Jan 4, 2009

ဘာနေ့များပါလိမ့်


ခင်ဗျားနဖူးပေါ် ခင်ဗျားလက်တင်ပြီး စဉ်စားကြည့်လိုက်တော့
ခင်ဗျားဆံစတွေ ခင်ဗျားလက်မောင်းနား အလှမ်းနီးပြီလား
သခင်ဗစိန်နှင့် ဂဠုန်ဦးစောကို တောထုတ်လို့မောင်းတီး
ဒိုမေနီယန်နဲ့ ဓနသဟာရ ငြင်းဆန်ဖယ်ရှားခဲ့
အေးဓါးမြ’အောင်ပွဲ
… … … … …
ဘာနေ့များပါလိမ့်။

ဆိုဖီ့ကမ္ဘာက ခင်ဗျားရဲ့အိမ်လေး
ဂမ်ဘာရီပျော်တဲ့ ခင်ဗျားရဲ့မြို့မှာ
ငြိမ်းချမ်းရေးအကြောင်း ခင်ဗျားကြွေးကြော်ပြီး
အကြွေးကဒ်တွေကြား ခင်ဗျားဂုဏ်ထူးနဲ့
ထမင်းငတ်နေဆဲ ရိုးရာမြေအတွက်
စတိန့်မန့်’အောင်ပွဲ
… … … … …
ဘာနေ့များပါလိမ့်။

“ရှယ်လီ ရေ
မိုးဆွေဌက် လား …..
လှိုင်ထိပ်ခေါင်တင် ရေ
စိန်ခြူးကြာညောင် လား ….. ”
… … … … …
မီးပျက်သွားပြီးဗျို့
ဘာနေ့များပါလိမ့်။

အေးလေ … ခင်ဗျားတို့ကတော့
လွတ်ရာကျွတ်ရာမှာ နေကြတော့
တော်လှန်စစ်ကို လက်မခံနိုင်ဘူးပေါ့။

အေးလေ … ခင်ဗျားတို့ကတော့
ဧည့်စာရင်းတိုင်ဖို့ မလိုတော့
မှတ်ပုံတင်နံပါတ်တောင် အလွတ်မရတော့ဘူးပေါ့။

အေးလေ … ခင်ဗျားတို့ကတော့
ပိုင်ဆိုင်မှုတွေနဲ့ ပြည့်စုံတော့
ရင်ကွဲတေးတွေ မဆိုကြဘူးပေါ့။

အေးလေ … ခင်ဗျားတို့ကတော့
မီးဝေးချိတ်လို့ မာကျောတော့
မိုနာလီဇာအပြုံးနဲ့ ပြုံးကြပေါ့။

“ဆရာမြသန်းတင့် ရေ
လူများ သက္ကရာဇ်များ ဘ၀များ လား …
ဆရာတက္ကသိုလ်ဘုန်းနိုင် ရေ
လီရနာ ဂင်္ဂါ ဧရာဝတီ လား … ”
… … … … …
မီးပျက်သွားပြီးဗျို့
ဘာနေ့များပါလိမ့်။ ။

-စစ်ငြိမ်းဒီရေ

4 comments:

ဆောင်းယွန်းလ said...

အားရပါးရကိုရေးချထားတဲ့ကဗျာဖြစ်ပုံရတယ်.
မာန်ပါတယ်.အသက်ဝင်တယ်.အလွန်ကောင်းတယ်.
လွှတ်ကိုကြိုက်တာဗျို့...ဒီလိုကဗျာမျိုးတွေများများရေး
နိုင်ပါစေကိုအောင်ရေ့
ခင်မင်လျက်...

ဒူကဘာ said...

ရင်ဘတ်ကြီးနဲ့ တခုတ်တရ အမှန်တွေကို ထုဆစ်တော့ ပြည်ပတော်လှန်စစ်တွေ သရုပ်သဏ္ဍာန် ပေါ်လွင်လှပေါ့၊ ဓါးထက်တာကို မလို၊ ကလောင်ထက်တာကို အစဉ်ရိုကျိုး၏ ညီလေး စစ်ငြိမ်း၊ ပြည်တွင်းမှာ ဒီလို ကဗျာကောင်းကောင်း ဖတ်ရလို့ ခရေရိပ်မှာ လ္ဘက်ရည် ဒကာခံလိုက်ဦးမယ်။

pandora said...

မှတ်ချက်ရေးမလို့လာတယ်။
မီးပျက်သွားလို့။ :)

Nyein Chan Aung said...

ကိုအောင်ရေ.. ကဗျာဖတ်သွားတယ်။ ကွန်ပြူတာပျက်နေလို့ဗျာ။ နောက်ကျသွားတယ်။