Aug 17, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၁၁)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၁၀)မှ အဆက် …..

ကျွန်တော်သည် ဆယ့်နှစ်လရာသီဘွဲ့များကို အလွန်ကြိုက်သည်။ ကျွန်တော့်
ကိုယ်ကို ကျွန်တော် မြန်မာတစ်ယောက်ဟု အစဉ်ဂုဏ်ယူသိနေခြင်း၊ ကျွန်တော်
ချစ်မြတ်နိုးသော အမိနိုင်ငံသည် “စိတ္တဇနာမ်” (abstract noun) တစ်ခုမဟုတ်ဘဲ
မြင်သိထိတွေ့ခံစားရသော “ဒိဋ္ဌ ဓမ္မ အမှန်တရားကြီး” (concrete and real thing)
ကျွန်တော်အတွက် ဖြစ်နေခြင်းတို့မှာ ဆယ့်နှစ်လရာသီဘွဲ့များ၏ ကျေးဇူးကြောင့်
ဟု ကျွန်တော်ထင်သည်။

ဆယ့်နှစ်လ ရာသီဘွဲ့များသည် ဆယ့်နှစ်လရာသီအလိုက် ပြောင်းသစ်နေသော
မြန်မာ့မြေ၏ အလှတွေကို ချစ်မက်ဖွယ် အာရုံပုံရိပ်တွေ သွန်းထုပြထားကြသည်။

အံ့ဖွယ်ရှိလှသော အာရုံပုံရိပ်တစ်ခုအကြောင်းကို ကျွန်တော် ပြောပြချင်ပါသည်။

စာဆိုတော်ကြီး ဦးမင်းသည် ကုန်းဘောင်မင်းလက်ထက်၌ ဆယ့်နှစ်ရာသီဘွဲ့
လေးချိုးကြီးများကို စပ်သွားခဲ့သည်။ အံ့ဖွယ်သော အင်မစ်ဂျရီတစ်ခုကြောင့်
ကျွန်တော် တသသ တသက်သက်စွဲမက်ခဲ့ရသော ဦးမင်း၏ လက်ရာမှာ
တူရာသီ- သီတင်းကျွတ်လဘွဲ့ ဖြစ်လေသည်။
“၀ါရက်သာယွန်းတော့တယ်
နွေစွန်းငယ်ချိန်မှီမှာ
တူရာသီခါနယ်နှင့်
သာစဖွယ်တိမ်ယံက
စိန်ဗိတာန်ပုံသစ်မတဲ့
ရွှေရစ်ဆင်း။ ။”

ပထမ လေးပိုဒ်ကား စပ်ရိုးစပ်စဉ် ကဗျာစကားများသာ ဖြစ်သည်။ ရစ်သင်မ်ရှိသည်။
ကာရန် ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် (description) ဟု ခေါ်သော သိသာမြင်လွယ်
အောင် ဖေါ်ပြခြင်း ကိစ္စကို လုပ်သည်။

“စိန်ဗိတာန်ပုံသစ်မတဲ့
ရွှေရစ်ဆင်း …. ”။
ဤနှစ်ပိုဒ်တွင်ကား ဦးမင်းသည် ဖေါ်ပြခြင်းကိစ္စနယ်ပယ်ကိုကျော်ကူးလျှက် ဘ၀ကူး
ပေးခြင်း (၀ါ) ဖန်ဆင်းခြင်း အမှုကို အံ့ဖွယ်ပြုလိုက်၏။

အမှန်ကို ၀န်ခံရလျှင် အစပိုင်းက ဤနှစ်ပိုဒ်ကို ကျန်အပိုဒ်များနှင့် ရောလျက်
သာမန် ဖတ်သည်။ လှပသော စကားလုံးလေးများ ….။ ကောင်းမွန်သော ဥပမာ
ပေးမှုတစ်ခု …။ ဤမျှသာ သတိပြုမိသည်။

သို့ရာတွင် ကျွန်တော်က သီတင်းကျွတ်ရာသီကို ချစ်သည်။ သီတင်းကျွတ်
ရာသီနှင့် ပတ်ဝန်းကျင် သြကာသလောက က ကျွန်တော့်ကို တစ်မျိုးတစ်မည်
ထူးကဲလျက် လှုံဆော်တတ်သည်။ ထို့ကြောင့်လည်း ဦးမင်း၏ ကဗျာကို
အကြိမ်ကြိမ် ဖတ်မိ ရွတ်မိသည်။

ဖတ်မိ ရွတ်မိတိုင်း …. စိန်ဗိတာန်ပုံသစ်မတဲ့ …. ရွှေရစ်ဆင် …. ဟူသော အပိုဒ်
နှစ်ပိုဒ်က အာရုံပုံရိပ်များနှင့် စကားပြောကြသည်။

အာရုံရိပ်များဟု ဆိုရသော်လည်း ပီပြင် ပြည့်စုံလှသော ပုံရိပ်များမှု မဟုတ် …။
ကဗျာကပေးသော အာရုံပုံရိပ်များ၏ အစွမ်းသည် အံ့ဖွယ်ကောင်း၏။ မပီပြင်
မပြည့်စုံဘဲလျက်ကလည်း လှတတ်သည်။ ဇာခန်းဆီးနောက်မှ ပပ၀တီ ….
တိမ်လွှာပါးပါးအောက်မှ ငွေလမင်း၊ နှင်းမှုန်ကြားမှ ချယ်ရီပွင့်၊ ဖယောင်းတိုင်အရောင်
မှ ချစ်သူ့မျက်နှာ …။ အားလုံးသည် မပီဝိုးဝါးနှင့် လှသည်။

စိန်ဗိတာန်ပုံသစ်မတဲ့ ရွှေရစ်ဆင်ဟူသော ကဗျာစကားများက ပေးသော
အာရုံပုံရိပ်များသည် ကျွန်တော့်အတွက် ပထမသော် … မပီဝိုးဝါးအလှများသာ
ဖြစ်လေသည်။

ဗိတာန်ဆိုသည်က မျက်နှာကြက် …။ စိန်ဗိတာန်ဆိုတော့ … စိန်လုံးလေးတွေ
မြှပ်စီထားသော မျက်နှာကြက် …။ သြော် … ကောင်းကင် …။ သီတင်းကျွတ်လ၏
ကောင်းကင်ကြီး။ သာစဖွယ် တိမ်ယံကဟုလည်း ဆိုထားသေးသည် မဟုတ်လော။
တိမ်ယံ … မိုးယံ၊ အာကာယံ၊ ကောင်းကင်ယံ ….။ ကြယ်ပွင့်လေးတွေ ကြဲဖြန့်
ပျံ့နှံ့ဝင်းလက်နေသော ကောင်းကင်ယံ …။

သို့ရာတွင် …. နေပါဦး ….။ “ပုံသစ်မတဲ့ …။”
ဤစကားက ဘာဆိုသနည်း။ ပြီးခဲ့သည်ကို မဆို။ ဖြစ်နေသည်ကိုလည်း မဆို။
အနာဂတ်ကိုသာ ပြဆိုနေသည်။

စိန်ဗိတာန်ပုံသစ်တစ်ခုကို ပြုံးတော့မလို့ ….။ အင်း …. သည်ကိစ္စအတွက် ….
“ရွှေရစ်ဆင်” နေသည်။ အဲ …. စတင် ကြိုးစားနေသည်။
ခက်သည်က …. ရွှေရစ်ဆင်သည်ဆိုခြင်းက ဘာကို ပြောပါသနည်း။

ကျွန်တော့်ကို ညံ့သည်ပဲပြောပြော ….။ အချိန်အတော်ကြာအောင် ကျွန်တော်စဉ်းစား
ခဲ့ရသည်။ ဦးမင်းနှင့် ကျွန်တော့်ကြားမှာက နှစ်တွေရာနှင့်ချီ ကွာခြားနေသည်မဟုတ်
လော။ သည်တော့ အတွေ့အကြုံခြင်းကလည်း မတူ။

ကျွန်တော်တို့ ခေတ်မှာက မျက်နှာကြက်ဆိုသည်မှာ အက်စ်ဘက်စတက်စ်
(asbestos) ခေါ် မီးခံကျောက်ပြားနှင့် ပြုလုပ်သည်။ ယင်းသို့ ပြုလုပ်ထားသော
မျက်နှာကြက်တွင် ကြယ်ပွင့် စိန်ပွင့်တွေပမာ လျှပ်စစ်မီးသီးများ ဆင်ထားသည်ကို
ပြဇာတ်ရုံကြီးများ၊ ဟော်တယ်ခန်းမကြီးများတွင် ကျွန်တော် တွေ့ဖူးသည်။ သြော်
…. ကျွန်တော်တို့ ခေတ်၏ စိန်ဗိတာန် ….။

ဗိတာန် (မျက်နှာကြက်) ကို မြင်ပုံခြင်းမတူလေသောကြောင့် ဦးမင်း ဘာပြော
နေသည်ကို မပီဝိုးတ၀ါးသာ ကျွန်တော် နားလည်နေသည်။ မကျေနပ်၍ ဆက်
ရှာဖွေတော့မှ ဗိတာန်ဆိုသော စကားသည် ပါဠိဘာသာ ၀ိတာန (vitano) မှ
လာကြောင်း သွားတွေ့သည်။ တဖန် … ၀ိတန္တဆိုသော စကားက ရက်ကန်း
ရက်သည်ဟု အဓိပ္ပါယ်ရှိသည်။ ပါဠိ အင်္ဂလိပ် အဘိဓါန်တွင် ၀ိတာန ကို
Spreading, Expansion; Canopy, Awning – ဟု အဓိပ္ပါယ်တွေ ပေးသည်။
မြန်မာလိုတော့ ဖြန့်ခင်းခြင်း၊ ပြန့်ကားခြင်း၊ မျက်နှာကြက်၊ နေကာဖျင်ထည်ဟု
အဓိပ္ပါယ်ရသည်။

သြော် …. ရှေးရှေးတုန်းက မျက်နှာကြက်ဆိုသည်ကို ဖျင်ထည်နှင့် ပြုလုပ်သည်။
ဝါချည်ဖျင် ဖြစ်ချင်ဖြစ်မည်။ ပိုးထည်ဖျင် ဖြစ်ချင်ဖြစ်မည်။ ဖျင်ထည်ဖြစ်လာရန်
ရက်ကန်း ရက်ရသည်။ ရက်ကန်းရက်ရန် ချည်မျှင် လုပ်ရသည်။ ချည်မျှင်ရအောင်
ဗိုင်းငင်ရသည်။ ဗိုင်းတောင့်မှ ချည်မျှင်ထွက်လာအောင် ဆွဲငင်ရာ၌ အသုံးပြုသော
ကိရိယာကို ရစ်ဟု ခေါ်သည်။

သီတင်းကျွတ် ဆိုသည့် တူရာသီ ရက်ကန်းသည် ….။
စိန်ဗိတာန်ရက်လုပ်ရန် သူ့ ရွှေရစ်ကို စတင် ဆင်နေပြီ ….။

သြော် …. ဟောသည့် ကမ္ဘာမြေပေါ်တွင် မိုးဖြန့်ထားသည့် ကောင်းကင်ကြီး …။
နွေတွင် မိုးရွာသော မုတ်သုံရာသီ မြန်မာပြည်၌ မိုးဥတုအတွင်းသည် ကောင်းကင်
ကြီးက ဘယ်မှာလာ စိန်ဗိတာန် ဖြစ်နိုင်ပါမည်နည်း။ တိမ်မည်းတိမ်ညိုတွေ လွှမ်းအုပ်
နေလေတော့ ညအခါတွင် ကြယ်လေးတွေ ဘယ်မှာ လာပေါ်နိုင်ပါ့မည်နည်း။

ဝါရက်ယွန်းသည် နွေစွန်းချိန် ဤတူရာသီ အခါ၌ကား တိမ်မည်းတိမ်ညိုတို့လည်း
ပြေးစပြုပြီ။ ကောင်းကင်ကြီးလည်း ကြည်လင်စပြုပြီ။ တန်ဆောင်မုန်းလဆီ ရောက်
လျှင်တော့ ဆောင်းညအခါတွင် တိမ်လွှာရိပ်တို့ ကင်းစင်လေမည်။ နက္ခတ်စုံ
ကြယ်စုံနှင့် ပြာလွင်သော ကောင်းကင်ကြီးက စိန်ဗိတာန်ကြီး ဖြစ်လေရော့မည်။
အို …. သည်လို မိုးကာလနှင့် ခြားနားသည့် စိန်ဗိတာန်ပုံအသစ် ပေါ်ဖြစ်စေရမည်ဟု
သီတင်းကျွတ် ရက်ကန်းသည်က ရွှေရစ်ဆင်ပြီး ဖန်တီးမှု လုပ်ငန်းခွင်ကို စတင်
ဝင်နေလေပြီ။ …..။

မြတ်စွာဘုရား ….။ အာရုံပုံရိပ် ….၊ ဦးမင်း သွန်းထုလိုက်သော အာရုံပုံရိပ် …။

တလောက ဦးမင်း၏ ဤအာရုံပုံရိပ်အကြောင်းကို ယနေ့ထင်ရှားသော ခေတ်ပြိုင်
ကဗျာဆရာ တစ်ဦးအား ကျွန်တော်ပြောပြမိသည်။ သူက ဆို၏။
“ကျွန်တော် ဒီစာကို တွေ့ဖူးတယ်။ ဒီလောက်အထိ အင်မစ်ဂျရီပေါ်အောင် မစဉ်းစား
မိတာတော့ ၀န်ခံတယ် ဆရာရေ …။ အင်း …. အံ့စရာပါလား ….။ ကြောက်စရာပါလား။”

သူပြောသော ကြောက်စရာ ဆိုသည်မှာ အရုပ်ဆိုးသော ကြောက်စရာမျိုးမဟုတ်။
အဗ္ဘူတရသပြစကား ဖြစ်သည်။ ဦးမင်း၏ အစွမ်းမှ ဆက်ဘလင်းမတီ (sublimity)
ကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။ ဆက်ဘလင်းကို ခမ်းနားကြီးကျယ်မှု၊ လှပ
တင့်တယ်မှု စသည်၏ အစွမ်းကြောင့် ပေါ်ထွက်လာစေသော လေးစားရိုသေအံ့သြ
ခံ့ညားခြင်းဟု သူတို့အဘိဓါန်က အနက်ဖွင့်သည်။

ဦးမင်း သွန်းထုလိုက်သော သီတင်းကျွတ်ရာသီ၏ အာရုံပုံရိပ်ကြီးသည် သူတို့စကား
နှင့် ပြောရလျှင် ဆက်ဘလင်း ဖြစ်ပေစွ ….။

(၁၁)
အထက်၌ အကျယ်ချဲ့ ခဲ့သည့်အတိုင်းပင် ကဗျာမှန်လျှင် အင်မဂျရီခေါ် အာရုံပုံရိပ်
များကို ပေါ်စေရသည်။ ကဗျာဆရာကလည်း မိမိ၏ မနောဝိဥာဏ်ကြီးအတွင်းမှ
အာရုံတွေကို မိအောင်ဖမ်းပြီး သူတစ်ပါး၏ မနောဝိဥာဏ်ဆီ ကူးပြောင်း ပို့ပေး၍
ရသော အာရုံပုံရိပ်တွေကို ထုသွန်းရသည်။

ကဗျာဆရာသည် ပြင်ပ၌ ပကတိရှိနေသော အရာကို သည်အတိုင်းသယ်ဆောင်ပြီး
စာဖတ်သူ၏ မျက်စိအကြည်၊ နားအကြည်ရှေ့မှာ ချပြသည် မဟုတ်ချေ။ နတ်သျှင်နောင်
က ဓါတုကလျာကို ထမ်းပိုးချီမ အပြီး ကျွန်တော်တို့ရှေ့တွင် ချပြလျက် အဲဒီမှာ
“တင့်တယ်လှပေဟန်လေ” ဟု ပင်။

(ဆက်ရန် …။)

(မှတ်ချက်။ ။ ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်း
ဖြစ်ပါသည်။ မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦး
က ဖြစ်စေ၊စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

No comments: