Oct 5, 2009

ရန်ကုန်ပရိသတ် မန္တလေးမှာ အရိုက်ခံရ

ရန်ပိုင်


(ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံအသင်းတို့ ဇူလိုင်လတွင်
အကြိတ်အနယ် ယှဉ်ပြိုင်နေပုံ - ဓာတ်ပုံ- ရိုက်တာ)

ရန်ကုန် ယူနိုက်တက်နှင့် ရတနာပုံ FC ပြိုင်ပွဲနေ့က ရန်ကုန်ဘောလုံး အသင်း
ကို လိုက်လံအားပေး သူများနှင့် မန္တလေး ပရိသတ်တို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း
သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က ကျင်းပခဲ့သော ယင်း ပြိုင်ပွဲတွင် ရန်ကုန်
ယူနိုက်တက်မှ ဘောလုံးသမား မျိုးမင်းထွန်း၏ ဘောလုံးဖျက်ထုတ်မှုကို ကြမ်းသည်
ဆိုပြီး ဒိုင်လူကြီးက ပြစ်ဒဏ်ဘော ပေးရာ ရန်ကုန်ပရိသတ်က အော်ဟစ် ဆူပူခဲ့သည့်
အတွက် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ပြီးနောက် ပရိသတ်အချင်းချင်း ဆက်လက်
ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်ယူနိုက်တက် ပရိသတ်တဦးက ပြောသည်။

“ရန်ကုန်ပရိသတ် ဆူတော့ ရဲရောက်လာပြီး တုတ်နဲ့ဝင်ရိုက်တယ်၊ ပြီးတော့ ဖမ်းသွား
တယ်” ဟု ၎င်းကပြောသည်။ ရန်ကုန်မှ လာရောက်အားပေးခဲ့ပြီး အဖမ်းခံခဲ့ရသူသည်
မြန်မာဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က အာဏာပိုင်များကို ဆက်သွယ်
ညှိနှိုင်းပြီးနောက် ပြန်လွတ်လာကြောင်း သိရသည်။

“ဦးဇော်ဇော်က သူ့ကို ငါးသောင်းပေးလိုက်တယ်၊ အင်္ကျီ တထည်လည်း ၀ယ်ပေး
လိုက်တယ်” ဟု အဖမ်းခံရသူနှင့် နီးစပ်သော အသိုင်းအ၀န်းက ပြောသည်။

ရန်ကုန်ယူနိုက်တက် ပရိသတ်များ တင်ဆောင်ပြီး မန္တလေးဘူတာကြီးသို့
ထွက်ခွာလာသည့် ရွှေမန်းမေ ယာဉ်တန်း ကိုလည်း ရတနာပုံ FC ကို အားပေး
သည့် မန္တလေး ပရိသတ်များက နောက်မှလိုက်လံ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ဆိုင်ကယ် တစ်စီးမှာ လူ ၃ ယောက်စီ စီးလာပြီး လူ ၂၀လောက် နောက်က လိုက်လာ
တယ်၊ မီးနီတဲ့အချိန်မှာ ဝိုင်းချကြတာ” ဟု ၎င်းကပြောသည်။

ထို့အပြင် ရန်ကုန်ယူနိုက်တက် ပရိသတ် လိုက်ပါလာသည့် ရန်ကုန် - မန္တလေး အထူး
အမြန်ရထားကိုပါ လေးခွများ ခဲများဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု သိရသည်။

ထိုသို့ ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် လူ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးမှာ ဒဏ်ရာ
ပြင်းထန်သဖြင့် မန္တလေး ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်းနှင့် ကား
၁၃ စီး ပျက်စီးသွားကြောင်း သိရသည်။

ယခုအခါ မီးရထားကို ခဲနှင့် ပေါက်သူ ၃ ဦးနှင့် ကားကို ခဲနှင့်ပေါက်သူ ၁ ဦးအား
ဖမ်းဆီးရမိထားပြီး တရားဥပဒေအတိုင်း အရေးယူစေရန် ဆောင်ရွက်သွားမည်ဟု
ရန်ကုန်ယူနိုက်တက် အသင်း ၀က်ဘ်ဆိုက် တွင်ဖော်ပြထားသည်။

ရန်ကုန်ယူနိုက်တက် အသင်းပိုင်ရှင် ဦးတေဇ နှင့်နီးစပ်သူတဦးကလည်း
“ဥက္ကဋ္ဌကတော့ သက်သေတွေစုပြီး အပြတ် လုပ်ခိုင်း ထားတယ်၊ အထက်
အထိ စာတင်ပြီး စံပြဖြစ်အောင် လုပ်မယ်လို့ပြောတယ်” ဟု ဆိုသည်။

ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ FC ကန်သည့်နေ့တွင် လာရောက်ကြည့်ရှုသူ
များပြားသောကြောင့် လမ်း ၃၀ မှ ၃၅ လမ်းအထိ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့
ကြောင်း မန္တလေးမြို့ခံ တဦးကပြောသည်။

“လုံခြုံရေး အပြည့်ဘဲ၊ စစ်တပ်၊ ရဲ၊ စွမ်းအားရှင် အကုန်ချထားတာ၊ ဒီလောက်
များတဲ့ လူအုပ်ကို တုတ်နဲ့ တားတာ လောက်တော့ ဘယ်ရမလဲ၊ ပရိသတ်မှာ
လည်း လက်နက်ရှိနေတာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ မန္တလေးမြို့ရှိ အမှတ် ၈ အောင်မြေသာဇံ
ရဲစခန်းနှင့် အမှတ် ၉ ချမ်းအေးသာဇံရဲစခန်း တို့ကို ဧရာဝတီက ဆက်သွယ်
မေးမြန်းရာတွင် ယင်းရဲစခန်းများက မှန်ကန်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယင်းဘောလုံးပွဲတွင် ရတနာပုံ FC အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို
၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဤသို့ ဘောလုံးအားကစားတွင် ရိုင်းစိုင်းစွာအားမပေးသင့်ကြောင်း၊ မြန်မာ
ဘောလုံးလောက တိုးတက်ရန် ပြုပြင် နေချိန် တွင် ပြဿနာများတခုပြီး တခု
တိုးပွားလာခြင်းသည် အလားအလာမကောင်းကြောင်း၊ အားပေးသူ ပရိသတ်
များတွင် တာဝန်ရှိပြီး အချိန်မီတားဆီးရန် လိုအပ်ကြောင်း ရန်ကုန်အားကစား
ဂျာနယ် တစောင်မှ တာဝန်ခံတဦးက သုံးသပ်သည်။

ပြီးခဲ့သည် စက်တင်ဘာ ၂၃ ရက်နေ့က ရတနာပုံ FC နှင့် ဒဲလ်တာယူနိုက်တက်
အသင်းတို့ ကစားခဲ့သည့် ပွဲစဉ် ၅ တွင်လည်း ဒိုင်လူကြီး၏ အဆုံးအဖြတ်မှားယွင်း
သည် ဟုဆိုကာ မန္တလေးပရိသတ်များက အကြီးအကျယ် ဆူပူခဲ့ကြသည်။

ယင်းကိစ္စကြောင့် ရန်ကုန်ယူနိုက်တက် အသင်းမှ နည်းပြအဖွဲ့နှင့် ဘောလုံးသမား
များ၊ ပရိသတ်များက လုံခြုံရေးအတွက် ရတနာပုံအသင်း၏ အိမ်ကွင်းဖြစ်သော
ဗထူးကွင်းတွင် မကစားလိုကြောင်း MFF သို့ စာရေးသားတောင်းဆို ခဲ့သော်လည်း
ပယ်ချပြီး ကစားစေခဲ့ကြောင်း၊ လုံခြုံရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ
ကိုလည်း ပြုလုပ်ထားသည် ဟု ပြန်ကြား ခဲ့ကြောင်း First – Eleven ဂျာနယ်
တွင် ဖော်ပြထားသည်။

မန္တလေးတွင် မကျင်းပရေးအတွက် MFF က ပြောဆိုခဲ့သော်လည်း မန္တလေး
တိုင်းမှူးက ခိုက်ရန်မဖြစ်ပွားရန် တာဝန်ယူသည် ဟု ဆိုသောကြောင့် ယခုကဲ့သို့
ရန်ကုန် ယူနိုက်တက် နှင့် ပွဲစဉ်ကို ဆက်လက်ကျင်းပခြင်း ဖြစ်ကြောင်း ဘောလုံး
အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် နီးစပ်သူ တဦးက ပြောသည်။

“မန္တလေးက ဘယ်သူလာလာ ချမှာပဲဆိုတဲ့ ပုံစံဖြစ်နေတာ။ ခုဟာက တိုင်းမှူး
ကိုယ်တိုင်က တာဝန်ယူတယ်လို့ အာမခံပြီး ခုလိုဖြစ်တာ။ ရန်ကုန်ဘက်က
မကျေနပ်ကြဘူး” ဟု ၎င်းက ဆိုသည်။

ယခုအခါ မန္တလေးမြို့ရှိ ဗထူးကွင်းတွင် မြန်မာနေရှင်နယ်လိဂ် (MNL)
ဘောလုံးပွဲစဉ်များကို မကျင်းပတော့ဘဲ ရန်ကုန်တွင်သာ ကျင်းပ တော့မည်
ဖြစ်ကြောင်း၊ ဦးဇော်ဇော်မှာ MFF ဥက္ကဌအဖြစ်မှ နှုတ်ထွက်တော့မည်ဟု
အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

MNL ဘောလုံးပွဲစဉ်စုစုပေါင်း ၁၄ ပွဲကို စက်တင်ဘာလ ၆ ရက်နေ့မှ စတင်
ကျင်းပခဲ့ရာ ယခုအခါတွင် ပွဲစဉ် ၇ သို့ ရောက်ရှိပြီ ဖြစ်ကြောင်းသိရသည်။

ယင်း ဘောလုံးကလပ်အသင်းများကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး
လုပ်ငန်းရှင်ကြီးများက တည်ထောင်ထားခြင်း ဖြစ်သည်။

(ဧရာဝတီ သတင်းစာမျက်နှာမှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)

5 comments:

Myo Win Zaw said...

အေးဗျာ ဘာမှ သောက်ရေးပါတဲ့ကိစ္စမဟုတ်ဘဲ ဘယ်လိုဖြစ်ကြတာလဲဗျာ တကယ့်ကိစ္စဆို အိမ်ထဲကတောင် ဘယ်သူမှမထွက်ဘူး

ကိုအောင်(ပျူနိုင်ငံ) said...

အဲဒါဘဲ ကိုမျိုးဝင်းဇော်ရေ ... အကျင့်စရိုက်
အခြေခံညံ့ဖျင်းမှုနဲ့ မယောင်ရာဆီလိမ်းပြီး သည်းခံ
တတ်တဲ့ဓလေ့တွေ ရိုက်ချိုးပါလို့ မပြောရဲဘူးဗျာ ...
သိတဲ့အတိုင်း ဝေဖန်ရေးကိုတောင် တည့်မပြောရဲဘူး ..
အဲလို ဖြစ်တဲ့ ဖြစ်ရပ်ပေါင်း သောင်းခြောက်ထောင်ပဲ၊
တီးဝိုင်းတွေမှာ လက်ရဲဇာတ်ရဲ ရန်ဖြစ်ရဲသလောက်
နိုင်ငံရေးအသံကြားရင် ဘယ်နားရောက်သွားမှန်းကို
မသိဘူးဗျာ။

Myo Win Zaw said...

မှန်တယ်ဗျာ ပြောရင်မင်းကကော ဘာကောင်လဲအမေးခံရမယ် အဓိကကတော့ မှန်ရာကို ပြောရဲတဲ့ သတ္တိကြတော့ မရှိတာဘဲ အိမ်ကျယ်မယ် အုပ်စုလိုက်ဝိုင်းရိုက်မယ်ဆိုတာ မြန်မာဓလေ့လားမသိဘူး

နိုင်နိုင် said...

ဘောလုံးကိုဘန်းပြပြီးသူတို့ဘက်လှည့်မလာ
အောင်ရန်တိုက်ပေးတာကိုအဟုတ်မှတ်ပြီးခွေး
တွေလိုကိုက်နေတယ်ရင်ထဲမှာရှိတဲ့အတိုင်း
မြင်မိတဲ့အတိုင်းပြောတာရိုင်းသွားရင်ခွင့်လွှတ်ပါ

ကလူသစ် said...

ခုလိုဖြစ်တာ မကောင်းဘူး။ ဒါပေမဲ့ ၈၈ မတိုင်မှီက အဖြစ်အပျက်လေးတွေကို သတိရတယ်။ မြို့နယ်ဘောလုံးပွဲမှာ အငြင်းပွားပြီး တဖက်နဲ့တဖက် ဖြစ်ရာကနေ နောက်ဆုံး ရဲနဲ့ လူထု ဆော်ကြသလိုဖြစ်သွားတာမျိုး။ တခုခုဆိုရင် အုပ်စု အုပ်စုနဲ့ ထလိုက်ကြ၊ လုပ်ကြတာမျိုး။ အမျိုးသမီးဆောင်မှာ ၀င်တဲ့သူခိုးက ထလိုက်ကြရာကနေ ရဲကားနဲ့ ပြသနာတက်တာမျိုး။ .........အင်း......သတိရတာလေးတွေပါ။