Jan 31, 2009

မှားတဲ့ဘက်မှာ


ရေးသူ- စစ်ငြိမ်းဒီရေ

ကျနော် စာအုပ်ဟောင်းတချို့ကို ဖတ်ရူရန် ကြော်ငြာမိသည်။
ခက်သည်က ကျနော့်ဘလော့တွင် တင်ပြရန် ခက်သည်။
မူပိုင်ခွင့် ဆိုတာကလည်း ရှိပါသည်။ ကျနော်လည်း လက်ခံသည်။
ပြည်ပရောက် ကျနော်အပါအ၀င် စာပေ စိတ်ဝင်စားသူများ၏ ဒုက္ခက မသေးလှပါ။
လွန်ခဲ့သော ခြောက်နှစ်ခန့်က ကျနော့်မိတ်ဆွေ တစ်ဦး ရန်ကုန်သို့ ရောက်ခဲ့သည်။
ရှားပါး စာအုပ်များ သို့မဟုတ် ပြန်လည်ထုတ်ဝေရန် မြန်မာနိုင်ငံ၏ စာပေ စီစစ်ရေး
ဆင်ဆာက ခွင့်မပြုသော စာအုပ်များထဲက စာအုပ်တချို့ကို ကျနော့် မိတ်ဆွေက
ဝယ်ယူရန် စာအုပ်ဈေးနှုန်းကို မေးသည်။ ဈေးလျှော့ပေးရန် တောင်းဆိုသော အခါ
စာအုပ် ရောင်းသူက …..
“အမ ပိုက်ဆံရှိရင် ရွှေဝယ် ၀တ်ပါ။ ဒီစာအုပ်ကို လိုက်ရှာလို့မရနိုင်”
အိပ်မက်တစ်ခုကို မက်ဖို့ ဇွတ်အတင်း တည်ဆောက်သည်။
….. …. …..

အိပ်မက် တစ်ခုကို မက်မိသည်။
…. အိမ်မက်ထဲမှာ ….
ကွယ်လွန်သူ စာပေပညာရှင် စာရေးဆရာကြီးများ၏ ကျန်ရစ်သူ မိသားစုများသည် စီးပွား
ရေး အသင့်အတင့်သာ ရှိကြသည်။ ထိုကြောင့် သူတို့၏ ကွယ်လွန်ခဲ့ရှာသော မိဘများ၏

စာပေများကို ပြန်လည် ထုတ်ဝေရန် ကြိုးစားကြသည်။ သို့သော် စာပေစီစစ်ရေးက စစ်ဆေး
နေသည်မှာ လေး၊ငါးနှစ် မကတော့ပါ။

ထို ကွယ်လွန်သူ စာပေပညာရှင်ကြီးများ၏ စာပေများကို တန်ဖိုးထားသူတို့ကလည်း
အဆင့်မြင့် နည်းပညာဖြင့် အီးဘွတ် (E-books) များ လုပ်ပြီး မူပိုင်ခွင့်ကို မချိုးဖောက်
ချင်ကြပေ။ စာပေတန်ဖိုးထားလိုသူ၊ စာပေမိတ်ဆွေများမှာလည်း အခက်အခဲများစွာ
ရှိပါသည်။ စာအုပ်တစ်အုပ်ကို ဖြစ်စေ၊ အတွဲလိုက်ကို ဖြစ်စေ သယ်ဆောင်ရမှုမှာ
စာအုပ်ဖိုးထက် စရိတ်က ကြီးနေသည်။ တခါတရံ စစ်ဆေးရေးက များနေသည်။

အဖြေတော့ ရှိပါသည်။ “စာမူခ” ကို စာပေ ချစ်သူများဘက်က ပေးနိုင်သည် ဆိုပါတော့။
များများစားစားတော့ မဖြစ်နိုင်ပါ။ အတိုင်းအတာတစ်ခုတော့ ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်
ဆိုသော် စာအုပ်ထုတ် ရောင်းစားလိုသော ရည်ရွယ်ချက် လုံးဝ မရှိပါ။ စာချစ်သူ အချင်းချင်း
ဖြန့်ဝေလိုမှု သက်သက်သာ ဖြစ်သည်။ သို့သော် မူပိုင်ရှင်ဘက်က လက်မခံရဲသော ပြဿနာ
က ဖြစ်လာပြန်သည်။ သွားတွေ့ပြန်တော့လည်း တံခါးပိတ်ထားသည်။ မခက်ပေဘူးလား။

တချို့လည်း လက်ရဲ ဇာတ်ရဲဖြင့် အီးဘွတ်တွေ လုပ်ကြသည်။ အဲလိုတော့ မလုပ်ချင်ပါ။
ကျန်ရစ်သူ မိသာစုများ၏ ခံစားခွင့်ကို နားလည်ပါသည်။ ရှိလည်း ရှိသင့်ပါသည်။
ဒီလိုဆိုရင် အဖြေက ဘာလဲ ……

အမှောင်သည် မှောင်သည်ထက် ပို၍ မှောင်လာသော အခါ ကိုယ့်မျက်နှာ၊ ခန္ဓာကိုယ်
အစိတ်အပိုင်းတို့ကို ပြန်မမြင်ရတော့ပါ။ အားလုံးသည် လှသူ၊ ချောသူများဟု သတ်
မှတ်လျှင် မှန်သည်ဟု ပြောသံကို ထောက်ခံရမလို၊ လက်ခုတ်တီးရမလို ဖြစ်လာလေ
သည်။

လွတ်လပ်ရေးဆိုတာ ဘာလဲ ….
မြေအောက်တော်လှန်ရေးသမားတွေက ဘာတွေ လုပ်ခဲ့သလဲ ….
အိုင်ယာလန်က ဆင်ဖိန်း ဖွဲ့စည်းပုံနဲ့ တို့ဗမာအစည်းအရုံး မြေအောက်ဖွဲ့စည်းပုံဟာ
ပုံစံတူ သလား ….
ဂျပန်ပြည်မှာ စစ်ပညာ သွားသင်ခဲ့တဲ့ သခင်လူငယ်တွေက မသွားခင်က သူငယ်ချင်း
အရင်းအချာ တွေလား ….
ဒုတိယမြောက် ရဲဘော်သုံးကျိပ် ဆိုတာ ဘယ်သူတွေလဲ ….
ပဲခူးဈေးထဲမှာ ပထစ အစိုးရလက်ထက်က ဒညင်းသီးတွေ ဈေးတက်ခဲ့တဲ့ နေ့တစ်နေ့ …
“ဇော်၊မော်၊သင်း” ဂိုဏ်းဆိုတာ သိချင်တယ်၊ ဖတ်ဖူးချင်တယ် ….
“နေ၊နတ်၊မင်း” ဂိုဏ်းဆိုတာ သိချင်တယ်၊ ဖတ်ဖူးချင်တယ် ….
“ကတ္တီပါ လမ်းခွဲ” ဘယ်လိုစဖြစ်တယ် ဆိုတာလဲ သိချင်ပါတယ် …
“ကော်ဖီ ခါးခါး” အမည်တူ ပြဿနာ လည်း သိပါရစေ …
“ညမွှေးပန်း” ပိုင်ရှင်တွေအကြောင်း သိပါရစေ …
“မျက်သွယ်” စာသား အမှုအခင်းအကြောင်း သိပါရစေ …
ဆရာ စိန်ခင်မောင်ရီက “သင်္ကြန်မိုး” ဇာတ်လမ်းမှာ “အတုမရှိကျောင်းကြီး”ကို ဘာလို့
တစ်ယောက် မဟုတ် တစ်ယောက် လူလွှတ်ပြီး မပြောခိုင်းတာလဲလို့ မေးခွန်းထုတ်
တာကို သိပါရစေ ….

…. အိပ်မက်က ရုတ်တရက် လန့်နိုးလာတယ် ….

ရေကို တ၀ကြီး သောက်ပြစ်လိုက်တယ် ….
ကျနော့် အိပ်မက်က …. မှားတဲ့ဘက်မှာ …

(ဤမျှသာ။)

9 comments:

အိုးဝေအောင်(အေဘီအီးပီ) said...

ဟူးးးးးး၇င်မောသွားတာပဲ၊

ဖုန်းမြင့် said...

အေးဗျာ...ခက်တော့ ခက်နေတာပဲ..
ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး........
မှားတာတော့ မမှားလောက်သေးပါဘူးဗျာ....။

ဒေါင်းမင်း said...

ဟုတ်ပ...ရင်မောတယ်...

ဆောင်းယွန်းလ said...

ကိုအောင်ရေ...မှောင်လွန်းအားကြီးနေလို့ပေါ့ဗျာ..
စာအုပ်ကောင်းတွေဖတ်ခွင့်ပျောက်ဆုံးနေရတာ..
အလှည့်ဆိုတာတော့ရှိနေဦးမှာပါဗျာ..

ခင်မင်လျက်...

လင်းထက် said...

ဟုတ်ပါ့ ကိုအောင်ရေ အခု တော့ သမိုင်းကြောင်းထဲက ကိုယ်တွေ့အဖြစ်အပျက် တွေ ကို ဖတ်ရဖို့ ဒီနေ့ ခေတ်လူငယ် တွေမှာ အခွင့်အရေး အရမ်း နည်းသွားပြီ...

pandora said...

ကိုဖုန်းမြင့်ပြောသလိုပဲ လောလောဆယ် ပြောလိုက်ပါတော့မယ်။ ခက်တော့ခက်ပါတယ်။

Nyein Chan Aung said...

ဟုတ်တယ်ဗျာ ကိုအောင်။ ဒါပေမဲ့ တနေ့နေ့မှာတော့ ကျနော်တို့ ပြန်လည်ထုတ်ဝေနိုင်မှာပါ။ အလင်းပြန်ရမယ်မျှော့်လင့်တယ်။

TNS said...

ကိုအောင်ရေ...
အသက်မသေသရွေ့ တော့ မျှော်လင့်ချက်တွေထားနိုင်ပါသေးတယ်ဗျာ...
တန်ဘိုးတွေမြှုပ်ကွယ်နေတာတော့ အရှုံးတစ်ခုပေါ့..။

မမသီရိ said...

88 နောက်ပိုင်းကာလ လေးမှား...စာအုပ် အများ စု..ပြန်ထုတ်ဝေ ခွင့်ရတုန်း...က...
စာအုပ် တစ်ချို့ ရထား လိုက် လို့ တော်သေး တယ်..
ခု တော့...လိုအပ် တာလေးတွေ..ရှိ ရင်..ပြန်လှန် လို့ ရတာပေါ့...
........
မူပိုင်ခွင့် ဆိုတာကို တော့..တို့တွေ အားလုံး လေးစားသင့် တယ်....အထူးသဖြင့်..စာရေးဆရာကြီးတွေ ရဲ့ မိသားစု မျက် နှာကို ထောက်ထား ရမှာ..အမှန် ပဲ....
.....................
စိုင်းထီး ဆိုင် က တော့..အမှောင် ထဲ မှာ ဆု..
အမျိုး သမီး တိုင်း ချော သတဲ့......း)....
................
( ရင်မောနေတယ် ဆို လို့ နောက် တာနော်...စိတ်မရှိနဲ့....)