Jul 1, 2008

ဒီပရင်္ဂ

(ရေးသူ-ကြည်မောင်သန်း ၂၀၀၈ ဇွန်လ ထုတ် ချယ်ရီ မဂ္ဂဇင်းမှ)

ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲ မြို့လည်း မဟုတ်
ရာဇ၀င်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက ရှိတဲ့ မြို့တမြို့
သမိုင်းဝင် မြို့တမြို့။
ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်း လှည့်လည်ရင်း
မြောက်ဘက်အရပ် အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့် ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။
အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးမဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆောက်အအုံတွေ ပေါများ
ရဟန်း ပညာရှိ လူပညာရှိ တွေ ထွန်းကား
တခြားမြို့တွေနဲ့ စီးပွားရေး ကူးသန်း သွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။
ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသဓာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာ အရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။




ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန် ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဘူးတယ်။
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်။
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်။
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင် ပေါက်ခဲ့ကြတယ်။
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်။
ဒီမြို့မှာ
အမျိုးသမီးတယောက်
သေကံ မရောက် သက် မပျောက် ဖြစ်ခဲ့ရတယ်။
ဒီမြို့မှာ
အံကြိတ်ရ တောက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်း အခါသမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီး ရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုး မို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့ လေ။
မုံရွာ-ရေဦးလမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်း ကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။ ။

(ဘားမားတူးဒေး အင်တာနက် စာမျက်နှာမှ ထပ်ဆင့်ကူးယူ ဖော်ပြထားပါသည်၊
အကြောင်းကြောင်း ကြောင့်ကဗျာ ပိုင်ရှင်ထံမှ ခွင့်ပြုချက် မယူထားမှုကို နား
လည်း ခွင့်လွတ်ပါ ခင်ဗျာ။)

No comments: