Feb 22, 2010

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် သရဲခြောက်နေပြီလော (ဘလော့ ၂-နှစ်ပြည့်)

ဘလော့ ၂-နှစ်ပြည့်

“သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းနဲ့ တကွ
ကွယ်လွန်သူ သမိုင်းပညာရှင်အားလုံး ကောင်းရာ သုဂတိ
ရောက်ရှိကြပါစေ”

အခု (၂၄၊ ၂၊ ၂၀၁၀)နေ့မှာ ကျနော့် “ပျူနိုင်ငံ” ဘလော့လေး
သက်တမ်းအားဖြင့် ()နှစ်ပြည့်ခဲ့ပါပြီ။ ကျနော့်ကို ဘလော့လုပ်ဖြစ်
အောင် တိုက်တွန်းခဲ့ကြတဲ့ ကိုမိုးမောင်မောင် (အော်စလို၊ နော်ဝေးလ်)၊
ကျနော့်ဘလော့ကို လူသိများအောင် ကူညီပံ့ပိုးပေးကြတဲ့ အကိုကြီး
ဦးအေးဝင်း (မာယာမဂ္ဂဇင်း)ကိုသက်ဦး တို့ကို များစွာကျေးဇူး
တင်ပါတယ်။ ကျနော့်ဘလော့ကို ဦးစွာပထမ လင့်ခ်ချိတ်ပြီး အခြား
သူများ သိအောင် ကူညီခဲ့ကြတဲ့ ကိုအောင်သာငယ်ကိုလူသစ်
မကေသွယ်နဲ့ ဘလော့ဂါ ညီအကို မောင်နှမ အားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်။ ကျနော့် စာမျက်နှာမှာ စာလာဖတ်ကြသော၊
လမ်းကြုံလို့ ၀င်ရောက်ကြည့်ရူ အားပေးသူ အပေါင်းကို ကျေးဇူး
တင်ကြောင်း ပြောပါရစေ …. ။

ဘလော့ ()နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောက်က ပို့စ်ကို
ရေးသား ဖော်ပြလိုက်ပါတယ်။ ဒီပို့စ် ရေးသားရာမှာ သတင်းအချက်
အလက်များကို စေတနာနဲ့ ၀ိုင်းဝန်းကူညီ ရှာဖွေပေးတဲ့ သူက
အကိုတစ်ယောက်လို ခင်မင်ရင်းနှီးသော ကိုဒူကဘာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် သရဲခြောက်နေပြီလော

ရေးသူ- စစ်ငြိမ်းဒီရေ

(ထိတ်လန့်ကြောက်ရွံ့တတ်သူများ သတိဖြင့် ဖတ်ရူကြပါ။)



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား
ရှိစဉ်က နေထိုင်ခဲ့သော ဗဟန်းမြို့နယ်၊ တာဝါလိန်လမ်း ခြံအမှတ်
(၂၅) ကို ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အဖြစ် ပြုလုပ်ခဲ့သည်မှာ
လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းကပါ။ ထို ဗိုလ်ချုပ်အောင်ဆန်း
ပြတိုက်တွင် သရဲခြောက်လန့် ခံရသည် ဖြစ်စဉ် အချို့ ရှိခဲ့ဖူးကြောင်း
ယဉ်ကျေးမှု ၀န်ကြီးဌာန၊ နိုင်ငံတော်ပိုင် ပြတိုက်များနှင့် ဗိမ္မာန်များ ပြုပြင်
ထိန်းသိမ်း စောင့်ရှောက်ရေး ဌာနခွဲ၏ မှတ်တမ်းတချို့နှင့် စစ်အစိုးရ
ထောက်လှမ်းရေး ဌာန တစ်ခုဖြစ်သော SB (Special Branch) တို့၏
လျှို့ဝှက် အစီရင်ခံစာ တချို့တွင် ရှိခဲ့ဖူး ပါတယ်။

ဗိုလ်ချုပ် ပြတိုက်အဖြစ် ရှိနေသော ထို ခြံဝန်းအတွင်း၌ ဗိုလ်ချုပ်အိမ်၊
ကားဂိုဒေါင်တို့အပြင် မ.ဆ.လ အစိုးရလက်ထက်တွင် ယဉ်ကျေးမှု
ဝန်ကြီးဌာန နိုင်ငံတော်ပိုင် ပြတိုက်များနှင့် ဗိမ္မာန်များ ပြုပြင်ထိန်းသိမ်း
စောင့်ရှောက်ရေး ဌာနမှ ၀န်ထမ်းများ နေထိုင်ရန် အလုပ်သမား
တန်းလျား (၂)ခုနှင့် အရာရှိ နေအိမ် လုံးချင်း အဆောက်အဦး တစ်ခုကို
ထပ်မံ တိုးချဲ့ ဆောက်လုပ် ခဲ့ပါတယ်။ အလုပ်သမား တန်းလျား (၂) ခု
ကို ဗိုလ်ချုပ် ပြတိုက် ခြံဝန်းအတွင်းသို့ ၀င်ဝင်ချင်း ကားဂိုဒေါင်၏ အနီး
တွင် ဆောက်လုပ်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ရှိရာ ကုန်းမြင့်၏
အနောက်ဖက် တစ်နေရာတွင် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အဆင့်မြင့်
ညွှန်းကြားရေးမှူး အဆင့် နေထိုင်ရန် လုံးချင်းအိမ် တစ်အိမ်ကိုပါ
တည်ဆောက် ခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ် မတိုင်ခင် ကာလများ၌ အဆိုပါ ဗိုလ်ချုပ်ပြတိုက်ခြံဝန်း
အတွင်း နေထိုင်ကြသော ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ၀န်ထမ်းများ
သည် ယင်းပြတိုက် ခြံဝန်းအတွင်း နေထိုင်မှုတွင် မပျော်ရွှင်ကြောင်း၊
အခြားတနေရာသို့ ရွှေ့ပြောင်းချင်ကြောင်း နီးစပ်ရာ မိတ်ဆွေ သဂ်ဟ
များထံ မကြာခဏ ရင်ဖွင့် ပြောဆိုခဲ့ကြပါတယ်။ မည်သည့်အတွက်
ကြောင့် မပျော်မရွှင် ဖြစ်ရခြင်းကို မေးမြန်းသောအခါ အဖြေကို တိတိ
ကျကျ မပေးနိုင်ပဲ ဖြစ်နေကြပါတယ်။ ထိုသတင်းစကားများ၏ အဖြေကို
ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပြောဆိုခဲ့သော ၀န်ထမ်းတစ်ဦး၏ ဇနီး
သည်က …

“ကျမတို့ ပြောပြရမှာ အရမ်းခက်ပါတယ်၊ ဒီပြတိုက်က သာမန်ပြတိုက်
မဟုတ်ဘူး၊ တစ်နိုင်ငံလုံး၊ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေ အတော်များများ
ရိုသေ ချစ်ခင်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးရဲ့ အိမ်ပါ၊ ဒါပေမဲ့
ဒီအိမ်ကြီးမှာ တခုခုတော့ မဟုတ်သလိုပဲ၊ ပထမတော့ ကျမတို့ မယုံ
ကြပါဘူး၊ အပြင်မှာလည်း ထုတ်မပြောရဲဘူး၊ အိမ်ထဲကို တစ်ယောက်တည်း
မသွားရဲဘူး၊ ညဖက်တွေဆိုရင် အရိပ်တွေ မြင်နေရတယ်၊ အပေါ်ထပ်က
ပရိဘောဂ အဟောင်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ နေ့ခင်းဘက် သွားတဲ့
လက်သမား (၂) ယောက်ဆိုရင် သတိတောင် မေ့သွားတယ်၊ အပြင်မှာ
အဲဒီသတင်း လျှောက်ပြောရင် ထောက်လှမ်းရေးက ပြင်းပြင်းထန်ထန်
အရေးယူလိမ့်မယ်လို့ ကျမတို့ အထက်အရာရှိက ပြောတယ် …။

သူမက ဆက်လက်၍ …
လက်သမား(၂) ယောက် သတိလစ်သွားတော့ ၀န်ထမ်းတွေကြားမှာ
သတင်းက တားမရဘူး၊ ဒါနဲ့ ထောက်လှမ်းရေးက လူတွေ ရောက်
လာတယ်၊ သူတို့ အဲဒီအိမ်မှာ တညလုံး လာနေမယ် ပြောတယ်၊
မိုးတောင် မလင်းသေးဘူး၊ မျက်စိပျက် မျက်နှာပျက်နဲ့ သူတို့အားလုံး
ကျမတို့ အခန်းတံခါးကို လာခေါက်တယ်၊ သူတို့ ပြောတာက ကုလား
ကြီး တစ်ယောက်တဲ့၊ အရပ်က တော်တော် ရှည်တယ်၊ (၆) ပေ ကျော်
လောက် ရှိတယ်၊ အပေါ်ထပ်က ဆင်းလာတာ၊ ရုတ်တရက် ဆိုတော့
သူတို့ အားလုံး ကြောင်သွားတယ်၊ ပြီးတော့ အဲဒီ ကုလားကြီးက
အပေါ်ထပ်ကို ပြန်တက်သွားသတဲ့၊ ဒါနဲ့ အားလုံး အပြေးအလွှား
အပေါ်ကို တက်ကြည့်ကြတာပေါ့၊ အပေါ်ထပ်ရောက်တော့ ဘာမှ
မရှိဘူး၊ အဲဒီအချိန်မှာ အောက်ထပ်က ငိုသံ ကြားရပြန်ရော၊ ဒါနဲ့
အောက်ထပ်ကို ပြေးဆင်းလာတော့ ကုလားမ ၀၀ကြီး တစ်ယောက်
တဲ့ ကုလားမတွေ ခြုံတဲ့ ဆာလီတစ်ခု ပတ်ထားတယ်တဲ့၊ ငိုပြီး အိမ်ထဲ
ကနေ ထွက်သွားတယ်၊ ဒါနဲ့ သူတို့အားလုံး နောက်က လိုက်ကြသေး
တယ်၊ တံခါးဆီ ရောက်တော့ တံခါးက သော့ခတ်ထားတယ်၊ ကုလား
မ ၀တုတ်ကြီးက ဘယ်လို အပြင်ကို ထွက်သွားသလဲ မသိဘူးတဲ့။
ဒီခြံက ဗိုလ်ချုပ်တို့ မနေခင်က ကုလားတွေ နေတဲ့ ခြံပါ၊ ဟိန္ဒူတို့
မူစလင်တို့မှာ ဒီသဘောမျိုးတွေ ရှိ မရှိဆိုတာ ကျမလည်း မပြော
တတ်ဘူး” ဟု ရှင်းပြပါတယ်။



၁၉၈၈ ခုနှစ် ပတ်ဝန်းကျင် နှစ်များအတွင်း အာဇာနည်နေ့ နီးကပ်သော
နေ့များ၌ ထောက်လှမ်းရေး အချို့လည်း အလားတူ ဖြစ်ပျက်ခဲ့ကြပါတယ်။

ထောက်လှမ်းရေး အုပ်စုက စုစုပေါင်း (၁၀) ယောက်ကျော်ပါ၊ အောက်
ထပ်က ထမင်းစားခန်း တစ်ခုတည်းမှာပဲ သူတို့ အိပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်၊
ဂျူတီလာတဲ့ သူတွေထဲမှာ ဂစ်တာတီးတတ်တဲ့ သူတွေက ဂစ်တာတွေ
သယ်လာလို့ ဂစ်တာ (၂)နှစ်လက်နဲ့ ဟိုသီချင်း ဆိုလိုက်၊ ဒီသီချင်း ဆို
လိုက် လုပ်နေတုန်း အပေါ်ထပ်က ဆူဆူညံညံ အသံတွေ ကြားရတယ်၊
ဒါနဲ့ အားလုံး အပေါ်ကို တက်ကြည့်တော့ ကုမလားမ အပျိုအရွယ်လေး
တွေ (၂)ယောက် သတ်ပုတ်လုံးထွေး နေတာကို တွေ့ရတယ်၊ ဒါနဲ့
သူတို့လည်း “မင်းတို့ ဘယ်သူတွေလဲ …” မေးလိုက်တော့ စကား
တောင် မဆုံးဘူး သူတို့ ရှေ့တင် ပျောက်သွားတာ၊ သူတို့ အားလုံး
ပြတိုက်အိမ်ကြီးမှာ မအိပ်ရဲတော့ဘဲ ခြံနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့
“ရွှေကြက်ယက်” ဘုန်းကြီးကျောင်းမှာ နေရာပြောင်းပြီး ဂျူတီ စောင့်ခဲ့
ကြပါတယ်။

ဒီအဖြစ်အပျက် သိုးသိုးသဲ့သဲ့ ထွက်လာချိန်မှာ အုပ်ချုပ်ရေး အာဏာ
ပိုင်များနဲ့ ဆွေးမျိုးတော်စပ်တဲ့ နာမည်ကြီး အဆိုတော် တစ်ယောက်
က လုံးဝ မယုံကြည်ဟု ဆိုပြီး သွားရောက် စမ်းသပ်ခဲ့ပါတယ်။

သူက သူ့သူငယ်ချင်းတွေကို ခြံစည်းရိုးနဲ့ ကပ်လျှက်က ၀န်ထမ်းတွေ
ဆီမှာ ထားခဲ့ပါတယ်၊ သူ တစ်ယောက်တည်း ပြတိုက် နေအိမ်သော့ကို
ယူပြီး၊ ထွက်ခွာသွားပါတယ်၊ (၄၅) မိနစ်လောက်ကြာတော့ ချွေးတလုံး
လုံးနဲ့ သူ ပြန်ပြေးလာပါတယ်။ သူ ပြန်ပြောပြပုံက …၊ အိမ်ထဲကို စ’၀င်
လိုက်ပါတယ်၊ အောက်ထပ်က မီးတွေ အကုန်လုံး ဖွင့်ကြည့်တယ်၊
အပေါ်ထပ်ကို တက်မယ်အပြုမှာ သူဖွင့်ထားတဲ့ မီးတွေက ပိတ်လိုက်
ပြန်လင်းလိုက် ဖြစ်လာပါတယ်၊ ဒါနဲ့ မီးခလုတ်ဆီကို ကြည့်လိုက်တော့
ဘာမျှ မရှိပဲ သူ့အလိုလို တချောက်ချောက် ဖြစ်နေတာကို တွေ့ရတယ်၊
အခန်းအားလုံးမှာ အဲလို ဖြစ်နေပြီး နှာခေါင်းထဲမှာ ကွမ်းယာနံ့
မွှေးနေအောင် အနံ့ရပါတယ်၊ အဲဒီအချိန်မှာ လှေကားအတိုင်း
အပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းလာတဲ့ လမ်းလျှောက်သံ
တစ်ခုကို သူ ကြားလိုက်ရတယ်၊ “ဘယ်သူလဲလို့” မေးတော့ ပြန်
ဖြေသံ ထွက်မလာဘူး၊ ဒါနဲ့ သူလည်း အပြင်ကို အမြန်ပြေးထွက်
ခဲ့တယ်လို့ …. သိရပါတယ်။

သမိုင်းနောက်ခံ …

ဗိုလ်ချုပ်အောင်ဆန်းဇနီးသည်ဖြစ်သူ ကွယ်လွန်သူ ဒေါ်ခင်ကြည်၏
တူမ ၀မ်းကွဲ တော်စပ်သူ တစ်ဦးရဲ့ ငယ်စဉ်ဘ၀ အတွေ့အကြုံ
တွင်လည်း …
အဲဒီ အိမ်ကြီးက အရင် ကုလားသူဋ္ဌေး အိမ်ကြီးလို့ အရပ်က
ပြောကြတာ … ဟုတ်မယ်၊ ဝက်သားဟင်း ချက်ပြီဟေ့ ဆို
အိမ်နောက်က မီးဖိုချောင်ထဲ လူမရှိရင် ဝက်သားဟင်းအိုးဖုံး
ဖွင့်သံလိုလို ဗြောင်ဆန်နေအောင် ကြားနေရတာပဲ၊ ကျမတို့က
ကလေးတွေမို့ လားမသိ ဘာမှ မတွေ့ခဲ့ မကြားခဲ့ရဖူး။
ဟု ဆိုပါတယ်။

နောက်ဆက်တွဲ သတင်းအချို့ …

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အာရှ
တော်ဝင်ဆေးခန်းတွင် ဆေးဝါးကုသမှု မခံရယူခင် ရက်အနည်းငယ်
အလိုက အဆိုပါ ဗိုလ်ချုပ်ပြတိုက်အတွင်းသို့ စစ်အစိုးရ အာဏာပိုင်
များ ၀င်ထွက် သွားလာမှု အများအပြား ပြုလုပ်ခဲ့ကြောင်း ၀န်ထမ်း
အချို့က ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကျန်ရစ်သူ မိသားစုဝင်
များ ကံနိမ့်စေရန် ရည်ရွယ်၍ ပရောဂ အောက်လမ်းနည်းတချို့ကို
ဗိုလ်ချုပ်ပြတိုက်အတွင်း စီရင်ခဲ့ကြောင်း စစ်အာဏာပိုင်များနှင့် နီးစပ်
သော အသိုင်းအ၀ိုင်းက ဆိုပါတယ်။

လောလောဆယ် …



မျိုးဆက်ပေါင်း များစွာတို့၏ အကျိုးစီးပွားအတွက် သက်စွန့် ကြိုးပမ်း
ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ ပြတိုက်ကို (၁)နှစ်တွင်
ရက်အနည်းငယ်လောက်သာ ဖွင့်လှစ်ပြသခြင်းဖြင့် ဗိုလ်ချုပ်ပြတိုက်
သည် နေ့ခင်းကြောင်တောင်တွင် လူသူကင်းမဲ့ပြီး သရဲခြောက်သလို
ဖြစ်နေဆဲပါ …။


မှီငြမ်း။ ။
ကျမ သိတဲ့ မစုတို့ဝန်းကျင်” (ချစ်တဲ့မနောမြေဘလော့)။


(မှတ်ချက်။ ။
ပြောပြခဲ့သူအပေါင်း၏ ဘ၀လုံခြုံရေးအတွက် ယင်းအဖြစ်အပျက်
များရဲ့ ခုနှစ်၊ ရက်စွဲ အတိအကျကို မဖော်ပြနိုင်ပါ။ -စာရေးသူ …)


17 comments:

Anonymous said...

အပေါ်မှာ ရေးသွား ခဲ့ တဲ့ အတိုင်း အဖော်အပေါင်း လေးနဲ့ ခေါ်ပြီး သွား ကြည့် ချင်တယ် ဟုတ် မဟုတ် ..
အခု မှ ကြားဖူးတယ် ကိုအောင် .... ဝေ မျှ ပေးတာ ကျေးဇူး တင်ပါတယ် ... ကိုအောင် တယောက် ကျန်းကျန်းမာမာ နဲ့ စာမေးပွဲ တွေ ကို ချောချောမောမော ဖြေဆို အောင်မြင် ပြီး ပျော်ရွှင် စွာ
ဘလော့ဂင်း နိုင် ပါစေ ...

mie nge

Nge Naing said...

ကိုအောင်ရေ Happy blog birth day ပါ။ စာကောင်းကောင်းလေးတွေ များများ ဆက်ရေးနိုင်ပါစေ။

မြန်မာပြည်ကို ပြန်ရောက်ခဲ့ရင်တော့ ဗိုလ်ချုပ်ပြတိုက်တွေကို ပထမဦးဆုံး သွားဖို့ စဉ်းစားထားပါတယ်။ စိတ်ဝင်စားစရာ တခါမှ မကြားဖူးတဲ့ ဗိုလ်ချုပ်ပြတိုက် သရဲခြောက်တဲ့ အဖြစ်တွေကို သိရတာ ကျေးဇူးတင်ပါတယ်။

momiji said...

တခါမှကြားဖူးဖူး။
ငယ်ငယ်က ခဏခဏရောက်တယ်
ဖေဖေလိုက်ပို့လို့

kiki said...

စိတ်ဝင်စားစရာ ကောင်းလိုက်တာ ကိုအောင်ရေ..
ဗိုလ်ချုပ်ပြတိုက်ကို ငယ်ငယ်တုံးက ၂ ခါရောက်ဖူးတယ် ။ ပြည်သူအားလုံးရဲ့ တကယ့်ဗိုလ်ချုပ် ရဲ့ ဘာအဆောင်အယောင် မှမရှိတဲ့အိမ်ကြီးတလုံးမှာ ရှေးခေတ်ကုတင်ကြီးတလုံး ၊ဗိုလ်ချုပ်ဝတ်ခဲ့တဲ့ စစ်ဝတ်စုံနဲ့ ၊တိုက်ပုံ ခေါင်းပေါင်း ..အဲ့တာ အနည်းအကျဉ်းလောက်ပဲ မှတ်မိတော့တယ် ။

ကုလားသရဲတွေက အရင်တည်းက ရှိနေခဲ့တယ်ဆိုရင် ဗိုလ်ချုပ်တို့ မိသားစု ရှိစဉ်မှာ သူတို့ ကိုဘာမှ အနှောက်အယှက်မပေးခဲ့ကြလို့ ဖြစ်မှာနော် ။နောက်ဆက်တွဲဇာတ်လမ်းများအကြောင်းလည်း သိချင်ပါသေးတယ် .. ဥပမာ ... အဲ့ဒီ ခြံကြီးကိုရော .. ဟို ပုဂ္ဂိုလ်ကြီးပိုင်ဆိုင်သွားပြီလား ဆိုတာမျိုးပေါ့ ..း)

Kay said...

စိတ်ဝင်စားစရာပဲ ကိုအောင်ရေ...

ဘလော့ ၂ နှစ် ပြည့် အတွက် လည်း..ဆက်လက် ရေးသားဖို့..တိုက်တွန်း အားပေး သွားပါတယ်။း)

နေဇော်လင်း said...

အခုလို မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်ဗျ ...

Anonymous said...

ဒါမျိုး များများရေးဗျာ..
ြ ကြိုက်တယ်။ ဟုတ်ဟုတ်မဟုတ်ဟုတ်။
ဖတ်ကောင်းတယ်

YoungGun said...

လျှို့ဝှက်သဲဖို ဆန်လိုက်တာဗျာ။ အခွင့်အရေးများ ရမယ်ဆို ဂန်းနားတို့ တစ်ရက်လောက် သွားအိပ်ချင်ပါပေ့။ အော် ဒါနဲ့ ဘလောံ၈် ၂ နှစ်ပြည့်ကနေ .. နှစ်ပေါင်း နှစ်ရာအထိ ဆက်ရေးနိုင်ပါစေဗျာ။

Vigor said...

Read from A-Z, love your well written post. Thanks for sharing.

ကလူသစ် said...

ဘလော့ဂ်ဂါဘိုးဘိုးဘ၀ရောက်တဲ့အထိ ဂင်းနိုင်ပါစေဗျား

ဒူကဘာ said...

စာရေးကောင်းသူမို့ ၂နှစ်မှသည် နောင်..နှစ်များစွာဆီ ဘလော့ဂ္ဂင်းနိုင်ပါစေ.....။

ရွှေရတုမှတ်တမ်း said...

ကိုအောင်ရေ..စိတ်ဝင်စားစရာပဲ..အဆုံးသတ်ပုံလေးလှတယ်..
၂ နှစ်သားဆိုတော့ အတွေ့အကြုံများပြီလေ...း)))

မေအိခင်(လယ်ဝေး) said...

ဇွဲကောင်းကောင်းနဲ့ မောင်းနှင်နေစဲ မို့  အစဉ်အားပေးလျက်

မေဓာဝီ said...

ဗိုလ်ချုပ်ပြတိုက်က ကျမတို့အိမ်နဲ့ နီးတယ်။ ဒါပေမဲ့ သရဲခြောက်တဲ့အကြောင်းတော့ တခါမှမကြားဖူးဘူး။ အချက်အလက်အပြည့်အစုံ ဖော်ပြပေးတာ ကျေးဇူးပဲ ကိုအောင်ရေ။ အဲလို သရဲခြောက်တာ ထောက်လှမ်းရေးကလဲ သိနေမှ ပရိတ်တို့ ကမ္မ၀ါတို့ ဘုန်းကြီးတွေနဲ့ မရွတ်ကြဘူးလား နော်။

ကိုအောင်ဘလော့လေး ၂ -နှစ်တောင် ရှိသွားပြီနော်။ ၀မ်းသာတယ် ကိုအောင်ရေ ... ကျမလာဖတ်တာ နောက်ကျသွားတယ်။ ရှေ့ဆက်ပြီး စဉ်ဆက်မပြတ် စာတွေရေးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

(ကိုအောင်တဂ်ထားတာလဲ ရေးပါမယ်၊ ခရီးသွားစရာရှိလို့ ပြန်လာရင် ရေးမယ်နော်)

ဂျူနို said...

သရဲခြောက်တယ်တဲ့လား။ လူသူအ၀င်အထွက် မရှိ ခြုံနွယ် ပိတ်ပေါင်းတွေနဲ့မို့ ထင်တယ်။ ၂နှစ်ပြည့်ပြီကိုး ကိုအောင်က။ သွားပေါက်ပြီ လမ်းလျှောက်ပြီပေါ့။

ကိုချစ်ဖေ said...

ကိုသန်းရွှေတို့ လူစုကဗျား ဗိုလ်ချူပ်အမွေအနှစ် အမှတ်တယကို မှေးမှိန်လာအောင် မဟုတ်တရုတ်တွေလုပ်ပြီး နောက်....လူကြောက်များလာပြီး မလာကြည့်တော့အောင်လုပ်နေတာများလား..
လူစုပြီး သွားစောင့်ကြည့် ဗွီဒီယိုမှတ်တမ်းတင်ရင်ကောင်းမယ်ဗျ....
တယောက်ထဲတော့ မသွားရဲ..ဟဲ..

vanko said...

မင်္ဂလာပါ ကိုအောင်ရေ..။ မရောက်ဖြစ်တာလဲကြာပေါ့။ ဘလော့လေး ၂ နှစ်သားအရွယ် ကျန်းကျန်းမာမာနဲ့ ရောက်လာပြီဆိုတော့ ဝမ်းသာပါတယ်ဗျာ။
ဗိုလ်ချုပ်ပြတိုက်ကိုတော့ ကျွန်တော် တစ်ခါမှ မရောက်ဖူးသေးဘူးဗျာ။ မြန်မာပြည်ပြန်ရောက်တဲ့အချိန် (ပြတိုက်လည်းဖွင့်ခဲ့ရင်ပေါ့လေ) သွားကြည့်ချင်ပါတယ်။ သရဲခြောက်တယ်လို့တော့ တစ်ခါမှ မကြားမိခဲ့ဘူးဗျ။ လွတ်လပ်ရေးဖခင်ကြီးရဲ့ သမိုင်းဝင် အိမ်ကို ပြုပြင်ထိန်းသိမ်းမှု မရှိသလောက်နဲ့ လူတွေမေ့လျော့နေလောက်အောင် လုပ်ထားတာကိုတော့ စိတ်မကောင်းဘူးဗျာ။ နောက်ဆို 'ဗိုလ်တေဇ' နေခဲ့တဲ့အိမ် တေဇလက်ထဲရောက်သွားမှာတောင် စိုးမိတယ်။