Feb 22, 2010

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် သရဲခြောက်နေပြီလော (ဘလော့ ၂-နှစ်ပြည့်)

ဘလော့ ၂-နှစ်ပြည့်

“သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းနဲ့ တကွ
ကွယ်လွန်သူ သမိုင်းပညာရှင်အားလုံး ကောင်းရာ သုဂတိ
ရောက်ရှိကြပါစေ”

အခု (၂၄၊ ၂၊ ၂၀၁၀)နေ့မှာ ကျနော့် “ပျူနိုင်ငံ” ဘလော့လေး
သက်တမ်းအားဖြင့် ()နှစ်ပြည့်ခဲ့ပါပြီ။ ကျနော့်ကို ဘလော့လုပ်ဖြစ်
အောင် တိုက်တွန်းခဲ့ကြတဲ့ ကိုမိုးမောင်မောင် (အော်စလို၊ နော်ဝေးလ်)၊
ကျနော့်ဘလော့ကို လူသိများအောင် ကူညီပံ့ပိုးပေးကြတဲ့ အကိုကြီး
ဦးအေးဝင်း (မာယာမဂ္ဂဇင်း)ကိုသက်ဦး တို့ကို များစွာကျေးဇူး
တင်ပါတယ်။ ကျနော့်ဘလော့ကို ဦးစွာပထမ လင့်ခ်ချိတ်ပြီး အခြား
သူများ သိအောင် ကူညီခဲ့ကြတဲ့ ကိုအောင်သာငယ်ကိုလူသစ်
မကေသွယ်နဲ့ ဘလော့ဂါ ညီအကို မောင်နှမ အားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်။ ကျနော့် စာမျက်နှာမှာ စာလာဖတ်ကြသော၊
လမ်းကြုံလို့ ၀င်ရောက်ကြည့်ရူ အားပေးသူ အပေါင်းကို ကျေးဇူး
တင်ကြောင်း ပြောပါရစေ …. ။

ဘလော့ ()နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောက်က ပို့စ်ကို
ရေးသား ဖော်ပြလိုက်ပါတယ်။ ဒီပို့စ် ရေးသားရာမှာ သတင်းအချက်
အလက်များကို စေတနာနဲ့ ၀ိုင်းဝန်းကူညီ ရှာဖွေပေးတဲ့ သူက
အကိုတစ်ယောက်လို ခင်မင်ရင်းနှီးသော ကိုဒူကဘာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် သရဲခြောက်နေပြီလော

ရေးသူ- စစ်ငြိမ်းဒီရေ

(ထိတ်လန့်ကြောက်ရွံ့တတ်သူများ သတိဖြင့် ဖတ်ရူကြပါ။)



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား
ရှိစဉ်က နေထိုင်ခဲ့သော ဗဟန်းမြို့နယ်၊ တာဝါလိန်လမ်း ခြံအမှတ်
(၂၅) ကို ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အဖြစ် ပြုလုပ်ခဲ့သည်မှာ
လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းကပါ။ ထို ဗိုလ်ချုပ်အောင်ဆန်း
ပြတိုက်တွင် သရဲခြောက်လန့် ခံရသည် ဖြစ်စဉ် အချို့ ရှိခဲ့ဖူးကြောင်း
ယဉ်ကျေးမှု ၀န်ကြီးဌာန၊ နိုင်ငံတော်ပိုင် ပြတိုက်များနှင့် ဗိမ္မာန်များ ပြုပြင်
ထိန်းသိမ်း စောင့်ရှောက်ရေး ဌာနခွဲ၏ မှတ်တမ်းတချို့နှင့် စစ်အစိုးရ
ထောက်လှမ်းရေး ဌာန တစ်ခုဖြစ်သော SB (Special Branch) တို့၏
လျှို့ဝှက် အစီရင်ခံစာ တချို့တွင် ရှိခဲ့ဖူး ပါတယ်။

ဗိုလ်ချုပ် ပြတိုက်အဖြစ် ရှိနေသော ထို ခြံဝန်းအတွင်း၌ ဗိုလ်ချုပ်အိမ်၊
ကားဂိုဒေါင်တို့အပြင် မ.ဆ.လ အစိုးရလက်ထက်တွင် ယဉ်ကျေးမှု
ဝန်ကြီးဌာန နိုင်ငံတော်ပိုင် ပြတိုက်များနှင့် ဗိမ္မာန်များ ပြုပြင်ထိန်းသိမ်း
စောင့်ရှောက်ရေး ဌာနမှ ၀န်ထမ်းများ နေထိုင်ရန် အလုပ်သမား
တန်းလျား (၂)ခုနှင့် အရာရှိ နေအိမ် လုံးချင်း အဆောက်အဦး တစ်ခုကို
ထပ်မံ တိုးချဲ့ ဆောက်လုပ် ခဲ့ပါတယ်။ အလုပ်သမား တန်းလျား (၂) ခု
ကို ဗိုလ်ချုပ် ပြတိုက် ခြံဝန်းအတွင်းသို့ ၀င်ဝင်ချင်း ကားဂိုဒေါင်၏ အနီး
တွင် ဆောက်လုပ်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ရှိရာ ကုန်းမြင့်၏
အနောက်ဖက် တစ်နေရာတွင် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အဆင့်မြင့်
ညွှန်းကြားရေးမှူး အဆင့် နေထိုင်ရန် လုံးချင်းအိမ် တစ်အိမ်ကိုပါ
တည်ဆောက် ခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ် မတိုင်ခင် ကာလများ၌ အဆိုပါ ဗိုလ်ချုပ်ပြတိုက်ခြံဝန်း
အတွင်း နေထိုင်ကြသော ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ၀န်ထမ်းများ
သည် ယင်းပြတိုက် ခြံဝန်းအတွင်း နေထိုင်မှုတွင် မပျော်ရွှင်ကြောင်း၊
အခြားတနေရာသို့ ရွှေ့ပြောင်းချင်ကြောင်း နီးစပ်ရာ မိတ်ဆွေ သဂ်ဟ
များထံ မကြာခဏ ရင်ဖွင့် ပြောဆိုခဲ့ကြပါတယ်။ မည်သည့်အတွက်
ကြောင့် မပျော်မရွှင် ဖြစ်ရခြင်းကို မေးမြန်းသောအခါ အဖြေကို တိတိ
ကျကျ မပေးနိုင်ပဲ ဖြစ်နေကြပါတယ်။ ထိုသတင်းစကားများ၏ အဖြေကို
ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပြောဆိုခဲ့သော ၀န်ထမ်းတစ်ဦး၏ ဇနီး
သည်က …

“ကျမတို့ ပြောပြရမှာ အရမ်းခက်ပါတယ်၊ ဒီပြတိုက်က သာမန်ပြတိုက်
မဟုတ်ဘူး၊ တစ်နိုင်ငံလုံး၊ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေ အတော်များများ
ရိုသေ ချစ်ခင်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးရဲ့ အိမ်ပါ၊ ဒါပေမဲ့
ဒီအိမ်ကြီးမှာ တခုခုတော့ မဟုတ်သလိုပဲ၊ ပထမတော့ ကျမတို့ မယုံ
ကြပါဘူး၊ အပြင်မှာလည်း ထုတ်မပြောရဲဘူး၊ အိမ်ထဲကို တစ်ယောက်တည်း
မသွားရဲဘူး၊ ညဖက်တွေဆိုရင် အရိပ်တွေ မြင်နေရတယ်၊ အပေါ်ထပ်က
ပရိဘောဂ အဟောင်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ နေ့ခင်းဘက် သွားတဲ့
လက်သမား (၂) ယောက်ဆိုရင် သတိတောင် မေ့သွားတယ်၊ အပြင်မှာ
အဲဒီသတင်း လျှောက်ပြောရင် ထောက်လှမ်းရေးက ပြင်းပြင်းထန်ထန်
အရေးယူလိမ့်မယ်လို့ ကျမတို့ အထက်အရာရှိက ပြောတယ် …။

သူမက ဆက်လက်၍ …
လက်သမား(၂) ယောက် သတိလစ်သွားတော့ ၀န်ထမ်းတွေကြားမှာ
သတင်းက တားမရဘူး၊ ဒါနဲ့ ထောက်လှမ်းရေးက လူတွေ ရောက်
လာတယ်၊ သူတို့ အဲဒီအိမ်မှာ တညလုံး လာနေမယ် ပြောတယ်၊
မိုးတောင် မလင်းသေးဘူး၊ မျက်စိပျက် မျက်နှာပျက်နဲ့ သူတို့အားလုံး
ကျမတို့ အခန်းတံခါးကို လာခေါက်တယ်၊ သူတို့ ပြောတာက ကုလား
ကြီး တစ်ယောက်တဲ့၊ အရပ်က တော်တော် ရှည်တယ်၊ (၆) ပေ ကျော်
လောက် ရှိတယ်၊ အပေါ်ထပ်က ဆင်းလာတာ၊ ရုတ်တရက် ဆိုတော့
သူတို့ အားလုံး ကြောင်သွားတယ်၊ ပြီးတော့ အဲဒီ ကုလားကြီးက
အပေါ်ထပ်ကို ပြန်တက်သွားသတဲ့၊ ဒါနဲ့ အားလုံး အပြေးအလွှား
အပေါ်ကို တက်ကြည့်ကြတာပေါ့၊ အပေါ်ထပ်ရောက်တော့ ဘာမှ
မရှိဘူး၊ အဲဒီအချိန်မှာ အောက်ထပ်က ငိုသံ ကြားရပြန်ရော၊ ဒါနဲ့
အောက်ထပ်ကို ပြေးဆင်းလာတော့ ကုလားမ ၀၀ကြီး တစ်ယောက်
တဲ့ ကုလားမတွေ ခြုံတဲ့ ဆာလီတစ်ခု ပတ်ထားတယ်တဲ့၊ ငိုပြီး အိမ်ထဲ
ကနေ ထွက်သွားတယ်၊ ဒါနဲ့ သူတို့အားလုံး နောက်က လိုက်ကြသေး
တယ်၊ တံခါးဆီ ရောက်တော့ တံခါးက သော့ခတ်ထားတယ်၊ ကုလား
မ ၀တုတ်ကြီးက ဘယ်လို အပြင်ကို ထွက်သွားသလဲ မသိဘူးတဲ့။
ဒီခြံက ဗိုလ်ချုပ်တို့ မနေခင်က ကုလားတွေ နေတဲ့ ခြံပါ၊ ဟိန္ဒူတို့
မူစလင်တို့မှာ ဒီသဘောမျိုးတွေ ရှိ မရှိဆိုတာ ကျမလည်း မပြော
တတ်ဘူး” ဟု ရှင်းပြပါတယ်။



၁၉၈၈ ခုနှစ် ပတ်ဝန်းကျင် နှစ်များအတွင်း အာဇာနည်နေ့ နီးကပ်သော
နေ့များ၌ ထောက်လှမ်းရေး အချို့လည်း အလားတူ ဖြစ်ပျက်ခဲ့ကြပါတယ်။

ထောက်လှမ်းရေး အုပ်စုက စုစုပေါင်း (၁၀) ယောက်ကျော်ပါ၊ အောက်
ထပ်က ထမင်းစားခန်း တစ်ခုတည်းမှာပဲ သူတို့ အိပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်၊
ဂျူတီလာတဲ့ သူတွေထဲမှာ ဂစ်တာတီးတတ်တဲ့ သူတွေက ဂစ်တာတွေ
သယ်လာလို့ ဂစ်တာ (၂)နှစ်လက်နဲ့ ဟိုသီချင်း ဆိုလိုက်၊ ဒီသီချင်း ဆို
လိုက် လုပ်နေတုန်း အပေါ်ထပ်က ဆူဆူညံညံ အသံတွေ ကြားရတယ်၊
ဒါနဲ့ အားလုံး အပေါ်ကို တက်ကြည့်တော့ ကုမလားမ အပျိုအရွယ်လေး
တွေ (၂)ယောက် သတ်ပုတ်လုံးထွေး နေတာကို တွေ့ရတယ်၊ ဒါနဲ့
သူတို့လည်း “မင်းတို့ ဘယ်သူတွေလဲ …” မေးလိုက်တော့ စကား
တောင် မဆုံးဘူး သူတို့ ရှေ့တင် ပျောက်သွားတာ၊ သူတို့ အားလုံး
ပြတိုက်အိမ်ကြီးမှာ မအိပ်ရဲတော့ဘဲ ခြံနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့
“ရွှေကြက်ယက်” ဘုန်းကြီးကျောင်းမှာ နေရာပြောင်းပြီး ဂျူတီ စောင့်ခဲ့
ကြပါတယ်။

ဒီအဖြစ်အပျက် သိုးသိုးသဲ့သဲ့ ထွက်လာချိန်မှာ အုပ်ချုပ်ရေး အာဏာ
ပိုင်များနဲ့ ဆွေးမျိုးတော်စပ်တဲ့ နာမည်ကြီး အဆိုတော် တစ်ယောက်
က လုံးဝ မယုံကြည်ဟု ဆိုပြီး သွားရောက် စမ်းသပ်ခဲ့ပါတယ်။

သူက သူ့သူငယ်ချင်းတွေကို ခြံစည်းရိုးနဲ့ ကပ်လျှက်က ၀န်ထမ်းတွေ
ဆီမှာ ထားခဲ့ပါတယ်၊ သူ တစ်ယောက်တည်း ပြတိုက် နေအိမ်သော့ကို
ယူပြီး၊ ထွက်ခွာသွားပါတယ်၊ (၄၅) မိနစ်လောက်ကြာတော့ ချွေးတလုံး
လုံးနဲ့ သူ ပြန်ပြေးလာပါတယ်။ သူ ပြန်ပြောပြပုံက …၊ အိမ်ထဲကို စ’၀င်
လိုက်ပါတယ်၊ အောက်ထပ်က မီးတွေ အကုန်လုံး ဖွင့်ကြည့်တယ်၊
အပေါ်ထပ်ကို တက်မယ်အပြုမှာ သူဖွင့်ထားတဲ့ မီးတွေက ပိတ်လိုက်
ပြန်လင်းလိုက် ဖြစ်လာပါတယ်၊ ဒါနဲ့ မီးခလုတ်ဆီကို ကြည့်လိုက်တော့
ဘာမျှ မရှိပဲ သူ့အလိုလို တချောက်ချောက် ဖြစ်နေတာကို တွေ့ရတယ်၊
အခန်းအားလုံးမှာ အဲလို ဖြစ်နေပြီး နှာခေါင်းထဲမှာ ကွမ်းယာနံ့
မွှေးနေအောင် အနံ့ရပါတယ်၊ အဲဒီအချိန်မှာ လှေကားအတိုင်း
အပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းလာတဲ့ လမ်းလျှောက်သံ
တစ်ခုကို သူ ကြားလိုက်ရတယ်၊ “ဘယ်သူလဲလို့” မေးတော့ ပြန်
ဖြေသံ ထွက်မလာဘူး၊ ဒါနဲ့ သူလည်း အပြင်ကို အမြန်ပြေးထွက်
ခဲ့တယ်လို့ …. သိရပါတယ်။

သမိုင်းနောက်ခံ …

ဗိုလ်ချုပ်အောင်ဆန်းဇနီးသည်ဖြစ်သူ ကွယ်လွန်သူ ဒေါ်ခင်ကြည်၏
တူမ ၀မ်းကွဲ တော်စပ်သူ တစ်ဦးရဲ့ ငယ်စဉ်ဘ၀ အတွေ့အကြုံ
တွင်လည်း …
အဲဒီ အိမ်ကြီးက အရင် ကုလားသူဋ္ဌေး အိမ်ကြီးလို့ အရပ်က
ပြောကြတာ … ဟုတ်မယ်၊ ဝက်သားဟင်း ချက်ပြီဟေ့ ဆို
အိမ်နောက်က မီးဖိုချောင်ထဲ လူမရှိရင် ဝက်သားဟင်းအိုးဖုံး
ဖွင့်သံလိုလို ဗြောင်ဆန်နေအောင် ကြားနေရတာပဲ၊ ကျမတို့က
ကလေးတွေမို့ လားမသိ ဘာမှ မတွေ့ခဲ့ မကြားခဲ့ရဖူး။
ဟု ဆိုပါတယ်။

နောက်ဆက်တွဲ သတင်းအချို့ …

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အာရှ
တော်ဝင်ဆေးခန်းတွင် ဆေးဝါးကုသမှု မခံရယူခင် ရက်အနည်းငယ်
အလိုက အဆိုပါ ဗိုလ်ချုပ်ပြတိုက်အတွင်းသို့ စစ်အစိုးရ အာဏာပိုင်
များ ၀င်ထွက် သွားလာမှု အများအပြား ပြုလုပ်ခဲ့ကြောင်း ၀န်ထမ်း
အချို့က ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကျန်ရစ်သူ မိသားစုဝင်
များ ကံနိမ့်စေရန် ရည်ရွယ်၍ ပရောဂ အောက်လမ်းနည်းတချို့ကို
ဗိုလ်ချုပ်ပြတိုက်အတွင်း စီရင်ခဲ့ကြောင်း စစ်အာဏာပိုင်များနှင့် နီးစပ်
သော အသိုင်းအ၀ိုင်းက ဆိုပါတယ်။

လောလောဆယ် …



မျိုးဆက်ပေါင်း များစွာတို့၏ အကျိုးစီးပွားအတွက် သက်စွန့် ကြိုးပမ်း
ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ ပြတိုက်ကို (၁)နှစ်တွင်
ရက်အနည်းငယ်လောက်သာ ဖွင့်လှစ်ပြသခြင်းဖြင့် ဗိုလ်ချုပ်ပြတိုက်
သည် နေ့ခင်းကြောင်တောင်တွင် လူသူကင်းမဲ့ပြီး သရဲခြောက်သလို
ဖြစ်နေဆဲပါ …။


မှီငြမ်း။ ။
ကျမ သိတဲ့ မစုတို့ဝန်းကျင်” (ချစ်တဲ့မနောမြေဘလော့)။


(မှတ်ချက်။ ။
ပြောပြခဲ့သူအပေါင်း၏ ဘ၀လုံခြုံရေးအတွက် ယင်းအဖြစ်အပျက်
များရဲ့ ခုနှစ်၊ ရက်စွဲ အတိအကျကို မဖော်ပြနိုင်ပါ။ -စာရေးသူ …)


Feb 18, 2010

ကိုယ့်အကြိုက် (တဂ်စာ)

ရေးသူ- စစ်ငြိမ်းဒီရေ

အမ မမေအိခင် က တဂ်ထားလို့ ကိုယ့်အကြိုက်ခေါင်းစဉ်ဖြင့်
အကြိုက်တွေကို ရေးပါ့မယ်။

အခုတလော ကျောင်းတဖက်နဲ့ဆိုတော့ အရင်ကလို ပို့စ်အသစ်
တင်မှုက တော်တော်လေး ကျဲသွားပါတယ်။ ရေးထားတာ တချို့
ကလည်း တိုလို့တန်းလန်း အဆုံးသတ်ဖို့ ခက်နေပါတယ်။ တချို့
ပို့စ်တွေ ဆိုရင် ရေးထားတာ ဆုံးခါနီးမှ မတင်ဖြစ်တော့ပဲ ချောင်
ထိုးထားရတဲ့ အဖြစ်ကို ရောက်သွားပါတယ်။ နော်ဝေးလ်က ခင်မင်
ရင်းနှီးတဲ့ အကိုတစ်ယောက် ပြောသလို ကိုယ်တင်ပြချင်တဲ့ Issue
ကိုယ်ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် မဖြစ်ရင် မပြောတာ ပိုပြီးကောင်း
တယ် ဆိုတဲ့ စကားလုံးအောက်မှာ ရေးထားတွေကို အဆုံးမသတ်
နိုင်ပဲ ဒီအတိုင်း ထားနေရပါတယ်။

ကျနော်ငယ်စဉ်က သမိုင်းဆိုင်ရာ အဖြစ်အပျက် မှတ်တမ်းစာအုပ်
တွေကို ဖတ်ရူရတာ အင်မတန် သဘောကျပါတယ်။ ခက်တာက
ရှစ်တန်းအောင်တော့ သိပ္ပံဖက် ပါသွားပြီး သင်ကြားခံရမှုလောင်းရိပ်
ကနေ လွှတ်သွားတာပါ။ ကိုယ့်အကြိုက်မို့ ကိုယ့်သဘောနဲ့ ကိုယ့်
ဘာသာ ဆက်လေ့လာတော့ လေ့လာမှုပုံစံ နည်းစနစ်ဆိုတဲ့ ပြဿနာ
ဟာ ကြာလေကြာလေ နက်နက်ရှိုင်းရှိုင်း ပေါ်လာပါတယ်။ လက်ဝှေ့
ပွဲ တစ်ခုကို ရှုဒေါင့် တစ်ခု သို့မဟုတ် ဒီထက်ပိုပြီး 3D နဲ့ ကြည့်ခွင့်
ရတယ်ပဲ ထားပါတော့ ကျနော် မကြည့်နိုင်၊ မသိနိုင်ခဲ့တဲ့ တစ်နေရာမှာ
ဘာဖြစ် သွားနိုင်သလဲ ဆိုတဲ့ မေးခွန်းကို အမေးခံရရင် ကိုယ်ဖြစ်စေချင်
တဲ့ ကိုယ့်အကြိုက်၊ ကိုယ့်ဆန္ဒသာ ဦးစားပေးပြီး ဖြေမိမှာပါ။

“ပေါ်လစ်ဗျူရိုထဲမှာ ကျနော်တို့လူ တစ်ယောက် ရှိတယ်”
“အောင်ဆန်း အော်ပရေးရှင်း”
တို့လို စကားပြောသမိုင်းများဟာ ဧရာဝတီမြစ်တောင် ပြောင်းပြန်
စီးသွားနိုင်လောက်တဲ့ အငြင်းပွားဖွယ် သမိုင်းကြောင်းတွေပါ။
ဒီလို ပြဿနာအကြီးကြီးတွေရဲ့ အခြေခံ ကောက်ကြောင်းတွေကို
ကျနော် အရမ်းစိတ်ဝင်စားပါတယ်။ အချက်အလက် စုံစုံလင်လင်နဲ့
တင်ပြ ရေးသားဖို့ကြတော့ ရူဒေါင့်စုံက လေ့လာဖို့ အခက်အခဲ
အများကြီး ရှိပါတယ်။ ပါရှန်း နန်းရေးဝန် ပြောသလို “မနက် မိုးလင်းရင်
မျက်နှာသစ်စရာတောင် ရှိပါ့မလား” ဆိုတဲ့ စကားကို တော်တော်
လေး ကြိုက်နှစ်သက်မိပါတယ်။ ကျနော်က နန်းရေးဝန် မဟုတ်
ပါဘူး၊ အင်တာနက်ပေါ်မှာ စာရေးတဲ့သူပါ။

ထားပါတော့ ဒီသမိုင်းတွေက အရမ်းကြီးပါတယ်။
ဒါဆိုရင် ကျနော်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ အစိတ်အပိုင်းတစ်ခု၊ အဖြစ်
အပျက် တစ်ခုအတွင်းရဲ့ သမိုင်းကို ရေးမယ်ပေါ့။ အဲဒါ ပိုလို့တောင်
ခက်ပါတယ်။ အရေးမတတ်ရင် မြှားက ကိုယ့်ဖက်ကိုယ် လှည့်လာမှာပါ။

၁၉၉၀ ခုနှစ် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှာ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်စာရင်းကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီစုံ
အထွေထွေ ရွှေးကောက်ပွဲ ကော်မရှင်းကနေ မတရား ပယ်ချတော့
ကန်တော်ကြီးစောင်းမှာ ရှိတဲ့ ကော်မရှင်း ရုံးချုပ်ကို ကျနော်အပါအ၀င်
ဗဟန်းမြို့နယ် အ.က.သ မှ ကျောင်းသားတွေ လမ်းကြားထဲကနေ
ရုံးချုပ်ခေါင်းမိုးပေါ်ကို ခဲနဲ့ ထုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
ကန့်ကွက်ခဲ့တဲ့ တ.စ.ည ပါတီက ကိုယ်စားလှယ်လောင်း ဦးလဗျန်းဂရောင်း
ဆိုသူ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) အတွင်းက ရပ်ကွက်တွေ
ထဲမှာ စည်းရုံးရေးဆင်းတော့ သူ့ရောက်လေရာ တ.စ.ည အမာခံအိမ်
တွေရဲ့ ခေါင်းမိုးတွေကို ခဲနဲ့ လိုက်ထုပါတယ်။ ဒီသမိုင်းကို ပြည့်ပြည့်
စုံစုံ ပြန်ရေးဖို့ကျတော့ တော်တော်ခက်သွားပါတယ်၊ အချက်အလက်
နဲ့ အတူတူ ပါဝင်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေနဲ့ အဆက်အသွယ်
ပြတ်ကုန်ပါပြီ။

နောက်တခါ ရုပ်မြင်သံကြားဇာတ်လမ်းကနေ ဒေါ်အောင်ဆန်းစုကြည်
အပေါ် မတရားသရော်လှောင်ပြောင်တဲ့ ရုပ်ရှင်သရုပ်ဆောင်
ဒေါ်ဂွတ်ထော်ကြီး ကျနော်တို့ ရပ်ကွက်ထဲက သူ့အမျိုးအိမ်
ကို အလည်ရောက်လာပါတယ်။ ဒါနဲ့ အဲဒီနေ့ညက သူ အလည်
လာအိပ်တဲ့ သူ့အမျိုးအိမ်ကို ခဲနဲ့ ထုပါတယ်။ နောက်ဖေးလမ်းကြား
ကနေ အော်ဆဲပါတယ်။ မနက်မိုးလင်းတော့ အဲဒီခေတ် ရွှေဂုံတိုင်
မှာ ရှိတဲ့ မြန်မာ့အလင်း သတင်းစာတိုက် ဒေသကွပ်ကဲရေးရုံးက
စစ်တပ်ရောက်လာပါတယ်။ တစ်လမ်းလုံး တစ်အိမ်ကို တစ်ယောက်
ထွက်ပြီး ပါးရိုက်တာကို ခံယူရပါတယ်။ တော်ပါသေးတယ်၊ ရပ်ကွက်
ကို ဖျက်ခိုင်းပြီး အဆင်မြင့်အိမ်ရာ မလုပ်ပြစ်ခဲ့တာကိုပဲ ဘောင်းဘီ
ဝတ်တွေကို ရပ်ကွက်ထဲရှိ လူကြီးတွေက ကျေးဇူး တင်ကြပါတယ်။

(၂၅.၃.၁၉၈၉)နေ့မှာ အ.က.သ ကျောင်းသားတွေ ကုက္ကိုင်းမီးပွိုင့်
ကနေ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ဆန္ဒပြချီတက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခြံအရှေ့ အရောက်မှာ တီအီး 11 စစ်ကား
တွေ ရောက်လာပါတယ်၊ စစ်ကားပေါ်ရှိ စစ်သားတွေက ၀ါးဆစ်ပိတ်
တုတ်အရှည်တွေကို ကိုင်ထားပါတယ်။ သူတို့ ကိုင်ထားတဲ့ ၀ါးလုံး
တွေမှာ သံဆူးကြိုးတွေ ပတ်ထားပါတယ်၊ အဲဒီပွဲမှာ အပြင်စည်း
တာဝန်ကျတဲ့ ကျနော်နဲ့ အ.က.သ ဗဟန်းက တာဝန်ခံတွေ အ.မ.က
ကျောင်းရှေ့က လဖက်ရည်ဆိုင်ထဲ တန်းနေအောင် ၀င်ပြေးကြပါတယ်၊
ကိုယ့်မြို့နယ်က ကိုယ့်အဖွဲ့ဝင်တွေတောင် စုံစုံလင်လင် ပြန်မစစ်နိုင်
ခဲ့လို့ အဆဲတောင် ခံရဖူးပါတယ်။ ဒီသမိုင်းက မေးခွန်းတွေပေါ်
လာရင် ဖြေဖို့ခက်တဲ့ သမိုင်းပါ။

၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ဗဟန်းမြို့နယ်က
စက်မှုတက္ကသိုလ်(R.I.T) ဘွဲ့ရ ကျောင်းသားတချို့ဟာ သူတို့
ရတဲ့ ဘွဲ့လက်မှတ်ကို ပြန်အပ်ကြပါတယ်၊ တပါတီ အာဏာရှင်
ပညာရေး စနစ် အလိုမရှိလို့ ကြွေးကြော် ခဲ့ပါတယ်။ သူတို့
အားလုံးရဲ့ အမည်စာရင်းအပြည်အစုံကို မှတ်ထားဖို့ မေ့လျော့
ခဲ့တာ ကျနော့်အပြစ်ပါ။

ဒီအကြောင်းတွေကို ကိုယ့်ဘာသာကိုယ် ကြိုက်ပြီး ရေးပါတယ်၊
ရေးနေရင်ကနေ အကြောင်းအမျိုးမျိုးကြောင့် အဆုံးမသတ်နိုင်
သေးပါ ...။

အစား အစာ၊ အ၀တ်အထည်၊ စာပေ၊ အနုပညာ များနဲ့ ပက်သက်
ပြီး ကျနော့်အကြိုက်တွေက တော်တော်များပါတယ်။ အခုတော့
ဝယ်စားဖို့တောင် ရောင်းမဲ့သူ မရှိလို့၊ ၀ယ်စရာနေရာ မတွေ့လို့
မစားရတဲ့ မြန်မာ့ရိုးရာ အစားအစာတွေ၊ အ၀တ်အထည်တွေ၊ မဖတ်
ရတဲ့ စာအုပ်တွေကို သူများပြောရင် သရေကျပြီး ငေးနေရပါတယ်။
အရင်တုန်းကတော့ “နှင်း” တွေ ဖွေးဖွေးကျနေတာကို ရုပ်ရှင်ထဲ၊
တီဗွီထဲ၊ စာအုပ်ထဲမှာ တွေ့ရင် အရမ်းသဘောကျပါတယ်၊ အခုတော့
အပြင် တခါ ထွက်ဖို့အရေး အ၀တ်အစားနဲ့ ဖိနပ်သယ်ဖို့ သက်ပြင်း
တချချနဲ့ပါ။

ကိုယ်ကြိုက်တာတွေကို နေ့စဉ်၊ အချိန်တိုင်း လုပ်ခွင့်ရတဲ့ ဘ၀ကို
လူသားတိုင်း ပိုင်ဆိုင်ကြပါစေ ...။

ဒီလောက်ဆိုရင် တဂ်စာ ရေးဖို့ တောင်းဆိုလာတဲ့ အမ မမေအိခင်
ကျေနပ်လောက်ပြီလို့ ထင်ပါတယ်။ တခြားသူတွေကိုလည်း ဆက်
ပြီး တဂ်ချင်ပါသေးတယ်၊ ဥရောပနဲ့ အမေရိကားဖက်မှာ ရာသီဥတု
ဆိုးဝါးမှုတွေကြား ရှင်သန်လှုပ်ရှား အလုပ်များနေကြတဲ့ အကိုကြီး
ကိုကျောက်ခဲ (ရွှေရတုမှတ်တမ်း)ကိုသစ်နက်ဆူးမမေဓါဝီ
စင်္ကာပူဖက်က ကိုလူသစ်ကြီး၊ ခင်မင် ရင်းနှီးတဲ့ ညီလေးရမ်းဂမ်း
တို့ကို ဆက် တဂ်ပါတယ်၊ အချိန်အားရင် ရေးပေးကြပါ။

Feb 13, 2010

လူ့ဘ၀ထဲ ၀င်လာသူ (နောက်ဆုံးပိုင်း)

ရေးသူ- စစ်ငြိမ်းဒီရေ

ယခင် ပထမပိုင်းမှ အဆက် ….

နေ့စဉ်လိုလို အဲဒီ ကိုရင်လေးကို သတိထားပြီး ကြည့်မိပါတယ်။
ဘုန်းတော်ကြီးကျောင်းက ဆွမ်းတန်းဟာ မနက် ၁၀ နာရီခွဲလောက်
မှ ဆွမ်းခံ ထွက်လေ့ ရှိပေမယ့် ဒီကိုရင်ငယ်လေး ခမျာ မနက်
ကိုးနာရီလောက် ကတည်းက ရွာပတ်ပြီး ဆွမ်းခံနေရပါတယ်။
ဆွမ်းခံပြီးရင် ကျောင်းကို တန်းမပြန်သေးပဲ သူ့အမေ အရူးမကြီး
ကို ရွာအပြင် နေပူထဲမှာ လိုက်ရှာပြီး သူ ဆွမ်းခံလို့ ရတဲ့အထဲက
နေ ကျွေးမွေးနေတာကို တွေ့နေရပါတယ်။ ရုပ်ရှင်ထဲမှာ ကြည့်ရ
တာထက် အပြင်က မြင်ကွင်းဟာ တော်တော်လေး ဆိုးဝါးပါတယ်။



ကျနော်တို့ နှစ်ယောက် အဲဒီရွာကို ရောက်ပြီး ငါးရက်လောက်
အကြာမှာ နံဘေးအိမ်က ဆွမ်းကျွေးရှိလို့ ကျနော်တို့လည်း အလှူ
အိမ်ကို သွားခဲ့ကြပါတယ်။ အလှူအိမ်ရောက်တော့ စကားစမြည်း
ပြောရင်ကနေ အလှူအိမ်မှာ ဆွမ်းစားကြွလာတဲ့ ဦးပဉ္ဇင်းတစ်ပါးဆီမှာ
ဒီကိုရင်လေး အပေါ် သနားမိတဲ့အကြောင်း လျှောက်မိကြပါတယ်။
ဦးပဉ္ဇင်း မိန့်ကြားတာကို နားထောင်ရတာ တော်တော် စိတ်မကောင်း
ဖြစ်စရာပါ …။

ရွာထဲမှာ အလှူအတန်းတွေရှိလို့ လော်စပီကာ အသံကြားရင် အဲဒီ
အရူးမကြီးဟာ ရွာထဲကို ၀င်ရောက်လာလေ့ ရှိပါတယ်။ အဲဒီအခါ
လူတွေက သူ့ကို ရွာအပြင်ကို မောင်းထုတ်ကြပါတယ်၊ ဟောက်ဟမ်း
ပြီး မောင်းထုတ်လို့ မရရင် ကျောက်ခဲအသေးတွေနဲ့ ပြစ်ပေါက် ကြ
ပါတယ်။ အဲဒီအခါ ကိုရင်လေးက သူ့အမေအပေါ် မနှိပ်စက်ဖို့ ငိုယိုပြီး
တောင်းပန်ပါတယ်။ မကြာခဏ ဆိုသလို ရွာထဲက ကလေးတွေနဲ့
ကာလသား လူငယ်တချို့ဟာ အရူးမကြီးကို စ’နောက်လေ့ ရှိပါ
တယ်။ အရူးမကြီးက အော်ဆဲရင် ကျောက်ခဲအသေးတွေနဲ့ ပြစ်
ပေါက်လေ့ရှိပါတယ်။

နေ့စဉ်ဆိုသလို ကိုရင်လေးက သူ့အမေကို ဆွမ်းခံပြီး ရှာကျွေး
နေရပါတယ်။ စိတ်မမှန်တဲ့ အရူးမကြီးဟာ သူ့ကိုယ် ရှာကျွေးနေ
တဲ့ သူ့သား ကိုရင်လေးရဲ့ ဒုက္ခကိုလည်း လုံးဝမသိ၊ ဒီကြားထဲ
ဟင်းတွေက သိပ်မကောင်းရင် သူ့ကိုယ် ထမင်းခွံ့ကျွေးနေတဲ့
သူ့သား ကိုရင်လေးကို ထုထောင်း ရိုက်ပုတ်လေ့ ရှိပါတယ်။
အဆိုးဝါးဆုံးက အဲဒီအရူးမကြီးရဲ့ နေထိုင်မှုပါ၊ ရွာအပြင် သင်္ချိုင်း
ဇရပ်မှာ အမျိုးသမီး တစ်ဦးတည်းနေထိုင်ရတဲ့ သူ့ဘ၀ဟာ အန္တရာယ်
အမျိုးမျိုး ရှိနိုင်ပါတယ်။ ပြဿနာ တစုံတရာဖြစ်လို့ လှမ်းအော်ရင်
တောင် ဘယ်သူမျှ မကြားနိုင်တဲ့ နေရာပါ၊ နံဘေးက လှည်းလမ်းပေါ်
မှာ နေ့ရာ ညပါ ဖြတ်သန်းသွားသူတွေထဲ လူကောင်းတွေ ရှိသလို
မူးရူး ရမ်းကား သူတွေလည်း ရှိပါတယ်။ တစုံတရာများ ထပ်မံ့ အဓမ္မ
လုပ်မယ်ဆိုရင် စိတ်ရောဂါ ဝေဒနာသည်ရဲ့ ဘ၀ဟာ ခုခံနိုင်စရာ
အနေအထား မရှိပါ။

ဆရာတော်က ရန်ကုန်ကနေ အလည်လာတဲ့ ကျနော်တို့ထံ
အကူအညီ တောင်းပါတယ်။ ကိုရင်လေးရဲ့ လက်ရှိဒုက္ခတွေလည်း
သက်သာသွားအောင်၊ သူ့မယ်တော် အရူးမကြီးရဲ့ ဘ၀လည်း
တစုံတရာ ပြေလည်သွားအောင် ရန်ကုန်မှာ ရှိတဲ့ စိတ်ရောဂါကု
ဆေးရုံးနဲ့ ဆက်သွယ်ပြီး အရူးထောင်တို့ ဘာတို့မှာ ထားလို့
ရမယ်ဆိုရင် ထားချင်ကြောင်း မိန့်ကြားပါတယ်။ ကျနော်တို့နှစ်ဦး
လည်း တပည့်တော်တို့ အချင်းချင်း တိုင်ပင်ပါ့မယ်လို့ ပြောပြီး
တည်းခိုရာ အိမ်ဆီ ပြန်လာခဲ့ပါတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်
ကလည်း နေ့စဉ်မြင်တွေ့နေရတဲ့ ဒီပြဿနာကို ဖြေရှင်းချင်ကြောင်း
ပြောပြပါတယ်။

ဒီလိုနဲ့ အဲဒီနေ့ ညနေရောက်တော့ ထုံးစံအတိုင်း ကိုရင်လေး
ကြွလာပါတယ်။ ကျနော်တို့ ခေါင်းဆောင်လည်း အိမ်မှာချက်ထား
တဲ့ မရှိ ရှိတာလေးတွေကို စုပေါင်းပြီး သူ့အမေ အရူးမကြီး စားဖို့
ထည့်ပေးလိုက်ပါတယ်။ နောက်နာရီဝက်လောက်နေတော့ ကိုရင်
လေး ကျနော်တို့အိမ်ကို ရေးကြီးသုတ်ပျာ ပြေးလာပါတယ်။ ဘာ
ဖြစ်လို့လဲ မေးလျှောက်တော့၊ သူ့အမေ အရူးမကြီး တော်တော်
လေး နေမကောင်းဖြစ်ပြီး ဇရပ်ပေါ်မှာ အိပ်နေသလိုလို မေ့နေ
သလိုလို နိုးမရကြောင်း ပြောပြပါတယ်။ ဒါနဲ့ ကျနော်တို့ သုံးယောက်
သား ကိုရင်ငယ်လေးနောက် လိုက်ပြီး ကြည့်ခဲ့ပါတယ်။ တနေ့ကုန်
သွားချင်ရာကို စိတ်ကူးပေါက်သလို လျှောက်သွားတော့ အပူရှပ်ပြီး
ဖျားနေပုံ ရပါတယ်။ နိုးလို့လဲ မရပါဘူး။ ဒါကြောင့် ရွာထဲက မြင်း
လှည်းတစ်စီးကို အမြန်ဌားပြီး နံဘေးရွာက ကျန်းမာရေးဆေးမှူး
ထံ သွားပြ ပေးရပါတယ်။ တစ်ရွာနဲ့ တစ်ရွာက နည်းနည်းအလှမ်း
ဝေးတော့ မြင်းလှည်းဌားခက ဈေးမနည်းပါ။ ကျန်းမာရေးဆေးမှူး
ပေးလိုက်တဲ့ ဆေးတချို့ ယူလာပြီး ရွာကို ပြန်ခဲ့ကြပါတယ်။

ကျနော်တို့ ခေါင်းဆောင်နဲ့ ဘုန်းတော်ကြီးကျောင်းက ဆရာတော်
တို့ရဲ့ တိုက်တွန်းပြောဆို မေတ္တာရပ်ခံမှုကြောင့် ဒီအရူးမကြီးကို
ကျနော်တို့ အပြန် ရန်ကုန်ကို ခေါ်ဆောင်ဖို့ ကျနော်တို့ နှစ်ယောက်
ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်ကို ပြန်မယ့် ကျနော်တို့ နှစ်ယောက်
လက်ထဲမှာ ပိုက်ဆံ အခြေအနေက သိပ်မကောင်းပါဘူး။ ကိုရင့်အမေ
အရူးမကြီး နေမကောင်းဖြစ်တုန်းက မြင်းလှည်းဌားပေးတာရယ်၊
ကျနော်တို့ ခေါင်းဆောင်ကို အရေးအကြောင်းရှိရင် သုံးစွဲဖို့ ငွေ
အနည်းငယ်လောက် ပေးခဲ့တာကြောင့်ပါ။ ဒီ အရူးမကြီးနဲ့ ကျနော်တို့
နှစ်ယောက် ကားတစ်စီးကို လုံးချင်းဌားပြီး ရန်ကုန် ပြန်ဖို့ မပြောနဲ့
သာမန် ခရီးသည်တင် ကားနဲ့ ခေါ်ဖို့တောင် ပိုက်ဆံ မလောက်
တော့ပါ။ ဒါနဲ့ ရွာထဲမှာ ပိုက်ဆံရှိပြီး အကြွားသန်တဲ့ လူတစ်ယောက်
ကို သွားတွေ့ပါတယ်။ သူ့ကို ကျနော့်လက်ပတ်နာရီ ပြန်ရောင်းချင်
ကြောင်း၊ ဒီလက်ပတ်နာရီဟာ နိုင်ငံခြားကနေ လှမ်းပို့ထားတဲ့
အကောင်းစား နာရီဖြစ်ကြောင်း၊ သူ ယုံကြည်အောင် အမျိုးမျိုး ရွှီးပြီး
(၇၀၀)ကျပ်နဲ့ ရောင်းခဲ့ပါတယ်။

ကိုရင်လေးက ပထမတော့ သူ့မိခင်အတွက် တော်တော်လေး
စိတ်ပူနေပါတယ်။ ဆရာတော်နဲ့ တကွ ကျန်သူအားလုံးက
အမျိုးမျိုး ပြောဆိုမှုကြောင့် နောက်ဆုံးမှာ လက်ခံလိုက်ပါတယ်။
ဒါနဲ့ ကိုယ့်နာမည် ကိုယ်မသိသော စိတ်ရောဂါ ဝေဒနာသည်
အရူးမကြီးနဲ့ ကျနော်တို့ နှစ်ယောက် ရွာကနေ ရန်ကုန်သို့
ထွက်ခွာခဲ့ပါတယ်။ ရန်ကုန်အထိ စီးမယ့် ကားဆီရောက်တော့
ကားသမားက တော်တော်နဲ့ လက်မခံပါဘူး။ တခြားခရီးသည်
အတွက် အနှောက်အယှက်ဖြစ်မှာကို သူတို့ စိုးရိမ်းနေကြပါတယ်။
ဒါနဲ့ အမျိုးမျိုး ပြောဆိုမှ သူတို့ လက်ခံလိုက်ပါတယ်။ လမ်းခရီး
တလျှောက် မော်တော်ကား ခဏရပ်တဲ့ ကားမှတ်တိုင်မှာ လာသမျှ
ဈေးသည်တွေရဲ့ မုန့်မျိုးစုံ၊ ဖျော်ရည်မျိုးစုံကို မကြာခဏ ၀ယ်ကျွေး
ချော့မော့ပြီး ခေါ်ဆောင်ရပါတယ်။ ခရီးသည်တွေလည်း ပထမ
တော့ ခပ်လန့်လန့်ပါ။ နောက်တော့ ကျနော်တို့ နှစ်ယောက်
ကို သနားပြီး ကိုယ်ချင်းစာပုံ ရပါတယ်။ စိတ်ရောဂါ ဝေဒနာ
သည် အရူးမကြီးကို ရွာက ခေါ်လာစဉ်မှာ ကျနော်တို့က
“အမတော် ဒေ၀ီသခင်မ၊ ကျွန်တော်မျိုးတို့နဲ့ ပျော်စရာအပြည့်
ရှိတဲ့ မဟာရန်ကုန် ရွှေနန်းတော်ကြီးကို သွားကြမယ်” ဆိုပြီး
အငြိမ့်ထဲက လေသံနဲ့ ချော့မောပြီး ခေါ်ခဲ့တာပါ။ ဒါကြောင့်
ကားစီးနေတဲ့ လမ်းတလျှောက်လုံး မကြာခဏ ဆိုသလို
“ဘိုးဘိုးတို့၊ အမတော်တို့ စံပျော်မယ့် ရွှေနန်းတော်ကို မဆိုက်
ရောက်သေးဘူးလား” လို့ မေးနေပါတယ်။ ကားပေါ်က တခြား
လူတွေလည်း တ၀ါးဝါးနဲ့ ပွဲကျပါတော့တယ်။ ရန်ကုန်အ၀င်
မင်္ဂလာဒုံမြို့နယ်ရှိ အဝေးပြေးလမ်းပေါ်မှာ ကားခဏ ရပ်နား
ပါတယ်။ ကားရပ်တဲ့ လမ်းနံဘေးမှာ အုတ်နံရံ ခပ်မြင့်မြင့်နဲ့
ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိပါတယ်။ အဲဒီနံရံကြီးကို ကြည့်ပြီး
ရုတ်တရက် ကားပေါ်ကနေ ဆင်းပြီး ပြေးပါတော့တယ်။
ကျနော်တို့ နှစ်ယောက် အပါအ၀င် ကားပေါ်က ကျန်ခရီးသည်
တွေလည်း လိုက်ပြီး ခေါ်ဆောင်ရပါတယ်။ သူ့စိတ်ထဲ သူနေရ
မဲ့ ရွှေနန်းတော်လို့ ထင်နေပုံ ရပါတယ်၊ ပါးစပ်ကလည်း ဒါကြီး
က ငါ့နန်းတော် … ငါ့နန်းတော် ဆိုပြီး အော်နေပါတယ်။ ဒီလိုနဲ့
ကျနော်တို့ ရန်ကုန်ကို ရောက်ခဲ့ပါတယ်။ သီလရှင် ကျောင်းတစ်ခုမှာ
အဲဒီ အရူးမကြီးကို လေး … ငါးရက် လောက် ထားရပါတယ်။
နောက် မရမ်းကုန်းမြို့နယ် တံတားလေး စိတ်ရောဂါကု ဆေးရုံးကို
စုံစမ်းကြည့်ပါတယ်။ အရူးထောင်မှာ နေခွင့်ရဖို့ ကိစ္စက ထင်
သလောက်တော့ မလွယ်ကူပါ။ အစိုးရဆေးရုံးဟာ ကျန်းမာရေး
အသုံးစရိတ် ဘက်ဂျက်နည်းပါးမှုကြောင့် ဟောင်းလောင်းပါ။
လူနာရဲ့ ဆေးမှတ်တမ်းရဖို့ အရင်ကြိုးစား ရပါတယ်၊ ဆက်သွယ်
ရန် လူနာရှင် မိသားစု လိပ်စာနေရာမှာ ရွာက ကိုရင်လေး
သီတင်းသုံးရာ ဘုန်းကြီးကျောင်းလိပ်စာကိုပါ ထည့်ပေးရပါတယ်။
ဆေးရုံးရောက်ပြီး နှစ်ရက်လောက် အကြာမှာ ဆေးစစ်ခွင့် ရပါတယ်၊
လူနာရဲ့ အခြေအနေ မကောင်းတော့ပါ၊ သူ့မှာ အစာအိမ်ကင်ဆာ
လက္ခဏာ ရှိနေတယ်လို့ သက်ဆိုင်ရာ ဆရာဝန်ကြီးက ပြောပြ
ပါတယ်။ စိတ်ရောဂါ ဝေဒနာကို ခံစားနေရတဲ့အပြင် ကျွေးမဲ့သူ
မရှိတဲ့ နေ့ပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ သူ့ဘ၀ဟာ
နေ၀င်ဖို့ တော်တော် နီးကပ်ခဲ့ပါပြီ။

ရန်ကုန် တံတားလေး စိတ်ရောဂါကု ဆေးရုံး(အရူးထောင်)
ကို ရောက်ပြီး (၂)နှစ်အကြာမှာ အစာအိမ်ကင်ဆာရောဂါနဲ့
ကွယ်လွန်သွားရှာပါတယ်။ သူ့ဈာပနအတွက် တောက
ကိုရင်လေးနဲ့ ဆရာတော်များထံ လှမ်းပြီး အကြောင်းကြား
ပါတယ်။ သူမရဲ့ အလောင်းကို မီးသင်္ဂြိုဟ်စက်ထဲ ထည့်တော့
မယ့် အချိန်မှာ သားဖြစ်သူ ကိုရင်ငယ်လေးက …
“မယ်တော်ကြီးရယ်၊ ဒုက္ခပေါင်းများစွာကြားက ကိုရင် ကို
မွေးဖွားပေးခဲ့တဲ့ ဒီဝဋ်ဆင်းရဲဟာ သံသရာခရီးမှာ နောက်ဆုံး
ဖြစ်ပါစေ …”
လို့ ပြောတဲ့စကားကို ယနေ့အထိ ကြားယောင် နေဆဲပါ။


(ပြီးပါပြီ။)
(မှတ်ချက်။ ။
ယနေ့ ကျရောက်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်
အောင်ဆန်း၏ (၉၅)နှစ်မြောက်မွေးနေ့၊ မြန်မာနိုင်ငံ ကလေး
များနေ့အတွက် ရည်စူးပြီး ဒီပို့စ်ကို ရေးသားပါတယ်။
အထက်ဖော်ပြပါ ဖြစ်ရပ်မှန်များကို ကျနော်သည် ပြည်တွင်း၌
နေထိုင်ခဲ့စဉ်က ခင်မင်ရင်းနှီးရာ စာရေးဆရာအချို့နှင့် ရုပ်ရှင်
ဇာတ်ညွှန်းရေးဆရာ အချို့အား ပြောပြခဲ့ဖူးပါတယ်၊ သူတို့
ရေး မရေးတော့ ကျနော် မသိတော့ပါ။

ကလေးငယ်တိုင်း ပျော်ရွှင်မှု ရပါစေ …” )

Feb 12, 2010

လူ့ဘ၀ထဲ ၀င်လာသူ (ပထမပိုင်း)

ရေးသူ- စစ်ငြိမ်းဒီရေ

ဒီနေ့ (၁၂.၂.၂၀၁၀) ကျနော်တို့ အတန်းရဲ့ စာသင်ခန်းမှာ
၁၉၉၈ ခုနှစ် ဒိန်းမတ်နိုင်ငံ အောဟူးစ် (Århus) မြို့က ကလေး
ငယ်တစ်ဦး၏ မိသားစုဘ၀ အဖြစ်အပျက် မှတ်တမ်းတင် ဗွီဒီယို
ကို ပြသပါတယ်။ ကလေးအမည်က ဒိန်းမတ် ဘာသာစကားနဲ့
ယောန်လ် (Jørn) ဖြစ်ပြီး မိဘနှစ်ပါးကတော့ မိခင်ဖြစ်သူ အမ်နီ
(Anni)နှင့် ဖခင်ဖြစ်သူ ဗျာနား (Bjarne) တို့ ဖြစ်ပါတယ်။



ယောန်လ် ကို မွေးဖွားခဲ့တဲ့ မိဘနှစ်ပါးစလုံးဟာ သာမန်လူတွေ
လို ကျန်းမာရေး အခြေအနေ မရှိပါဘူး။ သူတို့နှစ်ဦးစလုံးဟာ
အသိဥာဏ်ချို့ယွင်းတဲ့ စိတ်ရောဂါ ဝေဒနာသည်တွေ ဖြစ်ပါတယ်။
ကိုယ်ဝန်အရင့်အမာ ဖြစ်လာချိန်ရောက်မှ ဒေသဆိုင်ရာအုပ်ချုပ်ရေး
ကောင်စီနဲ့ ကျန်းမာရေး တာဝန်ခံ ဆရာဝန်တို့ကို အသိပေးခဲ့ပါတယ်။
ကလေးမွေးမယ့် မိဘနှစ်ပါးစလုံးဟာ လက်ထပ် ပေါင်းသင်းထား
သူတွေ မဟုတ်ပါဘူး။ Living together အဆင့်ကနေ ကိုယ်ဝန်ယူ
ခဲ့ကြပါတယ်။ ဒီလိုနဲ့ဘဲ နိုင်ငံတော်ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့
ကလေးကို မွေးဖွားခဲ့ပါတယ်။ စိတ်ရောဂါ ဝေဒနာသည် မိဘနှစ်ပါး
နဲ့ ကလေးငယ်ကို ကျန်းမာရေး စောင့်ရှောက်မှုအတွက် နိုင်ငံတော်
က ငွေအမြောက်အများ အကုန်ခံ ဆောင်ရွက်ပေးပါတယ်။

ကလေးမွေးဖွားပြီးခါစမှာ စိတ်ရောဂါသည် မိဘနှစ်ပါးက ကလေး
ကို အလယ်မှာ ထားပြီး အဖေဖြစ်သူက ဂိမ်းဆော့ပါတယ်။ အမေ
ဖြစ်သူကလည်း ကလေးပါးစပ်ထဲကို နို့မတိုက်ဘဲ သူ့လက်ညှိုး
ဇွတ်အတင်း ထိုးထည့်ပါတယ်။ ကလေးမီးဖွားပြီးခါစမှာ သူတို့
မိသားစုအတွက် ကျန်းမာရေး ၀န်ထမ်းကို နေ့ရော ညပါ အနည်း
ဆုံး နှစ်ဦးကနေ သုံးဦးအထိ ထားပေးရပါတယ်။ မွေးဖွားပြီးလို့
(၆)ပတ်အကြာမှာ ဖခင် ဗျာနားနှင့် မိခင် အမ်နီတို့ မင်္ဂလာဆောင်
ပါတယ်။ ခြောက်လ အကြာမှာ သူတို့နှစ်ဦး ကွာရှင်း ကြပါတော့တယ်။

ခြောက်လသားအရွယ် ယောန်လ် (Jørn)ကို နိုင်ငံတော်က မိဘမဲ့
ဂေဟာမှာ ဆက်လက်စောင့်ရှောက်ဖို့ ဆုံးဖြတ်ပါတယ်။ တစ်ပတ်ကို
မိခင်ဖြစ်သူ အမ်နီ (Anni)နဲ့ သုံးကြိမ် အတူတကွ တွေ့ဆုံဖို့ ဆုံးဖြတ်
ပါတယ်။ ဒါကို လက်မခံတဲ့ မိခင်ဖြစ်သူက စေတနာဝန်ထမ်း လူမှုအဖွဲ့
အစည်း အကျိုးဆောင်တွေထံ ငိုယိုတောင်းပန်းပါတယ်။ စေတနာ
ဝန်ထမ်း အကျိုးဆောင်တွေက ကလေးငယ်ကို စိတ်ရောဂါသည်
မိခင်နဲ့ အတူပေးနေဖို့ နိုင်ငံတော်ကို ပြင်းပြင်းထန်ထန် တောင်း
ဆို ခဲ့ကြပါတယ်။ ကလေးသူငယ် တရားရုံးက နေ့စဉ် သုံးနာရီခန့်
ကလေးငယ်နဲ့ မိခင်ကို အတူတကွရှိဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို
လက်မခံတဲ့ မိခင်ဖြစ်သူ စိတ်ရောဂါ ဝေဒနာသည် အမ်နီဟာ
ရှိုက်ကြီးတငင်ငင် ငိုကြွေးပါတော့တယ် …။

ကျနော်တို့ စာသင်ခန်းထဲရှိ ဒိန်မတ်လူမျိုး ကျောင်းသား ကျောင်းသူ
တွေက မှတ်တမ်းတင်ဗွီဒီယိုခွေ ပြသမှုကို ပိတ်ပြစ်ဖို့ ဆရာကို
ဝိုင်းပြောကြပါတယ်။ သူတို့ တော်တော်လေး စိတ်ထိခိုက်နေပုံ ရပါ
တယ်။ မိခင်ဖြစ်သူ စိတ်ရောဂါ ဝေဒနာသည် အမ်နီ (Anni)ရဲ့
ငိုကြွေးမှုကို သူတို့နှလုံးသားတွေက ခံနိုင်ပုံ မပေါ်ပါဘူး၊ တချို့
ကျောင်းသူတွေဟာ သူတို့ရဲ့ မျက်လုံးနှစ်ဖက်ကို လက်ဝါးတွေနဲ့
ကွယ်ဝှက်ကြပါတယ် …။ ဆရာက ပြသမှုကို ခဏရပ်ပြီး ဆယ်မိနစ်
ခန့် အနားယူဖို့ ပြောပါတယ်။ အနားယူချိန်မှာ ဆရာက ကျနော်တို့
တစ်ဦးချင်းစီ နံဘေးကို ရောက်လာပြီး “ဒီပြဿနာကို ဘယ်လိုထင်လဲ”
လို့ အလွတ်သဘော လိုက်မေးပါတယ်။

စာသင်ခန်းရဲ့ မျက်နှာကြပ်ကို မော့ကြည့်ပြီး လွန်ခဲ့တဲ့ (၁၄)နှစ်လောက်
က အဖြစ်အပျက်တစ်ခုကို ကျနော် ပြန်သတိရမိပါတယ်။

ယခုလက်ရှိ နိုင်ငံရေးအကျဉ်းသားအဖြစ် မတရား ထောင်ဒဏ်ကျခံနေ
ရတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဟာ မြန်မာနိုင်ငံအလယ်ပိုင်းက
နယ်မြို့တစ်မြို့ရဲ့ အပိုင် ကျေးရွာတစ်ရွာမှာ တာဝန်တချို့နဲ့ ခေတ္တ
နေထိုင်ခဲ့ပါတယ်။ သူ ခေတ္တ နေထိုင်ရာ အဲဒီရွာကို သွားရောက်ဖို့
ကျနော်နဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေက ကျောင်းသားတစ်ဦး
ဟာ ခရီးထွက်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ခရီးသွားခါနီး ကျနော့်လက်ပတ်
နာရီဟာ ဓါတ်ခဲကုန်သွားပါတယ်။ ဒါနဲ့ ဆယ်တန်းအောင်ခါစ ရန်ကုန်၊
သိမ်းကြီးဈေးကုန်တိုက် ပလက်ဖောင်းမှ ငွေ (၅၀)ကျပ်နဲ့ ခပ်ပေါပေါ
ဝယ်ခဲ့ဖူးတဲ့ ခါးပိုက်နှိုက်ပြန်ရောင်း နာရီကိုပဲ အချိန်သိနိုင်အောင် သယ်ဆောင်
ခဲ့ပါတယ်။

အရင်ဆုံး နယ်မြို့ဆီကို သွားရပါတယ်။ အဲဒီကနေ ဒေါဂျစ်ကား
ဟောင်းကြီး စီးပြီး ရွာတွေဖက်ကို ဆက်သွားရပါတယ်။ ဒါလည်း
ရွာကို မရောက်သေးပါဘူး။ ရွာနဲ့ အနီးဆုံး ကတ္တရားလမ်း တစ်ခု
ပေါ်မှာ ရပ်ပါတယ်။ အဲဒီနေရာကနေ ရွာထဲကို မြင်းလှည်း သို့မဟုတ်
စက်ဘီးအဌားနဲ့ ဆက်သွားမှ ရောက်ပါတယ်။ ရွာရောက်တော့
ကျနော်တို့ ခေါင်းဆောင်ဖြစ်သူနဲ့ တွေ့ရပါတယ်။ သူ တည်းခိုတဲ့
အိမ်က ရွာအ၀င်အ၀မှာ ရှိပါတယ်။ ရွာမရောက်ခင် သင်္ချိုင်းကုန်း
တစ်ခုကို ဖြတ်ရပါတယ်။

ညနေပိုင်းရောက်တော့ ကျနော်တို့ခေါင်းဆောင်က ကျနော့်ကို
ရွာအလယ်က အကြော်ဆိုင်မှာ အကြော်လေး … ငါးခု သွားဝယ်ပေး
ဖို့ ပြောပါတယ်။ ညနေ ငါးနာရီ … ခြောက်နာရီလောက် ရောက်တော့
ကျနော်တို့ တည်းခိုရာ အိမ်ကို ကိုရင်လေးတစ်ပါး ကြွလာပါတယ်။
ကျနော်တို့ ခေါင်းဆောင်က ကျနော် ၀ယ်လာတဲ့ အကြော်တွေနဲ့
အိမ်က ထမင်းတွေကို ကျွတ်ကျွတ်အိပ်ထဲ စုထည့်ပြီး ကိုရင်လေး
ကို ပေးလိုက်ပါတယ်။ ကိုရင်လေးက အဲဒီအထုပ်လေးကို ပိုက်ပြီး
ရွာထိပ် သင်္ချိုင်းဖက်ကို ထွက်သွားပါတယ်။ ဒါနဲ့ ကျနော်တို့ ခေါင်း
ဆောင်ကို ဒီကိုရင်လေးက ညနေစား စားသလားလို့ မေးကြည့်
ပါတယ်။ သူက ကိုရင်လေး ဘာလုပ်သလဲ ဆိုတာကို သိချင်ရင်
လိုက်ကြည့်ဖို့ ပြောပါတယ်။ ဒါနဲ့ ကျနော်တို့ နှစ်ဦသား ကိုရင်လေး
နောက်ကနေ လိုက်ကြည့်ကြပါတယ်။ ရွာအထွက် သင်္ချိုင်းထဲ
က ဇရပ်မှာ ကိုရင်လေးက အရူးမကြီးတစ်ယောက်ကို ထမင်းခွံ့
ကြွေးနေတာကို တွေ့ရပါတယ်။ ဒါနဲ့ အိမ်ပြန်ရောက်တော့
ကိုရင်လေး အကြောင်း စိတ်ဝင်တစားနဲ့ မေးကြည့် ဖြစ်ပါတယ်။

စိတ်ရောဂါ ဝေဒနာသည် အရူးမတစ်ဦးဟာ အဲဒီရွာကို ဘယ်ကနေ
ဘယ်လို ရောက်ခဲ့သလဲဆိုတာ တစ်ရွာလုံး ဘယ်သူမျှ သေသေ
ချာချာ မသိကြပါဘူး။ ဗိုက်ဆာရင် ရွာထဲမှာ လှည့်ပတ် တောင်းရမ်း
စားသောက်ပါတယ်။ ညဖက်ဆိုရင် ရွာထိပ်က သင်္ချိုင်းဇရပ်မှာ
အိပ်စက်ပါတယ်။ နောက်တော့ အရူးမကြီးမှာ ကိုယ်ဝန် ရှိလာပါတယ်။
ဒီရွာက ရှေးရိုးစွဲ အုပ်ချုပ်သူ လူကြီးတချို့ဟာ လင်ယောက်ျား မပေါ်ဘဲ
ဗိုက်ကြီးတဲ့ အရူးမကို ရွာထဲသို့ ၀င်ခွင့်မပြုခဲ့ကြပါ။ အရူးမကြီး
ဟာ ရွာအထွက် တာရိုး လှည်းလမ်းပေါ်မှာ အ၀င်အထွက်လုပ်တဲ့
ခရီးသည်တွေ ပြစ်ချပေးတဲ့ စားကြွင်းစားကျန်တချို့ကို စားသောက်
ပြီး အသက်ဆက်ခဲ့ပါတယ်။ နောက်တော့ သူ့ကိုယ်ဝန်ကနေ သား
ယောက်ျားလေး မွေးဖွားလာပါတယ်။ ရွာနောက်ဖက်ရှိ ဘုန်းတော်
ကြီးကျောင်းမှ ဆရာတော်နဲ့ ဦးပဉ္ဇင်းတွေက ဒီကလေးကို ကျောင်း
ကို သယ်ဆောင်ပြီး ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အသက် ခုနှစ် နှစ်၊
ရှစ်နှစ် အရွယ်မှာ သင်္ဃန်းစီး ကိုရင်ဝတ် ပေးခဲ့ကြပါတယ်။ ကျနော်
တို့ မြင်နေရတဲ့ အသက် ဆယ်နှစ်အရွယ် ကိုရင်လေးဟာ သူ ထမင်းခွံ့
ကြွေးနေတဲ့ အရူးမကြီးက မွေးဖွားထားတဲ့ ကလေးငယ်ပါ။


(ဆက်ရန်။)