Dec 30, 2008

၂၀၀၉ ခုနှစ်ဆိုတဲ့ ဘူတာက စထွက်ရင်


ရေးသူ- စစ်ငြိမ်းဒီရေ

ကျနော်တို့ရယ့် အသက်ရှင်သန်မှု မီးရထားသည် ၂၀၀၉ ခုနှစ်
ဆိုသည့် ဘူတာသို့ ဆိုက်ရောက်ရန် ဥသြော်သံများ ဆူညံလျက်
ရှိပါတယ်။ တချို့လည်း အထူးတန်း၊ တချို့လည်း ပထမတန်း၊
တချို့လည်း ရိုးရိုးတန်း၊ တချို့လည်း ထိုင်ခုံမဲ့၊ တချို့လည်း လက်မှတ်
မဲ့၊ တချို့လည်း နားလည်မှု၊ တချို့လည်း ပိုင်ရာဆိုင်ရာ ပုံစံအနေအထား
အသီးသီးဖြင့် လိုက်ပါ ခဲ့ကြပါတယ်။

z1z6.jpg

ထိုရထားပေါ်တွင် နဖူးပိုပြောင်လာပြီး ဆံပင်ဖြူ တစ်ချောင်းစ နှစ်ချောင်းစ
ပိုမို ပိုင်ဆိုင်လာသည့် ကျနော်သည် အသက်တစ်နှစ်ကြီးခြင်းကို ငြင်းပယ်
၍ မရနိုင်သော ရောက်လုဆဲဆဲ ထိုဘူတာအား ပြတင်းပေါက်မှ ငေးကြည့်

နေမိ ပါတယ်။ ကျနော်လိုက်ပါလျက် ရှိသော ရထားတွဲအတွင်းရှိ လူငယ်များ
အား လွန်ခဲ့သော ၁၈ နှစ်၊ ၁၉ နှစ်ခန့်က ရန်ကုန်တိုင်း အခြေခံပညာ
ကျောင်းသားများသမဂ္ဂ(အ.က.သ)၌ တွတ်ပီ ဥက္ကဋ္ဌ ဖြစ်ခဲ့စဉ် အ.က.သ
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် ပေတရာပေါ် ပြောက်ကျားသပိတ် တိုက်ပွဲ
များတွင် အပြင်စည်း တာဝန်ခံ တစ်ဦးအနေဖြင့် မည်သို့မည်ပုံ ခေါင်းဆောင်
ခဲ့သည်များကို ဆရာကြီးလေသံအပြည့်ဖြင့် လူတွင်ကျယ်လုပ်ကာ ငြင်းခုန်မှု
များတွင် ဇွတ်အတင်း အနိုင်ယူ ဗိုလ်ကျ ခဲ့ပါတယ်။

z1z2.jpg

“သူတောင်းစား အိမ်မှာ အိပ်ဖူးသလား”
“ပီနန်အိတ်ခွံ အဟောင်းတွေကို အိမ်ပုံစံလုပ်ထားတဲ့ အရမ်း
ဆင်းရဲတဲ့ အိမ်မှာ အကြာကြီး ပုန်းခို ဖူးသလား”
“တော်လှန်ရေးမှာ ထမင်းငတ်လို့ လက်ဌါး ဖဲသမား လုပ်ဖူး သလား”
“ ... လား …. လား ….. လား ”

z1z1.jpg

ကျနော်လိုက်ပါ စီးနင်းခဲ့သော ရထားတွဲအတွင်း တချို့သော ကျနော့်
ဆရာသခင်များ၊ တချို့သော ကျနော့် ကျေးဇူးရှင်များ၊ တချို့သော
ကျနော့် ညီအကို သူငယ်ချင်းများ၊ တချို့သော ကျနော့်ကိုယ် ကျနော်
ထက် ပို၍တန်ဖိုးထားခဲ့သည့် လူများသည် ၂၀၀၉ ခုနှစ်ဆိုသည့် ဘူတာ
သို့ မရောက်မီ ကြားဘူတာ များ၌ ပျံသန်းထွက်ခွာ ခဲ့ကြပါတယ်။

z1z3.jpg

အလင်းရောင် ထိန်းလင်းသော နေ့အခါများတွင် ကျနော်သည်
ရထားပေါ်တွင် သမိုင်းသုတေသီ လိုလို၊ ကဗျာဆရာ လိုလို၊ မျက်နှာမွဲ
များဖက်မှ ရပ်တည်သူ လိုလို၊ တော်လှန်ရေး အသံ တစာစာဖြင့် ပြုပြင်
ပြောင်းလဲရေး သမား လိုလို ပုံစံမျိုးဖြင့် ရူးချင်ယောင်ဆောင်သူများ ကြား
တွင် အသံကုန် ကြွေးကြော် ခဲ့ပါတယ်။

z1z4.jpg

အမှောင်ကျသော ညအခါ များတွင် ဆင်ဆာခွင့်ပြုချက် မရသော ပြန်
လည် ထုတ်ဝေရန် ခွင့်မပြုသော စာအုပ် အဟောင်းတချို့၊ မှတ်တမ်းဟောင်း
တချို့ကို ၂၀၀၉ ခုနှစ် ဆိုသည့် ဘူတာမှ စတင် ထွက်ခွာချိန်တွင် လစ်ရင်
လစ်သလို ရထားပေါ်တွင် ဈေးရောင်းတတ်သော ဈေးသည်ပညာကို အင်းစိန်
တွဲဖက် ထောင်ထဲတွင် ရေနွေး ရောင်းစားရာမှ ရခဲ့သော အကျင့်အတိုင်း
“ကျနော့်ဆီက ရေနွေး တစ်ပုလင်းကို လိုချင်ရင် နွားတံဆိပ် ဆေးပေါ့လိပ် အလိပ်
၂၀ ရှာထားဟေ့” လို့ အလဲအလှယ် လုပ်ရန် စိတ်ကူးထား ပါတယ်။

z1z5.jpg

ဒီနေရာမှာ … အဲ အခု ရထားပေါ်မှာ အဲဒါ နည်းနည်း အခက်အခဲ
တွေ့နေပါတယ်။ ဒီ ၂၀၀၉ ခုနှစ် ဆိုတဲ့ ဘူတာကနေ ရထား စထွက်ရင်
ကျနော့်ဖက်က ပေးမှာက ရှားပါး စာအုပ်နဲ့ မှတ်တမ်းတချို့။ အင်းစိန်တွဲ
ဖက် ထောင်ထဲကလို ရေနွေးပုလင်း မဟုတ်ဘူး။ အဲဒီအပြင် ကျနော့်လိုချင်
တာကလည်း နွားတံဆိပ် ဆေးပေါ့လိပ် ၂၀ လိပ် မဟုတ်တော့ဘူး။
တော်တော်လေး မြင့်မားတဲ့ အဖိုးအခပဲ။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး
အတွက် မိမိတို့ ပါဝင်မှု အခန်းကဏ္ဍကို တိုးမြင့်ပေးပါလားလို့ ဆိုတဲ့
တောင်းဆိုမှုတစ်ခု ဖြစ်ရင်ရော ဘယ်လိုသဘော ရလဲဗျာ။

z1z7.jpg

ဗျာ …. ဘယ်လို ပြောလိုက်တယ်။ ဗျာ …. ။ အလကား ဖတ်မယ်။
ဗျာ …။ အလကားရတဲ့ နေရာမှာ ရေးထားလို့ အလကား ဖတ်မယ်။
ရက်စက်လိုက်တာ ဗျာ။

Dec 29, 2008

မိုးမိုးလေးတို့ ကတဲ့ဇာတ်ပွဲ

• ညကြေးယူမည်
တန်းစီနေသည့်
လူအပြည့် ။ ။

• ရွာစားခမျာ
ခါးနာ လက်ညောင်း
ဇက်ပါ စောင်းလည်း
ပွဲခွင်ပေါ်မှာ လူမရှိ ။ ။

အာကာသြရ
( ၁၉၆၅ - )

Dec 28, 2008

ဌက်ငယ်လေးရယ်


zzmaei.jpg
(ဓါတ်ပုံထဲမှ အမျိုးသမီးငယ်မှာ မကေသီအောင် ဖြစ်ပါတယ်။)

ဌက်ငယ်လေးရယ်
ရင်ခွင်လှောင်ချိုင့်ကို ရိုက်ချိုးလို့ အပြောကျယ်တဲ့
ဝေဟင်ကို ပျံရလေပြီပေါ့နော် ….
လောကရဲ့ ကောက်ကျစ်တဲ့ သင်ခန်းတွေကို

သင်ယူပြီးရင် ခရောင်းတောဆိုတဲ့
ဝေဟင်ကို အတင်းပျံသန်းလို့
မူလရင်ခွင် လှောင်ချိုင့်ကို ခိုဝင်လှည့်ပါ …. ။

မင်းဟာ တော်လှန်ရေးမှာရော
ငါ့အပေါ်မှာပါ တာဝန်ကျေလှပါတယ် …။
ဌက်ငယ်လေးရယ် ………

ထွန်းထွန်း (၁၄၊ ၉၊၀၈)

(ကဗျာရေးသူ ကိုထွန်းထွန်းသည် (12/12/08) RFA သတင်းပါ
သူ့ကို ဖမ်းမမိသဖြင့် လုံးဝအပြစ်မရှိသော ကိုယ်ဝန်(၃-လ) ရှိသည့်
ဇနီးသည် အဖမ်းခံရပြီး ထောင်ဒဏ် (၂၆)နှစ် မန္တလေးထောင်တွင်
ချမှတ်ခံထား ရပါသည်။ ယခု ကဗျာမှာ ဇနီးဖြစ်သူ မကေသီအောင်
အတွက် ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်း ရေးဖွဲ့ထားသော ကဗျာ ဖြစ်ပါသည်။)

Dec 27, 2008

သူ


“ဘီဘီစီ … ဘီဘီစီကို နားဆင်ပါ
သတင်းတွေ လေလှိုင်းကြားထဲမှာ”
ကျွန်တော်တို့၏ နရသိန် ပရ၀ှဏ်ထဲက လူတိုင်းပါးစပ်ဖျားမှာ
ရေပန်းစားခဲ့သော သီချင်းလေး တစ်ပိုင်းတစ်စ။

၁၉၉၅-ခု အန်တီစုလွတ်လာချိန်မှာ သူတို့အုပ်စုကသီချင်းလေးတစ်ခွေ
ဖန်တီးပြီး အမှတ်တရလက်ဆောင်ပေးခဲ့ကြသည်။
ဒီအတွက် အာဏာရှင်စစ်အုပ်စုမှ ချီးမြှင့်သော ဆုလာဒ်က
7 years in Prison” ။ ။

တကယ်တော့ သူသည် အနာဂတ်အတွက် အိမ်မက်လှလှလေးများ မက်ခွင့်ရှိသူ
တစ်ဦး။
ko win maw 4.jpg
၉ ပေပတ်လည် အခန်းကျဉ်းလေးထဲက သောကဗျာပါဒများ ကြားမှာပင် သူ၏

ဦးနှောက်မှ လှပသော သံစဉ်လေးများ စိမ့်ယိုလျက်ရှိသည်။
အသားညိုညို၊ အရပ်အမောင်းကောင်းကောင်း။
ယဉ်ကျေးသိမ်မွေ့ပြီး ခင်မင်နှစ်လိုဖွယ်ရာ ဆက်ဆံရေး တစ်ရပ်ကို
သူနှင့် ထိတွေ့မိသူတိုင်းနှင့် တည်ဆောက်နိုင်သူ။
လူပျိုပေါက် အရွယ်မှာပင် ဂစ်တာမှော် အောင်ခဲ့သူ။
မြန်မာပြည်၏ ထိပ်တန်းတီးဝိုင်းကြီး ဖြစ်သော
The Aces တွင်
ဦးဆောင်ဂစ်တာကို တီးခတ်ခွင့်ရခဲ့သူ။
န.အ.ဖ စစ်အုပ်စုကပင် သူ ဂစ်တာမှူးအဖြစ် ဦးဆောင်တည်ထောင်ခဲ့သည့်
“ရွှေသံစဉ်” တေးဂီတ၀ိုင်းကို မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များတွင် နေ့စဉ်လိုလို
အသုံးပြုခံခဲ့ရသူ။
တက်ကြွမှု၊ ယုံကြည်မှု၊ လွတ်လပ်မှု၊ အိပ်မက်ချိုချိုလေးများကို
သူ၏ Honda Prelude တံခါးနှစ်ပေါက်ကားလေးပေါ်တွင်
သယ်ဆောင်မောင်းနှင်းနေရင်းမှ ……..
ပြည်သူလူထု၏ ဆင်းရဲငတ်မွတ်မှု နေ့စဉ်ဘ၀ ဒုက္ခဝေဒနာများကို
လှစ်လျူမရူနိုင်တော့သည့် မေတ္တာတရားကြောင့်
“မြန်မာပြည် ဒီမိုကရေစီရရှိရေး ဘက်တော်သားများ”၏ စုရပ်ထဲမှာ
သူ့ကားလေးကို စက်သတ်လိုက်ပါတော့သည်။

7 years in Prison
စစ်အုပ်စု၏လုပ်ရပ်က သူ့ကိုစိုးစဉ်းမျှ တုန်လှုပ်ခြောက်ချားစေနိုင်ခြင်းမရှိခဲ့။
ချယ်ရီအတွက် “
ရနံမဲ့ ခရီးရှည်
အန်တီ့အတွက် “
အကယ်၍
န.အ.ဖ အတွက် “
Evil go away
ပြည်သူလူထုအတွက် …….. သီချင်းလေးများစွာ
အိပ်မက်သစ်တွေအတွက် ….. သီချင်းလေးများစွာ
ရွှေဝါရောင်တော်လှန်ရေးကြီးကို ဂုဏ်ပြုသီဖွဲ့ထားသည့်
ပြည်သူ့ ဆန္ဒပြည့်ဝပါစေ
“ကျွန်တော်အဖမ်းခံခဲ့ရရင်တောင်မှ
စက်တင်ဘာနှစ်ပတ်လည် တစ်ညမှာ
ဒီသီချင်းလေး ပြည်သူတွေကြားခွင့်ရရင်
ကျေနပ်ပါပြီ”။ ။
အဖေအိုကြီးနဲ့ အပျိုပေါက်၊ လူပျိုပေါက် ရင်သွေးလေးယောက်
နှလုံးသည်းပွတ် “သဇင်”
kowinmaw.jpg
သူတို့တွေရဲ့ အနာဂတ်ထက်
အမိမြန်မာပြည်ကြီး၏အနာဂတ်အတွက် သောကတွေပြည့်နေခဲ့တဲ့သူ။

“အလှူတွေကတော့ ချိမ့်ချိမ့်သည်းပဲ … …. … ရေ”
“ဒီတစ်ခါတော့ တွေ့ဆုံဆွေးနွေးရေးဖြစ်တော့မယ် ထင်တယ်”
နေ့မအား ညမနား
ဒီရေလှိုင်းတွေကြားမှာ လိုက်ပါစီးမျောရင်း
ဒီမိုကရေစီလိုလားပါတယ်ဆိုတဲ့ ကမ္ဘာကြီးအတွက်
ဒီမိုကရေစီလိုလားပါတယ်ဆိုတဲ့ အဝေးရောက် ရဲဘော်တွေအတွက်
မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့သဘောထားအစစ်အမှန်တွေ
စစ်အုပ်စုရဲ့ ယုတ်မာရက်စက်တဲ့ သရုပ်မှန်တွေ
စတုတ္ထမဏ္ဍိုင်ကို အားပြုပြီး
အကောင်းဆုံးနဲ့နောက်ဆုံးအခြေအနေတွေကို
စဉ်ဆက်မပြတ်အောင် ခိုင်မာတဲ့ အထောက်အထားတွေနဲ့
တင်ဆက်ပြသပေးခဲ့တဲ့ အဓိကလူ
သူ …. …. ….
သူ့အတွက် ဆုလာဒ်က
7 years in Prison” နောက်တစ်ခေါက်နဲ့
တောင်ငူကိုပြန်ရောက်ခဲ့ရတာပေါ့။

ယုံကြည်ပါသည်။
သူ့သီချင်းလေးတွေ အမြဲရှင်သန်နေပါမည်။
1-1.jpg
သူ့စိတ်ဓါတ်တွေ မဖေါက်မပြန်၊ မတိမ်းမစောင်းပဲ
ရှိမြဲရှိနေပါဦးမည်။
သံတိုင်တွေကို ကိုင်ကာငေးရင်း
လှပအေးချမ်းသော
လူအချင်းချင်းနိုပ်စက်ချင်းကင်းဝေးသော
ငတ်မွတ်ကြောင့်ကြခြင်းကင်းသော
ပြုံးရွှင်ချိုမြ၊ အလိုကျသော မျက်နှာများဖြင့်
သွားလာလှုပ်ရှား စည်ကားလျက်ရှိသော
အနာဂတ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်သစ်ကြီးကို မြင်ယောင်လျက်
အပြုံးလျှလျှ နုတ်ခမ်းတွေကြားက
သံစဉ်လှလှ၊ “အလင်္ကာ” ချိုမြမြလေးတွေ
ထာဝရ စီးကျလျက်ရှိနေပါဦးမည်။
pic4(2).jpg

ကျွန်တော်တို့ဘက်ကလည်း
ဒီမိုကရေစီလိုလားလှပါတယ်ဆိုတဲ့ ကျွန်တော်တို့ဘက်ကလည်း
သူ့ဘက်လို့ သူယုံကြည်ထားတဲ့ ကျွန်တော်တို့ဘက်ကလည်း
သူ့အတွက်ထိုက်တန်တဲ့ ဆုလာဒ်တစ်ခုကို
ဝိုင်းဝန်းဖန်တီးပေးကြလိမ့်မည်ဟု
ယုံကြည်ပါသည်။


အာကာသြရ
(၁၉၆၅- … … … …)


Dec 24, 2008

ပြည်တွင်းမှ ပေးစာ(ခင်ပွန်းကို ဖမ်းမမီလို့ ထောင်ချခံရတဲ့ ကိုယ်ဝန်သည်)

ကိုအောင်..

ကျနော်က ခင်ဗျားရဲ့ ဘလောက်ဂ်ကို အမြဲတက်ကြည်ကျပါ.။
ကိုအောင်ရဲ့ဘလောဂ့်လေးမှာ
ကျနော့်အမျိုးသမီးရဲ့အကြောင်းလေးကိုဖော်ပြစေချင်ပါတယ်။ (12/12/08) RFA
သတင်းပါ ခင်ပွန်းကိုမမိသဖြင့် ကိုယ်ဝန်(၃-လ)ဆောင်အမျိုးသမီးကို
ဖမ်းပြီးထောင်(၂၆)နှစ် မန္တလေးထောင်မှာ ချလိုက်တာပါ။ မန္တလေးထောင်မှာ
သံဃာအပါအ၀င်လူငယ်(၁၁)ဦးကို ဒီရက်ပိုင်းအတွင်းက
နှစ်ရှည်ထောင်ဒဏ်တွေချလိုက်ပါတယ်။ နောက်ပြီး အပြစ်မရှိရှာတဲ့
ကိုယ်ဝန်ဆောင်အမျိုးသမီး(မကေသီအောင်)ကို ဖမ်းပြီးထောင်ချလိုက်တာဟာ

လူအခွင့်အရေးချိုးဖောက်မှုလို့ ကျနော်ယူဆတယ်။ အဲဒီ သတင်းဟာလည်း
သိပ်မပြန့်ဘူးဖြစ်တယ်ဗျာ။ ဒါကို လူတွေသိသွားအောင် အကိုဘလော့ဂ်မှာ
တင်ပေးနိုင်မလားဗျာ။ အဲဒီအမျိုးသမီးဟာ ကျနော့်အမျိုးသမီးပါ။
ပါသွားတယ်ဆိုတဲ့ (၁၁)ယောက်ဟာ လည်း ကျနော်တို့ သူငယ်ချင်းတွေပါပဲ။
ထောင်ထဲက နောက်ဆုံးသတင်းလေးတွေပါ တင်ပေးစေချင်တယ်ဗျာ။

ထွန်းထွန်း

ကိုအောင်..
ထောင်တွင်းက အခြေအနေတွေက အရမ်းကို ဆိုးဝါးနေပါပြီ။
နိုင်ငံတကာကပါ သူတို့လက်လှမ်းမမှီတဲ့ ဒီကိစ္စကို ဖော်ထုတ်စေချင်ပါတယ်။
ကိုအောင်အနေနဲ့ ဘလော့်ဂ်မှာ တင်ပေးမယ်ဆိုရင် ကျနော်ဘက်က
ဘယ်အချက်အလက်တွေကို ပို့ပေးရမလဲ။ ကိုအောင် ကျနော့်ကို
စာပြန်ပို့ပေးပါလား။
ထွန်းထွန်း

..... ...... ....... ......

ကိုထွန်းထွန်း

ကျနော်ဆီ စာရေးတာ ကျေးဇူးပါ။
အကို အခု ဘယ်မှာနေလဲ။ မြန်မာပြည်ထဲမှာလား။ နယ်စပ်မှာလား။
အကို့ အမျိုးသမီး နာမည် အပြည်အစုံ၊ လက်ရှိ ထောင်သားနံပါတ်၊
ထောင်အမည်၊ ဘယ်နေ့က အဖမ်းစခံ ရလဲ၊ အမှုအမည်၊ သူ့ကို
တရားဆွဲတဲ့ ရဲအရာရှိအမည်နဲ့ ရာထူး၊ အကို့ မိန်းမ က NLD ကလား၊
ကျောင်းသားဖက်ကလား၊ လက်ရှိ အမိန့်ချပြီးဘီလား၊ သူ့ဓါတ်ပုံကို
ပို့လို့ ရရင် ပို့ပေးပါ။ သူ့ကို ထောင်ဝင်စာ သွားတွေ့တော့ ဘာပြော
လဲ။ ထောင်တွင်း အခြေအနေ၊ သူ့နဲ့ အတူ ထောင်ထဲမှာ ဘယ်သူတွေ
ရှိလဲ။ စသဖြင့် ပြည်ပြည်စုံစုံ ရေးပေးပါ။ ကျနော့်ဘလော့မှာ မတရားခံ
ရသူတွေဖက်က အမြဲတမ်း ကူညီရန် အဆင့်သင့် ရှိပါတယ်။ အကို့ထံ
ဖုန်းဆက်လို့ ရမဲ့ ဖုန်းနံပါတ် ရှိရင် ပြောပါ။
လေးစားစွာဖြင့်

ကိုအောင်
-ဒိန်းမတ်

Dec 21, 2008

ဖဲဝိုင်း


ရေးသူ- စစ်ငြိမ်းဒီရေ

“မိတ်ဆွေကြီး၊ ခင်ဗျား နေရာမှားလာ သလား … ဒါ … ဖဲဝိုင်း ပါ…
… တစ်လေးလုံး ရတော့ … ရှစ်လေးလုံးတုန်းက … ပဒုံမာကွင်းထဲ
ဦးအောင်ကြီး စင်ပေါ်ရောက်သလို … စပ်ဖြီးဖြီးနဲ့” …။

“မိတ်ဆွေကြီး၊ သိပ်ပျော်နေလား … ခင်ဗျားရယ့် တစ်လေးလုံးကို …
ကာလာစီနီယာနဲ့ စားမယ် …. ရယ်လိုက်တဲ့ ခင်ဗျားပါးစပ်က …
ကိုစောမောင် ပုံစံလို ဆယ်ပြားစေ့ လေးထောင့်ထွက်တဲ့ မိတ်ဆွေ
ကြီးရေ၊ …. ဒါ … ဖဲဝိုင်း” …။
zplayingcar.jpg


“မိတ်ဆွေကြီး၊ သိပ်ဆုမတောင်းနဲ့ … သန်းငါးဆယ်ကို ဥပက္ခာပြုပြီး

… ငါးသိန်းကို မျက်နှာသာပေးတဲ့ ခင်ဗျားရယ့် ဘာသာတရား ….
တောင်စွယ် နေမကွယ်ခင် … ခင်ဗျားရယ့် သမီးကို ကာရာအိုကေဆိုင် ….
ပို့လိုက်ပါအုံး မိတ်ဆွေကြီးရေ၊ ဒါ … ဖဲဝိုင်း” …။

“မိတ်ဆွေကြီး၊ ဒီ … ဖဲဝိုင်းမှာ … အချိန်မစေ့ခင် အမှီလိုက်ပါ …
ငွေမပြည့်ရင် ပူးမှရိုက်ပေါ့ … မျှော်ပြီးရိုက်ရင် ပေါ်ပြီးသာ အောက်စ …
ကြောင် ကြာကြာ ရေမငုတ်သလို၊ ပင်လယ်အ၀’မှာ စစ်သင်္ဘောရောက်
တာတောင် လူမှုရေး ပြဿနာလို့ ယူဆခဲ့တဲ့ မိတ်ဆွေကြီးရေ ...
... ... ... ...
ဒါ … ဖဲဝိုင်း ပါ …
ဒါ ... ဖဲဝိုင်း ပါ …
... .... ....
ဟောဒါ ဖဲဝိုင်း” …။



(http://search.winamp.com/search/webhome မှ ဓါတ်ပုံကိုအသုံး
ပြုထားပါသည်။)

ဖီးနစ်ဌက်များ



• မီးလျှံထဲက
ထွက်လာကြသည်
မယုတ်မညစ်
မဆုတ်မနစ်
စိတ်သစ်ရုပ်သစ်
အားမာန်သစ်နဲ့  ။ ။

• ဟော… ခုတစ်ဖန်
မီးလျှံတွေကြား
ရောက်သွားပြန်ပြီ
လောင်ကျွမ်းပျောက်ဆုံး သွားမှာမဟုတ်
စိတ်သစ်ရုပ်သစ်
အားမာန်သစ်နဲ့ 
နေ့ သစ်တခုမှာ စုံဦးမယ်…။
နေ့ သစ်တခုမှာ ဆုံဦးမယ်…။

အာကာဩရ
(၁၉၆၅ - )

Dec 20, 2008

၁၀၀ မြောက်ပို့စ်၊ ကျေးဇူးတင်ခြင်းနဲ့ ရှေ့ခရီး


ရေးသူ- ကိုအောင်

ကျနော့်ဘလော့လေး အင်တာနက်လွင်ပြင်မှာ စီးဆင်းခဲ့တာ ဒီစာပိုဒ်နဲ့ဆို
တစ်ရာပြည့်မြောက်ပါပြီး။ အရင် အရင် … ယခင် ယခင်တွေတုန်းက ဘလော့
တစ်ခု တည်ဆောက်ဖို့ ကျနော် စိတ်မကူးခဲ့ပါဘူး။ ကျနော်ကို ကွန်ပြူတာနဲ့
မိတ်ဆက်ပေးတာ ကိုသက်ဦးပါ။ အွန်လိုင်းပေါ်ရင် ရောက်ရင် အမြဲလိုလို စာ
သွားပြီးဖတ်နေကြ မာယာမဂ္ဂဇင်းကို အားကျပြီး ဒီဘလော့ကို လုပ်ဖြစ်ခဲ့ပါတယ်။
ကိုသွင်မောင်နဲ့ တေဇာတေတို့ ကူညီပေးလိုပေါ့။ နောက်မို့ဆိုရင် … အခု
တောင် EOT အဆင်မပြေသေးဘူး။ ဘလော့တစ်ခု လုပ်ဖို့ တွန်းအား ပေးခဲ့
တဲ့ နော်ဝေးလ်နိုင်ငံက
ကိုမိုးမောင်မောင်လည်း အပါပေါ့။

ဘလော့နာမည်ကို …
ပျူနိုင်ငလို့ နာမည်ပေးခဲ့ပါတယ်။
ကိုမိုးမောင်မောင်က ရယ်စရာ ပြောပါတယ်။ “မင်းကလည်း ဒီမှာ ဗမာနဲ့

မြန်မာ မပြီးသေးဘူး၊ Issue အသစ်တွေ ထပ်ထုတ်နေတာလား” တဲ့။
ဟုတ်ကဲ့ …
ဆရာကြီး ဒေါက်တာသန်းထွန်းရယ့် “ပျူတွေ ဘယ်ပျောက်သွား
သလဲ” စာအုပ်နဲ့
ဆရာဘုန်းတင့်ကျော်ရယ့် “ပျူစစ်လျှင် မြန်မာ” စာအုပ်
တွေ ဖတ်ပြီး အဲဒီ ပျူဆိုတဲ့ လူမျိုး၊ စတင် အခြေချမှုကနေ နိုင်ငံဆိုတဲ့
အရာကို သဘောကျလွန်းလို့ ကျနော့်ဘလော့ စာမျက်နှာလေးကို ပျူနိုင်ငံ
လို့ အမည်ပေးခဲ့ပါတယ်။

zpyu2z.jpg


သွားလေသူ ဆရာကြီး ဒေါက်တာသန်းထွန်းကို ကျနော့်စာမျက်နှာ
တွေပေါ်ကနေ ဂါရ၀ ပြုပါတယ်။ ဆရာဘုန်းတင့်ကျော်ကိုလည်း ဂါရဝ
ပြု ပါတယ်။

zpyu.jpg

ကျနော့်ဘလော့လင့်ဂ်ကို သူ့စာမျက်နှာမှ ပထမဆုံး လင့်ဂ်တင်ပေးခဲ့တဲ့
မာယာမဂ္ဂဇင်းက အကိုကြီး ကိုအေးဝင်းကိုလည်း ကျေးဇူး အထူးတင်
ပါတယ်။ (ဆရာကြီး ဒေါက်တာသန်းထွန်း စာအုပ်အပါအ၀င် စာအုပ်
နှစ်အုပ် လက်ဆောင် ပို့ပေးခဲ့တဲ့အတွက်လည်း ပါဝင် ပါတယ်။) ကျနော့်
ဘလော့မှာ ပထမဆုံး ကော်မန့်ပေးခဲ့တဲ့ ဟော်လန်နိုင်ငံက သူငယ်ချင်း
ဖြစ်သူ
သင်းသင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ပထမဆုံး စီဗုံးထဲမှာ
စာလာရေးပြီး အားပေးခဲ့တဲ့ ကိုသက်ဦးကိုလည်း ကျေးဇူးတင်ပါတယ်။
Google Reader မှ တဆင့် ကျနော့်ဘလော့ရယ့် နောက်ဆုံး ပို့စ်
တွေကို စာဖတ်သူတွေ စိတ်ဝင်စားအောင် ပထမဆုံး လင့်ဂ်ပေးခဲ့တဲ့
အကိုကြီး ကိုအောင်သာငယ် နဲ့ ကိုလူသစ် (အရေးဆို ဒီလူက မရှိ
တော့ဘူး။) တို့ကိုလည်း ကျေးဇူးများစွာတင်ပါတယ်။

ကျနော် ဘလော့ပေါ်က အချို့သော ဆောင်းပါးများသည် ယခုတိုင်
မပြီးဆုံးသေးပါ။ ဂိုလ်ဒါမယ်ယာ က အပိုင်း(၃)နဲ့ ရပ်ထား ရပါတယ်။
သူနဲ့ ဂျော်ဒန်ဘုရင် ဟူစိန်နဲ့ တွေ့ဆုံပွဲ၊ သူ့ယောင်္ကျားနဲ့ ကွဲခြင်း၊
ယုန်ကစ်ပူး စစ်ပွဲရှုံးခြင်း၊ ဒေးဗစ်ဘင်ဂူရီယန်ကို နိုင်ငံရေးမှာ ဘာကြောင့်
လက်တွဲဖြုတ်ခဲ့လည်း စတာတွေ အသေးစိတ် ထပ်လေ့လာ နေလို့ပါ။
ကျနော်တို့ဆီမှာ (စာကြည့်တိုက်စာအုပ်အများစုဟာ) ဒိန်းမတ်ဘာသာ
စကားနဲ့ ဖြစ်နေလို့ တခြားနေရာက တဆင့်ထပ်ပြီး မှာရပါတယ်။ မကြာ
ခင် အဆုံးသတ်ပါ့မယ်။

အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ အကြောင်းလည်း ထိုနည်းတူပါပဲ။
အင်္ဂလိပ်အထွက် ဂျပန်အ၀င်တွင် ဆရာကြီးသခင်မြသည် ထိုင်း၊မြန်မာ
နယ်စပ်မှ ထားဝယ်သို့ ဆင်းလာပါတယ်။ အဲဒီမှာ လူဆိုးများ၏ ဖမ်းဆီး
မှုခံရပြီး အတူပါလာသော သခင်ဗဆွေ၏ အကို ကိုဗကြူ အသတ်ခံရပါ
တယ်။ BIA က လာကယ်မှ ဆရာကြီးသခင်မြ လွတ်မြောက်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကို သမိုင်းမှတ်တမ်းများတွင် ရှာဖွေကြည့်ရာ ယနေ့ထက်တိုင်
မတွေ့ရသေးပါ။

ဘိုးဘေးဘီဘင်များကို ရှာဖွေခြင်းလည်း အပိုင်း(၁)နဲ့ ရပ်ထားရပါတယ်။
သမိုင်းဆိုင်ရာ ရေးကြတဲ့ တခြားဘလော့တွေနဲ့ ကျနော့်သိထားတာက
ကွဲလွဲနေပါတယ်။ ဒါကြောင့် စာအုပ်တချို့ ထပ်မှာနေရပါတယ်။ သမိုင်းဝင်
ပင်လယ်မြို့ဟောင်း တူးဖော်မှု မှတ်တမ်းအသစ်တွေကို ထပ်စောင့်
နေပါတယ်။

ဒို့ကျောင်းနဲ့ ဒို့ဂါထာ၊ ဒို့အရပ်နဲ့ ဒို့ဇာတ်က မကြာခင် အဆုံးသတ်ပါ့
မယ်။ အကြမ်းတော့ ပြီးပါပြီး။

လက်ရှိမှာ ကျနော့်အလုပ်အကိုင် အပြောင်းအရွေ့ ဖြစ်တဲ့အနေအထား
ရောက်နေပါတယ်။ ဒါကြောင့် ကျနော့် ပင်ကိုယ်ရေးတွေ အစား လူသိ
နည်းတဲ့ တကယ့်ဖြစ်ရပ်မှန် ရှားပါးစာပေတွေကို ဖော်ပြဖြစ်မယ်လို့ စိတ်
ကူးထား ပါတယ်။

အွန်လိုင်းပေါ်မှာ အီးဘွတ်တွေ အများကြီးရှိပါတယ် ….
အဲဒီအထဲမှာ မရှိသေးတဲ့ ... ....

… …. စစ်ကိုင်းဦးဘိုးသင်ရယ့် “ငမဲကျွန်” ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးပါ
သလား … ….
… …. စာရေးဆရာ ရန်ကုန်ဘဆွေက ကလေးငယ်လေးတွေ ဖတ်ဖို့
စာအုပ်တစ်အုပ် ရေးခဲ့ပါတယ်။ တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်း၊ အဲဒီ
ထဲက လူတွေက အပြင်မှာ တကယ်ရှိပြီး တကယ်ကိုဘဲ ဖြစ်ပျက်ခဲ့တဲ့
“ချီလေသော်လည်း” ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးပါသလား …. ….
… … ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့တဲ့ အိမ်စောင့်
အစိုးရလက်ထက် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်မှူးချုပ်မောင်မောင်
ရဲ့ တကယ့် ဖြစ်ရပ်မှန်ဇာတ်လမ်း “တိုက်ယူရသည့် မျက်ရည်တပေါက်”
ဆိုတဲ့ စာအုပ်လေးရော ဖတ်ဖူးပါသလား … …

… … ယခုလက်ရှိ မြန်မာပြည်တွင်းမှ ဆင်ဆာအဖွဲ့က ပြန်လည် ထုတ်
ဝေခွင့် မပြုတဲ့ စာအုပ်တချို့နဲ့ ကျနော့် ကိုယ်ပိုင်ရေး ကျိုးတို ကျဲတဲ
လေးတွေ ပေါင်းပြီး ကျနော့်ဘလော့လေးကို ဆက်လက် စီးဆင်းခွင့်
ပြုပါလို့ ပြောပါရစေ ခင်ဗျာ။

… … စာလာဖတ်သူ အားလုံး၊ မိတ်ဆွေ သင်္ဂဟ အားလုံး စိတ်၏ချမ်း
သာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ … … ။

Dec 18, 2008

ကျွန်တော် ဒဂုန်တာရာကို တွေ့ချင်တယ်


ရေးသူ- စည်သူမြသန်း
(18 June 2008 13:58 ရွှေအမြုတေ စာမျက်နှာမှ)

နိဒါန်း။

ကွယ်လွန်သူ ကဗျာဆရာ ဒေါင်းနွယ်ဆွေသည် ခရီးသွားဆောင်းပါးအဖြစ်
ပုဂံ (သို့မဟုတ်) ရှေးမြန်မာ၏ အိပ်မက်မြို့တော်ကို ရေးသည်။ သမိုင်း
ဆိုင်ရာဆောင်းပါးအဖြစ် “ပုဂံ၏ မရိုးနိုင်သော ပါးစပ်ရာဇ၀င်”ကို ရေးသည်။
သူ ပါဝင်သရုပ်ဆောင်ခဲ့သော အပယ်ရတနာရုပ်ရှင် ဇာတ်ကားကို “ပုဂံ
ခေတ်၏ မေတ္တာအနက်ဖွင့်ရာ အပယ် ရတနာ”ဟု ဆရာဒေါင်းနွယ်ဆွေ
တင်စား ညွှန်းဆိုသည်။


တစ်။

၁၉၅၀ ခုနှစ်တစ်ဝိုက် မြန်မာစာပေလောက၏ အောင်မြင် ထင်ရှားသော
ကဗျာဆရာဆိုသည်မှာ လက်ချိုးရေတွက်၍ ရနိုင်သည်။ ထိုလက်ချိုးရေ၍

ရသော ကဗျာဆရာများထဲမှာ ဆရာ ဒဂုန်တာရာ၊ ဆရာဒေါင်းနွယ်ဆွေ၊
ဆရာနေသွေးနီတို့ ပါသည်။ ဆရာတို့သည် အောင်မြင်ထင်ရှားသည်။
သို့သော် ထိုစဉ်ကာလ၊ ထိုခေတ်အခါက စာပေတွင် နိုင်ငံရေးစံနှင့် နိုင်ငံရေး
အယူဝါဒ လွှမ်းကဲသည်ဖြစ်၍ စာရေးဆရာ၊ ကဗျာဆရာများသည် နိုင်ငံရေးစံ၊
စာပေစံအရ သူ့အုပ်စုနှင့်သူ ဖြစ်နေကြသည်။

ထိုစဉ်က မြန်မာနိုင်ငံ ကဗျာဆရာအသင်းချုပ်တွင် ဆရာဒေါင်းနွယ်ဆွေက
ဥက္ကဋ္ဌ၊ ဆရာနေသွေးနီက အတွင်း ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်ဖြစ်၍
ထိုကဗျာ ဆရာနှစ်ယောက်က တစ်အုပ်စုဖြစ်ပြီး ကဗျာဆရာ ဒဂုန်တာရာက
သီးခြားရပ်တည်သည်။ ဆရာဒေါင်းနွယ်ဆွေသည် သူ့စာပေသက်တမ်း
တစ်လျှောက် ဆရာဒဂုန်တာရာကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်ဟု အဆိုရှိသည်။
ဤသည်မှာလည်း သူ့အကြောင်းနှင့်သူ ဆန့်ကျင်ခြင်း ဖြစ်လိမ့်မည်ဟု မှတ်
ချက်ပြုကြသည်။
သို့သော် ...

နှစ်။

သို့သော် လူဆိုသည်မှာ လောကကြီးမှ ကျောခိုင်းထွက်ခွာရန် နီးကပ်ချိန်မှာ
သဘောထား အမြင်များ ပြောင်းတတ်သည်။ မိမိ မှီတင်းနေထိုင်ခဲ့ရာ လူ့
အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား အရှင်းသန့်ဆုံးဖြင့် အာဃာတတရားများ၊
အဆိုးမြင် သဘောထားများ ခ၀ါချကာ လောကကြီးမှ ကြည်လင် အေးချမ်း
စွာ ထွက်ခွာသွားလိုတတ်သည်။ ဆရာဒေါင်းနွယ်ဆွေ၏ ထိုရပ်တည်ချက်နှင့်
စပ်လျဉ်း၍ ကျွန်တော်သည် ဆရာဒဂုန်တာရာနှင့် ဘ၀တစ်လျှောက်လုံး
လက်ပွန်းတတီးရင်းချာသော ဆရာပါရဂူ၏ ရေးသားချက်အချို့ကို အခြေခံ
ကာ ကိုးကားတင်ပြလိုသည်။

ယင်းမှာ ...
သူသည် မရဏညောင်စောင်းဝယ်...
လဲလျောင်းနေရှာသည်။
သူ၏အားမာန်သည် သူ၏ကိုယ်ခန္ဓာမှ ခွဲခွာသွားပြီ။ သူ၏...
ထောင်နေသော နှုတ်ခမ်းမွေးသည် ငိုက်ကျနေသည်။
သူ၏ ကဗျာဥာဏ်သည်...
သူ့ကို စွန့်ခွာသွားပြီ။ မရဏနာရီ လက်တံသည် တစ်ချက်၊ တစ်ချက်နှင့်
ရွေ့ နေသည်။
သူကား နာမည်ကျော် ကဗျာဆရာ ဒေါင်းနွယ်ဆွေ ဖြစ်သည်။
လူမမာ သတင်းမေးလာသူများ သည်...
ဘ၀လမ်းဆုံးသို့ ရောက်တော့မည့် လူမမာကို ငေးကြည့်နေသည်။
မိမိလည်း မျက်လုံး မှိတ်ထားသော လူမမာကို ငေးကြည့်ရင်း...
မိသားစုမှ တစ်ယောက်အား လူမမာ အခြေအနေ မေးမိသည်။
လူနာသည်...
အသံကြား၍ မျက်လုံးဖွင့်ကြည့်သည်။ ဆီကုန်ခမ်းနေပြီဖြစ်သော
မီးတောက် ၀ုန်းခနဲ ထတောက်လာသလိုပင်။
မိမိကိုယ် မိမိမှန်း သိသည့်အခါ...
လူနာသည် မျက်လုံးကျယ်၊ နှုတ်ခမ်းမွေးထောင် လာသလိုပင်။
မိမိကို လက်ယပ်ခေါ်၍ ...
မိမိလူနာအနီး သွားရသည်။
ထိုစဉ်မှာ...

သုံး။

သေဆုံး၊ ကွယ်လွန်အံ့ဆဲ။
ဆရာဒေါင်းနွယ်ဆွေသည် လူမမာ သတင်းမေး လာသော ဆရာပါရဂူ
အား မေတ္တာရပ်ခံ၊ ပန်ကြားစကားတစ်ခွန်း ဆိုလေသည်။ ထိုစကားသည်
ဆရာပါရဂူ ဘ၀တစ်လျှောက် အံ့အားလည်းသင့်၊ ရင်လည်းနာ၊ ကြေကွဲ
စိတ်မကောင်းစွာ ခံစားရသည်။ ထိုစကားကား...
“ကျွန်တော် ဒဂုန်တာရာကို သိပ်တွေ့ချင်နေတယ်။ မသေခင် သူနဲ့တွေ့ပြီး
စကားပြောသွားချင်တယ်။ ဒဂုန်တာရာကို ကျွန်တော့်ဆီ ခေါ်ပေးပါဗျာ”
ကဗျာဆရာ၊ စာရေးဆရာ ဘ၀သက်တမ်းတစ်လျှောက် ဆရာဒဂုန်တာရာ
ကို ဆန့်ကျင်ခဲ့သော ဆရာဒေါင်းနွယ်ဆွေသည် မရဏညောင်စောင်း
အထက်တွင် သူ့သဘောထား၊ အမြင်များကို ပြောင်းလဲပြသွားခဲ့ပြီ။
သို့သော်
ဆရာဒေါင်းနွယ်ဆွေ ဆန္ဒကား မပြည့်ဝခဲ့ရှာ။ ဆရာဒဂုန်တာရာနှင့် လူချင်း
တွေ့ဆုံ စကားပြောခွင့် မရခဲ့ရှာ။ ရန်ကုန်နှင့်ဝေးလံသော မှော်ဘီ၊ မဲဇာမှာ
နေထိုင်သူ ဆရာဒဂုန်တာရာနှင့် ရုတ်ခနဲ အားချင်းတွေ့ဆုံနိုင်ရန် ဆရာပါရဂူ
လည်း စီစဉ်မပေးနိုင်ရှာ။ ဆရာဒေါင်းနွယ်ဆွေကား အားလုံးကို နှုတ်ဆက်
ထွက်ခွာသွားခဲ့ပြီ။ ထိုနေ့ ကား ၁၉၈၅ ခုနှစ်၊ မတ်လ ၂၂ ရက်။

နိဂုံး။

ကျွန်တော်တို့သည် ထိုစဉ်က ဆရာဒေါင်းနွယ်ဆွေ ဈာပနအား ရန်ကုန်
ပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲရုံမှကြံတော သုသာန်သို့ လိုက်ပါပို့ဆောင်ခဲ့ကြ
သည်။ သည်မှာ ကျွန်တော်တို့ သူငယ်ချင်းများအုပ်စုမှ ဆရာဒေါင်းနွယ်ဆွေ
၏ စာပေ တပည့်တပန်းများ၊ လက်သင်ကဗျာဆရာများ၊ ဆရာဒေါင်းနွယ်ဆွေ
၏ စာပေ၊ ဘ၀၊ ရုပ်ပုံလွှာကို လေးစားရင်းစွဲရှိသူများ ပြန်လည်ဆုံစည်းဖြစ်
ကြသည်။ ဆရာဒေါင်းနွယ်ဆွေ ဈာပနမှအပြန် ကျွန်တော်တို့ သူငယ်ချင်း
များသည် တစ်နေရာမှာ ထိုင်ဖြစ်ကာ ဆရာဒေါင်းနွယ်ဆွေ (အမှတ်တရ)
စကားဝိုင်းလေး ဖွဲ့ဖြစ်ကြသည်။

ထိုစကားဝိုင်းမှာ...
ဆရာဒေါင်းနွယ်ဆွေ၏ “လောကသစ္စာကို ရှာဖွေခြင်း” ကဗျာစာအုပ်
ကို အကြောင်းပြု၍ ကျွန်တော်တို့သည် “လောကသစ္စာ”ကို ဆက်လက်
ရှာဖွေနေမိကြလေသည်။

Dec 16, 2008

ကမ္ဘာကျော်တွေရဲ့ ကဗျာ


ရေးသူ-
ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှ အယ်ဒီတာတစ်ဦး
(Teen Magazine- ကဗျာကဏ္ဍမှ)

ဖူးငုံတွေက ကဗျာကို ချစ်တတ်ကြတာမို့ ဖတ်ခဲ့ဖူးတဲ့ထဲက ကမ္ဘာကျော်တွေ
ရဲ့ ကဗျာတချို့ကို မျှဝေပေးချင်ပါတယ်။ ဒီလအတွက် ဖော်ပြပေးလိုက်တဲ့
ကဗျာကတော့ တရုတ်နိုင်ငံခေါင်းဆောင်ကြီး မော်စီတုန်း အသက် ၄၂ နှစ်
အရွယ် ၁၉၃၅ ခုနှစ်က ရေးခဲ့တဲ့ လက်ရာကဗျာပါ။

လျူပန်တောင်

တိမ်ဟာ အမွေးအတောင်တွေရဲ့ အယောင်ဆောင်ခြုံလွှာတစ်ခု မဟုတ်
ကောင်းကင်မှာ ငန်းရိုင်းတွေ မမြင်ရ
ငါတို့ဟာ ဂရိတ်ဝေါလ်ကို မရောက်မချင်း သူရဲကောင်း မဟုတ်

ဖြတ်လျှောက်ခဲ့ပြီးတဲ့ခရီးက မိုင်နှစ်သောင်းကျော်စေဦးတော့။
လျူပန်တောင်ထိပ်က မြေကြီးပေါ်မှာ အလံနီတွေကို စိုက်ထူ
အနောက်လေ မြူးလိုက်ရင် ခပ်ကြမ်းကြမ်း တဖျပ်ဖျပ်လွင့်
လက်ထဲမှာ မှိန်း၊ စိတ်ထဲမှာ သတ္တိ၊
ငါတို့ဟာ နဂါးရိုင်းကို ဖမ်းချုပ်နိုင်တော့မှာ၊ ဒါပေမယ့် ဘယ်တော့တဲ့လဲ။ ။


maopoem.jpg

မော်စီတုန်း (၁၈၉၃ - ၁၉၇၆)

အဲဒီအချိန်က ချန်ကေရှိတ်ခေါင်းဆောင်တဲ့ အမျိုးသားရေးဝါဒီတွေက
ကွန်မြူနစ်တွေကို တိုင်းပြည်ထဲမှာ မနေနိုင်အောင် တိုက်ထုတ်ခဲ့ချိန်ပါ။
အဲဒီမှာ ကွန်မြူနစ်တွေဟာ သူတို့ရဲ့ဌာနချုပ်ကို ချန်ကေရှိတ်အဖွဲ့တွေ
မတိုက်ခိုက်နိုင်အောင် လက်လှမ်းမမီ နိုင်တဲ့နေရာကို ရွှေ့ပြောင်းအခြေ
ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရုတ်ပြည် အရှေ့တောင်ဒေသကနေ အနောက်
မြောက်ဒေသအထိ မိုင်ခြောက်ထောင်ကျော်ခရီးကို ချီတက်ပြီး ရွှေ့ပြောင်း
ခဲ့ကြရာမှာ ချန်ကေရှိတ်အဖွဲ့တွေကလည်း လိုက်တိုက်ခိုက်ပါသေးတယ်။
ခရီးစဉ်မှာ တောင်တန်းပေါင်း ၁၈ ခုနဲ့ မြစ်ပေါင်း ၂၄ ခုကို ဖြတ်သန်းခဲ့ကြ
ပြီး တစ်နှစ်နီးပါး ကြာမြင့်ခဲ့ကာ ခရီးစဉ်အတွင်း လူပေါင်း ငါးသိန်းလောက်
အသက်သေဆုံးခဲ့ရပါတယ်။ အောက်တိုဘာ ၁၉၃၅ မှာ အသက်မသေ
ကျန်ရစ်တဲ့တပ်သား ရှစ်ထောင်နဲ့အတူ ရှန်စီပြည်နယ်က ဌာနချုပ်အသစ်
ကို မော်စီတုန်းဦးဆောင်ပြီး အခြေချခဲ့နိုင်ပါတယ်။ အဲဒီနောက် မော်စီတုန်း
ရဲ့ ကွန်မြူနစ်ပါတီက ချန်ကေရှိတ်တို့ကိုပါ အနိုင်ရခဲ့ပါတယ်။ အခုဖော်ပြ
ထားတဲ့ကဗျာဟာ ဒီနာမည်ကျော် ခရီးရှည်ချီတက်ပွဲကာလ အတွင်းမှာ
မော်စီတုန်းကိုယ်တိုင် ရေးဖွဲ့ခဲ့တဲ့ ကဗျာပါ။ မော်စီတုန်းဟာ ၁၈၉၃ ခုနှစ်ဖွား
ဖြစ်ပြီး ၁၉၄၉ မှာ တည်ထောင်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ စစ်ရေးနဲ့
နိုင်ငံရေးခေါင်းဆောင်ပါ။ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ အဆိုကို
လက်မခံခဲ့ သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို နိုင်ငံရေးနဲ့ အတွေး
အခေါ်ဆိုင်ရာ ကဗျာဆရာအဖြစ်လည်း လူသိများပါတယ်။ သူ ဟာ ဂန္ထ၀င်
တရုတ်ကဗျာဟန်နဲ့ ရေးဖွဲ့လေ့ရှိပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကွယ်လွန်
ခဲ့ပါတယ်။ ဒီကဗျာမူရင်းက တရုတ်ဘာသာဖြင့် ဖြစ်ပါတယ်။ အင်္ဂလိပ်
ဘာသာဖြင့် ပြန်ဆိုထားတဲ့ ကဗျာကနေ မြန်မာဘာသာသို့ ပြန်ဆိုပေး
လိုက်ရာမှာ သူ့လေနဲ့ သူ့ဟန်ကို ငုံမိအောင်၊ အနက် ထင်ဟပ်နိုင်အောင်
ကြိုးစားပေးထားပါတယ်။

Dec 14, 2008

ကျေပါနော် မခင်မြ


General Aung San Thinking.gif

(မှတ်ချက်။ ။အီးမေလ်မှ တဆင့် လက်ခံရရှိပါသည်။ တစ်စုံ၊ တစ်ယောက်
သော သူ သည် ယခု စာပေအား အင်တာနက် အွန်လိုင်းပေါ်သို့ စ၍
ပို့ဆောင်ခဲ့ဖူးပါက စတင် ဖော်ပြ ပို့ဆောင်ခဲ့သူ ကို အထူး ကျေးဇူးတင်
တောင်းပန်အပ် ပါသည်။)

အဖော်၊အထီးကျန်တိတ်ဆိတ်မှုနှင့်အနုပညာ


zzJue-1.jpg

zzJue-2.jpg
zzJue-3.jpg
(အင်တာနက် အီးမေလ်မှတဆင့် လက်ခံရရှိပါသည်။)

Dec 10, 2008

ဗိုလ်ချုပ်အောင်ဆန်း နှင့်ဂဠုန်ဦးစောတို့၏ သမိုင်းပြဿနာ


ရေးသူ- စစ်ငြိမ်းဒီရေ

အောက်တွင် ဖော်ပြထားသော ဗိုလ်ချုပ်အောင်ဆန်းသမိုင်းသည်
အချက်အလက်အားဖြင့် မပြည်စုံသလို၊ ပြဿနာ စဖြစ်မှု၊ ခေတ်၊
နောက်ဆက်တွဲ ရိုက်ခက်မှု၊ ပြဿနာ အဆုံးသတ်မှုတို့မှာ မပြည်စုံ
ပါ။ လေ့လာသူတို့အကြား ၀ိရောဓိ ဖြစ်စေ နိုင်ပါသည်။


(၁၉၄၆ ခုနှစ် မတ် (၂၇) ရက်။
အလုံလမ်း၊ ဘုရင်ခံနေအိမ်၊ ရန်ကုန်မြို့။

ဂျပန်ကင်ဒိုဓားရှည်သည် အပေါ်သို့ မြောက်၍တက်သွားသည်။ ပြောင်
လက်သော ကင်ဒိုဓားရှည်သည် နေရောင်အောက်၌ လင်းလက်သွား၏။
ခဏတာ အတွင်း ဓားရှည်သည် အောက်သို့ စိုက်ဆင်းလာပြီး ခုတ်ပိုင်း
လိုက်သည်။ တိခနဲ ပြတ်မသွား...။ သထုံခရိုင်၊ ပေါင်မြို့နယ်မှ အင်္ဂလိပ်
သူလျှို သဲဖြူ ကုန်းရွာ၏ ကုလားသူကြီးသည် အရှေ့သို့ငိုက်၍ လဲကျ
သွားသည်။ သို့ သော်ချက်ချင်း မသေ။ အင်္ဂလိပ်သူလျှို၏အသက်က ပြင်း
လှသည်။

သွေးစွန်းနေသော ကင်ဒိုဓါးရှည်အား ဓားအိမ်အတွင်းသို့ ထိုးသွင်းလိုက်
ရင်း ဗိုလ်ချုပ်အောင်ဆန်း သည် အသက်ပြင်းလွန်းလှသည့် အင်္ဂလိပ်
သူလျှို ကုလားသူကြီးအား သေနတ်နှင့်ပစ်သတ်ရန် သူ့ရဲဘော်များအား
အမိန့်ပေးလိုက်သည်။ အနိဋ္ဌာရုံမြင်းကွင်းအား ကြည့်ရှုနေကြသော ပရိတ်
သတ်ကြီးသည် အင်္ဂလိပ်သူလျှိုတဦး သေဒဏ်စီရင်ခြင်းအပေါ်၌ ကျေနပ်
၍ နေကြသည်။


ဘုရင်ခံအမှုဆောင်ကောင်စီ ဒု-ဥက္ကဋ္ဌ ဆာရိုက်ဝိုက်စ်သည် ဘီအိုင်အေ
စစ်ကြောင်းများ မြန်မာ နိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့စဉ် ပေါင်မြို့နယ်
မုတ္တမဘောလုံးကွင်းအတွင်း သဲဖြူကုန်း ရွာသူကြီး အား သတ်မှုနှင့်
ဗိုလ်ချုပ်အောင်ဆန်းအား တရားစွဲဆိုနိုင်ရန် အချက်အလက်ဖိုင်တွဲ
ကို အစည်းအဝေးတွင် ဖတ်ပြ၍ နေသည်။

အလုံလမ်း ဘုရင်ခံ၏ အိမ်တော်၌ ပြုလုပ်သော အစည်းအဝေးဖြစ်သော်
လည်း ဘုရင်ခံကိုယ်တိုင်က မတက်ရောက်။ မေမြို့သို့ အနားယူရန် သွား
နေ၏။ ဗြိတိသျှစစ်ဘက်မှ ဗိုလ်ချုပ်ဘရစ်နှင့် သူ၏ စစ်ဦးစီး အရာရှိကြီး
များ၊ ပုလိပ်မင်းကြီးနှင့် အရပ်ဘက် အင်္ဂလိပ်အရာရှိကြီးများ တတ်ရောက်
ကြ သည်။

အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၏ တပ်ဦးတွင်ရှိနေသည့် ဗိုလ်ချုပ်
အောင်ဆန်းအား နိုင်ငံရေး နယ်ပယ်မှ ဖယ်ရှားနိုင်ရန် လူသတ်မှုဖြင့်
ထောင်သွင်းဖမ်းဆီးနိုင်ရန် ကြံစည်ကြခြင်းဖြစ်သည်။

မြန်မာပြည်ပုလိပ်မင်းကြီး မစ္စတာ ချက်တယ်လ်က...
“ဗိုလ်ချုပ်အောင်ဆန်းကို စီအိုင်ဒီိက ဖမ်းတာနဲ့ မြန်မာပြည် သူပုန်ထကြ
မှာပဲ။ နောက်ပြီး စစ် အတွင်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အထွေထွေ
လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လန်ဒန်မှာ အခု စဉ်းစားနေကြပြီး မကြာခင်
ဥပဒေထွက်လာမယ်။ ဒီတော့ မပြီးစီးသေးဘဲ ဆိုင်းငံ့ထားသင့်တယ်”

ပုလိပ်မင်းကြီး၏ ဆွေးနွေးချက်အပေါ် တပ်မတော် သေနာပတိချုပ်
ဗိုလ်ချုပ်ဘရစ်ကလည်း ထောက်ခံ၏။

“ဟုတ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုဖမ်းတာနဲ့ လူထုကြီးက သူပုန်
ထကြမှာပဲ။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဆိုးဆိုးဝါးဝါး တုံ့ပြန်
ကြလိမ့်မယ်။ နောက်ပြီး...ဗမာ့တပ်မတော်အတွင်းမှာ ရှိနေတဲ့ တပ်
မတော်သား လေးထောင်၊ ငါးထောင်က ကျုပ်တို့ကို စတိုက်မှာပဲ။
သူတို့မှာ လက်နက် အပြည့်အစုံရှိတယ်။ စစ်ပညာရှိတယ်။ စစ်ပွဲအတွေ့
အကြုံ ရင့်ကျက်နေပြီဖြစ်တယ်။ ဆရာစံ ဂဠုန် တပ်လိုမျိုး မဟုတ်ဘူး“

အစည်းအဝေးခန်းမအတွင်း တိတ်ဆိတ်၍သွားသည်။ အားလုံးက တွေး
ဆ၍ နေကြသည်။ နေမ၀င်အင်ပါယာကြီးအတွက်...။ )

(မှတ်ချက်။ ။အထက်ဖော်ပြပါ ဗိုလ်ချုပ် အောင်ဆန်းသမိုင်းသည် မပြည့်စုံ
ပါ။ အစ မရှိ၊ အဆုံးမရှိ၊ ကွင်းဆက်ပြတ်နေပြီး၊ သမိုင်းဆိုင်ရာ ငြင်းခုန်မှု
ကို ဖြစ်စေပါသည်။ အထက်ပါ ဖြစ်ရပ်ကို အမှန်ဟု မယူဆ နိုင်ပါ။)


အောက်တွင် ဖော်ပြထားသော ဂဠုန်ဦးစော သမိုင်းသည် အချက်
အလက်အားဖြင့် မပြည်စုံသလို၊ ပြဿနာ စဖြစ်မှု၊ အခင်းဖြစ်ပွားရာ
ပတ်ဝန်းကျင် အခြေအနေ၊ ရဲ မှုခင်းလမ်းကြောင်း ကောက်ချက်ဆွဲပုံတို့
နှင့် ပါဝင် ပက်သက်သူတို့၏ အရေအတွက်နှင့် အဆုံးသတ်မှုသည်
လုံးဝ မှားယွင်းနေပါသည်


(၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်။

စက်တင်ဘာလ (၅) ရက်နေ့တွင် ရန်ကုန်ပုလိပ်အစည်းအရုံးမှ ဦးဆောင်
၍ ပုလိပ်သပိတ်ကြီးအား စတင်သည်။ စက်တင်ဘာ (၁၅) ရက်နေ့တွင်
စာတိုက်အမှုထမ်းများ သပိတ်မှောက်ကြပြန်သည်။ ပြီးလျှင်... ကြေးနန်း၊
မီးရထား၊ စည်ပင်သာယာ စသော အစိုးရဌာနများလိုက်၍ သပိတ်မှောက်
ကြတော့သည်။

ဝန်ထမ်းပေါင်းစုံသပိတ်ကြီး...-။ သပိတ်ကြီးကြောင့် နယ်ချဲ့အစိုးရယန္တရား
ကြီး ပျက်မည်ကဲ့သို့ ဖြစ်၍လာသည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်သည်
မဖြေရှင်းတတ်။ အကျပ်တွေ့၍နေသည်။ မျက်နှာဖြူကြီးများ မျက်ဖြူဆိုက်
၍ နေသည်။ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ ဘုရင်ခံသစ်သည်
စက်တင်ဘာ (၁၇) ရက်နေ့တွင် ဆာပေါ်ထွန်း အစိုးရအဖွဲ့ကို ဖျက်သိမ်း
လိုက်သည်။ ဘုရင်ခံအမှုဆောင်ကောင်စီသစ် ဖွဲ့စည်းရေးအတွက် ဆား
ဟူးဘတ်ရန့်စ်သည် ဗိုလ်ချုပ်အောင် ဆန်းနှင့် တွေ့သည်။ ဘုရင်ခံ၏ အမှု
ဆောင်ကောင်စီသစ်တွင် (ဖဆပလ) ကိုယ်စားလှယ် အရေ အတွက် တိုး
ပေးမည့်အကြောင်း ကမ်းလှမ်း၍လာသည်။

ထိုအချိန်၌ ဂဠုန်ဦးစောသည်လည်း ယူဂန္ဒာထောင်မှ ပြန်ရောက်၍နေပြီ။
အလိုတော်ရိဟောင်းကြီး ဦးစောအားလည်း ဘုရင်ခံသစ်က ခေါ်၍တွေ့
သည်။ ဘုရင်ခံအမှုဆောင်ကောင်စီသစ် ဖွဲ့စည်းရေးအား ဆွေးနွေးသည်။
အမှုဆောင် ကောင်စီသစ်တွင် ပါဝင်ရန် ဘုရင်ခံက ဦးစောအား ကမ်းးလှမ်း
သည်။ ဦးစောက မငြင်း။ သဘောတူမှု ရသွားတော့သည်။

ဘုရင်ခံအိမ်ဝင်းအတွင်းမှ ပြန်ထွက်လာသော ဦးစော၏ကားသည် အလုံ
လမ်း အတိုင်း မောင်းနှင်၍ လာခဲ့သည်။ သူရိယသတင်းစာတိုက်သို့ ရောက်
သည့်အခါ ကားရပ်ပြီး သတင်းတိုက်အတွင်းသို့ ဦးစော ၀င်၍သွားသည်။
သူရိယသတင်းစာတိုက်မှ ပြန်ထွက်လာသော ဦးစော၏ ကားနောက်၌ အစိမ်း
ရောင် ဂျစ်ကားတစ်စင်း လိုက်ပါ၍လာပြီ ။ ဦးစောက သတိမထားမိ။ ပြည်
လမ်းအတိုင်း မောင်းနှင်လာကြသော ကားနှစ်စင်းသည် နီးသွားလိုက်၊ ဝေး
သွားလိုက်နှင့် မြေနီကုန်း အ၀ိုင်းကြီး အနီးသို့ ရောက်၍လာသည်။

အစိမ်းရောင်ဂျစ်ကားသည် အရှိန်မြှင့်ပြီး ဦးစော၏ကားအား ကျော်တက်
သည်။ ကားနှစ်စီး ဘေးချင်း ယှဉ်မိသည်နှင့် အစိမ်းရောင် ဂျစ်ကားပေါ်မှ
ဦးစောအား သေနတ်နှင့်ပစ်တော့သည်။ တချက်...။ ဦးစောကား၏မှန်ကို
ထိသည်။ မှန်များ ကြေမွလွင့်စင်ကုန်၏။ နောက်တချက် ထပ်ပစ်သည်။
ဦးစောအား မထိ။ ဦးစောက ကားအတွင်းဝပ်၍ နေလိုက်ပြီဖြစ်သည်။
တတိယ တချက်ထပ်ပစ် ပြန်သည်။ ပြီးလျှင် အရှိန်နှင့်မောင်း၍ ထွက်သွား
တော့သည်။ ဦးစောတို့၏ကားက အဝေးတွင် ကျန်ခဲ့ပြီ။

(မှတ်ချက်။ ။အထက်ဖော်ပြပါ ဂဠုန်ဦးစော သမိုင်းသည် မပြည့်စုံပါ။
အစ မရှိ၊ အဆုံးမရှိ၊ ကွင်းဆက်ပြတ်နေပြီး၊ သမိုင်းဆိုင်ရာ ငြင်းခုန်မှု
ကို ဖြစ်စေပါသည်။ အထက်ပါ ဖြစ်ရပ်ကို အမှန်ဟု မယူဆ နိုင်ပါ။)

“ရှမ်းပြည် လူ့အခွင့်ရေးအဖွဲ့”သို့ ကျေးဇူးတင်လွှာ



၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ကျရောက်သည့်
နှစ်(၆၀)ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင်
ကျွန်တော့်ထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့သည့်
“ရှမ်းပြည် လူ့အခွင့်အရေးအဖွဲ့” မှ တာဝန်ရှိ ပုဂ္ဂိုလ်များအား
အထူး ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း လေးစားစွာ ပြန်ကြား
အပ်ပါသည်။

လေးစားစွာဖြင့်
ကိုအောင် (ပျူနိုင်ငံ)
၁၀-၁၂-၂၀၀၈ (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့)

Dec 8, 2008

ဒို့ကျောင်းနဲ့ဒို့ဂါထာ၊ ဒို့အရပ်နဲ့ဒို့ဇာတ် အပိုင်း(၄)


ရေးသူ - စစ်ငြိမ်းဒီရေ


ကျနော်တို့အိမ် မျက်စောင်းထိုး၊ ကားလမ်းတဖက်ကမ်းမှာ လဘက်
ရည်ဆိုင် တစ်ဆိုင်ရှိပါတယ်။ အဲဒီဆိုင်က ရပ်ကွပ်ရယ့် အစည်းကားဆုံး
လဘက်ရည်ဆိုင်ပါ။ မနက်မိုးလင်းတာနဲ့ ရပ်ကွပ်ထဲက ကိုပွကြီးတို့လို
လူငယ်တွေ။ ဈေးသွား၊ ဈေးပြန်တွေ၊ ရပ်ကွပ်ထဲက အလုပ်သမားမျိုးစုံနဲ့
စည်းကားပါတယ်။ မနက် ၇ နာရီ ပတ်ဝန်းကျင်လောက် ဆိုရင် ရပ်ကွပ်
ကို ပြုပြင် ပြောင်းလဲရမယ်လို့ ကြွေးကြော်တဲ့ လူကြီး ၃ ယောက်လည်း
ရောက်လာပါတယ်။ အဲဒီ လူကြီး ၃ ယောက်က တစ်ဝိုင်းတည်း အတူ
မထိုင်ပါဘူး။ သူတို့ ပြောမဲ့ စကားကို ဦးစားပေး လက်ခံ နားထောင်တဲ့
စာပွဲဝိုင်းတွေကို ရွေးချယ်ပြီး ထိုင်လေ့ ရှိပါတယ်။

တစ်ယောက်က အင်္ဂလိပ်ခေတ်မှာ လွတ်လပ်ရေးအတွက် သူဘယ်လို
ပါဝင်ခဲ့ကြောင်း၊ နောက်တစ်ယောက်က ဂျပန်ခေတ်မှာ ဂျပန်တွေကို
သုတ်သင်ရှင်းလင်းရာမှာ သူဘယ်လို ပက်သက်ခဲ့ကြောင်း၊ နောက်တစ်
ယောက်ကလည်း လက်ရှိ နာမည်ကြီးပြီး ဒိတ်ဒိတ်ကြဲ ဖြစ်နေတဲ့ သူတွေ
သည် လွတ်လပ်ရေး ရခါစက သူနဲ့အတူ တာဝန်ထမ်း ဆောင်သူများ
ဖြစ်ကြောင်း တစ်ယောက်နဲ့ တစ်ယောက် ဂုဏ်စ’ပြိုင်လိုက်ကြတာ
ကျနော်တို့ ရပ်ကွပ်ဈေးလေး ဈေးကွဲပြီး လူနည်းသွားတဲ့ မနက် ၁၀ နာရီ
အထိပါ။ အဲဒီအချိန်လောက်ကြတော့ သူတို့ ၃ ယောက် ပြောတဲ့ စကား
တွေကို ထိုင်နားထောင်တဲ့ လူတွေ တစ်ယောက်ပြီး တစ်ယောက် ထ’
ပြန်သွားကြလို့ နောက်ပိတ်ဆုံး သူတို့ ၃ ယောက်ဘဲ ငုတ်တုတ်
ကျန်ရစ် ခဲ့ပါတယ်။

zzstruggle.jpeg


အဲဒီလူကြီး ၃ ယောက်က သူတို့ ပြောတဲ့ စကားကို နားထောင်မဲ့သူ
ကုန်လောက်ပြီး ဆိုတဲ့ အချိန်ရောက်တော့ လဘက်ရည်ဆိုင်မှာ
လဘက်ရည် တစ်ခွက်ကို တစ်ယောက် တစ်ဝက်ဆီ ခွဲသောက်၊
ဈေးအပေါဆုံး ၀မ်းဘဲ ဆေးပေါ့လိပ် (အဲဒီခေတ်က ၀မ်းဘဲ ဆေးပေါ့
လိပ် ဆိုတာ ရှိခဲ့ပါတယ်။ ပဲခူးက ထုတ်လုပ်တာပါ။)ကို ဖွာရှိုက်နေတဲ့
ဆယ်တန်းအောင်ခါစ ကိုပွကြီးတို့ စာပွဲဝိုင်းကို နေရာရွေ့ လာပါတယ်။

သူတို့ရယ့် အယူအဆ မျိုးစုံကို ရပ်ကွပ်ထဲမှာ ပညာတတ် လူငယ်တွေ
လို့ သတ်မှတ်ခြင်း ခံရတဲ့ လက်ချိုးပြီး ရေတွက်ရင် လက်ငါးချောင်း
မပြည့်တဲ့ ကိုပွကြီးတို့ သူငယ်ချင်း တသိုက်ကို တရားစ’ဟော ပါတယ်။
အဲဒီ လူကြီး ၃ ယောက်ထဲက ဦးထွန်းရီသည် စစ်တုရင်ကစားသမား တစ်
ဦးပါ။ သူ လက်ဖက်ရည်ဆိုင် ထိုင်ရင် အရုပ်ဗူးလေး ပါလေ့ ရှိပါတယ်။
ကျနော်ကို စစ်တုရင် ပညာ စ’သင်ပေးခဲ့တာ သူပါဘဲ။

ပထမပိုင်းတော့ သူတို့ သုံးယောက် တော်တော်ကို တစ်ယောက်နဲ့
တစ်ယောက် အစေး မကပ်ကြပါဘူး။ ရပ်ကွပ်ထဲက ကောင်စီလူကြီး
ဆိုရင် သူတို့ သုံးယောက်ကို ရောင်စုံသူပုန်တွေလို့ ခေါ်ပါတယ်။
သို့ပေမဲ့ ရပ်ကွပ် တိုးတက်ရေးကို ဒီလူကြီး ၃ ယောက်ဘဲ ဒိုင်ခံပြော
တာ များပါတယ်။ တချို့ လူကြီးတွေ ဆိုရင် ရပ်ကွပ်ထဲမှာ အရေးပါ
အရာ ရောက်ချင်လို့ ည နည်နည်းမှောင်လာရင် နွေရာသီဘဲ ဖြစ်ဖြစ်၊
ဆောင်းရာသီဘဲ ဖြစ်ဖြစ် တိုက်ပုံအင်္ကျီကို ၀တ်၊ မာဖလာကို ပတ်၊
တိုက်ပုံအကျ င်္ီ ရှေ့အိတ်ကပ်ထဲမှာ စိတ်ပုတီးကို ထည့်၊ ဘုရားသမား
လိုလို တရာသမားလိုလို၊ ရွှေကိုင်းမျက်မှန် တလဲ့လဲ့၊အသက်ကြီးမှ
ရှေ့သွားကျိုးလို့ တပ်ထားတဲ့ ရွှေသွား တ၀င်းဝင်းဖြင့် ကောင်စီရုံး
ကို သူတို့နဲ့ ဘာမှမဆိုင်ဘဲ ကောင်စီအဖွဲ့ဝင်လိုလို ဘာလိုလိုနဲ့ လူတွေ
အမြင်မှာ အထင်ခံချင်လို့ သွားလေ့ ရှိပါတယ်။ အဲဒီလို လူကြီးမျိုးတွေ
ကို ကျနော်တို့ အရပ် ဘန်းစကားနဲ့ “ရှောခွေ”လို့ ခေါ်ပါတယ်။ လူအထင်
ကြီးစေဖို့ ဘယ်နေရာမှာ ဘယ်လို မူယာတွေ၊ မာယာတွေ လုပ်ရမယ်
ဆိုတာ သိတဲ့လူတွေလို့ အဓိပ္ပါယ် ရပါတယ်။

တချို့ လူကြီးတွေ ကြပြန်တော့လည်း သူတို့ပုံစံက အဲဒီခေတ် နိုင်ငံ
တော် သမ္မတ ဦးစန်းယုလို မခုတ်တတ်တဲ့ ကြောင် ပုံစံမျိုးပါ။ ဘယ်
သူ ဘာပြောပြော ခပ်ပြုံးပြုံးနဲ့ ခေါင်းဘဲ အမြဲငြိမ့် နေတတ်ပါတယ်။
ဘယ်အုပ်စုက အသာ’ စီးရနေလည်း ဆိုတာကို ကြည့်ပြီး သာတဲ့ဖက်
ကို ကူးဖို့ အမြဲအဆင်သင့် ပြင်ထားတဲ့ “သာကူစေ့” ကြီးတွေပါ။
ကိုပွကြီးက ဆယ်တန်းအောင်ပြီး အလုပ်မရှိမလို့ အဲဒီ သာကူစေ့
လူကြီးတွေရယ့် အိမ်မှာ ခိုင်းသမျှ အလုပ် အကုန်လုံး လုပ်ပေးရပါ
တယ်။ ပြောင်းလဲဖို့ အခက်ခဲဆုံးက ရပ်ကွပ်ထဲမှာ မကောင်းမှုနဲ့
စီးပွားရှာတဲ့ လူတွေပါ။

ပြည့်တန်ဆာ လုပ်ငန်း၊ မူးယစ်ဆေးဝါး လက်လီ ရောင်းမှု၊ အရက်ပုန်း
ဆိုင်၊ ဖဲဝိုင်း၊ ရေနံဆီမှောင်ခို (အဲဒီခေတ်က မီးပျက်ရင် ရေနံဆီကို
အသုံးပြုပါတယ်။)၊ ခါးပိုက်နိုက်၊ ခိုးရာပါ ပစ္စည်း ပုံစံပြောင်းပေးသူ
စတဲ့ မကောင်းမှု လုပ်ငန်း လုပ်သူတွေသည် သူတို့ လုပ်နေကျ အလုပ်
တွေကို စွန့်လွှတ်ပြီး ဟိုလူကြီး သုံးယောက် (တကယ့်လူ၊ အလံနီဦးရဲမြင့်၊
ဦးထွန်းရီ) ပြောသလို သမ္မာအာဇီဝ အလုပ်တွေလုပ်ဖို့ လုံးဝ ငြင်းဆို ပါ
တယ်။ ပိုက်ဆံ ၀င်ငွေ မတူညီမှုကို ထောက်ပြလေ့ ရှိပါတယ်။ ဒါကြောင့်
ရပ်ကွပ်ထဲမှာ ဒီလူကြီးသုံးယောက်နဲ့ ဆယ်တန်းကို မနေ့တနေ့ကမှ
အောင်လာတဲ့ ကိုပွကြီးတို့ လူပျိုပေါက်အရွယ်တွေ၊ ပြုပြင်ပြောင်းလဲရေး
သမားတွေက တဖက်၊ ကောင်စီ လူကြီးနဲ့ ဖြစ်သမျှအကြောင်း အကောင်း
လို့ ယူဆတဲ့ ကံကြမ္မာဝါဒီတွေက တဖက် ဖြစ်နေပါတယ်။

ဒီလို တစ်နေကြတော့ ကျနော်တို့ ဒေသက မျက်နှာမွဲ အ.ထ.က ကျောင်း
လေးမှာ ပညာသင်နေတဲ့ ကျောင်းသူလေး တစ်ယောက် ကျောင်းကို
မတက်တာ တစ်လကျော်ခဲ့ပါတယ်။ ဖြစ်ပုံက အတန်းထဲမှာ စာမေးတာ
ကျောင်းသူလေးက စာမရလို့ ဆရာမဖြစ်သူက နာရီဝက်လောက် မတ်
တပ် ရပ်ခိုင်းပါတယ်။ အဲဒီနေ့ ကျောင်းဆင်းချိန်က စပြီး အဲဒီကျောင်းသူ
လေး ရှက်ပြီး ကျောင်းကို လုံးဝ မလာတော့ပါဘူး။ ဒါနဲ့ ဆရာမက အိမ်
အထိ လိုက်လာပြီး မေးတော့ မိဘဖြစ်သူများက “သူ စာသင်ချင်စိတ်
မရှိတော့ဘူး လို့ပြောတယ် … ဆရာမ … ထားလိုက်ပါ” တဲ့။ အဲဒီသတင်း
ရပ်ကွပ်တိုးတက်ရေး ကြွေးကြော်နေတဲ့ ဟိုလူကြီး သုံးယောက် နားထဲ
ရောက်သွားပါတယ်။ သူတို့ထဲက တစ်ယောက်က စိတ်မြန် လက်မြန်
အဲဒီ ကျောင်းသူလေး အိမ်ကို သွားပါတယ်။

ကျောင်းသူလေးရယ့် မိသားစုက အရမ်းဆင်းရဲ ပါတယ်။ မိဘတွေက
လည်း အတန်းပညာ လုံးဝမရှိသလောက်ပါဘဲ။ သူတို့ မိသားစုက
ကောင်စီနဲ့ နားလည်မှုယူ၊ ရဲကို လိုင်းကြေးပေးထားတဲ့ အရက်ပုန်း
ဆိုင်ရယ့် နံဘေးမှာ အမြည်းဟင်းရောင်း ရပါတယ်။ ရပ်ကွပ်တိုးတက်
ရေးကို လိုလားတဲ့ လူကြီးက ကလေးကို ကျောင်းပြန်တက်ခိုင်းဖို့ မိဘ
တွေကို ပြောပါတယ်။ မိဘတွေက ကျောင်းထုတ်လိုက်ပြီးလို့ ပြန်ပြော
ပါတယ်။ ဒါနဲ့ လူကြီးက ဒေါသထွက်ပြီး “ခင်ဗျားတို့ ကိုယ့်သာသမီး
အညွန့်ကို ကိုယ်ကိုတိုင် ရိုက်ချိုးတဲ့ အသုံးမကျတဲ့ လူတွေဘဲ” လို့
ပြောလိုက် ပါတယ်။ အဲလိုလည်း ပြောလိုက်ရော အဖေဖြစ်သူရော၊
နံဘေးက အရက်ဆိုင်က လူတွေရော စေတနာနဲ့ လာပြောတဲ့ လူကြီး
ကို ၀ိုင်းပြီး ထိုးကြိတ် ကြပါတယ်။

ပြဿနာ စ’ဖြစ်တဲ့ အချိန်က ညနေစောင်းပါ။ ကိုပွကြီးတို့ သူငယ်ချင်း
တသိုက်နဲ့ ရပ်ကွပ်ကို တိုးတက်စေချင်တဲ့ လူတွေလည်း ဒေါသတွေ
ထွက်ပြီး တုတ်ဆွဲ၊ ဓါးဆွဲနဲ့ တရပ်ကွပ်လုံး ရောမရုပ်ရှင်ကားထဲကလို
အကြီးအကျယ် တိုက်ပွဲကြီး စ’ ပါတော့တယ်။ ရပ်ကွပ်ထဲမှာ သြဇာရှိတဲ့
ဆရာတော် ကြွလာတာ နောက်ကျရင် အနည်းဆုံး လေး၊ ငါးလောင်းပါ။
ဆရာတော် ကြွလာမှု မြန်ပေလို့။ ကျောင်းမတက်တဲ့ ကျောင်းသူလေး
နေအိမ်ရယ်၊ အရက်ပုန်းဆိုင်ရယ် အိမ်လုံးကျွတ် ပြိုကျနေပါပြီး။လူ ဆယ်
ယောက်ကျော် ဆေးခန်း ရောက်သွားပါတယ်။

နောက်တစ်နေ့မနက် ကျနော်တို့ ကလေးတသိုက် ရန်ဖြစ်လို့ ပြိုကျသွား
တဲ့ ကျောင်းသူလေး အိမ်နေရာဖက်ကို သွားကြည့်ခဲ့ပါတယ်။ အဲဒီရောက်
တော့ ခေါင်းမှာ ပတ်တီးအဖွေးသာနဲ့ အိမ်ပြန်ဆောက် ပေးနေတဲ့ ကိုပွကြီး
တို့ သူငယ်ချင်းတသိုက်ကို တွေ့ ရပါတယ်။ ကျနော်တို့ ကလေးငယ်တွေ
က ကိုပွကြီးကို လှမ်းပြီး စ’နောက် လိုက်ပါသေးတယ်။

…. …. တစ်၊ နှစ်၊ သုံး … ….
“ကိုယ်ဖျက်တဲ့အိမ် ကိုယ်ပြန်ဆောက်တာ .. ဘယ်သူလဲ၊ ဘယ်သူလဲ”
“ကိုပွကြီး၊ ကိုပွကြီး ”


(… အလျဉ်းသင့်သလို ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ ယခင်က ပြန်လည် ဖြုတ်ချခဲ့သော “ရွေးချယ်ခြင်းနှင့်
ရုန်းကန်ခြင်း” ပို့စ်မှ စာသားများကို ပြန်လည် ပြင်ဆင် ဖော်ပြပါသည်။)

Dec 7, 2008

ဒို့ကျောင်းနဲ့ဒို့ဂါထာ၊ဒို့အရပ်နဲ့ဒို့ဇာတ် အပိုင်း(၃)


ရေးသူ - စစ်ငြိမ်းဒီရေ

ကိုပွကြီး တစ်ယောက် ဆယ်တန်းအောင်တဲ့ တစ်မနက်ဘဲ ပျော်နိုင်ခဲ့
ပါတယ်။ နောက်နေ့ ကစပြီး နေ့ဖက်မှာ ရသမျှ အလုပ်မျိုးစုံ လုပ်၊
ညဖက်မှာ ဆိုက်ကား နင်းရပါတယ်။ အဲဒီခေတ်တွေ တုန်းက ဆယ်
တန်းအောင်ပြီးရင် ဒေသကောလိပ် တက်ဖို့ တစ်နှစ်လောက် စောင့်
ရပါတယ်။ ကိုပွကြီးတို့ နေထိုင်တဲ့ ရပ်ကွပ် အတွင်းပိုင်းက လူတွေရယ့်
နေ့စဉ်ဘ၀က ပြောလို့မကုန်အောင်ပါပဲ။

zKratos Versus An Army.jpg


မနက်မိုးမလင်းသေးဘူး ဆဲသံ၊ ဆူသံ၊ ကလေးငိုသံ၊ လင်မယား ရန်ဖြစ်
သံတွေ နဲ့ စ’လိုက်တာ မိုးချုပ် အထိပါပဲ။ အဲဒီ ၁၉၈၃-၈၄ ခုနှစ် ၀န်း
ကျင် မှာဘဲ ကျနော်တို့ ဒေသထဲကို ပွဲစားလုပ်စားတဲ့ ညားခါစ လင်မယား
တချို့ ပြောင်းရွေ့ နေထိုင်ကြပါတယ်။ အရပ်ထဲမှာတော့ လူငယ် အများစု
ဟာ သမရိုးကျ အလုပ်ကြမ်း သမားတွေ လုပ်ကြသလို ကြိတ်ဝိုင်းလို့
ခေါ်တဲ့ လူမသိ သူမသိ တိတ်တိတ်ပုန်း ဖဲဝိုင်းတွေ၊ အရက်ပုန်းဆိုင်တွေ၊
မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့ ဘ၀ကို နည်းမျိုးစုံ ရုန်းကန် နေကြ
ပါတယ်။

ကျနော်တို့ ဒေသရှိ လူငယ်တွေရယ့် ကြမ်းတမ်းတဲ့ ဘ၀ကို စတင်
ပြောင်းလဲဖို့ ကြိုးပမ်းအားထုတ်တဲ့ လူကြီးတချို့လည်း ရှိပါတယ်။
တစ်ယောက်ကတော့ ကျနော် မမွေးခင် အချိန်တွေ ကတည်းက
ကြိုးပမ်း ဆောင်ရွက်သူပါ။ ယနေ့ အချိန်အထိ သူ မကွယ်လွန်သေး

ပါဘူး။ သူ့ အကြောင်းကို “တကယ့်လူ” ဆိုပြီး အရင်က ကျနော်ရေး
ခဲ့ပါတယ်။ သူက မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှုခေတ်တွေမှာ
လူငယ် ဘ၀နဲ့ စတင် ပါဝင်ခဲ့သူပါ။ အခုတော့ သူ့ခန္ဓာကိုယ် အောက်
ပိုင်း လေဖြတ်ပြီး အိပ်ယာပေါ်မှာ လဲနေပါပြီး။

နောက်တစ်ယောက်က လက်နက်ကိုင် ပြည်တွင်းစစ်မှာ မဆလ အစိုးရက
အရှင်ဖမ်းမိပြီး ထောင်ကျ။ ထောင်က လွှတ်ပြီး မုဆိုးဖို ဘ၀ဖြင့်
အပျိုအရွယ် သမီးလေး တစ်ယောက်နဲ့အတူ ကျနော်တို့ ဒေသကို
အဲဒီခေတ်မှာ ပြောင်းရွေ့လာပါတယ်။ အဲဒီလူကြီးနဲ့ ကျနော့်အဖေက
ဂျပန်ခေတ်မှာ စစ်ပညာ အတူတကွ သင်ခဲ့တဲ့လို့ လူကြီးတွေကပြော
ကြပါတယ်။ သူ့နာမည်က အလံနီ ရဲမြင့် လို့ ခေါ်ပါတယ်။ ၁၉၈၇ ခုနှစ်
ပတ်ဝန်းကျင်မှာဘဲ ဘောက်ထော် ဘူတာဖက်ကို သူတို့ မိသားစု
ပြောင်းရွေ့သွားပြီး တစ်လလောက် အကြာမှာ သူကွယ်လွန် သွား
ပါတယ်။

နောက်တစ်ယောက်က ဦးထွန်းရီလို့ ခေါ်ပါတယ်။ သူ့ကို ကျနော်
တို့ ကလေးငယ်တွေက “ဘဘကြီးပဲကြော်” လို့ ခေါ်ပါတယ်။ သူ့
မိသားစုက ပဲကြော်တွေ လုပ်ပြီး မုန့်ဟင်းခါးဆိုင်တွေကို လိုက်ပို့
လို့ ဘဘကြီးပဲကြော်လို့ အရပ်ထဲမှာ အမည်တွင်ပါတယ်။ သူလည်း
ဒေါ်ချိုချိုကျော်ငြိမ်းတို့၊ ဒီမိုကရေစီပါတီက ဦးသုဝေတို့နဲ့ ရင်းနှီး
သူပါ။ မဆလခေတ် ဦးနုပြည်ပြေးတော့ ဦးထွေးမြင့် ဦးဆောင်ပြီး
ပြည်တွင်းကို ပြန်အ၀င်မှာ သူ ပါဝင်ခဲ့ ပါတယ်။ အဲဒီမှာ အဖမ်းခံ
ရပြီး ကျနော်တို့ လူမှန်း သိတတ်စ’ အရွယ်လောက်မှာ ထောင်က
လွှတ်လာသူပါ။ ၁၉၉၈ ခုနှစ် ၀န်းကျင်လောက်မှာ သူ ကွယ်လွန်
သွားပါတယ်။

အဲဒီ “တကယ့်လူ” (သူ့နာမည်ကို နောင်မှာ ကျနော် ဖော်ပြပါ့မယ်။)
ရယ်၊ အလံနီ ဦးရဲမြင့်ရယ်၊ ဦးထွန်းရီ သုံးယောက်က ကျနော်တို့ ရပ်
ကွပ်မှာ ရှိတဲ့ ပါတီ၊ ကောင်စီတို့ကို နေ့စဉ် အတိုက်အခံလုပ်ပြီး ဆိုးဝါး
နေတဲ့ ရပ်ကွပ်ထဲက စရိုက်မျိုးစုံကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစား ကြပါ
တယ်။ အဲဒီ အချိန်မှာ ကိုပွကြီးတို့လို ဆယ်တန်းအောင်ခါစ ကျောင်း
သားတွေက အရပ်ထဲက မူလတန်းကျောင်းမှာ အသက်ကြီးတဲ့သူတွေ
ပညာတတ်မြောက်ဖို့ “အ”သုံးလုံး သင်တန်းဖွင့်ပြီး စာသင်ပေး ပါတယ်။
ကိုပွကြီးတို့ “အ” သုံးလုံး သင်တန်းကို သွားတက်ဖို့ အတွက် ရပ်ကွပ်
ထဲက ပျံကျဈေးမှာ ဆင်းဆင်းရဲရဲ ဈေးရောင်းနေရတဲ့ အသက်အရွယ်
ကြီးတဲ့ သူတွေကို အဲဒီလူကြီး သုံးယောက်က ဖျောင်းဖျ ပြောဆို စည်း
ရုံး ပါတယ်။ အဲလို အသက်ကြီးပြီး စာမတတ်တဲ့ သူတွေကို စာသွား
သင်ဖို့ လိုက်စည်းရုံး ရတဲ့ အလုပ်ဟာ တော်တော် ခက်ခဲတဲ့ အလုပ်
တစ်ခုပါ။


(… အလျဉ်းသင့်သလို ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ ယခင်က ပြန်လည် ဖြုတ်ချခဲ့သော “ရွေးချယ်ခြင်းနှင့်
ရုန်းကန်ခြင်း” ပို့စ်မှ စာသားများကို ပြန်လည် ပြင်ဆင် ဖော်ပြပါသည်။)

Dec 6, 2008

ဒို့ကျောင်းနဲ့ဒို့ဂါထာ၊ဒို့အရပ်နဲ့ဒို့ဇာတ် အပိုင်း(၂)


ရေးသူ - စစ်ငြိမ်းဒီရေ

ကျနော်နဲ့ ကိုပွကြီးတို့ ခင်မင်ရင်းနှီ ခဲ့တဲ့ အဲဒီခေတ် အဲဒီကာလက
ကျနော်တို့ဒေသသည် ဗဟန်းမြို့နယ်ရယ့် အဆင်းရဲဆုံး ရပ်ကွပ်လေး
တစ်ခု ဖြစ်ပါတယ်။ ကျနော်တို့ မိသားစု နေထိုင်တဲ့ ရပ်ကွပ် မျက်နှာစာ
တန်းက မိသားစုတွေလည်း သာမန် လူလတ်တန်းစားများ ဖြစ်ကြပါတယ်။
ရပ်ကွပ်ရယ့် အတွင်းပိုင်းမှာတော့ ကိုပွကြီးတို့ မိသားစု အပါအ၀င်
ကျနော့် ငယ်သူငယ်ချင်းတွေ၊ ကျနော့်နယ်သားများသည် အလုပ်မျိုးစုံဖြင့်
ဘ၀ကို ရုန်းကန် ရပါတယ်။

ကွမ်းသီး ညှပ်တယ်။ စာအိတ် ကပ်တယ်။ သံတံစည်း သွေးတယ်။ ပျံကျ
ဈေးမှာ ဈေးရောင်းတယ် … စသဖြင့် သမ္မာအာဇီဝ လုပ်သူတွေ ရှိသလို ….
ပြည့်တန်ဆာလုပ်ငန်းတွေ၊ ဆေးခြောက်နဲ့ ဘိန်းဖြူရောင်းသူတွေ၊ လိမ်
နည်းမျိုးစုံနဲ့ လိုက်လိမ်သူတွေ၊ ထမင်းတလုပ် စားရဖို့အတွက် ဘာမဆို
လုပ်တဲ့ သူတွေလည်း ရှိခဲ့ပါတယ်။ အခုတော့ ကျနော်တို့ဒေသက ဈေးကွက်
အချက်အခြာ ဖြစ်သွားလို့ အရင်လူဟောင်းတွေ မရှိတော့ဘူးလို့ သိရပါ
တယ်။ ကိုပွကြီး တစ်ယောက် ဆယ်တန်း အောင်ခဲ့တဲ့ အချိန်တွေတုန်း
ကတော့ ….

zstruggle.jpg


ကျနော့် ငယ်သူငယ်ချင်း တစ်ယောက်ရယ့် အမေဆိုရင် ပိုက်ဆံရှိတဲ့
လူတွေရယ့် အသုဘမှာ အဌါးလိုက်ပြီး “ငို” ပေးပါတယ်။ ဒီလိုပါ …
ရန်ကုန်မြို့ရယ့် ငွေကြေးပြည်စုံ ချမ်းသာတဲ့ မိသားစုထဲက တစ်ယောက်
ယောက် သေဆုံးသွားရင် အဲဒီသေဆုံးမှု ဖြစ်တဲ့ အချိန်က စပြီး မိသားစု
ဝင်တွေက ငိုကြွေးကြ ပါတယ်။ အသုဘပို့တဲ့ နေ့လည်းရောက်ရော
သူတို့ မငိုနိုင်ကြတော့ ပါဘူး။ နေ့စဉ် ရက်ဆက် ငိုနေရတော့ ပင်ပန်း
တဲ့ သဘောပါ။ ဒါနဲ့ အသုဘပို့တဲ့နေ့မှာ အသုဘရှင်တွေရဲ့ ကိုယ်စား

ကျနော့် သူငယ်ချင်းအမေက အစားဝင်ပြီး မိသားစုထဲက လိုလို ဆွေမျိုး
ထဲက လိုလို ငိုပေး ရပါတယ်။ အဲဒီခေတ်မှာ လူတွေက သင်္ချိုင်းကုန်းမှာ
အသုဘ လိုက်ပို့ရင် … ငိုသံ လေးတောင် မကြားရပါလား? ဘာလား?
ညာလား? အတင်းအဖျင်း ပြောလေ့ ရှိပါတယ်။ ဒါကြောင့် ဒီလို အဌါး
ငို ပေးတဲ့ သူတွေကို ဌါးရမ်း ရပါတယ်။ “ငို”ပေးတဲ့အတွက် ရတဲ့ ပိုက်ဆံ
က အဲဒီခေတ်က သာမန် နေ့စား အလုပ်သမား တစ်ယောက် ရတာထက်
များပါတယ်။ အသံတော့ ကျယ်ကျယ်ထွက် ရပါတယ်။ မျက်ရည်ထွက်တာ
နည်းရင် ပရုတ်ဆီ လိမ်းပါတယ်။ အလုပ်သဘောလေး တွေတော့ ရှိတာ
ပေါ့ဗျာ။

ကိုပွကြီးတို့ မောင်နှမများသည် အဲဒီခေတ်က ကွမ်းသီး ညှပ်တာတို့၊
လေယာဉ်ပျံ တံဆိပ်ပုံ ပါရှိသော စာအိတ် ကပ်တာတို့ လုပ်ရပါတယ်။
အဲဒီအလုပ်တွေလည်း အန္တရာယ် ရှိပါတယ်။ ဥပမာ … ကွမ်းသီးညှပ်တဲ့
သူတွေဆိုရင် မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်သွားလျှောက်ရင် ပြဿနာ
တက်ပါတော့တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကွမ်းသီးအလုံးလိုက်
ကို ကွမ်းညှပ်ထဲ ထည့်ညှပ်ရာမှာ လက်မနဲ့ လက်ညိုး ထိန်းပြီး ညှပ်
ရပါတယ်။ ဒီနေရာမှာ မကြာခဏ လက်အသားကို ဓါး’ထိလေ့ ရှိပါ
တယ်။ ဓါး’ထိတဲ့ နေရာက များသောအားဖြင့် လက်မ’ လက်ဗွေရာ
ရှိတဲ့ နေရာမှာပါ။ ဒါကြောင့် မှတ်ပုံတင်ရုံးသွားလို့ လက်ဗွေနိုပ်ရင်
သူတို့ လက်ဗွေပုံစံ မထင်မရှား ဖြစ်ပါတော့တယ်။ တစ်နေ့ကို လူ
တစ်ယောက်က ကွမ်းသီးအလုံးလိုက် ပိဿာချိန် သုံး၊လေး ပိဿာ
ကို ကွမ်းညှပ်နေတော့ အဲဒီ ဓါးထိတဲ့ ပြဿနာက မထူးဆန်းပါဘူး။

စာအိတ်ကပ်တဲ့ သူများ ကြပြန်တော့ သူတို့ရယ့် လက်ညှိုးက နည်း
နည်း စောင်းသွားပါတယ်။ သာမန်လူ လက်ညှိုးနဲ့ မတူပါဘူး။ ဖြစ်ပုံ
က ဒီလိုပါ။ စာအိတ်လုပ်မဲ့ စက္ကူ အရွက်ရေ ၂၀၀၀ တစ်စည်းကို
မှ ပိုက်ဆံ ၁၅ ကျပ်၊ ၂၀ လောက်ဘဲ ရပါတယ်။ အဲဒီ စာအိတ် စက္ကူ
ကို သံပြားလေးထောင့်ပုံစံ လေးနဲ့ အရင်ချိုး ရပါတယ်။ ပြီးရင် ပိတ်
မဲ့ ဖက်ကို ကော်သုတ် ရပါတယ်။ ကော်တစ်ခါ သုတ်ရင် စက္ကူ အစွန်း
လေးတွေ ထွက်နေတဲ့ စက္ကူပေါင်း လေး၊ ငါးဆယ် လောက် ရှိပါ
တယ်။ အဲဒီ စာအိတ် အရည်အတွက် ၂၀၀၀ ဆိုတာ ကျွမ်းကျင်ပြီး
လုပ်နေကြ လူတစ်ယောက် လုပ်ရင်တောင် တစ်ရက်ခွဲလောက် ကြာ
ပါတယ်။ ဒါကြောင့် စာအိတ် ကော်သုတ်မှုကနေ သူတို့ လက်ညှိုးလေး
တွေ ကောက်သွားသလို၊ စောင်းစောင်းလေးတွေ ဖြစ်ကြတာပါ။

အဖြူနဲ့ အစိမ်း ၀တ်ထားတဲ့ ကျောင်းသားတွေ ကျောင်းက ပြန်ရင်
အိမ်ကို တည့်တည့်ဘဲ ပြန်တဲ့သူ မရှိသလောက် နည်းပါတယ်။ ကျနော့်
သူငယ်ချင်းတွေ ဆိုရင် ဈေးထဲသွားပြီး မိဘ ဈေးရောင်းနေတဲ့
ဟင်းသီး၊ ဟင်းရွက်၊ အသား၊ ငါး’ တောင်းတွေကို သွားထမ်း ရပါ
တယ်။ ကိုပွကြီးတို့ အိမ်နံဘေးက သူနဲ့ အတန်းတူ သူငယ်ချင်းဆိုရင်
ကျောင်းတက်ရင်နဲ့ ဆင်းရဲလွန်းလို့ ဘိန်းဖြူ ရောင်းရ ပါတယ်။
ကျောင်းထဲမှာ ရောင်းတာတော့ မဟုတ်ပါဘူး။ ကျောင်းက ပြန်လာမှ
ရပ်ကွပ်အစွန်းဖက် သွားပြီး ရောင်းတာပါ။ သူက အအေးသောက်တဲ့
နေရာမှာ သုံးတဲ့ အအေးစုတ်တဲ့ ပိုက်ကို အပိုင်းသေးသေးလေးတွေ
ဖြစ်အောင် ကပ်ကြေးနဲ့ ဖြတ်ပါတယ်။ ပြီးတော် အဲဒီ ပိုက်ပြတ်လေး
ရယ့် တဖက်ကို မီးနဲ့ ပိတ်ပါတယ်။ ကျန်တဖက် ထဲကနေ ဘိန်းဖြူကို
ထည့်ပြီး မီးနဲ့ ပြန်ပိတ်ပါတယ်။ အဲဒီ လက်တဆစ် နီးပါး မရှိ တရှိ
ဘိန်းဖြူထည့်တာတဲ့ အရာကို “တစ်လုံး” လို့ ခေါ် ပါတယ်။

တခါတလေ သူ့ကို ဘိန်းရောင်းခိုင်းသူက အဆင်သင့် လုပ်ပြီးသာ
ရောင်းခိုင်းရင် သူက ၁၀- ခုကို ၁၁- ခု ဖြစ်အောင် အကြံအဖန် လုပ်
ပါတယ်။ တစ်ခု ပိုထွက်အောင် လုပ်တဲ့ သဘောပါ။ ဒီလို မြင်ကွင်း
တွေသည် တစ်နေ့ မဟုတ်၊ တစ်လ မဟုတ် အမြဲတမ်း လိုလို မြင်
တွေ့ ရပါတယ်။ ဒီလို မြင်ကွင်းတွေ ဒီလို အဖြစ်အပျက်တွေ ကြား
မှာ ကိုပွကြီး ဆယ်တန်း အောင်ခဲ့ ပါတယ်။

သူ ဆယ်တန်းအောင်လို့ အပျော်လွန်းပြီး “ငပွ၊ လူဖြစ်ပြီဟေ့၊ ငပွ
လူဖြစ်ပြီဟ” လို့ အော်နေချိန်မှာ သူတို့အိမ်နံဘေးက လူတွေလည်း
သူကို ကြည့်ပြီး ၀မ်းသာလွန်းလို့ မျက်ရည်တွေ ၀ဲနေကြ ပါတယ်။
ကိုပွကြီးတို့ လမ်းကျဉ်းလေးထဲမှာ နေတဲ့ ဆိုက်ကား သမားတွေ
ဆိုရင် အဲဒီ ဆယ်တန်း အောင်စာရင်း ထွက်တဲ့ မနက်က သူတို့
လမ်းထဲက ကောင်လေး ဆယ်တန်း အောင်တာ ဂုဏ်ယူလို့ ခရီး
သည်ကို ပိုက်ဆံမယူဘဲ လိုရာခရီးကို အခမဲ့ ပို့ကြတယ်ဗျာ။


(… အလျဉ်းသင့်သလို ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ ယခင်က ပြန်လည် ဖြုတ်ချခဲ့သော “ရွေးချယ်ခြင်းနှင့်
ရုန်းကန်ခြင်း” ပို့စ်မှ စာသားများကို ပြန်လည် ပြင်ဆင် ဖော်ပြပါသည်။)

Dec 4, 2008

ဒို့ကျောင်းနဲ့ဒို့ဂါထာ၊ဒို့အရပ်နဲ့ဒို့ဇာတ် အပိုင်း(၁)


ရေးသူ - စစ်ငြိမ်းဒီရေ

“ကိုပွကြီး” …. ….. ….

ကျနော့်ရယ့် ငယ်စဉ် ကလေးဘ၀တုန်းက ကိုပွကြီးလို့ ခေါ်တဲ့ ရပ်ဆွေ
ရပ်မျိုး အကိုကြီး တစ်ယောက် ရှိခဲ့ဖူး ပါတယ်။

၁၉၈၈ ခုနှစ် မတိုင်ခင် မဆလခေတ်က ဆယ်တန်း အောင်စာရင်းထွက်ရင်
အောင်ချက်က လူတစ်ရာမှာ လေးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းပါ။ ၁၉၉၃ ခုနှစ်
ဆယ်တန်း စာမေးပွဲတွင် ကိုးတန်းစာကို ဖြုတ်လိုက်တဲ့ နှစ်အထိ ဆယ်တန်း
အောင်ချက် က ခြောက်ရာခိုင်နှုန်း၊ ခုနှစ်ရာခိုင်နှုန်း။ မှတ်မိ ပါသေးတယ်။
ကျနော် ပညာသင်ကြားရာ ဆင်ခြေဖုံး ဒေသက မျက်နှာမွဲ ကျောင်းလေးမှာ
၁၉၈၃- ၈၄ ခုနှစ်က ဆယ်တန်းကို A,B,C,D လေးခန်းပေါင်း ကျောင်းသား
နှစ်ရာကျော် ၀င်ဖြေခဲ့ရာ လေးယောက်သာ အောင်ပါတယ်။ အောင်တဲ့
ကျောင်းသားတွေက ရိုးရိုး A (က- အဆင့်) နဲ့ ပါ။ ဒါပေမဲ့ ကျနော်တို့
ဆင်ခြေဖုံး ဒေသလေး အတွက်တော့ တကယ့် လူစွမ်းကောင်း တွေပါ။
စာမေးပွဲ ကျတဲ့သူ တွေမှာလည်း ဆယ်တန်းစာနဲ့ ကိုးတန်းစာ ပေါင်းပြီး
စာကျက်ရတော့ ဒုက္ခက မသေးဘူးဟု ထင်ပါတယ်။

ကျနော်တို့ အိမ်နံဘေး လမ်းသွယ်ထဲက အကိုကြီးတစ်ယောက် အဲဒီအောင်
စာရင်းထွက်တဲ့ မနက်က သူ ကြွေးကြော်ခဲ့ပုံကို အခုထိ နားထဲ ကြားနေ ပါ
သေးတယ်။ သူ့ကို ရပ်ကွပ်ထဲမှာ နေရာတကာ ပါစမြဲမို့ “ငပွ” လို့ ခေါ်ပါ
တယ်။ သူ ဆယ်တန်း အောင်တော့ “ငပွ၊ လူဖြစ်ပြီဟေ့၊ ငပွ လူဖြစ်ပြီဟ” လို့
အသံဗြဲကြီးနဲ့ အော်ပါတယ်။ မနက်စောစော လမ်းလျှောက်ထွက်တဲ့ လူကြီး
တွေ စကားဝိုင်းမှာဘဲ ဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင်၊ အသုတ်ဆိုင်၊ ရပ်ကွပ်
ထဲက ပျံကျဈေး နေရာစုံမှာ ကိုပွကြီး ဆယ်တန်းအောင်တဲ့ သတင်းက
အောင်ဘာလေ ထီများ ပေါက်သွားသလားဟု ထင်ရပါတယ်။ မကြားချင်မှ
အဆုံးပါ။

ပါးစပ်တွင် ကွမ်းယာ ပလုပ်ပလောင်းနဲ့ နားကြားထဲမှာ ဆေးပေါ့လိပ်တို
ကို ထိုးနေကျ သူ့ပုံစံသည် နေ့ချင်းညချင်း ပြောင်းလဲသွား ပါတယ်။
ကော်လန်ကတုံး အင်္ကျီနဲ့ ယောပုဆိုးနဲ့ ပါ။ လူကြီးတွေက အိမ်က သား
သမီးများကို ဆုံးမပဲ့ပြင်ရင်တောင် ကိုပွကြီးကို နမူနာယူဖို့ အထိပါ။ ပုံပြင်

စာအုပ်ထဲက လူစွမ်းကောင်းတောင် ကိုပွကြီးလောက် နေရာ မရနိုင်ပါဘူး။
“ပညာရွှေအိုး၊ လူမခိုး” လို့ဆိုရိုးစကားတွေနဲ့ပါ။ ရွှေအိုးနဲ့ တူခဲ့သော ခေတ်
တွေတုန်းက ပညာသည် တကယ့်ကိုဘဲ ခမ်းနားလှပါတယ်။ သူ တက္ကသိုလ်
စတက်တဲ့ နေ့ကဆိုရင် ကားဂိတ်မှာ စောင့်နေတဲ့ သူ့ပုံစံသည် ပြည်သူ့
လွှတ်တော်ကိုဘဲ သွားတော့မလိုလို စတိုင်မျိုးပါ။

သူတို့ မိသားစုက အရမ်း ဆင်းရဲနွမ်းပါး ကြပါတယ်။ ကျနော်တို့ ရပ်ကွပ်
ထဲတွင် ဆိုက်ကား ပိုင်ရှင်များက သူတို့ပိုင်ဆိုင်သော ဆိုက်ကားများကို
ကိုပွကြီးတို့ အိမ်တွင် ညဘက် နေရာဌါးပြီး ထားလေ့ ရှိပါတယ်။ ဒါကြောင့်
ကိုပွကြီးတို့ မိသားစုကို ကျနော်တို့ ကလေးငယ်များက “ဘခက် မိသားစု”
ဟု ခေါ်ကြပါတယ်။ အဲဒီအချိန်တွေတုန်းက “ဆိုက်ကားသမား ဘခက်”
ဟု အမည်တွင်သော ရုပ်ရှင်ကားသည် အလွန်နာမည်ကြီး ခဲ့ပါတယ်။

ကိုပွကြီးသည် ဆိုက်ကားကို တစ်ခြမ်းစောင်း နင်းရာတွင် အလွန်တော်
ပါတယ်။ သူသည် သူတို့မောင်နှမများထဲတွင် အကြီးဆုံးဖြစ်ပြီး သူနဲ့
သူ့အောက် ညီတို့မှာ အသက် ဆယ်နှစ် နီးပါး ကွာပါတယ်။ သူတို့
မိသားစုနှင့် ကျနော်တို့ မိသားစုသည် အလွန် ခင်မင် ရင်းနှီကြပါတယ်။
အကြောင်းကတော့ အဲဒီအချိန်က ကျနော်တို့ ရပ်ကွပ်ထဲတွင် ရုပ်မြင်
သံကြား(TV) ရှိသော အိမ်အရေအတွက်မှာ ဆယ်အိမ် မပြည့်ပါ။

ကျနော့်အဖေသည် လွတ်လပ်ရေး အတွက် ရွှေတောင်တိုက်ပွဲမှ စ၍
ပါဝင်ခဲ့သောကြောင့် မဆလ ခေတ်တွင် မော်ကွန်းဝင် ဆုတံဆိပ်ရခဲ့ပြီး
ယင်းဆုတံဆိပ်ဖြင့် အစိုးရထုတ် “က.ပ.စ” တီဗွီ တစ်လုံး ရခဲ့ပါတယ်။
ကျနော်တို့အိမ်သည် စနေ၊ တနင်္ဂနွေနေ့များ၌ ရုပ်ရှင်ဇာတ်လမ်းရှည်
များလာလျှင် လူတစ်ယောက်ကို ငွေတစ်မတ်နှုန်းဖြင့် ပြ’စား ပါတယ်။
ကိုပွကြီးတို့ မောင်နှမ တသိုက် ကလေးငယ် ခြောက်ယောက်နှင့်
သူ့အမေ အပါအ၀င် လူ ခုနှစ်ယောက်ကို ကျနော့်အမေက သနားသော
အားဖြင့် ငွေတစ်ကျပ်သာ ယူလေ့ ရှိပါတယ်။ စနေ၊ တနင်္ဂနွေ မဟုတ်
သော ကြားရက်များတွင် သူတို့မိသားစုသည် ကျနော်တို့အိမ်တွင်
အခမဲ့ တီဗွီ လာကြည့်လေ့ ရှိပါတယ်။ ထိုကြောင့် ကိုပွကြီးသည် ကျနော်
တို့ မောင်နှမများနှင့် ပက်သက်လျှင် အမြဲ အလျှော့ပေးပြီး ဆက်ဆံ
လေ့ ရှိပါတယ်။

ရာသီဥတု ကောင်းမွန်သော နေ့များတွင် ကျနော်တို့ သူငယ်ချင်း
တသိုက်သည် ရပ်ကွပ်ထဲတွင် နေ့ရော၊ ညပါ ကစားနည်း မျိုးစုံဖြင့်
ကစား ကြပါတယ်။ ညဘက်များတွင် များသော အားဖြင့် “ဂွတို၊ ဂွရှည်”
ဟု ခေါ်သော အုပ်စုလိုက် ပြေးတမ်း၊ လိုက်တမ်း ကစားလေ့ ရှိပါတယ်။
လမ်းကျိုးလမ်းကြား၊ အိမ်ကျိုးအိမ်ကြား မကျန် ပြေးလွှား ကစားကြ
သောကြောင့် လူကြီးမိဘများက တစ်ယောက်ယောက် ရှာမတွေ့ပါက
ကိုပွကြီးကို ရှာဖွေ ခိုင်းလေ့ ရှိပါတယ်။ ကျနော်တို့ သူငယ်ချင်းတသိုက်
၏ မိဘများက ကိုပွကြီးကို မကြာခဏ မုန့်ဖိုး ပေးလေ့ ရှိပါတယ်။

ကိုပွကြီးသည် တခါတရံ ကျနော်တို့ကို သူ အလကားကြည်ရူခဲ့သော
လမ်းဘေး မော်ကွန်း ရုပ်ရှင် (မ.ဆ.လ ခေတ်က အစိုးရ အခမဲ့ရုပ်ရှင်)
မှ ရုပ်ရှင် ဇာတ်လမ်းများ၊ သူ ဖတ်ရူပြီးသော ၀တ္ထု ဇာတ်လမ်းမျိုးစုံ
တို့ကို ပြန်ပြောခြင်းဖြင့် ကလေးထိန်း လုပ်တတ်ပါတယ်။ သူ ဆယ်တန်း
အောင် ပြီးသော တစ်နေ့တွင် ကျနော်တို့ ကလေးငယ် တသိုက်ကို
ဝတ္ထုစာအုပ် တစ်အုပ်မှ အချစ်ဇာတ်လမ်းကို ဖတ်ရူ ပြပါတယ်။ ၀တ္ထု
မဖတ်ပြခင် သူက “ငါတို့ ဘ၀တွေ ဒီဝတ္ထုတွေထဲကလို ဖြစ်ရင် အရမ်း
ကောင်းမယ်ကွာ” လို့ ပြောပါတယ်။ ဒါနဲ့ဘဲ သူ စ’ပြီး ၀တ္ထုထဲက
ဇာတ်လမ်းကို အသံ အကျယ်ကြီး ထွက်ပြီး ဖတ်ပြ ပါတယ်။
……. “အင်းယျားလမ်း ပေါ်တွင် အင်မတန် ချောမောလှပသော
မိန်းမပျိုလေး တစ်ဦးအား သယ်ဆောင် ထားသည့် မာစီဒီ ကားကြီး
တရိပ်ရိပ် ပြေးနေပါတယ်” ဟု သူ စာဖတ်ပြ နေတုန်း ….

ကိုပွကြီးတို့ နောက်ဖေး မီးဖိုချောင်းက သူ့အမေက ….
“ဟဲ့ ပွကြီး … ကလေးတွေကို ဘာတွေ မဟုတ်မဟတ် ဖတ်ပြ
နေတာလည်း… ဒီမှာ ညနေစား ဟင်းမရှိဘူး …. အရှေ့ဈေးဟောင်း
လမ်းထိပ်က ဒေါ်အုန်းမြ ထမင်းဆိုင်မှာ ကုလားပဲဟင်း နှစ်ဆယ်ဖိုး
သွားဝယ် … တကယ်တဲ့တော် ဆိုက်ကားတောင် ကိုယ်ပိုင်မရှိတာ
… ဒင်းက မာစီဒီတွေ ဘာတွေ လျှောက်လုပ်နေတယ်”
လို့ လှမ်းအော် ပါတယ်။

ဒီလိုနဲ့ ညဘက်ရောက်တော့ ကျနော်တို့ ကလေးတသိုက်လည်း
ကိုပွကြီးတို့ အိမ်ရှေ့ဘက်ကို အုပ်စုလိုက် လမ်းလျှောက်လာပါတယ်။
အဲဒီအချိန်မှာ ကိုပွကြီးက အိမ်ပေါက်ဝမှာ ၀တ္ထု စာအုပ်ဖတ်နေပါ
တယ်။ ဒါနဲ့ အသံကျယ်ကျယ် ထွက်တတ်တဲ့ သူငယ်ချင်း တစ်ယောက်
ဦးဆောင်ပြီး စ’ အော်ပါတယ် …
“အင်းယျား လမ်းပေါ်တွင် မာစီဒီကားကြီး တရိပ်ရိပ် ပြေးနေပါတယ်”
နောက်ကနေ ကျနော်တို့ တစ်အုပ်စုလုံးက ….
“ဟဲ့ … ပွကြီး … အရှေ့ဈေးဟောင်းလမ်းထိပ်က ဒေါ်အုန်းမြဆိုင်မှာ
ပဲဟင်း နှစ်ဆယ်ဖိုး မြန်မြန် သွားဝယ်”
လို့ အော်ပြီး ပြေးကြပါတယ်။

သူ့ကို စ’နောက်ပြီး ထွက်ပြေးသွားတဲ့ ကျနော်တို့ ကလေးတသိုက်
ရယ့် နောက်ကျောကို ကိုပွကြီး တစ်ယောက် စိတ်မဆိုးဘဲ ကြည့်
နေမှာ အသေအချာ ပါ။


(… အလျဉ်းသင့်သလို ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ ယခင်က ပြန်လည် ဖြုတ်ချခဲ့သော “ရွေးချယ်ခြင်းနှင့်
ရုန်းကန်ခြင်း” ပို့စ်မှ စာသားများကို ပြန်လည် ပြင်ဆင် ဖော်ပြပါသည်။)

Dec 3, 2008

ကိုယ်ရေး အကျဉ်း


ရေးသူ - မသီတာ (စမ်းချောင်း)

zzthidarsg.jpg

(နိုင်ငံရေး အကျဉ်းသားဟောင်း၊ စာရေးဆရာမ၊ ခွဲစိတ် ဆရာဝန်၊
ဒေါ်အောင်ဆန်းစုကြည်၏ ယခင်လက်ထောက်)

၁၉၆၆။

ကျွန်ုပ်ကို မေမေက မွေးခဲ့။
လန်ဒန်မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ဂျာမဏီက
အင်္ဂလန်ကို ၄ ဂိုး၊ ၂ ဂိုးနဲ့ နိုင်ခဲ့။
အမေရိက ကဗျာဆရာမ အဒရီနီရစ်ချက သူမရဲ့ စတုတ္ထမြောက်
ကာရန်မဲ့ ကဗျာစာအုပ် ဘ၀ရဲ့ လိုအပ်ချက်များကို ထုတ်ဝေခဲ့။
အင်ဒီရာဂန္ဒီက အိန္ဒိယရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်နဲ့
ကွက်ဂရက်ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်လာ။
အင်ဒိုနီးရှားမှာ ပြည်တွင်းစစ်ကြောင့် သစ်တော အများအပြား
ပျက်သုဉ်းခဲ့။
……….

၁၉၆၇၊ ၆၈၊ ၆၉၊ ၇၀။

ကျွန်ုပ်ရဲ့ ကိုယ်၊ စိတ်၊ နှလုံးတို့ကို ဖေဖေနဲ့ မေမေက
မွေးမြူယုယ။
ကျွန်ုပ်ရဲ့ ကိုယ်ကို မွေးခဲ့။
ကျွန်ုပ်ရဲ့ စိတ်ကို မွေးခဲ့။
ကျွန်ုပ်ရဲ့ နှလုံးကို မွေးခဲ့။
လက်တင် အမေရိက စာရေးဆရာ ဂါဘရီယာဂါစီယာမားကွတ်စ်က
သူ့ရဲ့ နာမည်ကျော် တကိုယ်ရည် နှစ်တရာ စာအုပ် ရေးသား ပြီးစီခဲ့။
တောင်အမေရိက ခွဲစိတ်ဆရာဝန် ခရစ်ရှန်ဘားနာဒ်က ပထမဆုံး
လူ့နှလုံး အစားထိုး ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့။
အမေရိက အမျိုးသမီးများက ဗီယက်နမ်စစ် ဆန့်ကျင်ရေး ဆန္ဒပြ
ချီတက်ပွဲများ ပြုလုပ်ခဲ့။
ဗီယက်နမ် အမျိုးသားလွတ်မြောက်ရေး တပ်ဦးရဲ့ ဗဟိုကော်မတီဝင်
အမျိုးသမီး ငုရင်သီဘင်န်က ပြင်သစ်သို့ ငြိမ်းချမ်းရေး ကွန်ဖရင့်တက်ရာ
ဦးဆောင်လာခဲ့။
အပိုလို ၁၁ ရဲ့ အမေရိကန် အာကာသယာဉ်မှူး နီးလ်အမ်းစထရောင်းက
လကမ္ဘာပေါ် ပထမဆုံး ခြေချနိုင်သည့် လူသားဖြစ်လာခဲ့။
ဂိုလ်ဒါမေယာက အစ္စရေးနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်
ဖြစ်လာခဲ့။
အင်္ဂလန်နှင့် အမေရိကန် ဆေးသုတေသီတို့က စီတီစကန် ခေါ်
တကိုယ်လုံးကို ဓါတ်မှန် ရိုက်နိုင်သည့်စက် တီထွင်ခဲ့။
………

၁၉၇၁၊ ၇၂၊ ၇၃၊ ၇၄၊ ၇၅၊ ၇၆၊ ၇၇၊ ၇၈၊ ၇၉၊ ၈၀၊ ၈၁၊ ၈၂၊ ၈၃။

ကျွန်ုပ်ရဲ့ မွေးနေ့များစွာ ဖြတ်သန်း။
ကျွန်ုပ်ရဲ့ ဆံပင် မွေးနေ့။
ကျွန်ုပ်ရဲ့ မျက်လုံး မွေးနေ့။
ကျွန်ုပ်ရဲ့ နား မွေးနေ့။
ကျွန်ုပ်ရဲ့ ပါးစပ် မွေးနေ့။
ကျွန်ုပ်ရဲ့ လည်ချောင်း မွေးနေ့။
ကျွန်ုပ်ရဲ့ ညာလက် မွေးနေ့။
ကျွန်ုပ်ရဲ့ ဘယ်လက် မွေးနေ့။
ကျွန်ုပ်ရဲ့ ကိုယ်ထည် မွေးနေ့။
ကျွန်ုပ်ရဲ့ ခြေထောက်များ မွေးနေ့။
ကျွန်ုပ်ရဲ့ စိတ် မွေးနေ့။
ဂျော်ဒန်၌ အမျိုးသမီးများ မဲပေးခွင် စတင်ရရှိခဲ့။နိုက်ဂျီးရီးယား၌ အမျိုးသမီးများ မဲပေးခွင့် စတင်ရရှိခဲ့။
ကမ္ဘာ့လူဦးရေ လေးဘီလျှံ ကျော်လွန်ခဲ့။
ဘာလင်၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နှစ်အတွက်
ကမ္ဘာ့ကွန်ဂရက် ကျင်းပရာ ၁၄၁ နိုင်ငံမှ ကိုယ်စားလှယ်
၂,၀၀၀ ကျော်ဖြင့် ဖွင့်ပွဲ ကျင်းပခဲ့။
အီတလီ ကက်ဘိနက်၌ တီနာအန်စလ်မီက ပထမဆုံး
အမျိုးသမီး အလုပ်သမား ၀န်ကြီး ဖြစ်လာခဲ့။
အင်္ဂလန်၌ မာဂရက်သက်ချာ ပထမဆုံး
ဝန်ကြီးချုပ် ဖြစ်လာခဲ့။
အိမ်သုံး ပန်းသီး ကွန်ပျူတာကို အမေရိကမှ စတီဗင်ပီဂျောလ်နဲ့
စတီဖင်ဂျီဝေါ့စနီယက်တို့က စတင်တီထွင်ခဲ့။
အင်္ဂလိပ် ဆရာဝန် ပက်ထရစ်စတက်ပတိုးနှင့် အာရ်ဂျီအက်ဒွပ်တို့
တီထွင်ခဲ့သည့် ခန္ဓာကိုယ်ပြင်ပ မျိုးပွားနည်းဖြင့် ပထမဆုံး
ကလေး မွေးဖွားခဲ့။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ ကမ္ဘာမှာ ကျောက်ရောဂါ လုံးဝ
ကင်းစင်ပြီဟု အတည်ပြုခဲ့။
အင်တာနက် စတင်ပေါ် ထွန်းလာခဲ့။
…….

၁၉၈၄။

မသီတာ - စမ်းချောင်းကို ကျွန်ုပ်က မွေးခဲ့။
အိန္ဒိယ၊ ဘိုးပါးမှာ ဓါတ်ငွေ့ ပေါက်ကွဲမှု အကြီးအကျယ် ဖြစ်ခဲ့။
အမေရိကန် သုတေသနသမား ရောဘတ်ဂယ်လိုနဲ့ ပြင်သစ်
လုမွန်တက်နီယာတို့က နောင်မှာ အိပ်ခ်ျအိုင်ဗွီ အမည်ရမဲ့
ဗိုင်းရပ်စ် တမျိုးကို ရှာတွေ့ခဲ့။
တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်းတူးတူး
ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံရ။
……

၁၉၈၅၊ ၈၆၊ ၈၇။

ကျွန်ုပ်ရဲ့ ညာလက်၊ လျှာ၊ နှလုံးတို့ကို စာမျက်နှာများပေါ်မှာ
ထပ်မံ မွေးဖွားခဲ့။
ကျွန်ုပ်ရဲ့ ညာလက် အပြိုင်းပြိုင်း ဖွံ့ဖြိုးခဲ့၊ လျှာ အထပ်ထပ် သွက်ခဲ့၊
နှလုံး အဖန်ဖန် နွေးခဲ့။
ကျွန်ုပ်ရဲ့ ဦးနှောက်၊ ညာလက်၊ လျှာတို့ကို ဆေးရုံးဝန်းကျင်မှာ
ထပ်မံကြီးထွား စေခဲ့။
ကျွန်ုပ်ရဲ့ ဦးနှောက် အပြိုင်းပြိုင်း ဖွံ့ဖြိုးခဲ့၊ ညာလက် အထပ်ထပ်
သွက်ခဲ့၊ လျှာ အဖန်ဖန် နွေးခဲ့။
နိုင်ဂျီးရီးယား ပြဇာတ်နှင့် စာရေးဆရာ ၀ိုးလ်စိုရင်ကာ စာပေ
နိုဘယ်လ်ဆု ရရှိခဲ့။
ယူကရိန်း၌ ချာနိုဘယ် နျူကလီယား စက်ရုံ ပေါက်ကွဲမှု ဖြစ်ခဲ့။
ကမ္ဘာ၌ အကြီးမားဆုံး ပေါက်ကွဲမှုဖြစ်။
…….

၁၉၈၈။

ကျွန်ုပ်ကို ကျွန်ုပ်က မွေးခဲ့။
ကျွန်ုပ်ရဲ့ ညာလက်၊ လျှာ၊ ဦးနှောက်နဲ့ နှလုံး မဖွံ့ဖြိုးတော့၊
မသွက်တော့၊ ပူလောင်။
သို့သော် ကျွန်ုပ်အစစ်မှ လက်ကျန် အင်္ဂါများဖြင့် ကျွန်ုပ်အသစ်ကို
ကျွန်ုပ်ကပဲ ထပ်မံ မွေးဖွားခဲ့။
ဘရာဇီး အမေဇုန်တောမှာ သစ်တော ပြုန်းတီးမှု လွန်စွာဆိုးဝါး။
ဘနာဇီယာဘူတိုက ပါကစ္စတန်ရဲ့ ပထမဆုံး အမျိုးသမီး
ဝန်ကြီးချုပ် ဖြစ်လာခဲ့။
……..

၁၉၉၀။

ဒေါက်တာ မသီတာကို ကျွန်ုပ်က မွေးခဲ့။
သို့သော် ကျွန်ုပ် တစစ ကျုံလှီ။
ကျွန်ုပ်ရဲ့ ညာလက် မဖွံ့ဖြိုးတော့၊ လျှာ မသွက်တော့၊
နှလုံး ပူလောင်။
ကျွန်ုပ်ရဲ့ ဦးနှောက် မဖွံ့ဖြိုးတော့၊ ညာလက် မသွက်တော့၊
လျှာ ပူလောင်။
ကျွန်ုပ်ရဲ့ အစိတ်အပိုင်းအချို့ သေဆုံး။
အဲဒီ အသုဘကို ကျွန်ုပ်ကိုယ်တိုင် ပြန်ပို့ခွင့်ရခဲ့။
နှင်းဆီနက် ပန်းစည်း မချခဲ့။
ပျားဖယောင်းတိုင် မထွန်းခဲ့။
ပုံတူပန်းချီ မချိတ်ခဲ့။
အားလုံးသော အသုဘများမှာလို နှုတ်တော့ ဆိတ်ခဲ့။
ကမ္ဘာ့လူဦးရေ ငါးဘီလျှံ ကျော်သွားခဲ့။ (ကမ္ဘာကြီးရဲ့ တခြား
နေရာတွေမှာ အထပ်ထပ် မွေးဖွား ရှင်သန် ဖွံ့ဖြိုးနေပေါ့)
ဆော်ဒီအာရေဗျမှာ အမျိုးသမီးများ စက်တပ်ယာဉ် မမောင်းရ
ဆိုတဲ့ ဥပဒေကို အမျိုးသမီးတွေ ဆန့်ကျင် ဆန္ဒပြခဲ့ကြ။
နိုင်ကာရာဂွါမှာတော့ ဗိုင်အိုလက်တာ ဘာရီယို ဒီချာမိုရို ဆိုတဲ့
အမျိုးသမီးက သမ္မတ အဖြစ် အရွေးခံခဲ့ရ။
………

၁၉၉၁၊ ၉၂။

ကျွန်ုပ်ရဲ့ အစိတ်အပိုင်း အချို့ ဆက်လက် သေဆုံးဆဲ။
အဲဒီ အသုဘကို ကျွန်ုပ်ကိုယ်တိုင် ပြန်ပို့ခွင့်ရဆဲ။
နှင်းဆီနက် ပန်းစည်း မချခဲ့။
ပျားဖယောင်းတိုင် မထွန်းခဲ့။
ပုံတူပန်းချီ မချိတ်ခဲ့။
အားလုံးသော အသုဘများမှာလို လက်တို့ယှက်ကာ
ကိုယ့် ရှက်စိတ်ကို ဖွက်ဖို့ ကြိုးစားခဲ့။
အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ဟင်ဒူ- မူစလင်
အဓိကရုဏ်းများ ဖြစ်ပွားခဲ့။
ဂျာမန် ပညာရှင် နှစ်ဦးဖြစ်တဲ့ နီဟာနဲ့ ဆက်မန်းတို့ကို
ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆု ချီးမြှင့်ခဲ့။
တချို့ ဆုတွေ ရခဲ့ကြ။
တချို့ ဆုတွေ တောင်းခဲ့ကြ။
တချို့ ဆုတွေ မပြည့်ခဲ့ကြ။
……..

၁၉၉၃။

ကျွန်ုပ် ယာယီ သေဆုံးခဲ့။
ကျွန်ုပ်ရဲ့ ဆံပင် အသုဘ။
ကျစ်ဆံမြီး ကျစ်မထားတဲ့၊ လေသင့်ရာ လွတ်လပ်စွာ ဖြန့်ကျက်တဲ့
ဆံပင်က ခေါင်းစည်းကြိုးနက်ရဲ့ တုပ်နှောင်ခြင်းကို ခံခဲ့ရ။
ကျွန်ုပ်ရဲ့ မျက်လုံး အသုဘ။
မျက်စိတဆုံး ကြည့်လေ့ရှိတဲ့၊ အမြင်ကျယ်ကျယ် မြင်လေ့ရှိတဲ့
မျက်လုံးက မျက်တောင်မွှေး တဆုံး အကွာအဝေးရဲ့
ကန့်သတ်ခြင်းကို ခံခဲ့ရ။
ကျွန်ုပ်ရဲ့ နား အသုဘ။
နားဋောင်းထက် အကြောင်း သုတ၊ အကျိုး ဗဟုတို့ကိုသာ
ကြားလေ့ရှိတဲ့နားက အားလုံး ကောင်းကြရဲ့လား သံစဉ်များရဲ့
ပိတ်ဆို့ခြင်းကို ခံခဲ့ရ။
ကျွန်ုပ်ရဲ့ ပါးစပ် အသုဘ။
ကျိုးရှိ၊ ဟုတ်မှန် နှစ်တန်ကိုသာ ရွေးပြီး နာလို၊ မလို မေ့ထားတတ်တဲ့
ပါးစပ်က အံကြိတ် နှုတ်ခမ်းကို ဓလေ့ရဲ့ အာစေးထည့်ခြင်းကို ခံခဲ့ရ။
ကျွန်ုပ်ရဲ့ လည်ချောင်း အသုဘ။
မမျိုချင်ရင် အန်ချလိုက်ဖို့ ၀န်မလေးတဲ့ လည်ချောင်းက
အန်ပြီးသားတွေ ပြန်မျိုတဲ့ ထုံးစံရဲ့ ၀ါးမျိုခြင်းကို ခံခဲ့ရ။
ကျွန်ုပ်ရဲ့ ညာလက် အသုဘ။
စိတ်နဲ့နှလုံးကို လက်ရုံးနဲ့ ပုံဖော်ဖို့ ကြိုးစားတဲ့ ညာလက်က
နဖူးနဲ့ ဇက်ကို နှိပ်နယ် အချိန်ဖြုန်းခြင်းရဲ့ ဖိနိုပ်မှုကို ခံခဲ့ရ။
ကျွန်ုပ်ရဲ့ ဘယ်လက် အသုဘ။
အရွယ်လွန်တွေကို ထူ၊ အငယ်ချွန်တွေကို ကူဖို့ ကြိုးစားတဲ့
ဘယ်လက်က ဒူးနှစ်လုံးကို ပိုက်ရင်း နေ့တွေ ကုန်လွန်ခြင်းရဲ့
သိမ်းပိုက်မှုကို ခံခဲ့ရ။
ကျွန်ုပ်ရဲ့ ကိုယ်ထည် အသုဘ။
ရင်ကော့ ခေါင်းမော့ဖို့ အမာခံလေ့ရှိတဲ့ ကိုယ်ထည်က လှဲလျောင်း
အိပ်စက်ရင်း နေနဲ့ ညတွေ ဖြတ်သန်းခြင်းရဲ့ ဖိစီးမှုကို ခံခဲ့ရ။
ကျွန်ုပ်ရဲ့ ခြေထောက်များ အသုဘ။
စကြာဝဠာ အစအဆုံး မြေကြောဆန့်ဖို့ ကြိုးစားတဲ့
ခြေထောက်များက လေးထောင့် စက်ဝန်း ဆုံလည်ရဟတ်ရဲ့
မရပ်မနား လည်ပတ်မှုကို ခံခဲ့ရ။
ကျွန်ုပ်ရဲ့ စိတ်။
ကျွန်ုပ်ရဲ့ နှလုံး။
ဘယ်တုန်းကမှ မသေ။
ဘယ်တုန်းကမှ မသေ။
စိတ်နဲ့ နှလုံးအတွက် ဘယ်သောအခါကမှ အသုဘ မပို့ဖူးခဲ့။
(ဘယ်သော အခါကမှ)
တိုနီမော်ရစ်ဆင်က စာပေနိုဘယ်လ်ဆုရ ပထမဆုံး
အာဖရိက-အမေရိက အမျိုးသမီး ဖြစ်လာခဲ့။
ကနေဒါမှာ ကင်မကမ်ပဘဲလ်က ပထမဆုံး အမျိုသမီး
ဝန်ကြီးချုပ် ဖြစ်လာခဲ့။
နှစ် ၄၀ ကြာ ငြင်းခုန် ပြင်ဆင်ပြီးမှ ကမ္ဘာ့ အကြီးဆုံးဆည်
THREE GORGES ကို တရုတ်ပြည် ယန်ဇီမြစ်နားမှာ စတင်
တည်ဆောက်ခဲ့။
……

၁၉၉၅။

ကျွန်ုပ် မပါဘဲ ကျွန်ုပ်မွေးနေ့ကို ကျွန်ုပ်နဲ့ မသိသူ အများစု
ပါဝင် ကျင်းပပေးခဲ့။
ကျွန်ုပ်က တစစ သေဆုံး။ တစစ ရှင်ပြန်ထမြောက်။
ကျွန်ုပ်၏ အသုဘကို ကျွန်ုပ်က ပြန်ပို့။
ကျွန်ုပ်၏ မွေးနေ့ကို ကျွန်ုပ် မပါဘဲ ကျင်းပ။
စတုတ္ထအကြိမ် ကမ္ဘာ့ အမျိုးသမီး ညီလာခံ တရုတ်ပြည်
ပီကင်း၌ ကျင်းပခဲ့။
ချီကာဂို တက္ကသိုလ်၌ ကလော့ဒီမိုးနက် အနုပညာပြပွဲကို
လူပေါင်း ကိုသိန်း ခြောက်သောင်း ငါးထောင်ကျော်
လာတက်ခဲ့။
ပိုလန် သစ်တော ဧရိယာ၏ ၈၂ ရာခိုင်နှုန်းမှာ
အက်ဆစ်မိုးကြောင့် ပျက်စီးခဲ့။
…….

၁၉၉၆၊ ၉၇၊ ၉၈။

ကျွန်ုပ်ကို ကမ္ဘာကြီးက မွေးစားခဲ့။
ကျွန်ုပ်၏ အသုဘကို ကျွန်ုပ်က ပြန်ပို့ကောင်းဆဲ။
ကျွန်ုပ်အား မွေးစားပွဲကို ကျွန်ုပ် မပါဘဲ ကျင်းပကြဆဲ။
အေအိုင်ဒီအက်စ် ရောဂါအတွက် တတိယ ဆေးသစ်တမျိုး
ပေါ်ထွန်းလာခဲ့။
အရှေ့တီမောမှ ရိုမန်ကက်သလစ် ဘုန်းကြီးနှင့် နိုင်ငံရေး
လှုပ်ရှားသူ ကားလော့စ် ဖီလစ်ဆီမီမီဘီလိုအား ငြိမ်းချမ်းရေး
နိုဘယ်လ်ဆု ချီးမြှင့်ခဲ့။
အာဖဂန်မှာ တာလီဘန်အစိုးရက အမျိုးသမီးများ
အိမ်ပြင်ထွက် အလုပ် မလုပ်ရ၊ စာမသင်ရ အမိန့်ထုတ်ပြန်ခဲ့။
………

၁၉၉၉။

ကျွန်ုပ် ရှင်ပြန်ထမြောက်ခဲ့။ သို့သော် အသုဘအချို့ ပို့နေရဆဲ။
ပြတ်သွားတဲ့ ကြိုးတစကို ပြန်ဆက်တဲ့အခါ အထုံးတထုံး
အဖက်တင် ကျန်ရစ်။
ကျွန်ုပ်ရဲ့ ဆံပင်၊ မျက်လုံး၊ နား၊ လည်ချောင်း၊ ကိုယ်ထည်၊
ခြေထောက်များ၊ ပြန်လည် ရှင်သန် ထမြောက်ခဲ့။
ကျွန်ုပ်ရဲ့ အစိတ်အပိုင်း အချို့ အသုဘကို ကျွန်ုပ်ကိုယ်တိုင်
ပြန်ပို့နေရဆဲ။
အာဖရိက၌ အေအိုင်ဒီအက်စ် ရောဂါ ပြန့်ပွားနှုန်းမှာ
တနေ့လျှင် လူ ၉,၄၀၀ ခန့် ကူးစက် ခံနေရသည်ထိ
ဖြစ်လာခဲ့။
ပနားမား၌ မီရိယာမိုစ်ကိုစိုက ပထမဆုံး အမျိုးသမီး
သမ္မတ ဖြစ်လာခဲ့။
အဲလစ်ဇဘက်ဒိုးလ်က ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ
အဖြစ်မှ နှုတ်ထွက်ကာ အမေရိက သမ္မတ
လောင်းရွေးပွဲ၌ ရီပတ်ဘလစ်ကင် ပါတီမှ ၀င်ရောက်
အရွေးခံရန် အမည်စာရင်း တင်သွင်းခဲ့။
…….

၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁။

ဒေါက်တာ မသီတာကို တစစီ ပြန်ဆက်ခဲ့တဲ့ နေ့များ။
ကျွန်ုပ်ရဲ့ ဆံပင်၊ မျက်လုံး၊ နား၊ လည်ချောင်း၊ ဘယ်လက်၊
ကိုယ်ထည်၊ ခြေထောက်များ။ ပြန်လည် ရှင်သန် ထမြောက်ခဲ့။
မျက်လုံးတွေ ခြေဆန့်။ နားတွေ အလည်ပတ်ထွက်။
လည်ချောင်းက အန်မယ်ထင်ရင် မမျိုတော့။ ဘယ်လက်က
အရွယ်လွန်တွေကို ထူ၊ အငယ်ချွန်တွေကို ကူ၊ အစွယ်မွန်တွေကို
တူညီတွဲ။ ကိုယ်ထည်က ကတုတ်ခင်း။ ခြေထောက်တွေက
၃၆၀ ဒီကရီ ဖြာပြေး။
သို့သော် ကျွန်ုပ်ရဲ့ အသုဘ ပို့နေရဆဲ။
နှင်းဆီနက် ပန်းစည်း မချနိုင်သေး။
ပျားဖယောင်းတိုင် မထွန်းနိုင်သေး။
ပုံတူပန်းချီ မချိတ်နိုင်သေး။
ကွန်ပျူတာ အသုံးပြုသူများ ၀ိုင်တူးကေ ပြဿနာကို စိုရိမ်းခဲ့ကြ။
ဂျပန်၌ ဟွန်ရူနှင့် ရှင်ကိုကူကြား ဆက်သွယ်သည့်
ကမ္ဘာ့အရှည်ဆုံး ကြိုးတံတားကို ဖွင့်လှစ်နိုင်ခဲ့။
အိုစာမာဘင်လာဒင်၏ အယ်လခိုင်ဒါ အဖွဲ့ဝင်များက
အမေရိက၊ နယူးယောက်ရှိ ကမ္ဘာ့ ကုန်သွယ်မှု အဆောက်အဦအား
ဝင်ရောက် တိုက်ခိုက် ဖျက်ဆီးခဲ့ကြ၊ စုစုပေါင်း ၃,၀၄၇ ဦး
သေးဆုံး။ ကလေးငယ် ၃,၁၅၂ ဦး မိဘမဲ့ ဖြစ်ခဲ့ကြရ။
သေဆုံးသူ အများစု၏ ရုပ်အလောင်းကို မမြင်နိုင်ခဲ့ကြ၊
နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံ သေဆုံးခဲ့ကြ၊ အဆောက်အဦပေါ်
ကျန်နေခဲ့သူများ၊ ၎င်းတို့ကို ကယ်တင်ရန် ကြိုးပမ်းခဲ့ကြသော
ရဲ၊ မီးသတ်၊ ဆေးဝန်ထမ်းများ။
အဆက်မပြတ် အသုဘပွဲများ။
နှင်းဆီနက်၊ ဖြူ၊ ပန်းပေါင်းစုံ၊ ပန်းစည်း၊ ပန်းခွေ၊ ပန်းခြင်း၊
ပန်းကော်ဇော ခင်းထားသလို အသုဘပွဲကြီး။
ပျားဖယောင်းတိုင်၊ ဆီမီးတိုင်၊ မီးပင်လယ်တောက်နေသလို
အသုဘပွဲကြီး။
ပုံတူပန်းချီ၊ ငယ်က ဓါတ်ပုံ၊ လက်ထပ် အမှတ်တရပုံ၊ ဧရာမ ဓါတ်ပုံ
ပြပွဲနံရံလို အသုဘပွဲကြီး။
မျက်ရည်များ။ ရှိုက်ငင်ကြောက်ရွံ့သံများ။ ဆို့နင့်
အက်ကွဲနင်နေမှုများ။ တုန်ရီ အားပျော့ လက်ချောင်းများ။
ခွေယိုင် နွမ်းလျ ကိုယ်ဟန်များ။ ပျောက်ဆုံး ခွန်အား ခြေအစုံများ။
ကြေကွဲဖွယ် အသုဘပွဲ။
ခေါင်းတလားပေါ်က အလံ။ ကျန်ရစ် တာဝန်ရှိသူများရဲ့
အားပေးစာနာမှု၊ အားတိုက်အင်တိုက် ဖေးမကူညီမှု။
ကျန်ရစ် မိသားစုဝင်များရဲ့ ရင်ဖွင့်ခွင့် အစီအစဉ်များ။ တွေ့ဆုံ
မေးမြန်းခန်း၊ ကဗျာ စာတိုရှည် ရေးကပ်ဖို့ နံရံ အပါအ၀င်
စာမျက်နှာများ။ ဖြေသိမ့်နိုင်ဖွယ် အသုဘပွဲ။
သူတို့ရဲ့ အသုဘကို သူတို့ကိုယ်တိုင် ပို့စရာ မလိုခဲ့။
သူတို့ရဲ့ အသုဘကို သူတို့ ကိုယ်စား သူတို့ကို မသိသူများ
အပါအ၀င် ကမ္ဘာကြီးရဲ့ နိုင်ငံသားများက ပို့ဆောင်ပေးခဲ့ကြ။
သူတို့ အသုဘက သူတို့ မွေးနေ့ပွဲ အချို့ထက် စည်ကားခဲ့။
အမှန်တော့ သူတို့ အများစုက သူရဲကောင်း မဟုတ်။ သာမန်များ။
သူတို့ အများစုက ဘာဆို ဘာမှ မသိလိုက်ရဘဲ သေဆုံးခဲ့ကြရ။
ကမ္ဘာကြီးရဲ့ နိုင်ငံသားများက သူတို့ကို အကြမ်းဖက်မှု
ဆိုးကျိုးသက်သေ အဖြစ် ခမ်းခမ်းနားနား သင်္ဂြိဟ်ခဲ့ကြ။
သူတို့ အသုဘက ကမ္ဘာကျော်။
သူတို့ အသက်က သေဆုံး။
သူတို့ သေဆုံးမှုက နောင်နှစ်စဉ် ရှင်ပြန် ထမြောက်လာပြီး
ငြိမ်းချမ်းမှု တန်ဖိုးကို သတိမလပ်ပေးလိမ့်။
သူတို့ ကိုယ်စား လျှာနဲ့ လက်တွေ ရှင်သန်ဆဲ။
သူတို့ အမှန်တကယ် မသေခဲ့ကြ။
…….

၂၀၀၃။

မသီတာ - စမ်းချောင်းကို တကိုယ်လုံးနီးပါး ပြန်မွေးဖွား။
ကျွန်ုပ်ရဲ့ ဆံပင်၊ မျက်လုံး၊ နား၊ လည်ချောင်း၊ ဘယ်လက်၊
ကိုယ်ထည်၊ ခြေထောက်များ။ ပြန်လည် ရှင်သန်ထမြောက်ခဲ့။
မျက်လုံးတွေ ခြေဆန့်။ နားတွေ အလည်ပတ်ထွက်။
လည်ချောင်းက အန်မယ်ထင်ရင် မမျိုတော့။ ဘယ်လက်က
အရွယ်လွန်တွေကို ထူ၊ အငယ်ချွန်တွေကို ကူ၊ အစွယ်မွန်တွေကို
တူညီတွဲ။ ကိုယ်ထည်က ကတုတ်ခင်း။ ခြေထောက်တွေက
၃၆၀ ဒီကရီ ဖြာပြေး။
သို့သော် ကျွန်ုပ်ရဲ့ အသုဘ ပို့နေရဆဲ။
နှင်းဆီနက် ပန်းစည်း မချနိုင်သေး။
ပုံတူပန်းချီ မချိတ်နိုင်သေး။
…….
…….
ဘင်လာဒင်ကို မမိသေး။
အကြမ်းဖက်မှုတွေ မငြိမ်းသေး။
ကမ္ဘာကြီး ပူနွေးနေဆဲ။
…….
…….
…….။
…….
လျှာနဲ့ ညာလက်ရေ
အမြန်ရှင်သန်
ထမြောက်လှည့်ပါလေ။ ။

ဖေဖော်ဝါရီ ၂၀၀၃။


(မှတ်ချက်။ ။မြန်မာ့ သတင်းဆက်သွယ်ရေးနှင့် နည်းပညာအဖွဲ့မှ
ထပ်ဆင့် ကူးယူ ဖော်ပြပါသည်။ ယူနီကုတ် လက်ကွက်ဖြင့် ရိုက်ထား
မှုကို ဇော်ဂျီဝမ်း လက်ကွက်ဖြင့် ပြန်လည် ရိုက်ပေးထားပါသည်။)