Jul 7, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၄)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

(ယခုလက်ရှိ တင်ပြနေဆဲ “ကန့်ကွက်မည့်သူ ရှိရင် ဖော်ပြလော” အမည် အစား
မူရင်း အမည်ဖြစ်သော လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီကို ပြောင်းလဲလိုက်ပါသည်။)

ယခင် အပိုင်း(၃)မှ အဆက် …..

တောလယ်က လိုဏ်ဂူမြနန်း၊ မြို့လယ်က ရဝေခန်းမဆောင် သလွန်ညောင်၊
ပင်လယ်က ၀င်ကစွပ်ကောင်၊ တောင်တန်းခြေက ဒဟတ်ပန်း၊ တောတွင်းမီးရှာ
သည့် ယောင်္ကျား၊ ပိုးစုန်းကြူးနှင့် ကောက်ရိုးမျှင်၊ ကေသာသုံးတောင်ကြော့နှင့်
ဆံထုံးတော်ကြီး တမာသီး၊ ဒေါင်ဒင်းသံသာနှင့် ကိုတံငါ၊ မြို့ဝန်မင်းနှင့် သဇင်ပန်း၊
သောက်ရှူးကြယ်နှင့် ချစ်သူ့မျက်လုံး၊ နွားပြာချိုလိမ်ကော့နှင့် ချဉ်ပေါင်ဟင်း၊
မိဿရာသီမှ ပွင့်သိင်္ဂီ ရွှေရင်ခတ်နှင့် စိတြကြယ်။ နောက် …. အင်း … အများကြီး။
တုံးမှတ်၍ ခုန်လိုက်ချင်သော မြင်းမိုရ်တောင်ကြီးတို့၊ မင်ဖျော်လိုက်ချင်သော
သမုဒ္ဒရာကြီးတို့ကလည်း ရှိသေးသည်။
အဲသည်အာရုံတရားတွေနှင့် ကဗျာဆရာ။

ကဗျာဆရာကလည်း အမှုကို ပွေသည်။ အာရုံတရားတွေကို အာရုံတရားအဖြစ်
ထားလိုက်ပါလား။
ဟင့်အင်း … မထားနိုင်၊ မထားနိုင်ပါ။

သြော် …. အရှင်မဟာရဋ္ဌသာရ ညည်းသကဲ့သို့ “သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်”
ဟုသာ ညည်းရမည် ထင်သည်။ ထင်ထင်လာသော အာရုံတရားတွေကို ကဗျာဆရာ
က “ခံစား” သည်။ ခံစားရုံနှင့် ရပ်နေပါလား။ မရပ်။

မိအောင် “ဖမ်း”ပြီး မလွတ်အောင် “တုပ်နှောင်” ထားချင်သည်။
ဘာနှင့် ဖမ်းပြီး၊ ဘာနှင့် တုပ်နှောင်ထားမည်းနည်း။
“စကားလုံးများ” နှင့် ဖမ်းပြီး စကားလုံးများနှင့် တုပ်နှောင်ထားချင်သည်။ မင်း….
ဘယ်ပြေးချင်သနည်း။
ဘာနှင့် ဖမ်းပြီး၊ ဘာနှင့် တုပ်နှောင်ထားမည်နည်း။

ဤနေရာတွင် ကမ္ဘာကျော် ဂျာမန် ကဗျာဆရာကြီး ဂိုးတဲ” (Goethe)
ကမ္ဘာကျော်သော စကားကို ကိုးကား ဖော်ပြလိုပါသည်။ ဂိုးတဲ၏ ဂန္တ၀င်မြောက်
လက်ရာများအနက် “ဖောက်စ်တ်” (Faust) ဟု ခေါ်သော ဇာတ်လမ်း ကဗျာ
ရှည်ကြီးသည် ထင်ရှား ကျော်ကြားလှသည်။ ဤကဗျာရှည်ကြီးသည် ဘယ်
သဘောကို သရုပ်သကန် ဖော်ထားပါသနည်းဟု စူးစမ်းသူများက မေးမြန်းကြ
သည်။

သာမန် မေးသည် မဟုတ်၊ အဖြေ မပေးမခြင်း အားမနားတမ်း မေးကြလေရာ
နောက်ဆုံး၌ ဂိုးတဲကြီး ဖြေရတော့၏။

“ယေဘုယျ ပြောရလျှင် အာရုံခြောက်ပါးမှ သီးခြားကင်းလွတ်နေသော သဘော
တစုံတရာကို သရုပ်သကန်ဖော်ရန် ကြိုးစားခြင်းသည် ကဗျာဆရာ တဦးအနေဖြင့်
ကျွန်တော် ပြုလုပ်လေ့ရှိသော ကျင့်သုံးမှု မဟုတ်ပါ။ နိုးကြားသွက်လက်သော
စိတ်ကူးဥာဏ် ဓါတ်အားက တင်ပြလာသည့် အာရုံတံဆိပ် အရိပ်တို့ကို တင်ပြ
လာသည့်အတိုင်း ကျွန်တော့် အတွင်းအကြည်က လက်ခံယူပါသည်။ အာရုံတံဆိပ်
အရိပ်တွေကလည်း ရာနှင့်ချီ၍ များလှပါဘိကောင်း။ အချို့က မွေ့လျော်ဖွယ်၊
အချို့က ရွှင်ရွှင်ပျပျ သွက်သွက်လက်လက်၊ အချို့က ချစ်စဖွယ်၊ အချို့က အရောင်
မျိုးစုံ စုံစုံကြွယ်ကြွယ်။ များလှပါဘိသည်။ ဤတွင် ကဗျာဆရာ တဦးအနေနှင့်
ဘာလုပ်ရပါမည်နည်း။ အခြားတော့ လှုပ်စရာ မရှိ။ ပထမ ….. အာရုံတံဆိပ် အရိပ်
တွေကို စိတ်တွင်း၌ ပုံလောင်း ရပါသည်။ ပုံဖော် ရပါသည်။ ဒုတိယ ….. ကျွန်တော်
ရေးပြီးသည်ကို ဖတ်ကြသူ၊ ကြားကြသူတို့သည် ယင်းအာရုံတံဆိပ် အရိပ်တွေကို
တသဝေမတိမ်း လက်ခံရရှိကြရအောင် ကျွန်တော် ဖန်တီး လုပ်ဆောင်ရပါသည်။
ထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း ရှိသော ထပ်ဆင့်တင်ပြနိုင်စွမ်းနှင့် ဖန်တီး
လုပ်ဆောင် ရပါသည်”

ကဗျာဆရာ၏ ကိစ္စကို အသားခြေ- အနှစ်တေပြီး ဂိုးတဲ ပြောပြခြင်း ဖြစ်လေသည်။
ဂိုးတဲ ပြောပြချက်အရ …..

(၁) ပြင်ပ၊ ပကတိလောကကြီးမှ အရင်းခံ၍ လာသော်လည်း စိတ်တွင်း၌ သူ့သင်္ခါရ
နှင့် သူ ပြုပြင်ပြောင်းလဲ ဖြစ်ပေါ်လာသည့် “ဖန်တက်ဇမာဂေါရိယ”(Phantasmagoria)
ခေါ် အာရုံတံဆိပ် အရိပ်တွေနှင့် ပြွမ်းသော “စိတ်ကူးဥာဏ်လောက” ရှိသည်။
(၂)ထင်ဟပ်လာသော အာရုံတံဆိပ် အရိပ်တို့ကို အမိဖမ်းတတ်အောင် ဓါတ်သွင်း
ထားသည့် ဖလင်နှင့်တူသည့် ကဗျာဆရာ၏ စိတ်ရှိသည်။
(၃)ထိုအာရုံ တံဆိပ်အရိပ်တို့ကို ပုံသဏ္ဌာန်ဖော်ပြီး ပို့ဆောင်ဆက်သွယ်ပေးလို
သော လှုံဆော်စိတ်ကလည်း ကဗျာဆရာ၌ ရှိသည်။

စကားထူး စကားဆန်း ဖြစ်နေသော ဖန်တကဇမာဂေါရိယ အကြောင်း ရှင်းပြလို
ပါသည်။
ဤစကား၏ မူလ အဓိပ္ပါယ်မှာ မျက်လှည့်မှန်ပြောင်း မီးအိမ် ဖြစ်သည်။ ထိုမှန်ပြောင်း
မီးအိမ်အတွင်းသို့ ထည့်လိုက်သော ပစ္စည်းတို့သည် အချင်းချင်း ရောယှက်ကာ
အရွယ်အမျိုးမျိုး၊ သဏ္ဌာန်အမျိုးအမျိုး၊ အရောင်အမျိုးမျိုး ပြောင်းလဲ၍ ဖြစ်ပေါ်
လှည့်စားတတ်သည်။ ဤသဘာဝကို တင်စားပြီး စိတ်ကူးဥာဏ်လောကမှ သိမြင်
ခံစားမှုများ၊ အိပ်မက်လောကမှ သိမြင်ခံစားမှုများကို ဖန်တက်ဇမာဂေါရိယဟု
ခေါ်သည်။

မြန်မာတို့ သိပြီးသာ အဘိဓမ္မာနှင့် ရှင်းလျှင် ပိုလွယ်ပါသည်။
အဆင်းနှင့် အကြည်တိုက်လျှင် မြင်မှုဆတ်ဆတ် စက္ခုသမ္ဖဿ ဖြစ်သည်။ ယင်း
ဖဿ ကို မနောသဉ္စေတနာက မနောဝိညာဏ်ကြီးဆီ ပို့ပေးသည်။
မနောဝိညာဏ်ကြီးဆီ ရောက်ပါမှ ပုထုဇဉ်၏ သိမှုကြီး ပြီးပြည်စုံသည်။ ပုထုဇဉ်
၏ သိမှုကြီးဆိုသည်မှာ “ပညတ်နှင့် တကွ တင်” ၍သိခြင်း ဖြစ်သည်။ ပညတ်နှင့်
တကွ တင်၍ သိခြင်း ဆိုသည်မှာ ….. နာမပညတ်၊ သဏ္ဌာန ပညတ်ပေါ်၍
ဣဋ္ဌ၊ အနိဋ္ဌရိပ်တို့ မျက်တောင်ခတ်ကာ သောမနဿ ဝေဒနာ၊ ဒေါမနဿ
ဝေဒနာတို့နှင့်ယှဉ်လျက် သိခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ….
“မာယူပမာနဉ္စ ၀ိညာယံ” …..

မနောဝိညာဏ်ကြီးသည့် မျက်လှည့်ဆရာကြီးနှင့်တူ၏ဟု မြတ်စွာဘုရား
ဟောတော်မူသည်။ အရိယာ အရှင်မြတ်များကို သာမနောဝိညာဏ်ကြီး
မျက်လှည့်ပြ၍ မရတော့၊ အရိယာ အရှင်မြတ်များကား ဒိဌေ ဒိဋ္ဌ မတ္တံ
ခေါ် မြင်မှုဆတ်ဆတ် ပရမတ်ကိုသာ ဆွဲကိုင်လေသည်။

ကဗျာဆရာသည် ပုထုဇဉ်သာ ဖြစ်လေသည်။ သူ မြင်လျှင် ကြားလျှင် နာမပညတ်၊
သဏ္ဌာန ပညတ်တို့အဖြစ်နှင့်သာ မြင်သည်။ ကြားသည်။ ဣဋ္ဌရိပ်၊ အနိဋ္ဌရိပ်တို့ကို
သူ လက်ခံသည်။ သူ့ မြင်မှု ကြားမှုတို့၌ သောမနဿ ဝေဒနာ၊ ဒေါမနဿ ဝေဒနာ
အမြဲကပ်လျက် ပါနေသည်။ အဲ …. အဲတာတွေ အားလုံးကို သူက ပြန်ဖောက်သည်
ချ ပြောပြချင်သေးသည်။

“အာရုံမျက်မြင်၊ ဖူးမြော်ချင်၍၊
သည်တွင် ရွှေမြို့၊ သည်သို့ စေတီ၊
သည်ဆီ ရွှေနန်း၊ ဖြောင့်တန်းတော့မည်
စိတ်ကရည်သည် …. ”
လက်ဝဲသုန္ဒရ အမတ်ကြီးက သူ့ စိတ်ကူးမှ ပုံရိပ်တို့ကို ဤသို့ ဖော်ခဲ့၏။

“မနောဓါတ်ကပွေဗျာ၊ သောမနဿ ဝေဒနာ ပြင်းလိုက်ပါဘိ၊ တင်းဆည်မရ
ဖြေကာ၊ ယင်းအကြည် ယဒယာ တမေက သာကဲ၊ ချွေပဌာနာလို့ သာခဲ့ရပါတော့၊
စွဲတဲ့ မေတ္တာ …… ”
ဦးပြုံးချိုကလည်း သူ့ ဖန်တက်ဇမာဂေါရိယ ကို ဤသို့ သရုပ်ခွဲပြခဲ့၏။

သူရို့ အနောက်တိုင်းသားတွေက ဤမျှ အဘိဓမ္မာ မသိ။ သည်တော့ … ဖန်တက်ဇမာ
ဂေါရိယ … သည်လောက်သာ။
ထားပါတော့။
သူ့ ဖန်တက်ဇမာဂေါရိယတွင်းမှ အာရုံတံဆိပ် အရိပ်တွေကို ကဗျာဆရာက အမိဖမ်း
ပြီး မလွတ်အောင် တုပ်နှောင်ထားသည်တို့ကို ပုံပန်းမပျက်စေဘဲ မူရင်းအတိုင်း သူ့
ပရိသတ်ဆီ တပ်ဆင့် ပို့ဆောင်ပေးချင်သေးသည်။

နာမ ပညတ်လေးတွေလည်း သည်အတိုင်း၊ သဏ္ဌာန ပညတ်လေးတွေလည်း သည်
အတိုင်း၊ ဣဋ္ဌ-အနိဋ္ဌ အရိပ်လေးတွေကလည်း သည်အတိုင်း၊ သောမနဿ-ဒေါမနဿ
ဝေဒနာလေးတွေကလည်း သည်အတိုင်း။ မူရင်းအတိုင်း။

ကဗျာဆရာ ရင်ဆိုင်ရသော ပြဿနာ၊ သာမန်လူနှင့် ခြားနားသော ကဗျာဆရာ၏
သွေးငင်ကြမ္မာ၊ ၀ါသနာ ကိစ္စ။
သူ့ ကိစ္စ ပြီးမြောက်ရန် ကဗျာဆရာသည် သူပိုင် ကြားခံပစ္စည်းကို သုံးရသည်။
သူပိုင် ကြားခံ ပစ္စည်းက အခြားမဟုတ် …..
စကားလုံးများသာ။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

Jul 5, 2009

ကန့်ကွက်မည့်သူ ရှိရင် ဖော်ပြလော (၃)

ယခင် အပိုင်း(၂)မှ အဆက် ….

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ
ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

နောက်ထပ် ဥပမာတစ်ခုကို ကြည့်ကြဦးမည်။
ပြဇာတ်ရေးဆရာ တစ်ဦးက ပြဇာတ် ရေးလေသည်။
ပြဇာတ်ရေးဆရာ သုံးခွင့်ရှိသော အချိန်၏အကြာမှာ သုံးနာရီသာ ဖြစ်သည်။
သို့ရာတွင် သူ့ဇာတ်လမ်းက ရက်တွေ၊ လတွေသာမက နှစ်တွေကို ဖြတ်သန်း
ဖြစ်ပျက်ရမည်။

ပြဇာတ်ဆရာ၌လည်း သုံးသော ပစ္စည်း၌ ကန့်သတ်ဘောင် ရှိနေလေသည်။
ဤကန့်သတ်ဘောင်အတွင်းမှ ပြဇာတ်ဆရာသည် အစ်အမှန်အချိန် (real time)
ပမာ ခံစားရမည့် ဇာတ်ခုံအချိန် (stage time) ကို ဖန်တီး လုပ်ဆောင်ပြရမည်။

ပြင်ပလောက၌ နာရီသည် လတွေနှင့် အရှည်အလျား တထပ်တည်းမကျကြောင်း
ကျွန်တော်တို့သိသည်။ သို့ရာတွင် ပြဇာတ်ကြည့်နေတုန်းတွင် ကျွန်တော်တို့
နာရီကို လအဖြစ် လက်ခံသည်။ နှစ်အဖြစ် လက်ခံသည်။

ကျွန်တော်တို့ ငယ်ငယ်က “ချစ်ရေစင်” ဇာတ်ကား ကြည့်ရသည်။ “မောင်တင်မောင်”
နှင့် “မေရှင်” တွေ့ကြ၊ ချစ်ကြပြီး ကွဲသွားကြသည်။ ကြည့်ချိန် နာရီပိုင်းအတွင်း
ပြတင်း၌ မေရှင် ပေါ်လာသည်။
“သြော် …. ပိတောက်တွေ ပွင့်ပြန်ပေါ့လား”
သည်လို ညည်းပြီး မေရှင်က သမိုင်း၌ ထာဝရ အသက်ရှင်နေသော ချစ်ရေစင် သီချင်း
ကို ဆိုသည်။
တစ်နှစ် … ။ တစ်နှစ် ကြာခဲ့ ပါပကောလား …။ မေရှင်နှင့် အတူ ကျွန်တော်တို့
လိုက်မျက်ရည်ဝဲသည်။

နာရီသည် နှစ် မဟုတ်။ သို့ရာတွင် ဇာတ်၌ နာရီကို နှစ်အဖြစ် ကျွန်တော်တို့ ကြည်
ကြည်ဖြူဖြူ လက်ခံသည်။ အတိုင်းအတာနှစ်ဖက်သာ ရှိသော ပန်းချီကားပြား၌
အတိုင်းအတာ သုံးဖက်ရှိသည်ဟု ကျွန်တော်တို့ ကြည်ကြည်ဖြူဖြူ လက်ခံသည်။

မရှိ … မဟုတ်သော အရာကို အရှိ … အဟုတ်ဟု မြင်ခြင်း ထင်ခြင်းကို အီလူးရှင်း
(illusion) ဟု ခေါ်သည်။ ထင်မြင် ယောင်မှားမှုဟု ကဗျာဆန်ဆန် ဘာသာပြန်ကြ
မည်။ အနုပညာနယ်မှ အဓိက ကျသော ထုံးတို့တွင် လူလက်ခံခြင်း သက်သက်သာ
မက။ ထင်မြင် ယောင်မှားမှုကို လက်ခံခြင်း (acceptance of illusion) ပါဝင်
နေသည်။

ဤသည်ကား အနုပညာထုံးတစ်ခု၏ ဒုတိယမြောက် အခြေခံမှု ဖြစ်လေသည်။
အနုပညာ ဆိုသည်မှာ ပို့ဆောင်ဆက်သွယ်ခြင်း (Communication) ကိစ္စ ရှိသည်။
စိတ်ကူးများ၊ အမြင်များ၊ ခံစားမှုများ၊ အကျိုးဝေဒနာများ (impressions) ကို ပို့ဆောင်
ဆယ်သွယ်ရေး ကြားခံပစ္စည်း (medium) ရှိသည်။ တိုအောင် ကြားခံပစ္စည်းဟု
ခေါ်ကြမည်။ ကြားခံပစ္စည်းနှင့် ယင်းက ပို့ဆောင်ဆက်သွယ်ပေးသော(၀ါ) ယင်းက
သယ်ပိုးသော အရာတို့သည် တပ်ထူမညီ အခြား ဖြစ်သည်။

ဇာတ်ခုံအချိန်သည် အစစ်အမှန် အချိန်မဟုတ်။ ကားချပ်တစ်ခု၌ တတိယ အတိုင်း
အတာ မရှိ။ စကားလုံးများသည် အရာဝတ္ထုတွေ၊ အဖြစ်အပျက်တွေ မဟုတ်။ ဤ
နမူနာတိုင်း၌ ကြားခံပစ္စည်း အသီးသီးနှင့် အပို့ဆောင်ခံ အရာတို့ကြား ခြားနား
သော ကြောင်းကျိုးဆက်သွယ်မှုများ ရှိသည်။ သို့ရာတွင် နမူနာအားလုံး၌ တူညီ
သော အခြေခံ အချက်တစ်ခု ရှိသည်။

ထိုအချက်ကား …..
“အရာတစ်ခုကို ယင်းမှတစ်ပါး ခြားနားသော အရာအဖြစ် လက်ခံခြင်း” ဖြစ်သတည်း။
ဤတွင် အနုပညာနယ်မှ လူလုပ်ထားသော ထုံးတို့ကို ကျယ်ကျယ်ပြန့်ပြန့် အနက်
အဓိပ္ပါယ် ဖွင့်ဆို၍ ရလေပြီ။
“Convention, therefore, so far as art is concerned, represents concurrence
in certain accepted methods of communication”
“ထို့ကြောင့် အနုပညာနယ်နှင့် ဆိုင်သမျှ ထုံးဆိုသည်မှာ လက်ခံထားပြီးဖြစ်သော
ပို့ဆောင်ဆယ်သွယ်ရေးနည်းတို့ကို လူအများ နှစ်ခြိုက်သဘောတူကြခြင်းကို
ဆိုလိုသည်”

အနုပညာတိုင်း၌ အခြေခံထုံးတို့သည် ထိုအနုပညာ၏ ကြားခံပစ္စည်း၏ သဘော
သဘာဝမှ ပေါက်ဖွား ကြီးထွားလာခဲ့သည်။ တဖန် ထုံးတို့သည် ထုံးအသစ်တို့ကို
လည်း မွေးဖွားပေးတတ်လေသည်။ ထုံးအမြစ်မ တစ်ခုမှ ထုံးမြစ်သေး မြစ်မွှားများ
ပွားလာပုံကို လိုက်လျှင် မဆုံး။

ရှိစေတော့။
ယခု ကျွန်တော်တို့က ကဗျာအကြောင်း ပြောနေကြသည်။ သည်တော့ ကဗျာမှ
ထုံးတို့၏ အခြေအမြစ်ကား အဘယ်နည်း။ ဤမေးခွန်းကို ဖြေရန် နောက်ထပ်
မေးခွန်းတစ်ခုကို မေးရမည်။

ကဗျာဆရာသည် ကဗျာဆရာတစ်ဦးအနေနှင့် ဘာပြဿနာတွေကို ဖြေရှင်းရန်
ရင်ဆိုင် တွေ့ရပါသနည်း။

ကဗျာဆရာတစ်ဦး ရင်ဆိုင်တွေ့ကြုံနေရသော ပြဿနာများကို စာရေးဆရာကြီး
ဝီလျံ ဂျိမ်းစ်” (William James) က နာမည်တပ်ပေးခဲ့ဖူး၏။
(The blooming welter)
တိုက်ရိုက်ဘာသာပြန် ဆိုရလျှင် …..
“ဖူးငုံပွင့်လန်း ဖြစ်ထွန်း လာနေသော ရောပြွမ်းရှုပ်ထွေးခြင်းများ” ဟု အဓိပ္ပါယ်ရသည်။

တောတခွင်၌ ဟိုအဖူးက ဖူးလိုက်၊ သည်အပွင့်က ပွင့်လိုက်၊ ဟိုအညွန့်က ထွက်
လိုက်၊ သည်အခက်က ဖြာလိုက်နှင့် စဉ်ဆက်မပြတ် ဖြစ်ထွန်းသည့် သဘော။
သို့မဟုတ် …..

ပင်လယ်ပြင်၌ ဟိုလှိုင်းက မြင့်လိုက်၊ သည်လှိုင်းက နိမ့်လိုက်၊ လူးသည့်လှိုင်းက
လူး၊ ပြေးသည့်လှိုင်းက ပြေး၊ ကွဲသည့်လှိုင်းက ကွဲ၊ ရေမြှပ်လေးတွေက တပွက်ပွက်
တစီတစီ၊ ရေ၀ဲကလေးတွေက တခွေခွေ တလည်လည်နှင့် စဉ်ဆက်မပြတ် ဖြစ်ထွန်း
နေသည့် သဘော။ တစ်နည်းဆိုရလျှင် အာရုံအဖြစ် စဉ်ဆက်မပြတ်ထင်၊ ထင်လာ
သည့် သဘောတွေ။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

Jul 4, 2009

ထင်းရှူးပင်ရိပ် (၂)

ရေးသူ- မောင်သာနိုး

ယခင် အပိုင်း(၁) မှ အဆက် …..

အနောက်တိုင်းကဗျာ
(၁)
“စိန်ခြူးကြာညောင်” နဲ့ “ကွန်မြူနစ် ကြေညာစာတန်း”

ဟိုးလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က စာရေးသူဟာ နိုင်ငံခြားသား သတင်းစာရာ
တစ်ဦးနဲ့အတူ ဗမာပန်းချီဆရာ တစ်ဦးအိမ် အလည်ရောက်သွားပါတယ်။ အတော်
အသင့် ထင်ရှားတဲ့ ပန်းချီဆရာတစ်ဦးပါ။ ပန်းချီအကြောင်း စကားပြောကြယင်းက
နိုင်ငံခြားမိတ်ဆွေက “ခင်ဗျားတို့ဆီမှာ ခုဘယ်လို ထရင်းတွေ လိုက်နေကြပါသလဲ”
လို့ မေးလိုက်ပါတယ်။ ကျွန်တော့် မိတ်ဆွေပန်းချီဆရာခမျာ သူ့မေးခွန်းကို နားမလည်
နိုင်အောင် ဖြစ်သွားရပြီး ကြောင်နေတော့တယ်။ ကျွန်တော်ကပဲ ၀င်ပြီး “သြော်
ကျွန်တော်တို့ဆီမှာ ထရင်းတွေ ဘာတွေသိပ်မရှိသေးပါဘူး ခင်ဗျာ၊ အစဉ်အလာ
လမ်းကြောင်းအတိုင်း ဒီလိုပဲရေးဆွဲနေကြပါတယ်” လို့ ပြောလိုက်ရပါတယ်။ အဲဒီ
အချိန်အပိုင်းဆီက ခေတ်ပြိုင် အနုပညာထရင်းတွေကို ခေတ်မီမီ လေ့လာသိမြင်နေ
တဲ့ ပန်းချီကျော်တွေလဲ မြန်မာပြည်မှာ ရှိကောင်းရှိနေပါလိမ့်မယ်။ ဒါပေမဲ့ တော်
တော် များများကဖြင့် ကျွန်တော်မိတ်ဆွေလို ကိုယ်သင်လာခဲ့ဖူးတဲ့ ရေးနည်း
ဆွဲနည်းကလေးနဲ့ပဲ လူပုံဆွဲလိုက် ရှုမျှော်ခင်းပုံဆွဲလိုက်၊ ရေဆေးဆွဲလိုက်၊ ဆီဆေး
ဆွဲလိုက် ဒါလောက်နဲ့ ပြီးနေကြသူတွေပါပဲ။ “မော်ဒန်အတ်”တို့ “ဆာရီယဲလစ်ဇင်း”
တို့ “အင်ပရက်ရှင်နစ်ဇင်း” တို့ဆိုတဲ့ အသံတွေ ပန်းချီလောကက ကြားရတာ
မကြာသေးပါဘူး။

ဒါပေမယ့် ဒီနေရာမှာ မြန်မာပန်းချီလောကဟာ မြန်မာစာပေလောကထက်
ကံကောင်းလှပါတယ်။ ခုနေခါမှာ ခေတ်ပေါ် မြန်မာပန်းချီကားတွေ ပေါ်နေပြီ၊
ပေါ်တာမှ တော်တော်အဆင့်အတန်းမီမီ ပေါ်နေပြီဖြစ်ပေမဲ့ “မော်ဒန်” မြန်မာ
ကဗျာရယ်လို့ မူးလို့မှ ရှုစရာ မရှိသေးပါဘူး။ ဟုတ်ကဲ့၊ ကျွန်တော်တို့ အောင်ချိမ့်
ဟာ လက်ဝဲသုဒ္နရလို ရတုပိုဒ်စုံ မရေးတော့ပါဘူး၊ ကျွန်တော်တို့ အိုအောင်ဟာလဲ
ရှင်မဟာ ရဋ္ဌသာရလို ဇာတ်ကြီးဆယ်ဖွဲ့ထဲက ကောင်းနိုးရာရာရှာပြီး ပျို့တစ်ပုဒ်
ခမ်းခမ်းနားနားဖြစ်အောင် အားထုတ်တာမျိုး မလုပ်တော့ပါဘူး။ ဒါပေမယ့် အကြောင်း
အရာတွေ ပိုပြီးကျယ်ပြန့်လာတာ၊ မျိုးစုံလာတာ၊ စာဟန်တွေ သစ်လာတာ(သစ်လာ
တာကော ဟုတ်မှဟုတ်ရဲ့လား)က လွဲရင် စာပေမှာ စိမ့်ဝင်နေတဲ့ “ခံစားနိုင်စွမ်း”
ဆိုတာကတော့ ပိန်မသာ လိန်မသာပါပဲ။ (ပူးတွဲ ပေးထားတဲ့ ဇယားကို ကြည့်ပါ။)

ကနေ့အချိန်မှာ ကျနော်တို့ဟာ အဘက်ဘက်က ခေတ်နဲ့ရင်ပေါင်တန်းနိုင်အောင်
အားထုတ်နေကြပြီ။ ခေတ်ကို အတော်အသင့်လိုက်မီလာတာလဲ ရှိရဲ့။ ဒါပေမယ့်
နောက်ကျနေတာက များနေသေးတယ်။ အဲဒီများတဲ့ထဲမှာ စာပေက ထိပ်ကပြေး
နေတယ်။ ဒီတော့ ကျနော်တို့ ဘာလုပ်ကြမလဲ။ ကျနော်တို့ ကြိုးစားကြရမယ်၊
လေ့လာကြရမယ်။ သူများတွေ ဘယ်အဆင့်ရောက်နေတယ်ဆိုတာကို သိမြင်
ကြရပေလိမ့်မယ်။ သိမြင်လာတာနဲ့အမျှ ပိုပြီး အစွမ်းထက်လာအောင်၊ အားကောင်း
လာအောင် လုပ်ကြရမှာလဲ။ “ပြည်သူအတွက်စာပေ” လို ကျွေးကြော်နေချိန်မှာ
ကျွန်တော်တို့ ကဗျာတွေဟာ ပြည်သူကိုအကျိုးပြုနေရဲ့လား။ အကျိုးပြုနေရင်
လည်း ဘယ်လောက် အဆင့်အထိ ထက်ထက်မြက်မြက်ပြုနေတာလဲ။ ဒီထက်
ထက်မြက်လာအောင်ကော မလုပ်နိုင်တော့ဘူးလား။ ဘယ်လို လုပ်ကြမလဲ။
ဒါကို ကျွန်တော်တို့ ဆန်းစစ်ကြရပါလိမ့်မယ်။

ရာဇ၀င်စာအုပ်ကို ခဏ ကောက်ကိုင်ပြီး ကျွန်တော်တို့တိုင်းပြည် အဘက်ဘက်
က ခေတ်နောက်ကျခဲ့ရခြင်း အကြောင်းကို ဆန်းစစ်ကြည့်ရင် အဓိက အကြောင်း
ရင်းက “အထီးကျန်ခြင်း” ၀ါ “အဆက်ပြတ်ခြင်း” ဆိုတာ တွေ့ရပါလိမ့်မယ်။
သူများတကာတွေ ကျောက်တိုင် ကျောက်လုံးကြီးတွေနဲ့ နန်းတော်ကြီးတွေ၊
ဘုရားကျောင်းကြီးတွေ တည်ဆောက်နေကြချိန်မျာ ကျွန်တော်တို့က သစ်ကလေး
ဝါးကလေးနဲ့ “သစ်ခက်တဲနန်း” အပြိုင်ဆောက်ကြတုန်းပဲ။ သူများတကာတွေ
ရေနွေးငွေ့ကို ကကြိုးတန်ဆာဆင်ပြီး စက်ကြီးတွေ၊ ယာဉ်ကြီးတွေ မောင်းနှင်း
လာနေချိန်မှာလည်း ကျွန်တော်တို့က “ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်”
တုန်းပဲ။ သူများတကာတွေက “ပစ္စည်းမဲ့ လူတန်းစားမှာ ဘာမှဆုံးရှုံးစရာ မရှိဘူး၊
နှောင်ကြိုးပဲ ဆုံးရှုံးစရာရှိတယ်” လို့ ကမ္ဘာတုန်အောင် ဟစ်ကျွေးလိုက်တဲ့ အချိန်
မှာလဲ ကျွန်တော်တို့ကတော့ “စိန်ခြူးရယ်တဲ့ ကြာညောင် ကြာညောင်” ကောင်း
တုန်းပဲ။ ကျွန်တော်တို့ ဖိုးဖွားတွေရဲ့ ဒီ “အဆက်ပြတ်မှု” အစဉ်အလာဆိုးကို
ကျွန်တော်တို့ဟာ ကနေ့အထိ အမွေခံချင်ကြတုန်းပဲ ဖြစ်နေတယ်။ ကျွန်တော်
တို့ အဖိုးအဖွားတွေထက် အများကြီး အခွင့်အလမ်းသာလာပြီဖြစ်တဲ့ ကျွန်တော်
တို့တတွေဟာ ဒီ “ဗမာဥာဉ်” ကြီးကို အစတုံးပစ်ဖို့ ကောင်းလှပြီ။

ဒီလို တင်ပြလိုက်တဲ့အတွက် ကျွန်တော်တို့ ဆိုလိုတာကို အဓိပ္ပါယ်အကောက်
မမှားလိုက်ဖို့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့က သူများလုပ်တဲ့ အတိုင်း
လိုက်လုပ်ရမယ်၊ အတုခိုးရမယ်လို့ ဂျောက်တွန်းနေတာ မဟုတ်ဘူး။ သူများ
ရောက်နေတဲ့ အဆင့်ကို သိရမယ်၊ သူများ သုံးနေတဲ့ နည်းနာတွေကို သိရမယ်၊
သူ့နည်းထဲက ကိုယ်လက်ခံနိုင်တာကို ယူသုံး၊ ကိုယ့်ဟာကိုယ် တီထွင်သင့်တာ
ကို တီထွင်၊ ဒီလိုလုပ်ခြင်းဖြင့် သူ့ထက်မကျော်ရင်သာရှိစေ၊ နောက်တော့ မကျ
စေရဘူး၊ ရင်ပေါင်တန်း ရှိနေစေရမယ်လို့ ကျွန်တော်တို့က ဆိုချင်တယ်။ ဒီ
ဆိုလိုချက်အတိုင်းပဲ ဒီစာအုပ်ကို ကျွန်တော်ပြုစုပါတယ်။ ဒီ စာအုပ်ထဲမှာ
ကျွန်တော် ရွေးချယ်တင်ပြထားတဲ့ ကဗျာဆရာ အားလုံးကို ကျွန်တော် သဘော
ကျတာ မဟုတ်ပါဘူး။ သူ့မှာ ထူးချွန်တာရှိခဲ့ရင်၊ သူ့နည်းကို သိသင့်တယ်လို
ယူဆယင် စာရင်းထဲမှာ ထည့်လိုက်တာပါပဲ။ ဒီစာအုပ်ဟာ ကနေ့ခေတ်ရဲ့
သြဇာတိက္ကမ ကြီးမားတဲ့ ကမ္ဘာ့အစိတ်အပိုင်းဖြစ်တဲ့ အနောက်တိုင်းက ကဗျာ
ဆရာတွေရဲ့ ကဗျာ့လမ်းကြောင်းတွေ၊ သူတို့သုံးနေတဲ့နည်း (တက်ခနိက)တွေ၊
အယူအဆတွေကို အထိုက်အလျောက် စုံစုံစေ့စေ့ မိတ်ဆက်ပေးနိုင်အောင်
“နိပါတ်ခင်း” ပြနိုင်အောင် အားထုတ်ထားပါတယ်။

(ဆက်ရန် ….။)

(မှတ်ချက်။ ။ အမျိုးသားစာပေ အကျိုးစီးပွားအတွက် သိမ်းဆည်းထားသော
ဆရာမောင်သာနိုး၏ ထင်းရှူးပင်ရိပ် စာအုပ်ကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာမောင်သာနိုးနှင့် ဆရာ့မိသားစုဝင်များအား
ရိုသေစွာ တောင်းပန်အပ်ပါသည်။ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

Jul 3, 2009

ထင်းရှူးပင်ရိပ် (၁)

ရေးသူ- မောင်သာနိုး

(မှတ်ချက်။ ။ အမျိုးသားစာပေ အကျိုးစီးပွားအတွက် သိမ်းဆည်းထားသော
ဆရာမောင်သာနိုး၏ ထင်းရှူးပင်ရိပ် စာအုပ်ကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာမောင်သာနိုးနှင့် ဆရာ့မိသားစုဝင်များအား
ရိုသေစွာ တောင်းပန်အပ်ပါသည်။ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

tharnoe1.jpg

tharnoe2.jpg


tharnoe3.jpg

tharnoe4.jpg

tharnoe5.jpg

Jul 2, 2009

ကန့်ကွက်မည့်သူ ရှိရင် ဖော်ပြလော (၂)

ယခင် အပိုင်း(၁)မှ အဆက် ….

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ
ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

(၃)
နိမိတ်ပုံတွေသာမက ဂျွန်ကိ(တ်)စ်၏ စကားကလည်း ပေါ်လာသည်။

ကျွန်တော်တို့က ကဗျာဖတ်သည်။ ကဗျာစပ်သည်။ မကြာခဏ ကဗျာဆိုသည်။
ဘာနည်းဟု ဆွေးနွေးကြသည်။ အင်း … ငြင်းခုံသည့် အခါလည်း ငြင်းခုံကြသည်။
အမှန်က ကဗျာအကြောင်း ကျွန်တော်တို့ ဘယ်လောက် သိကြသနည်း။

ဂျွန်ကိ(တ်)(စ်)ကတော့ ရိုသားစွာ ၀န်ခံသည်။
ကဗျာပညာဆိုသည်က ဧရာမ ကျောက်တောင် နံရံကြီးပါ။ သူနှင့်ယှဉ်တော့ လူဆိုသည်က
သေးသေးလေး။ နိမ့်နိမ့်လေး။ မော့ကြည့်လိုက်တိုင်း ကျောက်တောင်နံရံကြီးက စီးစီးမိုးမိုး
ကြီး။ မြင့်မြင့်မားမားကြီး။ ရှိသမျှ သတ္တိလေးတွေကုန်ပြီး ဇက်ပုသွားချင်သည်။ အေးအေး
ဆေးဆေး ရိုးရိုးသားသား ရွက်စားမုန်လာပွင့် လိုက်ခူးနေရသည်က အကောင်းသား။
သို့ရာတွင် ကျောက်တောင်နံရံကြီးကို မော့မော့မကြည်ဘဲလည်း မနေနိုင်။

ကျောက်တောင်နံရံကြီးက ….
ကျွန်တော်တို့ စကားတစ်ခွန်းကို ဘာသာပြန်ကြည့်ရအောင်။
ရောမအလင်္ကာဆရာကြီး ဆီးဆီလိယက်စ် (Caecilius) က စပြောသည်။ ထို့နောက်
ရောမတွင်နေသော ခေါမပညာရှင် လွန်ဂျီနက်စ် (Longinus) က အဓိပ္ပါယ်အကျယ်
ဆက်ဖွင့်သည်။ …. ဟူးပဆက်စ် (Hupsous) … ။

ခေါမ စကားလုံးနောက်တွင် အင်္ဂလိပ်စကား ဆက်ဘလင်းမ်ဟု ဘာသာပြန်သည်။
ဂျာမန် ဒဿနပညာရှင်ကြီး ကန်းတ် (Kant) က သဘာဝ တရားကြီး၌ ရှိသော
ဆက်ဘလင်းမ် ဂုဏ်သတ္တိအကြောင်း အောက်ပါအတိုင်း ဖွင့်ဆိုသည်။

ရဲဝံ့သည်။ စီးမိုးထားသည်။ ထို့ကြောင့် ခြိမ်းခြောက်သည်။ ခြိမ်းခြောက်ပြနေသော
ကျောက်တောင်ထွတ်ကြီးများ၊ လျှပ်ပန်းတွေဖြာ၊ မိုးကြိုးပစ်သံတွေနှင့်အတူ ရွေ့လျား
ခြင်းက ကောင်းကင်တွင် တလိပ်လိပ် ဆင်တက်လာနေသော တိမ်တိုက်ကြီးများ၊
အကြမ်းပတမ်း နိုင်လှသော ဖျက်ဆီးမှုစွမ်းအင်ကို ပြနေသော မီးတောင်ကြီးများ၊
သူ့နောက်တွင် ပျက်စီးမှုတွေ တပုံကြီးထားခဲ့သော မုန်တိုင်းကြီးများ၊ ဒေါသူပုန်ထနေ
သည့် ဆုံးစ မမြင်သော သမုဒ္ဒရာကြီးများ၊ အားကြီးသော မြစ်ကြီးမှ မာန်ဟုန်ပြင်းသော
ရေတံခွန်ကြီးများ စသည် စသည်။ ဤဥပမာများက သူတို့၏ တန်ခိုးအင်အားနှင့်
ယှဉ်လိုက်လျှင် လူ့စိတ်၏ ခုခံနိုင်စွမ်းကို သေးသေးမှုန့်မှုန့် ဖြစ်သွားစေသည်။
သို့ရာတွင် ဘေးကင်းစိတ်ချရာမှ ကြည့်နေရလျှင် သူတို့ကို မြင်ရသည်မှာ ကြောက်
စရာကောင်းလေ သူတို့က ဆွဲဆောင်ညှို့ငင်လေ ဖြစ်သည်။ ဤဥပမာအခြင်းအရာ
တို့ကို မရောက်ဖူးသော အမြင့်ဆီ ရောက်အောင် မြှင့်တင်ပေးသည်။

ကျွန်ုပ်တို့၏ စိတ်သန္တာန်တွင်းမှ တမျိုးတမည်ဖြစ်သော ခုခံနိုင်စွမ်းကိုလည်း
မျက်မှောက်ပြု တွေ့သိစေသည်။ ဤအသစ် တွေ့သိသော စိတ်၏ ခုခံနိုင်စွမ်းက
သဘာဝတရားကြီး၌ ထင်ရှားရှိနေသော အလုံးစုံလွှမ်းခြုံသည့် တန်ခိုးစွမ်းနှင့်
ပခုံချင်း ယှဉ်ဝံ့အောင် ကျွန်ုပ်တို့အား သတ္တိသွေး ပေးလေ၏။

ဤဖွင့်ဆိုချက်အတိုင်းဆိုသော် ဆက်ဘလင်းမ် ဆိုသည်မှာ လူ့စိတ်ကို အမြင့်
ရောက်အောင် မြှင့်ပေးသော အမြင့်မြှင့်ဂုဏ် ဖြစ်လေသည်။
ဟူးပဖက်စ်၊ ဆက်ဘလင်းမ် ဟူသော စကားတို့၏ အဓိပ္ပါယ်မှာ အမြင့်မြှင့်ဂုဏ်ဟု
ဘာသာပြန်နိုင်သည်ဟု ထင်သည်။ ကျွန်တော်တို့ လင်္ကာကျမ်းများ၌ ဆိုသော
ကိုးပါးသော နာဋယရသ မှ အဗ္ဘူတ သဘောနှင့် ဆင်သည်။ ၀ီရရသ၊ ဘယာနကရသ
သဘောတွေနှင့်လည်း မကင်း။

ကန်း(တ်)က သဘောတရားကြီး၌ ရှိနေသော အမြင့်မြှင့်ဂုဏ်သာမက ကဗျာ၌ရှိသော
အမြင့်မြှင့်ဂုဏ်ကိုပါ ပြောသည်။ ဆီးဆိလိယက်စ်တို့၊ လွန်ဂျီနက်စ်တို့ကလည်း
ကဗျာမှ အမြင့်မြှင့်ဂုဏ်ကို ပြောသည်။

ကဗျာပညာကို ကျောက်တောင်နံရံကြီးနှင့် နှိုင်း၍ ညည်းဆိုစဉ်အခါက ဂျွန်ကိ(တ်)(စ်)
၏ စိတ်တွင် ကန်း(တ်)၏ အမြင့်မြှင့်ဂုဏ် ဖွင့်ဆိုချက်အရိပ်ကြီး မိုးနေသည်ဟု ကျွန်တော်
ထင်သည်။ အင်း …. ယခုလည်း ကျွန်တော့် စိတ်တွင် ထိုအရိပ်ကြီး မိုးနေသည်။

ကြီးကျယ်မြင့်မြတ်လှသော ကဗျာအကြောင်း ငါပြောပြနိုင်ပါ့မလား။ ငါက ဘာကောင်
မို့နည်း။ ငါလည်း ကိ(တ်)(စ်)လိုပင် ကျောက်တောင်ကြီးအောက်မှာ … မြင်းခွာရွက်
နုတ်နေသူ။

ခက်သည်က ကန်း(တ်) ပြောခဲ့သလိုပင် သည်ကျောက်တောင်ကြီးက တခါမြင်
မိလျှင် အခါခါ မော့မကြည့်ဘဲ မနေနိုင်။
သည်တော့ မော့ကြည့်မိသည်။ မြင်းခွာရွက်ထက် နည်းနည်းပါးပါး သာသည်တို့ကို
အသင့်အတင့် ပြောပြနိုင်မည် ထင်ပါသည်။

(၄)
ပြောစကားမှ အသံတွေ၊ ရေးစကားမှ အက္ခရာတွေသည် အစက ဘာမှ မဟုတ်။
အနတ္တတွေသာ ဖြစ်သည်။ မမှတ်မိနိုင်တော့သော ရှေးပဝေသဏီ တချိန်က
အများသဘောတူ သတ်မှတ်လက်ခံချက်ကြောင့် အဓိပ္ပါယ်တွေ ရှိလာရသည်။

ဤတွင် ထုံးတစ်ခု၏ အခြေခံမူ (element) ပေါ်လာသည်။
လူလက်ခံခြင်း (acceptance) ဖြစ်လေသည်။
အနုပညာမှ ထုံးတို့အတွက် အခြား အခြေခံမူ တစ်ခု ရှိသေးသည်။
ဥပမာ အဖြစ် ပန်းချီပညာကို ကြည့်ကြမည်။

ပန်းချီဆရာ တစ်ဦးသည် ရှုမျှော်ခင်း ပန်းချီတချပ်ကို ဆွဲမည် ပြင်သည်။
အပြင်လောကမှ တကယ့် ရှုမျှော်ခင်း၌ အတိုင်းအတာ (dimension) သုံးဖက်
ရှိသည်။ အလျား၊ အနံ၊ ထု။ သူ သုံးသည့် ကားချပ်မှာက အလျားနှင့် အနံ
ဟူသည့် အတိုင်းအတာ နှစ်ဖက်သာ ရှိသည်။ နှစ်ဖက် အတိုင်းအတာသာရှိသော
ပစ္စည်းပေါ်တွင် သုံးဖက် အတိုင်းအတာပေါ်အောင် သူ လုပ်ရလေမည်။

သူ သုံးသော ပစ္စည်း၏ ကန့်သတ်ဘောင် (limitation) အတွင်းမှ ပြားနေသော
အရာ၌ ထု- အနက်ပေါ်သည့် အသွင် ဖြစ်လာအောင် သင်္ကေတနိမိတ်ပုံများ
(Symbois) ကို သူ တီထွင် ဆောက်လုပ်ရမည်။ သူက တီထွင် ဆောက်လုပ်သည်။
လူတို့က လက်ခံသည်။ ဤသို့ဖြင့် ပန်းချီကား ပြားချပ်ချပ်ကြီး၌ မရှိသော
ထု- အနက်ကို အရှိအဖြစ် ကျွန်တော်တို့ မြင်ကြသည်။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

Jul 1, 2009

ကန့်ကွက်မည့်သူ ရှိရင် ဖော်ပြလော (၁)

လီရနာ၊ဂင်္ဂါ၊ဧရာဝတီ
ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

(၁)
“ကဗျာပညာ ကျောက်တောင် နံရံကြီးက ကျွန်တော့် အထက်မှာ မြင့်မြင့်မားမားကြီး
စီးမိုးထားသည်။ သူ့အောက်မှာ ကျွန်တော်တစ်ယောက်က ရွက်စားမုန်လာပွင့်
လိုက်ခူးနေသူသာ ဖြစ်သည်။ ကြောက်ရွံ့တုန်လှုပ်ဖွယ် ကောင်းလှသော
အလုပ်ပါတကား”
ဂျွန်ကိ(တ်)(စ်)

(၂)
ကဗျာအကြောင်း ပြောမည်ကြံသောအခါ နိမိတ်ပုံလေးတွေ ခေါင်းတွင်း ၀င်လာသည်။

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ ….. ။
လီရနာ ဆိုသည်မှာ ခေါမတိုင်း အားဂတ်စ် (Argos) နယ်မှ မြစ်ကလေးတစ်ခု၏
အမည် (Lerna) ဟု စာလုံးပေါင်းထားလေရာ၊ လားနာဟု အသံထွက်သည်လား၊
လီရနာဟု အသံထွက်သည်လား ကျွန်တော် သေချာပေါက် မသိ၊ ဖြစ်နိုင်ဖို့ များသည့်
လီရနာဟုပဲ ခေတ္တခေါ်ကြရအောင်။

ဟိုရှေးရှေးတုန်းက …. ။
ဟိုရှေးရှေးတုန်းက ဆိုသည်မှာ ဖြစ်ချင်တာဖြစ်နိုင်သော သမိုင်း ဟိုမှာဘက်အခါ
ကို ဆိုလိုပါသည်။ ထိုခေတ်အခါကို မစ်သီကယ်လ်အေးခ်ျ (Mythical Age) ဟု
ခေါ်ပါသည်။ ယုံစရာ ပုံပမာခေတ် … ဤသို့ ကဗျာဆန်ဆန် ခေါ်ကြမည်။

အဲသည့် ယုံစရာ ပုံပမာခေတ် ဟိုရှေးရှေးတုန်းက အားဂက်စ်ပြည့်ရှင်သမီး
မင်းသမီးလေး အေမီမနီး (Amymone) နှင့် ခေါမတန်ခိုးရှင် နတ်ဘုရား ပိုးဆိုက်ဒင်
(Poseidom) တို့ တောတွင်း တစ်နေရာမှာ ဆုံတွေ့ ချစ်ကြိုးခွေမိသည်။

အားဂက်စ် တစ်နယ်လုံး မိုးတွေခေါင်၊ မြစ်တွေခန်း၊ ရေတွေရှားနေသည်မို့ အေမီမနီး
သည် ခမည်းတော် အမိန့်နှင့် ရေရှာရန် ထွက်လာခဲ့ခြင်းဖြစ်လေသည်။
မိုးတွေခေါင်၊ မြစ်တွေခန်းအောင် ပိုးဆိုက်ဒင်ကပင် လုပ်ထားခြင်းဖြစ်သည်။
ယခုတော့ သံယောဇဉ်နှောင်ဖွဲ့မိသူလေး၏ ကိုယ်ရေးဒုက္ခ ဖြစ်နေပါပကော။

ကျောက်ဆောင်တစ်ခုထက် ထိုးစိုက်နေသော မိမိ၏ အသွားသုံးခွရှိသော လှံကြီးကို
ပိုးဆိုက်ဒင်က အေမီမနီးကို ဆွဲနုတ်စေသည်။ လှံသွားရာ သုံးပေါက်မှ ရေချိုတွေ
ပန်းထွက်လာပြီး လီရနာမြစ်ဖြစ်၍ စီးသွားသည်။

ထိုအချိန်မှစ၍ အေမီမနီး ရေထွက်ဦးက ဘယ်သောအခါမှ ရေထွက်မရပ်။ ဘယ်မြစ်
တွေ ရေခန်းခန်း လီရနာမြစ်က မခန်း။
ချစ်ခြင်းမေတ္တာ ရေထွက်ဦးနှင့် သည်ရေထွက်ဦးမှာ မြစ်ဖျားခံလေသည့်မြစ် ….။
ကဗျာဆန်သည်။

သြော် … ကျွန်တော်တို့နှင့် အတော်ရင်းနှီးသော ဂင်္ဂါမြစ်ကြီး မြစ်ဖျားခံလာပုံကလည်း
ဆန်းကြယ်သည်။ ဟိမ၀န္တာတောင်ကြီးကား အကျယ်ယူဇနာ သုံးထောင်၊ အမြင့်ယူဇနာ
ငါးရာ၊ တောင်ထွတ်ပေါင်း ရှစ်သောင်း လေးထောင် ရှိသည်။ ကေလာသ၊ကာလ၊ စိတြ၊
သုဒဿန၊ ဂန္ဓမာဒနတို့ကား ထူးခြားသော တောင်ထွတ်ကြီး ငါးခုဖြစ်၏။ ထိုတောင်
ထွတ်ကြီးငါးခုတို့၏ အကြား တောင်ထိတ်ဝယ် အန၀တတ်ရေအိုင် ရှိလေသည်။

ထိုရေအိုင်ကြီး၌ အရှေ့ဘက်တွင် ခြသေ့င်္ခံတွင်း၊ မြောက်ဘက်တွင် မြင်းခံတွင်း၊
အနောက်ဘက်တွင် ဆင်ခံတွင်း၊ တောင်ဘက်တွင် နွားခံတွင်းနှင့် တူကုန်သော
ပြွန်လေးခုရှိသည်။

ခြသေ့င်္ပြွန်မှထွက်သော ရေတို့သည် အရှေ့အရပ်သို့ မြစ်တွေဖြစ်လျက် စီးသွားသည်။
မြင်းပြွန်မှထွက်သော ရေတို့သည် မြောက်အရပ်သို့။ ဆင်ပြွန်မှထွက်သော ရေတို့သည်
အနောက်အရပ် ဥရောပဆီသို့၊ နွားပြွန်မှထွက်သော ရေတို့သည် တောင်အရပ်ဆီသို့
အသီးသီး မြစ်တွေဖြစ်လျက် စီးသွားကြကုန်၏။

နွားပြွန်မှထွက်သော ရေတို့သည် အန၀တတ်အိုင်ကြီးဆီ ဦးတည်လျက် လက်ယာရစ်ဝဲ
နှစ်ပတ် သုံးပတ် လှည့်သည်။ ထိုနေရာကို အာဝဋဂင်္ဂါဟု ခေါ်သည်။ ထိုမှ တောအရပ်
ကဏ္ဍမည်သော ကျောက်ဖျာပေါ်တွင် ယူဇနာခြောက်ဆယ်ခန့် စီးသွားသည်။ ထိုအရပ်
ကို ကဏ္ဍဂင်္ဂါဟု ခေါ်ကြသည်။ ထိုမှ တောင်ဘက် အနိမ့်ချောက်ထဲသို့ မြေမထိဘဲ
ကောင်းကင်ခရီးဖြင့် ယူဇနာခြောက်ဆယ်ခန့်သွား၍ တိရင်္ဂလကျောက်ဖျာပေါ်သို့
ကျသည်။ ကောင်းကင်ခရီးဖြင့် စီးသွားသော ရေစိုင်ရေလုံးကြီးကို အာကာသဂင်္ဂါဟု
ခေါ်ကြသည်။

ထိုမှ တိရင်္ဂလကျောက်ဖျာထက်တွင် ထူးအိုင်ကြီး ဖြစ်သွားရာ တိရင်္ဂလရေကန်ဟု
ခေါ်ကြသည်။ ထိုရေကန်မှ ကျောက်ကမ်းပါးကို ထိုးဖောက်လျက် တောင်ဘက်သို့
ယူဇနာ ခြောက်ဆယ်ခန့် စီးလာပြန်၏။ ထိုအရပ်ကို ဗဟလဂင်္ဂါဟု ခေါ်ကြသည်။
ထိုမှ တောင်အရပ်သို့ မြေထဲငုပ်လျှိုးလျက် ဥမင်ထွင်း၍ ယူဇနာခြောက်ဆယ်ခန့်
သွားပြန်သည်။ ထိုအရပ်ကို ဥမင်္ဂဂင်္ဂါဟု ခေါ်ကြသည်။ ဥမင်္ဂဂင်္ဂါမှအထွက်တွင်
ဝိဇ္ဇာမည်သော တောင်ကြီးသို့ တိုက်၍ ရေငါးစိုင် ကွဲသည်။ တစ်စိုင်ကား ဂင်္ဂါ၊
တစ်စိုင်ကား ယမုန်နာ၊ တစ်စိုင်ကား အစိရ၀တီ၊ တစ်စိုင်ကား မဟီ၊ တစ်စိုင်ကား
သရဘူဟု မြစ်ကြီးငါးသွယ် ဖြစ်သွားသည်။

ဂင်္ဂါမြစ်ကြီး၏ ဇာတ်လမ်းက ကြီးမားထည်ဝါ ခံ့ညားရွံ့လောက်သည်။ ကဗျာခံစား
မှုစကားနှင့် ပြောရလျှင် ဆက်ဘလင်းမ် (Sublime) ဖြစ်သည်။

ဧရာဝတီဇာတ်လမ်းကကော … ။
ရှေးရှေးတုန်းက ဧရာဝတီ နှစ်ခုရှိသည်။ တစ်ခုက ဘာရတဗာရှဟု ခေါ်သော
ဟိုရှေးရှေးတုန်းက အိန္ဒိယတိုက်ငယ်မှာ ရှိသည်။ (Iravati) ဟု စာလုံးပေါင်းပြီး
ခရမ်းပိမ့်ပင်(၀ါ) လိမ္မော်ပင်ပေါများရာ မြစ်ဟု အဓိပ္ပါယ်ရသည်။ သိန္ဒုမြစ်ကြီးကို
သူရဿတီမြစ်နှင့် ဆုံရာမှ အထက်သို့ ဆန်လိုက်သွားပါ။ တစ်နေရာတွင် သုံးမြွှာ
ကွဲနေပြန်၏။ အလယ်မြစ်အတိုင်း ဆက်၍ ဆန်တက်ပါ။ ထိုမြစ်သည်လည်း
သုံးမြွှာ ထပ်ကွဲသည်။ ယင်းသုံးမြွှာအနက် အရှေ့ဘက်ဆုံးမှ မြစ်အမည်က
ရှေးရှေးက ဧရာဝတီ၊ မဒရဘိုင်းမှာ ရှိသည်။ ယခုအခါ တစ်ပါးသော ယဉ်ကျေးမှု
အောက်ရောက်၍ ရှေးအမည်ပျောက်ကာ ရာဝီ (Ravi) ဟုသာ သိကြသည်။

ကျွန်တော်တို့ပိုင် ဧရာဝတီက မြန်မာပြည်မြောက်ပိုင်း၌ စသည်။ ဟိမ၀န္တာကြီး၏
အရှေ့ဘက်ရှိ မြစ်တွေမှာ ခြသေ့င်္ပြွန်မှ ထွက်သည်ဆိုတော့ … မစ်သီကယ်သဘော
အရ ကျွန်တော်တို့ ဧရာဝတီသည်လည်း ကမ္ဘာ့ဦးက ကမ္ဘာ့တန်ဆာ အန၀တတ်
အိုင်ကြီးမှ လာသည်။ ဂင်္ဂါနှင့် ဆွေမျိုးအရင်းကြီးတော်သည်။

သြော် … လီရနာမြစ်သည်လည်း ဆင်ပြွန်မှ လာသောရေဟု ခေါ်နိုင်သည်။
လီရနာမြစ်က မြေထဲပင်လယ်တွင်း စီးဝင်သည်။ ဂင်္ဂါမြစ်နှင့် ဧရာဝတီတို့က
အိန္ဒိယသမုဒ္ဒရာအတွင်း စီးဝင်းသည်။

သမုဒ္ဒရာရေဆိုသည်က တစ်ခုနှင့်တစ်ခု ဆက်နေသည်။ မဆက်ပါနှင့်ဟု ပြောမရ။
ကမ္ဘာမြေအထက်မှာက လေထုရှိသည်။ အဲသည် လေထုတွင်းမှာက သမုဒ္ဒရာမှ
တက်လာသော ရေခိုးရေငွေ့တွေရှိသည်။
လီရနာရေ၊ ဂင်္ဂါရေ၊ ဧရာဝတီရေတို့သာမက ရှိရှိသမျှ မြစ်ရေတို့ သမုဒ္ဒရာမှာလည်း
ဆုံကြသည်။ လေထုတွင်းမှာလည်း ဆုံကြသည်။ ပြီးတော့ ….

ကမ္ဘာမြေပြင်ပေါ် မိုးရေအဖြစ် ပြန်ကျကြသည်။
လီရနာရော၊ ဂင်္ဂါရော၊ ဧရာဝတီရော …. တူမျှသော ဂုဏ်တစ်ခု ရှိသေးသည်။

ကမ္ဘာတည်သရွေ့ …. သူတို့မခန်းပါ။
ကဗျာအကြောင်းပြောမည်ကြံရုံနှင့် ကျွန်တော့်ခေါင်းတွင်းမှာ ပေါ်လာသော
နိမိတ်ပုံများ ဖြစ်ပါသည်။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်အား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)