Mar 2, 2010

ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် ကျင်းပမည်



၂၀၁၀ ပြည့် ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် ကဗျာရက်တ္တပတ်
အထူးအစီအစဉ် အနေဖြင့် ပြည်တွင်း ကဗျာဆရာများမှ ဦးဆောင်
၍ ပွဲနှစ်ပွဲ ကို နှစ်နေရာ ခွဲ၍ကျင်းပမည် ဖြစ်သည်။

ကဗျာစာအုပ် အထူးရောင်းပွဲနှင့် ရာစုသစ် ဆယ်စုနှစ် ကဗျာ
စာအုပ်ပြပွဲ (၂၀၀၀-၂၀၀၉) ကို ၁၉ ရက်နေ့မှာ ၂၂ ရက်နေ့
အထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။

စာပေလောက(၅) စာအုပ်ဆိုင်နေရာ၌ မတ်လ ၁၉ ရက်နေ့မှ ၂၂
ရက်နေ့အထိ ကဗျာနှင့် သက်ဆိုင်သူများ အားလုံးပူးပေါင်း ပါဝင်
သည့် (ကဗျာ သရုပ်ဖော် ပန်းချီဆရာ၊ ကဗျာရေးသူ၊ ထုတ်ဝေသူ၊
အယ်ဒီတာ၊ အွန်လိုင်း ကဗျာဆရာများ) ကဗျာ စာတမ်းဖတ်ခြင်း
( တရက်လျှင် ကဗျာစာတမ်း ၇ စောင် )၊ ကဗျာရွတ်ခြင်း (တရက်
လျှင် ကဗျာဆရာ ဆယ်ဦးခန့်)များ ကို ၃ ရက် ကျင်းပမည်ဖြစ်ပြီး။

ကဗျာ၊ လက်ရေးကဗျာပြပွဲကို ပန်းဆိုးတန်း ပန်းချီပြခန်းတွင်
မတ်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကဗျာဆရာများ၏
လက်ရေးမူများကို မှန်ဘောင်သွင်း၍ ခင်းကျင်း ပြသမည် ဖြစ်ပြီး၊
ကဗျာချစ်သူ အမှတ်တရ စုဆောင်း ထားလိုသူများ ဝယ်ယူလိုက
ကဗျာဆရာကိုယ်တိုင် လက်မှတ် ရေးထိုး၍ ရောင်းချပေးသွားမည်
ဟု သိရှိရပါသည်။


နွယ်ဦးသစ်













(အီမေးလ်မှ တဆင့် လက်ခံရရှိမှုကို ထပ်ဆင့်ဖြန့်ဝေပါသည်။)

Feb 22, 2010

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် သရဲခြောက်နေပြီလော (ဘလော့ ၂-နှစ်ပြည့်)

ဘလော့ ၂-နှစ်ပြည့်

“သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းနဲ့ တကွ
ကွယ်လွန်သူ သမိုင်းပညာရှင်အားလုံး ကောင်းရာ သုဂတိ
ရောက်ရှိကြပါစေ”

အခု (၂၄၊ ၂၊ ၂၀၁၀)နေ့မှာ ကျနော့် “ပျူနိုင်ငံ” ဘလော့လေး
သက်တမ်းအားဖြင့် ()နှစ်ပြည့်ခဲ့ပါပြီ။ ကျနော့်ကို ဘလော့လုပ်ဖြစ်
အောင် တိုက်တွန်းခဲ့ကြတဲ့ ကိုမိုးမောင်မောင် (အော်စလို၊ နော်ဝေးလ်)၊
ကျနော့်ဘလော့ကို လူသိများအောင် ကူညီပံ့ပိုးပေးကြတဲ့ အကိုကြီး
ဦးအေးဝင်း (မာယာမဂ္ဂဇင်း)ကိုသက်ဦး တို့ကို များစွာကျေးဇူး
တင်ပါတယ်။ ကျနော့်ဘလော့ကို ဦးစွာပထမ လင့်ခ်ချိတ်ပြီး အခြား
သူများ သိအောင် ကူညီခဲ့ကြတဲ့ ကိုအောင်သာငယ်ကိုလူသစ်
မကေသွယ်နဲ့ ဘလော့ဂါ ညီအကို မောင်နှမ အားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်။ ကျနော့် စာမျက်နှာမှာ စာလာဖတ်ကြသော၊
လမ်းကြုံလို့ ၀င်ရောက်ကြည့်ရူ အားပေးသူ အပေါင်းကို ကျေးဇူး
တင်ကြောင်း ပြောပါရစေ …. ။

ဘလော့ ()နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောက်က ပို့စ်ကို
ရေးသား ဖော်ပြလိုက်ပါတယ်။ ဒီပို့စ် ရေးသားရာမှာ သတင်းအချက်
အလက်များကို စေတနာနဲ့ ၀ိုင်းဝန်းကူညီ ရှာဖွေပေးတဲ့ သူက
အကိုတစ်ယောက်လို ခင်မင်ရင်းနှီးသော ကိုဒူကဘာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် သရဲခြောက်နေပြီလော

ရေးသူ- စစ်ငြိမ်းဒီရေ

(ထိတ်လန့်ကြောက်ရွံ့တတ်သူများ သတိဖြင့် ဖတ်ရူကြပါ။)



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား
ရှိစဉ်က နေထိုင်ခဲ့သော ဗဟန်းမြို့နယ်၊ တာဝါလိန်လမ်း ခြံအမှတ်
(၂၅) ကို ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အဖြစ် ပြုလုပ်ခဲ့သည်မှာ
လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းကပါ။ ထို ဗိုလ်ချုပ်အောင်ဆန်း
ပြတိုက်တွင် သရဲခြောက်လန့် ခံရသည် ဖြစ်စဉ် အချို့ ရှိခဲ့ဖူးကြောင်း
ယဉ်ကျေးမှု ၀န်ကြီးဌာန၊ နိုင်ငံတော်ပိုင် ပြတိုက်များနှင့် ဗိမ္မာန်များ ပြုပြင်
ထိန်းသိမ်း စောင့်ရှောက်ရေး ဌာနခွဲ၏ မှတ်တမ်းတချို့နှင့် စစ်အစိုးရ
ထောက်လှမ်းရေး ဌာန တစ်ခုဖြစ်သော SB (Special Branch) တို့၏
လျှို့ဝှက် အစီရင်ခံစာ တချို့တွင် ရှိခဲ့ဖူး ပါတယ်။

ဗိုလ်ချုပ် ပြတိုက်အဖြစ် ရှိနေသော ထို ခြံဝန်းအတွင်း၌ ဗိုလ်ချုပ်အိမ်၊
ကားဂိုဒေါင်တို့အပြင် မ.ဆ.လ အစိုးရလက်ထက်တွင် ယဉ်ကျေးမှု
ဝန်ကြီးဌာန နိုင်ငံတော်ပိုင် ပြတိုက်များနှင့် ဗိမ္မာန်များ ပြုပြင်ထိန်းသိမ်း
စောင့်ရှောက်ရေး ဌာနမှ ၀န်ထမ်းများ နေထိုင်ရန် အလုပ်သမား
တန်းလျား (၂)ခုနှင့် အရာရှိ နေအိမ် လုံးချင်း အဆောက်အဦး တစ်ခုကို
ထပ်မံ တိုးချဲ့ ဆောက်လုပ် ခဲ့ပါတယ်။ အလုပ်သမား တန်းလျား (၂) ခု
ကို ဗိုလ်ချုပ် ပြတိုက် ခြံဝန်းအတွင်းသို့ ၀င်ဝင်ချင်း ကားဂိုဒေါင်၏ အနီး
တွင် ဆောက်လုပ်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ရှိရာ ကုန်းမြင့်၏
အနောက်ဖက် တစ်နေရာတွင် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အဆင့်မြင့်
ညွှန်းကြားရေးမှူး အဆင့် နေထိုင်ရန် လုံးချင်းအိမ် တစ်အိမ်ကိုပါ
တည်ဆောက် ခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ် မတိုင်ခင် ကာလများ၌ အဆိုပါ ဗိုလ်ချုပ်ပြတိုက်ခြံဝန်း
အတွင်း နေထိုင်ကြသော ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ၀န်ထမ်းများ
သည် ယင်းပြတိုက် ခြံဝန်းအတွင်း နေထိုင်မှုတွင် မပျော်ရွှင်ကြောင်း၊
အခြားတနေရာသို့ ရွှေ့ပြောင်းချင်ကြောင်း နီးစပ်ရာ မိတ်ဆွေ သဂ်ဟ
များထံ မကြာခဏ ရင်ဖွင့် ပြောဆိုခဲ့ကြပါတယ်။ မည်သည့်အတွက်
ကြောင့် မပျော်မရွှင် ဖြစ်ရခြင်းကို မေးမြန်းသောအခါ အဖြေကို တိတိ
ကျကျ မပေးနိုင်ပဲ ဖြစ်နေကြပါတယ်။ ထိုသတင်းစကားများ၏ အဖြေကို
ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပြောဆိုခဲ့သော ၀န်ထမ်းတစ်ဦး၏ ဇနီး
သည်က …

“ကျမတို့ ပြောပြရမှာ အရမ်းခက်ပါတယ်၊ ဒီပြတိုက်က သာမန်ပြတိုက်
မဟုတ်ဘူး၊ တစ်နိုင်ငံလုံး၊ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေ အတော်များများ
ရိုသေ ချစ်ခင်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးရဲ့ အိမ်ပါ၊ ဒါပေမဲ့
ဒီအိမ်ကြီးမှာ တခုခုတော့ မဟုတ်သလိုပဲ၊ ပထမတော့ ကျမတို့ မယုံ
ကြပါဘူး၊ အပြင်မှာလည်း ထုတ်မပြောရဲဘူး၊ အိမ်ထဲကို တစ်ယောက်တည်း
မသွားရဲဘူး၊ ညဖက်တွေဆိုရင် အရိပ်တွေ မြင်နေရတယ်၊ အပေါ်ထပ်က
ပရိဘောဂ အဟောင်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ နေ့ခင်းဘက် သွားတဲ့
လက်သမား (၂) ယောက်ဆိုရင် သတိတောင် မေ့သွားတယ်၊ အပြင်မှာ
အဲဒီသတင်း လျှောက်ပြောရင် ထောက်လှမ်းရေးက ပြင်းပြင်းထန်ထန်
အရေးယူလိမ့်မယ်လို့ ကျမတို့ အထက်အရာရှိက ပြောတယ် …။

သူမက ဆက်လက်၍ …
လက်သမား(၂) ယောက် သတိလစ်သွားတော့ ၀န်ထမ်းတွေကြားမှာ
သတင်းက တားမရဘူး၊ ဒါနဲ့ ထောက်လှမ်းရေးက လူတွေ ရောက်
လာတယ်၊ သူတို့ အဲဒီအိမ်မှာ တညလုံး လာနေမယ် ပြောတယ်၊
မိုးတောင် မလင်းသေးဘူး၊ မျက်စိပျက် မျက်နှာပျက်နဲ့ သူတို့အားလုံး
ကျမတို့ အခန်းတံခါးကို လာခေါက်တယ်၊ သူတို့ ပြောတာက ကုလား
ကြီး တစ်ယောက်တဲ့၊ အရပ်က တော်တော် ရှည်တယ်၊ (၆) ပေ ကျော်
လောက် ရှိတယ်၊ အပေါ်ထပ်က ဆင်းလာတာ၊ ရုတ်တရက် ဆိုတော့
သူတို့ အားလုံး ကြောင်သွားတယ်၊ ပြီးတော့ အဲဒီ ကုလားကြီးက
အပေါ်ထပ်ကို ပြန်တက်သွားသတဲ့၊ ဒါနဲ့ အားလုံး အပြေးအလွှား
အပေါ်ကို တက်ကြည့်ကြတာပေါ့၊ အပေါ်ထပ်ရောက်တော့ ဘာမှ
မရှိဘူး၊ အဲဒီအချိန်မှာ အောက်ထပ်က ငိုသံ ကြားရပြန်ရော၊ ဒါနဲ့
အောက်ထပ်ကို ပြေးဆင်းလာတော့ ကုလားမ ၀၀ကြီး တစ်ယောက်
တဲ့ ကုလားမတွေ ခြုံတဲ့ ဆာလီတစ်ခု ပတ်ထားတယ်တဲ့၊ ငိုပြီး အိမ်ထဲ
ကနေ ထွက်သွားတယ်၊ ဒါနဲ့ သူတို့အားလုံး နောက်က လိုက်ကြသေး
တယ်၊ တံခါးဆီ ရောက်တော့ တံခါးက သော့ခတ်ထားတယ်၊ ကုလား
မ ၀တုတ်ကြီးက ဘယ်လို အပြင်ကို ထွက်သွားသလဲ မသိဘူးတဲ့။
ဒီခြံက ဗိုလ်ချုပ်တို့ မနေခင်က ကုလားတွေ နေတဲ့ ခြံပါ၊ ဟိန္ဒူတို့
မူစလင်တို့မှာ ဒီသဘောမျိုးတွေ ရှိ မရှိဆိုတာ ကျမလည်း မပြော
တတ်ဘူး” ဟု ရှင်းပြပါတယ်။



၁၉၈၈ ခုနှစ် ပတ်ဝန်းကျင် နှစ်များအတွင်း အာဇာနည်နေ့ နီးကပ်သော
နေ့များ၌ ထောက်လှမ်းရေး အချို့လည်း အလားတူ ဖြစ်ပျက်ခဲ့ကြပါတယ်။

ထောက်လှမ်းရေး အုပ်စုက စုစုပေါင်း (၁၀) ယောက်ကျော်ပါ၊ အောက်
ထပ်က ထမင်းစားခန်း တစ်ခုတည်းမှာပဲ သူတို့ အိပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်၊
ဂျူတီလာတဲ့ သူတွေထဲမှာ ဂစ်တာတီးတတ်တဲ့ သူတွေက ဂစ်တာတွေ
သယ်လာလို့ ဂစ်တာ (၂)နှစ်လက်နဲ့ ဟိုသီချင်း ဆိုလိုက်၊ ဒီသီချင်း ဆို
လိုက် လုပ်နေတုန်း အပေါ်ထပ်က ဆူဆူညံညံ အသံတွေ ကြားရတယ်၊
ဒါနဲ့ အားလုံး အပေါ်ကို တက်ကြည့်တော့ ကုမလားမ အပျိုအရွယ်လေး
တွေ (၂)ယောက် သတ်ပုတ်လုံးထွေး နေတာကို တွေ့ရတယ်၊ ဒါနဲ့
သူတို့လည်း “မင်းတို့ ဘယ်သူတွေလဲ …” မေးလိုက်တော့ စကား
တောင် မဆုံးဘူး သူတို့ ရှေ့တင် ပျောက်သွားတာ၊ သူတို့ အားလုံး
ပြတိုက်အိမ်ကြီးမှာ မအိပ်ရဲတော့ဘဲ ခြံနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့
“ရွှေကြက်ယက်” ဘုန်းကြီးကျောင်းမှာ နေရာပြောင်းပြီး ဂျူတီ စောင့်ခဲ့
ကြပါတယ်။

ဒီအဖြစ်အပျက် သိုးသိုးသဲ့သဲ့ ထွက်လာချိန်မှာ အုပ်ချုပ်ရေး အာဏာ
ပိုင်များနဲ့ ဆွေးမျိုးတော်စပ်တဲ့ နာမည်ကြီး အဆိုတော် တစ်ယောက်
က လုံးဝ မယုံကြည်ဟု ဆိုပြီး သွားရောက် စမ်းသပ်ခဲ့ပါတယ်။

သူက သူ့သူငယ်ချင်းတွေကို ခြံစည်းရိုးနဲ့ ကပ်လျှက်က ၀န်ထမ်းတွေ
ဆီမှာ ထားခဲ့ပါတယ်၊ သူ တစ်ယောက်တည်း ပြတိုက် နေအိမ်သော့ကို
ယူပြီး၊ ထွက်ခွာသွားပါတယ်၊ (၄၅) မိနစ်လောက်ကြာတော့ ချွေးတလုံး
လုံးနဲ့ သူ ပြန်ပြေးလာပါတယ်။ သူ ပြန်ပြောပြပုံက …၊ အိမ်ထဲကို စ’၀င်
လိုက်ပါတယ်၊ အောက်ထပ်က မီးတွေ အကုန်လုံး ဖွင့်ကြည့်တယ်၊
အပေါ်ထပ်ကို တက်မယ်အပြုမှာ သူဖွင့်ထားတဲ့ မီးတွေက ပိတ်လိုက်
ပြန်လင်းလိုက် ဖြစ်လာပါတယ်၊ ဒါနဲ့ မီးခလုတ်ဆီကို ကြည့်လိုက်တော့
ဘာမျှ မရှိပဲ သူ့အလိုလို တချောက်ချောက် ဖြစ်နေတာကို တွေ့ရတယ်၊
အခန်းအားလုံးမှာ အဲလို ဖြစ်နေပြီး နှာခေါင်းထဲမှာ ကွမ်းယာနံ့
မွှေးနေအောင် အနံ့ရပါတယ်၊ အဲဒီအချိန်မှာ လှေကားအတိုင်း
အပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းလာတဲ့ လမ်းလျှောက်သံ
တစ်ခုကို သူ ကြားလိုက်ရတယ်၊ “ဘယ်သူလဲလို့” မေးတော့ ပြန်
ဖြေသံ ထွက်မလာဘူး၊ ဒါနဲ့ သူလည်း အပြင်ကို အမြန်ပြေးထွက်
ခဲ့တယ်လို့ …. သိရပါတယ်။

သမိုင်းနောက်ခံ …

ဗိုလ်ချုပ်အောင်ဆန်းဇနီးသည်ဖြစ်သူ ကွယ်လွန်သူ ဒေါ်ခင်ကြည်၏
တူမ ၀မ်းကွဲ တော်စပ်သူ တစ်ဦးရဲ့ ငယ်စဉ်ဘ၀ အတွေ့အကြုံ
တွင်လည်း …
အဲဒီ အိမ်ကြီးက အရင် ကုလားသူဋ္ဌေး အိမ်ကြီးလို့ အရပ်က
ပြောကြတာ … ဟုတ်မယ်၊ ဝက်သားဟင်း ချက်ပြီဟေ့ ဆို
အိမ်နောက်က မီးဖိုချောင်ထဲ လူမရှိရင် ဝက်သားဟင်းအိုးဖုံး
ဖွင့်သံလိုလို ဗြောင်ဆန်နေအောင် ကြားနေရတာပဲ၊ ကျမတို့က
ကလေးတွေမို့ လားမသိ ဘာမှ မတွေ့ခဲ့ မကြားခဲ့ရဖူး။
ဟု ဆိုပါတယ်။

နောက်ဆက်တွဲ သတင်းအချို့ …

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အာရှ
တော်ဝင်ဆေးခန်းတွင် ဆေးဝါးကုသမှု မခံရယူခင် ရက်အနည်းငယ်
အလိုက အဆိုပါ ဗိုလ်ချုပ်ပြတိုက်အတွင်းသို့ စစ်အစိုးရ အာဏာပိုင်
များ ၀င်ထွက် သွားလာမှု အများအပြား ပြုလုပ်ခဲ့ကြောင်း ၀န်ထမ်း
အချို့က ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကျန်ရစ်သူ မိသားစုဝင်
များ ကံနိမ့်စေရန် ရည်ရွယ်၍ ပရောဂ အောက်လမ်းနည်းတချို့ကို
ဗိုလ်ချုပ်ပြတိုက်အတွင်း စီရင်ခဲ့ကြောင်း စစ်အာဏာပိုင်များနှင့် နီးစပ်
သော အသိုင်းအ၀ိုင်းက ဆိုပါတယ်။

လောလောဆယ် …



မျိုးဆက်ပေါင်း များစွာတို့၏ အကျိုးစီးပွားအတွက် သက်စွန့် ကြိုးပမ်း
ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ ပြတိုက်ကို (၁)နှစ်တွင်
ရက်အနည်းငယ်လောက်သာ ဖွင့်လှစ်ပြသခြင်းဖြင့် ဗိုလ်ချုပ်ပြတိုက်
သည် နေ့ခင်းကြောင်တောင်တွင် လူသူကင်းမဲ့ပြီး သရဲခြောက်သလို
ဖြစ်နေဆဲပါ …။


မှီငြမ်း။ ။
ကျမ သိတဲ့ မစုတို့ဝန်းကျင်” (ချစ်တဲ့မနောမြေဘလော့)။


(မှတ်ချက်။ ။
ပြောပြခဲ့သူအပေါင်း၏ ဘ၀လုံခြုံရေးအတွက် ယင်းအဖြစ်အပျက်
များရဲ့ ခုနှစ်၊ ရက်စွဲ အတိအကျကို မဖော်ပြနိုင်ပါ။ -စာရေးသူ …)


Feb 18, 2010

ကိုယ့်အကြိုက် (တဂ်စာ)

ရေးသူ- စစ်ငြိမ်းဒီရေ

အမ မမေအိခင် က တဂ်ထားလို့ ကိုယ့်အကြိုက်ခေါင်းစဉ်ဖြင့်
အကြိုက်တွေကို ရေးပါ့မယ်။

အခုတလော ကျောင်းတဖက်နဲ့ဆိုတော့ အရင်ကလို ပို့စ်အသစ်
တင်မှုက တော်တော်လေး ကျဲသွားပါတယ်။ ရေးထားတာ တချို့
ကလည်း တိုလို့တန်းလန်း အဆုံးသတ်ဖို့ ခက်နေပါတယ်။ တချို့
ပို့စ်တွေ ဆိုရင် ရေးထားတာ ဆုံးခါနီးမှ မတင်ဖြစ်တော့ပဲ ချောင်
ထိုးထားရတဲ့ အဖြစ်ကို ရောက်သွားပါတယ်။ နော်ဝေးလ်က ခင်မင်
ရင်းနှီးတဲ့ အကိုတစ်ယောက် ပြောသလို ကိုယ်တင်ပြချင်တဲ့ Issue
ကိုယ်ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် မဖြစ်ရင် မပြောတာ ပိုပြီးကောင်း
တယ် ဆိုတဲ့ စကားလုံးအောက်မှာ ရေးထားတွေကို အဆုံးမသတ်
နိုင်ပဲ ဒီအတိုင်း ထားနေရပါတယ်။

ကျနော်ငယ်စဉ်က သမိုင်းဆိုင်ရာ အဖြစ်အပျက် မှတ်တမ်းစာအုပ်
တွေကို ဖတ်ရူရတာ အင်မတန် သဘောကျပါတယ်။ ခက်တာက
ရှစ်တန်းအောင်တော့ သိပ္ပံဖက် ပါသွားပြီး သင်ကြားခံရမှုလောင်းရိပ်
ကနေ လွှတ်သွားတာပါ။ ကိုယ့်အကြိုက်မို့ ကိုယ့်သဘောနဲ့ ကိုယ့်
ဘာသာ ဆက်လေ့လာတော့ လေ့လာမှုပုံစံ နည်းစနစ်ဆိုတဲ့ ပြဿနာ
ဟာ ကြာလေကြာလေ နက်နက်ရှိုင်းရှိုင်း ပေါ်လာပါတယ်။ လက်ဝှေ့
ပွဲ တစ်ခုကို ရှုဒေါင့် တစ်ခု သို့မဟုတ် ဒီထက်ပိုပြီး 3D နဲ့ ကြည့်ခွင့်
ရတယ်ပဲ ထားပါတော့ ကျနော် မကြည့်နိုင်၊ မသိနိုင်ခဲ့တဲ့ တစ်နေရာမှာ
ဘာဖြစ် သွားနိုင်သလဲ ဆိုတဲ့ မေးခွန်းကို အမေးခံရရင် ကိုယ်ဖြစ်စေချင်
တဲ့ ကိုယ့်အကြိုက်၊ ကိုယ့်ဆန္ဒသာ ဦးစားပေးပြီး ဖြေမိမှာပါ။

“ပေါ်လစ်ဗျူရိုထဲမှာ ကျနော်တို့လူ တစ်ယောက် ရှိတယ်”
“အောင်ဆန်း အော်ပရေးရှင်း”
တို့လို စကားပြောသမိုင်းများဟာ ဧရာဝတီမြစ်တောင် ပြောင်းပြန်
စီးသွားနိုင်လောက်တဲ့ အငြင်းပွားဖွယ် သမိုင်းကြောင်းတွေပါ။
ဒီလို ပြဿနာအကြီးကြီးတွေရဲ့ အခြေခံ ကောက်ကြောင်းတွေကို
ကျနော် အရမ်းစိတ်ဝင်စားပါတယ်။ အချက်အလက် စုံစုံလင်လင်နဲ့
တင်ပြ ရေးသားဖို့ကြတော့ ရူဒေါင့်စုံက လေ့လာဖို့ အခက်အခဲ
အများကြီး ရှိပါတယ်။ ပါရှန်း နန်းရေးဝန် ပြောသလို “မနက် မိုးလင်းရင်
မျက်နှာသစ်စရာတောင် ရှိပါ့မလား” ဆိုတဲ့ စကားကို တော်တော်
လေး ကြိုက်နှစ်သက်မိပါတယ်။ ကျနော်က နန်းရေးဝန် မဟုတ်
ပါဘူး၊ အင်တာနက်ပေါ်မှာ စာရေးတဲ့သူပါ။

ထားပါတော့ ဒီသမိုင်းတွေက အရမ်းကြီးပါတယ်။
ဒါဆိုရင် ကျနော်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ အစိတ်အပိုင်းတစ်ခု၊ အဖြစ်
အပျက် တစ်ခုအတွင်းရဲ့ သမိုင်းကို ရေးမယ်ပေါ့။ အဲဒါ ပိုလို့တောင်
ခက်ပါတယ်။ အရေးမတတ်ရင် မြှားက ကိုယ့်ဖက်ကိုယ် လှည့်လာမှာပါ။

၁၉၉၀ ခုနှစ် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှာ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်စာရင်းကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီစုံ
အထွေထွေ ရွှေးကောက်ပွဲ ကော်မရှင်းကနေ မတရား ပယ်ချတော့
ကန်တော်ကြီးစောင်းမှာ ရှိတဲ့ ကော်မရှင်း ရုံးချုပ်ကို ကျနော်အပါအ၀င်
ဗဟန်းမြို့နယ် အ.က.သ မှ ကျောင်းသားတွေ လမ်းကြားထဲကနေ
ရုံးချုပ်ခေါင်းမိုးပေါ်ကို ခဲနဲ့ ထုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
ကန့်ကွက်ခဲ့တဲ့ တ.စ.ည ပါတီက ကိုယ်စားလှယ်လောင်း ဦးလဗျန်းဂရောင်း
ဆိုသူ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) အတွင်းက ရပ်ကွက်တွေ
ထဲမှာ စည်းရုံးရေးဆင်းတော့ သူ့ရောက်လေရာ တ.စ.ည အမာခံအိမ်
တွေရဲ့ ခေါင်းမိုးတွေကို ခဲနဲ့ လိုက်ထုပါတယ်။ ဒီသမိုင်းကို ပြည့်ပြည့်
စုံစုံ ပြန်ရေးဖို့ကျတော့ တော်တော်ခက်သွားပါတယ်၊ အချက်အလက်
နဲ့ အတူတူ ပါဝင်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေနဲ့ အဆက်အသွယ်
ပြတ်ကုန်ပါပြီ။

နောက်တခါ ရုပ်မြင်သံကြားဇာတ်လမ်းကနေ ဒေါ်အောင်ဆန်းစုကြည်
အပေါ် မတရားသရော်လှောင်ပြောင်တဲ့ ရုပ်ရှင်သရုပ်ဆောင်
ဒေါ်ဂွတ်ထော်ကြီး ကျနော်တို့ ရပ်ကွက်ထဲက သူ့အမျိုးအိမ်
ကို အလည်ရောက်လာပါတယ်။ ဒါနဲ့ အဲဒီနေ့ညက သူ အလည်
လာအိပ်တဲ့ သူ့အမျိုးအိမ်ကို ခဲနဲ့ ထုပါတယ်။ နောက်ဖေးလမ်းကြား
ကနေ အော်ဆဲပါတယ်။ မနက်မိုးလင်းတော့ အဲဒီခေတ် ရွှေဂုံတိုင်
မှာ ရှိတဲ့ မြန်မာ့အလင်း သတင်းစာတိုက် ဒေသကွပ်ကဲရေးရုံးက
စစ်တပ်ရောက်လာပါတယ်။ တစ်လမ်းလုံး တစ်အိမ်ကို တစ်ယောက်
ထွက်ပြီး ပါးရိုက်တာကို ခံယူရပါတယ်။ တော်ပါသေးတယ်၊ ရပ်ကွက်
ကို ဖျက်ခိုင်းပြီး အဆင်မြင့်အိမ်ရာ မလုပ်ပြစ်ခဲ့တာကိုပဲ ဘောင်းဘီ
ဝတ်တွေကို ရပ်ကွက်ထဲရှိ လူကြီးတွေက ကျေးဇူး တင်ကြပါတယ်။

(၂၅.၃.၁၉၈၉)နေ့မှာ အ.က.သ ကျောင်းသားတွေ ကုက္ကိုင်းမီးပွိုင့်
ကနေ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ဆန္ဒပြချီတက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခြံအရှေ့ အရောက်မှာ တီအီး 11 စစ်ကား
တွေ ရောက်လာပါတယ်၊ စစ်ကားပေါ်ရှိ စစ်သားတွေက ၀ါးဆစ်ပိတ်
တုတ်အရှည်တွေကို ကိုင်ထားပါတယ်။ သူတို့ ကိုင်ထားတဲ့ ၀ါးလုံး
တွေမှာ သံဆူးကြိုးတွေ ပတ်ထားပါတယ်၊ အဲဒီပွဲမှာ အပြင်စည်း
တာဝန်ကျတဲ့ ကျနော်နဲ့ အ.က.သ ဗဟန်းက တာဝန်ခံတွေ အ.မ.က
ကျောင်းရှေ့က လဖက်ရည်ဆိုင်ထဲ တန်းနေအောင် ၀င်ပြေးကြပါတယ်၊
ကိုယ့်မြို့နယ်က ကိုယ့်အဖွဲ့ဝင်တွေတောင် စုံစုံလင်လင် ပြန်မစစ်နိုင်
ခဲ့လို့ အဆဲတောင် ခံရဖူးပါတယ်။ ဒီသမိုင်းက မေးခွန်းတွေပေါ်
လာရင် ဖြေဖို့ခက်တဲ့ သမိုင်းပါ။

၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ဗဟန်းမြို့နယ်က
စက်မှုတက္ကသိုလ်(R.I.T) ဘွဲ့ရ ကျောင်းသားတချို့ဟာ သူတို့
ရတဲ့ ဘွဲ့လက်မှတ်ကို ပြန်အပ်ကြပါတယ်၊ တပါတီ အာဏာရှင်
ပညာရေး စနစ် အလိုမရှိလို့ ကြွေးကြော် ခဲ့ပါတယ်။ သူတို့
အားလုံးရဲ့ အမည်စာရင်းအပြည်အစုံကို မှတ်ထားဖို့ မေ့လျော့
ခဲ့တာ ကျနော့်အပြစ်ပါ။

ဒီအကြောင်းတွေကို ကိုယ့်ဘာသာကိုယ် ကြိုက်ပြီး ရေးပါတယ်၊
ရေးနေရင်ကနေ အကြောင်းအမျိုးမျိုးကြောင့် အဆုံးမသတ်နိုင်
သေးပါ ...။

အစား အစာ၊ အ၀တ်အထည်၊ စာပေ၊ အနုပညာ များနဲ့ ပက်သက်
ပြီး ကျနော့်အကြိုက်တွေက တော်တော်များပါတယ်။ အခုတော့
ဝယ်စားဖို့တောင် ရောင်းမဲ့သူ မရှိလို့၊ ၀ယ်စရာနေရာ မတွေ့လို့
မစားရတဲ့ မြန်မာ့ရိုးရာ အစားအစာတွေ၊ အ၀တ်အထည်တွေ၊ မဖတ်
ရတဲ့ စာအုပ်တွေကို သူများပြောရင် သရေကျပြီး ငေးနေရပါတယ်။
အရင်တုန်းကတော့ “နှင်း” တွေ ဖွေးဖွေးကျနေတာကို ရုပ်ရှင်ထဲ၊
တီဗွီထဲ၊ စာအုပ်ထဲမှာ တွေ့ရင် အရမ်းသဘောကျပါတယ်၊ အခုတော့
အပြင် တခါ ထွက်ဖို့အရေး အ၀တ်အစားနဲ့ ဖိနပ်သယ်ဖို့ သက်ပြင်း
တချချနဲ့ပါ။

ကိုယ်ကြိုက်တာတွေကို နေ့စဉ်၊ အချိန်တိုင်း လုပ်ခွင့်ရတဲ့ ဘ၀ကို
လူသားတိုင်း ပိုင်ဆိုင်ကြပါစေ ...။

ဒီလောက်ဆိုရင် တဂ်စာ ရေးဖို့ တောင်းဆိုလာတဲ့ အမ မမေအိခင်
ကျေနပ်လောက်ပြီလို့ ထင်ပါတယ်။ တခြားသူတွေကိုလည်း ဆက်
ပြီး တဂ်ချင်ပါသေးတယ်၊ ဥရောပနဲ့ အမေရိကားဖက်မှာ ရာသီဥတု
ဆိုးဝါးမှုတွေကြား ရှင်သန်လှုပ်ရှား အလုပ်များနေကြတဲ့ အကိုကြီး
ကိုကျောက်ခဲ (ရွှေရတုမှတ်တမ်း)ကိုသစ်နက်ဆူးမမေဓါဝီ
စင်္ကာပူဖက်က ကိုလူသစ်ကြီး၊ ခင်မင် ရင်းနှီးတဲ့ ညီလေးရမ်းဂမ်း
တို့ကို ဆက် တဂ်ပါတယ်၊ အချိန်အားရင် ရေးပေးကြပါ။

Feb 13, 2010

လူ့ဘ၀ထဲ ၀င်လာသူ (နောက်ဆုံးပိုင်း)

ရေးသူ- စစ်ငြိမ်းဒီရေ

ယခင် ပထမပိုင်းမှ အဆက် ….

နေ့စဉ်လိုလို အဲဒီ ကိုရင်လေးကို သတိထားပြီး ကြည့်မိပါတယ်။
ဘုန်းတော်ကြီးကျောင်းက ဆွမ်းတန်းဟာ မနက် ၁၀ နာရီခွဲလောက်
မှ ဆွမ်းခံ ထွက်လေ့ ရှိပေမယ့် ဒီကိုရင်ငယ်လေး ခမျာ မနက်
ကိုးနာရီလောက် ကတည်းက ရွာပတ်ပြီး ဆွမ်းခံနေရပါတယ်။
ဆွမ်းခံပြီးရင် ကျောင်းကို တန်းမပြန်သေးပဲ သူ့အမေ အရူးမကြီး
ကို ရွာအပြင် နေပူထဲမှာ လိုက်ရှာပြီး သူ ဆွမ်းခံလို့ ရတဲ့အထဲက
နေ ကျွေးမွေးနေတာကို တွေ့နေရပါတယ်။ ရုပ်ရှင်ထဲမှာ ကြည့်ရ
တာထက် အပြင်က မြင်ကွင်းဟာ တော်တော်လေး ဆိုးဝါးပါတယ်။



ကျနော်တို့ နှစ်ယောက် အဲဒီရွာကို ရောက်ပြီး ငါးရက်လောက်
အကြာမှာ နံဘေးအိမ်က ဆွမ်းကျွေးရှိလို့ ကျနော်တို့လည်း အလှူ
အိမ်ကို သွားခဲ့ကြပါတယ်။ အလှူအိမ်ရောက်တော့ စကားစမြည်း
ပြောရင်ကနေ အလှူအိမ်မှာ ဆွမ်းစားကြွလာတဲ့ ဦးပဉ္ဇင်းတစ်ပါးဆီမှာ
ဒီကိုရင်လေး အပေါ် သနားမိတဲ့အကြောင်း လျှောက်မိကြပါတယ်။
ဦးပဉ္ဇင်း မိန့်ကြားတာကို နားထောင်ရတာ တော်တော် စိတ်မကောင်း
ဖြစ်စရာပါ …။

ရွာထဲမှာ အလှူအတန်းတွေရှိလို့ လော်စပီကာ အသံကြားရင် အဲဒီ
အရူးမကြီးဟာ ရွာထဲကို ၀င်ရောက်လာလေ့ ရှိပါတယ်။ အဲဒီအခါ
လူတွေက သူ့ကို ရွာအပြင်ကို မောင်းထုတ်ကြပါတယ်၊ ဟောက်ဟမ်း
ပြီး မောင်းထုတ်လို့ မရရင် ကျောက်ခဲအသေးတွေနဲ့ ပြစ်ပေါက် ကြ
ပါတယ်။ အဲဒီအခါ ကိုရင်လေးက သူ့အမေအပေါ် မနှိပ်စက်ဖို့ ငိုယိုပြီး
တောင်းပန်ပါတယ်။ မကြာခဏ ဆိုသလို ရွာထဲက ကလေးတွေနဲ့
ကာလသား လူငယ်တချို့ဟာ အရူးမကြီးကို စ’နောက်လေ့ ရှိပါ
တယ်။ အရူးမကြီးက အော်ဆဲရင် ကျောက်ခဲအသေးတွေနဲ့ ပြစ်
ပေါက်လေ့ရှိပါတယ်။

နေ့စဉ်ဆိုသလို ကိုရင်လေးက သူ့အမေကို ဆွမ်းခံပြီး ရှာကျွေး
နေရပါတယ်။ စိတ်မမှန်တဲ့ အရူးမကြီးဟာ သူ့ကိုယ် ရှာကျွေးနေ
တဲ့ သူ့သား ကိုရင်လေးရဲ့ ဒုက္ခကိုလည်း လုံးဝမသိ၊ ဒီကြားထဲ
ဟင်းတွေက သိပ်မကောင်းရင် သူ့ကိုယ် ထမင်းခွံ့ကျွေးနေတဲ့
သူ့သား ကိုရင်လေးကို ထုထောင်း ရိုက်ပုတ်လေ့ ရှိပါတယ်။
အဆိုးဝါးဆုံးက အဲဒီအရူးမကြီးရဲ့ နေထိုင်မှုပါ၊ ရွာအပြင် သင်္ချိုင်း
ဇရပ်မှာ အမျိုးသမီး တစ်ဦးတည်းနေထိုင်ရတဲ့ သူ့ဘ၀ဟာ အန္တရာယ်
အမျိုးမျိုး ရှိနိုင်ပါတယ်။ ပြဿနာ တစုံတရာဖြစ်လို့ လှမ်းအော်ရင်
တောင် ဘယ်သူမျှ မကြားနိုင်တဲ့ နေရာပါ၊ နံဘေးက လှည်းလမ်းပေါ်
မှာ နေ့ရာ ညပါ ဖြတ်သန်းသွားသူတွေထဲ လူကောင်းတွေ ရှိသလို
မူးရူး ရမ်းကား သူတွေလည်း ရှိပါတယ်။ တစုံတရာများ ထပ်မံ့ အဓမ္မ
လုပ်မယ်ဆိုရင် စိတ်ရောဂါ ဝေဒနာသည်ရဲ့ ဘ၀ဟာ ခုခံနိုင်စရာ
အနေအထား မရှိပါ။

ဆရာတော်က ရန်ကုန်ကနေ အလည်လာတဲ့ ကျနော်တို့ထံ
အကူအညီ တောင်းပါတယ်။ ကိုရင်လေးရဲ့ လက်ရှိဒုက္ခတွေလည်း
သက်သာသွားအောင်၊ သူ့မယ်တော် အရူးမကြီးရဲ့ ဘ၀လည်း
တစုံတရာ ပြေလည်သွားအောင် ရန်ကုန်မှာ ရှိတဲ့ စိတ်ရောဂါကု
ဆေးရုံးနဲ့ ဆက်သွယ်ပြီး အရူးထောင်တို့ ဘာတို့မှာ ထားလို့
ရမယ်ဆိုရင် ထားချင်ကြောင်း မိန့်ကြားပါတယ်။ ကျနော်တို့နှစ်ဦး
လည်း တပည့်တော်တို့ အချင်းချင်း တိုင်ပင်ပါ့မယ်လို့ ပြောပြီး
တည်းခိုရာ အိမ်ဆီ ပြန်လာခဲ့ပါတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်
ကလည်း နေ့စဉ်မြင်တွေ့နေရတဲ့ ဒီပြဿနာကို ဖြေရှင်းချင်ကြောင်း
ပြောပြပါတယ်။

ဒီလိုနဲ့ အဲဒီနေ့ ညနေရောက်တော့ ထုံးစံအတိုင်း ကိုရင်လေး
ကြွလာပါတယ်။ ကျနော်တို့ ခေါင်းဆောင်လည်း အိမ်မှာချက်ထား
တဲ့ မရှိ ရှိတာလေးတွေကို စုပေါင်းပြီး သူ့အမေ အရူးမကြီး စားဖို့
ထည့်ပေးလိုက်ပါတယ်။ နောက်နာရီဝက်လောက်နေတော့ ကိုရင်
လေး ကျနော်တို့အိမ်ကို ရေးကြီးသုတ်ပျာ ပြေးလာပါတယ်။ ဘာ
ဖြစ်လို့လဲ မေးလျှောက်တော့၊ သူ့အမေ အရူးမကြီး တော်တော်
လေး နေမကောင်းဖြစ်ပြီး ဇရပ်ပေါ်မှာ အိပ်နေသလိုလို မေ့နေ
သလိုလို နိုးမရကြောင်း ပြောပြပါတယ်။ ဒါနဲ့ ကျနော်တို့ သုံးယောက်
သား ကိုရင်ငယ်လေးနောက် လိုက်ပြီး ကြည့်ခဲ့ပါတယ်။ တနေ့ကုန်
သွားချင်ရာကို စိတ်ကူးပေါက်သလို လျှောက်သွားတော့ အပူရှပ်ပြီး
ဖျားနေပုံ ရပါတယ်။ နိုးလို့လဲ မရပါဘူး။ ဒါကြောင့် ရွာထဲက မြင်း
လှည်းတစ်စီးကို အမြန်ဌားပြီး နံဘေးရွာက ကျန်းမာရေးဆေးမှူး
ထံ သွားပြ ပေးရပါတယ်။ တစ်ရွာနဲ့ တစ်ရွာက နည်းနည်းအလှမ်း
ဝေးတော့ မြင်းလှည်းဌားခက ဈေးမနည်းပါ။ ကျန်းမာရေးဆေးမှူး
ပေးလိုက်တဲ့ ဆေးတချို့ ယူလာပြီး ရွာကို ပြန်ခဲ့ကြပါတယ်။

ကျနော်တို့ ခေါင်းဆောင်နဲ့ ဘုန်းတော်ကြီးကျောင်းက ဆရာတော်
တို့ရဲ့ တိုက်တွန်းပြောဆို မေတ္တာရပ်ခံမှုကြောင့် ဒီအရူးမကြီးကို
ကျနော်တို့ အပြန် ရန်ကုန်ကို ခေါ်ဆောင်ဖို့ ကျနော်တို့ နှစ်ယောက်
ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်ကို ပြန်မယ့် ကျနော်တို့ နှစ်ယောက်
လက်ထဲမှာ ပိုက်ဆံ အခြေအနေက သိပ်မကောင်းပါဘူး။ ကိုရင့်အမေ
အရူးမကြီး နေမကောင်းဖြစ်တုန်းက မြင်းလှည်းဌားပေးတာရယ်၊
ကျနော်တို့ ခေါင်းဆောင်ကို အရေးအကြောင်းရှိရင် သုံးစွဲဖို့ ငွေ
အနည်းငယ်လောက် ပေးခဲ့တာကြောင့်ပါ။ ဒီ အရူးမကြီးနဲ့ ကျနော်တို့
နှစ်ယောက် ကားတစ်စီးကို လုံးချင်းဌားပြီး ရန်ကုန် ပြန်ဖို့ မပြောနဲ့
သာမန် ခရီးသည်တင် ကားနဲ့ ခေါ်ဖို့တောင် ပိုက်ဆံ မလောက်
တော့ပါ။ ဒါနဲ့ ရွာထဲမှာ ပိုက်ဆံရှိပြီး အကြွားသန်တဲ့ လူတစ်ယောက်
ကို သွားတွေ့ပါတယ်။ သူ့ကို ကျနော့်လက်ပတ်နာရီ ပြန်ရောင်းချင်
ကြောင်း၊ ဒီလက်ပတ်နာရီဟာ နိုင်ငံခြားကနေ လှမ်းပို့ထားတဲ့
အကောင်းစား နာရီဖြစ်ကြောင်း၊ သူ ယုံကြည်အောင် အမျိုးမျိုး ရွှီးပြီး
(၇၀၀)ကျပ်နဲ့ ရောင်းခဲ့ပါတယ်။

ကိုရင်လေးက ပထမတော့ သူ့မိခင်အတွက် တော်တော်လေး
စိတ်ပူနေပါတယ်။ ဆရာတော်နဲ့ တကွ ကျန်သူအားလုံးက
အမျိုးမျိုး ပြောဆိုမှုကြောင့် နောက်ဆုံးမှာ လက်ခံလိုက်ပါတယ်။
ဒါနဲ့ ကိုယ့်နာမည် ကိုယ်မသိသော စိတ်ရောဂါ ဝေဒနာသည်
အရူးမကြီးနဲ့ ကျနော်တို့ နှစ်ယောက် ရွာကနေ ရန်ကုန်သို့
ထွက်ခွာခဲ့ပါတယ်။ ရန်ကုန်အထိ စီးမယ့် ကားဆီရောက်တော့
ကားသမားက တော်တော်နဲ့ လက်မခံပါဘူး။ တခြားခရီးသည်
အတွက် အနှောက်အယှက်ဖြစ်မှာကို သူတို့ စိုးရိမ်းနေကြပါတယ်။
ဒါနဲ့ အမျိုးမျိုး ပြောဆိုမှ သူတို့ လက်ခံလိုက်ပါတယ်။ လမ်းခရီး
တလျှောက် မော်တော်ကား ခဏရပ်တဲ့ ကားမှတ်တိုင်မှာ လာသမျှ
ဈေးသည်တွေရဲ့ မုန့်မျိုးစုံ၊ ဖျော်ရည်မျိုးစုံကို မကြာခဏ ၀ယ်ကျွေး
ချော့မော့ပြီး ခေါ်ဆောင်ရပါတယ်။ ခရီးသည်တွေလည်း ပထမ
တော့ ခပ်လန့်လန့်ပါ။ နောက်တော့ ကျနော်တို့ နှစ်ယောက်
ကို သနားပြီး ကိုယ်ချင်းစာပုံ ရပါတယ်။ စိတ်ရောဂါ ဝေဒနာ
သည် အရူးမကြီးကို ရွာက ခေါ်လာစဉ်မှာ ကျနော်တို့က
“အမတော် ဒေ၀ီသခင်မ၊ ကျွန်တော်မျိုးတို့နဲ့ ပျော်စရာအပြည့်
ရှိတဲ့ မဟာရန်ကုန် ရွှေနန်းတော်ကြီးကို သွားကြမယ်” ဆိုပြီး
အငြိမ့်ထဲက လေသံနဲ့ ချော့မောပြီး ခေါ်ခဲ့တာပါ။ ဒါကြောင့်
ကားစီးနေတဲ့ လမ်းတလျှောက်လုံး မကြာခဏ ဆိုသလို
“ဘိုးဘိုးတို့၊ အမတော်တို့ စံပျော်မယ့် ရွှေနန်းတော်ကို မဆိုက်
ရောက်သေးဘူးလား” လို့ မေးနေပါတယ်။ ကားပေါ်က တခြား
လူတွေလည်း တ၀ါးဝါးနဲ့ ပွဲကျပါတော့တယ်။ ရန်ကုန်အ၀င်
မင်္ဂလာဒုံမြို့နယ်ရှိ အဝေးပြေးလမ်းပေါ်မှာ ကားခဏ ရပ်နား
ပါတယ်။ ကားရပ်တဲ့ လမ်းနံဘေးမှာ အုတ်နံရံ ခပ်မြင့်မြင့်နဲ့
ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိပါတယ်။ အဲဒီနံရံကြီးကို ကြည့်ပြီး
ရုတ်တရက် ကားပေါ်ကနေ ဆင်းပြီး ပြေးပါတော့တယ်။
ကျနော်တို့ နှစ်ယောက် အပါအ၀င် ကားပေါ်က ကျန်ခရီးသည်
တွေလည်း လိုက်ပြီး ခေါ်ဆောင်ရပါတယ်။ သူ့စိတ်ထဲ သူနေရ
မဲ့ ရွှေနန်းတော်လို့ ထင်နေပုံ ရပါတယ်၊ ပါးစပ်ကလည်း ဒါကြီး
က ငါ့နန်းတော် … ငါ့နန်းတော် ဆိုပြီး အော်နေပါတယ်။ ဒီလိုနဲ့
ကျနော်တို့ ရန်ကုန်ကို ရောက်ခဲ့ပါတယ်။ သီလရှင် ကျောင်းတစ်ခုမှာ
အဲဒီ အရူးမကြီးကို လေး … ငါးရက် လောက် ထားရပါတယ်။
နောက် မရမ်းကုန်းမြို့နယ် တံတားလေး စိတ်ရောဂါကု ဆေးရုံးကို
စုံစမ်းကြည့်ပါတယ်။ အရူးထောင်မှာ နေခွင့်ရဖို့ ကိစ္စက ထင်
သလောက်တော့ မလွယ်ကူပါ။ အစိုးရဆေးရုံးဟာ ကျန်းမာရေး
အသုံးစရိတ် ဘက်ဂျက်နည်းပါးမှုကြောင့် ဟောင်းလောင်းပါ။
လူနာရဲ့ ဆေးမှတ်တမ်းရဖို့ အရင်ကြိုးစား ရပါတယ်၊ ဆက်သွယ်
ရန် လူနာရှင် မိသားစု လိပ်စာနေရာမှာ ရွာက ကိုရင်လေး
သီတင်းသုံးရာ ဘုန်းကြီးကျောင်းလိပ်စာကိုပါ ထည့်ပေးရပါတယ်။
ဆေးရုံးရောက်ပြီး နှစ်ရက်လောက် အကြာမှာ ဆေးစစ်ခွင့် ရပါတယ်၊
လူနာရဲ့ အခြေအနေ မကောင်းတော့ပါ၊ သူ့မှာ အစာအိမ်ကင်ဆာ
လက္ခဏာ ရှိနေတယ်လို့ သက်ဆိုင်ရာ ဆရာဝန်ကြီးက ပြောပြ
ပါတယ်။ စိတ်ရောဂါ ဝေဒနာကို ခံစားနေရတဲ့အပြင် ကျွေးမဲ့သူ
မရှိတဲ့ နေ့ပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ သူ့ဘ၀ဟာ
နေ၀င်ဖို့ တော်တော် နီးကပ်ခဲ့ပါပြီ။

ရန်ကုန် တံတားလေး စိတ်ရောဂါကု ဆေးရုံး(အရူးထောင်)
ကို ရောက်ပြီး (၂)နှစ်အကြာမှာ အစာအိမ်ကင်ဆာရောဂါနဲ့
ကွယ်လွန်သွားရှာပါတယ်။ သူ့ဈာပနအတွက် တောက
ကိုရင်လေးနဲ့ ဆရာတော်များထံ လှမ်းပြီး အကြောင်းကြား
ပါတယ်။ သူမရဲ့ အလောင်းကို မီးသင်္ဂြိုဟ်စက်ထဲ ထည့်တော့
မယ့် အချိန်မှာ သားဖြစ်သူ ကိုရင်ငယ်လေးက …
“မယ်တော်ကြီးရယ်၊ ဒုက္ခပေါင်းများစွာကြားက ကိုရင် ကို
မွေးဖွားပေးခဲ့တဲ့ ဒီဝဋ်ဆင်းရဲဟာ သံသရာခရီးမှာ နောက်ဆုံး
ဖြစ်ပါစေ …”
လို့ ပြောတဲ့စကားကို ယနေ့အထိ ကြားယောင် နေဆဲပါ။


(ပြီးပါပြီ။)
(မှတ်ချက်။ ။
ယနေ့ ကျရောက်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်
အောင်ဆန်း၏ (၉၅)နှစ်မြောက်မွေးနေ့၊ မြန်မာနိုင်ငံ ကလေး
များနေ့အတွက် ရည်စူးပြီး ဒီပို့စ်ကို ရေးသားပါတယ်။
အထက်ဖော်ပြပါ ဖြစ်ရပ်မှန်များကို ကျနော်သည် ပြည်တွင်း၌
နေထိုင်ခဲ့စဉ်က ခင်မင်ရင်းနှီးရာ စာရေးဆရာအချို့နှင့် ရုပ်ရှင်
ဇာတ်ညွှန်းရေးဆရာ အချို့အား ပြောပြခဲ့ဖူးပါတယ်၊ သူတို့
ရေး မရေးတော့ ကျနော် မသိတော့ပါ။

ကလေးငယ်တိုင်း ပျော်ရွှင်မှု ရပါစေ …” )

Feb 12, 2010

လူ့ဘ၀ထဲ ၀င်လာသူ (ပထမပိုင်း)

ရေးသူ- စစ်ငြိမ်းဒီရေ

ဒီနေ့ (၁၂.၂.၂၀၁၀) ကျနော်တို့ အတန်းရဲ့ စာသင်ခန်းမှာ
၁၉၉၈ ခုနှစ် ဒိန်းမတ်နိုင်ငံ အောဟူးစ် (Århus) မြို့က ကလေး
ငယ်တစ်ဦး၏ မိသားစုဘ၀ အဖြစ်အပျက် မှတ်တမ်းတင် ဗွီဒီယို
ကို ပြသပါတယ်။ ကလေးအမည်က ဒိန်းမတ် ဘာသာစကားနဲ့
ယောန်လ် (Jørn) ဖြစ်ပြီး မိဘနှစ်ပါးကတော့ မိခင်ဖြစ်သူ အမ်နီ
(Anni)နှင့် ဖခင်ဖြစ်သူ ဗျာနား (Bjarne) တို့ ဖြစ်ပါတယ်။



ယောန်လ် ကို မွေးဖွားခဲ့တဲ့ မိဘနှစ်ပါးစလုံးဟာ သာမန်လူတွေ
လို ကျန်းမာရေး အခြေအနေ မရှိပါဘူး။ သူတို့နှစ်ဦးစလုံးဟာ
အသိဥာဏ်ချို့ယွင်းတဲ့ စိတ်ရောဂါ ဝေဒနာသည်တွေ ဖြစ်ပါတယ်။
ကိုယ်ဝန်အရင့်အမာ ဖြစ်လာချိန်ရောက်မှ ဒေသဆိုင်ရာအုပ်ချုပ်ရေး
ကောင်စီနဲ့ ကျန်းမာရေး တာဝန်ခံ ဆရာဝန်တို့ကို အသိပေးခဲ့ပါတယ်။
ကလေးမွေးမယ့် မိဘနှစ်ပါးစလုံးဟာ လက်ထပ် ပေါင်းသင်းထား
သူတွေ မဟုတ်ပါဘူး။ Living together အဆင့်ကနေ ကိုယ်ဝန်ယူ
ခဲ့ကြပါတယ်။ ဒီလိုနဲ့ဘဲ နိုင်ငံတော်ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့
ကလေးကို မွေးဖွားခဲ့ပါတယ်။ စိတ်ရောဂါ ဝေဒနာသည် မိဘနှစ်ပါး
နဲ့ ကလေးငယ်ကို ကျန်းမာရေး စောင့်ရှောက်မှုအတွက် နိုင်ငံတော်
က ငွေအမြောက်အများ အကုန်ခံ ဆောင်ရွက်ပေးပါတယ်။

ကလေးမွေးဖွားပြီးခါစမှာ စိတ်ရောဂါသည် မိဘနှစ်ပါးက ကလေး
ကို အလယ်မှာ ထားပြီး အဖေဖြစ်သူက ဂိမ်းဆော့ပါတယ်။ အမေ
ဖြစ်သူကလည်း ကလေးပါးစပ်ထဲကို နို့မတိုက်ဘဲ သူ့လက်ညှိုး
ဇွတ်အတင်း ထိုးထည့်ပါတယ်။ ကလေးမီးဖွားပြီးခါစမှာ သူတို့
မိသားစုအတွက် ကျန်းမာရေး ၀န်ထမ်းကို နေ့ရော ညပါ အနည်း
ဆုံး နှစ်ဦးကနေ သုံးဦးအထိ ထားပေးရပါတယ်။ မွေးဖွားပြီးလို့
(၆)ပတ်အကြာမှာ ဖခင် ဗျာနားနှင့် မိခင် အမ်နီတို့ မင်္ဂလာဆောင်
ပါတယ်။ ခြောက်လ အကြာမှာ သူတို့နှစ်ဦး ကွာရှင်း ကြပါတော့တယ်။

ခြောက်လသားအရွယ် ယောန်လ် (Jørn)ကို နိုင်ငံတော်က မိဘမဲ့
ဂေဟာမှာ ဆက်လက်စောင့်ရှောက်ဖို့ ဆုံးဖြတ်ပါတယ်။ တစ်ပတ်ကို
မိခင်ဖြစ်သူ အမ်နီ (Anni)နဲ့ သုံးကြိမ် အတူတကွ တွေ့ဆုံဖို့ ဆုံးဖြတ်
ပါတယ်။ ဒါကို လက်မခံတဲ့ မိခင်ဖြစ်သူက စေတနာဝန်ထမ်း လူမှုအဖွဲ့
အစည်း အကျိုးဆောင်တွေထံ ငိုယိုတောင်းပန်းပါတယ်။ စေတနာ
ဝန်ထမ်း အကျိုးဆောင်တွေက ကလေးငယ်ကို စိတ်ရောဂါသည်
မိခင်နဲ့ အတူပေးနေဖို့ နိုင်ငံတော်ကို ပြင်းပြင်းထန်ထန် တောင်း
ဆို ခဲ့ကြပါတယ်။ ကလေးသူငယ် တရားရုံးက နေ့စဉ် သုံးနာရီခန့်
ကလေးငယ်နဲ့ မိခင်ကို အတူတကွရှိဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို
လက်မခံတဲ့ မိခင်ဖြစ်သူ စိတ်ရောဂါ ဝေဒနာသည် အမ်နီဟာ
ရှိုက်ကြီးတငင်ငင် ငိုကြွေးပါတော့တယ် …။

ကျနော်တို့ စာသင်ခန်းထဲရှိ ဒိန်မတ်လူမျိုး ကျောင်းသား ကျောင်းသူ
တွေက မှတ်တမ်းတင်ဗွီဒီယိုခွေ ပြသမှုကို ပိတ်ပြစ်ဖို့ ဆရာကို
ဝိုင်းပြောကြပါတယ်။ သူတို့ တော်တော်လေး စိတ်ထိခိုက်နေပုံ ရပါ
တယ်။ မိခင်ဖြစ်သူ စိတ်ရောဂါ ဝေဒနာသည် အမ်နီ (Anni)ရဲ့
ငိုကြွေးမှုကို သူတို့နှလုံးသားတွေက ခံနိုင်ပုံ မပေါ်ပါဘူး၊ တချို့
ကျောင်းသူတွေဟာ သူတို့ရဲ့ မျက်လုံးနှစ်ဖက်ကို လက်ဝါးတွေနဲ့
ကွယ်ဝှက်ကြပါတယ် …။ ဆရာက ပြသမှုကို ခဏရပ်ပြီး ဆယ်မိနစ်
ခန့် အနားယူဖို့ ပြောပါတယ်။ အနားယူချိန်မှာ ဆရာက ကျနော်တို့
တစ်ဦးချင်းစီ နံဘေးကို ရောက်လာပြီး “ဒီပြဿနာကို ဘယ်လိုထင်လဲ”
လို့ အလွတ်သဘော လိုက်မေးပါတယ်။

စာသင်ခန်းရဲ့ မျက်နှာကြပ်ကို မော့ကြည့်ပြီး လွန်ခဲ့တဲ့ (၁၄)နှစ်လောက်
က အဖြစ်အပျက်တစ်ခုကို ကျနော် ပြန်သတိရမိပါတယ်။

ယခုလက်ရှိ နိုင်ငံရေးအကျဉ်းသားအဖြစ် မတရား ထောင်ဒဏ်ကျခံနေ
ရတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဟာ မြန်မာနိုင်ငံအလယ်ပိုင်းက
နယ်မြို့တစ်မြို့ရဲ့ အပိုင် ကျေးရွာတစ်ရွာမှာ တာဝန်တချို့နဲ့ ခေတ္တ
နေထိုင်ခဲ့ပါတယ်။ သူ ခေတ္တ နေထိုင်ရာ အဲဒီရွာကို သွားရောက်ဖို့
ကျနော်နဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေက ကျောင်းသားတစ်ဦး
ဟာ ခရီးထွက်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ခရီးသွားခါနီး ကျနော့်လက်ပတ်
နာရီဟာ ဓါတ်ခဲကုန်သွားပါတယ်။ ဒါနဲ့ ဆယ်တန်းအောင်ခါစ ရန်ကုန်၊
သိမ်းကြီးဈေးကုန်တိုက် ပလက်ဖောင်းမှ ငွေ (၅၀)ကျပ်နဲ့ ခပ်ပေါပေါ
ဝယ်ခဲ့ဖူးတဲ့ ခါးပိုက်နှိုက်ပြန်ရောင်း နာရီကိုပဲ အချိန်သိနိုင်အောင် သယ်ဆောင်
ခဲ့ပါတယ်။

အရင်ဆုံး နယ်မြို့ဆီကို သွားရပါတယ်။ အဲဒီကနေ ဒေါဂျစ်ကား
ဟောင်းကြီး စီးပြီး ရွာတွေဖက်ကို ဆက်သွားရပါတယ်။ ဒါလည်း
ရွာကို မရောက်သေးပါဘူး။ ရွာနဲ့ အနီးဆုံး ကတ္တရားလမ်း တစ်ခု
ပေါ်မှာ ရပ်ပါတယ်။ အဲဒီနေရာကနေ ရွာထဲကို မြင်းလှည်း သို့မဟုတ်
စက်ဘီးအဌားနဲ့ ဆက်သွားမှ ရောက်ပါတယ်။ ရွာရောက်တော့
ကျနော်တို့ ခေါင်းဆောင်ဖြစ်သူနဲ့ တွေ့ရပါတယ်။ သူ တည်းခိုတဲ့
အိမ်က ရွာအ၀င်အ၀မှာ ရှိပါတယ်။ ရွာမရောက်ခင် သင်္ချိုင်းကုန်း
တစ်ခုကို ဖြတ်ရပါတယ်။

ညနေပိုင်းရောက်တော့ ကျနော်တို့ခေါင်းဆောင်က ကျနော့်ကို
ရွာအလယ်က အကြော်ဆိုင်မှာ အကြော်လေး … ငါးခု သွားဝယ်ပေး
ဖို့ ပြောပါတယ်။ ညနေ ငါးနာရီ … ခြောက်နာရီလောက် ရောက်တော့
ကျနော်တို့ တည်းခိုရာ အိမ်ကို ကိုရင်လေးတစ်ပါး ကြွလာပါတယ်။
ကျနော်တို့ ခေါင်းဆောင်က ကျနော် ၀ယ်လာတဲ့ အကြော်တွေနဲ့
အိမ်က ထမင်းတွေကို ကျွတ်ကျွတ်အိပ်ထဲ စုထည့်ပြီး ကိုရင်လေး
ကို ပေးလိုက်ပါတယ်။ ကိုရင်လေးက အဲဒီအထုပ်လေးကို ပိုက်ပြီး
ရွာထိပ် သင်္ချိုင်းဖက်ကို ထွက်သွားပါတယ်။ ဒါနဲ့ ကျနော်တို့ ခေါင်း
ဆောင်ကို ဒီကိုရင်လေးက ညနေစား စားသလားလို့ မေးကြည့်
ပါတယ်။ သူက ကိုရင်လေး ဘာလုပ်သလဲ ဆိုတာကို သိချင်ရင်
လိုက်ကြည့်ဖို့ ပြောပါတယ်။ ဒါနဲ့ ကျနော်တို့ နှစ်ဦသား ကိုရင်လေး
နောက်ကနေ လိုက်ကြည့်ကြပါတယ်။ ရွာအထွက် သင်္ချိုင်းထဲ
က ဇရပ်မှာ ကိုရင်လေးက အရူးမကြီးတစ်ယောက်ကို ထမင်းခွံ့
ကြွေးနေတာကို တွေ့ရပါတယ်။ ဒါနဲ့ အိမ်ပြန်ရောက်တော့
ကိုရင်လေး အကြောင်း စိတ်ဝင်တစားနဲ့ မေးကြည့် ဖြစ်ပါတယ်။

စိတ်ရောဂါ ဝေဒနာသည် အရူးမတစ်ဦးဟာ အဲဒီရွာကို ဘယ်ကနေ
ဘယ်လို ရောက်ခဲ့သလဲဆိုတာ တစ်ရွာလုံး ဘယ်သူမျှ သေသေ
ချာချာ မသိကြပါဘူး။ ဗိုက်ဆာရင် ရွာထဲမှာ လှည့်ပတ် တောင်းရမ်း
စားသောက်ပါတယ်။ ညဖက်ဆိုရင် ရွာထိပ်က သင်္ချိုင်းဇရပ်မှာ
အိပ်စက်ပါတယ်။ နောက်တော့ အရူးမကြီးမှာ ကိုယ်ဝန် ရှိလာပါတယ်။
ဒီရွာက ရှေးရိုးစွဲ အုပ်ချုပ်သူ လူကြီးတချို့ဟာ လင်ယောက်ျား မပေါ်ဘဲ
ဗိုက်ကြီးတဲ့ အရူးမကို ရွာထဲသို့ ၀င်ခွင့်မပြုခဲ့ကြပါ။ အရူးမကြီး
ဟာ ရွာအထွက် တာရိုး လှည်းလမ်းပေါ်မှာ အ၀င်အထွက်လုပ်တဲ့
ခရီးသည်တွေ ပြစ်ချပေးတဲ့ စားကြွင်းစားကျန်တချို့ကို စားသောက်
ပြီး အသက်ဆက်ခဲ့ပါတယ်။ နောက်တော့ သူ့ကိုယ်ဝန်ကနေ သား
ယောက်ျားလေး မွေးဖွားလာပါတယ်။ ရွာနောက်ဖက်ရှိ ဘုန်းတော်
ကြီးကျောင်းမှ ဆရာတော်နဲ့ ဦးပဉ္ဇင်းတွေက ဒီကလေးကို ကျောင်း
ကို သယ်ဆောင်ပြီး ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အသက် ခုနှစ် နှစ်၊
ရှစ်နှစ် အရွယ်မှာ သင်္ဃန်းစီး ကိုရင်ဝတ် ပေးခဲ့ကြပါတယ်။ ကျနော်
တို့ မြင်နေရတဲ့ အသက် ဆယ်နှစ်အရွယ် ကိုရင်လေးဟာ သူ ထမင်းခွံ့
ကြွေးနေတဲ့ အရူးမကြီးက မွေးဖွားထားတဲ့ ကလေးငယ်ပါ။


(ဆက်ရန်။)

Jan 31, 2010

နတ်ကြီးတဲ့ သစ္စာ



*မိုဘီဂျီနိုတွေ
နှင်းဆီရင်ခွင်မှာ က’တဲ့ ည
*ဘိဂျင်နရေးရှင်းတွေ
မိတ္ထီလာကန်မှာ ဖား’ရှာတဲ့ ည
ခွက်မရှိသူတွေ
သဘက်နဲ့ တောင်းနေရတဲ့ ည
သောင်ပြင်ပေါ်ကို
ငါတို့ပြေးထွက်ခဲ့တဲ့ ည
သစ္စာရေ
အဲဒီညက မည်းမည်းမှောင်လို့ …။

*မိုဘီဂျီနိုအတွက် သစ္စာလား
*ဘိဂျင်နရေးရှင်းအတွက် သစ္စာလား
အောင်ပင်လယ်မှာ ရေရှိသလား
အင်းစိန်ထောင်က ဦးစောကောင်းမှု ရုပ်ပွားတော်ဟာ ပြုံးနေသလား
ကြိုးကျစ်ပုတီးစေ့တွေကို သီမှာလား
သစ္စာတရားကို တည်မှာလား
အတ္တတွေနဲ့ ဆွဲနေသလား
ဂိုဏ်းဂဏတွေနဲ့ ကွဲနေသလား
သစ္စာရေ
မင်းကိုယ် မမြင်ရဘူး …။

မိတ္ထီလာကန်မှာ ဖားမရှိသလို
အောင်ပင်လယ်မှာ ရေတွေခန်းတဲ့ ည
မြကန်ရှိတဲ့အရပ်
မြေပုံထဲက ပျောက်သွားတဲ့ ည
ငါတို့ရဲ့ခြေထောက်တွေက
ငါတို့ကို ပြန်လည်ခိုးယူသွားတဲ့ ည
သစ္စာဆိုတာ
တကယ်ရှိသလား …။


-စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။
*မိုဘီဂျီနို= mobile generation
*ဘိဂျင်နရေးရှင်း= beat generation )

Jan 23, 2010

ရန်ကုန် ကျဆုံးခန်း



ကဗျာမဟုတ်ပါဘူး ညီလေးရေ
မင်းအတွက် ပြောတာပါ ….။

နေကြတ်ချိန်မှာ ရေငတ်မပြေတဲ့ ညီလေးရေ
တုပ်ကွေးတွေက ခေတ်မကုန်သေးဘူး
ကျီးကန်ပါးစပ်လို ဖြဲပေးထားတဲ့
ခေတ်မဟုတ်ဘူး ညီလေးရေ
ငါးစာချပြီး ငါးမျှားနေကြတာ …။

ဓါတ်ဆီလောင်းပြီး ဆန္ဒပြမယ်လို့
ကြွေးကြော်ခဲ့တဲ့ ဦးအောင်ကြီးသမိုင်း
လာမမေးနဲ့တော့ ညီလေးရေ
စင်ပေါ်မှာပဲ
မိုက်ကရိုဖုန်းတွေ ရှိတယ်ကွ ….။

မျက်မမြင်တွေ ပြုစုပေးတဲ့
ဆာကူရာတာဝါပေါ်က အနှိပ်ခန်းထဲမှာ
အနားယူနေသလား ညီလေးရေ
သိန်းရှစ်ထောင်တန် မြေကွက်မှာ
မိုးဟေကိုတို့ အနိုင်ရသွားပြီ ….။

သိန်းနှစ်ထောင်ငါးရာ ကုန်ခဲ့တဲ့
အိန္ဒြာကျော်ဇင်ရဲ့ အရိပ်ကို
ကြည့်နေသလား ညီလေးရေ
လစာ နှစ်သိန်းခွဲရဖို့
သတင်းများများ ရေးနိုင်ပါစေ …။

သီရိပျံချီတေဇနဲ့ ဇော်ဇော်တို့ဆီမှာ
ဘောလုံးပွဲအဖြေ
မဗျူးနဲ့နော် ညီလေးရေ
SANYO ကိုလှမြင့်နဲ့ သူ့ညီ SONY ကိုအောင်သာလှတို့ဆီမှာ
အရင်မေးကြည့်ပါ ….။

တွံတေးစိုးအောင်နဲ့ ဗေလုဝတို့
ကောင်းစားနေတဲ့ ဒီခေတ်မှာ
အိမ်အပြန် ဆန်ဝယ်ဖို့
သတိရပေးပါ ညီလေးရေ
ရန်ကုန်ဟာ ကျဆုံးခဲ့ပါပြီ ….။

ကဗျာမဟုတ်ပါဘူး ညီလေးရေ
မင်းအတွက် ပြောတာပါ …။ ။


-စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ ကိုလှမြင့်နှင့် ကိုအောင်သာလှ ညီအကို မတော်စပ်ပါ။)


Jan 21, 2010

အောက်လမ်းပညာကို စိန်ခေါ်ရဲသူ

ရေးသူ- စစ်ငြိမ်းဒီရေ

မြန်မာပြည်က အထက်လမ်း (ဗိုလ်ချုပ်လမ်း မဟုတ်ပါ) ဆရာတွေ၊
အောက်လမ်း (ကမ်းနားလမ်းလို့ မထင်ပါနဲ့) ဆရာတွေအကြောင်း
လျှောက်စဉ်းစားရင်ကနေ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဘကြီးဝမ်းကွဲ
တော်စပ်သူ တစ်ယောက်ကို သွားသတိရမိပါတယ်။ ဘကြီးဆိုပေမဲ့
တကယ့် ဘကြီးအရင်းတော့ မဟုတ်ပါဘူး။ ကျနော့်အဖွားဖက်က
အကိုဖြစ်သူတစ်ဦးရဲ့ မွေးစားသားပါ။ သူရဲ့ နေထိုင်ပုံ၊ ပြောဆိုပုံဟာ
“ဂွ” ကျတယ်ဆိုပြီး နယ်မှာရှိတဲ့ ရွာက ဆွေမျိုးအားလုံးလည်း သူ့ကို
အော်ကြောလန် ပါတယ်။

သူ့မယား ကြီးဒေါ်က ကျနော့် အဖိုးဖက်ကနေ တူမ တော်စပ် ပါတယ်။
နွေရာသီ ကျောင်းပိတ်လို့ ရွာကို အလည်သွားရင် ဘကြီး ဘက်ရော
ကြီးကြီး ဘက်ပါ ဆွေမျိုးတော်စပ်တဲ့ ကျနော်တို့ မိသားစုအပေါ်
တော်တော် ဖော်ရွေရှာပါတယ်။ ဘကြီးဆီမှာ လူအများ မှန်းတီးခြင်းခံရ
တဲ့ အကျင့်တစ်ခု ရှိပါတယ်။ အဲဒါက သူ မှန်တယ်လို့ ထင်ရင် လူရှေ့
မရှောင် သူရှေ့ မရှောင် ဇွတ်ပြောလေ့ ရှိတဲ့ အကျင့်ပါ။ ဒီအကျင့်ဟာ
သူရဲ့ မွေးရာပါ အကျင့်လို့ ဆွေမျိုးတွေက ဆိုပါတယ်။

နေ့စဉ် သူ့အိမ်ရှေ့ တံစက်မြိတ်အောက်ရှိ ကွပ်ပျစ်ပေါ်မှာ ရေနွေးကြမ်း
အိုး၊ ပုဇွန်ခြောက် လေး … ငါးကောင်ပါတဲ့ လဖက်အသား ဆီစိမ်ပုလင်း၊
ဆေးလိပ်ခွက်၊ ကွမ်းအစ် တွေ ခင်းပြီး ခြံရှေ့မှာ ဖြတ်သွားသူ မှန်သမျှ
ကို ခြံထဲ ဇွတ်အတင်းခေါ်၊ ရွာက ကောင်စီလူကြီး မကောင်းကြောင်း၊
ဆန်စက် (ရွာမှာ “ဟာလာ”လို့ ခေါ်တဲ့ ဆန်စက်အငယ်စား) ပိုင်ရှင်တွေ
က ဆင်းရဲသား လယ်သမားများအပေါ် ခေါင်းပုံဖြတ် အမြတ်ကြီးစား
ကြောင်း မမောနိုင် မပန်းနိုင် တရားဟော နေကြပါ။ ရွာမှာနေပြီး နေ့စဉ်
ထုတ် သတင်းစာကို အမြဲဖတ်သူ၊ BBC က လွှင့်တဲ့ ရေဒီယို သတင်းတွေ
ကို အမြဲနားထောင်လေ့ရှိသော သူနံဘေးမှာလည်း သူ့ကို ချစ်ခင်တဲ့
လူတွေ အတော်များများ ရှိပါတယ်။

ဘကြီးတို့ လင်မယားမှာ သမီး တစ်ယောက်ပဲ ရှိပါတယ်။ ကျနော့်အမ
ဝမ်းကွဲဟာ ကျနော် သိတတ်စ အရွယ်လောက်မှာပဲ သူတို့ရွာက
တောသူဋ္ဌေးသား တစ်ဦးနဲ့ အိမ်ထောင်ကျပါတယ်။ သူ့ယောက်ျား
ကလည်း ခပ်အေးအေးနေတတ်တဲ့ လူတစ်ယောက်ပါ။ ဒါကြောင့်
မိဘတွေဖြစ်တဲ့ ဘကြီးနဲ့ ကြီးကြီးကို အိမ်ဦးခန်းမှာ ထားပြီး အပူပင်မရှိ
လုပ်ကျွေး ပြုစုပါတယ်။ အိမ်ထောင်သည် သူ့သမီးအိမ်က ဘကြီးတို့
အိမ်နဲ့ ခြံချင်း ကပ်လျှက်ပါ။ ဘကြီးဟာ သူ့သမီးအိမ်မှာ ထမင်းစားချိန်
ရောက်မှ သွားစားလေ့ရှိပြီး ကျန်တဲ့အချိန်တွေမှာ သူ့အိမ်မှာသာ
နေလေ့ ရှိပါတယ်။

ဒီလိုနဲ့ တနေ့ကျတော့ ဆွေမျိုးတွေဆီကနေ သတင်းတစ်ခု ကြားရ
ပါတယ်။ ဘကြီးတို့ အိမ်ကို သူတပါးက အောက်လမ်းနည်းနဲ့ ပြုစား
ထားလို့ ညဖက်ဆိုရင် ဘယ်သူမျှ နေလို့ မရဘူး၊ တအိမ်လုံး လှည်း
စီး နေရသလို တဒုန်းဒုန်းနဲ့ လှုပ်ရမ်းနေတဲ့ ပုံစံ ခံစား နေရတယ်လို့
ဆိုပါတယ်။ ဘကြီးကတော့ ပဲခူးတိုင်း၊ ဝေါမြို့နယ်အပိုင် ရွာတစ်ခုမှ
သူ့ သူငယ်ချင်းအလှူအိမ်ကို အလည်သွားနေခိုက်မှာ ပြဿနာ စ’ဖြစ်
တယ်လို့ ဆိုပါတယ်။ ဘကြီးမိန်းမ ကြီးကြီးကိုတော့ သမီးဖြစ်သူက
သူတို့အိမ်မှာပဲ လာနေဖို့ ခေါ်ထားကြောင်းနဲ့ ရွာထဲရှိ လူတွေကတော့
နေ့စဉ် ဘကြီးတို့အိမ်ရှေ့မှာ တရုံးရုံးဖြင့် ပွဲလာကြည့်သလို စည်းကား
နေကြောင်း ပြောပြပါတယ်။ အခုလည်း မြို့ပေါ်ရှိ အသိမိတ်ဆွေ
“ရွှေရင်ကျော်ဂိုဏ်း” မှ ဆရာတစ်ဦးကို ပင့်ထားတယ်လို့ ကြားရပါတယ်။

ဒါနဲ့ပဲ ကျနော်တို့ တမိသားစုလုံး အထူးအဆန်းတွေ ဖြစ်နေတဲ့ အမေ
ဖက်က ဆွေမျိုးတွေရှိရာ ရွာသို့ ချီတက်ကြပါတယ်။ ကျနော်တို့ ရွာ
ရောက်တဲ့ နေ့အထိ ဘကြီးကတော့ ရွာကို ပြန်မရောက်သေးပါ။
အဲသည့်ခေတ်က ရန်ကုန်မှာ အဝေးပြေးကားဂိတ်ဟာ လမ်းမတော်မြို့
နယ် လသာလမ်းမှာ ရှိပါတယ်၊ တနေ့ကုန် ဘတ်စ်ကားကို တအိအိ
နဲ့ စီးရပါတယ်။ ရွာကို ရောက်တော့ ဘကြီးတို့အိမ်ရှေ့ အ၀င်အ၀မှာ
အုန်းပွဲ ဌက်ပျောပွဲတွေ လေး …. ငါးပွဲကို ဖယောင်းတိုင်တွေ၊ အမွှေး
တိုင်းတွေ ထွန်းပြီး ပွဲပေးထားပါတယ်။ အညိုရောင်ဝတ်စုံ ၀တ်ထားတဲ့
လူကြီးတစ်ယောက်က ကြိမ်းလုံး တစ်ချောင်းကို လက်ထဲမှာ ကိုင်
ဆောင်ထားပြီး သူ့နံဘေးမှာ ကျနော်တို့ ဆွေမျိုးထဲမှ လူကြီး အတော်
များများ ရှိနေကြပါတယ်။ ထိုလူကြီးက ဘကြီးတို့ခြံထဲမှာ “ပုဏ္ဍက”
စီးနင်း တိုက်ခိုက်တာကို ခံနေရတယ်လို့ ပြောပါတယ်။

ဒါနဲ့ “ပုဏ္ဍက” ဆိုတာ ဘာလဲလို့ ရွာက အမေ့အကို ၀မ်းကွဲ
ဘကြီးတစ်ယောက် နံဘေး ကပ်ပြီး မေးကြည့်တော့ “သရဲ” ထက်
ကြီးတဲ့ “သဘက်” ပုံစံ “ဘီးလူး” လို့ ပြောပါတယ်။ ထို အညိုရောင်
ဝတ်စုံ ၀တ်ထားတဲ့ လူကြီးဟာ အထက်လမ်းဆရာဖြစ်ကြောင်း ပြော
ပြပါတယ်။ အဲဒီလူကြီးဟာ ပါးစပ်ကနေ ပွစိ ပွစိနဲ့ ဂါထာလား
ဘုရားစာလားဟု ဘယ်သူမျှ အသေအချာ မသိနိုင်တဲ့ အရာတွေကို
မကြားတကြားရွတ်ပါတယ်။ အဲဒီနောက် ဆန်တွေကို ဘကြီးခြံ
တစ်ခုလုံးကို ပက်ဖြန်းပါတော့တယ်။ သူ ဒီည ဒီအိမ်ထဲမှာ တညလုံး
ဘုရားစာရွတ်၊ အဓိဋ္ဌာန်ဝင်မှာ ဖြစ်ကြောင်း၊ အခု သူ ကြဲချထားတဲ့
ဆန်စေ့တွေဟာ နောက်တနေ့မနက် မိုးလင်းတာနဲ့ ခြံထဲရှိ တစ်နေရာ
မှာ သူအလိုအလျောက် စုပုံသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ အဲလို
စုပုံရောက်ရှိသွားတဲ့ နေရာကို ပေါက်တူးနဲ့ တူးဖော်ကြည့်လိုက်ရင်
ဘကြီးတို့ အိမ်ကို တိုက်ခိုက်ထားတဲ့ အစီအယဉ် “အင်း” ပြားတွေ
ထွက်လာမယ်လို့ ဆိုပါတယ်။

ဘကြီးတို့ ခြံနဲ့ ကပ်လျှက်မှာရှိတဲ့ ဘကြီးသမီး အိမ်ထောင်သည်
အမတို့အိမ်မှာ အိပ်ဖို့ ကျနော်တို့ ညီအကိုမောင်နှမတွေလည်း
အမေကို ဇွတ်အတင်း တောင်းဆို ရပါတယ်။ ရွာက ဆွေမျိုးတွေ
က သူတို့အိမ်တွေမှာ လိုက်ပြီး တည်းခိုဖို့ ကျနော်တို့ မိသားစု
ပြောပါတယ်။ ရွာရဲ့ သုံးပုံ တစ်ပုံဟာ အမေဖက်ကနေ ဆွေမျိုး
စပ်ရင် ဆွေရိပ်မကင်း မျိုးရိပ်မကင်းတဲ့ ဆွေမျိုးအရင်းအခြာတွေ
ဖြစ်ပါတယ်။ ပြောမရတဲ့ နောက်ဆုံးမှာ အမေလည်း ကျနော်တို့
ကလေးတသိုက်ကို လက်လျှော့ပြီး ဘကြီးသမီး အမတို့အိမ်
မှာ ညအိပ် တည်းခိုဖို့ သဘောတူလိုက်ပါတယ်။ ဖယောင်းတိုင်
မီးရောင်တွေ ထိန်းလင်းနေတဲ့ ဘကြီးအိမ် အပေါ်ထပ်က ဘုရား
ခန်းကို အမတို့အိမ် အပေါ်ထပ်ကနေ လှမ်းကြည့်ရင် မြင်နေ
ရပါတယ်။ ဘယ်အချိန်မှာ ဘာတွေ ထူးလာမလဲ၊ ဘာတွေ ဖြစ်
လာ မလဲလို့ ကျနော်တို့ စောင့်မျှော် နေခဲ့ကြပါတယ်။

ဘကြီးသမီး အိမ်ထောင်သည် လင်မယား ကျွေးမွေးဧည့်ခံတဲ့
မုန့်တွေကို စားလိုက်၊ ရောက်တတ်ရာရာတွေ ပြောလိုက်ဖြင့်
မအိပ်သေးပဲ ညဥ့်နက်ပိုင်းကို ရောက်လာပါတယ်။ ည(၁၀)
နာရီဆိုတဲ့ အချိန်ဟာ ရွာက လူအများစု အိပ်ပျော်တဲ့အချိန်
ဖြစ်ပေမဲ့ ကျနော်တို့ မြို့က လူတွေအတွက်တော့ မအိပ်သေးပဲ
နေလို့ ရပါသေးတယ်။ ရုတ်တရက် ရွာလမ်းတလျှောက်ဆီမှ
ခွေးအူသံတွေ ထွက်ပေါ်လာတော့ ကျနော်တို့လည်း ကြောက်ကြောက်
နဲ့ ဘကြီးအိမ်ဖက်ကို လှမ်းကြည့်လိုက်ပါတယ်။ ရေနံချေး ၀’နေတဲ့
နံဘေး နံရံတွေကြောင့် ညဖက်ကြည့်ရင် မဲမှောင်နေပါတယ်။ လရောင်
အောက်ကနေ နှစ်ထပ် ခြေတံရှည် ဘကြီးအိမ်ကို မြင်နေရတဲ့ ပုံစံဟာ
သရဲတစ်ကောင် ငုပ်တုပ် ထိုင်နေပုံနဲ့ တူနေပါတယ်။

ရုတ်တရက် လေတွေ တဝေါဝေါ တိုက်ခိုက်အပြီး ကျနော်တို့
မျက်စိရှေ့ရှိ ဘကြီးအိမ် ဘုရားခန်းက ဖယောင်းတိုင်းမီး အလင်း
ရောင်တွေ မမြင်ရတော့ပဲ အမှောင်အတိကျသွားပါတယ်။ မျက်စိ
ရှေ့မှာတင် ခြံထဲမှ လူနှစ်ယောက် အသံကုန် အော်ဟစ်ပြီး
ပြေးထွက်လာပါတယ် …
“အမလေးဗျ၊ ကယ်ကြပါအုံး … ကယ်ကြပါအုံး …”
“အမလေးဗျ၊ ကြောက်ပါပြီး ဗျ … ”

ကျနော်တို့ မောင်နှမတသိုက်လည်း ပြတင်းပေါက်နံဘေးကနေ
အမေအိပ်နေတဲ့ အိပ်ခန်းထဲကို ဘယ်လိုပြေးမိလို့ ဘယ်လို ရောက်
သွားမှန်းမသိ ပြေးဝင်ခဲ့ကြပါတယ်။ ဆယ့်ငါး မိနစ်လောက်ကြာတော့
လူသံတွေ ဆူဆူညံညံကြားမှ အပြင်ဖက်ရှိ ပြတင်းပေါက်နံဘေးကို
ပြန်လာခဲ့ကြပါတယ်။ ရွာထဲရှိ ဆွေမျိုးသားချင်း အကိုတွေရော၊ တခြား
ရွာသားတွေပါ လက်နှိပ်ဓါတ်မီးရောင်တွေ တဖွေးဖွေး၊ ဓါး လှံတွေ
တ၀င်းဝင်းနဲ့ ဘကြီးတို့ အိမ်ရှေ့မှာ စုရုံး ရောက်ရှိနေကြပါပြီ။
ဘယ်သူမျှ မရှိတဲ့ ဘကြီးတို့ခြံနဲ့ အိမ်ထဲကို လက်နှိပ်ဓါတ်မီးပေါင်း
များစွာနဲ့ ထိုးကြည့်နေကြပြီး သူ အထဲကို အရင်ဝင်မယ်၊ ငါ အထဲ
ကို အရင် ၀င်ကြည့်မယ်နဲ့ ပြောဆိုနေကြပါတယ်။ နောက်ထပ်
ခဏလောက်အကြာမှာ ရွာက ကောင်စီဥက္ကဋ္ဌ ရောက်လာပြီး
ခြံတံခါးကို ပိတ်လိုက်ဖို့နဲ့ ခြံထဲကို ဘယ်သူမျှ ပေးမ၀င်ဖို့ ပြောပြီး
တားမြစ်ကြပါတယ်။

မနက်မိုးလင်းချိန်မှာ ဘကြီးအိမ်ဝန်းထဲကို ရွာဦးကျောင်းက ဆရာတော်
ကြွလာပြီး ပရိတ်တရားတွေ ရွတ်ဖတ် ပါတယ်။ အဲဒီနေ့ နေ့လည်မှာ
ပဲ ကျနော်တို့ အချစ်တော် ဘကြီးတစ်ယောက် ပဲခူးမှာနေထိုင်တဲ့ သူ့
သူငယ်ချင်း အလှူကနေ ပြန်လည် ရောက်ရှိလာပါတယ်။ ဘကြီး
ပြန်ရောက်တယ် ဆိုရင်ပဲ ဆွေမျိုးတွေ၊ ရွာက လူတွေက သူ့အိမ်
ရဲ့ အဖြစ်အပျက်ကို ၀ိုင်းပြောကြပါတယ်။ သူ့သမီးဖြစ်တဲ့ အမတို့
လင်မယားက ဒီဖက်အိမ်မှာ လာနေဖို့ ပြောပါတယ်။ နေ့ခင်းဖက်
အမတို့အိမ်မှာ ဘကြီးနဲ့ ရွာက ဆွေမျိုးတွေ လူစုံတက်စုံ စကား
ဝိုင်း ဖြစ်ခဲ့ကြပါတယ်။

ဘကြီးတို့ စကားဝိုင်းကနေ ညက အဖြစ်အပျက်ကို ပြန်ကြား ရပါ
တယ်။ လွန်ခဲ့တဲ့ည ဘကြီးအိမ်မှာ အိပ်ခဲ့တဲ့ အထက်လမ်းဆရာဆိုသူ
နဲ့ ဆွေမျိုးတစ်ဦးတို့ ဖြစ်ပျက်ခဲ့ပုံက…
ရွာလမ်းမကြီးတလျှောက်က ခွေးအူသံတွေ ဆက်တိုက်ကြား
ရတယ်၊ ပြီးတော် လေတွေ တလဟော တိုက်လာပြီး ဘုရားစင်
က မီးတွေ ငြိမ်းသွားပါတယ်၊ မီးငြိမ်းသွားလို့ မီးခြစ်လာရှာတဲ့
အချိန်မှာ တအိမ်လုံး ရုတ်တရက် လှုပ်ရမ်းလာပါတယ်၊ ဒါနဲ့
ကြောက်ကြောက်နဲ့ အိမ်ပေါ်ကနေ အောက်ထပ်ကို ပြေးအဆင်း
အမှောင်ထဲကနေ နွားအော်သံ တစ်ခုကို ကြားလိုက်ရတယ်၊ လက်နှိပ်
ဓါတ်မီးနဲ့ ထိုးကြည့်လိုက်တော့ အောက်ထပ် မြေကြီးထဲကနေ
နွားတစ်ကောင်ရဲ့ ဦးခေါင်းတစ်ခု ထိုးထွက်လာတာကို မြင်လိုက်
ရပါတယ်၊ အဲဒီ နွားခေါင်းကနေ အသံတွေ ထွက်နေသလို အိမ်
လည်း မြေငလျင် လှုပ်သလို ရမ်းနေတယ်လို့ ပြောပါတယ်။

ဘကြီးလည်း မျက်မှောင်ကျုပ်နေအောင် အချိန်တော်တော်ကြာ
စဉ်းစားနေပါတယ်။ ဆွေမျိုးတွေက တစ်ယောက် တစ်မျိုးစီဖြင့်
“အဘ၊ ရွာက ကောင်စီလူကြီးတွေ လယ်မလုပ်ဘဲနဲ့ အမတော်
ကြေး(ဘဏ်ချေးငွေ) ယူတဲ့ ကိစ္စအပေါ် မတရားဘူးလို့ ပြောတာ
တွေ၊ ငွေတိုးချေးတဲ့ သူဋ္ဌေးတွေ အကြောင်း နေ့စဉ်ပြောနေလို့
အခုလို့ အောက်လမ်းနည်းနဲ့ အတိုက်(ပြုစား)ခံရတာ ဖြစ်နိုင်
ကြောင်း” ၀ိုင်းပြောကြပါတယ်။

ညနေပိုင်းလောက်မှာ ကျနော်တို့ဘကြီး ရွာဦးကျောင်းဖက်ကို
ထွက်သွားပါတယ်။ တစ်နာရီလောက်ကြာတော့ အထုပ်တချို့၊
ရေပုလင်းတချို့နဲ့ ပြန်လည် ရောက်ရှိလာပါတယ်။ သူ့သမက်ဖြစ်တဲ့
အမ ယောက်ျား အပါအ၀င် လယ်စာရင်းဌား(လယ်ယာအလုပ်သမား)
တချို့ကို ဦးဆောင်ပြီး သူ့ခြံထဲကို သွားကြပါတယ်။ အဲဒီနောက် သူ့
အိမ်ရဲ့ အိမ်တိုင်းတွေ အားလုံးဘေးမှာ တရွင်းပြားတွေ ပေါက်တူးတွေ
နဲ့ တူးကြပါတော့တယ်။ အဲဒီနောက် ရွာဦးကျောင်း ယူဆောင်လာ
တဲ့ အထုပ်တွေ ရေပုလင်းတွေထဲကနေ ပစ္စည်းတချို့ကို အိမ်တိုင်
အားလုံးရဲ့ ပတ်ပတ်လည်မှာ လောင်းချကြပါတယ်။ အဲဒီနောက်
ကျနော်တို့ရှိရာ သူ့သမီးအိမ်ဖက်ကို ရောက်လာပြီး ဘော့ပန်တွေ၊
ခဲတံတွေ စာရွက်တွေနဲ့ ဘုရားစာအုပ်ထဲက ဘုရားစာတွေကို ကူးယူ
ပြီး ရေးဖို့ ပြောပါတယ်။ ကျနော်တို့ မောင်နှမတသိုက်က ဘာလုပ်
ဖို့လဲလို့ ၀ိုင်းမေးကြပါတယ်။ ဘကြီး အဖြေက ..
“ဆေးနွားကို အဆိပ်ခတ်မလို့”

အဲဒီနေ့ ညဖက်က စ’ပြီး ဘကြီးခြံနဲ့ အိမ်တို့မှာ ထူးထူးခြားခြား
ဖြစ်စဉ်တွေ ရပ်တန့်သွားပါတယ်။ နောက်တနေ့ မနက်မိုးလင်း
ချိန်မှာ ရွာထဲရှိ ဘကြီးလယ်မှာ အလုပ် လုပ်တဲ့ သီးခစား
လယ်သမားတစ်ယောက် ရောက်လာပါတယ်။ ရွာက ကောင်စီ
ဥက္ကဋ္ဌ ပိုင်ဆိုင်တဲ့ နွားတစ်ကောင် ဒီမနက်မှာ သန်သန်မာမာကနေ
ရုတ်တရက် ပျော့ခွေပြီး လဲကျသေဆုံးသွားကြောင်း ပြောပြ
ပါတယ်။ အဲဒီနောက် ဘကြီးနဲ့ သူ့လယ်သမားတို့ဟာ ဘကြီး
အိမ်ဝန်းဖက်ကို သွားရောက်ကြပါတယ်။ တော်တော်ကြာတော့
ဘကြီးတစ်ယောက် သူ့အိမ်ဝန်းထဲမှာ သစ်ရွက်ခြောက်တွေကို
စုပုံပြီး မီးရှို့နေပါတယ်။ ကျနော်တို့လည်း တဖက်ခြံဝန်းထဲက
နေ ဘာလုပ်နေသလဲလို့ လှမ်းမေးလိုက်တော့ သူက နွားရုပ်လေး
တစ်ရုပ်ကို ထောင်ပြ ပါတယ်။ အဲဒီနောက် သူ့လက်ထဲက အဲဒီနွား
ရုပ်လေးကို မီးပုံထဲကို ထည့်လိုက်ပါတယ်။

နေ့လည်ပိုင်း မရောက်ခင် ရွာဦးကျောင်းရဲ့ ဆွမ်းတန်းဟာ ဘကြီး
တို့ ခြံရှေ့ကနေ ကြွလာပါတယ်။ ဘကြီးက ဆရာတော်ကို သူ့ခြံ
ထဲ ပင့်ဖိတ်သွားပြီး ခဏနေတော့ ဆရာတော် ပြန်ကြွ သွားပါတယ်။
အဲဒီနောက် ခြံရှေ့ကနေ “ငါခြံမှာ ဘာကောင်မှ မရှိတော့ဘူး၊ ဘယ်သူ
ပြောလဲ “ပုဏ္ဍက” တိုက်တယ်လို့၊ မယုံရင်လာကြည့်ကြ ဒီညက စပြီး
ဘာကောင်မှ မရှိတော့ဘူး” လို့ ခြံရှေ့ ဖြတ်သွားသူ မှန်သမျှကို ပြော
ပြနေပါတယ်။ ညနေစောင်း သူ့ခြံထဲမှာ ရွာကလူတွေ တရုံးရုံးနဲ့ စည်း
ကားနေပါတယ်။ လူတွေ ၀င်လိုက် ထွက်လိုက် လာကြည့်နေကြလို့
ကျနော်တို့ ကလေးတသိုက်လည်း ဘကြီးခြံဖက်ကို သွားကြည့်
ကြပါတော့တယ်။ သူ့အိမ်အောက်ထပ် မြေကြီး တနေရာမှာ တွင်းတူး
ထားသလို ဖြစ်နေပါတယ်။ အဲဒါ ဘာဖြစ်လို့လဲ မေးကြည့်တော့
“ဆေးနွား” ကို တူးဖော်လိုက်တဲ့ နေရာလို့ ဘကြီးက ပြောပြပါတယ်။
ဒီလိုနဲ့ ညဖက် အမတို့အိမ်မှာ တည်းခိုနေတဲ့ ကျနော်တို့ မိသားစုထံ
ကို ဘကြီး ရောက်လာပါတယ်။ အဲဒီတော့မှ ကျနော်တို့လည်း သိချင်
တာတွေကို မေးခွင့် ရခဲ့ပါတယ်။

သူ့ခြံကို သူတပါးက အောက်လမ်းနည်းနဲ့ ပြုလုပ်တယ်လို့ သူလည်း
ယူဆ ခဲ့ကြောင်း၊ သူ့အိမ်မှာ လာအိပ်သွားတဲ့ ပရောဂ ကုတဲ့ဆရာတို့
မြင်တွေ့ခဲ့ပုံကို သူ စဉ်းစားကြည့်ပြီး “ဆေးနွား” လို့ ခေါ်တဲ့ ပရောဂ
နည်းနဲ့ လုပ်တာဖြစ်လိမ့်မယ်လို့ သူ ယူဆခဲ့ကြောင်း၊ ဒါကြောင့် ရွာဦး
ဘုန်းကြီးကျောင်းက ဆွမ်းဆန်အနည်းအကျဉ်းကို ဆရာတော်ထံမှ အလှူ
ခံခဲ့သလို ဘုန်းကြီးကျောင်း ဘုရားစင်မှ သောက်တော်ရေ အဟောင်းတွေ
ကို စွန့်ပြီး ပုလင်းထဲ ထည့်ယူလာခဲ့ကြောင်း၊ အဲဒီနောက် အဲဒါတွေကို
အိမ်တိုင်အားလုံးရဲ့ ပတ်ပတ်လည်မှာ မြေကြီးကို နည်းနည်းချင်စီ တူး
ဆွပြီး လောင်းထည့်ခဲ့ကြောင်း၊ သူ့အိမ်အောက်ထပ် အလယ်တစ်နေရာ
မှာ ကောက်ရိုးတွေ စုပုံပြီး ကျနော်တို့ ကူးရေးပေးတဲ့ ဘုရားစာ စာရွက်
တွေကို ကောက်ရိုးပုံမှာ ထည့်ခဲ့ကြောင်း၊ မနက်မိုးလင်းချိန် အဲဒီကောက်ရိုး
တွေ ထားခဲ့တဲ့ နေရာကို ပေါက်တူးနဲ့ တူးကြည့်လိုက်တော့ နှီးနဲ့ ရက်လုပ်
ထားတဲ့ နွားအရုပ်လေး တစ်ခုကို တွေ့ရကြောင်း၊ ဒါနဲ့ မီးဖိုပြီး အဲဒီ နွားရုပ်
လေးကို မီးရှို့ပြစ်ခဲ့ကြောင်း သူက ပြောပြပါတယ်။

ဒါနဲ့ ကျနော်တို့က အဲဒီ ဆေးနွားအကြောင်းကို မေးကြည်တော့ …

ရွာမှာ မီးမဖွားနိုင်လို့ သေဆုံးပြီး အသုဘဖြစ်လာရင် မီးသင်္ဂြိုလ်လေ့
ရှိကြောင်း၊ အဲလိုမီးသင်္ဂြိုလ်တဲ့ အခါ အသုဘရုပ်ကောင်ရဲ့ ခန္ဓာကိုယ်
ကို မြန်မြန် ပြာဖြစ်အောင် ပြုလုပ်ရကြောင်း၊ အဆီပြင်တွေကို ၀ါးနဲ့
ထိုးဖောက်ရကြောင်း၊ အဲဒီ ၀ါးလုံးကို အောက်လမ်းဆရာတွေ အသုံး
ပြုလို့ မရအောင် ရွာဦးကျောင်းမှာ သိမ်းဆည်းလေ့ရှိကြောင်း၊ အဆိုပါ
ဝါးလုံးကို အောက်လမ်းဆရာတချို့က ခိုးယူပြီး နှီး ဖြစ်အောင်
အရင် ယက်ရကြောင်း၊ နှီး ဖြစ်လာတဲ့ အခါ အဲဒီ နှီးနဲ့ နွားရုပ်လေး
တစ်ရုပ်ဖြစ်အောင် ပြုလုပ်ရကြောင်း၊ နွားရုပ်လေး လုပ်ပြီးချိန်မှာ
အသက်သွင်းပေးရကြောင်း၊ တကယ့် နွားအစစ်နဲ့ အတူ လ’ပေါင်း
များစွာ အတူ ထားရကြောင်း၊ အဲဒီနောက် အောက်လမ်းဆရာ
တွေက သူတို့ ဒုက္ခပေးချင်တဲ့ အိမ်တစ်အိမ်ရဲ့ အပြင်ဖက်က
ဖြစ်စေ … အတွင်းထဲ လာပြီး ဖြစ်စေ အဲဒီ နွားရုပ်ကို ပို့ဆောင်
ပေးရကြောင်း၊ ထို့နောက် သူနဲ့ အတူ ရှိခဲ့ဘူးတဲ့ နွားအစစ်ကို လှည်း
တစ်ခုမှာဖြစ်စေ … ငြိမ်ငြိမ်မနေနိုင်အောင် ဖြစ်စေ လုပ်ဆောင်ပေး
ပါက အလားတူ အောက်လမ်းပညာဖြင့် ပြုလုပ်ထားသော ဆေးနွား
လည်း သောင်းကျန်းလေ့ရှိကြောင်း ရှင်းပြပါတယ်။

“ဒါဆို အခု ဒုက္ခပေးနေတဲ့ နွားရုပ်လေးကို မီးရှို့လိုက်ရင်
ပြီးသွာပြီလား ….”
လို့ ကျနော်တို့ မေးအကြည့်မှာ …
ဘကြီးက …
“အဲဒီ ဆေးနွားကို မီးရှို့လိုက်တော့၊ သူနဲ့ အတူ အသက်သွင်း
ရာမှာ အသုံးပြုခံရတဲ့ တကယ့်နွားလည်း သေသွားတယ်ကွ ..”
ဟု ပြန်ဖြေပါတယ်။

ရုတ်တရက် ကျနော်တို့က …
“ဒါဆို မနက်က ကောင်စီ ဥက္ကဋ္ဌအိမ်က နွား သေသွားတယ်
ဆိုတော့ ဥက္ကဋ္ဌက အောက်လမ်းဆရာ လား …”
လို့ မ၀င့်မရဲနဲ့ မေးလိုက်ချိန်မှာ ဘကြီးပါးစပ်က ..
“အင်း …..”


(ပြီးပါပြီ။)


Jan 18, 2010

လေ့လာစရာ မြန်မာ့နိုင်ငံရေး ပြောဆိုမှုများ (၁/၂၀၁၀)

NLD ခေါင်းဆောင် အပြောင်းအလဲအပေါ် စမ်းစစ် ဝေဖန်ကြည့်ခြင်း
(ဦးကျော်ဇံသာ- VOA၊ ဦးအောင်တင်၊ ဦးမင်းဇော်ဦး)

NLD ပါတီ EC (၉)ဦး ထပ်တိုးခြင်းဖြင့် မည်သို့ထူးခြားလာမည်နည်း
(ကိုထက်အောင်ကျော် DVB၊ အင်တာဗျူး)
(၁၇.၀၁.၂၀၁၀ နေ့ DVB ညဖက် ရေဒီယို အစီအစဉ်)

ဦးဘိုဘိုကျော်ငြိမ်း ရေးသားသော ဗိုလ်မှူးချုပ်ကျော်ဇော ဆောင်းပါး

Jan 16, 2010

လမ်းကြား သရဲ (နောက်ဆုံးပိုင်း)

ရေးသူ- စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်
တတ်သူများ၊ နှလုံးရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ
မဖတ်ရူရန် မေတ္တာရပ်ခံအပ်ပါသည်။)

ယခင် အပိုင်း(၄)မှ အဆက် ...

ရုတ်ရုတ်သဲသဲ ဖြစ်သံတွေကြောင့် သူတို့နေထိုင်ရာအလွှာရှိ နံဘေး
ခန်းက လူတွေလည်း အပြင်ထွက်ကြည့်ကြပါတယ်။ သူတို့လည်း
မသိချင်ယောင်ဆောင်ပြီး နေခဲ့ကြပါတယ်။ မိနစ်(၂၀) နီးပါး ၀ိုင်းပြုစု
အပြီးမှာ သတိလစ်သွားတဲ့ လူငယ်လည်း သတိပြန်ရလာပါတယ်။
အကြောက်လွန်နေသူရဲ့ ခန္ဓာကိုယ်ကို ဘုရားစင်က သောက်တော်ရေတွေ
စွန့်ပြီး ပက်ဖြန်းတဲ့သူက ဖြန်း၊ လည်ပင်းမှာ စိတ်ပုတီး ဆွဲပေးကြနဲ့
အလုပ်ရှုပ်ကြပါတော့တယ်။ သတိပြန်ရလာသူအား စိတ်ငြိမ်သွားရန်
ဆရာဝန်က ဆေးတစ်လုံး တိုက်လိုက်ပါတယ်။

အခန်းပိုင်ရှင် မိသားစုက အမှိုက်ပြစ်ရာ လမ်းကြားတွင် သူတို့အုပ်စု
ခေါစာပြစ်ခဲ့တဲ့ လင်ဗန်းနဲ့ ပြာမှုန့်တွေကို မနက်ကြမှ သန့်ရှင်းရေး
လုပ်လိုက်မယ်လို့ ပြောပါတယ်။ သူတို့ထဲကတချို့က အဲဒီနေရာကို
နောက်တစ်ခေါက် သွားကြည့်ချင်ကြောင်း ပြောကြပါတယ်။ သူတို့တတွေ
အခန်းအပေါက်ဝကနေ အဲဒီလမ်းကြားလေး ထိပ်ဆီ ထွက်ကြည့်ကြ
ပါတယ်။ တိုက်တစ်ခုလုံး တိတ်ဆိတ်နေပါပြီ။ ခုနက မီးပွင့်လာတဲ့
နံဘေးအခန်းတွေလည်း မီးတွေပိတ်ပြီး ပြန်အိပ်သွားပုံ ရပါတယ်။ သူတို့
နံဘေးအခန်းမှ အိမ်မြှောင်တစ်ကောင်ရဲ့ စူးစူးဝါးဝါး စုတ်ထိုးသံကြောင့်
သူတို့အားလုံး လန့်သလိုလို ဖြစ်သွားကြပါတယ်။ လက်က နာရီကို
ကြည့်လိုက်တော့ (၁)နာရီ ထိုးဖို့ မိနစ်အနည်းငယ် လိုပါသေးတယ်။

အခန်းအပေါက်ဝကနေ အမှိုက်ပြစ်ရာလမ်းကြားဆီကို သူတို့အားလုံး
ထပ်သွားကြဖို့ ချီတုံချတုံ ဖြစ်နေကြပါတယ်။ သူတို့အားလုံး လမ်းကြား
လေးဆီမှာ ဘာများ ဆက်ဖြစ်လာမလဲလို့ စိုက်ကြည့် နေကြပါတယ်။
အခန်းအားလုံးဆီကနေ အိမ်မြှောင်တွေရဲ့ ဆက်တိုက် စုတ်ထိုးသံကြောင့်
သူတို့ အရမ်းအံ့သြနေပါတယ်။ ရုတ်တရက် အမှိုက်ပြစ်ရာ လမ်းကြား
ထိပ်ရှိ မီးရောင်အောက်မှာ လူအရိပ်နှစ်ခုကို တွေ့လိုက်ရပါတယ်။ သူတို့
အားလုံး နည်းနည်း တွေးဝေသွားပါတယ်။ သူတို့ထဲက တစ်ယောက်က …
“ဖြစ်ချင်တာဖြစ် သွားကြည့်ကြရအောင်၊ အရမ်းကြီး ကြောက်မနေနဲ့”

ဒီလိုနဲ့ သူတို့အားလုံး ခပ်လန့်လန့်ဖြင့် လမ်းကြားထိပ်ကို အသွား၊
မရောက်တရောက်လောက်မှာ မီးရောင်အောက်က အရိပ်နှစ်ခုဟာ
သူ့အလိုလို ပျောက်သွားပြန်ပါတယ်။ သူတို့ထဲက တချို့လည်း
ဘောင်းဘီးက ခါးပတ်တွေ ဆွဲဖြုတ်ပြီး တစ်ခုခုဖြစ်လာရင် ခါးပတ်နဲ့
ရိုက်မယ့်ပုံစံ အသင့်ပြင်ထားပါတယ်။ အဲဒီအချိန်မှာ သူတို့ထဲက
လူငယ်တစ်ဦးမှ …
“ခုနက ဒီလမ်းထိပ်က ဟိုဟာ(ကလေးကစားစရာ) လေးရော”

လမ်းထိပ်ကို ပထမ တခေါက်အလာမှာ အတွင်းကနေ လွှင့်ပြစ်လိုက်တဲ့
ကလေးကစားစရာ အရုပ်ကားလည်း မတွေ့ရတော့ပါ။ လမ်းကြား
ရှေ့ကို အရောက်၊ အတွင်းကို ကြည့်လိုက်တော့ “ခေါစာ” ပြစ်ထားတဲ့
လင်ဗန်းလည်း မရှိတော့ပါ၊ အမှိုက်ပြစ်တဲ့ အပေါက်ဝအောက်မှာ
ကစားစရာ အရုပ်ကားလေး ရောက်နေတာကို တွေ့ရပါတယ်။ ပြာမှုန့်
တွေလည်း ပြန့်ကြဲနေပြီး နင်းပြီးလျှောက်ထားသလို လူခြေရာ ပုံစံ
အများအပြားကို တွေ့လိုက်ရပါတယ်။ လေး …. ငါးမိနစ်လောက်
ဟိုကြည့် ဒီကြည့်အပြီးမှာ သူတို့အားလုံး အခန်းရှိရာဆီ လှည့်ပြန်
ခဲ့ပါတယ်။ အိမ်ခန်းသို့ ရောက်လုဆဲဆဲမှာ အနောက်ဖက်မှ “တောက်”
ခေါက်သံ တစ်ခုကို ပီပီသသ ကြားလိုက်ရပါတယ်။ လှည့်ကြည့်လိုက်
တော့ ဘာမျှ မတွေ့ရပါ။ သူတို့အားလုံး အခန်းအတွင်းကို ၀င်ကြ
တော့မယ့်ဆဲဆဲမှာ လူတစ်ဦးရဲ့ ငိုရှိုက်သံလိုလို အသံ သဲ့သဲ့တချို့
ကို ကြားလိုက်ရပါတယ်။ နောက်တခေါက် သွားကြည့်ဖို့ သူတို့
မရဲတော့ပါ။

အလည်ရောက်နေသူတွေနဲ့ စကားတပြောပြောဖြင့် အိမ်ရှင်ဆရာဝန်
ပါ ဧည့်ခန်းထဲမှာ အိပ်ပျော်သွားပါတယ်။ အိမ်ရှင်ဖြစ်သူဟာ အိမ်မက်
မက်နေသလိုလို အပြင်တွင် တကယ်ခံစားနေရသလိုလို အိမ်မက်တစ်ခု
ကို မက်ခဲ့ပါတယ် …

ဆရာဝန်၊ ငယ်သူငယ်ချင်းဖြစ်သူနဲ့ “ခေါစာ” ပြစ်ခဲ့တဲ့ ဗလတောင့်တောင့်
လူငယ် သုံးဦးတို့ဟာ သူတို့ အိမ်ခန်းထဲမှာ ထိုင်ပြီး စကားပြောနေကြ
ပါတယ်။ အဲဒီအချိန်မှာ အပြင်က ဧည့်ခေါ် ခေါင်းလောင်းတီးသံ ကြား
ရပါတယ်။ တံခါးကို သွားဖွင့်ကြည့်တော့ အသက်လေးဆယ်ကျော်
အရွယ် လူကြီးတစ်ဦးနဲ့ အသက် ရှစ်နှစ် … ကိုးနှစ်အရွယ် ကလေးငယ်
တို့ကို တွေ့ရပါတယ်။ သူတို့က နံဘေးအခန်းမှာ နေသူများဖြစ်ကြောင်း၊
ပြောပြစရာ ရှိတယ်လို့ ပြောဆိုပြီး သူတို့နေထိုင်ရာ ကပ်လျှက် အခန်း
ထဲသို့ ခေါ်ဆောင်သွားပါတယ်။ အခန်းထဲ ရောက်ရောက်ချင်းမှာပဲ
ကလေးငယ်က သူတို့သုံးဦးကို အခန်းအတွင်းထဲရှိ ရေချိုခန်းကို
လက်ညှိုး ထိုးပြပါတယ်။ ရေချိုးခန်းအတွင်းကို ရောက်တော့ အိမ်သာ
အပေါ်ရှိ ရေဆွဲချရာ ရေပုံးထဲကို ပစ္စည်းတစ်ခုခု နှိုက်ယူပေးဖို့ လက်ဟန်
ခြေဟန်နဲ့ ပြပါတယ်။ ရေဆွဲချရာ ပုံးထဲကို နှိုက်ကြည့်လိုက်တော့
ပလပ်စတစ်နဲ့ သေသေချာချာ ထုတ်ပိုးထားတဲ့ ကလေးကစားစရာ
အရုပ်ကားလေးတစ်ခုကို တွေ့ရပါတယ်။ အဲဒီနောက် ကလေးငယ်က
အုတ်နံရံဖက်ကို လက်ညှိုးထိုးပြလိုက်ပါတယ်။ အုတ်နံရံဟာ တီဗွီမျက်နှာ
ပြင် တစ်ခုလိုဖြစ်လာပြီး သင်္ချိုင်းတစ်ခုကို မြင်နေရပါတယ်။ သင်္ချိုင်းထဲရှိ
လမ်းအကွေ့အကောက် အတော်များများကို ဖြတ်ကျော်အပြီးမှာ အုတ်ဂူ
တစ်ခုကို တွေ့ရပါတယ်။ ကလေးငယ်က ရေပုံးထဲမှာ ရရှိလာတဲ့ အရုပ်
ကားလေးကို အဲဒီအုတ်ဂူပေါ်မှာ ထားပေးဖို့ ပြသပါတယ်။ အဲဒီနောက်
ရုတ်တရက်ဆိုသလို နံရံပေါ်က မြင်ကွင်းရော ကလေးငယ်ပါ
ပျောက်ကွယ်သွားပါတယ်။

အဲဒီချိန်မှာ သူတို့သုံးဦးကို အခန်းအတွင်းသို့ ခေါ်ဆောင်လာတဲ့
လူကြီးဖြစ်သူက စကားပြောဖို့ ဧည့်ခန်းအတွင်းကို ခေါ်ဆောင်
သွားပါတယ်။ သူဟာ လွန်ခဲ့တဲ့ (၁၅)နှစ် နီးပါးက ဒီတိုက်မှာ
အလုပ်လုပ်ရင်း နေထိုင်တဲ့ မြန်မာပြည်သား တစ်ဦးဖြစ်ကြောင်း၊
အလုပ် လုပ်တဲ့ နေရာကနေ ကလေးကစားစရာ ပစ္စည်းတစ်ခုကို
ယူဆောင်လာမိကြောင်း၊ တနေ့တော့ အခန်းထဲမှာ သောက်ရင်း
စားရင်းကနေ မူးပြီး သူအိပ်ပျော်သွားကြောင်း၊ အဲဒီနောက် သူ
သတိလစ်သလို ဖြစ်သွားကြောင်း၊ သူ့ခန္ဓာကိုယ်ဟာ တစုံတယောက်
ရဲ့ ၀င်ရောက်ပူးကပ်ခြင်းကို ခံရပြီး အခန်းဖော်တွေနဲ့ အချင်းများ
ခဲ့ကြောင်း၊ နောက်ဆုံးမှာ သူ့အခန်းဖော် သူငယ်ချင်း အလုပ်သမား
များက သူ့ကို ရက်စက်စွာ သတ်ပြစ်ခဲ့ကြောင်း၊ သူ သေဆုံးပြီး
တစ်နှစ်ကျော်တဲ့ အချိန်မှာ မြန်မာပြည်ရှိ ကျန်ရစ်သူ သူ့မိသားစု
က ဘာသာရေးဆိုင်ရာ အမျှအတန်း ပေးဝေခဲ့ကြောင်း၊ သူ သေဆုံး
တဲ့ ဒီနေရာမှာ ယနေ့အချိန်အထိ ဘာသာရေးဆိုင်ရာ ဆောင်ရွက်မူ
များ လုံးဝ မလုပ်ရသေးကြောင်း၊ မြန်မာပြည်တွင် ကျန်ရစ်ခဲ့သော
သူ့သားသမီးများအနက် အကြီးဆုံးဖြစ်သူ သူ့သားလေးမှာ ယခုအခါ
ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲဖြင့် မိသားစုအား လုပ်ကျွေးနေရကြောင်း၊
သူ့အတွက် အမျှအတန်းပေးဝေဖို့နဲ့ သူ့သားအကြီးဆုံးလေးကို
ဒီနိုင်ငံမှာ တရားဝင်အလုပ်သမားအဖြင့် အလုပ် လုပ်ခွင့်ရဖို့
ကူညီပေးစေလိုကြောင်း ပြောပါတယ်။ မြန်မာပြည်ရှိ သူ့မိသားစု
ထံ ဆက်သွယ်ဖို့ ဖုန်းနံပါတ် တစ်ခုကိုလည်း ပေးပါတယ်။ အဲဒီနောက်
သူလည်း ပျောက်ကွယ်သွားပါတော့တယ်။
…… …… …

မနက်စောစောစီးစီး ဧည့်သည်တွေထဲမှ ငယ်သူငယ်ချင်းဖြစ်သူနဲ့
“ခေါစာ” ပြစ်ခဲ့တဲ့ လူငယ်တို့ နှစ်ဦး ညက အိမ်မက်ဆိုးများ မက်ကြောင်း
အိမ်ရှင် ဆရာဝန်ကို ပြောပြပါတယ်။ ဒီလိုနဲ့ နောက် (၂) ရက်ခန့်အကြာ
မှာ ဆရာဝန်ဖြစ်သူဟာ အလုပ်ထဲကနေ အိမ်ကို ပြန်လာခဲ့ပါတယ်။
အိမ်ရှေ့ သံတံခါးကို ဖွင့်အ၀င်မှာ သူ့နားထဲမှာ နံဘေးကနေ တစုံ
တယောက် တိုးတိုးလေး ကပ်ပြောသလို ခံစားလိုက်ရပါတယ်။ သူ့ကို
ပြောသွားတဲ့ စကားသံက …
“ညီလေး၊ မင်း ထီထိုးထားတာ … တိုက်ပြီးပြီလား …”
ရုတ်တရက် သူ ကြောင်သွားပါတယ်၊ နံဘေးကို ကြည့်လိုက်တော့လည်း
သူ့နံဘေး ပတ်ဝန်းကျင်မှာ ဘယ်သူကိုမျှ မတွေ့ရပါ။ ဒါနဲ့ သူလည်း
ထီထိုးခဲ့တာကို သတိရသွားပြီး တိုက်အောက်ထပ်ကို ပြန်ဆင်းခဲ့ပါတယ်။
တိုက်နံဘေးက အိန္ဒိယကုန်စုံဆိုင်အရှေ့ရှိ သတင်းစာအပုံမှာ သူ ထိုးထား
တဲ့ ထီနံပါတ်ကို ရှာဖွေလိုက်ပါတယ်။ သူ အရမ်းအံ့သြ သွားပါတယ်။
သူ့ သူငယ်ချင်း ရယ်စရာအဖြစ် ပြောခဲ့တဲ့၊ သူ့အိမ်မက်ထဲမှာ သရဲ
ပေးခဲ့တဲ့ တယ်လီဖုန်းနံပါတ်ရဲ့ နောက်ဆုံးဂဏန်းလေးလုံးဟာ ထီရဲ့
ဒုတိယဆုနေရာမှာ တွေ့လိုက်ရလို့ပါ။ ထီထိုးထားပေမဲ့ ထီပေါက်ဖို့
လုံးဝ မမျှော်လင့်ထားတဲ့ သူ့အဖြစ်ဟာ သူ့ကိုယ်သူ မယုံသလိုနဲ့
သတင်းစာပေါ်က နံပါတ်ကို ကြည့်လိုက် လက်ထဲမှာ ထိုးထားတဲ့
ထီ စာရွက်ကို ကြည့်လိုက်နဲ့ ဂနာမငြိမ် ဖြစ်နေပါတယ်။

အိမ်ရှင်ဆရာဝန်ဖြစ်သူဟာ သူ့မိသားစုကို ထီပေါက်ခဲ့တဲ့ အကြောင်း
စုံကို ပြောပြလိုက်ပါတယ်။ သူ့ဇနီးသည်နဲ့ မိခင်ဖြစ်သူတို့က ကွယ်လွန်
သွားသူအတွက် ဆွမ်းသွတ်အမျှ ပေးဝေဖို့၊ အိမ်မက်ထဲမှာ ပေးခဲ့တဲ့
ဖုန်းနံပါတ်ကို ဆက်သွယ်ကြည့်ဖို့ တိုက်တွန်းကြပါတယ်။ မယုံတ၀က်
ယုံတ၀က်နဲ့ အိမ်မက်ထဲက ဖုန်းနံပါတ်ကို သူ ဆက်သွယ်လိုက်ပါတယ်။
မြန်မာပြည်က တယ်လီဖုန်းပိုင်ရှင်မိသားစုရဲ့ အကူအညီပေးမှုကြောင့်
ကျန်ရစ်သူ မိသားစုနဲ့ သူ အဆက်အသွယ် ရခဲ့ပါတယ်။ သူဟာ လွန်ခဲ့
တဲ့ (၁၅)နှစ်လောက်က ဒီတိုင်းပြည်မှာ အလုပ်လာလုပ်ရင်း ကွယ်လွန်
ခဲ့သူနဲ့ ခင်မင်ရင်းနှီးသူ တစ်ဦးဖြစ်ကြောင်း၊ ကျန်ရစ်သူ မိသားစုကို
အကူအညီပေးချင်ကြောင်း ရှင်းပြလိုက်ပါတယ်။ နောက်ရက်တွေမှာ
သူ ထီပေါက်လို့ ရခဲ့တဲ့ ငွေတွေထဲက မြန်မာငွေ (၁၀) သိန်း တန်ဖိုးကို
လွှဲပို့ပေးလိုက်သလို ကွယ်လွန်သူရဲ့ သားအကြီးဆုံးဖြစ်သူကိုလည်း
ဒီတိုင်းပြည်မှာ တရားဝင် အလုပ်သမားအဖြစ် လာရောက်နိုင်အောင်
အစစ အရာရာ အကုန်အကျခံ ကူညီမယ်ဖို့ ကတိပေးလိုက်ပါတယ်။

အဲဒီရက်တွေ နောက်ပိုင်းမှာ ဆရာဝန်ဖြစ်သူဟာ သူ့အခန်းနဲ့
ကပ်လျှက်အခန်းက အခန်းပိုင်ရှင်တွေကို လိုက်လံစုံစမ်းခဲ့ပါတယ်။
အခန်းပိုင်ရှင် တရုတ်အဖွားကြီးဟာ အဲဒီအခန်းမှာ တခါတရံ
သာ လာနေလေ့ရှိကြောင်း နံဘေးခန်းတွေက ပြောပြကြပါတယ်။
ဒါနဲ့ အခန်းပိုင်ရှင် တရုတ်အဖွားအို ရှိရာဆီ သူ ရောက်ခဲ့ပါတယ်။
တရုတ်အဖွားအိုက ဆရာဝန်မိသားစုအခန်းနံဘေးရှိ သူ့အခန်း
ဟာ နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ သူ့သမီးနဲ့ သမက်တို့ ပိုင်ဆိုင်
တဲ့ အခန်းဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ (၁၅)နှစ် ပတ်ဝန်းကျင်က သူ့တို့
မိတ်ဆွေ တရုတ်လူမျိုးတစ်ဦးက သူ့ အလုပ်သမားများ နေထိုင်
ရန် ဌားရမ်းခဲ့ဖူးကြောင်း၊ အဲဒီနောက်တော့ အိမ်ဌားတွေ ခဏခဏ
ပြောင်းရွှေ့ကြကြောင်း၊ ဒါနဲ့ နောက်ပိုင်းမှာ ဘယ်သူကိုမျှ မဌားတော့
ပဲ သူ နေထိုင်ခဲ့ကြောင်း၊ ယခင်က ဘာမျှ မဖြစ်ခဲ့တဲ့ သူ့အခန်းဟာ
ညဖက်တွေမှာ သရဲခြောက်သလို ထူးထူးဆန်းဆန်းတွေ ဖြစ်ကြောင်း၊
ဒါကြောင့် ဘယ်သူကိုမျှ ထပ်မဌားတော့ပဲ တခါတရံ နေ့လည်ပိုင်းတွေ
မှာ သူ အလည်လာပြီး နေခဲ့ကြောင်း၊ ညဖက်မှာ မအိပ်ရဲတာကြောင့်
ယခုအခါ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းအဟောင်းများသာ ထားရှိသော
စတိုးခန်းအဖြစ် အသုံးပြုကြောင်း ရှင်းပြပါတယ်။

ဆရာဝန်ဖြစ်သူက တရုတ်အဖွားအိုအား လွန်ခဲ့သော (၁၅)နှစ်ခန့်က
အဲဒီအခန်းမှာ သူ့သူငယ်ချင်း အလုပ်သမားတစ်စု နေထိုင်ခဲ့ဖူးကြောင်း၊
သူတို့ထဲက တစ်ယောက်ဟာ အရက် အလွန်သောက်သောကြောင့်
လုပ်ငန်းခွင်ထဲမှာ ကွယ်လွန်ခဲ့ကြောင်း၊ ကွယ်လွန်သူ ပိုင်ဆိုင်ခဲ့တဲ့
ပစ္စည်းတစ်ခုဟာ အဲဒီအခန်းထဲမှာ ကျန်ရစ်ခဲ့ကြောင်း၊ သူ ဒီတိုက်ကို
ပြောင်းရွှေ့လာပြီး မကြာမဏဆိုသလို ကွယ်လွန်သူက အိမ်မက်ပေး
ကြောင်း၊ ဒါကြောင့် အဲဒီအခန်းထဲမှာ ကွယ်လွန်သူအတွက် ရည်စူး
ပြီး ဘာသာရေးဆိုင်ရာ ဆုတောင်းမေတ္တာပို့တဲ့ ပွဲတစ်ခု လုပ်ချင်
ကြောင်း ခွင့်တောင်းခံပါတယ်။ အခန်းပိုင်ရှင် အဖွားအိုကလည်း
ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့ပါတယ်။

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် တစ်ခုမှာ ဆရာဝန်မိသားစုနဲ့ ရင်းနှီးသူ
သူငယ်ချင်း မိတ်ဆွေများဟာ အဲဒီတိုင်းပြည်ကို ကြွရောက်နေတဲ့
မြန်မာဘုန်းတော်ကြီးတစ်ပါးကို ပင့်ဖိတ်ခဲ့ကြပါတယ်။ တရုတ်မိသားစု
ပိုင်ဆိုင်ရာ အခန်းအတွင်း ကွယ်လွန်သူအတွက် ရည်စူးပြီး ဆုတောင်း
မေတ္တာပို့သလို သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ အမှိုက်သွား
ပြစ်ရာ လမ်းကြားဆီမှာလည်း ပရိတ်တရား နာယူခဲ့ကြပါတယ်။
တရားပွဲအပြီး ဆရာဝန်နဲ့ သရဲခြောက် မခြောက်ကို စမ်းသပ်ခဲ့တဲ့
ငယ်သူငယ်ချင်းတို့ဟာ အဲဒီအခန်းထဲရှိ အိမ်သာအပေါ်မှ ရေဆွဲချရာ
ရေပုံးထဲကို ရှာဖွေ ခဲ့ကြပါတယ်။ ရေပုံးအတွင်းက ပလပ်စတစ်နဲ့
သေသေချာချာ ထုပ်ပိုးထားတဲ့ ကလေးကစားစရာ အရုပ်ကားလေး
တစ်စီးကို တွေ့ရှိပြီးတဲ့နောက်ပိုင်း သရဲတစ္ဆေ မယုံကြည်တဲ့ ဆရာဝန်
ဟာ သူ့အယူအဆကို စွန့်လွတ်လိုက်ပါတော့တယ်။

သူတို့နှစ်ဦးဟာ အရုပ်ကားလေးကို တရုတ်သင်္ချိုင်း တစ်ခုခုမှာ သွား
ထားပြစ်ဖို့ စိတ်ကူးကြပါတယ်။ ဒီလိုနဲ့ အဌားကားတစ်စီးကို ဌားပြီး
တရုတ်သင်္ချိုင်းတစ်ခုသို့ သွားရောက်ချင်ကြောင်း ကားသမားကို ပြော
ပါတယ်။ ကားသမားက ဘယ်သင်္ချိုင်းလဲလို့ မေးတော့ သူတို့နှစ်ဦး
လည်း တရုတ်သင်္ချိုင်းဖြစ်ရင် ပြီးရောလို့ ပြန်ဖြေခဲ့ပါတယ်။ ဒီလိုနဲ့
သူတို့နှစ်ဦး အဌားကားရဲ့ နောက်ခန်းကနေ လိုက်ပါခဲ့ကြပါတယ်။
ကားသမားက ရှေ့ခန်းမှာ ကားမောင်းနေရင်း တရုတ်လို ပြောနေပါ
တယ်။ သူတို့ကတော့ ကားသမား အဌားကားဌာနနဲ့ တရုတ်လို
ပြောနေတယ်လို့ပဲ ယူဆနေကြပါတယ်။ ကားဟာ နာရီဝက်နီးပါး
ကြာအောင် မောင်းနေချိန်မှာ သူတို့ စိတ်ထဲ ဒီကားသမား ပိုက်ဆံ
ပိုလိုချင်လို့ လှည့်ပတ်မောင်းနေတယ် ထင်မိပါတယ်။ ဒါကြောင့်
ကားသမားကို ဘယ်တော့ရောက်မလဲလို့ မေးလိုက်တော့ ကားသမား
က ခင်ဗျားတို့ သွားချင်တဲ့ နေရာကို မကြာခင် ရောက်တော့မှာပါလို့
ပြန်ဖြေပြီး တစ်ယောက်တည်း တရုတ်လို ဆက်ပြောနေပါတယ်။
ဒီလိုနဲ့ တရုတ်သင်္ချိုင်းကုန်းတစ်ခုရဲ့ ရှေ့မှာ ကားသမားက ကားကို
ရပ်ပေးလိုက်ပါတယ်။

သူတို့နှစ်ဦးလည်း တရုတ်သင်္ချိုင်းဝန်းထဲကို ရောက်ပြီး ဟိုအုတ်ဂူပေါ်
တင်ခဲ့ရင် ကောင်းနိုးနိုး ဒီအုတ်ဂူပေါ်မှာ ထားခဲ့ရင် ကောင်းနိုးနိုးနဲ့
သင်္ချိုင်း အလယ်က လမ်းမကြီးအတိုင်း ၀င်ခဲ့ကြပါတယ်။ ရုတ်တရက်
သင်္ချိုင်းလမ်းမကြီးရဲ့ လက်ဝဲဖက် တစ်နေရာကနေ လေချွန်သံကို
ကြားလိုက်ရပါတယ်။ ကြည့်လိုက်တော့ ကလေးငယ် တစ်ဦးက သူတို့ကို
လက်ယက်ပြီး ခေါ်နေပါတယ်။ ဒါနဲ့ ကလေးငယ်ရှိရာဆီ သူတို့ သွားကြ
ပါတယ်။ ကလေးငယ်ရဲ့ နံဘေးနားကို မရောက်ရှိခင် သူတို့ရဲ့ မျက်စိရှေ့
မှာပဲ ကလေးငယ်ဟာ ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ လှမ်းခေါ်
ခဲ့တဲ့ နေရာဆီကို ရောက်အောင်သွားကြည့်လိုက်တော့ သူတို့ အရမ်း
ထိန့်လန့်သွားပါတယ်။ အုတ်ဂူလေး တစ်ခုပါ။ အဲဒီအပေါ်မှာ သူတို့
“ခေါစာ” ပြစ်ခဲ့တဲ့ လင်ဗန်းကို တွေ့လိုက်ရပါတယ်။ သူတို့နှစ်ဦးလည်း
ယူဆောင်လာတဲ့ ကစားစရာ အရုပ်ကားလေးကို အုတ်ဂူပေါ်မှာ တင်ပြီး
ခပ်သုတ်သုတ် ထွက်ခွာခဲ့ကြပါတယ်။

တရုတ်သင်္ချိုင်းအပေါက်ဝကို ပြန်ထွက်လာတော့ အလာမှာ ဌားစီးခဲ့တဲ့
ကားနဲ့ ကားမောင်းသူကို တွေ့ရတာကြောင့် ကားဌားချင်ကြောင်း
ပြောပြီး ကားပေါ်သို့ တက်လိုက်ပါတယ်။ ကားပေါ်မှာ ဆယ်မိနစ်
ကျော်ကျော် ထိုင်နေတဲ့ချိန်အထိ ကားမမောင်းတာကြောင့် ကားသမား
ကို ဘာဖြစ်လို့ မမောင်းသလဲဆိုပြီး မေးကြည့်လိုက်တော့ ကားသမားက
“ဒီသင်္ချိုင်းဆီကို အလာမှာ ခင်ဗျားတို့ နှစ်ယောက်နဲ့ အတူတူ ပါလာ
တဲ့ ကောင်လေးရော ပြန်မလိုက်တော့ဘူးလား ….”
သူတို့နှစ်ဦး ကားတံခါးဖွင့်ပြီး ကားပေါ်ကနေ မပြေးရုံတမယ်
ပြန်ဆင်းတော့မလို ဖြစ်သွားပြီးမှ ….
“သူ ပြန်မလိုက်တော့ဘူး … လာခဲ့တဲ့နေရာကို အမြန်ဆုံး မောင်းပါ”


(ပြီးပါပြီ။)


Jan 13, 2010

လမ်းကြား သရဲ (၄)

ရေးသူ- စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်
တတ်သူများ၊ နှလုံးရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ
မဖတ်ရူရန် မေတ္တာရပ်ခံအပ်ပါသည်။)

ယခင် အပိုင်း(၃)မှ အဆက် ...

ဆရာဝန်မိသားစုက ဧည့်သည် သူငယ်ချင်းဖြစ်သူကို သူတို့အလွှာ
ရဲ့ အမှိုက်ပြစ်တဲ့ လမ်းကြားမှာ ညဖက် သရဲခြောက်ကြောင်း ရှင်းပြ
ကြပါတယ်။ နံဘေးခန်းက လူတွေဆိုရင် ညဖက်မှာ အဲဒီနေရာဆီ
အမှိုက်သွားမပြစ်ရဲသလို တတိုက်လုံးမှာ နေတဲ့ လူတွေလည်း အဲဒီ
ဖက် လှေကားကို ညဖက်မှာ အတက်အဆင်း မလုပ်ရဲကြောင်း ပြောပြ
ပါတယ်။ ဧည့်သည် သူငယ်ချင်းက သူ အလုပ် လုပ်နေတဲ့ စက်ရုံမှာ
သရဲတစ္ဆေခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာတွေမှာ စပ်စုစမ်းသပ်
ချင်တဲ့ လူငယ်အလုပ်သမားများ ရှိကြောင်း၊ ခွင့်ပြုမယ်ဆိုရင် သူတို့ကို
ခေါ်ဆောင်ပြီး အလည်လာချင်ကြောင်း ပြောပါတယ်။ အိမ်ရှင်မိသားစု
က အရမ်းဆူဆူညံညံ မဖြစ်ဘူးဆိုရင် အလည်လာခဲ့ဖို့ ဖိတ်ကြား
လိုက်ပါတယ်။

အဲဒီည တညလုံး အိမ်ရှင်ဖြစ်သူ ဆရာဝန်ဟာ အိမ်မက်ဆိုးတွေ
မက်ပြီး အိပ်ယာက လန့်လန့်နိုးပါတယ်။ အိမ်မက်ထဲမှာ သူ
တခါမျှ မတွေ့ဖူးတဲ့ လူတစ်ယောက်က သူ့ကို သင်္ချိုင်းကုန်းတစ်ခု
သို့ ခေါ်ဆောင်သွားပါတယ်၊ ပြီးတော့ အုတ်ဂူတစ်ခုကို လက်ညှိုး
ထိုးပြပြီး ကလေးကစားစရာ မော်တော်ကားတစ်ခု ရှာဖွေ လာထား
ပေးဖို့နဲ့ ဖုန်းနံပါတ်တစ်ခုကို ရွတ်ပြပြီး သူ့သားသမီးတွေကို
အကူအညီပေးဖို့လည်း ငိုပြီး ပြောပါတယ်။ အဲဒီအိမ်မက်အကြောင်း
ဆရာဝန်က ကျန်တဲ့သူတွေကို ပြောပြပါတယ်။

မနက်မိုးလင်းတော့ အိမ်ကိုပြန်မယ့် ဧည့်သည်ဖြစ်သူ ငယ်သူငယ်ချင်း
ကို ညက သူ မက်ခဲ့တဲ့ အိမ်မက်အကြောင်း ပြောပြပါတယ်။ သူငယ်ချင်း
ဖြစ်သူက …
“ဒါ မင်းကို ချဲထိုးဖို့ နံပါတ် ပေးတာနဲ့တူတယ်၊ အိမ်မက်ထဲမှာ သူ ပြော
သွားတဲ့ တယ်လီဖုန်းနံပါတ်ရဲ့ နောက်ဆုံးဂဏန်း လေးလုံးကို ဒီတိုင်းပြည်
က လေးလုံးထီမှာ သွားထိုးကြည့်ပါလား …”
လို့ ရယ်မောစရာ ပြောပါတယ်။
တခါမျှ ထီမထိုးဖူးတဲ့ ဆရာဝန်လည်း ထီဆိုင်မှာ သွားပြီး လေးလုံးထီ
ကို အရှေ့ ငါးကျပ်၊ အနောက် ငါးကျပ်ဖိုး ထီထိုးပါတော့တယ်။

နောက်တနေ့ ညနေမှာ သူငယ်ချင်းဖြစ်သူနဲ့ လူငယ်လေးယောက်တို့
သူတို့အခန်းကို အလည်ရောက်လာပါတယ်။ အလည်လာသူများက
သရဲခြောက်တဲ့ ကိစ္စကို လက်တွေ့စမ်းသပ်ကြည့်ချင်ကြောင်း ပြော
ကြပါတယ်။ ဘယ်လို စမ်းသပ်မှာလဲလို့ မေးကြည့်တော့ လူငယ်များက
သူတို့မှာ နည်းလမ်း (၂)ခုရှိကြောင်း၊ ပထမ နည်းက သရဲခြောက်တဲ့
နေရာဆီ သစ်သားခုံ တစ်ခု သယ်သွားမယ် … ပြီးတော့ အဲဒီ သစ်သားခုံ
ပေါ်မှာ လက်ဖ၀ါးတွေကို မှောက်ခုံအနေအထားနဲ့ ကားပြီး ဖြန့်
ထားရမယ် … လက်မချင်း ထိထားရမယ် .... လူတိုင်း အဲဒီပုံစံ
လုပ်ရမယ် … တစ်ဦးနဲ့ တစ်ဦး လက်သန်းချင်း ထိထားရမယ်
… ခုံအလယ်မှာ အသားစိမ်းတစ်ခုကို ခွက်တစ်ခုနဲ့ လုံအောင်အုပ်ပြီး
အဲဒီအပေါ်မှာ ဖယောင်းတိုင် ထွန်းထားရမယ် … နံဘေးမှာ ရပ်ကြည့်
နေသူ မရှိရဘူး … သရဲခေါ်တဲ့လူက လွဲရင် အစီအစဉ် စတဲ့အချိန်
ကနေ ပြန်ထွက်ဖို့ ပြောတဲ့အထိ ဘယ်သူမျှ စကားမပြောရဘူး
… လို့ ဆိုပါတယ်။

ဒုတိယနည်းကတော့ “ခေါစာ”ပြစ်ပြီး “ပြာ” ခင်းတဲ့ နည်းလို့ ဆို
ပါတယ်။ ဖိနပ်ကို ဘယ်ညာပြောင်းစီးရမယ် … အင်္ကျီကို ပြောင်းပြန်
ဝတ်သွားရမယ် … “ခေါစာ” သွားပြစ်မယ့် လူက “လိပ်ပြာ” ရင့်တဲ့သူ
(လုံးဝ အကြောက်အလန့် မရှိသူ) … လက်ပြန်အနေအထားနဲ့ ခေါစာ
ကျွေးမဲ့ လင်ဗန်းကို ချရမယ် … လင်ဗန်းရဲ့ နံဘေး ပတ်ပတ်လည်မှာ
“ပြာ”မှုန့်တွေ ခင်းရမယ် … ဟင်းအိုးအုပ်တဲ့ စလောင်းဖုံး တစ်ခုခုနဲ့
အသံထွက်အောင် တီးပြီး လာစားဖို့ ဖိတ်ရမယ် … ခေါစာ ပြစ်ထားတဲ့
နံဘေးကို ဘယ်သူမျှ မသွားရဘူး … နှစ်နာရီလောက်နေရင် လာ မလာ
ဆိုတဲ့ “ခြေရာ”တွေကို ပြာတွေပေါ်မှာ သွားကြည့်လို့ ရကြောင်း
ပြောပြကြပါတယ်။

ဒီလိုနဲ့ အိမ်ရှင် ဆရာဝန် အပါအ၀င် လူခြောက်ယောက်တို့ဟာ
သရဲ ရှိ မရှိကို စမ်းသပ်ဖို့ အလုပ်များကြပါတော့တယ်။ သူတို့တိုက်
နံဘေးရှိ တရုတ်မြေစိုက်နတ်စင်ကနေ အမွှေးတိုင်ကြောင့်
ကြွေကျထားတဲ့ ပြာမှုန့်တွေကို သွားယူကြပါတယ်။ နောက်ဖေး
မီးဖိုချောင်မှာ Gas မီးဖိုကို အသုံးပြုတာကြောင့် အိမ်တွေမှာ ပြာမှုန့်
ရှာဖို့ ခက်ခဲပါတယ်။ ဒါကြောင့် တရုတ်သတင်းစာတွေကို မီးရှို့ပြီး
“ပြာ” ရအောင် လုပ်ရပါတယ်။ သူတို့ စမ်းသပ်ဖို့ သဘောတူ ထားတဲ့
နည်းလမ်းက ဒုတိယ နည်းလမ်းပါ။ ပထမ နည်းကို သဘော
မတူကြပါဘူး။ ခေါ်လိုက်လို့ ၀င်လာရင်၊ ၀င်လာတဲ့ သရဲက သရဲ
ထက်ကြီးသော “သဘက်” ဆိုရင် အန္တရာယ်ရှိမှာ စိုးလို့ပါ။

ည (၉)နာရီ ကျော်ကျော်လောက်မှာ သရဲခြောက်တဲ့ အမှိုက်ပြစ်ရာ
လမ်းကြားဆီကို သူတို့ သွားကြပါတယ်။ “ခေါစာ” ပြစ်မဲ့ လင်ဗန်းထဲမှာ
စားစရာတွေ အပြင် လွန်ခဲ့တဲ့ ညက ဆရာဝန်ဖြစ်သူရဲ့ အိမ်မက်ထဲက
အတိုင်း ကလေးကစားစရာ အရုပ်ကားလေး တစ်စီးကိုပါ ထည့်
ယူလာကြပါတယ်။ အမဲသား၊ ၀က်သားဟင်းတွေ၊ ခေါက်ဆွဲကြော်
တွေနဲ့ ကလေးကစားစရာ မော်တော်ကားလေး တစ်ခု အပါအ၀င်
လင်ဗန်းအလယ်မှာ အမွှေးတိုင် သုံးချောင်းလောက်ကို မီးရှို့ ထိုးစိုက်
ကြပါတယ်။ ဗလတောင့်တောင့် လူငယ်တစ်ဦးက “ခေါစာ” ပြစ်တဲ့
အလုပ်ကို လုပ်ပါတယ်။ သူက “ခေါစာ” ထည့်ထားတဲ့ လင်ဗန်းကို
လက်ပြန်ပုံစံနဲ့ ချအပြီးမှာ ကျန်တဲ့သူတွေက အသင့်ယူဆောင်လာတဲ့
“ပြာမှုန့်”တွေကို လင်ဗန်းကနေ သုံးပေလောက်ရှိတဲ့ အကွာအဝေး
အထိ ခပ်ထူထူလေး ခင်းကြပါတယ်။ ပြာမှုန့်တွေ ဘယ်သူမျှ မနင်း
မိအောင် ဂရုတစိုက် ခင်းပြီးချိန်မှာ “ခေါစာ”ကျွေးသူက စလောင်းဖုံး
ကို ဟင်းမွေရာမှ အသုံးပြုတဲ့ ယောင်းမနဲ့ သုံးချက်လောက်တီးပြီး
ပါးစပ်ကလည်း “ဒီနေရာမှာ ရှိတဲ့၊ နေထိုင်နေတဲ့ မကျွတ်မလွတ်တဲ့
ပုဂ္ဂိုလ်များရှိရင် လာရောက်ပြီး အားရပါးရ စားသုံးကြပါ …” လို့
အသံခပ်အုပ်အုပ်နဲ့ သရဲ ခေါ်ပါတော့တယ်။

အဲဒီနောက် သူတို့ အားလုံး ဆရာဝန်မိသားစု နေထိုင်ရာ အခန်း
ပေါက်ဝဖက်ကို ပြန်လာခဲ့ကြပါတယ်။ နေထိုင်ရာ အခန်းပေါက်ဝ
ကနေ အမှိုက်ပြစ်ရာ လမ်းကြားထိပ်ကို လှမ်းကြည့်ရင် မြင်နေ
ရပါတယ်။ ဒါကြောင့် သူတို့ တစ်အုပ်စုလုံး အိမ်ခန်းထဲ ပြန်မ၀င်
ကြပဲ အခန်းပေါက်ကနေ လမ်းကြားထိပ်ကို မျက်ခြေမပျက်
စောင့်ကြည့်တာပါ။

ဒီလိုနဲ့ တစ်အုပ်စုလုံး စကားပြောလိုက် အိမ်ထဲက မိသားစု ကျွေး
မွေးတဲ့ မြန်မာပြည်က လာတဲ့ လဖက်သုတ်နဲ့ ရေနွေးကြမ်းတွေ
သောက်ရင်း စောင့်နေကြပါတယ်။ ည (၁၁)နာရီ ကျော်ကျော်
လောက်မှာ လှေကားကနေ တစုံတယောက် ပြေးတက်လာတဲ့
ခပ်ပြင်းပြင်းခြေသံတစ်ခုကို သူတို့ ကြားလိုက်ရပါတယ်။ ခြေသံ
ဟာ လှေကားကနေ သူတို့ အလွှာကို ကွေ့ဝင်လို့ရတဲ့ နေရာ
အရောက်မှာ လုံးဝ ရပ်သွားပြီး ရုတ်တရက်ဆိုသလို ကလေးငယ်
တစ်ဦးဟာ “ခေါစာ” ပြစ်ထားတဲ့ အမှိုက်သွားပြစ်ရာ လမ်းကြားထဲ
ဆီ ပြေးဝင်သွားပါတယ်။ ပထမတော့ စောင့်ကြည့်နေသူ အားလုံး
ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ သူတို့ထဲက တစ်ယောက်
က “ဒီကလေးက ဘယ်ကလဲ” လို့ ပြောလိုက်တော့မှ အားလုံး
သတိဝင်လာပြီး လမ်းကြားလေးဆီအပြေးအလွှား သွားကြည့်ကြ
ပါတော့တယ်။

အမှိုက်သွားပြစ်တဲ့ လမ်းကြားထိပ်ကို ရောက်ဖို့ ဆယ်ပေကျော်ကျော်
လောက်သာ အလိုမှာ လမ်းကြားထဲမှ တစုံတယောက်က အပြင်ကို
ပစ္စည်းတစ်ခု လွှင့်ပြစ်လိုက်ပါတယ်။ လွှင့်ပြစ်ခံရတဲ့ ပစ္စည်းကို သူတို့
အားလုံး ၀ိုင်းကြည့်လိုက်တော့ “ခေါစာ” ပြစ်ထားတဲ့ လင်ဗန်းထဲမှာ
သူတို့ထည့်ပေးထားတဲ့ ကလေးကစားစရာ မော်တော်ကားလေးပါ။
လမ်းကြားထိပ်ကို ရောက်ရှိသွားပြီး လမ်းအတွင်းကို ကြည့်လိုက်တော့
ဘယ်သူကိုမျှ မတွေ့ရပါ။ ခုနက ကလေး ဘယ်ပျောက် သွားသလဲလို့
ပဟေဠိဆန်ဆန်ဖြစ်နေချိန်မှာ သူတို့ထဲက တစ်ယောက်က …
“ဒီမှာကြည့် ပြာတွေပေါ်မှာ ခြေရာတွေ အများကြီးပဲ”

“ခေါစာ” ဗန်းထဲက အစား အစားတွေလည်း တစ်ယောက် ယောက်
စားသောက်ထားသလို ပုံပျက် နေပြီး နံဘေးမှာ ခင်းထားတဲ့ ပြာတွေ
ပေါ်မှာလည်း ခြေရာ အသေးတွေရော အကြီးတွေရော ရှုပ်ရှက်ခတ်
နေပါတယ်။ အဲဒီချိန်မှာ သူတို့ထဲက တစ်ယောက်က မျက်လုံးပြူး
မျက်ဆန်ပြူးနဲ့ အမှိုက်ထုပ် ပြစ်ချရာ အပေါက်ကို လက်ညှိုးထိုးပြီး
“ဟိုမှာ …ဟိုမှာ” လို့ အော်ပါတော့တယ်။ ကျန်တဲ့သူတွေ ၀ိုင်းကြည့်
ကြတော့ ဘယ်သူကိုမျှ မတွေ့ရပါဘူး။ ရုတ်တရက် သူတို့အားလုံး
ရဲ့ မျက်စိရှေ့က အမှိုက်ပြစ်တဲ့ အပေါက်ဝရှိ အနံ့ပြန်မတက်အောင်
ဖုံးကားပေးတဲ့ သံပြားဖုံးဟာ သူ့အလိုလို ပွင့်ပြီး ပြန်ပိတ်သွားပါတယ်။
“ဟိုမှာ .. ဟိုမှာ”လို့ အော်နေတဲ့ လူငယ်လည်း အော်ရင်း တန်းလန်း
နဲ့ လဲကျသွားပါတယ်။ တစ်အုပ်စုလုံး သတိမေ့သွားတဲ့ လူငယ်ကို
ပွေ့ချီပြီး အခန်း ရှိရာဆီ အမြန် သယ်ဆောင်ရပါတော့တယ်။


(ဆက်ရန်။)


Jan 12, 2010

လမ်းကြား သရဲ (၃)

ရေးသူ- စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်တတ်
သူများ၊ နှလုံးရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ မဖတ်ရူ
ရန် မေတ္တာရပ်ခံအပ်ပါသည်။)

ယခင် အပိုင်း(၂)မှ အဆက် ...

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ မြန်မာပြည်က ပြောင်းရွှေ့လာတဲ့
မိသားစုဟာ ယခင်က လူသတ်မှုဖြစ်ပွားခဲ့တဲ့ အခန်းနံဘေးက အခန်း
မှာ နေထိုင်ကြပါတယ်။ သူတို့မိသားစုမှာ ဆရာဝန် လင်မယား၊ သားသမီး
သုံးဦး၊ အဖွားဖြစ်သူတို့ ပါရှိတဲ့ လူခြောက်ဦးပါ။ သူတို့ ပြောင်းရွှေ့လာပြီး
လပိုင်းအတွင်း သူတို့အလွှာမှာ နေထိုင်တဲ့ တရုတ်မိသားစုတွေနဲ့
ခင်မင်ရင်းနှီးလာပါတယ်။ တရုတ်မိသားစုတွေဆီကနေ အမှိုက်ပြစ်တဲ့
လမ်းကြားမှာ ညဖက်ဆိုရင် သရဲခြောက်တယ်ဆိုတဲ့ သတင်းစကားကို
သူတို့ ကြားသိခဲ့ပါတယ်။

သူတို့ ကြားခါစက မယုံတ၀က် ယုံတ၀က်ပါ။ ခင်ပွန်းဖြစ်သူ ဆရာဝန်
က သရဲတစ္ဆေကို လုံးဝ မယုံကြည်သူပါ။ တနေ့တော့ အဲဒီတိုင်းပြည်မှာ
လာရောက် အလုပ် လုပ်နေတဲ့ ငယ်သူငယ်ချင်းတွေကို သူတို့ အခန်းမှာ
ညစား ခေါ်ကျွေးပါတယ်။ ညစား စားရင် အရက် သောက်ဖြစ်ကြပါ
တယ်။ ည တစ်နာရီ ပတ်ဝန်းကျင်လောက်မှာ အရက်ဝိုင်း သိမ်းပါတော့
တယ်။ ညစား စားပွဲကနေ အိမ်ပြန်ကြမယ့် သူငယ်ချင်းတွေကို အိမ်ရှင်
ဆရာဝန်နဲ့ နောက်တနေ့မနက်ကျမှ အိမ်ကိုပြန်မယ့် ငယ်သူချင်းတစ်ဦး
တို့က ကားဂိတ်အထိ လိုက်ပို့ကြပါတယ်။

ဒီလိုနဲ့ ငယ်သူငယ်ချင်းတွေကို အဌားကား(TAXI) ပေါ်တင်ပြီး တိုက်
ပေါ်ကို ပြန်တက်လာခဲ့ပါတယ်။ နှစ်ဦးစလုံး အနည်းငယ် မူးနေတာ
ကြောင့် သူတို့အခန်းရှိရာနဲ့ နီးကပ်တဲ့ လှေကားကနေ အပေါ်ထပ်
ကို တက်လာခဲ့ပါတယ်။ လှေကားအပေါ်ကို တက်ခါစမှာ အပေါ်က
စကားပြောနေသံလိုလို သူတို့ ကြားနေရပါတယ်။ သူ့တို့စိတ်ထဲ
မှာ သူတို့ နှစ်ဦးစလုံး မူးနေလို့ အိမ်ရှင် ဆရာဝန်မိသားစု အခန်း
တံခါး အပြင်ထွက်ပြီး စောင့်နေတာ ဖြစ်မယ်လို့ ထင်နေပါတယ်။

လှေကားကနေ သူတို့အလွှာထဲ ချိုးအကွေ့မှာ ရုတ်တရက်
နှစ်ဦးစလုံး ကြက်သီးတွေ ထ သွားပါတယ်။ မူးနေတာလည်း ပြေသလို
ခံစားလိုက်ရပါတယ်။ သူတို့ ခုနက ကြားနေရတဲ့ အသံကို သတိ
ရလိုက်ပါတယ်။ ဒါနဲ့ နံဘေးပတ်ပတ်လည်ကို လျှောက်ကြည့်
လိုက်တော့ အမှိုက်သွားပြစ်နေကြ လမ်းကြားထဲမှာ လူတစ်ယောက်
က ကျောပေးပြီး အမှိုက်ပြစ်တဲ့ အပေါက်ဝ အပေါ်က နံရံကို
လက်နှစ်ဖက်မြှောက်တွန်းလို့ ခပ်ကုန်းကုန်း ရပ်နေပါတယ်။
အဲဒီလူရဲ့ နောက်ဖက်မှာ ကလေးငယ်တစ်ဦးက ငိုနေပြီး ကျောပေး
ရပ်နေသူရဲ့ တင်ပါးကို တဖြန်းဖြန်းနဲ့ ရိုက်နေပါတယ်။ သူတို့ ရပ်လိုက်
တဲ့ ခဏလေးအတွင်းမှာပဲ ကလေးငယ်ဟာ သူတို့ဖက်ကို လှည့်ကြည့်
လာပါတယ်။ ကလေးရဲ့ မျက်လုံးနှစ်ဖက်ဟာ တော်တော်လေး ငို
ထားတဲ့ပုံစံမျိုးပါ။ မျက်လုံးတွေ ရဲရဲတောက်လို့။

ကလေးက သူတို့ကို မြင်မြင်ချင်း အံ့အားသင့်သလို ဖြစ်သွားပြီး စိုက်
ကြည့်နေပါတယ်။ ငိုနေတဲ့ ကလေးငယ်ကို ဆရာဝန်ဖြစ်သူက တချက်
ပြုံးပြပြီး သူ့တို့အခန်းဖက်ဆီ ထွက်ခဲ့ပါတယ်။ ခြေလှမ်း လေး …. ငါး
လှမ်းလောက် လှမ်းပြီးချိန်မှာ သူတို့ နောက်ကျောဖက်ကနေ အသံတစ်ခု
ကြားလိုက်ရပါတယ်။ “ညီလေးတို့” ဆိုတဲ့ အသံကို သူတို့နှစ်ဦး သေသေ
ချာချာ သဲသဲကွဲကွဲ ကြားလိုက်ရတာပါ။ ဒါနဲ့ နောက်ကို ပြန်လှည့်ကြည့်
တော့ နောက်မှာ ဘယ်သူကိုမျှ မတွေ့ရပါ။ သူတို့စိတ်ထဲ ဇဝေဇ၀ါ ဖြစ်ဖြစ်
နဲ့ အခန်းဆီ ဆက်မသွားသေးပဲ အခုလေးတင် ကျော်ဖြတ်ခဲ့တဲ့ အမှိုက်
ပြစ်တဲ့ လမ်းကြားဆီ နှစ်ဦးသား ပြန်သွားကြည့်ပါတယ်။ လမ်းကြားထိပ်
ကို ရောက်တော့ လမ်းကြားထဲမှာ ဘယ်သူကိုမျှ မတွေ့ရတာကြောင့်
အရမ်း အံ့သြသွားပါတယ်။ ခုနက ကျောပေးရပ်နေသူနဲ့ ကလေးငယ်တို့၊
ဒီလမ်းလေးထဲကနေ စက္ကန့်ပိုင်းလောက်သာ ရှိတဲ့ အချိန်အတွင်း
လျင်လျင်မြန်မြန်ကြီး ထွက်ခွာ ပျောက်ကွယ်သွားဖို့ဆိုတာ လုံးဝ
မဖြစ်နိုင်ပါဘူးလို့ အဓိပ္ပါယ်ရတဲ့ မျက်လုံးတွေနဲ့ တစ်ဦးနဲ့တစ်ဦး
ကြည့်မိလိုက်ပါတယ်။ အဲဒီအချိန်အထိ သူတို့နှစ်ဦးစလုံး သရဲခြောက်
ခံနေရတယ်လို့ သူတို့ကိုယ် သူတို့ မထင်သေးပါဘူး။

သူတို့နေထိုင်ရာ အခန်းရှေ့ရှိ ပထမ သံတခါးမှာ ခတ်ထားတဲ့ သော့
ခလောက်ကို ဖွင့်ရင်း အထဲကို အ၀င်မှာ သော့ခလောက်အိမ်က ကြမ်းပြင်
ပေါ် ပြုတ်ကျသွားပါတယ်။ အိမ်ရှင်ဆရာဝန်ဖြစ်သူက ပြုတ်ကျသွားတဲ့
သော့ခလောက်အိမ်ကို ကုန်းကောက်လိုက်ချိန်မှာ နံဘေးက ဧည့်သည်
သူငယ်ချင်းဖြစ်သူက …
“ဟိုနား ပုန်းနကွယ်ကနေ လူနှစ်ယောက် ခေါင်းလေးတွေ ထွက်ပြီး
ပြူးတစ် ပြူးတစ်နဲ့ ငါတို့ကို ကြည့်နေတယ်ကွ …”
လို့ ပြောပါတယ်။
အိမ်ရှင်ဆရာဝန်က လှမ်းကြည့်တော့ ဘာမျှ မတွေ့ရပါဘူး။
သော့ခလောက်ပြုတ်ကျသံ၊ သံတခါး ဖွင့်သံတွေကြောင့် အိမ်ထဲက
မိသားစုလည်း အတွင်း သစ်သားတံခါးကို ဖွင့်လာပါတယ်။ ဧည့်သည်
ဖြစ်သူက အိမ်ထဲက ထွက်လာတဲ့ မိသားစုကို ဒီတိုက်မှာ အခြား
မြန်မာ အလုပ်သမားတွေ စုပေါင်းနေထိုင်တဲ့ အခန်းများ ရှိသလား
လို့ မေးမြန်းစပ်စုရင်း အခန်းထဲကို ၀င်ခဲ့ကြပါတယ်။


(ဆက်ရန်။)

Jan 10, 2010

လမ်းကြား သရဲ (၂)

ရေးသူ- စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်တတ်
သူများ၊ နှလုံးရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ မဖတ်ရူရန်
မေတ္တာ ရပ်ခံအပ်ပါသည်။)

ယခင် အပိုင်း(၁)မှ အဆက် ....

အသတ်ခံရတဲ့ အလုပ်သမား မိသားစုဟာ မြန်မာနိုင်ငံအောက်ပိုင်းက
ကျေးရွာလေးတစ်ခုကပါ။ ဇနီးသည်နဲ့ သားသမီးငယ်သုံးဦး တို့ဟာ
အဲဒီသတင်းကို ချက်ချင်း မသိရှိခဲ့ကြပါဘူး။ သေဆုံးသွားသူရဲ့ ကလေး
ငယ်များဟာ ညစဉ်လိုလို အိမ်မက်ဆိုးတွေ မက်ခဲ့ကြပါတယ်။ သူတို့
ရဲ့ ဖခင်ဖြစ်သူဟာ ကစားစရာ မော်တော်ကားလေး တစ်ခုကို လက်
တစ်ဖက်မှာ ကိုင်ဆောင်ထားသလို အခြားလက်တစ်ဖက်မှာလည်း
အသားဖြူဖြူ ကလေးငယ်တစ်ဦး လက်ဆွဲပြီး သူတို့အိမ် အပေါက်ဝ
မှာ မျက်နှာငယ်ငယ်နဲ့ ရောက်လာတယ်လို့ အိမ်မက် မက်ကြပါတယ်။
အသတ်ခံရသူဟာ နှစ်လ တစ်ကြိမ် အိမ်ကို ပိုက်ဆံပို့တဲ့ အခါတိုင်း
သူ့မိသားစုထံ ဖုန်းဆက်လေ့ ရှိပါတယ်။ ကျန်ရစ်သူ မိသားစုလည်း
လကုန်ရင် တယ်လီဖုန်းဆက်မလားလို့ စောင့်မျှော် နေခဲ့ကြပါတယ်။

လူသတ်မှုကို ကျူးလွန်ခဲ့တဲ့ အလုပ်သမားတွေလည်း အဲဒီကိစ္စကို
ညီညွတ်စွာနဲ့ တိုးတိုးတိတ်တိတ်ပဲ နေခဲ့ကြပါတယ်။ ဒီလိုနဲ့ လူသတ်မှု
ဖြစ်ပွားပြီး နှစ်ပတ် သုံးပတ်လောက် ကြာတော့ သူတို့ ဌားရမ်း
နေထိုင်ရာ အဲဒီအဆောက်အဦးမှာ သတင်းတွေ ထွက်ပေါ်လာပါ
တယ်။ တိုက်တစ်ခုလုံးမှာ နေထိုင်သူ အများစုက ဒေသခံ တရုတ်
လူမျိုးတွေ ဖြစ်ပါတယ်။ ညဖက် အမှိုက်ထုပ်သွားပြစ်သူတွေကို သရဲ
ခြောက်ခံရတဲ့ သတင်းဟာ တဖြေးဖြေးချင်း လူပြော များလာပါတယ်။

လူသတ်မှုကို ကျူးလွန်ခဲ့တဲ့ အလုပ်သမားတွေထဲမှာ အသတ်ခံရတဲ့
အလုပ်သမားနဲ့ တရွာတည်း အတူတူ အလုပ်လာလုပ်သော အလုပ်
သမား တစ်ယောက်ရှိပါတယ်။ ထိုသူလည်း ညစဉ် အိမ်မက်ဆိုးတွေ
မက်ခဲ့ပါတယ်။ ညစဉ် အိမ်မက်ထဲမှာ အသတ်ခံရတဲ့ အလုပ်သမားက
သူ့ အတွက် ဘာသာရေးဆိုင်ရာ အမျှအတန်းပေးဝေဖို့ လာပြောတယ်
လို့ ဆိုပါတယ်။ ပြီးတော့ ကျန်ရစ်ခဲ့တဲ့ သူ့ပစ္စည်းတွေနဲ့ ပိုက်ဆံအချို့
ကို သူ့မိသားစုထံ ပို့ပေးဖို့လည်း အိမ်မက်ထဲမှာ လာလာပြောတယ်
လို့ ဆိုပါတယ်။ ဒါနဲ့ ကျန်တဲ့ အလုပ်သမားတွေလည်း သူတို့ သတ်လိုက်
တဲ့ အလုပ်သမားမိသားစုကို သနားပြီး ကျန်ရစ်ခဲ့တဲ့ သူ့မိသားစုထံ
နှစ်လ တစ်ကြိမ် စုပေါင်းပြီး ပိုက်ဆံ ပို့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အသတ်ခံရသူရဲ့ ရုပ်အလောင်းကို တစ စီ ခုတ်ထစ်ပြီး လွှတ်ပြစ်ခဲ့
တဲ့ အမှိုက်ပြစ်ရာ လမ်းကြားက သူတို့ နေထိုင်ရာ အလွှာမှာ နှစ်ဖက်
ရှိပါတယ်။ တိုက်ရဲ့ ဘေးအစွန်းနှစ်ဖက်မှာ အပေါ်ထပ်ကို တက်ရောက်
နိုင်တဲ့ လှေကားတွေ ရှိပါတယ်။ အမှိုက်ပြစ်တဲ့ လမ်းကြားဟာ လှေကား
နဲ့ ကပ်လျှက်မှာ ရှိပါတယ်။ သူတို့နေထိုင်ရာ အလွှာက နေထိုင်သူ
တွေ ညဖက်ဆိုရင် ဘယ်သူမျှ အမှိုက် သွားမပြစ်ရဲပါဘူး။ အဲဒီလှေကား
နံဘေးကို ညဖက်တွေမှာ ဘယ်သူမျှ မသွားရဲပါဘူး၊ အခြားအစွန်း
တစ်ဖက်မှာရှိတဲ့ လှေကားနဲ့ အမှိုက်ပြစ်တဲ့ လမ်းကြားကိုပဲ အသုံးပြု
ကြပါတယ်။ အဲဒီလမ်းကြားနဲ့ ကပ်လျှက် အခန်းက လူတွေကတော့
ညဖက်တွေမှာ လမ်းလျှောက်သံတွေ ကြားရတယ်၊ လူတစ်ယောက်
ဒေါသထွက်ပြီး “တောက်” ခေါက်လိုက်တဲ့ အသံ၊ ၀မ်းနည်းစွာနဲ့
ရှိုက်ကြီးတငင်ငင် ငိုကြွေးသံတွေ ကြားရတယ်လို့ ဆိုပါတယ်။

တိုက်မှာ နေထိုင်တဲ့ တရုတ်မိသားစုတွေက သရဲခြောက်တယ်လို့
နာမည်ထွက်လာတဲ့ အမှိုက်သွားပြစ်ရာ လမ်းကြားကို ပထမတော့
စာရွက်တွေ သွားကပ်ပါတယ်။ အဲဒီစာရွက်တွေက တရုတ်ဘုံကျောင်း
တွေမှာ ပေးဝေတဲ့ ဘာသာရေးစာ ရေးသားထားတဲ့ စာရွက်တွေပါ။
ဒါပေမဲ့ သရဲခြောက်တဲ့ ပြဿနာက ပြေလည် မသွားပါဘူး။ လူသတ်မှု
ကို ကျူးလွန်ခဲ့တဲ့ အလုပ်သမားတွေလည်း နောက် လေး …ငါးလ
အကြာလောက်မှ အဲဒီတိုက်ကနေ အခြားတစ်နေရာကို ပြောင်းရွှေ့
သွားပါတယ်။ သူတို့ လူသတ်မှု ဖြစ်ပွားပြီး တစ်နှစ်ကျော်ကျော် အကြာ
မှာ အသတ်ခံရသူရဲ့ မိသားစုထံကို လုပ်ငန်းခွင်မှာ မတော်တဆ
ဖြစ်ပြီး ကွယ်လွန်သွားကြောင်း အကြောင်းကြားခဲ့ပါတယ်။ မြန်မာပြည်
က မိသားစုလည်း ဘုမသိ ဘာမသိနဲ့ သူများပြောတာကို ယုံပြီး
လက်ခံလိုက်ရပါတယ်။ ရေခြားမြေခြားမှာ တရားမ၀င် နေထိုင်ပြီး
အလုပ်လုပ်နေရတဲ့ အလုပ်သမားတစ်ယောက်ရဲ့ သေဆုံးမှုမှာ
အလောင်းကို ပြန်သယ်ဆောင်ဖို့ဆိုတာ ခက်ခဲမှာပဲလို့ ကျန်ရစ်သူ
မိသားစုက မှတ်ယူခဲ့ပါတယ်။

သရဲခြောက်တဲ့ ဇာတ်လမ်းက မပြီးဆုံးခဲ့ပါ။ သရဲခြောက်တယ်လို့
နာမည်းကြီးနေတဲ့ အဲဒီတိုက်ကြီးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
တရားဝင်နေထိုင်ပြီး အလုပ် လုပ်ကိုင်ဖို့ မြန်မာပြည်က မိသားစု
တစ်စု ပြောင်းရွေ့လာပါတယ်။


(ဆက်ရန်။)


Jan 7, 2010

လမ်းကြား သရဲ (၁)

ရေးသူ- စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်တတ်
သူများ၊ နှလုံးရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ မဖတ်ရူရန်
မေတ္တာ ရပ်ခံအပ်ပါသည်။)

လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က အရှေ့တောင်အာရှရဲ့ အတိုးတက်ဆုံး
နိုင်ငံတစ်ခု၏ မြို့တော်ကြီးအစွန်းအဖျားက တရုတ်သင်္ချိုင်းကုန်းမှာ
တရားမ၀င် နေထိုင်ပြီး အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံမှ တိုင်းရင်းသား
အလုပ်သမားအုပ်စု တစ်အုပ်စု ရှိခဲ့ဖူးပါတယ်။ သူတို့က တရုတ်သင်္ချိုင်းရှိ
အုတ်ဂူတွေ ဆေးသုတ်တာတို့၊ မြက်ခင်းတွေ ပြုပြင်တာတို့၊ ပန်းပင်တွေ
အလှအပ မွမ်းမံတာတို့ လုပ်ရပါတယ်။

တနေ့ကျတော့ အလုပ်သမားတစ်ယောက်က တရုတ်သင်္ချိုင်းရှိ အုတ်ဂူ
တစ်ခုရဲ့ အပေါ်မှာ ကလေး ကစားစရာပစ္စည်း ခပ်ကြီးကြီးတစ်ခုကို
တွေ့ရလို့ အခန်းကို သယ်သွားပါတယ်။ နောက် သုံး … လေးရက် ကြာ
တော့ အုတ်ဂူနဲ့ ပက်သက်တဲ့ ကျန်ရစ်သူ တရုတ်မိသားစု ရောက်လာပြီး
ကွယ်လွန်သွားတဲ့ သူတို့သားလေး အုတ်ဂူပေါ်မှာ အမှတ်တရ တင်ထား
တဲ့ ကစားစရာ မော်တော်ကားလေး ပျောက်သွားကြောင်း တရုတ်သင်္ချိုင်း
ကို ပြုပြင်ရေး ကန်ထရိုက်ဆွဲထားတဲ့ တရုတ်သူဋ္ဌေးကို တိုင်ကြားပါတော့
တယ်။ ဒါနဲ့ တရုတ်သူဋ္ဌေးလည်း ဒေါပွပြီး မြန်မာအလုပ်သမား အားလုံးကို
နှစ်ပတ်တိတိ အလုပ်မဆင်းဖို့ အပြစ်ပေးပါတော့တယ်။

နှစ်ပတ်တိတိ အလုပ်ပြုတ်နေတဲ့ အလုပ်သမားတွေလည်း အလုပ်
ပြန် မဆင်းရခင် စပ်ကြား သူတို့ နေထိုင်ရာ အခန်းထဲမှာ နေ့တိုင်း
လိုလို သောက်ပွဲစားပွဲလေးတွေ လုပ်ပြီး နေခဲ့ကြပါတယ်။ အခန်းရဲ့
ပြင်ပ ဆိုလို့ တိုက်နံဘေးက စတိုးဆိုင်လောက်ပဲ သူတို့ သွားရဲ
ပါတယ်။ သူတို့ အားလုံးက အဲဒီနိုင်ငံမှာ တရားမ၀င် နေထိုင်ပြီး အလုပ်
လုပ်စားနေရတဲ့ ဘ၀တွေပါ။

အခန်းတံခါး ပိတ်ပြီး အခန်းထဲမှာ အရက် စုသောက်ကြတဲ့ အလုပ်သမား
တွေထဲမှာ အရက်နည်းနည်းလောက် သောက်ပြီးရင် သွေးဆူတတ်တဲ့
အလုပ်သမား တစ်ယောက် ရှိပါတယ်။ ထိုသူက အလုပ်သမားအားလုံး
နှစ်ပတ်တိတိ အလုပ်ပြုတ်ရတဲ့ တရားခံ အလုပ်သမားပါ။ တရုတ်သင်္ချိုင်း
ကလေးအုတ်ဂူပေါ်က ကစားစရာ မော်တော်ကားလေး ကို ယူလာတာ
လည်း သူပါပဲ။ အလုပ်ခဏ ပြုတ်လို့ အရက်သောက်လိုက် တီဗွီကြည့်
လိုက်လုပ်နေကြတဲ့ ညတညမှာ ကလေး ကစားစရာကို သင်္ချိုင်းက ယူလာ
တဲ့ အလုပ်သမားက အရက်သောက်ပြီး အရက်ဝိုင်းနံဘေးမှာ အိပ်ပျော်သွား
ပါတယ်။ အရက်သောက်နေကြတဲ့ အလုပ်သမားတွေဟာ အရက်သောက်
နေရင်း စကားသံကို ကျယ်ကျယ် မပြောရဲပါဘူး။ နံဘေးအခန်းတွေက
သူတို့ရဲ့ ဆူညံမှုကို ရဲစခန်းဆီ ဖုန်းဆက် တိုင်ကြားရင် သူတို့အားလုံး
တရားမ၀င် အလုပ်သမားဖြစ်နေတာကို ရဲက သိသွားမှာ စိုးလို့ပါ။

ဒီလိုနဲ့ နည်းနည်း ညဥ့်နက်လာချိန်မှာ အရက်ဝိုင်းနံဘေး အိပ်ပျော်နေတဲ့
အလုပ်သမားက နိုးလာပါတယ်။ ပြီးတော့ အိပ်ချင်မူးတူးနဲ့ အရက်တွေ
ကို တစ်ခွက်ပြီး တစ်ခွက် ယူသောက်ပါတယ်။ ထို့နောက် အရက်ဝိုင်း
ထဲက အခြားအလုပ်သမားတွေကို စကားသံ ဗလုံဗထွေးနဲ့ ယစ်ပါတော့
တယ်။ အဲဒါနဲ့လည်း မပြီးသေးပါဘူး၊ အိပ်ခန်းထဲက အိပ်ပျော်နေတဲ့
သူတွေကို ဇွတ်အတင်းနိုးပြီး ယစ်ပါသေးတယ်။ ပထမတော့ အားလုံးက
သူ့ကို မူးပြီး မယစ်ဖို့ ၀ိုင်းပြီး တောင်းပန်ကြပါတယ်။ ဘယ်လိုလိုပြောပြော
ပြောလို့ မရခဲ့ပါဘူး။ အမူးလွန်နေတဲ့ သူက နောက်ဆုံးမှာ နောက်ဖေး
မီးဖိုချောင်ထဲက အသားလှီး ဓါးကို ယူပြီး အားလုံးကို ခုတ်မယ် ထစ်မယ်
တကဲကဲ လုပ်ပါတော့တယ်။ အသံတွေဟာ တစထက်တစ ပိုဆူညံလာပြီး
ထိန်းမရအောင် ဖြစ်လာပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ အဲဒီအခန်းထဲက
အလုပ်သမားအားလုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါတယ်။

မူးပြီး ယစ်နေတဲ့ အလုပ်သမားကို သတ်ပြစ်လိုက်ပါတယ်။ သေသူရဲ့
ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ကြပါတယ်။ အဲဒီလို အပိုင်းပိုင်း
ဖြစ်အောင် ခုတ်ထစ်တဲ့ နေရာမှာ အခန်းရဲ့ ကြမ်းပြင်ပေါ်မှာ တင်ပြီး ခုတ်ထစ်
ရင် ဓါးမ’ကြောင့် ခုတ်သံတွေ ထွက်ပေါ်လာလို့ အောက်ခန်းက လူတွေ
သိသွားမှာကို သူတို့ စိုးရိမ်းကြပါတယ်။ ဒါကြောင့် လူသေအလောင်းကို
ဟိုဖက်တစ်ယောက် ဒီဖက်တစ်ယောက် အမြင့်မှာ မြှောက်ပြီး ခုတ်ထစ်
ကြပါတယ်။ အဲဒီနောက် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အမှိုက်ပြစ်ရာ
အသုံးပြုတဲ့ အိတ်အမဲရောင်တွေနဲ့ နှစ်ထပ် သုံးထပ် သေသေချာချာ ထုတ်ပိုး
ပါတယ်။ မနက် မိုးမလင်းခင် ဝေလီဝေလင်းမှာ လူသေအစိတ်အပိုင်းများ
ထည့်ထားတဲ့ အိတ်အမဲတွေကို သူတို့ နေထိုင်ရာ တိုက်အမြင့်ကြီး၏
အမှိုက်ပြစ်ရာတွင် အသုံးပြုသော *ဂလိုင်ပေါက်မှတဆင့် ပြစ်ချ ခဲ့ကြ
ပါတယ်။
(*ဂလိုင်ပေါက်= ကန်ထရိုက်တိုက်အပေါ်ထပ်တွင် နေထိုင်သူများ
အနေဖြင့် အမှိုက်ထုပ်များကို စွန့်ပြစ်ရာတွင် တိုက်အောက်ခြေသို့
ဆင်းစရာ မလိုပဲ အလွှာတိုင်းတွင် ရှိသော အမှိုက်ပြစ်နိုင်သည့်
အပေါက်တစ်ခု။)

(ဆက်ရန်။)

Jan 5, 2010

မိုးပြာဂိုဏ်း



ထိုအဖွဲ့၏ လှုပ်ရှားပုံမှာ သိုသိပ်ကြပါသည်။ မြန်မာနိုင်ငံတွင် ပြန့်ပွါးနေ
သော မြို့ကြီးများမှာ ရန်ကုန်၊ မန္တလေး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား၊
မိုးညင်း၊ မိုးကောင်း၊ ပဲခူတိုင်း တောင်ငူ၊ ပြည် စသည်တို့တွင် အများ
အပြား ပြန့်နှံ့နေပါသည်။

ပစ္စုပ္ပန်ကမ္မ၀ါဒီဘက် အဓိက ဂိုဏ်းခေါင်းဆောင်

၁။ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာပုရုသျှ (ဘုရား)၊
ခေါင်းဆောင်ကြီး (ခ)သျှင်မိုးပြာ (ခ) ရှင်မိုးပြာ (ခ) အရှင်ဥာဏ (ခ) ရှင်ဥာဏ
(ခ) ဥာဏ (ခ) ဓမ္မ၀ိဟာရီ (ခ)ဓမ္မ၀ိဟာရီ အရှင်ဥာဏ (ခ) ဓမ္မ၀ိဟာရီ ရှင်ဥာဏ
(ခ) ဓမ္မ၀ိဟာရီ ဥာဏ (ခ)ဓမ္မ၀ိဟာရီ ရှင်မိုးပြာ (ခ) ဘကြီး ၀ိဟာရီ (ခ) အနုပါဒါ
(ခ) ဗောဓိဥာဏ (ခ)မောင်ဥာဏ်ထက်

၎င်း အမည်များသည် ဂိုဏ်းခေါင်းဆောင်ကြီး တဦးတည်းသာ ဖြစ်ပါသည်။

-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ်
(၂၀)၊ မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မ၀ါဒ
ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။


၂။ ဓမ္မ၀ိဟာရီ ရှင်ဂုဏ
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊
မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မ၀ါဒ
ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။

၃။ ဓမ္မ၀ိဟာရီ ရှင်ဇဋိလ
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊
မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မ၀ါဒ
ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။

၎။ ဓမ္မ၀ိဟာရီ ရှင်နာဂ
-ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊
မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မ၀ါဒ
ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။

၅။ ဓမ္မ၀ိဟာရီ ဒေါ်သီလနန္ဒီ
-ရန်ကုန်မြို့ မြောက်ဥက္ကလာပ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ အမှတ် (၂၀)၊
မိုးပြာခြံ။
-မန္တလေး၊ ရန်ကင်းတောင်ခြေ၊ အနုပါဒါယဉ်ကျေးမူတရားဌာန၊ ပစ္စုပ္ပန်ကမ္မ၀ါဒ
ဗုဒ္ဓဘာသာ၊ မိုးပြာခြံ၊
-မန္တလေး၊ အရှေ့ ရိုးမအခြေ၊ မိုးပေါက်ကျချောင်၊ မိုးပြာကျောင်း။
(ဤငါးဦးတို့သည် မူလဖြစ်သူများ၊ ဂိုဏ်းထောင်သူများ ဖြစ်ကြပါသည်)

ဆက်လက်လေ့လာရန် လင့်ခ်များ-
http://dhammaanalysis.multiply.com/reviews/item/24
http://www.sbay-student.org/2009/11/blog-post_27.html

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၁၆)

16

Jan 3, 2010

သခင်ကိုယ်တော်မှိုင်း၏ စာပေစာရင်း

မြန်မာနိုင်ငံတစ်ခုလုံးရဲ့ လွတ်လပ်ရေး၊ တိုင်းတပါး၏ ကိုလိုနီ
လက်အောက်ခံအဖြစ်မှ လွတ်မြောက်ရေးအတွက် ဦးဆောင်
တိုက်ပွဲ ၀င်ခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရေးသား
ပြုစုခဲ့သည့် စာအုပ်စာတမ်းများ၏ မှတ်တမ်းစာရင်း ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှ ကိုအောင်စောဦးတို့ ထုတ်ဝေဖြန့်ချီ
ခဲ့သော ဒေါက်တာ သခင်ကိုယ်တော်မှိုင်း (၁၈၇၆- ၂၀၀၆) နှစ်
(၁၃၀) ပြည့် အထူးထုတ်မှ ထပ်ဆင့်ကူးယူ ဖော်ပြပါတယ်။ မိတ္တူ
ကို စကန် ပြန်ဖတ်ထားသောကြောင့် ဖတ်ရူရာတွင် မကြည်မလင်
ရှိခဲ့ပါက ခွင့်လွှတ်ကြပါ။

-ဤနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

thakhinkotaw