Oct 20, 2009

(း)၀စ္စနှစ်လုံးပေါက် ပျောက်ဆုံးခြင်း



(း)၀စ္စနှစ်လုံးပေါက်ကို ချစ်တတ်ဖို့
ကျွန်တော့်အဘိုးက ကျွန်တော့်အား
အိမ်မက်ပေး၍
ကျွန်တော်က ကျွန်တော့်မြေးအား
အိမ်မက်ပေးမည်

ငါတို့ အားလုံးသည်
မြင့်မိုရ်တောင်နံဘေးရှိ
ကျွန်းကြီး လေးကျွန်းတွင် နေထိုင်ကြသည်
ငါတို့၏ ကျွန်းများပေါ်တွင်
ကျွန်း ပင် များစွာ ရှိ၍
ကျွန်း ဆိုသည့် စာလုံးပေါင်းတွင်
(း)၀စ္စနှစ်လုံးပေါက် ပါရှိရမည်
သို့သော်
တခါတရံတွင်
ထို (း)၀စ္စနှစ်လုံးပေါက်သည်
အလည်ထွက်လေ့ရှိသည်
ထို့ကြောင့်
ငါတို့ အားလုံးသည် ….။

သူက ကျွန်း ရောက်ဖူးတယ်
သူတို့က ကျွန်း ရှာကြတယ်
လူတချို့က ကျွန်း ပေါ်နေတယ်
လူအချို့က ကျွန်း ရောင်းစားတယ်
ကျွန်း မသိတဲ့ လူတွေအတွက်
ကျွန်း ရှိခဲ့သလို
ကျွန်း မရှာတဲ့ သူတွေအတွက်
ကျွန်း ရှိခဲ့တယ်။

ကျွန်း ဆိုတဲ့ သတ်မှတ်မှုမှာ
(း)၀စ္စနှစ်လုံးပေါက် ဖြုတ်လိုက်ရင်
သစ်ပင်တို့သည်
သစ်ရွက်ခြောက် ဖြစ်လာ မလား
သစ်ကိုင်းခြောက် ဖြစ်လာ မလား
ကျွန်း ဆိုတဲ့ ပြဋ္ဌာန်းချက်မှာ
(း)၀စ္စနှစ်လုံးပေါက် ပြုတ်ခဲ့ရင်
နေစရာတို့သည်
ရေပေါ်မှာ ပေါ်ပါ့ မလား
ရေပတ်လည် ပျောက်သွား မလား။

သေချာတာ တစ်ခုကတော့
ကျွန် ဆိုတဲ့ စကားလုံးမှာ
(း)၀စ္စနှစ်လုံးပေါက် ရှာတွေ့နိုင်ဖို့
(း)၀စ္စနှစ်လုံးပေါက် လုယူနိုင်ဖို့
စပါတာကတ်သည် ဘယ်တော့မှ မသေ
ရေရာတာ တစ်ခုကတော့
ကျွန်း ဆိုတဲ့ ဖွင့်ဆိုခြင်းတွင်
(း)၀စ္စနှစ်လုံးပေါက် ကုန်ဆုံးခဲ့ရင်
(း)၀စ္စနှစ်လုံးပေါက် ပျောက်ဆုံးခဲ့ရင်
စပါတာကတ် ထာဝရ သေပြီ။

(း)၀စ္စနှစ်လုံးပေါက်ကို ချစ်တတ်ဖို့
ကျွန်တော့်အဘိုးက ကျွန်တော့်အား
အိမ်မက်ပေး၍
ကျွန်တော်က ကျွန်တော့်မြေးအား
အိမ်မက်ပေးမည်။ ။


-စစ်ငြိမ်းဒီရေ

4 comments:

မဆုမွန် said...

ဟုတ်တယ် ၀စ္စနှစ်လုံးပေါက်တွေ ပျောက်ကုန်တာ ကြာပေါ့...မှီတည်စရာ ကျွန်းကို ရှာရင် ကျွန်ဖြစ်ရတယ် ခိုလူံစရာ ကျွန်းပင်ရှာရင် ကျွန်ဖြစ်ရတယ်။ .....

တစ်ခါတစ်လေ တွေးမိရင် တော်တော်ဝမ်းနည်းတယ်..

အိုးဝေအောင်(အေဘီအီးပီ) said...

ခေါင်းစဉ်မြင်မြင်ချင်း တွေးလိုက်မိတာက မိမိနာမည်(အိုးဝေအောင်)မှာ
အဲဒီ (း) နှစ်လုံးပေါက် ပျောက်ဆုံးရင် ဘယ်လိုဖြစ်မလဲ ဆိုတာပါ။
(အိုဝေအောင်) ဖြစ်သွားမှာပါ။ တဖန် အမေရိကန်သမတ (အို ဘားမား)
နာမည်မှာ အဲဒီ (း) နှစ်လုံးပေါက်တခု ထပ်ထည့်လိုက်ရင် (အိုးဘားမား)ဖြစ်သွားမှာပါ။
အဖြုတ်အထည့်လေးတွေ တွေးမိရင်း လုပ်ကြည့်မိတာပါ။ခေါင်းစဉ်လေးကိုက စိတ်ဝင်စားစရာ ဖြစ်သွားတာ ကိုအောင့်ရဲ့အိုင်ဒီယာကို ကျေးဇူးလာတင်တာပါ။

kiki said...

ဝစ္စ နှစ်လုံးပေါက် ပြုတ်ကျန်တာ နဲ့ အဓိပ္ပါယ်တွေ မိုး နဲ့  မြေ လို ကွာခြားသွားကြရတာနော် ...
အတွေး စိတ်ကူး နဲ့  အရေး အသား တွေ လေးနက် လိုက်တာ ။။
အားပေးလျှက်ပါ ကိုအောင်ရေ ..

မေအိခင် (လယ်ဝေး) said...

ရောက်တယ် ကိုအောင် စစ်ငြိမ်းဒီရေကဗျာ တယ်ကောင်းပဲ