Oct 17, 2009

(၂၇.၃.၁၉၈၉)နေ့ သို့မဟုတ် မှော်ဆရာနှင့် ကြွေအံကစားခြင်း (၃)

ရေးသူ- စစ်ငြိမ်းဒီရေ



ယခင် အပိုင်း(၂)မှ အဆက် …

ကျနော်တို့အားလုံး အစိတ်စိတ်အမြွာမြွာ ပုံသဏ္ဌာန် ကွဲထွက်သွားပါတယ်။
တချို့လည်း ကန်ဘဲ့ သံလမ်းဖက်ကို ပြေးတယ်၊ တချို့လည်း ကန်ဘဲ့ဈေးနဲ့
ဘူတာရုံဖက်ကို ပြေးတယ်၊ တချို့လည်း ကျောက်ကုန်း ကုန်းပေါ်တက်တဲ့ ကား
လမ်းမကြီးအတိုင်း တက်ပြေးကြတယ်။ ကျနော်အပါအ၀င် ကျောင်းသား လေး
ငါးယောက်က ကျောက်ကုန်းက လမ်းသွယ်တွေထဲ ၀င်ပြေးခဲ့ကြပါတယ်။

သေနတ်သံကြောင့် အိမ်တိုင်းလိုလို ခြံတိုင်းလိုလိုက လူတွေ အိမ်ပေါက်ဝ ခြံပေါက်
ဝတွေမှာ ထွက်ကြည့်နေကြပါတယ်။ ကျနော့်သူငယ်ချင်း က ကျောပိုးအိတ်တစ်ခု
နဲ့ပါ။ ဒါနဲ့ သူ့ကို အရေးထဲဆို ဒီကျောပိုးအိတ်ကြီးက ဘာတွေထည့်ထားလဲလို့ မေး
လိုက်တော့မှ အိတ်ထဲမှာ အ.က.သ (B.E.S.U) ရဲ့ ရင်ထိုးတံဆိပ်တွေ အထုပ်လိုက်
ပါလာကြောင်း သိရပါတယ်။ အဖမ်းခံရရင်တော့ သက်သေခံပစ္စည်း အပြည်အစုံနဲ့ပေါ့
လို့ ပြောရင်း ပြေးနေရပါတယ်။ ကျောက်ကုန်း ခရစ်ယာန် R.C ဘုရားကျောင်းရှိရာ
လမ်းနဲ့ ကပ်လျက် လမ်းထဲ အရောက် ပြေးရတာ အရမ်းမောလို့ ခဏအမောဖြေ မိ
ပါတယ်။ ကျနော်တို့ အမောဖြေနေတဲ့ လမ်းထဲက သက်တူရွယ်တူ လူငယ်တချို့
ကျနော်တို့ နံဘေးကို ရောက်လာပါတယ်။ ရန်ကင်း စာတိုက်မှတ်တိုင်၊ မိုးကောင်းဘုရား
ကားမှတ်တိုင် တွေမှာ စစ်ကားတွေ (တီအီး 11) အများအပြား ရောက်နေပြီလို့ သိရ
ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ကြာကြာ မနေသင့်ဘူးလို့ ဒေသခံ လူငယ်တွေက
အကြံပေး ပါတယ်။

ဒီလိုနဲ့ ကျနော်တို့ အ.က.သ ကျောင်းသားငယ် ငါးဦးတို့သည် ရန်ကင်း အ.ထ.က
(၁)ရှေ့မှာ ရှိတဲ့ “ဆယ်နှစ်လုံးတန်း ကားမှတ်တိုင်” ရှိရာဆီ ရောက်ခဲ့ပါတယ်။ ကား
မှတ်တိုင်မှာ ကားစောင့်နေတဲ့ လူအများစုကလည်း စလင်းဘတ်အိတ်တွေနဲ့ ဆိုတော့
ကျနော်တို့ အုပ်စုလည်း ကားမှတ်တိုင်ဆီသွားဖို့ စိတ်ထဲမှာ ချီတုံချတုံပါ။ ဖြစ်ချင်ရာဖြစ်
ဆိုပြီ ၁၂-လုံးတန်းမီးပွိုင့်နံဘေးမှာ မီးနီကြောင့် ရပ်နေရတဲ့ ဘတ်စ်ကားတစ်စီးပေါ်
ပြေးတက်ခဲ့ပါတယ်။ ကားပေါ်ရောက်တော့ မထင်မှတ်ဘဲ စောစောက လူစုကွဲသွားတဲ့
အ.က.သ က ကျောင်းသားတွေနဲ့ ပြန်တွေ့ရတယ်။ သူတို့လည်း ဘယ်သူ ထိသွားတယ်၊
ဘယ်သူ မိသွားတယ် စသဖြင့် ပြောပြပါတယ်။ (ကျနော်မှတ်မိသလောက် သေနတ်ထိ
သွားတဲ့ ကျောင်းသားအမည်က ပျံလွှားလို့ ခေါ်ပြီး တာမွေမြို့နယ် အ.က.သ လို့
ထင်ပါတယ်၊ သိပ်မကျိန်းသေပါ။) ဒါနဲ့ ဘာဆက်လုပ်ကြမလဲလို့ မေးကြည့်တော့
ဗဟန်းမြို့နယ် ၀င်္ကဘာလမ်းမှာရှိတဲ့ ဒီ/ငြိမ်း (ဦးနုရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အဖွဲ့
ချုပ် ပါတီ) က လုပ်တဲ့ “တော်လှန်ရေးနေ့” အခမ်းအနားမှာ လူထပ်စုမယ်လို့ သိရ
ပါတယ်။

ရွှေတိဂုံဘုရားအနီး “သုံးလမ်းမှတ်တိုင်” မှာ ဆင်းပြီး လူစုခွဲ၍ ဗဟန်းမြို့နယ်၊ ၀င်္ကဘာ
လမ်းထဲမှာ ရှိတဲ့ ဒီ/ငြိမ်း ခြံထဲကို ကျနော်တို့ ရောက်ခဲ့ပါတယ်။ ကျနော်တို့ အုပ်စု
ကန်တော်ကြီးဘက်ကနေ ၀င်္ကဘာလမ်းထဲကို ၀င်တဲ့ အချိန်ထိ အဲဒီနားမှာ စစ်တပ်
အရိပ်အရောင် ဘာမျှ မတွေ့ရပါဘူး။ ကျနော်တို့ အ.က.သ တွေ ရန်ကင်းမြို့နယ်
ကနေ ဗဟန်း ၀င်္ကဘာလမ်းရှိ ဒီ/ငြိမ်း ခြံထဲကို နှစ်ယောက် တစ်အုပ်စု၊ သုံးယောက်
တစ်အုပ်စုနဲ့ တဖြည်းဖြည်းချင်း ရောက်လာပါတယ်။ ကျနော်တို့ ရောက်ပြီး သိပ်မကြာ
ခင် အချိန်မှာ ဒီ/ငြိမ်း အဖွဲ့ချုပ်က သူတို့ အခမ်းအနားကို ပြုလုပ်နေပါတယ်။
အဲသည့်ခြံထဲကို ၀င်ဝင်ခြင်းမှာ တဲအကြီးကြီး တစ်လုံးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်
အိမ်ဝန်းထဲကလို ခပ်ဆင်ဆင်ပါပဲ။ ရုံးနဲ့ အခမ်းအနားတွေ ပြုလုပ်တဲ့ နေရာလို့ သိရ
ပါတယ်။ အခမ်းအနားကို အဲသည့်တဲကြီးထဲမှာ စ’လုပ်တော့ တဲထဲမှာ လူက အပြည့်
ဖြစ်နေပါတယ်။ ဒါကြောင့် ကျနော်တို့ အ.က.သ က ကျောင်းသားငယ်တွေက တဲအပြင်
မှာပဲ ခုံတွေခင်းပြီး ထိုင်ရပါတယ်။ တဲထဲမှာ အခမ်းအနားလုပ်နေတဲ့သူတွေက အသက်
အရွယ်အားဖြင့် လွတ်လပ်ရေး လှုပ်ရှားမှုခေတ်မှာ ပါဝင်ပက်သက်ခဲ့တဲ့ အသက်အရွယ်
အနေအထားတွေပါ။ အခမ်းအနားပြုလုပ်တဲ့ လူကြီးတစ်ဦးက လည်ပင်းမှာ စံပယ်ပန်းကုံး
တစ်ကုံးကို ဆွဲထားလို့ အ.က.သ လုံ/စည်း တာဝန်ခံတစ်ဦးကို ကျနော်က သူတို့
လည်း ပန်းကုံးတွေ ဘာတွေ ရတယ်ကွ … မင်းကိုလည်း ငါတို့ ပန်းကုံးစွပ်ပေးမယ်လို့
နောက်လိုက်ပါတယ်။

အခမ်းအနား စ’လို့ ဆယ့်ငါးမိနစ် လောက် ကြာတဲ့ အချိန်လို့ ထင်ပါတယ်။ စစ်ကား
တွေ ဒီ/ငြိမ်း ခြံရှေ့ကို တဝေါဝေါ ရောက်လာပါတယ်။ ဒါကြောင့် ခြံတံခါးကို ပိတ်ထား
လိုက်ပါတယ်။ စစ်တပ်က အရာရှိတစ်ယောက် ဆင်းလာပြီး တာဝန်ရှိသူနဲ့ စကားပြော
ချင်တယ်လို့ ပြောပါတယ်။ ခြံထဲက လူကြီးတွေရော ကျနော်တို့ အ.က.သ ကျောင်းသား
တွေရော လှုပ်လှုပ် ရှားရှား ဖြစ်နေပါပြီ။ စစ်တပ်က ဒီ/ငြိမ်း ခြံရှေ့မှာ အတန်းလိုက်
တန်းစီပြီး ပစ်ဖို့ အဆင်သင့်ပြင်ပါတယ်။ ဒါကြောင့် ဒီ/ငြိမ်း အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦး
ဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးအောင်က ထွက်ပြီး စကား
ပြောပါတယ်။ ဗိုလ်မှူးအောင်နဲ့ စစ်တပ်က အရာရှိနှစ်ဦးတို့ စကားပြောနေရာကနေ
ရုတ်တရက် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက သေနတ်ထုတ်ပြီး ပစ်လိုက်ပါတယ်။

“ဒိုင်း” ဆိုတဲ့ သေနတ်သံနဲ့ ဆဲသံတွေ ပြန်ပြောသံတွေ ရှုပ်ထွေးနေပါတယ်။ အဲသည့်
အချိန်မှာ ကျနော် တို့လည်း ခြံထဲကို စစ်တပ် ဇွတ်အတင်း ၀င်ရောက်လာရင် ပြေးဖို့
ပြေးလမ်းကို ရှာနေရပါတယ်။ ခြံထဲရှိ အိမ်မကြီးရဲ့ မော်တော်ကားရပ်တဲ့ ပေါ်တီကို
အောက်မှာ ကျနော်ရောက် နေပါတယ်။ ပြဿနာဖြစ်နေတာက ခြံပေါက်ဝမှာပါ။
ဗိုလ်ကြီးအဆင့်ရှိသူက ပစ်တာပါ။ ဒါပေမဲ့ နံဘေးက ဗိုလ်မှူးအဆင့်ရှိသူက လက်ထဲရှိ
ဒိုင်ယာရီ စာအုပ်ပုံစံ စာအုပ်နဲ့ ရိုက်ချလိုက်လို့ ပစ်ချက်လွှဲသွားပြီး ထိတော့ မထိလိုက်
ပါဘူး။ သူတို့ ဆက်ပြီး စကားတွေ အချေအတင် ပြောဆိုကြပါတယ်။ နောက်တော့
ခြံထဲမှာ လုပ်နေတဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို လုံးဝ လုပ်ခွင့်မပြုနိုင်ကြောင်း၊
ခြံထဲရှိ လူတွေအားလုံး လူစုခွဲပြီး ထွက်ခွာသွားဖို့ ပြောပါတယ်။ လူစုမခွဲဘူးဆိုရင် ခြံထဲ
ကို အဲသည့်ခေတ်က စစ်တပ်ပြောနေကြစကား “အင်အားသုံး၍ ချေမှုန်းမည်” စကား
နဲ့ ရာဇာသံပေးပါတော့တယ်။ ဒါကြောင့် ဒီ/ငြိမ်း ရုံးက ကျနော်တို့ရော၊ အခမ်းအနား
ကို လာတဲ့ တခြားဧည့်သည်တွေရော၊ သူတို့ ပါတီဝင်တွေပါ ခြံထဲကနေ ထွက်ခွာ
သွားဖို့ မေတ္တာရပ်ခံလာပါတယ်။

ဖြစ်နေတဲ့ နေရာက ဗဟန်းဆိုတော့ နယ်မြေခံကျောင်းသားဖြစ်တဲ့ ကျနော်ကို ခြံထဲက
အရင်ဆုံး စ’ထွက်ဖို့ အ.က.သ လုံ/စည်း အဖွဲ့က အရေးပေါ် ဆုံးဖြတ်ပါတယ်။ ခြံ
အပေါက်ဝ သို့မဟုတ် အိမ်ပြန်ရာလမ်း တစ်နေရာရာမှာ အဖမ်းခံရမလား လွှတ်မလား
ဆိုတာ သိပ်တော့ မကျိန်းသေပါ။ ဒီလိုနဲ့ နှစ်ယောက်တတွဲဆီ တွဲပြီး ထွက်ခွာသွားဖို့
စစ်တပ်ကနေ ဒီ/ငြိမ်း အဖွဲ့မှ လူကြီးတွေကို ပြောလာပါတယ်။ ဒါကြောင့် ကျနော့်တို့
အ.က.သ အဖွဲ့ဝင် ကျောင်းသားနှင့် အ.က.သ အဖွဲ့ဝင်မဟုတ်သော တခြားလူငယ်တို့
တွဲပြီး ခြံထဲက စ’ထွက်ကြရပါတယ်။ ကျနော်လည်း ရှေ့ဆုံးက စ’ထွက် ရတော့မယ်ဆို
တော့ အတိုင်းအတာတစ်ခုအထိ လန့်နေပါတယ်။ ကျနော်နဲ့ ဒီ/ငြိမ်း အဖွဲ့က အရွယ်တူ
လူငယ်တစ်ဦးတို့ စ’ထွက်ခဲ့ကြပါတယ်။ စစ်ကား အရေအတွက်က တော်တော်ကို များ
ပါတယ်။ စစ်သားအားလုံးနီးပါး လည်ပင်းမှာ အနီပတ်တွေ စည်းပြီး မျက်နှာတွေက
တကယ့်စစ်မျက်နှာမှာ ရန်သူနဲ့ ရင်ဆိုင်နေတဲ့ ပုံစံနဲ့ ကျနော်တို့ကို ကြည့်နေပါတယ်။
ကျနော့်စိတ်ထဲမှာတော့ ဒီ/ငြိမ်း ခြံထဲမှာ ကျန်ခဲ့တဲ့ မနက်စောစော အိမ်ကထွက်တုန်း
က ကျနော်ယူလာတဲ့ စက်ဘီးစမှုန့်တံ ထည့်ထားတဲ့ ငါးမတ်တန်ဘော့ပင်ကို သတိရနေ
မိပါတယ်။ ခြံထဲကအထွက် ကျနော်ယူလာမလို့ပါ။ သူငယ်ချင်းတစ်ယောက်က မင်းအဲဒီ
ပစ္စည်းကို ဒီခြံထဲမှာ လွှတ်ပြစ်ခဲ့လို့ တိုက်တွန်းမှုကြောင့် ဘော့ပင်လေး ကျန်ခဲ့ပါပြီ။

ဝင်္ကဘာလမ်းက ကားနှစ်စီး လွှတ်ရုံသာ မောင်းလို့ရတဲ့ အကျယ်အ၀န်းပါ။ စစ်ကား
တွေက လမ်းပေါ်မှာ တန်းစီပြီး ရပ်ထားတော့ ကျန်တဲ့ လမ်းတစ်ခြမ်းက သွားရပါတယ်။
စစ်ကားအစီးပေါင်းများစွားနဲ့ တန်းစီပြီးရပ်နေတဲ့ စစ်သားတွေ၊ မျက်နှာထား တင်းတင်း
ကြည့်နေတဲ့ အကြည့်တွေအောက်က ဖြတ်သွားရတဲ့ ဒုက္ခက မသေးလှပါ။ ဘယ်စစ်ကား
ကများ ငါတို့နှစ်ယောက်ကို ကားပေါ်တင်ပြီး သေနတ်ဒင်နဲ့ ထောင်းမလဲ ဆိုတာလည်း
အာမ မခံနိုင်ပါ။ ဒီ/ငြိမ်း ခြံ ကနေ ဗဟန်းမြို့နယ် လ.၀.က ရုံး၊ ပြီးတော့ ကန်တော်ကြီး
စောင်းအထိ စစ်ကားတွေ တော်တော်များပါတယ်။ စစ်ကားတွေ တစ်စီးပြီး တစ်စီးကို
ဖြတ်ကျော်ခဲ့ပါတယ်။ လ.၀.က ရုံးရှေ့ရှိ စစ်ကားနံဘေး ဖြတ်သွားမိတော့ ကားရှေ့
ခေါင်းခန်းမှ စစ်တပ်အရာရှိက လှမ်းပြောပါတယ် …
“ငါ… မသားလေးတွေ၊ ဒီလို နိုင်ငံတော်ရဲ့ နေ့ထူးနေ့မြတ်ကြီးမှာ ဆန့်ကျင်ဖို့
ကြိုးစား ရဲတယ်၊ မ..…….လေးတွေ”

ရေခဲဆိုင်မှတ်တိုင်ရောက်မှ စိတ်ထဲ တော်တော်လေး အေးသွားပါတယ်။ ၀တ်ထားတဲ့
အင်္ကျီတစ်ထည်လုံး ချွေးတွေနဲ့ ရွှဲနေပါတယ်။ ဒီလိုနဲ့ ဘတ်စ်ကားစီးပြီး ကျနော်နေထိုင်
ရာ ဆင်းရဲသား မျက်နှာမွဲ ရပ်ကွက်လေးဆီ ပြန်ခဲ့ပါတယ်။ အိမ်ကို ရောက်တော့
အိမ်ပေါက်ဝမှာ ကျနော့် ဒုတိယမြောက် အမက စာအိတ်ကပ်ပြီးသား အိတ်ခွံတွေ
သွားပို့ခိုင်းမလို့ ကျနော့်ကို မနက်မိုးလင်းကတည်းက လိုက်ရှာနေကြောင်း အပြစ်တင်
ပြောဆို နေပါတယ်။ အဲသည့်ခေတ်က ကျနော်တို့ ညီအကိုမောင်နှမများသည်
မိသားစု စားဝတ်နေရေးအတွက် ၀င်ငွေ တဖက်တလမ်းရရန် လေယာဉ်ပျံတံဆိပ်
စာရွက်များကို စာအိတ်အဖြစ် ချိုးပြီး ကော်ကပ်တဲ့ အိမ်တွင်းမှု လုပ်ငန်း လုပ်ရ
ပါတယ်။ အမများ ပြုလုပ်ပြီးသော စာအိတ်များကို စာပုံနှိပ်တိုက်သို့ ပြန်ပို့ရာတွင်
သယ်ဆောင်ပေးရခြင်းသည် ကျနော့်တာဝန်တစ်ခုပါ။

တနေကုန်ပျောက်နေသော ကျနော်တစ်ယောက် ဘယ်တွေသွားပြီး ဘာတွေ
ဖြစ်ခဲ့သလဲဆိုတာ ကျနော့်မိသားစုသည် နောင်နှစ်ပေါင်းများစွာ ကြာသည်အထိ
မသိခဲ့ရှာပေ။

(ဤမျှသာ။)

2 comments:

ဆောင်းယွန်းလ said...

သေသေချာချာဖတ်သွားတယ်ကိုအောင်
ဖြတ်သန်းခဲ့ရတဲ့ဘဝတွေက ကြမ်းလှပါတယ်ဗျာ

ဆက်ရန်မျှော်နေ၏

MieMie said...

ကိုယ်တွေ့ကြုံတဲ့သူမပြောနဲ့ အခုဖတ်ရတဲ့သူတောင်
စိတ်လှုပ်ရှားမိတယ်...ဒီလိုမျိုး အတွေ့အကြုံတွေဖတ်ရတာကြိုက်လို့ ဆက်ရန်မျှော်နေမယ်...အားပေးလျက်

mie nge