Apr 21, 2009

သိတယ်၊ မသိဘူး (၂)

ရေးသူ- စစ်ငြိမ်းဒီရေ


၃။
အဝေးရောက် သွေးစည်ညီညွတ်ရေး ညီလာခံကြီးတခုကို
တတိယကမ္ဘာနိုင်ငံတခုတွင် ကျင်းပပြုလုပ်ပါတယ်။
အဖွဲ့အစည်းနောက်ခံသမိုင်း မရှိသူများ ...
ပြည်တွင်း၌ ဘာမျှမလုပ်ဘူးသူများ ...
မျက်စီစုံမိတ် မဲဖြင့် လူကြီးဖြစ်လာသော ဆွေမျိုးများ ...
ပျော်ပွဲစားခရီးအဖြစ် လာရောက်သူတို့က
Working Committee ကို ဖွဲ့စည်းကြပါတယ်။
“နာဂစ်ကို ကူညီမယ် ….
ဖိအားတွေ တိုးချဲ့မယ် ….
စတိန်မန့်တွေ များများထုတ်မယ် ….
အောင်ပွဲတွေ ခံတော့မယ် ….
…. အားလုံးကောင်းပါတယ်”

အဲဒီအစည်းအဝေးပွဲ နောက်ဆုံးခုံမှာ ထိုင်နေတဲ့ လူငယ်တဦးက
သက်ပြင်းတွေ တဟင်းဟင်း ချနေသူ တဦးကို မေးတယ်။
“အကို၊ လူချစ် လူခင်များတဲ့ သူတွေကို ဝေဖန်ချင်ရင်
ဘယ်လို လုပ်ရမလဲ”
“ကဗျာရေးတတ်အောင် ကြိုးစား ညီလေးရေ”

(ဂရိအတွေးအခေါ် ပညာရှင် ဒိုင်အိုဂျီးနီးစ်(BC.400- BC.325) ကို ဆိုင်းနစ်
များက ကူအွန်(Kuon) ဟုခေါ်သည်။အဓိပ္ပါယ်မှာ “ခွေး” ဖြစ်သည်။ဒိုင်အိုဂျီးနီးစ်
သည် နေ့ခင်းကြောင်တောင်တွင် လက်ဆွဲမီးအိမ်တလုံးဖြင့် “ရိုးသားသူ”ကို
ရှာဖွေလေ့ ရှိသည်။ - အတ္ထုပ္ပတ္တိအဘိဓါန်)
….

၎။
ဥာဏ်စမ်းပဟေဠိ မေးမြန်းခန်းတခုတွင် လူရွှင်တော်တဦးက
ကျောင်းသူတဦးကို မေးခွန်းတခု မေးပါတယ်။
“နယ်ချဲ့အင်္ဂလိပ်တွေရော၊ ဖက်ဆစ်ဂျပန်ကိုရော မတော်လှန်
ခဲ့တဲ့ ပြည်နယ်အဆင့်ရှိ တိုင်းရင်းသားအမည်တခုကို ဖြေပေးပါ”
“သမီး မသိဘူး … ရှင့်”
“သမီးရေ၊ အဖြေက …် လူမျိုးပါ။”
…..
ဦးကျော်စိုးဦး တယောက် သတင်းကြေညာမှု မှားယွင်းသဖြင့်
ရုပ်မြင်သံကြားအစီအစဉ်မှ နှစ်ပတ်ကျော် အနားပေးခံရတယ်။
ပြောရမည့် စကား ….
“ဒို့တာဝန် အရေးသုံးပါးကို ခါးဝတ်ပုဆိုးပမာ သဘောထားရမယ်”
သူ ပြောလိုက်ပုံက …
“ဒို့တာဝန် အရေးသုံးပါးကို ခါးဝတ်ပုဆိုးမပါ သဘောထားရမယ်”
…..
(ဆရာ ဆန်းထွန်း(မန်းတက္ကသိုလ်)က ဆရာမြသန်းတင့်ကို ပြောပါတယ်…
“ခုတော့ စာဖတ်နေတာပဲ၊ ခက်တာက ကျွန်တော်တို့ ရေးတဲ့ စာမျိုးကလဲ
ထမင်းစားလောက်အောင် မရတော့ ပိုဆိုးတယ်၊ ရေးပြီးသားတွေလဲ
ရှိသင့်သလောက်တော့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်ကိုမှ မပို့ဖြစ်တော့ဘူး၊
ထုတ်ဝေသူကလဲ ဆရာတို့ သိတဲ့အတိုင်း ဖေတော့ မောင်တော့လောက်မှ
ထုတ်ချင်ကြတာ မဟုတ်လား” ….
-မြောက်ဘက်တောင်ကုန်းဒေသမှ အပြန် (ဆရာမြသန်းတင့်) )
…..

(အလျဉ်းသင့်သလို ဆက်လက်ဖော်ပြမည်။)

Apr 20, 2009

သိတယ်၊ မသိဘူး

ရေးသူ- စစ်ငြိမ်းဒီရေ

၁။
တခါတုန်းက အရက်ဖြူဆိုင်တစ်ဆိုင်မှာ
သရော်စာ ရေးသူတယောက် …
ရုပ်ရှင်ပိုးဝင်နေသူ တယောက် …
ကဗျာဆရာ တယောက် တို့က
ဝရမ်းပြေး တယောက်ကို ကင်ပွန်းတပ်ကြပါတယ်
“ပြေး … ပြေး … ဟဲ့ကောင်ရေ .. လွတ်အောင်ပြေး”
“မေတ္တာပို့တဲ့သူတောင် ခုနှစ် နှစ်ဆိုတော့ မင်း ဆိုရင် …”
….
လူ့ဘ၀ဆိုတာ
မပြီးဆုံးနိုင်တဲ့ အသုဘအခမ်းအနားကြီးတခုကို
လိုက်ပို့နေရသလိုပဲ
(မာရီနာ အိုင်ဗာနိုဗနာ ဆဗက်တာယေဗာ- ရုရှားကဗျာဆရာမ)
….

၂။
တခါတုန်းက မြို့ပတ်ရထား တစီးပေါ်မှာ
လက်မှတ်မဲ့ ခိုးစီးလာကြတဲ့ …
မအောင်မြင်သေးတဲ့ ကဗျာရူးတယောက်က
ဘ၀မှာ ဖဲသမားအဖြစ် အောင်မြင်ချင်သူတယောက်ကို
မိန့်ခွန်းခြွေတယ် ….
“ဆယ့်နှစ်လရာသီ ပွဲတော်တွေနဲ့ ပျော်ပျော်နေခြင်းသူတွေကြား
သခင်နုရယ်၊ သခင်အောင်ဆန်းရယ်၊ သခင်ဗဟိန်းရယ်
ဘာကြောင့် မွေးဖွားလာတယ်လို့ မင်းထင်သလဲ”
“ကျနော်ငယ်ငယ်က ကြာနီကန်ဆရာတော်ရဲ့ တရားတပုဒ်ကို သတိရမိတယ်
… သက်ကျသာကီနွယ်တွေ အ၀ိုင်းခံရတော့ … မသေရဲတဲ့ သာကီတွေက
ခေါင်းပေါ်မှာ ရေအိုးတွေ၊ ဖျာတွေကို ရွက်ပြီး … ရေအိုးသာကီ … ဖျာသာကီ
ပါလို့ လိမ်ပြီး အသက်ဘေးက လွတ်အောင် ကြံဆောင်ကြတယ်ဗျ၊ အဲဒီသာကီ
မစစ်တဲ့၊ ရေအိုးသာကီ ဖျာသာကီတွေ အိန္ဒိယပြည်မှတဆင့် မြန်မာပြည်ကို
ရောက်လာပြီး တိုင်း၊နိုင်ငံ ထူထောင်တာတဲ့ …
ဒါကြောင့် လူလိမ်တွေ ပေါတာလို့ ဆရာတော်က တရားပြတယ် ဗျ …”
…..
အမှုတခုခုကို ပြုလုပ်သည့်အတွက် နောင်တ တဖန်
ပူပန်ရတတ်၊ မျက်ရည်စက်လက် ငိုကြွေးလျက်
ဆင်းရဲခံရတတ်လျှင် ထိုအမှုသည် မကောင်း။ (ဓမ္မပဒ)
….


(အလျဉ်းသင့်သလို ဆက်လက်ဖော်ပြမည်။)

Apr 11, 2009

သင်္ကြန်

ရိုးရာပလွေ ရွှင်မြူးလေပြီ
ရွှေရည်ပိတောက် နွေကြိုထောက်ခဲ့
ဂိမာန်အဖွင့် အတာသစ်ပေါ့ ….

ဒို့ရိုးရာမြေ အထက်ညာမှာ
ပုံပြင်ဟောင်းက လက်ဆောင်ကောင်းများ
သည်ချိန်သည်ခါ နိုပ်စက်လေပြီ
သြော် … ငါတို့ ဝေးလွင့်ပြီ …

ရောင်စုံပန်းတို့ ရေကန်တော့မည်
အိုးမည်းပေပွ ပျော်အကဖြင့်
အုန်းလက်မိုးသည့် ဒို့မဏ္ဏပ်မှာ
အကြိုနေ့ဆို ကံပေါ်မုန့်ဟေ့ …

အတာရေဦး လောင်းယူခံကြ
ချစ်သူ့စောင့်စား ပျိုဖြူငယ်များ
ရင်ခုန်နွေးသည့် ရေစိုအလှ
သိကြားမင်း၏ သင်္ကြန်အကျ …

ခါတော်အကြတ် အလှူပြုကြ
ဥပုဒ်တိုးပွား ချစ်ဘိုးဘွားထံ
ဆေးကြောလှီးဖြတ် ကောင်းမှုလုပ်ဆောင်
သည်ရက်မြတ်သည် မဟာတဘောင် …

ကြည်နူးနူတ်ဆက် ဆုံမခက်ဖို့
အလွမ်းခြေရာ မိတ္တူဝေကြ
သောသောညံသည့် သင်္ကြန်အက
အတက်နေ့ဆို ယဉ်ကျေးသဗျ …

ဥတ္တရရောက် သင်းကွဲဌက်များ
လျှောက်ရင်ပျောက်ခဲ့ မြောက်လင်းတန်းနဲ့
ရေကမစို လွမ်းရေစိုသည်
သင်္ကြန်ချိန်ဆို သည်းခြေပျက်ပြီ …

ခါးသည်းရက်များ ကုန်ဆုံးပါစေ
ပန်းငယ်ပွင့်များ ပျော်မဆုံးစေ
ရွှေသင်္ကြန်ပွဲ ခြိမ့်ခြိမ့်နွှဲစေ။ ။


-စစ်ငြိမ်းဒီရေ