Sep 25, 2008

မြစ်ကူးခရီး (ပထမပိုင်း)

ရေးသူ- ဂျူး

scan0009.jpg

ကြယ်ပုံစံ အ၀ါရောင် မြေကပ်ပန်းပွင်းများကို မြင်ရပြီ။ မြို့ကြီးမှာ မရှိသည့် ပန်း
များ။ ကျွန်မ ခြေဖ၀ါး အောက်က အရာသည် မြစ်ကြမ်းခင်းတစ်ခု ဖြစ်ခဲ့ဖူးသည်။
မြင့်မားသော ရေလှိုင်းများ၊ ကမ်းကို မမြင်နိုင်လောက်အောင် ကျယ်ပြန့်သည့်
မြစ်ပြင်။ အခုတော့ ကုန်းမြေ တစ်ခုပေါ့။

ကဗျာတစ်ပုဒ်ကို စိတ်ထဲက သတိရမိသည်။
လူ့ကိုယ်ခန္ဓာတွင် ၉၀ ရာခိုင်နှုန်းက ရေဓါတ်ဖြစ်သည်။ အဲဒီအချက်က တခြား
သောအရာတွေထက် ပိုဂမ္ဘီရ ဆန်သည်။ ထို့ပြင် ရေဆုတ် ရေတက် နိယာမများ
ကို ဖီဆန်နိုင်စွမ်း မရှိ။ ဒါဖြင့် သမုဒ္ဒရာတွေကို ရွေ့လျား စေနိုင်သည့် “လ”သည်
ကျွန်မတို့ လူသားတွေကိုလည်း တက်စေ ကျစေနိုင်မှာ ပေါ့။ ဒါကြောင့်ပဲ ကျွန်မ
တို့သည် နေ့အခါ မြို့ကြီးတွေဆီ လျှံကျကြ။ ထူထပ် ရှုပ်ထွေးသည့် လမ်းတွေ
ဆီ စီးဆင်းရင်း အခြား ခန္ဓာကိုယ်များကို ဖြတ်သန်းခဲ့ကြ။ ကျွန်မတို့ အလုပ်လုပ်
ရာ မှန်အဆောက်အဦး မြင့်မြင့်တွေထဲ ကျွန်မတို့ ကိုယ်ခန္ဓာတွေဖြင့် သွန်းလောင်း
ဖြည့်။

ညနေ အမှောင်သန်းသည့်အခါ လာရာ လမ်းတွေဆီ ပြန်ဆုတ်ခွာ ခဲ့ကြ။ ကမ်းကို
ပြေးရိုက်ပြီး ပြန်စီးလားသည့် ရေလှိုင်းတွေလိုပဲ မြစ်သွယ် ကွန်ကရစ်များဆီကနေ
ဆင်ခြေဖုံးတွေဆီ ပြန်ဝင်ကြ။ အက်တလန်တစ် သမုဒ္ဒရာ နောက်တစ်ကြိမ် အထီး
ကျန် တိတ်ဆိတ်ရ။

ဒါကြောင့်ပေါ့။ သူတို့ ရလာတဲ့မြေကို အကုန် ပြန်ဆုံးရှုံး ကြရတဲ့ ဘယ်ကိုမှမရောက်
သည့် ကဗျာတွေကို ကျွန်မတို့ ရေးသား နေကြသည်။ ဒါကြောင်ပဲပေါ့။ ကျွန်မတို့၏
ရေဆာ ငတ်မွတ်ခြင်းကို ကျွန်မတို့၏ ဆန္ဒတွေကို ဘယ်တော့မှ မမှတ်မိကြတော့။
ဂျနီဖာဂရက်ရှန်၏ ကဗျာ။




ကျွန်မ ကိုယ်ခန္ဓာမှာ ကိုးဆယ်ရာခိုင်နှုန်းက ရေတွေတဲ့။
မြစ်ရေပြင် ဖြစ်ခဲ့ဖူးသော ကုန်းမြေတစ်ခု ပေါ်မှာ ကျွန်မ လမ်းလျှောက် နေခဲ့ပါ
လားဟု တွေးမိလျှင် မှော်အတတ်ဖြင့် စီရင်ထားသည့် ခြေလှမ်းများလိုလို ကိုယ့်
ကိုယ်ကို ထင်မိ၏။ နှစ်ပေါင်းရာနှင့် ချီသည့် ကာလတွေတုန်းက မြစ်ပြင်။ ဧရာဝတီ
ကုန်းမြေပေါ် လမ်းလျှောက်နေသူက ကျွန်မ တစ်ယောက်တည်း မဟုတ်။ လေး
ယောက် ငါးယောက်။ လေးကောင် ငါးကောင်၊ ၀န်တင်လှည်းတပ် နွားတွေ။ ကျွန်မ
၏ဘေးမှာ ဖြတ်သန်းသွားနေသည်။ လှည်းဘီးတွေဖြင့် အထပ်ထပ် ကြိတ်ဖိခံရ
သော မြေသည် နုညက်သော ဖုံတွေ ဖြစ်နေပြီး သဲတွေရောလျက် လေ ခပ်ကြမ်း
ကြမ်းအဝှေ့တွင် အလုံးလိုက်တက်လာသည့်အခါ ကျွန်မ၏ ဆံပင်တွေပေါ် ကပ်
ငြိ ဖွာလွင့်သွားရုံသာမက နှုတ်ခမ်းဆီမှာ ခပ်ရှရှ သဲမှုန့်အတွေ့ကိုပါ ရသည်။

မြေပြင်သည် သဲသောင်မဟုတ်။ သစ်ပင်ကြီးတွေ ပေါက်သော ကုန်းမြေပြင်
ဖြစ်သည်။ ရွာတွေ တည်ထောင်ထားသည့် မြေဖြစ်သည်။ မြေနုကျွန်းဟုတောင်
ခေါ်နိုင်ပါဦးမလား။ မြေရင့်ကျွန်းဟု ခေါ်လျှင် မှန်မည်လား။ ဆူးချုံတွေဖြင့် စည်း
ရိုးကာထားသည့် တလင်းမာမာ အိမ်ဝိုင်းတွေထဲမှာ ကြက်တွေ နွားတွေရှိသည်။
အခွံကနေ ဆွဲလှန်ပြီး စုစည်းကာ အခြောက်လှန်းထားသည့် အတန်းလိုက် ပြောင်း
ဖူးခြောက်တွေက အိမ်တွေကို ခြယ်သ ထားသလိုပဲ။

လမ်းသည် လှည်းလည်းသွားပြီး လူလည်းသွားသည်။ ကျဉ်းကျဉ်းလေးပါပဲ။ မျက်
နှာချင်းဆိုင်မှာ လှည်းတစ်စီး လာနေသည်။ နွားနှစ်ကောင်က ကျွန်မနှင့် တည့်
တည့်။ ကျွန်မဘေးကို ကပ်ပေးဖို့ မြေပြင်မရှိ။ သည့်ထပ် ထပ်ကပ်ပေးရလျှင်
အနီးက ခြံစည်းရိုးအခြေကို နင်းမိတော့မည်။ သို့သော် ခြံစည်းရိုးက ဆူးနှင့် နွား
ဦးချို နှစ်ခုမှာ တစ်ခုပဲ ရွေးရမည် ဆိုလျှင် ဆူးကို ရွေးပါမည်။ ကျွန်မ၏ ဖိနပ်က
အမြင့်မို့ ဆူးမဖောက်နိုင်။

ကျွန်မဘေးမှာ ကိုယ်ဝန်ဆောင် မိန်းကလေးက စကား တတွတ်တွတ်ပြောလာ
သည်။ မိန်းကလေးက ဖိနပ်မပါ။ အားနာဖို့ ကောင်းပါသည်။ ကျွန်မ၏ ခေါင်းထက်
က နေသည် စူးစူးရဲရဲ ပူပြင်းသည်။ အောက်က ခြေဖ၀ါးပြင်သည် သဲထဲသို့
နစ်နစ်ပြီး ၀င်သဖြင့် ရုန်းပြီး နင်းရသည်။ ခြေလှမ်း တစ်လှမ်း စာကို နှစ်လှမ်းစာ
မက ပင်ပန်းသည်။ ရှေ့နားဆီမှာ လှေဆိပ်မှ ဆင်းလာသော မိသားစုတစ်စု
လျှောက်လာနေသည်။ ကလေးအငယ်ကလေးကို မိခင်က ခါးထစ်ခွင်ချီထားသည်။
ကလေးအကြီးက မိခင်နောက်မှ တစ်လှမ်းချင်း လိုက်ပါ လမ်းလျှောက်နေသည်။
ဖခင်က ဌက်ပျောသီး တစ်ခိုင်ကို ပခုံးမှာ ပုဆိုးခေါက်ခုလျက် ထမ်းလာသည်။
ပုလွေသံ တစ်ခုကို ကြားရသည်။ ပုလွေမှုတ်သူကို မမြင်ရ။ ဌက်အော်သံတွေ
ကို ကြားရသည်။ ဌက်တွေကို မမြင်ရ။ သစ်ပင် အကိုင်းအခတ် အရွက်တွေထဲ
မှာ မြုပ်နေမှာပေါ့။ အရွက်သေးသေး မာမာပြောင်ပြောင် ဘာရွက်ပါလိမ့်။ ပင်စည်
ကို ကြည့်တော့လည်း ဘာပင်မှန်း မသိ အရွက်ကို မော့ကြည့်တော့လည်း ဘာပင်
မှန်း မသိ။ အရွက်တွေကို ငယ်စဉ်က နာမည်ရေးမှတ်လျင် စာအုပ်ကြားထဲ ညှပ်ခဲ့
မှတ်ခဲ့ဖူးသည်။ အထူးဆန်းဆုံး အရွက်မှာ စွယ်တော်ရွက်၊ အလှဆုံးအရွက်မှာ
ဗောဓိညောင်ရွက်။

ဧရာဝတီမြစ်ပြင်၏ အကျယ်ဆုံးနေရာ ဘယ်နေရာလဲ မသိသော်လည်း ကျွန်မ
လျှောက်နေရသည့် မြေပြင်ကျယ်ကြီးသည် ဧရာဝတီမြစ်မှ သောင်ထွန်းလာသော
မြေပြင်ကျယ်ကြီး ဖြစ်သည်။ နှစ်မိုင်လောက်များ ရှိပြီလားဟု မောမောပန်းပန်း
တွေးမိသည်။ သည်လောက်တောင် မြစ်ကြီးက ပြောင်းလဲသွားခဲ့သတဲ့လား။ လွန်ခဲ့
သည့် ဆယ်နှစ်က မြစ်ကမ်းစပ်ကို ရောက်ဖို့ ခြေလှမ်းတွေ သည်လောက် မဝေးပါ
ဘူး။ အခုတော့ ဝေးလှချည်လား။ ရေမမြင်ရ။ ရေအနံ့ကိုတော့ ရသည်။ ရေအနံ့
သည် ခပ်စိမ်းစိမ်း၊ စိုစိုစွတ်စွတ်လေက သယ်ဆောင်လာသည်။ ဘယ်မှာလဲ မြစ်
ကမ်းစပ်။ ဘယ်မှာလဲ မြစ်ရေပြင်။ ၀ါးစို အနံ့ပါသည်။ ရွာရိုး အပြင်သို့ ခြေလှမ်း
လှမ်းလိုက်သည်နှင့် သဲပြင်ကျယ်ကြီးကို တမျှော်တခေါ် မြင်ကွင်းကျယ်ကျယ် မြင်
ရတော့သည်။ ရွာမရှိ အိမ်မရှိ။ ကိုင်းခင်း မရှိ။ လောကတစ်ခွင်လုံး သဲပြင်။ ထိုသဲပြင်
မှာ ခြေလှမ်းလှမ်းရ ပိုခက်သည်။ သို့သော် မြစ်နှင့် နီးပြီဟု သိလိုက်၏။

မြေကြီးသည် သဲပြင်သက်သက်။ သဲလှိုင်းတို့သည် တစ်ပေခန့် မြင့်မားသည်။
ကောင်းကင်သည် ပြာလွင်နေ၏။ ပြာလွင်သော ရေပြင်ကျဉ်းကျဉ်းကို မြင်ရပြီ။
လှည်းအိမ်မှ ဖြုတ်ထားသော နွားတွေသည် သဲပြင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်
နေကြသည်။ နွားတွေ၏ လည်ဂုတ်မှာ ထမ်းပိုးရာဖြင့် အသားမာတက်ပြီး ကြမ်း
တမ်းနေသည်။ အရေပြားအရောင်နှင့် မတူပဲ စိမ်းပြာပြာ ညိုပြာပြာ ဖြစ်နေသည်။
လှည်းနှစ်စီးကတော့ ရေစပ်မှာ။ ထိုလှည်းတွေကို ဆွဲရသည့် နွားတွေ မနားရဘဲ
ဝါးစို တွေကို လှည်းပေါ်သို့ တစ်ကြိမ်ထမ်းတင်တိုင်း လည်ဂုတ်ညွတ်လျက် မတ်
တတ်ရပ် နေကြသည်။ ခပ်လှမ်းလှမ်းမှာ နောက်ထပ် လှည်းတစ်စီး။ ကြိုးတုတ်
ထားသော ၀က်တွေကို လှည်းပေါ်မှ မော်တော်ပဲ့ထောင်ပေါ်သို့ တင်ချ နေကြ
သည်။ ထိုလှည်း၏ ထမ်းပိုးကို ထမ်းထားရသည့် နွားတွေကတော့ ၀က်တစ်ကောင်
လျော့သွားတိုင်း လည်ဂုတ်သား အလေးချိန် လျော့သွားတာမို့ သက်သာရာ
ရပေမည်။


(ဆက်လက် ဖော်ပြမည်။)
(ကလျာ မဂ္ဂဇင်းပါ စာရေးဆရာမ ဂျူး၏ မြစ်ကူးခရီး ကို ထပ်ဆင့် ကူးယူဖော်ပြပါ
သည်။ စာအိတ်မှတဆင့် လက်ခံရရှိသောကြောင့် စာရွက်သား သက်သက်ဖြစ်ပါ
သည်။ မဂ္ဂဇင်းထုတ်သော လနှင့် ခုနှစ် ရှာမတွေ့ပါ။ အကြောင်းကြောင်းကြောင့်
စာရေးသူထံမှ တိုက်ရိုက်ခွင့်ပြုချက် မယူနိုင်ခဲ့မှုကို တောင်းပန် ပါသည်။)

1 comment:

ဂျူနို said...

ဂျူးရဲ့ စာတွေမှာ ပြောစရာတွေ အများကြီးရှိနေတယ်။
တခု လောလောဆယ်ပြောနိုင်တာ က အီလည်လည်ဘဲ။