ရေးသူ- ဂျူး
ကိုယ်ဝန်ဆောင် မိန်းကလေးက ကျွန်မကို လှေတစ်စင်းဆီ လက်ညွှန့်ပြသည်။
ကျွန်မ လိုက်ပါရမည့်လှေ။ ကျွန်မသည် အနောက်ဘက်ကမ်းသို့ သွားမလို့ပါ
လားဟု သတိပြန်ရသွား၏။ အို လှေကလည်း သေးသေးလေးပါလား။ ကျွန်မ
စိုးရိမ်းသွားသည်။ လှေဆိပ်သို့ မိန်းကလေးနှင့်အတူ လိုက်မလာခင်မှာ ကျွန်မ
အသေအချာ မေးခဲ့သည်။ လှေက ကြီးရဲ့လား။ လူဘယ်နှစ်ယောက် စီးနိုင်တဲ့
လှေလဲ။ အို ဆယ်ယောက်ကျော် စီးလို့ရတယ်။ အကြီးကြီးဟု မိန်းကလေးက
အားရပါးရ ဖြေခဲ့၏။ ကြည့်စမ်း အခုတော့ သေးသေးလေး။ ပေါင်းမိုးလေးတော့
လုပ်ထားပါသည်။ ၀ါးချောင်းကွပ် ဖျာပေါင်းမိုးလေးက လူနှစ်ယောက်လောက်ပဲ
အရိပ်ရလိမ့်မည်။ ကျွန်မ အရင် လှေပေါ် ရောက်နှင့်နေသော ခရီးသည်နှစ်ယောက်
က ထိုအရိပ်မှာ။ ကျွန်မနှင့်ဆိုလျှင် ခရီးသည် သုံးယောက်ပေါ့။ ထိုနှစ်ယောက်က
ကျွန်မ လှေထဲ ဆင်းလာသည်ကို ဖယ်ပေးဖော်မရ။ မိန်းမက ဆေးပေါ့လိပ် တစ်တို
ကို ဖွာရှိုက် နေသည်။ ယောက်ျားက စတီးခပ်ပါးပါး ထမင်းချိုင့်ကို ဖွင့်ပြီး ထမင်း
စားနေသည်။ ကျွန်မ တက်လိုက်တော့ လှေက ရေထဲသို့ ထပ်နစ်ဝင်သွားသည်။
လှေထဲ ၀င်မိတော့ လှေ၏ အခြေအနေကို ကျွန်မ ပိုသိသွားပြီး စိတ်မသက်မသာ
ဖြစ်မိသည်။
လှေထဲမှာ ရေတွေရှိသည်။ ထိုရေတို့သည် အခုမှ ၀င်လာသည့် ပုံစံမရှိ။ ရှေးရှေး
ကတည်းက ရေတွေဝင်နေကျ ပုံစံလို လှေကြမ်းခင်း သစ်သားပြင်မှာ ရေညှိပင်
တက်နေပြီ။ လှေကို စပ်ထားသည့် သစ်သားတွေက ပိတ်စေ့မနေဘဲ အပေါ်ပိုင်း
တချို့နေရာတွင် ဟ နေသည်။ ထို အဟသည် ပုံမှန်ဆိုလျှင် ရေပြင်၏ အထက်
မှာ ရှိသည်။ သို့သော် မိန်းကလေးက လှေပေါ် တက်လိုက်သည့်အခါ လှေက
ငြိမ့်ခနဲ နစ်သွားပြီး ထိုအပေါက်က ရေပြင်အောက်ရောက်ကာ ရေစိမ့်ဝင်လာသည်။
လှေကို ကန့်လန့်ဖြတ်ခင်းထားသော ပျဉ်ပြားတန်းပေါ်မှာ ကျွန်မ ထိုင်လိုက်သည်။
မိန်းကလေးကတော့ လှေ၏ပဲ့ပိုင်း အမြင့်ထိပ်မှာ ထိုင်သည်။ သူ လှော်မှာလား။
မိန်းကလေး လှော်မည့် လှေကို ကျွန်မ စီးချင်ပါသည်။ သို့သော် ကိုယ်ဝန်ဆောင်
မိန်းကလေး လှော်ခတ်မည့် လှေကိုတော့ မစီးရက်နိုင်ပါ။
လှေကို လာလာထိသည့် ရေလှိုင်းသံတွေနှင့် အတူ ရပ်ထားသည့် လှေက အသာ
အယာ လှုပ်နေ၏။
ကျွန်မ အလုပ်လုပ်ရာ မှန်အဆောက်အဦမြင့်ကြီးထဲမှ လေအေးစက်၏ မွန်းကျပ်
ကျပ် လေအေးသည် ယခုမြစ်ပြင်က လေအေးနှင့် အေးပုံချင်းမတူ။ သည်မှာက
စိုစွတ်သည့် ရနံ့ တစ်ခုပါသည်။ ဟိုမှာက ခြောက်သွေ့သည့် အအေး။
ထိုင်ထိုင်ချင်း လုပ်မိသည်ကတော့ လှေဝမ်းထဲမှ ရေတွေကို ထုတ်ပစ်ဖို့ ခပ်သည့်
ခွက် ရှာခြင်းပါပဲ။ ခွက်တော့ မဟုတ်။ ဗီနိုင်း ပလတ်စတစ်ဘူးခွံ တစ်ခုကို ထက်
ပိုင်းဖြတ်ထားပြီး သစ်သားလက်ကိုင်တန်းလေး တပ်ထားသည့် ဘူးခွံခွက်ကို
တွေ့သည်။ လှေဝမ်းထဲက တစ်မိုင်လောက် ရေထဲမှာ ပေါလောလေး။ ကျွန်မ
အဖြူပုံးခွံကို လက်က ကိုင်ဖို့ စိုးရွံ့နေဆဲမှာပင် ထိုင်နေသည့် ခရီးသည် အမျိုး
သမီးက ဆေးပေါ့လိပ်ကို ပါးစပ်မှာ ကိုက်လျက် ဘူးခွံကို ကောက်ကိုင်သည်။
ထို့နောက် သူ့လှေမို့ သူတာဝန်ရှိသည့်အလား မပြောမဆို ရေကို တစ်ခွက်ချင်း
ခပ်ကာ မြစ်ထဲသို့ သွန်သွန်ချလေသည်။
လှေ မထွက်သေး။ လှေကို လှော်တော့မလားဟု ကျွန်မ မျှော်လင့်တကြီး ကြည့်ပေမဲ့
မိန်းကလေးက မလှုပ်မယှက် ထိုင်နေဆဲ။ မိန်းကလေး ၀တ်ထားသော အင်္ကျီသည်
ခပ်ပါးပါး ပန်းရောင်အရိပ်ပန်းစ ဖြစ်သဖြင့် မြစ်ပြင်မှလေဖြင့် လှုပ်ခတ်နေသည်။
ပါးပြင်မှာ သနပ်ခါး ပါးကွက်ကြားသည် တစွန်း တစ ကွက်နေပြီ။ လှေထဲက ခရီးသည်
တွေကို မိန်းကလေးက ကြာကြာမကြည့်။ မျက်လုံးလွှဲပစ်ပြီး ကမ်းစပ်သောင်ခုံဆီ
သာ ခဏခဏ လှမ်းကြည့်သည်။ မကြာမီမှာ ရောက်လာတော့မည့် တစ်ယောက်
ယောက်ကို မျှော်ကြည့်သလိုလို။ ခရီးသည် ထပ်ရဖို့ မျှော်နေတာလား။
ကျွန်မ အနောက်ဘက်ဆီသို့ မျှော်ကြည့်သည်။ မြစ်ပြင်အကျယ်ကို မမြင်ရ။ ကျွန်း
သောင်ခုံ တန်းကလေးကိုသာ မြင်ရသည်။ တကယ့် ဧရာဝတီမြစ်သည် ထိုသောင်ခုံ
တန်းကလေး၏ တစ်ဖက်မှာ ရှိသည်။ မြစ်ပြင်ပေါ်သို့ ရောက်သည့်အခါ ရေပြင်၏
ခြောက်လှန့်မှုကို စတင် ခံစားရသည်။ ကျွန်မ သွားရမည့် နေရာသည် ရေအစုန်လား
ရေအဆန်လား သိအောင် အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို စိတ်မှန်းဖြင့် တွက်
ကြည့်သည်။ ရေဆန်။ ရေဆန်မို့ ခရီးက ပိုကြာမည်။ လေသာလျှင်တော့ ရွက်ဖြင့်
တိုက်သွားလျှင် ခရီးတွင်မှာပေါ့။
မိန်းကလေး၏ မျက်နှာ လှစ်ခနဲ ၀င်းပသွားသည်။ မိန်းကလေး မျက်လုံး အကြည့်
က ကမ်းစပ်သောင်ခုံဆီ။ ကျွန်မ လှမ်းကြည့်လိုက်သည်။ လူငယ် တစ်ယောက်။
တစ်ယောက်တည်း လမ်းလျှောက် လာနေသည်။ သူ့ပုံစံက ခရီးသည်နှင့်မတူ။
ခရီးသည် ဆိုပါလျှင်လည်း အနောက်ဘက်ကမ်း ရွာတစ်ခုခုမှပဲ ဖြစ်မည်။ ပုဆိုး
တိုတို၏ ခါးပုံစက ကြီးကြီး။ လက်ထဲမှာ ဘာမှ မပါ။ ခရီးသည် မဟုတ်ပါ။ ထိုလူ
ငယ်သည် နေဆီသို့ လှမ်းမော့ ကြည့်သည်။ အချိန်ကို ခန့်မှန်းသည့် သဘော
ဖြစ်မည်။ ထို့နောက် ကျွန်မတို့ လှေရှိရာသို့ ကြည့်သည်။ သူ့ဟန်က နှေး တွဲ့
တွဲ့မှ ခပ်သွက်သွက်အဖြစ် ချက်ချင်း ပြောင်းသွားသည်။ သူ ခြေလှမ်းကျဲကျဲ
ဖြင့် လှေဆီသို့ အပြေး လျှောက်လာသည်။
မိန်းကလေး၏ ၀င်းပသော မျက်နှာနှင့် လူငယ်၏ ခြေလှမ်းတို့ကို သတိပြုမိ
သည့်အခါ သူတို့နှစ်ယောက်၏ ဆက်စပ်မှုကို အလိုလို ရိပ်မိသွားသည်။
မိန်းကလေး၏ကိုယ်ဝန်ကို ကျွန်မ တစ်ချက် ကြည့်လိုက်မိပြန်သည်။ မိန်းကလေး
၏ မျက်ဝန်းများမှာ တောက်ပ နေသည်။ ချစ်ရည် ရွှန်းတဲ့ မျက်ဝန်းလဲ့ပြာပြာ ဆို
တာ များလား။ လှေပေါ်သို့ လွှားခနဲ ခုန်တက်လိုက်သော လူငယ်၏ အလေးချိန်
ကြောင့် လှေက နစ်ဝင် သွားပြန်၏။ လူငယ်၏ ညိုသော အသားအရေမှာ လေ
တိုက်ခံထားရသဖြင့် ခြောက်သွေ့ နေသည်။ မိန်းကလေးက လှေပေါ် ရောက်လာ
သော လူငယ်ကို မျက်စောင်းထိုးသည်။ ထို မျက်စောင်းမှာ မုန်းတီးခါးသီးမှုကို
မတွေ့ရ။ လူငယ်က ပြုံးသည်။ မိန်းကလေးက အပြစ်တင် စကားတွေ ပြောသည်။
လူငယ်က ပြန်ဖြေရှင်းသည်။ လေတိုးသံကြောင့် ထို့ပြင် လေယူ လေသိမ်း မြန်
ဆန်သောကြောင့် သဲသဲကွဲကွဲ မသိ။ ကြာနေသည့် အတွက် အပြစ်တင် စကားဟု
တော့ သိသာသည်။ သို့သော် မိန်းကလေး၏အသံမှာ စူးစူးရှရှ မဟုတ်။ ချိုတောင်
ချိုနေ သလိုလို။ လူငယ်က ပြုံးရင်း ဘေးက ကပ်လျက် လှေပေါ်မှာ မတ်တတ်ရပ်
နေသည့် လူတစ်ယောက်ကို ဆေးပေါ့လိပ်တစ်လိပ် လှမ်းပေးသည်။ အခုမှ ကမ်း
ကပ်လိုက်သော နောက်ထပ်လှေ တစ်စင်းပေါ်မှ ထမင်းအိုးကို ပိုက်ပြီး ဆင်းလာ
သည့် အသက် ဆယ်နှစ်အရွယ် လှေသမားလေးကို ကမ်းစပ်မှ ကလေးအမေ
အမျိုးသမီးတစ်ယောက်က စနောက်ဟန်ဖြင့် ထမင်းအိုး ဆွဲလုသည်။ ဘာဟင်း
တွေလဲ ငါ့ကျွေးပါဦးဟု ပြောသည်။ အမယ် ခရမ်းသီးချက်ပါလားဟု ပြောသည်။
ကောင်လေးက မရယ်မပြုံး သူ့ထမင်းအိုးကို ပြန်တောင်းသည်။
ကျွန်မတို့ လှေသမား မိန်းကလေးက ထိုအမျိုးသမီးအား သစ်သားငုတ် ပျောက်သွား
ပြီဟု ပြောသည်။ လှေကို ကမ်းစပ်မှာ ကပ်ပြီး ကြိုးချည်ထားရာတွင် သုံးသည့် သစ်
သားငုတ်မှာ ခပ်ကြီးကြီး မဟုတ်နိုင်။ ဘယ်လိုလုပ်ပြီး ပျောက်သွားပါလိမ့်။ လှေ၏
ရွက်တိုင်ကို ကျွန်မတို့ လှေသမား လူငယ်က ထူ သည်။ ရွက်အဖြစ် သုံးသည့် ဖြူဖတ်
ဖြူရော် အ၀တ်စကြီးသည် ဖြန့်လိုက်သည့်အခါ စပ်ရာတွေ လေး၊ ငါးခုနှင့် တစ်ထည်
ဖြစ်နေသည်ကို တွေ့ရသည်။ ပါးပါးလှပ်လှပ်။ တစ်နေရာက ထောင့်မှန်ပုံစံ ပြဲနေ
သည်။ သို့သော် လေကိုတော့ စုယူသိမ်းဆည်းပြီး လှေရွေ့အောင် ရွက်လွှင့် ပေးပါ
လိမ့်မည်။
လှေငယ်ကလေး စထွက်ပါပြီ။ ပဲ့ကိုင်တက်၏ တကျိကျိ မြည်သံနှင့် ရွက်၏ တဖတ်ဖတ်
မြည်သံတို့သည် လှေ၏ဂီတ ဖြစ်သည်။ သောင်ခုံတန်းကို ကွေ့ဝိုက်ပြီးသော အခါ မြစ်
ပြင်ကျယ်ထဲသို့ လှေရောက်သွားသည်။ ကျွန်မတို့ ကိုယ်ခန္ဓာ ကိုးဆယ်ရာခိုင်နှုန်းက
ရေတွေတဲ့။ ဒါပေမဲ့ ကျွန်မကို မြစ်ရေပြင်ထဲ ချလိုက်လျှင် ရေနှင့် တစ်သားတည်းရော
သွားမလား။ ဝေးပါသေးသည်။ ရေ၏ အောက်ခြေထိ နစ်ဝင် မြုပ်သွားနိုင်သည်။ လှေ
၏ ကျွန်းသားသစ်အနှစ်တွေထဲမှာ ရေဘယ်နှစ်ရာခိုင်နှုန်း ပါဝင်ပါလိမ့်။ သိပ်သည်းဆ
ဆိုသည့် စကားလုံး မပေါ်ခင်က လူတွေ ရေကူးတတ်သလား။
လှေဝမ်းထဲသို့ စိမ့်စိမ့်ဝင်လာနေသော ရေတွေကို ခရီးအစတုန်းက ခပ်ထုတ်နေခဲ့သော
မိန်းမကြီးက အခုတော့ ငိုက်မျဉ်းနေသလို မျက်စိမှိတ်လျက် စိတ်ချလက်ချ လိုက်ပါလာ
သည်။ ရေတွေကတော့ တော်တ်ာဝင်လာပြန်ပြီ။ ခွက်လေးက လှေဝမ်းထဲက ရေထဲတွင်
ပေါလောမျောနေသည်။ ကဲ သည်တစ်ခါ ကျွန်မ ခပ်ထုတ်မည်ဟု ဆုံးဖြတ်လိုက်သည်။
တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဟူသည့်စကားကို အခုမှပိုပြီး ခံစားတတ်လာ
သည်။ ကျွန်မ ထိုင်နေသည့်နေရာကပဲ လှေပေါက်ပေါက် သူထိုင်နေရာသည့် နေရာကပဲ
လှေပေါက်ပေါက် ရေ၀င်တော့ ဒီတစ်လှေတည်းမှာပဲ ၀င်တာပဲ။ နစ်လျှင် အတူတူနစ်ကြ
မည်။ ကျွန်မ ထိုအဖြူရောင် ဘူးခွံပြတ်ကလေးဖြင့် ရေတွေကို ခပ်ထုတ် လိုက်သည်။
ခရီးသည် ယောက်ျားက ထမင်းစားပြီးသွားတော့ ထမင်းချိုင့်ကို မြစ်ရေဖြင့် ဆေးကြော
သည်။ သူ့ချိုင့်ထဲမှ ဆီအကပ်တို့သည် မြစ်ရေ ပေါ်တွင် သက်တံရောင် အကွက်သေး
များအဖြစ် တစ်ခဏ ဆီဝေ့သွားသည်။ မြစ်ပြင်မှာ ရေလှိုင်းမထန်။ တည်ငြိမ်နေပြီး ဟို
ဘက်သည်ဘက်ကမ်းကို မြင်နေရ သဖြင့် ကျွန်မ၏ ကြောက်စိတ်ကို နည်းနည်း ထိန်း
ချုပ် နိုင်သွား၏။ ခရီးသည် ယောက်ျားက လှေသမား လူငယ်နှင့် စကားပြောလာ ကြ
သည်။ သူတို့စကားတွေမှာ ရွာမှာ ပြသည့် ဘောလုံးပွဲ အကြောင်း၊ ဘုရားပွဲတုန်းက
မ၀ယ်ဖြစ်လိုက်သည့် ဖိနပ်တစ်ရံ အကြောင်း၊ ဆန်ဈေးနှုန်းမြင့်သည့် အကြောင်း စသည်
ဖြင့် ရောက်တတ်ရာရာ ဖြစ်သည်။ သို့သော် သူတို့စကားထဲမှာ မိန်းကလေး၏ ကိုယ်ဝန်
အကြောင်းမပါ။
သားဦး ကိုယ်ဝန်ဖြစ်သလား။ မွေးဖွားဖို့ သားဖွားဆရာမနှင့် အပ်ထားသလား။ အရပ်
လက်သည်နှင့် မွေးမှာလား။ အရင့်အမာကိုယ်ဝန်နှင့် ဇနီးသည်ကို လှေဦးမှာ ထိုင်စေ
ပြီး လှော်ခပ်ခိုင်းထားသော လူငယ်သည် စိတ်မသက်မသာ အားတုံ့အားနာဟန်
လုံးဝ မရှိ။ လုံးဝ ပုံမှန်ပဲ။ နေ့စဉ်သည်လိုပဲ ခိုင်းနေကျ ဖြစ်မည်။ မိန်းကလေးကလည်း
ငြူစူဟန်၊ စိတ်ကောက်လိုဟန် မရှိ။ ခိုင်းရက်လေခြင်းဟု ၀မ်းနည်းဟန်လည်း မရှိ။
ရိုးရှင်းသော မျက်နှာထားဖြင့် လှော်တက်ကို စည်းချက်ညီညီ အားသွန် ခွန်စိုက် ခတ်
လျက် ရှိသည်။ ခရီးသည် အဒေါ်ကြီးအား လှေအကြောင်းကို အိတ်သွန်ဖာမှောက် ပြော
နေသဖြင့် သူ့ယောက်ျားက မိန်းကလေးကို လှမ်းပင်ငေါက်လိုက်သေးသည်။ ဘာတွေ
လျှောက်ပြော နေတာတုန်းတဲ့။ မိန်းကလေးက အပြစ်ကင်းစင်သော မျက်နှာဖြင့် ဟုတ်
တာပြောတာဟု အရိုးခံ အမူအရာဖြင့် ပြောပြီး ရယ်၏။
သူတို့ အခု ကူးတို့ လိုက်နေသော လှေသည် သူတို့ အပိုင်လှေ မဟုတ်။ ဌားထားရ
သော လှေဖြစ်သည်။ လှေဌားခက တစ်ရက်ကို ၅၀၀ ကျပ် ပေးရသည်။ ရေနံချောင်း
ဆိပ်ကမ်းတွင် ဆိပ်ကမ်းအခွန်ခ အဖြစ် လှေဆိုက်ခ တစ်ခေါက်ကို ၁၅၀ ကျပ် ပေးရ
သေးသည်။ သံကိုင်းဘက်ကမ်း ကျတော့လည်း လိုက်ပါသည့် ခရီးသည် တစ်ဦးလျှင်
သုံးဆယ်ကျပ် အခွန်ပေးရသည်။ ဒါဖြင့် ခရီးသည်တွေဆီက လှေခ ဘယ်လောက်
ရသလဲ။ ကျွန်မသည် ဈေးနားမှာ လှေစီးမည့် ခရီးသည်ကို လိုက်ရှာခေါ်သည့် ကိုယ်
ဝန်ဆောင် မိန်းကလေးကို အားပေးလိုသဖြင့်သာ လိုက်ပါ လာခဲ့သော်လည်း လှေခ
ဘယ်လောက် ပေးရမလဲဟု မမေးမိခဲ့။
လှေတစ်စင်းကို ငွေတစ်သိန်းလောက် ဈေးရှိသည်မို့ မ၀ယ်နိုင်ပါတဲ့။ မိန်းကလေး
၏စကားကို လှေသမား လူငယ်က ဟန့်သည်။ နင် ဘာသိလို့ လျှောက်ပြောနေ
တာတုန်း။ ဘယ်လို လုပ်ပြီး တစ်သိန်းနဲ့ ရမှာတုန်း။ ဒီလှေ အဟောင်းကြီးတောင်
ရှစ်သောင်းလောက် ဆိုတာ။ ဖာလို့ထေးလို့ မလောက်နိုင်တဲ့ လှေ။ သစ်ကောင်း
ကောင်းနှင့် လှေသန့်သန့် ၀ယ်လျှင် တစ်သိန်းခွဲနှင့် နှစ်သိန်းကြားမှာ ပေးရမည်။
ကိုယ့်ကိုယ်ပိုင်လှေကို လှော်ပြီး ကူးတို့လိုက်ဖို့က လှေသမား လူငယ်၏ အိမ်မက်
ဖြစ်သည်။
မိန်းကလေးသည် တစ်ချက်တစ်ချက်တွင် မျက်နှာသို့ တိုက်ခတ်လာသော လေကို
ခေါင်းခါယမ်းပြီး အံတုသည်။ ဆံပင်များ လွင့်စင်ဖွာနေသဖြင့် သူမ၏ ကျယ်ဝန်းသော
နဖူးပြင်ကို မြင်ရသည်။ ဆံပင်လွင့်လွင့်သွားသော နဖူးစပ်မှ အသားက ပိုဖြူဝင်းနေပြီး
မျက်နှာပြင် အသားနှင့် တစ်ရောင်စီ ဖြစ်သည်ကို မြင်ရသည်။ သြော် နဂိုတုန်းက
အသားဖြူဖြူလတ်လတ် ဖြစ်မလား။ ကူးတို့လှေသမားလေးကို ယူမိလို့ နေလောင်ခံ
ရတဲ့ လှေထိုးအလုပ်ကို ကူလုပ်နေရတာလား။ သူမရဲ့ မိဘတွေကရော ဘယ်မှာ နေ
ကြတာလဲ။ သူမ ကိုယ်ဝန်ရနေပြီကို သိရဲ့လား။ အခုလို အဆင့်မြင့် ဆေးပညာတွေ
နည်းပညာတွေ ခေတ်မှာ အရပ်လက်သည်ဖြင့် မွေးကောင်း မွေးမိကြတော့မလို့
ဆိုတာရော သိကြပါ့မလား။ ကျွန်မ၏ ဘောင်ကျော်သွားသော အတွေးကို ချက်ချင်း
ပင် ပြန်ရုတ်သိမ်းလိုက်ရသည်။ ကျွန်မကို မေမေ မွေးဖွား ခဲ့စဉ်တုန်းကတော့ အရပ်
လက်သည်ဖြင့်ပဲ မွေးခဲ့ရသည်။ အရပ်လက်သည် အဒေါ်ကြီး၏နာမည်မှာ ဒေါ်ခွေးညို
တဲ့။ ကျွန်မအောက်က ညီမနှစ်ယောက်ကိုလည်း ထိုဒေါ်ကြီးပဲ မွေးပေးခဲ့သည်။
မြစ်ရေစီးသံနှင့် လှော်တက်ခတ်သံ၊ ရွက်ကို လေတိုးသံ အသံတို့၏ နောက်မှာ
သီချင်းညည်းသံတစ်ခု။ လှေသမား လူငယ် သီဆိုလိုက်သော သီချင်းသံ။ သီချင်း
က တောရွာသီချင်း မဟုတ်ဘဲ ရော့ခ်ဂီတ သီချင်း ဖြစ်နေသဖြင့် ကျွန်မ အံသြ
သွားသည်။ မိန်းကလေး၏ ရယ်သံသဲ့သဲ့ကို ကြားရသည်။ သူ့ယောက်ျား သီချင်း
ဆိုတာကို လှောင်ပြောင်သရော်သည့် ရယ်သံတော့ မဟုတ်။ သဘောကျပြီး
စနောက်ချင်သည့် ရယ်သံ ဖြစ်ပါသည်။ ရယ်သံသည် ပွင့်လင်း၏။ ခွန်အားပါ၏။
ချစ်မြတ်နိုးမှုလည်း ပါ၏။ ဘ၀ကို ကျေနပ်မှုတောင် ပါနေသည်ဟု ထင်သည်။
သူမ၏ ရယ်သံသည် ဧရာဝတီမြစ်၏ ဟိုဘက် သည်ဘက် ကမ်းပါး သောင်ခုံတန်း
တို့မှ ပြန်လွင့်စင်လာကာ ရေလှိုင်းတို့အကြား ပဲ့တင်ထပ်သွားသည်။ ထိုရယ်သံကို
မြစ်ပြင်ပေါ်က လေကလည်း တွန်းဖယ် မပစ်နိုင်။ ရေလှိုင်းသံတွေလည်း မစုပ်ယူနိုင်။
(ဆက်လက် ဖော်ပြမည်။)
(ကလျာ မဂ္ဂဇင်းပါ စာရေးဆရာမ ဂျူး၏ မြစ်ကူးခရီး ကို ထပ်ဆင့် ကူးယူဖော်ပြပါ
သည်။)
Sep 26, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment