Oct 29, 2008

တက္ကသိုလ်က သရဲ

ရေးသူ- အောင်ခင်မြင့်
(ကြောက်တတ်သူများ မဖတ်ရန် မေတ္တာရပ်ခံ အပ်ပါသည်။)

zzNyt billede.JPG

(ဒီတခါ တင်ပြတဲ့ သရဲ ဇတ်လမ်းက ကိုယ့်တွေ့တော့ မဟုတ်ပါ။
၁၉၈၁- ၁၉၈၂ ခုနှစ် ပတ်ဝန်းကျင်က ရန်ကုန်တက္ကသိုလ်မှာ
နာမည်ကျော်ခဲ့တဲ့ “ကျောပေါက်ကြီး သရဲ” ဇတ်လမ်း ဖြစ်ပါတယ်။)

၁၉၈၁ ခုနှစ်တွင် တက္ကသိုလ်များ ဆေးရုံးသို့ ကျောင်းသူ လူနာ
တစ်ဦး အရေးပေါ်အခြေအနေဖြင့် ရောက်ရှိ ခဲ့ပါတယ်။ ယင်း
ကျောင်းသူမှာ မာလာဆောင်က ဟု ကျောင်းသားလောက က
ဆိုကြပါတယ်။ ထိုကျောင်းသူသည် ထိုခေတ်က ဒေသကော်လိပ်
မှ တဆင့် ရန်ကုန်တက္ကသိုလ် ပင်မတွင် အထူးပြု သိပ္ပံ ဘာသာ
ရပ် တစ်ခုအား တက်ရောက် ပညာသင်ကြား နေသူ ဖြစ်ပါတယ်။

ထိုကျောင်းသူသည် လက်တွေ့ခန်း (Practical room) တွင် လက်
တွေ့ ပညာရပ်များ သင်ကြားပြီး မိမိ နေထိုင်ရာ အဆောင်သို့
အခြား ကျောင်းသူ သူငယ်ချင်းများနှင့်အတူ ပြန်လာ ခဲ့ပါတယ်။
အဆောင်သို့ မရောက်မီ သူ့မ၏ လွယ်အိတ် အတွင်း၌ ပစ္စည်း
တစုံတခု ကို ရှာဖွေ ပါတယ်။ ထိုနောက် သူငယ်ချင်းများကို
“နင်တို့ အဆောင်ကို အရင်ပြန်နှင့်အုံး၊ ငါ့ မှတ်စုစာအုပ် လက်တွေ့
ခန်းမှာ ကျန်ခဲ့ပြီး၊ အဲဒါ ပြန်သွား ယူလိုက်အုံးမယ်၊ နီးနီးလေးဘဲ
ကိစ္စ မရှိဘူး၊ ငါ တစ်ယောက်တည်း သွားလိုက်မယ်”
လို့ ပြောပြီး လက်တွေ့ခန်းဘက်သို့ ထွက်ခွာ သွားပါတယ်။

သူငယ်ချင်းများလည်း ထိုကျောင်းသူနှင့် လမ်းခွဲပြီး အဆောင်သို့
ပြန်လာခဲ့ပါတယ်။ နာရီဝက်ခန့် အကြာတွင် ထိုကျောင်းသူသည်
ခြေထောက်တွင် ဖိနပ်မပါဘဲ မောကြီး ပန်းကြီးဖြင့် အဆောင်အတွင်း
သို့ ပြေးဝင် လာပါတယ်။ သူမအား ဘာဖြစ်လာလဲ၊ ဘယ်သူက
ဘာလုပ်လိုက်လဲလို့ ၀ိုင်းမေးကြသော်လည်း ဘာမှ ပြန်မဖြေဘဲ
ဝမ်းနည်းစွာ ငိုကြွေးနေပါတယ်။ ထူးခြားပုံမှာ သူမငိုနေချိန်၌
ငိုသံ လုံးဝ မထွက်ပါ။ အဆောင်မှူး အပါအ၀င် အဆောင်ရှိ သူငယ်
ချင်းများ မေးသော မေးခွန်းများကို ပြန်မဖြေ နိုင်တော့ပါ။ တကိုယ်
လုံး ခြစ်ခြစ်တောက် ကိုယ်ပူလာတာကို တွေ့ရသောကြောင့်
သူမကို တက္ကသိုလ်များ ဆေးရုံးသို့ တင်ပို့လိုက် ရပါတယ်။


ဆေးရုံးရောက်ပြီး ထိုကျောင်းသူသည် ထူးဆန်းစွာ စကားသံလုံးဝ
မထွက်ဘဲ အ တဲ့ ပုံစံ ဖြစ်သွားပါတယ်။ ဆေးရုံးရှိ ဆရာဝန်များက
အမျိုးမျိုး စမ်းသပ် စစ်ဆေးသော်လည်း ကိုယ့်ခန္ဓာတွင် ထိခိုက်မှု
လုံးဝ မတွေ့ရှိရပေ။ ထိုကျောင်းသူသည် တစုံတခုကို လုံးဝ
စိုးရိမ်း ကြောက်လန့်နေသော ပုံစံဖြင့် စိတ္တဇ ဆန်ဆန် ဖြစ်လာ
ပါတယ်။ အဲဒီလိုပုံစံဖြင့် ဆေးရုံးတွင် နှစ်ပတ်နီးပါး ကြာမြင့်လာ
သော အခါ နယ်မှ မိဘများ လိုက်လာပြီး နယ်သို့ ပြန်လည်ခေါ်
ဆောင် သွားပါတယ်။ နောက်တစ်လလောက် ကြာသောအခါ
ထိုကျောင်းသူသည် ပုံမှန်အနေအထားဖြင့် ကျောင်းသို့ ပြန်လည်
ရောက်ရှိ ခဲ့ပါတယ်။ ထိုအခါကြမှ သူမ လက်တွေ့ခန်းသို့ မှတ်စု
စာအုပ် ပြန်ယူခဲ့သော ထိန့်လန့်ဖွယ် ဖြစ်ရပ်ဆန်းကို ကျောင်းသား
လောကက ကြားသိ ရပါတယ်။

သူမသည် မှတ်စု စာအုပ်ယူရန် လက်တွေ့ခန်းကို သွားရောက် ခဲ့
ပါတယ်။ အခန်းအတွင်းသို့ ၀င်လိုက်သော အခါ သူမထက် အသက်
အရွယ်အရ ဆယ်နှစ်နီးပါး ကြီးရင့်သော လူကြီးတစ်ယောက်
အခန်းအတွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်
လုပ်နေတာကို တွေ့ရပါတယ်။ သူမက ကျောင်းမှ သန့်ရှင်းရေး
အလုပ်သမား အောင်မေ့ပြီး ထိုလူကြီးအား
“ကျမ မှတ်စု စာအုပ် မေ့ကျန်ခဲ့လို့ လာယူတာပါ” ဟု ပြုံးပြပြီး
အခန်းအတွင်းရှိ သူမ ထိုင်ခဲ့သော စာရေးခုံမှ စာအုပ်ကို လိုက်ရှာ
ပါတယ်။ စာအုပ်ကို လုံးဝ မတွေ့သောကြောင့် သူမက ထိုလူကြီး
အား “ဒီနားမှာ စာအုပ်လေး တစ်အုပ်များ တွေ့မိသလား”လို့
မေးလိုက်ပါတယ်။ ထိုအခါ ထိုလူကြီးက ...

“ငါလည်း နင်လိုဘဲ ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်းတုန်းက
အိမ်ပြန်နောက်ကျနေတဲ့ ငါ့ညီမလေးကို လိုက်ရှာ နေတာ ဒီနေ့
ထိဘဲ”

“ရှင်၊ ဦးလေးက ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်း ကတည်းက
ဦးလေး ညီမလေးကို လိုက်ရှာနေတာ၊ ဦးလေး ဆိုလိုတာကို ကျမ
သဘော မပေါက်ဘူး”

“အေး၊ မင်းနားလည်းအောင် ငါပြောပြမယ်၊ ဦးသန့် အရေးအခင်း
တုန်းက ငါနဲ့ ငါ့ညီမလေးက ဒီရန်ကုန်တက္ကသိုလ်မှာ ကျောင်းအတူ
တူ တက်ခဲ့တာပေါ့၊ စစ်တပ်က သေနတ်တွေနဲ့ ပြစ်တဲ့နေ့မှာ ငါ့ညီမ
လေးကို ငါ စိတ်ပူလို့ ဒီလက်တွေ့ခန်းဘက်ကို အလာ စစ်တပ်က
ငါကို ပြစ်လိုက်လို့ ငါသေသွားတာပေါ့၊ ဂျီးသရီးနဲ့ ပြစ်တာလေ၊
မယုံရင် ဒီမှာကြည့်၊ ငါနောက်ကျောမှာ ဘာမှ မရှိတော့ဘူး”

ဟု ဆိုပြီး ထိုလူကြီးက သူ့အင်္ကျီ နောက်ကျောကို လှန်ပြပါတယ်။

ထိုသို့ လှန်ပြလိုက်သော အခါ ထိုလူကြီး နောက်ကျောဘက်တွင်
ဘာမှ မရှိဘဲ သေနတ်နှင့် ပြစ်လိုက်သော အခါ ပွင့်ထွက်သွားသော
ပုံစံ အခေါင်းပေါက်ကြီး မြင်တွေ့ ရပါတယ်။ ထိုအခါ ထိုကျောင်းသူ
ရုတ်တရက် ကြောက်လန့်သွားပြီး လက်တွေ့ခန်း အတွင်းမှ အလျင်
အမြန် ပြေးထွက် ခဲ့ပါတယ်။ ထိုအခါ ထွက်ပြေးသွားသော ကျောင်းသူ
အား ထိုလူကြီးက အသံနက်ကြီးဖြင့် လှမ်းပြောလိုက်ပါ သေးတယ်။

“ဦးသန့် အရေးအခင်းတုန်းက ပျောက်သွားတဲ့ ငါ့ညီမလေးကို
တွေ့ရင် ငါဒီမှာ စောင့်နေတယ်လို့ ပြောပေးပါ၊ ညီမလေးရယ်”

ယင်းကိစ္စ သတင်းများ ထွက်ပေါ်ပြီး မယုံကြည်သော အဆောင်နေ
ကျောင်းသား နှစ်ဦးသည် လောင်းကြေး ပုံစံ အလောင်းအစား လုပ်၍
ယင်း သိပ္ပံ လက်တွေ့ခန်းတွင် ညဘက် သွားရောက် အိပ်စက် ကြ
ပါတယ်။ မနက် မိုးလင်းသော အခါ ထိုကျောင်းသား နှစ်ဦးအား
တက္ကသိုလ် အာဏာပိုင်များက တက္ကသိုလ်များ ဆေးရုံးသို့ ထပ်မံ
ပို့ဆောင် လိုက်ရကြောင်း သိရပါတယ်။


(ဤမျှသာ။)

Oct 28, 2008

အင်းစိန် တွဲဖက်ထောင်က သရဲ

ရေးသူ- အောင်ခင်မြင့်


zzzgraphic_jail.jpg

ကျနော် စစ်ကြောရေးမှ အင်းစိန်တွဲဖက်ထောင်သို့ ရောက်ရှိချိန်မှာ
၁၉၉၀ ခုနှစ် စက်တင်ဘာ လကုန်ပိုင်း ဖြစ်ပါသည်။ ကျနော်ကို တင်
ဆောင်လာသော အီတူးသောင်စင် ကားသည် ဟိုကွေ့ ဒီကွေ့ဖြင့်
တနေရာတွင် ထိုးရပ်လိုက်ပါသည်။ လက်ထိပ်နောက်ပြန် ခတ်ထား
ခြင်းနှင့် မျက်နှာပေါ်တွင် အုပ်ထားသော အ၀တ်စ ကို မောင်မင်း
ကြီးသားများက ဖယ်ရှားပေးလိုက်ပါသည်။

“လူသစ် (၄)ယောက် ပါလာတယ်၊ ကျား (၃)၊ မ (၁)၊ အားလုံး
ဂေါ်နိုက် (ဂေါ်=၅ , နိုက်=night=ည၊ ပုဒ်မ ၅(ည)ကို ထောင်
အခေါ်အဝေါ်) တွေချည်းဘဲ၊ ကရင်ရှိလားဟေ့၊ လူသစ်တွေကို
ပုံစံ နည်းနည်းပေးပြီး စာရင်း လုပ်ပါအုံး”

ကျနော်အပါအ၀င် အ.က.သ (အခြေခံပညာ ကျောင်းသားများ
သမဂ္ဂ၊ ရန်ကုန်တိုင်း) မှ ကျောင်းသား သုံးယောက်တို့သည် တွဲဖက်
ထောင် ဗူးဝ တွင် ထောင်အတွင်း ပုံစံဟု ခေါ်သော အနေအထိုင်
ပုံစံများကို ဗူးဝမှ ထောင်စာရေး ကရင်ဟု ခေါ်ဆိုခြင်း ခံရသူထံတွင်
ခြေထောက်ဖြင့် အသတ်လွတ် တစ်ချက် နှစ်ချက် အကန်ခံပြီး
သင်ကြား ရပါသည်။ ကျနော်တို့ လက်ဖျံပေါ်တွင် အကျဉ်းသား
နံပါတ်များကို ယင်း ကရင်ဆိုသူက ရေးပါသည်။

ထို့နောက် ကျနော်တို့ သုံးယောက်တွဲကို စောင်အဟောင်းတစ်ထည်
ဖြင့် ခေါင်းပေါ်တွင် အုပ်ပြီး ထောင်အတွင်းသို့ ခေါ်ဆောင် သွားပါသည်။
စောင် အအုပ်ခံ သုံးယောက်တွဲတွင် ကျနော်က အလယ်မှာ ဖြစ်ပါသည်။
အောက်သို့ မှန်းပြီး လမ်းလျှောက်နေရပြီး အချို့နေရာများတွင် အလင်း
ရောင် အနည်းငယ်ကို အောက်ခြေတွင် မြင်တွေ့ရပါသည်။ များသော
အားဖြင့် နေရာအတော် များများမှာ မှောင်မဲလျက် ရှိပါသည်။ လမ်းသိပ်
မလျှောက်ရပါ။ “ရပ်” ဟူသော အသံကြောင့် ကျနော်တို့ သုံးယောက်တွဲ
ရပ်လိုက်ပါသည်။ နောက်ဆုံးမှ ကျောင်းသားကို စောင်ထဲမှ ဆွဲထုတ်
သွားပါသည်။ “ဂျိုင်း” ဟူသော တံခါးဖွင့်သံ၊ ပိတ်သံများ၊ တီးတိုး စကား
ပြောသံများ ကြားနေရသောကြောင့် လူအများရှိသော နေရာတစ်ခု၏
ဘေးသို့ ရောက်နေကြောင့် သိလာ ပါသည်။


မကြာမီ “ရပ်” ဆိုသော အသံနှင့် အတူ ကျနော်သည် စောင်ထဲမှ
ဆွဲထုတ်ခြင်း ခံရပါသည်။ ကျနော်သည် အခန်းတစ်ခုသို့ တက်
ရန် ပြုလုပ်ထားသော အဆင့် သုံးဆင့်ပါ အုတ်လှေကား တစ်ခု
ထိပ်သို့ ရောက်ရှိ နေကြောင်း သိရပါသည်။ အုတ်လှေကားထိပ်
ရှိ သံတံခါး အတွင်း ဦးခေါင်းများ စုပြုံး၍ စကားပြောသံ ကြားနေ
ရပါသည်။ “တိုက်ပွဲဖော်ဆောင်ရေး အပြင်စည်း ဒုတာဝန်ခံ..ဟ” ဟူ
သော ရင်းနှီး နေသော အသံများကို ကြားရပါသည်။

ကျနော် အခန်းအတွင်းသို့ ၀င်ရောက်လိုက်သောအခါ ရန်ကုန်တိုင်း
မြို့နယ်အသီးသီးမှ အ.က.သ ကျောင်းသား (၆)ဦးခန့် ကိုတွေ့ရပါ
သည်။ သူတို့နှင့် အဖမ်းခံရပုံများ၊ စစ်ကြောရေး အကြောင်းများ၊
အဖမ်းမခံရခင် အပြင်အခြေအနေများကို ရောက်တက်ရာရာ ပြောဆို
နေစဉ် ထောင်ဝါဒါ တစ်ဦးက သံပန်းကန်ပြား တစ်ချက်တွင် ပဲဟင်းရည်
လောင်းထည့်ထားသော ထမင်းနှင့် လက်တဆစ်စာ ငပိလေး တင်ပြီး
လာ ပေးပါသည်။

ကျနော်အိပ်ဖို့ အပေါ့အပါး စွန့်ရာတွင် အသုံးပြုသည့် ဂန်ဖလား
တည့်တည့်တွင် နေရာ ရပါသည်။ ဂန်ဖလားကို ဖျားကြမ်း အကျိုးအပဲ့
တစ်ခုဖြင့် အနံမထွက်စေရန် ဖုံးအုပ်ထားပါသည်။ ကျနော်တွင် စစ်
ကြောရေးမှ ရခဲ့သော ဒဏ်ရာများကို အခန်းဖော် ကျောင်းသား
များက ၀ိုင်းဝန်းပြီး “ကြက်ပူ” ထိုးပေး ကျပါသည်။ အခန်းအတွင်း
၄၀ ၀ပ်အားရှိသော မီးလုံး တစ်လုံးကို တစ်ညလုံး မီးထွန်းထားပေး
သည်ဟု သိရပါသည်။ မအိပ်ခင် အချိန်တွင် တာမွေမြို့နယ်မှ ကျောင်း
သားတစ်ဦးက ကျနော်အား “ဒီအခန်းမှာ လူသစ်ရောက်ရင်၊ ဒီည ထူး
ခြားမယ်နော်၊ သိပ်မလန့်နဲ့” ဟု သတိပေး စကားပြော ပါသည်။

ထိုအခါ ကျနော်က “ဘာထူးခြားတာလဲ၊ လုပ်ပါအုံး” ဟု ပြန်မေးသော
အခါ နောက်ထပ် ကျောင်းသား တစ်ဦးက “ဘာမှ မဟုတ်ပါဘူး၊
ထောင်ဆိုတော့ မြေနည်းနည်း ကြမ်းတဲ့ သဘောပါ၊ သရဲလိုလို
ဘာလိုလို ပေါ့” ဟု ပြောပါသည်။ အခန်းအတွင်း ကျနော် အပါ
အ၀င် ကျောင်းသား (၇)ဦး ရှိရာ သရဲခြောက်မည်ဆိုသော စကား
ကို ကျနော် လုံးဝ လက်မခံခဲ့ပါ။ ဒီလိုနှင့် ကျနော်တို့ စတင် အိပ်စက်
ကြပါသည်။ ကျနော်တွင် ဒဏ်ရာများကြောင့် ချက်ချင်း အိပ်မပျော်ဘဲ
ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်ဖြင့် ကိုယ့်ဒဏ်ရာ ကိုယ်ကုစား
နေရ ပါသည်။ အခန်းအတွင်း ထွန်းထားသော မီးလုံးမှ မီးအလင်း
ရောင်ကို အိပ်စက်ရာတွင် မျက်စိအား ကာကွယ်ရန်အတွက် ထောင်
ဗူးဝတွင် ပေးသော အင်္ကျီဖြူကို မျက်လုံးပေါ်တွင် တင်ထားပါသည်။

ဗူးဝမှ (၁၂) နာရီ သံချောင်း ခေါက်သံ ကို ကြားရပြီး သိပ်မကြာဟု
ကျနော် ထင်ပါသည်။ ကျနော့် နံဘေးမှ အသံ တချို့ကို စ ကြားရ
ပါသည်။ အမျိုးသမီး တစ်ယောက် ညည်းသံကို တော်တော်ကြာ
အောင် ကြားနေရပါသည်။ ကျနော် တစ်ယောက်တည်း ကြားနေခြင်း
မဟုတ်ပါ။ တခန်းလုံး ကြားနေရပါသည်။ နံဘေးမှ ကျောင်းသားက
ကြောက်နေသော ပုံစံဖြင့် ကျနော်ကို လာဖတ်ထားပါသည်။ ညည်းသံ
များ ဆုံးသွားသော အခါ စကားသံများ ကြားပါသည်။

“နင် နေမကောင်းဘူးလား”
“ဟုတ်တယ်၊ ကျမ နေမကောင်းဘူး”
“သူတို့ဆီက ဆေးတောင်းသောက်လေ”
“ဆေးသောက်ပြီးပြီ၊ ဒါပေမဲ့ မသက်သာဘူး .. ဟင်း ..ဟင်း ..ဟင်း”
ဟု ဆက်လက် ညည်းတွားသံကို ဆက်တိုက် ကြားနေရပါသည်။

ကျနော့်တွင် ကြောက်စိတ် လုံးဝ မပေါ်သေးပါ။ ကျနော်သည်
ရုတ်တရက် မျက်လုံးပေါ်ရှိ အင်္ကျီဖြူကို ဘေးသို့ ဖယ်ထုတ်လိုက်ပြီး
တစ်ခန်းလုံး နေရာစုံသို့ လိုက်ကြည့် မိပါသည်။ ဘာမှ မတွေ့ရပါ။
ညည်းသံလည်း ဆက်လက်ကြားနေရပါသည်။ အဲဒီတော့မှ ကျနော်
လည်း ကြောက်စိတ် ၀င်သွားပါသည်။ ဒါ တကယ် သရဲ ပါလားဟု
သဘောပေါက်သွားပါသည်။ အဲဒီချိန်မှာ အခန်းအတွင်းရှိ ကျောင်းသား
အားလုံးနီးပါး ရသမျှ ဘုရားစာကို တုန်လှုန့်နေသော အသံများဖြင့်
အကျယ်ကြီး အော်ဆို နေကြပါသည်။ နောက်ထပ် ဆယ်မိနစ်လောက်
အကြာတွင် အားလုံး ငြိမ်သက် သွားပါသည်။

မနက်မိုးလင်းခါစ ခြောက်နာရီ မထိုးခင်တွင် ကျနော်တို့ ကိုယ့်အခန်း
ထဲတွင် အထိုင်ပုံစံဖြင့် ထိုင်ရသော အချိန်ရောက်မှ ကျောင်းသားတစ်
ဦးက ကျနော်ကို ပြောပြပါသည်။ ကျနော်တို့ အင်းစိန်တွဲဖက်ထောင်၊
အဆောင်(၂)၊ အခန်းနံပါတ် (၂၂) သည် နာမည်ကျော် သရဲခြောက်
သော အခန်း ဖြစ်ပါသည်။ တစုံတစ်ယောက်က အသံဖမ်းစက် သို့မဟုတ်
ကတ်ဆက်ခွေဖြင့် တမင်အကွက်ဆင် လုပ်ထားခြင်းမျိုး လုပ်ဝ မဟုတ်ပေ။

ယင်း သရဲ အခြောက်ခံရမှုသည် နေ့စဉ် ဖြစ်လေ့ မရှိပါ။ အခန်းအတွင်း
သို့ လူသစ်တစ်ဦး စတင် ၀င်ရောက်လာသော အခါများတွင် တစ်ခန်း
လုံး ခြောက်လန့် ခံရပါသည်။ ကျနော်တို့ အပါအ၀င် နံဘေးခန်းများမှ
ကျောင်းသားများ အားလုံးသည် ယင်း သရဲခြောက်မှုကို မယုံကြည်သဖြင့်
အုတ်နံရံများ၊ မျက်နှာကျက်များတွင် ကတ်ဆက် ၀ါယာကြိုး စသော
အသံထွက်ပေါ်စေသော အရာများကို ရှာဖွေသော်လည်း တစုံတရာ
မတွေ့ရှိ ရပေ။ အဆောင် အပေါ်ထပ်တွင် နေသော ထိုင်းအကျဉ်းသား
(မြန်မာ့ရေပိုင်နက်တွင် တရားမ၀င် ငါးခိုးဖမ်းသဖြင့် အဖမ်းခံရ သူများ)
များကို အကူအညီ တောင်းပြီး လိုက်လံ ရှာဖွေ သော်လည်း ၀ါယာကြိုး၊
ကတ်ဆက်များကို မတွေ့ရှိရပေ။

ကျနော်ရောက်ပြီး လေးရက်လောက် အကြာတွင် အခန်းတွင်းမှ ကျောင်း
သားတစ်ဦး ရုံးတင် အမိန့်ချခြင်း ခံရပြီး အခန်းသို့ ပြန်ရောက် မလာတော့
ပါ။ ထောင်ဝါဒါက လူတစ်ယောက်လျှော့ သွားသော ကျနော်တို့
အခန်းသို့ နောက်တစ်ရက်တွင် စစ်ကြောရေးမှ ပို့လိုက်သည့်
သာကေတမြို့နယ်မှ ကျောင်းသား တစ်ဦးကို ပို့လိုက် ပါသည်။
ထိုညတွင်လည်း အလားတူ နာရီဝက် နီးပါး သရဲခြောက်မှုကို ခံစား
ရပါသည်။


(ဤမျှသာ။)

Oct 16, 2008

လာရာ လမ်းများ (Seven Rays)


ရေးသူ- စစ်ငြိမ်းဒီရေ
(ဗဟုသုတ)


လူတွေဟာ လောကကြီးကို ရောင်ခြည်တန်း ခုနှစ်မျိုး သို့မဟုတ် လမ်းကြောင်း
ခုနှစ်မျိုးက ရောက်ရှိ လာတယ်လို့ အနောက်တိုင်း ရုပ်လွန် ဒဿနိကဗေဒ
(metaphysical) က ဆိုလို ပါတယ်။

zbirds7.jpg

(၁) ခေါင်းဆောင် ရောင်ခြည်တန်း (Leader Rays)
ခေါင်းဆောင် ရောင်ခြည်တန်း ဆိုတာ ရပ်ကွပ် ဆယ်အိမ်ခေါင်းက အစ
စကြာဝတေးမင်း အထိ ဆိုလို ပါတယ်။

(၂) သင်ကြားမှု ရောင်ခြည်တန်း (Preacher Rays)
မူကြိုဆရာ၊ ဆရာမ ကနေ လောကကြီးကို သင်ကြားတဲ့ ပညာရှိတွေ
အထိ ဆိုလိုပါတယ်။

(၃) နိုင်ငံရေး သမား ရောင်ခြည်တန်း (Political Rays)
ပိုစတာ ကော်သုတ်ပြီး လိုက်ကပ်ရတဲ့ မထင်မရှား နိုင်ငံရေးသမား ပေါက်စ
ကနေ ကမ္ဘာသိ နိုင်ငံသိ နိုင်ငံရေးသမားတွေ အထိ ဆိုလို ပါတယ်။

အထက် ဖော်ပြပါ ရောင်ခြည်တန်း သုံးမျိုးအား အကျိုးတရားကို ပြုလုပ်
သူ သို့မဟုတ် သီးသန့် လက္ခဏာ ကို တိုက်ရိုက် ဖော်ဆောင်သူ
(Rays of Aspect) လို့ ခေါ် ပါတယ်။




z7Ajna.jpg

(၄) အတွေးအခေါ် ရောင်ခြည်တန်း (Philosopy Rays)
ဘ၀နေထိုင်ပုံ အကြောင်းအရာများကို တွေးခေါ် စဉ်းစားသော သာမန်ရိုး
ကျ တွေးတောသူများ ကနေ သမိုင်းစာမျက်နှာ များပေါ်တွင် မှတ်တမ်း
အတင် ခံရသော အတွေးအခေါ် ပညာရှိတွေ အထိ ဆိုလို ပါတယ်။

(၅) သိပ္ပံပညာ ရောင်ခြည်တန်း (Scientist Rays)
“မီး” ကို စတင် အသုံးပြုနိုင်သူ၊ ရေနွေးငွေ့ကို အသုံးချတတ်သူ၊ လျှပ်စစ်
ကို ရှာဖွေ တွေ့ရှိသူ၊ နှလုံးရဲ့ အခန်း(၄)ကို စတင် သိရှိနားလည်သူ များ
ကနေ ယနေ့ နောက်ဆုံးပေါ် တီထွင် ဆန်းသစ်မှုဆိုင်ရာ ဆေးပညာနှင့်
အင်ဂျင်နီယာ ပညာရှင်များ အထိ ဆိုလို ပါတယ်။

(၆) ၀န်ထမ်း ရောင်ခြည်တန်း (Service Rays)
စနစ်တစ်ခု၊ ဘောင်တစ်ခု၊ ပုံစံချမှု တစ်ခု အောက်တွင် အသက်ရှင် ရပ်
တည်ရေးနှင့် မျှော်လင့်ချက် တစုံတရာ အတွက် သစ္စာရှိစွာ အမှုထမ်း
နေရသော အောက်ခြေ ၀န်ထမ်းတစ်ဦး၊ စစ်သား တစ်ယောက် ကနေ
ဒုတိယမြောက် အာဏာရှိဆုံးဟု သမှတ်ခြင်း ခံရသူ အထိ ဆိုလို ပါတယ်။

(၇) ဂန္ဓာရီ ရောင်ခြည်တန်း (Mistic Rays)
လောကီနှင့် လောကုတ္တရာ အကျိုးစီးပွားများ အတွက် ဘာသာရေး ကျင့်
စဉ်များကို ပုံစံ အမျိုးမျိုးဖြင့် ကျင့်ကြံနေကြသော သာမန်အဆင့် ကျင့်ကြံ
သူများ ကနေ ကောင်းကင်ဘုံနှင့် အဆက်ရမိသူများ၊ သူတော်စဉ်များ၊
ဝိဇ္ဇာမိုရ်များ အထိ ဆိုလို ပါတယ်။

အထက် ဖော်ပြပါ နံပါတ်စဉ် လေးမှ ခုနစ် အထိ ရောင်ခြည်တန်း လေးခု
အား တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခု ကို အကြောင်းပြု၍ ဖြစ်
သည့် အကျင့်စရိုက်၊ အရည်အသွေး များကို ဖော်ဆောင်သူ
(Rays of Attribute) လို့ ခေါ်ပါတယ်။


(ဤမျှသာ။)
(မှတ်ချက်။ ။ စာအုပ်မျိုးစုံမှ မှီငြမ်းပါသည်။)

Oct 1, 2008

ကံဆိုးသူ မက်ခီယာဗယ်လီ

(ဆရာဦးစိုးသိမ်း (စာရေးဆရာ မောင်ဝံသ) ရေးသားခဲ့သော ဒုတိယ
အတွေးစာအုပ်ပါ ၁၉၈၄ ခုနှစ်ထုတ် အတွေးအမြင် စာစဉ် အမှတ်-၂ ပါ
ကံဆိုးသူ မက်ခီယာဗယ်လီ ဆောင်းပါးမှ စာသား အများစုကို ကောက်နုတ်
ဖော်ပြ ပါသည်။)

zzaaaz.jpg
(Nicolo Di Bernardo Machiavelli) (1469- 1527)

နီကိုလို ဒီ ဘာနာဒို မက်ခီယာဗယ်လီ၏ အတ္တုပ္ပတ္တိ အကျဉ်း။ ။

သူ့ကို ၁၄၆၉ ခုနှစ် မေလ ၃ ရက်နေ့တွင် အီတလီ နိုင်ငံ၊ ဖလောရင့်မြို့၌
မွေးဖွား ခဲ့တယ်။ ဖခင်မှာ ၀တ်လုံတော်ရ ရှေ့နေကြီး တစ်ဦး ဖြစ်တယ်။ သူ
သည် လက်တင် စာပေ ကျမ်းဂန်များနှင့် အီတလီ ဂန္တ၀င် စာပေများကို အထူး
ပြု လေ့လာခဲ့တယ်။ ၁၄၉၈ ခုနှစ်တွင် ဖလောရင့် သမ္မတနိုင်ငံ အစိုးရအဖွဲ့၌
အမတ်ချုပ်အဖြစ် လည်းကောင်း၊ ဒုတိယ နန်းရေးဝန်အဖြစ် လည်းကောင်း၊
တာဝန် ထမ်းဆောင်ခဲ့တယ်။ (အဲဒီအချိန်က အီတလီနိုင်ငံမှာ မြို့ပြနိုင်ငံပေါင်း
များစွာ မစည်းလုံးဘဲ တသီးတခြားစီ ဖြစ်နေတဲ့ အချိန်။)

ထိုနောက်ပိုင်းတွင် အရေးပါသော အစိုးရ ရာထူးများစွာ ခန့်အပ်ခြင်း ခံခဲ့ရ
သည့် အနက် ၁၅၀၇ ခုနှစ်တွင် ပြည်သူ့စစ်လက်နက်ကိုင်တပ်များ ဖွဲ့စည်းရေး
တာဝန်ခံ အဖြစ် ဆောင်ရွက် ခဲ့ရခြင်းမှာ ထူးခြားသည်။ မက်ခီယာဗယ်လီ၏
အားတက်သရော တောင်းဆိုချက်အရ ပြည်သူ့ စစ်တပ်ဖွဲ့များ ဖွဲ့စည်းရေးကို
တာဝန်ပေးခြင်း ဖြစ်တယ်။ သို့သော် သူစုစည်းခဲ့သော ပြည်သူ့ စစ်တပ်ဖွဲ့
များမှာ ၁၅၁၂ ခုနှစ်တွင် ရန်သူန် စပိန်တို့နှင့် ရင်ဆိုင် တိုက်ခိုက်ရာတွင် အရေး
နိမ့်ခဲ့တယ်။ ထိုကြောင့် သူလည်း အဲဒီနှစ်မှာဘဲ ရာထူးမှ ပြုတ်ကျတယ်။ မကြာမီ
အစိုးရ ဆန့်ကျင်ရေး လုပ်ဆောင်သည်ဟု ဆိုကာ ဖမ်းဆီး ညှင်းပန်း ခံရတယ်။
နောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်လာခဲ့တယ်။

သူသည် နိုင်ငံရေး တာဝန်ကို ၁၄ နှစ်ကြာမျှ ထမ်းဆောင်ခဲ့စဉ် အတွင်း နိုင်ငံရေး၊
အုပ်ချုပ်ရေး၊ စစ်ရေးနှင့် သံတမန်ရေး နယ်ပယ်များတွင် အတွေ့အကြုံများစွာ ရရှိ
ခဲ့တယ်။ အဆိုပါ အတွေ့အကြုံများပေါ်တွင် အခြေပြု၍ အငြိမ်းစာ ဘ၀တွင် စာများ
ရေးသား ခဲ့တယ်။




zmzza.jpg
(The Prince ခေါ် မင်းသားကျမ်း ခေါ် ရာဇောဝါဒကျမ်း မျက်နှာဖုံး။)

“မင်းသား” ခေါ် The Prince ကျမ်းကို ၁၅၁၃ ခုနှစ်တွင် စတင် ရေးသားပြီး ၁၅၁၆
ခုနှစ်တွင် အပြီး သတ်ခဲ့ ပါတယ်။ သူသည် ထိုကျမ်းငယ်ကို ဖလော့ရင့်၏ အာဏာ
ပိုင်ဖြစ်သူ လော်ရင်ဇိုဒေမက်ဒီစီ (Lorenzo De Medici) ထံ ရွှေနားတော်သွင်း ပေးပို့
ခဲ့သည်။ မက်ခီယာဗယ်လီက မက်ဒီစီထံသို့ ပေးစာတွင် “အခွင့်အရေးကို မျှော်ကိုး
သူတို့သည် မိမိပိုင်ဆိုင်သော အဖိုးတန် ပစ္စည်းများကို ဆက်သခြင်းဖြင့် အရှင်
သခင်ထံမှ ဆုလာဘ်များ ရယူလေ့ ရှိကြပါသည်။ အကျွန်ုပ်သည်လည်း အရှင်ထံသို့
အကျွန်ုပ် တန်ဖိုးထားသော ဤကျမ်းငယ်ကို ဆက်သအပ်ပါသည်” ဟု ကျိုးနွံစွာ ရေး
သား ဖော်ပြခဲ့သည်။

“နိမ့်ကျသော အညတရ ကျေးတော်မျိုး ကျွန်တော်မျိုးတစ်ဦးက မင်းစိုးရာဇာများ
အနေဖြင့် တိုင်းပြည်ကို မည်သို့မည်ပုံ အုပ်ချုပ်သင့်သည်ဟု တင်ပြ အစီရင်ခံဝံ့
သည်ဟူ၍ မမှတ်ယူပါလင့်။ ရှုမျှော်ခင်း ပန်းချီ ရေးဆွဲသူများသည် တောင်များ၊
ကုန်းမြင့်များကို သဘာဝကျကျ ရေးဆွဲလိုသောအခါ မြေပြန့်လွင်ပြင်သို့ ဆင်း
သက်၍ ကြည့်ဘိသကဲ့သို့ တိုင်းသူပြည်သားများ၏ အနေအထားကို အပြည့်
အ၀ ဖွင့်ဆိုရန် အလို့ဌာ သာမန် တိုင်းသူပြည်သားတစ်ဦး၏ နေရာမှကြည့်ရပါ
လိမ့်မည်” ဟူ၍လည်း မက်ခီယာဗယ်လီက ရှင်းလင်း တင်လျှောက်ခဲ့သည်။

ထိုကျမ်းကို ဆက်သပြီးနောက် ဖလော့ရင့် မြို့ပြနိုင်ငံ၏ အာဏာပိုင်ဖြစ်သူ
မက်ဒီစီ၏ အိမ်တော်သို့ ဖိတ်ကြားခြင်းခံခဲ့ ရသည်။ သူ့အား ပညာရှိသုခမိန်
အရာထား၍ နေရာပေးခြင်း ဖြစ်သည်။ ထို့နောက် အရေးမကြီးလှသော ကူး
သန်းရောင်းဝယ်ရေး လုပ်ငန်းဆိုင်ရာ တာဝန်များပေး၍ မက်ခီယာဗယ်လီအား
စမ်းသပ် အသုံးပြုပြန်သည်။ သူသည် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းတာဝန်
ဖြင့် ရောမမြို့သို့လည်း သွားရောက်ခဲ့ရ၍ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံကာ
“ဖလော့ရင့် မြို့သမိုင်း” ပြုစုရန် ရဟန်းမင်းကြီးထံမှ ထောက်ပံ့ကြေး ရရှိခဲ့သည်။
မက်ခီယာ ဗယ်လီသည် ပြည်သူ့စစ် တပ်ဖွဲ့များ ဖွဲ့စည်းရေးအတွက် ရဟန်းမင်း
ကြီးအား အကြံပေးခဲ့ပြန်သည်။ သို့သော် ရဟန်းမင်းကြီးက လက်မခံသဖြင့် လက်
လျှော့ ခဲ့ရသည်။ ဤတွင် နိုင်ငံရေးနယ်သို့ မက်ခီယာဗယ်လီ ပြန်ဝင်ရန် ကြိုးပမ်း
ခြင်းမှာ သမ္မတနိုင်ငံ ပြန်လည်ထူထောင်ရန် ကြံရွယ်ခြင်း ဖြစ်လိမ့်မည်ဟု မက်ဒီစီ
က သင်္ကာမကင်းဖြစ်ပြီး သူ့အား မည်သည့် တာဝန်မျှ မပေးတော့ဘဲ လျစ်လျူရှု
ထားလိုက်သည်။ ထိုနောက် မက်ခီယာဗယ်လီသည် နာမကျန်းဖြစ်လာသည်။ ၀မ်း
ဗိုက်အောင့်သော ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး ၁၅၂၇ ခုနှစ် ဇွန်လတွင် သူ ကွယ်
လွန် ခဲ့သည်။ သူ၏ မိသားစုမှာ ဆင်းရဲ ငြိုငြင်စွာ ကျန်ရစ်ခဲ့ ရသည်။

သူ၏ မိသားစုရေးရာနှင့် ပက်သက်၍ကား မှတ်တမ်းမှတ်ရာ နည်းပါသည်။ သူသည်
၁၅၀၂ ခုနှစ်တွင် မာရီယက်တာ ကော်ဆီနီနှင့် လက်ထပ်ပြီး ကလေးခြောက်ယောက်
ရရှိခဲ့သည်။ ဇနီးသည်က သူ့အပေါ် လွန်စွာ ချစ်ကြင်မြတ်နိုးမှု ရှိသည်။ ၁၅၀၃ ခုနှစ်
နိုဝင်ဘာလ ၂၄ ရက် နေ့စွဲဖြင့် ဇနီးသည်က မက်ခီယာဗယ်လီထံ ပေးစာတွင် ခင်ပွန်း
ဖြစ်သူအား ချစ်စနိုး ကျီစယ်သော အရေးအသားများကို တွေ့ရသည်။

“ကျွန်မတို့ သားကလေးက ရှင်နဲ့ သိပ်တူတာပဲ။ အသားက နှင်းပွင့် ကလေးလို့ ဖြူ
လို့။ ခေါင်းမှာလည်း ဆံပင်တွေ သန်လိုက်တာ ကတ္တီပါနက်လို မည်းမှောင်နေတာပဲ။
ရှင့်လိုပဲပေါ့၊ သားကလေဟာ ရှင်နဲ့တူတယ် ဆိုတော့ ချောတယ်လို့ ပြောရမှာပေါ့နော်”
ဟု မာရီယက်တာက ရေးသားခဲ့သည်။ (စင်စစ်အားဖြင့်ကား မက်ခီယာဗယ်လီ သည်
ဥပဓိရုပ်ကောင်းသူ မဟုတ်၊ အရပ်မနိမ့်မမြင့်၊ သေးသေးသွယ်သွယ်၊ မျက်လုံးတောက်
တောက်၊ ဆံပင်နက်နက်၊ ဦးခေါင်းသေးသေး၊ နှာခေါင်း အနည်းငယ် ကောက်သည်။
နှုတ်ခမ်းကို အမြဲတမ်း တင်းတင်းစေ့ ထားလေးဟန် ရှိသည်။ စူးရှထက်မြက်သော
သုတေသီ တစ်ဦး၊ အတွေးအခေါ်ရှင်တစ်ဦး၏ ပုံပန်းမျိုး ဖြစ်သော်လည်း သူတစ်ပါး
တို့အား သြဇာလွှမ်းမိုး သိမ်းသွင်းနိုင်သော အင်္ဂါရုပ်မျိုး မဟုတ်ချေ။)

မက်ခီယာဗယ်လီသည် နိုင်ငံရေးရာများနှင့်သာ နစ်မြုပ်နေ၍ မိသားစုကို အလေးပေးခဲ့
ဟန်မရှိ။ စီးပွားဥစ္စာ စုဆောင်းမှုလည်း မရှိခဲ့။ ထို့ကြောင့် မိသားစုမှာ ဆင်းဆင်းရဲရဲဖြင့်
ကျန်ရစ်ခဲ့ကြသည်။ သူသည် မိသားစုအတွက် နောက်ဆုံး လိုက်လျောချက်တစ်ခုကိုမှု
ပြုသွားခဲ့သည်။ ဘာသာရေးရာများကို ပစ်ပယ်ထားသူ ဖြစ်လင့်ကစား သေခါနီးအချိန်
တွင် ဘုန်းတော်ကြီး မက်တီယို ထံမှောက်၌ အပြစ်ဖြေသွားခြင်း ဖြစ်သည်။ မက်ခီယာ
ဗယ်လီ ကွယ်လွန်ပြီးနောက် သားဖြစ်သူ ပီယေရိုက ပီဆာမြို့ရှိ သားချင်းတစ်ဦးထံ ရေး
သော စာတွင် သူ၏ ဖခင်သည် ဘုန်းတော်ကြီး မက်တီယိုအား သူ၏ အပြစ်ဖြေချက်ကို
ကြားနာရန် ခွင့်ပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။ “ကြားနားခွင့် ပြုသည်”ဟု သုံးနှုန်းထားခြင်း
ကို ထောက်၍ သူသည် မိသားစုအား ငဲ့ညာ၍ သူ့ဆန္ဒမပါဘဲ ထုံးတမ်းစဉ်လာ တစ်ခုကို
နောက်ဆုံး လိုက်လျောခြင်း ဖြစ်သည်ဟု ယူဆရသည်။

မက်ခီယာဗယ်လီ ရှင်သန်ခဲ့သော ခေတ်အခြေအနေ ….

သူ အသက်ရှင်သန် လှုပ်ရှားခဲ့သော ခေတ်သည် အီတလီနိုင်ငံ စည်းလုံး ညီညွတ်မှု
မရှိသေးဘဲ မြို့ပြနိုင်ငံများ အဖြစ် သူတစ်လူ ငါတမင်း အကွဲကွဲ အပြားပြား ဖြစ်နေ
သော ကာလ ဖြစ်သည်။

ထိုကာလသည် မြန်မာနိုင်ငံ၌ အင်းဝ (၁၃၆၄-၁၇၅၁) နှင့် ခေတ်ပြိုင် ဖြစ်သည်။ သိုဟန်
ဘွားတို့ ၀င်ဖျက်သဖြင့် အင်းဝ ပျက်ခါနီး ကာလနှင့် တစ်ချိန်တည်းလောက် ဖြစ်သည်။
အီတလီနိုင်ငံ ဖလော့ရင့်မြို့၌ နိုင်ငံရေးပညာရှင် မက်ခီယာဗယ်လီ ပေါ်ပေါက်ချိန်သည်
မြန်မာနိုင်ငံ အင်းဝခေတ်ဦး မင်းကြီး စွာစော်ကဲ (၁၃၆၇-၁၄၀၀) လက်ထက် နိုင်ငံရေး
ပညာရှင်ကြီး ၀န်ဇင်းမင်းရာဇာ ပေါ်ထွန်းချိန်နှင့် ယှဉ်လျှင် နှစ် ၁၀၀ ခန့် နောက်ကျ
သည်။ စာပေ ယဉ်ကျေးမှုကဏ္ဍတွင် အင်းဝခေတ်နှောင်း ဒုတိယ မင်းခေါင် (၁၄၈၀-
၁၅၀၁) လက်ထက် ပေါ်ပေါက်ခဲ့သော ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာ သီလ၀ံသ စသော
ပုဂ္ဂိုလ်ထူးများသည် မက်ခီယာဗယ်လီနှင့် ခေတ်ပြိုင် ဖြစ်သည်။ မက်ခီယာဗယ်လီ၏
နိုင်ငံရေး ပညာပေးကျမ်း “မင်းသား” သည် ၁၅၁၆ ခုနှစ်တွင် ပြုစုပြီးစီးခဲ့၍ ရှင်မဟာ
ရဋ္ဌသာရ၏ “သံဝရ” ပျို့မှာ ၁၅၂၉ တွင် ပြုစု ပြီးစီးခဲ့သည်။

အီတလီနိုင်ငံ၌ မက်ခီယာဗယ်လီ ကြုံတွေ့ခဲ့ရသော နိုင်ငံရေး အခြေအနေသည် ခရစ်
နှစ် ၁၅၂၆ တွင် အင်းဝ ပျက်သုဉ်းပြီးနောက် တိုင်းပြည်ကစဥ့်ကလျား ဖြစ်နေချိန်မျိုးနှင့်
ဆင်တူသည်။ အင်းဝတွင် သိုဟန်ဘွား၊ ပြည်မြို့တွင် နရပတိ၊ ဟံသာဝတီတွင် သုရှင်
တကာရွတ်ပိ၊ တောင်ငူတွင် တပင်ရွှေထီးတို့ အသီးသီး တထီးတနန်း စိုးစံ နေကြချိန်
ဖြစ်သည်။

မက်ခီယာဗယ်လီသည် သူ့နိုင်ငံအတွက် ရင်နာမိသည်။ ကြေကွဲမိသည်။ ထို့ကြောင့်
သူ၏ ဇာတိဌာနေဖြစ်သော ဖလော့ရင့်မြို့နိုင်ငံကို အီတလီ၏ ဗဟိုချက်မ အင်အား
ကြီး ဒေသ ဖြစ်လာစေပြီး စည်းလုံးညီညွတ်သော သမ္မတနိုင်ငံတော်ကြီး ထူထောင်
ချင်သည်။ သူ၏ မျိုးချစ်စိတ်သည် ဖလော့ရင့်ကို မူတည်သော မျိုးချစ်စိတ် ဖြစ်သည်။
ထို့ကြောင့် သူသည် ဖလော့ရင့်မြို့နိုင်ငံကို လတ်တလော အုပ်ချုပ်နေသော အကြီး
အကဲအား မင်းသားကျမ်းကို ဆက်သ၍ သူဖြစ်စေချင်သော နိုင်ငံတော် တည်ဆောက်
ရေး ပုံစံကို သညာပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ကျမ်းသည်
(က) ရန်အောင်ကြောင်း လမ်းညွှန်
(ခ) ရာဇပလ္လင် မြဲရေး လမ်းညွှန်များပင် ဖြစ်သည်။

မက်ခီယာဗယ်လီသည် ၁၆ ရာစု အစောပိုင်းကာလ အီတလီနိုင်ငံ၏ ပစ္စက္ခ အခြေ
အနေများပေါ် မူတည်၍ သူ၏ ကျမ်းကို ပြုစုခဲ့ခြင်း ဖြစ်သည်။ ထိုကာလသည် အင်
အားကြီးသော နိုင်ငံက အင်အားငယ်သော နိုင်ငံကို တရားလက်လွတ် ကျူးကျော်
လွှမ်းမိုးလေ့ ရှိသည့် ကာလ ဖြစ်သည်။ ထို့ကြောင့် အင်အား တည်ဆောက်ရေး
သည် နိုင်ငံတစ်ခုအတွက် မလွဲမသွေ လိုအပ်ချက် ဖြစ်နေသည်။ ဤတွင် မက်ခီယာ
ဗယ်လီသည် “အရာရာကို အင်အားဖြင့် အောင်စရာ” ဟူသော လုပ်ထုံးကို ဖော်စပ်
၍ သူ့အရှင်သခင်အား နည်းပေး လမ်းညွှန် ပြုခဲ့လေသည်။

မက်ခီယာဗယ်လီ အပေါ် အမြင်များ ...

အိမ်ပြန်ခြံဝင်၊ နွားပါလျှင် ပြီးတမ်း
(မြို့ကျောင်းဆရာဟောင်း ဦးစံထွား၏ လောကီထုပ္ပတ် လူတို့ဇာတ် တတိယ
စာအုပ် စာမျက်နှာ ၉၃-၉၅ မှစကားလုံး ရှေးခေတ် အီတလီနိုင်ငံရေးသမား၊ အတွေး
အခေါ် ပညာရှင်၊ ကျမ်းပြုဆရာကြီး နီကိုလိုဒီဘာနာဒို မက္ခယာဗေလီ (Nicolo Di
Bernardo Machiavelli) (၁၄၆၉- ၁၅၂၇) ကို အဓိပ္ပါယ် ဖွင့်ဆိုချက် ….အတွေး
အမြင် စာစဉ် ၁၉၈၄ ခုနှစ်။)

ဤဆောင်းပါးရှင်း (မောင်ဝံသ) ပြုစုသော ခေတ်ပြိုင် ကမ္ဘာ့ရေးရာ အဘိဓါန်
(၁၉၈၂)တွင် လည်း အောက်ပါကဲ့သို့ အဓိပ္ပါယ် ဖွင့်ပေးခဲ့ပါသည်။

ရှေးခေတ် အီတလီနိုင်ငံရေးသမား၊ အတွေးအခေါ် ပညာရှင်၊ ကျမ်းပြုဆရာကြီး
နီကိုလိုဒီဘာနာဒို မက္ခယာဗေလီ (Nicolo Di Bernardo Machiavelli) (၁၄၆၉-
၁၅၂၇) ကို အစွဲပြု၍ မက္ခယာဗေလီ၏ အယူအဆများကဲ့သို့ ခံယူကျင့်ကြံသူ
နိုင်ငံရေးသမားများ အတွက် သုံးနှူန်းသော နာမ၀ိသေသန ဖြစ်သည်။ မက္ခယာ
ဗေလီသည် ၁၅၁၃ ခုနှစ်က ရေးသားစီရင်ခဲ့သော မင်းသားခေါ် (The Prince)
ခေါ် ရာဇောဝါဒ လမ်းညွန်းကျမ်းတွင် စိုးမိုးအုပ်ချုပ်မင်းလုပ်မည့်သူများ အတွက်
နိုင်ငံရေး တက်လမ်းရှာနည်း၊ နိုင်ငံရေးအာဏာ ခိုင်မြဲအောင်လုပ်နည်းနှင့်
အတိုက်အခံများပေါ်တွင် အောင်မြင်နည်းများကို ဖော်ပြထားခဲ့သည်။ နိုင်ငံရေး
အတွက် သင့်တော်သလို လုပ်ဆောင်ခြင်းသည် ကိုယ်ကျင့်တရား ကိုယ်ကျင့်
သိက္ခာတို့ထက် ပို၍ အရေးကြီးသည်ဟု မက္ခယာဗေလီက ဆိုခဲ့သည်။ ကျင့်သုံး
ခဲ့သော နည်းလမ်း မှန်မမှန်ကို နောက်ဆုံးအကျိုးသက်ရောက်မှုက အတည်
ပြုသည်။ (The ends justify the means) ဟူသည်မှာ မက္ခယာဗေလီ၏
သြ၀ါဒပင် ဖြစ်သည်။ နိုင်ငံအာဏာကို ဘယ်နည်းနှင့် ရရ ရလျှင် ပြီးရော၊ တရား
သည် ဟူသော အယူအဆ ဖြစ်သည်။

ထို့ကြောင့် မက္ခယာဗေလီ၏ မင်းသားကျမ်းမှ အခြေခံမူများကဲ့သို့ ကျင့်ကြံ
သူကို နိုင်ငံရေးသမားကို machiavellin politician ဟု သုံးနှူန်းရေးသားလေ့
ရှိသည်။ မက္ခယာဗေလီ ၀ါဒ (machiavellism) ဟူ၍လည်း ရံဖန်ရံခါ သုံးနှူန်း
ကြသည်။

ဆရာမောင်ဝံသ၏ အမြင်…

zsoe thein.jpg
(ပြည်သူလွှတ်တော် ကိုယ်စားလှယ်၊ နိုင်ငံရေး အကျဉ်းသားဟောင်း၊ သတင်း
စာ ဆရာ၊ စာရေးဆရာ ဆရာမောင်ဝံသ ခေါ် ဦးစိုးသိမ်း။)

ယနေ့ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ကံဆိုးသူ မက်ခီယာဗယ်လီဘက်မှ
တစ်စုံတစ်ယောက်က ရှေ့နေလိုက်၍ ခုခံမည်ဆိုပါလျှင် သူ၏ အမှုသည် ၁၆ ရာစု
အစောပိုင်းကာလ ဖလော့ရင့်မြို့၏ နိုင်ငံရေး ပညာရှင်တစ်ဦးသာ ဖြစ်ကြောင်း၊ သူ
သည် သူ့မြို့(သူ့နိုင်ငံ)၏ အကျိုးစီးပွားအတွက်သာလျှင် စဉ်းစားဆင်ခြင်၍ နိုင်ငံ
ရေး လမ်းညွှန်ကျမ်း ပြုစုခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀ ရာစုအစောပိုင်း ကာလတွင် ကမ္ဘာ
ပေါ်၌ ပေါ်ပေါက်ခဲ့သော ၀ါဒဆိုး၊ စနစ်ဆိုးများနှင့် ယင်းတို့၏ အကျိုးဆက်များသည်
လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က အသက်ရှင် နေထိုင်ခဲ့သော မက်ခီယာဗယ်လီ
နှင့် မသက်ဆိုင်ပါကြောင်း၊ အဏုမြူဗုံးကို ထုတ်လုပ် အသုံးချခြင်းနှင့် အဏုမြူကို
စိတ်ဖြာနိုင်အောင် စေ့ဆော်ခဲ့သော စွမ်းအင်နိယာမအား ဖော်ထုတ်ခဲ့သူ သိပ္ပံပညာ
ရှင်ကြီး အိုင်းစတိုင်းကို ဆက်စပ်၍ စွပ်စွဲချက်တင်မှု မပြုအပ်သကဲ့သို့ မက်ခီယာ
ဗယ်လီကိုလည်း နိုင်ငံရေးစနစ်ဆိုးများ၏ မူလအစ လက်သည်းတရာခံ တစ်ဦး
အဖြစ် ကမ္ပည်းမထိုးသင့်ပါကြောင်း။ ထိုကြောင့် မက်ခီယာဗယ်လီအား “မသမာ
စဉ်းလဲသော နိုင်ငံရေးပညာကို ထူထောင်ခဲ့သူ” အဖြစ် တံဆိပ် ကပ်ထာခြင်းမှ
ပယ်ဖျက်ပေးသင့်ပါကြောင်း ဟူ၍ ထုချေ လျှောက်လဲလိမ့်မည် ဖြစ်သည်။

၁၉၆၁ ခုနှစ်က အမေရိကန် ပင်ဂွင်းစာအုပ်တိုက်က အင်္ဂလိပ်လို ဘာသာပြန်ဆို
သူတစ်ဦးဖြစ်သော ဂျော့ဘူးလ် က သူ၏ ကျမ်းဦးနိဒါန်းရှည်နှင့် မင်းသားကျမ်း
ဘာသာပြန်ဆိုချက်ကို ထုတ်ဝေခဲ့တယ်။ သတင်းပညာ အဆင့်ထက် ကျော်လွန်
သည်။ မင်းသားကျမ်းကို လေ့လာရာ၌ သတင်းစာပညာကို သုံးသပ် သကဲ့သို့
သုံသပ်လေ့လာခြင်း မပြုလျှင် နားလည်း သဘောပေါက် နိုင်မည် မဟုတ်ဟုပြော။
မက်ခီယာဗေလီ၏ “ ရှင်သန်နေသော အတွေးအခေါ်များ” ဟူသော စာအုပ်ကို
ပြုစုခဲ့သည့် ကောင့်ကာလိုစဖော်ဇာ ကမူ မက်ခီယာဗယ်လီသည် တစ်ခုတည်း
သော အမှားကို ကျူးလွန်းခဲ့၏ ထိုအမှားကား အခြားမဟုတ်။ သူ့ခေတ်သူ့ကာ
လ၏ အဇ္ဈတ္တသရုပ်ကို ဖွင့်ဆိုရာ၌ သိလွန်းအားကြီး၊ မှန်လွန်းအားကြီး နေခြင်း
ပေးတည်း ဟူ၍ သုံးသပ်တယ်။