Aug 3, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၁၀)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၉)မှ အဆက် …..

အင်မဂျင်နေးရှင်းကျတော့ …. ပစ္စုပန်၌ မရှိသော အရာတို့ကို စိတ်၌ ပုံဖေါ်သော
အလုပ် (၀ါ) အစွမ်း။ တခါမျှ မတွေ့မမြင်ဖူးသော အရာတို့ကို စိတ်ပုံရိပ်များအဖြစ်
ပေါ်လာရန် ဖန်တီးသော အလုပ်(၀ါ) အစွမ်း။ ရှေးက ကြုံတွေ့ဖူးသော အတွေ့အကြုံ
တို့ကို ဖွဲ့စည်းပေါင်းစပ်လျက် အသစ်ဖြစ်သော ပုံရိပ်တွေသဘောတွေကို ဖန်တီးခြင်း
…. ဟု အဓိပ္ပါယ်များပေးသည်။ တဖန် အင်မဂျင်နေးရှင်းကို ဖန်ဆီ (Fancy) နှင့်
ခွဲခြား၍ အဓိပ္ပါယ်ပေးသည်။ အင်မဂျင်နေးရှင်းနှင့် ဖန်ဆီသည် သဘောသဘာဝခြင်း
အလွန်တူသည်။ သို့ရာတွင် လေးနက်နှိုက်နှဲသော စိတ်ကူး၊ ဖန်တီးနိုင်စွမ်းကို
အင်မဂျင်နေးရှင်းဟု ခေါ်ပြီး မလေးနက်မနှိုက်နှဲဘဲ အပေါ်ယံလျှပ် တန်ဆာဆင်သော
ဖန်တီးနိုင်စွမ်းကို ဖန်ဆီဟု ခေါ်သည်။ အမှန်ကား လေးနက်နှိုက်နှဲမှု ဒီဂရီ၌သာ
ကွာခြားကြသော်လည်း အင်းမစ်ဂ်ျများကို သုံးရာ၌ အင်မဂျင်နေးရှင်းနှင့် ဖန်ဆီ
သည် အလွန်တူကြ၏။

သူရို့ ဘာသာစကား၏ အရင်းအမြစ် သဘာဝအရ အင်းမစ်ဂ်ျနှင့် အင်မဂျင်း၊
အင်မဂျင်နေးရှင်းတို့သည် အလွန်နီးစပ်နေသည်။ အင်မဂျင်းလုပ်သော ကဗျာ
ဆရာသည် … (တနည်း) အင်မဂျင်နေးရှင်း ရှိသော ကဗျာဆရာသည် …
အင်းမစ်ဂ်ျကို သတိပြုမိသည်မှာ မဆန်း။ သည်တော့ အင်မစ်ဂျရီသဘောကို
သူရို့ ကဗျာလောက၌ အလေးအနက်ပြု ပြောကြသည်မှာလည်း မဆန်း။

အင်မဂျင်းဆိုသည်မှာ အင်းမစ်ဂ်ျတွေ ဖေါ်ခြင်းဖြစ်၍ အင်းမစ်ဂ်ျတွေဖေါ်ခြင်းကို
အင်မဂျင်းလုပ်သည်ခေါ်၏ …။ ဤသို့ အမြီးပြန် ခေါင်းပြန် အနက်ပေး၍ ရသည်။

မြန်မာမှာတော့ အာရုံဟူသည်နှင့် စိတ်ကူးခြင်းဟူသည်က စကားသံခြင်းဝေးနေ
ကြသည်။ သို့ရာတွင် အာရုံနှင့် စိတ်ကူးခြင်းတို့ တိုက်ရိုက်ဆပ်စပ် ဆက်သွယ်
နေမှန်း မြန်မာကဗျာရှင်တို့ ကောင်းကောင်း သိသည်။
“ …. အာရုံမျက်မြင်။ ဤသည်က မျက်မြင်အာရုံ ….။ အဆင်းနှင့် အကြည်တိုက်၍
ပေါ်လာသော အာရုံ။ အင်္ဂလိပ်ဘာသာဖြင့် ဗစ်ဇူးအဲလ် အင်းမစ်ဂ်ျ (Visual image)
ဟု ခေါ်သည်။ ကျွန်တော်တို့က ရူပါရုံ ဟု ခေါ်သည်။

မဲဇာတွင် ရောက်နေသောကြောင့် ဆန္ဒရှိပါလျက်နှင့် ရူပါရုံတွေကိုတော့ သူမရနိုင်။
သည်တော့ သူ ဘာလုပ်သနည်း …
စိတ်ကရည်သည် …။ စိတ်နှင့် ရည်မှန်းပြီး အာရုံတွေ ဖေါ်ကြည့်သည်။ သည်အာရုံ
မျိုးကို အင်္ဂလိပ်ဘာသာဖြင့် မင်တယ်လ် အင်းမစ်ဂ်ျ (mental image) ဟုခေါ်သည်။
ကျွန်တော်တို့က စိတ်အာရုံဟု ခေါ်သည်။ မနောကြည်မှာ ထင်သောကြောင့် ဓမ္မာရုံ
ဟုလည်း ခေါ်သည်။ စင်စစ် ဓမ္မာရုံဟူသော စကားက အလွန်ကျယ်ဝန်း နက်ရှိုင်း
သည်။ ဆရာကြီး လယ်တီပဏ္ဍိတ ဦးမောင်ကြီးက ပါဠိအဘိဓါန်ချုပ်တွင် ဓမ္မာရုံ၏
မူလ မာဂဓစကား ဓမ္မာရမ္မဏကို ဓမ္မာရုံတရားအစုဟု အဓိပ္ပါယ်ပေးသည်။
တရားအစု …။ မှန်သည်။ တစ်မျိုးတည်းမဟုတ်။ တရားအစု ….။

ပသာဒရုပ်ငါးပါး၊ သုခုမရုပ် သောဠသ ဆယ်ခြောက်ပါး၊ စိတ်၊ စေတသိတ်၊နိဗ္ဗာန်၊
ပညတ်ဟူ၍ ဓမ္မာရုံခြောက်မျိုးရှိကြောင်း သင်္ဂြိုဟ်ကျမ်းက ရှင်းပြသည်။

သူရို့သိသော မင်တယ်လ်အင်းမစ်ဂ်ျက ဤမျှ မကျယ်ဝန်း။ ပသာဒရုပ်ငါးပါး၊
ဓမ္မာရုံ၊ အိုင်ဒီယာ (idea) ဟု လည်းကောင်း သော့(တ်) (thought) ဟု လည်းကောင်း
ခေါ်သော စိတ်ဓမ္မာရုံ၊ ဤမျှကိုသာ ယေဘုယျ ဆိုလိုကြသည်။

အင်း …. တရားမျှတမှုရှိအောင် ပြောရမည်ဆိုလျှင်တော့ …. ဂျာမန်စိတ်ပညာရှင်တို့
အင်းမစ်ဂ်ျလက်စ်သော့(တ်) (imageless Thought) ခေါ်သော တွေ့ရှိချက်
တစ်ရပ်ရှိသည်။

ယေဘုယျအားဖြင့် တွေးခြင်း စိတ်ကူးခြင်းမှန်သမျှ၌ အာရုံတွေကို အသုံးပြုကြ
ကြောင်း သိသည်မှာ ကြာပြီ။ ဂျာမန် စိတ်ပညာရှင်တို့က အာရုံ … ပို တိတိကျကျ
ဆိုရလျှင် ပသာဒရုပ် ဓမ္မာရုံတွေ၊ အတိတ်အာရုံ ဓမ္မာရုံတွေ၊ အနာဂါတ်အာရုံ
ဓမ္မာရုံတွေ မပါသော …. ကင်းသော တွေးခြင်း တစ်မျိုးရှိကြောင်း လက်တွေ့စမ်းသပ်
ခြင်း (experiment) များနှင့် ဖေါ်ပြ ပြောဆိုကြသည်။

နို့ … အာရုံတွေ မပါတော့လျှင် အင်းမစ်ဂ်ျလက်စ်သော့(တ်) ခေါ် တွေးခြင်း၌
ဘာကျန်တော့ သနည်း ….။
ဘာကျန်တော့သည်ကို ဂျာမန်စကားကသာ တတ်နိုင်သော တစ်ခုတည်း ဖြစ်လျက်
က ရှည်လျာစွာသော အမည်တစ်ခုကို သူတို့ ပေးကြသည်။ ဤအမည်ကို
အင်္ဂလိပ်ဘာသာနှင့် ပြန်သောအခါ
attitude that ….
ဟု အဓိပ္ပါယ်ရသည်။
စိတ်၏ ညွတ်မှုလေးတစ်ခု …။ စိတ်၏ အမူအရာ သက်သက်မျှတစ်ခု ….။ ဤသို့
မြန်မာလို အဓိပ္ပါယ် ရသည်။

အာရုံမဲ့သော အတွေး(၀ါ) စိတ်အယဉ် ရှိ မရှိက စိတ်ပညာ၏ ပြဿနာ။ ဒဿနိက
ဗေဒ၏ ပြဿနာ။ ကျွန်တော်တို့ ကဗျာ၏ ပြဿနာ မဟုတ်။ အဲ … ပြောတော့
မပြောနိုင်သော အရာဆိုသည်က ခက်သား။ ကာရန်မဲ့ ကဗျာဆိုတာမျိုး လုပ်သကဲ့
သို့ … အာရုံမဲ့ အတွေးကို ကဗျာစပ်လာကြလျှင်တော့ … အင်း … ပြဿနာ၊
ပြဿနာတွေ ကောင်းကောင်းတွေ့မည်။

ယေဘုယျတွေးခြင်း၊ စိတ်ကူးခြင်း တို့၌ကား မင်တယ်လ်အင်းမစ်ဂ်ျခေါ် စိတ်အာရုံ
တွေ၊ ပသာဒငါးပါး အာရုံတွေ၊ အတိတ်အာရုံတွေ၊ အနာဂါတ် အာရုံတွေ ပါသည်။
ပုထုဇဉ်၏ အတွေးကို ယေဘုယျအတွေးဟု ခေါ်ခွင့်ရှိလျှင် ကျွန်တော်ခေါ်ချင်ပါသည်။
ပုထုဇဉ် ကဗျာဆရာ၏ အတွေး၌ အာရုံတွေ တပုံတခေါင်း ပါနေသည်။

သြော် … အတွေးကိုပင် စိတ်ကူးဟု ခေါ်ပြန်သည်။ ပိုမိုပြည့်စုံအောင် ပြောရလျှင်
စိတ်ကူးစိတ်သန်း။ စိတ်ကလေးတွေ ကူးချီသန်းချီ ပြုသည်။ ဘာတွေ ကြားဘူး
ကူးချီသန်းချီ ပြုသနည်း ….။
အဖြေက …. အာရုံတွေကြား … ။

အတိတ်အာရုံတွေဆီ ရောက်လိုက်။ အနာဂါတ် အာရုံတွေဆီ သွားလိုက် ….။
ပသာဒအာရုံ တစ်ခုမှ အခြား ပသာဒအာရုံ တစ်ခုဆီ ကူးလိုက်။ အာရုံချင်း
ဆက်သွယ်လိုက်။ အာရုံချင်းနှိုင်းယှဉ်လိုက် …။ အာရုံဟောင်းတွေပေါ် အခြေပြု
လျက် အာရုံသစ်တွေ ပွားလိုက်။ သူရို့ အခေါ် အိုင်ဒီယာတွေ၊ သော့(တ်)တွေ။
ကျွန်တော်တို့ အခေါ် စိတ်တွေ စေတသိတ်တွေ ဖြစ်လိုက် …။

တဖန် …။
ပုထုဇဉ်၏ အာရုံဆိုသည်က ပရမတ်အာရုံမဟုတ်။ ပညတ်အာရုံတွေ။ ဒိဋ္ဌေဒိဋ္ဌမတ္တံတွေ
မဟုတ်။ အတိတ် အနာဂါတ် မျက်တောင်ခတ်နေတာတွေ။

အတိုချုံ့ဆိုရလျှင် အာရုံက ပေါ်လာပြီဆိုလျှင် ကြားနေသမားအဖြစ် မပေါ်။ ဣဋ္ဌတွေ
အနိဋ္ဌတွေနှင့် တွဲပြီး ပေါ်သည်။ သုခတွေ၊ ဒုက္ခတွေ၊ သောမနဿ ဝေဒနာတွေ၊
ဒေါမနဿ ဝေဒနာတွေနှင့် တွဲလျက်၊ ယှဉ်လျက်၊ လုံးလျက်ထွေးလျက် … ပေါ်သည်။
သညက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာတွေနှင့် ပေါ်သည်။

ကဗျာဆရာတွေးလိုက်လျှင် အင်းမစ်ခ်ျ(၀ါ) အာရုံတွေ ပါမှန်းသိကြောင်း လက်ဝဲသုန္ဒရ
အမတ်ကြီးက ပြောပြသွားခဲ့သည်။

(၁၀)
တခါတရံ ဤလောက၌ အလွန်ထင်ရှားစွာ ရှိပြီး ဖြစ်နေသောအရာတို့ကို အထူး
ချဲ့ထွင် ဖွင့်ဆိုမနေတော့ဘဲ ရှိနေသည်ကို ရှိနေသည့်အတိုင်း ထားလျက် ကိုင်
တွယ် အသုံးချနေတတ်ကြသည်။

အင်မစ်ဂျရီ (၀ါ) အာရုံ ပုံရိပ်သွန်းထုလုပ်ကိုင်ခြင်း ကိစ္စသည် မြန်မာကဗျာ
လောက၌ အထူးချဲ့ထွင် ဖွင့်ဆိုမနေတော့ဘဲ ကိုင်တွယ် အသုံးချနေသော
အတတ်ပညာ တစ်ခုဖြစ်နေသည်မှာ ကြာပြီ။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

2 comments:

ဆောင်းယွန်းလ said...

လာဖတ်သွားပြီကိုအောင်ရေ
တန်ဘိုးမဖြတ်နိုင်တဲ့ စာကောင်းပေကောင်းတွေကို
အခုလိုအချိန်ယူပြီးဝေမျှပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်ဗျာ

Vigor said...

I have read, thanks for good post.
Cheers.