ရေးသူ- စစ်ငြိမ်းဒီရေ
အမ မမေအိခင် က တဂ်ထားလို့ ကိုယ့်အကြိုက်ခေါင်းစဉ်ဖြင့်
အကြိုက်တွေကို ရေးပါ့မယ်။
အခုတလော ကျောင်းတဖက်နဲ့ဆိုတော့ အရင်ကလို ပို့စ်အသစ်
တင်မှုက တော်တော်လေး ကျဲသွားပါတယ်။ ရေးထားတာ တချို့
ကလည်း တိုလို့တန်းလန်း အဆုံးသတ်ဖို့ ခက်နေပါတယ်။ တချို့
ပို့စ်တွေ ဆိုရင် ရေးထားတာ ဆုံးခါနီးမှ မတင်ဖြစ်တော့ပဲ ချောင်
ထိုးထားရတဲ့ အဖြစ်ကို ရောက်သွားပါတယ်။ နော်ဝေးလ်က ခင်မင်
ရင်းနှီးတဲ့ အကိုတစ်ယောက် ပြောသလို ကိုယ်တင်ပြချင်တဲ့ Issue
ကိုယ်ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် မဖြစ်ရင် မပြောတာ ပိုပြီးကောင်း
တယ် ဆိုတဲ့ စကားလုံးအောက်မှာ ရေးထားတွေကို အဆုံးမသတ်
နိုင်ပဲ ဒီအတိုင်း ထားနေရပါတယ်။
ကျနော်ငယ်စဉ်က သမိုင်းဆိုင်ရာ အဖြစ်အပျက် မှတ်တမ်းစာအုပ်
တွေကို ဖတ်ရူရတာ အင်မတန် သဘောကျပါတယ်။ ခက်တာက
ရှစ်တန်းအောင်တော့ သိပ္ပံဖက် ပါသွားပြီး သင်ကြားခံရမှုလောင်းရိပ်
ကနေ လွှတ်သွားတာပါ။ ကိုယ့်အကြိုက်မို့ ကိုယ့်သဘောနဲ့ ကိုယ့်
ဘာသာ ဆက်လေ့လာတော့ လေ့လာမှုပုံစံ နည်းစနစ်ဆိုတဲ့ ပြဿနာ
ဟာ ကြာလေကြာလေ နက်နက်ရှိုင်းရှိုင်း ပေါ်လာပါတယ်။ လက်ဝှေ့
ပွဲ တစ်ခုကို ရှုဒေါင့် တစ်ခု သို့မဟုတ် ဒီထက်ပိုပြီး 3D နဲ့ ကြည့်ခွင့်
ရတယ်ပဲ ထားပါတော့ ကျနော် မကြည့်နိုင်၊ မသိနိုင်ခဲ့တဲ့ တစ်နေရာမှာ
ဘာဖြစ် သွားနိုင်သလဲ ဆိုတဲ့ မေးခွန်းကို အမေးခံရရင် ကိုယ်ဖြစ်စေချင်
တဲ့ ကိုယ့်အကြိုက်၊ ကိုယ့်ဆန္ဒသာ ဦးစားပေးပြီး ဖြေမိမှာပါ။
“ပေါ်လစ်ဗျူရိုထဲမှာ ကျနော်တို့လူ တစ်ယောက် ရှိတယ်”
“အောင်ဆန်း အော်ပရေးရှင်း”
တို့လို စကားပြောသမိုင်းများဟာ ဧရာဝတီမြစ်တောင် ပြောင်းပြန်
စီးသွားနိုင်လောက်တဲ့ အငြင်းပွားဖွယ် သမိုင်းကြောင်းတွေပါ။
ဒီလို ပြဿနာအကြီးကြီးတွေရဲ့ အခြေခံ ကောက်ကြောင်းတွေကို
ကျနော် အရမ်းစိတ်ဝင်စားပါတယ်။ အချက်အလက် စုံစုံလင်လင်နဲ့
တင်ပြ ရေးသားဖို့ကြတော့ ရူဒေါင့်စုံက လေ့လာဖို့ အခက်အခဲ
အများကြီး ရှိပါတယ်။ ပါရှန်း နန်းရေးဝန် ပြောသလို “မနက် မိုးလင်းရင်
မျက်နှာသစ်စရာတောင် ရှိပါ့မလား” ဆိုတဲ့ စကားကို တော်တော်
လေး ကြိုက်နှစ်သက်မိပါတယ်။ ကျနော်က နန်းရေးဝန် မဟုတ်
ပါဘူး၊ အင်တာနက်ပေါ်မှာ စာရေးတဲ့သူပါ။
ထားပါတော့ ဒီသမိုင်းတွေက အရမ်းကြီးပါတယ်။
ဒါဆိုရင် ကျနော်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ အစိတ်အပိုင်းတစ်ခု၊ အဖြစ်
အပျက် တစ်ခုအတွင်းရဲ့ သမိုင်းကို ရေးမယ်ပေါ့။ အဲဒါ ပိုလို့တောင်
ခက်ပါတယ်။ အရေးမတတ်ရင် မြှားက ကိုယ့်ဖက်ကိုယ် လှည့်လာမှာပါ။
၁၉၉၀ ခုနှစ် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှာ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်စာရင်းကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီစုံ
အထွေထွေ ရွှေးကောက်ပွဲ ကော်မရှင်းကနေ မတရား ပယ်ချတော့
ကန်တော်ကြီးစောင်းမှာ ရှိတဲ့ ကော်မရှင်း ရုံးချုပ်ကို ကျနော်အပါအ၀င်
ဗဟန်းမြို့နယ် အ.က.သ မှ ကျောင်းသားတွေ လမ်းကြားထဲကနေ
ရုံးချုပ်ခေါင်းမိုးပေါ်ကို ခဲနဲ့ ထုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
ကန့်ကွက်ခဲ့တဲ့ တ.စ.ည ပါတီက ကိုယ်စားလှယ်လောင်း ဦးလဗျန်းဂရောင်း
ဆိုသူ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) အတွင်းက ရပ်ကွက်တွေ
ထဲမှာ စည်းရုံးရေးဆင်းတော့ သူ့ရောက်လေရာ တ.စ.ည အမာခံအိမ်
တွေရဲ့ ခေါင်းမိုးတွေကို ခဲနဲ့ လိုက်ထုပါတယ်။ ဒီသမိုင်းကို ပြည့်ပြည့်
စုံစုံ ပြန်ရေးဖို့ကျတော့ တော်တော်ခက်သွားပါတယ်၊ အချက်အလက်
နဲ့ အတူတူ ပါဝင်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေနဲ့ အဆက်အသွယ်
ပြတ်ကုန်ပါပြီ။
နောက်တခါ ရုပ်မြင်သံကြားဇာတ်လမ်းကနေ ဒေါ်အောင်ဆန်းစုကြည်
အပေါ် မတရားသရော်လှောင်ပြောင်တဲ့ ရုပ်ရှင်သရုပ်ဆောင်
ဒေါ်ဂွတ်ထော်ကြီး ကျနော်တို့ ရပ်ကွက်ထဲက သူ့အမျိုးအိမ်
ကို အလည်ရောက်လာပါတယ်။ ဒါနဲ့ အဲဒီနေ့ညက သူ အလည်
လာအိပ်တဲ့ သူ့အမျိုးအိမ်ကို ခဲနဲ့ ထုပါတယ်။ နောက်ဖေးလမ်းကြား
ကနေ အော်ဆဲပါတယ်။ မနက်မိုးလင်းတော့ အဲဒီခေတ် ရွှေဂုံတိုင်
မှာ ရှိတဲ့ မြန်မာ့အလင်း သတင်းစာတိုက် ဒေသကွပ်ကဲရေးရုံးက
စစ်တပ်ရောက်လာပါတယ်။ တစ်လမ်းလုံး တစ်အိမ်ကို တစ်ယောက်
ထွက်ပြီး ပါးရိုက်တာကို ခံယူရပါတယ်။ တော်ပါသေးတယ်၊ ရပ်ကွက်
ကို ဖျက်ခိုင်းပြီး အဆင်မြင့်အိမ်ရာ မလုပ်ပြစ်ခဲ့တာကိုပဲ ဘောင်းဘီ
ဝတ်တွေကို ရပ်ကွက်ထဲရှိ လူကြီးတွေက ကျေးဇူး တင်ကြပါတယ်။
(၂၅.၃.၁၉၈၉)နေ့မှာ အ.က.သ ကျောင်းသားတွေ ကုက္ကိုင်းမီးပွိုင့်
ကနေ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ဆန္ဒပြချီတက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခြံအရှေ့ အရောက်မှာ တီအီး 11 စစ်ကား
တွေ ရောက်လာပါတယ်၊ စစ်ကားပေါ်ရှိ စစ်သားတွေက ၀ါးဆစ်ပိတ်
တုတ်အရှည်တွေကို ကိုင်ထားပါတယ်။ သူတို့ ကိုင်ထားတဲ့ ၀ါးလုံး
တွေမှာ သံဆူးကြိုးတွေ ပတ်ထားပါတယ်၊ အဲဒီပွဲမှာ အပြင်စည်း
တာဝန်ကျတဲ့ ကျနော်နဲ့ အ.က.သ ဗဟန်းက တာဝန်ခံတွေ အ.မ.က
ကျောင်းရှေ့က လဖက်ရည်ဆိုင်ထဲ တန်းနေအောင် ၀င်ပြေးကြပါတယ်၊
ကိုယ့်မြို့နယ်က ကိုယ့်အဖွဲ့ဝင်တွေတောင် စုံစုံလင်လင် ပြန်မစစ်နိုင်
ခဲ့လို့ အဆဲတောင် ခံရဖူးပါတယ်။ ဒီသမိုင်းက မေးခွန်းတွေပေါ်
လာရင် ဖြေဖို့ခက်တဲ့ သမိုင်းပါ။
၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ဗဟန်းမြို့နယ်က
စက်မှုတက္ကသိုလ်(R.I.T) ဘွဲ့ရ ကျောင်းသားတချို့ဟာ သူတို့
ရတဲ့ ဘွဲ့လက်မှတ်ကို ပြန်အပ်ကြပါတယ်၊ တပါတီ အာဏာရှင်
ပညာရေး စနစ် အလိုမရှိလို့ ကြွေးကြော် ခဲ့ပါတယ်။ သူတို့
အားလုံးရဲ့ အမည်စာရင်းအပြည်အစုံကို မှတ်ထားဖို့ မေ့လျော့
ခဲ့တာ ကျနော့်အပြစ်ပါ။
ဒီအကြောင်းတွေကို ကိုယ့်ဘာသာကိုယ် ကြိုက်ပြီး ရေးပါတယ်၊
ရေးနေရင်ကနေ အကြောင်းအမျိုးမျိုးကြောင့် အဆုံးမသတ်နိုင်
သေးပါ ...။
အစား အစာ၊ အ၀တ်အထည်၊ စာပေ၊ အနုပညာ များနဲ့ ပက်သက်
ပြီး ကျနော့်အကြိုက်တွေက တော်တော်များပါတယ်။ အခုတော့
ဝယ်စားဖို့တောင် ရောင်းမဲ့သူ မရှိလို့၊ ၀ယ်စရာနေရာ မတွေ့လို့
မစားရတဲ့ မြန်မာ့ရိုးရာ အစားအစာတွေ၊ အ၀တ်အထည်တွေ၊ မဖတ်
ရတဲ့ စာအုပ်တွေကို သူများပြောရင် သရေကျပြီး ငေးနေရပါတယ်။
အရင်တုန်းကတော့ “နှင်း” တွေ ဖွေးဖွေးကျနေတာကို ရုပ်ရှင်ထဲ၊
တီဗွီထဲ၊ စာအုပ်ထဲမှာ တွေ့ရင် အရမ်းသဘောကျပါတယ်၊ အခုတော့
အပြင် တခါ ထွက်ဖို့အရေး အ၀တ်အစားနဲ့ ဖိနပ်သယ်ဖို့ သက်ပြင်း
တချချနဲ့ပါ။
ကိုယ်ကြိုက်တာတွေကို နေ့စဉ်၊ အချိန်တိုင်း လုပ်ခွင့်ရတဲ့ ဘ၀ကို
လူသားတိုင်း ပိုင်ဆိုင်ကြပါစေ ...။
ဒီလောက်ဆိုရင် တဂ်စာ ရေးဖို့ တောင်းဆိုလာတဲ့ အမ မမေအိခင်
ကျေနပ်လောက်ပြီလို့ ထင်ပါတယ်။ တခြားသူတွေကိုလည်း ဆက်
ပြီး တဂ်ချင်ပါသေးတယ်၊ ဥရောပနဲ့ အမေရိကားဖက်မှာ ရာသီဥတု
ဆိုးဝါးမှုတွေကြား ရှင်သန်လှုပ်ရှား အလုပ်များနေကြတဲ့ အကိုကြီး
ကိုကျောက်ခဲ (ရွှေရတုမှတ်တမ်း)၊ ကိုသစ်နက်ဆူး၊ မမေဓါဝီ၊
စင်္ကာပူဖက်က ကိုလူသစ်ကြီး၊ ခင်မင် ရင်းနှီးတဲ့ ညီလေးရမ်းဂမ်း
တို့ကို ဆက် တဂ်ပါတယ်၊ အချိန်အားရင် ရေးပေးကြပါ။
Showing posts with label ကိုယ်တွေ့ဖြစ်ရပ်များ. Show all posts

Feb 18, 2010
Feb 13, 2010
လူ့ဘ၀ထဲ ၀င်လာသူ (နောက်ဆုံးပိုင်း)
ရေးသူ- စစ်ငြိမ်းဒီရေ
ယခင် ပထမပိုင်းမှ အဆက် ….
နေ့စဉ်လိုလို အဲဒီ ကိုရင်လေးကို သတိထားပြီး ကြည့်မိပါတယ်။
ဘုန်းတော်ကြီးကျောင်းက ဆွမ်းတန်းဟာ မနက် ၁၀ နာရီခွဲလောက်
မှ ဆွမ်းခံ ထွက်လေ့ ရှိပေမယ့် ဒီကိုရင်ငယ်လေး ခမျာ မနက်
ကိုးနာရီလောက် ကတည်းက ရွာပတ်ပြီး ဆွမ်းခံနေရပါတယ်။
ဆွမ်းခံပြီးရင် ကျောင်းကို တန်းမပြန်သေးပဲ သူ့အမေ အရူးမကြီး
ကို ရွာအပြင် နေပူထဲမှာ လိုက်ရှာပြီး သူ ဆွမ်းခံလို့ ရတဲ့အထဲက
နေ ကျွေးမွေးနေတာကို တွေ့နေရပါတယ်။ ရုပ်ရှင်ထဲမှာ ကြည့်ရ
တာထက် အပြင်က မြင်ကွင်းဟာ တော်တော်လေး ဆိုးဝါးပါတယ်။

ကျနော်တို့ နှစ်ယောက် အဲဒီရွာကို ရောက်ပြီး ငါးရက်လောက်
အကြာမှာ နံဘေးအိမ်က ဆွမ်းကျွေးရှိလို့ ကျနော်တို့လည်း အလှူ
အိမ်ကို သွားခဲ့ကြပါတယ်။ အလှူအိမ်ရောက်တော့ စကားစမြည်း
ပြောရင်ကနေ အလှူအိမ်မှာ ဆွမ်းစားကြွလာတဲ့ ဦးပဉ္ဇင်းတစ်ပါးဆီမှာ
ဒီကိုရင်လေး အပေါ် သနားမိတဲ့အကြောင်း လျှောက်မိကြပါတယ်။
ဦးပဉ္ဇင်း မိန့်ကြားတာကို နားထောင်ရတာ တော်တော် စိတ်မကောင်း
ဖြစ်စရာပါ …။
ရွာထဲမှာ အလှူအတန်းတွေရှိလို့ လော်စပီကာ အသံကြားရင် အဲဒီ
အရူးမကြီးဟာ ရွာထဲကို ၀င်ရောက်လာလေ့ ရှိပါတယ်။ အဲဒီအခါ
လူတွေက သူ့ကို ရွာအပြင်ကို မောင်းထုတ်ကြပါတယ်၊ ဟောက်ဟမ်း
ပြီး မောင်းထုတ်လို့ မရရင် ကျောက်ခဲအသေးတွေနဲ့ ပြစ်ပေါက် ကြ
ပါတယ်။ အဲဒီအခါ ကိုရင်လေးက သူ့အမေအပေါ် မနှိပ်စက်ဖို့ ငိုယိုပြီး
တောင်းပန်ပါတယ်။ မကြာခဏ ဆိုသလို ရွာထဲက ကလေးတွေနဲ့
ကာလသား လူငယ်တချို့ဟာ အရူးမကြီးကို စ’နောက်လေ့ ရှိပါ
တယ်။ အရူးမကြီးက အော်ဆဲရင် ကျောက်ခဲအသေးတွေနဲ့ ပြစ်
ပေါက်လေ့ရှိပါတယ်။
နေ့စဉ်ဆိုသလို ကိုရင်လေးက သူ့အမေကို ဆွမ်းခံပြီး ရှာကျွေး
နေရပါတယ်။ စိတ်မမှန်တဲ့ အရူးမကြီးဟာ သူ့ကိုယ် ရှာကျွေးနေ
တဲ့ သူ့သား ကိုရင်လေးရဲ့ ဒုက္ခကိုလည်း လုံးဝမသိ၊ ဒီကြားထဲ
ဟင်းတွေက သိပ်မကောင်းရင် သူ့ကိုယ် ထမင်းခွံ့ကျွေးနေတဲ့
သူ့သား ကိုရင်လေးကို ထုထောင်း ရိုက်ပုတ်လေ့ ရှိပါတယ်။
အဆိုးဝါးဆုံးက အဲဒီအရူးမကြီးရဲ့ နေထိုင်မှုပါ၊ ရွာအပြင် သင်္ချိုင်း
ဇရပ်မှာ အမျိုးသမီး တစ်ဦးတည်းနေထိုင်ရတဲ့ သူ့ဘ၀ဟာ အန္တရာယ်
အမျိုးမျိုး ရှိနိုင်ပါတယ်။ ပြဿနာ တစုံတရာဖြစ်လို့ လှမ်းအော်ရင်
တောင် ဘယ်သူမျှ မကြားနိုင်တဲ့ နေရာပါ၊ နံဘေးက လှည်းလမ်းပေါ်
မှာ နေ့ရာ ညပါ ဖြတ်သန်းသွားသူတွေထဲ လူကောင်းတွေ ရှိသလို
မူးရူး ရမ်းကား သူတွေလည်း ရှိပါတယ်။ တစုံတရာများ ထပ်မံ့ အဓမ္မ
လုပ်မယ်ဆိုရင် စိတ်ရောဂါ ဝေဒနာသည်ရဲ့ ဘ၀ဟာ ခုခံနိုင်စရာ
အနေအထား မရှိပါ။
ဆရာတော်က ရန်ကုန်ကနေ အလည်လာတဲ့ ကျနော်တို့ထံ
အကူအညီ တောင်းပါတယ်။ ကိုရင်လေးရဲ့ လက်ရှိဒုက္ခတွေလည်း
သက်သာသွားအောင်၊ သူ့မယ်တော် အရူးမကြီးရဲ့ ဘ၀လည်း
တစုံတရာ ပြေလည်သွားအောင် ရန်ကုန်မှာ ရှိတဲ့ စိတ်ရောဂါကု
ဆေးရုံးနဲ့ ဆက်သွယ်ပြီး အရူးထောင်တို့ ဘာတို့မှာ ထားလို့
ရမယ်ဆိုရင် ထားချင်ကြောင်း မိန့်ကြားပါတယ်။ ကျနော်တို့နှစ်ဦး
လည်း တပည့်တော်တို့ အချင်းချင်း တိုင်ပင်ပါ့မယ်လို့ ပြောပြီး
တည်းခိုရာ အိမ်ဆီ ပြန်လာခဲ့ပါတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်
ကလည်း နေ့စဉ်မြင်တွေ့နေရတဲ့ ဒီပြဿနာကို ဖြေရှင်းချင်ကြောင်း
ပြောပြပါတယ်။
ဒီလိုနဲ့ အဲဒီနေ့ ညနေရောက်တော့ ထုံးစံအတိုင်း ကိုရင်လေး
ကြွလာပါတယ်။ ကျနော်တို့ ခေါင်းဆောင်လည်း အိမ်မှာချက်ထား
တဲ့ မရှိ ရှိတာလေးတွေကို စုပေါင်းပြီး သူ့အမေ အရူးမကြီး စားဖို့
ထည့်ပေးလိုက်ပါတယ်။ နောက်နာရီဝက်လောက်နေတော့ ကိုရင်
လေး ကျနော်တို့အိမ်ကို ရေးကြီးသုတ်ပျာ ပြေးလာပါတယ်။ ဘာ
ဖြစ်လို့လဲ မေးလျှောက်တော့၊ သူ့အမေ အရူးမကြီး တော်တော်
လေး နေမကောင်းဖြစ်ပြီး ဇရပ်ပေါ်မှာ အိပ်နေသလိုလို မေ့နေ
သလိုလို နိုးမရကြောင်း ပြောပြပါတယ်။ ဒါနဲ့ ကျနော်တို့ သုံးယောက်
သား ကိုရင်ငယ်လေးနောက် လိုက်ပြီး ကြည့်ခဲ့ပါတယ်။ တနေ့ကုန်
သွားချင်ရာကို စိတ်ကူးပေါက်သလို လျှောက်သွားတော့ အပူရှပ်ပြီး
ဖျားနေပုံ ရပါတယ်။ နိုးလို့လဲ မရပါဘူး။ ဒါကြောင့် ရွာထဲက မြင်း
လှည်းတစ်စီးကို အမြန်ဌားပြီး နံဘေးရွာက ကျန်းမာရေးဆေးမှူး
ထံ သွားပြ ပေးရပါတယ်။ တစ်ရွာနဲ့ တစ်ရွာက နည်းနည်းအလှမ်း
ဝေးတော့ မြင်းလှည်းဌားခက ဈေးမနည်းပါ။ ကျန်းမာရေးဆေးမှူး
ပေးလိုက်တဲ့ ဆေးတချို့ ယူလာပြီး ရွာကို ပြန်ခဲ့ကြပါတယ်။
ကျနော်တို့ ခေါင်းဆောင်နဲ့ ဘုန်းတော်ကြီးကျောင်းက ဆရာတော်
တို့ရဲ့ တိုက်တွန်းပြောဆို မေတ္တာရပ်ခံမှုကြောင့် ဒီအရူးမကြီးကို
ကျနော်တို့ အပြန် ရန်ကုန်ကို ခေါ်ဆောင်ဖို့ ကျနော်တို့ နှစ်ယောက်
ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်ကို ပြန်မယ့် ကျနော်တို့ နှစ်ယောက်
လက်ထဲမှာ ပိုက်ဆံ အခြေအနေက သိပ်မကောင်းပါဘူး။ ကိုရင့်အမေ
အရူးမကြီး နေမကောင်းဖြစ်တုန်းက မြင်းလှည်းဌားပေးတာရယ်၊
ကျနော်တို့ ခေါင်းဆောင်ကို အရေးအကြောင်းရှိရင် သုံးစွဲဖို့ ငွေ
အနည်းငယ်လောက် ပေးခဲ့တာကြောင့်ပါ။ ဒီ အရူးမကြီးနဲ့ ကျနော်တို့
နှစ်ယောက် ကားတစ်စီးကို လုံးချင်းဌားပြီး ရန်ကုန် ပြန်ဖို့ မပြောနဲ့
သာမန် ခရီးသည်တင် ကားနဲ့ ခေါ်ဖို့တောင် ပိုက်ဆံ မလောက်
တော့ပါ။ ဒါနဲ့ ရွာထဲမှာ ပိုက်ဆံရှိပြီး အကြွားသန်တဲ့ လူတစ်ယောက်
ကို သွားတွေ့ပါတယ်။ သူ့ကို ကျနော့်လက်ပတ်နာရီ ပြန်ရောင်းချင်
ကြောင်း၊ ဒီလက်ပတ်နာရီဟာ နိုင်ငံခြားကနေ လှမ်းပို့ထားတဲ့
အကောင်းစား နာရီဖြစ်ကြောင်း၊ သူ ယုံကြည်အောင် အမျိုးမျိုး ရွှီးပြီး
(၇၀၀)ကျပ်နဲ့ ရောင်းခဲ့ပါတယ်။
ကိုရင်လေးက ပထမတော့ သူ့မိခင်အတွက် တော်တော်လေး
စိတ်ပူနေပါတယ်။ ဆရာတော်နဲ့ တကွ ကျန်သူအားလုံးက
အမျိုးမျိုး ပြောဆိုမှုကြောင့် နောက်ဆုံးမှာ လက်ခံလိုက်ပါတယ်။
ဒါနဲ့ ကိုယ့်နာမည် ကိုယ်မသိသော စိတ်ရောဂါ ဝေဒနာသည်
အရူးမကြီးနဲ့ ကျနော်တို့ နှစ်ယောက် ရွာကနေ ရန်ကုန်သို့
ထွက်ခွာခဲ့ပါတယ်။ ရန်ကုန်အထိ စီးမယ့် ကားဆီရောက်တော့
ကားသမားက တော်တော်နဲ့ လက်မခံပါဘူး။ တခြားခရီးသည်
အတွက် အနှောက်အယှက်ဖြစ်မှာကို သူတို့ စိုးရိမ်းနေကြပါတယ်။
ဒါနဲ့ အမျိုးမျိုး ပြောဆိုမှ သူတို့ လက်ခံလိုက်ပါတယ်။ လမ်းခရီး
တလျှောက် မော်တော်ကား ခဏရပ်တဲ့ ကားမှတ်တိုင်မှာ လာသမျှ
ဈေးသည်တွေရဲ့ မုန့်မျိုးစုံ၊ ဖျော်ရည်မျိုးစုံကို မကြာခဏ ၀ယ်ကျွေး
ချော့မော့ပြီး ခေါ်ဆောင်ရပါတယ်။ ခရီးသည်တွေလည်း ပထမ
တော့ ခပ်လန့်လန့်ပါ။ နောက်တော့ ကျနော်တို့ နှစ်ယောက်
ကို သနားပြီး ကိုယ်ချင်းစာပုံ ရပါတယ်။ စိတ်ရောဂါ ဝေဒနာ
သည် အရူးမကြီးကို ရွာက ခေါ်လာစဉ်မှာ ကျနော်တို့က
“အမတော် ဒေ၀ီသခင်မ၊ ကျွန်တော်မျိုးတို့နဲ့ ပျော်စရာအပြည့်
ရှိတဲ့ မဟာရန်ကုန် ရွှေနန်းတော်ကြီးကို သွားကြမယ်” ဆိုပြီး
အငြိမ့်ထဲက လေသံနဲ့ ချော့မောပြီး ခေါ်ခဲ့တာပါ။ ဒါကြောင့်
ကားစီးနေတဲ့ လမ်းတလျှောက်လုံး မကြာခဏ ဆိုသလို
“ဘိုးဘိုးတို့၊ အမတော်တို့ စံပျော်မယ့် ရွှေနန်းတော်ကို မဆိုက်
ရောက်သေးဘူးလား” လို့ မေးနေပါတယ်။ ကားပေါ်က တခြား
လူတွေလည်း တ၀ါးဝါးနဲ့ ပွဲကျပါတော့တယ်။ ရန်ကုန်အ၀င်
မင်္ဂလာဒုံမြို့နယ်ရှိ အဝေးပြေးလမ်းပေါ်မှာ ကားခဏ ရပ်နား
ပါတယ်။ ကားရပ်တဲ့ လမ်းနံဘေးမှာ အုတ်နံရံ ခပ်မြင့်မြင့်နဲ့
ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိပါတယ်။ အဲဒီနံရံကြီးကို ကြည့်ပြီး
ရုတ်တရက် ကားပေါ်ကနေ ဆင်းပြီး ပြေးပါတော့တယ်။
ကျနော်တို့ နှစ်ယောက် အပါအ၀င် ကားပေါ်က ကျန်ခရီးသည်
တွေလည်း လိုက်ပြီး ခေါ်ဆောင်ရပါတယ်။ သူ့စိတ်ထဲ သူနေရ
မဲ့ ရွှေနန်းတော်လို့ ထင်နေပုံ ရပါတယ်၊ ပါးစပ်ကလည်း ဒါကြီး
က ငါ့နန်းတော် … ငါ့နန်းတော် ဆိုပြီး အော်နေပါတယ်။ ဒီလိုနဲ့
ကျနော်တို့ ရန်ကုန်ကို ရောက်ခဲ့ပါတယ်။ သီလရှင် ကျောင်းတစ်ခုမှာ
အဲဒီ အရူးမကြီးကို လေး … ငါးရက် လောက် ထားရပါတယ်။
နောက် မရမ်းကုန်းမြို့နယ် တံတားလေး စိတ်ရောဂါကု ဆေးရုံးကို
စုံစမ်းကြည့်ပါတယ်။ အရူးထောင်မှာ နေခွင့်ရဖို့ ကိစ္စက ထင်
သလောက်တော့ မလွယ်ကူပါ။ အစိုးရဆေးရုံးဟာ ကျန်းမာရေး
အသုံးစရိတ် ဘက်ဂျက်နည်းပါးမှုကြောင့် ဟောင်းလောင်းပါ။
လူနာရဲ့ ဆေးမှတ်တမ်းရဖို့ အရင်ကြိုးစား ရပါတယ်၊ ဆက်သွယ်
ရန် လူနာရှင် မိသားစု လိပ်စာနေရာမှာ ရွာက ကိုရင်လေး
သီတင်းသုံးရာ ဘုန်းကြီးကျောင်းလိပ်စာကိုပါ ထည့်ပေးရပါတယ်။
ဆေးရုံးရောက်ပြီး နှစ်ရက်လောက် အကြာမှာ ဆေးစစ်ခွင့် ရပါတယ်၊
လူနာရဲ့ အခြေအနေ မကောင်းတော့ပါ၊ သူ့မှာ အစာအိမ်ကင်ဆာ
လက္ခဏာ ရှိနေတယ်လို့ သက်ဆိုင်ရာ ဆရာဝန်ကြီးက ပြောပြ
ပါတယ်။ စိတ်ရောဂါ ဝေဒနာကို ခံစားနေရတဲ့အပြင် ကျွေးမဲ့သူ
မရှိတဲ့ နေ့ပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ သူ့ဘ၀ဟာ
နေ၀င်ဖို့ တော်တော် နီးကပ်ခဲ့ပါပြီ။
ရန်ကုန် တံတားလေး စိတ်ရောဂါကု ဆေးရုံး(အရူးထောင်)
ကို ရောက်ပြီး (၂)နှစ်အကြာမှာ အစာအိမ်ကင်ဆာရောဂါနဲ့
ကွယ်လွန်သွားရှာပါတယ်။ သူ့ဈာပနအတွက် တောက
ကိုရင်လေးနဲ့ ဆရာတော်များထံ လှမ်းပြီး အကြောင်းကြား
ပါတယ်။ သူမရဲ့ အလောင်းကို မီးသင်္ဂြိုဟ်စက်ထဲ ထည့်တော့
မယ့် အချိန်မှာ သားဖြစ်သူ ကိုရင်ငယ်လေးက …
“မယ်တော်ကြီးရယ်၊ ဒုက္ခပေါင်းများစွာကြားက ကိုရင် ကို
မွေးဖွားပေးခဲ့တဲ့ ဒီဝဋ်ဆင်းရဲဟာ သံသရာခရီးမှာ နောက်ဆုံး
ဖြစ်ပါစေ …”
လို့ ပြောတဲ့စကားကို ယနေ့အထိ ကြားယောင် နေဆဲပါ။
(ပြီးပါပြီ။)
(မှတ်ချက်။ ။
ယနေ့ ကျရောက်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်
အောင်ဆန်း၏ (၉၅)နှစ်မြောက်မွေးနေ့၊ မြန်မာနိုင်ငံ ကလေး
များနေ့အတွက် ရည်စူးပြီး ဒီပို့စ်ကို ရေးသားပါတယ်။
အထက်ဖော်ပြပါ ဖြစ်ရပ်မှန်များကို ကျနော်သည် ပြည်တွင်း၌
နေထိုင်ခဲ့စဉ်က ခင်မင်ရင်းနှီးရာ စာရေးဆရာအချို့နှင့် ရုပ်ရှင်
ဇာတ်ညွှန်းရေးဆရာ အချို့အား ပြောပြခဲ့ဖူးပါတယ်၊ သူတို့
ရေး မရေးတော့ ကျနော် မသိတော့ပါ။
“ကလေးငယ်တိုင်း ပျော်ရွှင်မှု ရပါစေ …” )

Feb 12, 2010
လူ့ဘ၀ထဲ ၀င်လာသူ (ပထမပိုင်း)
ရေးသူ- စစ်ငြိမ်းဒီရေ
ဒီနေ့ (၁၂.၂.၂၀၁၀) ကျနော်တို့ အတန်းရဲ့ စာသင်ခန်းမှာ
၁၉၉၈ ခုနှစ် ဒိန်းမတ်နိုင်ငံ အောဟူးစ် (Århus) မြို့က ကလေး
ငယ်တစ်ဦး၏ မိသားစုဘ၀ အဖြစ်အပျက် မှတ်တမ်းတင် ဗွီဒီယို
ကို ပြသပါတယ်။ ကလေးအမည်က ဒိန်းမတ် ဘာသာစကားနဲ့
ယောန်လ် (Jørn) ဖြစ်ပြီး မိဘနှစ်ပါးကတော့ မိခင်ဖြစ်သူ အမ်နီ
(Anni)နှင့် ဖခင်ဖြစ်သူ ဗျာနား (Bjarne) တို့ ဖြစ်ပါတယ်။

ယောန်လ် ကို မွေးဖွားခဲ့တဲ့ မိဘနှစ်ပါးစလုံးဟာ သာမန်လူတွေ
လို ကျန်းမာရေး အခြေအနေ မရှိပါဘူး။ သူတို့နှစ်ဦးစလုံးဟာ
အသိဥာဏ်ချို့ယွင်းတဲ့ စိတ်ရောဂါ ဝေဒနာသည်တွေ ဖြစ်ပါတယ်။
ကိုယ်ဝန်အရင့်အမာ ဖြစ်လာချိန်ရောက်မှ ဒေသဆိုင်ရာအုပ်ချုပ်ရေး
ကောင်စီနဲ့ ကျန်းမာရေး တာဝန်ခံ ဆရာဝန်တို့ကို အသိပေးခဲ့ပါတယ်။
ကလေးမွေးမယ့် မိဘနှစ်ပါးစလုံးဟာ လက်ထပ် ပေါင်းသင်းထား
သူတွေ မဟုတ်ပါဘူး။ Living together အဆင့်ကနေ ကိုယ်ဝန်ယူ
ခဲ့ကြပါတယ်။ ဒီလိုနဲ့ဘဲ နိုင်ငံတော်ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့
ကလေးကို မွေးဖွားခဲ့ပါတယ်။ စိတ်ရောဂါ ဝေဒနာသည် မိဘနှစ်ပါး
နဲ့ ကလေးငယ်ကို ကျန်းမာရေး စောင့်ရှောက်မှုအတွက် နိုင်ငံတော်
က ငွေအမြောက်အများ အကုန်ခံ ဆောင်ရွက်ပေးပါတယ်။
ကလေးမွေးဖွားပြီးခါစမှာ စိတ်ရောဂါသည် မိဘနှစ်ပါးက ကလေး
ကို အလယ်မှာ ထားပြီး အဖေဖြစ်သူက ဂိမ်းဆော့ပါတယ်။ အမေ
ဖြစ်သူကလည်း ကလေးပါးစပ်ထဲကို နို့မတိုက်ဘဲ သူ့လက်ညှိုး
ဇွတ်အတင်း ထိုးထည့်ပါတယ်။ ကလေးမီးဖွားပြီးခါစမှာ သူတို့
မိသားစုအတွက် ကျန်းမာရေး ၀န်ထမ်းကို နေ့ရော ညပါ အနည်း
ဆုံး နှစ်ဦးကနေ သုံးဦးအထိ ထားပေးရပါတယ်။ မွေးဖွားပြီးလို့
(၆)ပတ်အကြာမှာ ဖခင် ဗျာနားနှင့် မိခင် အမ်နီတို့ မင်္ဂလာဆောင်
ပါတယ်။ ခြောက်လ အကြာမှာ သူတို့နှစ်ဦး ကွာရှင်း ကြပါတော့တယ်။
ခြောက်လသားအရွယ် ယောန်လ် (Jørn)ကို နိုင်ငံတော်က မိဘမဲ့
ဂေဟာမှာ ဆက်လက်စောင့်ရှောက်ဖို့ ဆုံးဖြတ်ပါတယ်။ တစ်ပတ်ကို
မိခင်ဖြစ်သူ အမ်နီ (Anni)နဲ့ သုံးကြိမ် အတူတကွ တွေ့ဆုံဖို့ ဆုံးဖြတ်
ပါတယ်။ ဒါကို လက်မခံတဲ့ မိခင်ဖြစ်သူက စေတနာဝန်ထမ်း လူမှုအဖွဲ့
အစည်း အကျိုးဆောင်တွေထံ ငိုယိုတောင်းပန်းပါတယ်။ စေတနာ
ဝန်ထမ်း အကျိုးဆောင်တွေက ကလေးငယ်ကို စိတ်ရောဂါသည်
မိခင်နဲ့ အတူပေးနေဖို့ နိုင်ငံတော်ကို ပြင်းပြင်းထန်ထန် တောင်း
ဆို ခဲ့ကြပါတယ်။ ကလေးသူငယ် တရားရုံးက နေ့စဉ် သုံးနာရီခန့်
ကလေးငယ်နဲ့ မိခင်ကို အတူတကွရှိဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို
လက်မခံတဲ့ မိခင်ဖြစ်သူ စိတ်ရောဂါ ဝေဒနာသည် အမ်နီဟာ
ရှိုက်ကြီးတငင်ငင် ငိုကြွေးပါတော့တယ် …။
ကျနော်တို့ စာသင်ခန်းထဲရှိ ဒိန်မတ်လူမျိုး ကျောင်းသား ကျောင်းသူ
တွေက မှတ်တမ်းတင်ဗွီဒီယိုခွေ ပြသမှုကို ပိတ်ပြစ်ဖို့ ဆရာကို
ဝိုင်းပြောကြပါတယ်။ သူတို့ တော်တော်လေး စိတ်ထိခိုက်နေပုံ ရပါ
တယ်။ မိခင်ဖြစ်သူ စိတ်ရောဂါ ဝေဒနာသည် အမ်နီ (Anni)ရဲ့
ငိုကြွေးမှုကို သူတို့နှလုံးသားတွေက ခံနိုင်ပုံ မပေါ်ပါဘူး၊ တချို့
ကျောင်းသူတွေဟာ သူတို့ရဲ့ မျက်လုံးနှစ်ဖက်ကို လက်ဝါးတွေနဲ့
ကွယ်ဝှက်ကြပါတယ် …။ ဆရာက ပြသမှုကို ခဏရပ်ပြီး ဆယ်မိနစ်
ခန့် အနားယူဖို့ ပြောပါတယ်။ အနားယူချိန်မှာ ဆရာက ကျနော်တို့
တစ်ဦးချင်းစီ နံဘေးကို ရောက်လာပြီး “ဒီပြဿနာကို ဘယ်လိုထင်လဲ”
လို့ အလွတ်သဘော လိုက်မေးပါတယ်။
စာသင်ခန်းရဲ့ မျက်နှာကြပ်ကို မော့ကြည့်ပြီး လွန်ခဲ့တဲ့ (၁၄)နှစ်လောက်
က အဖြစ်အပျက်တစ်ခုကို ကျနော် ပြန်သတိရမိပါတယ်။
ယခုလက်ရှိ နိုင်ငံရေးအကျဉ်းသားအဖြစ် မတရား ထောင်ဒဏ်ကျခံနေ
ရတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဟာ မြန်မာနိုင်ငံအလယ်ပိုင်းက
နယ်မြို့တစ်မြို့ရဲ့ အပိုင် ကျေးရွာတစ်ရွာမှာ တာဝန်တချို့နဲ့ ခေတ္တ
နေထိုင်ခဲ့ပါတယ်။ သူ ခေတ္တ နေထိုင်ရာ အဲဒီရွာကို သွားရောက်ဖို့
ကျနော်နဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေက ကျောင်းသားတစ်ဦး
ဟာ ခရီးထွက်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ခရီးသွားခါနီး ကျနော့်လက်ပတ်
နာရီဟာ ဓါတ်ခဲကုန်သွားပါတယ်။ ဒါနဲ့ ဆယ်တန်းအောင်ခါစ ရန်ကုန်၊
သိမ်းကြီးဈေးကုန်တိုက် ပလက်ဖောင်းမှ ငွေ (၅၀)ကျပ်နဲ့ ခပ်ပေါပေါ
ဝယ်ခဲ့ဖူးတဲ့ ခါးပိုက်နှိုက်ပြန်ရောင်း နာရီကိုပဲ အချိန်သိနိုင်အောင် သယ်ဆောင်
ခဲ့ပါတယ်။
အရင်ဆုံး နယ်မြို့ဆီကို သွားရပါတယ်။ အဲဒီကနေ ဒေါဂျစ်ကား
ဟောင်းကြီး စီးပြီး ရွာတွေဖက်ကို ဆက်သွားရပါတယ်။ ဒါလည်း
ရွာကို မရောက်သေးပါဘူး။ ရွာနဲ့ အနီးဆုံး ကတ္တရားလမ်း တစ်ခု
ပေါ်မှာ ရပ်ပါတယ်။ အဲဒီနေရာကနေ ရွာထဲကို မြင်းလှည်း သို့မဟုတ်
စက်ဘီးအဌားနဲ့ ဆက်သွားမှ ရောက်ပါတယ်။ ရွာရောက်တော့
ကျနော်တို့ ခေါင်းဆောင်ဖြစ်သူနဲ့ တွေ့ရပါတယ်။ သူ တည်းခိုတဲ့
အိမ်က ရွာအ၀င်အ၀မှာ ရှိပါတယ်။ ရွာမရောက်ခင် သင်္ချိုင်းကုန်း
တစ်ခုကို ဖြတ်ရပါတယ်။
ညနေပိုင်းရောက်တော့ ကျနော်တို့ခေါင်းဆောင်က ကျနော့်ကို
ရွာအလယ်က အကြော်ဆိုင်မှာ အကြော်လေး … ငါးခု သွားဝယ်ပေး
ဖို့ ပြောပါတယ်။ ညနေ ငါးနာရီ … ခြောက်နာရီလောက် ရောက်တော့
ကျနော်တို့ တည်းခိုရာ အိမ်ကို ကိုရင်လေးတစ်ပါး ကြွလာပါတယ်။
ကျနော်တို့ ခေါင်းဆောင်က ကျနော် ၀ယ်လာတဲ့ အကြော်တွေနဲ့
အိမ်က ထမင်းတွေကို ကျွတ်ကျွတ်အိပ်ထဲ စုထည့်ပြီး ကိုရင်လေး
ကို ပေးလိုက်ပါတယ်။ ကိုရင်လေးက အဲဒီအထုပ်လေးကို ပိုက်ပြီး
ရွာထိပ် သင်္ချိုင်းဖက်ကို ထွက်သွားပါတယ်။ ဒါနဲ့ ကျနော်တို့ ခေါင်း
ဆောင်ကို ဒီကိုရင်လေးက ညနေစား စားသလားလို့ မေးကြည့်
ပါတယ်။ သူက ကိုရင်လေး ဘာလုပ်သလဲ ဆိုတာကို သိချင်ရင်
လိုက်ကြည့်ဖို့ ပြောပါတယ်။ ဒါနဲ့ ကျနော်တို့ နှစ်ဦသား ကိုရင်လေး
နောက်ကနေ လိုက်ကြည့်ကြပါတယ်။ ရွာအထွက် သင်္ချိုင်းထဲ
က ဇရပ်မှာ ကိုရင်လေးက အရူးမကြီးတစ်ယောက်ကို ထမင်းခွံ့
ကြွေးနေတာကို တွေ့ရပါတယ်။ ဒါနဲ့ အိမ်ပြန်ရောက်တော့
ကိုရင်လေး အကြောင်း စိတ်ဝင်တစားနဲ့ မေးကြည့် ဖြစ်ပါတယ်။
စိတ်ရောဂါ ဝေဒနာသည် အရူးမတစ်ဦးဟာ အဲဒီရွာကို ဘယ်ကနေ
ဘယ်လို ရောက်ခဲ့သလဲဆိုတာ တစ်ရွာလုံး ဘယ်သူမျှ သေသေ
ချာချာ မသိကြပါဘူး။ ဗိုက်ဆာရင် ရွာထဲမှာ လှည့်ပတ် တောင်းရမ်း
စားသောက်ပါတယ်။ ညဖက်ဆိုရင် ရွာထိပ်က သင်္ချိုင်းဇရပ်မှာ
အိပ်စက်ပါတယ်။ နောက်တော့ အရူးမကြီးမှာ ကိုယ်ဝန် ရှိလာပါတယ်။
ဒီရွာက ရှေးရိုးစွဲ အုပ်ချုပ်သူ လူကြီးတချို့ဟာ လင်ယောက်ျား မပေါ်ဘဲ
ဗိုက်ကြီးတဲ့ အရူးမကို ရွာထဲသို့ ၀င်ခွင့်မပြုခဲ့ကြပါ။ အရူးမကြီး
ဟာ ရွာအထွက် တာရိုး လှည်းလမ်းပေါ်မှာ အ၀င်အထွက်လုပ်တဲ့
ခရီးသည်တွေ ပြစ်ချပေးတဲ့ စားကြွင်းစားကျန်တချို့ကို စားသောက်
ပြီး အသက်ဆက်ခဲ့ပါတယ်။ နောက်တော့ သူ့ကိုယ်ဝန်ကနေ သား
ယောက်ျားလေး မွေးဖွားလာပါတယ်။ ရွာနောက်ဖက်ရှိ ဘုန်းတော်
ကြီးကျောင်းမှ ဆရာတော်နဲ့ ဦးပဉ္ဇင်းတွေက ဒီကလေးကို ကျောင်း
ကို သယ်ဆောင်ပြီး ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အသက် ခုနှစ် နှစ်၊
ရှစ်နှစ် အရွယ်မှာ သင်္ဃန်းစီး ကိုရင်ဝတ် ပေးခဲ့ကြပါတယ်။ ကျနော်
တို့ မြင်နေရတဲ့ အသက် ဆယ်နှစ်အရွယ် ကိုရင်လေးဟာ သူ ထမင်းခွံ့
ကြွေးနေတဲ့ အရူးမကြီးက မွေးဖွားထားတဲ့ ကလေးငယ်ပါ။
(ဆက်ရန်။)

Jan 21, 2010
အောက်လမ်းပညာကို စိန်ခေါ်ရဲသူ
ရေးသူ- စစ်ငြိမ်းဒီရေ
မြန်မာပြည်က အထက်လမ်း (ဗိုလ်ချုပ်လမ်း မဟုတ်ပါ) ဆရာတွေ၊
အောက်လမ်း (ကမ်းနားလမ်းလို့ မထင်ပါနဲ့) ဆရာတွေအကြောင်း
လျှောက်စဉ်းစားရင်ကနေ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဘကြီးဝမ်းကွဲ
တော်စပ်သူ တစ်ယောက်ကို သွားသတိရမိပါတယ်။ ဘကြီးဆိုပေမဲ့
တကယ့် ဘကြီးအရင်းတော့ မဟုတ်ပါဘူး။ ကျနော့်အဖွားဖက်က
အကိုဖြစ်သူတစ်ဦးရဲ့ မွေးစားသားပါ။ သူရဲ့ နေထိုင်ပုံ၊ ပြောဆိုပုံဟာ
“ဂွ” ကျတယ်ဆိုပြီး နယ်မှာရှိတဲ့ ရွာက ဆွေမျိုးအားလုံးလည်း သူ့ကို
အော်ကြောလန် ပါတယ်။
သူ့မယား ကြီးဒေါ်က ကျနော့် အဖိုးဖက်ကနေ တူမ တော်စပ် ပါတယ်။
နွေရာသီ ကျောင်းပိတ်လို့ ရွာကို အလည်သွားရင် ဘကြီး ဘက်ရော
ကြီးကြီး ဘက်ပါ ဆွေမျိုးတော်စပ်တဲ့ ကျနော်တို့ မိသားစုအပေါ်
တော်တော် ဖော်ရွေရှာပါတယ်။ ဘကြီးဆီမှာ လူအများ မှန်းတီးခြင်းခံရ
တဲ့ အကျင့်တစ်ခု ရှိပါတယ်။ အဲဒါက သူ မှန်တယ်လို့ ထင်ရင် လူရှေ့
မရှောင် သူရှေ့ မရှောင် ဇွတ်ပြောလေ့ ရှိတဲ့ အကျင့်ပါ။ ဒီအကျင့်ဟာ
သူရဲ့ မွေးရာပါ အကျင့်လို့ ဆွေမျိုးတွေက ဆိုပါတယ်။
နေ့စဉ် သူ့အိမ်ရှေ့ တံစက်မြိတ်အောက်ရှိ ကွပ်ပျစ်ပေါ်မှာ ရေနွေးကြမ်း
အိုး၊ ပုဇွန်ခြောက် လေး … ငါးကောင်ပါတဲ့ လဖက်အသား ဆီစိမ်ပုလင်း၊
ဆေးလိပ်ခွက်၊ ကွမ်းအစ် တွေ ခင်းပြီး ခြံရှေ့မှာ ဖြတ်သွားသူ မှန်သမျှ
ကို ခြံထဲ ဇွတ်အတင်းခေါ်၊ ရွာက ကောင်စီလူကြီး မကောင်းကြောင်း၊
ဆန်စက် (ရွာမှာ “ဟာလာ”လို့ ခေါ်တဲ့ ဆန်စက်အငယ်စား) ပိုင်ရှင်တွေ
က ဆင်းရဲသား လယ်သမားများအပေါ် ခေါင်းပုံဖြတ် အမြတ်ကြီးစား
ကြောင်း မမောနိုင် မပန်းနိုင် တရားဟော နေကြပါ။ ရွာမှာနေပြီး နေ့စဉ်
ထုတ် သတင်းစာကို အမြဲဖတ်သူ၊ BBC က လွှင့်တဲ့ ရေဒီယို သတင်းတွေ
ကို အမြဲနားထောင်လေ့ရှိသော သူနံဘေးမှာလည်း သူ့ကို ချစ်ခင်တဲ့
လူတွေ အတော်များများ ရှိပါတယ်။
ဘကြီးတို့ လင်မယားမှာ သမီး တစ်ယောက်ပဲ ရှိပါတယ်။ ကျနော့်အမ
ဝမ်းကွဲဟာ ကျနော် သိတတ်စ အရွယ်လောက်မှာပဲ သူတို့ရွာက
တောသူဋ္ဌေးသား တစ်ဦးနဲ့ အိမ်ထောင်ကျပါတယ်။ သူ့ယောက်ျား
ကလည်း ခပ်အေးအေးနေတတ်တဲ့ လူတစ်ယောက်ပါ။ ဒါကြောင့်
မိဘတွေဖြစ်တဲ့ ဘကြီးနဲ့ ကြီးကြီးကို အိမ်ဦးခန်းမှာ ထားပြီး အပူပင်မရှိ
လုပ်ကျွေး ပြုစုပါတယ်။ အိမ်ထောင်သည် သူ့သမီးအိမ်က ဘကြီးတို့
အိမ်နဲ့ ခြံချင်း ကပ်လျှက်ပါ။ ဘကြီးဟာ သူ့သမီးအိမ်မှာ ထမင်းစားချိန်
ရောက်မှ သွားစားလေ့ရှိပြီး ကျန်တဲ့အချိန်တွေမှာ သူ့အိမ်မှာသာ
နေလေ့ ရှိပါတယ်။
ဒီလိုနဲ့ တနေ့ကျတော့ ဆွေမျိုးတွေဆီကနေ သတင်းတစ်ခု ကြားရ
ပါတယ်။ ဘကြီးတို့ အိမ်ကို သူတပါးက အောက်လမ်းနည်းနဲ့ ပြုစား
ထားလို့ ညဖက်ဆိုရင် ဘယ်သူမျှ နေလို့ မရဘူး၊ တအိမ်လုံး လှည်း
စီး နေရသလို တဒုန်းဒုန်းနဲ့ လှုပ်ရမ်းနေတဲ့ ပုံစံ ခံစား နေရတယ်လို့
ဆိုပါတယ်။ ဘကြီးကတော့ ပဲခူးတိုင်း၊ ဝေါမြို့နယ်အပိုင် ရွာတစ်ခုမှ
သူ့ သူငယ်ချင်းအလှူအိမ်ကို အလည်သွားနေခိုက်မှာ ပြဿနာ စ’ဖြစ်
တယ်လို့ ဆိုပါတယ်။ ဘကြီးမိန်းမ ကြီးကြီးကိုတော့ သမီးဖြစ်သူက
သူတို့အိမ်မှာပဲ လာနေဖို့ ခေါ်ထားကြောင်းနဲ့ ရွာထဲရှိ လူတွေကတော့
နေ့စဉ် ဘကြီးတို့အိမ်ရှေ့မှာ တရုံးရုံးဖြင့် ပွဲလာကြည့်သလို စည်းကား
နေကြောင်း ပြောပြပါတယ်။ အခုလည်း မြို့ပေါ်ရှိ အသိမိတ်ဆွေ
“ရွှေရင်ကျော်ဂိုဏ်း” မှ ဆရာတစ်ဦးကို ပင့်ထားတယ်လို့ ကြားရပါတယ်။
ဒါနဲ့ပဲ ကျနော်တို့ တမိသားစုလုံး အထူးအဆန်းတွေ ဖြစ်နေတဲ့ အမေ
ဖက်က ဆွေမျိုးတွေရှိရာ ရွာသို့ ချီတက်ကြပါတယ်။ ကျနော်တို့ ရွာ
ရောက်တဲ့ နေ့အထိ ဘကြီးကတော့ ရွာကို ပြန်မရောက်သေးပါ။
အဲသည့်ခေတ်က ရန်ကုန်မှာ အဝေးပြေးကားဂိတ်ဟာ လမ်းမတော်မြို့
နယ် လသာလမ်းမှာ ရှိပါတယ်၊ တနေ့ကုန် ဘတ်စ်ကားကို တအိအိ
နဲ့ စီးရပါတယ်။ ရွာကို ရောက်တော့ ဘကြီးတို့အိမ်ရှေ့ အ၀င်အ၀မှာ
အုန်းပွဲ ဌက်ပျောပွဲတွေ လေး …. ငါးပွဲကို ဖယောင်းတိုင်တွေ၊ အမွှေး
တိုင်းတွေ ထွန်းပြီး ပွဲပေးထားပါတယ်။ အညိုရောင်ဝတ်စုံ ၀တ်ထားတဲ့
လူကြီးတစ်ယောက်က ကြိမ်းလုံး တစ်ချောင်းကို လက်ထဲမှာ ကိုင်
ဆောင်ထားပြီး သူ့နံဘေးမှာ ကျနော်တို့ ဆွေမျိုးထဲမှ လူကြီး အတော်
များများ ရှိနေကြပါတယ်။ ထိုလူကြီးက ဘကြီးတို့ခြံထဲမှာ “ပုဏ္ဍက”
စီးနင်း တိုက်ခိုက်တာကို ခံနေရတယ်လို့ ပြောပါတယ်။
ဒါနဲ့ “ပုဏ္ဍက” ဆိုတာ ဘာလဲလို့ ရွာက အမေ့အကို ၀မ်းကွဲ
ဘကြီးတစ်ယောက် နံဘေး ကပ်ပြီး မေးကြည့်တော့ “သရဲ” ထက်
ကြီးတဲ့ “သဘက်” ပုံစံ “ဘီးလူး” လို့ ပြောပါတယ်။ ထို အညိုရောင်
ဝတ်စုံ ၀တ်ထားတဲ့ လူကြီးဟာ အထက်လမ်းဆရာဖြစ်ကြောင်း ပြော
ပြပါတယ်။ အဲဒီလူကြီးဟာ ပါးစပ်ကနေ ပွစိ ပွစိနဲ့ ဂါထာလား
ဘုရားစာလားဟု ဘယ်သူမျှ အသေအချာ မသိနိုင်တဲ့ အရာတွေကို
မကြားတကြားရွတ်ပါတယ်။ အဲဒီနောက် ဆန်တွေကို ဘကြီးခြံ
တစ်ခုလုံးကို ပက်ဖြန်းပါတော့တယ်။ သူ ဒီည ဒီအိမ်ထဲမှာ တညလုံး
ဘုရားစာရွတ်၊ အဓိဋ္ဌာန်ဝင်မှာ ဖြစ်ကြောင်း၊ အခု သူ ကြဲချထားတဲ့
ဆန်စေ့တွေဟာ နောက်တနေ့မနက် မိုးလင်းတာနဲ့ ခြံထဲရှိ တစ်နေရာ
မှာ သူအလိုအလျောက် စုပုံသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ အဲလို
စုပုံရောက်ရှိသွားတဲ့ နေရာကို ပေါက်တူးနဲ့ တူးဖော်ကြည့်လိုက်ရင်
ဘကြီးတို့ အိမ်ကို တိုက်ခိုက်ထားတဲ့ အစီအယဉ် “အင်း” ပြားတွေ
ထွက်လာမယ်လို့ ဆိုပါတယ်။
ဘကြီးတို့ ခြံနဲ့ ကပ်လျှက်မှာရှိတဲ့ ဘကြီးသမီး အိမ်ထောင်သည်
အမတို့အိမ်မှာ အိပ်ဖို့ ကျနော်တို့ ညီအကိုမောင်နှမတွေလည်း
အမေကို ဇွတ်အတင်း တောင်းဆို ရပါတယ်။ ရွာက ဆွေမျိုးတွေ
က သူတို့အိမ်တွေမှာ လိုက်ပြီး တည်းခိုဖို့ ကျနော်တို့ မိသားစု
ပြောပါတယ်။ ရွာရဲ့ သုံးပုံ တစ်ပုံဟာ အမေဖက်ကနေ ဆွေမျိုး
စပ်ရင် ဆွေရိပ်မကင်း မျိုးရိပ်မကင်းတဲ့ ဆွေမျိုးအရင်းအခြာတွေ
ဖြစ်ပါတယ်။ ပြောမရတဲ့ နောက်ဆုံးမှာ အမေလည်း ကျနော်တို့
ကလေးတသိုက်ကို လက်လျှော့ပြီး ဘကြီးသမီး အမတို့အိမ်
မှာ ညအိပ် တည်းခိုဖို့ သဘောတူလိုက်ပါတယ်။ ဖယောင်းတိုင်
မီးရောင်တွေ ထိန်းလင်းနေတဲ့ ဘကြီးအိမ် အပေါ်ထပ်က ဘုရား
ခန်းကို အမတို့အိမ် အပေါ်ထပ်ကနေ လှမ်းကြည့်ရင် မြင်နေ
ရပါတယ်။ ဘယ်အချိန်မှာ ဘာတွေ ထူးလာမလဲ၊ ဘာတွေ ဖြစ်
လာ မလဲလို့ ကျနော်တို့ စောင့်မျှော် နေခဲ့ကြပါတယ်။
ဘကြီးသမီး အိမ်ထောင်သည် လင်မယား ကျွေးမွေးဧည့်ခံတဲ့
မုန့်တွေကို စားလိုက်၊ ရောက်တတ်ရာရာတွေ ပြောလိုက်ဖြင့်
မအိပ်သေးပဲ ညဥ့်နက်ပိုင်းကို ရောက်လာပါတယ်။ ည(၁၀)
နာရီဆိုတဲ့ အချိန်ဟာ ရွာက လူအများစု အိပ်ပျော်တဲ့အချိန်
ဖြစ်ပေမဲ့ ကျနော်တို့ မြို့က လူတွေအတွက်တော့ မအိပ်သေးပဲ
နေလို့ ရပါသေးတယ်။ ရုတ်တရက် ရွာလမ်းတလျှောက်ဆီမှ
ခွေးအူသံတွေ ထွက်ပေါ်လာတော့ ကျနော်တို့လည်း ကြောက်ကြောက်
နဲ့ ဘကြီးအိမ်ဖက်ကို လှမ်းကြည့်လိုက်ပါတယ်။ ရေနံချေး ၀’နေတဲ့
နံဘေး နံရံတွေကြောင့် ညဖက်ကြည့်ရင် မဲမှောင်နေပါတယ်။ လရောင်
အောက်ကနေ နှစ်ထပ် ခြေတံရှည် ဘကြီးအိမ်ကို မြင်နေရတဲ့ ပုံစံဟာ
သရဲတစ်ကောင် ငုပ်တုပ် ထိုင်နေပုံနဲ့ တူနေပါတယ်။
ရုတ်တရက် လေတွေ တဝေါဝေါ တိုက်ခိုက်အပြီး ကျနော်တို့
မျက်စိရှေ့ရှိ ဘကြီးအိမ် ဘုရားခန်းက ဖယောင်းတိုင်းမီး အလင်း
ရောင်တွေ မမြင်ရတော့ပဲ အမှောင်အတိကျသွားပါတယ်။ မျက်စိ
ရှေ့မှာတင် ခြံထဲမှ လူနှစ်ယောက် အသံကုန် အော်ဟစ်ပြီး
ပြေးထွက်လာပါတယ် …
“အမလေးဗျ၊ ကယ်ကြပါအုံး … ကယ်ကြပါအုံး …”
“အမလေးဗျ၊ ကြောက်ပါပြီး ဗျ … ”
ကျနော်တို့ မောင်နှမတသိုက်လည်း ပြတင်းပေါက်နံဘေးကနေ
အမေအိပ်နေတဲ့ အိပ်ခန်းထဲကို ဘယ်လိုပြေးမိလို့ ဘယ်လို ရောက်
သွားမှန်းမသိ ပြေးဝင်ခဲ့ကြပါတယ်။ ဆယ့်ငါး မိနစ်လောက်ကြာတော့
လူသံတွေ ဆူဆူညံညံကြားမှ အပြင်ဖက်ရှိ ပြတင်းပေါက်နံဘေးကို
ပြန်လာခဲ့ကြပါတယ်။ ရွာထဲရှိ ဆွေမျိုးသားချင်း အကိုတွေရော၊ တခြား
ရွာသားတွေပါ လက်နှိပ်ဓါတ်မီးရောင်တွေ တဖွေးဖွေး၊ ဓါး လှံတွေ
တ၀င်းဝင်းနဲ့ ဘကြီးတို့ အိမ်ရှေ့မှာ စုရုံး ရောက်ရှိနေကြပါပြီ။
ဘယ်သူမျှ မရှိတဲ့ ဘကြီးတို့ခြံနဲ့ အိမ်ထဲကို လက်နှိပ်ဓါတ်မီးပေါင်း
များစွာနဲ့ ထိုးကြည့်နေကြပြီး သူ အထဲကို အရင်ဝင်မယ်၊ ငါ အထဲ
ကို အရင် ၀င်ကြည့်မယ်နဲ့ ပြောဆိုနေကြပါတယ်။ နောက်ထပ်
ခဏလောက်အကြာမှာ ရွာက ကောင်စီဥက္ကဋ္ဌ ရောက်လာပြီး
ခြံတံခါးကို ပိတ်လိုက်ဖို့နဲ့ ခြံထဲကို ဘယ်သူမျှ ပေးမ၀င်ဖို့ ပြောပြီး
တားမြစ်ကြပါတယ်။
မနက်မိုးလင်းချိန်မှာ ဘကြီးအိမ်ဝန်းထဲကို ရွာဦးကျောင်းက ဆရာတော်
ကြွလာပြီး ပရိတ်တရားတွေ ရွတ်ဖတ် ပါတယ်။ အဲဒီနေ့ နေ့လည်မှာ
ပဲ ကျနော်တို့ အချစ်တော် ဘကြီးတစ်ယောက် ပဲခူးမှာနေထိုင်တဲ့ သူ့
သူငယ်ချင်း အလှူကနေ ပြန်လည် ရောက်ရှိလာပါတယ်။ ဘကြီး
ပြန်ရောက်တယ် ဆိုရင်ပဲ ဆွေမျိုးတွေ၊ ရွာက လူတွေက သူ့အိမ်
ရဲ့ အဖြစ်အပျက်ကို ၀ိုင်းပြောကြပါတယ်။ သူ့သမီးဖြစ်တဲ့ အမတို့
လင်မယားက ဒီဖက်အိမ်မှာ လာနေဖို့ ပြောပါတယ်။ နေ့ခင်းဖက်
အမတို့အိမ်မှာ ဘကြီးနဲ့ ရွာက ဆွေမျိုးတွေ လူစုံတက်စုံ စကား
ဝိုင်း ဖြစ်ခဲ့ကြပါတယ်။
ဘကြီးတို့ စကားဝိုင်းကနေ ညက အဖြစ်အပျက်ကို ပြန်ကြား ရပါ
တယ်။ လွန်ခဲ့တဲ့ည ဘကြီးအိမ်မှာ အိပ်ခဲ့တဲ့ အထက်လမ်းဆရာဆိုသူ
နဲ့ ဆွေမျိုးတစ်ဦးတို့ ဖြစ်ပျက်ခဲ့ပုံက…
ရွာလမ်းမကြီးတလျှောက်က ခွေးအူသံတွေ ဆက်တိုက်ကြား
ရတယ်၊ ပြီးတော် လေတွေ တလဟော တိုက်လာပြီး ဘုရားစင်
က မီးတွေ ငြိမ်းသွားပါတယ်၊ မီးငြိမ်းသွားလို့ မီးခြစ်လာရှာတဲ့
အချိန်မှာ တအိမ်လုံး ရုတ်တရက် လှုပ်ရမ်းလာပါတယ်၊ ဒါနဲ့
ကြောက်ကြောက်နဲ့ အိမ်ပေါ်ကနေ အောက်ထပ်ကို ပြေးအဆင်း
အမှောင်ထဲကနေ နွားအော်သံ တစ်ခုကို ကြားလိုက်ရတယ်၊ လက်နှိပ်
ဓါတ်မီးနဲ့ ထိုးကြည့်လိုက်တော့ အောက်ထပ် မြေကြီးထဲကနေ
နွားတစ်ကောင်ရဲ့ ဦးခေါင်းတစ်ခု ထိုးထွက်လာတာကို မြင်လိုက်
ရပါတယ်၊ အဲဒီ နွားခေါင်းကနေ အသံတွေ ထွက်နေသလို အိမ်
လည်း မြေငလျင် လှုပ်သလို ရမ်းနေတယ်လို့ ပြောပါတယ်။
ဘကြီးလည်း မျက်မှောင်ကျုပ်နေအောင် အချိန်တော်တော်ကြာ
စဉ်းစားနေပါတယ်။ ဆွေမျိုးတွေက တစ်ယောက် တစ်မျိုးစီဖြင့်
“အဘ၊ ရွာက ကောင်စီလူကြီးတွေ လယ်မလုပ်ဘဲနဲ့ အမတော်
ကြေး(ဘဏ်ချေးငွေ) ယူတဲ့ ကိစ္စအပေါ် မတရားဘူးလို့ ပြောတာ
တွေ၊ ငွေတိုးချေးတဲ့ သူဋ္ဌေးတွေ အကြောင်း နေ့စဉ်ပြောနေလို့
အခုလို့ အောက်လမ်းနည်းနဲ့ အတိုက်(ပြုစား)ခံရတာ ဖြစ်နိုင်
ကြောင်း” ၀ိုင်းပြောကြပါတယ်။
ညနေပိုင်းလောက်မှာ ကျနော်တို့ဘကြီး ရွာဦးကျောင်းဖက်ကို
ထွက်သွားပါတယ်။ တစ်နာရီလောက်ကြာတော့ အထုပ်တချို့၊
ရေပုလင်းတချို့နဲ့ ပြန်လည် ရောက်ရှိလာပါတယ်။ သူ့သမက်ဖြစ်တဲ့
အမ ယောက်ျား အပါအ၀င် လယ်စာရင်းဌား(လယ်ယာအလုပ်သမား)
တချို့ကို ဦးဆောင်ပြီး သူ့ခြံထဲကို သွားကြပါတယ်။ အဲဒီနောက် သူ့
အိမ်ရဲ့ အိမ်တိုင်းတွေ အားလုံးဘေးမှာ တရွင်းပြားတွေ ပေါက်တူးတွေ
နဲ့ တူးကြပါတော့တယ်။ အဲဒီနောက် ရွာဦးကျောင်း ယူဆောင်လာ
တဲ့ အထုပ်တွေ ရေပုလင်းတွေထဲကနေ ပစ္စည်းတချို့ကို အိမ်တိုင်
အားလုံးရဲ့ ပတ်ပတ်လည်မှာ လောင်းချကြပါတယ်။ အဲဒီနောက်
ကျနော်တို့ရှိရာ သူ့သမီးအိမ်ဖက်ကို ရောက်လာပြီး ဘော့ပန်တွေ၊
ခဲတံတွေ စာရွက်တွေနဲ့ ဘုရားစာအုပ်ထဲက ဘုရားစာတွေကို ကူးယူ
ပြီး ရေးဖို့ ပြောပါတယ်။ ကျနော်တို့ မောင်နှမတသိုက်က ဘာလုပ်
ဖို့လဲလို့ ၀ိုင်းမေးကြပါတယ်။ ဘကြီး အဖြေက ..
“ဆေးနွားကို အဆိပ်ခတ်မလို့”
အဲဒီနေ့ ညဖက်က စ’ပြီး ဘကြီးခြံနဲ့ အိမ်တို့မှာ ထူးထူးခြားခြား
ဖြစ်စဉ်တွေ ရပ်တန့်သွားပါတယ်။ နောက်တနေ့ မနက်မိုးလင်း
ချိန်မှာ ရွာထဲရှိ ဘကြီးလယ်မှာ အလုပ် လုပ်တဲ့ သီးခစား
လယ်သမားတစ်ယောက် ရောက်လာပါတယ်။ ရွာက ကောင်စီ
ဥက္ကဋ္ဌ ပိုင်ဆိုင်တဲ့ နွားတစ်ကောင် ဒီမနက်မှာ သန်သန်မာမာကနေ
ရုတ်တရက် ပျော့ခွေပြီး လဲကျသေဆုံးသွားကြောင်း ပြောပြ
ပါတယ်။ အဲဒီနောက် ဘကြီးနဲ့ သူ့လယ်သမားတို့ဟာ ဘကြီး
အိမ်ဝန်းဖက်ကို သွားရောက်ကြပါတယ်။ တော်တော်ကြာတော့
ဘကြီးတစ်ယောက် သူ့အိမ်ဝန်းထဲမှာ သစ်ရွက်ခြောက်တွေကို
စုပုံပြီး မီးရှို့နေပါတယ်။ ကျနော်တို့လည်း တဖက်ခြံဝန်းထဲက
နေ ဘာလုပ်နေသလဲလို့ လှမ်းမေးလိုက်တော့ သူက နွားရုပ်လေး
တစ်ရုပ်ကို ထောင်ပြ ပါတယ်။ အဲဒီနောက် သူ့လက်ထဲက အဲဒီနွား
ရုပ်လေးကို မီးပုံထဲကို ထည့်လိုက်ပါတယ်။
နေ့လည်ပိုင်း မရောက်ခင် ရွာဦးကျောင်းရဲ့ ဆွမ်းတန်းဟာ ဘကြီး
တို့ ခြံရှေ့ကနေ ကြွလာပါတယ်။ ဘကြီးက ဆရာတော်ကို သူ့ခြံ
ထဲ ပင့်ဖိတ်သွားပြီး ခဏနေတော့ ဆရာတော် ပြန်ကြွ သွားပါတယ်။
အဲဒီနောက် ခြံရှေ့ကနေ “ငါခြံမှာ ဘာကောင်မှ မရှိတော့ဘူး၊ ဘယ်သူ
ပြောလဲ “ပုဏ္ဍက” တိုက်တယ်လို့၊ မယုံရင်လာကြည့်ကြ ဒီညက စပြီး
ဘာကောင်မှ မရှိတော့ဘူး” လို့ ခြံရှေ့ ဖြတ်သွားသူ မှန်သမျှကို ပြော
ပြနေပါတယ်။ ညနေစောင်း သူ့ခြံထဲမှာ ရွာကလူတွေ တရုံးရုံးနဲ့ စည်း
ကားနေပါတယ်။ လူတွေ ၀င်လိုက် ထွက်လိုက် လာကြည့်နေကြလို့
ကျနော်တို့ ကလေးတသိုက်လည်း ဘကြီးခြံဖက်ကို သွားကြည့်
ကြပါတော့တယ်။ သူ့အိမ်အောက်ထပ် မြေကြီး တနေရာမှာ တွင်းတူး
ထားသလို ဖြစ်နေပါတယ်။ အဲဒါ ဘာဖြစ်လို့လဲ မေးကြည့်တော့
“ဆေးနွား” ကို တူးဖော်လိုက်တဲ့ နေရာလို့ ဘကြီးက ပြောပြပါတယ်။
ဒီလိုနဲ့ ညဖက် အမတို့အိမ်မှာ တည်းခိုနေတဲ့ ကျနော်တို့ မိသားစုထံ
ကို ဘကြီး ရောက်လာပါတယ်။ အဲဒီတော့မှ ကျနော်တို့လည်း သိချင်
တာတွေကို မေးခွင့် ရခဲ့ပါတယ်။
သူ့ခြံကို သူတပါးက အောက်လမ်းနည်းနဲ့ ပြုလုပ်တယ်လို့ သူလည်း
ယူဆ ခဲ့ကြောင်း၊ သူ့အိမ်မှာ လာအိပ်သွားတဲ့ ပရောဂ ကုတဲ့ဆရာတို့
မြင်တွေ့ခဲ့ပုံကို သူ စဉ်းစားကြည့်ပြီး “ဆေးနွား” လို့ ခေါ်တဲ့ ပရောဂ
နည်းနဲ့ လုပ်တာဖြစ်လိမ့်မယ်လို့ သူ ယူဆခဲ့ကြောင်း၊ ဒါကြောင့် ရွာဦး
ဘုန်းကြီးကျောင်းက ဆွမ်းဆန်အနည်းအကျဉ်းကို ဆရာတော်ထံမှ အလှူ
ခံခဲ့သလို ဘုန်းကြီးကျောင်း ဘုရားစင်မှ သောက်တော်ရေ အဟောင်းတွေ
ကို စွန့်ပြီး ပုလင်းထဲ ထည့်ယူလာခဲ့ကြောင်း၊ အဲဒီနောက် အဲဒါတွေကို
အိမ်တိုင်အားလုံးရဲ့ ပတ်ပတ်လည်မှာ မြေကြီးကို နည်းနည်းချင်စီ တူး
ဆွပြီး လောင်းထည့်ခဲ့ကြောင်း၊ သူ့အိမ်အောက်ထပ် အလယ်တစ်နေရာ
မှာ ကောက်ရိုးတွေ စုပုံပြီး ကျနော်တို့ ကူးရေးပေးတဲ့ ဘုရားစာ စာရွက်
တွေကို ကောက်ရိုးပုံမှာ ထည့်ခဲ့ကြောင်း၊ မနက်မိုးလင်းချိန် အဲဒီကောက်ရိုး
တွေ ထားခဲ့တဲ့ နေရာကို ပေါက်တူးနဲ့ တူးကြည့်လိုက်တော့ နှီးနဲ့ ရက်လုပ်
ထားတဲ့ နွားအရုပ်လေး တစ်ခုကို တွေ့ရကြောင်း၊ ဒါနဲ့ မီးဖိုပြီး အဲဒီ နွားရုပ်
လေးကို မီးရှို့ပြစ်ခဲ့ကြောင်း သူက ပြောပြပါတယ်။
ဒါနဲ့ ကျနော်တို့က အဲဒီ ဆေးနွားအကြောင်းကို မေးကြည်တော့ …
ရွာမှာ မီးမဖွားနိုင်လို့ သေဆုံးပြီး အသုဘဖြစ်လာရင် မီးသင်္ဂြိုလ်လေ့
ရှိကြောင်း၊ အဲလိုမီးသင်္ဂြိုလ်တဲ့ အခါ အသုဘရုပ်ကောင်ရဲ့ ခန္ဓာကိုယ်
ကို မြန်မြန် ပြာဖြစ်အောင် ပြုလုပ်ရကြောင်း၊ အဆီပြင်တွေကို ၀ါးနဲ့
ထိုးဖောက်ရကြောင်း၊ အဲဒီ ၀ါးလုံးကို အောက်လမ်းဆရာတွေ အသုံး
ပြုလို့ မရအောင် ရွာဦးကျောင်းမှာ သိမ်းဆည်းလေ့ရှိကြောင်း၊ အဆိုပါ
ဝါးလုံးကို အောက်လမ်းဆရာတချို့က ခိုးယူပြီး နှီး ဖြစ်အောင်
အရင် ယက်ရကြောင်း၊ နှီး ဖြစ်လာတဲ့ အခါ အဲဒီ နှီးနဲ့ နွားရုပ်လေး
တစ်ရုပ်ဖြစ်အောင် ပြုလုပ်ရကြောင်း၊ နွားရုပ်လေး လုပ်ပြီးချိန်မှာ
အသက်သွင်းပေးရကြောင်း၊ တကယ့် နွားအစစ်နဲ့ အတူ လ’ပေါင်း
များစွာ အတူ ထားရကြောင်း၊ အဲဒီနောက် အောက်လမ်းဆရာ
တွေက သူတို့ ဒုက္ခပေးချင်တဲ့ အိမ်တစ်အိမ်ရဲ့ အပြင်ဖက်က
ဖြစ်စေ … အတွင်းထဲ လာပြီး ဖြစ်စေ အဲဒီ နွားရုပ်ကို ပို့ဆောင်
ပေးရကြောင်း၊ ထို့နောက် သူနဲ့ အတူ ရှိခဲ့ဘူးတဲ့ နွားအစစ်ကို လှည်း
တစ်ခုမှာဖြစ်စေ … ငြိမ်ငြိမ်မနေနိုင်အောင် ဖြစ်စေ လုပ်ဆောင်ပေး
ပါက အလားတူ အောက်လမ်းပညာဖြင့် ပြုလုပ်ထားသော ဆေးနွား
လည်း သောင်းကျန်းလေ့ရှိကြောင်း ရှင်းပြပါတယ်။
“ဒါဆို အခု ဒုက္ခပေးနေတဲ့ နွားရုပ်လေးကို မီးရှို့လိုက်ရင်
ပြီးသွာပြီလား ….”
လို့ ကျနော်တို့ မေးအကြည့်မှာ …
ဘကြီးက …
“အဲဒီ ဆေးနွားကို မီးရှို့လိုက်တော့၊ သူနဲ့ အတူ အသက်သွင်း
ရာမှာ အသုံးပြုခံရတဲ့ တကယ့်နွားလည်း သေသွားတယ်ကွ ..”
ဟု ပြန်ဖြေပါတယ်။
ရုတ်တရက် ကျနော်တို့က …
“ဒါဆို မနက်က ကောင်စီ ဥက္ကဋ္ဌအိမ်က နွား သေသွားတယ်
ဆိုတော့ ဥက္ကဋ္ဌက အောက်လမ်းဆရာ လား …”
လို့ မ၀င့်မရဲနဲ့ မေးလိုက်ချိန်မှာ ဘကြီးပါးစပ်က ..
“အင်း …..”

Dec 19, 2009
ရာသီဥတု ညီလာခံသို့ အပိုင်း(၂)
ရေးသူ- စစ်ငြိမ်းဒီရေ
ယခင် အပိုင်း(၁)မှ အဆက် ….
ကျနော်တို့ နှစ်ယောက် ဘတ်စ်ကားပေါ်မှာ နံဘေးချင်း ကပ်လျှက်
အတူတူ စီးနင်းလိုက်ပါ ခဲ့ကြပါတယ်။ တရုတ်လူမျိုးဖြစ်တဲ့ သူက အစိုးရ
NGO မှ ၀န်ထမ်းတစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။ ရာသီဥတု အပြောင်း
အလဲကြောင့် နေမကောင်းဖြစ်ပြီး ညီလာခံဆီသွားဖို့ နောက်ကျရကြောင်း
သူက ဆက်ပြောပါတယ်။ ကျနော့်ကို ဘာလူမျိုးလဲလို့ မေးတော့ … ကျနော်က
ဘားမိ့စ် (Burmese) လို့ ပြောပါတယ်။ အာရှတိုက်ကလားလို့ ထပ်မေးတော့
… ကျနော် မျက်လုံးပြူးပြီး သူ့ကို ကြည့်လိုက်ပါတယ်။
မင်းတို့တရုတ်ပြည်ရဲ့ တောက်ဖက်မှာ ရှိတဲ့ ဗမာပြည်ဆိုတာ မင်း မသိဘူး
လားလို့ ကျနော် ပြန်ပြောလိုက်တော့ … သူက ရယ်ပြီး … ငါတို့ တရုတ်
တွေက ဘားမား(Burma) ကို “မြန် ထီးရမ်” (သူ့ အသံထွက်ကို ကျနော်
မဖမ်းနိုင်ပါ) လို့ ခေါ်ဝေါ်ကြောင်း ပြောပါတယ်။ ဒီလိုနဲ့ မိနစ် (၂၀)လောက်
ကြာတော့ ဘတ်စ်ကားမောင်းတဲ့ ကားသမားက ရှေ့က မှတ်တိုင်အထိသာ
သွားလို့ရမှာ ဖြစ်ကြောင်း မိုက်ကရိုဖုန်းနဲ့ ကြေငြာပါတယ်။ ဘဲလာစင်တာ
ကို သွားချင်တဲ့ ဧည့်သည်တွေအနေနဲ့ ရှေ့မှတ်တိုင်ကနေ ကိုယ့်အစီအစဉ်
ဖြင့် လမ်းလျှောက်ပြီး သွားကြဖို့ ပြောပါတယ်။ ကျနော်အပါအ၀င်
ဘတ်စ်ကားပေါ်က ခရီးသည် (၂၀)ကျော်ခန့်ဟာ ဘတ်စ်ကား ပြန်လှည့်တဲ့
ကားမှတ်တိုင် တစ်ခုမှာ ဆင်းရပါတော့တယ်။
ကားပေါ်က ဆင်းဆင်းချင်း ကိုမြင့်ဝေနဲ့ ကိုမိုက်ကယ်တို့ထံ ကျနော်ဖုန်း
ခေါ်ပါတယ်။ သုံး .. လေးခါအထိ သူတို့ ဖုန်းမကိုင်ကြပါဘူး။ ကျနော့်
လက်ကိုင်ဖုန်းက ဘက်ထရီအား ကုန်တော့မဲ့ အချက်ပြ အသံ ထွက်လာ
ပါတယ်။ ကွိုင်ပဲ …။ နည်းနည်းလေး ကြာတော့ ကိုမိုက်ကယ်က ကျနော့်
ထံ ဖုန်းခေါ်လာပါတယ်။ အခြေအနေတွေ ရှုပ်ထွေးနေကြောင်း၊ ဆန္ဒပြသူ
တွေကို ရဲက လမ်းမတွေပေါ်ကနေ ဖြိုခွဲနေကြောင်း ပြောပြပါတယ်။ မြန်မာ့
အရေး ဆန္ဒပြသူတွေကတော့ ရဲပါမစ် ရယူထားကြောင်း၊ အခြားဆန္ဒပြသူ
တွေနဲ့ မရောထွေးပဲ ပြန်လည်ဆုတ်ခွာပြီး၊ တော်တော်ကြာမှ ပြန်လာကြဖို့
ရဲက မေတ္တာရပ်ခံကြောင်းပါ ပြောပါတယ်။ ကိုမိုက်ကယ်နဲ့ စကားပြောနေရင်
ကိုမြင့်ဝေပါ ကျနော့်ကို လှမ်းပြောပြနေပါတယ်။ Metro မီးရထား ဂုံးကျော်
တံတားနဲ့ ဘဲလာစင်တာတို့ ဆုံတဲ့ နေရာကို မှန်းပြီး လာခဲ့ဖို့ ပြောပါတယ်။

ကျနော်နဲ့ ခရီးသွားမိတ်ဆွေ တရုတ်လူငယ်တို့ စမ်းတ၀ါးဝါးဖြင့် ဘဲလာ
စင်တာဆီ သွားနိုင်မဲ့ လမ်းတွေကို ရှာကြည့်ကြပါတယ်။ ဘတ်စ်ကား
မှတ်တိုင်မှာ ရှိတဲ့ လမ်းညွန်မြေပုံ ဆိုင်းဘုတ်မှာ ရှာကြည့်ပါတယ်။ ကျနော်
တို့ ရောက်နေတဲ့ နေရာနဲ့ ဘဲလာစင်တာကြားမှာ သွားလို့ရမဲ့ လမ်းကို ရှာ
မတွေ့ပါဘူး။ မြေပုံထဲတွင် အဝေးပြေးလမ်းမကြီးကနေ ဘဲလာစင်တာကို
ဝင်လို့ ရကြောင်းပဲ ပြထားပါတယ်။ ကျနော်တို့နှစ်ယောက် စကား
တပြောပြောနဲ့ ရပ်ကွက် လမ်းကြားတစ်ခုထဲကို ၀င်ခဲ့ပါတယ်။ လမ်းကွေ့
တစ်ခုနား အရောက်မှာ လူငယ် (၃၀) ခန့်ကို ရုတ်တရက် တွေ့လိုက်
ရလို့ ကျနော်တို့နှစ်ယောက် ၀မ်းသာသွားပါတယ်။ သူတို့က ဘဲလာ
စင်တာ နံဘေး ဆန္ဒပြပွဲမှ ဆုတ်ခွာလာကြသူတွေ ဖြစ်ပါတယ်။ အဲဒီ
လူငယ်တွေက နိုင်ငံတော်တော် စုံပါတယ်။ အများစုဟာ စပိန်နိုင်ငံက
Environmental engineering ဘာသာရပ်ကို သင်ကြားနေတဲ့
တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေပါ။ ပြင်သစ်၊ ချက်၊ ဟန်ဂေရီ
အစရှိတဲ့ နေရာမျိုးစုံက လာတဲ့ ကျောင်းသားတွေလည်း ပါဝင် ပါတယ်။
သူတို့ထဲရှိ ဆွီဒင်နိုင်ငံမှ လာတဲ့ ကျောင်းသူလေးတစ်ဦးက ကျနော်တို့
နှစ်ယောက်ကို ရာသီဥတု ထိန်းချုပ်ရေးနဲ့ ပက်သက်တဲ့ လက်ကမ်း
စာစောင်တွေ ပေးဝေပါတယ်။
အဲဒီလူငယ်တွေ အားလုံးနီးပါးဟာ ခေတ်ဆန်ဆန် ပုံစံတွေပါ။ ဆံပင်တွေ
ကို အရောင်မျိုးစုံ ဆိုးထားသလို နားမှာလည်း အပေါက်မျိုးစုံ ဖောက်ပြီး
ကွင်းမျိုးစုံ ချိတ်ဆွဲ ထားကြပါတယ်။ သို့ပေမဲ့ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ
မှုကြောင့် အခက်အခဲမျိုးစုံတွေ့ကြုံနေရတဲ့ ကမ္ဘာ့ပြည်သူတွေ အပေါ်
စာနာ သနားတတ်တဲ့ သူတို့ရဲ့ စိတ်ဓါတ်ကတော့ အင်မတန် ချီးကျူး
လေးစားစရာ ကောင်းလှပါတယ်။ အနောက်တိုင်း ယဉ်ကျေးမှုကို အတု
ခိုးပြီး ဆံပင်မှာ အရောင်မျိုးစုံ ဆိုးထားသူတွေ၊ နားမှာ အပေါက်မျိုးစုံ
ဖောက်ထားသူတွေကို ယခင်က ကျနော် တွေ့ဖူးပါတယ်။ သူတို့ရော
ဒီလူငယ်တွေလို ကမ္ဘာမြေကို ချစ်တတ်ကြပါသလား ….။
ကျနော်တို့ နှစ်ယောက် ရှေ့ကို ဆက်လျှောက် ခဲ့ကြပါတယ်။ ကျနော့်
နံဘေးက တရုတ်လူငယ်က … မင်း ဒီဒိန်းမတ်နိုင်ငံမှာ ကျောင်းလာ
တက်နေတာလား … သို့မဟုတ် မစ်ရှင်တစ်ခုက ၀န်ထမ်းလား တဲ့။
ငါ … UNHCR အစီအစဉ်နဲ့ ဒိန်းမတ်ကို ရောက်ခဲ့တာလို့ ကျနော်က
ပြောလိုက်တော့ … သူ့မျက်မှန်အောက်က သူ့မျက်လုံးတွေ နည်းနည်း
ပြူးသွားပါတယ်။ ဆက်ပြီးတော့ …
(တရုတ် NGO လူငယ်) မင်းတို့တိုင်းပြည်မှာ ၂၀၀၈ ခုနှစ်တုန်းက
နာဂစ်မုန်တိုင်းကြောင့် လူတွေ အများကြီး အသက်ဆုံးရှုံးခဲ့ရတယ်နော်။
(ကျနော်) ရာသီဥတု ပြောင်းလဲမှုအကြောင်း ငါ သိပ်မသိဘူး၊ နာဂစ်
မုန်တိုင်းကြောင့် ရေကြီးခဲ့တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသဟာ လက်ရှိ
စစ်အာဏာရှင်အစိုးရ မတိုင်ခင်တုန်းကဆို ဒီရေရောက် သစ်တောတွေ
အများကြီး ရှိခဲ့ဖူးတယ်။ စစ်အစိုးရက ပိုက်ဆံလိုချင်လို့ အဲဒီသစ်တောတွေ
ကို ခုတ်လှဲတယ်။ ပတ်ဝန်းကျင်မှာလည်း အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့
လို စက်မှုဖွံ့ဖြိုးလာတဲ့ တိုင်းပြည်တွေက ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်
ဓါတ်ငွေ့တွေ အများကြီး ငါတို့ တိုင်းပြည် အပေါ်က လေထုထဲမှာ ရှိနေ
မယ်လို့ ငါ ထင်တယ်။ မင်းတို့လို ပတ်ဝန်းကျင်မှာ ရှိတဲ့ တိုင်းပြည်တွေ
ကလည်း လူသား အရင်းအမြစ်အပေါ် အခြေခံပြီး စက်မှုလုပ်ငန်းတွေ
ထူထောင်ပြီး စက်ရုံတွေ တည်ဆောက်ကြတယ်။ ငါတို့ တိုင်းပြည်က
သောက်ရူး စစ်ဗိုလ်ချုပ်တွေကလည်း ပိုက်ဆံလိုချင်လို့ သစ်တောတွေ
ကို ခုတ်လှဲတယ်။ အဲဒီအကျိုးဆက်ကြောင့် အပြစ်မဲ့တဲ့ ငါတို့လူမျိုးတွေ
အများကြီး သေရတာ။
(တရုတ် NGO လူငယ်) ဒါဆို မင်း NGO လုပ်ငန်းကို လုပ်ပါလား …။
(ကျနော်) အဲဒီ NGO လုပ်ငန်းတွေ ကောင်းကောင်းမွန်မွန် ရပ်တည်
နိုင်ဖို့ နိုင်ငံရေး စနစ်တစ်ရပ် အရင် လိုတယ်လို့ ငါတော့ ထင်တယ်။
ဒီလိုနဲ့ ကျနော်တို့ နှစ်ယောက် ဟိုလမ်းကို ချိုးကွေ့ပြီး ၀င်လိုက်၊ ဟိုလမ်း
ကနေ ပြန်ထွက်လိုက်နဲ့ ဘဲလာစင်တာ ရှိရာဆီ သွားခဲ့ကြပါတယ်။
လမ်းထိပ်တစ်ခုကို အရောက်မှာ ကျနော့်နားထဲ လေထဲက ဆူဆူညံ့ညံ့
အသံတစ်ခုကို သတိထားမိလိုက်ပါတယ်။ ရဟတ်ယာဉ် တစ်စီးက လေထဲ
မှာ ရပ်ထားတဲ့ ပုံစံဖြစ်နေပြီး နောက်ထပ် ရဟတ်ယာဉ် နှစ်စီးက နံဘေးမှ
ဝဲနေတာကို တွေ့လိုက်ရပါတယ်။ ကျနော်တို့ရှေ့ မလှမ်းမကမ်းက လမ်းဆုံ
တနေရာမှာ စက်ဘီးနှစ်စီးနဲ့ ဒိန်းမတ်လူမျိုး အဖွားအို နှစ်ဦးကို တွေ့လိုက်
ရပါတယ်။ သူတို့ရဲ့ စက်ဘီးတွေပုံစံက ကလေးမွေးခါစ ကလေးမိဘတွေ
အများဆုံး အသုံးပြုကျတဲ့ စက်ဘီးပုံစံပါ။ ရှေ့မှာ ကလေးငယ်နှစ်ဦးခန့်
ဝင်ထိုင်ပြီး လိုက်ပါနိုင်တဲ့ ဘီးတပ် ရှေ့တွဲလေး တစ်ခု ရှိပါတယ်။ ဒီအဖွားအို
နှစ်ဦးက သူတို့ စက်ဘီးတွေရဲ့ အဲဒီ ရှေ့တွဲထဲမှာ ဆန္ဒပြသူတွေ ဗိုက်ဆာ
ရင် စားဖို့ အားလူးပြုပ်တွေ၊ ပေါင်မုန့်တွေ၊ ထောပတ်ဗူးငယ်တွေ၊ ကော်ဖီ
ဓါတ်ဗူးတွေ၊ တစ်ခါသုံး ကော်ဖီခွက်တွေ အစရှိတာတွေကို သယ်ဆောင်ပြီး
ဆန္ဒပြသမားတွေကို လိုက်လံရှာဖွေ အခမဲ့ ကျွေးမွေး ပြုစုသူတွေပါ။
အဖွားအို နှစ်ဦးစလုံးရဲ့ ဆံပင်တွေဟာ လုံးဝ ဖြူဖွေးနေပါပြီ။ ပါးရည်
တွေ တွန့်နေတဲ့ မျက်နှာပြင်ပေါ်မှာ သူတို့ရဲ့ ကြည်နူးဖွယ် အပြုံးတွေ
တွေ့နေရပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ အသက်အရွယ်အားဖြင့်
(၇၀)ကျော်ခန့် ရှိသူတွေပါ။ ကျနော်တို့ အာရှတိုက်မှာ ဆိုရင် ဒီလို
အသက်အရွယ်ရှိသူတွေဟာ ဘာသာရေး နယ်ပယ်အနီးတ၀ိုက်မှာ
သာ အချိန်ပေးလေ့ ရှိပါတယ်။ ဒီအဖွားအိုတွေက ဘာသာရေးထက်
ကမ္ဘာ့ ရာသီဥတု ပိုမိုသာယာကောင်းမွန်ရေး ဆန္ဒပြသူတွေအပေါ်
ထားတဲ့ စေတနာဟာ တကယ့်ကို ဂုဏ်ယူ လေးစားစရာပါ။

Dec 18, 2009
ရာသီဥတု ညီလာခံသို့ အပိုင်း(၁)
ရေးသူ- စစ်ငြိမ်းဒီရေ
အင်္ဂါနေ့ ညမှာ ရာသီဥတု အခြေအနေကို အင်တာနက်တွင်
ကြည့်လိုက်တော့ နှင်း ကျမယ်ဆိုတာလောက်ပဲ သိခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ (၁၆.၁၂.၂၀၀၉) မနက် အိပ်ယာကထတော့ အိမ်အပြင်
မှာ တော်တော်လေး ဖွေးနေပါပြီ။ ကျနော်တို့မြို့ရှိ ဘူတာရုံကနေ
မနက်(၉)နာရီ ပတ်ဝန်းကျင် ရထားနဲ့ ကီလိုမီတာ (၂၅၀) ကျော်
ဝေးတဲ့ မြို့တော် ကိုပင်ဟေဂင်ဆီ ထွက်ခွာခဲ့ပါတယ်။

ကောလင်း (Kolding) ဘူတာရုံ ရောက်တော့ ဘယ်နိုင်ငံက လူငယ်
တွေလည်း မသိဘူး ကျနော်လိုက်ပါလာတဲ့ ရထားတွဲဆီ တက်ရောက်
လာပါတယ်။ ကောလင်းဘူတာဟာ ဂျာမဏီကနေ ဒိန်းမတ်နိုင်ငံထဲကို
ဝင်လာပြီးရင် မီးရထား လမ်းဆုံးရှိတဲ့ အကြီးဆုံးဘူတာတစ်ခုပါ။ ရထားတွဲ
ပေါ် တက်လာတဲ့ လူငယ်တွေရဲ့ မျက်လုံးဟာ စူးရှ တောက်ပနေပြီး
မိမိကိုယ်ကို မိမိ ယုံကြည်မှု အပြည့်အ၀ရှိမှုကို ဖော်ဆောင်နေပါတယ်။
သူတို့ ပြောနေတဲ့ စကားသံတွေထဲမှာ C.J.A ဆိုတဲ့ စကားလုံးကို ကြားနေ
ရပါတယ်။ သူတို့ပြောနေတဲ့ C.J.A ဆိုတာ ဘယ်လို အရာမျိုးပါလိမ့် ….။
ကျနော်နဲ့ မျက်နှာချင်းဆိုင်ထိုင်ခုံက အသက်ကြီးကြီး ဒိန်းမတ်လူမျိုး
အဖွားအိုတစ်ဦးနဲ့ စကားလက်ဆုံ ကျမိပါတယ်။ သူက ကိုပင်ဟေဂင်
မြို့မှာ နေထိုင်တဲ့ သူ့သမီးတွေဆီ အလည်သက်သက် ခရီးထွက်လာတာ
လို့ ပြောပါတယ်။ ခရစ်စမတ်ကာလကျော်ရင် နှစ်သစ်ကူးပွဲတော် အမှီ
သူနေထိုင်ရာ ကျနော်တို့မြို့ဆီ ပြန်လာမယ်လို့ ဆိုပါတယ်။ ပြီးတော့
ကျနော်ကို မေးပါတော့တယ်။ ဘယ်ကို သွားမလို့လဲတဲ့။ ကျနော်က
ပြောပါတယ် …. ကိုပင်ဟေဂင် … ဆီပေါ့။ အလည်သဘော ခရီးထွက်
လာတာလားလို့ ထပ်မေးတော့ ကျနော်ခေါင်းရမ်းပြလိုက်တယ်။ အဲဒီ
တော့ သူက … နင် ဘဲလာစင်တာ (Bella Center) ကိုသွားမလို့လား
… နင် C.J.A အဖွဲ့ဝင်လားတဲ့။
ဘဲလာစင်တာကို သွားမှာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ C.J.A ဆိုတာ
ကျနော် မသိကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိန်းချုပ်ရေး
ညီလာခံကို လာတက်မဲ့ မြန်မာပြည်က ဦးဥာဏ်ဝင်း ဆိုသူကို ဆန္ဒပြချင်
လို့ သွားမှာ ဖြစ်ကြောင်း သူ့ကို အကြောင်းစုံ ရှင်းပြပါတယ်။ သို့ပေမဲ့
သူမေးတဲ့ C.J.A ကို ကျနော် လုံးဝ မသိကြောင်း ပြောလိုက်တော့ ဒိန်းမတ်
လူမျိုး အဖွားအိုက ဟက်ဟက်ပက်ပက် ရယ်မော ပါတော့တယ်။
သူက ဆက်ပြီးတော့ …
“နင်က နင်တို့ တိုင်းပြည်ကိစ္စအတွက် ခရီးထွက်လာတာပေါ့
… C.J.A အဖွဲ့ဝင်တွေက တကမ္ဘာလုံးအတွက် ကိုပင်ဟေဂင်ဆီ
သွားနေကြတယ် … C.J.A ဆိုတာက Climate Justice Action (CJA)”
C.J.A အကြောင်း လုံးဝ မသိတဲ့ ကျနော့်အား ရထားပေါ်တွင် ရောင်းချ
သော ပုံမှန်ထက် ဈေးကြီးသည့် ကော်ဖီတစ်ခွက်ကို ခရစ်စမတ်လက်ဆောင်
အဖြစ် အဖွားအိုက လက်ဆောင်ပေးသော အခါ …
(ကျနော်) ခရစ်စမတ်လက်ဆောင်အတွက် ကျေးဇူးပါ၊ ခရစ်စမတ်မှာ မိသားစု
နဲ့ ပျော်ရွှင်ပါစေ …
(အဖွားအို) ကျေးဇူးစကားဆိုတဲ့အတွက် ကျေးဇူးပါ၊ ကမ္ဘာ့ ရာသီဥတု
သာယာပါစေလို့ ဆုတောင်းပေးရင် ပိုကျေးဇူးတင်မယ် …
မီးရထားဟာ ကိုပင်ဟေဂင်ဘူတာကြီးသို့ နေ့လည် (၁၂)နာရီထိုးဖို့
မိနစ် အနည်းငယ် အလိုမှာ ဆိုက်ရောက်ခဲ့ပါတယ်။ မီးရထား ဆိုက်ဆိုက်
ချင်းပဲ ဘဲလာစင်တာဆီ ဘယ်လို လာရမလဲလို့ ကိုမြင့်ဝေတို့၊
ကိုမိုက်ကယ်တို့ဆီ ဖုန်းဆက်လိုက်ပါတယ်။ COP 15 Bus နဲ့ ဘူတာကြီး
ရှေ့ Tivoli Garden နံဘေးကနေ စီးနင်းလိုက်ပါခဲ့ဖို့ ပြောကြပါတယ်။
ကားမှတ်တိုင်မှာ အရှေ့လျှောက်လိုက် နောက်ဖက်ပြန်လျှောက်လိုက်နဲ့
COP 15 Bus ကို ရှာကြည့်ပါတယ်။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက်
ကြာတော့ ကားမှတ်တိုင်မှာ လာရပ်တဲ့ ဘတ်စ်ကားတစ်စီးပေါ်က ကား
သမားကို တက်မေးကြည့်ပါတယ်။ ဘဲလာစင်တာကို သွားချင်လို့ပါ၊
ကားသမားက ပြောပါတယ် … နံပါတ် 30 ဘတ်စ်ကို စီးတဲ့၊ ဒုက္ခ ပါပဲ၊
COP 15 လား … 30 Bus လား …. မအူမလည်နဲ့ ရွာလည်တော့မယ်
ထင်တယ် …. ။
ဒါနဲ့ ကားမှတ်တိုင်က တစ်ယောက်ယောက်ကို ထပ်မေးကြည့်ဖို့
စိတ်ကူးလိုက်ပါတယ်။ ကျောင်းသားပုံစံ မျက်မှန်တပ်ထားတဲ့ တရုတ်လိုလို၊
ကိုရီးယားလိုလို လူငယ်တစ်ဦးကို မေးလိုက်ပါတယ်။ ဒိန်းမတ်ဘာသာစကား
နဲ့ နှစ်ခါ၊ သုံးခါလောက် မေးကြည့်တော့ သူ နားလည်ပုံ မရပါဘူး။ အင်္ဂလိပ်လို
မေးလိုက်တော့ သူက အင်္ဂလိပ်လို ပြန်ပြောပါတယ်။ သူလည်း ဘဲလာစင်တာ
ကို သွားမလို့၊ နံပါတ် 30 Bus ကို စောင့်နေတာတဲ့။ ဒါဆိုလည်း 30 Bus ပေါ့။
ဆယ်မိနစ်လောက် ကြာတော့ နံပါတ် 30 ဘတ်စ်ကား ကားမှတ်တိုင်ဆီ
လာနေတာကို တွေ့လိုက်ရပါတယ်။ ဖြစ်ချင်တာဖြစ် ဒီကားပေါ် တက်မယ်ပေါ့။
အဲဒီ နံပါတ် 30 ဘတ်စ်ရဲ့ နဖူးစည်း စာတန်းက 30 ဖြစ်လိုက်၊ COP 15 ကို
ပြောင်းလိုက်နဲ့ … သြော် အခုမှ သဘောပေါက်ပြီး … 30 Bus နဲ့ COP 15 Bus
ဟာ အတူတူပါလား ….။

Dec 9, 2009
ဥရောပရောက် မြန်မာ့အနုပညာ
ရေးသူ- စစ်ငြိမ်းဒီရေ
ဒိန်းမတ်နိုင်ငံ အက်စ်ပီးယားမြို့ (Esbjerg) က လုပ်ငန်းခွင် ကျွမ်းကျင်
မှု သင်တန်းကျောင်း (AMU center)မှ ဒိန်းမတ်လူမျိုး သင်တန်းဆရာတစ်ဦးက
ဒီနေ့ ကျနော့်ကို မေးခွန်းတစ်ခု မေးပါတယ် ....
“မင်း ... မြန်မာလို “က” တတ်သလား” တဲ့
ထုံးစံအတိုင်း ကျနော်ကလည်း ငပိသံဝဲ၀ဲ မတောက်တခေါက် ဒိန်းမတ်စကားနဲ့
“ငါတို့ မြန်မာအက က အရမ်းခက်တယ်ကွ ... ငါ ... ငါ ... မကတတ်ဘူး”
ဒီလို ပြန်ဖြေတော့ မောင်မင်းကြီးသားက ...
“အဲဒီပညာရပ်အကြောင်း ငါ့ကို နည်းနည်းလောက် ရှင်းပြနိုင်လား” ...
ကျနော့်ခေါင်းထဲမှာ (၃၇)မင်း နတ်တွေ တပြိုင်နက်တည်း ၀င်ပူးသလို ခံစား
လိုက်ရပါတယ်။ စိတ်ထဲမှာ “ဒီကောင်ကို ငါဘယ်လို ရွှီးရင် ကောင်းမလဲ .... ”
ပေါ့၊ အဲလို စဉ်းစားနေတုန်း သတင်းခန်းမ နောက်ဖက် ဆရာ၊ ဆရာမတွေ
သီးသန့် နားနေခန်းမှ မြန်မာတေးသံ တချို့ ကြားလိုက်ရပါတယ်။
သင်တန်းဆရာက ကျနော့်ကို သူတို့ နားနေခန်းထဲကို သွားကြည့်ရအောင်လို့
ပြောလာပါတယ်။ ဒါနဲ့ နှစ်ဦးသား သီးသန့် နားနေခန်းထဲ ရောက်တော့ အာပါးပါး
ဒိန်းမတ်လူမျိုး လေးယောက် အင်တာနက်ပေါ်က မြန်မာတီးလုံးနဲ့ အခန်းထဲမှာ
ကို့ရို့ကားယား က နေကြပါတယ်။ ကွန်ပြူတာ မျက်နှာပြင်ကို လှမ်းကြည့်လိုက်
တော့ နော်ဝေးနိုင်ငံ အော်စလို ၂၀၀၉- ခုနှစ် သင်္ကြန်မှာ ကိုသစ်နက်ဆူးတို့
မိသားစု ဖျော်ဖြေတင်ဆက်ထားသော မြန်မာ့အက ဖြစ်နေပါတယ်။
သင်တန်းဆရာက သူ့ညီက နော်ဝေးနိုင်ငံမှာ နေထိုင်လျက်ရှိကြောင်း၊ သူ့ညီ
ပြောပြလို့ ဒီမြန်မာ့သင်္ကြန် ဖျော်ဖြေတင်ဆက်မှုကို သိခဲ့ရကြောင်း ဆိုပါတယ်။
လာမဲ့ ၂၀၁၀ ဧပြီလကျရင် သူ့ညီရှိရာ နော်ဝေးနိုင်ငံကို အလည်သွားပြီး မြန်မာ့
အနုပညာ “အက” ကို သွားရောက်ကြည့်ရူချင်ကြောင်း ပြောပြပါတယ်။ ယခင်က
အာရှယဉ်ကျေးမှုကို သူ့အနေဖြင့် သိပ်သတိ မထားမိကြောင်း၊ အခုလို သပ်သပ်
ရပ်ရပ် လှလှပပ ခမ်းခမ်းနားနား ဖျော်ဖြေတင်ဆက်မှုကို သူ အပါအ၀င် သူ့မိသားစု၊
သူ့မိတ်ဆွေများပါ အထင်ကြီး လေးစားကြောင်း ပြောပြပါတယ်။ ကျနော်လည်း
သူ့ကို မြန်မာ့အနုပညာအပေါ် လေးစားတဲ့အတွက် ကျေးဇူးများစွာ တင်ကြောင်း
ပြောပြီး ကန်တီးန်ဖက်ကို ထွက်ခွာခဲ့ပါတယ်။

Dec 2, 2009
ရွှေတစ်တင်းနဲ့ နေ့ချင်းသေ
ရေးသူ- စစ်ငြိမ်းဒီရေ

တစ်တင်းဆိုတာ …
နို့ဆီဗူး(၈) ဗူးကို တစ်ပြည်လို့ ခေါ်ပြီး၊ (၁၆)ပြည် ထည့်လို့ ၀င်နိုင်တဲ့
တောင်းကို (၁) တင်းဝင်တောင်းလို့ ခေါ်ပါတယ်။
ဒါဆိုရင်
ဒီလိုဆိုရင်
အဲဒီ (၁)တင်းဝင် တောင်းနဲ့ ရွှေအပြည်ပေါ့ဗျာ …. ။
လွန်ခဲ့တဲ့ တစ်လလောက်က မွေးရပ်မြေရှိ ငယ်သူငယ်ချင်းတွေဆီ
ဖုန်းဆက်ဖြစ်ပါတယ်။ ဖုန်းထဲ အာလာပ သလာပတွေ ပြောရင်း ဆိုရင်း
ကနေ အမျိုးသမီးတစ်ဦးသေဆုံးတဲ့ ကိစ္စတစ်ခုကို ရောက်ပါလေရော။
ကန်ထရိုက်တိုက်တစ်ခုက အခန်းတစ်ခုထဲမှာ အမျိုးသမီးငယ် တစ်ဦး
သေဆုံးလို့ ရက်အတန်ကြာမှ အပုတ်နံ့တွေ ထွက်လာပြီး ရပ်ကွက်က
သိခဲ့ရတယ်တဲ့။ သေဆုံးတဲ့ အမျိုးသမီးလေးက နယ်စပ်အထူးဒေသ
အ၀ယ်တော်တစ်ဦးရဲ့ ဒုတိယလား … တတိယလား … လား …. လား။
“လား” ပေါင်းများစွာနဲ့ အရပ်ထဲ ဆိုကြပါတယ်။ နယ်စပ်မှာ တိုက်ပွဲတွေ
ဖြစ်တော့ အထူးဒေသ အ၀ယ်တော်လည်း အရင်ကလို တန်ခိုးအာဏာ
တွေ ကွယ်ပျောက်ပြီး ကြက်ပျောက် ဌက်ပျောက် အပြေး ကျန်ခဲ့တဲ့
တရုတ်လိုလို … ၁/၂ တရုတ်လိုလို အမျိုးသမီး ခင်မြာ တိုက်ခန်းအတွင်း
နေမကောင်းဖြစ်ပြီး လူမသိ သူမသိ သေဆုံးရတယ်လို့ အားလုံးက မှတ်ချက်
ပေးပါတယ်။ လွန်ခဲ့သော ၁၉၄၅ ခုနှစ် သမိုင်းစာမျက်နှာက သင်္ကြန်သံချပ်
တွေမှာ သုံးလေ့ ရှိတဲ့ “မစ္စတာကြီး ဂျပန်ပြန်၊ စိန်ကြည် ဗိုက်တစ်လုံးနဲ့ ကျန်”
ဆိုသော စကားဟာ ခုထိ မကွယ်ပျောက်သေးဘူးလို့ ငယ်သူငယ်ချင်းများက
ဆိုပါတယ်။
မြန်မာပြည်နဲ့ မနီးမဝေး တိုင်းပြည်တစ်ခုကို ရောက်နေတဲ့ ညီမအရွယ်
မိန်းကလေးတစ်ဦးကို ကျနော်တို့လင်မယားက အိမ်ထောင် မပြု
သေးဘူးလားလို့ တယ်လီဖုန်းထဲတွင် မကြာခဏ စနောက်လေ့ရှိပါတယ်။
သူမက ….
“ရွှေတစ်တင်းနဲ့ နေ့ချင်း သေမဲ့လူ” ကို ရှာဖွေနေကြောင်း ရယ်မောစရာ
အဖြစ် ပြန်ပြောပါတယ်။
ရွှေက တစ်တင်းလည်း ရှိရအုံးမယ် …
လက်ထပ်စာချုပ် လက်မှတ်ထိုးပြီးတာနဲ့ မင်္ဂလာ ရေခဲမုန့်
ခွံ့ကျွေးအပြီး သတို့သား ခင်မြာ သေပေးရမယ် …
အင်း ….
ရွှေတွေက ရွှေမရှိလို့ ရွှေရှာနေရပါလား ….
(ဤမျှသာ။)

Nov 22, 2009
UNHCR အစီအစဉ်နဲ့ ဒိန်းမတ်ရောက်ရင်
ရေးသူ- စစ်ငြိမ်းဒီရေ
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)
အစီအစဉ်နဲ့ ဒိန်းမတ်နိုင်ငံသို့ လာရောက်မည့် ဒုက္ခသည်များ
သိစေရန် အကြံပြုအပ်ပါသည်။
ဒိန်းမတ် နိုင်ငံသည် နှစ်စဉ် ဒုက္ခသည်အသစ် (၅၀၀) နီးပါးကို လက်ခံ
နေထိုင်ခွင့်ပြုသော နိုင်ငံတစ်ခု ဖြစ်ပါသည်။ လက်ရှိ ဒိန်းမတ်နိုင်ငံတွင်
အစိုးရအဖြစ် အာဏာရနေသော လစ်ဗရယ်(Venstre ဒိန်းမတ်လို ဗင်းစတာ)
ပါတီသည် ဒိန်းမတ် ပါလီမန်တွင် ၎င်းတို့ အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက်
ညွှန့်ပေါင်းမဟာမိတ်ပါတီ အစုအဖွဲ့ကို ဖွဲ့စည်းထားပါသည်။ ၎င်းတို့၏
အစုအဖွဲ့တွင် အစွန်းရောက် အမျိုးသားရေး ပါတီ တစ်ခုဖြစ်သော
ဒိန်းမတ် ပြည်သူ့ ပါတီ (Dansk Folkeparti ဒိန်းမတ်လို ဒန့်စ်ဖရော့ပါတီ)
နဲ့ မဟာမိတ် ပြုထားပါသည်။ ထို ဒိန်းမတ်ပြည်သူ့ပါတီသည် ပြည်ပမှ
ပြောင်းရွေ့ ၀င်ရောက်လာသော နိုင်ငံခြားသားများအား လုံးဝရွံရှာမုန်းတီး
သော ပါတီတစ်ခု ဖြစ်ပါသည်။ ဒိန်းမတ်နိုင်ငံအတွင်း လွန်ခဲ့သော နှစ်ပေါင်း
များစွာ ကတည်းက ဒုက္ခသည်အဖြစ် နေထိုင်လျက်ရှိသော အီရန်၊
အီရတ် လူမျိုးများက ထို “Dansk Folke(ဒန့်စ်ဖရော့)” ပါတီအား “နာဇီ”
ပါတီဟု ခေါ်ဝေါ် ကြပါသည်။
ဒိန်းမတ်နိုင်ငံသို့ UNHCR အစီအစဉ်ဖြင့် ပြောင်းရွေ့ အခြေချနေထိုင်ခွင့်
ရသော ဒုက္ခသည်များသည် ဒိန်းမတ်- ဒုက္ခသည်များဆိုင်ရာ ၀န်ကြီးဌာန၏
စီစဉ်ပေးမှုအောက်တွင် ရွေးချယ်ခွင့်မရဘဲ ၎င်းတို့စီစဉ်ပေးသော ဒေသများ
တွင် သုံးနှစ်ပြည့်အောင် နေထိုင်ရပါသည်။
ယင်းသို့ နေထိုင်ရာတွင် မိမိတို့ နေထိုင်ခွင့်ရသော ဒေသ၏ အုပ်ချုပ်
ရေး ကောင်စီ၊ ဒိန်းမတ်ပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်
အရွေးခံနေရသူတို့နှင့် စပ်လျဉ်းသော နိုင်ငံရေး ပါတီကို တတ်နိုင်သရွေ့
စုံစမ်းမေးမြန်းသင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဒိန်းမတ်နိုင်ငံအတွင်း
သို့ ဒုက္ခသည်အဖြစ် ရွေ့ပြောင်းလာသူများအကြား ပညာသင်ကြားခွင့်၊
လူမှုဖူလုံရေး အကူအညီ အထောက်အပံ့များနှင့် ပက်သက်ပြီး ခံစားခွင့်
များ ကွာဟနေမှုသည် ယခုအခါ ဆွေးနွေးငြင်းခုန်ရသည့်အထိ ဖြစ်ပေါ်နေ
ပါသည်။
“ဆိုရှယ်ဒီမိုကရက်တစ် ပါတီ (Socialdemokratiet )” ကို ကိုယ်စားပြုသော
ဒေသဆိုင်ရာ အုပ်ချုပ်ရေးကောင်စီနှင့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စား
ပြု လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်နိုင်သည့် ဒေသများ
တွင် နေထိုင်ခွင့်ရသော UNHCR ဒုက္ခသည်များသည် ကံ အကောင်းဆုံးဟု
ဆိုနိုင်ပါသည်။ သို့မဟုတ်ပဲ “လစ်ဗရယ် (Venstre)” ပါတီ ကိုယ်စားလှယ်
ကိုသာ ကိုယ်စားပြုထားသော ဒေသများတွင် နေထိုင်ခွင့်ရမည့် UNHCR
ဒုက္ခသည်များသည် ကံ သိပ်မကောင်းဟု ဆိုနိုင်ပါသည်။
ထို့ကြောင့် UNHCR အစီအစဉ်ဖြင့် ဒိန်းမတ်နိုင်ငံအတွင်းသို့ ရွေ့ပြောင်း
အခြေချ လာမည့်သူများအနေဖြင့် သက်ဆိုင်ရာ ဒိန်းမတ်သံရုံး အင်တာဗျူး
များတွင် မိမိတို့ နေထိုင်ရမည့် ဒေသများအလိုက် ဒုက္ခသည်ဆိုင်ရာ အစီအစဉ်
ပုံစံများ၊ အထက်တွင် ဖော်ပြခဲ့သော ဒေသဆိုင်ရာ အုပ်ချုပ်ရေးကောင်စီတွင်
အာဏာရနေဆဲ ပါတီအမျိုးအစားများအကြောင်း စုံစမ်းမေးမြန်းသင့်ပါသည်။
“သေချင်တဲ့ ကျား တောပြောင်း” ဆိုတဲ့ အဖြစ်မျိုးမှ ကင်းဝေး ကြပါစေ။

Nov 14, 2009
ဂျာမဏီသို့ ဈေးသွားဝယ်လျှင် သတိထားပါ
ရေးသူ- စစ်ငြိမ်းဒီရေ
ဒိန်းမတ်နိုင်ငံတွင် ကုန်ပစ္စည်းများအပေါ် အခွန် 25% ကောက်ခံ၍
ဂျာမဏီတွင် ကုန်ပစ္စည်းအပေါ် အခွန် 19% သာ ကောက်ခံလေ့ရှိ
သည်။ ယခုရက်ပိုင်းအတွင်း ခရစ်စမတ် အကြိုကာလ အတွက် ဒိန်းမတ်နိုင်ငံ
တွင် နေထိုင်နေသူ အများအပြားသည် ဒိန်းမတ်နိုင်ငံထက် ဈေးသက်သာ
သော ဂျာမဏီနိုင်ငံသို့ ဈေးဝယ်ထွက်လေ့ ရှိသည်။
ဒိန်းမတ်နိုင်ငံတွင် နေထိုင်သူများ အနေဖြင့် ဒိန်းမတ်- ဂျာမဏီ နှစ်နိုင်ငံ
နယ်စပ်သို့ ဈေးသွားဝယ်မည်ဆိုလျှင် Passport သို့မဟုတ်
Travel Document များ ယူသွားကြပါ။ ဂျာမဏီသို့ အ၀င်တွင် ဂျာမန်ရဲများ
စစ်ဆေးသလို ဂျာမဏီမှ ဈေးဝယ်ပြီး ပြန်လာလျှင် High way သို့ မဆင်းခင်
ဓါတ်ဆီဆိုင်နံဘေး မရောက်တရောက်၌ ဒိန်းမတ် ရဲနှင့် အကောက်ခွန် ၀န်ထမ်းများ
စစ်ဆေးနေပါသည်။ လူတစ်ဦး သို့မဟုတ် မိသားစု တစ်စုသည် ဆန်အိတ်
အများအပြား၊ ဘီယာနှင့် အအေးကဒ် အများအပြား သယ်ဆောင်လာပါက
ဒဏ်ရိုက်ခံရမည် ဖြစ်ပါသည်။

(နယ်စပ်တွင် စစ်ဆေးနေသော ဂျာမန်ရဲများ။)

(ဒိန်းမတ်- ဂျာမဏီနယ်စပ်အနီး ဂျာမဏီနိုင်ငံအတွင်း၌
တည်ရှိသော အာရှ ဈေးဆိုင် လိပ်စာများ)
တည်ရှိသော အာရှ ဈေးဆိုင် လိပ်စာများ)

Oct 23, 2009
ကျွန်တော်သိခဲ့သော တရားစီရင်ရေး စနစ်
ရေးသူ- စစ်ငြိမ်းဒီရေ

(၂၂.၁၀.၂၀၀၉) ကြာသာပတေးနေ့ ညဖက် BBC မြန်မာဌာန၏ ခေတ်
အမြင် ခေတ်အရေး ဆွေးနွေးခန်းတွင် ကျနော် ပါဝင် ဆွေးနွေးခဲ့သော
အချက်အလက်များကို ပြန်လည် တင်ပြပါသည်။ (စာရေးသူ)
…… ….. …
အများပြည်သူအတွက် မြန်မာ့တရားစီရင်ရေး စနစ်
ကျနော့် အမြင်ကတော့ မြန်မာနိုင်ငံမှာ တရားစီရင်ရေး စနစ်နဲ့ ပက်သက်ပြီး
ကျနော်တို့ တိုင်းပြည်က ပြည်သူတွေသည် တရား ဥပဒေရဲ့ အပြစ်ပေးတာကိုဘဲ
ခံယူနေရပါတယ်။ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်ခြင်းကို လုံးဝ မခံစားရပါ
ဘူး။ တရားဥပဒေကြောင့် ပြည်သူတွေရဲ့ ဘ၀ နစ်မွန်းတာတွေ အများကြီးရှိပါတယ်။
ဒီလိုဖြစ်ရပ်တွေနဲ့ ပက်သက်ပြီး ကျနော့်ဘ၀ အတွေ့အကြုံတချို့ကို ပြောပြပါ့မယ်။
၁၉၉၀ ခုနှစ်မှာ နိုင်ငံရေး အကျဉ်းသားအနေနဲ့ ကျနော် အင်းစိန်တွဲဖက်ထောင်ကို
ရောက်ခဲ့ပါတယ်။ အင်းစိန်တွဲဖက်ထောင် ကျနော်တို့ အခန်းတွေရဲ့အပေါ်ထပ်မှာ ထိုင်း
နိုင်ငံက “ငါး” လာခိုးပြီး အဖမ်းခံရတဲ့ ထိုင်းလှေသားတွေ ရှိပါတယ်။ အဖမ်းခံရတဲ့
သူတို့ထဲမှာလည်း တခါတလေကြရင် ဗမာလူမျိုးတွေ ပါဝင်တတ်ပါတယ်။ အဲဒီမှာ
တနေ့ကြတော့ လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူ့ အမည်က “ကိုထွန်းအေး”
လို့ ခေါ်ပါတယ်။ အဲဒီအချိန်က အင်းစိန်တွဲဖက်ထောင်ထဲမှာ ကျနော် အပါအ၀င် အမိန့်
မချရသေးတဲ့ အခြေခံပညာ ကျောင်းသားတွေ အများကြီး ရှိပါတယ်။ ကျနော်တို့က
ရေချိုး ရမယ့်အချိန်မှာ ကိုယ့်ထမင်းစား ပန်းကန်နဲ့ ရေချိုး ရပါတယ်။ အဲလို ရေချိုး
ချိန်မှာ “ရေ” ဘယ်နှစ်ခွက် ခပ်ဖို့ “တစ်၊နှစ်၊သုံး၊လေး” ရေတွက်တယ်၊ နေ့လည်စာနဲ့
ညစာကို လိုက်ဝေပေးတဲ့ အလုပ်ကို ကိုထွန်းအေး က လုပ်ရပါတယ်။
ကိုထွန်းအေးက လူသတ်မှုကို ကျူးလွန်ခဲ့သူ ပါ။ သူ့အမှုက တော်တော်လေး
ဟိုးလေးတကျော်ကျော်ဖြစ်ပြီး သူ့ကို “ပဲခူးထောင်” မှာလည်း ထားလို့မရ၊
အင်းစိန်ထောင်ရဲ့ “Main Jail” မှာလည်း ထားလို့မရ၊ သူ့ကို ကျနော်တို့ အင်းစိန်
တွဲဖက်ထောင်ရဲ့ အပေါ်ထပ်မှာ ရှိတဲ့ ထိုင်းလှေသားတွေထဲမှာ လာထားပါတယ်။
ထိုင်းနိုင်ငံသားတွေနဲ့ အတူတူ နေခိုင်းပါတယ်။ သူ့အမှုက ဘယ်လို ဖြစ်သလဲ
ဆိုတော့ ပဲခူးမြို့နယ် အမှတ်(၁) တရားရုံးမှာ ၁၉၉၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အမှုပါ။
သူက ပဲခူးမြို့နယ် ဈေးထဲ လူမြင်ကွင်းရှေ့တွင် ၁၉၈၈ ခုနှစ်တွင် မြန်မာပြည်၌
ထွက်ခဲ့သော “ချဲ ဂဏန်း” “၉၁၆” ဆိုတဲ့ ချဲဂဏန်းကို ချဲပေါက်ပြီး အလျော် (ပိုက်ဆံ)
မရ ခဲ့ပါဘူး။ ၁၉၉၀ ခုနှစ်မှာ ကိုထွန်းအေးက သူ့ကို ပိုက်ဆံ မပေးလျော်ခဲ့တဲ့ ချဲဒိုင်ကို
သူကိုယ်တိုင် လူမြင်ကွင်းမှာ သတ်ခဲ့ပါတယ်။ သတ်လည်း သတ်ရော အဲဒီအမှုက
ပဲခူးမြို့နယ် အမှတ်(၁) တရားရုံးကို ရောက်သွားပါတယ်။
ပဲခူးမြို့နယ် အမှတ်(၁) တရားရုံးက တရားသူကြီးက ကိုထွန်းအေးကို လူသတ်မှုနဲ့
ပက်သက်ပြီး တရားခွင်မှာ ထောင် (၃) နှစ် အပြစ်ပေးပါတယ်။ အဲလိုပုံစံ တရားသူကြီး
က ဆုံးဖြတ်တော့ တရားလို (အသတ်ခံရတဲ့ဖက်) က “လူတစ်ယောက်လုံး လူမြင်ကွင်း
ရှေ့မှာ အသတ်ခံရတာကို ထောင်(၃) နှစ်ဘဲ အပြစ်ပေးပါလား” ဆိုပြီး စောဒက တက်
ပါတယ်။ အဲလိုလည်း စောဒကတက်တော့ ကိုထွန်းအေး ကျနော်တို့ကို ပြောပြတာက
သူ့ကို တရားရုံးထဲကနေ ရဲက လက်ထိပ်နဲ့ ထုတ်သွားလို့ ရုံးအပြင်ကို ရောက်နေပါပြီ။
တရားသူကြီးက ဘာလုပ်သလဲ ဆိုတော့ ရဲ ကို လှမ်းပြောပါတယ်။ အဲဒီ တရားခံကို
ပြန်ခေါ်ခဲ့ဆိုပြီး ခေါ်ခိုင်းပါတယ်။ ပြီးတော့ ငါ အမိန့်ချထားတာကို ပြန် ပြင်တယ်။
“အဲဒီတရားခံကို အမှုမှ ကွင်းလုံးကျွတ် လွှတ်စေ” လို့ အမိန့်ကို ပြန်ပြင်ပြီး ချမှတ်
လိုက်ပါတယ်။ အဲဒီတော့ ပဲခူးတိုင်း တရားရုံးဝင်းထဲမှာ ရှိတဲ့လူတွေ ရုတ်ရုတ်
သဲသဲ ဖြစ်သွားပါတယ်။ အမိန့်ချတဲ့ တရားရုံးခန်းရှိရာကို လူတွေ အများကြီး
ပြေးလာပြီး ကြည့်ကြပါတယ်။ ပြီးတော့ လူတွေက ဒါ မတရားဘူး ဘာဖြစ်သင့်
တယ် ဘယ်လိုဖြစ်သင့်တယ်ဆိုပြီး မကြားတကြား ပြောဆိုကြပါတယ်။ အဲဒီ
အချိန်မှာ ကိုထွန်းအေးက လက်ထိပ်ကလည်း ပြုတ်သွားပြီ အမှုကနေ ကွင်းလုံး
ကျွတ်လည်း လွှတ်သွားပါပြီ။ ဒါနဲ့ ကိုထွန်းအေးက သူ့ကို လွှတ်ပေးတဲ့ တရား
သူကြီး ကို ထိုင်ရှစ်ခိုး ပါတယ်။ ထိုင်လည်း ထိုင်ရှစ်ခိုးတော့ တရားသူကြီးက ဘာ
လုပ်လိုက်သလဲ ဆိုတော့ သူ့ကို ထိုင်ရှစ်ခိုးတဲ့ ကိုထွန်းအေးကို “ကိုထွန်းအေးဟာ
တရားရုံး ကို ပမာမခန့် ပြုတယ်” ဆိုပြီးတော် ထောင် (၆) လ အပြစ်ပေးလိုက်
ပါတယ်။ အဲဒီ ကိုထွန်းအေးကို အင်းစိန်တွဲဖက်ထောင်မှာ ကျနော်ကိုယ်တိုင်
တွေ့ခဲ့ သိခဲ့တာပါ။
(မှတ်ချက်။ ။ ကိုထွန်းအေး သူ့အကြောင်း ပြောပြခါစတွင် သူ့စကားကို ကျနော်
တို့ မယုံကြည်ခဲ့ပါဘူး၊ အဲဒီအချိန်တုန်းက ထောင်ထဲရောက်နေတဲ့ ကျနော်တို့
အ.က.သ တွေထဲမှာ အင်းစိန်ထောင် ၀န်ထမ်းတစ်ဦးရဲ့ တူတော်စပ်သူ တစ်ဦး
ပါဝင်ပါတယ်။ သူ့ဆီကို သူ့ ဦးလေး ထောင်ဝန်ထမ်းက ထောင်ထဲမှာ လာလာ တွေ့
ပါတယ်။ ကျနော်တို့ကို အကျဉ်းထောင်ဝန်ထမ်း ဖြစ်တဲ့ ဦးလေးကြီးက ပြောပြမှ
ကိုထွန်းအေး ဖြစ်စဉ်ကို ကျနော်တို့ လက်ခံခဲ့တာပါ။ ထောင်ဝါဒါတွေကြားမှာလည်း
သူ့သတင်းက ဟိုလေးတကျော်ကျော် ပါ။ ကိုထွန်းအေးတို့ မိသားစုက အရမ်းဆင်းရဲ
ပါတယ်။ ပဲခူးဈေးလေးရဲ့ အစွန်းမှာရှိတဲ့ ဈေးတဲ အဟောင်းလေး တစ်ခုကို အိမ်ပုံစံ
လုပ်ပြီ နေရတဲ့ မိသားစုပါ။ သူ ထောင်ကျနေချိန်မှာ သူ့ကို ထောင်ဝင်စာ လာ မတွေ့
နိုင် ပါဘူး။ ဒါကြောင့် ကိုထွန်းအေးက ကျနော်တို့ အ.က.သ ကျောင်းသားတွေရဲ့
အင်္ကျီတွေ လျှော်ဖွတ်ပေးတာတို့ ဘာတို့ လုပ်ပေးပြီး ကျနော်တို့ ထောင်ဝင်စာမှာ
မိသားစုဆီက ရလာတဲ့ ငါးပိကျော် ငါးခြောက်ကျော်တို့ လာကပ်စားရတဲ့ အကျဉ်း
သား တစ်ဦးပါ။ ဒီအကြောင်းကို BBC ဆွေးနွေးခန်းမှာ ကျနော် ထည့်မပြောခဲ့ပါဘူး။)
ပြီးတော့ တရားစီရင်ရေးနဲ့ ပက်သက်ပြီး လူတစ်ယောက် တွေ့ခဲ့ဖူးပါတယ်။
သူက ဗဟန်းမြို့နယ် တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ “တိုင်းပြည်
က နုနု မုန်တိုင်းက ထန်ထန်” စာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာ မြတ်ထန်
တင်မောင်ရဲ့သား ဦးဗညားတင်မောင် ပါ။ ၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်မှာ စစ်ထောက်
လှမ်းရေးက အခြေခံပညာကျောင်းသားတွေကို ဖမ်းပြီး တရားရုံးတင်ပါတယ်။
အခြေခံပညာကျောင်းသားတွေက အသက် (၁၈- နှစ်) မပြည့်သေးတဲ့ သူတွေပါ။
ကျနော်မှတ်မိသလောက်တော့ တရားသူကြီး ဦးဗညားတင်မောင်က သူ့တရားရုံး
ကိုရောက်လာတဲ့ ကျောင်းသားတွေထဲက (၁၀) ယောက်ကျော် နီးပါးကို ခံဝန်နဲ့
လွှတ်ပေးခဲ့ပါတယ်။ အဲဒီလို ကျောင်းသားတွေဖက်က ရပ်တည်ပြီး သက်ညှာခဲ့တဲ့
ဦးဗညားတင်မောင် ကို နောက်ပိုင်းမှာ စစ်စိုးရက (forced to retire) ဇွတ်အတင်း
ပင်စင် ပေးခဲ့ပါတယ်။
ဒီကိစ္စတွေက ကျနော်ကိုယ်တိုင် တွေ့ကြုံခဲ့တဲ့ တရားစီရင်ရေးနဲ့ ပက်သက်တဲ့
အတွေ့အကြုံတွေ ပြန်ပြောပြတာပါ။ ကျနော်တို့ တိုင်းပြည်မှာ တရားစီရင်ရေးစနစ်
ဆိုတာ လုံးဝ မရှိပါဘူး။ ကျနော် မြန်မာပြည်က အသက် (၂၇) နှစ်မှာ ထွက်လာခဲ့
ပါတယ်။ ကျနော် သိသလောက်ကတော့ မြန်မာပြည်က တရားဥပဒေဆိုတာ ပြည်သူ
တွေကို ကာကွယ်စောင့်ရှောက်တာ မဟုတ်ဘဲ အပြစ်ပေးနေတဲ့ အရာလိုပဲ သိထားပါတယ်။

Oct 17, 2009
(၂၇.၃.၁၉၈၉)နေ့ သို့မဟုတ် မှော်ဆရာနှင့် ကြွေအံကစားခြင်း (၃)
ရေးသူ- စစ်ငြိမ်းဒီရေ

ယခင် အပိုင်း(၂)မှ အဆက် …
ကျနော်တို့အားလုံး အစိတ်စိတ်အမြွာမြွာ ပုံသဏ္ဌာန် ကွဲထွက်သွားပါတယ်။
တချို့လည်း ကန်ဘဲ့ သံလမ်းဖက်ကို ပြေးတယ်၊ တချို့လည်း ကန်ဘဲ့ဈေးနဲ့
ဘူတာရုံဖက်ကို ပြေးတယ်၊ တချို့လည်း ကျောက်ကုန်း ကုန်းပေါ်တက်တဲ့ ကား
လမ်းမကြီးအတိုင်း တက်ပြေးကြတယ်။ ကျနော်အပါအ၀င် ကျောင်းသား လေး
ငါးယောက်က ကျောက်ကုန်းက လမ်းသွယ်တွေထဲ ၀င်ပြေးခဲ့ကြပါတယ်။
သေနတ်သံကြောင့် အိမ်တိုင်းလိုလို ခြံတိုင်းလိုလိုက လူတွေ အိမ်ပေါက်ဝ ခြံပေါက်
ဝတွေမှာ ထွက်ကြည့်နေကြပါတယ်။ ကျနော့်သူငယ်ချင်း က ကျောပိုးအိတ်တစ်ခု
နဲ့ပါ။ ဒါနဲ့ သူ့ကို အရေးထဲဆို ဒီကျောပိုးအိတ်ကြီးက ဘာတွေထည့်ထားလဲလို့ မေး
လိုက်တော့မှ အိတ်ထဲမှာ အ.က.သ (B.E.S.U) ရဲ့ ရင်ထိုးတံဆိပ်တွေ အထုပ်လိုက်
ပါလာကြောင်း သိရပါတယ်။ အဖမ်းခံရရင်တော့ သက်သေခံပစ္စည်း အပြည်အစုံနဲ့ပေါ့
လို့ ပြောရင်း ပြေးနေရပါတယ်။ ကျောက်ကုန်း ခရစ်ယာန် R.C ဘုရားကျောင်းရှိရာ
လမ်းနဲ့ ကပ်လျက် လမ်းထဲ အရောက် ပြေးရတာ အရမ်းမောလို့ ခဏအမောဖြေ မိ
ပါတယ်။ ကျနော်တို့ အမောဖြေနေတဲ့ လမ်းထဲက သက်တူရွယ်တူ လူငယ်တချို့
ကျနော်တို့ နံဘေးကို ရောက်လာပါတယ်။ ရန်ကင်း စာတိုက်မှတ်တိုင်၊ မိုးကောင်းဘုရား
ကားမှတ်တိုင် တွေမှာ စစ်ကားတွေ (တီအီး 11) အများအပြား ရောက်နေပြီလို့ သိရ
ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ကြာကြာ မနေသင့်ဘူးလို့ ဒေသခံ လူငယ်တွေက
အကြံပေး ပါတယ်။
ဒီလိုနဲ့ ကျနော်တို့ အ.က.သ ကျောင်းသားငယ် ငါးဦးတို့သည် ရန်ကင်း အ.ထ.က
(၁)ရှေ့မှာ ရှိတဲ့ “ဆယ်နှစ်လုံးတန်း ကားမှတ်တိုင်” ရှိရာဆီ ရောက်ခဲ့ပါတယ်။ ကား
မှတ်တိုင်မှာ ကားစောင့်နေတဲ့ လူအများစုကလည်း စလင်းဘတ်အိတ်တွေနဲ့ ဆိုတော့
ကျနော်တို့ အုပ်စုလည်း ကားမှတ်တိုင်ဆီသွားဖို့ စိတ်ထဲမှာ ချီတုံချတုံပါ။ ဖြစ်ချင်ရာဖြစ်
ဆိုပြီ ၁၂-လုံးတန်းမီးပွိုင့်နံဘေးမှာ မီးနီကြောင့် ရပ်နေရတဲ့ ဘတ်စ်ကားတစ်စီးပေါ်
ပြေးတက်ခဲ့ပါတယ်။ ကားပေါ်ရောက်တော့ မထင်မှတ်ဘဲ စောစောက လူစုကွဲသွားတဲ့
အ.က.သ က ကျောင်းသားတွေနဲ့ ပြန်တွေ့ရတယ်။ သူတို့လည်း ဘယ်သူ ထိသွားတယ်၊
ဘယ်သူ မိသွားတယ် စသဖြင့် ပြောပြပါတယ်။ (ကျနော်မှတ်မိသလောက် သေနတ်ထိ
သွားတဲ့ ကျောင်းသားအမည်က ပျံလွှားလို့ ခေါ်ပြီး တာမွေမြို့နယ် အ.က.သ လို့
ထင်ပါတယ်၊ သိပ်မကျိန်းသေပါ။) ဒါနဲ့ ဘာဆက်လုပ်ကြမလဲလို့ မေးကြည့်တော့
ဗဟန်းမြို့နယ် ၀င်္ကဘာလမ်းမှာရှိတဲ့ ဒီ/ငြိမ်း (ဦးနုရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အဖွဲ့
ချုပ် ပါတီ) က လုပ်တဲ့ “တော်လှန်ရေးနေ့” အခမ်းအနားမှာ လူထပ်စုမယ်လို့ သိရ
ပါတယ်။
ရွှေတိဂုံဘုရားအနီး “သုံးလမ်းမှတ်တိုင်” မှာ ဆင်းပြီး လူစုခွဲ၍ ဗဟန်းမြို့နယ်၊ ၀င်္ကဘာ
လမ်းထဲမှာ ရှိတဲ့ ဒီ/ငြိမ်း ခြံထဲကို ကျနော်တို့ ရောက်ခဲ့ပါတယ်။ ကျနော်တို့ အုပ်စု
ကန်တော်ကြီးဘက်ကနေ ၀င်္ကဘာလမ်းထဲကို ၀င်တဲ့ အချိန်ထိ အဲဒီနားမှာ စစ်တပ်
အရိပ်အရောင် ဘာမျှ မတွေ့ရပါဘူး။ ကျနော်တို့ အ.က.သ တွေ ရန်ကင်းမြို့နယ်
ကနေ ဗဟန်း ၀င်္ကဘာလမ်းရှိ ဒီ/ငြိမ်း ခြံထဲကို နှစ်ယောက် တစ်အုပ်စု၊ သုံးယောက်
တစ်အုပ်စုနဲ့ တဖြည်းဖြည်းချင်း ရောက်လာပါတယ်။ ကျနော်တို့ ရောက်ပြီး သိပ်မကြာ
ခင် အချိန်မှာ ဒီ/ငြိမ်း အဖွဲ့ချုပ်က သူတို့ အခမ်းအနားကို ပြုလုပ်နေပါတယ်။
အဲသည့်ခြံထဲကို ၀င်ဝင်ခြင်းမှာ တဲအကြီးကြီး တစ်လုံးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်
အိမ်ဝန်းထဲကလို ခပ်ဆင်ဆင်ပါပဲ။ ရုံးနဲ့ အခမ်းအနားတွေ ပြုလုပ်တဲ့ နေရာလို့ သိရ
ပါတယ်။ အခမ်းအနားကို အဲသည့်တဲကြီးထဲမှာ စ’လုပ်တော့ တဲထဲမှာ လူက အပြည့်
ဖြစ်နေပါတယ်။ ဒါကြောင့် ကျနော်တို့ အ.က.သ က ကျောင်းသားငယ်တွေက တဲအပြင်
မှာပဲ ခုံတွေခင်းပြီး ထိုင်ရပါတယ်။ တဲထဲမှာ အခမ်းအနားလုပ်နေတဲ့သူတွေက အသက်
အရွယ်အားဖြင့် လွတ်လပ်ရေး လှုပ်ရှားမှုခေတ်မှာ ပါဝင်ပက်သက်ခဲ့တဲ့ အသက်အရွယ်
အနေအထားတွေပါ။ အခမ်းအနားပြုလုပ်တဲ့ လူကြီးတစ်ဦးက လည်ပင်းမှာ စံပယ်ပန်းကုံး
တစ်ကုံးကို ဆွဲထားလို့ အ.က.သ လုံ/စည်း တာဝန်ခံတစ်ဦးကို ကျနော်က သူတို့
လည်း ပန်းကုံးတွေ ဘာတွေ ရတယ်ကွ … မင်းကိုလည်း ငါတို့ ပန်းကုံးစွပ်ပေးမယ်လို့
နောက်လိုက်ပါတယ်။
အခမ်းအနား စ’လို့ ဆယ့်ငါးမိနစ် လောက် ကြာတဲ့ အချိန်လို့ ထင်ပါတယ်။ စစ်ကား
တွေ ဒီ/ငြိမ်း ခြံရှေ့ကို တဝေါဝေါ ရောက်လာပါတယ်။ ဒါကြောင့် ခြံတံခါးကို ပိတ်ထား
လိုက်ပါတယ်။ စစ်တပ်က အရာရှိတစ်ယောက် ဆင်းလာပြီး တာဝန်ရှိသူနဲ့ စကားပြော
ချင်တယ်လို့ ပြောပါတယ်။ ခြံထဲက လူကြီးတွေရော ကျနော်တို့ အ.က.သ ကျောင်းသား
တွေရော လှုပ်လှုပ် ရှားရှား ဖြစ်နေပါပြီ။ စစ်တပ်က ဒီ/ငြိမ်း ခြံရှေ့မှာ အတန်းလိုက်
တန်းစီပြီး ပစ်ဖို့ အဆင်သင့်ပြင်ပါတယ်။ ဒါကြောင့် ဒီ/ငြိမ်း အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦး
ဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးအောင်က ထွက်ပြီး စကား
ပြောပါတယ်။ ဗိုလ်မှူးအောင်နဲ့ စစ်တပ်က အရာရှိနှစ်ဦးတို့ စကားပြောနေရာကနေ
ရုတ်တရက် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက သေနတ်ထုတ်ပြီး ပစ်လိုက်ပါတယ်။
“ဒိုင်း” ဆိုတဲ့ သေနတ်သံနဲ့ ဆဲသံတွေ ပြန်ပြောသံတွေ ရှုပ်ထွေးနေပါတယ်။ အဲသည့်
အချိန်မှာ ကျနော် တို့လည်း ခြံထဲကို စစ်တပ် ဇွတ်အတင်း ၀င်ရောက်လာရင် ပြေးဖို့
ပြေးလမ်းကို ရှာနေရပါတယ်။ ခြံထဲရှိ အိမ်မကြီးရဲ့ မော်တော်ကားရပ်တဲ့ ပေါ်တီကို
အောက်မှာ ကျနော်ရောက် နေပါတယ်။ ပြဿနာဖြစ်နေတာက ခြံပေါက်ဝမှာပါ။
ဗိုလ်ကြီးအဆင့်ရှိသူက ပစ်တာပါ။ ဒါပေမဲ့ နံဘေးက ဗိုလ်မှူးအဆင့်ရှိသူက လက်ထဲရှိ
ဒိုင်ယာရီ စာအုပ်ပုံစံ စာအုပ်နဲ့ ရိုက်ချလိုက်လို့ ပစ်ချက်လွှဲသွားပြီး ထိတော့ မထိလိုက်
ပါဘူး။ သူတို့ ဆက်ပြီး စကားတွေ အချေအတင် ပြောဆိုကြပါတယ်။ နောက်တော့
ခြံထဲမှာ လုပ်နေတဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို လုံးဝ လုပ်ခွင့်မပြုနိုင်ကြောင်း၊
ခြံထဲရှိ လူတွေအားလုံး လူစုခွဲပြီး ထွက်ခွာသွားဖို့ ပြောပါတယ်။ လူစုမခွဲဘူးဆိုရင် ခြံထဲ
ကို အဲသည့်ခေတ်က စစ်တပ်ပြောနေကြစကား “အင်အားသုံး၍ ချေမှုန်းမည်” စကား
နဲ့ ရာဇာသံပေးပါတော့တယ်။ ဒါကြောင့် ဒီ/ငြိမ်း ရုံးက ကျနော်တို့ရော၊ အခမ်းအနား
ကို လာတဲ့ တခြားဧည့်သည်တွေရော၊ သူတို့ ပါတီဝင်တွေပါ ခြံထဲကနေ ထွက်ခွာ
သွားဖို့ မေတ္တာရပ်ခံလာပါတယ်။
ဖြစ်နေတဲ့ နေရာက ဗဟန်းဆိုတော့ နယ်မြေခံကျောင်းသားဖြစ်တဲ့ ကျနော်ကို ခြံထဲက
အရင်ဆုံး စ’ထွက်ဖို့ အ.က.သ လုံ/စည်း အဖွဲ့က အရေးပေါ် ဆုံးဖြတ်ပါတယ်။ ခြံ
အပေါက်ဝ သို့မဟုတ် အိမ်ပြန်ရာလမ်း တစ်နေရာရာမှာ အဖမ်းခံရမလား လွှတ်မလား
ဆိုတာ သိပ်တော့ မကျိန်းသေပါ။ ဒီလိုနဲ့ နှစ်ယောက်တတွဲဆီ တွဲပြီး ထွက်ခွာသွားဖို့
စစ်တပ်ကနေ ဒီ/ငြိမ်း အဖွဲ့မှ လူကြီးတွေကို ပြောလာပါတယ်။ ဒါကြောင့် ကျနော့်တို့
အ.က.သ အဖွဲ့ဝင် ကျောင်းသားနှင့် အ.က.သ အဖွဲ့ဝင်မဟုတ်သော တခြားလူငယ်တို့
တွဲပြီး ခြံထဲက စ’ထွက်ကြရပါတယ်။ ကျနော်လည်း ရှေ့ဆုံးက စ’ထွက် ရတော့မယ်ဆို
တော့ အတိုင်းအတာတစ်ခုအထိ လန့်နေပါတယ်။ ကျနော်နဲ့ ဒီ/ငြိမ်း အဖွဲ့က အရွယ်တူ
လူငယ်တစ်ဦးတို့ စ’ထွက်ခဲ့ကြပါတယ်။ စစ်ကား အရေအတွက်က တော်တော်ကို များ
ပါတယ်။ စစ်သားအားလုံးနီးပါး လည်ပင်းမှာ အနီပတ်တွေ စည်းပြီး မျက်နှာတွေက
တကယ့်စစ်မျက်နှာမှာ ရန်သူနဲ့ ရင်ဆိုင်နေတဲ့ ပုံစံနဲ့ ကျနော်တို့ကို ကြည့်နေပါတယ်။
ကျနော့်စိတ်ထဲမှာတော့ ဒီ/ငြိမ်း ခြံထဲမှာ ကျန်ခဲ့တဲ့ မနက်စောစော အိမ်ကထွက်တုန်း
က ကျနော်ယူလာတဲ့ စက်ဘီးစမှုန့်တံ ထည့်ထားတဲ့ ငါးမတ်တန်ဘော့ပင်ကို သတိရနေ
မိပါတယ်။ ခြံထဲကအထွက် ကျနော်ယူလာမလို့ပါ။ သူငယ်ချင်းတစ်ယောက်က မင်းအဲဒီ
ပစ္စည်းကို ဒီခြံထဲမှာ လွှတ်ပြစ်ခဲ့လို့ တိုက်တွန်းမှုကြောင့် ဘော့ပင်လေး ကျန်ခဲ့ပါပြီ။
ဝင်္ကဘာလမ်းက ကားနှစ်စီး လွှတ်ရုံသာ မောင်းလို့ရတဲ့ အကျယ်အ၀န်းပါ။ စစ်ကား
တွေက လမ်းပေါ်မှာ တန်းစီပြီး ရပ်ထားတော့ ကျန်တဲ့ လမ်းတစ်ခြမ်းက သွားရပါတယ်။
စစ်ကားအစီးပေါင်းများစွားနဲ့ တန်းစီပြီးရပ်နေတဲ့ စစ်သားတွေ၊ မျက်နှာထား တင်းတင်း
ကြည့်နေတဲ့ အကြည့်တွေအောက်က ဖြတ်သွားရတဲ့ ဒုက္ခက မသေးလှပါ။ ဘယ်စစ်ကား
ကများ ငါတို့နှစ်ယောက်ကို ကားပေါ်တင်ပြီး သေနတ်ဒင်နဲ့ ထောင်းမလဲ ဆိုတာလည်း
အာမ မခံနိုင်ပါ။ ဒီ/ငြိမ်း ခြံ ကနေ ဗဟန်းမြို့နယ် လ.၀.က ရုံး၊ ပြီးတော့ ကန်တော်ကြီး
စောင်းအထိ စစ်ကားတွေ တော်တော်များပါတယ်။ စစ်ကားတွေ တစ်စီးပြီး တစ်စီးကို
ဖြတ်ကျော်ခဲ့ပါတယ်။ လ.၀.က ရုံးရှေ့ရှိ စစ်ကားနံဘေး ဖြတ်သွားမိတော့ ကားရှေ့
ခေါင်းခန်းမှ စစ်တပ်အရာရှိက လှမ်းပြောပါတယ် …
“ငါ… မသားလေးတွေ၊ ဒီလို နိုင်ငံတော်ရဲ့ နေ့ထူးနေ့မြတ်ကြီးမှာ ဆန့်ကျင်ဖို့
ကြိုးစား ရဲတယ်၊ မ..…….လေးတွေ”
ရေခဲဆိုင်မှတ်တိုင်ရောက်မှ စိတ်ထဲ တော်တော်လေး အေးသွားပါတယ်။ ၀တ်ထားတဲ့
အင်္ကျီတစ်ထည်လုံး ချွေးတွေနဲ့ ရွှဲနေပါတယ်။ ဒီလိုနဲ့ ဘတ်စ်ကားစီးပြီး ကျနော်နေထိုင်
ရာ ဆင်းရဲသား မျက်နှာမွဲ ရပ်ကွက်လေးဆီ ပြန်ခဲ့ပါတယ်။ အိမ်ကို ရောက်တော့
အိမ်ပေါက်ဝမှာ ကျနော့် ဒုတိယမြောက် အမက စာအိတ်ကပ်ပြီးသား အိတ်ခွံတွေ
သွားပို့ခိုင်းမလို့ ကျနော့်ကို မနက်မိုးလင်းကတည်းက လိုက်ရှာနေကြောင်း အပြစ်တင်
ပြောဆို နေပါတယ်။ အဲသည့်ခေတ်က ကျနော်တို့ ညီအကိုမောင်နှမများသည်
မိသားစု စားဝတ်နေရေးအတွက် ၀င်ငွေ တဖက်တလမ်းရရန် လေယာဉ်ပျံတံဆိပ်
စာရွက်များကို စာအိတ်အဖြစ် ချိုးပြီး ကော်ကပ်တဲ့ အိမ်တွင်းမှု လုပ်ငန်း လုပ်ရ
ပါတယ်။ အမများ ပြုလုပ်ပြီးသော စာအိတ်များကို စာပုံနှိပ်တိုက်သို့ ပြန်ပို့ရာတွင်
သယ်ဆောင်ပေးရခြင်းသည် ကျနော့်တာဝန်တစ်ခုပါ။
တနေကုန်ပျောက်နေသော ကျနော်တစ်ယောက် ဘယ်တွေသွားပြီး ဘာတွေ
ဖြစ်ခဲ့သလဲဆိုတာ ကျနော့်မိသားစုသည် နောင်နှစ်ပေါင်းများစွာ ကြာသည်အထိ
မသိခဲ့ရှာပေ။

Oct 16, 2009
(၂၇.၃.၁၉၈၉)နေ့ သို့မဟုတ် မှော်ဆရာနှင့် ကြွေအံကစားခြင်း (၂)
ရေးသူ- စစ်ငြိမ်းဒီရေ

ယခင် အပိုင်း(၁)မှ အဆက် …
ကျနော် မိုးကောင်းဘုရား ကားမှတ်တိုင်ကို စ’ရောက်တဲ့ အချိန်မှာ
အ.က.သ က သူငယ်ချင်းတချို့ကို တွေ့ရပါတယ်။ ကျနော်ကိုယ်တိုင်
သိပ်မသိတဲ့ တခြား ကျောင်းသားအဖွဲ့အစည်းက ကျောင်းသားတချို့
ကိုလည်း တွေ့ရပါတယ်။ ဒါနဲ့ နံဘေးနားရောက်နေတဲ့ လှိုင်မြို့နယ် အ.က.သ
တာဝန်ခံတစ်ဦးကို မေးကြည့်ပါတယ်။ သူလည်း “စုပေါင်း အလုပ်ဖွဲ့” အရေ
အတွက်ကို သေသေချာချာ မသိကြောင်း ပြောပါတယ်။ ဒီလိုနဲ့ ကျနော်နှင့် သူ
ပတ်ဝန်းကျင်မှာ တခြား အ.က.သ တွေကို လိုက်ရှာခဲ့ပါတယ်။ ကျနော် မှတ်မိ
သလောက် အဲသည့်ခေတ်က ကျောက်ကုန်း “ကျောင်းလမ်း” ထိပ်မှာ အလှမွေးငါး
ရောင်းတဲ့ “ရှေ့နေထွန်းထွန်း” ခြံရှေ့ဖက်ကို ရောက်ခဲ့ပါတယ်။ အဲဒီနေရာကနေ
မလှမ်းမကမ်းမှာ လက်ဖက်ရည်ဆိုင်တစ်ခုကို တွေ့ရပါတယ်။
လက်ဖက်ရည်ဆိုင်ထဲကို ကြည့်လိုက်တော့ ကချင်ပုဆိုးတွေ၊ ပင်နီအင်္ကျီတွေ
ကို ၀တ်ဆင်ထားတဲ့ လူငယ်အတော်များများကို မြင်ရပါတယ်။ သူတို့ကို မောင်ထော်
လေးလမ်းမှာ တခါမှ မတွေ့ဖူးပါ။ အ.က.သ မဟုတ်တာတော့ သေချာပါတယ်။
ဒါနဲ့ နံဘေးက သူငယ်ချင်းကို အ.က.သ စည်းမျဉ်းစည်းကမ်းအရ “ပေတရာပေါ်
ပြောက်ကျား သပိတ်” မှာ ထင်သာမြင်သာရှိတဲ့ ၀တ်စုံတွေ မ၀တ်ဖို့ မှာကြားထား
ကြောင့် ပြောပြပါတယ်။ လက်ဖက်ရည်ဆိုင်ထဲမှာ ရှိတဲ့ လူငယ်တွေဟာ တခြား
ကျောင်းသား အဖွဲ့အစည်း တစ်ခုခုကလား၊ လူငယ်တပ်ဦး (အဲသည့်အချိန်အထိ
တပ်ဦးလူငယ် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ရန်ကုန်မှာ ရှိပါသေးတယ်၊ ကျနော်
မှတ်မိသလောက်။) အဖွဲ့ တစ်ခုခုကလား ဆိုတာ ကျနော်တို့ သေသေချာချာ
မသိပါဘူး။ ထိုင်နေတဲ့ လူအရေအတွက်က စာပွဲဝိုင်း သုံး … လေးဝိုင်းလောက်
ရှိပါတယ်။ လူနှစ်ဆယ် ပတ်ဝန်းကျင်ပါ။ ကျနော်တို့ နှစ်ယောက် အဲဒီနားတ၀ိုက်
ရောက်ရှိပြီး သိပ်မကြာခင်မှာ အ.က.သ ရဲ့ မြို့နယ်တချို့က ကျောင်းသားတွေ
တစ်ယောက်ပြီး တစ်ယောက် ရှေ့ဆင့်နောက်ဆင့် ရောက်လာပါတယ်။ အ.က.သ
ရဲ့ လုံ/စည်း(လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး) တာဝန်ခံတချို့ ရောက်လာတာ
ကို တွေ့ရတဲ့ အတွက် သိပ်မကြာခင် “ပွဲ” စတော့မယ်ဆိုတာ သဘောပေါက်လိုက်
ပါပြီ။
ကျနော်နဲ့ ကျနော့်သူငယ်ချင်း တစ်ဦး (လှိုင်မြို့နယ် အ.က.သ မှ) တို့သည်
မိုးကောင်းဘုရား ကားမှတ်တိုင် မှာ ရှိနေပါတယ်။ ကျနော်တို့ ရှိနေတဲ့ ကားမှတ်
တိုင်သည် ရန်ကုန်မြို့ထဲကို သွားဖို့ စီးနှင်းလိုက်ပါရတဲ့ ဖက်အခြမ်းမှာပါ။ ကျနော်
တို့ရဲ့ ကားလမ်းတဖက်မှာ တောင်ဥက္ကလာပဖက်ကို သွားဖို့ စီးနှင်းရတဲ့ ကားမှတ်
တိုင် ရှိပါတယ်။ မိုးကောင်းဘုရား ရှေ့တည့်တည့်မှာပါ။ အ.က.သ လုံ/စည်း
တာဝန်ခံက ကျနော်တို့နှစ်ယောက်ရဲ့ နောက်ဖက်ကနေ ရုတ်တရက် ဖြတ်လျှောက်
လာတာကို တွေ့ရပါတယ်။ ဒါနဲ့ သူ့ကို ကျနော်က အဖွဲ့ ဘယ်နှစ်ဖွဲ့ ပူးပေါင်း
ထားသလဲလို့ ကပ်ပြီး မေးကြည့်ပါတယ်။ သူက လက်လေးချောင်းပဲ ထောင်ပြ
သွားပါတယ်။ အ.က.သ ရဲ့ မြို့နယ်လေးခုက ကျောင်းသားတွေလား၊ ကျောင်းသား
အဖွဲ့ လေးဖွဲ့လား ဆိုတာ မသဲကွဲပါဘူး။ ထုံးစံအတိုင်း လုပ်ဖို့ နီးလာပြီဆိုရင်
ကျနော့်ရင်ထဲမှာ စိတ်ကို တင်းထားပင်မဲ့ တဒိန်းဒိန်းတော့ ဖြစ်နေပါတယ်။
ဟိုကြည့် ဒီကြည့်နဲ့ ပတ်ဝန်းကျင်ကို လျှောက်ကြည့်နေမိပါတယ်။ နံဘေးက
သူငယ်ချင်းက ရုတ်တရက် သူ့ပခုံးနဲ့ ကျနော့်ပခုံးကို ဆတ်ခနဲ တွန်းလိုက်
ပါတယ်။ ဒါနဲ့ သူ့ဖက်လှည့်ပြီး ဘာလဲလို့ မေးငေါ့ ပြပါတယ်။ သူက နေရာ
တစ်ခုကို ကြည့်လိုက် မျက်ခုံးပင့်လိုက် လုပ်ပြနေပါတယ်။ ဒါနဲ့ သူကြည့်နေတဲ့
မြင်ကွင်း လိုက်ကြည့်မိပါတယ်။ ကျောက်ကုန်းပေါ်သို့ စတက်တဲ့ ကားလမ်ထိပ်
မှာ “အီးတူးသောင်စင်” ကားတစ်စီးကို တွေ့ရပါတယ်။ ကားရှေ့ခန်းမှာ ထိုင်နေ
တဲ့ လူနှစ်ယောက်ကိုလည်း သေသေချာချာ မြင်နေရပါတယ်။ ကားရဲ့ နံဘေး
“မိုးကာ တာလပတ်” က ကားရဲ့ နောက်ပိုင်းတစ်ဝက်ကို ဖုံးအုပ်ထားပါတယ်။
နံဘေးက သူငယ်ချင်းက ကျနော့်ကို လက်တို့ပြီး ညာဖက်ကို လမ်းလျှောက်ဖို့
အချက်ပြပါတယ်။ ကျနော်တို့ လမ်းမကြီးအတိုင်း ညာဖက်ကို ခဏလေးပဲ
လမ်းလျှောက်လိုက်ပါတယ်။ အဲ့ဒီ “အီးတူးသောင်စင်” ကားနောက်ဖက် အတွင်း
ပိုင်းကို ကြည့်လို့ရတော့ အထဲမှာ လူ လေး…. ငါးယောက် ထိုင်နေပါတယ်။
ကျိန်းသေနေပါပြီ၊ ဒီကား က …. ။ ကျနော်တို့ နှစ်ယောက်စလုံး အ.က.သ ရဲ့
လုံ/စည်း တာဝန်ခံ ဘယ်နား ရောက်နေလဲလို့ အသည်းအသန် လိုက်ကြည့်နေ
မိပါတယ်။ အချိန်က အရမ်း နီးနေပါပြီ။
“သပိတ် … သပိတ် .. မှောက် …မှောက်”
ဆိုတဲ့ အသံနဲ့အတူ ကျောင်းသားနှစ်ဦးဟာ ခွပ်ဒေါင်းအလံကို တစ်ဖက်ဆီကိုင်
ပြီး ကျနော့်တို့ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ မိုးကောင်းဘုရားဝင်ပေါက်တည့်တည့်
က ကားမှတ်တိုင်မှာ ခေါက်တုတ်ခေါက်ပြန် စတင် ကြွေးကြော် ကြပါတော့တယ်။
သူတို့နှစ်ဦး ဟိုဖက် သည်ဖက် ခေါက်တုတ်ခေါက်ပြန် ကြွေးကြော်နေစဉ် အတွင်း
မှာပဲ အနီးနားတ၀ိုက် ရောက်ရှိနေတဲ့ ကျောင်းသားတွေ သူတို့နဲ့အတူ ပူးပေါင်းဖို့
ကားလမ်းကို အရေးတကြီး ကူးလာနေပါပြီ။ ကျနော်တို့ နှစ်ယောက်လည်း ကား
လမ်း ကူးဖို့ ဘယ်ညာ ကြည့်နေဆဲပါ။
“ဒိုင်း … ဒိုင်း”
ဆိုတဲ့ သေနတ်သံ နှစ်ချက် ရှေ့နောက်ဆင့်ပြီး ထွက်ပေါ်လာပါတယ်။
ရှစ်ဆယ့်ရှစ် စက်တင်ဘာ အာဏာသိမ်းခဲ့တဲ့ ကာလကနေ စ’ ရေတွက်ရင်
ခြောက်လအတွင်း ပထမဦးဆုံး ကျနော်တို့ ပြန်ကြားလိုက်ရတဲ့ သေနတ်သံ
ပါ။ အလံကိုင်ထားတဲ့ ကျောင်းသားတစ်ယောက် ကျနော်တို့ မျက်စိရှေ့တည့်
တည့်မှာ ပုံလျက်သာ လဲကျသွားပါတယ်။ ရပ်ထားတဲ့ အီးတူးသောင်စင် ကား
ပေါ်က လူတွေဆီကနေ လှမ်းပစ်လိုက်တာပါ။ အဲဒီလူတွေလည်း သူတို့နှစ်ဦး
ဆီ သေနတ်အတိုတွေ ကိုင်ပြီး ပြေးလာနေကြပါပြီ။
“ပြေး … ပြေး … ပြေး”
ဆိုတဲ့ အသံတွေ ကျနော့်နားထဲမှာ ရှုပ်ရှက်ခတ်နေပါတယ်။ သေနတ်သံကြောင့်
ပတ်ဝန်းကျင်မှာ ရှိတဲ့ အခြားပြည်သူတွေလည်း ပြေးလွှား ကြပါတော့တယ်။
ကျနော့်နံဘေးက သူငယ်ချင်းက ရုတ်တရက် ကြောင်တောင်တောင် ဖြစ်သွားတဲ့
ကျနော့်ကို ဇွတ်အတင်း ဆွဲပြီး စ’ပြေးမှ ကျနော်လည်း သတိဝင်လာပါတယ်။

Oct 13, 2009
ကိုသက်ဝင်းအောင် ကျဆုံးခြင်း သုံးနှစ်ပြည့် အမှတ်တရ
ရေးသူ- စစ်ငြိမ်းဒီရေ

“သူငယ်ချင်းရေ မင်းကတော့ တမလွန်မှာ မင်း သိပ်ချစ်တဲ့
ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဆုံတွေ့ခွင့် ရသွားပြီ”
ကိုသက်ဝင်းအောင်၊ ကျနော်တို့ အ.က.သ (B.E.S.U) များ၏ ခေါင်းဆောင်
တစ်ဦးအဖြစ် တာဝန်ပေါင်းများစွာကို ထမ်းရွက်ခဲ့လေသူ သက်ဝင်းအောင်
တစ်ယောက် ကွယ်လွန်သော အခါ သူနှင့် ပက်သက် ရင်းနှီးခဲ့သော လုပ်ဖော်
ကိုင်ဖက် မိတ်ဆွေ သင်္ဂဟ ရဲဘော်အပေါင်းတို့က မှတ်တမ်းများစွာ ရေးထိုး
ခဲ့ကြသည်။ သူ၏ ထူးခြားလှသော ခေါင်းဆောင်မှုစွမ်းရည်၊ အပင်ပန်းခံ အနစ်နာ
ခံနိုင်မှု အရည်းအချင်းတို့သည် ပြော၍မကုန် ဆို၍မခမ်း ရှိခဲ့ပါသည်။
ကျနော်သည် သူနှင့် များစွာ ရင်းနှီးခဲ့ပါသည်။ အချိန်များစွာ အတူတကွ
ရှိခဲ့ဖူးပါသည်။ သူနှင့် ပက်သက်၍ မှတ်မှတ်ရရ ဖြစ်နေသော အတိတ်က
နေ့စွဲ့များ၌ အ.က.သ အဖွဲ့အစည်း၏ တာဝန်ပိုင်းဆိုင်ရာများ ရှိသလို
ရယ်မော ပျော်ရွှင်စရာ လွမ်းမောဖွယ် အဖြစ်အပျက်များလည်း ရှိခဲ့ဖူးသည်။
ပထမဦးဆုံး စတင် ဆုံဆည်းခြင်း …
ရက်စွဲတော့ အတိအကျ မမှတ်မိတော့ပါ။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်
ဒေါ်ခင်ကြည် ဈာပန နောက်ပိုင်းကာလ ဖြစ်ပါသည်။ ထိုအချိန်က ကျနော်သည်
ကိုသီဟ ခေါင်းဆောင်သော အ.က.သ အစုတွင် စတင် ပါဝင်လှုပ်ရှားခဲ့သည်။
ဒေါ်ချိုချိုကျော်ငြိမ်း၏ ခြံအတွင်းရှိ ကားဂိုဒေါင်ကြီး၌ ကိုသီဟ က ကျနော်တို့အား
ကိစ္စတစ်ခု ရှင်းပြပါသည်။ အ.က.သ အဖွဲ့အစည်းသည် ကျနော်တို့ တစ်အုပ်စု
တည်းသာမက တခြား အုပ်စုလည်း ရှိသေးကြောင်း၊ ထိုကြောင့် အ.က.သ
နှစ်အုပ်စု ပူးပေါင်း၍ ရန်ကုန်တိုင်း အ.က.သ ကို ခိုင်မာစွာ ဖွဲ့စည်းမည်
ဟု ရှင်းပြပါသည်။ ကျနော်တို့က မေးမြန်းသောအခါ ကျနော်တို့ အုပ်စုကဲ့သို့
ကျောင်းသား အင်အား တောင့်တင်းခိုင်မာသော နောက်ထပ် အ.က.သ အုပ်စု
သည် ကိုမင်းဇင် ခေါင်းဆောင်သော အ.က.သ အုပ်စု ဖြစ်ကြောင်း သိရပါသည်။
အဲသည့်ညနေ၌ပင် ကိုသီဟ ခေါင်းဆောင်သော ကျနော်တို့ အ.က.သ အုပ်စုနှင့်
ကိုမင်းဇင် ခေါင်းဆောင်သော အ.က.သ အုပ်စုတို့သည် ဒေါ်ချိုချိုကျော်ငြိမ်း ခြံထိပ်ဝ
တွင် ရှိသော ဂိတ်ဝ ကင်းတဲတွင် ခဏ ဆုံတွေ့ ကြပါသည်။ ထိုတွေ့ဆုံပွဲတွင်
လွယ်အိတ်ကို စလွယ်သိုင်း လွယ်ထားသော သက်ဝင်းအောင်နှင့် ကျနော် စတင်
တွေ့ဆုံ ရင်းနှီးခဲ့ပါသည်။
အ.က.သ ရန်ကုန်တိုင်း၏ အစည်းအဝေးတစ်ခုတွင် မောင်မောင်ကြွယ်
(ABSDF မြောက်ပိုင်းတွင် ကွယ်လွန်သူ) က သက်ဝင်းအောင်အား
ရယ်စရာ တစ်ခုအဖြစ် မေးခိုင်းပါသည်။
“သက်ဝင်းအောင်၊ အောင်ခင်မြင့်ကို မေးကြည့်ပါလား အ.က.သ ဘယ်နေရာမှာ
စဖွဲ့တာလဲလို့”
သက်ဝင်းအောင်။ ။ သူငယ်ချင်း၊ ငါတို့ အ.က.သ ဘယ်နေရာမှာ စဖွဲ့တာလဲ။
ကျနော်။ ။ ဒေါ်ချို ခြံထိပ်က ကင်းတဲမှာ …
ကျောင်းသားများ။ ။ ဟားဟားဟား … (ရယ်သံများ)
သက်ဝင်းအောင်။ ။ မင်းပြောတော့မှ ငါတို့ဘ၀ ကင်းတဲ ရောက်တော့တယ်။
(ကျနော့်အဖြေသည် အပြည့်အစုံ မမှန်ကန်သော်လည်း သူသည် ရယ်မောလျက်။)
……. ….. …
လက်ဖက်ရည်ဆိုင် ထိုင်ဖို့ …
၁၉၈၉ ခုနှစ် အတွင်း အ.က.သ ရန်ကုန်တိုင်းရုံးသည် ရန်ပုံငွေအရ မြို့နယ်တာဝန်ခံ
များ၊ အမာခံ အချိန်ပြည့် လှုပ်ရှားသူများအား နေ့စဉ် ထမင်းဖိုး (၇) ကျပ် ပေးဝေပါ
သည်။ မောင်ထော်လေးလမ်းနှင့် မဟာဗန္ဓုလမ်းဆုံရာ လမ်းထောင့်တွင် ထိုအချိန်က
လမ်းဘေး ထမင်းဆိုင်ရှိပါသည်။ ထမင်းတစ်ပွဲ တစ်ခါပြင်ဆိုလျှင် ငါးကျပ်၊ လိုက်ပွဲမှာ
(၂) ကျပ်ဖြစ်ပါသည်။ အ.က.သ အစည်းအဝေးတစ်ခု၌ ညိုမောင်ဦးက သက်ဝင်းအောင်
အား ရယ်စရာအဖြစ် မေးခွန်းတစ်ခု မေးခိုင်းပါသည်။
“သက်ဝင်းအောင်၊ ငါတို့ ထမင်းစားရတာ ဗိုက်မ၀ဘူး၊ ဟိုကောင် အောင်ခင်မြင့်၊
ငါတို့ ထမင်းစားရင် လာပြီး ကပ်စားတယ်၊ သူ ရတဲ့ (၇)ကျပ်ကို ဘာလုပ်သလဲလို့”
သက်ဝင်းအောင်။ ။ သူငယ်ချင်း၊ မင်း ထမင်း ၀ယ်မစားဘူးလား၊ ပိုက်ဆံ(၇) ကျပ်
ကို မသုံးဘူးလား …။
ကျနော်။ ။ ငါ ဘယ်တော့ ၀ယ်မစားဘူး၊ သူများဆီက တစ်ယောက် တစ်ဇွန်းစီ
ကပ်စားတယ်၊ အဲ့ဒါဆို ဗိုက်ဝတယ်၊ အဲ့ဒီပိုက်ဆံက အိမ်ပြန်ရင် ရပ်ကွက်ထဲမှာ
လက်ဖက်ရည်ဆိုင် ထိုင်ဖို့ …။

သက်ဝင်းအောင်။ ။ မင်းကတော့ လုပ်ပြန်ပြီ။
(ကျနော့်အဖြေကြောင့် သူသည် ရယ်မောလျက်။)
…….. ….. …
စားစား သူငယ်ချင်း ….
ကျနော်တို့ အ.က.သ ရန်ကုန်တိုင်းရုံးရှိရာ မောင်ထော်လေးလမ်းရုံးခန်း
ပိုင်ရှင်မှာ “ဒီမိုကရက်တစ်တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသားဟောင်းများ ပါတီ”
ဖြစ်ပါသည်။ တနေ့တွင် ထိုပါတီမှ ပန်းဘဲတန်းမြို့နယ် အမတ်လောင်း ကိုမောင်မောင်
အောင် သည် ရန်ပုံငွေအဖြစ် မုန့်ဟင်းခါး ရောင်းပွဲ ပြုလုပ်ပါသည်။ ထိုဈေးရောင်း
ပွဲတွင် မုန့်ဟင်းခါးများ တစ်ပွဲပြီး တစ်ပွဲ စားနေသော ကျနော့်ကို မြင်သောအခါ
သက်ဝင်းအောင်သည် အကြီးအကျယ် အံ့အားသင့်သွားပါသည်။ နံဘေးရှိ
ညီညီလှိုင် အား …
သက်ဝင်းအောင်။ ။ ညီညီလှိုင်၊ အောင်ခင်မြင့်တစ်ယောက် ဒီနေ့ မုန့်ဟင်းခါးတွေ
ဘာတွေ ၀ယ်စားနေပါလား၊ တော်တော် အားပေးနေပုံရတယ်။
ညီညီလှိုင်။ ။ ဟုတ်ပါလိမ့်မယ် အားကြီး၊ မုန့်ဟင်းခါး သွားယူရင် ပေးရတဲ့ စာရွက်
တွေက ဗီရိုပေါ်မှာ ရှိတယ်၊ အဲ့ဒီစာရွက်ကို ပါတီက တံဆိပ်တုံးလေးပဲ ထုထားတာ။
ဒါကို ကုလားကိုရွှေကြီးတို့ တာတီးဖိုးတို့က အတုလုပ်တာ။ သူလည်း အဲ့ဒီစာရွက်
တွေကို အဲ့လိုလုပ်ပြီး အခုလို အားပေးနေတာပေါ့။
သက်ဝင်းအောင်။ ။ သြော် အဲ့လိုလား … စားစား သူငယ်ချင်း … ။
ဟု ကျနော့်အား လှမ်းပြောလိုက်ပါသည်။
“သူငယ်ချင်း သက်ဝင်းအောင် ကောင်းရာသုဂတိ လားပါစေ”

ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင်
(၂၇.၀၈.၁၉၇၁- ၁၆.၁၀.၂၀၀၆)
(၂၇.၀၈.၁၉၇၁- ၁၆.၁၀.၂၀၀၆)

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချို
(နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ရှည်ထောင်ဒဏ် မတရားကျခံနေရဆဲ
ကိုသက်ဝင်းအောင်၏ အကို။)

ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း တစ်လပြည့် အထိမ်းအမှတ်အဖြစ်
(၁၉.၁၁.၂၀၀၆) နေ့တွင် ပြည်ပသာသနာပြု ပီနန်ဆရာတော်ကြီးထံ
ဆွမ်းကပ် လှူဒါန်းခဲ့သော ဒိန်းမတ်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား
သူများနှင့် အ.က.သ အဖွဲ့ဝင်ဟောင်းများ ဖြစ်သော အောင်ခင်မြင့် (စာရေးသူ)၊
ဝေမိုး (ဧရာဝတီ မီဒီယာ)။

Oct 12, 2009
(၂၇.၃.၁၉၈၉)နေ့ သို့မဟုတ် မှော်ဆရာနှင့် ကြွေအံကစားခြင်း (၁)
ရေးသူ- စစ်ငြိမ်းဒီရေ

၁၉၈၉ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တာတွေကို ပါဝင်ခဲ့သူတွေ
ထဲက ဘယ်သူတွေများ စပြီး ရေးကြမလဲလို့ ကျနော်မျှော်နေခဲ့တာ ကြာပါပြီ။
အခုထိ အဲဒီနေ့သမိုင်းကို ရေးတဲ့လူ မတွေ့ရလို့ ကျနော့်အနေနဲ့ ကျနော်
ကြုံတွေ့ခဲ့ရတာကို ရေးပါ့မယ်။ အဲဒီနေ့ (၂၇.၃.၁၉၈၉)နေ့ မတိုင်ခင်
(၂၅.၃.၁၉၈၉)နေ့မှာ ဆန္ဒပြပွဲတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်၊ သိမ်းကြီးဈေး “သံဈေး”
သပိတ် နောက်ပိုင်း ထင်ရှားခဲ့တဲ့ အဖြစ်အပျက်တွေပါ။ ဒါကြောင့် (၂၇.၃.၁၉၈၉)နေ့
သမိုင်းကို ရေးတဲ့သူသည် (၂၅.၃.၁၉၈၉)နေ့ကို ကျော်ခွပြီး ရေးဖို့ အခက်အခဲတွေ
ရှိလာပါတယ်။
ဘာကြောင့် ဘာဖြစ်လို့ ဘာအတွက်ဆိုတဲ့ မေးခွန်းတွေသည် ဆွေးနွေးပွဲခန်းမ
တွေမှာသာ ရှိပါတယ်။ အလုပ်အတွက် အလုပ်သဘောတစ်ခုအတွက် အလုပ် လုပ်
တဲ့ နေရာမှာ မေးခွန်းထက် အလုပ်ပြီးမြောက်ရေးသည် ပိုအရေးကြီးပါတယ်။
(၂၅.၃.၁၉၈၉)နေ့ တွင် ကုက္ကိုင်းမီးပွိုင့်မှ စတင်ချီတက် ဆန္ဒပြခဲ့သော ဆန္ဒပြပွဲ
သမိုင်းတွင် ကျနော် ပါဝင်ခဲ့ပါတယ်။ သို့သော် မေးခွန်းများအတွက် ဖြစ်စဉ်များကို
ပြန်လည် ဖော်မပြနိုင်သေးတဲ့အပေါ် သည်းခံကြပါ။ အဲ့သည့်အချိန်က နိုင်ငံရေး
အဆောက်အဦး၏ ခေါင်းစဉ်သည် “ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး” ဖြစ်ပါတယ်။
(၂၇.၃.၁၉၈၉)နေ့ သို့မဟုတ် မှော်ဆရာနှင့် ကြွေအံကစားခြင်း
အဲသည့်နေ့ မတိုင်ခင် တစ်ရက်အလိုမှာ မောင်ထော်လေးလမ်း အ.က.သ ဗဟို၏
ညွှန်းကြားမှုတွင် “စုရပ်” သည် ရွှေဂုံတိုင်ရှိ လူ့ဘောင်သစ်ပါတီရုံး “၀ါးရုံတော”
ဖြစ်ပါတယ်။ ထို့ကြောင့် ကျနော်သည် အဲသည့်နေ့ မနက် ခြောက်နာရီလောက်
တွင် နေအိမ်မှ စတင် ထွက်ခွာခဲ့ပါတယ်။ “တော်လှန်ရေး” နေ့ ဖြစ်သော
ကြောင့် ပုံမှန် ဘတ်စ်ကားများသည် လမ်းကြောင်း ပြောင်းလဲ မောင်းနှင်းရပါတယ်။
ရွှေဂုံတိုင် မီးပွိုင့်ထိပ်မရောက်ခင် ကားမှတ်တိုင်တွင် ကျနော် ဆင်းခဲ့ပါတယ်။
မီးပွိုင့်ပတ်ဝန်းကျင်တွင် စစ်တပ်၊ လုံထိန်း၊ ယာဉ်ထိန်းရဲ အစရှိသော ယူနီဖောင်း
ဝတ်များ အများအပြားရှိနေသလို အရပ်ဝတ်ဖြင့် နေရာယူထားသော လူအတော်
များများလည်း ရှိနေပါတယ်။
မီးပွိုင့်ထိပ်တွင် ကားလမ်းကူးလာသူများအား စစ်ဆေးမေးမြန်းမှုများ လုပ်နေသည်
ကို တွေ့ရသောကြောင့် ကျနော်လည်း နည်းနည်း ကျောချမ်းနေပါတယ်။ ကျနော့်
ခန္ဓာကိုယ်တွင် ကျနော့်ဘာသာ ကျနော် ပြုလုပ်ထားသော ဓါးမြှောင့်ပုံစံ ဘော့ပင်
ရှိနေသောကြောင့် ဖြစ်ပါတယ်။ အဲဒီဘော့ပင်သည် အဲသည့်ခေတ်က “ငါးမတ်တန်”
ဘော့ပင်ဟု ခေါ်သော တစ်ခါသုံး ဘော့ပင် ဖြစ်ပါတယ်။ စာရေး၍ မင်ကုန်သွားလျှင်
ဆက်ပြီး အသုံးပြုလို့ မရပါ။ ဘော့ပင်၏ နံဘေးတလျှောက်တွင် အဖြူလိုင်း၊ အပြာလိုင်း
စသော လိုင်းမျဉ်းများ ပါရှိပါတယ်။ မင်ကုန်သွားသော ထိုဘော့ပင်ကို ကျနော်သည်
သုံးချိုး တစ်ချိုးနေရာမှ ဖြတ်ပြီး ကျန်နှစ်ချိုးနဲ့ ဆတူ သံချောင်းအလုံးသေး အချွန်တစ်ခု
ကို ထည့်ထားပါတယ်။ ဘော့ပင်၏ အတွင်းသို့ ၀င်ရောက်နိုင်သော သံချောင်းမှာ
စက်ဘီး၏ စမှုန့်တံဖြစ်ပါတယ်။ ရုတ်တရက် အန္တရာယ် တစုံတရာ ကျရောက်လျှင်
ပြန်လည် ခုခံနိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ မသိသူများအတွက်ဆိုလျှင်
စာရေးဖို့ အင်္ကျီတွင် ချိတ်ထားသော သာမန် ဘော့ပင်တစ်ချောင်းမျှသာ ဖြစ်ပါတယ်။
ကျနော်သည် လမ်းဖြတ်ကူးဖို့ ချီတုံချတုံ ဖြစ်နေပါတယ်။ ရုတ်တရက် ကျနော့်
နံဘေးတွင် ကလေးငယ် သုံးဦးနှင့် လင်မယားစုံတွဲ တစ်တွဲကို တွေ့လိုက်ရပါတယ်။
ဒါကြောင့် ကျနော်လည်း သူတို့ မိသားစုထဲမှ ကလေးငယ် တစ်ဦးကို လက်ဆွဲပြီး
ကားလမ်းကူးရာ၌ ကူညီလိုက်ပါတယ်။ လူကူးမျဉ်းကြားထိပ်တွင် ကူးလာသူ မှန်
သမျှကို ရှာဖွေနေသော စစ်သားသည် ကလေးကို ဆွဲပြီး လမ်းကူးလာသော
ကျနော့်အား လုံးဝ မရှာဖွေပဲ လွှတ်ပေးလိုက်ပါတယ်။
“၀ါးရုံတော” ရှိရာ လမ်းကြားအတွင်းသို့ ကျောချမ်းချမ်းနှင့်ပင် ကျနော် ၀င်ရောက်
ခဲ့ပါတယ်။ အသံတွေလည်း မကြားရ၊ အသိ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများလည်း
မတွေ့ရသောကြောင့် တစ်ခုခုဆိုလျှင် ပြေးဖို့ စိတ်ထဲမှာ အသင့်ပြင်နေရပါတယ်။
ရုံးရှိရာ ခြံအတွင်းသို့ ၀င်လိုက်တဲ့ ခဏအတွင်းမှာပဲ ကျနော့်နောက်မှာ ကျောင်းသား
တစ်ယောက် ၀င်လာပါတယ်။ သူက “မိုးကောင်းဘုရား ကားမှတ်တိုင်ကို သွားပါ”
လို့ ပြောပါတယ်။ ဒီနေရာမှာ အခြေအနေ မကောင်းကြောင်းလည်း ပြောပါတယ်။
ဒီလိုနဲ့ပဲ ရွှေဂုံတိုင် မီးပွိုင့်ရှိ ကားမှတ်တိုင်သို့ ကျနော် ပြန်ထွက်ခဲ့ပါတယ်။ ရန်ကင်းဖက်
သို့ သွားသော ဘတ်စ်ကားဖြင့် “မိုးကောင်းဘုရား ကားမှတ်တိုင်” သို့ ကျနော် ရောက်
သည့် အချိန်သည် မနက် (၈) နာရီလောက် ဖြစ်ပါတယ်။

Oct 8, 2009
စာဖတ်ဝိုင်း၊ စာဖတ်အသင်းများ ပြန်လည် ပေါ်ပေါက်ရေး ကျွန်တော့်အဖြေ
ရေးသူ- စစ်ငြိမ်းဒီရေ

(၈.၁၀.၂၀၀၉)နေ့ ညပိုင်း BBC မြန်မာဌာန၏ ခေတ်အမြင် ခေတ်အရေး ဆွေးနွေး
ခန်းမှ မေးခွန်းနှစ်ခုအပေါ် ကျွန်တော်ဖြေဆိုခဲ့သော ကျွန်တော့်အဖြေများကို ပြန်လည်
ဖော်ပြပါသည်။
ပထမ မေးခွန်း….
စာဖတ်ဝိုင်း၊ စာဖတ်အသင်းတွေ ဘာကြောင့် နည်းပါးနေသလဲ။
လက်ရှိ ပြည်တွင်းမှာ စာပေမျိုးစုံကို ဖတ်ရူချင်တဲ့ စာဖတ် ပရိသတ်အတွက်
တက္ကသိုလ်နဲ့ လူနေဒေသတွေမှာ စာဖတ်ဝိုင်းနဲ့ စာဖတ်အသင်းတွေ အမှန်တကယ်ပဲ
လိုအပ်ပါတယ်၊ သိုပေမဲ့ ဖြောင့်မတ် မှန်ကန်တဲ့ စာပေမျိုးစုံ ဖတ်ရူဖို့အတွက်တော့
အတားအဆီးတွေ ရှိနေပါတယ်။
(၁) လက်ရှိ စစ်အစိုးရနဲ့ အဆင်မပြေတဲ့ စာရေးဆရာနဲ့ စာပေသမားတွေ
လွတ်လပ်စွာ စုဝေးခွင့်၊ ပြည်သူနဲ့ လွတ်လပ်စွာ တိုက်ရိုက်ဆက်ဆံခွင့်မရဘူး။
(၂) စာပေစီစစ်ရေးရုံးက ရှားပါးပြီး အဖိုးတန်တဲ့ စာအုပ်ဟောင်းတွေ၊ လွတ်လပ်ပြီး
ပွင့်လင်းတဲ့ စာအုပ်တွေကို ထုတ်ဝေခွင့် မပြုဘူး။
(၃) စာကြည့်တိုက်တွေ ဖွင့်တယ်၊ စာအုပ်ဈေးပွဲတော်တွေမှာ စာအုပ်အဟောင်း
တချို့ကို ၀ယ်ယူခွင့်ရသော်လည်း စားဝတ်နေရေးပြဿနာကြောင့် စာအုပ်ဝယ်ဖို့
စာဖတ်ဖို့ အချိန်မပေးနိုင်ဘူး။
အဲဒီ (၃)မျိုးကနေ ပေးလိုက်တဲ့ ရလာဒ်က …
(၁) ရသစာပေ အကြီးအကျယ် ကျဆင်းလာတယ်။
(၂) စစ်အစိုးရရဲ့ တိုက်ရိုက်ဖိနှိပ်မှုကြောင့် ဝေဖန်ရေး အတွေးအခေါ်ပေးနိုင်တဲ့
စာပေဝေဖန်ရေး တိမ်းကောလာတယ်။
ကျောင်းပညာကပေးတဲ့ အထွေထွေပညာရေးအပေါ် အမှား၊အမှန် မဝေခွဲနိုင်တော့ဘူး။
ဥပမာ .. သင်ကြားခဲ့တဲ့ သမိုင်းဖတ်စာထဲက ဘယ်ဟာတွေ မှားနေလဲဆိုတာ
ဝေဖန်ခွင့် လုံးဝမရဘူး၊ ဒါရိုက်တာ ပန်းချီစိုးမိုး ရိုက်ကူးမဲ့ “ကြယ်စင်မော်ကွန်း”ရုပ်ရှင်
ကို ဝေဖန်ခွင့်မရပဲ လက်ပိုက် ကြည့်ရမဲ့ ဘ၀မျိုးကို ရောက်လာတယ်။
ယခုလက်ရှိစာဖတ်တဲ့မျိုးဆက်တွေ ကြုံနေရတာ ပုံစံနှစ်ခု ဖြစ်တယ်လို့
ကျနော် မြင်ပါတယ်။
ပထမ တစ်မျိုးက နိုင်ငံတော် အရင်းအမြစ်နဲ့ စာပေထဲက ရတဲ့ အနာဂတ်စိတ်ကူး
တွေကို အကောင်အထည်ဖော်ဖို့ လက်ရှိ နိုင်ငံရေး စနစ်နဲ့ လူနေမှုအဆောက်အဦး
ကို ပြုပြင်ဖို့ ဖန်တီးမယ်၊ အဲဒီတော့ စာပေ၀ါသနာရှင်တွေ ထောင်ထဲ ရောက်မယ်၊
ထွက်ပြေးရမယ်။
ဒုတိယ တစ်မျိုးကြတော့ မိမိဘ၀ရဲ့ အချိန်တွေကို ပြည်ပမှာ ရင်းနှီးမြုပ်နှံဖို့ ပြည်ပကို
ထွက်ခွာမယ်၊ ပြည်ပရောက်မှ စာပေထဲက အနာဂတ်စိတ်ကူးကို တည်ဆောက်မယ်။
အဲဒီအတွေးက တိုင်းပြည်အနာဂတ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ လက်ရှိ
ပြည်တွင်းစာပေလောကမှာ ပြည်ပသွားပြီး ၀င်ငွေရှာဖို့ လမ်းညွန်းတဲ့ စာအုပ်တွေ၊
အခဲအခက်တွေကို ကျော်လွှာဖို့ အနာဂတ် ဗေဒင် ဟောစာတမ်း စာအုပ်တွေ
အရမ်း ရောင်းကောင်းပါတယ်။
ဥပမာ.. စာအုပ်တွေ၊ ရုပ်ရှင်တွေမှာ ဇာတ်လိုက်ဖြစ်သူက နိုင်ငံခြားပြန် သူဋ္ဌေး
နေရာ အဖြစ် အတုခိုးမှားအောင် ဖော်ပြထားတယ်။
ဒုတိယ မေးခွန်း …
စာဖတ်ဝိုင်း စာဖတ်အသင်းတွေက လူငယ်တွေကို ဘယ်လို အကျိုးပြု
နိုင်မယ်လို့ ထင်ပါသလဲ။
စာဖတ်ဝိုင်းနဲ့ စာဖတ်အသင်းတွေသည် ယခုလက်ရှိ လူငယ်တွေအပေါ်သာ
မက မနက်ဖြန်မှာ မွေးဖွားလာမယ့် မျိုးဆက်အထိ လူတိုင်းအပေါ် အကျိုးပြုပါတယ်။
တိုင်းပြည်တစ်ခုရဲ့ အနာဂတ်၊ နိုင်ငံသားအစုအဝေးအတွက် စာဖတ်ဝိုင်းနဲ့
စာဖတ်အသင်းတွေရှိသင့်ပါတယ်။ စာပေကသာ လက်ရှိ အသက်ရှင်နေထိုင်နေတဲ့
မျိုးဆက်တွေရဲ့ တာဝန်တွေ၊ နောင်လာမယ့် မျိုးဆက်အတွက် အစဉ်အလာကောင်း
တွေကို အကောင်းဆုံး ပုံဖေါ် ပေးနိုင်ပါတယ်။ ယဉ်ကျေးမှုအရ စောသလို၊ လူဦးရေ
သန်းထောင်နဲ့ချီပြီး ရှိတဲ့ အိမ်နီးချင်း တရုတ်တို့ အိန္ဒိယတို့က လူငယ်တွေနဲ့ ပခုံးယှဉ်
ရင်ဘောင်တန်းနိုင်ဖို့ လူတိုင်းအတွက် အထူးသဖြင့် လူငယ်တွေအတွက် တက္ကသိုလ်နဲ့
လူနေဒေသေတွေမှာ စာဖတ်ဝိုင်းနဲ့ စာဖတ်အသင်းတွေကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်
ပေးသင့်ပါတယ်။ စာပေဆိုင်ရာ တိုးတက်မှုရရှိဖို့ နိုင်ငံတော်အပေါ် စေတနာ တကယ်
ထားတယ်ဆိုရင် စာပေဆိုင်ရာ လက်ရှိအကန့်အသန့်တွေ ရုတ်သိမ်းသင့်ပါတယ်။
အင်တာနက်ဆိုင်ရာ အကန့်အသန့်တွေ ရုတ်သိမ်းသင့်ပါတယ်။
(ဓါတ်ပုံကို အင်တာနက်၏ ဤနေရာမှ ရယူထားပါသည်။)

Sep 16, 2009
ကိုထွန်းလှိုင်ရေ Sorry ဗျာ
BBC မြန်မာပိုင်းအစီအစဉ်၏ (၁၆.၀၉.၂၀၀၉)နေ့ ညပိုင်းအစီအစဉ်တွင်
၂၀၁၀ ရွေးကောက်ပွဲ လိုအပ်တယ်/မလိုအပ်ဘူး ဆွေးနွေးခန်းစကားဝိုင်း
တွင် ကျနော်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက အဖြစ်အပျက်ကို
ဥပမာ ပေးခဲ့မိပါသည်။ ထို ဥပမာ၌ ၁၉၉၀ ခုနှစ်၊ ပါတီစုံ ရွေးကောက်ပွဲ
တွင် ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရေစီ ပါတီမှ ဗဟန်းမြို့နယ် မဲဆန္ဒနယ်
အမှတ်(၁)၌ အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုထွန်းလှိုင်
၏ ညစာ စားပွဲကို ဥပမာ ပေးဖြစ်ခဲ့ပါသည်။ ကျနော့်အနေဖြင့် ကိုထွန်းလှိုင်
အပေါ် ပုဂ္ဂိုလ်ရေး မုန်းတီးမှု လုံးဝ မရှိပါ။ ရွေးကောက်ပွဲ နောက်ပိုင်း ပြည်သူ
အပေါ် ဆက်ဆံရေးနှင့် ပက်သက်ပြီး ရည်ညွှန်းလိုခြင်း ဖြစ်ပါသည်။
ကျနော် ပြောလိုက်သည့် စကား၌ အနည်းငယ် ကြမ်းတမ်းသလို ဖြစ်ခဲ့ရင် …
“ကိုထွန်းလှိုင်ရေ၊ Sorry ဗျာ။”
-အောင်ခင်မြင့်

Subscribe to:
Posts (Atom)