Apr 6, 2008

ဆရာကြီးဒေါက်တာသန်းထွန်း ရဲ့ မွေးနေ့

zthantun.jpg
(ဒေါက်တာသန်းထွန်း ၁၉၂၃-၂၀၀၅)
‘ဆင်ဖြူဖြစ်ဖြစ် ဆင်မည်းဖြစ်ဖြစ် ဆင်ဟာ တိရစ္ဆာန်၊ တိရစ္ဆာန်ကို လူဟာ ရှိမခိုးအပ်ဘူး‘

ဆရာ ဒေါက်တာ သန်းထွန်း တယောက် မြန်မာပြည်မှာ မွေးဖွားခဲ့တာ ဒီနေ့ ဆိုရင် ၈၅
နှစ်ပြည့်မြောက် ခဲ့ပါပြီး။ ဆရာ့ကို ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း ဒေါင့်ကြီးရွာမှာ အဖ
ဦးဖိုးတွေနဲ့ မိခင် ဒေါ်သင် တို့က ၁၉၂၃၊ဧပြီလ ၆ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ကုန်း
ဘောင်ခေတ် မြင်းကွန်း မြင်းခုံတိုင် အရေးအခင်း မှာ ပါခဲ့တဲ့ မောင်လူကြီး ဆိုသူ သည်
ဆရာဒေါက်တာ သန်းထွန်း ၏ မိခင် ဒေါ်သင် ရဲ့ အဘိုး ဖြစ်ပါတယ်။ ဆရာဒေါက်တာ
သန်းထွန်း က မွေးချင်း ညီအကို မောင်နှမ ၅ ဦး အနက် ၄ ယောက်မြောက် ဖြစ်ပါတယ်။
ဒုတိယ ကမ္ဘာစစ် အတွင်း မွေးရပ်မြေ ဧရာဝတီတိုင်း ငါးသိုင်းချောင်း မြို့နယ် က အာရှ
လူငယ် အစည်းအရုံး မှာ လူငယ်ခေါင်းဆောင် တစ်ဦးအဖြစ် စတင်ပါ ၀င်ခဲ့ပါတယ်။
ဖက်ဆစ် ဂျပန် တော်လှန်ရေး အတွက် ငါးသိုင်းချောင်း မြို့နယ်မှာ ဖွဲ့စည်းခဲ့တဲ့ ဖတပလ
ရယ့် ပထမဆုံး ဥက္ကဋ္ဌ အဖြစ် လဲ တာဝန် ထမ်းဆောင် ခဲ့ပါတယ်။




zztt.jpg
(ဒေါက်တာ သန်းထွန်း အထိမ်းအမှတ် ကျောက်စာတိုင် တောင်သမန် အင်းစောင်း၊
တောင်လေးလုံး ဘုန်းကြီးကျောင်းဝန်း၊ မှတ်ချက်။ ။ဤဓါတ်ပုံကို ကိုငယ်နဲ့ ကိုနေဘုန်း
လတ် တို့၏ http://sketchingwithlight.blogspot.com/ မှ တဆင့် ကူးယူ ထားပါ
တယ်။)


၁၉၄၆ ခုနှစ် စစ်ပြီး ခေတ် ရန်ကုန် တက္ကသိုလ် ရဲ့ ကျောင်းသား ခေါင်းဆောင်
အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တယ်။ လက်ဝဲ ကွန်မြူနစ် စာပေများကို သဘော
ကျစွာနဲ့ ဗမာပြည်ကွန်မြူနစ် ပါတီဝင် အဖြစ်ခံယူ ခဲ့တယ်။ ၁၉၄၈ ခုနှစ်မှ စ၍ နိုင်ငံ
ရေး သမား ဘ၀ကို စွန့်လွတ်ခဲ့တယ်။ ကွန်မြူနစ် ပါတီမှ ထွက်ပြီး ရန်ကုန်တက္ကသိုလ်
သမိုင်း နည်းပြဆရာ အဖြစ် တာဝန် ထမ်းဆောင်ချိန် ၁၉၄၈ ခုနှစ် စက်တင်ဘာလ
၁၈ ရက်နေ့မှာ ဒေါ်ခင်ရီ နဲ့အိမ်ထောင်ပြုခဲ့ပါတယ်။ သားသမီး ၅ ယောက် ထွန်းကား
ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာ ၀ိဇ္ဇာဂုဏ်ထူးတန်းနဲ့ ဘွဲ့ရခဲတယ်။ ၁၉၅၀ ခုနှစ်မှာ သမိုင်း
ဘာသာရပ်နဲ့ မဟာဝိဇ္ဇာ ဘွဲ့ကို ရရှိခဲ့တယ်။၁၉၅၂ မှ ၁၉၅၆ အထိ လန်ဒန် တက္ကသိုလ်
မှာ ပညာသင်ပြီး ပညာရပ်ဆိုင်ရာ ဒေါက်တာဘွဲ့ ကို ရရှိခဲ့တယ်။ ၁၉၆၅ မှ ၁၉၈၂
အထိ မန္တလေး တက္ကသိုလ် မှာ သမိုင်း ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။
၁၉၈၂ မှ ၁၉၉၀ အထိ ဂျပန်နိုင်ငံ နဲ့ အမေရိကန်ပြည်ထောင်စု ရှိ နာမည်ကျော်
တက္ကသိုလ်တွေ ပညာရှင် ဧည့်ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်ခဲ့တယ်။ ၁၉၈၈
ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ လန်ဒန်တက္ကသိုလ် က စာပေ ပါရဂူဘွဲ့ ချီးမြှင့်
ခဲ့တယ်။ ၁၉၉၀ ခုနှစ် မတ်လ ၁၅ ရက်နေ့ မှာ နိုင်ငံတကာဝိဇ္ဇာ သိပ္ပံ ထိပ်တန်း ပညာ
ရှင် ကြီးများရဲ့ အလယ်မှာ ဒုတိယ အယ်လီဇဘတ် ဘုရင်မ ကြီး၏ သမီးတော် ကိုယ်
တိုင် အပ်နှင်းရတဲ့ D.Lit. ကို လက်ခံရယူ ခဲ့တယ်။ ၁၉၉၀ ခုနှစ်မှာ မြန်မာပြည်ကို ပြန်
လည်ရောက် ရှိခဲ့တယ်။ ၁၉၉၁ မှာ မြန်မာစာ အဖွဲ့ဝင်၊ မြန်မာ အင်္ဂလိပ် အဘိဓါန်
ပြုစုရေး ကော်မတီဝင် နဲ့ ၁၉၉၂ မှာ ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသန
ပညာ ဌာန ကို တည်ထောင်ခဲ့သူ ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ တယ်။ ၁၉၉၃
မှ ၂၀၀၁ အထိ ရှေးဟောင်း သုတေသန ပညာ ဌာန၊ သမိုင်းဌာန၊ အရှေ့တိုင်း
ပညာဌါန တို့မှာ ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၄၆
ခုနှစ် မြန်မာပြည် လွတ်လပ်ရေး မရခင် မှာ အမျိုးသားနေ့ အောင်ပွဲ ကို ကျောင်းသား
ခေါင်းဆောင် တစ်ဦးအဖြစ် ဦးဆောင်ပြီး ဖဆပလ အဖွဲ့ချုပ်ကို ဆန့်ကျင့်ခဲ့တယ်။
မန္တလေး တက္ကသိုလ် ကျောင်းဆရာ ဘ၀မှာ အာဏာသိမ်း စစ်တပ်ရဲ့ မဆလ အရံ
ပါတီဝင်ကြေး နဲ့လုပ်သား ကောင်စီ ကြေး တွေကို မထည့်ဝင် ဘဲ သပိတ်မှောက်ခဲ့
သောကြောင့် မဆလ ပါတီက ဆရာဒေါက်တာသန်းထွန်း ကို ထုတ်ပယ် ခဲ့တယ်။
မကွယ်လွန် ခင် နအဖ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် ရဲ့ ဆင်ဖြူ ကိုးကွယ်မှု
ကို ရဲ့ဝင့်စွာ ပြစ်တင် ဝေဖန်ခဲ့တယ်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မန္တလေး အမရပူရ မြို့၊ တောင်သမန်အင်း
စောင်း မှာရှိတဲ့ တောင်လေးလုံးကျောင်း တွင် ပြုလုပ်သော လူထုဒေါ်အမာ အသက်
၉၀ ပြည့်မွေးနေ့ ကို လာရောက် ဆင်နွဲပြီး၊ နောက်တနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့
နံနက် ၂ နာရီမှာ နှလုံးရောဂါနဲ့ ကွယ်လွန် ခဲ့ပါတယ်။
ဆရာဒေါက်တာ သန်းထွန်းသည် မြန်မာနိုင်ငံသားများ အတွက် သမိုင်းဆိုင်ရာ ရှာဖွေ
မှုများနှင့် သုတေသန ပြုလုပ်မှုပေါင်းများစွာ၊ စာတမ်းနဲ့ သမိုင်းဆိုင်ရာ စာပေ ကိစ္စပေါင်း
များစွာကို အနစ်နာခံ ဆောင်ရွက် ခဲ့သော နိုင်ငံချစ် ကမ္ဘာ သိ ပညာရှင်ကြီး တစ်ဦးအဖြစ်
မော်ကွန်းထိုးလောက်တဲ့ သူ တစ်ဦး ဖြစ်ပါတယ်။
” မိုးကောင်းကင် က ကြယ်တာရာတွေ
တပွင့်ပြီး တပွင့်ကြွေ
ကြွေလေသမျှ အစားထိုးလို့ မရ
နှမြောကြေကွဲမိ တသသ..။”
(ဆရာ ဒေါက်တာသန်းထွန်း ကွယ်လွန်ချိန်က တပည့်ဖြစ်သူ စာပေပညာရှင် ဆရာကြီး
တင်မိုး ရဲ့ ကဗျာ ဖြစ်ပါတယ်။)

1 comment:

BLACK DREAM said...

ဆရာကြီး ဒေါက်တာသန်းထွန်းက ကျွန်တော်လေးစားရတဲ့ သူတွေထဲမှာ တစ်ယောက် အပါအ၀င်ပဲ အစ်ကိုရေ သူပြောတဲ့သမိုင်းဝင် စကားတစ် ခွန်းကိုတော့ ကျွန်တော်ကောင်းကောင်းမှတ်မိနေသေးတယ် "သမိုင်း သင်တယ်ဆိုတာ "မအ" ရအောင်" ဆိုတဲ့စကားလေ :)