတ်စုများ”
ဒီနေရာမှာ Download ယူပါ။

(၁၁)ဦးပေါ်ဦးရဲ့“စကားအလင်္ကာ”
ဒီနေရာမှာ Download ယူပါ။

(၁၂)ဒဂုန်မဂ္ဂဇင်းအယ်ဒီတာ မောင်ဘိုးသစ်ရဲ့
“ကဗျာရေးနည်းနိသျည်း”။ (ဒီစာအုပ်က တကယ့်ရှားပါးစာအုပ်ပါ။)
ဒီနေရာမှာ Download ယူပါ။

(၁၃)အရှင်အာနန္ဒာရဲ့ “ရှေးခေတ်မြန်မာ ကဗျာများ”
ဒီနေရာမှာ Download ယူပါ။

(၁၄)ဆရာဇော်ဂျီရဲ့“ဗေဒါလမ်း ကဗျာစု”
ဒီနေရာမှာ Download ယူပါ။

(၁၅)ဆရာဇော်ဂျီရဲ့“ညီသစ်ဆင်း ကဗျာစု”
ဒီနေရာမှာ Download ယူပါ။

(၁၆)ဆရာမင်းသုဝဏ်ရဲ့ “ကဗျာတချို့”
ဒီနေရာမှာ Download ယူပါ။

(၁၇)ဆရာမောင်သာနိုးရဲ့ “ဂန္ထ၀င်မြန်မာ ကဗျာ”
ဒီနေရာမှာ Download ယူပါ။

(၁၈)ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့“ရှားလော့ဒေ၀ီနှင့်ဘာသာပြန်ကဗျာများ”
ဒီနေရာမှာ Download ယူပါ။

(၁၉)ဆရာမြသန်းတင့်ရဲ့“မော်ဒန်ကဗျာနှင့်ပက်သက်၍”
ဒီနေရာမှာ Download ယူပါ။

(၂၀)ဆရာမြသန်းတင့်(မောင်သစ်တည်)ရဲ့
“ခေတ်ပေါ်နိုင်ငံတကာ ကဗျာရှည် ၃-ပုဒ်”
ဒီနေရာမှာ Download ယူပါ။

(၂၁)ဆရာမောင်သာနိုးရဲ့“နိုင်ငံခြားကဗျာခံစားချက်များ”
ဒီနေရာမှာ Download ယူပါ။

(၂၂)ဆရာဇော်ဇော်အောင်ရဲ့ “နွားကျောင်းသားကဗျာ”
ဒီနေရာမှာ Download ယူပါ။

(၂၃)ဆရာဇော်ဇော်အောင်ရဲ့ “ပို့စ်မော်ဒန်သီဝရီများ”
(ဒီစာအုပ်ကို ဖတ်ရင် တစောင်းကြီးဖြစ်နေပါတယ်၊သည်းခံပြီး ဖတ်ရူကြည့်ပါ။)
ဒီနေရာမှာ Download ယူပါ။

(၂၄)မြန်မာအီးဘုခ်အယ်ဒီတာအဖွဲ့ရဲ့
မြန်မာခေတ်ပြိုင်ကဗျာ လျှပ်တပြက်ရုပ်ပုံလွှာ”
ဒီနေရာမှာ Download ယူပါ။

(၂၅)ဆရာဦးသန်းထွတ်ရဲ့“ကျွန်တော်နှစ်သက်မိသော ကဗျာများ”
ဒီနေရာမှာ Download ယူပါ။

(၂၆)“မုတ်သုန်ဋ္ဌက်”စာတည်းအဖွဲ့ရဲ့“ဧရာ၊မြစ်ဝါ၊ဂင်္ဂါ”
ဒီနေရာမှာ Download ယူပါ။

(၂၇)နှင်းဆီလွင်ပြင်စာပေအဖွဲ့ရဲ့ “ကြယ်စင်များရဲ့မိခင်”
(ကွယ်လွန်သူ အမေလူထုဒေါ်အမာရဲ့ ၉၃ နှစ်မြောက်မွေးနေ့ အမှတ်တရ။)
ဒီနေရာမှာ Download ယူပါ။

(၂၈)ပေါ်ဦးသစ်ရဲ့“ကျွန်တော်ဖြတ်သန်းခဲ့သော လေးဖြူ”
(အဆိုတော် လေးဖြူအကြောင်းပါ။)
ဒီနေရာမှာ Download ယူပါ။

(၂၉)ခင်မောင်(ဘဏ်)ရဲ့“မော်ဒန်အတ်(ခေတ်ပန်းချီ)”
ဒီနေရာမှာ Download ယူပါ။

(၃၀)ဆရာသစ္စာနီရဲ့“သက္ကရာဇ်မျဉ်းများ”
ဒီနေရာမှာ Download ယူပါ။

….. ဒေါင်းလုပ်ချလို့ အခက်အခဲရှိသူများ ko.aungdk@gmail.com
ကို ဆက်သွယ်နိုင်ပါတယ်။

(ဤမျှသာ။)

Feb 21, 2009

မထူးဇာတ် (၁)



ဒီမှာ မိတ်ဆွေ ….
လောကကြီးမှာ မနေချင်လို့
သေမယ်ဆိုရင်လည်း
ကျွန်တော့်ကို ဖြစ်ဖြစ်
ဗိုလ်သန်းရွှေကို ဖြစ်ဖြစ်
အဖော်ခေါ်သွားပါ
တစ်ယောက်တည်းတော့ မသွားနဲ့
................
ပုံ
မှတ်ချက်
ကဗျာ့ ဥပဒေသ
ကဗျာကို ဘာသာမပြန်ရ။ ။

- စစ်ငြိမ်းဒီရေ

Feb 20, 2009

အက်ႌပါ၀တ္တဲ့ မုိးတိမ္မ်ား

ရေးသူ- စစ်ငြိမ်းဒီရေ

အွန်လိုင်းပေါ်မှာ ကျနော်နဲ့ ခင်မင်ရင်းနှီးတဲ့ ဘလော့ဂါလူငယ် တစ်ဦးနဲ့
တလောက စကားပြောဖြစ်တယ်။ ဒါနဲ့ သူ့ကို မေးကြည့်တယ်။ မင်းဆီမှာ
ဘာ စာအုပ်တွေ ရှိလဲ။ အခုတလော ဘာတွေ ဖတ်ဖြစ်လဲ ဆိုတော့ …
သူလည်း ပြောပါတယ် …….
ခက်တာက သူပြောတဲ့ ပြည်တွင်းက ကဗျာဆရာ အသစ်တွေရဲ့ နာမည်တွေ
ကျနော်လည်း မကြားဘူးဖူး ……. ပြည်တွင်းက ထွက်လာတာ နှစ်တွေလည်း
ကြာခဲ့ပြီကိုး ……
ဒါကြောင့် ခင်မင်ရင်းနှီးတဲ့ သူတွေ အပါအ၀င် မရှိသေး၊ မသိသေးတဲ့ သူများအတွက်
အွန်လိုင်းပေါ်မှာ ကျနော် ဒေါင်းလုပ် လိုက်ဆွဲ ချထားတဲ့ ကဗျာ စာအုပ်တချို့
ကို ပြန်လည် မျှဝေ လိုက်ပါတယ်။
……. ဆိုနေကြ အတိုင်းဘဲ …. မူရင်း ရေးသူများနှင့် အင်တာနက်ပေါ်သို့ တင်ခဲ့တဲ့
သူများကို မူပိုင်ခွင့်အရ ကျနော်အနေနဲ့ လေးစားစွာ တောင်းပန်အပ်ပါတယ် …။

မာယာကော့စကီးရဲ့ “ဘောင်းဘီဝတ် မိုးတိမ်”
ဒီနေရာမှာ Download ယူပါ။

ကိုစောဝေရဲ့ “ရွက်ပုန်းသီး မြို့ပြတိုက်”
ဒီနေရာမှာ Download ယူပါ။

မောင်သိန်းဇော်ရဲ့ “နှင်းရည်စက်လက် + ရှုမျှော်ခင်း 21”
ဒီနေရာမှာ Download ယူပါ။

ဆရာဇော်ဇော်အောင်ရဲ့ “အနုပညာ၏အသုံးဝင်မှုတန်ဖိုးနဲ့ အနုပညာ၏
တန်ဖိုး”
ဒီနေရာမှာ Download ယူပါ။

မောင်သစ်မင်းရဲ့ “သုံးယောက်ကောင်းကင်”
ဒီနေရာမှာ Download ယူပါ။

….. ကျနော်ရဲ့ ဝေမျှမှုက စေတနာ သက်သက်ပါ။
(မှတ်ချက်။ ။ဒေါင်းလုပ်ယူလို့ မရရင် ကျနော့် အီမေးလ် ko.aungdk@gmail.com
ကို ဆက်သွယ်ပါ။)

(ဤမျှသာ။)

Feb 17, 2009

ဆရာမြသန်းတင့် ကွယ်လွန်ခြင်း (၁၁)နှစ်ပြည့်



တင်ပြသူ- စစ်ငြိမ်းဒီရေ

“မြေ၀သုန်ရေ
ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တစ်ယောက်ကို
ဆီးကြိုပေတော့”
(အော်ဒင်)

ဤနေ့ ဤရက် (၁၈-၂-၂၀၀၉)နေ့သည် အမျိုးသား စာပေပညာရှင်
ဆရာမြသန်းတင့် ကွယ်လွန်ခဲ့သည်မှာ (၁၁) နှစ်ပြည့်မြောက်ခဲ့ပါပြီ။
ခေတ်သစ်စာပေအပေါ်တွင် သြဇာကြီးမားစွာ ကိုယ်ကျိုးစွန့် အနစ်နာ
ခံ၍ ဦးဆောင်ဦးရွက်ပြုခဲ့သော စာပေဖခင် တစ်ဦးဖြစ်သည့်
ဆရာမြသန်းတင့်သည် ၁၉၉၈ ခုနှစ် ဖေဖ်ါဝါရီလ (၁၈) ရက်နေ့တွင်
ကွယ်လွန်ခဲ့ပါသည်။ ဆရာမြသန်းတင့်သည် အမှောင်လွှမ်းသော
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေါ် မ.ဆ.လ ခေတ်ဆိုးအောက်တွင်
အားမာန်သစ် တို့ကို သယ်ဆောင်ပေးခဲ့သော ပြည်သူတို့၏ အသဲစွဲ
အမျိုးသား စာပေ ပညာရှင် တစ်ဦး ဖြစ်ပါသည်။ ယနေ့ခေတ် အာဏာသိမ်း
စစ်အစိုးရ လက်ထက်တွင်လည်း ပြည်သူတို့အတွက် တန်ဖိုး
မြင့်မားလှသည့် စာပေ အလင်းရောင် တစ်ခုပင် ဖြစ်ခဲ့ပါသည်။

(စာရေးဆရာ ၀င်းငြိမ်း၏ ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူ သို့မဟုတ်
မြသန်းတင့်နှင့် တွေ့ဆုံခြင်း စာအုပ်မှ- စာမျက်နှာ-၂၆ မှ ၃၃ အထိ)

m41.jpg

m42.jpg

m43.jpg

m44.jpg

m45.jpg

m46.jpg

m47.jpg

m48.jpg

m50.jpg

(ဆရာမြသန်းတင့် ရေးသားပြုစုခဲ့သော စာအုပ်တချို့၏ မျက်နှာဖုံးများ။)

m51.jpg

m52.jpg

m53.jpg

m54.jpg

m55.jpg

m56.jpg

m57.jpg

m58.jpg

m59.jpg

m60.jpg

m61.jpg

(မှတ်ချက်။ ။မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ဆရာမြသန်းတင့်၏ ကျန်ရစ်သူ
မိသားစုနှင့်တကွ စာရေးဆရာ ဦးဝင်းငြိမ်းတို့အား ရိုသေစွာ တောင်းပန်
အပ်ပါသည်။ …. ကိုအောင် (ပျူနိုင်ငံ)… )

(ဤမျှသာ။)

သမိုင်းပြဿနာအတွက် စာအုပ်တချို့

ရေးသူ- စစ်ငြိမ်းဒီရေ

ကျနော်ထံတွင် E- Books တချို့ရှိပါသည်။ ကျနော် ပြုလုပ်ထားခြင်း မဟုတ်ပါ။
ဟိုနေရာ၊ ဒီနေရာတို့မှ ရှာဖွေပြီး ဒေါင်းလုပ် (Download) လုပ်ထားခြင်းဖြစ်
ပါသည်။ E-Books လုပ်သူတို့အား ကျနော် အားမပေးပါ။ သို့သော် သူတို့
အဲလို လုပ်၍သာ ကျနော်တို့ အခမဲ့ ဖတ်ခွင့်ရခြင်း ဖြစ်ပါသည်။ မူပိုင်ခွင့် ကိစ္စ
များ ဖြစ်လာလျှင် ပြဿနာသည် ရှုပ်သထက် ရှုပ်သွားနိုင်ပါသည်။ တချို့ပြဿနာ
များသည် စာအုပ် အကိုးအကားနှင့် ရှင်းပြမှ ရသော အခြေအနေများအထိ
ဖြစ်လေ့ ရှိပါသည်။

ဥပမာ- လူမျိုးရေး ပြဿနာများ၊ ဘာသာရေး ပြဿနာများ၊ သမိုင်းအစဉ်အလာ
နှင့် စပ်နွယ်သည့် အရေးကိစ္စများ၊ အခြေချ နေထိုင်မှုများ။

ဒုတိယ ဥပမာ ….
ကုန်းဘောင်ခေတ်၏ ဘကြီးတော်ဘုရားဟု ခေါ်သည့် ဘုရင်လက်ထက် အထိ
ကျနော်တို့နိုင်ငံ၏ အကျယ်အ၀န်း သို့မဟုတ် ကျနော်တို့ အမျိုးသားအင်ပါယာ
တွင် အာသံ၊ မဏိပူရ၊ ကပ်ချာ၊ ဂျိန်းတိယ၊ စစ်တကောင်းနယ်တို့ ပါဝင်ခဲ့ပါသည်။
ဒါဆို … ဒါဆိုရင် အဲဒီနယ်သားတွေရဲ့ ဘိုးဘွားတွေက ကျနော်တို့ဘိုးဘွားတွေနဲ့
ဆွေမျိုးသားချင်း တော်စပ်ကြပါသလား။ သူတို့ရဲ့ ရှုပ်ထွေးပွေလီတဲ့ ယဉ်ကျေးမှုတွေ၊
အမျိုးသားရေး ရေသောက်မြစ်တွေနဲ့ သမိုင်းမော်ကွန်းတွေရော ကျနော်တို့ ကင်း
ဝေးအောင် နေလို့ ဖြစ်နိုင်ပါ့ မလား။ အဲဒီဒေသတွေက ယနေ့ခေတ်မှာ အိမ်နီးချင်း
နိုင်ငံတွေက ပိုင်ဆိုင်သွားကြပါပြီ။ သူတို့ဟာ သူတို့ကိုယ် သူတို့၊ ကျနော်တို့ရဲ့
အဆက်အနွယ်လို့ ပြောခဲ့ရင်၊ အဲဒီပြောစကားကို မဟုတ်ပါဘူးလို့ ဘယ်လို
ငြင်းမလဲ။ ပထ၀ီနိုင်ငံရေးမှာပဲ ဖြစ်ဖြစ်၊ ဂျီအိုပေါ်လက်တစ်မှာပဲ ဖြစ်ဖြစ်၊ သူတို့
နဲ့ ကျနော်တို့ရဲ့ သွေးမျိုးဆက်အဟောင်းသည် အရိပ်တစ်ခုတည်းအောက်မှာ
အတူတူ အသက်ရှင်နေထိုင် ခဲ့ကြဖူးပါတယ်။ သို့ပေမဲ့ ဦးနုခေတ် ကျနော်တို့
နိုင်ငံ ကောင်းစားစဉ်က တဖက်နိုင်ငံများ၏ ဆင်းရဲသားအလုပ်သမား မိသားစု
များရဲ့ တရားမ၀င် ၀င်ရောက်မှုကိုတော့ တားဆီးခဲ့တဲ့ သဘောတွေ ရှိခဲ့ပါတယ်။
အဲဒီ တရားမ၀င် ၀င်ရောက်မှုကနေ နိုင်ငံသား မှတ်ပုံတင် ကဒ်ပြား ရခဲ့သူတွေ
လည်း အမြောက်အများ ရှိခဲ့ဖူးပါတယ်။ သို့ပေမဲ့ တရားဝင်မှု ရှိ၊ မရှိ ဆိုတာကို
ဆင်းရဲသား အလုပ်သမားများ နေရပ်ဒေသ ရွေ့ပြောင်းမှုနဲ့ တိုင်းတာ စစ်ဆေး
သင့်ပါသည်။

တတိယ ဥပမာ …..
၁၉၆၀ ခုနှစ် ဇန်န၀ါရီလ အတွင်း ကျနော်တို့ မြန်မာနိုင်ငံက အိမ်နီးချင်း တရုတ်
ပြည်သူ သမ္မတနိုင်ငံကို ဒေသတချို့ ပေးခဲ့ရပါတယ်။ ကန်ဖန်၊ ဂေါ်လန်၊ ဖီမေါ်
အစရှိတဲ့ ကချင်ပြည်နယ်က ဒေသ သုံးခု။ ပန်ဟုံ၊ ပန်လောင် အစရှိတဲ့ ရှမ်းပြည်နယ်
က ဒေသ နှစ်ခုတို့ ဖြစ်ပါတယ်။ အဲဒီတုန်းက ပေးခဲ့ရတဲ့ သမိုင်းသည် မှန်သလား၊
မှားသလား ဆိုတာ ဒီနေ့ခေတ်မှာ ဝေဖန်ဖို့ ပြဿနာ အခက်အခဲတွေ ရှိပါတယ်။
စာပေ အကိုးအကားနဲ့ အထောက်အထားတွေ လိုပါတယ်။ ကျနော့်ဆီမှာလည်း
အချက်အလက်များများ မရှိပါ။

bb0sz1.jpg

အထက်ပါ သမိုင်းဆိုင်ရာ ပြဿနာများကြောင့် ရှေးခေတ် မြန်မာ့ နန်းတွင်း၏
အဖြစ်အပျက်များကို လေ့လာချင်သူအချို့ လေ့လာနိုင်ရန် ဆရာမကြီး
ဒဂုန်ခင်ခင်လေး၏ “ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး” စာအုပ်ကို ဖတ်ရူစေချင်ပါတယ်။
ဒီနေရာမှာ အပိုင်း(၁) Download နှင့် အပိုင်း(၂) Download ယူပါ။

(မှတ်ချက်။ ။Zip ဖိုင် ဖြစ်သောကြောင့် ကြော်ငြာအကွက်ပေါ်လျှင် ပိတ်လိုက်ပါ၊
အောက်မှာရှိတဲ့ Pdf ကို left click နှစ်ချက် နိုပ်လိုက်လျှင် ပွင့်ပါတယ်။)

စာပေသဘောတရားများ အကြောင်း ရေးထားတဲ့ ကွယ်လွန်သူ ဆရာမြသန်းတင့်
၏ “ပီကာဆို၏ ပဉ္စလက်မီးအိမ်” စာအုပ်ကိုလည်း ဖတ်ရူစေချင်ပါတယ်။
ဒီနေရာမှာ Download ယူပါ။

(Download ချလို့ အခက်အခဲဖြစ်နေသူများ အီမေးလ်ကို ဆက်သွယ်ပါ။
ko.aungdk@gmail.com )

(ဤမျှသာ။)

Feb 15, 2009

စီးပွားရေးပိတ်ဆို့မှုကို လက်မခံရင် ….

ရေးသူ- စစ်ငြိမ်းဒီရေ

“အလုံးစုံ ပျက်သုန်းရေးကို ဦးတည်မလား၊ တွေ့ဆုံဆွေးနွေးရေးကို ဦးတည်မလား”
အမျိုးသား ပြန်လည်သင့်မြတ်ရေး စကားဝိုင်းကို လာမဲ့ လူတွေက ….
စစ်တပ်နဲ့ အတိုက်အခံ
စစ်တပ်မှာ လက်နက်ကိုင် စစ်အင်အားရှိတယ်။
အတိုက်အခံမှာ ဘာရှိလဲ ???
(ကျနော်ဆိုလိုသည့် အတိုက်အခံ ဆိုသည်မှာ ကျနော် အပါအ၀င် ပြည်ပရောက်
အတိုက်အခံများကို ဆိုလိုခြင်း ဖြစ်ပါသည်။)

ကိုယ်ဘက်မှာ ညီညွတ်ပြီး ခိုင်မာတဲ့ အင်အားစု တစ်ရပ်တော့ ရှိသင့်ပါသည်။
ဝိရောဓိတွေ၊ ပြဿနာတွေ၊ ပြိုကွဲမှုတွေနဲ့ စစ်မျက်နှာတစ်ခုကို အလျင်အမြန်
ချီတက်ခြင်းလောက် မိုက်မှားသည့် စစ်သူကြီးသည် ဘယ်လို အဖြေတွေ ရနိုင်
သလဲ ဆိုတာ သိသင့်သလောက်လဲ သိနိုင်ပါသည်။

ကျနော်တို့သည် အခါမလင့် အပြစ်တင် ခံကြရပါသည်။ တတိယကမ္ဘာနိုင်ငံ
များတွင် နေထိုင်နေသူများ ဘာလုပ်နေကြသလဲဟု ရံဖန်ရံခါ အမေးခံကြရ
ပါသည်။ တတိယကမ္ဘာ နိုင်ငံများတွင် နေထိုင်သူ အားလုံး နိုင်ငံရေး၊တော်လှန်
ရေး အသိုင်းအ၀ိုင်းမှ လာသူများ မဟုတ်ကြတော့ပါ။ ယခင်ကတော့ ဟုတ်ပါသည်။
ယခုတော့ ဤကဲ့သို့ ယူဆလို့ မရနိုင်ပါ၊ မဖြစ်နိုင်ပါ။
-နိုင်ငံရေး ဒုက္ခသည် ၂၅ %
-စစ်ပြေး ဒုက္ခသည် ၂၅%
-လူမျိုးရေး ဒုက္ခသည် ၂၅%
-ဘာသာရေး ဒုက္ခသည် ၂၅%

အထက်ပါ ကျနော်တင်ပြသော ရာခိုင်နှုန်းများသည် မလေးရှား UNHCR မှ အရာရှိ
များက ကြိမ်ဖန်များစွာ ပြောကြားခဲ့သော ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်မှတ်
ထုတ်ပေးသည့် ရာခိုင်နှုန်းများ ဖြစ်ပါသည်။

ကျနော် အပါအ၀င် နိုင်ငံရေး ဒုက္ခသည်များသည် တတိယကမ္ဘာနိုင်ငံများသို့ရောက်ရှိ
နေသည့် ဒုက္ခသည် စုစုပေါင်း၏ လေးပုံ တစ်ပုံသာ ရှိပါသည်။ ကျနော်တို့သည် ယခု
နေထိုင်ရာ နိုင်ငံသို့ မရောက်ခင် ခေါင်းစဉ်များစွာ ရှိခဲ့ပါသည်။ ပါတီ၊ ကျောင်းသား၊
တော်လှန်ရေးသမား၊ နိုင်ငံရေးအကျဉ်းသားဟောင်း အစသဖြင့် ရှိပါသည်။ ဆိုလိုသည်
မှာ ကျနော်တို့ အားလုံး ယခင်က အဖွဲ့အစည်းတစ်ခုတည်းက လာခဲ့ကြသူများ မဟုတ်
ကြပါ။ တချို့လည်း ယခင် ပြည်တွင်းတွင် တွေ့ဖူးကြပါသည်။ တချို့ကို အကျဉ်းသမား
ဘ၀က တွေ့ဖူးကြပါသည်။ တချို့ကို တိမ်းရှောင်ရာ အိမ်နီးချင်းနိုင်ငံရောက်မှ တွေ့ဖူး
ကြပါသည်။ ထို့ကြောင့် ကျနော်တို့၏ ယခု စုစည်းမှုသည် အားနည်းချက် တချို့ရှိပါ
သည်။

ကျနော်တို့တွင် မျိုးဆက်သစ်အချို့ ရံဖန်ရံခါ ရရှိကြပါသည်။ သို့သော် ခေါင်းဆောင်ပိုင်း
များ၏ မကြာခဏ အငြင်းပွားမှုများကြောင့် မျိုးဆက်သစ်များသည် ကျနော်တို့ အသိုင်း
အ၀ိုင်းကို နားလည်ဖို့ အခက်အခဲများစွာ ရှိတတ်ပါသည်။ ၂၀၀၇- ခုနှစ် စက်တင်ဘာ
တော်လှန်ရေး နောက်ပိုင်းအထိ ကျနော်တို့အသိုင်းအ၀ိုင်းသည် ညီညွတ်ကြပါသည်။ ယင်း
နောက်ပိုင်းတွင် နာဂစ်မုန်းတိုင်း တိုက်ခတ်ပါတော့သည်။ နာဂစ် အရေးပေါ်ကယ်ဆယ်ရေး
အတွက် ကျနော်တို့ အချင်းချင်း အယူအဆ မတူကြပါ။ မြန်မာ့ရေပိုင်နယ်၏ အ၀၊ အပြည်
ပြည်ဆိုင်ရာ ရေပိုင်နက်တွင် နိုင်ငံတကာမှ စစ်သင်္ဘောများ အရေးပေါ် ကယ်ဆယ်ရေး
အတွက် ရောက်ရှိလာပါသည်။ မီဒီယာ၏ သောတရှင်အဆင့် လွတ်လပ်သော ဆွေးနွေး
ခန်းများတွင် ကျနော်တို့၏ အသံများ ဆူညံပွတ်လောရိုက်ကြပါတော့သည်။

တချို့လည်း လူမှုရေး ပြဿနာ၊ သဘာဝ ဘေးအန္တရယ် ပြဿနာဟု လက်ခံကြပါသည်။
ယင်းနာဂစ်မုန်းတိုင်း စဖြစ်စဉ်က အင်းစိန်အကျဉ်းထောင်ရှိ အကျဉ်းသားအချို့ ရက်စက်
စွာ ပစ်သတ်ခြင်း ခံရပါသည်။ ထို့ကြောင့် ဒုတိယကမ္ဘာစစ်၏ စစ်ကြိုကာလက ကျနော်တို့
၏ ရှေးမျိုးဆက်များ ကြွေးကျော်သော “အင်္ဂလိပ်အခက်၊ ဗမာ အချက်” မူဝါဒကို
ကျနော်အပါအ၀င် တတိယကမ္ဘာနိုင်ငံရောက်သူ အချို့က စိတ်ကူးယဉ် ကြပါသည်။
နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ အမြန်ဆုံး ၀င်ရောက်သင့်ပြီ။

သို့သော် ကန့်ကွက်သူများ များလာသောအခါ ကျနော်တို့အားလုံး ကိုယ်နေထိုင်ရာ
ဒေသများတွင် နာဂစ်ကယ်ဆယ်ရေး ရန်ပုံငွေ ရှာဖွေရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်
ခြင်းမှ လွဲ၍ ဘာမှ မရွေးချယ်နိုင်တော့ပေ။ ကြာလာတော့ NGO တပိုင်း တော်လှန်ရေး၏
ဝါးမျိုမှုကို အရှုံးပေးရ ပါတော့သည်။ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ တို့ကို လျစ်လျုမရူပဲ
အတိုင်းအတာ တစ်ခုအထိ ထည့်သွင်းစဉ်းစားရခြင်းမှာ အပြင်ရောက်တို့၏ အဓိက
ပြဿနာ ဖြစ်ပါသည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး စာပွဲဝိုင်းတွင် လက်နက်အားကိုး
စစ်အစိုးရကို Pressure - ဖိအား တစုံတရာမရှိပဲ တရားမျှတသော ဆွေးနွေးပွဲ မရောက်နိုင်၊
တွန်းမပို့နိုင်ဟု လက်ခံပါသည်။ ထို့ကြောင့် ဒေသတွင်း ကုန်သွယ်ရေး၊ နယ်စပ် ကုန်သွယ်ရေး
များ ရှိနေသည့်ကြားက စီးပွားရေးပိတ်ဆို့ အရေးယူမှုတော့ ရှိသင့်သည့်ဟု ယူဆပါသည်။

ယခုဆိုလျှင် ကျနော်တို့၏ မိတ်ဆွေ အစိုးရများက အပြုသဘော ဆက်ဆံရေးဟူသော
စိတ်ကူးယဉ် အိပ်မက် (၀ါ) “အုတ်နံရံဖြင့် စကားပြောခြင်း” ကို ဦးတည်ဖို့ ကြိုးစားလာ
ပါသည်။ စစ်အစိုးရသည် ကျနော် မမွေးခင် ၁၉၅၈- ခုနှစ် (အိမ်စောင့်အစိုးရ အမည်ဖြင့်
၎င်း။)၊ ၁၉၆၂- ခုနှစ် (တော်လှန်ရေးကောင်စီ အမည်ဖြင့် ၎င်း။) တို့တွင် တိုင်းပြည်ကို
လိမ်ညာ အုပ်ချုပ်ခဲ့ပါသည်။

ယခုအခါ ကျနော်တို့၏ မိတ်ဆွေ ဒီမိုကရေစီ ၀ါရင့် နိုင်ငံအချို့သည် စစ်အစိုးရ၏ လိမ်ညာ
မှုများကို သိသိနဲ့ လည်စင်းခံပြီး အပြုသဘော ပေါင်းသင်းဆက်ဆံရေးကို ဦးတည်လှုပ်ရှား
လာနေပါသည်။ သူတို့ စိတ်ကူးယဉ်ထားသလို စစ်အစိုးရ လွယ်မည်ဆိုလျှင် ကျနော်မမွေး
ခင် ကတည်းက မြန်မာပြည် ဒီမိုကရေစီ ရနေမည်မှာ မလွှဲဧကန် ဖြစ်ပါသည်။

စီးပွားရေးပိတ်ဆို့မှုသည် စစ်အစိုးရထက် ပြည်သူကို ပို၍ ဒုက္ခရောက်စေသည်ဟု
အချို့က ပြောပါသည်။ ဒါဆို မပိတ်ဆို့ပဲ ပြန်ဖွင့်လိုက်လျှင် စစ်အစိုးရ၏ အာဏာသည်
လုံးဝ ခိုင်မာသွားနိုင်သည်။ ၂၀၀၈- ခုနှစ်တွင် ကျင်းပခဲ့သော မတရားသည့် အခြေခံဥပဒေ
ဆိုင်ရာ လူထုဆန္ဒခံယူပွဲရလဒ်သည် လုံးဝ ခိုင်မာသွားနိုင်သည်။ အမျိုးသား ပြန်လည်
သင့်မြတ်ရေး ဆွေးနွေးပွဲတွင် လက်နက်လည်းရှိ၊ စီးပွားရေးပိတ်ဆို့မှု ဖိအားလည်း ကင်း
လွှတ်နေမည် စစ်အစိုးရအား အတိုက်အခံများက ဘယ်လို ညှိုနှိုင်းကြပါ မည်နည်း။
စီးပွားရေး ပိတ်ဆို့မှုကြောင့် ပြည်သူတွေ ဒုက္ခပိုရောက်သည်ဟု အချို့ကပြောပါသည်။
ဒါဆို .....

စီးပွားရေး မပိတ်ဆို့ခင်က ပြည်သူတွေ ပြေလည်ကြပါသလား ???
စီးပွားရေး ပိတ်ဆို့မှုထက် ကောင်းတဲ့ နည်းလမ်းတွေ၊ ပုံစံတွေရော ရှိပါ သလား၊
ရှိခဲ့ရင်ရော ဘယ်လောက်အတိုင်းအတာအထိ ပါဝင်ဆောင်ရွက်နိုင်ပါသနည်း ???
(ဤ ဒုတိယမေးခွန်းအတွက် စကားချပ် ခွင့်ပြုပါ။ ရေရှည် တော်လှန်ရေးဒဏ်သည်
တော်ရုံတန်ရုံ မလွယ်ကူဟု ကျနော်နားလည် မိပါသည်။)

Feb 13, 2009

ဒိန်းမတ်က မြန်မာပြည်သားတွေ ဘာလုပ်နေလဲ ???

ရေးသူ- စစ်ငြိမ်းဒီရေ

ဒိန်းမတ်နိုင်ငံ ၀န်ကြီးချုပ်က ပထမ အလွတ်သဘော အနေနဲ့ မြန်မာနိုင်ငံကို
စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ပြန်ရုတ်သိမ်းဖို့ ပြောပါတယ်။ ယခုနောက်
တစ်ကြိမ် ပါလီမန်မှာ အဆိုတင်သွင်းမယ်လို့ ထပ်ပြောနေပါတယ်။

ဒိန်းမတ်နိုင်ငံ အတွင်းမှာ နေထိုင်တဲ့ မြန်မာပြည်က လာတဲ့သူများလို့ ခေါင်းစဉ်
တပ်ထားတဲ့ လူပုဂ္ဂိုလ်များက ယနေ့အချိန်ထိ ယင်းကိစ္စနဲ့ ပက်သက်ပြီး တစုံတရာ
တုန့်ပြန့်မှု မတွေ့ရသေးပါဘူး။ အဖွဲ့အစည်းအနေနဲ့ ကြေညာဖွဲ့စည်းထားတဲ့
အဖွဲ့အစည်းများလည်း တစုံတရာ တုန့်ပြန့်မှု မတွေ့ရသေးပါဘူး။ ဒီလိုဆိုရင် ….
ဒီလိုဆိုရင် ….

နိုင်ငံရေး ဒုက္ခသည်များ၊ နိုင်ငံရေး ဒုက္ခသည် မိသားစုများ၊ နိုင်ငံရေးကြောင့် စွန့်ခွာ
ထွက်ပြေးလာကြသူများ၊ ဘာသာရေး ဒုက္ခသည်များ၊ လူမျိုးရေး ဒုက္ခသည်များ၊
ဒေသအတွင်း စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် လာရောက်ကြသူများ၊ ဒိန်းမတ်
နိုင်ငံအတွင်းသို့ ပုံစံအမျိုးမျိုးနဲ့ ၀င်ရောက်ပြီး ခိုလှုံခွင့်လျှောက်၍ နေထိုင်သူများ
ဘယ်လို အလုပ်တွေများပြီး ဘာတွေ ဖြစ်ပျက်နေသလဲလို့ မေးဖို့ ဖြစ်လာပါပြီ။

မြန်မာနိုင်ငံမှာ …. …. …
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ အဖမ်းခံနေရဆဲပါ ….
နှစ်ရှည်ထောင်ဒဏ်များနဲ့ မတရားအပြစ်ပေးခံရတဲ့ အကျဉ်းသားအမြောက်အများပါ ….
နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အမြောက်အများပါ ….
နာဂစ်မုန်းတိုင်းအပြီး နိုင်ငံတကာရဲ့ အကူအညီတွေကို ရသင့်တာာထက် လျှော့နည်းပြီး
ရနေကြတဲ့ ဒုက္ခသည် ပြည်သူတွေ အမြောက်အများပါ ….
စစ်အစိုးရရဲ့ စီမံကွပ်ကဲမှု ညံ့ဖျင်းလို့ အိမ်နီးချင်းနိုင်ငံတွေကို ပုံစံအမျိုးမျိုးနဲ့ ရွေ့ပြောင်း၊
ထွက်ခွာ အလုပ်လုပ်နေကြတဲ့ ပြည်သူတွေ အမြောက်အများပါ ….
ပြည်တွင်းစစ်ကြောင့် မိမိတို့ နေထိုင်ရာ ရပ်ရွာကို စွန့်ခွာပြီး တောထဲမှာ အနေဆင်းရဲ၊
အစားဆင်းရဲနဲ့ ပုန်းရှောင်နေရတဲ့ ရွာပုန်းရွာရှောင် စစ်ပြေးပြည်သူတွေ အမြောက်
အများပါ …..

အဲဒီလို … အဲဒီလို အဖြစ်အပျက်တွေ ရှိနေ၊ ဖြစ်နေတာတွေ ကြားက လက်ရှိဒိန်းမတ်
အစိုးရရဲ့ ၀န်ကြီးချုပ်က နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ရုတ်သိမ်းပြီး
အပြုသဘော ဆက်ဆံရေးကို ထူထောင်မယ်ဆိုတာ စိတ်ကူးယဉ်တာလား၊ အုတ်နံရံ
နဲ့ စကားပြောဖို့ စတိုင်သစ်ထွင်တာလား ….???

ဒိန်းမတ်ရောက် မြန်မာပြည်သားတွေအနေနဲ့ ကိုယ့်ဘ၀ကို ပြန်လည် ထူထောင်နေကြတာ
မပြီးဆုံး သေးဘူးလား … ???
ကိုယ့်အချင်းချင်း အမြင်မကြည်လင်မှုတွေ မပြီးဆုံးသေးဘူးလား …. ???
ကိုယ့်အယူဝါဒ ကိုယ့်ဆန္ဒပဲ လုပ်ကြတော့မှာလား … ???
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကို လှည့်မကြည့်တော့ဘူးလား … ???
ဒေါ်အောင်ဆန်းစုကြည်ကို မေ့သွားကြပြီလား …. ???
ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီး၊ ကိုဋ္ဌေးကြွယ် အစရှိတဲ့ တော်လှန်ရေးခေါင်း
ဆောင်တွေရဲ့ ပေးဆပ်ခဲ့မှုကို သတိရော ရကြသေးလား …. ???
တော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်သူငယ်ချင်းတွေရဲ့
မျက်နှာတွေကို ပြန်မမြင်ရောင်တော့ဘူးလား …. ???

ကဲ့ ... ဗျာ …
အခု အချိန်ပိုင်း၊ ရက်ပိုင်းမှာ ဒိန်းမတ်အစိုးရကတော့ စစ်အစိုးရအပေါ် နိုင်ငံတကာရဲ့
စီးပွားရေး ပိတ်ဆို့အရေးယူမှု ရုတ်သိမ်းဖို့ ပါလီမန်မှာ အဆိုတင်းသွင်းမယ်တဲ့ ဗျာ။
ခင်ဗျားတို့ …
ခင်ဗျားတို့ …
တစ်ခုခုတော့ အမြန်ဆုံး လုပ်သင့်ပါပြီ။
အမြန်ဆုံး လုပ်သင့်ပါပြီ။

Feb 12, 2009

သူ အလည်လာ၏

တွေးဝေ၍
ဆင်ခြေဆင်လက်များစွာ ပေးတတ်သူတို့ထံ
သူ အလည်လာ၏ ….။

စန္ဒယားတီးသူတို့အား သူ တားခဲ့၏ …
ဆေးရိုးလှန်းသူတို့အား သူ တားခဲ့၏ …
………….
အမှန်တရားအတွက် အားလုံးကို သူ ရင်ဆိုင်၏
လွတ်မြောက်မှုအတွက် အားလုံးကို သူ ရင်ဆိုင်၏
ငြိမ်းချမ်းရေးအတွက် အားလုံးကို သူ ရင်ဆိုင်၏
သူ အလည်လာ၏ ….။

အရိုးခံမြေသည် သူ့ကြောင့် လှပခဲ့၏
အမျိုးအနွယ်တို့လည်း သူ့ကြောင့် တင့်တယ်ကုန်၏
အဖိုးမှန်ရတနာများလည်း သူ့ကြောင့် တောက်ပသွား၏
ရိုးရာသဘင်လည်း သူ့ကြောင့် စည်းကားကြ၏
သူ အလည်လာ၏
လာသွားခဲ့၏ ….။

ထာဝရဘုရားရယ် ကျေးဇူးပါ …
ဓမ္မတရားရယ် မင်္ဂလာပါ …
လောကကြီးရယ် ကျက်သရေ ရှိပါ့ဗျာ …
………….
သူ အလည်လာ၏
လာသွားခဲ့၏ ….။ ။

-စစ်ငြိမ်းဒီရေ

Feb 8, 2009

ရက်ရာဇာ

အိပ်ယာအတုပေါ်က
မီးခိုးထုတ်သူများ
…..
ငါ့ပင်လယ်က တော်တော်ကြီးတယ် ….
ငါ … လွှင့်တင်ခဲ့တဲ့
မီးပုံးပျံတွေ
မိုးပျံပူဖောင်းတွေ
စွန်တွေ
….. တွေလည်း
ကံစမ်းမဲနဲ့ လွဲချောသွားတော့
............
သူတို့မရှုံးခဲ့ …
ငါလည်း မရှုံးခဲ့ …
သိတဲ့လူတွေ မှားတတ် … ။

ငါသာ
အုတ်နီခဲ တစ်ခဲဆိုရင်
ဘုရားကျောင်းကန်လည်း ဖြစ် …
မင်းအတွက်
ရေချမ်းစင်လည်း ဖြစ် …
သူ့ဖို့
အုတ်ဂူ လှလှလေးလည်း ဖြစ် …
ရပ်လိုက်ပြီ ဒီနေရာမှာ .....
ကံဇာတ်ဆရာရေ
တစ်၊ကိုး၊ကင်း မှတ်တိုင်ကျော်ပြီလား
မြို့နဲ့ဝေးရင်
အနုကြမ်းစီးမယ်။

ဒို့ရဲ့ ပေပေပွပွ နေ့ရက်များ
အိမ်မက်ထဲမှာ ရွှေထီးဆောင်းတယ်
အလှူအိမ်သွားပြီး ဖိနပ်လဲတယ်
အလကားရရင် လျက်ဆားလျက်တယ်
ဓါတ်လှေကားထဲ လေလည်မိတယ်
ကားခိုးစီးတော့ အချစ်နဲ့တွေ့တယ်
..….. မှာ
“ပေါ့ကျ” ကြိုက်သူများ
အိမ်မပြန်ခင် ကျွန်တော့်အတွက်
ယတြာချေဖို့ အတိတ်စိမ်းပေးပါ။ ။

-စစ်ငြိမ်းဒီရေ

Feb 6, 2009

တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၇)

ရေးသူ- ရန်ကုန်ဘဆွေ

ယခင်အပိုင်း(၆)မှ အဆက် … … …

နယ်တနယ်လုံး ကရင်အမျိုးသားများချည်း နေကြသည်။ မြန်မာ့အမျိုးသားရွာဟူ၍
မရှိ၊ တောတောင် ထူထပ်လျက် ရှိုမြှောင်,ကျဉ်း,ချိုင့်တို့ ပေါ၏။ ချောင်းတို့သည်
ကျဉ်း၍ နက်၏။ ရေစီးသန်၏။ ချောင်းဘေးပတ်လည်၌ ကျောက်ဆောင် ကျောက်
တုံး ပေါများ၏။ အချို့နေရာ၌ ချောင်းရိုး၏ ကမ်းပါးမရှိ မတ်စောက်သော ကျောက်
တောင်ကြီးနှစ်ခု၏ ကြားထဲမှ ဖြတ်စီးလာခြင်းမျိုးဖြစ်၏။

တရွာနှင့်တရွာ ကူးသန်းသွားလာကြသော ရှိရင်း လမ်းအတိုင်း သွားမှရမည်၊ ထို
လမ်းများကလည်း ရွာတွင်းသို့ ဦးတိုက်ဝင်သည်များ၏။ ရွာအနီးသို့ ရွာကိုကွင်း၍
တောတွင်းက ဖြတ်သွားသည့်တိုင်အောင် ရွာသူရွာသားများ မသိရှိဘဲ သွားနိုင်ရန်
ခဲယဉ်း၏။ ရွာသူရွာသားတို့သည် လူများ သွားလာနိုင်သည့် ရွာဘေးပတ်လည်၌
အမြဲတစေ လုပ်ငန်းဆောင်တာများ လုပ်နေတတ်ကြသည်ဆို၏။ ထို့အပြင် ကရင်
အမျိုးသား လက်နက်ကိုင်တပ်သားတို့ကလည်း ရွာတိုင်း၌ ရှိနေကြ၏။ ထိုလမ်းမှ
မသွားဘဲ လမ်းအသစ် ထွင်သွားမည်ဆိုလျှင်လည်း သုံးလေးလဖြင့် ရောက်နိုင်လိမ့်
မည်မဟုတ်ဟု ဆို၏။ စာရေးသူတို့ ရောက်အောင် သွားကြရမည့်အချိန်ကား တလ
အတွင်းဖြစ်၏။

ထိုခြေလမ်းခရီးရှိသော ရွာလမ်းမများမှ မသွားဘဲ ကရင်သူရဲကောင်းလေးများ သွား
ကြသည့် သံတောင် ကားလမ်းအတိုင်း သွားကြမည်ဆိုလျှင်လည်း ပို၍ခက်ခဲသေး
သည် ဆို၏။ ထိုလမ်းကို အသုံးပြုနိုင်ရန်အတွက် စာရေးသူတို့ မဆိုထားနှင့်
ဗိုလ်မှူးချုပ်ကျော်ဇောသည်ပင်လျှင် သံချပ်ကာ ကားများ၊ တင့်ကားများနှင့် အမြောက်
ကြီးများကို သုံး၍ တပ်ရင်းလိုက် ချီတက်တိုက်ခိုက်ခဲ့ဘူးသော်လည်း မြေနေရာ
အသွင်အပြင်၏ အကာအကွယ်ပေးထားမှုကြောင့် မတတ်နိုင်ဘဲ လက်လျှော့ခဲ့ရသည်
ဆို၏။

နောက်ဆုံး သိရသလောက်မှာ ထိုလမ်းတလျှောက်လုံး ကရင်အမျိုးသား လက်နက်ကိုင်
များ တပ်စွဲထားကြ၍ တပ်ရှိသော နေရာတိုင်း၊ ရွာရှိသော နေရာတိုင်းတို့တွင် ကင်းပုန်း
များ၊ “ဘန်ကာ”ခေါ် “ခံတပ်” ငယ်ကလေးများ၊ အ၀င်အထွက်စစ်သော လက်နက်ကိုင်
တပ်စိပ်ကလေးများ၊ တရွာနှင့်တရွာ၊ စခန်းတခုနှင့် တခု၊ သွားလာခွင့် လက်မှတ် ထုတ်
ပေးသောရုံးများ စသည်တို့ဖြင့် လမ်းတလျှောက်လုံး ပိတ်ဆို့နေသည်ဟု ဆို၏။

ထို့ပြင် ကိုမောင်မောင်တို့ကို နောက်ထပ်ပြန်ဖမ်းမိသွားပြီးမှ နေရာရွေ့ပြောင်း ထားသည်
-မထားသည်ကိုလည်း သတင်းအတိအကျ မရသေးဟု ဆို၏။ သို့သော် စာရေးသူက
စိတ်မပျက်၊ ယခင်တောင်ငူ တိုက်ပြီးစ အချိန်က ထိုသံတောင်သို့ မည်ကဲ့သို့ သွားကြ
မည်ဟု အစီအစဉ်လုပ်ဘူး၏။ တောကျွမ်း၍ လိုရာသို့ ထိုးဖောက် သွားရောက်တတ်သော
မုဆိုးများကိုလည်း ရှာထားဘူး၏။ ထိုမုဆိုးတို့နှင့် တိုင်ပင်ချင်သော စိတ်တွေ ပေါ်လာ
သည်။ ရန်ကုန်မှ ကြိုတင်လွှတ်လိုက်သော ဗိုလ်ဖေချစ် ခေါင်းဆောင်သည့် စာရေးသူ၏
ရဲဘော်များသည် ထိုမုဆိုးများရှိရာ လယ်ဝေး၊ သပြေပင်ရွာ၊ သခင်ကြည်ရှိန်(ယခု ဖဆပလ
အမတ်ဟောင်း) ၏ အိမ်သို့ ရောက်နှင့်နေကြ၏။ ယခုလောက်ဆိုလျှင် ဗိုလ်ဖေချစ်သည်
ထိုမုဆိုးကြီးများကို အဆင်သင့် ရှာထားပြီး ခရီးလမ်းပန်းအတွက် အသင့်တိုင်ပင်ပြီး၊
စီစဉ်ပြီး၊ ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။

“ကျနော် … အခုည သပြေပင်ဘက် သွားလိုက်ချင်သေးတယ်၊ မနက်မှ ပြန်လာယင်
ဖြစ်မယ် မှုတ်လား …. ”
ဆုံးဖြတ်မှုမြန်သလောက် ဘာမဆို ခေါင်းအေးအေးနှင့် ပြုလုပ်တတ်သည့် ဗိုလ်မှူး
စောမြင့်က စာရေးသူကို ကြည့်၍ ပြုံးလိုက်၏။
“နက်ဖြန်မနက်မှ ကျနော်နဲ့အတူတူ သွားပါလား၊ ခင်ဗျားလဲ ဒီနေ့တနေ့လုံး ကားစီး
လာခဲ့ရတာ နည်းနည်းအနားယူလိုက်ပေါ့ … ”

စာရေးသူက အတင်းအကြပ် မပြောလိုသော်လည်း ၀မ်းထဲက သိပ်သွားချင်နေသည်။
ဒါကို ဗိုလ်မှူးစောမြင့်က အကဲခတ်မိပုံရ၏။
“သိပ်အရေးကြီးသလား၊ ဟိုမှာ ခင်ဗျား ဘာအစီအစဉ်တွေ လုပ်ထားလို့လဲ …”
“သိပ်အရေးကြီးတယ်ရယ်လို့တော့ မဟုတ်ပါဘူး၊ ဟိုမှာ ရှိနေကြတဲ့ မုဆိုးတွေနဲ့
တွေ့ချင်လို့ပါဘဲ …”
ဗိုလ်မှူးစောမြင့်က အတော်စိတ်ဝင်စားသွား၏။ ထို့နောက် အဆိုပါ မုဆိုးတွေနှင့်
ဘယ်လိုဆက်စပ်ပြီး ဘာများလုပ်မလို့လဲဟု သိချင်နေဟန်တူ၏။

“ဟို …. ကျနော်တို့ တောင်ငူကို တိုက်ပီးစက ကိုမောင်မောင်တို့နောက်ကို လိုက်ဘို့
လုပ်ကြသေးတယ်၊ အဲဒီတုန်းက ကိုမောင်မောင်တို့ကို ကရင်အမျိုးသားတွေ ခေါ်သွား
ကြတာဟာ “လိပ်သို”ရယ်၊ “ရေသိုကြီး” ရယ်၊ “ဘောဂလိကြီး” ရယ်၊ ဒီ သုံးနေရာ၊
တနေရာရာ ဖြစ်လိမ့်မယ်လို့ သိရတယ်၊ အဲဒါနဲ့ ကျနော်တို့က လိုက်ဘို့ လုပ်တော့
သခင်ကြည်ရှိန်က သူ့ယောက္ခမကြီးပိုင်တဲ့ ဆင်အကောင် ၂၀ နဲ့ ဆင်ဦးစီးတွေကို
ပြန်လွှတ်ချင်တဲ့ အချိန်မှ လွှတ်ပါဆိုပီး ပေးတယ်။ အဲဒါနဲ့ အဲဒီဆင်တွေနဲ့ ဆင်ဦးစီး
တွေရယ်၊ ကျနော်တို့ ရဲဘော်တွေရယ် အဲဒီသွားမဲ့ နေရာတွေကို လမ်းဟုတ်ဟုတ်
မဟုတ်ဟုတ် ၊ ဖြတ်ပီး တောကျွမ်းတဲ့ မုဆိုးကြီး လေးယောက်ရယ် သွားဘို့လုပ်ကြ
တယ်၊ ကျနော်တို့ အစီအစဉ်က ကိုမောင်မောင်တို့ကို မရမခြင်း တောထဲမှာ တောခို
တဲ့ လူတွေလိုဘဲနေမယ်၊ လက်နက်ရိက္ခာလိုတဲ့ အခါ အစိုးရတပ်နဲ့ ဆက်သွယ်ပီး
လာယူမယ်၊ တိုက်ပွဲ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် ကိုမောင်မောင်တို့ ပြန်မရမခြင်း ပြန်မလာ
ဘူး၊ ကရင်အမျိုးသား ပိုင်နက်ထဲမှာရှိတဲ့ ဗမာသူပုန်တွေအဖြစ် နေမယ်၊ အဲဒီလို စီစဉ်
ခဲ့ဘူးတယ်၊ အဲဒီလို စီစဉ်ခဲ့ဘူးတယ်ခင်ဗျာ့၊ ဒါပေမဲ့ ဗိုလ်မှူးချုပ်ကျော်ဇောက သူမလုပ်
ဝံ့တာကို သူများ မခိုင်းချင်ဘူးဆိုတာနဲ့ မလုပ်ခဲ့ရဘူး၊ အဲဒီတုန်းက ခေါ်သွားဘို့ လုပ်
ထားတဲ့ မုဆိုးကြီးလေးယောက်ကို အခု ကိုဖေချစ်က ရှာထားနှင့်ကြလိမ့်မယ် …”

ဗိုလ်မှူးစောမြင့်သည် ခနတွေ၍ စဉ်းစားလိုက်၏။ ထို့နောက် နေရာမှထရင်း စာရေးသူ
ကို ပြုံး၍ကြည့်လိုက်၏။
“ကိုဖေချစ်တို့ ရှာထားနှင့်ကြမှာဘဲ၊ နက်ဖြန်မှ ကျနော်နဲ့ အတူတူသွားတွေ့ကြတာပေါ့၊
မနက်ဖက်သွားတာပေါ့ဗျာ …. ဟုတ်လား …. ကဲ … အနားလေး ဘာလေး ယူပါအုံး …”

သို့ဖြင့် စာရေးသူသည် နောက်နေ့နံနက်သို့ရောက်မှ သခင်ကြည်ရှိန်တို့ရှိရာ သပြေပင်
ရွာသို့ သွား၏။ ပဲခူးရိုးမပေါ်မှ ဖြတ်၍ တိုက်ခတ်လာသော တောင်ငူ မိုးသက်လေသည်
စာရေးသူ၏ရင်ဘက် မျက်နှာသို့ တိုးဝှေ့ တိုက်ခတ်၏။ မျက်လုံးတွေ ပူလျက် ချမ်းစိမ့်စိမ့်
ဖြစ်လာ၏။ အရေးထဲတွင် အဖျားတက်ချင်လာသောကြောင့် အနီးတွင်ရှိသော ဗိုလ်မှူး
စောမြင့် မသိအောင် ဟန်လုပ်နေရ၏။ ကိုဖေချစ်နှင့် ရဲဘော်များကို “သာဝတ္တိ”ရွာ၌
ပင် တွေ့ရသည်။ နေရေးထိုင်ရေး ပိုကောင်းအောင် သခင်ကြည်ရှိန်နှင့် “သာဝတ္တိ”
ရှိ သခင်သိန်းမောင်တို့က စီစဉ်ပေးခြင်းဖြစ်၏။ တောင်ငူနှင့် ဆက်သွယ်ရန် ပို၍
လွယ်ကူသောကြောင့်ဟုလည်း ဆို၏။

စာရေးသူ၏အမြင်ကား ထို့သို့မဟုတ်၊ သာဝတ္တိရွာ၌ ကိုဖေချစ်နှင့် ရဲဘော်တသိုက်
ထင်သလို ပို၍နေနိုင်ကြ၏။ မြို့ဆန်သော ရွာငယ်ဖြစ်သောကြောင့် ဘာမဆို လိုသမျှ
အကုန်ရ၏။ သခင်သိန်းမောင်သည် ဗိုလ်ဖေချစ်နှင့်ရွယ်တူဖြစ်၏။ တချိန်က ရှမ်ပြည်
ပင်လောင်မှနေ၍ တောင်ငူသို့ ဖြတ်ချီလာကြရာတွင် အတူတွဲခဲ့ကြရသော ရဲဘော်
ရဲဘက်လည်းဖြစ်၏။ သခင်ကြည်ရှိန်တို့ကဲ့သို့ သိက္ခာကြီးသူ အသက်ကြီးသူများ
မရှိသောကြောင့် ဘာကိုမျှ ထိန်းသိမ်းစောင့်စည်းရန် မလို။ စာရေးသူတို့ ရောက်သွား
ကြသည့် နံနက်ပိုင်း၌ပင်လျှင် ကိုဖေချစ်နှင့် သခင်သိန်းမောင်တို့ နေအထွက်တွင်
လေတက်နေသောကြောင့် ငွေအရက်ကလေး တမြမြဖြင့် ရေချိန်အတော်ရနေကြပေပြီ။

ရဲဘော်အားလုံးတို့ကလည်း အရပ်ဝတ် အရပ်စားဖြင့် ရှိနေကြ၏။ သခင်သိန်းမောင်က
အိမ်သုံးလေးအိမ်၌ အစုလိုက် အစုလိုက်ခွဲထားပေးသည်။ တောထဲ၌ သစ်အလုပ် လုပ်ကြ
မည့်သူများဟု ပြောထား၏။ သို့သော် …. ကိုဖေချစ်သည်၎င်း၊ ရဲဘော်များသည်၎င်း၊
မိမိတို့ကိုယ်မိမိ၊ “သရဏဂုံ” တင်ပြီးသားလူတွေဟု ယူဆထားကြ၏။ ထို့ကြောင့်
သူတို့ကို ကြည့်ရသည်မှာ ခပ်ပေါ့ပေါ့၊ ခပ်ပေပေ၊ မသေမှီ ပျော်ပျော်ချည်း နေလိုက်မည်
ဟူသော “တေ” ရုပ်ကလေးတွေ ပေါက်နေ၏။

ထို ရဲဘော်ကလေးများသည် ယခင်က အလွန်လည်း စည်းကမ်းရှိကြ၏။ အလွန်လည်း
တောင့်တင်း သန်မာကြ၏။ တောင်ငူနှင့် ရှမ်းပြည် ပင်လောင်းအကြားရှိ မြင်းမထိတောင်၊
ခေါင်းကြီးတောင်တို့ကို တချိန်က စာရေးသူသည် ထိုရဲဘော်ကလေးများနှင့် ဖြတ်ကျော်
ခဲဘူး၏။

ထိုသို့ ဖြတ်ကျော်ခဲ့ရာ၌ လက်နက်အပေါ့ဆုံးကို ကိုင်သည့် ရိုးရိုးရဲဘော်တယောက်သည်
လက်ပစ်ဗုံး ၄- လုံး၊ တော်မီသေနတ်တလက်၊ တွန်မီကျည်ဗူး ၁၃- ဗူး၊ တွန်မီကျည်ဆံ
၁၂၃၂- တောင့်၊ အိပ်ယာခင်း၊ စောင်၊ အ၀တ်ပိုတစုံ၊ မျက်နှာသုတ်ပုဝါ၊ ခြင်ထောင်ငယ်၊
“ဟန်းကော” (အစာချက်စားသောခွက်)၊ ရေဗူး၊ စားရိက္ခာ၊ ဆေးထုပ်၊ တောရှင်းဓါးနှင့်
ထည့်ရန် ကျောပိုးအိတ် စသည့်တို့ကို သယ်ယူရ၏။ ထိုစဉ်က လူပေါင်း ၄၀၀- ကျော်
တွင် ယခုလက်ရွေးစဉ် ခေါ်ယူထားသော ရဲဘော်ကလေးများသည် အ၀င့်ကြွားဆုံးဖြင့်
အပြုံးမပျက်၊ မညည်းမညူး၊ ရှေ့တန်းမှ ချီတက်နိုင်ခဲ့ကြသော ရဲဘော်ကလေးတွေချည်း
ဖြစ်ခဲ့ကြသည်။

ယခုမူ ထိုသို့မဟုတ်၊ ရဲဘော်ကလေးတွေကို မြင်ရသည်မှာ ရော့ရဲရဲ နိုင်လှ၏။ ရန်ကုန်သို့
ရောက်လာကြစဉ်က မတွေ့လိုက်တော့ဘဲ ကိုဖေချစ်နှင့်လွှဲ၍၊ ဤသို့ ပို့နှင့်လိုက်မိသည်ကို
နောင်တကြီး ရနေ၏။ လမ်း၌ တ၀က်တပျက် တက်လာခဲ့သော အဖျားသည် ဤမြင်ကွင်း
ကြောင့် အလိုလို ပြေးတော့၏။ မျက်နှာ၌ ချွေးများပင် ပြန်လာ၏။ အဖျားရှိနေသဖြင့်
သွေးဆုတ်နေသည့် ဖြူဖတ်ဖြူရော် မျက်နှာပိုင်ရှင်က အုပ်ချုပ်လျက်၊ ဤလျှော့တိလျှောတဲ
နိုင်လှသော ဒေါင့်မကျိုးသည့် ရဲဘော်များနှင့် အသေခံ တိုက်ကြရမည့် တိုက်ပွဲကို ရင်ဆိုင်
တိုက်ခိုက်ရန် စီစဉ်နေကြခြင်းမှာ စီစဉ်ပေးရသူများအဘို့ မည်မျှလောက် အားရှိဘွယ်
ကောင်းပါလိမ့်မည်နည်း။

မလုံမလဲစိတ်ဖြင့် ဗိုလ်မှူးစောမြင့် မျက်နှာကို ကြည့်မိသည်။ ဗိုလ်မှူးစောမြင့်ကလည်း
ရဲဘော်တွေ နေထိုင် လှုပ်ရှားပုံ၊ အ၀တ် ၀တ်ပုံတို့ကို အကဲခတ်နေ၏။ ဖြစ်မှ ဖြစ်ပါ့မလား
ဟု တွေးမိနေသော မျက်နှာကို မတွေးမိလေယောင် ဟန်ဆောင်နေ၏။

စာရေးသူက မျက်နှာပူလှလေပြီ၊ သုံးလေးနှစ်အတွင်း ငါ့ကောင်တွေ ဘယ်လိုများဖြစ်
ကုန်ကြပါလိမ့်ဟု ယူကြုံးမရလည်း ဖြစ်၏။ စိတ်လည်း ပျက်၏။ ဒေါသလည်း ဖြစ်နေ၏။
စိတ်သက်သာယာရစေရန်၊ ကိုဖေချစ်ကိုခေါ်၍ မုဆိုးကြီးများအကြောင်းကို မေးရသည်။


(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်
ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )

Feb 5, 2009

အမေ့ခံ သမိုင်းစာမျက်နှာများ

ရေးသူ- စစ်ငြိမ်းဒီရေ

ပညာသင်ကြားမှု ဆိုင်ရာ ဘာသာရပ်များကို စာမေးပွဲ ဖြေဆိုသော အခါ ခိုးချဖို့
မဖြစ်နိုင်သော ဘာသာရပ်တစ်ခုမှာ တွက်ချက်ရသော သင်္ချာဘာသာဟု ကျနော်
ထင်မိပါသည်။ တခြား ခိုးချလို့ မရနိုင်သော ဘာသာရပ်များလည်း ရှိနိုင် ပါသည်။
သိချင်နေသောစိတ်၊ ယုံမှားသံသယဖြစ်မှုနှင့် ပေးလိုက်သည့်အဖြေကို မကျေနပ်
နိုင်မှုတို့သည် မတူညီပါ။

စာအုပ်တချို့တွင် ပုစ္ဆာများကို တွေ့ရပါသည်။ အဖြေထုတ်ခဲ့သူတို့သည် ကိုယ်တိုင်
တွေ့ကြုံခဲ့သူ၊ အနီးအနားတွင် ထင်ရှား ပါဝင်ခဲ့သူတို့သာ ဖြစ်ကြပါသည်။
ဥပမာ … ဒုတိယ ကမ္ဘာစစ်ပွဲအပြီး စစ်ရှုံး ဂျပန် စစ်ခေါင်းဆောင်များက ပြောခဲ့သော
“မဟာအာရှ စစ်ပွဲ၏ အဖြေကို နောင်အနာဂတ်က ဖြေရှင်းပေးလိမ့်မည်။”

ကျနော်သိခဲ့သည်မှာ အဆိုတော် လွှမ်းမိုးနှင့် အကော်ဒီယံ အုန်းကျော်တို့ သီဆိုသော
အချစ်ရှုံးသမား ဒဿဂီရိသည် ကြာကူလီ မဟုတ်တော့ပါ။ အချစ်အတွက် သူရဲကောင်း
တစ်ယောက်သာ ဖြစ်သည်။ မဟာရာမ ဇာတ်တော်တွင် အစောပိုင်း ကာလများက ဒဿဂီရိ
သည် လူကြမ်းသာ ဖြစ်သည်။ သို့သော် ရာသီဥတုများ ရွေ့လျားတတ်သော လူ့သမိုင်း
တွင် ဒဿဂီရိသည် သူရဲကောင်း၊ ဟစ်တလာသည် မျိုးချစ်၊ ကိုလံဘတ်သည် စွန့်စား
ရှာဖွေသူ၊ ဘုရင့်နောင်နှင့် ဆင်ဖြူရှင် ဘုရင်များသည် ယိုးဒယားကို ကယ်တင်ရန် ကြိုး
စားသူ မင်းကောင်း မင်းမြတ်များ အဖြစ် ကဗ္ဗည်းမှတ်တမ်း ရေထိုးကြသည်။

မန္တလေးမြို့ရှိ မဟာမြတ်မုနိ ဘုရားကြီးကို ကျနော်အပါအ၀င် များစွာသော ဗုဒ္ဓဘာသာ
ဝင်များက ရှစ်ခိုး ဦးခိုက်ကြသည်။ ဆုတောင်းကြသည်။ သို့သော် …
ကုန်းဘောင်ခေတ်က စဥ့်ကူးမင်း ဘုရားဖူးထွက်စဉ် အာဏာသိမ်းခဲ့သည့် တူတော် ဖောင်း
ကားစားထံမှ ထပ်ဆင့် အာဏာသိမ်းသူ ဘ၀ရှင်မင်းတရားကြီး ဘိုးတော်ဘုရားလက်ထက် …
သားဖြစ်သူ အိမ်ရှေ့မင်းက ဓည၀တီမှ သယ်ဆောင်လာမှုကို ကျနော်တို့ မေ့ပြစ်ဖို့
မဖြစ်နိုင်ပါ ….

ပြည်တန် ပတ္တမြားငမောက်ကြီး ပျောက်ဆုံးမှုအတွက် ကာနယ်စလေဒင်ကို ကျနော်တို့
သတိရမိတိုင်း နှလုံးနာကြသည်။ ဒေါသထွက်ကြသည်။ သို့သော် …
ဖြေစရာမရှိလည်း ကြံဖန်ဖြေခဲ့ခြင်းသည် အဖြေစစ်စစ်ဟု မပြောနိုင်ပါ။
တချို့သော ပုစ္ဆာများအတွက် အဖြေ ရှိပါသည်။ တချို့တော့ အဖြေက မရေရာပါ။
.......

(၁)
ဂျာနယ်ကျော် မမလေး (ဒေါ်တင်လှိုင်) သည် သခင်ဗစိန်နှင့် သခင်ထွန်းအုပ်တို့၏
တို့ဗမာအစည်းအရုံးဝင် သခင်မ တစ်ဦးဖြစ်ပါသည်။ သို့သော် သခင်မအမည်ကို မခံ
ယူခဲ့ပါ။ အဘယ်ကြောင့် မခံယူခဲ့သနည်း။ သမိုင်းစာမျက်နှာများတွင် ယင်းအဖြေကို
ရှာမတွေ့ပါ။

(၂)
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဧရာဝတီ
တိုင်း၊ ပန်းတနော် နယ်သား ဦးသန့်၏ ညီဖြစ်သူ ဦးခန့်သည် သခင်ဗစိန်နှင့်
သခင်ထွန်းအုပ်တို့၏ တို့ဗမာအစည်းအရုံးဝင် တစ်ဦး ဖြစ်သည်။ တို့ဗမာအစည်း
အရုံးသမိုင်း စာအုပ် ဒုတိယတွဲ စာမျက်နှာ ၄၉၁၊ ဒုတိယ စာပိုဒ်တွင် ဖတ်ရူ နိုင်သည်။
ပန်းတနော် ဦးခန့်ဟု လူသိများသည်။ အဘယ်ကြောင့် သခင်ခန့်ဟု မခေါ်သနည်း။
သမိုင်း စာမျက်နှာတွင် ယင်းအဖြေကို ရှာမတွေ့ပါ။

(၃)
ကျဆုံးလေသူ အာဇာနည်ခေါင်းဆောင်ကြီး သခင်မြနှင့် နိုင်ငံတော်လုပ်ကြံမှုကို
ဦးဆောင်သူ ဂဠုန်ဦးစောတို့သည် ပဲခူးတိုင်း၊ သာယာဝတီ တနယ်တည်း သား
များ ဖြစ်ကြပါသည်။ သာယာဝတီအပိုင်၊ သုံးဆယ် တနယ်တည်း သားများဟု ဆိုကြ
ပါသည်။ သုံးဆယ်၊ တနယ်တည်းသာ ဆိုသော အဖြေသည် သိပ် မကျိန်းသေပါ။
သို့သော် အာဏာနှင့်လောဘကြောင့် ဦးစောသည် ဆရာကြီး သခင်မြကို သတ်ဖြတ်
ခဲ့သည်ဟု သမိုင်းစာမျက်နှာပေါ်တွင် အဖြေ ရရှိပါသည်။

(၄)
ဗမာ့လွတ်လပ်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သော ဗမာပြည်ကွန်မြူနစ် ပါတီ
ခေါင်းဆောင် သခင်သန်းထွန်းနှင့် ရဲဘော်သုံးကျိပ်ဝင် အသက်ကြီးဆုံး ခေါင်း
ဆောင် တစ်ဦးဖြစ်သူ သခင်စံလှိုင်(ဗိုလ်မှူးအောင်)တို့သည် ပဲခူးတိုင်း၊ တောင်ငူ
ခရိုင်၊ ကညွှတ်ကွင်း တရွာတည်းသားများ ဖြစ်ကြသည်။ သို့သော် နိုင်ငံရေး
အယူအဆ မတူညီဟု သမိုင်းစာမျက်နှာပေါ်တွင် အဖြေ ရရှိပါသည်။

(၅)
မြန်မာနိုင်ငံလွတ်လပ်ရေး အတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူ သခင်စိုး (ဆရာကြီး
သခင် ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာအစည်းအရုံးအဖွဲ့ဝင် သခင်) သည်
သခင်ဝတင် ခေါ် ဆင်မြှီးဆွဲ ကိုဝတင် (ပြည်ခရိုင်၊ ဆင်မြှီးဆွဲ နယ်သား) (သခင်ဗစိန်
နှင့် သခင်ထွန်းအုပ်တို့ ဦးဆောင်သော တို့ဗမာအစည်းအရုံးအဖွဲ့ဝင် သခင်) အား
ပုဂ္ဂိုလ်ရေးနှင့် ဂုဏ်သိက္ခာပိုင် ဆိုင်ရာ ပြင်းပြင်းထန်းထန်း ဝေဖန် ခဲ့ပါသည်။ ယင်း
ဝေဖန်မှုသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရန် ဒုတိယကမ္ဘာစစ်အကြို ကာလများက
ညီညွတ်မှု ရခဲ့သော ဂိုဏ်းမတူ သခင်များ ညီညွတ်မှုနှင့် ဒုတိယကမ္ဘာစစ်အတွင်း
ဖက်ဆစ်ဂျပန် တော်လှန်ရေးအတွက် ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီ
တို့၏ နှစ်ပါတီ ညီညွတ်ရေးကို ပြိုကျအက်ကွဲစေသော ဦးဆုံးဖြစ်ရပ်ဟု သမိုင်းစာမျက်နှာ
တွင် တွေ့ရပါသည်။

(၆)
ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်အား ၁၉၆၀ ခုနှစ် ပထစ အစိုးရ
လက်ထက်တွင် သံအမတ်တာဝန်ဖြင့် ပြည်ပသို့ စေလွှတ်ခဲ့ပါသည်။ ယင်းကိစ္စကို
တမင်အကွက်ဆင်ခဲ့သူမှာ အာဏာရှင်ဟောင်း ဦးနေ၀င်း၏ အကြံပေးဖြစ်သူ သခင်
ကျော်ဒွန်း ဖြစ်နိုင်ပါသည်။ ယင်းသမိုင်းကို ခေတ်ပြိုင်ဖခင်ကြီး ဦးတင်မောင်ဝင်း ရေး
သားပြုစုသော နိုင်ငံရေးသမားနှင့် နိုင်ငံရေး စာအုပ်၏ စာမျက်နှာ ၅၈၊ ဒုတိယအပိုဒ်
တွင် တွေ့နိုင်ပါသည်။ ပြဿနာ အသေးစိပ်ကို သမိုင်းစာမျက်နှာများတွင် ရှာဖွေ၍
မရပါ။

(ဤမျှသာ။)

Feb 4, 2009

တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၆)

ရေးသူ- ရန်ကုန်ဘဆွေ

ယခင်အပိုင်း(၅)မှ အဆက် … … …

ထို့ကြောင့် ထို့နေ့က လူမမာများကို တိုက်ကျွေးလေ့ရှိကျသည့် “ကွေ့ကာအုပ်” ခေါ်
ဗူးများကို အလုံအလောက် ၀ယ်ယူပစ်လိုက်သည်။ နို့စိမ်းဗူးထက် အရွယ်ထက်ဝက်ခန့်
ပိုကြီး၏။ သယ်ယူရန် ပေါ့၏။ ချွေတာလျှင် တဗူးကို လူတယောက် ရှစ်ရက်စားနိုင်၏။
ထို့သို့ပြုလိုက်ရသောကြောင့် စိတ်လက် အတော်ပေါ့ပါးသွားသည်။ လိုအပ်သော ဗီတာမင်
နှင့် ဆေးမျိုးတို့ကို ၀ယ်လျက် အိမ်သို့ စောစောပြန်၏။ နောက်နေ့ ခရီးထွက်ရန် တလှုပ်
လှုပ် ပြင်ဆင်၏။ အိမ်ရှင်မနှင့် ကလေးတွေကလည်း ထိုနေ့ည တော်တော်နှင့် မအိပ်ကြ။

နောက်နေ့ နံနက် ၄-နာရီ သံချောင်းခေါက်သံ ကြားသည်နှင့် အိပ်ရာက လန့်နိုးလာသည်။
အိမ်ရှင်မလည်း စာရေးသူနှင့်အတူ အိပ်ရာမှ လူးလဲထ၏။ အဖျားပြေးလေပြီ ဖြစ်သော
ကြောင့် ဖြစ်ချင်တာဖြစ်ပေစေဟု အိမ်ရှေ့ ရေစည်ပိုင်းတွင် ရေချိုးလိုက်၏။ ထိုသို့ပြုသဖြင့်
အိမ်ရှင်မများက ဆူပူနေလေမလားဟု စိတ်ထဲက ပူပင်နေ၏။ ရေချိုးပြီးလျှင် မိမိက ဦးအောင်
မျက်နှာ ဆိုးဆိုးပြု၍ အိမ်တွင်းသို့ ၀င်၏။ အိမ်ရှင်မသည် လဘက်ရည်ကြမ်း အသင့်
လဘက်ရေချိုအသင့်ဖြင့် ရှိနှင့်လေပြီ။

ကလေးတွေကိုလည်း အိပ်ရာမှ နှိုးထား၏။ အိမ်ရှင်မ၏ သွန်သင်ပေးချက်အရ၊ ကလေးငယ်
တို့က မျက်နှာသုတ်ပုဝါ၊ စြပ္က်ယ္အက်ႌ၊ ရွပ္အက်ႌ၊ လုံချည် စသည်တို့ကို စာရေးသူလဲလှယ်
ရန်အတွက် အသင့်ကိုင်လျက် ထိုင်စောင့်နေကြ၏။
“ဒီမိန်းမ တော်တော်ခက်တဲ့ မိန်းမဘဲ၊ ကလေးတွေ သူတို့ဟာသူတို့ အိပ်နေကြစမ်းပါစေ၊
ဘာလို့ ဒုက္ခပေးထားရတာတုံး သွားပြန်အိပ်ကြ …”

ကလေးတွေက ကြောက်ကြောက်ရွံ့ရွံ့နှင့် မိခင်မျက်နှာကို လှမ်းကြည့်ကြ၏။
“သူတို့လဲ အိပ်ရာက ထချင်ကြလို့ အထခိုင်းလိုက်တာ၊ အခုသူတို့သောက်ဖို့ ကော်ဖီ
တောင် ဖျော်ပီးနေဘီ …”
အိမ်တွင် ကလေးတွေက ကော်ဖီသောက်ကြသည်။ စာရေးသူက ထမင်းကို ငပိရည်နှင့်နယ်
ဆီနှင့်ဆမ်း၍ လဘက်ရည်ကြမ်းဖြင့် ထမင်းတလုပ် လဘက်ရည်ကြမ်းပူပူ တရှုပ်သောက်
သည်။ တခါတရံ လဘက်ရည် ချိုကျကျသောက်သည်။ ကော်ဖီကို လုံးဝမကြိုက်။

ကလေးငယ်တို့ကိုမူ ကလေးတွေ အမေအိမ်ရှင်မက၊ ကော်ဖီကို အချိန်နှင့်တိုက်သည်။
မုန့်ပဲသားရေစာ လုံးဝမကျွေး။ ထို့ကြောင့် အစားအစာချင်း လုံးဝမတူသော ကလေး
တွေနှင့် နံနက်ပိုင်းတွင် ဘယ်အခါမျှ မျက်နှာချင်းမဆိုင်ကြရ။ ယခုနံနက် အိမ့်ရှင်မ၏
စီစဉ်ပေးချက်အရ စားပွဲခုံကြီးကိုချကာ ကလေးတွေနှင့် အတူဝိုင်း၍ လဘက်ရည်သောက်
ကြရသည်။ ကလေးတွေက ကော်ဖီခွက်ကိုယ်စီနှင့် စာရေးသူက လဘက်ရည်ခွင်နှင့် …

စားပွဲအလယ်တွင် စာရေးသူကြိုက်တတ်သော ထမင်းကြမ်းဇလုံကြီး ရှိသည်။
အိမ့်ရှင်မညဥ့်ဦးကတည်းက ကြိုတင်စီမံထားဟန်တူ၏။ နွေးထားသော ဟင်းကျန်
နှင့် ဗါလချောင်ငပိညှော်တို့ကို ထမင်းကြမ်းနှင့်နယ်ကာ၊ ဇလုံကြီးထဲသို့ ထည့်၍
ဇွန်းနှစ်ချောင်း တတ်ပေးထား၏။ မိသား ဖသားစုတို့ လဘက်ရည်ကြမ်း သောက်
ကြ ထမင်းကြမ်း ကော်စားလိုက်ကြနှင့် ဇွန်နှစ်ချောင်းမှာလည်း အနားမနေရ၊ ရှေ့
တွင် ကိုယ်စီကိုယ်စီချထားကြသည့် ကော်ဖီနှင့် လဘက်ရည် အချိုခွက်တို့က
မျက်နှာငယ်ငယ်နှင့် ….

ဇလုံပန်းကန်ထဲသို့ ဇွန်းကျသံ လဘက်ကြမ်းကို ရှူးရှူးမှုတ်သောက်သံတို့ဖြင့်
မလုယက်သော်လည်း လုယက်စားသောက်နေကြသကဲ့သို့ စီစီညံလျက် …
“နှီးဒေါင်းလန်းကြီးခူးငြီးသောအခါ
သမီးနှင့်သား များလို့ မ၀င်သာ …
ဒူးတဘက်ဟာ တွန်းကာဖယ်လျက်
သူ့ထက်ငါလေ စားတော့မည်စေ …
စားပေသာလှ အုန်းခွက်ကယ်နှင့်လေး ….. ”

ဝန်ကြီး ပဒေသရာဇာ၏ ထန်းတက်သမားဘွဲ့ “တျာချင်း”ကို စာရေးသူက သတိရလိုက်
သည်။ မျက်နှာက မလှုပ်ရှားသော်လည်း ယခုကဲ့သို့ သားတွေသ္မိးတွေ အစုံအညီနှင့်
တပျော်တပါးချည်း စားရ သောက်ရသည်ကို စာရေးသူ၏စိတ်ထဲ၌ ကြည်နူးမိသည်။
နောင်ကို ဒီကလေးတွေနှင့် ဒီလိုစားခွင့်မှ ကြုံရပါတော့မည်လားဟုလည်း ချက်ခြင်းတွေး
လိုက်သည်။ ကလေးတွေလည်း မိမိတို့အဖေကြီးကို နောက်နောင်ဤစားပွဲပိုင်း၌ တွေ့
ရချင်မှ တွေ့ရပေလိမ့်မည်ဟု ဘယ်သူကမှ သိရှာလိမ့်မည်မဟုတ်ဟုလည်း တွေးသည်။
အမှတ်မဲ့ အိမ်ရှင်မ မျက်နှာကို လှမ်းကြည့်လိုက်သည်။ အိမ့်ရှင်မလည်း သူ့အတွေး
နှင့်သူ ထမင်းဇလုံကြီးကို ငေးစိုက်နေသည်။

အိမ်ရှေ့မှ ကားဟွန်းသံကြားရသည်။ အိမ့်ရှင်မက စာရေးသူ၏ မျက်နှာကို ကွက်ကနဲ
လှမ်းကြည့်လိုက်၏။ “လဘက်ရည်သောက်ပါအုံးလေ၊ ပစ္စည်းတွေအဆင့်သင့်ဘဲဥစ္စာ”
… ပြောပြောဆိုဆို အိမ့်ရှင်မက၊ အိမ်ရှေ့ရှိ ကားပေါ်မှ လူများအား ကော်ဖီ သောက်
ကြွကြပါရန် သွားခေါ်၏။ အားလုံးသောက်ပြီးကြ၍ မည်သူမှ လိုက်မလာကြ။ စာရေးသူ
က လဘက်ရည်ခွက်ကို တကြိုက်တည်းနှင့် အကုန်မော့ကာ အထုပ်အပိုးဆွဲ၍ နေရာ
မှ ထသည်။ ကလေးတွေလည်း ဟိုဟာသည်ဟာကိုင်၍ နောက်ကအတင်းလိုက်လာ
ကြ၏။

အေးစိမ့်သောနံနက်ခင်းတွင် မိုးမှုန်ကလေး ကျနေ၏။ အိမ့်ရှင်မနှင့် ကလေးတစုသည်
မိုးမှုန်အောက်တွင် ဇွတ်ပေရပ်နေကြ၏။ စာရေးသူတို့၏ ဂျစ်ကားသည် အိမ့်ရှင်မနှင့်
ကလေးတစုကို ကျောခိုင်း၍ ထွက်လာကြသည်။ ဂျစ်ကားကို ဗိုလ်မှူးစိန်မြ ကိုယ်တိုင်
မောင်း၏။ ကားလမ်း၏တဘက်တချက်၌ စိမ်းစိုသော လယ်ကွင်းတို့သည် တရိပ်ရိပ်
ကျန်ရစ်ခဲ့ကြ၏။ စာရေးသူတို့သည် အချိန်ခပ်စောစောပင် တောင်ငူ ရောက်ကြ၏။

ခရီးရောက်မဆိုက် ဗိုလ်မှူးစောမြင့်(ယခု ယဉ်ကျေးမှုဋ္ဌါနနှင့် ပြန်ကြားရေးဋ္ဌါန တာဝန်ခံ
ဗိုလ်မှူးကြီး စောမြင့်) ကို သွားရောက်တွေ့၏။ သွားရမည့်နယ်မြေ အခြေအနေ၊ သွား
ရောက်နိုင်မည့် ခရီးလမ်းများ၊ ကိုမောင်မောင်တို့ ရှိမည့်နေရာ စသည့်တို့ကို စုံစမ်း၏။
ဗိုလ်မှူးစောမြင့်က သူ၏ ကရင်သူရဲကောင်းကလေးများ အနက် မသေဘဲ ပြန်ရောက်
လာသော သူရဲကောင်း ကရင်ရဲဘော်ကလေး၏ ထံမှ နောက်ဆုံး သိရှိထားရသမျှကို
အသေးစိပ် ပြောပြ၏။


(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်
ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )

Feb 2, 2009

တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၅)


ရေးသူ-
ရန်ကုန်ဘဆွေ

ယခင်အပိုင်း(၄)မှ အဆက် … … …

ကိုအောင်ကြီးက မကျေမနပ်နှင့် ကျဉ်းသော မျက်ပေါက်ကို အစွမ်းကုန်ပြူးလျက် ဒေါသ
တကြီး ပြော၏။ ဗိုလ်မှူး တင်ဖေက ကြားဝင်လိုက်၏။
“ကဲ … ကိုယ့်လူ … သတ္တလောကကြီးတခုလုံး ဖြစ်ချင်တာ ဖြစ်သွားပစေ၊ အပြစ်ရှိလာလဲ
ကျုပ်တို့ခံမယ်၊ ခင်ဗျား ဘယ်လိုသွားမလဲ ကျုပ်တို့က ဘာတွေ လုပ်ပေးရမလဲ၊ အဲဒီအစီ
အစဉ်တွေကိုသာ ကျုပ်တို့ကို ပြော … ”

ထိုသည့်နောက်ကား စာရေးသူ၏ တောင်းဆိုချက်အရ တပ်ရင်းအသီးသီးတွင် ရှိနေကြ
သော စာရေးသူ၏ ရဲဘော်ဟောင်းအချို့ကို ကိုအောင်ကြီး၏ ကြိုးမဲ့ကြေးနန်းအမိန့်ဖြင့်
ရန်ကုန်သို့ အမြန်ဆုံး ရောက်ရှိလာကြရန် ခေါ်ပေး၏။ ၁၉၅၁ ခု ဇူလိုင်လ ၁၂ ရက်နေ့
တွင် အားလုံး ရောက်ရှိလာကြ၏။ ၂၃ ရက်နေ့တွင် စာရေးသူတို့ သွားရမည့် နယ်သို့
ကြိုတင်စေလွှတ်လိုက်၏။ စာရေးသူက ခရီးရှည်ချီတက်ရာတွင် အရေးအကြီးဆုံး လိုအပ်
သော ရိက္ခာ သယ်ဆောင်သွားနိုင်ရေး ပြဿနာကို ဖြေရှင်းရန် ရန်ကုန်၌ ကျန်ရစ်ခဲ့ရ၏။
ဤကိစ္စ၌လည်း စာရေးသူနှင့် ကိုအောင်ကြီး သဘောကွဲလွဲကြရသည်။ ကိုအောင်ကြီးက
စာရေးသူကို ဗိုလ်မှူးအောင်ရွှေ ဆီသို့ ခေါ်သွား၏။

ဂျပန်ခေတ် ပဲခူးစံပြစစ်ကျောင်းတွင် စာရေးသူတို့ ၀ရမ်းပြေးတသိုက် စစ်သင်တန်း
သွားရောက် တက်ကြစဉ်က ဗိုလ်မှူးအောင်ရွှေ၏ တပ်တွင်း၌ နေကြရ၏။ ထို့ကြောင့်
ဗိုလ်မှူးအောင်ရွှေက တွေ့လျှင်တွေ့ချင်း အပိုတွေ ဇာချဲ့မနေတော့ဘဲ ၎င်းပြုလုပ်ထား

သည့် ရိက္ခာဗူးကို စာရေးသူအားပြ၏။ ဆရာဝန်များနှင့် တိုင်ပင်ညှိနှိုင်း၍ ကျန်းမာရေး
နှင့် ညီညွတ်အောင် အချိန်မှီ စမ်းသတ်လုပ်ကိုင်ထားသည် ဆို၏။

လေးတောင့် ငါးသေတ္တာဗူးကဲ့သို့ လေလုံသော သံဗူးငယ်မျိုးဖြစ်သည်။ တခုလျှင် လေး
တောင့်ငါးသေတ္တာ လေးလုံးစာခန့် အရွယ်ရှိ၏။ အတွင်း၌ ကြာရှည် ၀ါး၍စားရသော
ဘီစကွတ်အမာ ဆယ်ချပ်၊ ထောပတ်ထုပ်ငယ် ၁၊ ဇီးတော်ဖီထုပ် ၁၊ လေးလိပ်ပါ စီးကရက်
ထုပ် ၁၊ သုံးလိပ်ပါ ဆေးပေါ့လိပ်ငယ်ထုပ် ၁၊ မီးခြစ်ဆံ ၁၂ ချောင်းပါစက္ကူ မီးခြစ်ပြား ၁၊
ရေနွေးကြို၍ခပ်လိုက်လျှင် အသင့်ဖျော်ပြီး ကော်ဖီအချို ဖြစ်သော နို့သကြားပါသည့်
ကော်ဖီမှုံအထုပ် ၁။ သီးသန့် နိုမှုံထုပ် ၁ နှင့်၊ ဗီတာမင် ဆေးပြား၂ ပြား ပါရှိသည် ထမင်း
တနပ်စာအတွက် ဖြစ်၏။

စာရေးသူက ထိုခေတ်မှီလှသော ဆရာဝန်နှင့် တိုင်ပင် ပြုလုပ်ထားသည့် ရိက္ခာဗူးကို
မကြိုက်။ ရဲဘော်တယောက်သည် ဤထမင်းတနပ်နှင့် ညီမျှသော ရိက္ခာဗူးမျိုး ဘယ်နှစ်
ဗူး သယ်ယူနိုင်ပါမည်နည်းဟု တွေး၏။ ရဲဘော်တယောက်တယောက်၌ မပါလျှင် မဖြစ်
သော ကျောပိုးအိတ် သို့မဟုတ် ဘေးလွယ်အိတ်တခုစီ ပါရမည်၊ ထို့ပြင် ရေဗူးတလုံး၊
ထမင်းချက်အိုလည်းဖြစ်၊ စားခွက်လည်းဖြစ်သော “ဟန်းကော” ခေါ်သည့် ခွက်တခု၊
လက်ပစ်ဗုံး ၂ လုံး၊ သေနတ်ကျည်ဆံများ၊ ထို့နောက် သေနတ် ….
ထိုပစ္စည်းတွေအပြင် ဗိုလ်မှူးအောင်ရွှေ၏ တဗူးလျှင် ထမင်းတနပ်နှင့် ညီမျှသော ခေတ်
မှီရိက္ခာဗူးများကို ရဲဘော်တယောက်တယောက်လျှင် လေးလုံးထက်ပို၍ သယ်နိုင်ကြ
ပါမည်လော ….

“ကျနော်တော့ ရဲဘော်တွေ သိပ်သယ်နိုင်ကြမယ် မထင်ဘူး၊ ရိုးရိုးပြောရမှာဖြင့်
“ထမင်းခြောက်”နဲ့ “ထန်းလျက်ခဲ”လောက် မကြိုက်ဖူး …”

“ခင်ဗျားအဘကြီးမှဘဲ၊ ခင်ဗျားကတော့ နေရာတကာ စိတ်ကူးလိုက်မှဖြင့် ဂွချည်းဘဲ၊
ဘယ်လိုကြံကြံဖန်ဖန် မဟုတ်တာတွေကို စိတ်ကူးတတ်တဲ့ လူမှန်း မသိဘူး … ”
ကိုအောင်ကြီးက ၀င်ဟောက်လိုက်ခြင်း ဖြစ်၏။ ခက်သည်ကား သူတို့သည် စာရေးသူ
ကို ချစ်ကြခင်ကြ၏။ စာရေးသူကို တခြားတပါးသူက ထိပါးလျှင် မခံချင်ကြ။ သို့ရာတွင်
စာရေးသူနှင့် သူတို့နှင့် အတွေးအခေါ်ခြင်းမတူ၊ စာရေးသူ လုပ်သမျှ တမင်ဂွလုပ်နေ
သည်ချည်း သူတို့ထင်ကြ၏။ မည်သည့်ကိစ္စမဆို စာရေးသူနှင့် အငြင်းအခုံပြုကြသည်
ချည်း ဖြစ်၏။ တခါတရံ ဘာမဟုတ်သည့် ကိစ္စကလေးကို ထိုင်ငြင်းလိုက်ကြသည်မှာ
တနေကုန်သွားရသဖြင့် သူတို့တွင် အလုပ်အကိုင်ပျက်ကြရ၏။

ထို့ကြောင့် စာရေးသူက ယခုအကြိမ်တွင် ကိုအောင်ကြီးနှင့် အငြင်းအခုံမပြုတော့၊
သို့သော် ဒီလူတွေ အတော်ညံ့သေးသည်ဟု စာရေးသူက တွေး၏။ ရိုင်ဖယ် သေနတ်
ကို ကိုင်၍ တိုက်နေကြရသော ယခုခေတ် စစ်သားတိုင်းလိုလို လှံ၊ ဓါးနှင့် ၀ါးရင်းဒုတ်
တို့အား အားကိုး၍ တိုက်ခိုက်လာခဲ့ကြရရှာသော ရှေးခေတ် စစ်သားကြီးများကို
အထင်သေးတတ်ကြ၏။ ရှေးခေတ် စစ်သားကြီးများသည် လှံ၊ ဓါး၊ ၀ါးရင်းဒုတ်၊ တူမီ
သေနတ်နှင့် ဂိုက် ၁၀၀ ကျော် ၂၀၀- လောက်မျှ ပြေးသည့် ထန်းလုံး အမြောက်ကြီး
တလက် နှစ်လက်ကို အားပြုလျက် အာသံ မဏိပူရနှင့်တကွ ဗမာပြည်အနီးအပါးရှိ
တိုင်းပြည်တွေကို သိမ်းပိုက်ခဲ့ကြသည်။ ဒါတွေကို ယခုစစ်သားတွေက မေ့နေကြ၏။

အမရပူရ ပထမမြို့တည် နန်းတည် မင်းတရာကြီးသည် အမရပူရမှ မုတ္တမမြို့သို့
တိုင်အောင် စခန်းပေါင်း ၃၈- စခန်းပြု၍ ၃၉- ရက်နှင့် အရောက် ချီတက်၏။ စစ်သည်
ရဲမက်များ ထောင်နှင့် ချီ၍ ပါလေသည်။ အလုံမင်းကြီး ဗန္ဓုလနှင့်တကွသော စာဆိုတော်
မြ၀တီမင်းကြီး ဦးစ တို့သည် ဗမာရဲမက် ၄၀၀၀၊ ကချင် သိန်းဖေါ ရဲမက် ၁၀၀၀၊ မြင်း
၅၀၀၊ ဆင် ၂၀ တို့ဖြင့် မြင့်မားသော တောတောင်အထပ်ထပ်တို့ကို ဖြတ်ကျော်လျက်
အာသံမဏိပူရသို့အရောက် စခန်းပေါင်း ၇၀ ပြု၍ ချီတက်၏။ ထိုလမ်းသည် ရှေးအခါက
မဆိုထားနှင့် ယခုအချိန်၌ပင် ရိက္ခာရရှိရန် ခက်ခဲ၏။ လမ်းခရီးတွင် ချင်းအမျိုးသားများနှင့်
နာဂ အမျိုးသားတို့သာ ရှိကြ၏။

ထိုတောင်ပေါ်သားများသည် ဆန်ချည်းသက်သက် စားရန်မလုံလောက်သောကြောင့်၊
ပိန်းဥ မြောက်ဥတို့ကို အားပြုနေကြရ၏။ စားဘွယ်အဖြစ် အမှီပြုနိုင်သော အမဲ,တော
ကောင်လည်း ရှား၏။ မျောက်၊ ပြောင်၊ ၀က်ဝံ၊ ရစ်၊ တောကြက်၊ ဒေါင်းမင်း စသော
လိုက်ရန်ခက်သည့် သားမျိုးဌက်မျိုးတို့သာ အနည်းအကျဉ်း ရှိ၏။ ဤသို့ဆိုလျှင် အလုံ
မင်းကြီး မဟာဗန္ဓုလသည် ဆင်စာ၊ မြင်းစာနှင့် တကွသော လူငါးထောင်စာ ရိက္ခာများကို
စခန်းပေါင်း ၇၀ ဖြတ်ကျော် ချီတက်နိုင်ရန် မည်ကဲ့သို့ ယူဆောင် သွားပါမည်နည်း။
စာရေးသူသည် ရှေးစစ်သားကြီးများ ဤသို့ ရိက္ခာယူဆောင်သွားမှု၊ သို့မဟုတ် ရရှိမှု
နှင့် ပက်သက်၍ မည်သို့ သယ်ယူသွားသည်၊ မည်သို့ရရှိကြသည် စသည်တို့ကို တတ်
သိနားလည်သူတို့၏အထံ၌ စူးစမ်းမေးမြန်းကြည့်၏။ သို့ပါလျက် တခါမျှစိတ်ကျေနပ်
လောက်သည့် အဖြေကို မရခဲ့။

တခါက ဥတုဘောဇနလက်စွဲဟူသော စာအုပ်ငယ်တခု၌ စစ်သည်ဆောင် ခရီးသွားမုန့်
ပြုလုပ်နည်းဟု တွေ့ဘူး၏။ ကျွဲသား၊ ကောက်ညှင်း၊ ထန်းလျက်၊ ဤသုံးမျိုးကို အမှုံ
ပြုခြင်းဖြစ်သည်။ အခွံမနွှာရသေးသည့် ကွမ်းသီးအလုံးကြီးကြီးခန့် မုန့်ဆုပ် ပြုလုပ်
ထား၍ တဆုပ်စားလျှင် ထမင်းတရက်ငြိမ်း၏ဟု မှတ်မိလိုက်သည်။ ဟုတ်၏ မဟုတ်၏
လုပ်မကြည့်သဖြင့် မသိရသေး။ ဟုတ်လျှင် လူတယောက် တလစာအတွက် ပေါ့ပေါ့
သယ်နိုင်လိမ့်မည်။

ကိုယ်တွေ့ကြုံဘူးသော အမေတို့ ပြောပြဘူးသည် ကုလားကြီးတက်လာတုန်းက ထမင်း
ခြောက်အိတ်ကလေးတွေ လွယ်လျက် သစ်ပင်ပေါ်သို့ တက်ပုန်းနေကြရသည် ဆို၏။
ထို့နောက် ရွာလုံးကျွတ် လုယက်တိုက်ခိုက်တတ်သူတွေလည်း ထ၊ ဗိုလ်တွေကလည်း
ထ,လာသောကြောင့် နေ့တထိတ်ထိတ် ညတထိတ်ထိတ် ရှိနေကြသောအခါ၊ ထမင်း
တွေချက်လျက် ထမင်းခြောက်တွေလှမ်းပြီး ရာဝင်အိုးကြီး၌ ထည့်ဝှက်ထားရသည် ဆို၏။
တရွာနှင့် တရွာလှမ်း၍ “ကုလားတက်” တုံးကြီးတွေကို ခေါက်လျက် အချက်ပေးသံကြား
ရလျှင် ထမင်းခြောက်အိတ်နှင့် ဆားကျည်တောက်ကို လွယ်လျက် အနီးအနားတောထဲ၌
စုပုန်းနေကြရသည် ဆို၏။ တခါတရံ လေးရက်၊ ငါးရက် တောထဲမှ မထွက်ကြရ၊ ထိုသို့
သော အချိန်အခါမျိုးတွင် ပါလာသော ထမင်းခြောက်အိတ်ကို အားပြု စားကြရသည် ဆို
၏။ လိုက်ရှာနေပြီဟု ကြားလျှင် ဝေးလံသော နေရာသို့ သွားရောက် စုပုန်း နေကြရသည်
ဆို၏။ ထမင်းခြောက်ကား ရေစိုလျှင် ဆန်ကဲ့သို့ မပျက်စီး။ နေလှမ်းလျှင် ပြန်ခြောက်၏။
ချက်စားလျှင် ထမင်းကဲ့သို့ဖြစ်၏။ ပြုတ်စားလျှင် ဆန်ပြုတ်ဖြစ်၏၊ တောတွင်းရှိ စားကောင်း
သော ရရာအသီးအရွက်တို့နှင့် ရောကျိုသောက်နိုင်၏။ အချိန်မရလျှင် သွားရင် လာရင်း
ထန်းလျက်နှင့် အတူဝါး၍ ရေသောက်ယုံမျှ ကိစ္စပြီး၏။ ထမင်းခြောက်ကို လူတယောက်
အတွက် တပြည်မျှသယ်က ချွေတာလျှင် ဆယ်ရက်စာခန့် စားရ၏။ ပေါ့လည်း ပေါ့ပါး၏။

“ဟေ့လူ … ဘာငိုင်နေတာလဲ၊ ခင်ဗျား အဲဒါတွေဘဲ ယူသွား၊ အဲဒီသံဗူးတွေကို ကျုပ်တို့
လုံလောက်အောင် လုပ်ပေးလိုက်မယ် ….”
ကိုအောင်ကြီးက ပြောပြောဆိုဆို နေရာမှ ထသည်။ ကိုအောင်ကြီးသည် သူ့အစာကို
လုံလောက်အောင် လုပ်ပေးလိုက်မည်ဟုသာ ပြော၏။ မည်ကဲ့သို့ သယ်ဆောင် သွားရမည်
ကိုကား မပြော ….


(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်
ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )