Dec 10, 2009

မျိုးဆက်ကွာဟမှု (Generation Gap) အပိုင်း(၁)

ရေးသူ- စစ်ငြိမ်းဒီရေ

ဒီအကြောင်းကို ကျနော် ရေးချင်စိတ် ဖြစ်လာတာက ပထမဆုံး မကေ
ရေးတဲ့ ဒီပို့စ်မှာ ကျနော်ပေးခဲ့တဲ့ ကော်မန့်ရယ်၊ အကိုကြီး ကိုအောင်သာငယ်
ရေးတဲ့ ဒီပို့စ်တို့ကြောင့် ဖြစ်ပါတယ်။ မကေဆီမှာ ကျနော်သွားပြီး
ကော်မန့် ပေးပြီးတဲ့အချိန်အထိ ရီတာ ရေးတဲ့ ဒီပို့စ်ကို ကျနော် မဖတ်
ရသေးပါဘူး။ ဘာပဲပြောပြော ဒီပို့စ်ကို ရေးဖို့ ဖြစ်လာတဲ့ မကေ
အကိုကြီး ကိုအောင်သာငယ်နှင့် ညီမငယ် ရီတာ တို့ကို ကျေးဇူးများစွာ
တင်ပါတယ်။

ယခုတင်ပြတဲ့ ကျနော့်အမြင်များ၊ ရေးသားဖော်ပြတဲ့ ဖော်ပြချက်များ
အတွက် ကျနော့်မှာ တာဝန်အရှိဆုံးလို့ ပြောပါရစေ။

မျိုးဆက်တစ်ခု၏ သက်တမ်း ....

မျိုးဆက်တစ်ခုရဲ့ သက်တမ်းကို နှစ်(၂၀) မှ (၂၅)နှစ်ထိ ဘယ်ပညာရှင်တွေ
ဘယ်အချိန်က ဘယ်လိုယူဆပြီး ဘယ်လိုစတင်သတ်မှတ်ခဲ့သလဲဆိုတာ
တော်တော် ဇဝေဇ၀ါ ဖြစ်စရာ ရှိပါတယ်။

မ.ဆ.လ ခေတ် (၂.၃.၁၉၆၂- ၁၈.၉.၁၉၈၈) မှာ နိုင်ငံတော်အတွက်
ဆိုရှယ်လစ် ပန်းတိုင်ကို ချီတက်ကြပါတယ်။ အဲလို ချီတက်ရာမှာ
နှစ်(၂၀) စီမံကိန်း လို့ခေါ်ဝေါ်သော နှစ်ရှည်စီမံကိန်းများ ချမှတ်ကြ
ပါတယ်။ အဲဒီ နှစ်(၂၀) ကျော်လွန်ရင် တနိုင်ငံလုံး၊ တမျိုးသားလုံး
ဘာတွေ ဖြစ်လာမယ်၊ ဘယ်လိုတွေ ဖြစ်လာမယ် စသဖြင့် စိတ်ကူး
ယဉ် အိမ်မက်တွေ ပလူပျံအောင် အစိုးရ မီဒီယာက မစားရ ၀ကမန်း
ကြေညာပါတယ်။ ထားပါတော့ အဲလို အမျိုးသားရေး ရေရှည် စီမံကိန်း
ကာလမှာ တိုက်ရိုက်ပါဝင် ဆောင်ရွက်ရတဲ့ အလွှာအသီးသီးက ပြည်သူ
တွေအားလုံးကို မျိုးဆက်တစ်ခုလို့ ဆိုမလား???

နိုင်ငံတော်၏ အခြေခံ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ရတဲ့ အသက်
(၁၈) နှစ်ကနေ အသက် (၄၃)နှစ် သို့မဟုတ် အသက် (၃၈)နှစ် အထိ
အသက်ရှင် နေထိုင်နေသူတွေရယ့် လုပ်ကိုင်ဆောင်ရွက်မှုကို
မျိုးဆက် တစ်ခုလို့ ဆိုမလား???

အကြမ်းဖျင်း သတ်မှတ်ချက်များအရ သားသမီး နှစ်ဦးနီးပါး
မွေးဖွားပိုင်ဆိုင်တဲ့ အသက် (၄၀) အရွယ်မှ ကျန်းမာရေးစတင်
ချို့ယွင်းချိန် အသက် (၆၅)နှစ်ကြား အသက်ရှင် နေထိုင်သူတွေ
ရဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့မှုကို မျိုးဆက်တစ်ခုလို့ ဆိုမလား???

ဒါဆိုရင် ...
၁၉၃၀ ကုလား- ဗမာ အရေးအခင်းအပြီး ရန်ကုန်၊ ဗဟန်းမှာ ဆရာကြီး
သခင်ဘသောင်း စတင် ထူထောင်ခဲ့သော ဒို့ဗမာအစည်းအရုံးကို
(၁၉၃၀+၂၅=၁၉၅၅) ၁၉၅၅ ခုနှစ်မှာ လုံးဝ ပင်စင် ပေးရမလို ... ။
ဆက်တောင် မရေးရဲဘူး ... အရှင်လတ်လတ် မြေမြို သွားမှာပေါ့ ...။
ယနေ့အချိန်အထိ အသက်ရှင်ရပ်တည်နေတဲ့ နိုင်ငံချစ် သခင်ကြီးများ၏
နိုင်ငံရေး ပါဝင်ဆောင်ရွက်မှု စေတနာတွေကလည်း အများကြီး။

ဥပမာ ...
ဒေါက်တာမောင်မောင် အစိုးရလက်ထက် (ဗိုလ်ချုပ်ကြီးစောမောင် နိုင်ငံ
တော် အာဏာမသိမ်းယူခင် အချိန်အထိ) လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး
နောက်ပိုင်း ဆက်လက် မပါဝင်ရဲတဲ့သူတွေ၊ မပါဝင်တော့တဲ့သူတွေကို
ဘယ်မျိုးဆက် စာရင်းထဲ ထည့်ကြမလဲ ( ဒီနေရာမှာ ကျနော့် စာသား
ကြမ်းသွားရင် ခွင့်လွှတ်ကြပါ။) ???

ဒါဆိုရင် မျိုးဆက်တစ်ခုရဲ့ သက်တမ်းကို နှစ် (၂၀)၊ နှစ် (၂၅) လို့
သတ်မှတ်ထားမှုသည် လုံးဝ မမှန်နိုင်ဘူးလို့ ပြောချင်ပါတယ်။

ကွာဟမှု ....

ပုဂံခေတ် စုက္ကတေးမင်းကို သူ့ညီ အနော်ရထာက စီးချင်းယှဉ်ထိုးပြီး
နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တယ်လို့ သမိုင်းမှတ်တမ်းအတော်
များများက ဆိုထားပါတယ်။ စုက္ကတေးမင်းနဲ့ အရည်းကြီးသာသနာဟာ
တပြိုင်နက်တည်း ကျဆုံးခဲ့ပါတယ်။ အရည၀ါဒီ အရည်းကြီးတွေကို
တော်လှန်ပြီး သထုံ (သုဝဏ္ဍဘူမိ)ကနေ ထေရ၀ါဒ ဗုဒ္ဓဘာသာကို
စစ်တိုက်ပြီး သယ်ဆောင်လာပါတယ်။ ဒါဆိုရင် အဲဒီခေတ်က ပြည်သူ
တွေသည် ကိုယ်ကိုးကွယ်နေတဲ့ အရည်းကြီးသာသနာကို တော်လှန်
ရာမှာ ပါဝင်ခဲ့တယ်၊ နောက်ထပ် ဘာသာတရားအသစ်တစ်ခုကို ကိုးကွယ်
ဖို့ စစ်တိုက်ရာမှာ ပါဝင်ခဲ့တယ်။ အရည်းကြီးသာသနာ ကျဆုံးချိန်နှင့်
သထုံကနေ ထေရ၀ါဒ ဗုဒ္ဓဘာသာ ရောက်ရှိချိန်ဟာ နှစ် ၂၀၊ ၂၅
မပြောနဲ့ ငါးနှစ်တောင် မကြာလိုက်ဘူး။ မျိုးဆက်တစ်ခုရဲ့ ပြောင်း
လဲမှုဟာ တော်တော် မြန်ပါလား ...။

၁၉၇၆ ခုနှစ်၊ ဇွန်လ (၆)နေ့မှာ ပေါ်ပေါက်ခဲ့တဲ့ အလုပ်သမားအရေး
အခင်းနဲ့ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ငွေစက္ကူအရေးအခင်း အကြား
ကာလတွေ (၁၁- နှစ်တိုင်တိုင်) မှာ နိုင်ငံတော်ကို အာဏာရှင်လက်အောက်
ကနေ လွတ်မြောက်စေချင်တဲ့ မျိုးဆက်တစ်ခု ဘာလို့ ကွယ်ပျောက်ခဲ့ရတာ
လဲလို့ မေးခွန်းကို မေးခွင့် ပြုမယ်ဆိုရင် .... ။

(ဆက်ရန်။)

Dec 9, 2009

ဥရောပရောက် မြန်မာ့အနုပညာ

ရေးသူ- စစ်ငြိမ်းဒီရေ

ဒိန်းမတ်နိုင်ငံ အက်စ်ပီးယားမြို့ (Esbjerg) က လုပ်ငန်းခွင် ကျွမ်းကျင်
မှု သင်တန်းကျောင်း (AMU center)မှ ဒိန်းမတ်လူမျိုး သင်တန်းဆရာတစ်ဦးက
ဒီနေ့ ကျနော့်ကို မေးခွန်းတစ်ခု မေးပါတယ် ....
“မင်း ... မြန်မာလို “က” တတ်သလား” တဲ့
ထုံးစံအတိုင်း ကျနော်ကလည်း ငပိသံဝဲ၀ဲ မတောက်တခေါက် ဒိန်းမတ်စကားနဲ့
“ငါတို့ မြန်မာအက က အရမ်းခက်တယ်ကွ ... ငါ ... ငါ ... မကတတ်ဘူး”
ဒီလို ပြန်ဖြေတော့ မောင်မင်းကြီးသားက ...
“အဲဒီပညာရပ်အကြောင်း ငါ့ကို နည်းနည်းလောက် ရှင်းပြနိုင်လား” ...
ကျနော့်ခေါင်းထဲမှာ (၃၇)မင်း နတ်တွေ တပြိုင်နက်တည်း ၀င်ပူးသလို ခံစား
လိုက်ရပါတယ်။ စိတ်ထဲမှာ “ဒီကောင်ကို ငါဘယ်လို ရွှီးရင် ကောင်းမလဲ .... ”
ပေါ့၊ အဲလို စဉ်းစားနေတုန်း သတင်းခန်းမ နောက်ဖက် ဆရာ၊ ဆရာမတွေ
သီးသန့် နားနေခန်းမှ မြန်မာတေးသံ တချို့ ကြားလိုက်ရပါတယ်။

သင်တန်းဆရာက ကျနော့်ကို သူတို့ နားနေခန်းထဲကို သွားကြည့်ရအောင်လို့
ပြောလာပါတယ်။ ဒါနဲ့ နှစ်ဦးသား သီးသန့် နားနေခန်းထဲ ရောက်တော့ အာပါးပါး
ဒိန်းမတ်လူမျိုး လေးယောက် အင်တာနက်ပေါ်က မြန်မာတီးလုံးနဲ့ အခန်းထဲမှာ
ကို့ရို့ကားယား က နေကြပါတယ်။ ကွန်ပြူတာ မျက်နှာပြင်ကို လှမ်းကြည့်လိုက်
တော့ နော်ဝေးနိုင်ငံ အော်စလို ၂၀၀၉- ခုနှစ် သင်္ကြန်မှာ ကိုသစ်နက်ဆူးတို့
မိသားစု ဖျော်ဖြေတင်ဆက်ထားသော မြန်မာ့အက ဖြစ်နေပါတယ်။



သင်တန်းဆရာက သူ့ညီက နော်ဝေးနိုင်ငံမှာ နေထိုင်လျက်ရှိကြောင်း၊ သူ့ညီ
ပြောပြလို့ ဒီမြန်မာ့သင်္ကြန် ဖျော်ဖြေတင်ဆက်မှုကို သိခဲ့ရကြောင်း ဆိုပါတယ်။
လာမဲ့ ၂၀၁၀ ဧပြီလကျရင် သူ့ညီရှိရာ နော်ဝေးနိုင်ငံကို အလည်သွားပြီး မြန်မာ့
အနုပညာ “အက” ကို သွားရောက်ကြည့်ရူချင်ကြောင်း ပြောပြပါတယ်။ ယခင်က
အာရှယဉ်ကျေးမှုကို သူ့အနေဖြင့် သိပ်သတိ မထားမိကြောင်း၊ အခုလို သပ်သပ်
ရပ်ရပ် လှလှပပ ခမ်းခမ်းနားနား ဖျော်ဖြေတင်ဆက်မှုကို သူ အပါအ၀င် သူ့မိသားစု၊
သူ့မိတ်ဆွေများပါ အထင်ကြီး လေးစားကြောင်း ပြောပြပါတယ်။ ကျနော်လည်း
သူ့ကို မြန်မာ့အနုပညာအပေါ် လေးစားတဲ့အတွက် ကျေးဇူးများစွာ တင်ကြောင်း
ပြောပြီး ကန်တီးန်ဖက်ကို ထွက်ခွာခဲ့ပါတယ်။


Dec 6, 2009

ဗိုလ်သိန်းစိန်သတင်း ဒိန်းနစ်ရှ်ဘားမား မသိသေးဟုဆို

ရေးသူ- စစ်ငြိမ်းဒီရေ

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် ကျင်းပမည့် ကမ္ဘာ့ ရာသီဥတု
ပြောင်းလဲမှုဆိုင်ရာ ညီလာခံသို့ န.အ.ဖ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန်
နှင့်အဖွဲ့ တက်ရောက်မည်ဟု ထွက်ပေါ်နေသော သတင်း အချက်အလက်
များနှင့် ပက်သက်၍ သေသေချာချာ မသိရှိသေးကြောင်း ဒိန်းနစ်ရှ် ဘားမား
ကော်မတီ (Den Danske Burma Komités) ပြောဆိုနေပါတယ်။

န.အ.ဖ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန်နှင့် အဖွဲ့ ဒိန်းမတ်နိုင်ငံတွင် ကျင်းပသော
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန်
လာရောက်တော့မည်ဆိုသော သတင်းကို ...
လွတ်လပ်တဲ့ အာရှအသံ (RFA) မြန်မာဌာန နှင့်
VOA မြန်မာဌာန တို့၏
အင်တာနက် စာမျက်နှာပေါ်တွင် (၃.၁၂.၂၀၀၉) နေ့က ဦးစွာစတင်
ဖေါ်ပြခဲ့ပါတယ်။

ဒိန်းနစ်ရှ်ဘားမားကော်မတီ (Den Danske Burma Komités) ၏
ထိပ်တန်းတာဝန်ခံတစ်ဦးက န.အ.ဖ ၀န်ကြီးချုပ်နှင့်အဖွဲ့ ကိုပင်ဟေဂင်
သို့ သီတင်းပတ်စဉ် (၅၀) (၇.၁၂.၂၀၀၉ နေ့မှ ၁၃.၁၂.၂၀၀၉နေ့အထိ)
အတွင်း လာရောက်မည် ဆိုသော သတင်းကို မိမိ အနေဖြင့် လုံးဝ မသိရှိ
သေးကြောင်း ပြောဆိုပါတယ်။ သီတင်းပတ်စဉ် (၅၁) တွင် ဖြစ်နိုင်ချေ
ရှိသည်ဟု (May be) သာ ပြောဆိုပါတယ်။

တိတိကျကျ သိလိုသူများအနေဖြင့် ဒိန်းမတ်နိုင်ငံ နိုင်ငံခြားရေး
ဝန်ကြီးဌာန၊ ညီလာခံနှင့် ပက်သက်သော အစီအစဉ်ဌာန များသို့
စုံစမ်းမေးမြန်းသင့်ပါကြောင်း အကြံပြုအပ်ပါတယ်။

(ဒိန်းနစ်ရှ်ဘားမား ကော်မတီ ဆိုသည်မှာ ဒိန်းမတ်ပါလီမန်တွင်
မြန်မာ့ဒီမိုကရေစီအရေး အကူအညီပေးရန် ဒိန်းမတ်အစိုးရ ဦးဆောင်မှု
ဖြင့် ဖွဲ့စည်းထားသော ကော်မတီတစ်ရပ် ဖြစ်ပါတယ်။)

Dec 5, 2009

ဗိုလ်သိန်းစိန် တည်းခိုမည့် ဟိုတယ်လိပ်စာ မသိရသေး!



ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် ကျင်းပသော ကမ္ဘာ့ ရာသီဥတု
ပြောင်းလဲမှုဆိုင်ရာ ညီလာခံသို့ တက်ရောက်လာမည့် န.အ.ဖ
ဝန်ကြီးချုပ် ဗိုလ်သိန်းစိန်နှင့်အဖွဲ့ တည်းခိုသော ဟိုတယ်လိပ်စာ
ကို သိရှိသူများ ကူညီကြပါ။ လုံခြုံရေးအစီအစဉ် တင်းကျပ်မှုကြောင့်
ဟိုတယ်လိပ်စာ စုံစမ်းမေးမြန်းမှု အခက်အခဲ ဖြစ်နေပါသည်။

Dec 3, 2009

အခွဲခံရတဲ့ ဗိုက်



ညီညွတ်ရေးကို ဗိုက်ခွဲကြည့်တော့
ငြိမ်းချမ်းရေး ထွက်မလာဘူး
စေတနာကို ဗိုက်ခွဲကြည့်တော့
အိုင်ဒီယာ ထွက်မလာဘူး
ပိတ်ဆို့မှုကို ဗိုက်ခွဲကြည့်တော့
အဆင်ပြေမှု ထွက်မလာဘူး
လူနာကို ဗိုက်ခွဲကြည့်တော့
ဝေဒနာ ထွက်မလာဘူး
ရွှေငန်းကို ဗိုက်ခွဲကြည့်တော့
ရွှေဥ ထွက်မလာဘူး

ငြိမ်းချမ်းရေးကို ဗိုက်ခွဲတာက ဗိုလ်သန်းရွှေ
အိုင်ဒီယာကို ဗိုက်ခွဲတာက ဂန်ဘာရီ
ပိတ်ဆို့မှုကို ဗိုက်ခွဲတာက ကိုသန်းမြင့်ဦး
လူနာကို ဗိုက်ခွဲတာက ဒေါက်တာကြည်စိုး
ရွှေငန်းကို ဗိုက်ခွဲတာက ရွှေကြိုက်သူများ

သြော် ....
ဆရာတွေလည်း စုံခဲ့ပြီ
သမားတွေလည်း ဟုန်ခဲ့ပြီ
ဒီရောဂါ ဒီလူနာနဲ့ ဒီအနာတို့
သည်းဆဲ။ ။

-စစ်ငြိမ်းဒီရေ

Dec 2, 2009

ရွှေတစ်တင်းနဲ့ နေ့ချင်းသေ

ရေးသူ- စစ်ငြိမ်းဒီရေ




တစ်တင်းဆိုတာ …
နို့ဆီဗူး(၈) ဗူးကို တစ်ပြည်လို့ ခေါ်ပြီး၊ (၁၆)ပြည် ထည့်လို့ ၀င်နိုင်တဲ့
တောင်းကို (၁) တင်းဝင်တောင်းလို့ ခေါ်ပါတယ်။
ဒါဆိုရင်
ဒီလိုဆိုရင်
အဲဒီ (၁)တင်းဝင် တောင်းနဲ့ ရွှေအပြည်ပေါ့ဗျာ …. ။

လွန်ခဲ့တဲ့ တစ်လလောက်က မွေးရပ်မြေရှိ ငယ်သူငယ်ချင်းတွေဆီ
ဖုန်းဆက်ဖြစ်ပါတယ်။ ဖုန်းထဲ အာလာပ သလာပတွေ ပြောရင်း ဆိုရင်း
ကနေ အမျိုးသမီးတစ်ဦးသေဆုံးတဲ့ ကိစ္စတစ်ခုကို ရောက်ပါလေရော။
ကန်ထရိုက်တိုက်တစ်ခုက အခန်းတစ်ခုထဲမှာ အမျိုးသမီးငယ် တစ်ဦး
သေဆုံးလို့ ရက်အတန်ကြာမှ အပုတ်နံ့တွေ ထွက်လာပြီး ရပ်ကွက်က
သိခဲ့ရတယ်တဲ့။ သေဆုံးတဲ့ အမျိုးသမီးလေးက နယ်စပ်အထူးဒေသ
အ၀ယ်တော်တစ်ဦးရဲ့ ဒုတိယလား … တတိယလား … လား …. လား။
“လား” ပေါင်းများစွာနဲ့ အရပ်ထဲ ဆိုကြပါတယ်။ နယ်စပ်မှာ တိုက်ပွဲတွေ
ဖြစ်တော့ အထူးဒေသ အ၀ယ်တော်လည်း အရင်ကလို တန်ခိုးအာဏာ
တွေ ကွယ်ပျောက်ပြီး ကြက်ပျောက် ဌက်ပျောက် အပြေး ကျန်ခဲ့တဲ့
တရုတ်လိုလို … ၁/၂ တရုတ်လိုလို အမျိုးသမီး ခင်မြာ တိုက်ခန်းအတွင်း
နေမကောင်းဖြစ်ပြီး လူမသိ သူမသိ သေဆုံးရတယ်လို့ အားလုံးက မှတ်ချက်
ပေးပါတယ်။ လွန်ခဲ့သော ၁၉၄၅ ခုနှစ် သမိုင်းစာမျက်နှာက သင်္ကြန်သံချပ်
တွေမှာ သုံးလေ့ ရှိတဲ့ “မစ္စတာကြီး ဂျပန်ပြန်၊ စိန်ကြည် ဗိုက်တစ်လုံးနဲ့ ကျန်”
ဆိုသော စကားဟာ ခုထိ မကွယ်ပျောက်သေးဘူးလို့ ငယ်သူငယ်ချင်းများက
ဆိုပါတယ်။

မြန်မာပြည်နဲ့ မနီးမဝေး တိုင်းပြည်တစ်ခုကို ရောက်နေတဲ့ ညီမအရွယ်
မိန်းကလေးတစ်ဦးကို ကျနော်တို့လင်မယားက အိမ်ထောင် မပြု
သေးဘူးလားလို့ တယ်လီဖုန်းထဲတွင် မကြာခဏ စနောက်လေ့ရှိပါတယ်။
သူမက ….
“ရွှေတစ်တင်းနဲ့ နေ့ချင်း သေမဲ့လူ” ကို ရှာဖွေနေကြောင်း ရယ်မောစရာ
အဖြစ် ပြန်ပြောပါတယ်။

ရွှေက တစ်တင်းလည်း ရှိရအုံးမယ် …
လက်ထပ်စာချုပ် လက်မှတ်ထိုးပြီးတာနဲ့ မင်္ဂလာ ရေခဲမုန့်
ခွံ့ကျွေးအပြီး သတို့သား ခင်မြာ သေပေးရမယ် …

အင်း ….
ရွှေတွေက ရွှေမရှိလို့ ရွှေရှာနေရပါလား ….

(ဤမျှသာ။)