Nov 25, 2008

အောင့်မေ့ဖွယ် ကာတွန်းစာအုပ်


ရေးသူ- အောင်ခင်မြင့်


အမ ယောနသံစင်ရော် က Tag ထားတယ် ကာတွန်း Tag ကို ပို့စ်တစ်ခု
အနေနဲ့ ရေးလိုက်ပါသည်။ အောင့်မေ့ဖွယ် ကာတွန်းစာအုပ် လို့
ခေါင်းစဉ် ပေးထား ပါသည်။

၁၉၈၃-၈၄ ခုနှစ် လောက်က ကာတွန်း စာအုပ် တစ်ခုကို အမှတ်တနိုး
ဖတ်ရူခဲ့ပါသည်။ ဆရာကာတွန်း သော်ကရယ့် မျောက်သုံးကောင်
လို့ နာမည်ပေးထားတဲ့ ကာတွန်းစာအုပ် ဖြစ်ပါသည်။ ထိုခေတ်က
ဒီနေ့ခေတ်လို Play Station တို့ Cartoon Movie တွေ ခေတ်မစား
သေးပါ။ ကျနော်နေထိုင်ရာ ဆင်ခြေဖုံး ရပ်ကွပ်လေးမှာ ရံဖန်ရံခါ
ဘုရားပွဲများ ပြုလုပ်သောကြောင့် လမ်းဘေး ရုပ်ရှင် အနေဖြင့်
Mickey Mouse ဇာတ်လမ်းတိုများကို သုံးကားကို တစ်ကျပ်ဖြင့် ကြည့်
ရူ ရပါသည်။

ကျနော်တို့ ရပ်ကွပ်အတွင်းဘက်မှာ စာအုပ်ဆိုင် တစ်ခုရှိပြီး
ကျနော်နဲ့လည်း အရမ်းရင်းနှီး ပါတယ်။ စာအုပ်အသစ်များ
ရောက်လျှင် နေ့လည် ဆိုင်စဖွင့် ချိန်မှာ သွားဌါးပြီး နောက်တနေ့
ညနေ မှ ပြန်အပ်ပါတယ်။ စာအုပ်အသစ်ပေါ် မူတည်၍ တစ်ကျပ်၊
ငါးမတ်၊ တစ်ကျပ်ခွဲ စသဖြင့် ဈေးနှုန်းတွေ ရှိပါတယ်။ ကျနော်က
ကာတွန်းစာအုပ် တစ်အုပ်ကို ဥပမာ တစ်ကျပ်နဲ့ ဌါးလာပြီးဆိုလျှင်
အရင်ဆုံး ခပ်မြန်မြန် ဖတ်ပြီး သူငယ်ချင်းတွေကို တစ်ခါဖတ် တမတ်
နဲ့ ပြန်ဌါးစား ပါတယ်။ တခါတလေ ဆိုရင် အရင်းကြေတဲ့အပြင်
ကိုယ့်အတွက် ငါးမူး၊ ခုနှစ်ဆယ် ငါးပြားလောက် အမြတ် ရတတ်
ပါတယ်။ ဒါကြောင့် စာအုပ်ဆိုင်မှာ ကျနော်က အဆင်မြင့် ဖောက်
သည် ကာတွန်းဌါးသူ ပေါ့ဗျာ။

ဒီလိုနဲ့ တစ်နေ့ကြတော့ ကာတွန်းသော်ကရယ့် မျောက်သုံးကောင်
ကာတွန်းရုပ်ပြ စာအုပ် ကျနော်လက်ထဲ ရောက်လာပါတယ်။ ဒီစာအုပ်
က အပန်းဖြေ ဖျော်ဖြေရေးအပြင် မျိုးချစ်စိတ်ဓါတ်၊ သနားညှာတာမှု၊
တာဝန်ယူမှု သဘောတွေ ခံစားရတဲ့ ကာတွန်း စာအုပ်လေးပါ။ ကဲ့
ကာတွန်း ထဲက အကြောင်း စ’ပြောမယ်ဗျာ … …

မျောက်သုံးကောင်လို့ အမည်ပေးရလောက်အောင် အင်မတန်ဆော့
ကစားတဲ့ လူငယ်လေး သုံးယောက်က အဓိက ဇာတ်လိုက်တွေပါ။

သူတို့ နေထိုင်ရာ ရွာနဲ့ မနီးမဝေးက တောမြို့လေးကို တစ်နေ့တော့
မြန်မာပြည်ကို ကျူးကျော်လာတဲ့ ဖက်ဆစ်ဂျပန်တွေ ရောက်လာပြီး
စစ်ဖက်သုံး သံချပ်ကာ ကား (တင့်ကား)တွေနဲ့ မြို့ထဲမှ ပြည်သူတွေ
ကြောက်သွားအောင် စစ်ရေးပြ ပါတယ်။ အဲဒါကို သူတို့ကြည့်ပြီး ဘာ
ပြောလည်း ဆိုတော့ … …
“အဖေထိုးထားတဲ့ ထီပေါက်ရင်တော့ကွာ၊ ဒီလို ကားမျိုး ၀ယ်စီးမယ်”

ဒီလိုနဲ့ သူတို့ ရွာကို ပြန်ခဲ့ပါတယ်။ သူတို့ထဲက တစ်ယောက်ရယ့်
အကိုက ဖက်ဆစ်ဂျပန်တွေကို တော်လှန်ဖို့ အင်အားစုနေတဲ့ မျိုးချစ်
ဗမာ့ တပ်မတော်က လျို့ဝှက်စွာ နေထိုင်နေတဲ့ ဗိုလ်ကြီးနွေအေး ပါ။
အဲဒီ ကိုနွေအေးနဲ့ ရွာထဲမှာရှိတဲ့ မျိုးချစ် အင်အားစုတွေက လေကြောင်း
ကနေ လေထီးချပေးမယ့် လက်နက်နဲ့ မဟာမိတ် စစ်အရာရှိကို
နေ့စဉ် စောင့်မျှော်နေသူ တွေပါ။ သိပ်မကြာခင်မှာ လေကြောင်းကနေ
မဟာမိတ်စစ်တပ်က လက်နက်တွေနဲ့ စစ်သင်တန်းပေးမဲ့ သူ ရောက်
လာပါတယ်။ ဒါနဲ့ သူတို့လည်း နေ့မအိပ် ညမအိပ် လေ့ကျင့်သင်ကြား
ကြပါတယ်။ အဲဒီအချိန်မှာ ဒီရွာနံဘေးမှာ လေထီး ဆင်းသွားတယ်ဆိုတဲ့
သတင်းကို ဂျပန်တွေ သိသွားပါတယ်။

ခပ်၀၀နဲ့ ပျော်ပျော်နေတတ်တဲ့ ဂျပန်အရာရှိ တစ်ဦးက အဲဒီသတင်း
ကို စုံစမ်းဖို့အတွက် ရွာထဲကို လာပါတယ်။ ပြီးတော် သူက ရွာထဲက
အိမ်တွေကိုကြည့်ပြီး သူတည်းခို စားသောက် နေထိုင်မဲ့ အိမ်ကို
ရွေးပါတယ်။ ကံဆိုးချင်တော့ မျောက်သုံးကောင် သူငယ်ချင်း အုပ်စု
ထဲက တစ်ယောက်လည်းဖြစ်၊ ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်
နေတဲ့ ကိုနွေအေးတို့ ညီအကိုအိမ်ကို အဲဒီဂျပန်ကြီး ရွေးလိုက်ပါ
တယ်။ ဒါနဲ့ဘဲ ဂျပန်ကြီးနဲ့ မျောက်သုံးကောင် အဖွဲ့ တွေ့ပါတော့
တယ်။ ဂျပန်ကြီးကလည်း ကလေးတွေကို သတင်းအစအနကို မေး
ဖို့ ကြိုးစား။ ကလေးအုပ်စု ကလည်း သူတို့အကို ဦးဆောင်နေတဲ့
တော်လှန်ရေးကို သိသွားမှာ ဆိုးလို့ ဂျပန်ကြီးကို ပေါက်ကရတွေ
လျှောက်ပြော၊ တွေ့သမျှတွေ ကျွေးပါတယ်။ အိမ်နံရံမှာ ရှိတဲ့
အိမ်မြှောင်ကို ဖမ်းပြီး ဂရုတ်သီးနဲ့ ဘလက်ချောင်ကျော် လုပ်ပြီး
ဂျပန်ကြီးကို အမြင်ကပ်ကပ်နဲ့ ကျော်ကျွေးပါတယ်။

ဒီလိုနဲ့ သူတို့အုပ်စုနဲ့ ဂျပန်စစ်အရာရှိ ခင်မင်ရင်းနှီး သွားပါတယ်။
တစ်နေ့ကြတော့ သူတို့ရွာထဲက သစ်ပင်တွေပေါ် တက်ကစားရင်နဲ့
သစ်ခေါင်းပေါက် တစ်ခုထဲမှာ စက်တစ်လုံးကို သွားတွေ့ပါတယ်။
ဒါနဲ့ ကလေးတွေက ပျားအုံးတစ်ခုကို တုတ်နဲ့ထိုး ချိတ်ဆွဲလာပြီး
အဲဒီ သစ်ခေါင်းပေါက်မှာ ထားလိုက်ပါတယ်။ သူတို့ အကြံက ဒီစက်
ရဲ့ ပိုင်ရှင် သူ့စက်ဖွက်ထားတဲ့ နေရာကို လာယူရင် ပျားတုပ်အောင်
တမင် လုပ်တာပါ။ အဲဒီ သတင်းကို တော်လှန်ရေးလျှို့ဝှက်
လုပ်ဖို့ ကြိုးစားနေတဲ့ သူတို့အကို တော်လှန်ရေးသမားတွေကို
လည်း အကြောင်းကြားထားပါတယ်။ သူတို့ရယ့် အကို ကိုနွေအေး
တစ်ယောက်လည်း လေထီးဆင်းလာတဲ့ သင်တန်းဆရာကို ရွာကနေ
ရေလမ်းနဲ့ ပြန်ပို့ရင် ကောင်းမလား၊ ကုန်းလမ်းနဲ့ ပြန်ပို့ရင် ကောင်း
မလား အကြံမရ ဖြစ်နေပါတယ်။

ဒီလိုနဲ့ တစ်ရက်ရောက်တော့ ရွာထဲက ရွာသားတစ်ယောက် ပျား
တုပ်လို့ အော်ဟစ်ပြီး ရွာထဲ ဆူဆူညံညံ ပြေးနေပါတယ်။ အဲဒါနဲ့
သူတို့အိမ်မှာ စတည်းချနေတဲ့ ဂျပန်ကြီးက ဘာဖြစ်သလဲဆိုပြီး
အဲဒီရွာသားကို ခေါ်စစ်ဆေးပါတယ်။ အဲဒီတော့မှ ရွာသားက ဂျပန်
စစ်တပ်ရယ့် လျှို့ဝှက် ထောက်လှမ်းရေး အမျိုးသားသစ္စာဖောက်
တစ်ဦးဖြစ်ပြီး လေထီးဆင်းလာတဲ့ မဟာမိတ်တပ်က သင်တန်း
ဆရာ အကြောင်း အဲဒီသစ်ခေါင်းပေါက်မှာ ထားတဲ့စက်နဲ့ ဂျပန်
စစ်တပ်ကို လျှို့ဝှက် သတင်းပို့နေသူလို့ သူတို့ သိသွားပါတယ်။

ဒါနဲ့ တော်လှန်ရေးခေါင်းဆောင် ကိုနွေအေးနဲ့ မျောက်သုံးကောင်လို့
အမည်ပေးထားတဲ့ ကလေးငယ်သုံးယောက်တို့က သူတို့ရွာနံဘေးက
တောအုပ်ထဲမှာ ဖွက်ထားတဲ့ မဟာမိတ်တပ်က သင်တန်းဆရာကို ကုန်း
လမ်းက ပြန်ပို့မယ်လို့ လှည့်ဖြားပြီး ရွာထဲမှာ သတင်းလွှင့် ပါတယ်။
ဒီသတင်းလည်း ခုနက သစ္စာဖောက်ကြားရော ဂျပန်တပ်တွေဆီ သတင်း
ပို့လိုက်ပါတယ်။ အဲဒီအခါကြမှ လေထီးဆင်း မဟာမိတ်တပ်က သင်တန်း
ဆရာကို ရေလမ်းကနေ သူတို့ အောင်အောင်မြင်မြင် ပြန်ပို့နိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာ အမျိုးသားသစ္စာဖောက် ရွာသားကို ကိုနွေအေး ကိုယ်တိုင်
ပစ်သတ် လိုက်ပါတယ်။

ဖက်ဆစ်ဂျပန်တွေကို မြန်မာတမျိုးသားလုံး တော်လှန်ရေးတွေ စ’လုပ်
ကြပါတယ်။ ဒီလိုနဲ့ မြန်မာပြည်မှာ ရှိတဲ့ ဂျပန်စစ်တပ် အားလုံး လက်နက်
ချလိုက်ပါတယ်။ အဲဒီသတင်းကို သူတို့အိမ်က ဂျပန်ကြီး ကြားသွား
ပြီး သူတို့အိမ်ကနေ ရွာထိပ်က ရွာဦးစေတီ တောင်ကုန်းပေါ် ကင်တို
ဓါးကိုင်ပြီး တက်သွားပါတယ်။ တောင်ကုန်းပေါ်လည်း ရောက်တော့
ဂျပန်ကြီးက စစ်ရှုံးသူဖြစ်လို့ ကိုယ့်ကိုယ်ကို သတ်သေဖို့ လုပ်ပါတယ်။
ဒါနဲ့ မျောက်သုံးကောင် အမည်ရ ကလေးငယ်သုံးယောက်လည်း
ဂျပန်ကြီးကို သတ်မသေဖို့ ဇွတ်အတင်း ဖျောင်းဖျ ပြောဆိုပါတယ်။
နောက်ဆုံးမှာ စေတီက ထွက်ပေါ်လာတဲ့ ခေါင်းလောင်းထိုးသံတွေ
ကြားပြီး ဂျပန်ကြီးလည်း သတ်သေဖို့ လက်လျှော့လိုက်ပါတယ်။ အဆုံး
သတ်မှာ သူတို့သုံးယောက်နဲ့ ဂျပန်ကြီး ပျော်ရွှင်စွာ ကခုန်ပြီး ဇတ်
သိမ်း သွားပါတယ်။

ဇာတ်လမ်းလေးက ဒီလောက်ပါပဲ … …. …. ။

2 comments:

ယောနသံစင်ရော် said...

ကိုအောင်ရေ.... TAG ထားတာလေးရေးပေးလို့ ကျေးဇူးတင်ပါတယ်နော်။ ဒီကာတွန်းလေးကို ဖတ်ဖူးတယ် ကြိုက်လည်းကြိုက်တယ်။

Nyein Chan Aung said...

ငယ်ငယ်တုံးက ကာတွန်းဇာတ်လမ်းလေး ဖတ်သွားတယ်။ လွမ်းစရာလေးတွေပဲ။

ငြိမ်းချမ်းအောင်