Aug 31, 2009

ဦးဝင်းတင်၏ ကွိစာအုပ်

ဆရာ ဦးဝင်းတင်၏ ကွိ စာအုပ်ကို ဤဘလော့လင့်ခ် တွင် တွေ့ရှိရသလို၊
မြန်မာကျူပစ်ဖိုရမ်တွင်လည်း တွေ့ရှိရပါသည်။ ထို့ကြောင့် ဖတ်ရူလိုသူများ
အတွက် ပြန်လည်၍ ထပ်ဆင့် ဖြန့်ချီလိုက်ပါသည်။ အင်တာနက်ပေါ်သို့
ပို့ဆောင်ပေးခဲ့သူ အားလုံးကို ကျေးဇူးပါ ခင်ဗျာ။ ကိုသက်ဦးဘလော့တွင်လည်း
တင်ထားပါသည်။

အခန်း(၁)မှ အခန်း(၅) အထိကို
ဤနေရာတွင် Download ရယူပါ။

အခန်း(၆)မှ အခန်း (၁၂) အထိကို
ဤနေရာတွင် Download ရယူပါ။

(ဤမျှသာ။)

Aug 30, 2009

သခင်စိုး၏ဇနီးသည်များ အမည်စာရင်း



ရေးသူ- စစ်ငြိမ်းဒီရေ

သခင်စိုးသည် ဒုတိယကမ္ဘာစစ်အကြိုကာလနှင့် စစ်အတွင်း ဗမာ့လွတ်လပ်ရေး
လှုပ်ရှားမှု သမိုင်းတွင် ထင်ရှားခဲ့သူ တစ်ဦးဖြစ်သည်။ သခင်စိုးနှင့် ပက်သက်သော
အတ္ထုပ္ပတ္တိကို ယနေ့အချိန်အထိ မည်သူမျှ သေသေချာချာ ရေးသား ဖော်ပြထား
ခြင်း မရှိသေးပေ။ ထို့ကြောင့် နိုင်ငံရေးခေါင်းဆောင်ဟောင်း (အလံနီ ကွန်မြူနစ်
ခေါင်းဆောင်) သခင်စိုးနှင့် အိမ်ထောင်ပြုခဲ့သော ဇနီးသည်များ၏ အမည်
စာရင်းကို လက်လှမ်းမှီသမျှ ပြုစု ဖော်ပြလိုက်ပါသည်။

ပထမနှင့် ဒုတိယ ဇနီးသည်
သခင်စိုးသည် နိုင်ငံရေးလောကသို့ မ၀င်ရောက်ခင်ကပင် မိန်းမနှစ်ဦးကို တပြိုင်တည်း
လက်ထပ် ပေါင်းသင်း ခဲ့ပါသည်။ ထိုနှစ်ဦးသည် ညီအမ တော်စပ်သည်။
ယင်း ညီအမနှစ်ဦးကို ကိုလိုနီခေတ်သုံး ငွေငါးရာပေး၍ တရားဝင်ကွားရှင်းခဲ့ပါသည်။
မှတ်တမ်း အတော်များများတွင် ယင်းညီအမတို့၏ အမည်များကို ရှာမတွေ့ပါ။

(၃)ဒေါ်ခင်စီ (နောင်အခါ ဦးစိုးနိုင်၏ ဇနီးသည်)
(ကျောက်မြောင်း စိုးနိုင်-စာပေနှင့် မခင်စီ ပုံနှိပ်တိုက်)
(၄)ဒေါ်ငွေစံ ခေါ် မငွေစံ (ယခင်က ပထ၀ီမောင်တင်၏ ဇနီးသည်ဖြစ်ခဲ့ဖူးသူ)
(နောင်အခါ ရဲနီကျော်ဝင်း၏ ဇနီးသည်)
(၅)ဒေါ်နှင်းမေ (နောင်အခါ ရဲနီနေဒွန်း၏ ဇနီးသည်)
(၆)ဒေါ်ခင်စု (ယခင်က ရဲနီကျော်ဝင်း၏ ဇနီးသည်ဖြစ်ခဲ့ဖူးသူ)
(နောက်ဆုံး ဇနီးသည်ဟု သိရ)

မှီငြမ်းကိုးကားစာရင်း
-သခင်တင်မြ၏ ဘုံဘ၀မှာဖြင့်
-မောင်စင်ကြယ်၏
အလံနီနှင့် အလံဖြူတွေအကြား မရေးဖြစ်ခဲ့သော သခင်စိုး အတ္ထုပ္ပတ္တိ

(ဤမျှသာ။)

Aug 27, 2009

ငမဲ ဆုတောင်း



ရေးသူ- စစ်ငြိမ်းဒီရေ

ရုပ်ရှင် သရုပ်ဆောင် မင်းသား ပြေငြိမ်း ကွယ်လွန်ခါစက ကျနော်တို့အိမ်တွင်
လူသုံးကုန်နှင့် စာရေးကိရိယာ ရောင်းချသောကုန်စုံဆိုင်လေး ရှိသည်။ ကျနော်တို့
အိမ်နှင့် ကပ်လျှက် ခေါင်းရင်းဖက်တွင် အညာသား လက်ဖက်ရည်ဆိုင် တစ်ဆိုင်
ရှိခဲ့သည်။ ထိုဆိုင်တွင် ငမဲဟု ခေါ်သော အသက် (၇) နှစ် အရွယ် အညာသား
စာပွဲထိုးလေး တစ်ယောက် ရှိသည်။ ငမဲသည် အရပ်ပုပုနှင့် ရုပ်ဆိုးဆိုးဖြစ်သော်
လည်း လူတကာက ချစ်ခင်နှစ်သက်အောင် ပေါင်းသင်း ဆက်ဆံတတ်သည်။
ငမဲသည် ကလေးငယ် တစ်ဦးဖြစ်သောကြောင့် ရံဖန်ရံခါ မေ့လျော့တတ်သည်။

ပြေငြိမ်း ကွယ်လွန်ခါစ ရက်များတွင် ပိုက်ဆံအိတ်၊ အင်္ကျီအိတ်များထဲတွင် ထည့်
ထားနိုင်သည့် ပြေငြိမ်းဓါတ်ပုံ အသေးစားဆိုဒ်များသည် အလွန်ရောင်းကောင်း၏။
ဓါတ်ပုံတစ်ပုံ၏ မူရင်းဈေးမှာ ပြား (၆၀) သာ ရှိပြီး ပြန်ရောင်းလျှင် တစ်ကျပ်ရသည်။
ဓါတ်ပုံ အရေအတွက်များများကို ရာဂဏန်းနှင့်ချီပြီး ၀ယ်ယူလျှင် ဓါတ်ပုံ တစ်ပုံ၏
ပျမ်းမျှဈေးမှာ ပြား (၄၀) လောက်သာ ရှိသဖြင့် ခေါက်ချိုး နီးပါး မြတ်သည်။

မနက်စောစော အချိန်များတွင် ကျနော်တို့အိမ်ရှိ ကုန်စုံဆိုင်တွင် ပြေငြိမ်း ဓါတ်ပုံ
လာဝယ်ကြသော ပြေငြိမ်းကို ချစ်ခင်နှစ်သက်သည့် ကျောင်းသား ကျောင်းသူများ
နှင့် စည်းကားနေသလို ငမဲတို့ လက်ဖက်ရည်ဆိုင်တွင်လည်း ပြေငြိမ်း ကွယ်လွန်
ခြင်း သတင်းကို စာပွဲဝိုင်း အသီးသီး၌ ပုံစံအမျိုးမျိုး ပြောဆိုနေကြသည်။ ငမဲသည်
လက်ဖက်ရည်ဆိုင်တွင် စာပွဲထိုးရင် အားလပ်သော အချိန် အခိုက်အတန့်တွင်
ကျနော်တို့ အိမ်ဆိုင်၌ ပြေငြိမ်းဓါတ်ပုံ လာဝယ်သော သူနှင့် အရွယ်တူ ကျောင်းသား
ငယ်လေးများကို ငေးစိုက်၍ ကြည့်နေတတ်သည်။

ဤသို့ဖြင့် နံနက်ခင်း တစ်ခုတွင် ကျနော်သည် ငမဲတို့ လက်ဖက်ရည်ဆိုင်၌ ထိုင်
ဖြစ်သည်။ ထိုအခါ ငမဲက ကျနော့်အား ပြေငြိမ်း ဓါတ်ပုံ တစ်ပုံလောက် သူအနေဖြင့်
ဝယ်ယူချင်ကြောင်း ပြောပြသည်။ သူ့တွင် လောလောဆယ် ပိုက်ဆံ မရှိသောကြောင့်
သုံးလ တစ်ကြိမ် လစာ ရသောနေ့တွင် သူ့ရွာသို့ သူ့လစာငွေအား လူကြုံမပေးခင်
ဓါတ်ပုံဖိုးကို ပေးမည်ဟု ပြောသည်။ ကျနော်တို့အိမ်တွင် ဖွင့်လှစ်ထားသော အိမ်ဆိုင်
၌ ကျနော့် အမက ဦးဆောင်ပြီး ၀ယ်ယူ ရောင်းချ ရသောကြောင့် တစ်ခုခု ဆိုလျှင်
အမကသာ ဆုံးဖြတ်လေ့ရှိသည်။ အိမ်က ဆိုင်တွင် အမကို ကျော်လွန်၍ ကျနော် အနေ
ဖြင့် လုပ်ပိုင်ခွင့် မရှိပေ။ထို့ကြောင့် ကျနော်သည် ငမဲအပေါ် သနားစိတ်ဖြင့် ပြေငြိမ်း
ဓါတ်ပုံ တစ်ပုံကို အိမ်က ဆိုင်တွင် အမ အလစ်၌ ခိုးယူ၍ ငမဲအား အလကား ပေးခဲ့သည်။

ငမဲသည် လက်ဖက်ရည်ဆိုင်တွင် စာပွဲထိုးရင် ကျနော်ထံမှ အလကားရသော
ပြေငြိမ်းဓါတ်ပုံကို လက်ဖက်ရည်ဆိုင် လာထိုင်သူများ၊ သူနှင့် အတူ စာပွဲထိုးရသော
အခြား စာပွဲထိုး ကလေးငယ်များအား အိပ်ကပ်ထဲမှ ထုတ်ထုတ်ပြီး ပြလေ့ရှိသည်။
ပြေငြိမ်းဓါတ်ပုံကို အိပ်ကပ်ထဲတွင် ထည့်ထားသော ငမဲ မျက်နှာ၏ပုံစံမှာ ကွယ်လွန်သူ
တစ်ဦး၏ ဓါတ်ပုံကို အမှတ်တရ သိမ်းဆည်းထားပုံ မပေါက်ဘဲ ကမ္ဘာ့ဖလား
ဘောလုံးပွဲတွင် ရွှေဂိုးသွင်းသော ဘောလုံးသမား၏ ဓါတ်ပုံကို ဂုဏ်ယူစွာ သိမ်းဆည်း
ထားပုံမျိုး ဖြစ်နေသည်။ ပျော်ရွှင်နေသော ငမဲကို ကြည့်ပြီး သူ့လက်ထဲသို့ ခိုးယူပြီး
ပေးခဲ့သော ကျနော့်အဖြစ်ကို နောက်ကျောမလုံ ဖြစ်နေမိသည်။ စိတ်ထဲတွင်
အမများ … ငါ ခိုးပေးတာ … သိများ သွားမလားဟု တွေးတော နေမိသည်။

ဤသို့ဖြင့် တညနေခင်း၌ ငမဲတို့ လက်ဖက်ရည်ဆိုင်ဖက်ဆီ ကျနော် ရောက်ခဲ့
ပြန်သည်။ ငမဲသည် ကျနော်ထိုင်နေသော လက်ဖက်ရည် စာပွဲအနီးလာ၍ သူတို့
ဆိုင်တွင် လက်ဖက်ရည် လာသောက်သူများ၊ သူ့ သူငယ်ချင်း စာပွဲထိုးများက
သူ့ထံမှ ပြေငြိမ်းဓါတ်ပုံကို တောင်းယူပြီး ကြည့်လေ့ရှိကြောင်း၊ ဒီအတွက်
သူသည် ယခင်ကထက် ပိုမို၍ မျက်နှာပွင့်လင်းပြီး လူချစ်လူခင် များပြားလာ
ကြောင်း ပြောပြပါသည်။ ထို့ကြောင့် သူ့အနေဖြင့် ပြေငြိမ်းနှင့် ပက်သက်ပြီး
ပိုမို ဆုတောင်းမိကြောင်း ပြောပါသည်။ ကျနော်က သူ့အား …
“မင်းက ဘာဆုတွေ တောင်းနေတာလဲ” ဟု မေးသောအခါ
ငမဲက ...
“ပြေငြိမ်း ကျန်းမာပါစေ၊ ချမ်းသာပါစေပေါ့ဗျာ၊ ခင်ဗျားကလည်း တမှောက်”

(ဤမျှသာ။)

Aug 25, 2009

မိုးရွာမှာရော သေချာရဲ့လား

ရေးသူ- စစ်ငြိမ်းဒီရေ

ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က လာမည့် ဗုဒ္ဓဟူးနေ့ (၂၆.၈.၂၀၀၉)နေ့
ညပိုင်း “လွတ်လပ်အတွေး ဆွေးနွေးဖလှယ်” အစီအစဉ်၌ သောတရှင်တို့
ကိုယ်တိုင် တိုက်ရိုက်ပါဝင် ဆွေးနွေးနိုင်မည့် အကြောင်းအရာ တစ်ခုကို
ဖိတ်ခေါ်ထားပါသည်။
ဘီဘီစီ၏ သတင်းကြေညာချက်တွင် …

သောတရှင်များ ခင်ဗျာ
“ဖြစ်နိုင်ချေရှိတာကို လုပ်တာ နိုင်ငံရေး” ဆိုတဲ့ အယူအဆကို မြန်မာ
နိုင်ငံအတွင်းက စာရေးဆရာတချို့နှင့် အစိုးရသတင်းစာတွေမှာ ကျယ်ကျယ်
ပြန့်ပြန့် ရေးသား ဖော်ပြ နေကြပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရင်
“ရနိုင်သလောက်ကို အရင်ယူပြီးမှ နိုင်ငံရေးနယ်ပယ်ကို တဖြေးဖြေး
ချဲ့ထွင် သွားရမယ်” လို့လည်း ဆိုကြပါတယ်

၁- ဒီအယူအဆကို သောတရှင်တို့ ဘယ်လို မြင်ပါသလဲ
၂- ဒီအယူအဆဟာ အများပြည်သူအတွက် အကျိုးရှိစေမဲ့ အယူအဆလို့
သောတရှင်တို့ ထင်မြင်ယူဆ ပါသလား
……. ….. …

ဖြစ်နိုင်ချေ ဆိုတဲ့ စကားလုံးကို နိုင်ငံရေး နယ်ပယ်၊ တော်လှန်ရေး လုပ်နေသော
တော်လှန်ရေး နယ်ပယ်များတွင် မည်သို့ အဓိပ္ပါယ် ဖွင့်ဆို ကြပါသနည်း ….

ဂဠုန် ဆရာစံသည် ရန်ကုန်မြို့မှ ကီလိုမီတာ (၅၀)ကျော်မျှ ဝေးသော
အရပ်ဒေသ တစ်ခုတွင် အဲ့သည့်ခေတ် အဲ့သည့်အခါက စစ်ရေး၊ နိုင်ငံရေး
အတွေးအခေါ်အရ ခေတ်မမှီဟု ဆိုနိုင်သော ဆင်းရဲသား လယ်သမား
ရာဂဏန်းလောက်သာ ရှိသော အင်အားဖြင့် အင်္ဂလိပ် အစိုးရ၏
နေမ၀င် အင်ပါယာအား တော်လှန်ရန် ကြိုးစားမှုသည် ထို “ဖြစ်နိုင်ချေ”
ရှိသည်ဟူသော စကားလုံးဖြင့် အဓိပ္ပါယ် ဖွင့်ဆိုကြည့်မည် ဆိုလျှင်
ယခုခေတ် သမိုင်းစာမျက်နှာပေါ်တွင် ဆရာစံကို မည်သို့ မှတ်တမ်း
တင် ရေးထိုးကြပါ မည်နည်း …
သမိုင်းဝင် အမျိုးသား သူရဲကောင်း စာရင်းမှ ပယ်ဖျက် ရမှာလား
ပြည်တွင်းက စာရေးဆရာတချို့နဲ့ အစိုးရ သတင်းစာများ ခင်ဗျာ။

၁၉၄၉- ၁၉၅၀ ခုနှစ်တွင် ဦးနု၏ ဖ.ဆ.ပ.လ အစိုးရသည် ရန်ကုန်အစိုးရ
ဟု ခေါ်ဆိုနိုင်လောက်အောင် အစိုးရ စစ်တပ်များ ထိန်းချုပ်ထားနိုင်သည့်
ပိုင်နက် အနည်းငယ်သာ ကျန်တော့ အနေအထားတွင် အစိုးရဆန့်ကျင်ရေး
လက်နက်ကိုင် အင်အားစုများထံတွင် လက်နက်မချပဲ ပြန်လည် တွန်းလှန်
ခဲ့မှုသည် “ဖြစ်နိုင်ချေ” ရှိမှု ဆိုသည့် စကားလုံးနှင့် မည်သို့ တိုင်းတာ
ဆိုဖြစ်နိုင်ပါ မည်နည်း ….

ဒီ သြဂုတ်လ ပြည်တွင်းထုတ် သတင်းစာတချို့၌ အင်္ဂလိပ်အစိုးရ မြန်မာနိုင်ငံ
ကို သိမ်းပြီးခါစက တော်လှန်ပုန်ကန်ခဲ့သော နိုင်ငံချစ် လက်နက်ကိုင် တော်လှန်
ရေးသမားများအား “ဖြစ်နိုင်ချေ” ရှိတာကို မလုပ်သူများဟု ဆောင်းပါးရှင်
အချို့က ရက်ရက်စက်စက် ဝေဖန်ပုတ်ခတ် နေတော့သည်။

ဖြစ်နိုင်ချေ ရှိတာကို ဘယ်သူတွေ လုပ်ခဲ့ကြသလဲ ….

ကိုလိုနီခေတ်တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ဝေလမင်းသား၏
ဘုန်းတော်ဘွဲ့ကို လုံးဝ မရေးခဲ့ပေ။
(မြန်မာနိုင်ငံ၏ မြေပုံ သည် ကမ္ဘာမြေပုံပေါ်တွင် လုံးဝ ပျောက်ဆုံးသွား
သည့် အချိန်အထိ သခင်ကိုယ်တော်မှိုင်းနှင့် မြန်မာသမိုင်းသည် ခွဲထား၍ မရ။
သခင်ကိုယ်တော်မှိုင်းသည် အမျိုးသား အာဇာနည်ပေါင်းများစွာ၏ ဆရာသခင်။)

မဟတ္တမ ဂန္ဒီနှင့် မော်စီတုံးတို့သည် ခရီးရှည် ချီတက်ပွဲများ ပြုလုပ်သော အခါ
အဲ့သည့်ခေတ် အဲ့သည်အခါက ဘယ်သမိုင်းဆရာ၊ ဘယ်စာရေးဆရာ ဘယ်
နှစ်ယောက်က “ဖြစ်နိုင်ချေ” ရှိသည်ဟု ထောက်ခံခဲ့ကြပါသလဲ ….

လူကြီးမင်းများ မေ့များ မေ့နေကြသလား၊ ကြုံတုန်း အဖြစ်အပျက်ဟောင်း တချို့ကို
သတိရစေခြင်းပါသည်။
၁၉၈၈ ခုနှစ် ဒေါက်တာမောင်မောင် အစိုးရ လက်ထက်၊ ဖ.ဆ.ပ.လ ရပ်ကွပ်နှင့်
စစ်ရုံးချုပ် (မော်တော်ယာဉ် တပ်ခွဲ) ထိစပ်နေသော နေရာ (ရန်ကုန်၊ တိရိစ္ဆာန်ရုံး
ထိပ်ပေါက်ဝ) တွင် မြန်မာစာ ဂုဏ်ထူးသိန်းနိုင် က တရားဟောရာမှ တစ်ဖက်နှင့်
တစ်ဖက် တိုက်ခိုက်တော့မည့် အဆင့်သို့ ရောက်ခဲ့ကြသည်။ ထိုအချိန်၌ စစ်ရုံး
ချုပ်ထဲတွင် ဒေါက်တာမောင်မောင်၏ အစိုးရ တဖွဲ့လုံး ရှိနေသည်မှာ လူတိုင်းသိ
ကြသည်။ ထိုအချိန်က ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာ ဦးဆောင်သော
မ.က.ဒ မှ ဗဟန်းမြို့နယ်ရှိ အဖွဲ့ဝင် ကျောင်းသားများ၏ စည်းရုံးမှုကြောင့်
ရန်ကုန်တစ်မြို့လုံးရှိ ပြည်သူများက စစ်ရုံးချုပ်ကို ၀ိုင်းပြီး အသေခံ ၀င်တိုက်ရန်
ပြင်ဆင်ခဲ့ကြသည်။ ပြင်သစ် တော်လှန်ရေးသမိုင်းက ဘားစတီး အကျဉ်းထောင်ကို
သိမ်းယူမည့် အသွင် သဏ္ဌာန်။ “ကိုယ့်လူမျိုးအချင်းချင်းပဲ သင်ပုန်းချေ ချေမည်”
ဟု ခံယူခဲ့သော ပုဂ္ဂိုလ်ကြီးများကြောင့် ဒီမိုကရေစီသည် ဆယ်စုနှစ်ပေါင်း များစွာ
ဝေးခဲ့ပါပြီ။ ထိုဖြစ်ရပ်တွင် လူထုနှင့် ကျောင်းသားများသည် စစ်ရုံးချုပ်ကို အသေခံ
ဝင်တိုက်ခဲ့ပါက လူကြီးမင်းများ ဆိုလိုနေသော “ဖြစ်နိုင်ချေ” ဟူသော စကား
သည် သွေးချောင်းစီးမှုနှင့် အောင်ပွဲကို ဖော်ကျူးလိမ့်မည်။ လူကြီးမင်းတို့လည်း
အဲ့သည့်ချိန်က အဲ့သည့်နံဘေးတွင် ရှိကောင်း ရှိနေပါလိမ့်မည်။ ပါဖို့ရော စိတ်ကူး
ခဲ့ပါသလား ….

“၂၀၁၀ ရွေးကောက်ပွဲကို ၀င်မည်၊ ပြီးမှ နိုင်ငံရေး နယ်ပယ်ကို တဖြေးဖြေးချင်း
ချဲ့ထွင် သွားမည်”

မြတ်စွာဘုရား ….
ကမ္ဘာပေါ်တွင် ရှိသမျှ ဘာသာတရားအားလုံးမှ ဘုရားအားလုံးကိုပင် “တ” ချင်
ပါသည် ….

၂၀၁၀ ရွေးကောက်ပွဲအတွက် ကျင်းပဖို့ အစီအစဉ်တွေ သေသေချာချာ
ကြေညာပြီးပြီလား …
ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ဇယား …
ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ရန်၊ စည်းရုံးမဲဆွယ်
ရန်၊ ရွေးကောက်ပွဲဆိုင်ရာ တရားဥပဒေ ….
မဲ မသမာမှု ရှိ မရှိ ….
(၂၀၀၈ မှာလို ဇွတ်အတင်းမဲများဖြင့် အခြေခံဥပဒေကို အတည်ပြုခဲ့သော မဲထည့်
မှု ပုံစံမျိုးလား …။)
ရွေးကောက်ပွဲ ပြီးလျှင် လွှတ်တော်ကို ဘယ်နေ့ ခေါ်ယူပြီး၊ နိုင်ငံတော် အာဏာ
ကို ဘယ်လို လွှဲပြောင်းပေးမည် ….

ဘာ အစီအစဉ်မလည်း မရှိသေး၊ ဘာကိုမှလည်း သေသေချာချာ ရေရေရာရာ
မသိသေးဘဲနှင့် ၂၀၁၀ ရွေးကောက်ပွဲသည် “နိုင်ငံရေးဆိုင်ရာ ထွက်ပေါက် တစ်ခု”
ဟု ဆိုနေသော လူကြီးမင်းတို့၏ အယူအဆသည် ….

မိုးရာသီတွင် မိုးရွာရန်အတွက် အော်ခေါ်နေသော ဖားတို့၏ အသံ …
မြွေဆိုးများ၏ အန္တရယ် ကို မသိဘဲ ရေအိုင်တွင်း လူးလိမ့်ရန်အတွက် အော်ခေါ်သံ …
လူကြီးမင်းတို့ ထင်သလို
မိုးရွာမှာရော သေချာရဲ့လား ….

(ဤမျှသာ။)

Aug 23, 2009

သူခိုးအတွက် ပြဋ္ဌာန်းချက်



ရေးသူ- စစ်ငြိမ်းဒီရေ

၁၉၉၆ ခုနှစ် နွေရာသီတွင် ဖြစ်ပွားခဲ့သော ဇာတ်လမ်း တစ်ခု။
ရန်ကုန် သူနာပြုတက္ကသိုလ်၊ ပိတောက်ဆောင်သည် သူနာပြု ကျောင်းသူများသာ
သီးသန့် နေရသော အမျိုးသမီးအဆောင် တစ်ခုဖြစ်သည်။

စာသင်နှစ် နောက်ဆုံးစာမေးပွဲကြီးရှိသောကြောင့် လေးထပ်ကျောင်းဆောင် တစ်ခုလုံးရှိ
ကျောင်းသူများ အားလုံး အိပ်ခန်းအပြင်တွင်ရှိသော ကော်ရစ်တာ တလျှောက်တွင်
စုပေါင်း စာကျက်နေကြသည်။ အိပ်ခန်းများ အတွင်းတွင် စာမေးပွဲအပြီး အိမ်ပြန်ရန်
ထုတ်ပိုးထားသော အထုတ်အပိုးများဖြင့် အပြည့် ဖြစ်နေသည်။

အပေါ်ဆုံးထပ်တွင် နေထိုင်သော ကျောင်းသူ မ …. သည် သူမ၏ လက်ကိုင်အိတ်
ကို ခြင်ထောင်ကြိုးအတွင်း ချိတ်ဆွဲပြီး အခန်းထဲတွင် တစ်ဦးတည်း အိပ်စက်နေ၏။

ရန်ကုန် သူနာပြု တက္ကသိုလ် အနီးရှိ လမ်းမတော်မြို့နယ် …. ရပ်ကွပ်မှ မူးယစ်
ဆေးဝါး သုံးစွဲသူ သူခိုး မောင်….. သည် အိမ်သာပိုက်လုံးမှ တွယ်တက်၍ ကျောင်း
ဆောင် ပေါ်သို့ ရောက်ရှိခဲ့သည်။

သူခိုးသည် အိပ်ခန်းအတွင်းတွင် တွဲလောင်းကျနေသော လက်ကိုင် ပိုက်ဆံအိတ်
ကို ဖြုတ်ယူဖို့ အစွမ်းကုန် ကြိုးစားသောအခါ …

ခြင်ထောင်ကြိုးသည် လက်ကိုင်အိတ်၏ အတွင်းမှထိုးပြီး နံရံကို ချည်နှောင်ထားသည့်
အဖြစ်ကို သူခိုး ခမြာ မသိရှာခဲ့ …

ခြင်ထောင် တလှုပ်လှုပ် ဖြစ်နေသောကြောင့် ကျောင်းသူ မ….. က အိပ်ချင်မူးတူးဖြင့်
“ဟဲ့ …… ဘယ်သူလဲ” မေးသံ အဆုံး

လက်ကိုင်အိတ် ဖြုတ်မရ၍ ချွေးပြန်နေသော သူခိုးက တုန်တုန်ရီရီဖြင့်
“ကျနော် နော် နော် …. ကျနော်ပါ … အမ”

“ဟဲ့ …. နင် … နင် … သူခိုး … သူခိုး …. လာကြပါအုံး … သူခိုး …. သူခိုး”

သူခိုး သည် ခြေဦးတည်ရာ အခန်းအပြင်ဖက်သို့ ပြေးထွက်မိသည်။
အခန်းအပြင်ဖက် ကော်ရစ်တာတလျှောက်တွင် စာကျက်နေသော ကျောင်းသူ
ပေါင်းများစွာနဲ့ သူခိုးတို့ ထိပ်တိုက်တွေ့ကြတော့သည်။
သူခိုးလည်း လှေကားအတိုင်း အသည်းအသန်းဖြင့် အဆောင်၏ အောက်ဆုံးထပ်
ထွက်ပေါက်ရှိရာသို့ ဦးတည်ပြီး ပြေးလွှားသည်။
အထပ် လေးထပ်မှ ကျောင်းသူပေါင်း များစွာလည်း သူခိုးကို ညာသံပေး၍
နောက်မှ ပြေးလိုက် နေကြသည်။

ရှေ့ဆုံးတွင် ပြေးလွှားနေရသော တစ်ဦးတည်းသော သူခိုး ….
နောက်တွင် အသည်းအသန်း လိုက်လာကြသော ကျောင်းသူများ ….

ထိုအခိုက် သူခိုးသည် ဥာဏ်အလင်းတန်း တစ်ခုကို မမျှော်လင့်ပဲ ပိုင်ဆိုင်
သွားသည်။
….. ငါနောက်မှာ လိုက်လာတာက အမျိုးသမီးတွေ ပါလား …..

ရုတ်တရက် ရှေ့ဆုံးမှ တစ်ဦးတည်း ပြေးလွှားနေရသော သူခိုး၏ခါးမှ ပုဆိုးသည်
ကျွတ်ကျသွားသည် …. ခါးအောက်ပိုင်းတွင် အောက်ခံဘောင်းဘီနှင့် တူသော
အရာ မပါရှိ ….

သူခိုးနောက်မှ လိုက်လာသော ကျောင်းသူ အုပ်စုကြီးသည် အသံမျိုးစုံ
ထွက်၍ ရပ်တန့်သွားသည်။
“ဟယ် … ဟင် … အို … အမလေး …. သေနာ …. အယုတ်တမာ”

အဆုံးသတ်တွင် သူခိုးသည် လုံးဝ လွတ်မြောက်သွားသည်။

ထိုအဖြစ်အပျက်များ ဖြစ်ပွားအပြီးတွင် ရန်ကုန် သူနာပြုတက္ကသိုလ်
ပိတောက်ဆောင်၏ နံရံ တနေရာတွင် အောက်ပါ အတိုင်း ရေးသား
ထားသည်။

ကျေးဇူးပြု၍
မည်သည့် သူခိုးမဆို လေးစားလိုက်နာရမည်
အတွင်းခံ ဘောင်းဘီပါမှသာ အဆောင်ပေါ်သို့ တက်ခိုးခွင့်ရှိသည်
ပိတောက်ဆောင်
ရန်ကုန် သူနာပြု တက္ကသိုလ်

(မှတ်ချက်။ ။ကျွန်တော့်ဇနီးသည်၏ ပြန်လည်ပြောပြမှု။)
(ဤမျှသာ။)


Aug 20, 2009

အထူးသတင်း

ယမန်နေ့ ညဦးပိုင်းအချိန်တွင် ဘဘဦးတင်ဦး နေအိမ် ခြံဝင်းအတွင်း
မသင်္ကာဖွယ်ရာ ပုတ်သင်ညိုတစ်ကောင် တွေ့ရှိပါသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်
များ အချိန်မှီဝင်ရောက်၍ အဆိုပါ ပုတ်သင်ညိုအား ဖမ်းဆီး ထိမ်းသိမ်းလိုက်သည်။

နေပြည်တော်မှ လာသည့် သတင်းများအရ ဘဘဦးတင်ဦးအား ခြံဝင်းအတွင်း
ပုတ်သင်ညို တွေ့ရှိသည့် အမှုဖြင့် အရေးယူရန်ပြင်ဆင်နေကြောင်း သတင်းရရှိ
ပါသည်။

အဆိုပါ ပုတ်သင်ညိုအား အမေရိကန်အစိုးရ၏ အကူအညီနှင့် သစ်ပင်ပေါ်သို့
ပြန်လည် ပို့ ဆောင်ပေးရန် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက
ဆုံးဖြတ်လိုက်ကြောင်း နှင့် တရုတ်အစိုးရမှ ဤသည်မှာ မြန်မာ့ပြည်တွင်းရေးသာ
ဖြစ်ပြီး အင်အားကြီးနိုင်ငံများအနေဖြင့် ၀င်ရောက် မစွက်ဖက်သင့်ကြောင်း။

ကုလသမဂ္ဂမှလည်း ၄င်းတို့ စိုးရိမ်ပူပန်မိကြောင်း ကြေညာချက်ထုတ်ပြန်ရန်
အချိန် ၃ ရက် ယူမှာဖြစ်ကြောင်း နောက်ဆက်တွဲ သတင်းထပ်မံရရှိပါသည်။

(အေဘီစီဒီ သတင်းထောက်)

(မှတ်ချက်။ ။အင်တာနက်မှ တဆင့် လက်ခံရရှိသော စာ …)

Aug 19, 2009

ရွှေသုန္နရီ ရေနစ်ခြင်း



ကျိုက်ထီးရိုး ဘုရားက
ကျီးကန်းပါးစပ်မှာ
“နှစ်သိမ့်ခြင်း” ဆိုတဲ့
အကြွေစေ့ကို
ကျွန်တော် ထည့်ခဲ့မိသလား
ရွှေသုန္နရီ။

လမ်းချင်းတူလို့
ဆုံဖြစ်ခဲ့တဲ့လူတွေဟာ
အလှူခံတွေလား
ရွှေသုန္နရီ …..

အရာရာကို အပေါ်စီးကနေ
ခေါင်းငုံကြည့်တဲ့
ခင်ဗျားရဲ့ အပြုံးနဲ့
စိတ်ပျက်လက်ပျက်
ခေါင်းငုံသွားတဲ့
ကျွန်တော့် ညနေခင်းများ
တိုးဝှေ့မိတာ
ပလက်ဖောင်းကြောင့်ပေါ့
ရွှေသုန္နရီ။

ပလွေသံ တိတ်လို့
ပခြုပ်ထဲ ၀င်အိပ်တော့မလား
ရွှေသုန္နရီ
မရယ်တတ်သော အရပ်မှာ
မွေးဖွားရော့သလား
ရွှေသုန္နရီ
မှန်ထဲက အရိပ်မှာ
တံဆိပ်ဆိုးတွေ မပါကြေးနော်
ရွှေသုန္နရီ
တာတိုချန်ပီယံများ အကြား
အသက်ရှုခွင့် ပုံစံမှားခဲ့ပြီးလား
ရွှေသုန္နရီ
အရသာခံမှု ဧည့်ခံပွဲမှာ
ပဒိုင်းသီးတွေ စားသုံးကြမလား
ရွှေသုန္နရီ
အသုဘသုံး နှင်းဆီတချို့အတွက်
လက်ခုပ်တီးပါ
ရွှေသုန္နရီ ….။

ရွှေသုန္နရီရေ
ကျွန်တော်တို့ ပြန်ဆုံဖြစ်ဖို့
ရေကူးပြီး မလာခဲ့နဲ့နော်
အရူးနဲ့အတူ ရေမကူးနဲ့နော်
ရေနစ်တိုင်လည်း မဆယ်နဲ့နော်
အရူးရေနစ်လည်း မကယ်နဲ့နော်
ကျွန်တော့်ကိုလည်း မကယ်နဲ့နော်
သူတို့ကိုလည်း မဆယ်နဲ့နော်
….
ကမ်းမရှိတဲ့ အရပ်က
ခွာခဲ့တော့ပေါ့
ရွှေသုန္နရီ။ ။

-စစ်ငြိမ်းဒီရေ

Aug 17, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၁၁)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၁၀)မှ အဆက် …..

ကျွန်တော်သည် ဆယ့်နှစ်လရာသီဘွဲ့များကို အလွန်ကြိုက်သည်။ ကျွန်တော့်
ကိုယ်ကို ကျွန်တော် မြန်မာတစ်ယောက်ဟု အစဉ်ဂုဏ်ယူသိနေခြင်း၊ ကျွန်တော်
ချစ်မြတ်နိုးသော အမိနိုင်ငံသည် “စိတ္တဇနာမ်” (abstract noun) တစ်ခုမဟုတ်ဘဲ
မြင်သိထိတွေ့ခံစားရသော “ဒိဋ္ဌ ဓမ္မ အမှန်တရားကြီး” (concrete and real thing)
ကျွန်တော်အတွက် ဖြစ်နေခြင်းတို့မှာ ဆယ့်နှစ်လရာသီဘွဲ့များ၏ ကျေးဇူးကြောင့်
ဟု ကျွန်တော်ထင်သည်။

ဆယ့်နှစ်လ ရာသီဘွဲ့များသည် ဆယ့်နှစ်လရာသီအလိုက် ပြောင်းသစ်နေသော
မြန်မာ့မြေ၏ အလှတွေကို ချစ်မက်ဖွယ် အာရုံပုံရိပ်တွေ သွန်းထုပြထားကြသည်။

အံ့ဖွယ်ရှိလှသော အာရုံပုံရိပ်တစ်ခုအကြောင်းကို ကျွန်တော် ပြောပြချင်ပါသည်။

စာဆိုတော်ကြီး ဦးမင်းသည် ကုန်းဘောင်မင်းလက်ထက်၌ ဆယ့်နှစ်ရာသီဘွဲ့
လေးချိုးကြီးများကို စပ်သွားခဲ့သည်။ အံ့ဖွယ်သော အင်မစ်ဂျရီတစ်ခုကြောင့်
ကျွန်တော် တသသ တသက်သက်စွဲမက်ခဲ့ရသော ဦးမင်း၏ လက်ရာမှာ
တူရာသီ- သီတင်းကျွတ်လဘွဲ့ ဖြစ်လေသည်။
“၀ါရက်သာယွန်းတော့တယ်
နွေစွန်းငယ်ချိန်မှီမှာ
တူရာသီခါနယ်နှင့်
သာစဖွယ်တိမ်ယံက
စိန်ဗိတာန်ပုံသစ်မတဲ့
ရွှေရစ်ဆင်း။ ။”

ပထမ လေးပိုဒ်ကား စပ်ရိုးစပ်စဉ် ကဗျာစကားများသာ ဖြစ်သည်။ ရစ်သင်မ်ရှိသည်။
ကာရန် ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် (description) ဟု ခေါ်သော သိသာမြင်လွယ်
အောင် ဖေါ်ပြခြင်း ကိစ္စကို လုပ်သည်။

“စိန်ဗိတာန်ပုံသစ်မတဲ့
ရွှေရစ်ဆင်း …. ”။
ဤနှစ်ပိုဒ်တွင်ကား ဦးမင်းသည် ဖေါ်ပြခြင်းကိစ္စနယ်ပယ်ကိုကျော်ကူးလျှက် ဘ၀ကူး
ပေးခြင်း (၀ါ) ဖန်ဆင်းခြင်း အမှုကို အံ့ဖွယ်ပြုလိုက်၏။

အမှန်ကို ၀န်ခံရလျှင် အစပိုင်းက ဤနှစ်ပိုဒ်ကို ကျန်အပိုဒ်များနှင့် ရောလျက်
သာမန် ဖတ်သည်။ လှပသော စကားလုံးလေးများ ….။ ကောင်းမွန်သော ဥပမာ
ပေးမှုတစ်ခု …။ ဤမျှသာ သတိပြုမိသည်။

သို့ရာတွင် ကျွန်တော်က သီတင်းကျွတ်ရာသီကို ချစ်သည်။ သီတင်းကျွတ်
ရာသီနှင့် ပတ်ဝန်းကျင် သြကာသလောက က ကျွန်တော့်ကို တစ်မျိုးတစ်မည်
ထူးကဲလျက် လှုံဆော်တတ်သည်။ ထို့ကြောင့်လည်း ဦးမင်း၏ ကဗျာကို
အကြိမ်ကြိမ် ဖတ်မိ ရွတ်မိသည်။

ဖတ်မိ ရွတ်မိတိုင်း …. စိန်ဗိတာန်ပုံသစ်မတဲ့ …. ရွှေရစ်ဆင် …. ဟူသော အပိုဒ်
နှစ်ပိုဒ်က အာရုံပုံရိပ်များနှင့် စကားပြောကြသည်။

အာရုံရိပ်များဟု ဆိုရသော်လည်း ပီပြင် ပြည့်စုံလှသော ပုံရိပ်များမှု မဟုတ် …။
ကဗျာကပေးသော အာရုံပုံရိပ်များ၏ အစွမ်းသည် အံ့ဖွယ်ကောင်း၏။ မပီပြင်
မပြည့်စုံဘဲလျက်ကလည်း လှတတ်သည်။ ဇာခန်းဆီးနောက်မှ ပပ၀တီ ….
တိမ်လွှာပါးပါးအောက်မှ ငွေလမင်း၊ နှင်းမှုန်ကြားမှ ချယ်ရီပွင့်၊ ဖယောင်းတိုင်အရောင်
မှ ချစ်သူ့မျက်နှာ …။ အားလုံးသည် မပီဝိုးဝါးနှင့် လှသည်။

စိန်ဗိတာန်ပုံသစ်မတဲ့ ရွှေရစ်ဆင်ဟူသော ကဗျာစကားများက ပေးသော
အာရုံပုံရိပ်များသည် ကျွန်တော့်အတွက် ပထမသော် … မပီဝိုးဝါးအလှများသာ
ဖြစ်လေသည်။

ဗိတာန်ဆိုသည်က မျက်နှာကြက် …။ စိန်ဗိတာန်ဆိုတော့ … စိန်လုံးလေးတွေ
မြှပ်စီထားသော မျက်နှာကြက် …။ သြော် … ကောင်းကင် …။ သီတင်းကျွတ်လ၏
ကောင်းကင်ကြီး။ သာစဖွယ် တိမ်ယံကဟုလည်း ဆိုထားသေးသည် မဟုတ်လော။
တိမ်ယံ … မိုးယံ၊ အာကာယံ၊ ကောင်းကင်ယံ ….။ ကြယ်ပွင့်လေးတွေ ကြဲဖြန့်
ပျံ့နှံ့ဝင်းလက်နေသော ကောင်းကင်ယံ …။

သို့ရာတွင် …. နေပါဦး ….။ “ပုံသစ်မတဲ့ …။”
ဤစကားက ဘာဆိုသနည်း။ ပြီးခဲ့သည်ကို မဆို။ ဖြစ်နေသည်ကိုလည်း မဆို။
အနာဂတ်ကိုသာ ပြဆိုနေသည်။

စိန်ဗိတာန်ပုံသစ်တစ်ခုကို ပြုံးတော့မလို့ ….။ အင်း …. သည်ကိစ္စအတွက် ….
“ရွှေရစ်ဆင်” နေသည်။ အဲ …. စတင် ကြိုးစားနေသည်။
ခက်သည်က …. ရွှေရစ်ဆင်သည်ဆိုခြင်းက ဘာကို ပြောပါသနည်း။

ကျွန်တော့်ကို ညံ့သည်ပဲပြောပြော ….။ အချိန်အတော်ကြာအောင် ကျွန်တော်စဉ်းစား
ခဲ့ရသည်။ ဦးမင်းနှင့် ကျွန်တော့်ကြားမှာက နှစ်တွေရာနှင့်ချီ ကွာခြားနေသည်မဟုတ်
လော။ သည်တော့ အတွေ့အကြုံခြင်းကလည်း မတူ။

ကျွန်တော်တို့ ခေတ်မှာက မျက်နှာကြက်ဆိုသည်မှာ အက်စ်ဘက်စတက်စ်
(asbestos) ခေါ် မီးခံကျောက်ပြားနှင့် ပြုလုပ်သည်။ ယင်းသို့ ပြုလုပ်ထားသော
မျက်နှာကြက်တွင် ကြယ်ပွင့် စိန်ပွင့်တွေပမာ လျှပ်စစ်မီးသီးများ ဆင်ထားသည်ကို
ပြဇာတ်ရုံကြီးများ၊ ဟော်တယ်ခန်းမကြီးများတွင် ကျွန်တော် တွေ့ဖူးသည်။ သြော်
…. ကျွန်တော်တို့ ခေတ်၏ စိန်ဗိတာန် ….။

ဗိတာန် (မျက်နှာကြက်) ကို မြင်ပုံခြင်းမတူလေသောကြောင့် ဦးမင်း ဘာပြော
နေသည်ကို မပီဝိုးတ၀ါးသာ ကျွန်တော် နားလည်နေသည်။ မကျေနပ်၍ ဆက်
ရှာဖွေတော့မှ ဗိတာန်ဆိုသော စကားသည် ပါဠိဘာသာ ၀ိတာန (vitano) မှ
လာကြောင်း သွားတွေ့သည်။ တဖန် … ၀ိတန္တဆိုသော စကားက ရက်ကန်း
ရက်သည်ဟု အဓိပ္ပါယ်ရှိသည်။ ပါဠိ အင်္ဂလိပ် အဘိဓါန်တွင် ၀ိတာန ကို
Spreading, Expansion; Canopy, Awning – ဟု အဓိပ္ပါယ်တွေ ပေးသည်။
မြန်မာလိုတော့ ဖြန့်ခင်းခြင်း၊ ပြန့်ကားခြင်း၊ မျက်နှာကြက်၊ နေကာဖျင်ထည်ဟု
အဓိပ္ပါယ်ရသည်။

သြော် …. ရှေးရှေးတုန်းက မျက်နှာကြက်ဆိုသည်ကို ဖျင်ထည်နှင့် ပြုလုပ်သည်။
ဝါချည်ဖျင် ဖြစ်ချင်ဖြစ်မည်။ ပိုးထည်ဖျင် ဖြစ်ချင်ဖြစ်မည်။ ဖျင်ထည်ဖြစ်လာရန်
ရက်ကန်း ရက်ရသည်။ ရက်ကန်းရက်ရန် ချည်မျှင် လုပ်ရသည်။ ချည်မျှင်ရအောင်
ဗိုင်းငင်ရသည်။ ဗိုင်းတောင့်မှ ချည်မျှင်ထွက်လာအောင် ဆွဲငင်ရာ၌ အသုံးပြုသော
ကိရိယာကို ရစ်ဟု ခေါ်သည်။

သီတင်းကျွတ် ဆိုသည့် တူရာသီ ရက်ကန်းသည် ….။
စိန်ဗိတာန်ရက်လုပ်ရန် သူ့ ရွှေရစ်ကို စတင် ဆင်နေပြီ ….။

သြော် …. ဟောသည့် ကမ္ဘာမြေပေါ်တွင် မိုးဖြန့်ထားသည့် ကောင်းကင်ကြီး …။
နွေတွင် မိုးရွာသော မုတ်သုံရာသီ မြန်မာပြည်၌ မိုးဥတုအတွင်းသည် ကောင်းကင်
ကြီးက ဘယ်မှာလာ စိန်ဗိတာန် ဖြစ်နိုင်ပါမည်နည်း။ တိမ်မည်းတိမ်ညိုတွေ လွှမ်းအုပ်
နေလေတော့ ညအခါတွင် ကြယ်လေးတွေ ဘယ်မှာ လာပေါ်နိုင်ပါ့မည်နည်း။

ဝါရက်ယွန်းသည် နွေစွန်းချိန် ဤတူရာသီ အခါ၌ကား တိမ်မည်းတိမ်ညိုတို့လည်း
ပြေးစပြုပြီ။ ကောင်းကင်ကြီးလည်း ကြည်လင်စပြုပြီ။ တန်ဆောင်မုန်းလဆီ ရောက်
လျှင်တော့ ဆောင်းညအခါတွင် တိမ်လွှာရိပ်တို့ ကင်းစင်လေမည်။ နက္ခတ်စုံ
ကြယ်စုံနှင့် ပြာလွင်သော ကောင်းကင်ကြီးက စိန်ဗိတာန်ကြီး ဖြစ်လေရော့မည်။
အို …. သည်လို မိုးကာလနှင့် ခြားနားသည့် စိန်ဗိတာန်ပုံအသစ် ပေါ်ဖြစ်စေရမည်ဟု
သီတင်းကျွတ် ရက်ကန်းသည်က ရွှေရစ်ဆင်ပြီး ဖန်တီးမှု လုပ်ငန်းခွင်ကို စတင်
ဝင်နေလေပြီ။ …..။

မြတ်စွာဘုရား ….။ အာရုံပုံရိပ် ….၊ ဦးမင်း သွန်းထုလိုက်သော အာရုံပုံရိပ် …။

တလောက ဦးမင်း၏ ဤအာရုံပုံရိပ်အကြောင်းကို ယနေ့ထင်ရှားသော ခေတ်ပြိုင်
ကဗျာဆရာ တစ်ဦးအား ကျွန်တော်ပြောပြမိသည်။ သူက ဆို၏။
“ကျွန်တော် ဒီစာကို တွေ့ဖူးတယ်။ ဒီလောက်အထိ အင်မစ်ဂျရီပေါ်အောင် မစဉ်းစား
မိတာတော့ ၀န်ခံတယ် ဆရာရေ …။ အင်း …. အံ့စရာပါလား ….။ ကြောက်စရာပါလား။”

သူပြောသော ကြောက်စရာ ဆိုသည်မှာ အရုပ်ဆိုးသော ကြောက်စရာမျိုးမဟုတ်။
အဗ္ဘူတရသပြစကား ဖြစ်သည်။ ဦးမင်း၏ အစွမ်းမှ ဆက်ဘလင်းမတီ (sublimity)
ကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။ ဆက်ဘလင်းကို ခမ်းနားကြီးကျယ်မှု၊ လှပ
တင့်တယ်မှု စသည်၏ အစွမ်းကြောင့် ပေါ်ထွက်လာစေသော လေးစားရိုသေအံ့သြ
ခံ့ညားခြင်းဟု သူတို့အဘိဓါန်က အနက်ဖွင့်သည်။

ဦးမင်း သွန်းထုလိုက်သော သီတင်းကျွတ်ရာသီ၏ အာရုံပုံရိပ်ကြီးသည် သူတို့စကား
နှင့် ပြောရလျှင် ဆက်ဘလင်း ဖြစ်ပေစွ ….။

(၁၁)
အထက်၌ အကျယ်ချဲ့ ခဲ့သည့်အတိုင်းပင် ကဗျာမှန်လျှင် အင်မဂျရီခေါ် အာရုံပုံရိပ်
များကို ပေါ်စေရသည်။ ကဗျာဆရာကလည်း မိမိ၏ မနောဝိဥာဏ်ကြီးအတွင်းမှ
အာရုံတွေကို မိအောင်ဖမ်းပြီး သူတစ်ပါး၏ မနောဝိဥာဏ်ဆီ ကူးပြောင်း ပို့ပေး၍
ရသော အာရုံပုံရိပ်တွေကို ထုသွန်းရသည်။

ကဗျာဆရာသည် ပြင်ပ၌ ပကတိရှိနေသော အရာကို သည်အတိုင်းသယ်ဆောင်ပြီး
စာဖတ်သူ၏ မျက်စိအကြည်၊ နားအကြည်ရှေ့မှာ ချပြသည် မဟုတ်ချေ။ နတ်သျှင်နောင်
က ဓါတုကလျာကို ထမ်းပိုးချီမ အပြီး ကျွန်တော်တို့ရှေ့တွင် ချပြလျက် အဲဒီမှာ
“တင့်တယ်လှပေဟန်လေ” ဟု ပင်။

(ဆက်ရန် …။)

(မှတ်ချက်။ ။ ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်း
ဖြစ်ပါသည်။ မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦး
က ဖြစ်စေ၊စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

Aug 13, 2009

သန်းရွှေကြောင့် မိုးတွေခေါင်

ရေးသူ- စစ်ငြိမ်းဒီရေ

အောက်မြန်မာပြည် ရန်ကုန်မြို့တွင် မိုးများ နေ့စဉ်ဆိုသလို ဆက်တိုက်
ရွာသွန်းနေသော်လည်း အထက် မြန်မာပြည် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း
တို့တွင် မိုးခေါင်နေသည်မှာ လေးလထဲသို့ ရောက်ရှိနေသည်ဟု သိရပါသည်။

ပြည်ပရောက် အထက်မြန်မာပြည်သား/သူ အပေါင်းတို့ ရေ ….
အဆင်ပြေမယ်ဆိုရင် ခင်ဗျားတို့ရဲ့မိသားစုနဲ့ ဆွေမျိုးညီအကို မောင်နှမ များကို
သတိရကြပါ။ တချို့ကျေးရွာများမှာဆိုရင် ကိုယ်ပိုင်လယ်ယာမရှိသော ဆင်းရဲသား
စာရင်းဌါးများမှာ အိမ်မွေး တိရစ္ဆာန် ဖြစ်သည့် ခွေး၊ကြောင်များကိုပင် သတ်ပြီး
စားနေရသည်ဟု ကြားနေရပါသည်။ ပဲမျိုးစုံ စိုက်ပျိုးသော ယာမြေအများစုသည်
ယခုအခါ လုံးဝ ပျက်စီး ဆုံရှုံးနေသည်ဟု သိရပါသည်။ ကိုယ်ပိုင် လယ်ယာမြေ
ရှိသူများပင် ၀မ်းစာ ပြဿနာ၊ အိမ်မွေး ကျွဲ၊နွား အစား အစာ ရှာဖွေရသော
ဒုက္ခများကို ခါးစီးပြီး ခံစားနေရပါသည်။ ကိုယ်ပိုင် လယ်ယာမြေ မရှိသော မိသားစု
များဆိုလျှင် ပြောဖွယ်ရာ မရှိ ဒုက္ခ အတိ ရောက်နေကြပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြင်ပသို့ ရောက်ရှိနေသော အထက် မြန်မာပြည်
သား/သူ အပေါင်းသည် မွေးရပ်မြေအပေါ် ငဲ့ညှာသနားသင့်ပါကြောင်း ...။

လူယုတ်မာ သန်းရွှေ၏ ထင်ရာစိုင်း စစ်အစိုးရကြောင့် သစ်တောအများအပြား
ပြုန်းတီးနေသော မြန်မာပြည်ရာသီဥတု၏ အနာဂတ်သည် စိုးရိမ်းဖွယ်ရာပင်။

Aug 8, 2009

ရှစ်လေးလုံး အခမ်းအနား(ဒိန်းမတ်)







(မည်သူမဆို ထပ်ဆင့် ကူးယူ ဖော်ပြနိုင်ပါသည်။)

8888 uprising documentary



၁၉၈၈ ခုနှစ် သြဂုတ်လ (၈)နေ့တွင် ဖြစ်ပွားခဲ့သော ရှစ်လေးလုံး
တော်လှန်ရေးကြီး အတွင်း ကျနော်၏ ဖြစ်ရပ်မှန် အတွေ့အကြုံများ
ကို လွန်ခဲ့သော နှစ်က တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
(ဤနေရာတွင် ဖတ်ရူနိုင်ပါသည်။)

-စစ်ငြိမ်းဒီရေ

Aug 6, 2009

မဆုံးသေးတဲ့ ပြဇာတ်



ပြဇာတ်တစ်ပုဒ်ကို ပြန်ဖွင့်ကြည့်လိုက်တော့
ကြိမ်လုံးကိုင်ထားတဲ့ လူတွေနဲ့
ကြိုးတန်းလန်းနဲ့ မျောက်တွေ
တန်းစီးပြီး ဇာတ်ရုံတစ်ရုံထဲ ၀င်လာကြတယ် …

ကြိမ်လုံးကိုင်ထားတဲ့ လူတွေ
စင်ပေါ်မှာ နေရာယူတယ်
ကြိုးတန်းလန်းနဲ့ မျောက်တွေ
စင်အောက်မှာ နေရာရတယ် …

စင်ပေါ်က လူတွေ
ဂါထာတစ်ပုဒ်ကို မန်းမှုတ်အဆုံးမှာ
လူစင်စစ်တွေ အားလုံး မျောက်ဖြစ်သွားတယ်
စင်အောက်က မျောက်တွေလည်း
အဲဒီ ဂါထာကို နားထောင်မိလို့
မျောက်စင်စစ်တွေ အားလုံး လူဖြစ်လာတယ် …

စင်အောက်မှာ ကြိုးတန်းလန်းနဲ့ လူက
စင်ပေါ်က ကြိမ်လုံးကိုင်ထားဆဲ မျောက်ကို
“ဟေ့ လူတွေ … အဲ မျောက်တွေ … ငါတို့ကို ကြိုးဖြေပေး
…. ပြီးတော် မင်းတို့လက်ထဲက ကြိမ်လုံးကို ငါတို့ထံ အပ်ပါ”
မျောက်တွေက လူတွေကို တချက်ပြုံးပြပြီး
“ငါတို့ လူ စကား နားမလည်းတော့ဘူး … မျောက်လို ပြောပါ” ….

ရုတ်တရက် မီးပျက်သွားလို့
ဒီပြဇာတ်က ဒီနေရာမှာ …. ။ ။

-စစ်ငြိမ်းဒီရေ

Aug 5, 2009

နိုင်ငံရေးဟူသော စကားလုံး

ရေးသူ- စစ်ငြိမ်းဒီရေ

နိုင်ငံရေး၌ အစဉ်အလာ မရှိခြင်းသည် ဂျူးလူမျိုးများကို အစုလိုက် အပြုံးလိုက်
အသတ်ခံရသော အကြောင်းတစ်ရပ် ဖြစ်သည်
ဟန်းနာ အားရန့် (Hannah Arendt)
(အောက်တိုဘာ ၁၄၊၁၉၀၆ - ဒီဇင်ဘာလ ၄၊ ၁၉၇၅)

နိုင်ငံရေးဖြစ်စဉ်တစ်ခုတွင် အတိုက်အခံတို့ဖက်၌ ပြည်သူတို့ မပါဝင်စေရန်
အုပ်ချုပ်ရေး အာဏာကို ရယူထားကြသည့် မည်သည့် အာဏာရှင်အစိုးရ မဆို
နိုင်ငံရေး ဟူသော စကားလုံးကို တစ္ဆေထက် ကြောက်ရန် ဖန်တီးလုပ်ဆောင်
ကြသည်။

အာဏာရှိသော အာဏာရှင်သည် ယင်းအာဏာ စွန့်လွှတ်ရမည်ကို ကြောက်
သောကြောင့် နည်းမျိုးစုံသုံး၍ ကာကွယ်ခြင်းမှာ သိပ်တော့ မဆန်းလှပါ။

သို့သော် တခါတရံ အံသြဖွယ် ထူးဆန်းမှုများ ရှိတတ်သည် ….
နိုင်ငံတစ်ခု၏ အနာဂါတ်ကံကြမ္မာကို ပြုပြင်ပြောင်းလဲလိုသော အတိုက်အခံ
လူ့အဖွဲ့အစည်းများတွင် ပြိုကွဲပျက်စီးမှု အတော်များများသည် ပြိုင်ဖက်
အာဏာရ အာဏာရှင်များက တကူးတက လာရောက် ဖျက်ဆီး၍ မဟုတ်ဘဲ
“ကိုယ့်ကိုယ်ကို ဖျက် သံချေးတက်” မှု များသာ ဖြစ်သည်။ တချို့လည်း
သူလျှိုတွေ၊ ဒလန်တွေ အတွင်းလှိုက်စားမှုကြောင့်ဟု ဆင်ခြေ ပေးတတ်
သည်။ ဖြစ်စဉ် အတော်များများသည် သြဇာ အာဏာ ထူထောင်ရေး၊ ရယူ
ပိုင်ဆိုင်ရေး၊ လုယူရေး၊ လက်လွတ်ဆုံးရှုံးမှုကို အရှက်ပြေ ကြောက်ကန်ကန်
မှု စသော ခေါင်းစဉ်များအောက်တွင် လုံးထွေးလျက် ရှိသည်။

အားကြီးမှု၊ အင်အားသာလွန်မှု ရှိသော အတိုက်အခံ တချို့သည် ယင်းတို့နှင့်
သဘောထား ကွဲလွဲသော၊ နည်းဗျူဟာ မတူသော အခြား ပြိုင်ဖက် အတိုက်
အခံတို့ အပေါ် အသာစီးရတိုင်း ရက်ရက်စက်စက် ပက်ပက်စက်စက် ပုတ်ခတ်
ဝေဖန်မှုများသည် ညီညွတ်ရေးဟူသော စကားလုံးတို့ကို မှေးမှိန်ဖျော့တော့
စေသည်။ တချို့ဆိုလျှင် နိုင်ငံရေးဟူသော စည်းဝိုင်းအတွင်းမှ ထာဝရ
နူတ်ဆက် ထွက်ခွာသွားရအောင် ကိုယ်တိုင်သော် လည်းကောင်း၊ ကူညီပံ့ပိုးသူ
များနှင့်သော် လည်းကောင်း လုပ်နည်းလုပ်ဟန် မျိုးစုံ ပြု၍ အားနည်းသူ၊ မှားယွင်းသူ
များ အပေါ်၌ ရစရာအောင် မရှိအောင် ချေမှုန်းကြသည်။ တချို့လည်း ဖြစ်စဉ်အချို့
အတွင်း အနိုင်ရရေးပေါ် မူတည်၍ အပြင်းအထန်း ထိုးနှက်ဝေဖန်ပြီးမှ ကိုယ်လုပ်
မိသည်များ လွန်သွားကြောင့် အနည်းငယ် သဘောပေါက်လာသည်။ သို့သော်
နောက်ပိုင်း၌ မိမိဝေဖန်ပြစ်တင်မှုကို ခံရသူများနှင့် ပြန်လည် ဆက်ဆံသော
အခါ သတိကြီးမှုထက် အစိုးရိမ်းလွန်ကဲမှုကို ရှေ့တန်းတင် ဆက်ဆံကြသည်။
ထိုအခါ ပြန်လည် တည်ဆောက်သော ညီညွတ်ရေးသည် “နောက်ကျောမလုံ”
ညီညွတ်ရေးအဖြစ်သို့ ဆိုက်ရောက်ကြတော့သည်။

အားနည်းမှု၊ အင်အားနည်းပါးသော အတိုက်အခံ တချို့သည် အုပ်စုတွင်း၊
ဒေသတွင်း သြဇာအာဏာ ဆုံးရှုံးမှုများတွင် ယင်းတို့ထက် အင်အားသာလွန်
သော အတိုက်အခံများအပေါ် သုံးသပ် ဝေဖန်မှုများ၌ အကောင်းမြင်ရှုဒေါင့်
ထက် အဆိုးမြင်ရှုဒေါင့်မှ ဝေဖန်သုံးသပ်မှုများသည် နောင် အနာဂါတ် ညီညွတ်
ရေးကို ကွယ်ပျောက်စေသည်။ တချို့ဆိုလျှင် မိမိတို့၏ အုပ်စုတွင်း အထူးလျှို့ဝှက်
ချက်များကို သဘောပေါက် နားလည်ရန် ခဲယဉ်းသော အောက်ခြေ ပံ့ပိုးသူများ
ကို ထုတ်ဖော်ပြခြင်းဖြင့် တည်ရှိနေသေးသည့် ပင်ကိုယ် အရင်းအမြစ်တို့ကိုပါ
ကျေမွ ပျက်ဆီးစေသည်။ ဒီထက် ဆိုးသည်မှာ တချို့ဆိုလျှင် “နိုင်ငံရေး”ဟူ
သော စကားလုံးကို အင်မတန် ရွံစရာကောင်းလောက်အောင်ပင် ပုံစံအမျိုးမျိုး၊
နည်းအမျိုးမျိုးဖြင့် ကဲ့ရဲ့သင်္ဂြိုဟ် ကြသည်။ တချို့လည်း ဘေးထွက်ထိုင်နေရ
သော အခြေအနေများတွင် အဓိက ရန်သူကို ဦးမတည်ဘဲ ကိုယ်ပြန်လည်
နေရာ ရရှိရေးအတွက် တည်ရှိနေသော အဆောက်အဦးကို ပြုပြင်ရမည်၊ ဘာပြု
ရမည် ညာပြုရမည်ဟု ဆိုကာ ကိုးလို့ကန့်လန့် ပြုကြသည်။

အထက်ပါ အတိုက်အခံ လူ့အဖွဲ့အစည်းတို့အပြင် ဟိုမရောက် ဒီမရောက်
ပညာတတ်များ၊ တောမရောက် တောင်မရောက် ဥစ္စာဓန ကြွယ်ဝသူ အချို့
သည် ကြားဖူးနားဝ စကားလုံးတို့ဖြင့် မိမိတို့၏ ကျရာတာဝန်ကို ထမ်းဆောင်
ရန် ဆင်ခြေပေး ငြင်းဆန်ကြသည်။ တချို့လည်း ကိုယ့်တာဝန်ကိုယ် ဘယ်လို
ရှိမှန်း ကိုယ်တိုင်မသိသော အဖြစ်ဖြင့် နေသောသူများလည်း ရှိသည်။
တချို့လည်း ကျွမ်းကျင်မှုနှင့် စေတနာကို ကိုယ့်ဘာသာကိုယ် ဘာသာပြန်ချင်
သလို ပြန်၍ ကိုယ်နှင့် နီးစပ်ရာ လူမှုရေး ယောင်ယောင်၊ ဘာသာရေး ယောင်
ယောင် များတွင် အချိန်ကုန်ခံကြသည်။

ယခုမျက်မှောက် သတင်းနှင့် နည်းပညာခေတ်တွင် လူတစ်မျိုး၊ နိုင်ငံတစ်ခု၏
အနာဂါတ် ကံကြမ္မာသည် နာရီပိုင်း၊ ရက်ပိုင်းအတွင်း၌ပင် အကြီးအကျယ်
ပြောင်းလဲသွားတတ်သည်။ လေးနဲ့မြှားများ ကိုင်ဆောင်ထားသော ခေတ်၊
တောကြီးများ တောင်တန်းကြီးများ ၀ိုင်းပတ် ကာရန်ထားသော ခေတ်၊ မြေပေါ်
မြေအောက် သယံဇာတများအပေါ် မှီခိုသော ခေတ်၊ ဘာသာတရားကို ဘုရား
ရှစ်ခိုးချိန်နောက်ပိုင်း လေးစားလိုက်နာသော ခေတ်များ တ၀ုန်းဝုန်း ပြိုကျ
ခဲ့ပါပြီ။ လူတစ်ယောက်ကို ရုံသွင်း၍ လူအများအပြား ကြည့်ရူသော ခေတ်၊
ဈေးပေါအလုပ်သမားဘ၀သို့ ရောက်မှန်းမသိ မွေးဖွားလာသော ခေတ်၊ လူ
သုံးကုန်ပစ္စည်းတစ်ခုအတွက် နှစ်နှင့် ချီသော လုပ်အားခကို ငိုကြွေးပြီး ပေးဆပ်
ရသော ခေတ်၊ အင်္ဂါဂြိုလ်ပေါ်တွင် အနာဂါတ် နိုင်ငံပိုင်မြေ ရှာဖွေသော ခေတ်
များဆီသို့ ရောက်ရှိနေသော အခါ …

နိုင်ငံဆိုသည့် အရာ ရှိနေသေးသော သူများသည် နိုင်ငံရေးဟူသော စကားလုံး
၏ အနက် အဓိပ္ပါယ်ကို မည်သို့ ဖွင့်ဆိုသင့်သနည်း ….

Aug 3, 2009

ခုတလော (တဂ်လို့ ရေးတဲ့စာ)

တွေးနေမိတာက
(၁)နတ်တွေအကြောင်း
(မြန်မာပြည် ဒီလောက် ဒုက္ခရောက်နေတာတောင် မကယ်ကြဘူး။)
(၂)မြန်မာပြည်အတွက် ငါ ဘာလုပ်နိုင်သလဲ
(မတွေးလဲပဲ ရောက်ရောက်နေတယ်။)
(၃)ပင်စင်ယူချိန်အထိ လုပ်နိုင်မဲ့ အလုပ်
(ဟိုအလုပ် တန်းစီလိုက်၊ ဒီအလုပ် တန်းစီလိုက်။)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လောကကြီးမှာ “လောဘကြီးတဲ့သူတွေပဲ နေလို့ရတယ်” ဆိုတာ တကယ်
ပါလား။

ကျန်းမာရေး
ကောင်းပါတယ်၊ အသက်ကြီးလာတော့ ငယ်ငယ်ကလို မျောက်ရှုံးအောင်
ဆော့ခဲ့တာတွေ မြင်ယောင်နေတယ်။

ဖတ်ဖြစ်တဲ့ စာအုပ်တွေက
ဟိုစာအုပ် လှန်လိုက်၊ ဒီစာအုပ် လှန်လိုက်။
(ဆရာမြသန်းတင့်၊ ဆရာနတ်နွယ်တို့၏ စာအုပ်များကြား။)

ရောက်ဖြစ်နေတာက
ဖိုးထူးတို့အိမ် (လမ်းပဲခြားတယ်။)

ရေးဖြစ်နေတာက
ရေးလိုက် ပြင်လိုက် ဖျက်လိုက် ပြန်ရေးလိုက်ပဲ နည်းနည်းပါးပါးပါ။

နားထောင်ဖြစ်နေတာက
မနက်စောစော ကျနော့်မိန်းမ တရားယူနေကြ တရားခွေ။

ရွတ်နေမိတဲ့ ကဗျာက
“ယုတ်မာသောကမ္ဘာမြေ၏ ကျိန်စာတွေကို ဟားတိုက်ပြီး အိမ်သာတွေသာ
ဆောက်ပြစ်ချင်သည်”
(အချိုးမကျသေးသော ကျနော့် ကဗျာအပိုင်းလေးတစ်ခု။)

ဖြစ်ချင်နေတာက
အများကြီးဘဲ …..

သနားနေမိတာက
မိုးမရွာတာ သုံးလကျော်နေတဲ့ မြန်မာပြည်အထက်ပိုင်းက လယ်သမားတွေရဲ့
ဘ၀ ….

လွမ်းနေမိတာက
မြန်မာပြည် …..

မေ့လျော့ပစ်နေမိတာက
RC 2 က ပျော်ပွဲစားခရီး လွမ်းစရာတွေ ….

ခါးသက်နေမိတာက
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မျက်နှာ

တမ်းတနေမိတာက
အမေနဲ့ တူလေးတွေ၊ တူမလေးတွေ …..

ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ်နဲ့ သိပ်မရင်းနှီးသူများ ရေးသော စာပေလက်ရာများ

ကြိတ်ပြီးအထင်သေးနေမိတာက
မရှိသလောက်ပါပဲ (ဘယ်သူကိုမျှ လျှော့မတွက်ပါဘူး။)

ဆန္ဒမရှိတဲ့နေရာ
Bramming (လက်ရှိ ကျနော်ရောက်နေတဲ့ တောမြို့လေးပေါ့၊ လူဦးရေ သန်းနဲ့
ချီတဲ့ ရန်ကုန်တို့၊ ကွာလာလမ်ပူတို့ကနေ လူဦးရေ သုံးထောင် ပါတ်ဝန်းကျင်
လောက် ရှိတဲ့ မြို့ ဆိုတော့ စဉ်းစားသာ ကြည့်ပါတော့ ခင်ဗျာ …. ။)

ဆန္ဒရှိနေတဲ့ကိစ္စ
များလွန်းအားကြီးတော့ ဘယ်ဟာ ပထမဆုံးလို့ ပြောဖို့ ခက်တယ်။

မုန်းတီးနေမိတာက
အာဏာရူးတွေကို ကာကွယ်ပေးနေတဲ့ ကံကြမ္မာ

ချစ်နေတာက
အိမ်က မိန်းမ

စိတ်ပျက်နေမိတာက
ကုလသမဂ္ဂ

စွဲလန်းနေမိတာက
ဂျက်ဆင်ရှေ့က ကြံရည်ဆိုင်။

လိုအပ်နေတာက
ထီ ပေါက်ချင်တယ်။

တောင်းနေမိတဲ့ဆု
ထီ ပေါက်ပါစေ။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ငါနဲ့မတူ ငါ့ရန်သူ အယူအဆ ကျဆုံးပါစေ ….

ဝန်ခံချင်တာက
ကိုအောင်သာငယ် တဂ်လို့ ရေးတာပါ။ မရေးရင် အကိုကြီး ကိုအောင်သာငယ်
စိတ်ဆိုးမှာဆိုးလို့ ….။

… ဆက်ပြီး တဂ်ချင်ပါသေးတယ် အဆင်ပြေမယ်ဆိုရင် ရေးကြပါ။ တခြား
အလုပ်တွေ များနေရင်တော့ ခွင့်လွှတ်ကြပါ။ မရေးဖြစ်လည်း ရပါတယ်။
ဘလော့ဂါ ညီအကို မောင်နှမ ရောင်းရင်းများ ဖြစ်ကြသော …
-ကိုငြိမ်းချမ်းအောင်
-မမေဓါဝီ
-Vigor (ကျနော့်ထက် အသက်ကြီးခဲ့ရင် ကန်တော့ဗျာ)
-Young Gun
-မမသီရိ တို့အား တဂ် ပါသည်။

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၁၀)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၉)မှ အဆက် …..

အင်မဂျင်နေးရှင်းကျတော့ …. ပစ္စုပန်၌ မရှိသော အရာတို့ကို စိတ်၌ ပုံဖေါ်သော
အလုပ် (၀ါ) အစွမ်း။ တခါမျှ မတွေ့မမြင်ဖူးသော အရာတို့ကို စိတ်ပုံရိပ်များအဖြစ်
ပေါ်လာရန် ဖန်တီးသော အလုပ်(၀ါ) အစွမ်း။ ရှေးက ကြုံတွေ့ဖူးသော အတွေ့အကြုံ
တို့ကို ဖွဲ့စည်းပေါင်းစပ်လျက် အသစ်ဖြစ်သော ပုံရိပ်တွေသဘောတွေကို ဖန်တီးခြင်း
…. ဟု အဓိပ္ပါယ်များပေးသည်။ တဖန် အင်မဂျင်နေးရှင်းကို ဖန်ဆီ (Fancy) နှင့်
ခွဲခြား၍ အဓိပ္ပါယ်ပေးသည်။ အင်မဂျင်နေးရှင်းနှင့် ဖန်ဆီသည် သဘောသဘာဝခြင်း
အလွန်တူသည်။ သို့ရာတွင် လေးနက်နှိုက်နှဲသော စိတ်ကူး၊ ဖန်တီးနိုင်စွမ်းကို
အင်မဂျင်နေးရှင်းဟု ခေါ်ပြီး မလေးနက်မနှိုက်နှဲဘဲ အပေါ်ယံလျှပ် တန်ဆာဆင်သော
ဖန်တီးနိုင်စွမ်းကို ဖန်ဆီဟု ခေါ်သည်။ အမှန်ကား လေးနက်နှိုက်နှဲမှု ဒီဂရီ၌သာ
ကွာခြားကြသော်လည်း အင်းမစ်ဂ်ျများကို သုံးရာ၌ အင်မဂျင်နေးရှင်းနှင့် ဖန်ဆီ
သည် အလွန်တူကြ၏။

သူရို့ ဘာသာစကား၏ အရင်းအမြစ် သဘာဝအရ အင်းမစ်ဂ်ျနှင့် အင်မဂျင်း၊
အင်မဂျင်နေးရှင်းတို့သည် အလွန်နီးစပ်နေသည်။ အင်မဂျင်းလုပ်သော ကဗျာ
ဆရာသည် … (တနည်း) အင်မဂျင်နေးရှင်း ရှိသော ကဗျာဆရာသည် …
အင်းမစ်ဂ်ျကို သတိပြုမိသည်မှာ မဆန်း။ သည်တော့ အင်မစ်ဂျရီသဘောကို
သူရို့ ကဗျာလောက၌ အလေးအနက်ပြု ပြောကြသည်မှာလည်း မဆန်း။

အင်မဂျင်းဆိုသည်မှာ အင်းမစ်ဂ်ျတွေ ဖေါ်ခြင်းဖြစ်၍ အင်းမစ်ဂ်ျတွေဖေါ်ခြင်းကို
အင်မဂျင်းလုပ်သည်ခေါ်၏ …။ ဤသို့ အမြီးပြန် ခေါင်းပြန် အနက်ပေး၍ ရသည်။

မြန်မာမှာတော့ အာရုံဟူသည်နှင့် စိတ်ကူးခြင်းဟူသည်က စကားသံခြင်းဝေးနေ
ကြသည်။ သို့ရာတွင် အာရုံနှင့် စိတ်ကူးခြင်းတို့ တိုက်ရိုက်ဆပ်စပ် ဆက်သွယ်
နေမှန်း မြန်မာကဗျာရှင်တို့ ကောင်းကောင်း သိသည်။
“ …. အာရုံမျက်မြင်။ ဤသည်က မျက်မြင်အာရုံ ….။ အဆင်းနှင့် အကြည်တိုက်၍
ပေါ်လာသော အာရုံ။ အင်္ဂလိပ်ဘာသာဖြင့် ဗစ်ဇူးအဲလ် အင်းမစ်ဂ်ျ (Visual image)
ဟု ခေါ်သည်။ ကျွန်တော်တို့က ရူပါရုံ ဟု ခေါ်သည်။

မဲဇာတွင် ရောက်နေသောကြောင့် ဆန္ဒရှိပါလျက်နှင့် ရူပါရုံတွေကိုတော့ သူမရနိုင်။
သည်တော့ သူ ဘာလုပ်သနည်း …
စိတ်ကရည်သည် …။ စိတ်နှင့် ရည်မှန်းပြီး အာရုံတွေ ဖေါ်ကြည့်သည်။ သည်အာရုံ
မျိုးကို အင်္ဂလိပ်ဘာသာဖြင့် မင်တယ်လ် အင်းမစ်ဂ်ျ (mental image) ဟုခေါ်သည်။
ကျွန်တော်တို့က စိတ်အာရုံဟု ခေါ်သည်။ မနောကြည်မှာ ထင်သောကြောင့် ဓမ္မာရုံ
ဟုလည်း ခေါ်သည်။ စင်စစ် ဓမ္မာရုံဟူသော စကားက အလွန်ကျယ်ဝန်း နက်ရှိုင်း
သည်။ ဆရာကြီး လယ်တီပဏ္ဍိတ ဦးမောင်ကြီးက ပါဠိအဘိဓါန်ချုပ်တွင် ဓမ္မာရုံ၏
မူလ မာဂဓစကား ဓမ္မာရမ္မဏကို ဓမ္မာရုံတရားအစုဟု အဓိပ္ပါယ်ပေးသည်။
တရားအစု …။ မှန်သည်။ တစ်မျိုးတည်းမဟုတ်။ တရားအစု ….။

ပသာဒရုပ်ငါးပါး၊ သုခုမရုပ် သောဠသ ဆယ်ခြောက်ပါး၊ စိတ်၊ စေတသိတ်၊နိဗ္ဗာန်၊
ပညတ်ဟူ၍ ဓမ္မာရုံခြောက်မျိုးရှိကြောင်း သင်္ဂြိုဟ်ကျမ်းက ရှင်းပြသည်။

သူရို့သိသော မင်တယ်လ်အင်းမစ်ဂ်ျက ဤမျှ မကျယ်ဝန်း။ ပသာဒရုပ်ငါးပါး၊
ဓမ္မာရုံ၊ အိုင်ဒီယာ (idea) ဟု လည်းကောင်း သော့(တ်) (thought) ဟု လည်းကောင်း
ခေါ်သော စိတ်ဓမ္မာရုံ၊ ဤမျှကိုသာ ယေဘုယျ ဆိုလိုကြသည်။

အင်း …. တရားမျှတမှုရှိအောင် ပြောရမည်ဆိုလျှင်တော့ …. ဂျာမန်စိတ်ပညာရှင်တို့
အင်းမစ်ဂ်ျလက်စ်သော့(တ်) (imageless Thought) ခေါ်သော တွေ့ရှိချက်
တစ်ရပ်ရှိသည်။

ယေဘုယျအားဖြင့် တွေးခြင်း စိတ်ကူးခြင်းမှန်သမျှ၌ အာရုံတွေကို အသုံးပြုကြ
ကြောင်း သိသည်မှာ ကြာပြီ။ ဂျာမန် စိတ်ပညာရှင်တို့က အာရုံ … ပို တိတိကျကျ
ဆိုရလျှင် ပသာဒရုပ် ဓမ္မာရုံတွေ၊ အတိတ်အာရုံ ဓမ္မာရုံတွေ၊ အနာဂါတ်အာရုံ
ဓမ္မာရုံတွေ မပါသော …. ကင်းသော တွေးခြင်း တစ်မျိုးရှိကြောင်း လက်တွေ့စမ်းသပ်
ခြင်း (experiment) များနှင့် ဖေါ်ပြ ပြောဆိုကြသည်။

နို့ … အာရုံတွေ မပါတော့လျှင် အင်းမစ်ဂ်ျလက်စ်သော့(တ်) ခေါ် တွေးခြင်း၌
ဘာကျန်တော့ သနည်း ….။
ဘာကျန်တော့သည်ကို ဂျာမန်စကားကသာ တတ်နိုင်သော တစ်ခုတည်း ဖြစ်လျက်
က ရှည်လျာစွာသော အမည်တစ်ခုကို သူတို့ ပေးကြသည်။ ဤအမည်ကို
အင်္ဂလိပ်ဘာသာနှင့် ပြန်သောအခါ
attitude that ….
ဟု အဓိပ္ပါယ်ရသည်။
စိတ်၏ ညွတ်မှုလေးတစ်ခု …။ စိတ်၏ အမူအရာ သက်သက်မျှတစ်ခု ….။ ဤသို့
မြန်မာလို အဓိပ္ပါယ် ရသည်။

အာရုံမဲ့သော အတွေး(၀ါ) စိတ်အယဉ် ရှိ မရှိက စိတ်ပညာ၏ ပြဿနာ။ ဒဿနိက
ဗေဒ၏ ပြဿနာ။ ကျွန်တော်တို့ ကဗျာ၏ ပြဿနာ မဟုတ်။ အဲ … ပြောတော့
မပြောနိုင်သော အရာဆိုသည်က ခက်သား။ ကာရန်မဲ့ ကဗျာဆိုတာမျိုး လုပ်သကဲ့
သို့ … အာရုံမဲ့ အတွေးကို ကဗျာစပ်လာကြလျှင်တော့ … အင်း … ပြဿနာ၊
ပြဿနာတွေ ကောင်းကောင်းတွေ့မည်။

ယေဘုယျတွေးခြင်း၊ စိတ်ကူးခြင်း တို့၌ကား မင်တယ်လ်အင်းမစ်ဂ်ျခေါ် စိတ်အာရုံ
တွေ၊ ပသာဒငါးပါး အာရုံတွေ၊ အတိတ်အာရုံတွေ၊ အနာဂါတ် အာရုံတွေ ပါသည်။
ပုထုဇဉ်၏ အတွေးကို ယေဘုယျအတွေးဟု ခေါ်ခွင့်ရှိလျှင် ကျွန်တော်ခေါ်ချင်ပါသည်။
ပုထုဇဉ် ကဗျာဆရာ၏ အတွေး၌ အာရုံတွေ တပုံတခေါင်း ပါနေသည်။

သြော် … အတွေးကိုပင် စိတ်ကူးဟု ခေါ်ပြန်သည်။ ပိုမိုပြည့်စုံအောင် ပြောရလျှင်
စိတ်ကူးစိတ်သန်း။ စိတ်ကလေးတွေ ကူးချီသန်းချီ ပြုသည်။ ဘာတွေ ကြားဘူး
ကူးချီသန်းချီ ပြုသနည်း ….။
အဖြေက …. အာရုံတွေကြား … ။

အတိတ်အာရုံတွေဆီ ရောက်လိုက်။ အနာဂါတ် အာရုံတွေဆီ သွားလိုက် ….။
ပသာဒအာရုံ တစ်ခုမှ အခြား ပသာဒအာရုံ တစ်ခုဆီ ကူးလိုက်။ အာရုံချင်း
ဆက်သွယ်လိုက်။ အာရုံချင်းနှိုင်းယှဉ်လိုက် …။ အာရုံဟောင်းတွေပေါ် အခြေပြု
လျက် အာရုံသစ်တွေ ပွားလိုက်။ သူရို့ အခေါ် အိုင်ဒီယာတွေ၊ သော့(တ်)တွေ။
ကျွန်တော်တို့ အခေါ် စိတ်တွေ စေတသိတ်တွေ ဖြစ်လိုက် …။

တဖန် …။
ပုထုဇဉ်၏ အာရုံဆိုသည်က ပရမတ်အာရုံမဟုတ်။ ပညတ်အာရုံတွေ။ ဒိဋ္ဌေဒိဋ္ဌမတ္တံတွေ
မဟုတ်။ အတိတ် အနာဂါတ် မျက်တောင်ခတ်နေတာတွေ။

အတိုချုံ့ဆိုရလျှင် အာရုံက ပေါ်လာပြီဆိုလျှင် ကြားနေသမားအဖြစ် မပေါ်။ ဣဋ္ဌတွေ
အနိဋ္ဌတွေနှင့် တွဲပြီး ပေါ်သည်။ သုခတွေ၊ ဒုက္ခတွေ၊ သောမနဿ ဝေဒနာတွေ၊
ဒေါမနဿ ဝေဒနာတွေနှင့် တွဲလျက်၊ ယှဉ်လျက်၊ လုံးလျက်ထွေးလျက် … ပေါ်သည်။
သညက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာတွေနှင့် ပေါ်သည်။

ကဗျာဆရာတွေးလိုက်လျှင် အင်းမစ်ခ်ျ(၀ါ) အာရုံတွေ ပါမှန်းသိကြောင်း လက်ဝဲသုန္ဒရ
အမတ်ကြီးက ပြောပြသွားခဲ့သည်။

(၁၀)
တခါတရံ ဤလောက၌ အလွန်ထင်ရှားစွာ ရှိပြီး ဖြစ်နေသောအရာတို့ကို အထူး
ချဲ့ထွင် ဖွင့်ဆိုမနေတော့ဘဲ ရှိနေသည်ကို ရှိနေသည့်အတိုင်း ထားလျက် ကိုင်
တွယ် အသုံးချနေတတ်ကြသည်။

အင်မစ်ဂျရီ (၀ါ) အာရုံ ပုံရိပ်သွန်းထုလုပ်ကိုင်ခြင်း ကိစ္စသည် မြန်မာကဗျာ
လောက၌ အထူးချဲ့ထွင် ဖွင့်ဆိုမနေတော့ဘဲ ကိုင်တွယ် အသုံးချနေသော
အတတ်ပညာ တစ်ခုဖြစ်နေသည်မှာ ကြာပြီ။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)