Oct 26, 2009

ကမ္ဘာပျက်မည့်နေ့နဲ့ ပက်သက်၍ ကျနော့်အမြင်

ရေးသူ- ခွန်း

အခုလို စိတ်ဝင်တစား ဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်ဗျာ။ ဒီပြဿနာ
ဘယ်ကစ ဆိုရင် ကိုအလှတရားကို လက်ညိုး ထိုးရတော့မှာပဲ။
(ဟာ.. မဆီမဆိုင်ဗျာ.. :D ) ။ သူက pole shifting အကြောင်း မေးတော့
ကျနော်လည်း ဗွီဒီယို လင့်လေးများ ချိတ်ပေးလို့ရမလား ဆိုပြီး YouTube မှာ
သွားရှာတာ။ pole shifting တော့ မတွေ့ဘူး။ အဲဒါကြီးကို သွားတွေ့တာပဲ။
တွေ့စက တော်တော် စိတ်လှုပ်ရှား သွားသေးတယ်။ မကျေနပ်တာနဲ့ အကုန်
လိုက်ရှာတယ်။ အချက်အလက် နည်းနည်းစုံမှ စိတ်အေးသွားတယ်။ ဒီအကြောင်း
ကို တင်သင့် မတင်သင့် ချိန်နေတာ တော်တော်ကြာသွားတယ်။ ဒါပေမယ့်
ဒါတွေက YouTube မှာ ပလူပျံနေတာ ဆိုတော့ တစ်ကြိမ်မဟုတ် တစ်ကြိမ်
မြန်မာတွေ တွေ့သွားမှာပဲ။ ကျနော် ကြိုရှင်း မထားရင် စိတ်ဒုက္ခ ရောက်နေ
နိုင်တယ်ဆိုပြီး တင်ဖို့ဆုံးဖြတ် လိုက်တာပါ။ မနေ့တုန်းက တခါတည်း မရှင်း
တာက အားလုံးရဲ့ အမြင်တွေ လိုချင်လို့ တစ်ရက် စောင့်တဲ့ သဘောပါ။
အခု ကျနော့် အမြင်ကို ပြောပါမယ်။

ဒီပြဿနာရဲ့အစက ၁၉၇၆ ခုနှစ်မှာ Zecharia Sitchin ရေးသားထုတ်ဝေ
ခဲ့တဲ့ The Twelfth Planet ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ အဲဒီ စာအုပ်မှာ Nibiru
ဆိုတဲ့ ဂြိုဟ်ရှိကြောင်း၊ ellipse ပုံ လမ်းကြောင်းနဲ့ နေကို ပါတ်ကြောင်း၊ နှစ်
၃၆၀၀ မှာ တစ်ပါတ်ပြည့် ပြီးတော့ နေနဲ့ အဝေးဆုံးအဖြစ် ပလူတို ဟိုဘက်
အဝေးဆုံး နေရာကို ရောက်ပြီး အနီးဆုံးအဖြစ် ဂျူပီတာဂြိုဟ်နဲ့ မားစ် ဂြိုဟ်
ကြားက asteroid belt အထိ ရောက်ကြောင်း ရေးထားပါတယ်။
ဒီ ပြဿနာကို တွန်းအားပေးတာကတော့ အောက်က စာအုပ်တွေ ဖြစ်နိုင်ပါတယ်။

1. Mystery Heavenly Body Discovered, a front page history, Washington Post, 31-Dec-1983
2. Unidentified IRAS sources – Ultrahigh-luminosity galaxies , Astrophysical Journal, Part 2, March 1, 1985, p. L5-L8.
3. Cometary Evidence of a Massive Body in the outer Oort Cloud, Icarus, Volume 141, Issue Icarus, pp. 354-366.
4. A 10th planet may be out there or new object could be the sun’s long lost twin, astronomers say, SETH BORENSTEIN, Oct.11, 1999, 9:02 PM.

ပထမဆုံး ပြောရရင် Sitchin ရေးတဲ့ စာအုပ်ဟာ သိပ္ပံစာအုပ် မဟုတ်ပါဘူး။
သူက သမိုင်းလို့ ဆိုပေမယ့် ဘာအထောက်အထားမှ မရှိတော့ ပုံပြင်သာသာ
ပါပဲ။ သူ့စာအုပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀၀၀ တုန်းက Nibiru ဂြိုဟ်ပေါ်က
Anunnaki မျိုးနွယ်တွေရဲ့ နန်းကျ ဘုရင် Alalu ဟာ ကမ္ဘာကို ထွက်ပြေး ခိုလှုံခဲ့
ပါတယ်။ ကမ္ဘာက ရွှေတွေဟာ သူတို့ Nibiru က လေထု ဆုံးရှုံးမှုတွေကို ကာကွယ်
နိုင်မှန်းသိတော့ ကမ္ဘာက ရွှေတွေကို တူးဖော်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အာဏာလု
စစ်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀၀ လောက် အရောက်
မှာတော့ Anunnaki တွေဟာ ကမ္ဘာပေါ်မှာ ရွှေ တူးဖော်ဖို့အလုပ်သမား မျိုးနွယ်စု
တစ်မျိုးကို genetic engineering နည်းနဲ့ ဖန်တီးခဲ့ပါတယ်။ အဲဒီ မျိုးနွယ်စု
ကတော့ homo sapiens ဆိုတဲ့ လူတွေပါပဲ။ နောက်ပိုင်းမှာ လူသားတွေက
ကမ္ဘာကို စိုးမိုးသွားပြီး Anunnaki တွေ ထွက်ခွါသွားပါတယ်။ Sitchin ဟာ
သူ့စာအုပ်မှာ သမ္မာကျမ်းက အချက်အလက်တွေရော၊ အီဂျစ်ရှေးဟောင်း
ပုံပြင်တွေကိုပါ ထည့်သွင်း ခဲ့ပါတယ်။ လေ့လာသူတွေကတော့ ဒါဟာ
Sumerian mythology ပါပဲတဲ့။ သမိုင်း တစ်ခုအဖြစ် ယူဆဖို့တော်တော်ကို
ကလေးကလား နိုင်နေပေမယ့် ယုံကြည်သူတွေ ကလည်း တော်တော်ကို
များခဲ့ပါတယ်။ ယုံကြည်သူ အချို့ထဲက ထပ်မံ တွေးဆ တွက်ချက်မှုတွေ အရ
အဲဒီ Nibiru ဂြိုဟ်ကြီးဟာ 2003 နဲ့ 2013 အကြားမှာ ကမ္ဘာနဲ့အနီးဆုံး နေရာ
ကို ရောက်လာ ဦးမယ် ဆိုတာပါပဲ။

အပေါ်က စာအုပ်တွေထဲက နံပါတ် ၁ မှာ ရေးထားတာက အမျိုးအမည်မသိ
ကြီးမားတဲ့ အရာဝတ္ထု တစ်ခု တွေ့တယ် ဆိုတာရယ်၊ သူက ကမ္ဘာနဲ့ အနီးဆုံး
မိုင် သန်းထောင်ပေါင်း ၅၀ အကွာ လောက်မှာ ရှိတယ်လို့ မှန်းဆ ကြပါတယ်။
သူက ဂြိုဟ်ကြီး တစ်လုံးလား၊ ဥက္ကာပျံ ဘီလူးကြီးလား၊ ကြယ်တစ်လုံးအဖြစ်
လုံလောက်အောင် အပူမပေး နိုင်တဲ့ protostar တစ်လုံးလား ဆိုတာ မခွဲခြား
နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ၆ လအတွင်းမှာ သူဟာ တည်နေရာကနေ လုံးဝ
ရွေ့လျှားခြင်း မရှိတဲ့ အတွက် ဥက္ကာပျံ မဟုတ်သလို ဂြိုဟ်လဲ မဟုတ်ကြောင်း
ယူဆခဲ့ပါတယ်။ ဒါပေမယ့် မိုင်သန်း ထောင်ပေါင်း ၅၀ အတွင်းသာ မှန်ခဲ့ရင်
နေအဖွဲ့အစည်းရဲ့ မိသားစု ဝင်ပဲ ဖြစ်ရမယ် ဆိုတာရယ် ပြီးတော့ သူ့ပါတ်လမ်း
က ကျနော်တို့ ဆီကို တည့်တည့်ကြီး လာနေတဲ့ ဘဲဥပုံ ပါတ်လမ်း ဖြစ်နေလို့
တည်နေရာ မရွေ့ဆိုတဲ့ အယူအဆ တချို့ ပေါ်ခဲ့ပါတယ်။ နံပါတ် ၂ စာအုပ်
ကတော့ IRAS ရဲ့ data တွေထဲက နက္ခတ်တာရာကြည့် မှန်ပြောင်းတွေနဲ့
မမြင်ရပဲ infrared မှန်ပြောင်းနဲ့ ကြည့်ပြီး မြင်ရတဲ့ အချက်တွေထဲက အဲဒီ
အမျိုးအမည် မသိ အရာဝတ္ထုကြီး အကြောင်း ပါလာတာပါ။ နံပါတ် ၃ မှာတော့
ဥက္ကာပျံ တိမ်တိုက် အော့ရ်တာရဲ့ ဟိုဘက်မှာ Brown draft တစ်ခု ရှိကြောင်း
hypothesis ကို ရေးထားတာပါ။ အရွယ်အားဖြင့် ဂျူပီတာ ဂြိုဟ်ရဲ့ 3 or
2 ဆ ရှိပြီးတော့ သူ့ရဲ့ ပတ်လမ်းဟာ galactic midplane နဲ့ ၅ ဒီဂရီ
စောင်းတယ်လို့ ယူဆကြပါတယ်။ သူ့ကို IRAS ရဲ့ data base မှာ မတွေ့ရ
ပေမယ့် မျိုးဆက်သစ် အနီအောက် မှန်ပြောင်းတွေနဲ့ တွေ့နိုင်မယ်လို့ မျှော်လင့်
ခဲ့ပါတယ်။ နံပါတ်၎ ကတော့ ၉၉ မှာ ထုတ်တာ ဖြစ်တဲ့ အတွက် တိကျသွားပါပြီ။
ဂျူပီတာ ဂြိုဟ်ထက် သုံးဆလောက်ကြီးတဲ့ အရာဝတ္ထု တစ်ခု ဟာ 3 trillions
miles အကွာလောက် မှာ ရှိနေပါတယ်တဲ့။ အလွန်ဝေးလံလှပေမယ့် ကြီးမား
လွန်းတဲ့ အတွက် နေအဖွဲ့အစည်းရဲ့ မိသားစုဝင် ဖြစ်နေနိုင်ပါတယ်။
သူ့ရဲ့ ပါတ်လမ်းဟာ far-travelling comets တွေလို ဖြစ်နိုင်ပြီးတော့
Brown draft လို့ သတ်မှတ်ခဲ့ပါတယ်။ သူ့ရဲ့ ဖွဲ့စည်းပုံဟာ ကြယ်နဲ့တူပြီး
ဂြိုဟ်နဲ့ မတူလို့ပါတဲ့။ ဒါပေမယ့် အချို့ပညာရှင်တွေကတော့ နေကို ပါတ်တဲ့
အတွက် ဂြိုဟ်လို့ပဲ ခေါ်ကြပါတယ်။ သူဟာ မအောင်မြင်တဲ့ ကြယ်တစ်လုံး
ဖြစ်ပြီး နေအဖွဲ့အစည်း စတင်စဉ်ကပဲ နေအဖွဲ့အစည်းထဲကို ဝင်ရောက်ခဲ့ပြီး
၁၀ ခုမြောက် ဂြိုဟ်လား Brown Draft လား မဆုံးဖြတ် နိုင်ခဲ့ကြပါဘူး။

ကျနော့် အမြင်ကို ပြောရရင်တော့ ဒီပြဿနာကို စတင်သူ Sitchin ဟာ
သိပ္ပံပညာရှင် မဟုတ်သလို သိပ္ပံဆိုင်ရာ အချက်အလက် ဘာမှ မတင်ပြနိုင်ခဲ့
ပါဘူး။ နောက်ထပ် စာစဉ်တွေမှာလည်း အရာဝတ္ထုဟာ ကမ္ဘာဆီကို ရွေ့လျှား
လာနေတယ်လို့ မဖော်ပြခဲ့ ပါဘူး။ အဲလိုဆိုတော့ ၂၀၁၂ မှာ အဲဒီဂြိုဟ်ကြီး
ကမ္ဘာနဲ့အနီးဆုံးကို ရောက်လာနိုင်စရာ အချက်နည်းနည်းပဲ စဉ်းစားစရာ
ကျန်ပါတယ်။ ဘာတွေလဲ ဆိုတော့ - ဆိုက်ဘေးရီးယားမှာ အပူပိုင်း နို့တိုက်
သတ္တဝါ အရိုးတွေ တွေ့တယ် ဆိုတော့ တစ်ချိန်က tropical zone များ
ဖြစ်ခဲ့မလား၊ အဲလိုဆိုရင် ကမ္ဘာက ဒီထက်ပိုပြီး စောင်းနေရမှာ ဖြစ်တော့
ဘယ်အရာက ကမ္ဘာ့ဝင်ရိုးကို ဆွဲထောင်ပေးခဲ့သလဲ။ ဗီးနပ်စ်က နှေးကွေးစွာ
နဲ့ clockwise လည်နေတော့ clockwise လည်တဲ့ အရာဝတ္ထု တစ်စုံတစ်ရာ
က သူ့လည်ပါတ်မှုကို ပြောင်းစေတာလား။ asteroid belt က ဒီလောက်
comet ဒီလောက်များနေတာ တစ်စုံတစ်ခုသော impact ကြောင့်
ဂြိုဟ်ကြီးတစ်လုံး ကွဲထွက်သွားတာလား။

အဲဒီ ချွင်းချက်တွေက လွဲရင် ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ ကိစ္စ ကျနော်
လုံးဝ ငြင်းပါတယ်။

၁။ နှစ်ပေါင်း ၃၆၀၀ ဆိုတဲ့ Circle သည် လုံးဝ မဖြစ်နိုင်ပါ။
နှစ်ပေါင်း ၃၆၀၀ ဟာ ဇီဝ ဆင့်ကဲဖြစ်စဉ် အတွက် မဖြစ်နိုင်လောက် အောင်
နည်းလှပါတယ်။ လူ့သမိုင်း တစ်ခုတည်းကပဲ နှစ် တစ်သန်း ကျော်ခဲ့ ပြီဖြစ်ပါတယ်။

၂။ သိပ္ပံ ယူဆချက် မဟုတ်ပဲ မာယန်တွေရဲ့ပြက္ခဒိန် ၊ The Bible နဲ့Egyptian
တို့ရဲ့ အယူအဆ တွေနဲ့ ဆုံးဖြတ်ထားခြင်းဟာ လက်ခံနိုင်စရာ မရှိပါ။

၃။ ဂြိုဟ်ကြီး ဝင်ရောက်လာတဲ့အခါ ကမ္ဘာလည်ပါတ်မှု သုံးရက် တိတိ ရပ်သွား
မည် ဆိုခြင်းဟာ The Bible မှာ ပါတဲ့ The Three Days of Darkness ကို
ရည်ညွှန်းခြင်း ဖြစ်ပြီးတော့ သိပ္ပံ သဘောအရ မဖြစ်နိုင်ပါ။ ရပ်ပြီးသွားရင်
အားသက်ရောက်မှု တစ်ခုခု မရှိပဲ ပြန်မလည်နိုင်ပါဘူး။ သိပ္ပံကို ခရစ်ယာန်ဇာတ်
သွင်းခြင်းသာ ဖြစ်ပြီး လက်ခံ နိုင်စရာ မရှိပါ။

၎။ အဲလောက်ကြီးမားတဲ့ ဂြိုဟ်ကြီး တစ်ခု ဝင်လာခဲ့ရင် နေစကြာဝဠာ တစ်ခုလုံး
stability out သွားမှာ ဖြစ်ပြီးတော့ ယခုကဲ့သို့ စံနစ်ကျနေခြင်းမျိုး မရှိနိုင်။

၅။ NASA ကလျှို့ဝှက်တယ် ထားဦး။ အာကာသ လေ့လာမှု အဖွဲ့အစည်းဟာ
သူတစ်ခုပဲ ရှိတာ မဟုတ်ပါဘူး။ 1983 ကတည်းက NASA သိနေရင် အခြားသော
ESA, RKA, CNSA တို့လို အဖွဲ့အစည်းတွေက မသိစရာ အကြောင်း မရှိပါဘူး။
အချိန် ဒီလောက် နီးလာတဲ့ အထိ တညီတညာထဲ လျှို့ဝှက် ထားဖို့ဆိုတာ
ယုတ္တိတန်တဲ့ ကိစ္စ မဟုတ်ကြောင်း ထင်ရှားပါတယ်။

၆။ အစက 2003 လို့ ပြောထားတဲ့ ကိစ္စက 2003 မှာ မဖြစ်လို့2012 လို့
ပြောင်းလိုက်တာ ဖြစ်ပြီးတော့ 2012 မှာ မဖြစ်ရင်လည်း နောက်တစ်မျိုး
ပြောင်း ပြောဦးမယ်လို့ ထင်ပါတယ်ဗျာ။

ကျနော့် ယူဆချက်တွေ အပေါ်မှာ ဘယ်လိုမြင်လဲဆိုတာ ကွန့်ပေးစေချင်ပါတယ်။
တကယ်လို့ ကျနော့် ယူဆချက်တွေက မှားနေခဲ့ရင်တော့ ……….

(မှတ်ချက်။ ။ MYANMAR ASTRONOMY ဘလော့မှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)

7 comments:

ဆောင်းယွန်းလ said...

မျှဝေမှုပို့စ်၂ခုစလုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ်ကိုအောင်ရေ...
တကယ်တော့ ကမ္ဘာပျက်ပျက်မပျက်ပျက် ဘာမှတော့အထူးအဆန်းမဟုတ်ပါဘူးဗျာ...
ဖြစ်ချိန်တန်လို့ဖြစ်ရင် တည်မြဲချိန်မှာတည်မြဲပြီး ပျက်တဲ့အချိန်မှာပျက်ရမှာ ဓမ္မတာပဲမဟုတ်လား...

ခင်မင်လျက်
ဆောင်းယွန်းလ

ရွှေရတုမှတ်တမ်း said...

မသိတာလေးတွေသိရလို့ ကျေးဇူးပဲ..ကိုအောင်ရေ့...
ကျွန်တော် လဲ ကိုအောင်လိုပါပဲ...သဘောချင်းနှောလိုက်လေ

ဂျူနို said...

ကမ္ဘာကြီးက ခုလည်း သူ့ဟာနဲ့သူ ပျက်နေတာပါပဲ။
ဟိုနေရာ မြေပြိုလိုက် ဒီနေရာ ငလျင် လှုပ်လိုက် ရေကြီးလိုက်ပဲ။

တခုလုံး ပျက်သွားမလားတော့ ပြောတတ်ဘူး။ ဂြိုလ်တွေ အကြောင်းလည်း နားမလည်ဘူး။

မအယ်

HAPPY CLOUD said...

မှတ်မှတ်သားသား ဖတ်သွားပါတယ်။ တကယ်ကောင်းတဲ့ သုံးသပ်ချက်တွေပါပဲ။

လေးစားလျက်
မိုးမောင်

Melanie said...

ဘုရားကလွဲပြီး...မည်သူတစ်ဦးတစ်ယောက်မျှမသိနိုင်ပါဘူး...ကမ္ဘာကြီးကခုလည်းပျက်နေတာဘဲလေ..ဆောင်းယွန်းလေပြောတဲ့အတိုင်းဘဲ....အမှန်တော့..ကိုယ့်ဘက်ကနေအားလုံးအစဉ်သင့်ရှိနေဖို့ပါဘဲ...သေသွားရင်ဘာယူသွားမလဲဆိုတာလေ..

Melanie said...

ဘုရားကလွဲပြီး...မည်သူတစ်ဦးတစ်ယောက်မျှ
မသိနိုင်ပါဘူး...ကမ္ဘာကြီးကခုလဲပျက်နေတာဘဲ...
ကိုယ့်ဘက်ကနေအားလုံး
အစဉ်သင့်ဖြစ်နေဖို့ဘဲလိုတယ်နော်...
သေရင်ဘာယူသွားမလဲဆိုတာကိုလေ...

Quality of Life said...

တကယ်တော့ ယနေ့ ကမ္ဘာကြီးအတွက် ပိုပြီးစိတ်ပူဖို့ကောင်းတာက External Factor အပြင်ဖက်က တစ်စုံတရာ မဟုတ်ဘဲ Internal Factor ဖြစ်တဲ့ ပတ်ဝန်းကျင် ပျက်ဆီးလာမှု၊ ပူနွေးလာမှုများသာ ဖြစ်ပါတယ်။ ၂၀၁၂ ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အကြောင်းအရာ တစ်ခုဆိုတာ သာမန် ဦးနှောက်နဲ့ပင် သိနိုင်ပါတယ်။ တကယ်တမ်းသာ မှန်သယောင် ရှိရင် ဘယ်သူမှ လက်ရှိ အလုပ်တွေ အပင်ပန်းခံ ပြီး ဆက်လုပ်မနေဘဲ စိတ်ထင်တိုင်း နေနေကြတော့မှာပါပဲ။ အများစုအနေနှင့် ဘ၀ကို ရေစုန်မြောနေခြင်း နှင့် ဒုစရိုက်မှုများသာ တိုးပွားလာနိုင်စရာ ရှိပါသည်။ သင်္ခါရတရား ၏ ပြုပြင်မှုအောက်တွင် မည်သည့်အရာမှ မမြဲဆိုသည့် အမှန်တရားကတော့ ထာဝရတည်မြဲပြီး မှန်ကန်နေမှာ ဧကန်ပင်။

ဝေမျှပေးသူ ကျေးဇူးပါ။

သွင်ထူးအောင်
24 Dec 09