Dec 30, 2008
၂၀၀၉ ခုနှစ်ဆိုတဲ့ ဘူတာက စထွက်ရင်
ရေးသူ- စစ်ငြိမ်းဒီရေ
ကျနော်တို့ရယ့် အသက်ရှင်သန်မှု မီးရထားသည် ၂၀၀၉ ခုနှစ်
ဆိုသည့် ဘူတာသို့ ဆိုက်ရောက်ရန် ဥသြော်သံများ ဆူညံလျက်
ရှိပါတယ်။ တချို့လည်း အထူးတန်း၊ တချို့လည်း ပထမတန်း၊
တချို့လည်း ရိုးရိုးတန်း၊ တချို့လည်း ထိုင်ခုံမဲ့၊ တချို့လည်း လက်မှတ်
မဲ့၊ တချို့လည်း နားလည်မှု၊ တချို့လည်း ပိုင်ရာဆိုင်ရာ ပုံစံအနေအထား
အသီးသီးဖြင့် လိုက်ပါ ခဲ့ကြပါတယ်။
ထိုရထားပေါ်တွင် နဖူးပိုပြောင်လာပြီး ဆံပင်ဖြူ တစ်ချောင်းစ နှစ်ချောင်းစ
ပိုမို ပိုင်ဆိုင်လာသည့် ကျနော်သည် အသက်တစ်နှစ်ကြီးခြင်းကို ငြင်းပယ်
၍ မရနိုင်သော ရောက်လုဆဲဆဲ ထိုဘူတာအား ပြတင်းပေါက်မှ ငေးကြည့်
နေမိ ပါတယ်။ ကျနော်လိုက်ပါလျက် ရှိသော ရထားတွဲအတွင်းရှိ လူငယ်များ
အား လွန်ခဲ့သော ၁၈ နှစ်၊ ၁၉ နှစ်ခန့်က ရန်ကုန်တိုင်း အခြေခံပညာ
ကျောင်းသားများသမဂ္ဂ(အ.က.သ)၌ တွတ်ပီ ဥက္ကဋ္ဌ ဖြစ်ခဲ့စဉ် အ.က.သ
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် ပေတရာပေါ် ပြောက်ကျားသပိတ် တိုက်ပွဲ
များတွင် အပြင်စည်း တာဝန်ခံ တစ်ဦးအနေဖြင့် မည်သို့မည်ပုံ ခေါင်းဆောင်
ခဲ့သည်များကို ဆရာကြီးလေသံအပြည့်ဖြင့် လူတွင်ကျယ်လုပ်ကာ ငြင်းခုန်မှု
များတွင် ဇွတ်အတင်း အနိုင်ယူ ဗိုလ်ကျ ခဲ့ပါတယ်။
“သူတောင်းစား အိမ်မှာ အိပ်ဖူးသလား”
“ပီနန်အိတ်ခွံ အဟောင်းတွေကို အိမ်ပုံစံလုပ်ထားတဲ့ အရမ်း
ဆင်းရဲတဲ့ အိမ်မှာ အကြာကြီး ပုန်းခို ဖူးသလား”
“တော်လှန်ရေးမှာ ထမင်းငတ်လို့ လက်ဌါး ဖဲသမား လုပ်ဖူး သလား”
“ ... လား …. လား ….. လား ”
ကျနော်လိုက်ပါ စီးနင်းခဲ့သော ရထားတွဲအတွင်း တချို့သော ကျနော့်
ဆရာသခင်များ၊ တချို့သော ကျနော့် ကျေးဇူးရှင်များ၊ တချို့သော
ကျနော့် ညီအကို သူငယ်ချင်းများ၊ တချို့သော ကျနော့်ကိုယ် ကျနော်
ထက် ပို၍တန်ဖိုးထားခဲ့သည့် လူများသည် ၂၀၀၉ ခုနှစ်ဆိုသည့် ဘူတာ
သို့ မရောက်မီ ကြားဘူတာ များ၌ ပျံသန်းထွက်ခွာ ခဲ့ကြပါတယ်။
အလင်းရောင် ထိန်းလင်းသော နေ့အခါများတွင် ကျနော်သည်
ရထားပေါ်တွင် သမိုင်းသုတေသီ လိုလို၊ ကဗျာဆရာ လိုလို၊ မျက်နှာမွဲ
များဖက်မှ ရပ်တည်သူ လိုလို၊ တော်လှန်ရေး အသံ တစာစာဖြင့် ပြုပြင်
ပြောင်းလဲရေး သမား လိုလို ပုံစံမျိုးဖြင့် ရူးချင်ယောင်ဆောင်သူများ ကြား
တွင် အသံကုန် ကြွေးကြော် ခဲ့ပါတယ်။
အမှောင်ကျသော ညအခါ များတွင် ဆင်ဆာခွင့်ပြုချက် မရသော ပြန်
လည် ထုတ်ဝေရန် ခွင့်မပြုသော စာအုပ် အဟောင်းတချို့၊ မှတ်တမ်းဟောင်း
တချို့ကို ၂၀၀၉ ခုနှစ် ဆိုသည့် ဘူတာမှ စတင် ထွက်ခွာချိန်တွင် လစ်ရင်
လစ်သလို ရထားပေါ်တွင် ဈေးရောင်းတတ်သော ဈေးသည်ပညာကို အင်းစိန်
တွဲဖက် ထောင်ထဲတွင် ရေနွေး ရောင်းစားရာမှ ရခဲ့သော အကျင့်အတိုင်း
“ကျနော့်ဆီက ရေနွေး တစ်ပုလင်းကို လိုချင်ရင် နွားတံဆိပ် ဆေးပေါ့လိပ် အလိပ်
၂၀ ရှာထားဟေ့” လို့ အလဲအလှယ် လုပ်ရန် စိတ်ကူးထား ပါတယ်။
ဒီနေရာမှာ … အဲ အခု ရထားပေါ်မှာ အဲဒါ နည်းနည်း အခက်အခဲ
တွေ့နေပါတယ်။ ဒီ ၂၀၀၉ ခုနှစ် ဆိုတဲ့ ဘူတာကနေ ရထား စထွက်ရင်
ကျနော့်ဖက်က ပေးမှာက ရှားပါး စာအုပ်နဲ့ မှတ်တမ်းတချို့။ အင်းစိန်တွဲ
ဖက် ထောင်ထဲကလို ရေနွေးပုလင်း မဟုတ်ဘူး။ အဲဒီအပြင် ကျနော့်လိုချင်
တာကလည်း နွားတံဆိပ် ဆေးပေါ့လိပ် ၂၀ လိပ် မဟုတ်တော့ဘူး။
တော်တော်လေး မြင့်မားတဲ့ အဖိုးအခပဲ။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး
အတွက် မိမိတို့ ပါဝင်မှု အခန်းကဏ္ဍကို တိုးမြင့်ပေးပါလားလို့ ဆိုတဲ့
တောင်းဆိုမှုတစ်ခု ဖြစ်ရင်ရော ဘယ်လိုသဘော ရလဲဗျာ။
ဗျာ …. ဘယ်လို ပြောလိုက်တယ်။ ဗျာ …. ။ အလကား ဖတ်မယ်။
ဗျာ …။ အလကားရတဲ့ နေရာမှာ ရေးထားလို့ အလကား ဖတ်မယ်။
ရက်စက်လိုက်တာ ဗျာ။
Subscribe to:
Post Comments (Atom)
5 comments:
မင်္ဂလာနှစ်သစ်ပါ ကိုအောင်
စာအုပ်တွေ ဖတ်ချင်လိုက်တာ။ မမှီလိုက်တဲ့ ရထားကို ပြေးလိုက်ပါရစေ။
ခင်မင်မှုအပြန်အလှန်လေးစားမှုတွေကို ကိုအောင် ရရှိမှာပါ။ တန်ဖိုးထားတတ်တဲ့သူခြင်းတွေ ဆိုရင်ပေါ့။။ (မျှော်...မည် ..စာကောင်းပေကောင်းများ)
မင်္ဂလာနှစ်သစ်ဖြစ်ပါစေဗျာ
ဖရီးပဲ ဖတ်မှာ ပေါ့ဗျာ............
ဖရီးပေးထားတာပဲ ဟာကို ...း)
နွားဆေးလိပ် လိုချင်ရင်တော့ ရမယ်....
အင်းစိန်ပြန်သွားလေ.....။
ဆ၀ပ်ဒီး ပီးမိုင်ခပ်ပါဗျာ။
Post a Comment