ဘာသာပြန်သူ- ဆရာမြသန်းတင့်
(မှတ်ချက်။ ။ကွယ်လွန်သူ ဆရာမြသန်းတင့် ဘာသာပြန်ရေးသားပြုစုခဲ့သော
အီလျာ ဂရီဂိုးဗစ်ခ်ျ အာရင်ဘာ့ခ်၏ men,years- life စာအုပ်မှ ထုတ်နုတ်
ကူးယူဖော်ပြပါသည်။ မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာ၏ ကျန်ရစ်သူမိသားစု
အား ရိုသေစွာ တောင်းပန်အပ်ပါသည်။ ….. ကိုအောင်(ပျူနိုင်ငံ) … )
ဒူးရော့သည် အနာဂတ်ဝါဒီများကို မထောက်ခံသော်လည်း သူကိုယ်တိုင်မှာ
ခပ်ဆန်းဆန်း၊ ခပ်ကြောင်ကြောင် လူတစ်ယောက်ဖြစ်ပါသည်။ ကလေးဇာတ်
သဘင်အတွက် ပထမဆုံး တင်ဆက်သည့် ဇာတ်၏ အမည်ကလည်း ခပ်ကြောင်
ကြောင်၊ ခပ်ဆန်းဆန်း ဖြစ်ပါသည်။ “ကမ္ဘာ့ယုန်များ သွေးစည်းညီညွှတ်ကြလော့”
ဆိုသည့် အမည်ဖြစ်ပါသည်။ ဇာတ်စဖွင့်လျှင် ဖွင့်ချင်း “အရင်းကျမ်း” ဟု ရေးထား
သော သစ်သားဖြင့် လုပ်ထားသည့် စာအုပ်ဖုံးကြီးတစ်ခုကို ကိုင်၍ တောယုန်
ကလေးတစ်ကောင် ထွက်လာပါသည်။ ယုန်ခေါင်းဆောင်က “အရင်းကျမ်း” စာအုပ်
ကြီး လှန်လှောဖတ်နေပြီးနောက် အခြားတောယုန်များကို လှမ်းခေါ်လိုက်ပါသည်။
အနည်းဆုံး နှစ်ဆယ်လောက်ရှိပါလိမ့်မည်။ နောက်တစ်ခန်းတွင် ဇာတ်စင်ပေါ်၌
နန်းတော်ပုံ အဆောက်အအုံကလေး တစ်ခု မြင်ရပါသည်။ ရိုင်ဖယ်သေနတ်များကို
ကိုင်ထားသည့် ယုန်များက နန်းတော်ကို စောင့်နေကြပါသည်။ ကစားစရာ အမြောက်
လှည်းကလေးကို တွန်းလာသည့် တောယုန်များက ကန့်လန့်ကာဘေးမှ ထွက်
လာကြပါသည်။ တောယုန်ကြီးများက နန်းတော်ကို စောင့်နေသည့် ယုန်များကို
အမြောက်ဖြင့် လှမ်းပစ်ပါသည်။ နန်းတော်ကိုစောင့်သည့် ယုန်များကို အနိုင်ရပြီး
နောက် တောယုန်များသည် နန်းတော်ပေါ်တွင် အလံနီတစ်လက်ကို လွှင့်ထူလိုက်
ကြသည်။
ကန့်လန့်ကာကြိုးဆွဲသူမှာ အပြာရောင်ဝတ်စုံကို ၀တ်ထားသည့် ၀က်ဝံပေါက်
ကလေးတစ်ကောင် ဖြစ်ပါသည်။
ကလေးတွေ သဘောကျလိုက်သည်မှာ ဆိုဖွယ်မရှိတော့ပါ။ ဖျော့တော့ပိန်ချုံးနေ
ကြသည့်တိုင် သူတို့သည် အူတွေ နာလာသည်အထိ အားရပါးရ ရယ်ကြသည်။
ကန့်လန့်ကာ ချလိုက်သည့်အခါတွင် ယုန်များနှင့် တောယုန်များက ကန့်လန့်
ကာရှေ့သို့ ထွက်လာကြပါသည်။ ပွဲကြည့်ပရိတ်သတ်နှင့် သရုပ်ဆောင်တို့ ပေါင်း
ဆုံရောထွေးနေသည်ကို မြင်ရပါသည်။ (ရုံထဲသို့အ၀င်တွင် ကလေးများအား
မုန်လာဥ၀ါ တစ်တောင့်စီ ပေးလိုက်ပါသည်။ ထိုမုန်လာဥ၀ါများဖြင့် သရုပ်ဆောင်
များကို မြှူဆွယ်ရန် ဖြစ်ပါသည်။)
ပြကွက်မှာ နာရီဝက်လောက်သာ ကြာသော်လည်း ထိုပြကွက်ကို ပြနိုင်ဖို့အတွက်
အချိန်ကြာစွာ ပြင်ဆင်လေ့ကျင့်ယူရပါသည်။ တိရစ္ဆာန်များနှင့် ပက်သက်၍ မှားယွင်း
သော အတွေးများကို တိုက်ဖျက်လိုသဖြင့် ထိုပြဇာတ်ကိုတင်ရကြောင်း ဒူးရော့က
ကျွန်တော့်ကို ပြောဖြစ်သည်။ ဥပမာအားဖြင့် ယုန်များသည် ကြောက်တတ်သည်ဟု
အစဉ်အလာ နားလည်ထားခဲ့ကြပါသည်။ ရုရှားလူထုပုံပြင်များထဲတွင် တောယုန်များ
မှာ မျက်စိစွေသည်ဟု ဖော်ပြခဲ့ကြပါသည်။ ထိုယုန်များသည် မကြောက်တတ်ရုံမျှမက
အမြောက်ကိုပင် ပစ်တတ်သည်ကို သူပြချင်သည်ဟု ပြောပါသည်။
ထိုစဉ်က ဒူးရော့သည် အသက် ၅၇ နှစ်ရှိလေပြီ။ သူသည် ရုရှားပြည်တွင်
နာမည်အကျော်ဆုံးသော ဆပ်ကပ်လူပြက် ဖြစ်ပါသည်။ ကျွန်တော်ငယ်ငယ်
တုန်းက သူ့ကို ဆပ်ကပ်ထဲတွင် ကြည့်ခဲ့ဖူးပါသည်။ အ၀တ်အစား ရောင်စုံတွေ
ကိုဝတ်ကာ ရင်ဘတ်တွင် ထူးဆန်းသည့် တံဆိပ်တွေကို ချိတ်ထားသည့်
ရယ်စရာ လူတယောက် ပုံသဏ္ဌာန်ကို ကျွန်တော် ယခုတိုင် မြင်ယောင်နေ
ပါသေးသည်။ ကျွန်တော် မမွေးမီ ပဝေသဏီကတည်းက ဒူးရော့ညီအကိုများ
သည် ရုရှားပြည်တ၀န်းတွင် ပြည်သူချစ်သော အနုပညာသည်များ ဖြစ်ခဲ့ကြ
ပါသည်။ ချက်ကော့သည် ဗလာဒီမာဒူးရော့၏ ခွေးလိမ္မာ ဆပ်ကပ်ကိုကြည့်၍
အတောမသတ်အောင် ရယ်ခဲ့ဖူးပါသည်။ ကျွန်တော်ငယ်ငယ်တုန်းက ကြည့်
ခဲ့ရသည့် ဆပ်ကပ်လူပြက်မှာ ဗလာဒီမာဒူးရော့ မဟုတ်ဘဲ သူ့ညီ အနာတိုလီ
ဒူးရော့ ဖြစ်မည် ထင်ပါသည်။ ထိုစဉ်က သူ့ညီကို ပို၍ လူကြိုက်များပါသည်။
အစတွင် ညီအကို နှစ်ယောက် တဖွဲ့တည်းလုပ်ကြပါသည်။ နောက်တွင် သူတို့
ကွဲသွားကြပါသည်။ ဗလာဒီမာဒူးရော့က “ဒူးရော့အကြီး” ဟု သူ့ကိုယ်သူ
ကြော်ငြာပြီး အနာတိုလီဒူးရော့က “ဒူးရော့အစစ်” ဟု ကြော်ငြာပါသည်။
(သူသည် တော်လှန်ရေးမတိုင်မီ ကွယ်လွန်သွားခဲ့ပြီး သူသေလျှင် သင်္ချိုင်း
မှတ်တိုင်တွင် “ဒူးရော့အစစ်” ဟု ကမ္ပည်းထိုးရန် သေတမ်းစာထဲတွင် ရေး
ခဲ့ပါသည်။)
မည်သို့ဆိုစေ ဗလာဒီမာဒူးရော့ကို ကျွန်တော်တွေ့သည်အချိန်တွင်မူ သူ
သည် တဦးတည်းသော ဒူးရော့ ဖြစ်နေပါသည်။ ကျွန်တော်တို့ ပြဇာတ်ဌာန
က ဒူးရော့ကို ကျွန်တော်တို့ဌာနတွင် ၀င်လုပ်ရန် ကြိုးစားကြပါသည်။ သို့ရာတွင်
ဒူးရော့သည် သူ့တိရစ္ဆာန်များကိုသာ စိတ်ဝင်စားနေပါသည်။ ကျွန်တော့်ကို
ပထမဆုံးအကြိမ် သူလာတွေ့သည်ကို ကျွန်တော် သတိရနေပါသေးသည်။
သူ့အိမ်တွင် ကလေးသဘင်အဖွဲ့ တဖွဲ့ ဖွဲ့မည်ဖြစ်သဖြင့် ကူညီနိုင်မည်လားဟု
စုံစမ်းခြင်းဖြစ်ပါသည်။ သူက ပက်ဗလော့၏ အကြောင်းကို ပြောပြကာ အာရုံကြော
တုံ့ပြန့်မှုအကြောင်းကို အကျယ်တ၀င့် ပြောသွား ပါသည်။ သူသည် ဆပ်ကပ်
လူပြက်တယောက်နှင့် မတူဘဲ တကယ့်လေးစားထိုက်သည့် ပါမောက္ခကြီး
တယောက်နှင့် တူနေပါသည်။
ယုန်ပြဇာတ်ကို တိုက်နေစဉ် ကျွန်တော့်ကို ဖိတ်သဖြင့် သွားကြည့်ပါသည်။ ယုန်များ
မှာ ကြောက်တတ်ရာ ထိုအကြောက်ကို ဖျောက်ပစ်ဖို့ တော်တော်လုပ်ယူရပါသည်။
သူ့အပြောအတိုင်းဆိုလျှင် တိရစ္ဆာန်များတွင်လည်း အာရုံကြော တုံ့ပြန့်မှုအမျိုးမျိုး
ရှိကြောင်း၊ လူသည် တွေးသည်၊ ထိုကြောင့် တည်ရှိနေခြင်းဖြစ်သည်ဆိုသော
ဒေးကား၏ စကားမှန်လျှင် လူ၏ အပြုအမူနှင့် တိရစ္ဆာန်၏ အပြုအမူကြားတွင်လည်း
ကြီးမားသော တူညီချက်တွေရှိကြောင်း၊ အရဲရင့်ဆုံး လူတယောက်ကို ကြောက်တတ်
အောင် လုပ်ရသည်မှာ လွယ်ကူကြောင်း၊ သို့ရာတွင် လူကြောက်တယောက်ကို သူရဲ
ကောင်းဖြစ်အောင် လုပ်ရသည်မှာ ခက်ကြောင်း၊ ပိုးကောင်သည် ကြက်ထံမှထွက်ပြေး
လျှင် ပိုးကောင်ကို စားပစ်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ ပိုးကောင်က ကြက်ထံသို့
တည့်တည့်လာလျှင် ကြက်သည် လျင်မြန်စွာ နောက်ဆုတ်သွားမည် ဖြစ်ကြောင်းဖြင့်
တိရစ္ဆာန်တို့၏ သဘာဝကို ရှင်းပြပါသည်။ (စကားစပ်မိ၍ ပြောရလျှင် ရုရှားစကားပုံ
တခု ရှိပါသည်။ “သိုးရှေ့ကျတော့ သူရဲကောင်း၊ သူရဲကောင်းရှေ့ကျတော့ သိုး”
ဟူသော စကားပုံ ဖြစ်ပါသည်။ ယုန်များ၊ ကြက်များက တီထွင်ခဲ့သော စကားပုံမဟုတ်
ပါ။ လူက တီထွင်ခဲ့သော စကားပုံ ဖြစ်ပါသည်။) ညအချိန်ကျမှ ဇာတ်တိုက်ပါသည်။
ဒူးရော့က အဓိကဇာတ်ဆောင်ဖြစ်သည့် တောယုန်ကြီးတကောင်ကို စိတ်ရှည်
လက်ရှည်ဖြင့် မုန်လာဥ၀ါတွေ ကျွေးပါသည်။ သို့ကျွေးရင် လက်ကို တဖြည်းဖြည်း
မသိမသာ နောက်သို့ ဆုတ်လာပါသည်။ ဤသို့ဖြင့် ယုန်ကို ရဲအောင် သင်ပေး
ခြင်းဖြစ်ပါသည်။ အမြောက်ပစ်ခိုင်းသည့် ကိစ္စကမူ ယုန်များကို အလားတူ ဖြည်း
ဖြည်းချင်း သင်ပေးခြင်း ဖြစ်ပါသည်။ နှစ်ပတ်သုံးပတ်လောက် သင်လိုက်သည့်
အခါတွင် ယုန်များသည် သူတို့လောက် အင်အားကောင်းသူ မရှိဟု ထင်သွားကြ
ပါသည်။ ဒူးရော့က ထိုသို့သော သင်ကြားနည်းကို “အကြောက်မျှားခြင်း” ဟု
ခေါ်ပါသည်။
သူ့ပြဇာတ်တွင် မုန်လာဥများသည်လည်း အရေးကြီးပါသည်။ မုန်လာဥ၀ါများကို
စာအုပ်ကြားထဲတွင် ညှပ်ထားပါသည်။ ယုန်က မုန်လာဥ၀ါ တတောင့် ယူလိုလျှင်
ကြိုးစကို ဆွဲရပါသည်။ ကြိုးစကို ဆွဲလိုက်သည့်အခါတွင် အမြောက်က ကျည်ဆန်
ထွက်သွားပါသည်။
ဒူးရော့သည် သူ့တိရစ္ဆာန်ကလေးများကို ကျွေးဖို့ မုန်လာဥ၀ါများကို တနေရာက
ရပါသည်။ သို့ရာတွင် ၀က်ဝံကလေးမှာ အစားဆင်းရဲရှာပါသည်။ ကျွန်တော်က
ဝက်ဝံပေါက်ကလေးအတွက် ရာရှင်ခွဲတမ်းချပေးရန် ပြဇာတ်ဌာနသို့ လျှောက်ပါ
သည်။ ရာရှင်ခွဲတမ်းက နည်းသော်လည်း ၀က်ဝံပေါက်ကလေးမှာ ထွားလာပါသည်။
ထိုအခါတွင် သူဝတ်သည့်အင်္ကျီက ကျပ်လာပါသည်။ နောက်ထပ် အင်္ကျီတထည်
ချုပ်ဖို့ အထည်စ ရှာပေးပါဟု ဒူးရော့က ကျွန်တော်ကို ပူဆာပါသည်။ ကျွန်တော်က
အထည်စရှာ၍ မလွယ်ကြောင်း၊ ကျွန်တော်ကိုယ်တိုင်ပင် ဘောင်းဘီတထည်ရအောင်
လပေါင်းများစွာ စောင့်ခဲ့ရကြောင်း၊ ၀က်ဝံပေါက်ကလေးကို ၀တ်စုံမပါဘဲပြလျှင်
ရကြောင်းဖြင့် ကျွန်တော်က ပြောသော်လည်း သူ လက်မခံပါ။ နောက်ဆုံးတွင်
ဝက်ဝံပေါက်ကလေးအတွက် အထည်စ ရလာပါသည်။ ဒူးရော့သည် ဘေဘီဟု
ခေါ်သည့် ဆင်ကလေး သေသွားသည့်အတွက် တော်တော် စိတ်ထိခိုက်နေပါ
သည်။ ဆပ်ကပ်တွင် ထားစရာမရှိသဖြင့် တိရစ္ဆာန်ရုံးသို့ ခဏသွားထားပါသည်။
တိရစ္ဆာန်ရုံတွင် ကျောက်မီးသွေး မရှိပါ။ ဤတွင် အအေးမိပြီး သေသွားခြင်းဖြစ်ပါ
သည်။ ဆင်ကလေးမှာ အလေးချိန်သုံးတန် ရှိပါသည်။ ဆင်သားကို တိရစ္ဆာန်ရုံ
ဝန်ထမ်းများ ဝေငှစားသောက် ပစ်လိုက်ကြပါသည်။ “ခင်ဗျားတို့ မသိပါဘူးဗျာ၊
ဆင်ကလေးက သိပ်လိမ္မာတာ” ဟု တဖွဖွ ပြောနေပါသည်။ “ကျွန်တော့်အချစ်ဆုံး၊
အရင်းနှီးဆုံး၊ သစ္စာအရှိဆုံးရဲဘော် သေဆုံးသွားခဲ့ပြီ၊ ဘေဘီကလေး သေဆုံးသွား
ခဲ့ပြီ၊ ကျွန်တော်၏ ၀ိညာဉ်နှင့်ရင်း၍ မွေးခဲ့ရသော ကလေးငယ်တယောက် ဖြစ်ပါ
သည်” ဟု နောင် ငါးနှစ်အကြာတွင် သူက ရေးခဲ့သည်။
ဒုတိယပြကွက်မှာ ရာစုနှစ်အစလောက်တုန်းက စင်တင်ခဲ့သော ပြကွက်ဖြစ်ပြီး
“သည်ဟိတ်ငြိမ်းချမ်းရေးကွန်ဖရင့်” ဟု ဒူးရော့က ခေါင်းစဉ်တပ်ခဲ့သည်။ ယခုတော့
“ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” ဟု အမည်ပြောင်းထားသည်။ ထိုပြကွက်တွင်
မဟာရန်သူကြီးများဖြစ်သော ၀ံပုလွေတကောင်နှင့် ဆိတ်တကောင်၊ ကြောင်တကောင်
နှင့် ကြွက်တကောင်၊ မြေခွေးတကောင်နှင့် ကြက်ဖတကောင်၊ ၀က်ဝံတကောင်နှင့်
ဝက်တကောင်တို့ စားပွဲတလုံးတွင် အတူဝိုင်းထိုင်နေကြသည်။
ထိုပြကွက်ကိုရအောင် ဘယ်လို ပြင်ဆင်ရသည်ကို ဒူးရော့က ကျွန်တော့်ကို
အသေးစိတ် ရှင်းပြပါသည်။ အောက်တွင် ဘီးလေးများတပ်ထားပြီး ခေါင်းလောင်း
ကလေးတွေ ဆွဲထားသည့် ကြွက်လှောင်အိမ်တခုကို အထက်တွင် ချိတ်ထားပါသည်။
ထိုကြွက်လှောင်အိမ်ကို စားပွဲပေါ်မှ သံလမ်းကလေးဖြင့် အောက် ကြောင်ရှိရာ
ခြင်းတောင်းဆီသို့ တဖြည်းဖြည်း ချပေးပါသည်။ လှောင်အိမ်မှ ဘီးသံနှင့်
ခေါင်းလောင်းသံများကြောင့် ကြောင်က ကြောက်နေပါသည်။ တဖြည်းဖြည်းဖြင့်
ကြောင်သည် ကြွက်ကို ကြောက်လာပါသည်။ ကြွက်ကလည်း တချိန်ထက်တချိန်
ရဲလာပါသည်။ အခြားသော တိရစ္ဆာန်များကိုလည်း ထိုနည်းအတိုင်း သင်ပေးပါ
သည်။ ကြာသော် အင်အားကြီးသည့် သတ္တ၀ါသည် သူ့ကိုယ်ခံစွမ်းအားကို အယုံ
အကြည်ကင်းမဲ့လာကာ အားနည်းသူကလည်း အကြောက်တွေ ပြေပျောက်သွား
ပါသည်။ ထိုအခြေခံပေါ်တွင် သူတို့၏ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး”
ကို တည်ဆောက်ခြင်း ဖြစ်ပါသည်။
ယခု ကျွန်တော် ပြောနေသည့် ဆောင်းရာသီတုန်းက ကျွန်တော်သည် ဒူးရော့နှင့်
မကြာခဏ တွေ့ဖြစ်ပြီး သူ့ကို တတ်နိုင်သလောက် ကူညီခဲ့ကာ သူ့ကို တော်တော်
ခင်မင်နေပါသည်။ ထို့နောက်တွင် ကျွန်တော်နှင့်သူ သိပ်မတွေ့ ဖြစ်ကြတော့ပါ။
သို့ရာတွင် တွေ့သည့်အခါတိုင်း သူသည် ကျွန်တော့်ကို ရွှင်ပြုံးရယ်မောစေပါသည်။
စိတ်ဓါတ်တက်ကြွအောင် လုပ်ပေးပါသည်။ သူသည် ကျွန်တော် တွေ့ဖူးသမျှတွေထဲ
တွင် အထူးဆန်ဆုံး လူတယောက် ဖြစ်ပါသည်။ ဆပ်ကပ်ကြိုးဝိုင်းထဲ ရောက်လျှင်
သူသည် တရားဟောချင်ပါသည်။ သင်ခန်းစာ ပေးချင်ပါသည်။ သိပ္ပံနည်းကျ ရှင်းလင်း
ချက်များကို ပြောပြတတ်ပါသည်။ အာရုံကြော တုံ့ပြန်စနစ်အကြောင်းကို ရှင်းပြ
တတ်ပါသည်။ ခဏကြာလျှင် ဆပ်ကပ်လူပြက် အ၀တ်အစား ပြိုးပြိုးပြက်ပြက်ဖြင့်
ခွေးလေးကောင်ကို လက်ချင်းတွဲကာ လမ်းလျှောက်ခိုင်းလာတတ်ပါသည်။
သို့မဟုတ်လျှင်လည်း ၀က်ကိုစီးပြီး ထွက်လာတတ်ပါသည်။ ဘိုဇီဒွန်ကာ ရပ်ကွက်
ရှိ သူ့အိမ်သို့ ထင်ရှားသည့် သိပ္ပံပညာရှင်များဖြစ်သော ချယ်ပါးနော့၊ ဘယ်တီရက်
စသူတို့ အလည်လာတတ်ကြသည်။ ထိုအခါမျိုးတွင် သူသည် လေးနက်သော
စကားများကို ပြောနေရာမှ ဆပ်ကပ်လူပြက်၏ ပြက်လုံးမျိုးတို့ဖြင့် အရွှန်းဖောက်
တတ်သည်။ သူသည် ပင်ကိုအားဖြင့် ကဗျာဆရာတယောက် ဖြစ်ပါသည်။ သူသည်
ခြေလေးချောင်း သရုပ်ဆောင်များ၏ ကမ္ဘာလောကတွင် ကဗျာကို တွေ့ခဲ့ပါသည်။
လူတွေနှင့် စကားပြောလျှင် သူသည် ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတတ်ပါသည်။
တခါတရံတွင် ရုပ်ဝါဒနှင့် တော်စတွိုင်းဝါဒကို ရောထွေးမြင်နေပါသည်။ တခါတရံ
တွင်လည်း မတ်ဝါဒနှင့် ခရစ်ယာန်ဘာသာကို ရောထွေးမြင်နေပါသည်။ သူ၏
ဆပ်ကပ်သဘောတရား စာအုပ်များအောက်တွင် “ကိုယ့်ဒူးကိုယ်ချွန်သမား ဒူးရော့”
ဟု လက်မှတ်ထိုးလေ့ရှိပါသည်။ အမှန်ကမူ သူသည် တိရစ္ဆာန်များနှင့်သာ အထာ
ကျနေသူ ဖြစ်ပါသည်။ သူသည် လူများကို “တိရစ္ဆာန်လိုတွေး၊ တိရစ္ဆာန်လို စဉ်းစား၊
တိရစ္ဆာန်လို ခံစား” စေချင်သူ ဖြစ်ပါသည်။
သူ့ခေါင်းထဲတွင် ထူးဆန်းသည့် စိတ်ကူးများ ပြည့်နှက်နေပါသည်။
သူ့စာအုပ်တအုပ်တွင် ၁၉၁၇ ခု၊ သြဂုတ်လထဲက ရခဲ့သော စာတစောင်ကို
ကောက်နုတ် ဖော်ပြထားပါသည်။ “တပ်မတော် ကာကွယ်ရေးဦးစီးဌာန(ရေ)
က ရေကြောင်းစစ်ဆင်ရေးတွင် တိရစ္ဆာန်များ (ရေမြင်းများနှင့် ဖျံများ)အား
လေ့ကျင့်ပေးနိုင်သည် ဆိုသည့် မစ္စတာဒူးရော့၏ အဆိုကို စဉ်းစားလျက်ရှိပြီး
ထိုအကြံပြုချက်သည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ယူဆပါသည်”
ဟု ရေးထားကာ အောက်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ)မှ ဗိုလ်ချုပ်ကြီးတဦး
လက်မှတ်ထိုးထားသည်။ ဂျာမန် ရေငုပ် သင်္ဘောများအား တိုက်ခိုက်ရန်အတွက်
ရေမြင်းများနှင့် ပင်လယ်ဖျံများကို လေ့ကျင့် သင်ကြားပေးမည်ဆိုသည့် အဆို
ပြုချက်ကို အလေးအနက် စဉ်းစားခဲ့သည်ဆိုလျှင် ထိုစဉ်က ရေတပ်ဦးစီးဌာန
တွင် ရှိခဲ့သော အရာရှိများ၏ စိတ်အခြေအနေကို ခန့်မှန်းကြည့်နိုင်လောက်
ပါသည်။
နောက်ပိုင်းတွင် ပြဿနာသည် အလိုလို ပြီးသွားပါသည်။ ပင်လယ်ဖျံများနှင့်
ရေမြင်းများကို လေ့ကျင့်သင်ကြားပေးရန် မည်သူကမျှ စိတ်,မ၀င်စားကြပါ။
၁၉၂၃ ခုနှစ်တွင် ဒူးရော့အား အစိုးရ ကိုယ်စားလှယ်အဖွဲ့တခုဖြင့် ဂျာမနီသို့
လွှတ်လိုက်ပါသည်။ အပြန်တွင် ဒူးရော့သည် ရေမြင်းအချို့ကို သယ်လာပါ
သည်။ ရေမြင်းများသည် အလွန်လေ့ကျင့်၍ လွယ်ကြောင်း၊ အသိဉာဏ်မှာလည်း
ခွေးထက်မြင့်ကြောင်းဖြင့် ပြောပါသည်။ တခါတွင် ကျွန်တော့်ကို ရေမြင်းတွေ
ထားသည့် ရေကန်ဘေးသို့ ခေါ်သွားပြီး ရေမြင်းတွေနှင့် မိတ်ဆက်ပေးပါသည်။
“ဟောဒါကတော့ စာရေးဆရာ၊ ကဗျာဆရာ အာရင်ဘတ်တဲ့ကွ၊ မင်းတို့
တိရစ္ဆာန်တွေရဲ့ မိတ်ဆွေကြီးပဲ” ဟု ပြောလိုက်ပါသည်။ ရေမြင်းတွေ ရေထဲမှ
ဘွားခနဲပေါ်လာကြကာ သူတို့ ဆူးတောင်များဖြင့် ရေကို တဖျန်းဖျန်းရိုက်ပြီး
သြဘာ ပေးကြပါသည်။ ကျွန်တော့်တကိုယ်လုံးမှာ အေးစက်သည့် ရေတွေ
စိုရွှဲနေပါသည်။ “သူတို့ဦးနှောက်ထဲက အခွေတွေကို မြင်တတ်ရမယ်ဗျ” ဟု
သူက ပြောပါသည်။
(ဆက်လက်ဖော်ပြမည်။)
Mar 5, 2009
Subscribe to:
Post Comments (Atom)
4 comments:
ရှားပါးပြီး ဖတ်ရဖို့ ခက်ခဲတဲ့ စာကောင်းလေး လာဖတ်သွားပါတယ်။
တကူးတက မျှဝေပေးလို့ အတိုင်းမသိပါပဲ။
လေးစားလျက်
ဖတ်သွားပြီ..း)..
ရောက်လာတယ်။ ဖတ်တယ်။ ပြန်သွားပြီဗျို့...
ယုန်ဆိုသည်မှာ ကြောက်တတ်၏ ဆိုတဲ့ မောင်စိန်ဝင်း သရော်ပြီးရေးထားတဲ့ ကဗျာလေး အမှတ်ရမိတယ် အစ်ကို..
Post a Comment