Sep 9, 2008

သတင်းစာ မှန်မှန် မရောက်က တိုင်ကြားပါ အပိုင်း(၁)

ရေးသူ- မြသန်းတင့်

zzzmya.jpg
(ဆရာမြသန်းတင့် ၁၉၂၉-၁၉၉၈)

သူသည် နွေဆိုလျင် တရုတ်ဖြစ် တီရှပ် အင်္ကျီကလေးနှင့် ကျောင်း
စိမ်း လုံချည်လေးကို ၀တ်ထားပြီး၊ ခေါင်းပေါ်တွင် ဟွန်ဒါ၊ ယာမဟာ၊
လပ်ကီးစထရိုက် သို့မဟုတ် နိုင်ငံခြား ကုမ္ပဏီ တစ်ခုခု၏ ကြော်ငြာ
ကို ရေးထားသည့် ကြက်လျှာစွန်း ဦးထုပ်လေး တစ်လုံးကို ဆောင်း
ထား တတ်သည်။ မိုးတွင်းဆို လျှင်လည်း ထိုအတိုင်းပင်။ ထီးတို့၊
မိုးကာတို့ မပါဘဲ မိုးရေထဲတွင် ဘိုင်စကယ်လေး တစ်စင်းဖြင့် ရောက်
လာတတ်သည်။

ဆောင်းတွင်း ဆိုလျှင်တော့ အလွန် ဟောင်းနွမ်းနေပြီဖြစ်သည့် မြန်မာ
ချုပ် ဂျင်းဂျက်ကက်ကလေး တစ်ထည် ထပ်ဝတ်လာတတ်သည်။
ကျောင်းစိမ်းလုံချည် ကလေးကမူ ခါးပေါ်တွင် အမြဲတွေ့ ရတတ်သည်။
သူ့ဘိုင်စကယ်နောက်က ကယ်ရီယာပေါ်တွင်မူ သတင်းစာ တစ်ထပ်
ကြီး တင်လာသည်။ အင်္ဂလိပ် သတင်းစာနှင့် မြန်မာ သတင်းစာများ
ဖြစ်သည်။ အများအားဖြင့်တော့ မြန်မာ သတင်းစာတွေသာ ဖြစ်သည်။
သူ့ သတင်းစာ ပို့လမ်းကြောင်းတွင် အင်္ဂလိပ်စာ ဖတ်သူ ဆို၍ သိပ်
မရှိ။ လေးငါး ဆယ်အိမ် လောက်သာရှိသည်။

အင်္ဂလိပ် သတင်းစာ ဖတ်သူများမှာ အများအားဖြင့် အရာရှိအရာခံများ
နှင့် ကျောင်းဆရာများ သာဖြစ်သည်။ ကျန်အိမ်များကမူ မြန်မာ သတင်း
စာကို အဖတ်များကြသည်။ အင်္ဂလိပ် သတင်းစာက အရွက်ရေများသည်။
အရွက်ကြီးသည် ဆိုပြီး ယူကြသည့် အိမ်များလည်း ရှိသည်။ အများ
အားဖြင့်မူ မြန်မာ သတင်းစာကိုသာ အဖတ်များကြသည်။




တစ်နေ့တွင် ကျွန်တော်ဆီသို့ သတင်းစာဖိုး လာကောက်ရင်း သူနှင့်
ကျွန်တော် စကား လက်ဆုံကျသည်။ အစတုန်းကတော့ သူက သိပ်
စကား မပြောချင်။ သတင်းစာဖိုး တွေကို အချိန်မီလိုက်ကောက်ဖို့ စိတ်
စောနေသည်။ ခဏကြာတော့ သူသည် အရှိန်ရလာကာ သူ့အကြောင်း
များကို ကျွန်တော့်အား ပြောပြနေသည်။

“ကျွန်တော့် နာမည်က မောင်သန်းဇော်လို့ ခေါ်ပါတယ်။ အသက် ၁၈
နှစ် ရှိပါပြီ။ ကျွန်တော် ဆယ်တန်း ဖြေထားပါတယ်။ မအောင်ရင်တော့
ဘာလုပ်ရမယ် မသိသေးပါဘူး။ အောင်ရင်တော့ ဂျီတီအိုင်ကို တက်မယ်
လို့ စိတ်ကူးထားပါတယ်။ တက်ခွင့်ရရင်ပေါ့လေ၊ တက္ကသိုလ်ကိုတော့
ဆက်နေနိုင်မယ်လို့ မထင်ပါဘူး။ အခြေအနေ ပေးရင်တော့ အဝေးသင်
တက္ကသိုလ်ကို တက်မယ်လို့ စိတ်ကူး ထားပါသေးတယ်။ ကိုယ်က
အောင်မလား၊ မအောင်ဘူးလား။ ဂျီတီအိုင် ကို တက်ဖြစ်မလား၊ မတက်
ဖြစ်ဘူးလား ဆိုတာ ဘာမှ မရေးရာသေးပါဘူး။”

“ဟုတ်ကဲ့။ ကျွန်တော်မှာ မိဘအစုံအလင် ရှိပါသေးတယ်။ အဖေက
အရင်တုန်းကတော့ အစိုးဌါန တစ်ခုမှာ စာရေးကြီးပါ။ ဌါနခွဲ စာရေး
ကြီးပေါ့လေ။ ခုတော့ အဖေ ပင်စင်ယူပြီး အလုပ်တစ်ခု ၀င်လုပ်နေ
ပါတယ် ခင်ဗျာ။ ကုမ္ပဏီအလုပ်တို့ ဘာတို့ မဟုတ်ပါဘူး။ ညစောင့်
အလုပ်ပါ။ အမျိုးတစ်ယောက်က သွင်းပေးလို့ ရုံးတစ်ရုံးမှာ ညစောင့်
ရပါတယ်။ ပုတ်ပြတ်နဲ့ လုပ်ရတာပါ။ အဖေက သိပ်လက်ဖက်ရည် ကြိုက်
တယ် ခင်ဗျ။ ပြီးတော့ ဆေးလိပ်လည်း ကြိုက်တယ်။ ဒီတော့ သူ့လက်
ဖက်ရည်ဖိုးလေးနဲ့ ဆေးလိပ်ဖိုးလေး ရအောင် ဆိုပြီး ၀င်လုပ်တာပါ။

သားသမီးတွေက အဖေ့ လက်ဖက်ရည်ဖိုးနဲ့ ဆေးလိပ်ဖိုးကို ပေးပါ့မယ်
လို့ ပြောပေမယ့် လက်မခံဘူး။ မင်းတို့မှာလည်း မင်းတို့စရိတ်နဲ့တောင်
မင်းတို့ မလောက်ဘူးတဲ့။ သူ့ကို မထောက်နဲ့တဲ့။ ဟုတ်ကဲ့။ ကျွန်တော်
တို့မှာ မွေးချင်း ငါးယောက် ရှိပါတယ်။ ကျွန်တော်က အငယ်ဆုံးပါ။
ကျွန်တော် အကို အကြီးဆုံးကတော့ မရှိတော့ပါဘူး။ ဆုံးသွားပါပြီ။ သူ
ဆုံးသွားတာက ဆေးစွဲပြီး ဆုံးသွားတာပါ။ ဆေးစွဲပြီး ရဲဘက်စခန်းရောက်
ပါတယ်။ နောက် ရဲဘက်စခန်းက ထွက်ပြေးလာပြီး အိမ်ကို လာအိပ်လိုက်၊
တခြား သွားရှောင်နေလိုက်နဲ့ ဥပဒေကို ရှောင်တိမ်းနေပါတယ်။ အဖေက
တရား ဥပဒေနဲ့ မလွတ်တဲ့ဟာမျိုးဆိုရင် သိပ်ကြောက်တယ်။ ဒီတော့
အိမ်မှာလည်း လက်မခံရဲဘူး။ နောက်တော့ သူလည်း ဟိုနေဒီနေနဲ့
ရှောင်တိမ်းသွားလာနေရင် ဆုံးသွားတာပါပဲ။ ဆုံးတော့လည်း တခြား
အရပ်မှာ သွားဆုံးတာပါ။”

“ဒုတိယက အမပါ။ သူက ဆယ်တန်း မအောင်ဘူး။ အိမ်ထောင်ကျသွား
ပြီး အိုးခွဲစားပါတယ်။ နေတော့ ကျွန်တော်တို့ အိမ်မှာပဲပေါ့။ တော်သေး
တာပေါ့။ အိမ်ဈေး မြေဈေးတွေ မတက်ခင်တုန်းက တောမှာရှိတဲ့ အမေ
အမွေရတဲ့ မြေကွက်ကလေးကို ရောင်းပြီး၊ အဲဒီ အိမ်ကလေးကို ၀ယ်
လိုက်လို့။ သုံးပင်နှစ်ခန်း အိမ်ကလေးပါ။ အဲဒီတုန်းကတော့ အဖေက
လည်း ပင်စင် မယူသေးဘူး။ အမေကလည်း တစ်ဘက်မှာ စက်ချုပ်
တယ်။ ကျွန်တော်တို့တတွေ ကလည်း သိပ်မကြီးသေးတော့ စရိတ်သိပ်
မကုန်သေးဘူးလေ။ ဒီတော့ စုမိဆောင်းမိတာကလေးတွေ နည်းနည်းပါး
ပါး ရှိတယ်။ အမေ့ဦးလေး တစ်ယောက် ပန်းထိမ်လုပ်တော့ ရွှေကလေး
ဘာလေးတွေကိုလည်း သူ့ဆီက လပေးနဲ့ ၀ယ်စုထားလို့ အဲဒီတုန်းက
ချောင်လည်ပါတယ်။ ဒါပေမယ့် အကိုက ဆေးစွဲ၊ ကျွန်တော်တို့ ကလည်း
ကျောင်းသားတွေ ဖြစ်လာတော့ ကျောင်းစရိတ်တို့ ဘာတို့ ကုန်လာ
ပြီလေ။”

“တတိယကလည်း မိန်းကလေးပါပဲ။ သူကတော့ ဘွဲ့ရသွားပါပြီ။ ဘီကွမ်း
စီပီအေနဲ့ ဘွဲ့ရလို့ သူက စာရင်းရုံးမှာ လုပ်ပါတယ်။ ခု ကချင်ပြည်နယ်
ကို သွားပြီး အမှုထမ်း ရပါတယ်။ သူတို့မြို့ကလေးမှာ ကုန်စရာရယ်လို့
သိပ်မရှိဘူး။ မိန်းကလေးဆိုတော့ ချွေချွေတာတာ နေတတ်တယ်။ စာရင်း
စစ်သွားလို့ ခရီးစရိတ်တို့၊ နေတွက်တို့ ရတဲ့အတွက် သူက စုမိပါတယ်။
တစ်နှစ်တစ်နှစ်ကို နှစ်ခါသုံးခါလောက်တော့ ငွေပို့တတ်ပါတယ်။ တစ်ခါ
ပို့ရင် နှစ်ထောင်၊ သုံးထောင်။ များတဲ့အခါ ဆိုရင်လည်း ငါးထောင်လောက်
အထိ စုဆောင်းပြီး ပို့ပါတယ်။ ပြီးတော့ လူကြုံကောင်းရင်၊ ဒါမှမဟုတ်
သူပြန်လာရင် စားစရာ သောက်စရာတို့၊ ပဲတို့၊ ဆီတို့၊ ကြက်သွန်တို့၊
ငရုတ်တို့လည်း ပါလာတတ် ပါတယ်။”

“စတုတ္ထကလည်း မိန်းကလေးပါပဲ။ သူကတော့ ဆယ်တန်း မအောင်ပါ
ဘူး။ နှစ်ခါလောက်ကျတော့ ဆက်မဖြေတော့ပါဘူး။ စာမေးပွဲကိုလည်း
မဖြေချင်တော့ဘူးတဲ့။ ကျောင်းလည်း မနေချင်ဘူး၊ ပညာလည်း ဆက်
မသင်ချင်ဘူးတဲ့။ ပညာသင်ရမှာ ပျင်းတယ်တဲ့။ စိတ်မပါဘူးတဲ့။ သူ့ကို
ကျောင်းဆက် ထားရင်လည်း သူအောင်မှာ မဟုတ်ဘူးတဲ့။ သူက စာ
သင်ရတာကို ၀ါသနာ မပါဘူးတဲ့။ ရှင်းရှင်းပဲပြောတယ်။ ဒါနဲ့ အဖေက
သူ့ကို ကျောင်းဆက် မထားတော့ပါဘူး။”

“မင်းအဖေကကော သူပြောတာကို လက်ခံသလား။ ကျောင်းဆက်နေဖို့
မတိုက်တွန်းဘူးလား”

“အဖေက ခပ်အေးအေးပဲ နေတတ်တယ်လေ။ အေး … မနေချင်ဘူး ဆို
ရင်လည်း မနေနဲ့ပေါ့တဲ့။ ဒါပဲပြောတယ်။ အမေကတော့ အတင်းထား
ချင် ပါသေးတယ်။ ဒါပေမယ့် အဖေက သူ စာသင်တာကို မပျော်ပိုက်ရင်
ဘယ်နှယ့်လုပ်မလဲ။ ဆက်ထားရင်လည်း အချိန်ကုန်ရုံ၊ ငွေကုန်ရုံပဲ ရှိ
မှာပေါ့လို့ ပြောတယ်။ ကျွန်တော့်အမ အငယ်ဆုံးက ပထမတော့ အမေ
စက်ချုပ်ရင် ကူချုပ်ပေးတာတို့၊ ကြယ်သီးတပ်တာတို့ လုပ်ပေးပါတယ်။
နောက်တော့ ခုခေတ်က နိုင်ငံခြား အင်္ကျီတွေ ရောက်လာတော့ စက်က
သိပ်မချုပ်ရတော့ဘူးလေ။ အထက်ဆင် တပ်တာတို့၊ ယောက်ျား လုံ
ချည်ချုပ်တာတို့ လောက်ပဲ ရှိတော့တယ်။ ဒါနဲ့ အမေက သူ့ စက်
ကလေးကို ရောင်းပစ်လိုက်တယ်။ အကိုကြီးကို ဆေးကုရတာတွေ
လည်း ပါတာပေါ့လေ။ ဒါနဲ့ အမအငယ်က လုပ်ငန်းရှင် တစ်ယောက်ဆီ
မှာ ဆီးထုပ် ထုပ်ပါတယ်။ လုပ်နိုင်ရင် လုပ်နိုင်သလောက် ရပါတယ်။
ပျမ်းမျှ လေးငါးဆယ်တော့ ရပါတယ်။”

“မင်း သတင်းစာပို့ လုပ်တာ ဘယ်လောက် ကြာပြီလဲ”

“သုံးနှစ်လောက် ရှိပါပြီ။ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေက သတင်း
စာ ကိုယ်စားလှယ် လုပ်ပါတယ်။ သူ့ဆီမှာ လခနဲ့ လုပ်တာပါ။ ကျွန်တော့်
အလုပ်က သတင်းစာတွေကို လိုက်ပို့ရတယ်။ သတင်းစာဖိုးတွေကို လိုက်
ကောက် ရပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်ဆီမှာ သတင်းစာပို့
တဲ့ ကောင်လေးတွေ လေးယောက်လောက် ရှိပါတယ်။ ကိုယ့်လမ်းကြောင်း
နဲ့ကိုယ် ပို့ရပါတယ်။ ပိုက်ဆံတောင်းရင်လည်း ဒီအတိုင်းပါပဲ။ ကျွန်တော်
သတင်းစာပို့ လမ်းကြောင်းမှာ အိမ် ၆၀ ကျော် ၇၀ နီးပါး ရှိပါတယ်။ အဲဒါ
တွေကို ကျောင်းမသွားခင် ရောက်အောင် ပို့ရပါတယ်။ ကျွန်တော်ကျောင်း
က နေ့လယ်ကျောင်း ဆိုတော့ အချိန်ရပါတယ်။ တစ်ခါတလေမှာ သတင်း
စာ နောက်ကျတော့ ကျွန်တော်တို့ ၁၁ နာရီလောက်မှ ပို့လို့ ပြီးပါတယ်။
တစ်ခါတလေ သိပ်နောက်ကျလွန်းရင်လည်း နောက်တစ်နေ့ကျမှ နှစ်ရက်
စာပေါင်းပြီး ပို့ ရပါတယ်။ သတင်းစာ ဖတ်သူကိုတော့ တောင်းပန်းရတာ
ပေါ့လေ။”


(ဆက်လက်ဖော်ပြမည်။)
(မှတ်ချက်။ ။ ဆရာမြသန်းတင့်၏ ခေတ်ပြိုင်ရုပ်ပုံလွှာများ စာအုပ်မှာ ကူး
ယူဖေါ်ပြပါသည်။ အကြောင်းကြောင်းကြောင့် ဆရာ၏ ကျန်ရစ်သူ မိသား
စုနှင့် စာအုပ်ထုတ်ဝေသူတို့ ထံမှ တိုက်ရိုက်ခွင့်ပြုချက် မယူနိုင်ခဲ့သည့်
အတွက် တောင်းပန်ပါသည်။)

1 comment:

စန္ဒီမိုးမြင့် said...

အားရပါးရ နဲ့ဖတ်ကောင်းနေတုန်း ဆက်လက်
ဖော်ပြပါမည်ဆိုလို့နင်သွားတယ်
:P
မျှော်နေမယ်နော်