Oct 31, 2009

တိုးတက်လာသော မြန်မာ့သရဲတစ္ဆေ ဇာတ်လမ်းတစ်ခု

ရေးသူ- စစ်ငြိမ်းဒီရေ

ဒီ ရက်ပိုင်းအတွင်း “ကြယ်ကြွေချိန် ခဏလေး” ဆိုတဲ့ မြန်မာ့သရဲတစ္ဆေ
ဗွီဒီယို ဇာတ်လမ်းတစ်ခုကို ကြည့်ဖြစ်ပါတယ်။ ထုံးစံအတိုင်း အင်တာနက်ပေါ်
မှာ အခမဲ့ ကြည့်ရူလို့ရတဲ့ ၀က်ဆိုဒ် တစ်ခုရဲ့ ကျေးဇူးကြောင့် ကြည့်ရတာပါ။
ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသော ဇာတ်လမ်းအမည်က ….
ကြယ်ကြွေချိန် ခဏလေး



ဒီတခါ သရဲက ကြမ်းကြမ်းတမ်းတမ်းတော့ မဟုတ်ပါဘူး။ နူးနူးညံ့ညံ့ ဇာတ်
လမ်းပါ။ သရဲတစ္ဆေ ဘ၀ကို ရောက်သွားတဲ့ မျက်မမြင်၊ ဆွံ့အ တစ်ယောက်
ကို ကောင်းကင်ဘုံလား ဘယ်ဘုံလဲတော့ မသိပါ၊ လူ့ပြည်မှာ နောက်ထပ်
ငါးရက် နေခွင့်ပြုပါတယ် (ဧည့်စာရင်းတိုင်ဖို့ မလို)။ သူ့ကို နေခွင့်ပြုလိုက်တဲ့
သူက ဥရောပ၀တ်စုံကို သပ်သပ်ရပ်ရပ် ၀တ်ထားတဲ့ ကုမ္ပဏီ ပိုင်ရှင် ပုံစံမျိုးပါ
(ယမမင်းက တော်တော်အထက်တန်းကျနေပါလား)။ အဲဒီ သရဲက သူ့အသုဘ
အခမ်းအနားကို သူကိုယ်တိုင် လိုက်ပါ ပို့ဆောင်ခွင့် ရသော မဟာကံထူးရှင် သရဲ
ဖြစ်ပါတယ်။

နောက်ဘ၀ကို လုံးဝရောက်ရှိလာတဲ့ သရဲ အဖြစ်က အင်မတန် ထူးဆန်းပါတယ်။
ယခင် လူ့ဘ၀မှာ မျက်မမြင် ဆွံ့အ။ သရဲ ဘ၀ရောက်တော့ မျက်စိလည်း မြင်ရ
တယ်၊ စကားလည်း ပြောတတ်လာပါတယ်။ ဒီထက် ပိုထူးဆန်းတာက သူက
ကိုယ်ပျောက်သရဲ လုံးဝ မဟုတ်ပါဘူး။ သူ့ကို လူတိုင်းက ထင်ထင်ရှားရှား ပေါ်ပေါ်
ထင်ထင် တွေ့ရပါတယ်။ သာမန်လူ အတိုင်းပါပဲ။ သူ့ခန္ဓာကိုယ်ပေါ်က မည်သည့်
အပုတ်နံ့မှ မထွက်ပါဘူး (ရေမွှေးဆွတ်ဖို့ လုံးဝမလို)။ မသေဆုံးခင်က သူသည်
သံပုရာရည်တွင် ဆားများစွာ ထည့်ပြီး သောက်တတ်သလို သရဲဘ၀သို့ ရောက်ပြီး
ချိန်မှာလည်း သံပုရည်ကို အားပေးသောက်သုံးနေဆဲ မဟာစွမ်းအားရှင် သရဲ တစ်ဦးပါ။

သံပုရာရည်သောက်တတ်သော အမိန့်ရ သရဲသည် ဇာတ်လမ်းထဲတွင် ခင်မင်
ရင်းနှီး ခဲ့ဖူးသော မိတ်ဆွေအား အညောင်းပြေစေရန် ဇက်ကြောတောင် ဆွဲပေး
ပါတယ် (တော်တော် လိမ္မာလိုက်တဲ့ သရဲ ပါလားနော်)။ သရဲထံမှ အညောင်းပြေ
အနှိပ်ခံသော မိတ်ဆွေဖြစ်သူကလည်း ထိုသရဲအား အကူအညီ တောင်းခံပါတယ်။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မိမိ၏ တစ်ဦးတည်းသော ချစ်သမီးလေးကို တမလွန်တွင်
တွေ့ရှိပါက ညီမလေး တစ်ဦးလို သဘောထားပြီး ကူညီစောင့်ရှောက်ပေးပါကွာတဲ့ …
(သရဲတောင် ရိုးရိုးသရဲ မဟုတ်ဘူး NGO သရဲတစ္ဆေ)။

သူ့ချစ်သူ အိမ်ထဲအထိ သွားရောက်လည်ပတ်ခဲ့သော သရဲ ….
အသက်အာမခံဌာနသို့ တယ်လီဖုန်း ဆက်နိုင်သော သရဲ …
အရက်သောက်တတ်သော တာဝန်ကျ ၀န်ထမ်းအား သတိပေးနိုင်သော သရဲ …
သေဆုံးခါနီး လူနာအတွက် လမ်းကြုံ၍ ပန်းစည်းကို အလှူပြုခဲ့သော သရဲ ….
လေမှုတ်တူရိယာ မှုတ်နိုင်သော သရဲ …
ရေနစ်နေသော ချစ်သူအား ရေကူးပြီး ကယ်တင်ခဲ့သော သရဲ ….

ထိုသရဲသည် နောက်ဆုံးတွင် ကောင်းကင်ဘုံဟု ထင်ရသော နေရာတစ်ခုမှ
အလင်းတန်းအတိုင်း ချစ်သူကို လက်ပြနူတ်ဆက်၍ မိုးပေါ်သို့ ပြန်လည်
ထွက်ခွာသွားပါတယ်။
သြော် ထူးဆန်းထွေးလာ သရဲပါလားနော်။ မြန်မာပြည်က သရဲ …
အဲမှားလို့ပါ … မြန်မာ့ဗွီဒီယို ဖန်တီးမှုဇာတ်လမ်းထဲမှ သရဲသည်
စွမ်းပကား ကြီးမားလေစွ … ကြီးမားလေစွ … အံ့သြဖို့ ကောင်းလိုက်ပါဘိ။

Oct 28, 2009

သမိုင်းဖြစ်တဲ့လူ



သူ….
ငါတို့ ရဲ့ သမိုင်းသစ်မှာ
ဘ၀နဲ့ ထုစစ်လို့ 
အကြောက်တရားတံခါးများကို
တွန်းဖွင့်ပြခဲ့ပြီ…။

သူ….
တရားမျှတမှုတိုက်ပွဲအတွက်
ဖိနှိပ်ခံပြည်သူလူထုအတွက်
အနာဂတ်နိုင်ငံတော်အတွက်
မျိုးဆက်တခုရဲ့ အလံတော်
မြဲမြံစွာဆုတ်ကိုင်ရင်း
ပေးဆပ်ခြင်းအရင်းအနှီးများနဲ့ 
အလင်းလက်ဆုံးကြယ်တပွင့်အဖြစ်
ဖောက်ထွက်ပြခဲ့ပြီ…။

သူ…
အာဇာနည်တွေကိုဦးညွှတ်
တိုက်ပွဲဝင်သူရဲကောင်းတွေကိုစံပြုရင်း
နှစ်နှစ်ဆယ်ကျော်စနစ်ဆိုးထဲ
(သူ့ )
ယုံကြည်ချက်သံမဏိလှိုင်း
ရုန်းကြွရှင်သန်ဆဲ
အကျဉ်းနံရံနဲ့ သံတိုင်ကြားမှာ…..။ ။


-အေကေအို
အောက်တိုဘာလ(၂၈)ရက်၂၀၀၉ခုနှစ်
မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်းနိုင်ငံရေးအကျဉ်းသားများနဲ့ အတူ
အကျဉ်းကျခံနေရသော ကိုညီညီအောင်၏ မွေးနေ့ အမှတ်တရရေးဖွဲ့ ပါသည်။

(မှတ်ချက်။ ။ကဗျာရေးသူသည် ပြင်ပမှ ဖြစ်ပါတယ်။)

တမာခေါက်တွေ ဆွဲဖို့ မလို

ရေးသူ- စစ်ငြိမ်းဒီရေ

အခုတလော အီမေးလ်ကို ဖော်ဝပ်မေးလ်တွေက တဆင့် ၂၀၁၂ ခုနှစ်
ကမ္ဘာပျက်မယ် ဆိုတဲ့ အကြောင်း ရေးသားချက်တွေရော၊ ဟိုလူက ပြောတယ်၊
ဒီလူက ဟောတယ် စသဖြင့် ရေးသား ဖော်ပြချက်တွေ ရောက်ရောက်လာပါတယ်။

ဒီကိစ္စက ဒီဝက်ဆိုဒ်မှာ ကြော်ငြာနေတဲ့ 2012 ရုပ်ရှင်ကြောင့်ပါ။



ဒီသတင်း သေချာရင် နာဆာနဲ့တကွ အာကာသ လေ့လာစူးစမ်းရေး ပညာရှင်
တွေ၊ အစိုးရနဲ့ ကင်းလွှတ်တဲ့ သိပ္ပံပညာရှင် အစုအဝေးတွေက တိတိကျကျ
သေသေချာချာ သတင်းထုတ်ပြန်မှာပါ။ သတင်းနဲ့ မီဒီယာတွေကလည်း
ငြိမ်ငြိမ်နေမယ်လို့ မထင်ပါဘူး။

မြန်မာပြည်တွင်းကနေ တခါတလေ အင်တာနက်ပေါ်မှာ စာလာဖတ်သူတွေက
၂၀၁၂ ကမ္ဘာပျက်တော့မယ်လို့ ရေးထားတာတွေ ဖတ်ရတယ် ဆိုပြီး အထိတ်
တလန့် ဖြစ်လာနိုင်ပါတယ်။ မြန်မာပြည်ရဲ့ တချို့ ဒေသတွေမှာ ထစ်ခနဲ ဆိုရင်
ဘုရားပွဲလှည့်မယ် ဆိုတာတို့၊ ဒေသစာရီ ဘုရားကြွတယ် ဆိုတဲ့ ပွဲလမ်းသဘင်
တွေ လုပ်လေ့လုပ်ထ ရှိပါတယ်။ နဂိုကမှ စားဝတ်နေရေး အခက်အခဲတွေ ကြား
မှာ ရုန်းကန်နေရတဲ့ ကြားထဲ ဘာသာရေး ပွဲလမ်းသဘင်တွေ လုပ်လိုက်ကြ၊ အဲဒီ
ပွဲတွေကို လုပ်ဖို့ လောင်းကစားဝိုင်းဖြင့် စီးပွားရှာသူတွေ ဆီက ကြိုတင်ပြီး
အကောက် (ပွဲခွန်) တွေ ယူလိုက်ကြပါ။ ဆယ့်နှစ်လရာသီ အလှူခံမဏ္ဍန် မရှိတဲ့
ဒေသဆိုတာ မြန်မာပြည်ရဲ့ ဘယ်နေရာလဲလို့ မေးရမလို့ ဖြစ်နေတာကြာပါပြီ။
ပွဲလမ်းသဘင် တစ်ခု ပြီးသွားရင် အဲဒီဒေသက လူငယ်တွေ၊ မိသားစုတွေ ပွဲခင်း
ထဲက လောင်းကစားဝိုင်းတွေကြောင့် စီးပွားတွေ ပျက်၊ အကြွေးတွေ တင်ကြတဲ့
ဓလေ့ကလည်း အမြဲလိုလိုပါ။ ဒါကြောင့် ၂၀၁၂ ကမ္ဘာပျက်မယ်ဆိုတဲ့ အင်တာနက်
ရေးသားချက်များအပေါ် အထိတ်တလန့် မဖြစ်ကြပါနဲ့။ တော်ကြာ ကမ္ဘာက ဘယ်နေ့
ပျက်မှန် မသိဘူး၊ နဂိုက ယဲ့ယဲ့သာရှိတဲ့ စားဝတ်နေရေးတွေ ပွဲလမ်းသဘင်ကြောင့်
ကြိုပြီး ဘ၀တွေ ပျက်ကုန်ပါအုံးမယ်။

ကျနော်တို့ ငယ်စဉ်တုန်းကလည်း တဘောင်ဆိုတာကြီး ထွက်ခဲ့ဘူးပါတယ်။
“ကလေးသား ချို၏၊ ခွေးသား ခါး၏” တဲ့
ဒီတော့ မိဘတွေလည်း ပြာယာ ခတ်ကုန်ကြပါတယ်။ ဒါနဲ့ ဘာလုပ်ကြသလဲ
ဆိုတော့ “တမာခေါက်” တွေကို အပ်ချည်ကြိုးနဲ့ တွဲပြီး ကလေးတွေရဲ့ လည်ပင်း
မှာ လိုက်ဆွဲကြပါတော့တယ်။ သဘောကတော့ တမာခေါက် ဆွဲလိုက်မှ
“ကလေးသား ခါး၏၊ ခွေးသား ချို၏” လို့
အဓိပ္ပါယ် ပြောင်းပြန် ဖြစ်အောင် လုပ်ကြတာပါ။

ဒီလိုပါပဲ အာကာသထဲက ယာဉ်ကြီး တစ်စင်း ဘယ်နေ့ ကောင်းကင်ပေါ်ကနေ
ပြုတ်ကျလာနိုင်တယ် ဆိုပြီး အုတ်အော်သောင်းနင်း တခါ ဖြစ်ဖူးပါတယ်။ ညဖက်
အိပ်ရင်တောင် ဘယ်အချိန် ဒါကြီး ငါတို့ ခေါင်းပေါ် ပြုတ်ကျ လာမလဲလို့ တွေး
ပြီး ကြောက်နေရတဲ့ ဘ၀တွေပါ။ ဒါကြောင့် ပြည်တွင်းမှာ ထစ်ခနဲ ရှိရင် ပွဲလုပ်တတ်
တဲ့ အလှူခံ မဏ္ဍန်က မာစတာကြီးများတွေ ဒီကိစ္စကို လက်ညှိုးထိုးပြပြီး လော်စပီကာ
သံတွေ ဆူညံနေမှာ စိုးရိမ်မိပါတယ်။

ကမ္ဘာမပျက်ပဲ ဘ၀ပျက်ခြင်းမှ ကင်းဝေးကြပါစေ … ။

ပြုစားခြင်း၊ သရဲတစ္ဆေနှင့် ရိုးရာယုံကြည်မှုများ အပိုင်း(၁)

ရေးသူ- စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။ အသက် ငယ်ရွယ်သူများ၊ ကြောက်ရွံ့ထိတ်လန့်တတ်သူများ၊ နှလုံး
ရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်သည်များ မဖတ်ရူရန် မေတ္တာရပ်ခံအပ်ပါသည်။)

မြန်မာပြည်က အရောင်းရဆုံး၊ အဌားရဆုံး မဂ္ဂဇင်းစာအုပ်များ စာရင်းမှာ ပါရှိတဲ့
မဂ္ဂဇင်း တချို့မှာ ပြုစားတာတို့၊ သရဲတစ္ဆေတို့၊ ရိုးရာအရိုးစွဲ ယုံကြည်မှု အကြောင်း
တွေ ခေတ်စားလာလို့ ကျနော်လည်း ကျနော်သိသမျှကို ရေးသား ချင်ပါတယ်။

ယုံသင့်တယ် … မယုံသင့်ဘူးဆိုတာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြပါ။

(၁)
မြန်မာပြည်က သရဲတစ္ဆေအကြောင်း မှတ်တမ်းတွေ ဟိုစာအုပ် လှန်လိုက် ဒီစာအုပ်
လှန်လိုက် လျှောက်ရှာကြည့်တော့ ပထမဦးဆုံး သရဲတစ္ဆေကြောင့် အသက်ဆုံးရှုံး
ရတဲ့သူ ကို သွားတွေ့ပါတယ်။ အင်းဝနဲ့ ဟံသာဝတီ နှစ် (၄၀) စစ်ပွဲ ပြီးလုနီးပါး
အချိန်မှာပါ။ သူက မြန်မာနိုင်ငံသမိုင်းမှာ နယ်ချဲ့ဖို့ လာတဲ့ တရုတ်လူစွမ်းကောင်း
ဂါမဏီနဲ့ ယှဉ်ပြိုင် ထိုးသတ် အနိုင်ရခဲ့တဲ့ မွန်လူမျိုး သူရဲကောင်း “သမိန်ဗရမ်း”
ဖြစ်ပါတယ်။

သမိန်ဗရမ်းက ဒမြအုပ်စု တစ်အုပ်စု၏ ရမ်းကားမှုကို သူ တစ်ဦးတည်း ချေမှုန်း
သုတ်သင်ခဲ့ပါတယ်။ ပြီးတော့ ဒမြဗိုလ်လုပ်သူရဲ့ ဦးခေါင်းကို ဖြတ်ပြီး ခြင်းတစ်လုံး
ထဲထည့်ပြီး သူ စီးတဲ့ မြင်းနံဘေးကမှ ချိတ်ဆွဲခဲ့ပါတယ်။ ညနေ နေ၀င်ချိန်မှာ
ခေါင်းပြတ်ကို ခြင်းထဲထည့်ပြီး မြင်းစီးလာခဲ့တဲ့ သမိန်ဗရမ်းကို ခြင်းထဲက ဦးခေါင်း
ပြတ်က လှမ်းလှမ်း ကိုက်တယ်လို့ ဆိုပါတယ်။ အဲဒီ ဦးခေါင်းပြတ် ကိုက်ခဲ့တဲ့
ဒဏ်ရာကို ဆေးအမျိုးမျိုးနဲ့ ကုစားသော်လည်း မရခဲ့ပါဘူး။ ဒါကြောင့် သမိုင်းဝင်
သူရဲကောင်း သမိန်ဗရမ်း တစ်ယောက် သရဲ ကိုက်လို့ သေဆုံးရပါတယ်။

(၂)
“ဆ ရိပ်ကို ခို၊ ပဉ္စပွတ်မြှားနဲ့ ပြစ်”
ရတနာပုံခေတ် မင်းတုန်းမင်းလက်ထက်မှာ စာပေပညာရှင် စလေဦးပုည က
မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းအတွင်း အိမ်ရှေ့စံ ကနောင်မင်းသားကြီးကို
လုပ်ကြံသတ်ဖြတ်ဖို့ အခါတော်ပေးခဲ့တဲ့ နည်းစနစ်လို့ ဗေဒင်ပညာရှင် တချို့က
ဆိုပါတယ်။ တချို့ကလည်း ဒီနည်းမဟုတ်ဘူးလို့ ငြင်းတဲ့သူတွေလည်း ရှိပါတယ်။
ကွယ်လွန်သူ ဗေဒင်ပညာရှင် ဆရာမင်းသိင်္ခ ရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ ရှာဖွေ
ဖတ်ရူကြည့်ရင် တွေ့နိုင်ပါတယ်။

ဥပမာ။ ။ သန်းရွှေ ဆိုပါတော့၊ သောကြာသားရဲ့ “ဆ” ရိပ်ဆိုတော့ ဗုဒ္ဓဟူးနေ့ပါ၊
“ပဉ္စပွတ်မြှား” ဆိုတော့ “အင်္ဂါဒေါင့်” ဆိုတဲ့ အရှေ့တောင် အရပ်ကနေ နေရာယူ
ပြီး လုပ်ကြံရမှာ ဖြစ်ပါတယ်။

(၃)
အိမ်အသစ်၊ နေရာအသစ်တစ်ခုကို ပြောင်းရွေ့ရင် ဆေးကြောကြပါတယ်။ သန့်
ရှင်းရေး လုပ်ကြပါတယ်။ တချို့တော့ နည်းနည်း အပျင်းထူလို့ သန့်ရှင်းပြီးသာ
နေရာဖြစ်ရင် ထပ်မရှင်းတော့ပါဘူး။ ဘာမျှ မရှိတဲ့ နေရာမှာ သန့်ရှင်းရေး ထပ်လုပ်
ဖို့ရော လိုသလားလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ ဥပမာ … တန်ခိုးကြီး ဘုရား၊
ဘုန်းကြီးကျောင်းတွေဆီက မြေတစ်ဆုပ်၊ သဲတစ်ဆုပ်လောက်ကို ယူပြီး ကိုယ့်အိမ်
ထဲ လာပြစ်ထည့်ခြင်း ခံရရင် အဲဒီအိမ်ဟာ “ခိုက်” တတ်ပါတယ်။ “ခိုက်” တယ် ဆိုတာ
က စီးပွားရေး၊ လူမှုရေးများ တစ တစစီ ယုတ်လျှော့ ပျက်စီးသွားခြင်းမျိုးကို ဆိုလိုတာ
ဖြစ်ပါတယ်။ ဒါကြောင့် အိမ်အသစ်၊ နေရာအသစ်ကို ရွေ့ပြောင်းရင် သန့်ရှင်းရေး
လေးတော့ လုပ်သင့်တယ်လို့ ရှေးက လူကြီးသူမများ ဆိုလို ခဲ့ဟန် တူပါတယ်။
ဒီဖက် သိပ္ပံခေတ်မှာတော့ VCD, DVD တရားခွေတွေ၊ အွန်လိုင်းက အခမဲ့ ဒေါင်းလုပ်
ချနိုင်တာမို့လို့ ဒီခွေတွေနဲ့ နေရာအသစ်မှာ မင်္ဂလာရှိအောင် ပြုလုပ်နိုင်ပါတယ်။
ပရိတ်ရည်ကို တခြားသောက်သုံးရေနဲ့ ရောပြီး အိမ်ထဲမှာ ပက်ဖြန်းမယ် ဆိုရင်
လည်း ရပါတယ်။

ယုံသင့်တယ် … မယုံသင့်ဘူးဆိုတာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြပါ။

(အဆင်ပြေသလို ဆက်လက် ဖော်ပြမည်။)

Oct 27, 2009

ကမ္ဘာပျက်ခဲ့ရင် (tag)

ရေးသူ- စစ်ငြိမ်းဒီရေ

အကိုကြီး ကိုအောင်သာငယ် tag ထားတဲ့ ၂၀၁၂ ကမ္ဘာ ပျက်ခဲ့မယ်
ဆိုရင် ….

(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ …
လူတွေအားလုံးနဲ့ အတူရှိဖို့ ကြိုးစားတော့ ကြည့်မယ်၊ သိပ်ကြောက်ပြီး ငိုနေမယ့်
လူတွေ အရမ်းများနေရင် နားတော့ တော်တော်ငြီးနိုင်တယ်။

(၂) ဘာတွေ ခံစားနေမလဲ …
ပြေးတော့ ပြေးကြည့်အုံးမယ်၊ ခြေဦးတည့်ရာပေါ့၊ မလွတ်တဲ့ အဆုံး
တစ်ချက်လောက် အကျယ်ကြီး ရယ်လိုက်မယ်။

(၃) ဘာတွေ ပြင်ဆင်ထားမလဲ …
မီးပုံးပျံတွေ ရှိရင် မီးပုံးပျံ စီးနေမလားလို့၊ ၂၁ ရက်နေ့ကနေ ၂၃ ရက်ကြား
ဆိုခဲ့ရင်တော့ လေယာဉ်စီးပြီး ရှောင်နေဖို့ သုံးရက်စာ လေယာဉ်ခ မနည်းဘူး၊
တော်ကြာ တွက်ကိန်းမှားသွားပြီး ဟာရီကိန်းနဲ့ တိုးနေမှ “မုန့်ဝေတာ မရပဲ၊
တုတ်ဝေတာ ယူမိသလို”၊ … အင်း … မီးပုံးပျံပဲ ကောင်းမယ် ထင်တယ်။

(၄) ၀မ်းနည်းမိမှာ …
ဝမ်းကတော့ နည်းမယ် မထင်ဘူး … ။

(၅) ကြောက်လန့်မိတာ …
ကြောက်နေလည်း မထူးမယ့် အတူတူ၊ တစုံတယောက်များ လွတ်မလားလို့
တောင်ကြံ မြောက်ကြံတော့ ကြံရမယ် ထင်တယ်။

(၆) ဆောင်ထားချင်တာ …
အရာရာကို လက်လျှော့ချင်တဲ့ လူတွေရဲ့ ဘဏ်ထဲက ပိုက်ပိုက်တွေ ခဏအပ်
ထားမယ် ဆိုရင် သိမ်းထားပေးမယ်လေ .. ဘယ်လိုလဲ … သဘောတူလား။

(၇) ဘာတွေ ရေးမလဲ ….
ဒီလို အချိန်ကြီးမှာ စာရေးနိုင်မဲ့ လူတွေရှိသေးရင် မမြင်ဘူးလို့ သေသေချာချာ
လိုက်ကြည့်အုံးမယ်။

(၈) ဘာတွေ တွေးနေမလဲ ….
ကမ္ဘာပျက်မှာတော့ ငရဲပြည်လည်း ပျက်ပြီပေါ့၊ သူက မဟာအ၀ီစီငရဲ ဆိုတော့
မြေအောက်မှာပဲ ရှိတာ၊ အားလုံး နတ်ပြည်ရောက်ရင် နတ်ဘလော့ဂါများ သမဂ္ဂ
ထူထောင်ရမယ်၊ အဲဒီမှာ အတိုက်အခံ နတ်လုပ်မလား၊ ပုတ်သင်ညို နတ် လုပ်
မလားလို့၊ တစ်ခုခုတော့ တွေးရမှာပေါ့။

(၉) ဂုဏ်ယူချင်တာ …
အဲဒီအချိန်မှာ ဂုဏ်ပြုပေးမယ့် လူတွေရော လွတ်မှာလား၊ မလွတ်မဲ့ အတူတူ
လက်ခုပ်တော့ မတီးနိုင်ဘူး၊ လက်ဝါး နာတယ်။

(၁၀) ရှာကြံ ဖြေသိမ့်မိတာ ….
ကိုယ်လုပ်တာ ကိုယ်အသိဆုံးပေါ့၊ နောက်ဆုံးရောက်မှ နောင်တ မရချင်ဘူး။

(၁၁) ကျူးရင့်ချင်တာ …
အားလုံးကောင်းပါသည်၊ သိပ်မကြောက်ပါနဲ့၊ နတ်ပြည်က အကျယ်ကြီးပါ။

ဒီလောက်ဆိုရင် အကိုကြီး ကိုအောင်သာငယ်လည်း ကျေနပ်လောက်မယ်လို့
ထင်ပါတယ်။

Oct 26, 2009

ကမ္ဘာပျက်မည့်နေ့နဲ့ ပက်သက်၍ ကျနော့်အမြင်

ရေးသူ- ခွန်း

အခုလို စိတ်ဝင်တစား ဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်ဗျာ။ ဒီပြဿနာ
ဘယ်ကစ ဆိုရင် ကိုအလှတရားကို လက်ညိုး ထိုးရတော့မှာပဲ။
(ဟာ.. မဆီမဆိုင်ဗျာ.. :D ) ။ သူက pole shifting အကြောင်း မေးတော့
ကျနော်လည်း ဗွီဒီယို လင့်လေးများ ချိတ်ပေးလို့ရမလား ဆိုပြီး YouTube မှာ
သွားရှာတာ။ pole shifting တော့ မတွေ့ဘူး။ အဲဒါကြီးကို သွားတွေ့တာပဲ။
တွေ့စက တော်တော် စိတ်လှုပ်ရှား သွားသေးတယ်။ မကျေနပ်တာနဲ့ အကုန်
လိုက်ရှာတယ်။ အချက်အလက် နည်းနည်းစုံမှ စိတ်အေးသွားတယ်။ ဒီအကြောင်း
ကို တင်သင့် မတင်သင့် ချိန်နေတာ တော်တော်ကြာသွားတယ်။ ဒါပေမယ့်
ဒါတွေက YouTube မှာ ပလူပျံနေတာ ဆိုတော့ တစ်ကြိမ်မဟုတ် တစ်ကြိမ်
မြန်မာတွေ တွေ့သွားမှာပဲ။ ကျနော် ကြိုရှင်း မထားရင် စိတ်ဒုက္ခ ရောက်နေ
နိုင်တယ်ဆိုပြီး တင်ဖို့ဆုံးဖြတ် လိုက်တာပါ။ မနေ့တုန်းက တခါတည်း မရှင်း
တာက အားလုံးရဲ့ အမြင်တွေ လိုချင်လို့ တစ်ရက် စောင့်တဲ့ သဘောပါ။
အခု ကျနော့် အမြင်ကို ပြောပါမယ်။

ဒီပြဿနာရဲ့အစက ၁၉၇၆ ခုနှစ်မှာ Zecharia Sitchin ရေးသားထုတ်ဝေ
ခဲ့တဲ့ The Twelfth Planet ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ အဲဒီ စာအုပ်မှာ Nibiru
ဆိုတဲ့ ဂြိုဟ်ရှိကြောင်း၊ ellipse ပုံ လမ်းကြောင်းနဲ့ နေကို ပါတ်ကြောင်း၊ နှစ်
၃၆၀၀ မှာ တစ်ပါတ်ပြည့် ပြီးတော့ နေနဲ့ အဝေးဆုံးအဖြစ် ပလူတို ဟိုဘက်
အဝေးဆုံး နေရာကို ရောက်ပြီး အနီးဆုံးအဖြစ် ဂျူပီတာဂြိုဟ်နဲ့ မားစ် ဂြိုဟ်
ကြားက asteroid belt အထိ ရောက်ကြောင်း ရေးထားပါတယ်။
ဒီ ပြဿနာကို တွန်းအားပေးတာကတော့ အောက်က စာအုပ်တွေ ဖြစ်နိုင်ပါတယ်။

1. Mystery Heavenly Body Discovered, a front page history, Washington Post, 31-Dec-1983
2. Unidentified IRAS sources – Ultrahigh-luminosity galaxies , Astrophysical Journal, Part 2, March 1, 1985, p. L5-L8.
3. Cometary Evidence of a Massive Body in the outer Oort Cloud, Icarus, Volume 141, Issue Icarus, pp. 354-366.
4. A 10th planet may be out there or new object could be the sun’s long lost twin, astronomers say, SETH BORENSTEIN, Oct.11, 1999, 9:02 PM.

ပထမဆုံး ပြောရရင် Sitchin ရေးတဲ့ စာအုပ်ဟာ သိပ္ပံစာအုပ် မဟုတ်ပါဘူး။
သူက သမိုင်းလို့ ဆိုပေမယ့် ဘာအထောက်အထားမှ မရှိတော့ ပုံပြင်သာသာ
ပါပဲ။ သူ့စာအုပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀၀၀ တုန်းက Nibiru ဂြိုဟ်ပေါ်က
Anunnaki မျိုးနွယ်တွေရဲ့ နန်းကျ ဘုရင် Alalu ဟာ ကမ္ဘာကို ထွက်ပြေး ခိုလှုံခဲ့
ပါတယ်။ ကမ္ဘာက ရွှေတွေဟာ သူတို့ Nibiru က လေထု ဆုံးရှုံးမှုတွေကို ကာကွယ်
နိုင်မှန်းသိတော့ ကမ္ဘာက ရွှေတွေကို တူးဖော်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အာဏာလု
စစ်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀၀ လောက် အရောက်
မှာတော့ Anunnaki တွေဟာ ကမ္ဘာပေါ်မှာ ရွှေ တူးဖော်ဖို့အလုပ်သမား မျိုးနွယ်စု
တစ်မျိုးကို genetic engineering နည်းနဲ့ ဖန်တီးခဲ့ပါတယ်။ အဲဒီ မျိုးနွယ်စု
ကတော့ homo sapiens ဆိုတဲ့ လူတွေပါပဲ။ နောက်ပိုင်းမှာ လူသားတွေက
ကမ္ဘာကို စိုးမိုးသွားပြီး Anunnaki တွေ ထွက်ခွါသွားပါတယ်။ Sitchin ဟာ
သူ့စာအုပ်မှာ သမ္မာကျမ်းက အချက်အလက်တွေရော၊ အီဂျစ်ရှေးဟောင်း
ပုံပြင်တွေကိုပါ ထည့်သွင်း ခဲ့ပါတယ်။ လေ့လာသူတွေကတော့ ဒါဟာ
Sumerian mythology ပါပဲတဲ့။ သမိုင်း တစ်ခုအဖြစ် ယူဆဖို့တော်တော်ကို
ကလေးကလား နိုင်နေပေမယ့် ယုံကြည်သူတွေ ကလည်း တော်တော်ကို
များခဲ့ပါတယ်။ ယုံကြည်သူ အချို့ထဲက ထပ်မံ တွေးဆ တွက်ချက်မှုတွေ အရ
အဲဒီ Nibiru ဂြိုဟ်ကြီးဟာ 2003 နဲ့ 2013 အကြားမှာ ကမ္ဘာနဲ့အနီးဆုံး နေရာ
ကို ရောက်လာ ဦးမယ် ဆိုတာပါပဲ။

အပေါ်က စာအုပ်တွေထဲက နံပါတ် ၁ မှာ ရေးထားတာက အမျိုးအမည်မသိ
ကြီးမားတဲ့ အရာဝတ္ထု တစ်ခု တွေ့တယ် ဆိုတာရယ်၊ သူက ကမ္ဘာနဲ့ အနီးဆုံး
မိုင် သန်းထောင်ပေါင်း ၅၀ အကွာ လောက်မှာ ရှိတယ်လို့ မှန်းဆ ကြပါတယ်။
သူက ဂြိုဟ်ကြီး တစ်လုံးလား၊ ဥက္ကာပျံ ဘီလူးကြီးလား၊ ကြယ်တစ်လုံးအဖြစ်
လုံလောက်အောင် အပူမပေး နိုင်တဲ့ protostar တစ်လုံးလား ဆိုတာ မခွဲခြား
နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ၆ လအတွင်းမှာ သူဟာ တည်နေရာကနေ လုံးဝ
ရွေ့လျှားခြင်း မရှိတဲ့ အတွက် ဥက္ကာပျံ မဟုတ်သလို ဂြိုဟ်လဲ မဟုတ်ကြောင်း
ယူဆခဲ့ပါတယ်။ ဒါပေမယ့် မိုင်သန်း ထောင်ပေါင်း ၅၀ အတွင်းသာ မှန်ခဲ့ရင်
နေအဖွဲ့အစည်းရဲ့ မိသားစု ဝင်ပဲ ဖြစ်ရမယ် ဆိုတာရယ် ပြီးတော့ သူ့ပါတ်လမ်း
က ကျနော်တို့ ဆီကို တည့်တည့်ကြီး လာနေတဲ့ ဘဲဥပုံ ပါတ်လမ်း ဖြစ်နေလို့
တည်နေရာ မရွေ့ဆိုတဲ့ အယူအဆ တချို့ ပေါ်ခဲ့ပါတယ်။ နံပါတ် ၂ စာအုပ်
ကတော့ IRAS ရဲ့ data တွေထဲက နက္ခတ်တာရာကြည့် မှန်ပြောင်းတွေနဲ့
မမြင်ရပဲ infrared မှန်ပြောင်းနဲ့ ကြည့်ပြီး မြင်ရတဲ့ အချက်တွေထဲက အဲဒီ
အမျိုးအမည် မသိ အရာဝတ္ထုကြီး အကြောင်း ပါလာတာပါ။ နံပါတ် ၃ မှာတော့
ဥက္ကာပျံ တိမ်တိုက် အော့ရ်တာရဲ့ ဟိုဘက်မှာ Brown draft တစ်ခု ရှိကြောင်း
hypothesis ကို ရေးထားတာပါ။ အရွယ်အားဖြင့် ဂျူပီတာ ဂြိုဟ်ရဲ့ 3 or
2 ဆ ရှိပြီးတော့ သူ့ရဲ့ ပတ်လမ်းဟာ galactic midplane နဲ့ ၅ ဒီဂရီ
စောင်းတယ်လို့ ယူဆကြပါတယ်။ သူ့ကို IRAS ရဲ့ data base မှာ မတွေ့ရ
ပေမယ့် မျိုးဆက်သစ် အနီအောက် မှန်ပြောင်းတွေနဲ့ တွေ့နိုင်မယ်လို့ မျှော်လင့်
ခဲ့ပါတယ်။ နံပါတ်၎ ကတော့ ၉၉ မှာ ထုတ်တာ ဖြစ်တဲ့ အတွက် တိကျသွားပါပြီ။
ဂျူပီတာ ဂြိုဟ်ထက် သုံးဆလောက်ကြီးတဲ့ အရာဝတ္ထု တစ်ခု ဟာ 3 trillions
miles အကွာလောက် မှာ ရှိနေပါတယ်တဲ့။ အလွန်ဝေးလံလှပေမယ့် ကြီးမား
လွန်းတဲ့ အတွက် နေအဖွဲ့အစည်းရဲ့ မိသားစုဝင် ဖြစ်နေနိုင်ပါတယ်။
သူ့ရဲ့ ပါတ်လမ်းဟာ far-travelling comets တွေလို ဖြစ်နိုင်ပြီးတော့
Brown draft လို့ သတ်မှတ်ခဲ့ပါတယ်။ သူ့ရဲ့ ဖွဲ့စည်းပုံဟာ ကြယ်နဲ့တူပြီး
ဂြိုဟ်နဲ့ မတူလို့ပါတဲ့။ ဒါပေမယ့် အချို့ပညာရှင်တွေကတော့ နေကို ပါတ်တဲ့
အတွက် ဂြိုဟ်လို့ပဲ ခေါ်ကြပါတယ်။ သူဟာ မအောင်မြင်တဲ့ ကြယ်တစ်လုံး
ဖြစ်ပြီး နေအဖွဲ့အစည်း စတင်စဉ်ကပဲ နေအဖွဲ့အစည်းထဲကို ဝင်ရောက်ခဲ့ပြီး
၁၀ ခုမြောက် ဂြိုဟ်လား Brown Draft လား မဆုံးဖြတ် နိုင်ခဲ့ကြပါဘူး။

ကျနော့် အမြင်ကို ပြောရရင်တော့ ဒီပြဿနာကို စတင်သူ Sitchin ဟာ
သိပ္ပံပညာရှင် မဟုတ်သလို သိပ္ပံဆိုင်ရာ အချက်အလက် ဘာမှ မတင်ပြနိုင်ခဲ့
ပါဘူး။ နောက်ထပ် စာစဉ်တွေမှာလည်း အရာဝတ္ထုဟာ ကမ္ဘာဆီကို ရွေ့လျှား
လာနေတယ်လို့ မဖော်ပြခဲ့ ပါဘူး။ အဲလိုဆိုတော့ ၂၀၁၂ မှာ အဲဒီဂြိုဟ်ကြီး
ကမ္ဘာနဲ့အနီးဆုံးကို ရောက်လာနိုင်စရာ အချက်နည်းနည်းပဲ စဉ်းစားစရာ
ကျန်ပါတယ်။ ဘာတွေလဲ ဆိုတော့ - ဆိုက်ဘေးရီးယားမှာ အပူပိုင်း နို့တိုက်
သတ္တဝါ အရိုးတွေ တွေ့တယ် ဆိုတော့ တစ်ချိန်က tropical zone များ
ဖြစ်ခဲ့မလား၊ အဲလိုဆိုရင် ကမ္ဘာက ဒီထက်ပိုပြီး စောင်းနေရမှာ ဖြစ်တော့
ဘယ်အရာက ကမ္ဘာ့ဝင်ရိုးကို ဆွဲထောင်ပေးခဲ့သလဲ။ ဗီးနပ်စ်က နှေးကွေးစွာ
နဲ့ clockwise လည်နေတော့ clockwise လည်တဲ့ အရာဝတ္ထု တစ်စုံတစ်ရာ
က သူ့လည်ပါတ်မှုကို ပြောင်းစေတာလား။ asteroid belt က ဒီလောက်
comet ဒီလောက်များနေတာ တစ်စုံတစ်ခုသော impact ကြောင့်
ဂြိုဟ်ကြီးတစ်လုံး ကွဲထွက်သွားတာလား။

အဲဒီ ချွင်းချက်တွေက လွဲရင် ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ ကိစ္စ ကျနော်
လုံးဝ ငြင်းပါတယ်။

၁။ နှစ်ပေါင်း ၃၆၀၀ ဆိုတဲ့ Circle သည် လုံးဝ မဖြစ်နိုင်ပါ။
နှစ်ပေါင်း ၃၆၀၀ ဟာ ဇီဝ ဆင့်ကဲဖြစ်စဉ် အတွက် မဖြစ်နိုင်လောက် အောင်
နည်းလှပါတယ်။ လူ့သမိုင်း တစ်ခုတည်းကပဲ နှစ် တစ်သန်း ကျော်ခဲ့ ပြီဖြစ်ပါတယ်။

၂။ သိပ္ပံ ယူဆချက် မဟုတ်ပဲ မာယန်တွေရဲ့ပြက္ခဒိန် ၊ The Bible နဲ့Egyptian
တို့ရဲ့ အယူအဆ တွေနဲ့ ဆုံးဖြတ်ထားခြင်းဟာ လက်ခံနိုင်စရာ မရှိပါ။

၃။ ဂြိုဟ်ကြီး ဝင်ရောက်လာတဲ့အခါ ကမ္ဘာလည်ပါတ်မှု သုံးရက် တိတိ ရပ်သွား
မည် ဆိုခြင်းဟာ The Bible မှာ ပါတဲ့ The Three Days of Darkness ကို
ရည်ညွှန်းခြင်း ဖြစ်ပြီးတော့ သိပ္ပံ သဘောအရ မဖြစ်နိုင်ပါ။ ရပ်ပြီးသွားရင်
အားသက်ရောက်မှု တစ်ခုခု မရှိပဲ ပြန်မလည်နိုင်ပါဘူး။ သိပ္ပံကို ခရစ်ယာန်ဇာတ်
သွင်းခြင်းသာ ဖြစ်ပြီး လက်ခံ နိုင်စရာ မရှိပါ။

၎။ အဲလောက်ကြီးမားတဲ့ ဂြိုဟ်ကြီး တစ်ခု ဝင်လာခဲ့ရင် နေစကြာဝဠာ တစ်ခုလုံး
stability out သွားမှာ ဖြစ်ပြီးတော့ ယခုကဲ့သို့ စံနစ်ကျနေခြင်းမျိုး မရှိနိုင်။

၅။ NASA ကလျှို့ဝှက်တယ် ထားဦး။ အာကာသ လေ့လာမှု အဖွဲ့အစည်းဟာ
သူတစ်ခုပဲ ရှိတာ မဟုတ်ပါဘူး။ 1983 ကတည်းက NASA သိနေရင် အခြားသော
ESA, RKA, CNSA တို့လို အဖွဲ့အစည်းတွေက မသိစရာ အကြောင်း မရှိပါဘူး။
အချိန် ဒီလောက် နီးလာတဲ့ အထိ တညီတညာထဲ လျှို့ဝှက် ထားဖို့ဆိုတာ
ယုတ္တိတန်တဲ့ ကိစ္စ မဟုတ်ကြောင်း ထင်ရှားပါတယ်။

၆။ အစက 2003 လို့ ပြောထားတဲ့ ကိစ္စက 2003 မှာ မဖြစ်လို့2012 လို့
ပြောင်းလိုက်တာ ဖြစ်ပြီးတော့ 2012 မှာ မဖြစ်ရင်လည်း နောက်တစ်မျိုး
ပြောင်း ပြောဦးမယ်လို့ ထင်ပါတယ်ဗျာ။

ကျနော့် ယူဆချက်တွေ အပေါ်မှာ ဘယ်လိုမြင်လဲဆိုတာ ကွန့်ပေးစေချင်ပါတယ်။
တကယ်လို့ ကျနော့် ယူဆချက်တွေက မှားနေခဲ့ရင်တော့ ……….

(မှတ်ချက်။ ။ MYANMAR ASTRONOMY ဘလော့မှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)

၂၀၁၂ မှာ တကယ်ပဲ ကမ္ဘာပျက်မှာလား (2012 Dec 21 is really our Doomsday?)

ရေးသူ- ခွန်း

ဒီပို့စ်ကို တင်သင့် မတင်သင့် တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။
အခြား အကြောင်းအရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ
မစဉ်းစားရင် စိတ်အနှောက်အယှက် ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်း
မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကာလာမသုတ်ကို နှလုံးသွင်းပါလို့ ပြောပါရစေ။
အခု ကျနော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်
ရှားရှား ဖြစ်သွားစေတဲ့ စကြာဝဠာနဲ့ ပါတ်သတ်တဲ့ YouTube video တွေအကြောင်း
ပါ။ အဓိက အကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်မယ် ဆိုတဲ့
ကိစ္စပါ။ အဲဒီ ဗွီဒီယိုတွေကို Doomsday, Nibiru, Planet X, 2012 December 21
ဆိုတဲ့ keyword တွေနဲ့ အလွယ်တကူ ရှာ တွေ့နိုင်ပါတယ်။ သူတို့တွေ ပြောကြတဲ့
ဦးတည်ချက်က တစ်ခုတည်းပါ။ ၂၀၁၂ မှာ ကမ္ဘာပျက်မယ် ဆိုတဲ့ အကြောင်းအရာ
ပါ။ ဘာကြောင့် ပျက်မှာလဲ။ ဘယ်လိုပျက်မှာလဲ။ သူတို့ရေးတဲ့ အတိုင်း ကျနော်
ပြန်ရေးပါ့မယ်။ အောက်မှာ ရေးထားတဲ့ အကြောင်းအရာဟာ ကျနော့် စာသား
မဟုတ်ပါ။ သူတို့ရေးထားတာကို တိုက်ရိုက်ဘာသာ ပြန်ပေးတာ ဖြစ်ပါတယ်။
(ပေရှည် နေတာတွေကို ဖျက် ထုတ်ခဲ့ပါတယ်)

ကမ္ဘာပေါ်က အချို့သော အကြောင်းအရာတွေဟာ ရှင်းပြနိုင်တဲ့ အကြောင်း
အရာတွေ မဟုတ်ကြပါဘူး။ ဥပမာ - Stonehenge နဲ့ Easter Island တို့လို
ပေါ့၊ သေချာ ရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ် ယနေ့ထိ ရှိနေဆဲပါ။



သူတို့ကို ဘယ်သူ တည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လို ဖြစ်လာခဲ့တယ်
ဆိုတာ ဘယ်သူမှ ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ (ပုံမှာ Stonehenge နဲ့
Easter Island ပေါ်က အရုပ်တွေကို ပြထားပါတယ်။ Easter Island က
သြစတေးလျ နဲ့ ချီလီ အကြားက ပစိဖိတ်ရေပြင်ကျယ် ကြီး အလယ်လောက်
မှာ ရှိတာ၊ ဘယ်တုန်းကများ ရှေးဟောင်းလူတွေ ရောက်ပြီး ဒါတွေ လုပ်သွား
လဲ.. ကျနော်လည်း အံ့သြော် မိပါတယ်)။ ကျနော် အခုရှင်းပြမယ့် အကြောင်းအရာ
ကလည်း သေချာ ရှင်းမပြနိုင်တဲ့ အကြောင်းအရာ တစ်ခုပါ။ ကမ္ဘာ ကြီးပျက်မယ့်
နေ့စွဲကို ပြောတာပါ။ အဲဒီ နေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။
အဲဒီနေ့လို့ ပြောလိုက်တဲ့အတွက် ကျနော့်လိုပဲ ခင်ဗျားလည်း အံ့အားသင့်
သွားနိုင်ပါတယ်။



ဒါပေမယ့် NASA နဲ့ Governments တွေကတော့ အံ့အား သင့်မယ် မဟုတ်ပါဘူး။
ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကို သိနေကြ
နှင့်ပြီးသား ဖြစ်နေလို့ပါ။ ဘာကို သိနေကြ တာပါလဲ။ အခုဘယ်သူတွေက ကျနော်တို့
ကမ္ဘာနဲ့ ပါတ်သတ်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြ ရအောင်ပါ။
Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထု
တစ်ခုဟာ ကျနော်တို့ ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့
နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာ တစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ
ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့် ကမ္ဘာကို ဝင်တိုက်မိမှာတော့
မဟုတ်ပါဘူး။ Albert Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး
ခဲ့ပါတယ်။ pole shifting အချိန်မှာ လူသားတွေ အပြင်းအထန် ခံစားရမယ်
ဆိုတာပါ။ မာယန် ပရောဖက် တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်
ဟာ အဆုံးသတ် အမှတ် ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။
အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာ
စတင်ပြီး အဆုံးမှတ် (day 13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။
နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း စက်ဝန်းကြီး တစ်ပါတ်လည် ပါတယ်။ holy bible
ကလည်း 2012 ခုနှစ်ကို သတိပေးထားပါတယ်။ အခြားအခြား သော အရာတွေ
အားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။
မေးခွန်းတစ်ခု ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့
ဘာကြောင့် နာဆာက လူတွေကို အသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က
လူသားတွေ အားလုံး သိသွားကြရင် လူတွေ အားလုံး အသက်ရှင် ကျန်ရစ်ရေး
ကြိုးပမ်းကြတဲ့အခါ သူတို့အတွက် အခွင့်အလမ်း နည်းသွားမှာ စိုးလို့ ဖြစ်ပါတယ်။
အခု ဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်
တွေ့ရှိချက်ကို လျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ
extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။ 1983 ခုနှစ်မှာ
NASA ဟာ IRAS (Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့
အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့
ရှိခဲ့ပါတယ်။



အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့အကြားကို ဝင်ရောက်
ဖြတ်သန်း ပါမယ်။ သူ ဖြတ်သန်းမယ့် အနေအထား ကတော့ ပုံမှာ ပြထားတဲ့
အတိုင်းပါပဲ။ အဲဒီ အချက်ကြောင့် Atlantis မြို့ကြီး နစ်မြုပ်ခဲ့သလို Noah ရဲ့
လှေကြီး တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာ
ပြန်ဖြစ်လာပါမယ်။ ကျနော်တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာ
ကမ္ဘာ တစ်ခုပဲ ရှိတဲ့အတွက် မလွဲမသွေ ရင်ဆိုင် ရပါလိမ့်မယ်။ Stonehenge နဲ့
Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိတာလဲ။ ဖြစ်နိုင်တာက
အရင်က လူတွေ တည်ဆောက်ခဲ့တာဖြစ်ပြီး Nibiru ကြောင့် သူတို့အားလုံး
သေဆုံးသွားတဲ့အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ ဖြစ်နိုင်ပါတယ်။
Nibiru ဟာ ၂၀၀၉ ခုနှစ် မေလ ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထုအဖြစ်
သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။ သူဟာ အပေါ်ကို တက်လာနေတာ ဖြစ်တဲ့
အတွက် ကမ္ဘာ့ တောင်ဘက် အဖျားပိုင်းတွေမှာသာ မြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ်
မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေ အားလုံးမြင်နိုင်လောက်တဲ့
အရွယ်အစား ဖြစ်လာပါလိမ့်မယ်။ ဒုတိယမြောက် နေတစ်လုံးအဖြစ် လရဲ့
အရွယ်အစား လောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်။ ကြီးမားလှတဲ့ ဆွဲငင်အားကြောင့်
ကမ္ဘာပေါ်မှာ ငလျှင် အကြီးအကျယ် လှုပ်ပြီး ရေကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်။



ဒါပေမယ့် အဆိုးဆုံး အခြေအနေက ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့
အဲဒီနေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့အကြားကို ရောက်ပါမယ်။ ဆန့်ကျင်
ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ် ဖြစ်ပြီး
အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်း စေမှာပါ။ Nibiru ဟာ ကမ္ဘာလည်
ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည် နေတာ ဖြစ်တဲ့အတွက် မျက်နှာပြင်
ဆွဲငင်အားက ကမ္ဘာကြီးကို ၃ရက်တိတိ လည်ပါတ်မှု ရပ်သွားစေပါမယ်။
အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ်
အပိုင်းပိုင်း ကွဲထွက်ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ
နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်းရာပေါင်း အနည်းငယ်သာ
အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ်ပြန်လည်
ဖွဲ့စည်းပါလိမ့်မယ်။ 2014 July 1 ရက်နေ့က စပြီး Nibiru ဟာ ကျနော် ကမ္ဘာပေါ်မှာ
ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည်
ထွက်ခွါသွားပါလိမ့်မယ်။



အပေါ်မှာ ရေးပြခဲ့တာတွေကတော့ YouTube video တွေထဲက တစ်ခုကို
ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အရာအားလုံးသည် သင်္ခါရ ဆိုပေမဲ့
၂၀၁၂ ဆိုတာတော့ တော်တော်ကြီးများ စောလွန်း နေမလားလို့။ အခုစာလာ
ဖတ်တဲ့ မိတ်ဆွေတွေ ရော.. ဒီကိစ္စကို ယုံလား။ paranormal.about.com မှာ
အဲဒီ အကြောင်း pool လုပ်ထားတဲ့ result ကို အပေါ်ကပုံမှာ တွေ့နိုင် ပါတယ်။
ယုံကြည်တယ်၊ ဘာကြောင့်၊ မယုံ ကြည်ဘူး၊ ဘာကြောင့် ဆိုတာလေး comment
ရေးပေး စေချင်ပါတယ်ဗျာ။ ကျနော့်အမြင်ကိုလည်း ပို့စ် တစ်ခုတင်ပြီး ရှင်းပေးပါ့
မယ်။ ကျေးဇူးတင်ပါတယ်ဗျာ။

(မှတ်ချက်။ ။ MYANMAR ASTRONOMY ဘလော့မှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)


မြန်မာ့သရဲတစ္ဆေ ရိုက်ကူး ထုတ်လုပ်သူများ စည်းကမ်းရှိကြပါစေ

ရေးသူ- စစ်ငြိမ်းဒီရေ

ယခုတလော အင်တာနက်ပေါ်တွင် အခမဲ့ ကြည့်ရူရသော ၀က်ဆိုဒ်များမှ
တဆင့် ခေတ်စားလာသည့် မြန်မာ့သရဲ ဗွီဒီယို ဇာတ်လမ်းများကို ကြည့်ရူရပါသည်။

သတိထားမိသလောက် လွန်ခဲ့သော တစ်နှစ် ပတ်ဝန်းကျင်မှစ၍ ထုတ်လုပ်ဖြန့်
ချီခဲ့သော သရဲ ဗွီဒီယို ဇာတ်လမ်းများသည် တကယ့် သရဲ ဇာတ်လမ်းများ
မဟုတ်ပဲ စိတ်ကူးယဉ်၊ စိတ္တဇ ဆန်ဆန် ရိုက်ကူးမှုများ သဘောသာ ကြည့်ရူ
ရပါသည်။ ဇာတ်လမ်းအဆုံးတွင် ထိုသရဲများသည် အစစ်များ မဟုတ်ဘဲ စိတ်
ထဲတွင် ဆွဲထင်ရာမှ ပေါ်ပေါက်လာသော သရဲ အတု များသည် ဖြစ်သည်။
ယခု မျက်မှောက် ကြည့်ရူခွင့်ရသည့် မြန်မာ့ သရဲ ဗွီဒီယို ဇာတ်လမ်းများတွင်
ထိုသို့ မဟုတ်တော့ပဲ သရဲ စစ်စစ်။ ရုပ်ရှင်ထဲမှ သရဲသည် စိတ်ကူးယဉ်၍သော်
လည်းကောင်း၊ စိတ်ထဲတွင် ဆွဲထင်၍သော် လည်းကောင်း ပေါ်ပေါက်လာသော
အတု များ မဟုတ်တော့ပါ။ တကယ့်ကိုပင် ပြင်ပ၌ ရှိနိုင်သော သဘောများကို
ရိုက်ကူးတင်ပြ လာကြသည်ကို တွေ့ရပါသည်။

ယခု ရက်ပိုင်းအတွင်း ကြည့်ရူဖြစ်သော ဗွီဒီယို ရုပ်ရှင် ဇာတ်လမ်း နှစ်ခုအကြောင်း
ပြောချင်ပါသည်။ ပထမ တစ်ကားက ဒါရိုက်တာ ကိုပေါက် ရိုက်ကူး၍ ထုတ်လုပ်
ဖြန့်ချီရေးက ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်ညီမ နွေးနွေးလှိုင်၏ “လှိုင်” မှဖြစ်သည်။
ဇာတ်လမ်း အမည်က …
ကြာဖြူ



ဒုတိယ ဇာတ်ကားက ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးသော
တစ္ဆေများနှင့်တွေ့ဆုံခြင်း



ဒါရိုက်တာ မောင်မျိုးမင်း၊ ကိုပေါက်နှင့် “လှိုင်” ထုတ်လုပ်ရေး ပိုင်ရှင်များသည် မြန်မာ
ပြည်၏ ထင်ရှားသော အနုပညာရှင်များအဖြစ် စာရင်းဝင်သူများ ဖြစ်ကြသည်။ သူတို့
ဘာကြောင့် သရဲဇာတ်လမ်းများ ရိုက်ကူးလာကြသနည်း။ ကြာဖြူ ဇာတ်လမ်းက
တစ္ဆေများနှင့်တွေ့ဆုံခြင်း ဇာတ်လမ်းလောက်တော့ သိပ်မပြင်းထန်ပါ။ ကိုယ်ဝန်ဖျက်
ချမှုကို ပညာပေးလို၍ ရိုက်ကူးသည်ဟု စကား ပလ္လင်ခံထားသည်။ ကိုယ်ဝန်ဖျက်ချ
မှုကို သရဲ ဇာတ်လမ်းဖြင့်သာ ပညာပေးလို့ ရပါသလား။ တခြားနည်းလမ်း မရှိတော့
ဘူးလား။ သရဲအဖြစ် သရုပ်ဆောင်သူက အသက်ငယ်ရွယ်သော ကလေး သရုပ်
ဆောင်။ ရုပ်ရှင်ကြည့်ကြသော ကလေးငယ် ပရိသတ်များ ဘာတွေ တွေးပြီး
ဘယ်လိုတွေ ခံစားသွားကြမည်နည်း။

တစ္ဆေများနှင့်တွေ့ဆုံခြင်း ဗွီဒီယိုဇာတ်လမ်းက သရဲဇာတ်လမ်း စစ်စစ်တစ်ခုပါ။
စိတ်ကူးယဉ်တာလည်း မဟုတ်၊ ဂရောင်ချောက်ချားမှုလည်း မဟုတ်၊ သရဲဖြစ်
နေသော ကလေးသရဲ သုံးယောက်ကို ဗဟိုပြုထားသည်။ ထို ကလေးသရဲ
များသည် ဇာတ်လမ်းထဲတွင် “အောင်ခိုင်နှင့် သန်းသန်းစိုး” တို့ လင်မယား၊
“ထွန်းထွန်းဝင်း”တို့ ဇနီးမောင်နှံ အစရှိသော သာမန်လူ (၄)ဦးကို သတ်နိုင်
သော အာဂ ကလေးသရဲ များဖြစ်ကြသည်။

လူတစ်ယောက် သေဆုံးလျှင် သရဲ ဖြစ်နိုင်သည် ဆိုလျှင် ထိုသရဲ သည်
ဘာသာရေး သွန်သင်ဆုံးမမှု (ဗုဒ္ဓဘာသာ) များအရ “မြေဖုတ်” အဆင့်
သာ ဖြစ်နိုင်သည်။ ထို မြေဖုတ်ခေါ် သရဲ သည် လူအား သတ်ဖို့ မပြောနှင့်
အနားတွင် နေထိုင်ဖို့ပင် အင်မတန် ခဲယဉ်းလှပါသည်။ လူသည် လောဘ၊
ဒေါသ၊ မောဟများ အနည်းနှင့်အများဆိုသလို ရှိသောကြောင့် လူ၏ အပူရှိန်ကို
ထို မြေဖုတ် ခေါ် သရဲသည် လုံးဝ မခံနိုင်ပါ။ ထားပါတော့ လူသေလျှင် အစွဲ
အလမ်းကြောင့် သရဲ ဖြစ်နိုင်သည်။ ထိုသရဲသည် မကျွတ်မလွတ်ပဲ သက်တမ်း
ရှည်ကြာလာပါက “သဘက်” အဆင့်သို့ ရောက်ကောင်း ရောက်မည်။ ထို
“သဘက်” သည်လည်း လူကို အသက်ဆုံးရှုံးအောင် အထိတော့ ဒုက္ခ မပေးနိုင်ပါ။

အသက်အရွယ်အရ ငယ်ရွယ်သော ကလေးငယ်များ သေဆုံးလျှင် အစွဲ
အလမ်းကြောင့် ဖြစ်သော သရဲကို ဘာသာရေး ဆိုင်ရာ စာအုပ်များတွင်
“မှင်စာ” ဟု ဖော်ပြထားသည်။ ထို “မှင်စာ” ဟု ခေါ်သော သတ္တ၀ါသည်
အိမ်မွေးတိရစ္ဆာန် “ကြောင်” လောက်သာ ရှိသော အရွယ်အစား ဖြစ်သည်။
သူတို့သည် လူကို တိုက်ခိုက်ဖို့ ဝေးစွ၊ အကြောင်းတိုက်ဆိုက်၍ ခြောက်လန့်
ဖို့ပင် တော်တော် မဖြစ်နိုင်သော ကိစ္စ ဖြစ်သည်။ နာနာဘာဝ ဆိုင်ရာ သုတေသီ
များ၏ မှတ်တမ်း အတော်များများတွင် ထို “မှင်စာ” ခေါ် ကလေးသရဲ များသည်
ဘာသာရေးဆိုင်ရာ အဆောက်အဦးများ၏ အ၀န်းအ၀ိုင်း၌သာ ရှိတတ်သည်ဟု
ဖော်ပြထားသည်။ သာမန်လူများအကြား၌ မှင်စာ မပြောနှင့် သရဲထက် ကြီးသော
“သဘက်”များပင် နေဖို့ များစွာ ခက်ခဲသည်။ လူသည် အတ္တကြောင့် ပရိဒေဝ
မီးများ လောင်းကျွမ်းနေသူများသာ ဖြစ်သည်။ ဘာသာရေး အဆောက်အဦးများ၊
တရားစခန်းများ၌ ရှိသော ဘာသာရေး အားထုတ်သူများသာလျှင် ထို ပရိဒေ၀မီး
သိပ်မရှိပေ။ ထိုကြောင့် မကျွတ်မလွတ်သော ထို မြေဖုတ် အနွယ်ဝင်များသည်
ငြိမ်းချမ်းအေးမြသော ထိုနေရာများတွင် သူတို့ ခံစားနေရသည့် ၀ဋ်ဆင်းရဲမှ
ကင်းလွတ်ရေးအတွက် မှီခို အားထား နေထိုင်ရသည်။ လမ်းများ၊ အဆောက်
အဦးဟောင်းများ၌လည်း ယင်းတို့ နေထိုင်နိုင်သည်။ သို့သော် လူကို ခြောက်
လန့် ယုံမှ တပါး အသက်ဆုံးရှုံးသည့် အဆင့်အထိ ဒုက္ခ မပေးနိုင်ပေ။

အနုပညာ ဖန်တီးမှုအရ ဖြစ်စေ၊ စီးပွားရေးအရ ဖြစ်စေ သရဲ ဇာတ်လမ်း ရိုက်ကူး
ဖြန့်ချီသူများအနေဖြင့် ….
အသက်အရွယ်အရ ငယ်ရွယ်သူများ မကြည့်ရ
နှလုံးရောဂါ ဝေဒန
ာသည်နှင့် မွေးဖွားခါနီး ကိုယ်ဝန်ဆောင်သည်များ မကြည့်ရ
အစရှိသော စာတန်းများကို ဗွီဒီယို ဇာတ်လမ်းခွေ၏ အစပိုင်းတွင် ထင်ထင်ရှားရှား
ဖော်ပြ ပေးသင့်ပါသည်။

ယနေ့ခေတ် မြန်မာပြည်မှ ကလေးငယ်များသည် အကြောက်တရားနှင့် ပက်သက်
၍ ခွဲခြားစိတ်ဖြာဖို့ အခက်အခဲ များစွာရှိနေသည်ကို အနုပညာရှင်များ အနေဖြင့် သတိ
ပြုသင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် ယင်းတို့၏ မိဘများ၊ ကျောင်းတွင် ပညာ
သင်ပေးသော ဆရာ၊ ဆရာမများ ကိုယ်တိုင်ပင် အာဏာရှင် စနစ်ဆိုးအောက်
တွင် မွေးဖွားလာသော မျိုးဆက်များ ဖြစ်နေပါသည်။ ထို့ကြောင့် အကြောက်တရား
များကို လက်ဆင့်ကမ်း သယ်ဆောင်နေရသည့် ယနေ့ခေတ် မျိုးဆက်သစ် လူငယ်
များ၊ ကလေးငယ်များအတွက် အနုပညာရှင်များ အနေဖြင့် များစွာ သတိထား
လုပ်ဆောင်သင့်ပါသည်။

မြန်မာ့သရဲတစ္ဆေ ရိုက်ကူး ထုတ်လုပ်သူများ စည်းကမ်းရှိကြပါစေ

Oct 23, 2009

ကျွန်တော်သိခဲ့သော တရားစီရင်ရေး စနစ်

ရေးသူ- စစ်ငြိမ်းဒီရေ



(၂၂.၁၀.၂၀၀၉) ကြာသာပတေးနေ့ ညဖက် BBC မြန်မာဌာန၏ ခေတ်
အမြင် ခေတ်အရေး ဆွေးနွေးခန်းတွင် ကျနော် ပါဝင် ဆွေးနွေးခဲ့သော
အချက်အလက်များကို ပြန်လည် တင်ပြပါသည်။ (စာရေးသူ)
…… ….. …

အများပြည်သူအတွက် မြန်မာ့တရားစီရင်ရေး စနစ်

ကျနော့် အမြင်ကတော့ မြန်မာနိုင်ငံမှာ တရားစီရင်ရေး စနစ်နဲ့ ပက်သက်ပြီး
ကျနော်တို့ တိုင်းပြည်က ပြည်သူတွေသည် တရား ဥပဒေရဲ့ အပြစ်ပေးတာကိုဘဲ
ခံယူနေရပါတယ်။ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်ခြင်းကို လုံးဝ မခံစားရပါ
ဘူး။ တရားဥပဒေကြောင့် ပြည်သူတွေရဲ့ ဘ၀ နစ်မွန်းတာတွေ အများကြီးရှိပါတယ်။
ဒီလိုဖြစ်ရပ်တွေနဲ့ ပက်သက်ပြီး ကျနော့်ဘ၀ အတွေ့အကြုံတချို့ကို ပြောပြပါ့မယ်။

၁၉၉၀ ခုနှစ်မှာ နိုင်ငံရေး အကျဉ်းသားအနေနဲ့ ကျနော် အင်းစိန်တွဲဖက်ထောင်ကို
ရောက်ခဲ့ပါတယ်။ အင်းစိန်တွဲဖက်ထောင် ကျနော်တို့ အခန်းတွေရဲ့အပေါ်ထပ်မှာ ထိုင်း
နိုင်ငံက “ငါး” လာခိုးပြီး အဖမ်းခံရတဲ့ ထိုင်းလှေသားတွေ ရှိပါတယ်။ အဖမ်းခံရတဲ့
သူတို့ထဲမှာလည်း တခါတလေကြရင် ဗမာလူမျိုးတွေ ပါဝင်တတ်ပါတယ်။ အဲဒီမှာ
တနေ့ကြတော့ လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူ့ အမည်က “ကိုထွန်းအေး”
လို့ ခေါ်ပါတယ်။ အဲဒီအချိန်က အင်းစိန်တွဲဖက်ထောင်ထဲမှာ ကျနော် အပါအ၀င် အမိန့်
မချရသေးတဲ့ အခြေခံပညာ ကျောင်းသားတွေ အများကြီး ရှိပါတယ်။ ကျနော်တို့က
ရေချိုး ရမယ့်အချိန်မှာ ကိုယ့်ထမင်းစား ပန်းကန်နဲ့ ရေချိုး ရပါတယ်။ အဲလို ရေချိုး
ချိန်မှာ “ရေ” ဘယ်နှစ်ခွက် ခပ်ဖို့ “တစ်၊နှစ်၊သုံး၊လေး” ရေတွက်တယ်၊ နေ့လည်စာနဲ့
ညစာကို လိုက်ဝေပေးတဲ့ အလုပ်ကို ကိုထွန်းအေး က လုပ်ရပါတယ်။

ကိုထွန်းအေးက လူသတ်မှုကို ကျူးလွန်ခဲ့သူ ပါ။ သူ့အမှုက တော်တော်လေး
ဟိုးလေးတကျော်ကျော်ဖြစ်ပြီး သူ့ကို “ပဲခူးထောင်” မှာလည်း ထားလို့မရ၊
အင်းစိန်ထောင်ရဲ့ “Main Jail” မှာလည်း ထားလို့မရ၊ သူ့ကို ကျနော်တို့ အင်းစိန်
တွဲဖက်ထောင်ရဲ့ အပေါ်ထပ်မှာ ရှိတဲ့ ထိုင်းလှေသားတွေထဲမှာ လာထားပါတယ်။
ထိုင်းနိုင်ငံသားတွေနဲ့ အတူတူ နေခိုင်းပါတယ်။ သူ့အမှုက ဘယ်လို ဖြစ်သလဲ
ဆိုတော့ ပဲခူးမြို့နယ် အမှတ်(၁) တရားရုံးမှာ ၁၉၉၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အမှုပါ။
သူက ပဲခူးမြို့နယ် ဈေးထဲ လူမြင်ကွင်းရှေ့တွင် ၁၉၈၈ ခုနှစ်တွင် မြန်မာပြည်၌
ထွက်ခဲ့သော “ချဲ ဂဏန်း” “၉၁၆” ဆိုတဲ့ ချဲဂဏန်းကို ချဲပေါက်ပြီး အလျော် (ပိုက်ဆံ)
မရ ခဲ့ပါဘူး။ ၁၉၉၀ ခုနှစ်မှာ ကိုထွန်းအေးက သူ့ကို ပိုက်ဆံ မပေးလျော်ခဲ့တဲ့ ချဲဒိုင်ကို
သူကိုယ်တိုင် လူမြင်ကွင်းမှာ သတ်ခဲ့ပါတယ်။ သတ်လည်း သတ်ရော အဲဒီအမှုက
ပဲခူးမြို့နယ် အမှတ်(၁) တရားရုံးကို ရောက်သွားပါတယ်။

ပဲခူးမြို့နယ် အမှတ်(၁) တရားရုံးက တရားသူကြီးက ကိုထွန်းအေးကို လူသတ်မှုနဲ့
ပက်သက်ပြီး တရားခွင်မှာ ထောင် (၃) နှစ် အပြစ်ပေးပါတယ်။ အဲလိုပုံစံ တရားသူကြီး
က ဆုံးဖြတ်တော့ တရားလို (အသတ်ခံရတဲ့ဖက်) က “လူတစ်ယောက်လုံး လူမြင်ကွင်း
ရှေ့မှာ အသတ်ခံရတာကို ထောင်(၃) နှစ်ဘဲ အပြစ်ပေးပါလား” ဆိုပြီး စောဒက တက်
ပါတယ်။ အဲလိုလည်း စောဒကတက်တော့ ကိုထွန်းအေး ကျနော်တို့ကို ပြောပြတာက
သူ့ကို တရားရုံးထဲကနေ ရဲက လက်ထိပ်နဲ့ ထုတ်သွားလို့ ရုံးအပြင်ကို ရောက်နေပါပြီ။
တရားသူကြီးက ဘာလုပ်သလဲ ဆိုတော့ ရဲ ကို လှမ်းပြောပါတယ်။ အဲဒီ တရားခံကို
ပြန်ခေါ်ခဲ့ဆိုပြီး ခေါ်ခိုင်းပါတယ်။ ပြီးတော့ ငါ အမိန့်ချထားတာကို ပြန် ပြင်တယ်။
“အဲဒီတရားခံကို အမှုမှ ကွင်းလုံးကျွတ် လွှတ်စေ” လို့ အမိန့်ကို ပြန်ပြင်ပြီး ချမှတ်
လိုက်ပါတယ်။ အဲဒီတော့ ပဲခူးတိုင်း တရားရုံးဝင်းထဲမှာ ရှိတဲ့လူတွေ ရုတ်ရုတ်
သဲသဲ ဖြစ်သွားပါတယ်။ အမိန့်ချတဲ့ တရားရုံးခန်းရှိရာကို လူတွေ အများကြီး
ပြေးလာပြီး ကြည့်ကြပါတယ်။ ပြီးတော့ လူတွေက ဒါ မတရားဘူး ဘာဖြစ်သင့်
တယ် ဘယ်လိုဖြစ်သင့်တယ်ဆိုပြီး မကြားတကြား ပြောဆိုကြပါတယ်။ အဲဒီ
အချိန်မှာ ကိုထွန်းအေးက လက်ထိပ်ကလည်း ပြုတ်သွားပြီ အမှုကနေ ကွင်းလုံး
ကျွတ်လည်း လွှတ်သွားပါပြီ။ ဒါနဲ့ ကိုထွန်းအေးက သူ့ကို လွှတ်ပေးတဲ့ တရား
သူကြီး ကို ထိုင်ရှစ်ခိုး ပါတယ်။ ထိုင်လည်း ထိုင်ရှစ်ခိုးတော့ တရားသူကြီးက ဘာ
လုပ်လိုက်သလဲ ဆိုတော့ သူ့ကို ထိုင်ရှစ်ခိုးတဲ့ ကိုထွန်းအေးကို “ကိုထွန်းအေးဟာ
တရားရုံး ကို ပမာမခန့် ပြုတယ်” ဆိုပြီးတော် ထောင် (၆) လ အပြစ်ပေးလိုက်
ပါတယ်။ အဲဒီ ကိုထွန်းအေးကို အင်းစိန်တွဲဖက်ထောင်မှာ ကျနော်ကိုယ်တိုင်
တွေ့ခဲ့ သိခဲ့တာပါ။

(မှတ်ချက်။ ။ ကိုထွန်းအေး သူ့အကြောင်း ပြောပြခါစတွင် သူ့စကားကို ကျနော်
တို့ မယုံကြည်ခဲ့ပါဘူး၊ အဲဒီအချိန်တုန်းက ထောင်ထဲရောက်နေတဲ့ ကျနော်တို့
အ.က.သ တွေထဲမှာ အင်းစိန်ထောင် ၀န်ထမ်းတစ်ဦးရဲ့ တူတော်စပ်သူ တစ်ဦး
ပါဝင်ပါတယ်။ သူ့ဆီကို သူ့ ဦးလေး ထောင်ဝန်ထမ်းက ထောင်ထဲမှာ လာလာ တွေ့
ပါတယ်။ ကျနော်တို့ကို အကျဉ်းထောင်ဝန်ထမ်း ဖြစ်တဲ့ ဦးလေးကြီးက ပြောပြမှ
ကိုထွန်းအေး ဖြစ်စဉ်ကို ကျနော်တို့ လက်ခံခဲ့တာပါ။ ထောင်ဝါဒါတွေကြားမှာလည်း
သူ့သတင်းက ဟိုလေးတကျော်ကျော် ပါ။ ကိုထွန်းအေးတို့ မိသားစုက အရမ်းဆင်းရဲ
ပါတယ်။ ပဲခူးဈေးလေးရဲ့ အစွန်းမှာရှိတဲ့ ဈေးတဲ အဟောင်းလေး တစ်ခုကို အိမ်ပုံစံ
လုပ်ပြီ နေရတဲ့ မိသားစုပါ။ သူ ထောင်ကျနေချိန်မှာ သူ့ကို ထောင်ဝင်စာ လာ မတွေ့
နိုင် ပါဘူး။ ဒါကြောင့် ကိုထွန်းအေးက ကျနော်တို့ အ.က.သ ကျောင်းသားတွေရဲ့
အင်္ကျီတွေ လျှော်ဖွတ်ပေးတာတို့ ဘာတို့ လုပ်ပေးပြီး ကျနော်တို့ ထောင်ဝင်စာမှာ
မိသားစုဆီက ရလာတဲ့ ငါးပိကျော် ငါးခြောက်ကျော်တို့ လာကပ်စားရတဲ့ အကျဉ်း
သား တစ်ဦးပါ။ ဒီအကြောင်းကို BBC ဆွေးနွေးခန်းမှာ ကျနော် ထည့်မပြောခဲ့ပါဘူး။)

ပြီးတော့ တရားစီရင်ရေးနဲ့ ပက်သက်ပြီး လူတစ်ယောက် တွေ့ခဲ့ဖူးပါတယ်။
သူက ဗဟန်းမြို့နယ် တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ “တိုင်းပြည်
က နုနု မုန်တိုင်းက ထန်ထန်” စာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာ မြတ်ထန်
တင်မောင်ရဲ့သား ဦးဗညားတင်မောင် ပါ။ ၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်မှာ စစ်ထောက်
လှမ်းရေးက အခြေခံပညာကျောင်းသားတွေကို ဖမ်းပြီး တရားရုံးတင်ပါတယ်။
အခြေခံပညာကျောင်းသားတွေက အသက် (၁၈- နှစ်) မပြည့်သေးတဲ့ သူတွေပါ။
ကျနော်မှတ်မိသလောက်တော့ တရားသူကြီး ဦးဗညားတင်မောင်က သူ့တရားရုံး
ကိုရောက်လာတဲ့ ကျောင်းသားတွေထဲက (၁၀) ယောက်ကျော် နီးပါးကို ခံဝန်နဲ့
လွှတ်ပေးခဲ့ပါတယ်။ အဲဒီလို ကျောင်းသားတွေဖက်က ရပ်တည်ပြီး သက်ညှာခဲ့တဲ့
ဦးဗညားတင်မောင် ကို နောက်ပိုင်းမှာ စစ်စိုးရက (forced to retire) ဇွတ်အတင်း
ပင်စင် ပေးခဲ့ပါတယ်။

ဒီကိစ္စတွေက ကျနော်ကိုယ်တိုင် တွေ့ကြုံခဲ့တဲ့ တရားစီရင်ရေးနဲ့ ပက်သက်တဲ့
အတွေ့အကြုံတွေ ပြန်ပြောပြတာပါ။ ကျနော်တို့ တိုင်းပြည်မှာ တရားစီရင်ရေးစနစ်
ဆိုတာ လုံးဝ မရှိပါဘူး။ ကျနော် မြန်မာပြည်က အသက် (၂၇) နှစ်မှာ ထွက်လာခဲ့
ပါတယ်။ ကျနော် သိသလောက်ကတော့ မြန်မာပြည်က တရားဥပဒေဆိုတာ ပြည်သူ
တွေကို ကာကွယ်စောင့်ရှောက်တာ မဟုတ်ဘဲ အပြစ်ပေးနေတဲ့ အရာလိုပဲ သိထားပါတယ်။

Oct 22, 2009

သခင်အုန်းမြင့် ကိုယ်ရေးအကျဉ်း

ရေးသူ- ထွန်းဝင်းငြိမ်း



မွေးသက္ကရာဇ်- ၁၉၁၈၊ ဧပြီလ ၂၈ ရက်။
မိဘအမည်- ဦးမိုးကောင်း၊ ဒေါ်အေးတင်။
ဇာတိ- လက်ပံတန်းမြို့နယ်၊ ပဲခူးတိုင်း။
ဇနီး- ဒေါ်မြမြ (ကွယ်လွန်)
လိပ်စာ- အမှတ်(၃)(ဘီ)၊ သုခ၀တီလမ်း၊ ကမ္ဘာအေး၊ ရန်ကင်းမြို့နယ်။

၁၉၃၃၊ နိုဝင်ဘာ…
တို့ဗမာအစည်းအရုံး ကြွေးကြော်သံ စာရွက်များ ဖြန့်ဝေခြင်းဖြင့် နိုင်ငံရေး
နယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့။
၁၉၃၄၊ မတ်လ- ၁၀ တန်းအောင်။
၁၉၃၄၊ အောက်တိုဘာ- ရန်ကုန်သို့ ရောက်၊ ရေကျော် နှင်းပန်းလမ်းတွင်
ဂျာနယ်ကျော် ဦးချစ်မောင်နှင့် အတူနေ။
၁၉၃၆- “မမြန်မမာသော နှေးပျော့များ” ဆောင်းပါး၊ မြန်မာ့ အလင်းသတင်း
စာတွင် စတင်ပါရှိ၊ ဈေးနှုန်းသတင်းစာတွင် ဆယ့်နှစ်ရာသီပြုံး၊ မြင့်အုန်း အမည်
များဖြင့် အခန်းဆက် ၀တ္ထုရှည်၊ ဆောင်းပါးများ ရေးသားခဲ့။
၁၉၃၇၊ ဧပြီ- ပုသိမ်တွင် ကျင်းပသော တတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ကွန်ဖရင့် တက်ရောက်။
၁၉၃၈၊ ဇွန်- တိုးတက်ရေးသတင်းစာတွင် သတင်းအယ်ဒီတာအဖြစ် ၀င်ရောက်
လုပ်ကိုင်၊ သခင်အမည် စတင်ခံခဲ့၊ ဦးချစ်မောင်နှင်အတူ ထုတ်ဝေသူနာမည်ခံ၍
ဂျာနယ်ကျော် ထုတ်ဝေ၊ ဂျာနယ်ကျော်တွင် ဆောင်းပါးများ ရေးသားခဲ့။
၁၉၃၉၊ ဇန်န၀ါရီ- ဆီးမီးခွက် ကလောင်အမည်ဖြင့် ရေးသားသော ဆောင်းပါး
တစ်ပုဒ်ကြောင့် တိုးတက်ရေးသတင်းစာ အာမခံ အတောင်းခံရ၊ တို့ဗမာ
အစည်းအရုံးဌာနချုပ် အလုပ်အမှုဆောင်ရွေးချယ်ခံရ။
၁၉၄၀၊ မတ်- အိန္ဒိယပြည်လုံးဆိုင်ရာ အမျိုးသားကွန်ဂရက်ကြီး၏ ဖိတ်ကြား
ချက်အရ ရမ်းဂါး ကွန်ဖရင့်သို့ တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်အဖြစ်
တက်ရောက်။
၁၉၄၂- ၁၉၄၅- ဖက်ဆစ်ဂျပန် ဆန့်ကျင် တော်လှန်ရေး လုပ်ငန်းများ
လုပ်ဆောင်ခဲ့။
၁၉၅၈- နိုင်ငံရေး ပုဒ်မ(၅) ဖြင့် အထိန်းသိမ်းခံရ၊ ကိုကိုးကျွန်း အပို့ခံရ။
၁၉၈၉- နိုင်ငံရေးပုဒ်မဖြင့် အထိန်းသိမ်းခံရ။
၁၉၉၆- နိုင်ငံရေးပုဒ်မဖြင့် အထိန်းသိမ်းခံရ။

(သစ္စာသတင်းဂျာနယ်မှ “အချိုးအကွေ့များထဲမှာ သခင်အုန်းမြင့် တိုးတက်ရေး
သတင်းစာ ထုတ်ခဲ့စဉ်က” ဆောင်းပါးမှ ထုတ်နုတ်ကူးယူ ဖော်ပြပါသည်။)

Oct 21, 2009

အမာရွတ်နှင့် လူ

ဘာသာပြန်- ကျော်အောင်

(ဆရာကျော်အောင် ဘာသာပြန်သော ဆမ်းမားဆက်မွမ်၏ ၀တ္ထုတိုများစာအုပ်မှ
ထပ်ဆင့်ကူးယူဖော်ပြပါသည်။)

ka1

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၁၅)

15

Oct 20, 2009

ရုပ်ရှင်များ (၅)

ရေးသူ- စစ်ငြိမ်းဒီရေ

(၁၅)
ဒီပို့စ်မှာတော့ ရုပ်ရှင်ကား အများကြီးကို မညွှန်နိုင်သေးပါဘူး။
တချို့လင့်ခ်တွေက download နှေးတာ၊ အပိုင်းများတာကြောင့် ပြန်စစ်နေရ
ပါတယ်။ အခုလောလောဆယ် ရှာဖွေရသလောက် တင်ပြလိုက်ပါတယ်။



တရုတ်ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ထူထောင်ခြင်း နှစ်(၆၀)ပြည့် အထိမ်းအမှတ်
ဖြင့် နာမည်ကြီး တရုတ် အနုပညာရှင် သရုပ်ဆောင်အများအပြား ပါဝင်တဲ့
The founding of a republic ဆိုတဲ့ ရုပ်ရှင်ကားကို အင်တာနက်ပေါ်မှာ
အစအဆုံး အခမဲ့ ကြည့်လို့ရတဲ့ လင့်ခ်ကို အသိပေးချင်လို့ပါ။
အောက်က လင့်ခ်မှာ ကြည့်လို့ ရပါပြီ။
http://xtshare.com/toshare.php?Id=19427

ကျေးဇူးပြု၍ ….
နာမည်ကြီးနေတဲ့ ရုပ်ရှင်ကားကို အလကားကြည့်လို့ရအောင် စေတနာနဲ့ ညွှန်
ပေးတာပါ။ တော်ကြာ ကျနော့်ကို ဒီကောင် နီသွားပြီ၊ ဖြူသွားပြီ ဆိုတဲ့ ခေါင်းစဉ်
တွေ မချီးမြှင့်ကြပါနဲ့ ဗျာ၊ ကျေးဇူးတင်ပါတယ်။

(ဤမျှသာ။)

(း)၀စ္စနှစ်လုံးပေါက် ပျောက်ဆုံးခြင်း



(း)၀စ္စနှစ်လုံးပေါက်ကို ချစ်တတ်ဖို့
ကျွန်တော့်အဘိုးက ကျွန်တော့်အား
အိမ်မက်ပေး၍
ကျွန်တော်က ကျွန်တော့်မြေးအား
အိမ်မက်ပေးမည်

ငါတို့ အားလုံးသည်
မြင့်မိုရ်တောင်နံဘေးရှိ
ကျွန်းကြီး လေးကျွန်းတွင် နေထိုင်ကြသည်
ငါတို့၏ ကျွန်းများပေါ်တွင်
ကျွန်း ပင် များစွာ ရှိ၍
ကျွန်း ဆိုသည့် စာလုံးပေါင်းတွင်
(း)၀စ္စနှစ်လုံးပေါက် ပါရှိရမည်
သို့သော်
တခါတရံတွင်
ထို (း)၀စ္စနှစ်လုံးပေါက်သည်
အလည်ထွက်လေ့ရှိသည်
ထို့ကြောင့်
ငါတို့ အားလုံးသည် ….။

သူက ကျွန်း ရောက်ဖူးတယ်
သူတို့က ကျွန်း ရှာကြတယ်
လူတချို့က ကျွန်း ပေါ်နေတယ်
လူအချို့က ကျွန်း ရောင်းစားတယ်
ကျွန်း မသိတဲ့ လူတွေအတွက်
ကျွန်း ရှိခဲ့သလို
ကျွန်း မရှာတဲ့ သူတွေအတွက်
ကျွန်း ရှိခဲ့တယ်။

ကျွန်း ဆိုတဲ့ သတ်မှတ်မှုမှာ
(း)၀စ္စနှစ်လုံးပေါက် ဖြုတ်လိုက်ရင်
သစ်ပင်တို့သည်
သစ်ရွက်ခြောက် ဖြစ်လာ မလား
သစ်ကိုင်းခြောက် ဖြစ်လာ မလား
ကျွန်း ဆိုတဲ့ ပြဋ္ဌာန်းချက်မှာ
(း)၀စ္စနှစ်လုံးပေါက် ပြုတ်ခဲ့ရင်
နေစရာတို့သည်
ရေပေါ်မှာ ပေါ်ပါ့ မလား
ရေပတ်လည် ပျောက်သွား မလား။

သေချာတာ တစ်ခုကတော့
ကျွန် ဆိုတဲ့ စကားလုံးမှာ
(း)၀စ္စနှစ်လုံးပေါက် ရှာတွေ့နိုင်ဖို့
(း)၀စ္စနှစ်လုံးပေါက် လုယူနိုင်ဖို့
စပါတာကတ်သည် ဘယ်တော့မှ မသေ
ရေရာတာ တစ်ခုကတော့
ကျွန်း ဆိုတဲ့ ဖွင့်ဆိုခြင်းတွင်
(း)၀စ္စနှစ်လုံးပေါက် ကုန်ဆုံးခဲ့ရင်
(း)၀စ္စနှစ်လုံးပေါက် ပျောက်ဆုံးခဲ့ရင်
စပါတာကတ် ထာဝရ သေပြီ။

(း)၀စ္စနှစ်လုံးပေါက်ကို ချစ်တတ်ဖို့
ကျွန်တော့်အဘိုးက ကျွန်တော့်အား
အိမ်မက်ပေး၍
ကျွန်တော်က ကျွန်တော့်မြေးအား
အိမ်မက်ပေးမည်။ ။


-စစ်ငြိမ်းဒီရေ

Oct 17, 2009

(၂၇.၃.၁၉၈၉)နေ့ သို့မဟုတ် မှော်ဆရာနှင့် ကြွေအံကစားခြင်း (၃)

ရေးသူ- စစ်ငြိမ်းဒီရေ



ယခင် အပိုင်း(၂)မှ အဆက် …

ကျနော်တို့အားလုံး အစိတ်စိတ်အမြွာမြွာ ပုံသဏ္ဌာန် ကွဲထွက်သွားပါတယ်။
တချို့လည်း ကန်ဘဲ့ သံလမ်းဖက်ကို ပြေးတယ်၊ တချို့လည်း ကန်ဘဲ့ဈေးနဲ့
ဘူတာရုံဖက်ကို ပြေးတယ်၊ တချို့လည်း ကျောက်ကုန်း ကုန်းပေါ်တက်တဲ့ ကား
လမ်းမကြီးအတိုင်း တက်ပြေးကြတယ်။ ကျနော်အပါအ၀င် ကျောင်းသား လေး
ငါးယောက်က ကျောက်ကုန်းက လမ်းသွယ်တွေထဲ ၀င်ပြေးခဲ့ကြပါတယ်။

သေနတ်သံကြောင့် အိမ်တိုင်းလိုလို ခြံတိုင်းလိုလိုက လူတွေ အိမ်ပေါက်ဝ ခြံပေါက်
ဝတွေမှာ ထွက်ကြည့်နေကြပါတယ်။ ကျနော့်သူငယ်ချင်း က ကျောပိုးအိတ်တစ်ခု
နဲ့ပါ။ ဒါနဲ့ သူ့ကို အရေးထဲဆို ဒီကျောပိုးအိတ်ကြီးက ဘာတွေထည့်ထားလဲလို့ မေး
လိုက်တော့မှ အိတ်ထဲမှာ အ.က.သ (B.E.S.U) ရဲ့ ရင်ထိုးတံဆိပ်တွေ အထုပ်လိုက်
ပါလာကြောင်း သိရပါတယ်။ အဖမ်းခံရရင်တော့ သက်သေခံပစ္စည်း အပြည်အစုံနဲ့ပေါ့
လို့ ပြောရင်း ပြေးနေရပါတယ်။ ကျောက်ကုန်း ခရစ်ယာန် R.C ဘုရားကျောင်းရှိရာ
လမ်းနဲ့ ကပ်လျက် လမ်းထဲ အရောက် ပြေးရတာ အရမ်းမောလို့ ခဏအမောဖြေ မိ
ပါတယ်။ ကျနော်တို့ အမောဖြေနေတဲ့ လမ်းထဲက သက်တူရွယ်တူ လူငယ်တချို့
ကျနော်တို့ နံဘေးကို ရောက်လာပါတယ်။ ရန်ကင်း စာတိုက်မှတ်တိုင်၊ မိုးကောင်းဘုရား
ကားမှတ်တိုင် တွေမှာ စစ်ကားတွေ (တီအီး 11) အများအပြား ရောက်နေပြီလို့ သိရ
ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ကြာကြာ မနေသင့်ဘူးလို့ ဒေသခံ လူငယ်တွေက
အကြံပေး ပါတယ်။

ဒီလိုနဲ့ ကျနော်တို့ အ.က.သ ကျောင်းသားငယ် ငါးဦးတို့သည် ရန်ကင်း အ.ထ.က
(၁)ရှေ့မှာ ရှိတဲ့ “ဆယ်နှစ်လုံးတန်း ကားမှတ်တိုင်” ရှိရာဆီ ရောက်ခဲ့ပါတယ်။ ကား
မှတ်တိုင်မှာ ကားစောင့်နေတဲ့ လူအများစုကလည်း စလင်းဘတ်အိတ်တွေနဲ့ ဆိုတော့
ကျနော်တို့ အုပ်စုလည်း ကားမှတ်တိုင်ဆီသွားဖို့ စိတ်ထဲမှာ ချီတုံချတုံပါ။ ဖြစ်ချင်ရာဖြစ်
ဆိုပြီ ၁၂-လုံးတန်းမီးပွိုင့်နံဘေးမှာ မီးနီကြောင့် ရပ်နေရတဲ့ ဘတ်စ်ကားတစ်စီးပေါ်
ပြေးတက်ခဲ့ပါတယ်။ ကားပေါ်ရောက်တော့ မထင်မှတ်ဘဲ စောစောက လူစုကွဲသွားတဲ့
အ.က.သ က ကျောင်းသားတွေနဲ့ ပြန်တွေ့ရတယ်။ သူတို့လည်း ဘယ်သူ ထိသွားတယ်၊
ဘယ်သူ မိသွားတယ် စသဖြင့် ပြောပြပါတယ်။ (ကျနော်မှတ်မိသလောက် သေနတ်ထိ
သွားတဲ့ ကျောင်းသားအမည်က ပျံလွှားလို့ ခေါ်ပြီး တာမွေမြို့နယ် အ.က.သ လို့
ထင်ပါတယ်၊ သိပ်မကျိန်းသေပါ။) ဒါနဲ့ ဘာဆက်လုပ်ကြမလဲလို့ မေးကြည့်တော့
ဗဟန်းမြို့နယ် ၀င်္ကဘာလမ်းမှာရှိတဲ့ ဒီ/ငြိမ်း (ဦးနုရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အဖွဲ့
ချုပ် ပါတီ) က လုပ်တဲ့ “တော်လှန်ရေးနေ့” အခမ်းအနားမှာ လူထပ်စုမယ်လို့ သိရ
ပါတယ်။

ရွှေတိဂုံဘုရားအနီး “သုံးလမ်းမှတ်တိုင်” မှာ ဆင်းပြီး လူစုခွဲ၍ ဗဟန်းမြို့နယ်၊ ၀င်္ကဘာ
လမ်းထဲမှာ ရှိတဲ့ ဒီ/ငြိမ်း ခြံထဲကို ကျနော်တို့ ရောက်ခဲ့ပါတယ်။ ကျနော်တို့ အုပ်စု
ကန်တော်ကြီးဘက်ကနေ ၀င်္ကဘာလမ်းထဲကို ၀င်တဲ့ အချိန်ထိ အဲဒီနားမှာ စစ်တပ်
အရိပ်အရောင် ဘာမျှ မတွေ့ရပါဘူး။ ကျနော်တို့ အ.က.သ တွေ ရန်ကင်းမြို့နယ်
ကနေ ဗဟန်း ၀င်္ကဘာလမ်းရှိ ဒီ/ငြိမ်း ခြံထဲကို နှစ်ယောက် တစ်အုပ်စု၊ သုံးယောက်
တစ်အုပ်စုနဲ့ တဖြည်းဖြည်းချင်း ရောက်လာပါတယ်။ ကျနော်တို့ ရောက်ပြီး သိပ်မကြာ
ခင် အချိန်မှာ ဒီ/ငြိမ်း အဖွဲ့ချုပ်က သူတို့ အခမ်းအနားကို ပြုလုပ်နေပါတယ်။
အဲသည့်ခြံထဲကို ၀င်ဝင်ခြင်းမှာ တဲအကြီးကြီး တစ်လုံးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်
အိမ်ဝန်းထဲကလို ခပ်ဆင်ဆင်ပါပဲ။ ရုံးနဲ့ အခမ်းအနားတွေ ပြုလုပ်တဲ့ နေရာလို့ သိရ
ပါတယ်။ အခမ်းအနားကို အဲသည့်တဲကြီးထဲမှာ စ’လုပ်တော့ တဲထဲမှာ လူက အပြည့်
ဖြစ်နေပါတယ်။ ဒါကြောင့် ကျနော်တို့ အ.က.သ က ကျောင်းသားငယ်တွေက တဲအပြင်
မှာပဲ ခုံတွေခင်းပြီး ထိုင်ရပါတယ်။ တဲထဲမှာ အခမ်းအနားလုပ်နေတဲ့သူတွေက အသက်
အရွယ်အားဖြင့် လွတ်လပ်ရေး လှုပ်ရှားမှုခေတ်မှာ ပါဝင်ပက်သက်ခဲ့တဲ့ အသက်အရွယ်
အနေအထားတွေပါ။ အခမ်းအနားပြုလုပ်တဲ့ လူကြီးတစ်ဦးက လည်ပင်းမှာ စံပယ်ပန်းကုံး
တစ်ကုံးကို ဆွဲထားလို့ အ.က.သ လုံ/စည်း တာဝန်ခံတစ်ဦးကို ကျနော်က သူတို့
လည်း ပန်းကုံးတွေ ဘာတွေ ရတယ်ကွ … မင်းကိုလည်း ငါတို့ ပန်းကုံးစွပ်ပေးမယ်လို့
နောက်လိုက်ပါတယ်။

အခမ်းအနား စ’လို့ ဆယ့်ငါးမိနစ် လောက် ကြာတဲ့ အချိန်လို့ ထင်ပါတယ်။ စစ်ကား
တွေ ဒီ/ငြိမ်း ခြံရှေ့ကို တဝေါဝေါ ရောက်လာပါတယ်။ ဒါကြောင့် ခြံတံခါးကို ပိတ်ထား
လိုက်ပါတယ်။ စစ်တပ်က အရာရှိတစ်ယောက် ဆင်းလာပြီး တာဝန်ရှိသူနဲ့ စကားပြော
ချင်တယ်လို့ ပြောပါတယ်။ ခြံထဲက လူကြီးတွေရော ကျနော်တို့ အ.က.သ ကျောင်းသား
တွေရော လှုပ်လှုပ် ရှားရှား ဖြစ်နေပါပြီ။ စစ်တပ်က ဒီ/ငြိမ်း ခြံရှေ့မှာ အတန်းလိုက်
တန်းစီပြီး ပစ်ဖို့ အဆင်သင့်ပြင်ပါတယ်။ ဒါကြောင့် ဒီ/ငြိမ်း အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦး
ဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးအောင်က ထွက်ပြီး စကား
ပြောပါတယ်။ ဗိုလ်မှူးအောင်နဲ့ စစ်တပ်က အရာရှိနှစ်ဦးတို့ စကားပြောနေရာကနေ
ရုတ်တရက် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက သေနတ်ထုတ်ပြီး ပစ်လိုက်ပါတယ်။

“ဒိုင်း” ဆိုတဲ့ သေနတ်သံနဲ့ ဆဲသံတွေ ပြန်ပြောသံတွေ ရှုပ်ထွေးနေပါတယ်။ အဲသည့်
အချိန်မှာ ကျနော် တို့လည်း ခြံထဲကို စစ်တပ် ဇွတ်အတင်း ၀င်ရောက်လာရင် ပြေးဖို့
ပြေးလမ်းကို ရှာနေရပါတယ်။ ခြံထဲရှိ အိမ်မကြီးရဲ့ မော်တော်ကားရပ်တဲ့ ပေါ်တီကို
အောက်မှာ ကျနော်ရောက် နေပါတယ်။ ပြဿနာဖြစ်နေတာက ခြံပေါက်ဝမှာပါ။
ဗိုလ်ကြီးအဆင့်ရှိသူက ပစ်တာပါ။ ဒါပေမဲ့ နံဘေးက ဗိုလ်မှူးအဆင့်ရှိသူက လက်ထဲရှိ
ဒိုင်ယာရီ စာအုပ်ပုံစံ စာအုပ်နဲ့ ရိုက်ချလိုက်လို့ ပစ်ချက်လွှဲသွားပြီး ထိတော့ မထိလိုက်
ပါဘူး။ သူတို့ ဆက်ပြီး စကားတွေ အချေအတင် ပြောဆိုကြပါတယ်။ နောက်တော့
ခြံထဲမှာ လုပ်နေတဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို လုံးဝ လုပ်ခွင့်မပြုနိုင်ကြောင်း၊
ခြံထဲရှိ လူတွေအားလုံး လူစုခွဲပြီး ထွက်ခွာသွားဖို့ ပြောပါတယ်။ လူစုမခွဲဘူးဆိုရင် ခြံထဲ
ကို အဲသည့်ခေတ်က စစ်တပ်ပြောနေကြစကား “အင်အားသုံး၍ ချေမှုန်းမည်” စကား
နဲ့ ရာဇာသံပေးပါတော့တယ်။ ဒါကြောင့် ဒီ/ငြိမ်း ရုံးက ကျနော်တို့ရော၊ အခမ်းအနား
ကို လာတဲ့ တခြားဧည့်သည်တွေရော၊ သူတို့ ပါတီဝင်တွေပါ ခြံထဲကနေ ထွက်ခွာ
သွားဖို့ မေတ္တာရပ်ခံလာပါတယ်။

ဖြစ်နေတဲ့ နေရာက ဗဟန်းဆိုတော့ နယ်မြေခံကျောင်းသားဖြစ်တဲ့ ကျနော်ကို ခြံထဲက
အရင်ဆုံး စ’ထွက်ဖို့ အ.က.သ လုံ/စည်း အဖွဲ့က အရေးပေါ် ဆုံးဖြတ်ပါတယ်။ ခြံ
အပေါက်ဝ သို့မဟုတ် အိမ်ပြန်ရာလမ်း တစ်နေရာရာမှာ အဖမ်းခံရမလား လွှတ်မလား
ဆိုတာ သိပ်တော့ မကျိန်းသေပါ။ ဒီလိုနဲ့ နှစ်ယောက်တတွဲဆီ တွဲပြီး ထွက်ခွာသွားဖို့
စစ်တပ်ကနေ ဒီ/ငြိမ်း အဖွဲ့မှ လူကြီးတွေကို ပြောလာပါတယ်။ ဒါကြောင့် ကျနော့်တို့
အ.က.သ အဖွဲ့ဝင် ကျောင်းသားနှင့် အ.က.သ အဖွဲ့ဝင်မဟုတ်သော တခြားလူငယ်တို့
တွဲပြီး ခြံထဲက စ’ထွက်ကြရပါတယ်။ ကျနော်လည်း ရှေ့ဆုံးက စ’ထွက် ရတော့မယ်ဆို
တော့ အတိုင်းအတာတစ်ခုအထိ လန့်နေပါတယ်။ ကျနော်နဲ့ ဒီ/ငြိမ်း အဖွဲ့က အရွယ်တူ
လူငယ်တစ်ဦးတို့ စ’ထွက်ခဲ့ကြပါတယ်။ စစ်ကား အရေအတွက်က တော်တော်ကို များ
ပါတယ်။ စစ်သားအားလုံးနီးပါး လည်ပင်းမှာ အနီပတ်တွေ စည်းပြီး မျက်နှာတွေက
တကယ့်စစ်မျက်နှာမှာ ရန်သူနဲ့ ရင်ဆိုင်နေတဲ့ ပုံစံနဲ့ ကျနော်တို့ကို ကြည့်နေပါတယ်။
ကျနော့်စိတ်ထဲမှာတော့ ဒီ/ငြိမ်း ခြံထဲမှာ ကျန်ခဲ့တဲ့ မနက်စောစော အိမ်ကထွက်တုန်း
က ကျနော်ယူလာတဲ့ စက်ဘီးစမှုန့်တံ ထည့်ထားတဲ့ ငါးမတ်တန်ဘော့ပင်ကို သတိရနေ
မိပါတယ်။ ခြံထဲကအထွက် ကျနော်ယူလာမလို့ပါ။ သူငယ်ချင်းတစ်ယောက်က မင်းအဲဒီ
ပစ္စည်းကို ဒီခြံထဲမှာ လွှတ်ပြစ်ခဲ့လို့ တိုက်တွန်းမှုကြောင့် ဘော့ပင်လေး ကျန်ခဲ့ပါပြီ။

ဝင်္ကဘာလမ်းက ကားနှစ်စီး လွှတ်ရုံသာ မောင်းလို့ရတဲ့ အကျယ်အ၀န်းပါ။ စစ်ကား
တွေက လမ်းပေါ်မှာ တန်းစီပြီး ရပ်ထားတော့ ကျန်တဲ့ လမ်းတစ်ခြမ်းက သွားရပါတယ်။
စစ်ကားအစီးပေါင်းများစွားနဲ့ တန်းစီပြီးရပ်နေတဲ့ စစ်သားတွေ၊ မျက်နှာထား တင်းတင်း
ကြည့်နေတဲ့ အကြည့်တွေအောက်က ဖြတ်သွားရတဲ့ ဒုက္ခက မသေးလှပါ။ ဘယ်စစ်ကား
ကများ ငါတို့နှစ်ယောက်ကို ကားပေါ်တင်ပြီး သေနတ်ဒင်နဲ့ ထောင်းမလဲ ဆိုတာလည်း
အာမ မခံနိုင်ပါ။ ဒီ/ငြိမ်း ခြံ ကနေ ဗဟန်းမြို့နယ် လ.၀.က ရုံး၊ ပြီးတော့ ကန်တော်ကြီး
စောင်းအထိ စစ်ကားတွေ တော်တော်များပါတယ်။ စစ်ကားတွေ တစ်စီးပြီး တစ်စီးကို
ဖြတ်ကျော်ခဲ့ပါတယ်။ လ.၀.က ရုံးရှေ့ရှိ စစ်ကားနံဘေး ဖြတ်သွားမိတော့ ကားရှေ့
ခေါင်းခန်းမှ စစ်တပ်အရာရှိက လှမ်းပြောပါတယ် …
“ငါ… မသားလေးတွေ၊ ဒီလို နိုင်ငံတော်ရဲ့ နေ့ထူးနေ့မြတ်ကြီးမှာ ဆန့်ကျင်ဖို့
ကြိုးစား ရဲတယ်၊ မ..…….လေးတွေ”

ရေခဲဆိုင်မှတ်တိုင်ရောက်မှ စိတ်ထဲ တော်တော်လေး အေးသွားပါတယ်။ ၀တ်ထားတဲ့
အင်္ကျီတစ်ထည်လုံး ချွေးတွေနဲ့ ရွှဲနေပါတယ်။ ဒီလိုနဲ့ ဘတ်စ်ကားစီးပြီး ကျနော်နေထိုင်
ရာ ဆင်းရဲသား မျက်နှာမွဲ ရပ်ကွက်လေးဆီ ပြန်ခဲ့ပါတယ်။ အိမ်ကို ရောက်တော့
အိမ်ပေါက်ဝမှာ ကျနော့် ဒုတိယမြောက် အမက စာအိတ်ကပ်ပြီးသား အိတ်ခွံတွေ
သွားပို့ခိုင်းမလို့ ကျနော့်ကို မနက်မိုးလင်းကတည်းက လိုက်ရှာနေကြောင်း အပြစ်တင်
ပြောဆို နေပါတယ်။ အဲသည့်ခေတ်က ကျနော်တို့ ညီအကိုမောင်နှမများသည်
မိသားစု စားဝတ်နေရေးအတွက် ၀င်ငွေ တဖက်တလမ်းရရန် လေယာဉ်ပျံတံဆိပ်
စာရွက်များကို စာအိတ်အဖြစ် ချိုးပြီး ကော်ကပ်တဲ့ အိမ်တွင်းမှု လုပ်ငန်း လုပ်ရ
ပါတယ်။ အမများ ပြုလုပ်ပြီးသော စာအိတ်များကို စာပုံနှိပ်တိုက်သို့ ပြန်ပို့ရာတွင်
သယ်ဆောင်ပေးရခြင်းသည် ကျနော့်တာဝန်တစ်ခုပါ။

တနေကုန်ပျောက်နေသော ကျနော်တစ်ယောက် ဘယ်တွေသွားပြီး ဘာတွေ
ဖြစ်ခဲ့သလဲဆိုတာ ကျနော့်မိသားစုသည် နောင်နှစ်ပေါင်းများစွာ ကြာသည်အထိ
မသိခဲ့ရှာပေ။

(ဤမျှသာ။)

Oct 16, 2009

(၂၇.၃.၁၉၈၉)နေ့ သို့မဟုတ် မှော်ဆရာနှင့် ကြွေအံကစားခြင်း (၂)

ရေးသူ- စစ်ငြိမ်းဒီရေ



ယခင် အပိုင်း(၁)မှ အဆက် …

ကျနော် မိုးကောင်းဘုရား ကားမှတ်တိုင်ကို စ’ရောက်တဲ့ အချိန်မှာ
အ.က.သ က သူငယ်ချင်းတချို့ကို တွေ့ရပါတယ်။ ကျနော်ကိုယ်တိုင်
သိပ်မသိတဲ့ တခြား ကျောင်းသားအဖွဲ့အစည်းက ကျောင်းသားတချို့
ကိုလည်း တွေ့ရပါတယ်။ ဒါနဲ့ နံဘေးနားရောက်နေတဲ့ လှိုင်မြို့နယ် အ.က.သ
တာဝန်ခံတစ်ဦးကို မေးကြည့်ပါတယ်။ သူလည်း “စုပေါင်း အလုပ်ဖွဲ့” အရေ
အတွက်ကို သေသေချာချာ မသိကြောင်း ပြောပါတယ်။ ဒီလိုနဲ့ ကျနော်နှင့် သူ
ပတ်ဝန်းကျင်မှာ တခြား အ.က.သ တွေကို လိုက်ရှာခဲ့ပါတယ်။ ကျနော် မှတ်မိ
သလောက် အဲသည့်ခေတ်က ကျောက်ကုန်း “ကျောင်းလမ်း” ထိပ်မှာ အလှမွေးငါး
ရောင်းတဲ့ “ရှေ့နေထွန်းထွန်း” ခြံရှေ့ဖက်ကို ရောက်ခဲ့ပါတယ်။ အဲဒီနေရာကနေ
မလှမ်းမကမ်းမှာ လက်ဖက်ရည်ဆိုင်တစ်ခုကို တွေ့ရပါတယ်။

လက်ဖက်ရည်ဆိုင်ထဲကို ကြည့်လိုက်တော့ ကချင်ပုဆိုးတွေ၊ ပင်နီအင်္ကျီတွေ
ကို ၀တ်ဆင်ထားတဲ့ လူငယ်အတော်များများကို မြင်ရပါတယ်။ သူတို့ကို မောင်ထော်
လေးလမ်းမှာ တခါမှ မတွေ့ဖူးပါ။ အ.က.သ မဟုတ်တာတော့ သေချာပါတယ်။
ဒါနဲ့ နံဘေးက သူငယ်ချင်းကို အ.က.သ စည်းမျဉ်းစည်းကမ်းအရ “ပေတရာပေါ်
ပြောက်ကျား သပိတ်” မှာ ထင်သာမြင်သာရှိတဲ့ ၀တ်စုံတွေ မ၀တ်ဖို့ မှာကြားထား
ကြောင့် ပြောပြပါတယ်။ လက်ဖက်ရည်ဆိုင်ထဲမှာ ရှိတဲ့ လူငယ်တွေဟာ တခြား
ကျောင်းသား အဖွဲ့အစည်း တစ်ခုခုကလား၊ လူငယ်တပ်ဦး (အဲသည့်အချိန်အထိ
တပ်ဦးလူငယ် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ရန်ကုန်မှာ ရှိပါသေးတယ်၊ ကျနော်
မှတ်မိသလောက်။) အဖွဲ့ တစ်ခုခုကလား ဆိုတာ ကျနော်တို့ သေသေချာချာ
မသိပါဘူး။ ထိုင်နေတဲ့ လူအရေအတွက်က စာပွဲဝိုင်း သုံး … လေးဝိုင်းလောက်
ရှိပါတယ်။ လူနှစ်ဆယ် ပတ်ဝန်းကျင်ပါ။ ကျနော်တို့ နှစ်ယောက် အဲဒီနားတ၀ိုက်
ရောက်ရှိပြီး သိပ်မကြာခင်မှာ အ.က.သ ရဲ့ မြို့နယ်တချို့က ကျောင်းသားတွေ
တစ်ယောက်ပြီး တစ်ယောက် ရှေ့ဆင့်နောက်ဆင့် ရောက်လာပါတယ်။ အ.က.သ
ရဲ့ လုံ/စည်း(လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး) တာဝန်ခံတချို့ ရောက်လာတာ
ကို တွေ့ရတဲ့ အတွက် သိပ်မကြာခင် “ပွဲ” စတော့မယ်ဆိုတာ သဘောပေါက်လိုက်
ပါပြီ။

ကျနော်နဲ့ ကျနော့်သူငယ်ချင်း တစ်ဦး (လှိုင်မြို့နယ် အ.က.သ မှ) တို့သည်
မိုးကောင်းဘုရား ကားမှတ်တိုင် မှာ ရှိနေပါတယ်။ ကျနော်တို့ ရှိနေတဲ့ ကားမှတ်
တိုင်သည် ရန်ကုန်မြို့ထဲကို သွားဖို့ စီးနှင်းလိုက်ပါရတဲ့ ဖက်အခြမ်းမှာပါ။ ကျနော်
တို့ရဲ့ ကားလမ်းတဖက်မှာ တောင်ဥက္ကလာပဖက်ကို သွားဖို့ စီးနှင်းရတဲ့ ကားမှတ်
တိုင် ရှိပါတယ်။ မိုးကောင်းဘုရား ရှေ့တည့်တည့်မှာပါ။ အ.က.သ လုံ/စည်း
တာဝန်ခံက ကျနော်တို့နှစ်ယောက်ရဲ့ နောက်ဖက်ကနေ ရုတ်တရက် ဖြတ်လျှောက်
လာတာကို တွေ့ရပါတယ်။ ဒါနဲ့ သူ့ကို ကျနော်က အဖွဲ့ ဘယ်နှစ်ဖွဲ့ ပူးပေါင်း
ထားသလဲလို့ ကပ်ပြီး မေးကြည့်ပါတယ်။ သူက လက်လေးချောင်းပဲ ထောင်ပြ
သွားပါတယ်။ အ.က.သ ရဲ့ မြို့နယ်လေးခုက ကျောင်းသားတွေလား၊ ကျောင်းသား
အဖွဲ့ လေးဖွဲ့လား ဆိုတာ မသဲကွဲပါဘူး။ ထုံးစံအတိုင်း လုပ်ဖို့ နီးလာပြီဆိုရင်
ကျနော့်ရင်ထဲမှာ စိတ်ကို တင်းထားပင်မဲ့ တဒိန်းဒိန်းတော့ ဖြစ်နေပါတယ်။

ဟိုကြည့် ဒီကြည့်နဲ့ ပတ်ဝန်းကျင်ကို လျှောက်ကြည့်နေမိပါတယ်။ နံဘေးက
သူငယ်ချင်းက ရုတ်တရက် သူ့ပခုံးနဲ့ ကျနော့်ပခုံးကို ဆတ်ခနဲ တွန်းလိုက်
ပါတယ်။ ဒါနဲ့ သူ့ဖက်လှည့်ပြီး ဘာလဲလို့ မေးငေါ့ ပြပါတယ်။ သူက နေရာ
တစ်ခုကို ကြည့်လိုက် မျက်ခုံးပင့်လိုက် လုပ်ပြနေပါတယ်။ ဒါနဲ့ သူကြည့်နေတဲ့
မြင်ကွင်း လိုက်ကြည့်မိပါတယ်။ ကျောက်ကုန်းပေါ်သို့ စတက်တဲ့ ကားလမ်ထိပ်
မှာ “အီးတူးသောင်စင်” ကားတစ်စီးကို တွေ့ရပါတယ်။ ကားရှေ့ခန်းမှာ ထိုင်နေ
တဲ့ လူနှစ်ယောက်ကိုလည်း သေသေချာချာ မြင်နေရပါတယ်။ ကားရဲ့ နံဘေး
“မိုးကာ တာလပတ်” က ကားရဲ့ နောက်ပိုင်းတစ်ဝက်ကို ဖုံးအုပ်ထားပါတယ်။
နံဘေးက သူငယ်ချင်းက ကျနော့်ကို လက်တို့ပြီး ညာဖက်ကို လမ်းလျှောက်ဖို့
အချက်ပြပါတယ်။ ကျနော်တို့ လမ်းမကြီးအတိုင်း ညာဖက်ကို ခဏလေးပဲ
လမ်းလျှောက်လိုက်ပါတယ်။ အဲ့ဒီ “အီးတူးသောင်စင်” ကားနောက်ဖက် အတွင်း
ပိုင်းကို ကြည့်လို့ရတော့ အထဲမှာ လူ လေး…. ငါးယောက် ထိုင်နေပါတယ်။
ကျိန်းသေနေပါပြီ၊ ဒီကား က …. ။ ကျနော်တို့ နှစ်ယောက်စလုံး အ.က.သ ရဲ့
လုံ/စည်း တာဝန်ခံ ဘယ်နား ရောက်နေလဲလို့ အသည်းအသန် လိုက်ကြည့်နေ
မိပါတယ်။ အချိန်က အရမ်း နီးနေပါပြီ။

“သပိတ် … သပိတ် .. မှောက် …မှောက်”
ဆိုတဲ့ အသံနဲ့အတူ ကျောင်းသားနှစ်ဦးဟာ ခွပ်ဒေါင်းအလံကို တစ်ဖက်ဆီကိုင်
ပြီး ကျနော့်တို့ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ မိုးကောင်းဘုရားဝင်ပေါက်တည့်တည့်
က ကားမှတ်တိုင်မှာ ခေါက်တုတ်ခေါက်ပြန် စတင် ကြွေးကြော် ကြပါတော့တယ်။
သူတို့နှစ်ဦး ဟိုဖက် သည်ဖက် ခေါက်တုတ်ခေါက်ပြန် ကြွေးကြော်နေစဉ် အတွင်း
မှာပဲ အနီးနားတ၀ိုက် ရောက်ရှိနေတဲ့ ကျောင်းသားတွေ သူတို့နဲ့အတူ ပူးပေါင်းဖို့
ကားလမ်းကို အရေးတကြီး ကူးလာနေပါပြီ။ ကျနော်တို့ နှစ်ယောက်လည်း ကား
လမ်း ကူးဖို့ ဘယ်ညာ ကြည့်နေဆဲပါ။

“ဒိုင်း … ဒိုင်း”
ဆိုတဲ့ သေနတ်သံ နှစ်ချက် ရှေ့နောက်ဆင့်ပြီး ထွက်ပေါ်လာပါတယ်။
ရှစ်ဆယ့်ရှစ် စက်တင်ဘာ အာဏာသိမ်းခဲ့တဲ့ ကာလကနေ စ’ ရေတွက်ရင်
ခြောက်လအတွင်း ပထမဦးဆုံး ကျနော်တို့ ပြန်ကြားလိုက်ရတဲ့ သေနတ်သံ
ပါ။ အလံကိုင်ထားတဲ့ ကျောင်းသားတစ်ယောက် ကျနော်တို့ မျက်စိရှေ့တည့်
တည့်မှာ ပုံလျက်သာ လဲကျသွားပါတယ်။ ရပ်ထားတဲ့ အီးတူးသောင်စင် ကား
ပေါ်က လူတွေဆီကနေ လှမ်းပစ်လိုက်တာပါ။ အဲဒီလူတွေလည်း သူတို့နှစ်ဦး
ဆီ သေနတ်အတိုတွေ ကိုင်ပြီး ပြေးလာနေကြပါပြီ။

“ပြေး … ပြေး … ပြေး”
ဆိုတဲ့ အသံတွေ ကျနော့်နားထဲမှာ ရှုပ်ရှက်ခတ်နေပါတယ်။ သေနတ်သံကြောင့်
ပတ်ဝန်းကျင်မှာ ရှိတဲ့ အခြားပြည်သူတွေလည်း ပြေးလွှား ကြပါတော့တယ်။
ကျနော့်နံဘေးက သူငယ်ချင်းက ရုတ်တရက် ကြောင်တောင်တောင် ဖြစ်သွားတဲ့
ကျနော့်ကို ဇွတ်အတင်း ဆွဲပြီး စ’ပြေးမှ ကျနော်လည်း သတိဝင်လာပါတယ်။

(ဆက်ရန်။)

Oct 14, 2009

အဖြူရောင်ငြိမ်းချမ်းရေး ၀ိညာဉ်သို့


ထောင်ဒဏ် ၅၉ နှစ် မတရား ချမှတ်ခံနေရစဉ် ၂၀၀၆ ခုနှစ်
တွင် ကျဆုံးကွယ်လွန်ခဲ့သူ ကျောင်းသားခေါင်းဆောင်
ကိုသက်ဝင်းအောင်


(မှတ်ချက်။ ။ ကိုသက်ဝင်းအောင် ကျဆုံး ကွယ်လွန်ခြင်း သုံးနှစ်ပြည့်
အထိမ်းအမှတ်၊ အမှတ်တရ စာများ စုစည်းဖော်ပြနိုင်ရေးအတွက်
(၁၅.၁၀.၂၀၀၉)နေ့ နောက်ဆုံးထား၍ ကိုအိုးဝေအောင်၏ အီမေးလ်လိပ်စာ
oway88@gmail.com သို့ ရေးသား ပေးပို့နိုင်ပါသည်။)


“အဖြူရောင်ငြိမ်းချမ်းရေး ၀ိညာဉ်သို့”

အဖြူရောင်ဝိညာဉ် သို့…….
အာဇာနည်ဆိုတာ…
ငါ့မြေ ငါ့ရေ
ငါ့နိုင်ငံအတွက်
ဘယ်ခရီးရောက်ရောက်
ဘယ်နည်းပေါက်ပေါက်
ငါသေချင်သေ
ငါမွဲချင်မွဲပါစေတော့
ရင်ထဲက အပူကို တွေးပူကာ မလွမ်း
ငါ့နိုင်ငံ ငါ့လူမျိုးအတွက်
ငါပြေးလေရာ လမ်းခရီးမှာ
အသိဗလာမဟုတ်
ငါပြုတဲ့ကံ ငါခံလို့
ဒီခရီး နီးအောင်
ဘဝကိုနှစ် (အချစ်ကိုပစ်ပြီး)
မျက်ရည်များကို လည်စင်းခံ
သေမယ့်ရက်ကို လက်ရေချိုးလို့
ရှေ့ဆောင်လမ်းပြ
ဘဝမလှပဲ ကြွေလွင့်ကြရသော်ငြား
လူသာသေသည် နာမည်မသေပါ…
အာဇာနည်မျိုး သေရိုးထုံးစံမရှိပါ…..။

အဖြူလွလွ ကောင်းကင်ပေါ်က
ငြိမ်းချမ်းရေးရဲ့ ဝိညာဉ်
နှဖူးပြင် ခပ်တင်းတင်းနဲ့
ဘဝကိုဖက်နဲ့ထုပ်
ဗျာပါဒကို ခဝါချ
ဟေ့ ဒါငါတို့နိုင်ငံအတွက်ကွလို့
မိဘကိုမငဲ့
မောင်နှကိုမညှာ
သာမည ဘဝနဲ့ နံရံလေးဖက်ကြား
(၂၀၀၆) အောက်တိုဘာမှာ
ဆို့… နစ်…. ကြေကွဲစွာ…..
ဘဝကို စတေးသွား……။

သံသရာမှာ….
ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမလား
ဒီနေ့ ဒီကံ နင်ပြတ်စေ
ဒီနေ့ ဒီက နင်သွားစေ
မတရားသမှု နင်တို့ပြုတို့
ပန်းခြွေတဲ့ လူသတ်လက်တွေမှာ
ကျောင်းသားခေါင်းဆောင်
ကိုသက်ဝင်းအောင်
ထောင်ဒဏ်က(၅၉)
အသက်တွင်(၃၄)
လူသားချင်း စာနာစိတ်မမွေး
တိမ်းရက် စိမ်းရက်
သတ်ရက်ကြတယ်
ဘယ်အရာဘယ်အတွက်
ဘယ်အညှိုးနဲ့များ
ပြိုပျက် လို့ ရက်စက်စေခဲ့သလဲကွယ်…။

အကြွေစောတဲ့ ကြယ်တစ်ပွင့်
ရင် နင့် စို့ လို့
နှမြောမိပေမယ့်
ပေးဆပ်ခဲ့တဲ့ သူ့အသွေးအသား
အဖြူရောင် သစ္စာစကားများနဲ့
အာဇာနည်စိတ်ထား
လူပင်သေသော်ငြား
နာမည်က မသေသွား။ ။

ဒါ “ငြိမ်းချမ်းရေး ဝိညာဉ်”အတွက်အားးးး
ဒါ…. ငါ တို့ရဲ့အားးးးးးးးးးးးး။

လေးစားစွာဖြင့်
မြူးသျှရီ

Oct 13, 2009

ကိုသက်ဝင်းအောင် ကျဆုံးခြင်း သုံးနှစ်ပြည့် အမှတ်တရ

ရေးသူ- စစ်ငြိမ်းဒီရေ


ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင်
(၂၇.၀၈.၁၉၇၁- ၁၆.၁၀.၂၀၀၆)



၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချို
(နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ရှည်ထောင်ဒဏ် မတရားကျခံနေရဆဲ
ကိုသက်ဝင်းအောင်၏ အကို။)



ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း တစ်လပြည့် အထိမ်းအမှတ်အဖြစ်
(၁၉.၁၁.၂၀၀၆) နေ့တွင် ပြည်ပသာသနာပြု ပီနန်ဆရာတော်ကြီးထံ
ဆွမ်းကပ် လှူဒါန်းခဲ့သော ဒိန်းမတ်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား
သူများနှင့် အ.က.သ အဖွဲ့ဝင်ဟောင်းများ ဖြစ်သော အောင်ခင်မြင့် (စာရေးသူ)၊
ဝေမိုး (ဧရာဝတီ မီဒီယာ)။


“သူငယ်ချင်းရေ မင်းကတော့ တမလွန်မှာ မင်း သိပ်ချစ်တဲ့
ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဆုံတွေ့ခွင့် ရသွားပြီ”

ကိုသက်ဝင်းအောင်၊ ကျနော်တို့ အ.က.သ (B.E.S.U) များ၏ ခေါင်းဆောင်
တစ်ဦးအဖြစ် တာဝန်ပေါင်းများစွာကို ထမ်းရွက်ခဲ့လေသူ သက်ဝင်းအောင်
တစ်ယောက် ကွယ်လွန်သော အခါ သူနှင့် ပက်သက် ရင်းနှီးခဲ့သော လုပ်ဖော်
ကိုင်ဖက် မိတ်ဆွေ သင်္ဂဟ ရဲဘော်အပေါင်းတို့က မှတ်တမ်းများစွာ ရေးထိုး
ခဲ့ကြသည်။ သူ၏ ထူးခြားလှသော ခေါင်းဆောင်မှုစွမ်းရည်၊ အပင်ပန်းခံ အနစ်နာ
ခံနိုင်မှု အရည်းအချင်းတို့သည် ပြော၍မကုန် ဆို၍မခမ်း ရှိခဲ့ပါသည်။

ကျနော်သည် သူနှင့် များစွာ ရင်းနှီးခဲ့ပါသည်။ အချိန်များစွာ အတူတကွ
ရှိခဲ့ဖူးပါသည်။ သူနှင့် ပက်သက်၍ မှတ်မှတ်ရရ ဖြစ်နေသော အတိတ်က
နေ့စွဲ့များ၌ အ.က.သ အဖွဲ့အစည်း၏ တာဝန်ပိုင်းဆိုင်ရာများ ရှိသလို
ရယ်မော ပျော်ရွှင်စရာ လွမ်းမောဖွယ် အဖြစ်အပျက်များလည်း ရှိခဲ့ဖူးသည်။

ပထမဦးဆုံး စတင် ဆုံဆည်းခြင်း

ရက်စွဲတော့ အတိအကျ မမှတ်မိတော့ပါ။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်
ဒေါ်ခင်ကြည် ဈာပန နောက်ပိုင်းကာလ ဖြစ်ပါသည်။ ထိုအချိန်က ကျနော်သည်
ကိုသီဟ ခေါင်းဆောင်သော အ.က.သ အစုတွင် စတင် ပါဝင်လှုပ်ရှားခဲ့သည်။
ဒေါ်ချိုချိုကျော်ငြိမ်း၏ ခြံအတွင်းရှိ ကားဂိုဒေါင်ကြီး၌ ကိုသီဟ က ကျနော်တို့အား
ကိစ္စတစ်ခု ရှင်းပြပါသည်။ အ.က.သ အဖွဲ့အစည်းသည် ကျနော်တို့ တစ်အုပ်စု
တည်းသာမက တခြား အုပ်စုလည်း ရှိသေးကြောင်း၊ ထိုကြောင့် အ.က.သ
နှစ်အုပ်စု ပူးပေါင်း၍ ရန်ကုန်တိုင်း အ.က.သ ကို ခိုင်မာစွာ ဖွဲ့စည်းမည်
ဟု ရှင်းပြပါသည်။ ကျနော်တို့က မေးမြန်းသောအခါ ကျနော်တို့ အုပ်စုကဲ့သို့
ကျောင်းသား အင်အား တောင့်တင်းခိုင်မာသော နောက်ထပ် အ.က.သ အုပ်စု
သည် ကိုမင်းဇင် ခေါင်းဆောင်သော အ.က.သ အုပ်စု ဖြစ်ကြောင်း သိရပါသည်။
အဲသည့်ညနေ၌ပင် ကိုသီဟ ခေါင်းဆောင်သော ကျနော်တို့ အ.က.သ အုပ်စုနှင့်
ကိုမင်းဇင် ခေါင်းဆောင်သော အ.က.သ အုပ်စုတို့သည် ဒေါ်ချိုချိုကျော်ငြိမ်း ခြံထိပ်ဝ
တွင် ရှိသော ဂိတ်ဝ ကင်းတဲတွင် ခဏ ဆုံတွေ့ ကြပါသည်။ ထိုတွေ့ဆုံပွဲတွင်
လွယ်အိတ်ကို စလွယ်သိုင်း လွယ်ထားသော သက်ဝင်းအောင်နှင့် ကျနော် စတင်
တွေ့ဆုံ ရင်းနှီးခဲ့ပါသည်။

အ.က.သ ရန်ကုန်တိုင်း၏ အစည်းအဝေးတစ်ခုတွင် မောင်မောင်ကြွယ်
(ABSDF မြောက်ပိုင်းတွင် ကွယ်လွန်သူ) က သက်ဝင်းအောင်အား
ရယ်စရာ တစ်ခုအဖြစ် မေးခိုင်းပါသည်။
“သက်ဝင်းအောင်၊ အောင်ခင်မြင့်ကို မေးကြည့်ပါလား အ.က.သ ဘယ်နေရာမှာ
စဖွဲ့တာလဲလို့”

သက်ဝင်းအောင်။ ။ သူငယ်ချင်း၊ ငါတို့ အ.က.သ ဘယ်နေရာမှာ စဖွဲ့တာလဲ။
ကျနော်။ ။ ဒေါ်ချို ခြံထိပ်က ကင်းတဲမှာ …
ကျောင်းသားများ။ ။ ဟားဟားဟား … (ရယ်သံများ)
သက်ဝင်းအောင်။ ။ မင်းပြောတော့မှ ငါတို့ဘ၀ ကင်းတဲ ရောက်တော့တယ်။
(ကျနော့်အဖြေသည် အပြည့်အစုံ မမှန်ကန်သော်လည်း သူသည် ရယ်မောလျက်။)
……. ….. …

လက်ဖက်ရည်ဆိုင် ထိုင်ဖို့

၁၉၈၉ ခုနှစ် အတွင်း အ.က.သ ရန်ကုန်တိုင်းရုံးသည် ရန်ပုံငွေအရ မြို့နယ်တာဝန်ခံ
များ၊ အမာခံ အချိန်ပြည့် လှုပ်ရှားသူများအား နေ့စဉ် ထမင်းဖိုး (၇) ကျပ် ပေးဝေပါ
သည်။ မောင်ထော်လေးလမ်းနှင့် မဟာဗန္ဓုလမ်းဆုံရာ လမ်းထောင့်တွင် ထိုအချိန်က
လမ်းဘေး ထမင်းဆိုင်ရှိပါသည်။ ထမင်းတစ်ပွဲ တစ်ခါပြင်ဆိုလျှင် ငါးကျပ်၊ လိုက်ပွဲမှာ
(၂) ကျပ်ဖြစ်ပါသည်။ အ.က.သ အစည်းအဝေးတစ်ခု၌ ညိုမောင်ဦးက သက်ဝင်းအောင်
အား ရယ်စရာအဖြစ် မေးခွန်းတစ်ခု မေးခိုင်းပါသည်။
“သက်ဝင်းအောင်၊ ငါတို့ ထမင်းစားရတာ ဗိုက်မ၀ဘူး၊ ဟိုကောင် အောင်ခင်မြင့်၊
ငါတို့ ထမင်းစားရင် လာပြီး ကပ်စားတယ်၊ သူ ရတဲ့ (၇)ကျပ်ကို ဘာလုပ်သလဲလို့”

သက်ဝင်းအောင်။ ။ သူငယ်ချင်း၊ မင်း ထမင်း ၀ယ်မစားဘူးလား၊ ပိုက်ဆံ(၇) ကျပ်
ကို မသုံးဘူးလား …။

ကျနော်။ ။ ငါ ဘယ်တော့ ၀ယ်မစားဘူး၊ သူများဆီက တစ်ယောက် တစ်ဇွန်းစီ
ကပ်စားတယ်၊ အဲ့ဒါဆို ဗိုက်ဝတယ်၊ အဲ့ဒီပိုက်ဆံက အိမ်ပြန်ရင် ရပ်ကွက်ထဲမှာ
လက်ဖက်ရည်ဆိုင် ထိုင်ဖို့ …။

ကျောင်းသားများ။ ။ ဟားဟားဟား … (ရယ်သံများ)

သက်ဝင်းအောင်။ ။ မင်းကတော့ လုပ်ပြန်ပြီ။
(ကျနော့်အဖြေကြောင့် သူသည် ရယ်မောလျက်။)
…….. ….. …

စားစား သူငယ်ချင်း ….

ကျနော်တို့ အ.က.သ ရန်ကုန်တိုင်းရုံးရှိရာ မောင်ထော်လေးလမ်းရုံးခန်း
ပိုင်ရှင်မှာ “ဒီမိုကရက်တစ်တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသားဟောင်းများ ပါတီ”
ဖြစ်ပါသည်။ တနေ့တွင် ထိုပါတီမှ ပန်းဘဲတန်းမြို့နယ် အမတ်လောင်း ကိုမောင်မောင်
အောင် သည် ရန်ပုံငွေအဖြစ် မုန့်ဟင်းခါး ရောင်းပွဲ ပြုလုပ်ပါသည်။ ထိုဈေးရောင်း
ပွဲတွင် မုန့်ဟင်းခါးများ တစ်ပွဲပြီး တစ်ပွဲ စားနေသော ကျနော့်ကို မြင်သောအခါ
သက်ဝင်းအောင်သည် အကြီးအကျယ် အံ့အားသင့်သွားပါသည်။ နံဘေးရှိ
ညီညီလှိုင် အား …

သက်ဝင်းအောင်။ ။ ညီညီလှိုင်၊ အောင်ခင်မြင့်တစ်ယောက် ဒီနေ့ မုန့်ဟင်းခါးတွေ
ဘာတွေ ၀ယ်စားနေပါလား၊ တော်တော် အားပေးနေပုံရတယ်။

ညီညီလှိုင်။ ။ ဟုတ်ပါလိမ့်မယ် အားကြီး၊ မုန့်ဟင်းခါး သွားယူရင် ပေးရတဲ့ စာရွက်
တွေက ဗီရိုပေါ်မှာ ရှိတယ်၊ အဲ့ဒီစာရွက်ကို ပါတီက တံဆိပ်တုံးလေးပဲ ထုထားတာ။
ဒါကို ကုလားကိုရွှေကြီးတို့ တာတီးဖိုးတို့က အတုလုပ်တာ။ သူလည်း အဲ့ဒီစာရွက်
တွေကို အဲ့လိုလုပ်ပြီး အခုလို အားပေးနေတာပေါ့။

သက်ဝင်းအောင်။ ။ သြော် အဲ့လိုလား … စားစား သူငယ်ချင်း … ။

ဟု ကျနော့်အား လှမ်းပြောလိုက်ပါသည်။

“သူငယ်ချင်း သက်ဝင်းအောင် ကောင်းရာသုဂတိ လားပါစေ”

Oct 12, 2009

(၂၇.၃.၁၉၈၉)နေ့ သို့မဟုတ် မှော်ဆရာနှင့် ကြွေအံကစားခြင်း (၁)

ရေးသူ- စစ်ငြိမ်းဒီရေ



၁၉၈၉ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တာတွေကို ပါဝင်ခဲ့သူတွေ
ထဲက ဘယ်သူတွေများ စပြီး ရေးကြမလဲလို့ ကျနော်မျှော်နေခဲ့တာ ကြာပါပြီ။
အခုထိ အဲဒီနေ့သမိုင်းကို ရေးတဲ့လူ မတွေ့ရလို့ ကျနော့်အနေနဲ့ ကျနော်
ကြုံတွေ့ခဲ့ရတာကို ရေးပါ့မယ်။ အဲဒီနေ့ (၂၇.၃.၁၉၈၉)နေ့ မတိုင်ခင်
(၂၅.၃.၁၉၈၉)နေ့မှာ ဆန္ဒပြပွဲတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်၊ သိမ်းကြီးဈေး “သံဈေး”
သပိတ် နောက်ပိုင်း ထင်ရှားခဲ့တဲ့ အဖြစ်အပျက်တွေပါ။ ဒါကြောင့် (၂၇.၃.၁၉၈၉)နေ့
သမိုင်းကို ရေးတဲ့သူသည် (၂၅.၃.၁၉၈၉)နေ့ကို ကျော်ခွပြီး ရေးဖို့ အခက်အခဲတွေ
ရှိလာပါတယ်။

ဘာကြောင့် ဘာဖြစ်လို့ ဘာအတွက်ဆိုတဲ့ မေးခွန်းတွေသည် ဆွေးနွေးပွဲခန်းမ
တွေမှာသာ ရှိပါတယ်။ အလုပ်အတွက် အလုပ်သဘောတစ်ခုအတွက် အလုပ် လုပ်
တဲ့ နေရာမှာ မေးခွန်းထက် အလုပ်ပြီးမြောက်ရေးသည် ပိုအရေးကြီးပါတယ်။
(၂၅.၃.၁၉၈၉)နေ့ တွင် ကုက္ကိုင်းမီးပွိုင့်မှ စတင်ချီတက် ဆန္ဒပြခဲ့သော ဆန္ဒပြပွဲ
သမိုင်းတွင် ကျနော် ပါဝင်ခဲ့ပါတယ်။ သို့သော် မေးခွန်းများအတွက် ဖြစ်စဉ်များကို
ပြန်လည် ဖော်မပြနိုင်သေးတဲ့အပေါ် သည်းခံကြပါ။ အဲ့သည့်အချိန်က နိုင်ငံရေး
အဆောက်အဦး၏ ခေါင်းစဉ်သည် “ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး” ဖြစ်ပါတယ်။

(၂၇.၃.၁၉၈၉)နေ့ သို့မဟုတ် မှော်ဆရာနှင့် ကြွေအံကစားခြင်း

အဲသည့်နေ့ မတိုင်ခင် တစ်ရက်အလိုမှာ မောင်ထော်လေးလမ်း အ.က.သ ဗဟို၏
ညွှန်းကြားမှုတွင် “စုရပ်” သည် ရွှေဂုံတိုင်ရှိ လူ့ဘောင်သစ်ပါတီရုံး “၀ါးရုံတော”
ဖြစ်ပါတယ်။ ထို့ကြောင့် ကျနော်သည် အဲသည့်နေ့ မနက် ခြောက်နာရီလောက်
တွင် နေအိမ်မှ စတင် ထွက်ခွာခဲ့ပါတယ်။ “တော်လှန်ရေး” နေ့ ဖြစ်သော
ကြောင့် ပုံမှန် ဘတ်စ်ကားများသည် လမ်းကြောင်း ပြောင်းလဲ မောင်းနှင်းရပါတယ်။
ရွှေဂုံတိုင် မီးပွိုင့်ထိပ်မရောက်ခင် ကားမှတ်တိုင်တွင် ကျနော် ဆင်းခဲ့ပါတယ်။
မီးပွိုင့်ပတ်ဝန်းကျင်တွင် စစ်တပ်၊ လုံထိန်း၊ ယာဉ်ထိန်းရဲ အစရှိသော ယူနီဖောင်း
ဝတ်များ အများအပြားရှိနေသလို အရပ်ဝတ်ဖြင့် နေရာယူထားသော လူအတော်
များများလည်း ရှိနေပါတယ်။

မီးပွိုင့်ထိပ်တွင် ကားလမ်းကူးလာသူများအား စစ်ဆေးမေးမြန်းမှုများ လုပ်နေသည်
ကို တွေ့ရသောကြောင့် ကျနော်လည်း နည်းနည်း ကျောချမ်းနေပါတယ်။ ကျနော့်
ခန္ဓာကိုယ်တွင် ကျနော့်ဘာသာ ကျနော် ပြုလုပ်ထားသော ဓါးမြှောင့်ပုံစံ ဘော့ပင်
ရှိနေသောကြောင့် ဖြစ်ပါတယ်။ အဲဒီဘော့ပင်သည် အဲသည့်ခေတ်က “ငါးမတ်တန်”
ဘော့ပင်ဟု ခေါ်သော တစ်ခါသုံး ဘော့ပင် ဖြစ်ပါတယ်။ စာရေး၍ မင်ကုန်သွားလျှင်
ဆက်ပြီး အသုံးပြုလို့ မရပါ။ ဘော့ပင်၏ နံဘေးတလျှောက်တွင် အဖြူလိုင်း၊ အပြာလိုင်း
စသော လိုင်းမျဉ်းများ ပါရှိပါတယ်။ မင်ကုန်သွားသော ထိုဘော့ပင်ကို ကျနော်သည်
သုံးချိုး တစ်ချိုးနေရာမှ ဖြတ်ပြီး ကျန်နှစ်ချိုးနဲ့ ဆတူ သံချောင်းအလုံးသေး အချွန်တစ်ခု
ကို ထည့်ထားပါတယ်။ ဘော့ပင်၏ အတွင်းသို့ ၀င်ရောက်နိုင်သော သံချောင်းမှာ
စက်ဘီး၏ စမှုန့်တံဖြစ်ပါတယ်။ ရုတ်တရက် အန္တရာယ် တစုံတရာ ကျရောက်လျှင်
ပြန်လည် ခုခံနိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ မသိသူများအတွက်ဆိုလျှင်
စာရေးဖို့ အင်္ကျီတွင် ချိတ်ထားသော သာမန် ဘော့ပင်တစ်ချောင်းမျှသာ ဖြစ်ပါတယ်။

ကျနော်သည် လမ်းဖြတ်ကူးဖို့ ချီတုံချတုံ ဖြစ်နေပါတယ်။ ရုတ်တရက် ကျနော့်
နံဘေးတွင် ကလေးငယ် သုံးဦးနှင့် လင်မယားစုံတွဲ တစ်တွဲကို တွေ့လိုက်ရပါတယ်။
ဒါကြောင့် ကျနော်လည်း သူတို့ မိသားစုထဲမှ ကလေးငယ် တစ်ဦးကို လက်ဆွဲပြီး
ကားလမ်းကူးရာ၌ ကူညီလိုက်ပါတယ်။ လူကူးမျဉ်းကြားထိပ်တွင် ကူးလာသူ မှန်
သမျှကို ရှာဖွေနေသော စစ်သားသည် ကလေးကို ဆွဲပြီး လမ်းကူးလာသော
ကျနော့်အား လုံးဝ မရှာဖွေပဲ လွှတ်ပေးလိုက်ပါတယ်။

“၀ါးရုံတော” ရှိရာ လမ်းကြားအတွင်းသို့ ကျောချမ်းချမ်းနှင့်ပင် ကျနော် ၀င်ရောက်
ခဲ့ပါတယ်။ အသံတွေလည်း မကြားရ၊ အသိ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများလည်း
မတွေ့ရသောကြောင့် တစ်ခုခုဆိုလျှင် ပြေးဖို့ စိတ်ထဲမှာ အသင့်ပြင်နေရပါတယ်။
ရုံးရှိရာ ခြံအတွင်းသို့ ၀င်လိုက်တဲ့ ခဏအတွင်းမှာပဲ ကျနော့်နောက်မှာ ကျောင်းသား
တစ်ယောက် ၀င်လာပါတယ်။ သူက “မိုးကောင်းဘုရား ကားမှတ်တိုင်ကို သွားပါ”
လို့ ပြောပါတယ်။ ဒီနေရာမှာ အခြေအနေ မကောင်းကြောင်းလည်း ပြောပါတယ်။
ဒီလိုနဲ့ပဲ ရွှေဂုံတိုင် မီးပွိုင့်ရှိ ကားမှတ်တိုင်သို့ ကျနော် ပြန်ထွက်ခဲ့ပါတယ်။ ရန်ကင်းဖက်
သို့ သွားသော ဘတ်စ်ကားဖြင့် “မိုးကောင်းဘုရား ကားမှတ်တိုင်” သို့ ကျနော် ရောက်
သည့် အချိန်သည် မနက် (၈) နာရီလောက် ဖြစ်ပါတယ်။

(ဆက်ရန်။)

Oct 10, 2009

ဒိန်းမတ်ဘောလုံးအသင်း ခြေစစ်ပွဲအောင်ပြီ

ရေးသူ- စစ်ငြိမ်းဒီရေ



၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် ဒိန်းမတ် ဘောလုံးအသင်း သည်
ဥရောပဇုံ အုပ်စု (A) တွင် ဆွီဒင်ဘောလုံးအသင်းနှင့် (၁၀.၁၀.၂၀၀၉)နေ့တွင်
ယှဉ်ပြိုင်ကစားခဲ့ရာ (1:0) ဖြင့် အနိုင်ရခဲ့ပါသည်။ ဒိန်းမတ်ဘောလုံးအသင်းအတွက်
၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပမည့် တောင်အာဖရိကနိုင်ငံသို့ သွားရောက်
ခွင့်ရရေး တစ်ဂိုးတည်းသော အနိုင်ဂိုးအား သွင်းပေးခဲ့သူမှာ (Jakob Poulsen)
“ယာခို့ ဖူးလ်စင်” (ဒိန်းမတ်အသံထွက်ဖြင့်) ဖြစ်ပါသည်။

Oct 9, 2009

ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဂျူးလီယက်ဖူးချစ်)

ဤနေရာတွင် (link) မြန်မာစာဖြင့် ဖတ်ရူနိုင်။

ဤနေရာတွင် (link) အင်္ဂလိပ်စာဖြင့် ဖတ်ရူနိုင်။

ဒေါက်တာအေးကျော်နှင့် ဧရာဝတီ အင်တာဗျူး


ဒေါက်တာအေးကျော်

ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်သည့် ဒေါက်တာအေးကျော် ထိုင်းနိုင်ငံ
ဘန်ကောက်မြို့သို့ ခေတ္တ ရောက်ရှိစဉ် ရခိုင်ပြည်နယ်၏ နောက်ခံ သမိုင်း၊
နိုင်ငံရေး အခြေအနေနှင့် ရိုဟင်ဂျာ နောက်ခံသမိုင်း၊ ရိုဟင်ဂျာ အရေးနှင့်
အမြင်များအား ဧရာဝတီ သတင်းထောက် ဘစောတင်က တွေ့ဆုံမေးမြန်း
ထားသည် များကို ဖော်ပြလိုက်ပါသည်။
ဒေါက်တာအေးကျော်သည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့
၌ အငြိမ်းစား ပါမောက္ခ တဦးအဖြစ် နေထိုင်လျက်ရှိသည်။ ဒေါက်တာအေးကျော်၏
ကိုယ်ရေးအကျဉ်းကိုလည်း အောက်တွင် ပူးတွဲ ဖော်ပြထားပါသည်။

မေး။ ။ လွတ်လပ်ရေးမရမီ ရခိုင်ပြည် နိုင်ငံရေးအခြေအနေတွေကို ပြောပြပေးပါ။

ဖြေ။ ။ မြန်မာ့တော်လှန်ရေးသမိုင်းမှာ ရခိုင်ခေါင်းဆောင်တွေဟာ အမြဲတမ်းရှေ့က
ပါဝင်ခဲ့တယ်၊ အင်္ဂလိပ် ကိုတော်လှန်တဲ့နေရာမှာရော ဂျပန်ကိုတော်လှန်တဲ့နေရာမှာပါ
ရှေ့တန်းကပါပဲ ၊ ရခိုင်တွေဟာ ဘာကို လိုချင် လို့ တော်လှန်ရေးမှာ ရှေ့တန်းက ပါရ
သလဲဆိုရင် ရခိုင်ပြည်ကို ရခိုင်တွေက အုပ်ချုပ်ခွင့် ရချင်လို့ ဖြစ်တယ်၊ အင်္ဂလိပ်ခေတ်က
ထင်ရှားတဲ့ ခေါင်းဆောင်တွေကို ပြောပါဆိုရင် ဆရာတော်ဦးစိန္တာ၊ ဆရာတော် ဦးပညာသီဟ၊
ဦးညိုထွန်း၊ ဦးအောင်ဇံဝေ၊ ဦးကျော်မင်း၊ ဦးဘစော စတဲ့ပုဂ္ဂိုလ်တွေဟာ ရခိုင်ပြည်
တော်လှန်ရေး ရခိုင့်နိုင်ငံရေး လောကက ထိတ်ထိတ်ကြဲတွေပဲပေါ့၊ မြန်မာတနိုင်ငံလုံး
အတွက် ဆိုရင်တော့ ဆရာတော် ဦးဥတ္တမ ဟာ နံပါတ်တစ်ပါပဲ။

အဲဒီကာလက ရခိုင်တွေရဲ့ အနေအထားကို ခွဲစိပ်ကြည့်မယ်ဆိုရင် ဗြိတိသျှတွေရဲ့
အုပ်ချုပ် ရေးထဲမှာ ပါဝင်တဲ့ အပိုင်းကတပိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့
လွတ်လပ်ရေး တိုက်ပွဲတွေထဲမှာ ပါဝင်တဲ့အပိုင်းတွေကို လည်း တွေ့ရပါမယ်။

ဦးညိုထွန်းဆိုတာက ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသား
ခေါင်းဆောင် တဦးလည်း ဖြစ်တယ်။ ဒါကြောင့် သူဟာ ရခိုင်အသိုင်းအ၀ိုင်းမှာရော
ဗမာအသိုင်းအ၀ိုင်းမှာပါ လူသိများတဲ့ နိုင်ငံရေး ခေါင်းဆောင်တဦးပါ၊ ဒီကနေ့ မြန်မာ
သမိုင်းမှာ မတ်လ(၂၇)ရက်နေ့ ကို တော်လှန်ရေးနေ့ရယ်လို့ သတ်မှတ် ထားကြ
တယ်၊ ဦးညိုထွန်းခေါင်းဆောင်တဲ့ ရခိုင်တွေဟာ ဂျပန်ကို မတ်လ(၂၇)ရက်ထက်
စောပြီး ဖေဖော်ဝါရီ လ (၁၂)ရက်လား (၁၃)ရက်လား ကျနော်အသေအချာ မမှတ်မိ
တော့ဘူး။ အဲဒီကတည်းက စပြီး ဖက်ဆစ် ဂျပန် တော်လှန်ရေးကို ရခိုင်ပြည်က
စတော်လှန်ခဲ့တယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေ ထဲမှာ လည်း ပါ
ပါတယ်။ မေမြို့မိုးကြည် ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့် ခွန်းများထဲမှာ ရှာဖွေတွေ့
ရှိနိုင်ပါတယ်။ လေ့လာကြည့်ပါ။

မေး။ ။ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်ရဲ့အခြေအနေကရော ဘယ်လို
ရှိပါသလဲ။

ဖြေ။ ။ ရခိုင်တွေဟာ အင်္ဂလိပ်ကိုတော်လှန်တဲ့နေရာမှာရော။ ဂျပန်ကိုတော်လှန်တဲ့
နေရာမှာပါ ရှေ့တန်းက ပါဝင်ခဲ့တယ်ဆိုတာကို ပြောခဲ့ပြီးပြီ၊ အဲသလို ဗမာအပါအ၀င်
အခြားသော တိုင်းရင်းသားတွေနဲ့ အတူတကွ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့တာရဲ့
တကယ့် ရည်မှန်းချက်က ဘာလဲဆိုရင် ရခိုင်တွေဟာ မိမိတို့ ရခိုင်ပြည် ကို ရဖို့ပါပဲ၊
တန်းတူအခွင့်အရေး ရဖို့ပါပဲ၊ ဖက်ဒရယ်ပြည်ထောင်စုမှာ ရခိုင်ပြည်နယ် ရဖို့ပါပဲ၊
ဒါပေမယ့် တကယ်တမ်း မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိလာတဲ့အခါ ရခိုင်တွေအတွက်
ဘာမှမရခဲ့ဘူး၊ ပြည်နယ် အဆင့် လေးတောင် သတ်မှတ်ပေးတာကို မခံခဲ့ရဘူး၊
ရခိုင်တွေ မွန်တွေဟာ ဦးနုကို ပြည်နယ်ပေးဖို့ တောင်းဆိုပေမယ့် ဦးနု ဟိုလိုလို
ဒီလိုလို ဝေ့လည်ကြောင်ပတ်လုပ်ခဲ့တာကြောင့် ရခိုင်တွေရဲ့ ရည်မှန်းချက်မပြည့်ဝ
ခဲ့ရဘူး၊ ဦးနုဟာ သူ့ ပါတီအကျိုးကိုသာ ကြည့်ခဲ့လို့ တကယ်အရေးပါတဲ့
National Interest (အမျိုးသားအကျိုး အမြတ်) ကို ဆုံးရှုံး စေခဲ့တယ်။

မေး။ ။ လွတ်လပ်ရေးရပြီး ဆယ်နှစ် ကာလအတွင်း ရခိုင်ပြည်မှာ ဘာတွေ
ဖြစ်နေခဲ့ပါသလဲ။

ဖြေ။ ။ ဦးနုရဲ့ ဖဆပလ ခေတ်မှာ ရခိုင်ပြည်မှာ အဓိကလွှမ်းမိုးတဲ့ ပါတီကြီးနှစ်ခု
ရှိတယ်၊ ဖဆပလ နဲ့ ရတည (ရခိုင် စည်းလုံးညီညွတ်ရေး ပါတီ)တွေပါ၊ ရတညရဲ့
ခေါင်းဆောင်က ဦးကျော်မင်းဖြစ်တယ်၊ သခင်ဦးကျော်ရင် တို့လည်း နိုင်ငံရေး
လှုပ်ရှားမှုထဲမှာ ပါတယ်၊ ဦးအောင်ဇံဝေ၊ တောင်ကုတ်က ဦးကျော်တင် စတာတွေက
ဖဆပလတွေ၊ လွတ်လပ်ရေးရပြီးနောက် ဖဆပလ နှစ်ခြမ်းကွဲချိန်မှာ တည်မြဲ (ဖဆပလ)
နဲ့ သန့် ရှင်း (ဖဆပလ) ဆိုပြီး ရှိလာတယ်၊ ဒီတော့ သန့် ရှင်းဖဆပလ ခေါင်းဆောင်
ဖြစ်တဲ့ ဦးနုဟာ တိုင်းပြည်ရဲ့ အကျိုး ထက် သူ့ ပါတီအကျိုးကိုပဲ ကြည့်တဲ့အနေနဲ့
မေယုခရိုင်ဆိုတာ လုပ်လာတယ်၊ အဲဒီမှာရှိတဲ့ ဘင်္ဂါလီ တွေကို မဲရဖို့ အတွက်
မျက်နှာသာပေးတယ်၊ မှတ်ပုံတင် ပြုလုပ်ပေးတာတွေ ရှိလာခဲ့တယ်၊ ကိုလိုနီခေတ်က
ဘင်္ဂါလီ တွေဟာ ရခိုင်ပြည်ကို အလုပ်လာလုပ်တယ်၊ စပါးရိတ်တယ်။ လယ်ထွန်တယ်။
ပြီးရင် ပြန်သွားကြတယ်၊ ဒါပေမယ့် ဦးနုက မဲရဖို့ အတွက် မျက်နှာသာပေးတာနဲ့
ဘင်္ဂါလီတွေဟာ နိုင်ငံရေးအဆင့်ထိကို တိုးတက် လုပ်ဆောင်လာတာကို တွေ့
လာရတယ်။ သူတို့အထဲက စူလတန် မာမွတ်ဆိုတာဟာ ထင်ရှားတဲ့သူ တဦး
ပါ၊ ရခိုင်တွေရဲ့ရတည ကတော့ ရခိုင်ပြည်နယ်ရရှိရေးကို တစိုက်မတ်မတ် ဆက်
လုပ်လာခဲ့တယ်။

မေး။ ။ ဦးနုက အဲ့ဒီလို လုပ်ခဲ့တော့ ဘာတွေ ဆက်ဖြစ်လာခဲ့ပါသလဲ။

ဖြေ။ ။ အဓိက အကြောင်းရင်းကတော့ ၁၉၅၈-၅၉-၆၀ ကာလများမှာ
ဖလပလ နှစ်ခြမ်း ကွဲလာတယ်၊ နှစ်ခြမ်းကွဲလာတော့ ဖဆပလ အားနည်းလာ
တယ်၊ အဲဒီမှာ ဦးနုက သူ့ ပါတီ အနိုင်ရဖို့ မေယုခရိုင်ကို ဘင်္ဂါလီ တွေကို ၀င်ခွင့်ပြု
တယ်၊ အဲဒီလို ပြုလုပ်ခဲ့ခြင်းက ဒီကနေ့ပြည်ပမှာ ကျယ်ကျယ်လောင်လောင် အသံ
ထွက်နေတဲ့ ရိုဟင်ဂျာဆိုတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းပါပဲ။

မေး။ ။ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ ဘယ်တုန်းက စပေါ်ခဲ့တယ်ဆိုတာ
သိပါသလား။

ဖြေ။ ။ ၁၉၆၀ ၀န်းကျင်လောက်မှာ စပေါ်ခဲ့တယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆို
တော့ စူလတန်မာမွတ် ဆိုတဲ့ ဘင်္ဂါလီကြီးဟာ အမတ်ဖြစ်ခဲ့ပေမယ့် တခါမှ ရိုဟင်ဂျာ
ဆိုတဲ့ စကား ကို သုံးစွဲခဲ့တာ မတွေ့ ရပါဘူး၊ လွတ်လပ်ရေးမတိုင်မီက မြန်မာ့သမိုင်းမှာ
ရော ရခိုင်သမိုင်းမှာရော ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရဟာ မရှိခဲ့ပါဘူး၊ လွတ်လပ်ရေးရပြီး
ခါစမှာရော မရှိခဲ့ပါဘူး။

မေး။ ။ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကရော ဘယ်လို အဓိပ္ပာယ်ကို ဆောင်ပါသလဲ။

ဖြေ။ ။ ဆရာကြီး ဦးသာထွန်း ကျန်းမာစဉ်တုန်းက သူ ရန်ကုန်ကိုလာတိုင်း
ကျနော့်ဆီကိုဝင်တယ်၊ သူနဲ့ လက်ဖက်ရည်သောက်ရင်း စာအကြောင်းပေအကြောင်း
သမိုင်းအကြောင်း တွေကို ဆွေးနွေးတယ်၊ အဲဒီ အခါမှာ ဒီဝေါဟာရကို ဆရာကြီး
ဦးသာထွန်းက အခုလို ဆိုပါတယ်။ ရိုဟင်ဂျာ ဆိုတာ ရခိုင်စကား လွင့်ဂျာက ဖြစ်လာ
တဲ့စကားဖြစ်တယ်။ လွင့်ဂျာဆိုတဲ့ အဓိပ္ပာယ်က ဥပမာ သစ်ပင်တွေက သစ်ရွက်တွေ
ကြွေရင် လေထဲ မှာ ၀ဲပြီး ဦးတည်ရာမဲ့ လွင့်နေတာကို ဆိုလိုတယ်၊ ဒီ ဘင်္ဂါလီတွေကိုမှ
အခုလို ဆိုလိုတာမဟုတ်ပါဘူး၊ ရည်ရွယ်ချက် ဦးတည်ချက်မရှိဘဲ လွင့်နေတဲ့ ဘယ်သူ့ကို
မဆို ရခိုင်ဘာသာစကားနဲ့ လွင့်ဂျာလို့ ဆိုတယ်။ ဒါကို ဘာသာဗေဒနဲ့ ဆန်းစစ်ကြည့်ရင်
လည်း လွင့်ဂျာကနေ ရိုဟင်ဂျာလို့ ပြောင်းလဲလာတယ်ဆိုတာ ဖြစ်နိုင်တယ် လို့ ကျနော်
တက္ကသိုလ် ပညာပဒေသာ စာစောင်မှာ ကျနော်ရေးခဲ့ဖူးတယ်။ ယရလ၀ ဆိုတဲ့ ဗျည်းတွေ
ဟာ အသံပြောင်းလဲတဲ့ သဘောရှိ တယ်။

(ဆရာကြီး ဦးသာထွန်းမှာ ဝန်ကြီးချုပ်ဟောင်း ဦးနု လက်ထက်က ရခိုင်-မြန်မာ ပညာရှိ
ကြီးဖြစ်သည်။ ဦးနု ကိုယ်တိုင် ပဏ္ဍိတ် (ပညာရှိ) ဘွဲ့ အပ်နှင်းခဲ့ဖူးကြောင်း သိရသည်။
အယ်ဒီတာ)

မေး။ ။ အခုကာလမှာ ရခိုင်လူမျိုးတွေက ဒီရိုဟင်ဂျာဆိုတဲ့အသံကိုတောင် မကြား
ချင်လောက် အောင်ဖြစ် နေကြတာ ဘာကြောင့်ပါလဲ။

ဖြေ။ ။ ဒီရိုဟင်ဂျာ ဆိုတာဖြစ်လာဖို့ ရခိုင်ပြည်မှာ အရင်းခံတာက မူဂျာဟစ်တွေဖြစ်
တယ်။ သူတို့ ဟာ ရခိုင်ပြည်မှာ နေရာရဖို့ မြေရဖို့ သူပုန်ထကြတယ်။ သူတို့ ဟာ အစက
ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေပါ၊ ရှေးတုန်းက သူတို့တွေဟာ အလုပ်လုပ်ပြီးရင် သူတို့
နေရပ်ကို ပြန်ကြတယ်၊ နောက်ကြာလာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်တိုင်က လူဦးရေ
ပေါများလွန်းလို့ နေရထိုင်ရအခက်အခဲ ရှိလာတယ်။ ဒီအခါ ဦးနုက မေယုခရိုင်အဖြစ်
သတ်မှတ်ထားတဲ့ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်နယ်တွေကို မွတ်စလင်
ပြည်နယ် ထူထောင်ဖို့ မူဂျာဟစ်တွေ ကြိုးစားခဲ့တယ်၊ အဲဒီမူဂျာဟစ်တွေက နာမည်သစ်
ရိုဟင်ဂျာကို တင်သွင်းလာတဲ့အခါ ရခိုင်တွေက လုံးဝလက်မခံပါဘူး၊ မိမိတိုင်းပြည်ရဲ့
နယ်မြေတွေကိုရော ဘာသာ သာသနာ ကိုပါ အန္တရာယ်ပြုနိုင်တဲ့ ဒီ ရိုဟင်ဂျာဆိုတာကို
ရခိုင်တွေက အသံကိုပင် မကြားနိုင်တာဖြစ်တယ်။

မေး။ ။ ဒီရိုဟင်ဂျာ ပေါ်ပေါက်လာရတဲ့ နောက်ခံ အကြောင်းတရားက ဘာတွေများ
ဖြစ်နိုင်ပါသလဲ။

ဖြေ။ ။ အင်မတန်မေးသင့်တဲ့ မေးခွန်းကောင်းတခုပါပဲ၊ တကယ်တော့ ဒီရိုဟင်ဂျာ
ဆိုတာက အပေါ်ယံ ပြဿနာပါ၊ တကယ်နက်ရှိုင်းတဲ့ အရင်းခံက“အစ္စလာမ်ဝါဒ လွှမ်းမိုး
ပြန့်ပွားရေး”ဆိုတဲ့ဟာက အရင်းခံ ပြဿနာပါ၊ အဲဒီလှုပ်ရှားမှုကို ကျောထောက်နောက်ခံ
ပြုပေးတာက အာဖရိကတိုက် မြောက်ပိုင်းက တိုင်းပြည် တွေ၊ အရှေ့အလယ်ပိုင်းက
နိုင်ငံတွေက ငွေကြေးတွေ၊ လက်နက်တွေ စသဖြင့် လိုအပ်တာတွေကို ထုနဲ့ ထည်နဲ့
ပံ့ပိုးပြီး လုပ်ဆောင်နေတာကို တွေ့ ရတယ်၊ အရှေ့ တောင်အာရှကဆိုရင် မလေးရှားနိုင်ငံ
မှာရှိတဲ့ အဖွဲ့အစည်းတွေက ဒါကို အားပေးတယ်။ မွတ်စလင် ဘာသာပြန့်ပွားဖို့ လွှမ်းမိုးဖို့
နယ်မြေရရှိစေဖို့ အင်တိုက် အားတိုက် ကူညီတယ်၊ ဒါကြောင့် သူတို့ဟာ ရိုဟင်ဂျာအမည်
ကို သုံးပြီး မြန်မာတိုင်းရင်းသား၊ ရခိုင်တိုင်းရင်း သား ဖြစ်ဖို့ အားထုတ်လာတယ်၊ တကယ်
တော့ ရိုဟင်ဂျာဆိုတာ လူမျိုးလည်းမဟုတ်ဘူး၊ မြန်မာတိုင်းရင်းသားလည်း မဟုတ်ဘူး။

မေး။ ။ ပြည်တွင်းမှာတော့ ရိုဟင်ဂျာဆိုတာကို နအဖက အသိအမှတ်လည်း မပြုဘူး၊
ဘယ်တုန်းကမှလည်း မရှိခဲ့ဘူးလို့ အတိအလင်းဆိုပါတယ်၊ ဒါပေမယ့် ပြည်ပမှာရှိတဲ့
တိုင်းရင်းသား လူမျိုးများကောင်စီမှာ တိုင်းရင်းသား အခွင့်အရေးရဖို့ ကြိုးစားနေတာ
တွေကိုတော့ ကြားဖူးတယ်၊ ဒါပေမယ့် ရခိုင်တွေက ကန့်ကွက်လို့ အခုအချိန်ထိတော့
အောင်မြင်မှုမရသေးပါဘူး။ တိုင်းရင်းသားဆိုတာ ဘယ်သူတွေကို သတ်မှတ်ခဲ့ သလဲ
ဆိုတာ ကို သိချင်ပါတယ်။

ဖြေ။ ။ ၁၉၇၈ ခုနှစ်က ရန်ကုန်မှာ လမ်းစဉ်ပါတီခေတ်က တိုင်းရင်းသား
လူမျိုးများနဲ့ ဆိုင်တဲ့ ဥပဒေတရပ်ကို သတ်မှတ်ဖို့ ဆရာဒေါက်တာမောင်မောင်ရယ်၊
ဆရာကြီး ဦးစံသာအောင်ရယ်။ ကျနော်တို့ တွေ့ဆုံ ဆွေးနွေး ခဲ့ဖူးပါတယ်။
ဒေါက်တာမောင်မောင်က ဥပဒေ ပညာရှင်၊ ကျနော်က သမိုင်း၊ ဦးစံသာအောင်က
အဲဒီတုန်း က အထက်တန်းပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ပေါ့၊ နေရာကတော့
နိုင်ငံတော်ကောင်စီ ရုံးခန်းမှာပါ။

အဲဒီမှာ ကျနော်က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအဖြစ် သတ်မှတ်ရေးအတွက်ဆိုရင်
ဘိုးတော်ဘုရား စစ်တမ်း ဆိုတာရှိတယ်၊ ခရစ်သက္ကရာဇ် ၁၈၀၀ ကျော်လောက်က
စစ်တမ်းကောက်ခဲ့တာ၊ အဲဒါဟာ အင်မတန်ပြည့်စုံ တယ်၊ အဲဒီမှာ မြန်မာနိုင်ငံအတွင်း
မှာ နေထိုင်လာတဲ့ လူမျိုးတွေ အားလုံးကို ကျကျနန စစ်တမ်းကောက်ထားတာ
ရှိတယ်၊ ရခိုင်တွေ၊ ကရင်တွေ၊ မွန်ကိုတော့ တလိုင်းလို့ခေါ်တယ်၊ အဲဒီဟာကို မူတည်
ပြီးရင် ဆုံးဖြတ်ရင် မကောင်းဘူးလားလို့ ကျနော်က အကြံပေးတယ်။

အဲဒီအခါ ဆရာဒေါက်တာမောင်မောင်က မစောလွန်းဘူးလားလို့ပြန်မေးတယ်၊ ဒါဆိုရင်
သမိုင်းမှာအရေးပါတဲ့ အလှည့်အပြောင်းဖြစ်တဲ့ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်က စသင့်
တယ်လို့ပြောခဲ့တယ်၊ ၁၈၂၄ က မြန်မာပြည် ကို အင်္ဂလိပ်တွေစသိမ်းတဲ့ နှစ်ပါ၊ ဒါကို
ဒေါက်တာမောင်မောင်က သဘောတူလို့ အဲဒီမတိုင်မီက နေထိုင်ခဲ့တဲ့ လူမျိုးတွေကို
တိုင်းရင်းသားလူမျိုးများ အဖြစ် သတ်မှတ်တယ်လို့ ဥပဒေ ပြုခဲ့တယ်။ ဒါပေမယ့်
ရိုဟင်ဂျာဆို တဲ့ အသုံးအနှုန်း မရှိခဲ့ဘူး။


ဒေါက်တာအေးကျော် ကိုယ်ရေးအကျဉ်း

ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်
တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။

ဒေါက်တာအေးကျော် ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ
B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊
B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊
M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊
B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊
PhD (History of Southeast Asia) Monash University. Australia. 1979
စသည့် ဘွဲ့များကို ရရှိခဲ့သည်။

ဒေါက်တာအေးကျော်သည် ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ်
(၁၉၆၂-၁၉၈၀) ။ တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊
ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။ ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန)
ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉)။
ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊
အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။ တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက်
စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန်
ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။ တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူး ယောက်
တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊ လွတ်လပ်သော အာရှအသံ
(R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ
ထမ်းဆောင်ခဲ့ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစား
ယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်လျက်ရှိသည်။

ဒေါက်တာအေးကျော် ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ -

၁၊ ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
၂၊ မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
၃၊ ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
၎။ On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
၅၊ The Voice of young. Cornell University, March 1990
၆၊ Code and Custom in Burma and Thailand. Scotland. 1993

(ဧရာဝတီ သတင်းစာမျက်နှာမှ “ရခိုင်ပြည်ကို ရခိုင်တွေ အုပ်ချုပ်ခွင့်ရချင်လို့
ခေါင်းစဉ်ပါ အင်တာဗျူးအား ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)