Mar 14, 2009

ဗိုလ်မိုးကြိုး ခေါ် ဗိုလ်မှူးကြီး စူဇူကီ ကေအိဂျိ

ရေးသူ- စစ်ငြိမ်းဒီရေ

my1.jpg
(မြန်မာဝတ်စုံဖြင့် တွေ့ရသော ဘီ၊အိုင်၊အေ ခေါ် ဗမာ့လွတ်လပ်ရေး
တပ်မတော်၏ မွေးသဖခင် ဗိုလ်မိုးကြိုး၊ ၁၉၄၂- ခုနှစ်။)

“ရဲဘော်တို့ အခြေအနေ အလွန်ကောင်းပါတယ်။ ခေါင်းဆောင်အရည်အချင်း
လည်း ပြည့်ဝတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် အခါတော်ကြုံပြီမို့ နိုကြွား
တက်ကြွ ကြပါ။ ရန်သူအင်အား နည်းနေတယ်။”
ဗိုလ်ချုပ်ကြီးမီနာမီ (မိုးကြိုး)(ဗိုလ်မှူးကြီး စူဇူကီ)
(စစ်သေနာပတိချုပ်- ဗမာ့လွတ်လပ်ရေးတပ်မတော်)
(၁၉၄၁၊ ဒီဇင်ဘာလ ၃၁၊ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ပြောကြားခဲ့သော
စစ်ထွက် မိန့်ခွန်း)

ဗိုလ်မှူးကြီး စူဇူကီသည် ဗမာ့လွတ်လပ်ရေးအတွက် ဗမာ့လွတ်လပ်ရေးတပ်မတော်
ဘီ၊အိုင်၊အေ (Burma Independence Army) တွင် ဗိုလ်ချုပ်ကြီး ရာထူးကို စတင်
ထမ်းဆောင်၍ ဗိုလ်ချုပ်အောင်ဆန်းပေးသော ဗိုလ်မိုးကြိုး ဟူသည့် အမည်ကို လက်ခံ
ခဲ့ပါသည်။ ဗိုလ်မိုးကြိုးခေါ် ဗိုလ်မှူးကြီး စူဇူကီသည် မီနာမီကီကန်းခေါ် မြန်မာပြည်
စစ်ဆင်ရေးအဖွဲ့တွင် ဦးဆောင် ပါဝင်ခဲ့သောကြောင့် ဘီ၊အိုင်၊အေ တွင် ပါဝင်သော
အခြား ဂျပန်အရာရှိများက ဗိုလ်ချုပ်ကြီး မီနာမီ ဟုလည်း ခေါ်ဝေါ်ကြပါသည်။

my2.jpg

ဘီအိုင်အေ- ဖွဲ့စည်းပုံ (ဌာနချုပ်)
သေနာပတိ- ဗိုလ်ချုပ်ကြီး မီနာမီခေါ် ဗိုလ်မိုးကြိုး(ဗိုလ်မှူးကြီး စူဇူကီ)
စစ်ဦးစီးချုပ်- ဒု ဗိုလ်ချုပ်ကြီး မူရကာမီ (ဗိုလ်ကြီး နိုဒါး)
စစ်ဦးစီးအရာရှိအထက်တန်း- ဒု ဗိုလ်ချုပ်ကြီး အိုမိုဒါ (ဗိုလ်ချုပ်အောင်ဆန်း)
ဦးစီးအရာရှိ- ဒု ဗိုလ်မှူးကြီး အီတိုဒါ (ဗိုလ်ရန်အောင်)
ဦးစီးအရာရှိ- ဒု ဗိုလ်မှူးကြီး ဟိရတ (ဗိုလ်စကြာ)
စစ်ဆင်ရေးတာဝန်ခံ ဦးစီးအရာရှိ- ဒုဗိုလ်မှူးကြီး အီဂျီမာ(အရပ်သား ကီမတ)
စစ်ဆင်ရေးတာဝန်ခံ ဦးစီးအရာရှိ- ဒုဗိုလ်မှူးကြီး ရှင်မန်(အရပ်သား မိဇုတာနီ)
အုပ်ချုပ်ရေးအရာရှိချုပ်- ဗိုလ်မှူးကြီး ကီမူရ (အရပ်သား ဟိဂုချိ)
တပ်မတော်သက်သာချောင်ချိရေး အရာရှိချုပ်- မီနာမီအိုကာ(အရပ်သားစုဂိအိ)
ဆေးဝန်ထမ်းချုပ်- ဗိုလ်ချုပ်စူဇူကီ (ဒေါက်တာစူဇူကီ)

အထက်တွင် ဖော်ပြထားသော ဗမာ့လွတ်လပ်ရေးတပ်မတော် ဘီ၊အိုင်၊အေ
ဌာနချုပ်၏ ဖွဲ့စည်းပုံကို လေ့လာခြင်းဖြင့် ဗိုလ်မိုးကြိုးခေါ် ဗိုလ်မှူးကြီး စူဇူကီ
၏ အခန်းကဏ္ဍကို သိရှိနိုင်ပါသည်။

ဗိုလ်မိုးကြိုး၏ မြန်မာ့လွတ်လပ်ရေးအပေါ် သဘောထား …..

(၁)
၁၉၄၂ ခုနှစ်၊ မတ်လ၊ ရန်ကုန်ကို ဘီအိုင်အေနှင့် ဂျပန်စစ်တပ်များ သိမ်းယူ
ပြီးစဉ်က အမှတ်(၁၅) တပ်မတော်၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး နာစုနှင့်
ဘီ၊အိုင်၊အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ အကြီးအကဲ ဗိုလ်မိုးကြိုးတို့
၏ မြန်မာပြည်လွတ်လပ်ရေး ပေးရေး၊ မပေးရေးတို့နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲ
ကို လေ့လာကြည့်ပါ။ သူတို့နှစ်ဦးသည် စစ်တက္ကသိုလ်တွင် တတန်းတည်း ပညာ
သင်ကြားခဲ့သော ကျောင်းနေဖက် သူငယ်ချင်းအရင်းအချာ များ ဖြစ်ကြပါသည်။

(နာစု) သူတို့မြန်မာတွေကို လွတ်လပ်ရေးမပေးရင် ဂျပန်-မြန်မာ စစ်ပွဲ
ဖြစ်နိုင်မလား ….
(ဗိုလ်မိုးကြိုး)ဖြစ်နိုင်တယ်။ မြန်မာ့လွတ်လပ်ရေးဟာ စွဲမြဲခိုင်မာတဲ့ လှုပ်ရှား
မှုဖြစ်တာမို့၊ မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးသင့်တယ် …..
(နာစု) မဖြစ်နိုင်တာချည်း ပြောနေတယ်။ မင်းဟာ ဂျပန်မှ ဟုတ်သေးရဲ့လား။
မြန်မာပြည်တိုက်ပွဲမှာ ကျဆုံးခဲ့ကြတဲ့ ဒို့ရဲဘော်တွေရဲ့ ၀ိညာဉ်တွေကို မင်း
တောင်းပန်ဖို့ လိုမယ်လို့ကော မတွေးမိဘူးလား ….
(ဗိုလ်မိုးကြိုး) ကျဆုံးသူတွေက မြန်မာပြည်ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ဖို့
အသက်စွန့်ခဲ့ကြတာလို့ ငါမယူဆဘူး။ မြန်မာတွေရဲ့ အကူအညီကြောင့်ပဲ
အသေအပျောက် နည်းနည်းနဲ့ တိုက်ပွဲပြီးဆုံးခဲ့တာ မဟုတ်ဖူးလား …..

(၂)
(စာမျက်နှာ ၁၇၀၊ အီဇုမီယတတ်စုရော ရေးသားသော ကျွန်တော်ပါဝင်ခဲ့သော
မီနာမီကီကန်း စာအုပ်မှာ ကောက်နုတ်ချက်။)
၁၉၄၂ ခုနှစ်၊ မတ်လ အကုန်ပိုင်း၊ ဘီ၊အိုင်၊အေ ဌာနချုပ်(ရန်ကုန်မြို့) ….

ဗိုလ်မှူးကြီး စူဇူကီသည် အောင်ဆန်းနှင့် ဘီအိုင်အေ ခေါင်းဆောင်များကို
သူ၏ အခန်းသို့ ခေါ်ယူပြီး ပထမဆုံး …
“ဘယ်တော့ လွတ်လပ်ရေးကြေညာကြမှာလဲ” ဟု မေးသည်။ အောင်ဆန်းနှင့်
သူ့ရဲဘော်များမှာ ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်သွားပြီး မျက်နှာတွင်
ဘာအရိပ်အယောင်မှ မပြပဲ မဖြေဘဲ နေကြ၏။

ဗိုလ်မှူးကြီး စူဇူကီက “မင်းတို့က မြန်မာတွေမို့ ဂျပန်တပ်တွေကို ပြန်ချရင်
ဘာတတ်နိုင်မှာလဲ၊ ကဲ အခုဘာလုပ်ကြမလဲ” ဟု မေးရာ မည်သူကမျှ ပြန်မဖြေပါ။
“ဒါပေမယ့် ငါက ဂျပန်၊ ဒါကြောင့် မင်းတို့ကို ငါခေါင်းဆောင်ပြီး ဂျပန်ကို မတိုက်
နိုင်ဘူး၊ မင်းတို့က ဘာမှ စိတ်ထင့်နေစရာမလိုဘူး။ လွတ်လပ်ရေးအတွက်
ဂျပန်တပ်မတော်ကို ခံချရမှာပဲ။ ငါ့ကိုတော့ အလျင်သတ်ပြီးမှ တိုက်ကြစမ်း”
ဟု ဆိုခဲ့ပါသည်။

(၃)
ဗိုလ်မိုးကြိုး၏ နောက်ဆုံးလက်ဆောင် ….

ဗိုလ်မှူးကြီးစူဇူကီသည် မြန်မာပြည်ကာကွယ်ရေးအတွက် အခြေခံကျသော
သတိရ လက်ဆောင်တခု ပေးခဲ့ပါသည်။ ထိုလက်ဆောင်မှာ မြန်မာ့ရေတပ်မတော်
ဖွဲ့စည်းပေးခဲ့ခြင်းပင် ဖြစ်ပါသည်။ ဗြိတိသျှ ရေတပ်တွင် အမှုထမ်းခဲ့သော
မောင်တင်ကြည် ဆိုသူ ဦးဆောင်မှုဖြင့် အရာရှိဟောင်း ခြောက်ယောက်နှင့် တပ်သား
၂၄ ယောက် တို့ကို စုဆောင်း၍ ၁၉၄၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် မြန်မာ့ရေတပ်
မတော်ကို ထူထောင်ပေးခဲ့ပါသည်။ …..

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော လွတ်လပ်
ရေးလှုပ်ရှားသူများဖက်မှ အမြဲတမ်း အကာအကွယ်ပေးခဲ့သူ ဗိုလ်မှူးကြီးစူဇူကီခေါ်
ဗိုလ်မိုးကြိုးအား ဂျပန်ဘုရင့်ကိုယ်ရံတော်တပ်ဌာနချုပ်သို့ ပြောင်းရွေ့အမှုထမ်း
ရန် ဂျပန်စစ်ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ပါသည်။ ၁၉၄၂ ခုနှစ် ဇူလိုင် ၁၄ ရက်
နေ့တွင် ဗမာ့လွတ်လပ်ရေး၏ ကျေးဇူးရှင်၊ ဗမာ့လက်နက်ကိုင်လှုပ်ရှားမှု၏
ဦးဆောင် မွေးသဖခင် ဖြစ်သော ဗိုလ်မှူးကြီး စူဇူကီ ခေါ် ဗိုလ်မိုးကြိုး ခေါ်
ဗိုလ်ချုပ်ကြီး မီနာမီသည် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလများတွင် မြန်မာပြည်အစိုးရ
သည် ကွယ်လွန်သူဗိုလ်မှူးကြီးစူဇူကီ၏ ကျေးဇူးသစ္စာကို အောင့်မေ့သတိရသော
အားဖြင့် သူ၏ ကျန်ရစ်သူမိသားစုအား အောင်ဆန်းတံခွန်ဘွဲ့တံဆိပ်ကို အပ်နှင်း
ခဲ့ပါသည်။

သူ၏ ပုံစံတူရုပ်ထုတခု၊ သူ့အား ဂုဏ်ပြုသောအားဖြင့် သူ့အမည်ပါသော
လမ်းအမည်တခု၊ သူ့အားလွမ်းဆွတ်ဖွယ် သူ့အမည်ဖြင့် ဂုဏ်ပြုထားသော
ကလေးကစားကွင်းလေး တခု အစရှိသော ဂုဏ်ပြုခြင်းများ မတွေ့ရှိရသော
ကြောင့် သူ၏ လွတ်မြောက်ရေးနိုးဆော်ခြင်း ခံရသူများသည် သူ့စေတနာဖြင့်
ထိုက်တန်ပါ၏ လော …..

ပြည်ပအားကိုး ပုဆိန်ရိုး ဟု ပြောချင်နေသူများအတွက် တင်ပြပါသည်။

(ဤမျှသာ။)
မှီငြမ်း -
နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ (ပ၊ဒု၊တ)။
အိဇုမိယ တတ်စုရော- ကျွန်တော်ပါဝင်ခဲ့သော မီနာမီကီကန်း။
စစ်ဦးစီးတက္ကသိုလ်- တပ်မတော်အခြေပြုစာတမ်း။

6 comments:

ဆောင်းယွန်းလ said...

…..

ပြည်ပအားကိုး ပုဆိန်ရိုး ဟု ပြောချင်နေသူများအတွက် တင်ပြပါသည်။

တည့်တည့်ကြီးကိုထိစေတယ်ဗျို့...ကျေးဇူးဗျာ

Nyein Chan Aung said...

ဖတ်သွားတယ်ကိုအောင်။

မမသီရိ said...

မီနာမီကီကန်း က ကျမနှစ်သက်တဲ့ စာအုပ် တအုပ်ပါ
ကျမဆီ ရှိခဲ့ဖူးပေမဲ့.. နေရာတွေ အတည်တကျ မနေခဲ့ရတော့... ဘယ်နား ကျန်နေခဲ့ ပလဲ လို့ မသိတော့ဘူး
ကိုအောင့် ကို လေးစားတယ်..တကယ်
ဒီစာအုပ်တွေ ဘယ်လိုများ စုပြီး ..
သယ်နိုင်ခဲ့ပါလိမ့်လို့

TNS said...

ကိုအောင်....
ဗိုလ်မိုးကြိုးရဲ့ သမာသမတ်ကျတဲ့ စိတ်ဓါတ်ကိုလေးစားမိသလို.......
စာပေဗဟုသုတ ပြည့်စုံတဲ့  ကိုအောင့်ကိုလည်း
ကျနော်တစ်ကယ်လေးစားမိတယ်...။
စာပေဆိုတာ ဘ၀ရဲ့ အလင်းပါ ကိုအောင်ရေ...
စာကောင်းပေကောင်းနဲ့ နှောင်းလူငယ်တွေ ထဲထဲဝင်ဝင်မသိခဲ့ သော သိသင့်ဖတ်သင့်သော စာတွေ
အများကြီးဆက်လက်ရေးသားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်..။

Myo Win Zaw said...

ကိုအောင်ရေ ထိမိလွန်းတယ်ဗျာ

တောင်ပေါ်သား said...

အကိုရေ ဖတ်သွားတယ်ဗျာ.. လေးစားတယ်