May 30, 2009

မြန်မာပြည်နှင့် ငရဲပြည်

ငရဲပြည်မှာ
VIP မရှိဘူး
လာဘ်ပေး လာဘ်ယူ မရှိဘူး
မျက်နှာကြီးရာ ဟင်းဖတ်ပါတာ မရှိဘူး
မြန်မာပြည်မှာ ….

ငရဲပြည်မှာ
ကတိတည်တယ်
စည်းကမ်းရှိတယ်
တရားမျှတတယ်
မြန်မာပြည်မှာ ….

ငရဲပြည်မှာ
ကျောသား ရင်သား မခွဲခြားဘူး
အရောင်အသွေး မခွဲခြားဘူး
မျိုးရိုးအဆင့်အတန်း မခွဲခြားဘူး
အသိုင်းအ၀ိုင်း အရှိန်အ၀ါ မခွဲခြားဘူး
မြန်မာပြည်မှာ ….


ငရဲပြည်မှာ
မီးမပျက်ဘူး
ရေမပျက်ဘူး
ဧည့်စာရင်း မတိုင်ရဘူး
အလှူခံ မရှိဘူး
လုပ်အားပေး မရှိဘူး
မြန်မာပြည်မှာ ….

ငရဲပြည်မှာ
ပါးစပ်နဲ့ အမျိုး’မချစ်ဘူး
တောက်’ခေါက်ပြီး မျက်ရည်မကြဘူး
ရောယောင်ပြီး ခေါင်းမငြိမ့်ဘူး
အကြောက်တရားနဲ့ မအိပ်စက်ဘူး
မြန်မာပြည်မှာ ….

ငရဲပြည်မှာ
ပြည်ပကို ဈေးပေါအလုပ်သမားအဖြစ် ထွက်မလုပ်ဘူး
ထမင်းငတ်လို့ ပြည်တန်ဆာ မဖြစ်ဘူး
အာဏာရှိဖို့ တပ်ထဲမ၀င်ဘူး
မြေကွက်လိုချင်လို့ ခေါင်းငြိမ့်လျှာလွှဲ မလုပ်ဘူး
လက်ကိုင်ဖုန်းလိုချင်လို့ ထောက်ခံမဲ မပေးဘူး
မြန်မာပြည်မှာ ….

ငရဲပြည်မှာ
ကိုးရီးယားရုပ်ရှင်ကြည့်ပြီး စိတ်ကူးမယဉ်ဘူး
တရုတ်သိုင်းကားကြည့်ပြီး ငပေါမဖြစ်ဘူး
စိန်စီသောညကြည့်ပြီး ရင်မနာဘူး
မြန်မာပြည်မှာ ….

ငရဲပြည်မှာ
သခင်အားရ ကျွန်ပါးဝ မရှိဘူး
သခင်ဘုန်းကြီး ကျွန်ဓါးပီး မရှိဘူး
အရှင်မွေးလို့ ချက်ချင်းကြီး မရှိဘူး
မြန်မာပြည်မှာ ….


ငရဲပြည်မှာ
အလှည့်ကျစနစ်နဲ့
ဆီပူအိုးရှိတဲ့ နေရာကို
တန်းစီပြီး သွားလို့ရတယ်
မြန်မာပြည်မှာ …. ။ ။


-စစ်ငြိမ်းဒီရေ

May 21, 2009

အင်းစိန်လမ်းမပေါ်က ထမင်းစရိတ်

ရေးသူ- စစ်ငြိမ်းဒီရေ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တရားရုံးထုတ်သည့်ကိစ္စ
စပ်လျဉ်း၍ အင်းစိန်လမ်းမပေါ်တွင် ယခုလက်ရှိ လုံခြုံရေးယူနေရသော
ဝန်ထမ်းများသည် နေ့စဉ် ထမင်းစရိတ် ကျပ်ငွေ တစ်ထောင် (၁၀၀၀)
သာ ရရှိသည်ဟု သိရပါသည်။ ရန်ကုန်မြို့တော် တပ်ရိက္ခာဖြန့်ဖြူးရေး
ဌါန၏ ၀န်ထမ်းတစ်ဦးက …..

“နာမည်ကြီးတဲ့ သူတွေနဲ့ ပက်သက်လို့ နယ်မြေလုံခြုံရေး တာဝန်ကျရင်
ထမင်းဖိုး တစ်ထောင် ပေးတယ်၊ သိပ်နာမည်မကြီးရင် ငါးရာပဲ ရတယ်၊
အားလုံးသိတဲ့ အတိုင်းပဲလေ ဒီခေတ်မှာ ကျောင်းဆရာမ သားသမီးက
မိဘ ဆင်းရဲလို့ ကျူရှင်မတက်နိုင်ဘူး၊ သူနာပြုဆရာမ မိဘက နေမကောင်း
ရင် ဆေးဝါး မ၀ယ်နိုင်ဘူး၊ အရင်က ဆယ်တန်းအောင်ရင် ဆေးတက္ကသိုလ်က
အမြင့်ဆုံး၊ အခု ရေကြောင်းသိပ္ပံ အမြင့်ဆုံး၊ ကမ်းပေါ်မှာ လုပ်စားစရာ ကုန်လို့
ရေထဲဆင်းရတဲ့ လူမျိုးပေါ့ဗျာ၊ “ကမ်းကုန်လို့ ရေထဲဆင်း” စကားပုံလိုပေါ့၊
ကမ်းကုန်အောင် ရက်စက်တတ်တဲ့ စနစ်ဆိုးရှိလို့ ကံတရားက နာဂစ်မုန်တိုင်း
မှာ ရေအောက်ထဲရောက်အောင် ပို့ပေးလိုက်တာများလား?”

………

May 14, 2009

သိတယ်၊ မသိဘူး (၃)

ရေးသူ- စစ်ငြိမ်းဒီရေ

၅။
ပက်လက် လှန်ပြီး တံတွေးထွေး ပြိုင်ပွဲ တခုတွင် ဒိုင်လူကြီးဖြစ်သူသည်
အချက်ပြအလံကို ရှာဖွေလျက်ရှိသည်။
ပြိုင်ပွဲဝင်သူများမှာ-
ဖဲသုံးချပ် ကျွမ်းကျင်သူ …
ကုန်တိုက်နှင့်ရုပ်ရှင်ရုံတွင် နေရာရောင်းစားသူ …
အယောင်ဆောင် ရှောက်သီးဆေးပြား ရောင်းသူတို့ ဖြစ်ပါသည်။

“ငါနဲ့တွေ့ရင် ပြာကျသွားမယ်”
“ပါးစပ်ဟတာနဲ့ ဖင်ဝအထိ ပြောပြလိုက်မယ်”
“လက်ရှိကနေ လက်မဲ့ဖြစ်အောင် တတ်နိုင်တယ်ဟေ့”
(အိန္ဒိယ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီသည် ရထားအတက်တွင်
ကျွတ်ကျ ကျန်ရစ်ခဲ့သော ဖိနပ်တဖက်အတွက် ကျန်ရှိနေသော ဖိနပ်အား
စွန့်လွတ်ခဲ့သည်။ မဟတ္တမဂန္ဒီ၏သမိုင်း)

………..

၆။
မ.၀.တ ရုံးတစ်ရုံးတွင် ခံဝန်ချက်လက်မှတ် လာထိုးသော လူငယ်တဦးက
ထောင်ကျဖက် မိတ်ဆွေလူကြီးတဦးအား မေးမြန်းပါသည်။
“လွတ်လပ်ရေး ရပြီးခါစ ဖ.ဆ.ပ.လ ခေတ်အကြောင်း စာအုပ်တွေရှိ
တယ်ဗျ၊ မ.ဆ.လ ခေတ်နဲ့ ပက်သက်ပြီး ဘယ်သူမျှ စာမရေးကြပါလား
…. သခင်တင်မြရဲ့ ဘုံဘ၀ လို စာအုပ်မျိုးပေါ့ …
တရုတ်-မြန်မာ အရေးအခင်းမှာ အထုတ်ခံရတဲ့ တရုတ်သွေးပါတဲ့
ဗိုလ်မှူးကြီးတန်ယုဆိုင်အပါအ၀င် တပ်အရာရှိ ဆယ်ဦး …
ဗိုလ်ချုပ်စိန်ဝင်း ကို ဘာကြောင့် ၀န်ကြီးချုပ်ရာထူးက အဖြုတ်ခံရလဲ …
မ.ဆ.လ ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးတင်ဝင်းညို
တို့ အုပ်စု ပါတီသန့်စင်ရေးမှာ ဘာကြောင့် အဖြုတ်ခံရလဲ …
သခင်ဝတင် ခေါင်းဆောင်သော ဗိုလ်နေ၀င်းဖြုတ်ချရေး အကြံအစည် ….
ထိုင်းအဆိုတော် ထုံချိုင်းသည် မြန်မာနွယ်ဖွား ဟုတ်မဟုတ် …. ”

…. “ဒါတွေက ဝေးပါသေးတယ်ကွယ် …. ရှစ်လေးလုံးတုန်းက ဦးနုရဲ့အစိုးရ
အဖွဲ့ကနေ ဘာကြောင့် နုတ်ထွက်ရသလဲ ဆိုတာတောင် လူတွေ သိပ်မသိကြဘူး၊
ဒေါက်တာသန်းထွန်းက လွှဲရင် ကျန်တဲ့သမိုင်းဆရာတွေက နီးရာဓါးရော၊ မနီးတဲ့ဓါး
ရော ကြောက်ကြတယ်လေ”
(ပထမကမ္ဘာစစ်အတွင်း ဂျာမဏီသူလျှိုမယ် မာတာဟာရီ(Mata Hari) သည်
ငယ်စဉ်က အိန္ဒိယနိုင်ငံရှိ ဘာသာရေးအစွန်းရောက် အုပ်စုတခုတွင်
ဝတ်လစ်စလစ်ဖြင့် ကပြဖျော်ဖြေသော ကချေသည် တစ်ဦးဖြစ်ခဲ့သည်။
အတ္ထုပ္ပတ္တိအဘိဓါန် )

(အလျဉ်းသင့်သလို ဆက်လက်ဖော်ပြမည်။)