Jul 27, 2008

တကယ့် လူ

ရေးသူ - စစ်ငြိမ်းဒီရေ


“ပျောက်ဆုံး သွားတဲ့
အိမ်မက် တချို့ အတွက်
Evolution ။
ဟန်ဆောင် ကင်းတဲ့
ဒဏ်ရာ အချို့ အတွက်
Revolution ။ ”

သူ့သမီးဖွင့် ထားတဲ့ အိမ်ဆိုင်လေး ထဲမှာ ကျနော်နဲ့ သူ တွေ့လေ့ ရှိပါတယ်။
“မင်းအဖေကို ငါက … မင်းက ခရစ်ယာန် ဖြစ်ပြီး၊ သားသမီးတွေ အမေဘက်.. လိုက်တယ်လို့ … ငါက နောက်ရင်၊ သူ တော်တော် စိတ်ဆိုးတယ်၊ အေးလေ … သူ့ မိဘတွေ ဖရို ဖရဲ ဖြစ်တော့ … သူလည်း ငါ့လို ရန်ကုန် တက်လာတဲ့ တော
သား ကွ” လို့ လှောင်ရယ်သံ နဲ့ သူ့ သူငယ်ချင်း အကြောင်း မကြာခဏ ပြော တတ် ပါတယ်။
“ အဘ တို့ ပါတီ အဖျက်ခံရတဲ့ စာရင်းထဲမှာ ပါသွားပြီး” လို့ ကျနော်က ပြော လိုက်တော့ သူ တော်တော်ကြာအောင် ရယ်မော နေပါတယ်။ သစ်ပင်မရှိတော့တဲ့ သူ့အိမ်ရှေ့ က တိုးချဲ့ လမ်းမ ပေါ် အကြာကြီး စိုက်ကြည့် ပြီး … “မင်းတို့ ဘက်က နိုင်တယ် ဆိုပင်မဲ့ ပေးမယ်လို့ ငါမထင်ဘူး၊ ဒါလည်း ဒို့စီက တစ် ယောက် ကျန်ခဲ့လို့ မင်းတို့ ဖြစ်တာပါ၊ အဲဒီလူကြီး က လုံးဝ လွှဲပေး ခိုင်းမယ် မထင် ဘူး” လို့ ပြောပြီး သူ သက်ပြင်းချ ပါတယ်။



“ငါက အဲဒီလူကြီး နဲ့ အလုပ်တွေ အများကြီး တွဲလုပ်ဘူးတယ်၊ သူ့အကြောင်း အသိ ဆုံး စာရင်းရေးရင် ငါနာမည် မပါရင် မပြီးဘူးလို့ ကိုလေး မသေခင်က အိမ်လာတိုင်း ပြောပါတယ်၊ … မင်းတို့ဆီမှာဆရာတစ်ဆူလုပ်နေတဲ့ … မောင်လှသိန်း တစ်ယောက် ဟိုအရင် ထောင်က လွတ်ချင်တော့ … ဘာလုပ်တယ် ထင်လဲ” လို့ ပြောနေတဲ့ သူ့ မျက်လုံးအိမ်ထဲ မှာ မျက်ရည်တွေ ၀ဲ လို့ပါ။

“ အဘတို့ရယ့် အရင်က မပြေလည်မှု ကို ကျနော်လည်း မသိဘူးလေ”
“လှသိန်း … လှသိန်း … အေးလေ သူက စာရေးတတ် တာကို… ငါက စာမရေးတတ် ဘူး … ကြက်တိုက်တယ် … မြင်းလောင်းတယ် … လူသတ် တတ်တယ် … ငါ့ကို သေနတ် ပြစ်ခိုင်းရင် … တည့်တည့်ပြစ် ရင် ဘေးရောက် တယ်… စောက်ရမ်း ပြစ်ရင် နှပ်ဘူး တက် မှန်တယ် ” လို့ ပြောပြီး သူ အားရပါးရ ရယ်မော ပါတယ်။
“လှသိန်း ဆိုတာ … ဘယ်သူလဲ ကျနော် မသိဘူး…. ”

“ငါက ဂျပန်ခေတ်က နာမည်ပဲ ခေါ်တယ်ကွ …မင်းဆရာတွေနဲ့ ဆုံရင် မေးကြည့် ပေါ့၊ အဲဒီလူကြီး …ဂျပန်မ၀င် ခင် ..သူတို့အလာမှာ … ကိုထွန်းရွှေ တို့ အဖမ်းခံရ ပြီး ပါလာတဲ့ သေနတ် အတိုတွေ အကုန်လုံး အင်္ဂလိပ်က မိသွားတယ် … ဒါနဲ့ သူက ကိုကျော်ငြိမ်းကို သွားအပူကပ်တယ်၊ ကိုကျော်ငြိမ်းက ကိုလေးကို ပြောတယ် … သေနတ် အတို … ဘယ်လို ရနိုင်မလဲတဲ့ … ငါက ကိုလေး ရဲ့ ရဲဘော် ဖြစ်နေတော့ … ကိုလေးက ငါ့ကို ခိုင်းတယ် … ငါနဲ့ဝက်ကြီးက ကိုလေး လူတွေထဲမှာ လက်စလက်န အရှိဆုံး တောသား လူမိုက်တွေ ဆိုပါတော့… အတို အလက် တစ်ရာလောက်…ရွှေတိဂုံ တပေါင်း ပွဲတော်မှာ ရှာပေးခဲ့တာ…. အဲဒါကို မင်းတို့ ဆရာကြီး မောင်လှသိန်းက … သိသိနဲ့ … သူထောင်က လွတ်ချင်လို့ ငဖား စာအုပ် ရေးလိုက်တာ … ဘယ်လ်ဂျီယန် သေနတ် အတို အလက် တစ်ရာ ကို အဲဒီလူကြီး သယ်လာ တာတဲ့ … တော်တော် … တော်တဲ့ … လှသိန်း … ကိုလေး ပြောသလို … သမိုင်းကို … ဘော့ပင် နဲ့ ကစားတဲ့ ကောင် ”

“အဘ တို့က သေနတ် ရအောင် ဘယ်လို ရှာတာလဲ”
“ရွှေတိဂုံ တပေါင်း ပွဲတော်က ဟိုအရင်တုန်းက ရန်ကုန်မှာ အစည်းဆုံးကွ…အဲဒီတုန်းက ငါနဲ့ဝက်ကြီးကို လူမိုက်တိုင်း က ကြောက်တယ် … ငါတို့က တောသား အိမ်ပြေးတွေ ခြေသလုံး အိမ်တိုင် တွေပေါ့ … သာမန်လူတွေ အပေါ် ဘာမှ မလုပ်ဘူး … ထမင်းစား စရာ မရှိရင် လူမိုက်ဆီက မိုက်ကြေးထပ်ခွဲတာ … လူမိုက်တွေက ပုလိပ်ကို ဆက်ကြေး ပေးပြီး တပေါင်းပွဲမှာ .. အိမ်သာ နံဘေး အရက်ဆိုင် ဖွင့်တာ… ၀က်ကြီးက အရက် ဆိုင်မှာ ဆိုင်ရှင်ပုံစံနဲ့ လာသမျှ ပုလိပ်တွေကို အရက်တွေ … ဇွတ်တိုက် … ငါက …. တူ တစ်လက် ကိုင်ပြီး … အိမ်သာ ထဲ မယောင် မလည် လုပ်နေတာ… အရက်မူး နေတဲ့ … ပုလိပ်တွေ အိမ်သာထဲ ၀င်ပြီး အပေါ့ သွားရင် … နောက်က နေ တူနဲ့ ထုပြီး … အဲဒီ ဘယ်လ်ဂျီယန် သေနတ် အတိုတွေ ရအောင် ရှာပေးတာ ခဲ့တာပေါ့”

“အဘ က အဲဒီသမိုင်း မှားနေတယ်လို့ လူတွေကို မပြောပြဘူးလား၊ အဘ သူငယ် ချင်း ၀က်ကြီး ဆိုတာရော အခု ရှိသေးလား”
“အဲဒီလူကြီး ကတော့ သိပါတယ်၊ ငါ ရှာပေးခဲ့တယ် ဆိုတာ ကိုကျော်ငြိမ်း လည်း သိတယ်၊ ကိုလေး လည်း သိတယ်၊ လှသိန်းလည်း သိတယ်၊ ခက်တာက လှသိန်း လေ… သူ အဖမ်းခံ ရတော့ လွှတ်ချင်လို့ စာလျှောက်ရေးတာ … သမိုင်းအမှန် ပျောက်သွား တာပေါ့ … ငါလည်း အသက်ကြီးပြီးလေ …၀က်ကြီး က ကိုလေးတို့ ဦးနုတို့ ထိုင်းပြေး တုံးက ထော်ပိုင် စစ်ဆင်ရေးမှာ ဆုံးသွားတယ်.. ကိုလေးက သူ ရေးပေးမယ် ပြော နေတုံး ဆုံးသွားတော့ … ဒီဘ၀ ဒီမျှ ပေါ့ကွာ”

“ကျနော် တစ်နေ့ စာရေးနိုင်တဲ့ အခြေအနေ မျိုး ရောက်ခဲ့ရင် ကျနော် ရေးပေးပါ့မယ်”
“နေပါစေ ၊ အဲဒီလူကြီး ရယ့် ခွေးတွေ မင်းကို ကိုက်မှာ ပေါ့ လူလေးရယ်”

(ပြီးပါပြီး)

1 comment:

Nyo Htet Nyo said...

ဦးလှသိန်းဆိုတာ သခင်တင်မြကိုး