တင်ပြသူ- စစ်ငြိမ်းဒီရေ
လွတ်လပ်ရေး ရရှိပြီး ပြည်တွင်းစစ်ကာလ အတွင်း အစိုးရစစ်တပ်မှ
စစ်ဆင်ရေးမှူးချုပ် ဒုဗိုလ်မှူးကြီးမောင်မောင် (နောင်တွင် ဗိုလ်ချုပ်မောင်မောင်)
သည် ကရင်လက်နက် တော်လှန်ရေးအင်အားစုများ၏ ဖမ်းဆီးမှုကို ခံရပါ
သည်။ ယင်းဖမ်းဆီးခံရမှုကို ကယ်ဆယ်ရေး အော်ပရေရှင်းတွင် ပထမ လျာထား
ခြင်း ခံရသူမှာ အခြားတဦး ဖြစ်ပါသည်။ ထို ပုဂ္ဂိုလ်သည် နာမည်ကျော် မဲနယ်
တောင်တန်းပေါ်ရှိ ဗ.က.ပ၊ ကရင် (KNDO)၊ ပအို့ အဖွဲ့များ ပူးပေါင်းထားသည့်
စုစုပေါင်းအင်အား ၇၀၀ ကျော်ကို ကွန်မန်ဒို ၇- ဦး၊ အရပ်သား လေးဦး တို့
ဦးဆောင်၍ တက်ရောက် သိမ်းပိုက်ခဲ့သူ ဖြစ်ပါသည်။
ဗိုလ်မှူးကြီး မောင်မောင်တို့ ဖမ်းဆီးခံရချိန်တွင် ထိုပုဂ္ဂိုလ်အား ကွန်မန်ဒို တပ်ဖွဲ့
တခုဖြင့် သွားရောက်ကယ်ဆယ်ရန် ပထမ လျာထားခဲ့ပါသည်။ သို့သော်
ကြားဖြတ် စစ်သတင်းများ ရရှိသော အချိန်တွင် အဆိုပါ ယင်းပုဂ္ဂိုလ်သည်
နေမကောင်း ဖြစ်နေသောကြောင့် စာရေးဆရာ ရန်ကုန်ဘဆွေ (ကိုလိုနီခေတ်
လွတ်လပ်ရေးရယူရန် မြေအောက် လျှို့ဝှက်ကော်မတီ၏ လက်မရွံ့ တပ်ဖွဲ့ခေါင်း
ဆောင်ဟောင်း) အား အစားထိုး တာဝန် ပေးခဲ့ပါသည်။ စာရေးဆရာ ရန်ကုန်ဘဆွေ
၏ “တိုက်ယူရသည့် မျက်ရည်တပေါက်” စာအုပ်တွင် အချို့သော အချက်အလက်
များကို ထိုခေတ်က နိုင်ငံတော် လုံခြုံရေးနှင့် စစ်ဘက်လုံခြုံရေးများအရ မပါဝင်ပါ။
စာအုပ်ပါ အချက်အလက်များမှာ ၉၀ ရာခိုင်နှုန်းနီးပါး မှန်ကန်ပါသည်။သို့သော် ….
ဥပမာ- …..
လက်နက်ချ ကရင်လက်နက် တပ်ဖွဲ့ဝင်ဟောင်းများ၊ ခရစ်ယာန်သာသနာ
ပြုများ အသုံးပြုခြင်း။
အစိုးရတပ်တွင်းမှ ပုန်ကန်မှုဖြင့် တိမ်းရှောင်လာသူများဟု ချီတက်ရာ လမ်း
တလျှောက်တွင် ကြွေးကြော်ခြင်း။
ပုန်ကန်သူ တပ်ပေါင်းစု ဖွဲ့စည်းရန် အယုံသွင်းခြင်းဖြင့် ဌာနချုပ်ရှိရာသို့ မေးမြန်း
စုံစမ်းခြင်း။
ယင်းကယ်ဆယ် ခံရမှုအပြီးတွင် စစ်အရာရှိ ဗိုလ်မှူးချုပ်မောင်မောင်သည် ဗုဒ္ဓဘာသာမှ
ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ပါသည်။ သူ့အဖမ်းခံနေရစဉ် ဘာသာကူး
ပြောင်းရေး လာရောက်စည်းရုံးသော ခရစ်ယာန်ဘုန်းတော်ကြီးအား အရွဲ့တိုက်
ပြီး ဒီနေရာက ခုနှစ်ရက်အတွင်း လွတ်ရင် ဘာသာပြောင်း ကိုးကွယ်မည်ဟု
သူက ဆိုခဲ့ပါသည်။ သူ့အား ဖမ်းဆီးထားစဉ် ကျန်းမာရေးအတွက် ပြုစု
စောင့်ရှောက်ရာမှာ သူ့အပေါ် တဖက်သက် မေတ္တာသက်ဝင်နေသော ကရင်
လူမျိုး သူနာပြုဆရာမလေးက သူ့အား လွတ်မြောက်စေလိုသောကြောင့် ဆပ်ပြာ
တုံးပေါ်တွင် မြေပုံဆွဲပြီး သတင်းပေးရာမှ သူတို့အားလုံး လွတ်မြောက်ခဲ့ပါ
သည်။ သူနာပြု ဆရာမလေးမှာ သစ္စာဖောက်မှုဖြင့် လက်နက်ကိုင် အင်အားစု
၏ သေဒဏ်ပေးခြင်းကို ခံရပါသည်။ ထိုကြောင့် ဗိုလ်မှူးချုပ်မောင်မောင်သည်
သူ့အား တဖက်သက် ကြိုက်ရာမှ သူ လွတ်မြောက်ရေးအတွက် အသတ်ခံရ
သော သူနာပြုဆရာမလေးနှင့် ပက်သက်ပြီး ယူကြုံးမရ ဖြစ်ခါ ဘာသာကူးပြောင်း
ခဲ့သည်ဟု တချို့က ဆိုကြပါသည်။
ဗိုလ်မှူးကြီးမောင်မောင်တို့ အုပ်စုအား ကယ်ဆယ်အပြီးတွင်လည်း လာရာလမ်း
အတိုင်း မပြန်ခဲ့ကြပါ။ လာရာ လမ်းတလျှောက်တွင် ကရင်အင်အားစုများက
အသေပိတ်စို့ပြီး စောင့်နေမည်ကို ကြိုတွက် ခဲ့ကြပါသည်။ ထို့ကြောင့် ကယ်ဆယ်
ရေး တိုက်ပွဲအတွင်း ဒဏ်ရာဖြင့် ဖမ်းဆီးမိခဲ့သော ကရင်လက်နက်ကိုင် ဆေးတပ်သား
များကို ဓါးစားခံ လမ်းပြအဖြစ် ပြုလုပ်၍ ထိုင်းနိုင်ငံဖက်ရှိ နယ်စပ်သို့ ဦးတည်၍ ထွက်ပြေး
ခဲ့ကြပါသည်။ ထို့နောက် စစ်ရုံးချုပ်၏ စီစဉ်ပေးချက်အရ ရဟတ်ယာဉ်ဖြင့် နယ်စပ်မှ
အစိုးရစစ်တပ် ထိန်းချုပ်ရာဒေသသို့ ပြန်လည် ရောက်ရှိခဲ့ပါသည်။ နယ်စပ်သို့
သွားရာ လမ်းကိုပြခဲ့သော ဓါးစားခံ ကရင်လက်နက်ကိုင် ဆေးတပ်သားတို့ကို ရဟတ်
ယာဉ်ပေါ် မတက်မှီ သုတ်သင်ခဲ့ကြသည်ဟု ဆိုပါသည်။ သို့သော် အဆိုပါ ကရင်
ဆေးတပ်သားများနှင့်အတူ ကရင်လက်နက်ကိုင် အရာရှိကြီးတဦးကိုလည်း တိုက်ပွဲ
အတွင်း ဒဏ်ရာဖြင့် ဖမ်းဆီး မိခဲ့ပါသည်။ ထိုကရင်လက်နက်ကိုင် အရာရှိသည်
စာရေးဆရာ ရန်ကုန် ဘဆွေနှင့်အတူ မြန်မာပြည်လွတ်လပ်ရေး ရရန် အင်္ဂလိပ်၊ ဂျပန်
ဆန်ကျင့်ရေးများတွင် အတူတူ ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် ဓါးစားခံ
ကရင်လက်နက်ကိုင် ဆေးတပ်သားများကို ပစ်သတ်ချိန်တွင် စာရေးဆရာ
ရန်ကုန်ဘဆွေသည် ထိုကရင်အရာရှိအား မသတ်ပဲ လွတ်ပေးခဲ့ပါသည်။
ထို့ကြောင့် ရန်ကုန်ဘဆွေအား တပ်အမိန့်အား နာခံရန် ပျက်ကွက်မှုဖြင့်
ယင်းကယ်ဆယ်ရေးနှင့် ပက်သက်ပြီး လူသိထင်ရှား နိုင်ငံတော်ဆုတံဆိပ်ကို
လုံးဝ မပေးအပ်ရန် စစ်ရုံးချုပ်မှ ဆုံးဖြတ်ခဲ့ကြသည်ဟု ….
ယင်းကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သော ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် မ.ဆ.လ
ပါတီယူနစ် ဥက္ကဋ္ဌအဖြစ် ၁၉၈၈ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့သော
တပ်ရင်း(၉၀) တပ်ရင်းမှူး ဗိုလ်မှူးလှအေးထံမှ သိရှိရပါသည်။ ဗိုလ်မှူးလှအေး
သည် ယင်း ဒုဗိုလ်မှူးကြီးမောင်မောင်အား ကယ်ဆယ်ရေးအစီအစဉ်တွင်
သာမန် ရှေ့ပြေး တပ်စိတ်၏ တပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊
ယင်းကယ်ဆယ်ရေး အပြီးတွင် ဗိုလ်လောင်းသင်တန်း တက်ခွင့်ရခဲ့သူ ဖြစ်ပါ
သည်။
(ဤမျှသာ။)
Mar 24, 2009
Mar 23, 2009
တိုက်ယူရသည့် မျက်ရည်တပေါက် (ဇာတ်သိမ်းပိုင်း)
ရေးသူ- ရန်ကုန်ဘဆွေ
ယခင်အပိုင်း(၉)မှ အဆက် … … …
ဤနေရာတွင် Download ယူ၍ ဖတ်ရူပါ။
(မှတ်ချက်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )

Mar 20, 2009
မထူးဇာတ် (၂)
ကုရာနတ္ထိ ဆေးမရှိလို့
ရောဂါပေါင်းစုံ ကျွမ်းဝင်နေရင်
….....
“ဒီမှာ မိတ်ဆွေ
တူရကီနိုင်ငံမှာ အသင်းတချို့ရှိတယ်၊
ကြားဖူးသလား?
အသေခံဗုံးခွဲပေးသော လူသတ်သမားတွေရဲ့
ကျန်ရစ်သူ မိသားစုတွေကို ကူညီထောက်ပံ့တဲ့ အသင်းဗျာ”
…......
ကဲ စဉ်းစားကြ
စဉ်းစားကြ
မီးဇာကုန်လို့ ဆီခမ်းရင်
လျှော့ဈေးပေးလဲ
ဘယ်သူမှ မ၀ယ်ဘူး
မြန်မြန် စဉ်းစားဗျို့။ ။
-စစ်ငြိမ်းဒီရေ

Mar 14, 2009
ဗိုလ်မိုးကြိုး ခေါ် ဗိုလ်မှူးကြီး စူဇူကီ ကေအိဂျိ
ရေးသူ- စစ်ငြိမ်းဒီရေ
(မြန်မာဝတ်စုံဖြင့် တွေ့ရသော ဘီ၊အိုင်၊အေ ခေါ် ဗမာ့လွတ်လပ်ရေး
တပ်မတော်၏ မွေးသဖခင် ဗိုလ်မိုးကြိုး၊ ၁၉၄၂- ခုနှစ်။)
“ရဲဘော်တို့ အခြေအနေ အလွန်ကောင်းပါတယ်။ ခေါင်းဆောင်အရည်အချင်း
လည်း ပြည့်ဝတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် အခါတော်ကြုံပြီမို့ နိုကြွား
တက်ကြွ ကြပါ။ ရန်သူအင်အား နည်းနေတယ်။”
ဗိုလ်ချုပ်ကြီးမီနာမီ (မိုးကြိုး)(ဗိုလ်မှူးကြီး စူဇူကီ)
(စစ်သေနာပတိချုပ်- ဗမာ့လွတ်လပ်ရေးတပ်မတော်)
(၁၉၄၁၊ ဒီဇင်ဘာလ ၃၁၊ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ပြောကြားခဲ့သော
စစ်ထွက် မိန့်ခွန်း)
ဗိုလ်မှူးကြီး စူဇူကီသည် ဗမာ့လွတ်လပ်ရေးအတွက် ဗမာ့လွတ်လပ်ရေးတပ်မတော်
ဘီ၊အိုင်၊အေ (Burma Independence Army) တွင် ဗိုလ်ချုပ်ကြီး ရာထူးကို စတင်
ထမ်းဆောင်၍ ဗိုလ်ချုပ်အောင်ဆန်းပေးသော ဗိုလ်မိုးကြိုး ဟူသည့် အမည်ကို လက်ခံ
ခဲ့ပါသည်။ ဗိုလ်မိုးကြိုးခေါ် ဗိုလ်မှူးကြီး စူဇူကီသည် မီနာမီကီကန်းခေါ် မြန်မာပြည်
စစ်ဆင်ရေးအဖွဲ့တွင် ဦးဆောင် ပါဝင်ခဲ့သောကြောင့် ဘီ၊အိုင်၊အေ တွင် ပါဝင်သော
အခြား ဂျပန်အရာရှိများက ဗိုလ်ချုပ်ကြီး မီနာမီ ဟုလည်း ခေါ်ဝေါ်ကြပါသည်။
ဘီအိုင်အေ- ဖွဲ့စည်းပုံ (ဌာနချုပ်)
သေနာပတိ- ဗိုလ်ချုပ်ကြီး မီနာမီခေါ် ဗိုလ်မိုးကြိုး(ဗိုလ်မှူးကြီး စူဇူကီ)
စစ်ဦးစီးချုပ်- ဒု ဗိုလ်ချုပ်ကြီး မူရကာမီ (ဗိုလ်ကြီး နိုဒါး)
စစ်ဦးစီးအရာရှိအထက်တန်း- ဒု ဗိုလ်ချုပ်ကြီး အိုမိုဒါ (ဗိုလ်ချုပ်အောင်ဆန်း)
ဦးစီးအရာရှိ- ဒု ဗိုလ်မှူးကြီး အီတိုဒါ (ဗိုလ်ရန်အောင်)
ဦးစီးအရာရှိ- ဒု ဗိုလ်မှူးကြီး ဟိရတ (ဗိုလ်စကြာ)
စစ်ဆင်ရေးတာဝန်ခံ ဦးစီးအရာရှိ- ဒုဗိုလ်မှူးကြီး အီဂျီမာ(အရပ်သား ကီမတ)
စစ်ဆင်ရေးတာဝန်ခံ ဦးစီးအရာရှိ- ဒုဗိုလ်မှူးကြီး ရှင်မန်(အရပ်သား မိဇုတာနီ)
အုပ်ချုပ်ရေးအရာရှိချုပ်- ဗိုလ်မှူးကြီး ကီမူရ (အရပ်သား ဟိဂုချိ)
တပ်မတော်သက်သာချောင်ချိရေး အရာရှိချုပ်- မီနာမီအိုကာ(အရပ်သားစုဂိအိ)
ဆေးဝန်ထမ်းချုပ်- ဗိုလ်ချုပ်စူဇူကီ (ဒေါက်တာစူဇူကီ)
အထက်တွင် ဖော်ပြထားသော ဗမာ့လွတ်လပ်ရေးတပ်မတော် ဘီ၊အိုင်၊အေ
ဌာနချုပ်၏ ဖွဲ့စည်းပုံကို လေ့လာခြင်းဖြင့် ဗိုလ်မိုးကြိုးခေါ် ဗိုလ်မှူးကြီး စူဇူကီ
၏ အခန်းကဏ္ဍကို သိရှိနိုင်ပါသည်။
ဗိုလ်မိုးကြိုး၏ မြန်မာ့လွတ်လပ်ရေးအပေါ် သဘောထား …..
(၁)
၁၉၄၂ ခုနှစ်၊ မတ်လ၊ ရန်ကုန်ကို ဘီအိုင်အေနှင့် ဂျပန်စစ်တပ်များ သိမ်းယူ
ပြီးစဉ်က အမှတ်(၁၅) တပ်မတော်၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး နာစုနှင့်
ဘီ၊အိုင်၊အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ အကြီးအကဲ ဗိုလ်မိုးကြိုးတို့
၏ မြန်မာပြည်လွတ်လပ်ရေး ပေးရေး၊ မပေးရေးတို့နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲ
ကို လေ့လာကြည့်ပါ။ သူတို့နှစ်ဦးသည် စစ်တက္ကသိုလ်တွင် တတန်းတည်း ပညာ
သင်ကြားခဲ့သော ကျောင်းနေဖက် သူငယ်ချင်းအရင်းအချာ များ ဖြစ်ကြပါသည်။
(နာစု) သူတို့မြန်မာတွေကို လွတ်လပ်ရေးမပေးရင် ဂျပန်-မြန်မာ စစ်ပွဲ
ဖြစ်နိုင်မလား ….
(ဗိုလ်မိုးကြိုး)ဖြစ်နိုင်တယ်။ မြန်မာ့လွတ်လပ်ရေးဟာ စွဲမြဲခိုင်မာတဲ့ လှုပ်ရှား
မှုဖြစ်တာမို့၊ မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးသင့်တယ် …..
(နာစု) မဖြစ်နိုင်တာချည်း ပြောနေတယ်။ မင်းဟာ ဂျပန်မှ ဟုတ်သေးရဲ့လား။
မြန်မာပြည်တိုက်ပွဲမှာ ကျဆုံးခဲ့ကြတဲ့ ဒို့ရဲဘော်တွေရဲ့ ၀ိညာဉ်တွေကို မင်း
တောင်းပန်ဖို့ လိုမယ်လို့ကော မတွေးမိဘူးလား ….
(ဗိုလ်မိုးကြိုး) ကျဆုံးသူတွေက မြန်မာပြည်ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ဖို့
အသက်စွန့်ခဲ့ကြတာလို့ ငါမယူဆဘူး။ မြန်မာတွေရဲ့ အကူအညီကြောင့်ပဲ
အသေအပျောက် နည်းနည်းနဲ့ တိုက်ပွဲပြီးဆုံးခဲ့တာ မဟုတ်ဖူးလား …..
(၂)
(စာမျက်နှာ ၁၇၀၊ အီဇုမီယတတ်စုရော ရေးသားသော ကျွန်တော်ပါဝင်ခဲ့သော
မီနာမီကီကန်း စာအုပ်မှာ ကောက်နုတ်ချက်။)
၁၉၄၂ ခုနှစ်၊ မတ်လ အကုန်ပိုင်း၊ ဘီ၊အိုင်၊အေ ဌာနချုပ်(ရန်ကုန်မြို့) ….
ဗိုလ်မှူးကြီး စူဇူကီသည် အောင်ဆန်းနှင့် ဘီအိုင်အေ ခေါင်းဆောင်များကို
သူ၏ အခန်းသို့ ခေါ်ယူပြီး ပထမဆုံး …
“ဘယ်တော့ လွတ်လပ်ရေးကြေညာကြမှာလဲ” ဟု မေးသည်။ အောင်ဆန်းနှင့်
သူ့ရဲဘော်များမှာ ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်သွားပြီး မျက်နှာတွင်
ဘာအရိပ်အယောင်မှ မပြပဲ မဖြေဘဲ နေကြ၏။
ဗိုလ်မှူးကြီး စူဇူကီက “မင်းတို့က မြန်မာတွေမို့ ဂျပန်တပ်တွေကို ပြန်ချရင်
ဘာတတ်နိုင်မှာလဲ၊ ကဲ အခုဘာလုပ်ကြမလဲ” ဟု မေးရာ မည်သူကမျှ ပြန်မဖြေပါ။
“ဒါပေမယ့် ငါက ဂျပန်၊ ဒါကြောင့် မင်းတို့ကို ငါခေါင်းဆောင်ပြီး ဂျပန်ကို မတိုက်
နိုင်ဘူး၊ မင်းတို့က ဘာမှ စိတ်ထင့်နေစရာမလိုဘူး။ လွတ်လပ်ရေးအတွက်
ဂျပန်တပ်မတော်ကို ခံချရမှာပဲ။ ငါ့ကိုတော့ အလျင်သတ်ပြီးမှ တိုက်ကြစမ်း”
ဟု ဆိုခဲ့ပါသည်။
(၃)
ဗိုလ်မိုးကြိုး၏ နောက်ဆုံးလက်ဆောင် ….
ဗိုလ်မှူးကြီးစူဇူကီသည် မြန်မာပြည်ကာကွယ်ရေးအတွက် အခြေခံကျသော
သတိရ လက်ဆောင်တခု ပေးခဲ့ပါသည်။ ထိုလက်ဆောင်မှာ မြန်မာ့ရေတပ်မတော်
ဖွဲ့စည်းပေးခဲ့ခြင်းပင် ဖြစ်ပါသည်။ ဗြိတိသျှ ရေတပ်တွင် အမှုထမ်းခဲ့သော
မောင်တင်ကြည် ဆိုသူ ဦးဆောင်မှုဖြင့် အရာရှိဟောင်း ခြောက်ယောက်နှင့် တပ်သား
၂၄ ယောက် တို့ကို စုဆောင်း၍ ၁၉၄၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် မြန်မာ့ရေတပ်
မတော်ကို ထူထောင်ပေးခဲ့ပါသည်။ …..
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော လွတ်လပ်
ရေးလှုပ်ရှားသူများဖက်မှ အမြဲတမ်း အကာအကွယ်ပေးခဲ့သူ ဗိုလ်မှူးကြီးစူဇူကီခေါ်
ဗိုလ်မိုးကြိုးအား ဂျပန်ဘုရင့်ကိုယ်ရံတော်တပ်ဌာနချုပ်သို့ ပြောင်းရွေ့အမှုထမ်း
ရန် ဂျပန်စစ်ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ပါသည်။ ၁၉၄၂ ခုနှစ် ဇူလိုင် ၁၄ ရက်
နေ့တွင် ဗမာ့လွတ်လပ်ရေး၏ ကျေးဇူးရှင်၊ ဗမာ့လက်နက်ကိုင်လှုပ်ရှားမှု၏
ဦးဆောင် မွေးသဖခင် ဖြစ်သော ဗိုလ်မှူးကြီး စူဇူကီ ခေါ် ဗိုလ်မိုးကြိုး ခေါ်
ဗိုလ်ချုပ်ကြီး မီနာမီသည် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလများတွင် မြန်မာပြည်အစိုးရ
သည် ကွယ်လွန်သူဗိုလ်မှူးကြီးစူဇူကီ၏ ကျေးဇူးသစ္စာကို အောင့်မေ့သတိရသော
အားဖြင့် သူ၏ ကျန်ရစ်သူမိသားစုအား အောင်ဆန်းတံခွန်ဘွဲ့တံဆိပ်ကို အပ်နှင်း
ခဲ့ပါသည်။
သူ၏ ပုံစံတူရုပ်ထုတခု၊ သူ့အား ဂုဏ်ပြုသောအားဖြင့် သူ့အမည်ပါသော
လမ်းအမည်တခု၊ သူ့အားလွမ်းဆွတ်ဖွယ် သူ့အမည်ဖြင့် ဂုဏ်ပြုထားသော
ကလေးကစားကွင်းလေး တခု အစရှိသော ဂုဏ်ပြုခြင်းများ မတွေ့ရှိရသော
ကြောင့် သူ၏ လွတ်မြောက်ရေးနိုးဆော်ခြင်း ခံရသူများသည် သူ့စေတနာဖြင့်
ထိုက်တန်ပါ၏ လော …..
ပြည်ပအားကိုး ပုဆိန်ရိုး ဟု ပြောချင်နေသူများအတွက် တင်ပြပါသည်။
(ဤမျှသာ။)
မှီငြမ်း -
နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ (ပ၊ဒု၊တ)။
အိဇုမိယ တတ်စုရော- ကျွန်တော်ပါဝင်ခဲ့သော မီနာမီကီကန်း။
စစ်ဦးစီးတက္ကသိုလ်- တပ်မတော်အခြေပြုစာတမ်း။

Mar 13, 2009
တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၉)
ရေးသူ- ရန်ကုန်ဘဆွေ
ယခင်အပိုင်း(၈)မှ အဆက် … … …
ဤနေရာတွင် Download ယူ၍ ဖတ်ရူပါ ခင်ဗျာ။
(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )
ယခင်အပိုင်း(၈)မှ အဆက် … … …
ဤနေရာတွင် Download ယူ၍ ဖတ်ရူပါ ခင်ဗျာ။
(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )
Mar 12, 2009
အောင်ဆန်းသူရိယ ဆပ်ဘဟားဒူးရွိုင်း
တင်ပြသူ - စစ်ငြိမ်းဒီရေ
၁၉၅၀ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ ပြည်ပမှ ကျူးကျော်လာသော
ကူမင်တန် တရုတ်ဖြူတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကို ခုခံရင်
တရုတ်ဖြူ စစ်သားအလောင်း တရာကျော်၏အလယ်တွင် တပ်သား
ဆပ်ဘဟားဒူးရွိုင်း ရဲဝင့်စွာကျဆုံးခဲ့ပါသည်။ ရဲဘော် ဆပ်ဘဟား
ဒူးရွိုင်းသည် ကျဆုံးချိန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံသား မှတ်ပုံတင်ကဒ်ပြား
သော်လည်းကောင်း၊ ဧည့်နိုင်ငံသား မှတ်ပုံတင်ကဒ်ပြား သော်လည်းကောင်း
လုံးဝ မပိုင်ဆိုင်ခဲ့သော နိုင်ငံအပေါ် ချစ်မြတ်နိုး၍ သစ္စာရှိခဲ့သူ ဖြစ်ပါသည်။
ရဲဘော် ဆပ်ဘဟားဒူးရွိုင်း ကျဆုံးပြီးမှ ကျန်ရစ်သူ မိသားစုတို့သည်
မြန်မာနိုင်ငံ၏ နိုင်ငံသားများအဖြစ် အသိအမှတ်ပြုခြင်းကို ခံရပါသည်။
ရဲဘော် ဆပ်ဘဟားဒူးရွိုင်းသည် နီပေါနိုင်ငံသား မိဘ၊ ဘိုးဘွားများမှ
ပေါက်ဖွားဆင်းသက်လာသူ ဟု သိရပါသည်။ သူသည် မြန်မာနိုင်ငံ၏
သမိုင်းတွင် နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား မရှိသူ သို့မဟုတ် နိုင်ငံသား
အဖြစ် အသိအမှတ်ပြုထားခြင်း မခံရခင် အချိန်တွင် နိုင်ငံတော်၏
အဆင့်မြင့်ဆုံးသော အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ကို ရရှိသူ ဖြစ်
ပါသည်။ (အလျဉ်းသင့်ပါက နောင်တွင် သူ့သမိုင်းအား တင်ပြပါ့မည်။)

Mar 9, 2009
လက်ဆေးမိုး
စောလုံငယ်ရဲ့ နောင်တအရှိုး
လွမ်းမောဖွယ်ရာ အတိတ်ဇာတ်ဆိုး
သည်းခံစိတ်ဖြင့် ခွင့်လွှတ်ပြေဖို့
ခါတော်မှီ၏ လက်ဆေးမိုး။
ရုပ်ထုဟောင်းလည်း သန့်စင်ပါစေ
ရုပ်ထုသစ်များ သွန်းလောင်းခါရည်
စာခြောက်ရုပ်ငယ် ဆွေးဇာတ်ပေါင်းရင်
ငုနဲ့ ပိတောက်တို့ မွှေးထုံးပေါ့။
အရှုံးတွေကို မဆောင်ကြဉ်နဲ့
အမုန်းကိုလည်း ခြေရာဖျောက်ပြီး
အာဃာတများ ဆိတ်သုန်းကြွေကျ
ငုနဲ့ ပိတောက်တွေ ပွဲမြေခ။
ဇာတ်ကြီးသူတို့ လွမ်းနာပျောက်အောင်
ရုပ်ဆိုးသူရဲ့ ယိမ်းအကနဲ့
မြေဇာမြက်ကို ပျော်တော်ဆပ်ဖို့
ငုနဲ့ပိတောက်ပေါ် ခွဲဝေစို့။
မျက်ရည်မြစ်က ရာသီရထား
စီးခွင့်ပျောက်ဆုံး ပျံလွှားဌက်အား
တွေးပြီးစောင့်ခဲ့ သည်သကောင့်သား
အသစ်စက်စက် ငုနဲ့ ပိတောက်များ။
-စစ်ငြိမ်းဒီရေ
လွမ်းမောဖွယ်ရာ အတိတ်ဇာတ်ဆိုး
သည်းခံစိတ်ဖြင့် ခွင့်လွှတ်ပြေဖို့
ခါတော်မှီ၏ လက်ဆေးမိုး။
ရုပ်ထုဟောင်းလည်း သန့်စင်ပါစေ
ရုပ်ထုသစ်များ သွန်းလောင်းခါရည်
စာခြောက်ရုပ်ငယ် ဆွေးဇာတ်ပေါင်းရင်
ငုနဲ့ ပိတောက်တို့ မွှေးထုံးပေါ့။
အရှုံးတွေကို မဆောင်ကြဉ်နဲ့
အမုန်းကိုလည်း ခြေရာဖျောက်ပြီး
အာဃာတများ ဆိတ်သုန်းကြွေကျ
ငုနဲ့ ပိတောက်တွေ ပွဲမြေခ။
ဇာတ်ကြီးသူတို့ လွမ်းနာပျောက်အောင်
ရုပ်ဆိုးသူရဲ့ ယိမ်းအကနဲ့
မြေဇာမြက်ကို ပျော်တော်ဆပ်ဖို့
ငုနဲ့ပိတောက်ပေါ် ခွဲဝေစို့။
မျက်ရည်မြစ်က ရာသီရထား
စီးခွင့်ပျောက်ဆုံး ပျံလွှားဌက်အား
တွေးပြီးစောင့်ခဲ့ သည်သကောင့်သား
အသစ်စက်စက် ငုနဲ့ ပိတောက်များ။
-စစ်ငြိမ်းဒီရေ
Mar 6, 2009
လေးနက်တည်ကြည်သော လူပြက်တစ်ဦး (ဒုတိယပိုင်း)
ဘာသာပြန်သူ- ဆရာမြသန်းတင့်
ယခင် ပထမပိုင်းမှ အဆက် ….
လူသည် မည်မျှ အသိဉာဏ်ရှိသည်ဆိုစေ တိရစ္ဆာန်တို့အကြောင်း နားမလည်း
ဟု သူ ယူဆပါသည်။ ရုရှားများသည် “ကြက်မလို ကန်းသည်” ဟု ဘာကြောင့်
ပြောကြသနည်း။ ကြက်မသည် လူမမြင်ခင်ကတည်းက စွန်ကို ကြိုမြင်ပါသည်။
မြည်းလို ခေါင်းမာသည်ဟု ပြောကြပါသည်။ မဟုတ်ပါ။ မြည်းသည် မတရား
သဖြင့် အခိုင်းခံရသည့်အတွက် ထုံသွားခြင်းသာ ဖြစ်ပါသည်။ တခါတရံမှာသာ
လျှင် ကြောက်ကြောက်နှင့် ခုခံတတ်ပါသည်။ ၀က်သည် အသန့်ရှင်းဆုံး သတ္တ၀ါ
ဖြစ်ပါသည်။ ရွှံ့ထဲတွင် လူးခြင်းမှာ ကိုယ်တွင် ကပ်နေသော အသေးအမွှားတို့ကို
သုတ်သင်ခြင်း ဖြစ်ပါသည်။ သန့်ရှင်းသည့် နေရာတွင်သာထားလျှင် လူ့ထက်
အများကြီး သန့်ရှင်းပါသည်။
ဂျာမန် ရေငုပ်သင်္ဘောများကို တိုက်ခိုက်ရာတွင် ရေမြင်းများကို အသုံးပြုရန်
အဆိုကို အဘယ့်ကြောင့် ပယ်ချခဲ့ပါသနည်း။ ယဉ်ပါးအောင် သွန်သင်ထား
သော လင်းယုန်ဌက်များကို အသုံးပြုကာ ဂျာမန်ဗုံးကြဲ လေယာဉ်တို့ကို ဖျက်ဆီး
ရန် တင်ပြချက်ကို အဘယ်ကြောင့် မစဉ်းစားခဲ့ကြပါသနည်း။ ကြိုက်သလို
ထင်နိုင်ပါသည်။ လူဆိုသည်မှာ တော်တော် ဆက်ဆံရခက်သည့် သတ္တ၀ါတမျိုး
ဖြစ်ပါသည်။ ယင်းမှာ ဒူးရော့၏ အမြင် ဖြစ်ပါသည်။
တခါတွင် ဒူးရော့သည် အသည်းအသန် နာမကျန်း ဖြစ်ပါသည်။ သူသေသည့်
အခါတွင် သူ့ကို (အသုဘကို) တိရစ္ဆာန်များအား လိုက်ပို့ခွင့်ပြုရန် သေတမ်းစာ
ရေးခဲ့ပါသည်။ သာသနာဘက်ဆိုင်ရာတို့က သူ့သေတမ်းစာသည် ဓမ္မဂိုဏ်းသင့်
သည်ဟု ယူဆသည်။ တိရစ္ဆာန်များတွင်လည်း ၀ိဉာဉ် ရှိသည်ကို လူတို့မသိကြ
ဟု ဒူးရော့ ယူဆပါသည်။ နောက် ဆယ်နှစ်, ဆယ့်ငါးနှစ်ကြာသည့်အခါတွင်
“၀ိဉာဉ်” ဆိုသော စကားသည် ပျောက်ကွယ်သွားကာ ထိုနေရာတွင် “အာရုံကြော
တုံ့ပြန့်မှု” ဆိုသည့် စကားလုံး ပေါ်လာခဲ့သည်။ သို့တိုင်အောင် အချို့လူများက
ဝေါဟာရကို အယုံအကြည် မရှိလှဘဲ သံသယဖြင့် ပြုံးနေတတ်ကြပါသည်။ ဥပမာ
အားဖြင့် ဇီဝကမ္မဗေဒပညာရှင်တို့က ခွေးသည် အရောင်ကို မခွဲနိုင်ဟု ဆိုကြပါ
သည်။ ဒူးရော့က စိတ်ဆိုးမာန်ဆိုးဖြင့် ငြင်းပါသည်။ “ကျုပ်ခွေးတွေ လာကြည့်စမ်း
ပါ၊ ခုမှ သင်ရတဲ့ ခွေးပေါက်စကလေးတောင် ဘောလုံးအစိမ်းနဲ့ ဘောလုံးအနီကို
ကောင်းကောင်း ခွဲပြနိုင်တယ်” ဟု ပြောပါသည်။
ဒူးရော့၏ဇနီး အင်နာအစ်နာယက်နာသည် တိရစ္ဆာန်များကို အလွန်ချစ်တတ်ပါ
သည်။ သို့တိုင်အောင် သူ့ဇနီးသည် အိပ်ခန်းထဲတွင် မျောက်များ၊ ခွေးများ၊
ကြောင်များနှင့် ကြက်တူရွေးများကို အိပ်ခန်းထဲသို့ ၀င်ခွင့်ပြုကြောင်း၊ ဖြူကောင်
များ၊ ငန်းများကိုမူ ၀င်ခွင့်မပြုကြောင်း ဒူးရော့က ၀မ်းပန်တနည်း ပြောတတ်ပါသည်။
“ဒါ တရားသလားဗျာ၊ ဟုတ်သလားဗျာ” ဟု ကျွန်တော့်ကို မေးပါသည်။
တခါတွင်လည်း ဒူးရော့သည် ပညာရေးဝန်ကြီး လူနာချာစကီထံသို့ ရောက်လာကာ
သူ့ထုံးစံအတိုင်း စာတမ်းတစောင်ကို လက်မှတ်ထိုးပေးဖို့ ပြောပါသည်။ လူနာချာစကီ
က သူ စဉ်းစားပါဦးမည်ဟု ပြောပါသည်။ ထိုစဉ် ဒူးရော့၏ အချစ်တော် ကြွက်ကလေး
ဆင်ကာသည် သူ့အိတ်ထဲမှ ခုန်ထွက်လာကာ စားပွဲပေါ်တွင် ရှေ့လက်နှစ်ဖက်
မြှောက်၍ ရပ်နေပါသည်။ လူနာချာစကီမှာ ကြွက်ကို ကြောက်တတ်သူ ဖြစ်ပါသည်။
“အမယ်လေး … ယူသွားစမ်းပါဗျာ၊ ယူသွားစမ်းပါ” ဟု အော်ပါသည်။ ဒူးရော့က သက်ပြင်း
တချက် ချလိုက်ပြီး “ဆော်ရီးပဲ ၀န်ကြီး၊ ကျွန်တော် ခေါ်လို့ မရပါဘူး၊ သူက သူ့ရဲဘော်
ကိုယ်စား တောင်းဆိုနေတာပါ၊ ကြွက်တို့ရဲ့ သွေးစည်းညီညွှတ်မှုဆိုတာ အဲဒါပါပဲ”ဟု
ပြောပါသည်။
နောက်ဆယ်နှစ်ကြာသည့်အခါ ပါရီရှိ ကူပိုးဇာတ်ရုံတွင် ဒူးရော့သည် အခြားကြွက်
တကောင်ဖြင့် ရောက်လာပါသည်။ သူ့ကြွက်ကို မြင်သဖြင့် မိန်းမတွေက အလန့်
တကြား အော်ကြသည့်အခါတွင် ဒူးရော့သည် တအံ့တသြ ဖြစ်နေပါသည်။ သူ့ကြွက်
သည် သာမန်ကြွက် မဟုတ်ကြောင်း၊ ကြွက်အနုပညာရှင်ဖြစ်ကြောင်း ရှင်းပြပါသည်။
သို့ရာတွင် မည်သူကမျှ နားမထောင်ကြပါ။
ညစာစားထွက်လာသည့်အခါတွင် ဒူးရော့သည် သိပ္ပံပညာအကြောင်း၊ တိုးတက်
မှုအကြောင်းတို့ကို ပြောပါသည်။ ပြောနေရင်း သူ့လက်ကိုင်ပ၀ါကို ထုတ်ပါသည်။
လက်ကိုင်ပ၀ါနှင့်အတူ ငါးအရှင်တကောင်၊ သို့မဟုတ် အမဲသားတတုံး ပါလာတတ်
ပါသည်။ သူ့အိတ်ကပ်များထဲတွင် တိရ စ္ဆာန်များအတွက် စားစရာ ၀ါးစရာတွေ
အမြဲရှိ နေတတ်ပါသည်။
သူသည် လူတွေကိုကြည့်ပြီး တိရ စ္ဆာန်တွေအကြောင်းကို တွေးနေပါသည်။
သူ့ တဲရီးယားခွေးကလေးတွေ တစုံတရာကို ကျေနပ်သွားလျှင် ပြုံးပြီး ဖင်ကလေး
တွေ တယမ်းယမ်း ဖြစ်နေတတ်ကြောင်းကို ပြောပြရင်း -
“ခံစားချက်တွေကို ဖော်ပြပုံ ဖော်ပြနည်းမှာ လူနဲ့ တိရ စ္ဆာန်ဟာ သိပ်မကွာဘူး
ဗျ၊ အတူတူပဲ၊ ဥပမာ ဖင်ယမ်းတဲ့ကိစ္စ ဆိုပါတော့၊ ကပွဲတွေဘာတွေမှာ ကောင်လေး
တယောက်က ကောင်မလေးတယောက်ကို အတူတွဲကဖို့ ဖိတ်တော့မယ်ဆိုရင်
အဲဒီကောင်လေးကို လှမ်းကြည့်လိုက်။ ဖင်ကလေး တယမ်းယမ်းနဲ့ မြင်ရလိမ့်မယ်”
ဟု ပြောပါသည်။
သူနှင့် ဇနီးအင်နာသို့ ပါရီသို့ ရောက်လာသည့်အခါတွင် ကျွန်တော်တို့က လူမည်း
ကျောင်းသားများ၊ အနုပညာရှင်များ၊ ကိုယ်ဟန်ပြမယ်များ လာလေ့ရှိသည့် ကပွဲ
တခုသို့ ခေါ်သွားပါသည်။ ဒူးရော့သည် တွဲကနေကြသည် စုံတွဲများကို သေသေ
ချာချာကြည့်နေရာမှ ၀မ်းသာအားရဖြင့် -
“အမေကြီးရေ ကြည့်စမ်း ကြည့်စမ်း၊ ဟိုမှာ အတွဲတွေ ဗိုက်ချင်းပွတ်နေကြတာ၊
သူတို့အာရုံကြောတွေ တုံ့ပြန်ပုံက ကြက်တူရွေးတွေနဲ့ တထေရာတည်းပဲ” ဟု
အော်ပါသည်။
အင်နာက -
“ပါရီရောက်တုန်း အ၀တ်အစားကလေး ဘာလေးတွေ ၀ယ်မလို့စိတ်ကူးထားတာ၊
ခုတော့ ဒူးရော့က သစ်ကုလားအုပ်တကောင် ၀ယ်လိုက်လို့ ပိုက်ဆံမကျန်တော့ဘူး၊
သစ်ကုလားအုပ်ကလည်း ဈေးကြီးသလား မမေးနဲ့၊ ပြီးတော့ သူ့ကို သယ်သွားရင်
လည်း စပယ်ရှယ်တွဲနဲ့ တင်ရမှာ” ဟု ကျွန်တော့်ကို ပြောပြီး ညည်းနေပါသည်။
ဒူးရော့သည် မီးမတ်စ်ဆိုသည့် သူ့မျောက်ဝံကြီးကို တော်တော်ချစ်ပါသည်။ မျောက်
ဝံကြီးကို သူ ဘယ်လိုသင်ကြားရပုံကို ကျွန်တော့်ကို အသေးစိတ် ပြောပြပါသည်။
“မီးမတ်စ်က ခု အက္ခရာတွေကို အသံထွက် ရွတ်တတ်နေပြီဗျ၊ စကားလည်း
တော်တော်လေး ပြောတတ်နေပြီ၊ စာလည်း အရေးသင်နေပြီ၊ ခု လောလော
ဆယ်မှာတော့ ၀လုံးကို ကောင်းကောင်းရေးတတ်နေပြီ၊ အဲဒီကနေ တဖြည်းဖြည်း
သင်ပေးရမယ်” ဟု ပြောပါသည်။
ထို့နောက် ဂြိုလ်ဆိုးဝင်လာပါသည်။ ဒူးရော့သည် မင့်စ်တွင် သွား၍ ဆပ်ကပ်ပြရ
ပါသည်။ သူသည် မီးမတ်စ်ကို အထူးဂရုစိုက် ခေါ်သွားပါသည်။ ဆပ်ကပ်ကြိုးဝိုင်း
ထဲသို့ပင် မသွင်းပါ။ သို့ရာတွင် အိမ်တွင်ထားခဲ့လျှင် ဂရုမစိုက်ကြမည်စိုးသဖြင့်
တမင် ခေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ မျောက်ဝံကြီးမှာ မကြာခဏ နေထိုင်မကောင်း
ဖြစ်တတ်ပါသည်။ ယခုအခေါက်တွင်မူ အဆုတ်အအေးမိရောဂါ ဖြစ်ပါတော့သည်။
သူသေသွားပုံကို ဒူးရော့က ပြောပြပါသည်။
“ဒီကောင်က ဟိုတယ်က ကျွန်တော့်အိပ်ရာပေါ်မှာ အိပ်တယ်ဗျ၊ မျောက်ဝံတကောင်
ကို အိမ်မှာလို နေတတ်အောင် သင်ရတာ အခက်ဆုံးပဲဗျာ၊ ကြောင်ကို အိမ်ခင်အောင်
လုပ်ရတာလွယ်တယ်၊ ဒါပေမဲ့ မျောက်ဝံက သတိတို့ဘာတို့ သိပ်ကောင်းတာ မဟုတ်
ဘူး၊ သူတို့က အပြင်မှာ ပျော်တယ်၊ ဒီတော့ အိမ်ထဲမှာ ကောင်းကောင်းမွန်မွန် နေရရင်
သိပ်စိတ်ညစ်တာပေါ့၊ ဒါပေမဲ့ ကျွန်တော့်ကောင်ကြီး မီးမတ်စ်ကတော့ ဒီလို မဟုတ်ဘူး
ဗျာ၊ နေမကောင်းဘူး၊ ငြိမ်ငြိမ်နေဆိုရင် အသာလှဲနေတာပဲ၊ အဲဒီနေ့ကတော့ သူ
ကျွန်တော့် ခုတင်ပေါ်ကထ၊ နောက်ဖေးစက္ကူ နည်းနည်းဆုတ်ပြီး အိမ်သာကိုသွား
တယ်၊ အိမ်သာမရောက်ခင် လမ်းမှာ လဲကျသေသွားတယ်ဗျာ”
ဒူးရော့၏ မျက်လုံးထဲတွင် မျက်ရည်တွေ ၀ဲနေပါသည်။
သူ၏ ကမ္ဘာ့အမြင်ကို နားလည်ရန် ခက်သည်ဟု ကျွန်တော် ပြောခဲ့ပါသည်။ သို့ရာတွင်
ဆပ်ကပ်ကြိုးဝိုင်း အတွင်းမှာရော၊ သိပ္ပံဆိုင်ရာ အစည်းအဝေးများတွင်ပါ သူသည်
စစ်ကို မုန်းကြောင်း ပြောခဲ့ပါသည်။
“လက်နက်ဖျက်သိမ်းရေးကိစ္စတွင် ပထမဆုံး ရဲရင့်စွာဦးဆောင်သူမှာ ဆိုဗီယက်ရုရှား
ဖြစ်ပါသည်။ ယခုတိုင်လည်း သူ့နာမူနာအတိုင်း လုပ်ကြရန် အခြားသော နိုင်ငံများကို
တိုက်တွန်းလျက် ရှိပါသည်” ဟု ၁၉၂၄ ခုနှစ်တုန်းက သူ ရေးခဲ့ပါသည်။ (ထိုစကားများ
ကို ပြောခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ့်ခြောက်နှစ် ကြာခဲ့ပါပြီ။ သမိုင်းတွင် တခါမျှ မရှိဖူး
ခဲ့သော စစ်ပွဲကြီးလည်း ပြီးခဲ့ပါပြီ။ ဒူးရော့၏ စကားများသည် ယနေ့ထုတ်ဝေနေသည့်
သတင်းစာထဲမှ ကူးယူထားသည့် စကားလုံးများဟုပင် ထင်ရပါသည်။ ယင်းတို့ကို
ပြန်စဉ်းစားလိုက်လျှင် တော်တော် ၀မ်းနည်းဖို့ ကောင်းပါသည်။)
ဒူးရော့၏ ဘ၀တခုလုံးသည် ကဗျာနှင့် ခပ်ကြောင်ကြောင်အဖြစ်တို့ ဖွဲ့စည်းထား
သည့် ဘ၀ ဖြစ်ပါသည်။ မှူးမတ်ကြီးတဦး၏ သားဖြစ်သည့် ဒူးရော့သည် သူ ငယ်စဉ်
က မော်စကို ဂျင်မနီစီယန်မှ ကျင်းပသည့် တတိယတန်း ဘာသာရေး စာမေးပွဲကို
သွား ဖြေရပါသည်။ သူသည် စာမေးပွဲခန်းထဲသို့ ရိုးရိုးဝင်မလာဘဲ လက်နှစ်ဖက်ကို
မြေကြီးတွင် ထောက်ပြီး ကင်းမြှီးကောက်ထောင်၍ ၀င်လာပါသည်။ စာစစ်သူများသည်
အလယ်ခေတ်တုန်းက ရှိခဲ့သော လက်လှည့်သမားများအကြောင်းကို မကြားဖူးကြပါ။
ထို့ကြောင့် မထီမဲ့မြင် လုပ်ရကောင်းလားဆိုကာ သူ့ကို စာမေးပွဲဖြေခွင့် မပေးဘဲ
အိမ်ပြန်ပို့လိုက်ကြပါသည်။
အသက်ကြီးလာသည့်အခါတွင် ဒူးရော့အနီးတွင် သိပ္ပံပညာရှင် သုခမိန်တွေ ၀ိုင်းနေ
ပါသည်။ ပါမောက္ခ ကိုဇက်နီကော့နှင့် ပါမောက္ခ လီယွန်တိုဗစ်တို့က သူ့ စာအုပ်
တအုပ်တွင် နိဒါန်းရေးပေးကြပါသည်။ ဒူးရော့နှင့် ဆပ်ကပ်လူပြက်တယောက်ကြားတွင်
ဘာတွေတူညီချက် ရှိသနည်းဟု မေးကောင်းမေးကြပါလိမ့်မည်။ သို့ရာတွင် သူသည်
သေသည်အထိ ဆပ်ကပ်သမားတဦးအဖြစ် နေသွားခဲ့ပါသည်။ ဆပ်ကပ်ကြိုးဝိုင်းကို
ဆဲရေးတိုင်းထွာသော်လည်း ထိုဆပ်ကပ်ကြိုးဝိုင်းအပြင်သို့ သူ မထွက်နိုင်ပါ။
၁၉၃၄ ခုနှစ် နွေရာသီ သူ ကွယ်လွန်သောအခါတွင် ဘိုဇီဒွန်ကာ ရပ်ကွက်မှ ဆပ်ကပ်ရုံ
ဆီသို့ သူ့ရုပ်ကလာပ်ကို သယ်လာခဲ့ပါသည်။ ထောင်ပေါင်းများစွာသော လူထုများ
သည် မျိုးဆက်ပေါင်းများစွာကို ရွှင်မြူးစေခဲ့သည့် လူပြက်တဦးကို နောက်ဆုံး လာရောက်
နှုတ်ဆက်ခဲ့ကြပါသည်။ သို့ရာတွင် ခွေးများကမူ နားရွက်ကို ပေး၍ နားထောင် နေကြ
ပါသည်။ အနံ့ခံစောင့်နေကြပါသည်။ ဆပ်ကပ်ထဲမှ ရေမြင်းများကလည်း သူ့ကို စောင့်
နေကြပါသည်။ ကျီးများကလည်း စောင့်နေကြပါသည်။ ထိုမျှမက သူ့အမည်ကို
အချည်းနှီး အော်ခေါ်နေကြပါသည်။ ဒူးရော့က ပေါ်မလာတော့ပါ။ နောင်တွင်လည်း
သူ့လို လူမျိုးကို ကျွန်တော်တို့ တွေ့ရတော့မည် မဟုတ်ပါ။
၁၉၂၁ ခု နှစ်ဆန်းလောက်က သူနှင့်ကျွန်တော်သည် ပိန်ချုံးနေသော်လည်း ရွှင်လန်း
သွက်လက်နေသည့် ကုလားအုပ်တကောင်ဆွဲသော စွပ်ဖားကလေးကိုစီးကာ ပြဇာတ်
ဌာနမှ အိမ်သို့ ပြန်လာခဲ့ကြပါသည်။ ထိုစဉ် ဒူးရော့က -
“ကျွန်တော်တို့ကို ဘာဖြစ်လို့များ လူပြက်လူပြက်လို့ ခေါ်နေကြသလဲ မသိဘူး၊
ခင်ဗျားကို လျှို့ဝှက်ချက်တခုတော့ ပြောလိုက်ရဦးမယ်၊ လူပြက်တွေဟာ ကမ္ဘာပေါ်မှာ
အလေးနက်ဆုံး လူတွေဗျ၊ အဲဒါကိုတော့ ခင်ဗျား မှတ်ထား”
ဟု ရုတ်တရက် ပြောပါသည်။
(ပြီးပါပြီ။)
(မှတ်ချက်။ ။ကွယ်လွန်သူ ဆရာမြသန်းတင့် ဘာသာပြန်ရေးသားပြုစုခဲ့သော
အီလျာ ဂရီဂိုးဗစ်ခ်ျ အာရင်ဘာ့ခ်၏ men,years- life စာအုပ်မှ ထုတ်နုတ်
ကူးယူဖော်ပြပါသည်။ မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာ၏ ကျန်ရစ်သူမိသားစု
အား ရိုသေစွာ တောင်းပန်အပ်ပါသည်။ ….. ကိုအောင်(ပျူနိုင်ငံ) … )

Mar 5, 2009
လေးနက်တည်ကြည်သော လူပြက်တစ်ဦး (ပထမပိုင်း)
ဘာသာပြန်သူ- ဆရာမြသန်းတင့်
(မှတ်ချက်။ ။ကွယ်လွန်သူ ဆရာမြသန်းတင့် ဘာသာပြန်ရေးသားပြုစုခဲ့သော
အီလျာ ဂရီဂိုးဗစ်ခ်ျ အာရင်ဘာ့ခ်၏ men,years- life စာအုပ်မှ ထုတ်နုတ်
ကူးယူဖော်ပြပါသည်။ မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာ၏ ကျန်ရစ်သူမိသားစု
အား ရိုသေစွာ တောင်းပန်အပ်ပါသည်။ ….. ကိုအောင်(ပျူနိုင်ငံ) … )
ဒူးရော့သည် အနာဂတ်ဝါဒီများကို မထောက်ခံသော်လည်း သူကိုယ်တိုင်မှာ
ခပ်ဆန်းဆန်း၊ ခပ်ကြောင်ကြောင် လူတစ်ယောက်ဖြစ်ပါသည်။ ကလေးဇာတ်
သဘင်အတွက် ပထမဆုံး တင်ဆက်သည့် ဇာတ်၏ အမည်ကလည်း ခပ်ကြောင်
ကြောင်၊ ခပ်ဆန်းဆန်း ဖြစ်ပါသည်။ “ကမ္ဘာ့ယုန်များ သွေးစည်းညီညွှတ်ကြလော့”
ဆိုသည့် အမည်ဖြစ်ပါသည်။ ဇာတ်စဖွင့်လျှင် ဖွင့်ချင်း “အရင်းကျမ်း” ဟု ရေးထား
သော သစ်သားဖြင့် လုပ်ထားသည့် စာအုပ်ဖုံးကြီးတစ်ခုကို ကိုင်၍ တောယုန်
ကလေးတစ်ကောင် ထွက်လာပါသည်။ ယုန်ခေါင်းဆောင်က “အရင်းကျမ်း” စာအုပ်
ကြီး လှန်လှောဖတ်နေပြီးနောက် အခြားတောယုန်များကို လှမ်းခေါ်လိုက်ပါသည်။
အနည်းဆုံး နှစ်ဆယ်လောက်ရှိပါလိမ့်မည်။ နောက်တစ်ခန်းတွင် ဇာတ်စင်ပေါ်၌
နန်းတော်ပုံ အဆောက်အအုံကလေး တစ်ခု မြင်ရပါသည်။ ရိုင်ဖယ်သေနတ်များကို
ကိုင်ထားသည့် ယုန်များက နန်းတော်ကို စောင့်နေကြပါသည်။ ကစားစရာ အမြောက်
လှည်းကလေးကို တွန်းလာသည့် တောယုန်များက ကန့်လန့်ကာဘေးမှ ထွက်
လာကြပါသည်။ တောယုန်ကြီးများက နန်းတော်ကို စောင့်နေသည့် ယုန်များကို
အမြောက်ဖြင့် လှမ်းပစ်ပါသည်။ နန်းတော်ကိုစောင့်သည့် ယုန်များကို အနိုင်ရပြီး
နောက် တောယုန်များသည် နန်းတော်ပေါ်တွင် အလံနီတစ်လက်ကို လွှင့်ထူလိုက်
ကြသည်။
ကန့်လန့်ကာကြိုးဆွဲသူမှာ အပြာရောင်ဝတ်စုံကို ၀တ်ထားသည့် ၀က်ဝံပေါက်
ကလေးတစ်ကောင် ဖြစ်ပါသည်။
ကလေးတွေ သဘောကျလိုက်သည်မှာ ဆိုဖွယ်မရှိတော့ပါ။ ဖျော့တော့ပိန်ချုံးနေ
ကြသည့်တိုင် သူတို့သည် အူတွေ နာလာသည်အထိ အားရပါးရ ရယ်ကြသည်။
ကန့်လန့်ကာ ချလိုက်သည့်အခါတွင် ယုန်များနှင့် တောယုန်များက ကန့်လန့်
ကာရှေ့သို့ ထွက်လာကြပါသည်။ ပွဲကြည့်ပရိတ်သတ်နှင့် သရုပ်ဆောင်တို့ ပေါင်း
ဆုံရောထွေးနေသည်ကို မြင်ရပါသည်။ (ရုံထဲသို့အ၀င်တွင် ကလေးများအား
မုန်လာဥ၀ါ တစ်တောင့်စီ ပေးလိုက်ပါသည်။ ထိုမုန်လာဥ၀ါများဖြင့် သရုပ်ဆောင်
များကို မြှူဆွယ်ရန် ဖြစ်ပါသည်။)
ပြကွက်မှာ နာရီဝက်လောက်သာ ကြာသော်လည်း ထိုပြကွက်ကို ပြနိုင်ဖို့အတွက်
အချိန်ကြာစွာ ပြင်ဆင်လေ့ကျင့်ယူရပါသည်။ တိရစ္ဆာန်များနှင့် ပက်သက်၍ မှားယွင်း
သော အတွေးများကို တိုက်ဖျက်လိုသဖြင့် ထိုပြဇာတ်ကိုတင်ရကြောင်း ဒူးရော့က
ကျွန်တော့်ကို ပြောဖြစ်သည်။ ဥပမာအားဖြင့် ယုန်များသည် ကြောက်တတ်သည်ဟု
အစဉ်အလာ နားလည်ထားခဲ့ကြပါသည်။ ရုရှားလူထုပုံပြင်များထဲတွင် တောယုန်များ
မှာ မျက်စိစွေသည်ဟု ဖော်ပြခဲ့ကြပါသည်။ ထိုယုန်များသည် မကြောက်တတ်ရုံမျှမက
အမြောက်ကိုပင် ပစ်တတ်သည်ကို သူပြချင်သည်ဟု ပြောပါသည်။
ထိုစဉ်က ဒူးရော့သည် အသက် ၅၇ နှစ်ရှိလေပြီ။ သူသည် ရုရှားပြည်တွင်
နာမည်အကျော်ဆုံးသော ဆပ်ကပ်လူပြက် ဖြစ်ပါသည်။ ကျွန်တော်ငယ်ငယ်
တုန်းက သူ့ကို ဆပ်ကပ်ထဲတွင် ကြည့်ခဲ့ဖူးပါသည်။ အ၀တ်အစား ရောင်စုံတွေ
ကိုဝတ်ကာ ရင်ဘတ်တွင် ထူးဆန်းသည့် တံဆိပ်တွေကို ချိတ်ထားသည့်
ရယ်စရာ လူတယောက် ပုံသဏ္ဌာန်ကို ကျွန်တော် ယခုတိုင် မြင်ယောင်နေ
ပါသေးသည်။ ကျွန်တော် မမွေးမီ ပဝေသဏီကတည်းက ဒူးရော့ညီအကိုများ
သည် ရုရှားပြည်တ၀န်းတွင် ပြည်သူချစ်သော အနုပညာသည်များ ဖြစ်ခဲ့ကြ
ပါသည်။ ချက်ကော့သည် ဗလာဒီမာဒူးရော့၏ ခွေးလိမ္မာ ဆပ်ကပ်ကိုကြည့်၍
အတောမသတ်အောင် ရယ်ခဲ့ဖူးပါသည်။ ကျွန်တော်ငယ်ငယ်တုန်းက ကြည့်
ခဲ့ရသည့် ဆပ်ကပ်လူပြက်မှာ ဗလာဒီမာဒူးရော့ မဟုတ်ဘဲ သူ့ညီ အနာတိုလီ
ဒူးရော့ ဖြစ်မည် ထင်ပါသည်။ ထိုစဉ်က သူ့ညီကို ပို၍ လူကြိုက်များပါသည်။
အစတွင် ညီအကို နှစ်ယောက် တဖွဲ့တည်းလုပ်ကြပါသည်။ နောက်တွင် သူတို့
ကွဲသွားကြပါသည်။ ဗလာဒီမာဒူးရော့က “ဒူးရော့အကြီး” ဟု သူ့ကိုယ်သူ
ကြော်ငြာပြီး အနာတိုလီဒူးရော့က “ဒူးရော့အစစ်” ဟု ကြော်ငြာပါသည်။
(သူသည် တော်လှန်ရေးမတိုင်မီ ကွယ်လွန်သွားခဲ့ပြီး သူသေလျှင် သင်္ချိုင်း
မှတ်တိုင်တွင် “ဒူးရော့အစစ်” ဟု ကမ္ပည်းထိုးရန် သေတမ်းစာထဲတွင် ရေး
ခဲ့ပါသည်။)
မည်သို့ဆိုစေ ဗလာဒီမာဒူးရော့ကို ကျွန်တော်တွေ့သည်အချိန်တွင်မူ သူ
သည် တဦးတည်းသော ဒူးရော့ ဖြစ်နေပါသည်။ ကျွန်တော်တို့ ပြဇာတ်ဌာန
က ဒူးရော့ကို ကျွန်တော်တို့ဌာနတွင် ၀င်လုပ်ရန် ကြိုးစားကြပါသည်။ သို့ရာတွင်
ဒူးရော့သည် သူ့တိရစ္ဆာန်များကိုသာ စိတ်ဝင်စားနေပါသည်။ ကျွန်တော့်ကို
ပထမဆုံးအကြိမ် သူလာတွေ့သည်ကို ကျွန်တော် သတိရနေပါသေးသည်။
သူ့အိမ်တွင် ကလေးသဘင်အဖွဲ့ တဖွဲ့ ဖွဲ့မည်ဖြစ်သဖြင့် ကူညီနိုင်မည်လားဟု
စုံစမ်းခြင်းဖြစ်ပါသည်။ သူက ပက်ဗလော့၏ အကြောင်းကို ပြောပြကာ အာရုံကြော
တုံ့ပြန့်မှုအကြောင်းကို အကျယ်တ၀င့် ပြောသွား ပါသည်။ သူသည် ဆပ်ကပ်
လူပြက်တယောက်နှင့် မတူဘဲ တကယ့်လေးစားထိုက်သည့် ပါမောက္ခကြီး
တယောက်နှင့် တူနေပါသည်။
ယုန်ပြဇာတ်ကို တိုက်နေစဉ် ကျွန်တော့်ကို ဖိတ်သဖြင့် သွားကြည့်ပါသည်။ ယုန်များ
မှာ ကြောက်တတ်ရာ ထိုအကြောက်ကို ဖျောက်ပစ်ဖို့ တော်တော်လုပ်ယူရပါသည်။
သူ့အပြောအတိုင်းဆိုလျှင် တိရစ္ဆာန်များတွင်လည်း အာရုံကြော တုံ့ပြန့်မှုအမျိုးမျိုး
ရှိကြောင်း၊ လူသည် တွေးသည်၊ ထိုကြောင့် တည်ရှိနေခြင်းဖြစ်သည်ဆိုသော
ဒေးကား၏ စကားမှန်လျှင် လူ၏ အပြုအမူနှင့် တိရစ္ဆာန်၏ အပြုအမူကြားတွင်လည်း
ကြီးမားသော တူညီချက်တွေရှိကြောင်း၊ အရဲရင့်ဆုံး လူတယောက်ကို ကြောက်တတ်
အောင် လုပ်ရသည်မှာ လွယ်ကူကြောင်း၊ သို့ရာတွင် လူကြောက်တယောက်ကို သူရဲ
ကောင်းဖြစ်အောင် လုပ်ရသည်မှာ ခက်ကြောင်း၊ ပိုးကောင်သည် ကြက်ထံမှထွက်ပြေး
လျှင် ပိုးကောင်ကို စားပစ်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ ပိုးကောင်က ကြက်ထံသို့
တည့်တည့်လာလျှင် ကြက်သည် လျင်မြန်စွာ နောက်ဆုတ်သွားမည် ဖြစ်ကြောင်းဖြင့်
တိရစ္ဆာန်တို့၏ သဘာဝကို ရှင်းပြပါသည်။ (စကားစပ်မိ၍ ပြောရလျှင် ရုရှားစကားပုံ
တခု ရှိပါသည်။ “သိုးရှေ့ကျတော့ သူရဲကောင်း၊ သူရဲကောင်းရှေ့ကျတော့ သိုး”
ဟူသော စကားပုံ ဖြစ်ပါသည်။ ယုန်များ၊ ကြက်များက တီထွင်ခဲ့သော စကားပုံမဟုတ်
ပါ။ လူက တီထွင်ခဲ့သော စကားပုံ ဖြစ်ပါသည်။) ညအချိန်ကျမှ ဇာတ်တိုက်ပါသည်။
ဒူးရော့က အဓိကဇာတ်ဆောင်ဖြစ်သည့် တောယုန်ကြီးတကောင်ကို စိတ်ရှည်
လက်ရှည်ဖြင့် မုန်လာဥ၀ါတွေ ကျွေးပါသည်။ သို့ကျွေးရင် လက်ကို တဖြည်းဖြည်း
မသိမသာ နောက်သို့ ဆုတ်လာပါသည်။ ဤသို့ဖြင့် ယုန်ကို ရဲအောင် သင်ပေး
ခြင်းဖြစ်ပါသည်။ အမြောက်ပစ်ခိုင်းသည့် ကိစ္စကမူ ယုန်များကို အလားတူ ဖြည်း
ဖြည်းချင်း သင်ပေးခြင်း ဖြစ်ပါသည်။ နှစ်ပတ်သုံးပတ်လောက် သင်လိုက်သည့်
အခါတွင် ယုန်များသည် သူတို့လောက် အင်အားကောင်းသူ မရှိဟု ထင်သွားကြ
ပါသည်။ ဒူးရော့က ထိုသို့သော သင်ကြားနည်းကို “အကြောက်မျှားခြင်း” ဟု
ခေါ်ပါသည်။
သူ့ပြဇာတ်တွင် မုန်လာဥများသည်လည်း အရေးကြီးပါသည်။ မုန်လာဥ၀ါများကို
စာအုပ်ကြားထဲတွင် ညှပ်ထားပါသည်။ ယုန်က မုန်လာဥ၀ါ တတောင့် ယူလိုလျှင်
ကြိုးစကို ဆွဲရပါသည်။ ကြိုးစကို ဆွဲလိုက်သည့်အခါတွင် အမြောက်က ကျည်ဆန်
ထွက်သွားပါသည်။
ဒူးရော့သည် သူ့တိရစ္ဆာန်ကလေးများကို ကျွေးဖို့ မုန်လာဥ၀ါများကို တနေရာက
ရပါသည်။ သို့ရာတွင် ၀က်ဝံကလေးမှာ အစားဆင်းရဲရှာပါသည်။ ကျွန်တော်က
ဝက်ဝံပေါက်ကလေးအတွက် ရာရှင်ခွဲတမ်းချပေးရန် ပြဇာတ်ဌာနသို့ လျှောက်ပါ
သည်။ ရာရှင်ခွဲတမ်းက နည်းသော်လည်း ၀က်ဝံပေါက်ကလေးမှာ ထွားလာပါသည်။
ထိုအခါတွင် သူဝတ်သည့်အင်္ကျီက ကျပ်လာပါသည်။ နောက်ထပ် အင်္ကျီတထည်
ချုပ်ဖို့ အထည်စ ရှာပေးပါဟု ဒူးရော့က ကျွန်တော်ကို ပူဆာပါသည်။ ကျွန်တော်က
အထည်စရှာ၍ မလွယ်ကြောင်း၊ ကျွန်တော်ကိုယ်တိုင်ပင် ဘောင်းဘီတထည်ရအောင်
လပေါင်းများစွာ စောင့်ခဲ့ရကြောင်း၊ ၀က်ဝံပေါက်ကလေးကို ၀တ်စုံမပါဘဲပြလျှင်
ရကြောင်းဖြင့် ကျွန်တော်က ပြောသော်လည်း သူ လက်မခံပါ။ နောက်ဆုံးတွင်
ဝက်ဝံပေါက်ကလေးအတွက် အထည်စ ရလာပါသည်။ ဒူးရော့သည် ဘေဘီဟု
ခေါ်သည့် ဆင်ကလေး သေသွားသည့်အတွက် တော်တော် စိတ်ထိခိုက်နေပါ
သည်။ ဆပ်ကပ်တွင် ထားစရာမရှိသဖြင့် တိရစ္ဆာန်ရုံးသို့ ခဏသွားထားပါသည်။
တိရစ္ဆာန်ရုံတွင် ကျောက်မီးသွေး မရှိပါ။ ဤတွင် အအေးမိပြီး သေသွားခြင်းဖြစ်ပါ
သည်။ ဆင်ကလေးမှာ အလေးချိန်သုံးတန် ရှိပါသည်။ ဆင်သားကို တိရစ္ဆာန်ရုံ
ဝန်ထမ်းများ ဝေငှစားသောက် ပစ်လိုက်ကြပါသည်။ “ခင်ဗျားတို့ မသိပါဘူးဗျာ၊
ဆင်ကလေးက သိပ်လိမ္မာတာ” ဟု တဖွဖွ ပြောနေပါသည်။ “ကျွန်တော့်အချစ်ဆုံး၊
အရင်းနှီးဆုံး၊ သစ္စာအရှိဆုံးရဲဘော် သေဆုံးသွားခဲ့ပြီ၊ ဘေဘီကလေး သေဆုံးသွား
ခဲ့ပြီ၊ ကျွန်တော်၏ ၀ိညာဉ်နှင့်ရင်း၍ မွေးခဲ့ရသော ကလေးငယ်တယောက် ဖြစ်ပါ
သည်” ဟု နောင် ငါးနှစ်အကြာတွင် သူက ရေးခဲ့သည်။
ဒုတိယပြကွက်မှာ ရာစုနှစ်အစလောက်တုန်းက စင်တင်ခဲ့သော ပြကွက်ဖြစ်ပြီး
“သည်ဟိတ်ငြိမ်းချမ်းရေးကွန်ဖရင့်” ဟု ဒူးရော့က ခေါင်းစဉ်တပ်ခဲ့သည်။ ယခုတော့
“ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” ဟု အမည်ပြောင်းထားသည်။ ထိုပြကွက်တွင်
မဟာရန်သူကြီးများဖြစ်သော ၀ံပုလွေတကောင်နှင့် ဆိတ်တကောင်၊ ကြောင်တကောင်
နှင့် ကြွက်တကောင်၊ မြေခွေးတကောင်နှင့် ကြက်ဖတကောင်၊ ၀က်ဝံတကောင်နှင့်
ဝက်တကောင်တို့ စားပွဲတလုံးတွင် အတူဝိုင်းထိုင်နေကြသည်။
ထိုပြကွက်ကိုရအောင် ဘယ်လို ပြင်ဆင်ရသည်ကို ဒူးရော့က ကျွန်တော့်ကို
အသေးစိတ် ရှင်းပြပါသည်။ အောက်တွင် ဘီးလေးများတပ်ထားပြီး ခေါင်းလောင်း
ကလေးတွေ ဆွဲထားသည့် ကြွက်လှောင်အိမ်တခုကို အထက်တွင် ချိတ်ထားပါသည်။
ထိုကြွက်လှောင်အိမ်ကို စားပွဲပေါ်မှ သံလမ်းကလေးဖြင့် အောက် ကြောင်ရှိရာ
ခြင်းတောင်းဆီသို့ တဖြည်းဖြည်း ချပေးပါသည်။ လှောင်အိမ်မှ ဘီးသံနှင့်
ခေါင်းလောင်းသံများကြောင့် ကြောင်က ကြောက်နေပါသည်။ တဖြည်းဖြည်းဖြင့်
ကြောင်သည် ကြွက်ကို ကြောက်လာပါသည်။ ကြွက်ကလည်း တချိန်ထက်တချိန်
ရဲလာပါသည်။ အခြားသော တိရစ္ဆာန်များကိုလည်း ထိုနည်းအတိုင်း သင်ပေးပါ
သည်။ ကြာသော် အင်အားကြီးသည့် သတ္တ၀ါသည် သူ့ကိုယ်ခံစွမ်းအားကို အယုံ
အကြည်ကင်းမဲ့လာကာ အားနည်းသူကလည်း အကြောက်တွေ ပြေပျောက်သွား
ပါသည်။ ထိုအခြေခံပေါ်တွင် သူတို့၏ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး”
ကို တည်ဆောက်ခြင်း ဖြစ်ပါသည်။
ယခု ကျွန်တော် ပြောနေသည့် ဆောင်းရာသီတုန်းက ကျွန်တော်သည် ဒူးရော့နှင့်
မကြာခဏ တွေ့ဖြစ်ပြီး သူ့ကို တတ်နိုင်သလောက် ကူညီခဲ့ကာ သူ့ကို တော်တော်
ခင်မင်နေပါသည်။ ထို့နောက်တွင် ကျွန်တော်နှင့်သူ သိပ်မတွေ့ ဖြစ်ကြတော့ပါ။
သို့ရာတွင် တွေ့သည့်အခါတိုင်း သူသည် ကျွန်တော့်ကို ရွှင်ပြုံးရယ်မောစေပါသည်။
စိတ်ဓါတ်တက်ကြွအောင် လုပ်ပေးပါသည်။ သူသည် ကျွန်တော် တွေ့ဖူးသမျှတွေထဲ
တွင် အထူးဆန်ဆုံး လူတယောက် ဖြစ်ပါသည်။ ဆပ်ကပ်ကြိုးဝိုင်းထဲ ရောက်လျှင်
သူသည် တရားဟောချင်ပါသည်။ သင်ခန်းစာ ပေးချင်ပါသည်။ သိပ္ပံနည်းကျ ရှင်းလင်း
ချက်များကို ပြောပြတတ်ပါသည်။ အာရုံကြော တုံ့ပြန်စနစ်အကြောင်းကို ရှင်းပြ
တတ်ပါသည်။ ခဏကြာလျှင် ဆပ်ကပ်လူပြက် အ၀တ်အစား ပြိုးပြိုးပြက်ပြက်ဖြင့်
ခွေးလေးကောင်ကို လက်ချင်းတွဲကာ လမ်းလျှောက်ခိုင်းလာတတ်ပါသည်။
သို့မဟုတ်လျှင်လည်း ၀က်ကိုစီးပြီး ထွက်လာတတ်ပါသည်။ ဘိုဇီဒွန်ကာ ရပ်ကွက်
ရှိ သူ့အိမ်သို့ ထင်ရှားသည့် သိပ္ပံပညာရှင်များဖြစ်သော ချယ်ပါးနော့၊ ဘယ်တီရက်
စသူတို့ အလည်လာတတ်ကြသည်။ ထိုအခါမျိုးတွင် သူသည် လေးနက်သော
စကားများကို ပြောနေရာမှ ဆပ်ကပ်လူပြက်၏ ပြက်လုံးမျိုးတို့ဖြင့် အရွှန်းဖောက်
တတ်သည်။ သူသည် ပင်ကိုအားဖြင့် ကဗျာဆရာတယောက် ဖြစ်ပါသည်။ သူသည်
ခြေလေးချောင်း သရုပ်ဆောင်များ၏ ကမ္ဘာလောကတွင် ကဗျာကို တွေ့ခဲ့ပါသည်။
လူတွေနှင့် စကားပြောလျှင် သူသည် ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတတ်ပါသည်။
တခါတရံတွင် ရုပ်ဝါဒနှင့် တော်စတွိုင်းဝါဒကို ရောထွေးမြင်နေပါသည်။ တခါတရံ
တွင်လည်း မတ်ဝါဒနှင့် ခရစ်ယာန်ဘာသာကို ရောထွေးမြင်နေပါသည်။ သူ၏
ဆပ်ကပ်သဘောတရား စာအုပ်များအောက်တွင် “ကိုယ့်ဒူးကိုယ်ချွန်သမား ဒူးရော့”
ဟု လက်မှတ်ထိုးလေ့ရှိပါသည်။ အမှန်ကမူ သူသည် တိရစ္ဆာန်များနှင့်သာ အထာ
ကျနေသူ ဖြစ်ပါသည်။ သူသည် လူများကို “တိရစ္ဆာန်လိုတွေး၊ တိရစ္ဆာန်လို စဉ်းစား၊
တိရစ္ဆာန်လို ခံစား” စေချင်သူ ဖြစ်ပါသည်။
သူ့ခေါင်းထဲတွင် ထူးဆန်းသည့် စိတ်ကူးများ ပြည့်နှက်နေပါသည်။
သူ့စာအုပ်တအုပ်တွင် ၁၉၁၇ ခု၊ သြဂုတ်လထဲက ရခဲ့သော စာတစောင်ကို
ကောက်နုတ် ဖော်ပြထားပါသည်။ “တပ်မတော် ကာကွယ်ရေးဦးစီးဌာန(ရေ)
က ရေကြောင်းစစ်ဆင်ရေးတွင် တိရစ္ဆာန်များ (ရေမြင်းများနှင့် ဖျံများ)အား
လေ့ကျင့်ပေးနိုင်သည် ဆိုသည့် မစ္စတာဒူးရော့၏ အဆိုကို စဉ်းစားလျက်ရှိပြီး
ထိုအကြံပြုချက်သည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ယူဆပါသည်”
ဟု ရေးထားကာ အောက်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ)မှ ဗိုလ်ချုပ်ကြီးတဦး
လက်မှတ်ထိုးထားသည်။ ဂျာမန် ရေငုပ် သင်္ဘောများအား တိုက်ခိုက်ရန်အတွက်
ရေမြင်းများနှင့် ပင်လယ်ဖျံများကို လေ့ကျင့် သင်ကြားပေးမည်ဆိုသည့် အဆို
ပြုချက်ကို အလေးအနက် စဉ်းစားခဲ့သည်ဆိုလျှင် ထိုစဉ်က ရေတပ်ဦးစီးဌာန
တွင် ရှိခဲ့သော အရာရှိများ၏ စိတ်အခြေအနေကို ခန့်မှန်းကြည့်နိုင်လောက်
ပါသည်။
နောက်ပိုင်းတွင် ပြဿနာသည် အလိုလို ပြီးသွားပါသည်။ ပင်လယ်ဖျံများနှင့်
ရေမြင်းများကို လေ့ကျင့်သင်ကြားပေးရန် မည်သူကမျှ စိတ်,မ၀င်စားကြပါ။
၁၉၂၃ ခုနှစ်တွင် ဒူးရော့အား အစိုးရ ကိုယ်စားလှယ်အဖွဲ့တခုဖြင့် ဂျာမနီသို့
လွှတ်လိုက်ပါသည်။ အပြန်တွင် ဒူးရော့သည် ရေမြင်းအချို့ကို သယ်လာပါ
သည်။ ရေမြင်းများသည် အလွန်လေ့ကျင့်၍ လွယ်ကြောင်း၊ အသိဉာဏ်မှာလည်း
ခွေးထက်မြင့်ကြောင်းဖြင့် ပြောပါသည်။ တခါတွင် ကျွန်တော့်ကို ရေမြင်းတွေ
ထားသည့် ရေကန်ဘေးသို့ ခေါ်သွားပြီး ရေမြင်းတွေနှင့် မိတ်ဆက်ပေးပါသည်။
“ဟောဒါကတော့ စာရေးဆရာ၊ ကဗျာဆရာ အာရင်ဘတ်တဲ့ကွ၊ မင်းတို့
တိရစ္ဆာန်တွေရဲ့ မိတ်ဆွေကြီးပဲ” ဟု ပြောလိုက်ပါသည်။ ရေမြင်းတွေ ရေထဲမှ
ဘွားခနဲပေါ်လာကြကာ သူတို့ ဆူးတောင်များဖြင့် ရေကို တဖျန်းဖျန်းရိုက်ပြီး
သြဘာ ပေးကြပါသည်။ ကျွန်တော့်တကိုယ်လုံးမှာ အေးစက်သည့် ရေတွေ
စိုရွှဲနေပါသည်။ “သူတို့ဦးနှောက်ထဲက အခွေတွေကို မြင်တတ်ရမယ်ဗျ” ဟု
သူက ပြောပါသည်။
(ဆက်လက်ဖော်ပြမည်။)

Mar 3, 2009
တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၈)
ရေးသူ- ရန်ကုန်ဘဆွေ
ယခင်အပိုင်း(၇)မှ အဆက် … … …
မုဆိုးတယောက်မှာ သေဆုံးသွားပြီဆို၏၊ မုဆိုးကြီးနှစ်ယောက်က အညာသို့သွားနေ
ကြဆို၏၊ ကျန်မုဆိုးကြီးတစ်ယောက်ကို သစ်ခုတ်ရာသို့ လိုက်ခေါ်ခိုင်းထားသည်။
သူပုန်နယ်ထဲသို့ ၀င်ရောက် ခေါ်ရသည် ဖြစ်သောကြောင့် နောက်သုံးလေးရက်ကြာ
မှ ရောက်လာနိုင်လိမ့်မည်ဟု ပြော၏။
ဤနေရာတွင် Download ယူ၍ ဆက်လက် ဖတ်ရူပါ ခင်ဗျာ။
(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်
ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )
ယခင်အပိုင်း(၇)မှ အဆက် … … …
မုဆိုးတယောက်မှာ သေဆုံးသွားပြီဆို၏၊ မုဆိုးကြီးနှစ်ယောက်က အညာသို့သွားနေ
ကြဆို၏၊ ကျန်မုဆိုးကြီးတစ်ယောက်ကို သစ်ခုတ်ရာသို့ လိုက်ခေါ်ခိုင်းထားသည်။
သူပုန်နယ်ထဲသို့ ၀င်ရောက် ခေါ်ရသည် ဖြစ်သောကြောင့် နောက်သုံးလေးရက်ကြာ
မှ ရောက်လာနိုင်လိမ့်မည်ဟု ပြော၏။
ဤနေရာတွင် Download ယူ၍ ဆက်လက် ဖတ်ရူပါ ခင်ဗျာ။
(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်
ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )
Subscribe to:
Posts (Atom)