May 30, 2009

မြန်မာပြည်နှင့် ငရဲပြည်

ငရဲပြည်မှာ
VIP မရှိဘူး
လာဘ်ပေး လာဘ်ယူ မရှိဘူး
မျက်နှာကြီးရာ ဟင်းဖတ်ပါတာ မရှိဘူး
မြန်မာပြည်မှာ ….

ငရဲပြည်မှာ
ကတိတည်တယ်
စည်းကမ်းရှိတယ်
တရားမျှတတယ်
မြန်မာပြည်မှာ ….

ငရဲပြည်မှာ
ကျောသား ရင်သား မခွဲခြားဘူး
အရောင်အသွေး မခွဲခြားဘူး
မျိုးရိုးအဆင့်အတန်း မခွဲခြားဘူး
အသိုင်းအ၀ိုင်း အရှိန်အ၀ါ မခွဲခြားဘူး
မြန်မာပြည်မှာ ….


ငရဲပြည်မှာ
မီးမပျက်ဘူး
ရေမပျက်ဘူး
ဧည့်စာရင်း မတိုင်ရဘူး
အလှူခံ မရှိဘူး
လုပ်အားပေး မရှိဘူး
မြန်မာပြည်မှာ ….

ငရဲပြည်မှာ
ပါးစပ်နဲ့ အမျိုး’မချစ်ဘူး
တောက်’ခေါက်ပြီး မျက်ရည်မကြဘူး
ရောယောင်ပြီး ခေါင်းမငြိမ့်ဘူး
အကြောက်တရားနဲ့ မအိပ်စက်ဘူး
မြန်မာပြည်မှာ ….

ငရဲပြည်မှာ
ပြည်ပကို ဈေးပေါအလုပ်သမားအဖြစ် ထွက်မလုပ်ဘူး
ထမင်းငတ်လို့ ပြည်တန်ဆာ မဖြစ်ဘူး
အာဏာရှိဖို့ တပ်ထဲမ၀င်ဘူး
မြေကွက်လိုချင်လို့ ခေါင်းငြိမ့်လျှာလွှဲ မလုပ်ဘူး
လက်ကိုင်ဖုန်းလိုချင်လို့ ထောက်ခံမဲ မပေးဘူး
မြန်မာပြည်မှာ ….

ငရဲပြည်မှာ
ကိုးရီးယားရုပ်ရှင်ကြည့်ပြီး စိတ်ကူးမယဉ်ဘူး
တရုတ်သိုင်းကားကြည့်ပြီး ငပေါမဖြစ်ဘူး
စိန်စီသောညကြည့်ပြီး ရင်မနာဘူး
မြန်မာပြည်မှာ ….

ငရဲပြည်မှာ
သခင်အားရ ကျွန်ပါးဝ မရှိဘူး
သခင်ဘုန်းကြီး ကျွန်ဓါးပီး မရှိဘူး
အရှင်မွေးလို့ ချက်ချင်းကြီး မရှိဘူး
မြန်မာပြည်မှာ ….


ငရဲပြည်မှာ
အလှည့်ကျစနစ်နဲ့
ဆီပူအိုးရှိတဲ့ နေရာကို
တန်းစီပြီး သွားလို့ရတယ်
မြန်မာပြည်မှာ …. ။ ။


-စစ်ငြိမ်းဒီရေ

3 comments:

mg kyi poae said...

အကိုရေ.. ငရဲပြည်မှာ အမှုဆင်ပြီးထောင်ချတာရောရှိလား
အီလက်ထရွန်းနစ်ပုဒ်ထီး ပုဒ်မတွေရောရှိလား

ဂျူနို said...

ဒါဆို ငရဲပြည် ဒီလောက်ကောင်းတာ ဒင်းတို့ ပေးသိလို့ မဖြစ်ဘူး ကိုအောင် တော်နေကြာ ငရဲပြည်ကို အာဏာသိမ်းပြီး ယမင်းကိုဖမ်း ထောင်ချ သူ့ ပီအေကို ကြိုးပေးသတ်ပြီး ငရဲပြည်ကို ဂျောက်ထဲကျတာကနေ ကယ်ဖို့ ငရဲပြည်စောင့် အစိုးရ ဆိုပြီး ရောက်လာနေအုန်းမယ်။

shwelannwelanwinkyi said...

ရွှေလမ်းငွေလမ်းဝင်းကြည်

မြန်မာပြည်က ဆရာကြီးတွေ ငရဲပြည်ရောက်ရငှ်ုရဲမင်းကြီးကလှတယ်ပြောပြီး ရာထူးလု၊ နေရာမဖယ်ပဲန့ဦးမယ်ဆရာရယ်...။