Jun 17, 2009

ဇွန် ၁၇

မင်နီကြက်ခြေခတ် များလှတဲ့
ဒိုင်ယာရီစာအုပ်က
“ဟေ့ကောင် မင်း ၃၆ နှစ်
ပြည့်ပြီ” …..

အကျင့်စာရိတ္တလား?
လစ်ရင် လစ်သလောက်ပါဗျာ
မ.ဆ.လခေတ်မှာ မွေးဖွားပါသည် …..

ပညာ အရည်အချင်းလား?
န.၀.တခေတ်မှာ တက္ကသိုလ်ရောက်ရှိ
၁+၁=၇
အဖေ+အမေ=မွေးချင်း ခုနှစ်ယောက်ရှိပါသည် …..

အလှူခံမဏ္ဍန်က
တွံတေးသိန်းတန် သီချင်းသံနဲ့
လူလားမြောက်ခဲ့ ….
ရေဒီယိုက
ဘောလုံးသမား မန္တလေးသား ပေါက်စီသတင်းနဲ့
လောင်းကစားလုပ်ခဲ့ …..
ကျောက်မြောင်း သြဘာလမ်းအလယ်ပိုင်းက
ဆွမ်းလောင်းအသင်းရဲ့ စာပေဟောပြောပွဲမှာ
လက်ခုတ်တွေတီးခဲ့ …..
ခိုင်သင်းကြည်’ ထမီစကတ် အရေးတော်ပုံအတွင်း
ဟာမိုနီဆိုင် လဖက်ရည်ဖိုးကို
မရှင်းခဲ့တဲ့ ကျွန်တော် …..
UNHCR ကို ပြေပြေလည်လည်ပြောပြီ
လေယာဉ်ပျံကို အလကားစီးလို့
ဒိန်းမတ်ကို ရောက်ခဲ့ …..

ဝင်သက်ထွက်သက်တိုင်း
ယောင်ချာချာတွေရဲ့ အမုန်းများကို
မျှော်လင့်မိတဲ့ ကျွန်တော်
ဂွတ္တလစ်ကို လွမ်းလို့အော်။ ။


စစ်ငြိမ်းဒီရေ

2 comments:

လင်းထက် said...

ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့လေးဖြစ်ပါစေ ကိုအောင်ရေ...။

အိုးဝေအောင် said...

အေ၇းအသား ကြိုက်တယ်ဗျာ။မွေးနေ့ ရှင် ရွှင်လန်းပါစေ။