Oct 16, 2009

(၂၇.၃.၁၉၈၉)နေ့ သို့မဟုတ် မှော်ဆရာနှင့် ကြွေအံကစားခြင်း (၂)

ရေးသူ- စစ်ငြိမ်းဒီရေ



ယခင် အပိုင်း(၁)မှ အဆက် …

ကျနော် မိုးကောင်းဘုရား ကားမှတ်တိုင်ကို စ’ရောက်တဲ့ အချိန်မှာ
အ.က.သ က သူငယ်ချင်းတချို့ကို တွေ့ရပါတယ်။ ကျနော်ကိုယ်တိုင်
သိပ်မသိတဲ့ တခြား ကျောင်းသားအဖွဲ့အစည်းက ကျောင်းသားတချို့
ကိုလည်း တွေ့ရပါတယ်။ ဒါနဲ့ နံဘေးနားရောက်နေတဲ့ လှိုင်မြို့နယ် အ.က.သ
တာဝန်ခံတစ်ဦးကို မေးကြည့်ပါတယ်။ သူလည်း “စုပေါင်း အလုပ်ဖွဲ့” အရေ
အတွက်ကို သေသေချာချာ မသိကြောင်း ပြောပါတယ်။ ဒီလိုနဲ့ ကျနော်နှင့် သူ
ပတ်ဝန်းကျင်မှာ တခြား အ.က.သ တွေကို လိုက်ရှာခဲ့ပါတယ်။ ကျနော် မှတ်မိ
သလောက် အဲသည့်ခေတ်က ကျောက်ကုန်း “ကျောင်းလမ်း” ထိပ်မှာ အလှမွေးငါး
ရောင်းတဲ့ “ရှေ့နေထွန်းထွန်း” ခြံရှေ့ဖက်ကို ရောက်ခဲ့ပါတယ်။ အဲဒီနေရာကနေ
မလှမ်းမကမ်းမှာ လက်ဖက်ရည်ဆိုင်တစ်ခုကို တွေ့ရပါတယ်။

လက်ဖက်ရည်ဆိုင်ထဲကို ကြည့်လိုက်တော့ ကချင်ပုဆိုးတွေ၊ ပင်နီအင်္ကျီတွေ
ကို ၀တ်ဆင်ထားတဲ့ လူငယ်အတော်များများကို မြင်ရပါတယ်။ သူတို့ကို မောင်ထော်
လေးလမ်းမှာ တခါမှ မတွေ့ဖူးပါ။ အ.က.သ မဟုတ်တာတော့ သေချာပါတယ်။
ဒါနဲ့ နံဘေးက သူငယ်ချင်းကို အ.က.သ စည်းမျဉ်းစည်းကမ်းအရ “ပေတရာပေါ်
ပြောက်ကျား သပိတ်” မှာ ထင်သာမြင်သာရှိတဲ့ ၀တ်စုံတွေ မ၀တ်ဖို့ မှာကြားထား
ကြောင့် ပြောပြပါတယ်။ လက်ဖက်ရည်ဆိုင်ထဲမှာ ရှိတဲ့ လူငယ်တွေဟာ တခြား
ကျောင်းသား အဖွဲ့အစည်း တစ်ခုခုကလား၊ လူငယ်တပ်ဦး (အဲသည့်အချိန်အထိ
တပ်ဦးလူငယ် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ရန်ကုန်မှာ ရှိပါသေးတယ်၊ ကျနော်
မှတ်မိသလောက်။) အဖွဲ့ တစ်ခုခုကလား ဆိုတာ ကျနော်တို့ သေသေချာချာ
မသိပါဘူး။ ထိုင်နေတဲ့ လူအရေအတွက်က စာပွဲဝိုင်း သုံး … လေးဝိုင်းလောက်
ရှိပါတယ်။ လူနှစ်ဆယ် ပတ်ဝန်းကျင်ပါ။ ကျနော်တို့ နှစ်ယောက် အဲဒီနားတ၀ိုက်
ရောက်ရှိပြီး သိပ်မကြာခင်မှာ အ.က.သ ရဲ့ မြို့နယ်တချို့က ကျောင်းသားတွေ
တစ်ယောက်ပြီး တစ်ယောက် ရှေ့ဆင့်နောက်ဆင့် ရောက်လာပါတယ်။ အ.က.သ
ရဲ့ လုံ/စည်း(လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး) တာဝန်ခံတချို့ ရောက်လာတာ
ကို တွေ့ရတဲ့ အတွက် သိပ်မကြာခင် “ပွဲ” စတော့မယ်ဆိုတာ သဘောပေါက်လိုက်
ပါပြီ။

ကျနော်နဲ့ ကျနော့်သူငယ်ချင်း တစ်ဦး (လှိုင်မြို့နယ် အ.က.သ မှ) တို့သည်
မိုးကောင်းဘုရား ကားမှတ်တိုင် မှာ ရှိနေပါတယ်။ ကျနော်တို့ ရှိနေတဲ့ ကားမှတ်
တိုင်သည် ရန်ကုန်မြို့ထဲကို သွားဖို့ စီးနှင်းလိုက်ပါရတဲ့ ဖက်အခြမ်းမှာပါ။ ကျနော်
တို့ရဲ့ ကားလမ်းတဖက်မှာ တောင်ဥက္ကလာပဖက်ကို သွားဖို့ စီးနှင်းရတဲ့ ကားမှတ်
တိုင် ရှိပါတယ်။ မိုးကောင်းဘုရား ရှေ့တည့်တည့်မှာပါ။ အ.က.သ လုံ/စည်း
တာဝန်ခံက ကျနော်တို့နှစ်ယောက်ရဲ့ နောက်ဖက်ကနေ ရုတ်တရက် ဖြတ်လျှောက်
လာတာကို တွေ့ရပါတယ်။ ဒါနဲ့ သူ့ကို ကျနော်က အဖွဲ့ ဘယ်နှစ်ဖွဲ့ ပူးပေါင်း
ထားသလဲလို့ ကပ်ပြီး မေးကြည့်ပါတယ်။ သူက လက်လေးချောင်းပဲ ထောင်ပြ
သွားပါတယ်။ အ.က.သ ရဲ့ မြို့နယ်လေးခုက ကျောင်းသားတွေလား၊ ကျောင်းသား
အဖွဲ့ လေးဖွဲ့လား ဆိုတာ မသဲကွဲပါဘူး။ ထုံးစံအတိုင်း လုပ်ဖို့ နီးလာပြီဆိုရင်
ကျနော့်ရင်ထဲမှာ စိတ်ကို တင်းထားပင်မဲ့ တဒိန်းဒိန်းတော့ ဖြစ်နေပါတယ်။

ဟိုကြည့် ဒီကြည့်နဲ့ ပတ်ဝန်းကျင်ကို လျှောက်ကြည့်နေမိပါတယ်။ နံဘေးက
သူငယ်ချင်းက ရုတ်တရက် သူ့ပခုံးနဲ့ ကျနော့်ပခုံးကို ဆတ်ခနဲ တွန်းလိုက်
ပါတယ်။ ဒါနဲ့ သူ့ဖက်လှည့်ပြီး ဘာလဲလို့ မေးငေါ့ ပြပါတယ်။ သူက နေရာ
တစ်ခုကို ကြည့်လိုက် မျက်ခုံးပင့်လိုက် လုပ်ပြနေပါတယ်။ ဒါနဲ့ သူကြည့်နေတဲ့
မြင်ကွင်း လိုက်ကြည့်မိပါတယ်။ ကျောက်ကုန်းပေါ်သို့ စတက်တဲ့ ကားလမ်ထိပ်
မှာ “အီးတူးသောင်စင်” ကားတစ်စီးကို တွေ့ရပါတယ်။ ကားရှေ့ခန်းမှာ ထိုင်နေ
တဲ့ လူနှစ်ယောက်ကိုလည်း သေသေချာချာ မြင်နေရပါတယ်။ ကားရဲ့ နံဘေး
“မိုးကာ တာလပတ်” က ကားရဲ့ နောက်ပိုင်းတစ်ဝက်ကို ဖုံးအုပ်ထားပါတယ်။
နံဘေးက သူငယ်ချင်းက ကျနော့်ကို လက်တို့ပြီး ညာဖက်ကို လမ်းလျှောက်ဖို့
အချက်ပြပါတယ်။ ကျနော်တို့ လမ်းမကြီးအတိုင်း ညာဖက်ကို ခဏလေးပဲ
လမ်းလျှောက်လိုက်ပါတယ်။ အဲ့ဒီ “အီးတူးသောင်စင်” ကားနောက်ဖက် အတွင်း
ပိုင်းကို ကြည့်လို့ရတော့ အထဲမှာ လူ လေး…. ငါးယောက် ထိုင်နေပါတယ်။
ကျိန်းသေနေပါပြီ၊ ဒီကား က …. ။ ကျနော်တို့ နှစ်ယောက်စလုံး အ.က.သ ရဲ့
လုံ/စည်း တာဝန်ခံ ဘယ်နား ရောက်နေလဲလို့ အသည်းအသန် လိုက်ကြည့်နေ
မိပါတယ်။ အချိန်က အရမ်း နီးနေပါပြီ။

“သပိတ် … သပိတ် .. မှောက် …မှောက်”
ဆိုတဲ့ အသံနဲ့အတူ ကျောင်းသားနှစ်ဦးဟာ ခွပ်ဒေါင်းအလံကို တစ်ဖက်ဆီကိုင်
ပြီး ကျနော့်တို့ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ မိုးကောင်းဘုရားဝင်ပေါက်တည့်တည့်
က ကားမှတ်တိုင်မှာ ခေါက်တုတ်ခေါက်ပြန် စတင် ကြွေးကြော် ကြပါတော့တယ်။
သူတို့နှစ်ဦး ဟိုဖက် သည်ဖက် ခေါက်တုတ်ခေါက်ပြန် ကြွေးကြော်နေစဉ် အတွင်း
မှာပဲ အနီးနားတ၀ိုက် ရောက်ရှိနေတဲ့ ကျောင်းသားတွေ သူတို့နဲ့အတူ ပူးပေါင်းဖို့
ကားလမ်းကို အရေးတကြီး ကူးလာနေပါပြီ။ ကျနော်တို့ နှစ်ယောက်လည်း ကား
လမ်း ကူးဖို့ ဘယ်ညာ ကြည့်နေဆဲပါ။

“ဒိုင်း … ဒိုင်း”
ဆိုတဲ့ သေနတ်သံ နှစ်ချက် ရှေ့နောက်ဆင့်ပြီး ထွက်ပေါ်လာပါတယ်။
ရှစ်ဆယ့်ရှစ် စက်တင်ဘာ အာဏာသိမ်းခဲ့တဲ့ ကာလကနေ စ’ ရေတွက်ရင်
ခြောက်လအတွင်း ပထမဦးဆုံး ကျနော်တို့ ပြန်ကြားလိုက်ရတဲ့ သေနတ်သံ
ပါ။ အလံကိုင်ထားတဲ့ ကျောင်းသားတစ်ယောက် ကျနော်တို့ မျက်စိရှေ့တည့်
တည့်မှာ ပုံလျက်သာ လဲကျသွားပါတယ်။ ရပ်ထားတဲ့ အီးတူးသောင်စင် ကား
ပေါ်က လူတွေဆီကနေ လှမ်းပစ်လိုက်တာပါ။ အဲဒီလူတွေလည်း သူတို့နှစ်ဦး
ဆီ သေနတ်အတိုတွေ ကိုင်ပြီး ပြေးလာနေကြပါပြီ။

“ပြေး … ပြေး … ပြေး”
ဆိုတဲ့ အသံတွေ ကျနော့်နားထဲမှာ ရှုပ်ရှက်ခတ်နေပါတယ်။ သေနတ်သံကြောင့်
ပတ်ဝန်းကျင်မှာ ရှိတဲ့ အခြားပြည်သူတွေလည်း ပြေးလွှား ကြပါတော့တယ်။
ကျနော့်နံဘေးက သူငယ်ချင်းက ရုတ်တရက် ကြောင်တောင်တောင် ဖြစ်သွားတဲ့
ကျနော့်ကို ဇွတ်အတင်း ဆွဲပြီး စ’ပြေးမှ ကျနော်လည်း သတိဝင်လာပါတယ်။

(ဆက်ရန်။)

4 comments:

ဆောင်းယွန်းလ said...

ကျောင်းသားလှုပ်ရှားမှုမြင်ကွင်းတွေကို မျက်စိထဲမှာကွက်ကွက်ကွင်းကွင်း မြင်ယောင်မိသွားတယ် ကိုအောင်ရာ...

ဆက်ရန်မျှော်နေမယ်ဗျ..

ဒူကဘာ said...

ကိုအောင်ရေ အဲဒီခေတ်က ငယ်စိတ်တောင် ပြန်ရသွားသလို ဖတ်မိရပါတယ်။ သေချာ ပို့စ်တွေ လာဖတ် သွားပါတယ်။

hein aye said...

I read this article on 2010Feb18th it's too late i think but i want to talk about the tea shop near lawyer Tun Tun conpound.The tea shop is opened by spdc spy.I was their neighbour

Anonymous said...

the coffee shop near lawyer Tun Tun compound is opened by spdc spy.they are my nekghbour.