Jan 31, 2009

မှားတဲ့ဘက်မှာ


ရေးသူ- စစ်ငြိမ်းဒီရေ

ကျနော် စာအုပ်ဟောင်းတချို့ကို ဖတ်ရူရန် ကြော်ငြာမိသည်။
ခက်သည်က ကျနော့်ဘလော့တွင် တင်ပြရန် ခက်သည်။
မူပိုင်ခွင့် ဆိုတာကလည်း ရှိပါသည်။ ကျနော်လည်း လက်ခံသည်။
ပြည်ပရောက် ကျနော်အပါအ၀င် စာပေ စိတ်ဝင်စားသူများ၏ ဒုက္ခက မသေးလှပါ။
လွန်ခဲ့သော ခြောက်နှစ်ခန့်က ကျနော့်မိတ်ဆွေ တစ်ဦး ရန်ကုန်သို့ ရောက်ခဲ့သည်။
ရှားပါး စာအုပ်များ သို့မဟုတ် ပြန်လည်ထုတ်ဝေရန် မြန်မာနိုင်ငံ၏ စာပေ စီစစ်ရေး
ဆင်ဆာက ခွင့်မပြုသော စာအုပ်များထဲက စာအုပ်တချို့ကို ကျနော့် မိတ်ဆွေက
ဝယ်ယူရန် စာအုပ်ဈေးနှုန်းကို မေးသည်။ ဈေးလျှော့ပေးရန် တောင်းဆိုသော အခါ
စာအုပ် ရောင်းသူက …..
“အမ ပိုက်ဆံရှိရင် ရွှေဝယ် ၀တ်ပါ။ ဒီစာအုပ်ကို လိုက်ရှာလို့မရနိုင်”
အိပ်မက်တစ်ခုကို မက်ဖို့ ဇွတ်အတင်း တည်ဆောက်သည်။
….. …. …..

အိပ်မက် တစ်ခုကို မက်မိသည်။
…. အိမ်မက်ထဲမှာ ….
ကွယ်လွန်သူ စာပေပညာရှင် စာရေးဆရာကြီးများ၏ ကျန်ရစ်သူ မိသားစုများသည် စီးပွား
ရေး အသင့်အတင့်သာ ရှိကြသည်။ ထိုကြောင့် သူတို့၏ ကွယ်လွန်ခဲ့ရှာသော မိဘများ၏

စာပေများကို ပြန်လည် ထုတ်ဝေရန် ကြိုးစားကြသည်။ သို့သော် စာပေစီစစ်ရေးက စစ်ဆေး
နေသည်မှာ လေး၊ငါးနှစ် မကတော့ပါ။

ထို ကွယ်လွန်သူ စာပေပညာရှင်ကြီးများ၏ စာပေများကို တန်ဖိုးထားသူတို့ကလည်း
အဆင့်မြင့် နည်းပညာဖြင့် အီးဘွတ် (E-books) များ လုပ်ပြီး မူပိုင်ခွင့်ကို မချိုးဖောက်
ချင်ကြပေ။ စာပေတန်ဖိုးထားလိုသူ၊ စာပေမိတ်ဆွေများမှာလည်း အခက်အခဲများစွာ
ရှိပါသည်။ စာအုပ်တစ်အုပ်ကို ဖြစ်စေ၊ အတွဲလိုက်ကို ဖြစ်စေ သယ်ဆောင်ရမှုမှာ
စာအုပ်ဖိုးထက် စရိတ်က ကြီးနေသည်။ တခါတရံ စစ်ဆေးရေးက များနေသည်။

အဖြေတော့ ရှိပါသည်။ “စာမူခ” ကို စာပေ ချစ်သူများဘက်က ပေးနိုင်သည် ဆိုပါတော့။
များများစားစားတော့ မဖြစ်နိုင်ပါ။ အတိုင်းအတာတစ်ခုတော့ ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်
ဆိုသော် စာအုပ်ထုတ် ရောင်းစားလိုသော ရည်ရွယ်ချက် လုံးဝ မရှိပါ။ စာချစ်သူ အချင်းချင်း
ဖြန့်ဝေလိုမှု သက်သက်သာ ဖြစ်သည်။ သို့သော် မူပိုင်ရှင်ဘက်က လက်မခံရဲသော ပြဿနာ
က ဖြစ်လာပြန်သည်။ သွားတွေ့ပြန်တော့လည်း တံခါးပိတ်ထားသည်။ မခက်ပေဘူးလား။

တချို့လည်း လက်ရဲ ဇာတ်ရဲဖြင့် အီးဘွတ်တွေ လုပ်ကြသည်။ အဲလိုတော့ မလုပ်ချင်ပါ။
ကျန်ရစ်သူ မိသာစုများ၏ ခံစားခွင့်ကို နားလည်ပါသည်။ ရှိလည်း ရှိသင့်ပါသည်။
ဒီလိုဆိုရင် အဖြေက ဘာလဲ ……

အမှောင်သည် မှောင်သည်ထက် ပို၍ မှောင်လာသော အခါ ကိုယ့်မျက်နှာ၊ ခန္ဓာကိုယ်
အစိတ်အပိုင်းတို့ကို ပြန်မမြင်ရတော့ပါ။ အားလုံးသည် လှသူ၊ ချောသူများဟု သတ်
မှတ်လျှင် မှန်သည်ဟု ပြောသံကို ထောက်ခံရမလို၊ လက်ခုတ်တီးရမလို ဖြစ်လာလေ
သည်။

လွတ်လပ်ရေးဆိုတာ ဘာလဲ ….
မြေအောက်တော်လှန်ရေးသမားတွေက ဘာတွေ လုပ်ခဲ့သလဲ ….
အိုင်ယာလန်က ဆင်ဖိန်း ဖွဲ့စည်းပုံနဲ့ တို့ဗမာအစည်းအရုံး မြေအောက်ဖွဲ့စည်းပုံဟာ
ပုံစံတူ သလား ….
ဂျပန်ပြည်မှာ စစ်ပညာ သွားသင်ခဲ့တဲ့ သခင်လူငယ်တွေက မသွားခင်က သူငယ်ချင်း
အရင်းအချာ တွေလား ….
ဒုတိယမြောက် ရဲဘော်သုံးကျိပ် ဆိုတာ ဘယ်သူတွေလဲ ….
ပဲခူးဈေးထဲမှာ ပထစ အစိုးရလက်ထက်က ဒညင်းသီးတွေ ဈေးတက်ခဲ့တဲ့ နေ့တစ်နေ့ …
“ဇော်၊မော်၊သင်း” ဂိုဏ်းဆိုတာ သိချင်တယ်၊ ဖတ်ဖူးချင်တယ် ….
“နေ၊နတ်၊မင်း” ဂိုဏ်းဆိုတာ သိချင်တယ်၊ ဖတ်ဖူးချင်တယ် ….
“ကတ္တီပါ လမ်းခွဲ” ဘယ်လိုစဖြစ်တယ် ဆိုတာလဲ သိချင်ပါတယ် …
“ကော်ဖီ ခါးခါး” အမည်တူ ပြဿနာ လည်း သိပါရစေ …
“ညမွှေးပန်း” ပိုင်ရှင်တွေအကြောင်း သိပါရစေ …
“မျက်သွယ်” စာသား အမှုအခင်းအကြောင်း သိပါရစေ …
ဆရာ စိန်ခင်မောင်ရီက “သင်္ကြန်မိုး” ဇာတ်လမ်းမှာ “အတုမရှိကျောင်းကြီး”ကို ဘာလို့
တစ်ယောက် မဟုတ် တစ်ယောက် လူလွှတ်ပြီး မပြောခိုင်းတာလဲလို့ မေးခွန်းထုတ်
တာကို သိပါရစေ ….

…. အိပ်မက်က ရုတ်တရက် လန့်နိုးလာတယ် ….

ရေကို တ၀ကြီး သောက်ပြစ်လိုက်တယ် ….
ကျနော့် အိပ်မက်က …. မှားတဲ့ဘက်မှာ …

(ဤမျှသာ။)

Jan 29, 2009

ဧရာဝတီမြစ်များ


ရေးသူ-
စစ်ငြိမ်းဒီရေ

လွန်ခဲ့သော နှစ်ပေါင်းများစွာက “ဧရာဝတီ” ဟု ခေါ်ဆိုသော မြစ်နှစ်ခု ရှိခဲ့ပါသည်။

Ravi.jpg

တစ်ခုက ပါရူရှနီ (Parushani) ခေါ် ဧရာဝတီ (Iravati) မြစ် ဖြစ်ပါသည်။ ယင်းမြစ်သည်
ယခုအခါ အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံပြီး ပါကစ္စတန်နိုင်ငံထဲသို့ စီးဝင် ပါသည်။ ထိုမြစ်ကို
ရှေးယခင်က ဧရာဝတီဟု ခေါ်ကြပါသည်။ ယခုအခါ ထိုမြစ်၏ ပတ်ဝန်းကျင်တွင် နေထိုင်
သူတို့၏ ဘာသာတရား ကိုးကွယ်မှုအရ “ရာဝီ” (Ravi)ဟု ခေါ်ကြပါသည်။



Irrawaddy.jpg

နောက်ထပ် ဧရာဝတီမြစ် တစ်ခုမှာ မြန်မာပြည် မြောက်ပိုင်း၌ အခြေခံ၍ တောင်ပိုင်းရှိ
အိန္ဒိယ သမုဒ္ဒရာ အတွင်းသို့ စီးဝင် ပါသည်။

အထက်ပါ ဧရာဝတီမြစ်များသည် ရေစီးသော မြစ်များဖြစ်၍ ….
အောက်ပါ ဧရာဝတီမြစ်များက သင့် ကိုယ်ပိုင်စာကြည့်တိုက်တွင် ရှိသင့်ပါသည်။

scan0002.jpg

“ကျွန်တော်သည် ပန်းချီဘက်၌ စိတ်မကုန်ပေ။ တခါတရံ အပျင်းပြေ ရေးမည်ဟု
စိတ်ကူးပေါ်၍ လာသော်လည်း ဆီဆေးများက ဈေးကြီး၍ မ၀ယ်ဖြစ်တော့ပေ။
မူလက ဈေးသိပ်ကြီးလှသည် မဟုတ်ပေ။ အခွန်အကောက်က ကြီး၊ ဆိုင်က အဆ
မတန် ဈေးတင်သည်နှင့် ပေါင်းသော် ဈေးကြီးခြင်း ဖြစ်ဟန်ရှိပေသည်။ အနုပညာ
ပစ္စည်းကိရိယာများမှာ “ဇိမ်ခံပစ္စည်း” နှင့် ခြားနားလျက် အကောက်မဲ့ ဖြစ်သင့်ပေသည်။”
(ဒဂုန်တာရာ ...။စာမျက်နှာ ၁၅၈၊ ၁၅၉။)

lli.jpg

“မည်သည့် ကဗျာဆရာ မဆို ကဗျာစပ်တော့မည်ဆိုလျှင် အာရုံ၊ ဝေဒနာ၊ စကားလုံး
ဟူသည့် ကဗျာ၏ တြိဂံ သဘောကို ရှောင်လွှဲ၍ မရ။”
(တက္ကသိုလ်ဘုန်းနိုင် ...။ အခန်း(၃၂)။)
(မှတ်ချက်။ ။လီရနာ၊ဂင်္ဂါ၊ဧရာဝတီ သည် စာအုပ်မထုတ်ရသေးပါ။ ၁၉၉၁ ခုနှစ်မှ ၂၀၀၂
ခုနှစ် အထိ (၁၁) နှစ် ကြာအောင် ရေးသားထားသော အခန်းဆက် ဆောင်းပါးရှည် ဖြစ်
ပါသည်။)

(ဤမျှသာ။)

Jan 27, 2009

ချောလဲ ရောထိုင်


ရေးသူ-
စစ်ငြိမ်းဒီရေ

ကိုသက်ဦးနှင့် အကိုကြီး ကိုအောင်သာငယ်တို့က စီးပွားရေး ကျဆင်းမှုကြောင့်
အလုပ်အကိုင် ဆုံးရှုံးမှုတွေ၊ ရွေ့ပြောင်းမှုတွေ ရေးတာကို တွေ့ရလို့ တက်ဂ်ဂိမ်း
တစ်ခုလို သဘောထားပြီး ကျနော်လည်း ရေးပါရစေ။

ကျနော်တို့ မြန်မာစကားပုံမှာ ဆိုရိုးစကားတစ်ခုကို သတိရမိပါတယ်။ ဘာတဲ့ …
တောင်ဝှေ့ လဲရင် ဖိုးသူတော် ထူ နိုင်တယ်။
ဖိုးသူတော် လဲရင် တောင်ဝှေ့ မထူ နိုင်ဘူး

ပြိုလဲမှုတစ်ခုရယ့် တန်းဖိုးအတွက် ကျနော်တို့ ဘိုးဘွားတွေ သို့မဟုတ် ကျနော်တို့ရဲ့
ရှေ့က မျိုးဆက်အဟောင်းတွေက သင်ကြားခဲ့တဲ့ သင်ခန်းစာ ယူဖွယ် စကားပုံပါ။

ကျနော်ကတော့ ဘာစဉ်းစားမိသလဲ ဆိုတော့ လူတစ်ယောက် ချောလဲရင် ဥပမာ- ကျနော်
ချောလဲ ခဲ့ရင် ဘယ်လို ဟန်ဆောင်ရမလဲ၊ ဘယ်လို ရောယောင်ပြီး ထိုင်ရမလဲလို့။
ရှေ့လာမဲ့ ၂၀၀၉ ခုနှစ်၊ ဖေဖ်ါဝါရီလ (၁) ရက်နေ့ဆို ကျနော် ဒိန်းမတ်ရောက်တာ လေးနှစ်

ပြည့်ပြီ။ အလုပ် လုပ်ခဲ့တာ (၃)နှစ်နဲ့ (၅)လ ပြည့်ပြီပေါ့။ ကျနော်က အလုပ်တစ်ခုထဲကိုပဲ
လုပ်ခဲ့တာပါ။ ကျနော့်အလုပ်က အကုသိုလ် များတယ်။ သူတစ်ပါးအသက်ကို သတ်ရတာ
လည်း ရှိတယ်။ လူ့အသက်တော့ မဟုတ်ပါဘူး။ တိရိစ္ဆာန်တွေကို သတ်ရတယ်။ စီးပွားရေး
ရှုဒေါင့်က ကြည့်လို့ တွက်ခြေမကိုက်တော့တဲ့ သတ္တ၀ါဆိုရင် သတ်ရတာပဲ။ ဒါ ကျနော်တို့
အလုပ်ရဲ့ သဘော သဘာဝ။ ဒါကြောင့် အင်္ဂလန်မှာ သီတင်းသုံးနေတဲ့ ဥရောပ ဗုဒ္ဓဘာသာ
သာသနပြု ဆရာတော်၊ ဆရာတော် ဦးဥတ္တရ ဆိုရင် ကျနော်ကို တွေ့တိုင်း အလုပ်ပြောင်းဖို့
ပဲ အမြဲတိုက်တွန်း အမိန့်ရှိပါတယ်။

၂၀၀၄ ခုနှစ်မှာ မလေးရှားက မြန်မာသံရုံးရှေ့မှာ၊ မြန်မာနိုင်ငံက အမျိုးသားညီလာခံကို
ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ လုပ်မိလို့ မလေးရှားရဲက တရားမ၀င် လူစုရုံးမှုနဲ့
(
Illegal assembly) ဖမ်းပြီး “ပူလူး” ထောင်မှာ တစ်ည၊ နှစ်ညလောက် အိပ်ခိုင်းပြီး
“ဆွတ်ခိုင်းဘလို့” ထောင်ကို ပို့လိုက်ပါတယ်။ “ဆွတ်ခိုင်းဘလို့” ထောင်ကို ရောက်
တော့ ကျနော်နေတဲ့ အခန်းမှာ လောင်းကစား ဂိမ်းတွေမှာ အလုပ်လုပ်မိလို့ အဖမ်းခံ
ရတဲ့ တခြားမြန်မာ “ရွှေ”ညီအကိုတွေနဲ့သွားဆုံ ပါတယ်။ အဲဒီအခန်းထဲ ကျနော်ရောက်
တော့ တန်းစီးက မျက်မှန်နဲ့ သျှားညို။ ကျနော်အဲဒီအခန်းကို ရောက်တဲ့ နေ့ပဲ မောင်မင်း
ကြီးသား တန်းစီး သျှားညိုတစ်ယောက် အိန္ဒိယ အကျဉ်းသားတစ်ယောက်နဲ့ ရန်ဖြစ်ပြီး
တိုက်ပိတ်ခံရတယ်။ ကျနော်တို့အဆောင်ကို အုပ်ချုပ်တဲ့ ရဲအထူးအရာရှိက သူ့ကို
တန်းစီးမှန်း သိလို့ အဆောင်မှာပဲ တိုက်ပိတ်တာ။ နောက်မို့ဆိုရင် ယူကေပီလို့ ခေါ်တဲ့
ခါးပတ်ဖြူ (အကျဉ်းထောင် အထူးရဲ) ဆောင်မှာ တိုက်ပိတ် ခံရရင် မလွယ်ဘူး။ ဒါနဲ့ အခန်း
ထဲမှာ တန်းစီးက နေရာလွတ်သွားတာပေါ့။ မလေးရှားထောင်မှာ တန်းစီးကို “ကပ်ပလာ”
လို့ ခေါ်တယ်။ စာလုံးပေါင်းတော့ ကျနော် မရဘူး။ လူ့တစ်ယောက်ရဲ့ ဦးခေါင်းလို့
အဓိပ္ပါယ် ရတယ်။ ဒါကြောင့် မြန်မာလို တန်းစီး။ မလေးရှားလို ကပ်ပလာ ပေါ့။

အဲဒီ ကျနော်နေခဲ့တဲ့ အခန်းက အစဉ်အဆက် မြန်မာတွေပဲ အကျဉ်းသားအချင်းချင်း
အုပ်ချုပ်ခဲ့တဲ့ ထုံးစံ ရှိတယ်။ မျက်မှန် သျှားညို ရှေ့မှာ ကိုခင်မောင်သန်း ဆိုတဲ့ မြန်မာ
တစ်ယောက်က စပြီး အခန်းထဲမှာ အခန်းလူကြီး၊ တန်းစီး သို့မဟုတ် ကပ်ပလာ ပေါ့။
သျှားညို တိုက်ပိတ်ခံရတော့ ကပ်ပလာ အသစ် ရွေးပွဲ လုပ်ကြတယ်။ အခန်းထဲမှာ မြန်မာ၊
အိန္ဒိယ၊ သီရိလင်္ကာ၊ ပြည်ကြီးတရုတ် စတဲ့ အကျဉ်းသားက စုစုပေါင်း (၆၀) နီးပါး ရှိတယ်။
မြန်မာအကျဉ်းသားက (၄၀) နီးပါးလောက် ရှိတော့ ကျန်တဲ့ လူမျိုးတွေက မြန်မာဟေ့
လို့ အော်သံ ကြားရင် အောတိုမစ်တစ် ခေါင်းငုံ့ပြီး အရှုံးပေးရတယ်။ ဒါနဲ့ တန်းစီးအသစ်
ကို ဘယ်လို ရွေးမလဲ ဆိုပြီး တိုင်ပင်ကြတယ်။ အခန်းမှာ ညစဉ် မြန်မာအကျဉ်းသားတွေ
ဦးဆောင်ပြီး စုပေါင်း ဘုရားစာဆိုပြီး ၀တ်ပြုတဲ့ ပုံစံရှိတယ်။ တန်းစီး လုပ်သူက ရှေ့ဆုံးက
ထိုင်ပြီး အားလုံး ညီညီညာညာနဲ့ ၀တ်ပြုနေတဲ့ မြင်ကွင်းကို အခုချိန်ထိ ကျနော်မြင်ယောင်
နေတုန်းပဲ။ “သြကာသ” ကနေ ဘုရားစာတွေ သံတူ ဆိုလိုက်ကြတာ နောက်ဆုံး
မေတ္တာပို့ အမျှဝေတဲ့ အထိပါပဲ။ အမျှဝေလည်း ပြီးရော ရှေ့ဆုံးမှာ ရှိတဲ့ တန်းစီး တစ်ဦး
တည်းက “ဓာရဏပရိတ်” ကို ရွတ်ရတယ်။ အဲဒီ “ဓာရဏပရိတ်” ရွတ်ပြီးမှ ဘုရားရှစ်ခိုး
ပြီးဆုံးတယ်။ ဒါကြောင့် တန်းစီး အသစ် ဖြစ်ချင်ရင် ဓာရဏပရိတ် အလွတ်ရွတ်နိုင်လား
ဆိုတဲ့ မေးခွန်း ဖြစ်လာပါတယ်။ ကျနော်တို့ ဘုရားရှစ်ခိုး ၀တ်ပြုတာ မြန်မာတွေအပြင်
တခြား နိုင်ငံသားတွေလည်း ပါဝင် ပါတယ်။

ဒါနဲ့ ကိုကျောင်းဆရာလို့ ခေါ်တဲ့ ဓာရဏပရိတ် အလွတ်ရွတ်နိုင်သူကို တစ်ခန်းလုံးရဲ့
တန်းစီး ခန့်လိုက်ပါတယ်။ ထောင်ထဲမှာက တန်းစီးဖြစ်တဲ့သူက အခွင့်အရေး ရှိပါတယ်။
ဥပမာ- ထောင်ဝင်စာလာရင်၊ အခန်းထဲက တစ်ယောက်ယောက်က ထောင်ဝင်စာ လာလို့
အပြင်က စားစရာတို့၊ အ၀တ်အထည်တို့ ရလို့ အခန်းကို ပြန်လာရင် သူ သယ်လာတဲ့
ပစ္စည်းထုတ်ကြီးကို တန်းစီး ရှေ့မှာ ဖွင့်ပြရတယ်။ တန်းစီးလုပ်သူက သူ သဘောကျတဲ့
ပစ္စည်း တစ်ခု၊ နှစ်ခု ယူခွင့်ရှိတယ်။ ဒါက … ထောင် ထုံးစံပေါ့။ ဒါကြောင့် ထောင်ဝင်စာ
မရှိတဲ့ ကျနော်လည်း တန်းစီး ဖြစ်ချင်တဲ့ ရောဂါ ထလာတယ်။ ကျနော့်မလေးရှား ထောင်ကျ
ဘ၀မှာ ထောင်ဝင်စာ ဆိုလို့ အခု နော်ဝေးလ်နိုင်ငံ၊ အော်စလိုမှာနေတဲ့ ကိုသက်ထွန်းဦး
တစ်ယောက်ပဲ ထောင်ဝင်စာ တစ်ခါ လာတွေ့တယ်။ ဒါကြောင့် ထောင်ထဲမှာ အကြတ်ရိုက်
နေတဲ့ ကျနော်လည်း တန်းစီး ဖြစ်ရင် အစားအသောက် ပြေလည်မယ်လို့ တွေးမိတယ်။
ဒါနဲ့ တန်းစီးအသစ် ကိုကျောင်းဆရာ တရားရုံးထုတ်ဖို့ ရက်နီးလာတော့ အခန်းထဲ
မှာ ကျနော်လို တန်းစီးဖြစ်ချင်သူတွေ ဓာရဏပရိတ်ကို အလွတ်ကျက် ကြတယ်။

ဒါနဲ့ ကျနော်လည်း အင်း … တန်းစီး ဖြစ်ချင်တဲ့ သူတွေက မနည်းပါလား။ အားလုံး
ဓာရဏပရိတ်ကို အလွတ်ကျက်ကုန် ကြပြီ။ တန်းစီး ရာထူးလိုချင်လို့ ကိုကျောင်းဆရာ
ကို ချဉ်းကပ်ပြီး မေးကြည့်တယ်။ သူက … ဒါလွယ်လွယ်လေးပါကွာ … ဓာရဏပရိတ်အပြင်
… ပရိတ်ကြီး (၁၁)သုတ်ကို အလွတ်ရအောင် … မင်း ကျက်လိုက် … မင်းကို ငါ့ရာထူး
လွှဲခဲ့ပေးမယ် …လို့ ပြောတယ်။ ဒါနဲ့ ကျနော်လည်း ဘယ်တုန်းကမှ ဘုရားစာကို အထူး
တလဲ အလွတ်မကျက်ဘူးပဲ ပရိတ်ကြီး (၁၁)သုတ်ကို အလွတ် ကျက်ပါတော့တယ်။
ကိုကျောင်းဆရာတစ်ယောက် တရားရုံးထုတ်လည်း ထွက်သွားရော အားလုံးက အမေး
အမြန်းမရှိ ကျနော့်ကို တန်းစီး ရာထူး ပေးရပါတော့တယ်။ ဘာပြောကောင်းမလဲ ….
အခန်းထဲကို အကျဉ်းသား အသစ် ၀င်လာလို့ အ၀တ်အစား ကောင်းကောင်း လေးများ
တွေ့ရင် ဘယ်၊ညာ နှစ်ဖက်က ဗလတောင့်တောင့် လူမိုက်တွေက ကျနော်ကို “အဘန်း”
(မလေးရှား ဘာသာစကားဖြင့် “အကို”) ယူမလား? ချွတ်ခိုင်းလိုက်ရမလား? တကယ်ကိုပဲ
ထောင်ထဲမှာ လိုချင်သမျှ လက်ညှိုးထိုးလို့ ရတဲ့ ဘ၀ကို တန်းရောက်သွားပါတယ်။
ဒါနဲ့ ကျနော့်ကို သူငယ်ချင်းဖြစ်သူ ကျားကြီးက စကားတစ်ခွန်းပြောပါတယ် …
“ဘုရားထက် ကြီးတဲ့ ဘုရားလူကြီး”

ဟုတ်ပါတယ်။ ကျနော်က ထောင်ထဲမှာ ထောင်ဝင်စာ မရှိလို့။ ငတ်လို့ ဘုရားစာအလွတ်
ကျက်ပြီး ဘုရားလူကြီး သို့မဟုတ် တန်းစီး (ခေါ်) ကပ်ပလာ လုပ်မိတာပါ။ တန်းစီးဖြစ်တော့
မှာပဲ “အော်ရမ်ကရပ်ကြာ” (စာဖိုးဆောင် အလုပ်သမား) ရွေးပေးရ၊ ကြိုးတိုက် အတွက်
အထူး အလုပ်သမား ရွေးပေးရ (ကြိုးတိုက်ထဲက ကြိုးသမားတွေအတွက် အလုပ်သွားလုပ်
ပေးရင် ဆေးလိပ်တို့၊ စားစရာတို့ အလျှံအပယ် ရတယ်) နဲ့ တကယ့်တန်းစီးဘဝ
ကို ရောက်ခဲ့ပါတယ်။ ပရိတ်ကြီး (၁၁) သုတ် အလွတ်ရတော့ …. တရုတ်ပြည်မကြီးက
အကျဉ်းသား တရုတ်တွေဆိုရင် ကျနော့်ကို ဇွတ်အတင်း အထင်ကြီး ကြတယ်။ ဒါကြောင့်
တခါတလေ တွေးမိပါတယ် ….
လောကကြီးဟာ အရွဲ့တိုက်သူတွေ၊ မျက်ကန်းတစ္ဆေမကြောက်သူတွေ အတွက်
ပန်းခြံ တစ်ခုလားလို့ …..

အခုလဲ လက်ရှိအလုပ်ကနေ ပြောင်းမယ် … ပြောင်းမယ် စိတ်ကူးနေတာ။ လွန်ခဲ့တဲ့
နှစ်လလောက်က အလုပ်ထဲမှာ စကားများရာကနေ ထွက်မယ်လို့ ဘုမသိ၊ ဘာမသိပဲ
ဇွတ်ပြောခဲ့တာ။ တော်သေးတယ်။ အလုပ်သမားသမဂ္ဂတို့၊ အလုပ်ပြုတ်ခဲ့ရင် မူလ လစာ
ရဲ့ ကိုးဆယ် ရာခိုင်နှုန်းကို ပေးတဲ့ အလုပ်အာမခံစနစ်တို့ ရှိနေလို့ပေါ့။ ဒါတောင် ကိုယ့်
သဘောနဲ့ ကိုယ်ထွက်ရင် သုံးပတ်တိတိ အာမခံက ပိုက်ဆံ မပေးသေးဘူး။ ဒါလည်း
ရပါတယ်။ အခု ကုမ္ပဏီပိုင်ရှင်က မင်း အချိန်ပိုင်း ပြန်လုပ်ပေးပါလာတဲ့? … မင်း …
စိတ်ဝင်စားတဲ့ ကျောင်းတစ်ခုတက်ဖို့ … အလုပ်သမားသမဂ္ဂကို …ငါ တောင်းဆိုပေးမယ်
တဲ့။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အလုပ်လက်မဲ့ တိုးပွားလာတော့ ဒိန်းမတ်အစိုးရ
လည်း အရင်ကထက် အလုပ်လက်မဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင် ကျွမ်းကျင်ရေး
သင်တန်းတွေ တိုးချဲ့နေတာနဲ့ သွားတိုးပါတော့တယ်။

အဲဒါပါပဲ ဘုမသိ၊ ဘာမသိနဲ့ ကျနော်လည်း ချောလဲရင် ရောထိုင်လိုက်တာ
ကံကောင်းလို့ …
ဒီလို ထော်လောကန့်လန့် လုပ်ပုံမျိုးနဲ့ မြန်မာပြည်က စစ်အစိုးရ လက်အောက်မှာ
ဆိုရင် ယောင်္ကျားတန်မဲ့ မြေအောက် အိမ်သာထဲတောင် ရောက်သွား နိုင်တယ်။
ဘုရား … ဘုရား …


(ဤမျှသာ)

Jan 24, 2009

တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၄)


ရေးသူ-
ရန်ကုန်ဘဆွေ

ယခင်အပိုင်း(၃)မှ အဆက် … … …

(မှတ်ချက်။ ။ စာရေးဆရာ ရန်ကုန်ဘဆွေတို့ အုပ်စု ဒုဗိုလ်မှူးကြီးမောင်မောင် ကို
သွားမကယ်ခင်က
စိုးမြင့်နှင့် စောဘရီ ဦးဆောင်သော အသေခံတပ်ဖွဲ့တစ်ခုသည်
သွားရောက် ကယ်ဆယ်ဖူးပါသည်။ သို့သော် သူတို့၏ ကယ်ဆယ်မှုမှာ ချုပ်နှောင်ထားမှု
မှာ လွတ်ပြီး အပြန်လမ်းတွင် ကရင်လက်နက်ကိုင်တို့၏ ၀ိုင်းဝန်းဖမ်းဆီးမှုကို ခံရကာ
သွားရောက်ကယ်ဆယ်သူ အသေခံတပ်ဖွဲ့ဝင် ငါးဦးနှင့် လွတ်မြောက်ရန် ရုန်းကန်သူ
ဗိုလ်မှူးဒေါ်ဆင် တို့ သေဆုံးခဲ့ပါသည်။ ဗိုလ်မှူးဒေါ်ဆင် အကြောင်းကို စာရေးဆရာ
ဗိုလ်မှူးကြီး မြတ်ထန်တင်မောင် ရေးသော တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်
စာအုပ်တွင် လေ့လာနိုင်ပါသည်။ ယင်းမအောင်မြင်သော ကယ်ဆယ်မှုတွင် ကျဆုံးခဲ့
သော စိုးမြင့်နှင့် စောဘရီတို့သည် နောင်အခါတွင် မြန်မာနိုင်ငံ၏ အမြင့်မားဆုံး ဆုတံဆိပ်
ဖြစ်သော
အောင်ဆန်းသူရိယ ဆုကို ရရှိကြပါသည်။ ယင်းမတိုင်ခင်က သီဟသူရ ဘွဲ့
တံဆိပ်သာလျှင် မြန်မာနိုင်ငံ၏ အမြင့်မားဆုံး ဆုတံဆိပ်ဖြစ်ကြောင်း သိရပါသည်။
…… ကိုအောင်(ပျူနိုင်ငံ)….. )

(၂)
အသေခံတပ်ဖွဲ့


ဖြစ်ချင်တာဖြစ်ပေစေ၊ ကိုမောင်မောင်တို့ အသတ်မခံရမီ သွားရောက် တိုက်ထုတ်
ယူလိုပါသည်ဟု စာရေးသူက တောင်းဆို၏။ ကိုအောင်ကြီးနှင့် ဗိုလ်မှူးတင်ဖေတို့
ကလည်း သဘောတူကြ၏။ သို့သော် သက်ဆိုင်ရာ စစ်ဦးစီး၏ အမိန့်ကို ရရှိရန်
လိုသေးသည်။

စာရေးသူ စစ်ဦးစီးနှင့် သွားရောက်တွေ့ဆုံသောအခါ စစ်ဦးစီး၏ မျက်နှာသည် အတော်
စိတ်မချမ်းမြေ့ပုံ ရနေ၏။ နက်နက်နဲနဲ တွေးတောစဉ်းစားနေ၏။ ထို့နောက် အစားပျက်

အအိပ်ပျက် အဖျားနေ့စဉ်တက်နေသော စာရေးသူ၏ ဖြူရော်ရော် မျက်နှာကို လှမ်း
ကြည့်သည်။
“မင်း …. နေကောင်းရဲ့လား …… ”
“ဟုတ်ကဲ့ … ”

ဟုတ်ကဲ့ဟု ဆိုရသော်လည်း မိမိကိုယ်၏ အခြေအနေကို မိမိက ပိုသိထားသောကြောင့်
မလုံမလဲ ဖြစ်နေ၏။ ကျန်းမာမှု မပြည့်စုံသည့်အတွက် မသွားရဟု ဆိုလိမ့်မည်ကို
ကြောက်နေ၏။ စာရေးသူ သွားရမည့်နေရာတွင် ယခုအချိန်၌ ဥတုရာသီ အလွန်ဆိုးရွား
လျက်ရှိကြောင်း စာရေးသူက စုံစမ်းပြီးဖြစ်၏။ မည်သို့ ပြောလေမလဲဟု တထိတ်ထိတ်
ဖြင့် မျက်လွှာလှန်ကြည့်လိုက်သည်။

“လွန်ခဲ့တဲ့ လတွေက စောမြင့်ကောင်လေးတွေ သွားတဲ့ သတင်းကော ကြားရဲ့လား”
“ဟုတ်ကဲ့ … ဒါပေမဲ့ အပြည့်အစုံတော့ ကျနော် မကြားသေးဘူး …”
“ကောင်လေးတွေ သေကုန်ကြတယ်၊ တယောက်ဘဲ ပြန်လာနိုင်တယ် …”
“ဟုတ်ကဲ့ မအောင်မြင်ဘူးလို့ ကြားတာဘဲ၊ ဒါပေမဲ့ ကျနော်လဲဖြစ်လို့ဖြစ်ငြား စမ်း
ကြည့်ချင်သေးတယ် …”

စစ်ဦးစီးသည် ခနငြိမ်နေပြီးနောက် ရုပ်ရှင်ဆန်ဆန် စွန့်စားနိုင်ရက်ကြသော မထင်
မရှားသည့် အညတြ သူရဲကောင်း ကလေးတွေ၏ အကြောင်းကို ပြောပြသည်။
ထိုသူရဲကောင်းကလေးတွေ၏ စွန့်စားခန်းကား၊ ရုပ်ရှင်ဇာတ်လမ်းတခု၊ ၀တ္ထုကောင်း
တပုဒ် ဖြစ်နိုင်၏။ တပေါက်တည်းသာ ဖွင့်ထားလျက် ခရီးသွားလက်မှတ်ပါမှ ၀င်ခွင့်
ရှိသည့် လမ်းမကြီးအတိုင်း ….
အထပ်ထပ်ချထားသော ကင်းပုန်းများ၊ အထပ်ထပ် စစ်ဆေးနေသော ထွက်ပေါက်
ဝင်ပေါက်များ၊ အထပ်ထပ် ၀ိုင်းရံထားကြသည့် စစ်တပ်များအတွင်းသို့ ထို သူရဲ
ကောင်းကလေးတွေ ဖောက်ထွင်း ၀င်ရောက် ခဲ့ကြ၏။ ထို့နောက် လက်နက်ကိုင်
များ ၀ိုင်းရံ စောင့်ကြပ်ထားကြသော ခိုင်လုံစွာ တည်ဆောက်ထားကြသည့် အချုပ်ခန်း
အတွင်းမှ ကိုမောင်မောင်နှင့် အားလုံးသော ဗိုလ်ကြီးတို့ကို တိုက်ထုတ်ယူလာ ခဲ့ကြ၏။
သို့ရာတွင် ထိုသူရဲကောင်းကလေးများနှင့် ကိုမောင်မောင်တို့ လူစုအား ထိုအရပ်ရှိ
လက်နက်ကိုင် ကရင်အမျိုးသားတို့က များလှစွာသော စစ်တပ်တို့ဖြင့် အမဲလိုက်သလို
ဝိုင်းဝန်းလိုက်ကြ၏။ လမ်းဟူသမျှတို့ကို ပိတ်ဆို့ထားကြ၏။ လူကို မဆိုထားနှင့်
သားကောင် အမဲများကိုပင် မထွက်နိုင်အောင် ၀ိုင်းရံ လိုက်ကြ၏။

ထို့နောက် အရက်ကိုးမောင်း သောက်ထားသည့် အင်အားတောင့်တင်းသော မောင်းပြန်
လက်နက်ကိုင် စစ်သူရဲတပ်များက ပုန်းလျှိုး ပြေးလွှားနေကြသည့် ကိုမောင်မောင်တို့
လူစုအား တောချောက်သကဲ့သို့ ပစ်ခတ်ချောက်ထုတ်ကြ၏။ သူရဲကောင်းကလေးများ
နှင့် ကိုမောင်မောင်တို့သည် သားကောင်အမဲတို့ကဲ့သို့ အပစ်အခတ် ခံကြရ၏။ မလွဲ
မရှောင်သာသည့် နေရာတို့၌မူ စွမ်းအားရှိသမျှ ခုခံတိုက်ခိုက်ကြသေး၏။ ဤသို့ပြုမူမှု
သည် ထိုးရန်လိုက်သည့် ဆင်ကို ဆီးကြိုဝှေ့သည့် ဆိတ်ကဲ့သို့ မိမိတို့သာ အထိနာ
ရသောကြောင့် အစိပ်စိပ်ကွဲလျက် ပြေးကြရ၏။ မပြေးနိုင်သူတို့အဘို့လည်း သားကောင်
အမဲကဲ့သို့ သေကြေပျက်စီးကြရ၏။ နောက်ဆုံးတွင် ကိုမောင်မောင်တို့ လူစုအားလုံးသည်
အဆိုပါ လူလိုက်မုဆိုးတို့၏ လက်၌ သားကောင်အမဲကဲ့သို့ပင်၊ အဖမ်းအဆီး ခံလိုက်
ကြရသည်။

ထိုစွန့်စားမှု၌ မထင်ရှားသည့် အညတြ သူရဲကောင်း စစ်သား ၅-ယောက်နှင့် ဗိုလ်ကြီး
အချို့ ကျဆုံးကြရ၏။ ဗိုလ်ကြီးနှစ်ယောက် အပြင်းအထန် ဒဏ်ရာရ၏။ ကိုမောင်မောင်
နှင့်တကွ အသက်ရှင်လျက် ကျန်ရစ်သော သူအားလုံး ဖမ်းဆီးရိုက်နှက်ခြင်း ခံကြရ၏။
ရဲဘော်ကလေးတယောက်သာလျှင် တိုက်ပွဲတခု၌ ပျောက်ဆုံးသွားပြီးနောက် ရက်ပေါင်း
အတော်ကြာမှ တောင်ငူရှိ မူလတပ်ရင်းသို့ ဒဏ်ရာအနာတရဖြင့် ချည့်နဲ့စွာ ပြန်ရောက်
လာခဲ့၏။

ထိုရဲဘော်သူရဲကောင်းကလေးများသည် အားလုံးကရင်အမျိုးသားကလေးတွေ ချည်း
ဖြစ်ကြ၏။ ထို့ကြောင့်လည်း ဖွင့်ထားသော လမ်းမကြီးအတိုင်း အတွင်းသို့ ၀င်ရောက်
နိုင်ကြခြင်း၊ ထိုနယ်၌သုံးသည့် ငွေကို လဲလှယ်နိုင်ကြခြင်း၊ အစောင့်အထပ်ထပ် အစစ်
အဆေးအထပ်ထပ်တို့ကို ဖြတ်ကျော်နိုင်ကြခြင်း ဖြစ်၏။ ထို့အပြင် အရေးအကြီးဆုံး
ကိစ္စတရပ်ဖြစ်သော ခရီးသွားခွင့် လက်မှတ်တို့ကိုလည်းရအောင် ယူသွားနိုင်ကြခြင်း
ဖြစ်၏။ ထိုလက်မှတ်တို့ကို လွယ်လွယ်နှင့်ယူ၍မရ၊ ရွာတိုင်းတွင် ရှိသည့် ကရင်အမျိုးသား
စစ်ဗိုလ်နှင့် ရွာသူကြီးတို့ဆီသို့ ၀င်၍ အဆင့်ဆင့်လဲယူသွားမှ ရ၏။

စစ်ဦးစီးသည် ထိုအကြောင်းကို အတော်အတန့် ပြည့်စုံအောင် စာရေးသူအား ပြောပြ၏။
စာရေးသူ၏ ၀မ်းထဲကမူ သူတို့လည်း သူတို့နည်းနှင့် ကျနော်လည်း ကျနော့်နည်းနှင့်
ဟူသော အတွေးမျိုးပေါ်နေ၏။ စစ်ဦးစီးက စာရေးသူ၏ မျက်နှာထားကို ကြည့်လျက်
အကဲခပ်မိသည်။
“အဲဒီကောင်လေးတွေက မော်တော်ကား သွားနေတဲ့ အကောင်းဆုံးလမ်းက သွားတာ
တောင် ရက်,တွေ အတော်ကြာအောင် သွားရတာ၊ မင်းတို့က စကားချင်းမတူဘူး
မှုတ်လား၊ သူတို့နယ်ထဲ ၀င်သွားတာနဲ့ ချက်ခြင်းသိပီး အဆော်ခံရမှာ။ လမ်းအတိုင်း
မသွားဘဲ သူတို့မသိအောင် တောတွေ တောင်တွေကြားထဲက ဖြတ်သွားနိုင်တယ်
ထားအုံး၊ မင်းတို့ ရောက်သွားတဲ့ အချိန်ကြတော့ ဒို့ကောင်တွေ အကုန်လုံး အသတ်ခံ
ရပြီးနေပြီ။ ဒီတော့ မင်းတို့ဘာလုပ်မလဲ၊ အဆစ်လိုက်ပြီး အသေခံလိုက်ကြယုံဘဲပေါ့။
ပီးတော့ မင်းတို့က ဟိုအထဲရောက်မှ ဒို့ကောင်တွေ ဘယ်မှာ ရှိလဲဆိုတာကို စုံစမ်း
ကြရမှာ၊ ဒီတော့ ဘယ်လို စုံစမ်းမလဲ …. ကဲ့ပြောပါအုံး …. ”

စာရေးသူ ငြိမ်နေ၏။ သို့သော် ၀မ်းထဲက တွေးနေသည်။ ဤလိုကိစ္စမျိုးသည် တဖက်
နှင့် တဖက် ဥာဏ်စွမ်းနှင့် လူ,စ,ချင်းပြိုင်ကြရသော ကိစ္စမျိုး ဖြစ်၏။ မိမိနှင့် ပါလာသော
လက်နက်ကိုင်ရဲဘော်များကို မိမိနှင့်တထပ်တည်း တသားတည်း ကျအောင် အုပ်ချုပ်
သွားနိုင်လျှင် စစ်ဘုရင်ထိုးသူကဲ့သို့၊ မိမိညံ့မှ ခံရပေမည်။
“မင်း ဘာစဉ်းစားနေတာလဲ၊ လူမရှိရတဲ့အထဲ မဖြစ်နိုင်တာတွေ သွားလုပ်မနေနဲ့ ….
ကဲ …. သွား ….”

စာရေးသူက ခပ်အင်အင်နှင် ထပြန်လာခဲ့သည်။ လူကြီးဟူသည် လူကြီးပြီသစွာ ရှေ့ရှေ့
နောက်နောက် ချင့်ချင့်ချိန်ချိန် ရှိတတ်ကြ၏။ ထိုချင့်ချိန်မှုတို့သည်လည်း အမြဲတမ်း
မှန်ကန်တတ်ကြ၏။ သို့သော် တခါတရံ “လူမိုက် ကံကောင်း” တို့အတွက် မတော်တဆ
မှားယွင်းတတ်ပါသည်ဟု တွေးလာ၏။

ကိုအောင်ကြီးနှင့် ဗိုလ်တင်ဖေတို့က “ဘဲ့နဲ့လဲ”ဟု အရေးတကြီး ဆီးကြိုမေး၏။
“မစွံဘူး …”
ကိုအောင်ကြီးနှင့် ဗိုလ်မှူးတင်ဖေတို့က အားမလိုအားမရ ဖြစ်နေကြသည်။ အကျိုး
အကြောင်း ရှင်းရှင်းလင်းလင်း သိချင်နေကြသည်။
“မစွံတာတော့ ခင်ဗျားမြင်ကထဲက သိတာပေါ့ဗျ …. ခင်ဗျားအဘကြီးက ဘယ့်နဲ့ပြော
လိုက်လဲဆိုတာ သိချင်လို့ မေးနေတာ ….”

ကိုအောင်ကြီးက စိတ်တိုစွာဖြင့်အော်လိုက်ရာ၊ ဗိုလ်မှူးတင်ဖေက အားနာဟန်ပေါက်
သွား၏။ အရေးထဲတွင် စားရေသူက ပြုံးမိလိုက်သည်။
“ကျနော်တို့သွားလို့ အချိန်မှီမှာ မဟုတ်တော့ဘူးတဲ့ဗျ၊ ဟိုမှာရှိတဲ့ ကိုမောင်မောင်တို့
အသတ်ခံရပြီးလောက်မှ ကျနော်တို့ ဟိုရောက်ကြမှာတဲ့၊ ပီးတော့လဲ ကျနော်တို့က
နေရာ အတိအကျ သိတာမဟုတ်တော့၊ ဟိုအထဲရောက်မှ ကိုမောင်မောင်တို့ကို
ဘယ်မှာထားလဲလို့ စုံစမ်းကြရမှာ အဲဒီတော့ မဖြစ်နိုင်ဘူးတဲ့၊ နောက်ထပ်အဆစ်လိုက်ပီး
အသေခံကြရသလို ဖြစ်နေလိမ့်တဲ့ ….”

ကိုအောင်ကြီးနှင့် ဗိုလ်မှူးတင်ဖေတို့ နှစ်ယောက်သားလုံး ငိုင်သွားကြ၏။ စာရေးသူ
ကလည်း စိတ်ပျက်လက်ပျက် ဖြစ်နေ၏။ သို့သော် ကိုအောင်ကြီး လုပ်ပေးရဲလျှင်
ဖြစ်နိုင်လိမ့်မည်ဟု စာရေးသူက ထင်၏။
“ကျနော်တော့ စမ်းကြည့်ချင်တာဘဲ၊ ကိုအောင်ကြီးနဲ့ ဗိုလ်မှူးတင်ဖေတို့ တာဝန်ယူ
ပေးယင် ဘာလို့ မသွားနိုင်ရမှာလဲ ကျနော်တို့ တောထဲရောက်ပြီးတဲ့ အချိန်ကျတော့
လက်နက်တွေ ဖောက်ယူသွားတယ်၊ တောခိုသွားတယ်လို့ ကျေညာ လိုက်ပေါ့ဗျာ …”

“ခင်ဗျားကို ခင်ဗျား လူစွမ်းကောင်းကြီး လုပ်မနေပါနဲ့၊ ခင်ဗျားတောင် သွားရဲသေးယင်
ကျုပ်တို့က ဘာလုပ်မပေးရဲစရာရှိသလဲ ဒီလိုဘဲ လုပ်ပေးခဲ့လို့ လက်နက်ကိုင်တပ်တွေ
တခုပီးတခု ဖြစ်လာခဲ့တယ်မှုတ်လား၊ တပ်ခွဲပေါင်း ၁၂ ခုရှိတဲ့ ၂၂ ယူအမ်ပီ၊ လဲဗီး၊
စစ်ဝန်ထမ်း ဒီတပ်တွေအားလုံး လက်နက်တွေတပ်၊ အတိုက်ခိုင်း နောက်မှ တရားဝင်
ဖြစ်အောင် တဖြေးဖြေးလုပ်၊ ဒီလို လုပ်ပေးလာတာ ခင်ဗျားလဲသိသားဘဲ
ခင်ဗျားဘကြီး မှဘဲ … ”


(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်
ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )

Jan 20, 2009

တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၃)


ရေးသူ-
ရန်ကုန်ဘဆွေ

ယခင်အပိုင်း(၂)မှ အဆက် … … …

အင်္ဂလိပ်ကို တော်လှန်တိုက်ခိုက်ကြရာတွင် စစ်ဝါရင့်သော ဂျပန်တို့နှင့် ရင်ဘောင်
တန်း လိုက်နိုင်ခဲ့ကြသော ဗမာစစ်သား စစ်ဗိုလ်တို့သည် ထိုအချိန်၌ အနားယူရင်း
စစ်ပညာကို လေ့ကျင့်နေကြပေပြီ။

ဗမာစစ်တပ် ဖြစ်လာကြရပုံသည်၊ လွန်စွာ စိတ်ဝင်စားဘွယ်ကောင်း၏။ ဧရာ
ဝတီသင်္ဘော ကုလားနှင့် တူသော နက်ပြာပြာ စစ်ဝတ်စုံကို ၀တ်လျက် ယခု
မနက် စစ်ထဲသို့ ၀င်သည့်နှင့် ယခုချက်ခြင်း ဂျပန်ရိုင်ဖယ်ကိုင်၍ ကျည်ဆံ
ထည့်နည်း၊ ကျည်ဆံထုတ်နည်း၊ ကျည်ဆံ မထွက်အောင် သော့ပိတ်နည်း
တို့ကို သင်ကြရ၏။

နောက် ၂- နာရီကြာလျှင် ထိုစစ်သားများ တိုက်ပွဲဝင်ကြရ၏။ တိုက်ပွဲဝင်သည်
ဆိုရာ၌လည်း စံနစ်တကျ နေရာယူ၍ တန်းစီ၍ ပစ်ကြခတ်ကြခြင်း မဟုတ်။
မိမိတို့လူက နောက်မှ ဒလကြမ်းပစ်နေသည်ကို သိလျက် ရှေ့က အတင်းထပြေး
၍ တက်ချင်းလည်း တက်ကြ၏။ မောင်းတင်ထားသော သေနတ်ကြီးကို ကိုင်လျက်
သော့ပိတ်မထားဘဲ ကမ်းပေါ်သို့ အတင်း ခုန်တက်သူက တက်ကြ၏။ မိမိတို့

ရှေ့တွင် မိမိလူရှိသည်ကို သတိမထားဘဲ ရန်သူသို့ မဲလျက် အတင်း ပစ်ချင်လည်း
ပစ်နေကြ၏။ လူတယောက်လျှင် ၁၅- တောင့်မျှသော ကျည်ဆံကို ကိုင်လျက်
တိုက်ပွဲကြီး တခုခုကိုဝင်ရေး ၀ံနွဲလိုက်ရန် မြှော်လင့်နေကြ၏။ နောက်ဆုံးတွင်
အသက်ကို မစဉ်းစားတော့ဘဲ တိုင်းချစ်ပြည်ချစ် မျိုးချစ် စိတ်တို့ဖြင့် လွတ်လပ်ရေး
ယာဇ်ပလ္လင်တွင် လည်ချောင်းသွေးကို သွန်းလောင်း၍ ယာဇ်ပူဇော်ကြခြင်း ဖြစ်၏။
ကျွန်စော်နံနေသော ဗမာ့မြေအပြင်ကို နှလုံးသွေးနှင့် ကျွန်နံ့ ပျောက်အောင်
သွန်းလောင်း ဆေးကြောကြခြင်း ဖြစ်၏။

ဗမာစစ်တပ်ရှိ ဗမာစစ်သားစစ်ဗိုလ် တို့သည် ဤအတိုင်း ဗရုတ်သုက္ခတိုက်ပွဲ
မျိုး အကြိမ်ကြိမ် တိုက်ခဲ့ကြပြီးမှ စစ်သားကြီးများ စစ်ဗိုလ်ကြီးများ ဖြစ်လာကြ
ရ၏။ တိုက်ပွဲမျိုးစုံနှင့် ကြုံတွေ့ခဲ့ကြရ၏။ နေရာအနှံရောက်ခဲ့ကြရ၏။ စကတည်း
က မအားရ မနားရအောင် ချီတက် တိုက်ခိုက်ပြီးကြကာမှ ယခု အသက်ရှု
ချောင်လောက်သည့် အချိန်အားကလေးနှင့် အေးအေးဆေးဆေး ရှိလာသော
အခါ … အစဦးက ပြုလုပ်ရမည့် အလုပ်တွေကို ပြန်လုပ်နေကြရ၏။ တပ်မတော်ကို
စနစ်တကျ ပြန်လည်ဖွဲ့စည်းခြင်း၊ လက်နက်ကိုင်နည်းတို့ကို သင်ကြားခြင်း၊ စစ်
ပညာတို့ကို သင်ကြားခြင်း စသည်တို့ကို ပြုလုပ်နေကြရ၏။ ဤသို့လျှင် ဗမာ့
တပ်မတော်သမိုင်း၏ တည်ဆောက်မှု ကျောရိုးသည် ထူးခြား၏။

ထူးခြားရန်လည်း သမိုင်းစဉ် တလျှောက်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော စစ်သား
စစ်ဗိုလ်အချို့၏ အပြုအမှုတို့က ဖန်တီးပေးသလိုရှိ၏။ ဗမာ စစ်သားတွေ အနား
ရကြ၍ ဗမာ့ကာကွယ်ရေး တပ်မတော်ကြီးအဖြစ် ပြန်လည်ဖွဲ့စည်းပြီးစ အချိန်၌
…..
အင်္ဂလိပ်ခေတ်တွင် အိပ်မက်မျှ မမက်ခဲ့ဘူးသည့် လက်နက်မျိုးတို့ကိုလည်း ကိုင်
လာရ၊ တိုက်ပွဲလည်း ၀င်လာရ။ စစ်ဗိုလ်လည်း ဖြစ်လာရ၊ ဗမာ့ အသွေးအသားနှင့်
အလွန်အစပ်တည့်သည့် ဓါးရှည်ကြီးကိုလည်း၊ ချိတ်လာရ။ တာဝန်ပေါ့လျက် အချိန်
အားလည်း ရနေကြသော ပျိုမြစ်သည့် စစ်ဗိုလ်ကလေးများသည် …..
မိဘ အဆက်ဆက်တို့ လက်ထပ်က တိမ်မြှပ်ပျောက်ကွယ်ရသည့် ကိုယ့်မင်း ကိုယ့်
ချင်း မျိုးရိုး ဇာတိသွေးကလေးများကို ပြန်လည် ရရှိလာကြရ၏။ ထိုမျိုးရိုးဇာတိသွေး
များ ဆူဝေ တက်ကြွလာသော အခါ …..

မြင်းလှည်းကို မော်တော်ကားဖြင့် ၀င်တိုက်ခြင်း၊ တမင်အကြောင်းရှာ၍ တဘက်သား
ကို ဆင်းရိုက်ခြင်း၊ အရက်ဆိုင်ထဲတွင် ဓါးနှင့် ခုတ်တတ်ခြင်း၊ မိန်းကလေးများ ရှေ့တွင်
အခြားတဘက်သားကို ပါးရိုက်ခြင်းစသော စိတ်သွေးကြွကာ လုပ်ဆောင်တတ်သည့်
ပြစ်မှုမျိုးကို ပြုလုပ်တတ်ကြသည်။

ဖြစ်တတ်သည့် နေရာများကလည်း အရက်ဆိုင်၊ ဈေးလယ်ခေါင်၊ ကပွဲရုံ၊ ရုပ်ရှင်ရုံ၊
ကားဂိတ်နှင့် မိန်းမပျိုကလေးများ ရှိတတ်သော နေရာတို့ဖြစ်၏။ ပျိုမြစ်သည့် စစ်ဗိုလ်
ကလေးများကိုလည်း ထိုသို့သော နေရာမျိုး၌ အမြဲ မပြတ်အောင် တွေ့နေကြရ၏။

ဤသို့ တတိုင်းပြည်လုံးကို တစွန်းတစ ရှိသည့် လူငယ်တိုင်းလိုလို သွေးကြွ နေကြ
သည့် အချိန်မျိုးတွင် လေလံခက်ခဲ နက်နဲ့သော တာဝန်ကြီးများကို အရွယ်နှင့်မမျှအောင်
ကုန်းရုန်း နေကြယင်း မည်သည့် ပျော်မှု ပါးမှု လူစည်းကားသည် နေရာမျိုးတို့ကိုမျှ
သွားချိန် ရောက်ချိန်မရသော ရလျှင်လည်း မသွားတတ်ကြသော လူကြီးဖြစ်ရန်
အလားအလာရှိသည့် လူငယ်စစ်ဗိုလ်အချို့လည်း ရှိကြသေး၏။ ထိုအချို့ထဲတွင်
ဗိုလ်အောင် ဟုခေါ်သော ကိုမောင်မောင် ပါသည်။

ကိုမောင်မောင်သည် ဆေးပြင်းလိပ်ကို ချွေချွေတာတာ သောက်လျက် ၀ရမ်းပြေး
ဖြစ်နေကြကုန်လော စာရေးသူတို့အား သူ၏ ရသမျှ လခထဲမှ တ၀က်တ၀က်
ထောက်ပံ့နေရ၏။ စစ်ပညာနှင့် ပက်သက်သော စာအုပ် စာတန်းတွေကို စာရေး
သူတို့အတွက် မြန်မာဘာသာ ပြန်ပေးရသေး၏။ ကမ္ဘာ့ပျောက်ကျားခေါင်းဆောင်
“လော့ရင့်နှင့် သူ့ရဲဘော်များ အကြောင်း၊ ကမ္ဘာ့ သူလျှိုအဖွဲ့ အမျိုးမျိုးတို့ လုပ်ရည်
ကိုင်ရည်များ အကြောင်း၊ ကမ္ဘာ့အသေခံတပ်သား သူရဲကောင်းတို့၏ လေ့ကျင့်ခန်း
များ အကြောင်း” ….
ထို့အကြောင်းတို့ကို ဖတ်ရ၏။ ပြောရ၏။ သင်တန်းအတွက် ပို့ချပေးရ၏။ မြန်မာ
ဘာသာပြန်ပေးရ၏။ ထို့အပြင် စာရေးသူတို့အတွက် လက်နက်ကျည်ဆံ စသည်
တို့ကို တပ်မတော်အတွင်းမှ ထုတ်ပေးရ၏။ စာရေးသူတို့ ဖွဲ့စည်း ထားကြသည့်
ဂျပန်ဆန့်ကျင်ရေး အဖွဲ့ဖြစ်သော ပြည်သူ့အရေးတော်ပုံ ပါတီအတွက် စာရွက်
စာတမ်းများကို လစဉ်လစဉ် သောင်းနှင့်ချီ၍ … ကျောက်ပုံဖြင့် ရိုက်ပေးရ၏။ စာရေး
သူတို့အား စစ်တပ်တွင်းသို့ နာမည်စာရင်း မရှိဘဲသွင်း၍ စစ်သင်တန်း အမျိုးမျိုး
တို့ကို သင်ကြားနိုင်အောင် စီစဉ်ပေး၏။ စာရေးသူတို့၏ ဂျပန်ဆန့်ကျင်ရေးအဖွဲ့ကို
စံနစ်တကျ ဖွဲ့စည်းနိုင်အောင် လေ့ကျင့်နိုင်အောင် စီမံကိန်းတွေ ချပေးရ၏။ အစီအစဉ်
ညွန်ကြားချက်တွေကို ပြုလုပ်ပေးရ၏။ ထိုသည်တို့ကို ပို၍ ကောင်းမွန်အောင်
ဗိုလ်အောင်ကြီး (ယခု ဗိုလ်မှူးချုပ်အောင်ကြီး)၊ ဗိုလ်အောင်ရွှေ(ဗိုလ်မှူးချုပ်ဟောင်း)၊
ဗိုလ်စိန်မှန်(ကွယ်လွန်သူ ၀န်ကြီးဟောင်း ဗိုလ်မှူး)၊ ဗိုလ်ချစ်ခိုင် (ဗိုလ်မှူးဟောင်း)၊
ဗိုလ်ကြည်ဝင်း(ဗိုလ်မှူးဟောင်း)၊ ဗိုလ်ခင်မောင်လေး(ယခု ဖဆပလ ၀န်ကြီး၊ ဗိုလ်မှူး
ဟောင်း) တို့နှင့် တိုင်ပင် ဆွေးနွေးပေးရ၏။

ထို့နောက် စာရေးသူတို့ဆီက ထုတ်ဝေသော စာရွက်စာတမ်းတွေကို တပ်အသီးသီး
မှတဆင့် မြို့နယ်-ရပ်ရွာ အသီးသီးသို့ ဖြန့်ချီပေးရ၏။ စဖွဲ့စည်းပေးရ၏။ နောက်ဆုံး
ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းစဉ်ကလည်း သခင်စိုးကြီးနှင့် သွားတွေ့ရသည့် အဖွဲ့တွင်
အတွင်းရေးမှူးကဲ့သို့သော နေရာမှ နေ၍ တော်လှန်ရေးတပ်ဦး ကျေညာစာတမ်းကို
အများသဘောကို ယူလျက် ရေးဆွဲခဲ့ရ၏။

ကိုမောင်မောင်သည် ဤသို့ များပြား ကြီးလေးသော တာဝန်တို့ကို မိမိအလိုအလျှောက်
ဆောင်ရွက်နေသော်လည်း အလားတူကြီးလေးသော တပ်တွင်းတာဝန်ကိုလည်း တခု
ကလေမျှ မလစ်ဟင်းစေဘဲ ဆောင်ရွက်နိုင်ခဲ့သူဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းသည် များ
စွာ ဆောင်ရွက်ဘွယ် ကိစ္စတို့အတွက် ကိုမောင်မောင်ကို မျက်နှာလွှဲ ပေးအပ်ခဲ့၏။
အခြားများပြားလှသော ဆောင်ရွက်ဘွယ်ကိစ္စတို့၌လည်း ကိုမောင်မောင်၏ အကြံ
ဥာဏ်ကို အရေးတယူ တောင်းခံလေ့ ရှိခဲ့သည်။

ဗမာတမျိုးသားလုံး ဂျပန်စစ်ဝါဒီတို့ကို အုံကြွတိုက်ခိုက်သည့် အခြေ၌လည်း
ကိုမောင်မောင်သည် တိုင်းတတိုင်းသီးသန့် တာဝန်ယူနိုင်လာသူ တယောက် ဖြစ်လာ
ရသည်။

စစ်ပြီး လွတ်လပ်ရေးခေတ်၌လည်း ဗမာ့တပ်မတော်ပုံစံကို မည်ကဲ့သို့ ပြုပြင်ဖန်တီး
လျှင် ကောင်းမည်ဟု စီမံကိန်းအသစ်၊ အသစ် ရေးဆွဲခဲ့သူမှာ ကိုမောင်မောင်ပင်ဖြစ်၏။
ပြည်တွင်းဆူပူသူတို့ကို အကွက်ချလျက် တစပြီးတစ တိုက်ခိုက်ရှင်းလင်းလာနိုင်မည့်
ရေရှည်စီမံကိန်းကို ရေးဆွဲခဲ့သူမှာလည်း ဤကိုမောင်မောင်ပင် ဖြစ်သည်။

ယခု ဤမည်သော ကိုမောင်မောင်သည် တိုက်ပွဲတနေရာသို့ အမှတ်မထင် ကိုယ်တိုင်
သွားရောက်ကြည့်မိရာမှ ဗိုလ်ကြီးအချို့တို့နှင့်အတူ လက်နက်ကိုင် ကရင်အမျိုးသား
တို့၏ ဖမ်းဆီးထားခြင်းကို ခံနေရ၏။

ကရင်လက်နက်ကိုင် အမျိုးသားတို့၏ လက်တွင်း၌ နှစ်နှင့်ချီလျက် အချုပ်အနှောင်
ခံနေရသူတဦး ဖြစ်သည်။ ယခု ထိုသူနှင့်အတူ အခြားဗိုလ်ကြီးခြောက်ယောက်တို့ကိုပါ
ကရင်အမျိုးသားတို့က သေဒဏ် အပြစ်ပေးတော့မည်ဟု ရက်ကန့်သတ်၍ ကျေညာ
နေကြပါပြီကော။


(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်
ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )

Jan 18, 2009

ဒို့ရိုးရာ

စား'ပွဲရောက်တော့ တဖြဲ နဖြဲ
မ’ပါဆိုရင် ဟိုလှည့် ဒီလှည့်
ပင့်ဖိတ်လျှောက်ရင် မျက်စိတမှိတ်
ပြန်ကြွချင်တော့ တားလို့မရ
သြော် ကောင်းလေစွ … ကောင်းလေစွ။ ။

-စစ်ငြိမ်းဒီရေ

Jan 16, 2009

ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း


(မှတ်ချက်။ ။ ယခင်က အပိုင်း(၁)မှ အပိုင်း(၄) အထိ ဤနေရာ၊ အပိုင်း(၉)မှ အပိုင်း
(၁၃) အထိကို ဤနေရာ၊ အပိုင်း(၄၁)ကို ဤနေရာ များတွင် ဖော်ပြထား ပါသည်။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ယင်းစာအုပ်မှာ ယခုအခါ ရှားပါးစာပေ
စာရင်းဝင် စာအုပ် တစ်အုပ် ဖြစ်နေသောကြောင့် အပိုင်းအချို့ကို လေ့လာနိုင်ရန်
တင်ပြခြင်း ဖြစ်ပါသည်။)

(၄၃)
စာပေ၊ စာပေသဘောတရား၊ စာပေဝေဖန်ရေး ဟူသော လုပ်ငန်းသုံးရပ်တွင်
စာပေက အလျင် ပေါ်ရသည်။

ပလေတိုတို့၊ အရစ္စတိုတယ်လ်တို့၏ စာပေသဘောတရားတွေ၊ စာပေဝေဖန်ရေး
တွေ မပေါ်မီကတည်းက ဟိုးမာတို့၊ ဟီးဆီယက်စ်တို့၊ ပင်ဒါတို့၊ ဆိုဖက်ကလီးဇ်
တို့၏ စာပေတွေက ရှိနှင့်ခဲ့သည်။

စာပေ ဟူသော ရှုစရာ၊ ရှုကွက်၊ ရှုအပ်သော အရာ ရှိနှင့်ပါမှ စာပေသဘောတရား
တို့၊ စာပေဝေဖန်ရေးတို့ ဆိုသည့် ရှုတတ်သော အရာက နောက်မှ လိုက်လာသည်။

ဗားဂျီးလ်ကြောင့် ရောမစာပေ ဟူသည် ပီပီပြင်ပြင်၊ ထင်ထင်ရှားရှား၊ ခိုင်ခိုင်မာမာ၊
စည်စည်ပင်ပင်၊ ဝေေ၀ဆာဆာ ဖြစ်လာခဲ့သည်။

အနန္တသူရိယကို ကျွန်တော်တို့ မြန်မာတွေ ကြည်ညို၊ ရိုသေ၊ ချစ်ခင်မြတ်နိုးကြသကဲ့
သို့ ဗားဂျီးလ်ကို ရောမတွေရော၊ ခေတ်အီတာလျံများပါ ကြည်ညို၊ ရိုသေ၊ ချစ်ခင်
မြတ်နိုးကြသည်။

အလွန် ထူးဆန်းသည့် အဖြစ်တစ်ခုကလည်း ရှိနေသည်။
ဗားဂျီးလ်သည် ခရစ်တော် မဖွားမီ နှစ်- ၇၀ တွင် မွေးပြီး ခရစ်တော် မဖွားမီ နှစ်-
၁၉ တွင် ကွယ်လွန်သည်။ သို့ရာတွင် သူ၏ အက်ကလောစ် ကဗျာကြီး စတုတ္ထပိုင်း
တွင် အပိုဒ် တစ်ပိုဒ်က ခရစ်တော် မွေးဖွားမည်ကို ကြိုတင် နိမိတ်ဖတ် သိထား

သကဲ့သို့ ဖြစ်နေ၏။ ဤအပိုဒ်ကို ဗားဂျီးလ် ရေးမှန်းသာ မသိလျှင် နှောင်းခေတ်
ခရစ်ယာန် သူတော်စင် ကဗျာဆရာတစ်ဦး ရေးသည်ဟုသာ ဆိုမိကြမည်။

ရေးထားပုံက လှပသည်။ ခမ်းနားသည်။ ကျက်သရေ မင်္ဂလာ ရှိသည်။ မျှော်လင့်
ဖွယ် အားတက်ဖွယ် ပြည့်ဝသည်။ ဖတ်မိသူကို သဒ္ဓါရွှင်လန်း စိတ်ချမ်းမြေ့စေသည်။
အကြောင်းအရာက ဤကမ္ဘာမြေသို့ ငြိမ်းချမ်းခြင်း စိုးမိုးသည့် ခေတ်ထူးခေတ်မြတ်
ကို သယ်ဆောင် ချီးမြှင့်ပေးမည့် ကလေးငယ် တစ်ဦး ဖွားသန့်စင်သည့် အကြောင်း
တည်း။

ထိုအကြောင်းကြောင့် နှောင်းခေတ် ခရစ်ယာန် ဘာသာဝင် များကလည်း ဗားဂျီးလ်
ကို ရိုသေလေးစားကြသည်။ ရောမအင်ပါယာ ခေတ်ကုန်ပြီးနောက် လိုက်လာသော
အလယ်ခေတ်များ တလျှောက်လုံး၌ ပညာရှင်တို့သည် ခရစ်ယာန် သမ္မာကျမ်းစာ
နှင့် ခရစ်ယာန် သူတော်စင် ဖခင်ကြီးများ၏ အဆုံးအမများကို သိကြသကဲ့သို့ပင်
ဗားဂျီးလ်၏ စာတွေကိုလည်း သိကြသည်ဆို၏။ ဗားဂျီးလ်၏ အနုပညာ သြဇာသည်
လည်း ရှိတ်စပီးယားကိုပင် လွှမ်းမိုးလေသည်။ ဗားဂျီးလ်သည် ကဗျာတွေကိုသာ
စပ်ခဲ့သည်။ စာပေသဘောတရားတွေ၊ စာပေဝေဖန်ရေးတွေ မလုပ်ခဲ့။

ရောမစကား လက်တင်ဘာသာဖြင့် စာပေသဘောတရား၊ စာပေဝေဖန်ရေးကို စပြု
သူကား ဗားဂျီးလ်၏ ခေတ်ပြိုင်လည်းဖြစ်၊ မိတ်ဆွေလည်းဖြစ်သူ ဟောရစ်(စ်) ဖြစ်
လေသည်။ ဟောရစ်(စ်)ကို ယနေ့အထိ တကမ္ဘာလုံးက ဟောရစ်(စ်)ဟု ခေါ်နေ
ကြသော်လည်း သူ့နာမည်ရင်းကား “က၀င်းတက်စ် ဟရေးရှက်စ် ဖလက်ကက်စ်”
(
Quintus Horatius Flaccus) ဖြစ်သည်။

ဗားဂျီးလ်တို့၊ ဟောရစ်(စ်)တို့က အင်ပိုင်ယာခေတ်မှာ လူဖြစ်ကြသည်။ ဧကရာဇ်
ဆီးဇာဘုရင် ကိုယ်တိုင်ဖြစ်စေ၊ နန်းတွင်း ၀င်ဆံ့သူ မှူးမတ်ကြီး တစ်ဦးဦးက ဖြစ်စေ
မြှောက်စားပါမှ ကဗျာဆရာတွေ အရာရောက်သောခေတ် ဖြစ်သည်။

ဟောရစ်(စ်)ကို ဗားဂျီးလ်က မက်စင်နက်စ် (Maeceenas) ဆိုသော ပုဂ္ဂိုလ်ကြီးနှင့်
မိတ်ဖွဲ့ပေးသည်။ မက်စင်နက်စ်သည် ချမ်းလည်း ချမ်းသာပြီး ပညာလည်း တတ်
သည်။ သြဂတ်စတက်စ် ဧကရာဇ်၏ တန်ခိုးသြဇာကြီးသူ မင်းတိုင်ပင် ပုဂ္ဂိုလ်ကြီး
လည်း ဖြစ်၏။ စာပေ ပညာရှင်တို့ကို ကြည်ညိုလေးစား ချီးမြှောက်နေသူလည်း
ဖြစ်၏။

မိမိဘာသာမိမိ ပါရမီရှင်ဖြစ်သော်လည်း မိတ်ဆွေဖြစ်သူ အရှင်မဟာသီလ၀ံသနှင့်
ပက်သက်ပြီးမှသာ အရှင်ဥတ္တမကျော်သည် အင်းဝ ရွှေနန်းတော်ဝယ် ထင်ရှားလာ
ခဲ့ရသကဲ့သို့ ဗားဂျီးလ်၏ ကျေးဇူးကြောင့် ဟောရစ်(စ်)သည်လည်း ရောမနန်းတော်
နှင့် ရောမလူ့ဘောင်တွင် ထင်ရှားကျော်စော နေရာရလာခဲ့၏။

ရောမ အထက်တန်းလွှာများသည် ခေါမစာပေတွေကို သိသင့်သမျှ သိပြီး လေစား
ကြသည်မှာ မှန်၏။ သို့ရာတွင် သူတို့သိကြသည်မှာ မပြည့်စုံ မလေးနက်လှ။ အချို့
ဆိုလျှင် လူအထင်ကြီးခံရရုံမျှသာ အပေါ်ယံ သိကြသည်။ သိသမျှနှင့် ဘ၀င်မြင့်
သူတို့က မသိသူများကို အထင်သေး အမြင်သေးနှင့် အပေါ်စီးက ဆက်ဆံချင်ကြ
သေးသည်။ ထို့အပြင် မင်းက စာပေမြှောက်စားသောအခါ စာပေလူလည် လုပ်စား
သူများ (Literary pretenders) လည်း ရှိလာ၏။ စာပေလူလည် လုပ်စားသူများ
သည် ဟောရစ်(စ်)တို့ခေတ်မှာမူ မဟုတ်။ ခေတ်တိုင်းတွင် ရှိတတ်ပေရာ သူတို့
စာရင်းကို ဖော်ပြချင် ပါသည်။

(၁)ပိုးအစ်တက်စတာ (Poetaster)
ဤအမျိုးအစားက ကဗျာဆရာ အညံ့စားများကို ခေါ်သည်။ ကာရန်လေးတွေ
သုံးတတ်၊ စာလုံးလေးတွေ စီတတ်၊ စပ်ထုံးစပ်နည်း လေးတွေ တတ်ရုံနှင့် ကဗျာ
ဆရာ လုပ်နေသူများ ဖြစ်ကြသည်။ သူတို့ကို ရိုင်းမက်စတာ (rhymester) ဟု
လည်းကောင်း၊ ဗားဆီဖိုင်းယာ (versifier) ဟု လည်းကောင်း ခေါ်သေးသည်။
ရိုင်းမက်စတာ ဆိုသည်မှာ ကာရန်စပ်တတ်သူ ဖြစ်သည်။ ဗားဆီဖိုင်းယာ ဆိုသည်က
ကဗျာနှင့်တူသော ပုံဏ္ဌာန်သက်သက်ကိုသာ ဖွဲ့တတ် ဆောက်တတ်သူ ဖြစ်သည်။
အတွေး၏အလှ၊ စာလုံး၏ အလှ၊ ထိုအလှနှစ်ပါး၏ အပြန်အလှန် ကျေးဇူးပြုမှု၊
အတွေးကောင်းခြင်း၊ အရေးကောင်းခြင်း၊ ထိုကောင်းခြင်းနှစ်ပါး၏ ခွဲမရအောင်
စည်းရုံးနေမှု၊ စကားပြေနှင့် လည်းကောင်း။ အခြားနည်းနှင့် လည်းကောင်း
ပြောမရအောင် အမှန်တရားတို့ကို ကဗျာနှင့် ပြောပြနိုင်မှု စသည် စသည့် ပိုးအက်တ်
(Poet)ဟု ခေါ်သည့် ကဗျာဆရာစစ်စစ်တို့၏ အရည်အချင်းတွေသည် ရိုင်းမက်
စတာတွေ၊ ဗားဆီဖိုင်းယာတွေမှာ မရှိ။ မရှိမသာ မရှိသည်၊ သူတို့က တခါတရံ
ခေတ်စကားနှင့် ပြောရလျှင် “ကျယ်” တတ်ချင်သေးသည်။ “လမ်း”ကို “ပန်းတိုင်”
ထင်ပြီး အကျေနပ်ကြီး ကျေနပ်၍လည်း နေတတ်သေးသည်။ ပိုးအက်တက်စတာ
ကို ကဗျာဆယောင် ဟု ဘာသာပြန်သော် သင့်မည်ထင်၏။

(၂)ခရစ်တစ်ကက်စတာ (Criticaster)
ဤအမျိုးအစားက မပြည့်ဝသော၊ မကျွမ်းကျင်သော စာပေ ဝေဖန်ရေးဆရာ
အညံ့စားများကို ခေါ်သည်။ စဉ်းစားချင့်ချိန်မှု အားနည်းပြီး တစ်ဖက်စောင်းနင်း
ပြောတတ်သည်။ တခါတရံ ကိုယ်ပြောချင်၍သာ ပြောလိုက်သည်။ ကိုယ်ဘာပြော
၍ ဘာပြောနေသည်ကို ကိုယ်မသိ။ သူက ဘာပြောနေသည်ကိုလည်း တကယ်
အဟုတ် သိချင်မှ သိသည်။ ဝေဖန်ရေး ဆိုသော “ပညာ” သဘောကို အပြစ်ရှာ
ခြင်းဆိုသည့် “ဒေါ” နှင့် ရောတတ်သည်။ ဆင်တစ်ကောင်လုံးထက် နှာမောင်း
တစ်ခု စမ်း၊ နားရွက်တစ်ဖက် ကိုင်၊ အမြှီးတစ်ချောင်း ဆွဲကြည့်ပြီး လိုရာ ကောက်
ချက် ဆွဲတတ်သည်။ ကဲ့ရဲ့ရမည်ကို ချီးမွမ်းပြီး ချီးမွမ်းရမည်ကို ကဲ့ရဲ့တတ်သည်။
ခရစ်တစ် (Critic) ဟုခေါ်သော ဝေဖန်ရေးဆရာ စစ်စစ်တို့၌ရှိသော သီလ၊ သမာဓိ၊
ပညာ တရားတို့ ခရစ်တစ်ကက်စတာများ၌ မရှိ၊ ခရစ်တစ်ကက်စတာကို လည်း
ဝေဖန်ရေး ဆယောင် ဟု ဘာသာပြန်သော် သင့်မည်ထင်၏။

(၃)လိုင်းဘလား (Libeller)
ဤအမျိုးအစားကား ကြောက်စရာ အကောင်းဆုံး ဖြစ်လေသည်။ သူတို့ကား
သရေဖျက်သမားများ ဖြစ်ကြ၏။ ဟုတ်ဟုတ် မဟုတ်ဟုတ် သူတပါး၏ စာပေတွေကို
ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ၊ အဂတိတရား တစ်ပါးပါးနှင့်ဖြစ်စေ၊ လေးပါးလုံးနှင့်
ဖြစ်စေ မလောက်သေးဟု ထင်လျှင် ဣဿာနှင့် မစ္ဆရိယ နှစ်ပါးနှင့် လက်နက်ထပ်
ဖြည့်၍ လုပ်ကြံ ဖျက်ဆီးတတ်သည်။ သူတပါး၏ စာပေတွေ ဂုဏ်ရည်ညှိုးနွမ်းမှ၊
သူတပါး စိတ်ဆင်းရဲမှ စားဝင်အိပ်ပျော်ပြီး ဘ၀အဓိပ္ပါယ်နှင့် အရသာကို မြိန်မြိန်
ရှက်ရှက် တွေ့ရှိ ခံစားရရှာသူများ ဖြစ်ကြသည်။

(၄)အက်စ်သီးတ် (Aesthete)
ဤအမျိုးအစားကား အနုပညာ အာရုံခံစွမ်းနိုင်မှု တန်ဖိုးကို လိုသည်ထက်
မြှင့်မြှောက် ချဲ့ကားလေ့ရှိသူများ ဖြစ်ကြသည်။ အနုပညာသည် အနုပညာအတွက်၊
အနုပညာမှတပါး အခြားကောင်းရာ၊ မြင့်မြတ်ရာ မရှိဟု ဆိုကာ အနုပညာ ကိုးကွယ်
မှု ဘာသာရေးဂိုဏ်းထောင်သူများ ဖြစ်ကြသည်။ အနုပညာကို စိတ်ကူးယဉ်မှုနှင့်
ရောထွေးကာ “မြေမှလွတ်သော … သာ၍လွတ်သော”၊ စိတ္တဇဘုံ၌“လွတ်” နေကြသူ၊
“ပေါက်” နေကြသူများ ဖြစ်ကြသည်။ အနုပညာ လူလွန်သားများဟု ဘာသာပြန်
သော် သင့်၏ထင်သည်။

စာပေကို လူလည်လုပ်စားသူများ၏ အန္တရာယ်မှ မည်သို့ ကာကွယ်မည်နည်း။
စာပေအကြောင်း ဟုတ်တိပတ်တိ၊ ရေရေလည်လည်၊ ပြည့်ပြည့်စုံစုံ၊ နှိုက်နှိုက်နှဲနှဲ
ပြောပြခြင်းဖြင့်သာ ကာကွယ်နိုင်သည်။

ရောမ သြဂက်စတန်ခေတ်၌ ဤတာဝန်ကို ဟောရစ်(စ်)က ထမ်းခဲ့သည်။
ထိုအချိန်၌ ဟောရစ်(စ်)သည် ထင်ရှားကျော်ကြား အောင်မြင်သော ကဗျာဆရာကြီး
ဖြစ်နေပေပြီ။ သူသည် အိုးဒ် ဟုခေါ်သော ကဗျာမျိုး လေးအုပ်၊ အက်ပိုးဒ် ဟုခေါ်သော
ကဗျာမျိုး တစ်အုပ်၊ သရော်စာ နှစ်အုပ်၊ ဆုံးမ အကြံပေးရန် ရေးသည့် မေတ္တာစာဟန်
နှင့် တူသော အိပစ်ဆယ်လ် (Epistle) ခေါ် ကဗျာမျိုး နှစ်အုပ် ရေးခဲ့ပြီးပြီ။

သူ့ဘ၀ ဇာတ်သိမ်းချိန် အပိုင်းတွင်း၌ ကမ္ဘာအတွက်ပင် အမွေပမာ ဖြစ်သော ကဗျာ
ရှည်ကြီး တစ်ပုဒ်ကို ရေးသည်။ မူလက ထိုကဗျာအရှည်ကြီး၏ အမည်မှာ အီပစ်(စ်)
တလာ အက်ဒ် ပီဆနီးစ် (
Epistola ad Pisones) ဖြစ်သော်လည်း နှောင်းခေတ်များ
တွင်ကား အားစ်ပိုးအက်တီးက (
Ars Poetica) ဟု ကျော်ကြားလာသည်။ ကဗျာအနု
ပညာဟု ဘာသာပြန်ရမည် ထင်သည်။ သာမန် ကဗျာ မဟုတ်။ ကဗျာစနစ်နှင့်
ရေးထားသော ကဗျာပညာကျမ်းကြီး ဖြစ်လေသည်။ အနောက်နိုင်ငံ စာပေသမိုင်း
တွင် အရစ္စတိုတယ်လ်၏ ပိုးအက်တစ်(စ်) ကျမ်းနှင့် ယှဉ်ယှဉ်ပြောရသော ဂုဏ်မြင့်
သည့် ကျမ်းကြီး ဖြစ်လေသည်။

အားစ်ပိုးအက်တီးကဖြင့် ဟောရစ်(စ်)သည် စာပေလူလည် လုပ်စားသူများ၏
အန္တရာယ်ကို ကာကွယ်သည်။ ရောမ မျိုးဆက်သစ် ကဗျာဆရာများကို အခြေခံပညာ
ကောင်းကောင်း ပေးသည်။ အပေါ်ယံ လျှပ်သိရုံနှင့် ဘ၀မြင့်နေကြသော ရောမ
ပညာတတ် အထက်တန်းလွှာများကိုလည်း ဆုံးမဟန် ရှိ၏။

အထက်တစ်နေရာက ဆိုခဲ့သည်အတိုင်း ရောမလူမျိုးတို့၌ ခေါမလူမျိုးတို့၏
ပါရမီမျိုး မရှိ။ ဟောရစ်(စ်)၌လည်း ပလေတိုတို့၊ အရစ္စတိုတယ်လ်တို့၌ ရှိသော
ပါရမီမျိုး မရှိ။ ပလေတိုတို့၊ အရစ္စတိုတယ်လ်တို့၏ ပါရမီမျိုး ဆိုသည်မှာ
ကိုယ်ပိုင် စူးစမ်း တွေးခေါ်မြော်မြင့်နိုင်စွမ်း ပါရမီ ဖြစ်လေသည်။ အက်သစ်(စ်)
ပညာအကြောင်း၊ မက်တာဖီးဆစ်ဇ်ပညာ အကြောင်းတို့ကို အထက်ဆောင်း
ပါးများတွင် ကျွန်တော် ရှင်းပြခဲ့ပြီးပြီ။ အဲသည့် ပညာပိုင်းဆိုင်ရာ ပါရမီမျိုးကား
ဟောရစ်(စ်)တွင် မရှိ။

သို့ရာတွင် သူ တတ်နိုင်သည်ကို အတတ်နိုင်ဆုံး ဟောရစ်(စ်) လုပ်ခဲ့သည်။
ဆိုခဲ့ပြီးသည့်အတိုင်း အရစ္စတိုတယ်လ်၏ ကျမ်းများက ပျောက်ကွယ်နေသည်။
သို့ရာတွင် ဟိုးမာတို့၏ ကဗျာများ၊ ဆိုဖက်ကလီးဇ် တို့၏ ပြဇာတ်များကား
ဆိတ်သုဉ်း ပျောက်ကွယ်သွားသည်ဟု မဆိုနိုင်။ ဗားဂျီးလ်တို့၊ ဟောရစ်(စ်)
တို့က ခေါမကဗျာတွေ၊ စာတွေကို သိသည်။ သူများထက် ပိုသိသည်။

စာပေ သဘောတရားအပိုင်းတွင် အရစ္စတိုတယ်လ်၏ တပည့် ပယ်ရီပတတ်တစ်(စ်)
တို့၏ ဟောပြောသင်ကြားချက်တို့က ဟိုတစွန်း သည်တစ ကျန်နေသေးသည်။
ဟောရစ်(စ်)သည် ပယ်ရီပတတ်တစ်(စ်)တို့အနက် ထင်ရှားသော နီးအိုတိုလဲမက်စ်
၏ ကျမ်းများကို ဖတ်ဖူးသည်။ အားစ်ပိုးအက်တီးကသည် နီးအိုတိုလဲမက်စ်၏
“ကဗျာဟူသည်” ကို အဓိပ္ပါယ်ရသော ပက်ရီပိုးအင်မေးရှင်း (
Peri Poemation)
ကျမ်းပါ အရေးကြီးသော နည်းနိသျှဆိုင်ရာ အဆိုအမိန့်အချို့ကို အနှစ်အသားပြု
ချုံ့ဆိုထားခြင်း ဖြစ်သည်ဟု ဝေဖန်ချက် ရှိသည်။

အားစ်ပိုးအက်တီးကတွင် စာပေသဘောတရားတွေကို အရစ္စတိုတယ်လ်ကဲ့သို့
ဟောရစ်(စ်)က မက်တာဖစ်ဆစ်ဇ် ပညာတွေ ဘာတွေနှင့် မပြော။ ဟောရစ်(စ်)
က နှိုက်နှဲသော ပုစ္ဆာထုတ်ခြင်း၌သော် လည်းကောင်း၊ နှိုက်ချွတ်ကုတ်ကတ်
စစ်ပေါက်တွေးခေါ် မြော်မြင်ရန်သော် လည်းကောင်း ၀ါသနာ မပါ။

သူတို့ကိစ္စကား လက်တွေ့ကိစ္စ ဖြစ်နေသည်။ ကဗျာကောင်း ဆိုသည် အဘယ်
နည်း၊ ကဗျာကောင်းတွေကို ဘယ်ပုံ နားလည်ရမည်နည်း။ ကဗျာကောင်း စပ်
ချင်သူတွေ ဘာလုပ်ရမည်နည်း။ ဤသည်တို့ကား သူ အာရုံပြုသည့် ကိစ္စများ
ဖြစ်ကြသည်။

သူ့လေ့လာမှု၊ သူ့အတွေ့အကြုံအရ သူယုံကြည်ထားသည်တို့ ရှိသည်။
သူ ယုံထားသည်တို့ကို ဒဿနနည်းကျ ရှင်းပြမနေတော့ဘဲ အရှိတရား
အမှန်တရားအဖြစ် အခြေပြုလျက် အားကိုးအားထားအဖြစ် သုံးနိုင်သော
ပုံသေနည်းများကို ထုတ်ပြသည်။ သူ ယုံထားသည်ကား ခေါမ ဂန္တ၀င် စာကြီး
ပေကြီးများ၏ ကောင်းမွန်ပြည့်စုံခြင်း ဟူသော အချက် ဖြစ်သည်။ ဤယုံကြည်ချက်
သည် သူ့စာပေ သဘောတရား၏ အနှစ်အသား ဖြစ်သည်။ သူ့စာပေ ဝေဖန်ရေး
အတွက် စံဖြစ်သည်။

ဤနေရာ၌ ပလေတိုကြီးတို့ အရစ္စတိုတယ်လ်တို့၏ သဘောတရားတွေကို သူ
နှစ်ခြိုက်သကဲ့သို့ ပြုပြင်ပြီး အသုံးချသည်။ ပလေတိုကြီး ပြောခဲ့သော အာရုံသိလွန်
“သဘော” ကို စာဖတ်သူများ မှတ်မိမည် ထင်ပါ၏။ အာရုံသိလွန် “သဘော”သည်
သာ ပြီးမြောက်သော “အလှ” ဖြစ်ပါသည်။ တဖန် … အရစ္စတိုတယ်လ်ကလည်း
ပြဇာတ်ကို ပြီးမြောက်ပြည့်စုံသော ကဗျာအဖြစ် ဆိုခဲ့သည်။ ဤအဆိုနှစ်ခု ပေါင်းလိုက်
သောအခါ ဟောရစ်(စ်)၏ အခြေခံ ယုံကြည်မှု ဖြစ်လာသည်။

ဟောရစ်(စ်)၏ ယုံကြည်ချက်အရ ပြီးမြောက်သော အလှတွေသည် ခေါမ ဂန္တ၀င်
စာတွေမှာ ရှိနေသည်။ ခေါမ ဂန္တ၀င် စာတွေမှ ပုံသဏ္ဌာန်တွေသည် အမြင့်ဆုံးအဆင့်
သို့ ရောက်ရှိနေကြသော ပြီးမြောက်ပြည့်စုံခြင်းတွေ ဖြစ်သည်။ သည်တော့ …
“တုကြ”။ အမှန်တရားတွေ ဘာတွေဆိုသည်ကို တုခိုင်းသည် မဟုတ်၊ ခေါမ ဂန္တ၀င်
စာပေတွေကို တုခိုင်းသည်။ အရစ္စတိုတယ်လ် လက်ထက်က စာပေပုံသဏ္ဌာန် ဟူ၍
စံပြုသော အဓိကပုံသဏ္ဌာန် သုံးမျိုးသာ ရှိသည်။ အက်ပစ်ကဗျာ၊ ထရက်ဂျဒီ ပြဇာတ်
နှင့် ကွန်မဒီ ပြဇာတ်တို့ ဖြစ်ကြ၏။

ဟောရစ်(စ်) လက်ထက်တွင်ကား ပုံသဏ္ဌာန်တွေ ပွားများလာသည်။ ယင်းတို့ကား
အက်ပစ်ကဗျာ၊ ထရက်ဂျဒီပြဇာတ်၊ ကွန်မဒီပြဇာတ်၊ လိုင်းရစ် ကဗျာ၊ ပက်စတားရဲလ်
ကဗျာ၊ သရော်စာကဗျာ၊ အယ်လ်လက်ဂျီခေါ် လွမ်းဆွတ် ဂုဏ်ပြုကဗျာ၊ အက်ပရမ်
(Epigram)ခေါ် ဇ၀နဉာဏ်ပြ ဟာသနှော သရော်စာ ကဗျာတို့ကို ဖြစ်ကြ၏။

ယင်းသို့လျှင် တည်တံ့ခိုင်မြဲပြီးဖြစ်သော စာပေပုံသဏ္ဌာန်တို့၌ သူ့အမျိုးအစား
အလိုက် စံပြဂုဏ်တန်ဖိုး (
Normative Value)တွေ ကိန်းနေသည်ဟု ဟောရစ်(စ်)
က ယုံကြည်သည်။ ထိုသို့ စံပြဂုဏ်တန်ဖိုး ကိုယ်စီရှိသော စာပေပုံသဏ္ဌာန်တိုင်း၌
ထုံးမီစံကျမှု ရှိသည်။ ထုံးမီစံကျမှုဆိုသည်မှာ အရိုးအစဉ်နှင့် ညီညွတ်ခြင်း ဖြစ်ပြီး
လက်တင်ဘာသာဖြင့် ဒစ်ကော်ရမ် (
Decorum) ဟု ခေါ်သည်။

ဟောရစ်(စ်)၏ စာပေ၀ါဒကို ဂန္တ၀င်ဝါဒဟု ခေါ်သည်။ ဂန္တ၀င်ဝါဒသည် ထုံးမီစံကျမှု
ကို ကိုးကွယ်သည်။ ထုံးမီစံကျမှု ၀ါဒမှ ဖြာဆင်းလာသော ၀ါဒကား အတုယူရေး
ဖြစ်သည်။ ဤအတုယူရေး ၀ါဒမှ (မီးမစ်ဆစ်)ကား ပလေတိုတို့ အရစ္စတိုတယ်လ်
တို့ ပြောသော တုခြင်းမျိုး မဟုတ်။ ခေါမ ဂန္တ၀င် စာပေတို့ကို မီအောင်လိုက်တုရေး
ဖြစ်သည်။

ကဗျာကို နားလည်ချင်သူ၊ ကဗျာ စပ်တတ်ချင်သူတွေ အတွက် ဟောရစ်(စ်)က
တစ်နေရာတွင် ……
ဆိုကရေးတီးဇ်၏ အပြန်အလှန် ဆွေးနွေးချက်တွေက သင့်ကို ဉာဏ်ဖွင့်ပေးလိမ့်မည်
ဟု လည်းကောင်း၊ အခြား တစ်နေရာတွင် …..
ဟိုးမာ၏ စာတွေကို ဖတ်၍ ကြည်နူးသာယာပါ။ ဟိုးမာ၏ စာတွေကို နေ့မှာ ဖတ်
ပြီး ညမှာ နှလုံးသွင်းဆင်ခြင်ပါ
ဟု လည်းကောင်း ဆိုခဲ့၏။

ဤနည်းပေးလမ်းညွှန်းချက် နှစ်ခုကို ဖတ်ပြီး ကျွန်တော် မကြာခဏ ပြုံးမိ၏။
အချိန်ဟူသည် ဖုံးလွှမ်းတတ်ပါတကား၊ အချိန်ကြာလျှင် သဘောတရားတွေလည်း
ရောယှက် ပြောင်းလဲတတ်ပါတကား။ ဆိုကရေးတီးဇ်တို့၊ ပလေတိုတို့က ကဗျာကို
အထင်ကြီးကြသူတွေ မဟုတ်။ ဟိုးမာကို ချီးမွမ်းကြသူတွေ မဟုတ်။ ကဗျာဆရာသည်
အသိဉာဏ် လက်လွတ်ပြီး ဘုရားသခင်၏ တန်ခိုးတော် ၀င်ကိန်းခိုက် မိမိ မသိသော
အရာတွေ လျှောက်ပြောသည် ဆိုသော စကားမှာ သရော်ခြင်း တ၀က်(half cynically)
နှင့် ပြောခဲ့သော စကား ဖြစ်၏။

ဗားဂျီးလ်တို့၊ ဟောရစ်(စ်)တို့မှ စ’ကာ နှောင်းလူ တော်တော်များများက ယင်းစကား
ကို အကောင်းပြောသော စကားဟု ယုံကြည်သည်။ ထားပါတော့ ….။ မည်သို့ဖြစ်စေ
ဟောရစ်(စ်)၏ ကျေးဇူးကြောင့် ခေါမ ဂန္တ၀င်စာပေတွေ အကြောင်း ရောမတွေ ပိုမို
စနစ်တကျစွာ သိကြရသည်။ မှီငြမ်းပြုဖွယ် ရေးထုံရေးနည်း၊ စပ်ထုံးစပ်နည်းတွေ သိ
ကြရသည်။ ဝေဖန်ရေး၌ အသုံးပြုရန် စံတွေ၊ ပေတံတွေ ရကြသည်။ ဤနေရာတွင်
ဟောရစ်(စ်)သည် ခေတ်ပြိုင် ရောမများကိုသာမက နှောင်းခေတ် ဥရောပသားတွေ
ကိုလည်း များစွာ ကျေးဇူးပြုခဲ့သည်။ နှောင်းခေတ် ဥရောပ၌ လွှမ်းမိုး ကြီးစိုးသည်မှာ
ခေါမ ဘာသာစကားမဟုတ်၊ လက်တင်ဘာသာစကားသာ ဖြစ်လေသည်။ လက်တင်
ဘာသာဖြင့် ရေးခဲ့သော ဟောရစ်(စ်)၏ အားစ်ပိုးအက်တီးကကို ဖတ်၍ ခေါမ ဂန္တ၀င်
အပါအ၀င် ရှေးဟောင်း ဂန္တ၀င်စာပေတွေ အကြောင်းကို နှောင်း ဥရောပသားတို့
သိကြရသည်။

တခါတရံတော့လည်း နှောင်းခေတ်တစ်ခေတ်မှ နေ၍ ရှေးခေတ်တစ်ခေတ်က
စာပေစွမ်းဆောင်မှုများကို ပြန်သုံးသပ်သောအခါ သတိမထားလျှင် “ကျေးဇူးမဲ့”
စကား ဆိုမိတတ်ကြသည်။ ဟောရစ်(စ်)နေရာမှ ကြည့်ပါ။ ရောမစာပေနှင့် ယဉ်ကျေး
မှုသည် အစပျိုးရုံ ရှိသေးသည်။ ရောမအလျင် ကြီးကျယ်ခဲ့သော ခေါမ ယဉ်ကျေးမှု
ကြီးက ရှိနေသည်။ ထိုယဉ်ကျေးမှုကြီးကို ဟောရစ်(စ်) သိသည်၊ အံ့သြသည်၊ အားကျ
သည်။ ရောမယဉ်ကျေးမှုမှုကိုလည်း ခေါမယဉ်ကျေးမှုကဲ့သို့ပင် ကြီးကျယ်စေချင်သည်။
ထို့ကြောင့် အကျိုးရှိမည့် တုသင့် တုထိုက်သည်တို့ကို တုကြရန် တိုက်တွန်းသည်။
တုနိုင်ကြရန်လည်း နည်းပေးသည်။ သူ့ကျေးဇူးကြောင့် ရောမစာပေသည်လည်း သူ့
အတိုင်းအတာ၊ သူ့နည်း သူ့ဟန့်နှင့် ကြီးကျယ်ခဲ့သည်။

ကိုယ့်မှာ မရှိသေးလျှင် ရှိရာမှ ယူရသည်။ ကောင်းလျှင် …(ထပ်ဆိုပါမည်။) ကောင်းလျှင်
သူပိုင်ကို ကိုယ်ပိုင်ဖြစ်အောင် လုပ်ယူရသည်။ ဂန္တ၀င်ဝါဒနှင့် ထုံးမီစံကျမှု အကြောင်းလည်း
အနည်းငယ် ပြောပြချင်ပါသည်။ ဂန္တ၀င်စာပေတို့၊ ထုံးမီစံကျမှုတို့ကား အမြစ်တွေ ဖြစ်
သည်။ အုတ်မြစ်တွေ ဖြစ်သည်။ အမြစ်တွေပေါ်မှီ၍ အပင်ကြီးပွားရသည်။ အုတ်မြစ်ပေါ်
မှီ၍ အပေါ်ထပ်အဆောက်အအုံတွေ ရပ်တည်ရသည်။ ရောမတွေအတွက် ဟောရစ်(စ်)
သည် အမြစ်ပေး၏။ အုတ်မြစ်ချပေး၏။ ပလေတို မဟုတ်သော်လည်း …. အရစ္စတိုတယ်လ်
မဟုတ်သော်လည်း ဟောရစ်(စ်)သည်လည်း ကြီးကျယ်လေသည်။

ကျွန်တော်တို့ မြန်မာစာပေတွင်လည်း အမြစ်တွေ၊ အုတ်မြစ်တွေ ရှိသည်။
ကိုယ့်ထီး ကိုယ့်နန်းနှင့် နေစဉ်အခါက ပြဿနာမရှိလှ။ ကျွန်တော်တို့၏ ဘုန်းကြီးကျောင်း
ပညာရေးစနစ်တွင် ဂန္တ၀င်ကို နားလည်ရေး၊ ထုံးမီစံကျရေးတို့အတွက် လေ့ကျင့်
သင်ပေးမှု ရှိသည်။ ကိုလိုနီဘ၀ ရောက်သည့်အခါ …. သူ့ ပညာရေးစနစ်ကြောင့်
ကျွန်တော်တို့ အမြစ်သေရဖွယ်၊ အုတ်မြစ်ပျောက်ရဖွယ် ဘေးကြုံခဲ့ရသည်။ ကဗျာ
ဆိုသည်မှာ ဘာနည်း။ ကဗျာကို ဘယ်လိုစပ်ရမည်နည်း။ စပ်နည်းစပ်ထုံးတွေ ဘယ်
နှစ်နည်း ရှိသနည်း။ ရသကား ဘာနည်း။ ဒေါသကား ဘာနည်း။ ဂုဏ်က ဘာနည်း ….။

ရောမတွေသည်လည်း သူတို့စာပေသမိုင်း အရုဏ်ဦး၌ ဤသို့ သိချင်ပေမည်။
ကိုလိုနီခေတ်တွင် လူဖြစ်ရသော ကျွန်တော်တို့လည်း သိချင်ကြသည်။

ကျွန်တော်တို့ ကံကောင်းပါသည်။
ဒဂုန်မဂ္ဂဇင်း အယ်ဒီတာ
ဦးဘိုသစ်၊ ဒဂုန်ဦးစန်းငွေတို့၏ “ကဗျာရေးနည်း နိသျှည်း”၊
ပုပ္ပား
ဦးကျော်ရင်၏ “က၀ိဘာရတီကျမ်း”၊ ၀ဇီရဗုဒ္ဓိ ဦးဖိုးစိန်၏ “အထက်တန်း ကဗျာ
ဖွဲ့နည်းကျမ်း
” တို့က ကျွန်တော်တို့ လက်လှမ်းမှီရာတွင် ရှိလာသည်။ ဤပုဂ္ဂိုလ်ကြီး
များကား မြန်မာဟောရစ်(စ်)ကြီးများ ဖြစ်ကြလေသည်။ ယခုအခါ ကျွန်တော်က စာရေး
ဆရာ၊ ကဗျာဆရာ ဖြစ်လာသည်။ မော်ဒန်ကဗျာတွေ ဘာတွေပင် စပ်ချင်သည့်အခါ
စပ်နေ၏။ သို့ရာတွင် ကျွန်တော့် အသည်းနှလုံးနှင့် ဦးနှောက်တွင်းမှာ အမြစ်တွေ ရှင်လျက်၊
အုတ်မြစ်တွေ ခိုင်ဆဲ ….. ။

သည်အတွက် ကျေးဇူးရှင် “မြန်မာဟောရစ်(စ်)ကြီးများ” ကို နေ့စဉ် ရှိခိုးဦးတင်လျက်ပါ ….။

တက္ကသိုလ်ဘုန်းနိုင်


(ဤမျှသာ။)
(ရေတမာ စာပေအင်အားစု၏ ခေါင်းဆောင် ကွယ်လွန်သူ ဆရာကြီး
တက္ကသိုလ်ဘုန်းနိုင် ခေါ် ဦးခင်မောင်တင့်၏ ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း
စာအုပ်မှ ထုတ်နုတ်တင်ပြမှုကို ဤအပိုင်းတွင် ရပ်နားပါရစေ ….။)

Jan 13, 2009

ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း


ရေးသူ -
တက္ကသိုလ်ဘုန်းနိုင်
(မှတ်ချက်။ ။ ယခင်က အပိုင်း(၁)မှ အပိုင်း(၄) အထိ ဤနေရာတွင် ဖော်ပြခဲ့သလို
အပိုင်း(၉)မှ အပိုင်း(၁၃)အထိ ဤနေရာတွင် ဖော်ပြထား ပါသည်။ ကွယ်လွန်သူ
ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ယင်းစာအုပ်မှာ ယခုအခါ ရှားပါးစာပေ စာရင်းဝင်
စာအုပ်တစ်အုပ် ဖြစ်နေသောကြောင့် အပိုင်းအချို့ကို လေ့လာနိုင်ရန် တင်ပြခြင်း
ဖြစ်ပါသည်။)

(၄၁)

စာပေကဗျာကို ဝေဖန်ရာ၌ ဝေဖန်မှုသည် နှစ်နေရာ၊ နှစ်ဌါနဆီ ဦးတည်နိုင်သည်။
တစ်နေရာ တစ်ဌါနကား စာပေ ကဗျာက “ဘာပြောသနည်း” ဟူသော ကိစ္စဖြစ်၏။
အခြား တစ်နေရာ တစ်ဌါနကား စာပေ ကဗျာသည် “ဘယ်ပုံ ဖြစ်ရှိသနည်း” ဟူ
သော ကိစ္စဖြစ်သည်။

ပလေတိုကြီးက စာပေကဗျာဆိုသည် ဘယ်ပုံ ဖြစ်ရှိနေခြင်းကို အရေးမလုပ်။
စာပေ ကဗျာက ဘာပြောသနည်း ဆိုခြင်းကိုသာ အလေးအနက်ထားပြီး ပြင်းပြင်း
ထန်ထန် ဝေဖန်လိုက်သည်။

ဖီလိုဆိုဖာကြီးပီပီ ပလေတိုကြီးက အမှန်တရားကိုသာ တန်ဖိုးထား မြတ်နိုးသည်။
စာပေ ကဗျာ ဆိုသည် အမှန်တရားကို မပြော၊ မပြောနိုင်ဟု ဆိုပြီး စာပေကဗျာကို
ပလေတိုကြီးက တစ်ချက်လွှတ် ဆုံးဖြတ် ပစ်ပယ်ခဲ့သည်။

ပလေတိုကြီး၌ အားနည်းချက် နှစ်ချက်ရှိသည်ဟု ကျွန်တော် ထင်သည်။
ပထမ အချက်ကား ပလေတိုကြီး၏ အမှန်တရား ဆိုသည်နှင့် ထိုအမှန်တရားကို

သူ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း ဖြစ်လေသည်။ သူပြောသည့် အမှန်တရားမှ အမှန်
တရားလော။ သူ့ချဉ်းကပ်နည်းမှသာ ချဉ်းကပ်နည်းလော။

ထားပါတော့။ ဤကိစ္စကို ကျွန်တော် မဆွေးနွေး လိုသေးပါ။
ဒုတိယ အားနည်းချက်ကား ပလေတိုကြီး၏ သတိလွတ်ချွတ်ယွင်းမှု ဖြစ်သည်။
စာပေကဗျာ ဆိုသည် ပလေတိုကြီး မပေါ်မီ ဟိုရှေးပဝေသဏီတည်းက ရှိနေ
သည်။ ပလေတိုကြီး သေပြီးနောက်လည်း ဆက်ရှိနေသည်။ ပလေတိုကြီးက
သေဒဏ် ချသွားသော်လည်း စာပေကဗျာသည် မသေ၊ ဆက်ရှင်နေ၏။
သူသေပြီးနောက် စာပေကဗျာ ဆက်ရှိနေခြင်းကို မသိသည့်အတွက် ပလေတို
ကြီးကို အပြစ်မတင်ပါ။

သူ အသက်ရှင်နေတုန်း၌ စာပေကဗျာ ရှိနေသည်။ သူလို ပုဂ္ဂိုလ်ပင် ဂရုစိုက်
အလေးပြု ဆွေးနွေးဝေဖန်မှု လုပ်ယူရအောင် ကဗျာက ထင်းရှား ရှိနေသည်။
ဘာမျှ မဟုတ်သည် အရာ၊ ဘာတန်ဖိုးမျှ မရှိသော အရာတစ်ခုဆိုလျှင် ဘာကြောင့်
အရေးလုပ်၍ ကျမ်းကြီးကျမ်းငယ် ရေးလျက် ဝေဖန် ဆွေးနွေးခဲ့ရပါသနည်း။

ပညာရှိ သတိဖြစ်ခဲ။ ဤအချက်ကိစ္စတွင် ပလေတိုကြီး သတိလွတ်နေသည်။
အရစ္စတိုတယ်(လ်)ကမူ သတိမလွတ်။ ထင်ရှားခိုင်မြဲစွာ ရှိနေသော စာပေကဗျာ
ကို ရှိနေသည့်အတိုင်း တက်နိုင်သမျှ ဓမ္မဓိဋ္ဌာန်ကျအောင် စေ့စေ့စပ်စပ် ဆွေးနွေး
ဝေဖန်ပြသည်။ ဝေဖန်ခြင်းဆိုသည်မှာ အပြစ်ရှာခြင်း မဟုတ်ကြောင်းလည်း
အရစ္စတိုတယ်(လ်)က လက်တွေ့ ပြသွား၏။

အရစ္စတိုတယ်(လ်)က စာပေကဗျာက ဘာပြောသနည်း ဟူသော ကိစ္စ တစ်ဘက်
တည်းဆီသာ အာရုံအစွန်း ရောက်နေသော ဝေဖန်ရေးကို စာပေကဗျာသည် ဘယ်
ပုံ ဖြစ်ရှိသနည်း ဆိုသည့်ဘက်သို့ ဆွဲခေါ်ယူခဲ့သည်။

အမှန်တရား ကိစ္စ၊ တနည်း …. ဘာပြောသနည်း ကိစ္စမျှလောက်နှင့် ဆိုလျှင် စာပေ
ဝေဖန်ရေးသည် အလွန်တရာ ကျဉ်းမြောင်း နေပေလိမ့်မည်။ စာပေ ဝေဖန်ရေးပင်
မဟုတ်တော့ဘဲ ဒဿနကိစ္စ သက်သက်သာ ဖြစ်သွားလေတော့မည်။ စာပေဝေဖန်
ရေး ပညာ၊ စာပေသဘောတရား ပညာတွေလည်း ထွန်းကား ပေါ်ပေါက်တော့
မည် မဟုတ်။

“ဟေ့ …. စာပေသဘောတရား ပညာတွေ ရှိဖို့ မလိုဘူးကွ၊ အလှအစစ်ဟာ
ဖီလိုဆိုဖာမှာသာ ရှိတယ်၊ ဖီလိုဆိုဖီကသာ ကဗျာအစစ်၊ ဖီလိုဆိုဖီ ရှိလျှင် ပြီးရော၊
မင်းတို့ပြောတဲ့ ကဗျာဆိုတဲ့ မဟုတ်ကဟုတ်ကတွေ ဒီလောကမှာ မလိုဘူးကွ”ဟု
ဆိုသော ပလေတိုကြီး၏ စကားကို မျိုချပြီး ငြိမ်ငြိမ်လေး ထိုင်နေကြရုံ ရှိသည်။

အင်းဝခေတ်က အရှင်သီလ၀ံသ၊ အရှင်မဟာရဋ္ဌသာရကို “သာချင်းသည်” ဟု
ရှုတ်ချသော ကိုယ်တော်အချို့ တို့ကဲ့သို့ စာပေနှင့် စာပေလောကကို လျစ်လျူ
ရှု ကျောခိုင်းကြရုံ ….။

အရစ္စတိုတယ်(လ်)က စာပေကဗျာက ဘာပြောသည် ဆိုသော ကိစ္စနှင့် စာပေ
ကဗျာသည် ဘယ်ပုံ ဖြစ်ရှိနေသည် ဆိုခြင်းကို စေ့စေ့စပ်စပ် ပြောပြသည်။ အမှန်
ကား ဘယ်ပုံ ဖြစ်ရှိနေသည်ကို ရှင်းပြသောအခါ ဘာပြောနေသည် ဆိုခြင်းနှင့်
လုံးဝ ရှင်းရှင်း ကင်း၍ကား မရ၊ ကိစ္စ နှစ်ခုသည် ငြိကပ် ချိတ်တွယ် ရောထွေး
နေသည်။

အရစ္စတိုတယ်(လ်) ကြိုစားရှောင်သည်က “စာပေကဗျာရဲ့ ရည်ရွယ်ချက် ဆိုတာ
က ဟောဒါပဲ ခင်ဗျ၊ စာပေကဗျာတွေ ပြောပြနေတာက ဟောဒါမှ …ဟောဒါ၊
တခြား မဟုတ်ဘူးဗျ …” ဟု အလွယ်တကူ လှေနံဓါးထစ် မပြောမိရန် ဖြစ်သည်။

ဤနေရာ၌ စာပေသဘောတရား ပညာရှင် “၀ီလီယံ ကေ ၀င်းဆတ်”
(William K. Wimsatt) ၏ သုံးသပ်ချက်ကို တင်ပြလိုသည်။ ၀င်းဆတ်က
စာပေကဗျာတို့ ဘာပြောသည်၊ ဘာကိစ္စလုပ်သည် ဆိုခြင်းနှင့် ပက်သက်၍
အရစ္စတိုတယ်(လ်)တို့ ခေတ်၌ အမွေဆက်ခံ ထားရသော အဆိုအမိန့်နှစ်ခု
ရှိကြောင်း ထောက်ပြခဲ့၏။

တစ်ခုက ကဗျာ့ဘိုအေးကြီး ဟိုးမာ၏ အဆိုအမိန့် ဖြစ်သည်။
ဟိုးမာက ကဗျာသည် လူကို ကြည်နူး သာယာစေသည်ဟု ဆိုသည်။
(
Poetry is something which charms)

အခြားတစ်ခုက ကဗျာ့ဘိုအေးကြီး တစ်ဦးပင် ဖြစ်သည့် ဟီးဆီယက်၏ အဆို
အမိန့် ဖြစ်သည်။ ဟီးဆီယက်က ကဗျာသည် လူကို ပညာပေးသည်ဟု ဆိုသည်။
(
Poetry is something which teaches)

အရစ္စတိုတယ်(လ်)က ထိုအဆိုအမိန့်နှစ်ခုလုံးကို ထိပ်တိုက် ရင်မဆိုင် ထို အဆို
အမိန့်နှစ်ရပ်၏ အစွန်းနှစ်ဘက်မှ လွတ်ရန်ရှောင်ပြီး ….
ကဗျာသည် နိမိတ္တ (
image) တစ်ခုအဖြစ်နှင့်လည်း လူကို ကျေနပ် နှစ်သက်စေ
သကဲ့သို့ တပြိုင်နက်တည်းမှာပင် အလွန်တည်ကြည် လေးနက်၍ ဒဿန ဆန်သည်
(
philosophoteron kai spoudaioteron) ဟု ဆိုခဲ့သည်။
ကဗျာဘာပြောသည်၊ ဘာလုပ်သည်ဟု အရစ္စတိုတယ်(လ်) ပြောသည်ဟု ယူဆ
နိုင်သည့် စကားတစ်လုံးကို ခေတ်စာပေ သဘောတရား ပညာရှင်တို့ အရေးထား
ဆွေးနွေးကြသည်။ ထိုစကားကား “ကသားဆစ်(စ်)” (
Catharsis) ဆိုသော
စကားဖြစ်၏။

ကသားဆစ်(စ်)ဟူသော ခေါမစကား၏ အဓိပ္ပါယ်မှာ သန့်စင်ပစ်ခြင်းဟု
အဓိပ္ပါယ်ရသည်။ မူလက ဆေးပညာမှ စကား ဖြစ်သည်။ ၀မ်းတွင်းမှ မသန့်စင်သော
အရာတို့ကို အပြင်သို့ ထွက်စေ၍ သန့်စင်အောင် ပြုခြင်းကို ခေါ်သည်။

ထရက်ဂျဒီ (tragedy) ပြဇာတ်၏ အနက်အဓိပ္ပါယ်ကို ပေးရာ၌ အရစ္စတို
တယ်(လ်)က ….
“ထရက်ဂျဒီ ပြဇာတ်သည် သနားခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ အားဖြင့် တုပခြင်း
ဖြစ်ပြီး ထိုတုပခြင်းက ထိုခံစားခြင်းတို့အတွက် လျောက်ပတ်သော သန့်စင်မှုကို
ဖြစ်စေ၏” ဟု ရေးခဲ့၏။

ဤစကားကို နားလည်ရန် အလွန်ခက်ပါသည်။
ကျွန်တော် ကြိုးစားပြီး ရှင်းပြပါမည်။
ထရက်ဂျဒီ (tragedy) ပြဇာတ်တစ်ခုကို ကြည့်နေစဉ် လူ့ရင်၌ သနားစိတ်များ၊ ကြောက်
စိတ်များပေါ်လာသည်။ ထိုသနားစိတ်များ၊ ကြောက်စိတ်များသည် တကယ့်အတွေ့အကြံ
၌ ပေါ်ပေါက်သော သနားစိတ်များ၊ ကြောက်စိတ်များကဲ့သို့ အစစ်များမူ မဟုတ်။ ဆင်တူ
သော သနားစိတ်များ၊ ကြောက်စိတ်များသာလျှင် ဖြစ်သည်။ ထို ဆင်တူဖြစ်သော
သနားစိတ်များ၊ ကြောက်စိတ်များက လူ၌ရှိသော သနားစိတ်များ ကြောက်စိတ်များကို
သန့်စင်ပစ်သည်။

လူ၌ရှိသော သနားစိတ်များ၊ ကြောက်စိတ်များသည် ယေဘုယျအားဖြင့် အတ္တနှင့်
ယှဉ်သော စိတ်များ ဖြစ်သောကြောင့် မလိုလားအပ်သော စိတ်(၀ါ) ခံစားမှုများ
ဖြစ်သည်ဟု အဓိပ္ပါယ် ထွက်နေသည်။ ကြောက်စိတ်ကို မလိုလားအပ်သော စိတ်ဟု
နားလည်နိုင်သော်လည်း သနားစိတ်ကို မလိုလားအပ်သော စိတ်ဟု နားလည်းနိုင်ရန်
မြန်မာ တစ်ယောက်အတွက် ခက်မည် ထင်ပါသည်။

အင်္ဂလိပ်စကား၌ သနားခြင်း အနက်ကို ပေးသော “ပစ်တီ”(Pity) ဟူသော စကား
နှင့် “ကွန်ပက်ရှင်း” (Compassion) ဟူသော စကားနှစ်ခု ရှိသည်။ ကွန်ပက်ရှင်းကား
မြန်မာ နားလည်သော သနားခြင်း ကရုဏာမျိုး ဖြစ်သည်။ ပစ်တီကား သနားတော့
သနားသည်။ အပြစ်မြင်စိတ် ဒေါသလေး ရောနေသည်။

ထရက်ဂျဒီ(tragedy) ပြဇာတ်က ထိုသို့ သဘောရှိသော “ပစ်တီ” သနားစိတ်နှင့်
ကြောက်စိတ်ကို သန့်စင်ပစ်သည်ဟု အရစ္စတိုတယ်(လ်) ဆိုလိုဟန် ရှိသည်။

ကသားဆစ်(စ်)ကို ဆွေးနွေးကြသူ ပညာရှင်အချို့က ရင်၌ ရှိသော မလိုလားအပ်သည့်
ခံစားမှုတို့ကို ထွက်ပေါက်ရကာ သန့်စင်သွားစေသည့် အဓိပ္ပါယ်မျိုး ကောက်သူ
ကောက်ကြသည်။ အချို့ကမူ မလိုလားအပ်သော ခံစားမှုတို့ ပြုပြင်ခံရပြီး သန့်စင်
ကောင်းမွန်သွားသည့် အဓိပ္ပါယ် ကောက်ကြသည်။

အမှန်ကား အရစ္စတိုတယ်(လ်) ကိုယ်၌က ဘာဆိုလိုသည် မရှင်းခဲ့။ (Politics)
ပေါလစ်တစ်ကျမ်း၌ နောင်ကို ဤကိစ္စကို ပို၍ ရှင်းရှင်းလင်းလင်း တိတိကျကျ ကိုင်တွယ်
မည်ဟုတော့ ဆိုခဲ့သည်။ အရစ္စတိုတယ်(လ်)၏ (Poetics) ပိုးအက်တစ်(စ်)ကျမ်းကြီး
ဒုတိယပိုင်းမှာ ပျောက်ဆုံးနေသည်။ ထိုပျောက်ဆုံးနေသော အပိုင်းတွင် ကသားဆစ်(စ်)
အကြောင်း ပြည်ပြည်စုံစုံ ပါကောင်း ပါမည်ဟု ခန့်မှန်းကြသည်။

မမေ့သင့်သော အချက်ကား အရစ္စတိုတယ်(လ်)သည် ပလေတိုကြီး၏ အယူအဆ
အဆိုအမိန့်ကို မက်တာဖစ်ဇစ်(စ်) (metaphysics) နည်းနှင့် ချေပနေခြင်းသာ
ဖြစ်လေသည်။ ပလေတိုကြီးက ကဗျာစာပေက လူ့စိတ်ဓါတ်ကို ပျော့ညံ့ပျက်စီးစေ
သည်ဟု ဆိုခဲ့ရာ မဟုတ်ဟု အရစ္စတိုတယ်(လ်)က ငြင်းဆို ပြနေသည်။

ကသားဆစ်(စ်) သဘောသည် ဤသို့ငြင်းဆိုမှုအတွက် အရေးကြီးသော စကား
တစ်ခုဖြစ်ဟန် တူသည်။ သို့ရာတွင် အရစ္စတိုတယ်(လ်)က ပြည့်ပြည့်စုံစုံ ပြောမသွား
ခဲ့။ သို့မဟုတ် ပြည့်ပြည့်စုံစုံ ပြောခဲ့သည့် ကျမ်းအပိုင်းက ပျောက်နေသည်။
မည်သို့ဖြစ်စေ အရစ္စတိုတယ်(လ်) ပြောပြနိုင်ခဲ့သမျှတွေနှင့်ပင် ပလေတိုကြီး၏
အယူအဆကို ချေဖျက်ရန် အတန် လုံလောက် ပြည့်စုံနေသည်။

လူ၌ “ဗာကျူး” (Virtue) ဟုခေါ်သော “ကောင်းခြင်း အရည်အသွေး” တွေလည်းရှိ
သည်။ “ဗိုက်စ်” (Vice) ဟုခေါ်သော “ဆိုးခြင်း အရည်အသွေး” တွေလည်း ရှိသည်။
ထရက်ဂျဒီ (tragedy) ပြဇာတ် စာပေက ကောင်းခြင်းအရည်အသွေး ရှိသောသူ
အကြောင်း ရေးသည်။ အမှားနှင့် ကံကြမ္မာကြောင့် ဒုက္ခ တွေ့ရသော်လည်း ကြံ့ကြံ့
ခိုင်ခိုင် ရင်ဆိုင်သွား သူများ အကြောင်း ဖော်ပြသည်။ ကွန်မဒီ (comedy) ပြဇာတ်
တွေက ဆိုးခြင်း အရည်အသွေး ရှိသော လူတွေ အကြောင်း ရေးသည်။ လူရယ်ဖွယ်၊
အထင်သေးဖွယ် ဖြစ်နေသော်လည်း မိမိအဖြစ် မိမိ မသိ။ ကွန်မဒီ ပြဇာတ်မှ ဇာတ်
ဆောင်သည် ပြုပြင်ပြောင်းလဲ တိုးတက်မှု မရှိ၊ သူ့အသုံးမကျမှုကိုသာ သူ မရပ်မစဲ
ဆက်ဖော်ပြနေသည်။

အရစ္စတိုတယ်(လ်) စနစ်တကျ သရုပ်ခွဲ ရှင်းပြသောကြောင့် ကဗျာစာပေ၏
သဘော သဘောဝကို ကျွန်တော်တို့ ပို၍ နားလည်လာသည်။ လူနှင့် လောက
အကြောင်းကိုလည်း ထိုးထွင်းသိမှု ရှိလာသည်။

အရစ္စတိုတယ်(လ်)၏ စာပေကဗျာအပေါ် သုံးသပ်ပုံ သုံးသပ်နည်းမှ ကျွန်တော်တို့
ပညာများစွာ ရသည်။
ဥပမာတစ်ခု ပြောရလျှင် စာပေကဗျာကို ဝေဖန်သောအခါ ဝေဖန်ရေးသည် ဆန္ဒ
ဒေါသ မပါဘဲ ဓမ္မဓိဋ္ဌါန်ကျ၍ ကြောင်းကျိုးဆီလျော် ညီညွတ်ရမည်။ မိမိ ဝေဖန်
နေသော အကြောင်းအရာများ၊ သဘောများကို ကျစ်ကျစ်လျစ်လျစ် အနက်အဓိပ္ပါယ်
ဖွင့်ဆို ပေးနိုင်ရမည်။

ပလေတိုကြီးနှင့် ယှဉ်လျှင် အရစ္စတိုတယ်(လ်) သုံးသော သဘာပြ စကားများက
အနက်အဓိပ္ပါယ် ကျစ်လျစ်သည်။
သို့ရာတွင် ကဗျာစာပေ၌ သိသာ သိနိုင်ပြီး အနက် အဓိပ္ပါယ် ဖွင့်ဆိုရန် မလွယ်သော
(
knowable but indefinable) နယ်ပယ်တွေလည်း ရှိနေသေးသည်။ ဤကိစ္စမျိုးတွင်
အရစ္စတိုတယ်(လ်)က လူတတ်လုပ်ပြီး တယူသန် တထစ်ချ မပြောတတ်။ တဖန်
ကဗျာစာပေ၌ မသိနိုင်သော “လျှို့ဝှက်ခြင်း” (
unknowable mystry) နယ်ပယ်တွေ
လည်း ရှိနေသေးသည်။ ဥပမာ- ကဗျာဆရာကို ကဗျာ စပ်မိအောင် ဖန်တီး တွန်းလွှတ်
လိုက်သည့် “စိတ်အခြေအနေ” (
poetic inspiration) နှင့် ကဗျာစပ်ရသဖြင့် ကဗျာ
ဆရာ “ခံစားရသည့် စိတ်” (
poetic experience)။

ဤစိတ်အခြေအနေ၊ ဤခံစားချက်တို့ကို ကဗျာဆရာသာ သိပေလိမ့်မည်။
ဤကိစ္စမျိုး၌လည်း အရစ္စတိုတယ်(လ်) ဘာမျှ ၀င်မပြော။
အရစ္စတိုတယ်(လ်) သိသည်ကား ကဗျာစာပေ ဆိုသည်က လူ့လက်ရာ၊ ရှေးတုန်း
ကတည်းက ရှိသည်။ ယခုလည်း ရှိသည်။ နောင်လည်း ရှိမည်။
ရှိနေသည်ကို ရှိနေသည့်အတိုင်း ဓမ္မဓိဋ္ဌါန်ကျကျ လေ့လာသည်။ အနက် အဓိပ္ပါယ်
ဖွင့်ဆို၍ ဆွေးနွေး သုံးသပ်သည်။

သူ သုံးသပ်သည်ကား
ကဗျာစာပေသည် ဤ လူ့လောက၌ သူ့နေရာ ရှိသည်။ သူ့အခန်း ရှိသည်
ကဗျာသည် နိမိတ္တ တစ်ခု အဖြစ်နှင့်လည်း လူကို ကျေနပ် နှစ်သက်စေသကဲ့သို့
တပြိုင်နက်တည်းမှာပင် အလွန်တည်ကြည် လေးနက်၍ ဒဿန ဆန်သည်။

ဤ စကားရပ်ဖြင့် အရစ္စတိုတယ်(လ်)က ကဗျာစာပေကို လောက၌ နေရာ ကောင်း
ကောင်း ပေးခဲ့သည်။ ပလေတိုကြီး အလို ဆိုလျှင် ကဗျာစာပေတွေကို စကြာဝဠာ
တံတိုင်း၏ အပြင်ဘက်ဆီ လွှင့်ပစ် ရမည်ကဲ့သို့ ဖြစ်နေလေသည် တကား။ ။


(ဤမျှသာ။)
(အလျင်သင့်သလို ဤစာအုပ်ပါ အချက်များကို တင်ပြသွားမည်။)

ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း


ရေးသူ -
တက္ကသိုလ်ဘုန်းနိုင်
(မှတ်ချက်။ ။ ယခင်က အပိုင်း(၁)မှ အပိုင်း(၄) အထိ ဤနေရာတွင် ဖော်ပြခဲ့
ဖူးပါသည်။ ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ယင်းစာအုပ်မှာ ယခု
အခါ ရှားပါးစာပေ စာရင်းဝင် စာအုပ်တစ်အုပ် ဖြစ်နေသောကြောင့် အပိုင်း
အချို့ကို လေ့လာနိုင်ရန် တင်ပြပါသည်။)
…. …. ….

(၉)

အနုပညာ ဝေဖန်ရေး၊ စာပေ ဝေဖန်ရေး၊ ကဗျာ ဝေဖန်ရေး အားလုံးသည် ပလေတို
မှ စ’သည်။ ပလေတိုကမှု သူ့ဆရာ အဘိုးကြီး ဆိုကရေးတီး(ဇ်)က စ’သည့်ပမာ
ရေးထားသည်။

ဝေဖန်ရေး လုပ်သည့်အခါ အကောင်းအဆိုး အမှားအမှန်ကို တိုင်းတာပြီး ဆုံးဖြတ်ရန်
ပေတံတစ်ချောင်း သို့မဟုတ် ချိန်ခွင်တစ်ခုတော့ လိုသည်။ ထိုပေတံ သို့မဟုတ် ချိန်
ခွင်ကို သဘောတရားဟု ခေါ်သည်။

ဖြစ်ပုံက သည်လို ….။ ဘယ်သူမပြု မိမိမှု ……။
ကဗျာဆရာတွေ ဖီလိုဆိုဖာ မဟုတ်လေတော့ စကားတွေကို မဆင်မခြင် လွှတ်ခနဲ
ပြောချမိတတ်သည်။ မှားလျှင်လည်း ခွင့်လွှတ်နော်။ လွန်တာရှိ ၀န္ဒာမိပေါ့ ….။
သည်လို ကဗျာ သို့မဟုတ် အနုပညာ ခွင့်လွှတ်သည်းခံမှု (Poetic Licence)
တောင်းတတ်ကြသည်။ ပရိသတ်ကလည်း ခွင့်လွှတ်သည်းခံမှု ပေးမြဲတည်း။
အဲ … မပေးသည်က ဖီလိုဆိုဖာတွေ။ သူတို့က အားနာတတ်သူတွေ မဟုတ်။
သူတို့ကသာ ငါ့စကား နွားရ လုပ်ချင် လုပ်မည်။ သူများ လုပ်လျှင်တော့ သည်းမခံ။
ခွင့်မလွှတ်။ ဤသည်က သူတို့အကျင့်။

ဟိုးမာကြီးက မဆင်မခြင် လွှတ်ခနဲ ပြောချမိဖူးသည်။ သူ၏ အိလိယက် ကဗျာကြီး
ကို နတ်ဘုရားမ (Goddess) များက ပေးသည့် အစွမ်းတန်ခိုးနှင့် စပ်သည် ဟူသတဲ့။
နောက် ကဗျာဆရာကြီးတစ်ဦး ဖြစ်သူ ဟီးဆီယက်ကမူ နတ်ဘုရားမ မူး(ဇ်)

(Muses) များသည် သူ့အား ကိုယ်ထင်ပြ၊ စကားဆိုခဲ့သည်ဟု ရေးခဲ့သည်။

စကားမစပ် ဖြတ်ပြောချင်သည်။ ခေါမတို့၏ ဂေါ့(ဒ်) ဆိုသည်များကို နတ်ဘုရားများ
ဟု ကျွန်တော် မခေါ်ချင်။ ခေါမ ဂေါ့(ဒ်) များက ပွေသည်၊ ဗရုတ်ကျသည်၊ ကြာကူရီ
ရိုက်တတ်သည်။ မဟုတ်တာတွေရော ဟုတ်တာတွေရော အကုန်လုပ်သဖြင့် လူနှင့်
အလွန်တူသည်။ တန်ခိုးကြီးတာလေးသာ ထူးသည်။ သူတို့ကို နတ်ဘုရားဟု ခေါ်
ရသောအခါ အခြားဘုရားတွေကို အားနာဖို့ ကောင်းသည်။ ကျွန်တော်တို့၏ သုံးလူ့
ထွတ်ထား သဗ္ဗညု မြတ်စွာဘုရားနှင့်ကား လားလားမျှ မဆိုင်။ မိုးနှင့်မြေ၊ နံ့သာဆီ
နှင့် ရေနံမက ကွားခြားခြင်းမက ကွားခြားသည်။

သူတို့၌ ရှိသည်ဆိုသော တန်ခိုးကို နှိုက်နှိုက်ချွတ်ချွတ် လိုက်စူးစမ်း ကြည့်တော့လည်း
တန်ခိုး အသေးစားလေးတွေ၊ ချွတ်တားဝါလား တန်ခိုးတွေ …။ သည်တော့ … နတ်
ဘုရားဆိုသည့် စကားနှင့် သူတို့ မတန်ပါ။ ကျွန်တော်ကတော့ သူတို့ကို နတ်၊ နတ်သမီး
ဟုပဲ ခေါ်မည်။ နတ်လို့ပဲ ဆက်၍ခေါ်မည် ဂေါ့(ဒ်)။

မူး(ဇ်)ဟု ခေါ်သော ခေါမ နတ်သမီး (၉)ဖော် ရှိသည်။ သူတို့၏ အမည်များကား-
(၁)ကလီယက်ပီး(Calliope)(စကားအလင်္ကာနှင့် မော်ကွန်း ကဗျာရှင်မ)
(၂)ကလီအိုး(Clio) (သမိုင်း ပညာရှင်မ)
(၃)ယူးတားပီ (Euterpe) (ဂီတနှင့် ခံစားမှု ကဗျာရှင်မ)
(၄)မဲ(လ်)ပွန်မနီး(Melpomene) (အလွမ်း ဇာတ်ရှင်မ)
(၅)တား(ပ်)ဆစ်ကရီး (Terpsichore) (အက ပညာရှင်မ)
(၆)အီရက်တိုး (Erato) (အချစ် ကဗျာရှင်မ)
(၇)ပေါ်လီဟင်းနိယ(Polyhymnia) (ဘာသာရေး ကဗျာရှင်မ)
(၈)ယူရေးနိယ(Urania) (နက္ခတ္တဗေဒ ရှင်မ)
(၉)သေးလိယ (Thalia) (ဟာသဇာတ်နှင့် ကျေးလက်တောရွာ ကဗျာရှင်မ)

ဤစာရင်းအတိုင်းဆိုလျှင် နတ်သမီးတွေလည်း မခေလှ။ သူ့အထူးပြုမှုနှင့် သူနှင့်။
အလွမ်းသမလေးတွေ၊ ဟာသမယ်လေးတွေ၊ ခံစားမှု ဒေ၀ီတွေ၊ ဘ၀ သရုပ်ဖော်
ဒေ၀ီတွေ၊ ဓမ္မ တေးသံရှင်တွေ။ အဟင်း … ကလျာတို့၊ မမိုးမြေတို့၊ မလေးလုံတို့၊
ခင်ဆွေဦးတို့၊ မိုးမိုး(အင်းလျား)တို့၊ စုလှဖြူတို့၊ မိုးမိုး(ဆေးတက္ကသိုလ်)၊ ဂျူးတို့၊
စမ်းစမ်းနွဲ့(သာယာဝတီ)တို့၊ မအိတို့၊နုနုရည်(အင်းဝ) တို့ …… ကောင်းကင်ဘုံမှာ
ရှိကြသားကလား။ ဘုန်းနိုင်တို့ မောင်သာရတို့သာ မရှိဟန် တကား။

ဟိုးမာတို့ ဟီးဆီယက်တို့မှ စ,ကာ ခေါမ ကဗျာဆရာတွေက သူတို့ ကဗျာများကို
မူး(ဇ်)တို့ ပေးသော တန်ခိုးနှင့် စပ်သည်ဟု ပြောကြသည်။
တစ်နည်းဆိုလျှင် ခေါမကဗျာဆရာတွေကပင် စာပေသဘောတရား တရပ် အမှတ်
မတင် ချပေးမိလျက်သား ဖြစ်သွားကြ၏။
မိမိတို့ ကဗျာများသည် ကောင်းသည်၊ မြတ်သည်။ အကြောင်းမှာ မိမိတို့ ကဗျာ
များသည် မူး(ဇ်)တို့ ထံမှ လာသည်။ ဘယ်သူ ဘာပြောချင်ကြ သနည်း။

ဟုတ်ကဲ့၊ စောစောပိုင်းကမူ ဘယ်သူကမျှ ဘာမျှ မပြောကြပါ။
သို့ရာတွင် တိုးတက်သော ခေတ်ကြီးက ရောက်လာသည်။ တိုးတက်သော ခေတ်
ကြီးကို ဆိုကရေးတီး(ဇ်)တို့ ပလေတို တို့က ခေါင်းဆောင်ကြသည်။ အဲ … သူတို့
ကမူ အများကြီး ပြောချင်သည်။ ပြောလည်း ပြောကြသည်။ ကဗျာဆရာတွေ တွင်
မက ကဗျာတွေကိုပင် စုတ်ပြတ်သွားအောင် ပြောကြသည်။

ကဗျာဆရာနှင့် ဖီလိုဆိုဖာတို့၏ ရန်ပွဲ …။
စာပေသဘောတရား သမိုင်းပညာရှင်တို့က ဤအတိုင်း နာမည်ပေးကြသည်။ ရန်ပွဲ…။

ခရစ်မပေါ်မီ နှစ်(၃၉၉) တ၀ိုက်တွင် စ,ခဲ့သည်။
….. ….. …..

(၁၀)

ပလေတို၏ စာပေနှင့် အနုပညာ သဘောတရားများကို ကျွန်တော် အထက်တစ်နေရာ
၌ ဆိုခဲ့သော သမ္မတနိုင်ငံ ခေါ်သည့် ကျမ်း၌ တွေ့ရသည်။ ထို့အပြင်လည်း သူ၏ မနည်း
လှသော “ဆွေးနွေးခြင်း” (Dialogue) ခေါ် ကျမ်းများ၌ တွေ့ရသည်။ ထိုကျမ်းများကာ …
(၁)အိုင်းယင် (Ion)
(၂)ဖီးဒို (Phaedo)
(၃)ဆင်ပိုးဇီယင် (Symposium)
(၄)ဖီးဒရက်(စ်) (Phaedrus) တို့ ဖြစ်ကြသည်။

ဆွေးနွေးခြင်းများ၌ နှစ်ဦး အချီအချ ဆွေးနွေးဟန် ရေးသားသည်။ ပလေတိုက
သူ့ဆရာအဘိုးကြီး ဆိုကရေးတီး(ဇ်) က ခေါင်းဆောင် ဆွေးနွေးသည့် သဏ္ဌာန်
ရေးသည်။ ဆိုကရေးတီး(ဇ်) က အလွန်စကားတတ်သည်။ ကတ်သီးကတ်သတ်
တွေးပြီး ကတ်သီးကတ်သတ် မေးတတ်သည်။ သူနှင့်တွေ့လျှင် မလွယ်။ ယခုခေတ်
စကားနှင့် ပြောရလျှင် ကောင်းကောင်း“အနွှာ” ခံရသည်။ သြော် … ယခုခေတ်လည်း
ဝေဖန်ရေး ဆရာအချို့ နွှာနေကြသည်။ အပြစ်မတင်သာ။ ပလေတိုကြီးက စ,နွှာ
ခဲ့သည်ကိုး။

အိုင်းယင်ကျမ်းမှ အိုင်းယင်ဆိုသော သူငယ်မှာ ဆိုကရေးတီး(ဇ်) သို့မဟုတ် ပလေတို
၏ အနွှာကို ရှေးဦးစွာ ခံရသူ ဖြစ်လေသည်။

အိုင်းယင်ကား “ရက်(ပ်)ဆဒီး” (Rhapsode) တစ်ဦး ဖြစ်သည်။ ရက်(ပ်)ဆဒီး ဆိုသည်
မှာ အတတ်ပညာရှင် တစ်ဦး ဖြစ်သည်။ ဇာတ်ဆောင်တစ်ဦးနှင့် စာပေ ပါမောက္ခ တစ်ဦး
ကို ပေါင်းလိုက်လျှင် ရက်(ပ်)ဆဒီး တစ်ဦး ရသည်ဟု ဆိုကြသည်။ သူ့ကဗျာတွေကို
အသံကောင်းကောင်း၊ အမူအရာ ကောင်းကောင်းနှင့် ရွတ်လည်း ရွတ်ပြသည်။ ရှင်း
လည်း ရှင်းပြသည်။ ဝေဖန်လည်း ဝေဖန်ပြသည်။ “မင်းသား ပါမောက္ခ” ဟု ခေါ်လျှင်
မမှားဟု ထင်သည်။ ကျွန်တော်၏ ချစ်လှစွာသော ကွယ်လွန်သူ ဗိုလ်ဗကိုနှင့် တူမည်
ထင်သည်။

မင်းသာ ပါမောက္ခ ဖြစ်ရန် မလွယ်ပါ။ သူတို့ အတတ်ပညာကို “ရက်(ပ်)ဆဒီ”
(Rhapsody) ဟု ခေါ်သည်။ ဆရာကောင်းကောင်းနှင့် ကျောင်းကောင်းကောင်းတွင်
နှစ်ရှည်လများ သင်ကြားရသည်။ သင်ချင်တိုင်း သင်၍ မရ။ ဥပဓိရုပ်ကလည်း
ကောင်းရမည်။ ဆရာသုခတို့လို အသံလည်း ကောင်းရမည်။ ဆရာဗိုလ်ဗကိုတို့လို
အမူအရာလည်း ကောင်းရမည်။ ကျွန်တော်တို့ မီလိုက်သော ဆရာကြီး ဒေါက်တာ
ထင်အောင်တို့၊ ဆရာကြီး ဦးဧမောင် (တက္ကသိုလ် မောင်သန့်ဇင်) တို့၊ ယခုတိုင်
သက်တော် ထင်ရှား ရှိကြသည့် ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့လို စာတတ်ပြီး
ဗဟုသုတ ကြွယ်ရမည်။

ကျောင်းဆင်းရုံနှင့် မင်းသားပါမောက္ခ မဖြစ်သေး။ ပညာရဲရင့် ပွဲလယ်တင့်ကြောင်း
ပြရန် ပွဲတိုးဖူးရမည်။ ပွဲတိုးသည် ဆိုသည်မှာ ပရိသတ်ရှေ့၌ ပြိုင်ပွဲတွေ ၀င်ရခြင်း
ဖြစ်လေသည်။

အိုင်းယင် ဟောပြောသော ပွဲမှာ ပရိသတ် နှစ်သောင်း တက်သည်ဟု ဆို၏။ သည်
ပရိသတ်ကြီးကို ကဗျာရွတ်ပြီး ငိုအောင်၊ ရယ်အောင်၊ ဒေါထအောင်၊ ထိတ်လန့်အောင်၊
ကြည်နူးအောင်၊ ကြေကွဲအောင်၊ သံဝေဂ ရအောင် အိုင်းယင်က ပြုလုပ်နိုင်ခဲ့သည်။
ပြိုင်ပွဲကြီး၌ ပထမရပြီး ဆုလာဘ်များနှင့် ကျော်ကြားမှုကို အိုင်းယင်က ရခဲ့သည်။
အဲသည် ….. အိုင်းယင်ကို ပလေတိုကြီးက နွှာသည်။
စုတ်ပြတ်သွားအောင် နွှာသည်။
….. ….. ……

(၁၁)

စာရေးဆရာ၊ ကဗျာဆရာများသည် စာမရေး ကဗျာမရေးလျှင် စကားပြောနေတတ်
သည်။ စကားပြောရသည်ကိုလည်း ၀ါသနာ ပါကြသည်။ အထူးသဖြင့် စာအကြောင်း
ကဗျာအကြောင်း သွား မ,စနှင့်၊ စ,လိုက်လျှင် ပြောလိုက်မည်။ ထမင်းမေ့ ဟင်းမေ့၊
ရှေ့မကြည့် နောက်မကြည့်။

ဆိုကရေးတီး(ဇ်)က ဤဉာဉ်ကို သိပုံရသည်။ အိုင်းယင်ကို ကဗျာအကြောင်း သွား
စ,သည်။ ရက်(ပ်)ဆဒီးတို့၏ အတတ်ပညာမှ လျှို့ဝှက်ချက်များကို စုံစမ်းလိုဟန်
နှင့် စကား စ,သည်။ ထောင်ချောက်ကို မသိ။ ဆိုင်းတီးပေးသည်ကိုသာ သိသော
အိုင်းယင်ကလည်း ကွေးနေအောင် က,တော့သည်။ ကိုယ်က နဂိုကတည်းက စကား
ပြောချင်သူ မဟုတ်လား။

အိုင်းယင် စကားကို ထောက်ထောက်ပြီး ဆိုကရေးတီး(ဇ်)က ကြောက်စရာ မေးခွန်း
တွေ ထုတ်လာ၏။ အိုင်းယင်က စွတ်ဖြေ၏။ နောက်မေးခွန်း လာ၏။ စွတ်ဖြေပြန်၏။
အဖြေမတတ်တော့ ကိုယ့်ရှူးကိုယ်ပတ်ပြီး အရူး ဖြစ်တော့၏။

ကဗျာဆိုသည် ဘာနည်း။ ကဗျာ၏ မူလအစက ဘာနည်း။ ကဗျာဆရာ ပြောနေသည်
နှင့် ကဗျာ၏ မူလအစသည် မည်သို့ ဆက်သွယ်နေသနည်း။

ဆိုကရေးတီး(ဇ်)၏ မေးခွန်းများ ဖြစ်သည်။ ရိုးရိုးလေးနှင့် ကြောက်ဖွယ်ကောင်းသော
မေးခွန်းများ ဖြစ်သည်။

မသိ၍ မေးသည် မဟုတ်။ သိလျက် သို့မဟုတ် ကိုယ့်အဖြေ ကိုယ်သိလျက် မသိ
ချင်ယောင်ဆောင်၍ မေးသည်။ နွားကျောင်းသား မေး မေးသည် မဟုတ်။ ဘုရား
အလောင်းမေး, မေးသည်။ ဖြေသူကသာ နွားကျောင်းသား ဖြစ်နေ၏။

ထိုအချိန်အထိက ကဗျာတော့ ရှိနေသည်။ ကဗျာဆရာတွေလည်း ရှိနေသည်။
ကဗျာဆိုရာ၌ ယခုခေတ်လောက်မူ ကဗျာ အမျိုးအစား မများသေး။ အဓိကအား
ဖြင့် ကဗျာအမျိုးအစားကြီး နှစ်ခုသာ ရှိသေးသည်။ တစ်ခုကား “အက်ပစ်”(Epic)
ခေါ် မော်ကွန်း ကဗျာ ဖြစ်လေသည်။ တစ်ခုကား “လိုင်းရစ်(ခ်) (Lyric) ခေါ် ခံစား
မှု ကဗျာ ဖြစ်သည်။

အက်ပစ်သည် ဗဟိဒ္ဓခေါ် ပြင်ပအကြောင်းအရာများကို စပ်သည်။ လိုင်းရစ်(ခ်)
က အဇ္ဈတ္တခေါ် ကဗျာဆရာ၏ အတွင်း သန္တာန်မှ ခံစားခြင်းကို အသားပေးသည်။
လိုင်းရစ်(ခ်)၏ မျိုးခွဲ ကဗျာများမှာ ….
(၁)ဆိုးနစ် (Sonnet)
(အကြောင်းအရာ တစ်ခုတည်းကို စူးစိုက် ဖွဲ့နွဲ့သည်။ ဥပမာ- အချစ်။)
(၂)အယ်လက်ဂျီ (Elegy)
(ကွယ်လွန်သူ၏ ဂုဏ်ရည်ကို ချီးမွမ်း၍ လွမ်းဆွတ် တ,သသည်။)
(၃)အိုး(ဒ်) (Ode)
(တစ်ဦးဦး တစ်ခုခုကို ချီးမွမ်း ဂုဏ်တင် စပ်သည်။)
(၄) ဟင်း(မ်) (Hymn)
(ဘုရား၊ နတ်၊ တန်ခိုးရှင်တို့၏ ဂုဏ်ကျေးဇူးကို ချီးကျူး ပူဇော်သည်။)

အိလိယက်နှင့် ယူးလစ်ဆီး၏ ကဗျာကြီးတွေအကြောင်း ရေးခဲ့ပြီးပြီ။ မူး(ဇ်)များ
ကိုယ်ထင်ပြသည် ဆိုသော ဟီးဆီယက် အကြောင်းလည်း ရေးခဲ့ပြီးပြီ။ ဟီးဆီ
ယက်ကား ခေါမ နတ်သမိုင်းကို ပြသော “သီအိုဂနီ” (Theogony) ဆိုသည့်
အက်ပစ် ကဗျာကြီးကို စပ်ခဲ့သည်။ ဟိုးမာတို့ ဟီးဆီယက်တို့က အက်ပစ်ကဗျာ
ဆရာကြီးများ ဖြစ်ကြသည်။

လိုင်းရစ်(ခ်) ကဗျာဆရာကြီးများလည်း ရှိကြသည်။ သူတို့အနက် အထင်ရှားဆုံး
မှာ “ပင်ဒါ” (Pindar) ဖြစ်သည်။ ခရစ် မပေါ်မီ (၅၂၂)မှ (၄၃၃) အတွင်းခန့်၌ နေ
သွားခဲ့၏။ သူက အိုး(ဒ်) ကဗျာကြီးများ စပ်သည်။ “ပင်ဒရစ်(ခ်) အိုး(ဒ်) (Pindaric
Ode) ဟူသော ကဗျာပုံစံ အမည် ထားချန် ရစ်သည်။ သူ့ အိုး(ဒ်) ပုံစံက ဥရောပ
၌ နှောင်းလူတို့ စပ်ကြသည့် အိုး(ဒ်)များနှင့် မတူ။ ကြီးကျယ်သည်။ ခန့်ညားသည်။
လေးနက်သည်။ ဖွဲ့ပုံဖွဲ့နည်း စနစ်ကြီးပြီး စည်းကမ်း တင်းသမျှ သိမ်မွေ့လှပသည်။

ခေါမ ပြဇာတ်ကြီးများကိုလည်း ကဗျာလောကတွင် ထည့် ရေတွက်ရသည်။ ပြဇာတ်
စကားများသည် ကဗျာများ သို့မဟုတ် လင်္ကာများ ဖြစ်ကြသည်။

ပြဇာတ်မှာလည်း “ထရက်ဂျဒီ” (Tragedy) နှင့် “ကွန်မဒီ” (Comedy) ဟု နှစ်မျိုး
ရှိကြောင်း အများသိကြပြီး ဖြစ်သည်။ ထရက်ဂျဒီကို အလွမ်း၊ ကွန်မဒီကို ဟာသဟု
ယေဘုယျ ဘာသာပြန်ကြသည်။ ကွန်မဒီကို ဟာသဟု ပြန်ခြင်းမှာ မလွဲလှပါ။ ဟာသ
ဆိုလျှင်လည်း မှန်ပါသည်။ ဟာသ မဟုတ်သော်လည်း စိတ်ထိခိုက် ကြေကွဲဖွယ်နှင့်
ဇာတ်မသိမ်းသော ဇာတ်မှန်သမျှကို ကွန်မဒီဟု ခေါ်သည်။ အဆင့်မြင့်သော ကွန်မဒီ
များကား လူ့သဘာဝမှ ချွတ်ယွင်း အားနည်းချက်များ၊ လူ့ဘောင်မှ မတရားမှု၊
မညီမျှမှု၊ ကြောင်သူတော်လုပ်မှု၊ အယူသီးမှု စသည်တို့ကို သရော်ပြောင်လှောင်
သည်။

ထရက်ဂျဒီကား …. အလွမ်း မဟုတ်ချေ။ အလွမ်းထက် သိမ်မွေ့လေးနက်သည်။
ထရက်ဂျဒီ မှန်လျှင် စိတ်ထိခိုက် ကြေကွဲဖွယ်နှင့်သာ ဇာတ်သိမ်းရသည်။ စိတ်ထိ
ခိုက် ကြေကွဲဖွယ်အဖြစ် ရောက်စေသော အကြောင်းသည် အလွန် အရေးကြီး၏။
သာမန်အကြောင်း မဟုတ်။ “လွှဲရှောင်သွေခြင်းဌာ မဖြစ်သည့်” အကြောင်းမျိုး
သာတည်း။

ခေါမ ထရက်ဂျဒီများမှ အကြောင်းကား “ကြမ္မာဆိုး” (Fate) ဖြစ်လေသည်။ ပိုမို
ပြည့်ပြည့်စုံစုံ ဆိုရလျှင် ထရက်ဂျဒီမှ အကြောင်းဟူသည်မှာ “ရီမော(စ်) လက်(စ်)
ဝတ်ကင်း အော့(ဖ်)ဖိတ်” (remorseless working of fate) ဖြစ်သည်။ ဆီလျော်
အောင် ဘာသာပြန်ရလျှင် “မျက်နှာမရွေး မထောက်မညှာ မတွန့်မဆုတ် မိမိ
သဘော မိမိ ဆောင်သွားသည့် ကံကြမ္မာ၏ ရက်စက်ခြင်း” ဟု ဆိုရမည်။ ရရှိစေသော
ခံစားမှုကား အလွမ်းမည်ကာ မဟုတ်။ ပါဠိဘာသာဖြင့် “သံဝေဂ” ဟု လည်းကောင်း၊
“သံဝေဇန” ဟု လည်းကောင်း ခေါ်သော သဘောမျိုးသာတည်း။ ထိတ်လန့်ခြင်း၊
တုန်လှုပ်ခြင်း၊ ကြေကွဲခြင်း၊ အသိတရား ရခြင်း၊ ကရုဏာသက်ခြင်း သဘောအားလုံး
တည်း။ ဤအချက်သည် အလွန်အရေးကြီးပါသည်။

နှောင်းခေတ် ပြဇာတ်၊ ရုပ်ရှင်၊ ၀တ္ထုရှည်တို့တွင် ထရက်ဂျဒီ၏ အကြောင်းသဘော
သည် ပြောင်းလာ၏။ ကံကြမ္မာသာ မကတော့ဘဲ ဒုက္ခရောက်စေတတ်သည့် စာရိတ္ထ၊
စိတ်သဘောထား၊ စိတ်ဖောက်ပြန်မှု၊ ပတ်ဝန်းကျင် ဖိအားတို့သည် အကြောင်း
များ ဖြစ်လာကြ၏။

ပလေတိုတို့ အရစ္စတိုတယ်(လ်)တို့အတွက် စာပေဆိုသည်မှာ ကဗျာကို ဆိုလိုသည်။
ကဗျာဆိုသည် ရှိနေပြီဖြစ်သောကြောင့် ကဗျာရေးဖွဲ့နည်းပြကျမ်း သို့မဟုတ် ပညာ
ဖြစ်သည့် “ပရော့ဆဒီ” (Prosody) ရှိနေပြီ။ စကားသုံး စကားနှုန်းပြ ပညာ “ရက်
တာရစ်(က်)” (Rhetoric) လည်း ရှိနေပြီ။ မရှိသေးသည်က “ပိုးအက်တစ်(စ်)”
(Poetics) ခေါ် “ကဗျာသဘောတရား ပညာ”။

အိုင်းယင်ကို ဆိုကရေးတီး(ဇ်)ကြီးက ကဗျာ သဘောတရား ပညာ မေးခွန်းတွေ ထုတ်
နေသည်။
….. ….. ……

(၁၂)

ကဗျာဆိုသည်က လူ့သမိုင်းတွင် တဖြည်းဖြည်း ဖြစ်ပေါ် ပြောင်းလဲမှု သဘော
(evolution) ဖြင့် ထွန်းကားလာသော အတတ်ပညာ တစ်ခု ဖြစ်သည်။ သဘောတရား
စနစ်တစ်ခုအတွက် လိုအပ်သော မူလအခြေခံတရား “အက်ဆီအင်(မ်)” (axiom)
တွေ စဉ်းစားတီထွင်။ ထိုမူလ အခြေခံတရား ရပြီဆိုလျှင် ယင်းအပေါ် မှီထောက်လျက်
နောက်ထပ် သဘောတွေ ထပ်ပွား။ သည်နည်းဖြင့် သဘောတရား စနစ်တစ်ခုကို
တည်ဆောက် ရသည်။

ဥပမာ …. တစ်ဆိုသည့် သဘောကို စဉ်းစားပြီး လက်ခံ အတည်ပြုကြသည်
ဆိုပါစို့။ ယင်းအပေါ် မှီထောက်ပြီး နှစ်တို့၊ သုံးတို့၊ လေးတို့ ဆိုသည့် သဘော
တွေ ထပ်ပွား၍ ရသည်။ သြော် … ထိုကြောင့်လည်း တစ် နှစ် သုံး လေးတွေကို
“နက်ချရယ်နမ္ဘာ” (Natural numbers) တွေဟု ခေါ်သည်။ တစ်ဆိုသည့်
သဘာဝကို သိသည် မဟုတ်လား။ သည်တော့ …. နှစ် ဆိုတာ နားလည်ပြီ ဆိုပါ
တော့။ တစ်ကို လက်မခံဘဲနှင့်တော့ နှစ် သွားလုပ်လို့ မရဘူးနော်။ ဒါပဲ ….။
လက်ခံတယ်။ မဟုတ်လား။ တစ်သဘောကို ငြင်းချင်သလား။ ငြင်းဝံ့သလား။
ငြင်းဝံ့ရင် ငြင်း။ မငြင်းဘူး။ အဲ …မငြင်းရင် ဆက်သွား။ ဒါ သင်္ချာစနစ်။ ဆက်သွား။
သွားချင်သလောက် သွား။

သင်္ချာမှ “ဖောမဲလစ်ဇင်း” (Formalism) ၀ါဒသမားတွေက သည်အတိုင်းသွားသည်။
ဟေ့ …မင်းတို့ အနက်ဖွင့်ဆိုတဲ့ တစ်သဘောကို တို့လက်မခံဘူး ဟေ့။ တို့မှာလဲ
တို့တစ်နှင့် တို့။ သည်တော့ တို့နှစ်နှင့် တို့။ နှစ် သဘောမှာ တစ် သဘောက ဘာ
ဝင်ရှုပ်ရတာလဲ။ နှစ် ကို နှစ် လို့ တစ်နှင့် ကင်းပြီး နှစ် အတိုင်း သိလို့ ရတယ်။
ဘာပြောချင်လဲ။

ဤသည်က သင်္ချာမှ “အင်တူးအစ်ရှင်နယ်လစ်ဇင်း” (Intuitionalism) ၀ါဒသမား
တွေ၏ အမြင်။ သူတို့လည်း သူတို့နည်းနှင့် သူတို့ ဆက်သွားနေကြသည်။

အလွန်တိကျပါသည် ဆိုသော သင်္ချာ၌ပင် ပြောရခက် ဆိုရခက်သည်တွေ ရှိနေ
သည်။ ဟိုလိုပြော၍ရသော သဘောတွေ ရှိသကဲ့သို့ သည်လိုပြော၍ရသော
သဘောတွေ ရှိနေသည်။ မရှိသော သဘောကို အရှိဟု လုပ်ထားသကဲ့သို့ အရှိ
သဘောကို မရှိဟု လုပ်ထားသည့် သာဓကတွေ ရှိနေသည်။

ကဗျာဆိုသည်က တွေးခေါ်မြော်မြင် စစ်ဆေးသုံးသပ် တည်ဆောက်ထားသော
သဘောတရား စနစ်တစ်ခု မဟုတ်။
ကဗျာဆိုသည်က အင်း … သည်လိုပဲ ပေါ်လာသည်။ ကဗျာ ဆိုတာလည်း …
အင်း … ကဗျာလို့ ခေါ်နေကြတာလေ။ သိတယ် မဟုတ်လား။ ကဗျာဆရာကြီး
တွေ စပ်ခဲ့တာဟာ ကဗျာပေါ့။ ကဗျာက ဘာအလုပ် လုပ်သလဲ။ ဒုက္ခပဲ ….
ကျုပ် ဘယ်လို ပြောရမလဲ။
ကဗျာဆရာက ကဗျာစပ်တယ်လေ။ ပြီးတော့ ကိုယ်တိုင် ရွတ်ဆိုပြမယ်။ ဟိုးမာတို့၊
ဟီးဆီယက်တို့ မရှိတော့ ကျုပ်တို့ ရက်(ပ်)ဆဒီးတွေက ရွတ်ပြတယ်လေ။ လူတွေ
က နားထောင်ကြတယ်။ အဲ … နှစ်လဲ နှစ်ခြိုက်ကြတယ်။ လွမ်းစရာတွေ့ရင် လွမ်း
ကြတယ်လေ။ ရယ်စရာတွေ့ရင် ရယ်ကြတယ်။ ဒေါသထွက်စရာတွေ့ရင် ဒေါသ
ထွက်ကြတယ်။ ကြည်နူးစရာတွေ့ရင် ကြည်နူးကြတယ်။ မုန်းစရာတွေ့ရင် မုန်းပြီး
ချစ်စရာတွေ့ရင် ချစ်ကြတယ်။ ရွံစရာတွေ့ရင် ရွံပြီး ကြည်ညိုစရာတွေ့ရင် ကြည်ညို
ကြတာပဲ။ အဲဒါ … ကျုပ်သိတဲ့ ကဗျာပဲ။ ဒီထက်တော့လဲ ပိုမသိဘူး။ ခင်ဗျားသိရင်
ပြော၊ ကျုပ်နားထောင်မယ်။ ခင်ဗျား ပြောချင်တာ ပြော။ ကဗျာကို ကောင်းတယ်လို့
ပြောချင်ပြော၊ မကောင်းဘူးလို့ ပြောချင်လဲ ပြော။ ခင်ဗျားပြောလို့ ကဗျာ ဘာမှ
ဖြစ်မသွားဘူး။ အဲ … လူတွေက မကောင်းဘူးလို့ ပြောလာရင်တော့ ကျုပ်တို့ ဂရုစိုက်
ရမယ်။

အိုင်းယင်သည် ဤသို့သော ရိုးရိုးနှင့် ရဲရဲ ရင်ဆိုင်လိုက်လျှင် ကိစ္စက တစ်မျိုးဖြစ်သွား
မည်။ တစ်ခု ခက်သည်ကား အိုင်းယင် တကယ် ရှိ မရှိ ကျွန်တော်တို့ မသိ။ မရှိဖို့က
များသည်။ အိုင်းယင်သည် ပလေတိုကြီး ဖန်တီးထားသော ဇာတ်ဆောင်သာ ဖြစ်
ဖို့များသည်။ သည်တော့ ပလေတိုကြီး ပြောခိုင်းသည်ကိုသာ ပြောရသည်။ ပြော
ခိုင်းသမျှမှာလည်း ဆိုကရေးတီး(ဇ်)ကြီး နှံ၍ကောင်းအောင်၊ နွှာ၍ ကောင်းအောင်။

အိုင်းယင်က ကဗျာဘာလုပ်သည် ဆိုခြင်းကို ရှေးကဗျာ ဆရာကြီးတွေ ပြောခဲ့သည့်
အတိုင်း ဆုပ်ဖက်တွယ်ထားသည်။
ကဗျာကို နတ်များက ပေးသည်။ မူး(ဇ်)များက ပေးသည်။
အိုင်းယင်သည် ဟိုးမာကိုသာ ကိုးကွယ်ပြီး ပင်ဒါကို မေ့ထားပုံ ရသည်။

ပင်ဒါက နတ်တွေကို “ခေါက်”ထားလိုက်သည်။ ပင်ဒါ အလိုအရ ကဗျာသည်
“တက်ကနီး” (Techne) ခေါ် သင်,တွေးရယူသော အတတ်မျိုးမှ မလာ။ “ဖူး”
(Phua) မှ လာသည် ဆို၏။ ဖူး ဆိုသော ခေါမစကားကို “ဂျီးနယက်(စ်)” (Genius)
ဟု အင်္ဂလိပ်ဘာသာ ပြန်သည်။ အထုံပါရမီကို ဆိုလိုသည်။

ခေါမတွေက ပါဠိ မတတ်။ ကံ၊ ကံ၏အကျိုးကိုလည်း မသိ။ ပဋ္ဋိစ္စသမုပ္ပါဒ် စက်ရဟတ်
ကို သိဖို့ကား ဝေးစွ။ သည်တော့ ပင်ဒါ ပြောသော အထုံပါရမီ ဆိုသည်မှာ ကျွန်တော်
တို့ သိသော အထုံပါရမီ ဟုတ်ချင်မှ ဟုတ်မည်။ ဂျီးနယက်(စ်) ဆိုသော စကားက
ရောမတွေ သုံးသော လက်တင်စကားမှ လာသည်။ ရောမတွေ ပြောသည့် ဂျီးနယက်(စ်)
ကား ကျွန်တော်တို့ ပြောသော အထုံပါရမီနှင့် မတူသည်က အမှန်။

ထားပါတော့။ ကဗျာသည် နတ်များဆီက လာသည်ဟု မိုက်မိုက်ကန်းကန်း ပြော
သည်ထက် စာလျှင် အထုံပါရမီက လာသည်ဟု ပြောလျှင် အနည်းဆုံး သူကတ်
ကိုယ်ကတ် ငြင်း၍ ရဦးမည်။
ယခုတော့ အိုင်းယင်က သူ့ချွတ်တားဝါလား တန်ခိုးရှင် နတ်တွေကို သွားပစ်အားကိုး
လိုက်သည်။

နှစ်ပေါင်း နှစ်ထောင့်သုံးရာကျော် သည်မှာဘက်မှ ကျွန်တော်က လှမ်းအော်ပြောချင်သည်။
သေဟဲ့ …. ။
….. ….. ….

(၁၃)

ဆိုကရေးတီး(ဇ်)ကြီးက လည်သည်။ စကားထောင်ချောက် ဆင်ရာ၌ အလွန်လည်သည်။
ယခုခေတ် ဝေဖန်ရေးဆရာ အမည်ခံ (အချို့သော) အနွှာဆရာတို့ ဆိုကရေးတီး(ဇ်)
ကြီးကို နေ့စဉ် ထိုင်ထိုင် ရှိခိုးနေကြဖို့ ကောင်းသည်။ သူက အနွှာဆရာအပေါင်းတို့၏
ဆရာ့ဆရာ။ အနွှာ ပါရဂူကြီး။

တစ်နေရာ၌ သူပြောပုံကို နားထောင်ကြည့်ပါ။
“ …. ကဗျာဆရာ ဆိုသည်မှာ အလင်းရောင် ဖြစ်သတည်း။ အတောင်ပံ တပ်ထား
ခံရသော ဘုရားသခင်၏ ပစ္စည်းတစ်ခုတည်း။ သူ့မှာ သူ့ကိုယ်ပိုင် ဘာမျှမရှိ ဖြစ်
သတည်း။ သူ့ကိုယ်တွင်း ဘုရားသခင်က တန်ခိုးမှုတ်သွင်းလိုက်သောအခါမှ …၊
သူ့စိတ်သည် သူ့ကိုယ်တွင်းမှာ မရှိတော့ပါမှ …. သူ စွမ်းလာသည်။ ဤအခြေအနေ
မရောက်သမျှ သူက ဘာကောင်မျှ မဟုတ်။ အဘယ် ဗျာဒိတ်စကားကိုမျှ တစ်ဆင့်
ပွား မပြောနိုင်။

သူရို့ ဥရောပ ကဗျာသမိုင်း၌ ထင်ရှားလှသော စကားဖြစ်သည်။ မေးချင်သည်မှာ
…. ဤစကားသည် ကဗျာမှာ ကဗျာဆရာကို ချီးမွမ်းသည့် စကားလော၊ ခြောက်
ပြားမျှ မတန်အောင် ပြောလိုက်သည့် စကားလော။

ကျွန်တော် ဗျာဒိတ်ဟု ဘာသာပြန်လိုက်သော ခေါမစကားမှာ “အော်ရကယ်(လ်)”
(oracle) ဖြစ်ပါသည်။ ပါဠိပညာရှင်ကြီး ချိုင်း(လ်)ဒါး(စ်)ကမူ “ဗျာကရဏ” ဟူသော
ပါဠိစကားကို အော်ရကယ်(လ်)ဟု ပြန်ဆိုသည်။ ဗျာဒိတ်နှင့် အနက်တူ ပြုသည်။
မြန်မာအများ နားလည်သော ဗျာဒိတ် ဟူသည့် စကားကိုသာ ကျွန်တော် သုံးလိုက်
ခြင်း ဖြစ်ပါသည်။

ခေါမလူမျိုးတွေက ဂေါ့(ဒ်)ဟု ခေါ်သော နတ်များကို ကိုးကွယ်ကြောင်း ကျွန်တော်
ဆိုခဲ့ပြီ။ သူတို့နတ်တွေက လူနှင့် စကားပြောချင်လျှင် အော်ရကယ်(လ်)မှ တဆင့်
ပြောသည်။ တခါတရံတော့ အော်ရကယ်(လ်)ဆိုသည်မှာ နေရာတစ်ခု ဖြစ်သည်။
တခါတရံတော့ နတ်ဝင်သည်လို လူ ဖြစ်သည်။ နေရာမှဖြစ်ဖြစ်၊ နတ်ဝင်သည် ပါးစပ်
မှ ဖြစ်ဖြစ် ထွက်လာသော စကားကိုလည်း အော်ရကယ်(လ်)ဟုပင် ခေါ်သည်။

အထက်ပါ စကားအပြင် တစ်နေရာ၌လည်း ဆိုကရေးတီး(ဇ်)က ကဗျာဆရာကို
သံလိုက်ဓါတ် ဖြာထွက်နေသော သံလိုက်တုံးနှင့် နှိုင်းသည်။ ဖြာထွက်နေသော
သံလိုက်ဓါတ်မှာ “သီးယာဒူးနမစ်(စ်)” (theia dunamis) ခေါ် ဘုရားသခင့် တန်ခိုး
တော်ဖြစ်သည် ဆိုသတတ်။

သြော် … သည်အတိုင်းကြည့်တော့ ကဗျာဆရာ ဆိုသည်မှာ နည်းသည့် သတ္တ၀ါ
မဟုတ်ပါလား။ အော်ရကယ်(လ်)ပါ တကား၊ တန်ခိုးဝင် သံလိုက်တုံးကြီးပါ တကား။
နှောင်းခေတ် ဥရောပ ကဗျာဆရာ ကြီးငယ်တို့ ဤစကားကို မျက်စိလည်ပြီး အကြီး
အကျယ် ဂုဏ်ယူလိုက်ကြသေးသည်။

အိုင်းယင် ခမျာလည်း အစက’မိသွားသည်။ နောက် ကျောချမှ ဓါးပြမှန်း သိ၍ ရုန်း
ထွက်သော်လည်း မရတော့။
ဆိုကရေးတီး(ဇ်)က “ကဗျာဆရာသည် လည်းကောင်း၊ ရက်(ပ်)ဆဒီးသည် လည်းကောင်း
ကဗျာဟု ခေါ်သော အရာတွေကို ရွတ်ဆို ထုတ်လွှတ်နေချိန်တွင် လူစိတ်ပျောက်၍
ရူးသွပ်နေသည်” ဟု ဆိုလိုက်တော့၏။

လူစိတ်ပျောက်၍ ရူးသွပ်နေသူ၌ အသိမရှိ၊ ဉာဏ်မရှိ၊ သတိမရှိ၊ ပညာမရှိ၊ ဘာမျှ မရှိ။
သူ့အဖြစ်မှာ နတ်ဝင်သည်၊ မှော်ဝင်သူနှင့် ဘာမျှမခြား။ သူ့ကိုယ်ပိုင် ဘာမျှမရှိ။
ထို့ကြောင့် ကဗျာသည် ပညာမှ ထွက်လာသော အရာမဟုတ်။ ကဗျာဆရာ၌လည်း
ဘာပညာမျှ မရှိ။

ကဗျာလည်း စုတ်ပြတ်သွားသည်။ ကဗျာဆရာလည်း စုတ်ပြတ်သွားသည်။
ထိုမျှနှင့် ဆိုကရေးတီး(ဇ်)က မရပ်သေး။
ကဗျာတွေတွင် ကဗျာဆရာတွေက ဟိုအကြောင်း သည်အကြောင်း ရေးသည်။ လူ
အမျိုးမျိုးတွေအကြောင်း ရေးသည်။ ဥပမာ- ဆေးပညာနှင့် ပက်သက်သည် ရေးမိ
မည်။ ရထားထိန်း အကြောင်း၊ မာလိန်မှူးအကြောင်း ရေးမိသည်။
ဆေးပညာအကြောင်း ဆေးပညာရှင်က ပိုသိသလော၊ ကဗျာဆရာက ပိုသိသလော။
ရထားအကြောင်း ရထားထိန်းက ပိုသိသလော၊ ကဗျာဆရာက ပိုသိသလော။
ဤကဲ့သို့ မဆီမဆိုင် ကတ်သီးကတ်သတ် မေးခွန်းတွေ ထုတ်သည်။ အိုင်းယင်
ကလည်း မလိမ်မိုး မလိမ္မာ ဖြေသည်။

အိုင်းယင်အဖြေကို ကိုင်ပြီး ဆိုကရေးတီး(ဇ်)ကြီးက စီရင်ချက် ချသည်။
ကဗျာဆရာ သိသည် ဘာမျှမရှိ။ မသိဘဲနှင့် သိယောင်ဆောင်၍ လျှောက်ပြောနေ
သည်။ ထိုကြောင့် …..
ကဗျာဆိုသည်မှာ အတုအလိမ်။
ကဗျာဆရာဆိုသည်က လူညာ။
ကောင်းကြပါလေရော …..။


(ဤမျှသာ။)
(အလျင်သင့်သလို ဤစာအုပ်ပါ အချက်များကို တင်ပြသွားမည်။)

Jan 11, 2009

ယနေ့ခေတ်ပေါ် ကဗျာအပေါ် အမြင်


ဆရာမြသန်းတင့်

(ပျဉ်းမနား ပေါင်းလောင်းချောင်း စာပေဆွေးနွေးပွဲတွင် ယနေ့ခေတ်ပေါ် ကဗျာ
များနှင့် ပက်သက်၍ ကွယ်လွန်သူ စာရေးဆရာ မြသန်းတင့်၏ ဆွေးနွေးချက်
ဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးချက်ကို စာရေးဆရာ နေ၀င်းမြင့်က အသံသွင်း
ကြိုးခွေဖြင့် ကူးယူထားပြီး ၁၉၉၉ ခုနှစ်၊ မေလထုတ် ကလျာမဂ္ဂဇင်းတွင်
ပင်လယ်နှင့် စကားပြောတဲ့မှန် ၀တ္ထုထဲတွင် ဖော်ပြခဲ့သည်ကို ကောက်နုတ်
ဖော်ပြခြင်း ဖြစ်ပါသည်။)

ကျွန်တော်တို့လဲ ဆွေးနွေးပါရစေ။
ခုခေတ် လူငယ်တွေဟာ အတွေးကောင်းတယ်၊ စူးစူးရှရှ နက်နက်ရှိုင်းရှိုင်း ထက်ထက်
မြက်မြက် တွေးနိုင်တယ်။ နည်းနာမှာတော့ နည်းနည်းလိုအုံးမယ်လို့ ကျွန်တော်ထင်တယ်။
နည်းနာမှာတော့ သူတို့ ဘာမှစမ်းလို့ မရသေးဘူး။ ကောင်းသွားတာလဲ ရှိမယ်၊ ဘာဖြစ်
လို့ ကောင်းသွားတာလဲ။ ဒါလဲ ကျွန်တော်တို့ မပြောနိုင်ဘူး၊ ကြိုက်သွားတာလေးပဲ ရှိတယ်။

ကျွန်တော်လဲ ခေတ်ပေါ်ကဗျာတွေကို ဖတ်တယ်၊ ကြိုက်သွားတဲ့ ကဗျာတွေ ရှိတယ်။
ဘာကြောင့် ကြိုက်မိတာလဲ ကြည့်တော့ တစ်ချက်က အတွေးကောင်းလို့ ကြိုက်တာ၊
နှစ်က နည်းနာ။ ဒါကျတော့ ကျွန်တော့်စိတ်ထဲမှာ ကြိုက်တဲ့ဟာ ကြိုက်တယ်၊ မကြိုက်တဲ့

ဟာ မကြိုက်ဘူး။ သည်နည်းနာဟာ ဘာလဲ။ ကြိုက်သွားတဲ့ ကဗျာမှာ ဘာကို ကြိုက်တာလဲ
မပြောနိုင်ဘူး။ တခါတလေ ဖတ်လို့ကောင်းသွားတယ်။ တခါတလေကျတော့ ခုနက ပြော
သလို နိမိတ်ပုံတွေ တွေ့ရတယ်။ ဒါမျိုးကျတော့ ခံစားလို့ မရဘူးပေါ့ဗျာ။

နည်းနာမှာကျတော့လည်း လိုတယ်လို့ ကျွန်တော်ထင်တယ်။ အတွေးမှာတော့
ကောင်းပါတယ်။ နည်းနာပြဿနာကတော့ ရုတ်တရပ် ဆုံးဖြတ်ဖို့လဲ ခက်တယ်။
ခင်ဗျားတို့လည်း ဆုံးဖြတ်ဖို့ ခက်လိမ့်မယ်။ ဘယ်သူမှ မဆုံးဖြတ်နိုင်ဘူး။ တွေ့သွား
မှ ဆုံးဖြတ်နိုင်မယ်။ တွေ့သွားတယ် ဆိုတာကလည်း ဒါတော့ တွေ့ပြီ၊ သည်လို
ချက်ချင်း ကောက်ပြောလို့ မရတာ မဟုတ်ပြန်ဘူး။ တဖြည်းဖြည်းနဲ့ သည်တစ်ခု
ကိုတော့ဖြင့် အားလုံး လက်ခံတယ်၊ ဘ၀င် ကျတယ် ဆိုပါမှ ဒါ established ဖြစ်မယ်။
အဲဒါ ဘယ်ဟာလဲ၊ သည်နည်းနာ လိုအပ်မှု ဆိုတာလည်း ဒါသဘာဝကျတယ်။

သို့သော် တစ်ခုတော့ ကျွန်တော့်ရင်ထဲမှာ ရှိတယ်။ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။
တချို့လူငယ် ကဗျာဆရာတွေက stunt နည်းနည်းများတယ်။ အသစ်အဆန်း လုပ်
ချင်လွန်း အားကြီးနေကြတယ်။ တခါတလေကျတော့လည်း အသစ်အဆန်း လုပ်ချင်
လွန်းအားကြီးတော့ အစွန်းရောက်သွားပြီး နားမလည်နိုင်တော့ဘူး။ ကျန်တဲ့လူတွေလည်း
နားမလည်ဘူး။ သူတစ်ယောက်တည်းပဲ နားလည်တယ်။ သည်အခါကျတော့ ကျွန်တော်
ကတော့ ကြည်အေးတို့နဲ့ မတူဘူး။ ကဗျာဆိုတာ ကိုယ့်ရင်ထဲက ခံစားချက်ပဲ၊ ဘာပဲ၊
ကိုယ့်ဟာကိုယ်စပ်တယ် စသဖြင့်။ ဒါဆိုရင် ကိုယ်ဟာကိုယ်ပဲ စပ်၊ ကျွန်တော်တို့ကို
လာမဖတ်ခိုင်းနဲ့။ ကျွန်တော် မဖတ်ဘူး။ ကဗျာတို့စာတို့ဆိုတာ လူဖတ်ဖို့ ရေးတာ။
ကိုယ့်ရင်ထဲ ရှိတာ ကိုယ်ရေးလိုက်တာပဲ၊ နားလည်လည် မလည်လည်ဆိုတဲ့ အယူအဆ
ကို ကျွန်တော် လက်မခံဘူး။ လုံးဝ လက်မခံဘူး။

ဒါအခု ကျွန်တော်မရေးသင့်သေးလို့ မရေးတာ။ စာရေးဆရာ ခပ်ကြီးကြီးတွေကလဲ
ဒါမျိုး ပြောနေကြတယ်။ ကိုယ့်အချင်းချင်း သည်အချိန်မှာ စကားများနေရမယ့် အချိန်
မဟုတ်လို့ မပြောသေးတာ၊ မရေးသေးတာ။ ကျွန်တော် ဆိုလိုတာက ကဗျာကို စာ
မတတ်တဲ့ ကလေးကလည်း နားလည်ရမယ်ဆိုတဲ့ သဘော မဟုတ်ဘူး။ နည်းနည်း
လေး educated ဖြစ်တဲ့ လူကလည်း နည်းနည်းလေးတော့ နားလည်ဖို့လိုတယ်။
ဘယ်သူမှ သဘောမပေါက်ဘူး။ Educated ဖြစ်တဲ့လူတွေကလည်း သဘော
မပေါက်ဘူးဆိုရင် ဒါမျိုး ကျွန်တော်မဖတ်ဘူး။ ဒါ သူ့ personal ကိစ္စ၊ ကျွန်တော့်
ကိစ္စတော့ မဟုတ်ဘူး။ ကျွန်တော် စာဖတ်တယ်၊ ကဗျာဖတ်တယ်ဆိုတာ ကျွန်တော်
Personal ပဲ။ ခင်ဗျားတို့ သည်လိုပဲ ခင်ဗျားတို့ personal အရ ဖတ်တာ။ ဒါအားလုံး
သည်လိုပါပဲ။ Pleasure တစ်ခုအတွက် အပျင်းပြေ ဖတ်နေကြတာ မဟုတ်ဘူး။ အဲသည်
စာထဲက တစ်ခုခု လိုချင်လို့၊ သိချင်လို့၊ စာရေးဆရာအကြောင်း၊ လောကအကြောင်း၊
ဘ၀ အကြောင်း သိချင်လို့ ဖတ်တာ။

ဒါကြောင့် ခုခေတ် တချို့လူငယ်တွေက ရှေ့ရောက်လွန်းနေတာ တွေ့ရတယ်။ သိပ်
နည်းပါတယ်။ ဆိုပါတော့၊ ကဗျာတစ်ပုဒ်မှာ ကောင်းနေပြီး တခြားကဗျာတစ်ပုဒ်မှာ ရှေ့
ရောက်လွန်းနေတာ မျိုးလည်းရှိတယ်။ ဒါကတော့ သူ့ mood ပေါ်မှာ တည့်တယ်ပေါ့။
အဲသလို ကဗျာမျိုးကို ကျွန်တော် မခံစားတတ်ဘူး။ ဆိုပါတော့၊ ကိုအောင်ဝေးရဲ့ ကဗျာ၊
ကိုသင်းခိုင်ရဲ့ ကဗျာ။ ဆယ်ပုဒ်စီ ရေးကြလို့ ၉ ပုဒ်စီ ကြိုက်ချင်ကြိုက်မယ်။ တစ်ပုဒ်စီ
က နားမလည်းဘူးဆိုရင် အဲသည်တစ်ပုဒ်ကို ကျွန်တော် မဖတ်တော့ဘူး။ ဆယ်ပုဒ်စလုံး
ကို နားမလည်အောင်ရေးရင် အဲသည်လို ကဗျာဆရာရဲ့ ကဗျာကို ကျွန်တော် မဖတ်
တော့ဘူး။ သည်အတွက် ကျွန်တော် အချိန်ကုန် မခံဘူး။ ကိုယ်ရေးချင်တာ ရေးလိုက်
တာ၊ နားမလည်ရင်လဲ နေပေါ့ ဆိုတာက လောကကို စော်ကားတာ။ ကျွန်တော် အစော်
ကား မခံဘူး။ အနောက်ကဗျာဆရာတွေလည်း သည်လိုဘဲ။ ဂျိမ်းဂျွိုက်စ်၊ သူပြောချင်တာ
ဘာလဲ။ ကျွန်တော် နားမလည်းဘူး။ သည်တော့ ကျွန်တော် မဖတ်တော့ဘူး။ ဒါက
တချို့သွားနေတဲ့ trend ကို ပြောတာ။ အားလုံးတော့ မဟုတ်ဘူး။ သည်တော့ ယေဘုယျ
တော့ ပြောချင်တယ်။ အတွေးကောင်းတဲ့ လူငယ် တော်တော်များများရဲ့ နိမိတ်ပုံတွေ
အားကောင်းတယ်။ ဆန်းသစ်ပြီး မထင်တဲ့ နိမိတ်ပုံတွေ တွေ့ရတယ်။ သဘောကျတယ်။
နည်းနာ အားနည်းတာကတော့ လူပုဂ္ဂိုလ် အားနည်းချက် မဟုတ်ဘူး။ ရေးသူနဲ့ ဖတ်သူ
ရဲ့ အားနည်းချက်တွေလည်း မဟုတ်ဘူး။ ဒါက စမ်းနေတဲ့ အချိန်ကို။ ကျွန်တော် စိုးရိမ်
တာက အားနည်းနေတဲ့ နည်းနာကို အကောင်းလို့ ယူဆလိုက်မှာ စိုးတယ်။

အားနည်းနေတဲ့ နည်းနာကို established ဖြစ်နေပြီ ထင်မှာ စိုးတယ်။ ဒါကိုတော့
ကျွန်တော်တို့ ဆန်းစစ်ရမယ်။ သည်ခေတ် ကဗျာတွေဟာ ခေတ်စမ်းထက် သာတယ်၊
အားကောင်းတယ်။ ဒါက ခင်ဗျားတို့ဘ၀က ခေတ်စမ်းဖြတ်သန်းခဲ့ရတဲ့ ဘ၀နဲ့ မတူတာ
လဲ ပါတယ်။ ခေတ်စမ်း ဖြတ်သန်းမှုဘ၀က အမျိုးသားရေးလှုပ်ရှားမှု ဆိုတယ် ဆိုပေမယ့်
သမားရိုးကျ ဆန်တယ်။ ကြမ်းတမ်းတဲ့ အကွေ့အချိုးတွေ များတယ်။ current,
Counter current စသဖြင့် သိပ်ကို ၀င်္ကပါ ဆန်တယ်။ ရှုပ်ထွေးနေတဲ့ခေတ်ကို ဖြတ်သန်း
ရတဲ့ခေတ်မှာ ခင်ဗျားတို့က ခေတ်စမ်းထက် ပိုအားကောင်းတယ်လို့ပဲ ပြောရမှာပဲ။ ဒါက
တစ်ချက်။

နောက်တစ်ချက်က ခေတ်စမ်း။ ခေတ်စမ်းမှာ ကောင်းတာ ရှိတယ်၊ မကောင်းတာ ရှိတယ်။
မကောင်းတာ ဘေးဖယ်ထားခဲ့မယ်၊ ကောင်းတာ ဆက်သယ်ဆောင်မယ်။ ကျွန်တော်တို့
လဲ ဟိုတုန်းက ပြင်းထန်ခဲ့တာပဲ။ ဟိုတုန်းက ကုန်းဘောင်ခေတ် စာပေ၊ ကိုလိုနီခေတ်
စာပေဆိုရင် ဓနရှင်စာပေ ခေါ်ခဲ့ကြတာပဲ။ ပြန်ကြည့်လိုက်တော့ ကုန်းဘောင်ခေတ်စာပေ
ထဲမှာ အမျိုးသားယဉ်ကျေးမှု ရှိတယ်။ အမျိုးသားယဉ်ကျေးမှု ဆင်းသက်လာတာ တွေ့
ရတယ်။ ဆင်းသက်လာတဲ့ အမျိုးသားယဉ်ကျေးမှုထဲက ကောင်းတာ ဆက်သယ်သွားခဲ့
ကြတာပဲ၊ မကောင်းတာ ထားခဲ့ရတာပဲ။ ဒါ ယေဘုယျပေါ့ဗျာ။ တချို့ လူငယ်တွေက
ခေတ်စမ်းရိုက်ချိုးမယ် ဘာညာ “……. ”စတာ၊ ကျွန်တော် သဘောမတူဘူး။ သူ့မှာလဲ
အကြောင်းတော့ ရှိမယ်။ ဒါတော့ ကျွန်တော် မသိဘူး။ ကျွန်တော် သဘောမတူဘူး။
“……..” က ခေတ်သာ ရှေ့ရောက်တယ် ထင်ရတာ အင်မတန် ကွန်ဆာဗတစ် ဖြစ်တဲ့
လူ။ ခေတ်စမ်းကို ကြိုက်တော့လည်း “ဦး……” ရဲ့ ဂိုဏ်းကို ကြိုက်တာ တွေ့ရတယ်။
နောက်ပြန်ရောက်တဲ့ ဂိုဏ်းကိုမှ သဘောကျနေတာ တွေ့ရတယ်။

ခေတ်စမ်းမှာလဲ တိုးတက်တဲ့ ဂိုဏ်း၊ ဖောက်ပြန်တဲ့ ဂိုဏ်း နှစ်ဂိုဏ်း ရှိခဲ့တာပါပဲ။ ဆရာ
ကြီးကို စော်ကားခဲ့တဲ့ ဂိုဏ်း၊ ဒါ ရှိခဲ့တာပါပဲ။ သို့သော် ခေတ်စမ်းလဲ သူ့ခေတ်နဲ့သူ
တိုးတက်တာပဲ ပေါ့ဗျာ။ “………” က ခေတ်စမ်းကုန်ပြီ ဆိုလိုက်တော့ နောက်ပိုင်း
ရိုက်ချိုးရမယ်တွေ ဘာတွေဖြစ်လာခဲ့တယ်။ ခေတ်စမ်း ရိုက်ချိုးရင် ဒဂုန်တာရာကို
ခေတ်စမ်းက မွေးထုတ်လိုက်တာ။ ကျွန်တော်တို့ကို ခေတ်စမ်းရဲ့ လူတွေက မွေးထုတ်
လိုက်တာ။ ဒါ သူ့အပိုင်းနဲ့သူ ရှိခဲ့တာပဲ။ လူငယ်တွေရဲ့ စိတ်ထဲမှာ အဲလို ပစ်ပယ်ချင်တဲ့
သဘောတွေ ရှိနေတာကို စီစစ်ဖို့၊ ကိုယ့်ကိုယ်ကို မေးဖို့လဲ လိုတယ်။ ဟုတ်ကော ဟုတ်
ရဲ့လား။ ပယ်ကော ပယ်မလား၊ ပယ်ရင်ကော ဘာကြောင့် ပယ်မလဲ စသဖြင့်ပေါ့ဗျာ။
ဒါပေမဲ့လို့ ကျွန်တော် ရဲရဲ ပြောရဲတာက ကနေ့လူငယ်တွေရဲ့ အတွေးအခေါ်ဟာ
ခေတ်စမ်းထက် သာတယ်။ ခေတ်စမ်း ဘယ်မှာ ကုန်သွားသလဲ ကြည့်ရင် “ပျဉ်းမငုတ်တို”
မှာ ကုန်သွားတယ်။ အတွေးအခေါ်ကို ပြောတာ။ ဇော်ဂျီရဲ့ “ဗေဒါလမ်း” မှာ ကုန်သွား
တယ်။ မကောင်းဘူး ပြောတာ မဟုတ်ဘူးနော်။ လောကနဲ့ ဘ၀ကို ဆင်ခြင်တာ သည်မှာ
ကုန်သွားတယ်။ ဒါနဲ့ ပြီးသွားတယ်။ ဒါကို ပြောတာ။ ခင်ဗျားတို့ကျတော့ ရှုပ်ထွေးတဲ့
ဘ၀ကို ဖြတ်သန်းရတော့ သည့်ထက် ရှုပ်ထွေးရတာကို ဆင်ခြင်နေကြရတယ်။

“ဒါ ကနေ့ ကျွန်တော် ပြောချင်တယ်၊ ယေဘုယျ ပြောရတော့ ခင်ဗျားတို့က ဖြည့်နား
လည်ပေးဖို့လဲ လိုမယ်”

(ဤမျှသာ။)
(မြန်မာခေတ်ပြိုင်ကဗျာ လျှပ်တစ်ပြက် ရုပ်ပုံလွှာ အေဒီ ၂၀၀၃ ..မှ)

Jan 10, 2009

ကဗျာအတွက် ကဗျာ


ရေးသူ-
မောင်သာနိုး
(ထင်းရူးပင်ရိပ် စာမျက်နှာ ၁၄၊၁၅။)


ကဗျာကို ဂီတဘက်နွယ်အောင်၊ ဂီတသဘော သက်ရောက်အောင် လုပ်တယ်
ဆိုတာဟာ တနည်းအားဖြင့်တော့ ကဗျာကို တစ်ဦးချင်းရဲ့ စိတ်ခံစားမှုများ၊
စိတ်လှုပ်ရှားမှုများ ကျက်စားရာအဖြစ် လုပ်ခြင်းပါပဲ။ ရောမန္တိကတွေထက်တောင်
တစ်ဦးချင်းသဘော ဆောင်လာတဲ့ လက္ခဏပါပဲ။ ကဗျာဟာ ကဗျာဆရာတစ်ဦးထဲ
ရဲ့ ပုဂ္ဂိလက ကိစ္စရပ်လေး တစ်ခုလို ဖြစ်လာပြီး၊ စာဖတ်ပရိတ်သတ်နဲ့ ဆက်သွယ်
လို့မရအောင် ဖြစ်လာရပါတော့တယ်။ သင်္ကေတ၀ါဒဆိုတဲ့ အမည်ကိုက ခပ်ရှုပ်ရှုပ်
ပါ။ မာလာမေတို့ ပြောတဲ့ သင်္ကေတဆိုတာ အများနားလည်းတဲ့ သင်္ကေတမျိုး
မဟုတ်ပါဘူး။ အများနားလည်းနေတာက သင်္ကေတမျိုး မဟုတ်ပါဘူး။

အများနားလည်းနေတာက သင်္ကေတဆိုတာ တစ်စုံတစ်ခုကိုယ်စား လူအများက

ဝိုင်းပြီး အမှတ်အသားပြုထားတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဥပမာ ဆေးရုံးကို ကြက်
ခြေနီ၊ ပညာကို မီးရှူး။ ရှေးရှေးကစာဆိုတွေ သုံးခဲ့ကြတဲ့ သင်္ကေတဆိုတာလည်း
အလားတူ သဘောဆောင်ပါတယ်။ သဘောသဘာဝ တူမျှတာကိုယူပြီး သင်္ကေတ
ပြုခဲ့ကြခြင်းပါ။ “ရွှေလိပ်ပြာရွှင်စေ့မယ်” ဆိုရာမှာ “လိပ်ပြာ”ဟာ ၀ိညာဉ်ကို ပြောတာ
ပါပဲ။ ရှေးအယူအရ ၀ိညာဉ်ဟာ လိပ်ပြာကလေးနဲ့ တူတယ်ဆိုလို့ ဒီလို သုံးခြင်း ဖြစ်
ပါတယ်။ “သကျမျိုးရိုး ခြသေ့င်္မင်း”လို့ ဘုရားကို ခေါ်ဝေါ်တာလည်း ရဲရင့်ခြင်းတူလို့
ခေါ်တာ ဖြစ်ပါတယ်။

သင်္ကေတ၀ါဒီတွေရဲ့ သင်္ကေတက ဒီလို မဟုတ်ပါဘူး။ ကဗျာဆရာက သူ့မှာ
ဖြစ်ပေါ်လာတဲ့ စိတ်အတွေးတွေကို ကိုယ်စားပြုဖို့ သူထင်သလို ရွေးချယ်သုံးနှုန်း
လိုက်တဲ့ ပစ္စည်းတွေပါ။ ဥပမာ ကဗျာ ဆရာတစ်ယောက်က သူအိပ်ချင်စိတ်ဖြစ်
ပေါ်လာတာကို ပြောချင်ရင် “ငါ့ခေါင်းထဲ ပိုးနသန်ကောင်တွေ တွားဝင်လာနေတယ်”
လို့ ပြောတာမျိုးပါ။ တနည်းအားဖြင့်တော့ သူ့အတွေး၊ သူ့စိတ်ကူးတွေကို တမင်
လူများတကာ မရိပ်မိအောင် ဖုံးကွယ်ပေးတဲ့ မျက်နှာဖုံးလို ရုပ်ဖျောက်စရာ ပစ္စည်း
များပါပဲ။ မာလာမေက ဒီလိုပြောပါတယ်။ “ပါနဲဆယန်တွေက အရာဝတ္ထုကို သူရှိနေ
တဲ့ အတိုင်းပဲယူပြီး ကျုပ်တို့ရှေ့ ချပြတယ်။ အဲဒီတော့ လျို့ဝှက်တဲ့သဘော မပါ
တော့ဘူး။ အဲဒီတော့ ဖန်ဆင်းနေရတာပဲလို့ ယုံရတဲ့ အရသာကို စိတ်ထဲမှာ မရှိစေ
တော့ဘူး။ ပစ္စည်းတစ်ခုကို နာမည်ထုတ်ပြောလိုက်တာဟာ ကဗျာဖတ်ရတဲ့ အရသာ
ကို လေးပုံသုံးပုံ လျှော့သွားစေတယ်။ ကဗျာအရသာဆိုတာ နည်းနည်းချင်းနည်းနည်း
ချင်း ခန့်မှန်းလို့ ရရှိတဲ့ အခါမျိုးမှာမှ ပေါ်တာကလား။ အရိပ်အမြွက်ပြပေး၊ သိချင်
အောင်ဆွပေး၊ ဒါဟာ စိတ်ကူးကို စွဲမက်စရာ ဖြစ်စေတယ်။”

သင်္ကေတ၀ါဒ လှုပ်ရှားမှုဟာ ပထမတော့ ပြင်သစ်ပြည်အတွင်းမှာပဲ နယ်သန့်နေခဲ့
ပါတယ်။ လေးလေးနက်နက် ခေါင်လွန်းတဲ့ ကဗျာမျိုးကိုမှလဲ သုံးကြတယ်။ နောင်မှာ
တော့ တစ်တစ်စနဲ့ အနောက်တိုင်း ကမ္ဘာတစ်ခုလုံး ပြန့်နှံ့သွားပြီး ဒီနည်းတွေကို
လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြပါတော့တယ်။ ကနေ့ခေတ်ရဲ့ စာပေ
ရာဇ၀င်ဟာ သင်္ကေတ၀ါဒ ဖြစ်ပေါ်လာပုံ သဘာ၀၀ါဒနဲ့ ဆန့်ကျင်ခဲ့ရပုံ ရာဇ၀င်ပါပဲ
လို့ ဆိုကြပါတယ်။ ကနေ့ ခေတ်ပေါ်ကဗျာ(“မော်ဒန်”) ဆိုတာ သင်္ကေတ၀ါဒကဗျာ
က စလိုက်တာပါပဲ။ ဂျွန်ကိစ်ရဲ့ ပထမဆုံး ကဗျာစာအုပ်ကို ဖတ်ရတော့ လီးဟန့်က
ဂျွန်ကိစ်ဟာ “ကဗျာအတွက် ကဗျာ” ရေးတာပဲလို့ မှတ်ချက်ချပါသတဲ့။ သင်္ကေတ
ဝါဒီတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ ထေယော်ဖိလ် ဂိုတျယ် ဖြန့်ဖြူးခဲ့တဲ့
“အနုပညာအတွက် အနုပညာ” ဆိုတဲ့ ဆောင်ပုဒ်ပေါ်မှာ သူတို့ရဲ့ လှုပ်ရှားမှုကို
တည်ဆောက်ထားခြင်းပါပဲ။ ။


(ဤမျှသာ။)

Jan 9, 2009

တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၂)


ရေးသူ-
ရန်ကုန်ဘဆွေ

ယခင်အပိုင်း(၁)မှ အဆက် … … …

ထိုရွာကလေးတွင် မြစ်ဝကျွန်းပေါ် တာဝန်ခံ ဗိုလ်အောင် ဆိုသူကို တွေ့ကြ
ရလေသည်။ ဗိုလ်အောင်သည် ကုတ်အင်္ကျီဖါးဖါးကြီးကို ၀တ်လျက် နှစ်လို
ဘွယ်သောအပြုံးဖြင့် စာရေးသူတို့အား တဲလျားကြီးအတွင်းမှ ဆီးကြိုနှင့်
သည်။ ထို့နောက် စာရေးသူတို့နှင့် ၀ါးခယ်မ သခင်အောင်သင်းကြီးအား
“နေ၀ံ တနေ့ပင်လျှင် ခရီးထွက်ရမည်” ဟု အမိန့်ပေးသည်။ စာရေးသူက
ဖျာပုံခရိုင်ကိုစီး၍ သခင်အောင်သင်းက မအူပင်ခရိုင်ကို စီးထားရမည် ဆို၏။
မြို့ပိုင် နယ်ပိုင် အရေးပိုင်တို့နှင့် ညှိနှိုင်းတိုင်ပင်ပြီး လက်နက်ချခိုင်း၍ မရလျှင်
ဝါးချွန်တပ်၊ ဓါးတပ်ဖွဲ့ပြီး တက်တိုက်ရမည်ဟု ဆို၏။ ထို့နောက် မော်လမြိုင်
ဘက်မှ ထွက်လာကြမည့် ဗိုလ်ရန်နိုင်တို့တပ်ကို ကြိုဆို၍ အနေအထား
ကောင်းသော နေရာတို့ကို ပြပေးရမည် လိုအပ်သော လက်နက်ရိက္ခာ အကူ
အညီ ပေးရမည်ဟု ဆို၏။

စိတ်ချရသည့် အတွင်းတော်လှန်ရေးသမားများကို တပ်သားအဖြစ် ထည့်ပေး

လိုက်ပြီးလျှင် အချက်ပေးလိုက်သည်နှင့် မိမိတို့ သေနတ်ကို မိမိတို့ ပိုက်၍
ထွက်ခဲ့နိုင်ကြရမည်။ “မူတူး” (ဂျပန်ကိုခေါ်သည့် ဘီအိုင်အေတပ်သားတို့၏
ဘန်းစကား) တပ်တွေကို တပ်ကိုတပ်ချင်း ၀င်စီး နိုင်ကြရမည်ဟု ဆို၏။ ထို့
နောက် ဗိုလ်မြင့်ဆွေ ဆိုသူအား ရှာဖွေ၍ အမြန်ဆုံး ဗိုလ်စကြာနှင့် သွားရောက်
တွေ့ဆုံရန် သတင်းပေးလိုက်ပါဟု ဆို၏။

ဗိုလ်အောင်သည် စာရေးသူတို့အား ဤအတိုင်း ရက်ရက်စက်စက် အမိန့်
ပေး၏။ ထိုအချိန်အခါသည် တောနယ်များ၌ တိုင်းပြည်ပျက်နေသော အချိန်
အခါဖြစ်၏။ အုပ်ချုပ်ရေး ကင်းမဲ့နေသောကြောင့် လုယက်တိုက်ခိုက်သူများ
ကို ကြောက်နေကြရသည့် အခါဖြစ်၏။ ထို့ကြောင့် ရေကြောင်းရော ကုန်းကြောင်း
ပါ ကင်းတွေပိတ်ဆို့၍ ချလျက် မျက်နှာစိမ်း မြင်လျှင် အကျိုးအကြောင်း ပြော
ဆိုဖြေရှင်းမှုကို နားထောင် မနေကြတော့ဘဲ၊ ၀ိုင်းဝန်းခုတ်ထစ် သတ်ဖြတ်လိုက်
သော အချိန်ဖြစ်၏။ ထိုအချိန်မျိုးတွင် စာရေးသူနှင့် သခင်အောင်သင်းတို့ လှေ
ငယ်တစင်းကို ပေးအပ်လိုက်ခါ နောက်တနေ့ ညနေချမ်းတွင် ခရီးထွက်စေခဲ့၏။

ကြိုတင် မြှော်လင့်ထားကြသည့်အတိုင်း ရွာကင်းဆိပ်တိုင်းက အတင်းခေါ်ကြ၏။
အချို့ ရွာသူကြီးများသည် ကိုယ့်သေနတ် ကိုယ်ပိုင်နေကြသည့် ပုလိပ်များကို
အခကြေးငွေပေးလျက် ခေါ်ယူထားကြ၏။ ထိုပုလိပ်တို့သည် ထိုအချိန်အခါက
နိုင်ငံရေးသမားများပေါ်တွင် မည်ကဲ့သို့ သဘောထားကြလိမ့်မည်နည်းဟု တွေး
ခေါ် ဆုံးဖြတ်နိုင်ရန် ခဲယဉ်း၏။

ထို့ကြောင့် ဟန်ပန်လေသံတို့ကို နားထောင်လျက် ခေါ်တိုင်းမဆိုက်ဝံ့ဘဲ ဖြစ်
နေရာ သေနတ်ဖြင့် အပစ်ခံကြရတော့သည်။
ထိုကဲ့သို့ တထိတ်ထိတ်နှင့် ရှိနေကြရသည့်အထဲတွင် သခင်အောင်သင်း
ကလည်း အောက်သားဖြစ်ပါလျက် (မှတ်ချက်။ ။အောက်သား=အောက် ဗမာ
ပြည်သား) လှေကို ကောင်းစွာ မလှော်တတ်၊ ထောင်ထောင် မောင်းမောင်းနှင့်
အားခွန်ဗလ ကောင်းသော်လည်း လှေမလှော်တက်သောကြောင့် အားစိုက်
လှော်လိုက်လျှင် လှေကမသွားဘဲ ၀ပ်နေ၏။ ထို့ကြောင့် ဘယ်ရွာကများ
လှေချင်း ထွက်လိုက်လာပါ့မလဲဟု စိုးရိမ်စိတ်ဖြင့် တထိတ်ထိတ် ရှိနေရ၏။

ထို့ထက်ဆိုးသည်ကား ဤရေကြောင်းကို မသွားဘူးသောကြောင့် လမ်းမှား
မည်ကို စိုးနေရ၏။ အသွားအလာ ကလည်းမရှိ၊ ရွာရပ်ကို တွေ့လျှင်လည်း
ဝင်မမေးဝံ့ဘဲ ဝေးဝေးက ကွင်းရှောင်နေရ၏။ မြေပုံကို တဖြန့်ဖြန့် ကြည့်နေ
ကြရသော်လည်း ရေကြောင်း၏ အကွေ့အကောက်ကို တွေ့မှသာ အတော်
စဉ်းစားချင့်ချိန်လျက်၊ မှန်နိုင် မမှန်နိုင် ဝေခွဲယူကြရ၏။ နောက်ဆုံးတွင် လှေနှင့်
ဆက်လက် မသွားဝံ့သောကြောင့် ခြေလျင်ခရီးဆက်ကြ ရပြန်၏။

ပို၍ ဆိုးလာပြန်လေသည်။ ကွင်းထဲက ဖြတ်လျှင်လည်း ရွာတွေက လန့်ကြ၏။
တုံးတွေ သံချောင်းတွေ ခေါက်လျက် ဒုတ်, ဓါး,သေနတ်တို့ဖြင့် နှစ်ရွာ သုံးရွာက
ဝိုင်းဝန်းလိုက်ကြ၏။ ရွာတွေထဲသို့ စွန့်ဝင်လျှင်လည်း ခနအတွင်း ကျီးပြိုသလို
တရွာလုံး လှုပ်ရှားလာကြပြီး ဒုတ်တွေ ဓါးတွေနှင့် ၀ိုင်းဝန်း လိုက်ကြပြန်၏။ လိုက်
သူများသည် ဖြေရှင်းပြနေသည်ကို တယောက်မျှ ရပ်စောင့် နားထောင်နေမည့်
သူမျိုးမပါရှိ။

ဤသို့ အကြိမ်ကြိမ်ခံကြရတိုင်း စာရေးသူရော သခင်အောင်သင်းပါ ဗိုလ်အောင်
ကို စိတ်ဆိုးကြသည်။
တော်တော် ရက်စက်သည်။ ဆင်ခြင်တွေးတောမှု ကင်းမဲ့စွာ အမိန့်ပေးရက်
သည်ဟု တဖျစ်တောက်တောက် ခြေလှမ်းတိုင်း ရေရွတ်လာကြ၏။

သို့သော် …… ဗိုလ်အောင်သည် ကိုယ်တိုင် ဓါးလွတ်ကို ကိုင်လျက်၊ ဓါးတပ်
ဝါးချွန်တပ်တို့ဖြင့် မြောင်းမြမြို့ကို ၀ိုင်းထားပြီးမှ မြို့ပြအုပ်ချုပ်မှုဆိုင်ရာ
အရာရှိကြီးများနှင့် တွေ့ဆုံ၍ အပြေအလည် အာဏာသိမ်းယူခဲ့သည်ဟု
ကြားရသောအခါ “သူကိုယ်တိုင်လဲ ခပ်ရမ်းရမ်းစွန့်တတ်သားဘဲ” ဟု စာရေး
သူတို့က စိတ်ပြေ ကုန်ကြ၏။

တဖြေးဖြေးနှင့် “ဗိုလ်အောင်”၏ အကြောင်းကို သိလာကြ၏။ သူတပါးကို ခိုင်း
ရမည် ဆိုလျှင်လည်း ရက်ရက်ရောရော ခိုင်းသူဖြစ်၏။ မိမိကိုယ်တိုင်လုပ်ရမည်
ဆိုလျှင်လည်း ရက်ရက်ရောရော လုပ်သူဖြစ်၏။

ဘီအိုင်အေ တက်အလာတွင်၊ ဗမာပြည်ရှိ အတွင်းတော်လှန်ရေး တပ်ဖွဲ့ဝင်
အားလုံးတို့အား ဂျပန်တွေ အခြေမခိုင်မမြဲမီ။ ပြန်ချရန် တပ်ဖွဲ့တွေ ဖွဲ့ကြရ
မည်ဟု ညွန်းကြား၏။ ထိုညွန်းကြားချက်၌ မော်လမြိုင်တွင် ဂျပန်တို့ပြုမှုချက်
ကို ဖေါ်ပြ၍ ညွန်းကြားထား၏။

သို့ရာတွင် ထိုညွန်းကြားချက်အတိုင်း၊ ဂျပန်တိုက်ရန် တပ်ဖွဲ့ ဖွဲ့သူတို့ကား
ပုသိမ်တွင် ဗိုလ်ဝင်း (ယခု ဗိုလ်မှူးကြီးဝင်း) သည် ဗြောင်စစ်တပ်ဖွဲ့၏။
(ဗြောင်=ပေါ်တင်) မြောင်းမြတွင် ဗိုလ်အောင်သည် ဗြောင်စစ်တပ်တ၀က်၊
ပြောက်ကျားစစ်တပ် တ၀က်ဖွဲ့၏။ ဖျာပုံခရိုင်တွင် စာရေးသူသည် ပြောက်
ကျားစစ်တပ် ဖွဲ့၏။ (အထက် ဗမာပြည်အတွက်မူ ဂျပန်တိုက်ရန်တပ်၊ ဖွဲ့
ဖြစ်သည် မဖွဲ့ဖြစ်သည် မသိရ။)

ညွန်ကြားအမိန့်ပေးထားသူတို့သည် အခြားတာဝန်များကို လွှဲပြောင်းယူ
ကုန်ကြရသောအခါ ထိုညွန်ကြားထားချက်ကို မည်သူမျှ မကောက်ကြဘဲ၊
ပြန်မဖြေကြဘဲ၊ အမှတ်မထင် ပစ်ထား လိုက်ကြ၏။

ထို့ကြောင့်လည်း ရန်ကုန်နှင့် အနီးဆုံးဖြစ်သော သခင်အောင်သင်း(ထိုခေတ်
က စစ်အရေးပိုင်- မအူပင်) ကို ဂျပန်က စစ်တပ်ဖြင့် လာရောက် ဖမ်းဆီး၏။
လက်နှစ်ဘက်ကို လက်ထိပ်စုံခပ်လျက် ရုံးလှေကားပေါ်မှ ဒရွတ်တိုက် ဆွဲချ
သွားခြင်း ခံရ၏။

ဤတွင် စာရေးသူက သက်ဆိုင်ရာများထံသို့ အရေးတကြီး သွားပြော၏။
တောထဲမှ လွတ်လာကြသော သခင်အချို့သည် ရွှေတောင်ကြားလမ်းသို့
ရောက်နေကြ၏။ ထိုအထဲမှ တဦးက …..
“သခင်အောင်သင်းကို ဂျပန်ဖမ်းတာ မတတ်နိုင်၊ ဂျပန်တို့က သတ်ပစ်လျှင်
လည်း သေပေစေ၊ တော်လှန်ရေး တခုလုပ်လျှင် ဤလိုဘဲ သေကြရသည်။
ခင်ဗျားတို့ဟာ တခုခုကလေး ခံရလျှင် ဘာဖြစ်ကုန်ပြီ ညာဖြစ်ကုန်ပြီနဲ့ ငိုငြီး
နေတဲ့ လူတွေဘဲ ခင်ဗျားတို့ အလုပ်သမားမဟုတ်သေးဘူး ပီးတော့ ကိုယ့်မှား
လို့ ကိုယ်ခံရတာပါလား ဆိုတာ ခင်ဗျားတို့ သဘောမပေါက်ကြဘူး၊ ခင်ဗျား
တို့ကို ဘယ်သူက ဂျပန်ပြန်တိုက်ဘို့ တပ်တွေ ဖွဲ့စည်းရမယ်လို့ ပြောသလဲ၊
ခင်ဗျားတို့က ကိုယ်ထင်ရာ ကိုယ်လုပ်ယင်၊ ဒီမှာ ဂျပန်လက်ထဲမှာ ရောက်နေ
ကြတဲ့ လူကြီးတွေ အကုန်အသတ်ခံ ကုန်ကြရလိမ့်မယ် ဆိုတာ နားမလည်း
ဘူးလား အမှန်တော့ ခင်ဗျားတို့ကို ဂျပန်လက်ထဲ တခါတည်း အပ်လိုက်ဘို့ဘဲ
ကောင်းတယ် … ” ဟု ဒေါသကြီးစွာဖြင့် ပြောနေ၏။

စာရေးသူသည် မည်သည်အခါမှ မမေ့နိုင်ဘဲ နာကျည်စွာနှင့် ထွက်လာခဲ့
သည်။ ယခု အဖမ်းခံရသော သခင်အောင်သင်းကြီး အတွက်ကား ကြိုးစား
လျှင် လွတ်နိုင်၏။ ရဲဘော် ၃၀ ကျော်မျှသာ ထင်ထင်ရှားရှား ထားရှိသဖြင့်
မြို့ပြအုပ်ချုပ်ရေး အတွက်ဟု အကြောင်းပြနိုင်၏။ အကယ်၍ ဗိုလ်အောင်နှင့်
ဗိုလ်ဝင်း တို့ကို ဖမ်းခဲ့သော် ….

မြောင်းမြ၌ ဗိုလ်အောင်သည် တပ်ရင်းတခုကျော် မျှသော လူသူလက်နက်
တို့နှင့် ရှိနေ၏။ ပုသိမ်တွင် ဗိုလ်ဝင်းသည် တပ်ခွဲ နှစ်ခုစာခန့် လူလက်နက်
အပြည့်အစုံနှင့် ရှိနေ၏။ ထိုတပ်တို့သည် ဂျပန်ကိုခံတိုက်ကြရန် အတိအလင်း
ပြောဆို ဖွဲ့စည်းထားသော တပ်တွေ ဖြစ်ကြ၏။

စာရေးသူသည် အလွန်ပူပင်သောက ရောက်လျက် ဆရာချစ်နှင့် နောက်ထပ်
သွားတွေ့၏။ ဆရာချစ် ညွန်းကြားချက်အရ ရွှေတောင်ကြားလမ်းသို့ သွားခဲ့
ရသည်ဖြစ်ရာ၊ ရွှေတောင်ကြားလမ်းမှ ပြောလိုက်သော ခေါင်းဆောင်ကြီး၏
စကားကိုလည်း ဆရာချစ်သို့ ပြန်ပြောပြရ၏။

ဂျပန်တို့ လက်မှ သခင်အောင်သင်း လွတ်မြောက်ရေးအတွက် ဆရာချစ်က
တာဝန် ယူလိုက်၏။ ထို့နောက် ဗိုလ်အောင်နှင့် ဗိုလ်ဝင်းတို့အား တပ်များကို
အမြန်ဆုံး ဖျက်သိမ်း၍ ရန်ကုန်သို့ လိုက်ပါလာကြရန်လည်း ညွန်ကြား
ပေးလိုက်၏။

ရဲဘော်တွေ ငိုကြရယ်ကြ ဖြစ်နေသည့် အကြားမှ ဗိုလ်အောင်နှင့် ဗိုလ်ဝင်း
တို့က ဂျပန်တိုက်ရန် တာစူထားသော တပ်တွေကို ဖျက်လိုက်ကြ၏။ နာရီ
ဝက်မျှသာ ဦးလေသည်။ ရဲဘော်တွေ တပ်ဖွဲ့ အဆောက်အဦးတွင်းမှ
မရှင်းလင်းမီ ထိုတပ်ဖွဲ့တို့ကို ဖမ်းဆီး အရေးယူကြမည့် ဂျပန် စစ်သင်္ဘော
များ မြို့ဆိပ်သို့ ဆိုက်ကပ်လာကြ၏။

မျှော်လင့်ထားကြသော ဂျပန် ဗမာတိုက်ပွဲ မဖြစ်ကြရတော့ဘဲ၊ ဗိုလ်အောင်
တို့ ရန်ကုန် ရောက်ကြသောအခါ ဗိုလ်အောင်သည် ဘီအိုင်အေ တပ်မတော်
တွင် ဆက်လက် အမှုထမ်းလျက် ဗိုလ်မောင်မောင် ဟူသော နာမည်ရင်းနှင့်
အထက်ဗမာပြည်သို့ ပါသွားရသည်။ ထို့နောက် ဗမာ့ ကာကွယ်ရေး တပ်
မတော် ဘီဒီအေ ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးလက်ထောက်
မှူး ပြုလုပ် နေရ၏။


(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်
ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )