Oct 13, 2009

ကိုသက်ဝင်းအောင် ကျဆုံးခြင်း သုံးနှစ်ပြည့် အမှတ်တရ

ရေးသူ- စစ်ငြိမ်းဒီရေ


ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင်
(၂၇.၀၈.၁၉၇၁- ၁၆.၁၀.၂၀၀၆)



၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချို
(နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ရှည်ထောင်ဒဏ် မတရားကျခံနေရဆဲ
ကိုသက်ဝင်းအောင်၏ အကို။)



ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း တစ်လပြည့် အထိမ်းအမှတ်အဖြစ်
(၁၉.၁၁.၂၀၀၆) နေ့တွင် ပြည်ပသာသနာပြု ပီနန်ဆရာတော်ကြီးထံ
ဆွမ်းကပ် လှူဒါန်းခဲ့သော ဒိန်းမတ်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား
သူများနှင့် အ.က.သ အဖွဲ့ဝင်ဟောင်းများ ဖြစ်သော အောင်ခင်မြင့် (စာရေးသူ)၊
ဝေမိုး (ဧရာဝတီ မီဒီယာ)။


“သူငယ်ချင်းရေ မင်းကတော့ တမလွန်မှာ မင်း သိပ်ချစ်တဲ့
ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဆုံတွေ့ခွင့် ရသွားပြီ”

ကိုသက်ဝင်းအောင်၊ ကျနော်တို့ အ.က.သ (B.E.S.U) များ၏ ခေါင်းဆောင်
တစ်ဦးအဖြစ် တာဝန်ပေါင်းများစွာကို ထမ်းရွက်ခဲ့လေသူ သက်ဝင်းအောင်
တစ်ယောက် ကွယ်လွန်သော အခါ သူနှင့် ပက်သက် ရင်းနှီးခဲ့သော လုပ်ဖော်
ကိုင်ဖက် မိတ်ဆွေ သင်္ဂဟ ရဲဘော်အပေါင်းတို့က မှတ်တမ်းများစွာ ရေးထိုး
ခဲ့ကြသည်။ သူ၏ ထူးခြားလှသော ခေါင်းဆောင်မှုစွမ်းရည်၊ အပင်ပန်းခံ အနစ်နာ
ခံနိုင်မှု အရည်းအချင်းတို့သည် ပြော၍မကုန် ဆို၍မခမ်း ရှိခဲ့ပါသည်။

ကျနော်သည် သူနှင့် များစွာ ရင်းနှီးခဲ့ပါသည်။ အချိန်များစွာ အတူတကွ
ရှိခဲ့ဖူးပါသည်။ သူနှင့် ပက်သက်၍ မှတ်မှတ်ရရ ဖြစ်နေသော အတိတ်က
နေ့စွဲ့များ၌ အ.က.သ အဖွဲ့အစည်း၏ တာဝန်ပိုင်းဆိုင်ရာများ ရှိသလို
ရယ်မော ပျော်ရွှင်စရာ လွမ်းမောဖွယ် အဖြစ်အပျက်များလည်း ရှိခဲ့ဖူးသည်။

ပထမဦးဆုံး စတင် ဆုံဆည်းခြင်း

ရက်စွဲတော့ အတိအကျ မမှတ်မိတော့ပါ။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်
ဒေါ်ခင်ကြည် ဈာပန နောက်ပိုင်းကာလ ဖြစ်ပါသည်။ ထိုအချိန်က ကျနော်သည်
ကိုသီဟ ခေါင်းဆောင်သော အ.က.သ အစုတွင် စတင် ပါဝင်လှုပ်ရှားခဲ့သည်။
ဒေါ်ချိုချိုကျော်ငြိမ်း၏ ခြံအတွင်းရှိ ကားဂိုဒေါင်ကြီး၌ ကိုသီဟ က ကျနော်တို့အား
ကိစ္စတစ်ခု ရှင်းပြပါသည်။ အ.က.သ အဖွဲ့အစည်းသည် ကျနော်တို့ တစ်အုပ်စု
တည်းသာမက တခြား အုပ်စုလည်း ရှိသေးကြောင်း၊ ထိုကြောင့် အ.က.သ
နှစ်အုပ်စု ပူးပေါင်း၍ ရန်ကုန်တိုင်း အ.က.သ ကို ခိုင်မာစွာ ဖွဲ့စည်းမည်
ဟု ရှင်းပြပါသည်။ ကျနော်တို့က မေးမြန်းသောအခါ ကျနော်တို့ အုပ်စုကဲ့သို့
ကျောင်းသား အင်အား တောင့်တင်းခိုင်မာသော နောက်ထပ် အ.က.သ အုပ်စု
သည် ကိုမင်းဇင် ခေါင်းဆောင်သော အ.က.သ အုပ်စု ဖြစ်ကြောင်း သိရပါသည်။
အဲသည့်ညနေ၌ပင် ကိုသီဟ ခေါင်းဆောင်သော ကျနော်တို့ အ.က.သ အုပ်စုနှင့်
ကိုမင်းဇင် ခေါင်းဆောင်သော အ.က.သ အုပ်စုတို့သည် ဒေါ်ချိုချိုကျော်ငြိမ်း ခြံထိပ်ဝ
တွင် ရှိသော ဂိတ်ဝ ကင်းတဲတွင် ခဏ ဆုံတွေ့ ကြပါသည်။ ထိုတွေ့ဆုံပွဲတွင်
လွယ်အိတ်ကို စလွယ်သိုင်း လွယ်ထားသော သက်ဝင်းအောင်နှင့် ကျနော် စတင်
တွေ့ဆုံ ရင်းနှီးခဲ့ပါသည်။

အ.က.သ ရန်ကုန်တိုင်း၏ အစည်းအဝေးတစ်ခုတွင် မောင်မောင်ကြွယ်
(ABSDF မြောက်ပိုင်းတွင် ကွယ်လွန်သူ) က သက်ဝင်းအောင်အား
ရယ်စရာ တစ်ခုအဖြစ် မေးခိုင်းပါသည်။
“သက်ဝင်းအောင်၊ အောင်ခင်မြင့်ကို မေးကြည့်ပါလား အ.က.သ ဘယ်နေရာမှာ
စဖွဲ့တာလဲလို့”

သက်ဝင်းအောင်။ ။ သူငယ်ချင်း၊ ငါတို့ အ.က.သ ဘယ်နေရာမှာ စဖွဲ့တာလဲ။
ကျနော်။ ။ ဒေါ်ချို ခြံထိပ်က ကင်းတဲမှာ …
ကျောင်းသားများ။ ။ ဟားဟားဟား … (ရယ်သံများ)
သက်ဝင်းအောင်။ ။ မင်းပြောတော့မှ ငါတို့ဘ၀ ကင်းတဲ ရောက်တော့တယ်။
(ကျနော့်အဖြေသည် အပြည့်အစုံ မမှန်ကန်သော်လည်း သူသည် ရယ်မောလျက်။)
……. ….. …

လက်ဖက်ရည်ဆိုင် ထိုင်ဖို့

၁၉၈၉ ခုနှစ် အတွင်း အ.က.သ ရန်ကုန်တိုင်းရုံးသည် ရန်ပုံငွေအရ မြို့နယ်တာဝန်ခံ
များ၊ အမာခံ အချိန်ပြည့် လှုပ်ရှားသူများအား နေ့စဉ် ထမင်းဖိုး (၇) ကျပ် ပေးဝေပါ
သည်။ မောင်ထော်လေးလမ်းနှင့် မဟာဗန္ဓုလမ်းဆုံရာ လမ်းထောင့်တွင် ထိုအချိန်က
လမ်းဘေး ထမင်းဆိုင်ရှိပါသည်။ ထမင်းတစ်ပွဲ တစ်ခါပြင်ဆိုလျှင် ငါးကျပ်၊ လိုက်ပွဲမှာ
(၂) ကျပ်ဖြစ်ပါသည်။ အ.က.သ အစည်းအဝေးတစ်ခု၌ ညိုမောင်ဦးက သက်ဝင်းအောင်
အား ရယ်စရာအဖြစ် မေးခွန်းတစ်ခု မေးခိုင်းပါသည်။
“သက်ဝင်းအောင်၊ ငါတို့ ထမင်းစားရတာ ဗိုက်မ၀ဘူး၊ ဟိုကောင် အောင်ခင်မြင့်၊
ငါတို့ ထမင်းစားရင် လာပြီး ကပ်စားတယ်၊ သူ ရတဲ့ (၇)ကျပ်ကို ဘာလုပ်သလဲလို့”

သက်ဝင်းအောင်။ ။ သူငယ်ချင်း၊ မင်း ထမင်း ၀ယ်မစားဘူးလား၊ ပိုက်ဆံ(၇) ကျပ်
ကို မသုံးဘူးလား …။

ကျနော်။ ။ ငါ ဘယ်တော့ ၀ယ်မစားဘူး၊ သူများဆီက တစ်ယောက် တစ်ဇွန်းစီ
ကပ်စားတယ်၊ အဲ့ဒါဆို ဗိုက်ဝတယ်၊ အဲ့ဒီပိုက်ဆံက အိမ်ပြန်ရင် ရပ်ကွက်ထဲမှာ
လက်ဖက်ရည်ဆိုင် ထိုင်ဖို့ …။

ကျောင်းသားများ။ ။ ဟားဟားဟား … (ရယ်သံများ)

သက်ဝင်းအောင်။ ။ မင်းကတော့ လုပ်ပြန်ပြီ။
(ကျနော့်အဖြေကြောင့် သူသည် ရယ်မောလျက်။)
…….. ….. …

စားစား သူငယ်ချင်း ….

ကျနော်တို့ အ.က.သ ရန်ကုန်တိုင်းရုံးရှိရာ မောင်ထော်လေးလမ်းရုံးခန်း
ပိုင်ရှင်မှာ “ဒီမိုကရက်တစ်တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသားဟောင်းများ ပါတီ”
ဖြစ်ပါသည်။ တနေ့တွင် ထိုပါတီမှ ပန်းဘဲတန်းမြို့နယ် အမတ်လောင်း ကိုမောင်မောင်
အောင် သည် ရန်ပုံငွေအဖြစ် မုန့်ဟင်းခါး ရောင်းပွဲ ပြုလုပ်ပါသည်။ ထိုဈေးရောင်း
ပွဲတွင် မုန့်ဟင်းခါးများ တစ်ပွဲပြီး တစ်ပွဲ စားနေသော ကျနော့်ကို မြင်သောအခါ
သက်ဝင်းအောင်သည် အကြီးအကျယ် အံ့အားသင့်သွားပါသည်။ နံဘေးရှိ
ညီညီလှိုင် အား …

သက်ဝင်းအောင်။ ။ ညီညီလှိုင်၊ အောင်ခင်မြင့်တစ်ယောက် ဒီနေ့ မုန့်ဟင်းခါးတွေ
ဘာတွေ ၀ယ်စားနေပါလား၊ တော်တော် အားပေးနေပုံရတယ်။

ညီညီလှိုင်။ ။ ဟုတ်ပါလိမ့်မယ် အားကြီး၊ မုန့်ဟင်းခါး သွားယူရင် ပေးရတဲ့ စာရွက်
တွေက ဗီရိုပေါ်မှာ ရှိတယ်၊ အဲ့ဒီစာရွက်ကို ပါတီက တံဆိပ်တုံးလေးပဲ ထုထားတာ။
ဒါကို ကုလားကိုရွှေကြီးတို့ တာတီးဖိုးတို့က အတုလုပ်တာ။ သူလည်း အဲ့ဒီစာရွက်
တွေကို အဲ့လိုလုပ်ပြီး အခုလို အားပေးနေတာပေါ့။

သက်ဝင်းအောင်။ ။ သြော် အဲ့လိုလား … စားစား သူငယ်ချင်း … ။

ဟု ကျနော့်အား လှမ်းပြောလိုက်ပါသည်။

“သူငယ်ချင်း သက်ဝင်းအောင် ကောင်းရာသုဂတိ လားပါစေ”

3 comments:

Myo Win Zaw said...

ကိုသက်ဝင်းအောင်ဟာ နအဖအကျဉ်းထောင်ထဲမှာ ကျဆုံးခဲ့တယ် သူဟာ စစ်အစိုးရကို ဘယ်တော့မှ ဦးမညွှတ်ခဲ့ဘူး ဒူးမထောက်ခဲ့ဘူး ထောင်အပြင် မှာလဲ တိုက်ပွဲခေါ်တယ် တိုက်ပွဲဝင်တယ် ထောင်ထဲမှာ ဖမ်းချုပ်ခံရတုန်းမှာလဲ တိုက်ပွဲခေါ်တယ် တိုက်ပွဲဝင်တယ် သူဟာတော်လှန်ရေးသမားစစ်စစ်ဘဲ သူနေခဲ့ရတဲ့ သူ့ဘ၀တလျှောက်လုံး တိုက်ပွဲတွေနဲ့ဘဲ နေထိုင်ခဲ့တယ် ထောင်ကျနေစဉ်မှာလဲ ထောင်တွင်းတိုက်ပွဲတွေကို ဦးဆောင်ခဲ့တယ် ဒါကြောင့်လဲ စစ်အစိုးရ ရဲ့ ရက်စက်စွာ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ကျဆုံးခဲ့တယ် ကိုသက်ဝင်းအောင် ကောင်းရာသုဂတိရောက်ပါစေ
အမှတ်တရတင်ပေးတဲ့ ကိုအောင်ရေ ကျေးဇူးဘဲဗျာ

အိုးဝေအောင်(အေဘီအီးပီ) said...

သက်ဝင်းအောင် အမှတ်တရစာတွေစုပြီး ကျနော်တင်တဲ့အခါ ကိုအောင့်စာကို ယူသု့းမယ်။
တဆက်တည်း ဒီနေရာမှာ ဖတ်၇တဲ့ မြူးသျှရီရဲ့ကဗျာပါ ယူသုံးမှာကို တဆင့်ပြောပေးပါ။

ဂျူနို said...

ကိုအောင်ရေ
တချို့ က ငြိမ်းချမ်းရေးဝိညာဉ်
တချို့ က ငြိမ်းချမ်းရေးအကျဉ်းသမား
တချို့ က ငြိမ်းချမ်းရေး အကျယ်ချုပ်
ငြိမ်းချမ်းရေး ငတ်နေသူတွေ
ငြိမ်းချမ်းရေး ရှာသူတွေ
ငြိမ်းချမ်းရေးကို အလစ်သုတ်
ိုလဒတွေရဲ့ ရန်ကဝေးလို့ 
အမှန်အကန် ဘယ်တော့မှငြိမ်းပါအံ့။

မအယ်