ရေးသူ- မြသန်းတင့်
“သူရိယ သတင်းစာဆိုတာ မင်းကြားဖူးလား”
မကြားဖူးဟု သူကဖြေသည်။
“မြန်မာ့အလင်း သတင်းစာတော့ ရှေးတုန်းက ရှိခဲ့တဲ့ သတင်းစာလို့
ပြောသံ ကြားဖူးတယ်”
“အေး၊ ဟုတ်တယ်။ ရှေးတုန်းက၊ ရှေးတုန်းက ရှိခဲတဲ့ဆိုတာ စစ်မဖြစ်မီ
အင်္ဂလိပ်ခေတ်က နာမည်ကြီးတဲ့ သတင်းစာကြီး နှစ်စောင်ရှိတယ်။ တစ်
ခုက မြန်မာ့အလင်း သတင်းစာ၊ နောက်တစ်ခုက သူရိယ။ သူရိယ သတင်း
စာမှာ အယ်ဒီတာ တစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့နာမည်က ဦးအောင်ထူး
တဲ့။ နောက်တော့ အောင်ထူးဆိုတဲ့ ကလောင်နာမည်နဲ့ စာအုပ်တွေ ဘာ
တွေလည်း ရေးခဲ့ဖူးတယ်။ အဲဒီ ဦးအောင်ထူး၊ သတင်းစာဆရာ ဦးအောင်
ထူးဟာ မင်းလိုပဲ သတင်းစာ ပို့တဲ့ သူငယ်ကလေးတဲ့ကွ။ သတင်းစာ ပို့
ရင်း သတင်းစာ အလုပ်ကို စိတ်ဝင်စားလာပြီး သတင်းဆရာ ဖြစ်သွားတာ။
မင်းကော သူ့လို မဖြစ်ချင်ဘူးလား”
မောင်သန်းဇော်သည် ဘာမျှမပြောဘဲ ရယ်နေသည်။ ရှက်ကိုးရှက်ကန်း
လည်း ဖြစ်နေသည်။
“သူ့လိုပဲ အမေရိကန်တို့ ဘယ်တို့မှာလည်း သတင်းစာပို့တဲ့ သူငယ်
ကလေးကနေ သတင်းစာဆရာ ဖြစ်သွားတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေ
အများကြီး ပဲကွ၊ သူတို့လို မဖြစ်ချင်ဘူးလား”
မောင်သန်းဇော်သည် အရယ်ရပ်သွားကာ သူ့မျက်နှာသည် လေးနက်
သည့် အသွင်ကို ဆောင်သွားသည်။
“ကျွန်တော်တို့လိုဟာတွေ ဘယ်မှာ သတင်းစာဆရာကြီး ဖြစ်နိုင်ပါ့မလဲ
ခင်ဗျာ” ဟု စိတ်ပျက်သည့် လေသံဖြင့် ဆိုသည်။
ကျွန်တော်က အညတရဘ၀မှ သတင်းစာဆရာကြီးတွေ ဖြစ်သွားသည့်
ပုဂ္ဂိုလ်ကျော် တစ်ဒါဇင် နီးပါကို ရွတ်ပြသည်။ သို့ရာတွင် သူနားမ၀င်ပါ။
“ကျွန်တော့်ဘ၀က ဘာမှ ရေရာတာမဟုတ်ပါဘူး ဦးလေးရာ ဂျီတီအိုင်
ကျောင်းသားပဲ ဖြစ်မလား။ သတင်းစာပို့ပဲ ပြန်ဖြစ်မလား၊ အဖေ့လို ည
စောင့်ပဲ လုပ်ရမလား ဆိုတာ ဘာမှ ပြောလို့ မရသေးပါဘူး။ ဦးလေး
ပြောတဲ့ သတင်းစာဆရာကြီး တစ်ယောက်ဖြစ်ဖို့ ဆိုတာကတော့
ကျွန်တော့် စိတ်ထဲမှာ တစ်ခါမှတောင် မစဉ်းစားဖူးပါဘူး”
“ခု သတင်းစာပို့တာ ဒီရပ်ကွပ်မှာပဲ လုပ်နေတာလား”
“မဟုတ်ပါဘူးခင်ဗျ၊ ဟို… ရပ်ကွပ်မှာလည်း ပို့ခဲ့ရဖူးသေးတယ်။ အဲဒီ
ရပ်ကွပ်ကို ဘယ်သူမှ သတင်းစာ မပို့ချင်ကြဘူး။ အဲဒီရပ်ကွပ်က ခြံကြီး
တွေ၊ ၀င်းကြီးတွေနဲ့။ သူတို့ရပ်ကွပ်ကို သတင်းစာပို့တာ သိပ်ပြဿနာ
ပေါ်တယ်။ ဦးလေး စဉ်းစားကြည့်လေ။ သူတို့က ခြံကြီးတွေနဲ့နေတာ။
သံ ၀င်းထရံတွေ၊ အုတ်တံတိုင်းတွေနဲ့။ သံဝင်းတံခါးကြီးတွေက ပိတ်ထား
ကြတာ။ ဒီတော့ ကျွန်တော်တို့က သတင်းစာပို့ရင် ခြံစည်းရိုးက ပုဏ္ဍရိပ်
ချုံတွေကို ကျော်ပြီး ခြံဝင်းထဲ ရောက်အောင် ပစ်ရတယ်။ အစတုန်းကတော့
သံတံခါးမှာ ညှပ်ပစ်ခဲ့တယ်။ သတင်းစာကို တခြားလူက ယူသွားတော့ သူ
တို့ သတင်းစာ မရဘူးပေါ့။ ကျွန်တော့်ကို ကိုယ်စားလှယ်ဆီကို တိုင်တာ
ပေါ့။ ကျွန်တော်ကလည်း နေ့တိုင်း မှန်မှန်ပို့တဲ့အကြောင်း၊ သံဝင်းတံခါး
မှာ လိပ်ပြီး ညှပ်ပစ်ခဲ့တဲ့ အကြောင်း ပြောတယ်။ ဒီတော့ သူတို့က မရဘူး
တဲ့။ သူတို့ မရတာ လေးငါးရက် ရှိပြီတဲ့။ သတင်းစာဖိုးကို တစ်လစာ
အပြည့် မပေးနိုင်ဘူးတဲ့။ နုတ်ပြီးပေးမယ်တဲ့။ ဒီမှာတင် သတင်းစာ ကိုယ်
စားလှယ်နဲ့ စကားများတယ်။ နောက်ဆုံးတော့ ကိုယ်စားလှယ်က လျော့
ပေးလိုက်ပြီး ဖတ်သူလက်ကို ရောက်အောင် မပို့နိုင်ဘူးဆိုပြီး ကျွန်တော့်
ကို လုပ်ခထဲက ဖြတ်တယ်။”
“ဒါနဲ့ နောက်တော့ ကျွန်တော်က သတင်းစာကို ခြံစည်းရိုးကိုကျော်ပြီး
အထဲရောက်အောင် ပစ်သွင်းတယ်။ အဲဒီလို ပစ်သွင်းတော့လည်း ပြဿ
နာ တစ်ခုပေါ်လာတယ်။ မိုးတွင်းဆိုရင် သတင်းစာတွေ ရေဆိုကုန်တယ်
တဲ့။ ကျွန်တော်တို့ သတင်းစာပိုတဲ့ ကောင်လေးတွေ မိုက်ရိုင်းတယ်တဲ့။
တကယ်ဆိုရင် တံခါးဝမှာ လူခေါ်ခေါင်းလောင်း ရှိတယ်တဲ့။ ဒီခေါင်းလောင်း
ကို ဆွဲလှုပ်ပြီး ခေါ်ပေးပါတဲ့။ ဒါနဲ့ ကျွန်တော် တစ်ရက် နှစ်ရက်လောက်
ခေါင်းလောင်းတီးတယ်။ တော်တော်နဲ့ ထွက်မလားဘူး။ ထွက်လာတော့
လည်း တချို့အိမ်က မျက်နှာထားကြီးနဲ့။ တချို့အိမ်ကလည်း သူတို့ကို
ဒီလိုခေါ်ပြီး သတင်းစာ ပေးတာ ရပါမို့လားဆိုပြီး ဟောက်တယ်။ တချို့
ကျတော့လည်း အကြာကြီးနေမှ ထွက်လာတယ်။ ဦးလေးစဉ်းစားကြည့်
လေ။ ကျွန်တော် တစ်မနက်ထဲကို အိမ်ပေါင်း ၇၀ လောက်ရောက်အောင်
ဝေရမှာ။ တစ်အိမ် တစ်အိမ်ကို သူတို့ထွက်လာတဲ့ အထိ စောင့်နေရင်
ကျွန်တော့်အလုပ် ဘယ်မှာ ပြီးပါတော့မလဲ။ ဒီတွင် ကျွန်တော်က ၀င်းဝမှာ
စာထည့်တဲ့ သေတ္တာကလေး တစ်လုံးချိတ်ဖို့ ပြောတယ်။ ဒီတော့ တချို့
အိမ်က ဒါမင်းအလုပ် မဟုတ်ဘူးတဲ့။ ငါချိတ်ချင် ချိတ်မှာပေါ့တဲ့။ မင်း
အလုပ်က သတင်းစာပို့ရုံပဲတဲ့။ ဘာလုပ်ရမယ်ဆိုတာ၊ ညာလုပ်ရမယ်ဆို
တာ မင်းပြောဖို့ မလိုဘူးတဲ့။ ဘယ်လောက်ခက်သလဲ ဦးလေး။”
ကျွန်တော်သည် သူ့စကားကို နားထောင်ရင်း ရယ်ရသေးသည်။
“တချို့ကျတော့လည်း လကုန်လို့ သတင်းစာဖိုးသွားကောက်ရင် မရှိဘူး။
နောက်မှလာခဲ့လို့ ပြောလိုက်တာမျိုးတွေရှိတယ်။ မိန်းမကြီး တစ်ယောက်
ဆိုရင် ပေါ်တင်ကြီးကိုလုပ်တာ။ ကျွန်တော်က သတင်းစာဖိုးသွားကောက်
တော့ သူ့သားလေးက မေမေရေ၊ သတင်းစာဖိုးလာတယ် ပြောတယ်။ ဒီ
တော့ အဘွားကြီးက တိုးတိုးနဲ့ လူကြီးတွေမရှိဘူးလို့ပြောလိုက်လို့ ပြော
သံကို ကျွန်တော်ကိုယ်တိုင် နားနဲဆတ်ဆတ် ကြားလိုက်ရတယ်။ တချို့
လည်း အိမ်မှာမရှိဘူး။ အဲဒီလိုအခါမျိုးဆိုရင် ကျွန်တော်တို့မောရောပဲ။
နောက်တစ်ခါအလုပ်ပျက်ခံပြီး လာရတယ်။ တစ်အိမ်လုံး မနက်သွားလည်း
မရှိ။ ညနေသွားလည်း မရှိလို့ ကျွန်တော် ည ၇ နာရီ ၈ နာရီလောက်ကျမှ
သွားပြီးတောင်းရတယ်။ ဒီတော့ ဒီအချိန်မှာ လာရပါမို့လားဆိုပြီး စိတ်
ဆိုးသေးတယ်။ ပိုက်ဆံပေးတော့လည်း ဆောင့်ကြီးအောင့်ကြီးနဲ့ သူ့
ပိုက်ဆံကို အလကားလာတောင်းတဲ့ အတိုင်းပဲ။ ဘာပဲဖြစ်ဖြစ်လေ ကျွန်
တော်တို့အဖို့တော့ ယူရတာပေါ့။ သူဖာသာသူ ဘယ်လောက်စိတ်ဆိုး
ဆိုး ကိုယ့်ပိုက်ဆံရအောင်တော့ ယူရတာပေါ့။ တစ်ခါတော့ သတင်းစာဖိုး
သွားတောင်းတာ ခွေးနဲ့ရှူးတိုက်လွှတ်တယ်။ ကျွန်တော့်မှာ ခွေးကိုက်ခံ
ရတယ် ဦးလေး။ ခွေးကိုက်တော့မှ သူတို့က စောစောတုန်းက မသိဘဲ
ခုမှသိတဲ့ ပုံမျိုးလုပ်သေးတယ်။ ကိုယ်စားလှယ်ကို ခွေးကိုက်ခံရတဲ့ အကြောင်း
ပြောတော့ ကိုယ်စားလှယ်ကလည်း နောက်ကြည့်သွားပေါ့တဲ့။ ဒါပဲပြော
တယ်။ ကျွန်တော့်မှာတော့ ဆေးရုံးကိုသွားပြီး ဗိုက်ကို ဆေးထိုးရသေး
တယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုန်အကျခံပြီး ထိုးရတာ။ ဘယ်သူကမှ
စိုက်ပေးတာ မဟုတ်ဘူး။ တိုက်ကတော့ ဘယ်ပေးမလဲ သူတို့ခန့်ထား
တာမှ မဟုတ်ဘဲနဲ့ကို။ သူတို့နဲ့ ဆိုင်မှမဆိုင်ဘဲကို။”
“ကျွန်တော်တော့ မရှိလို့သာ လုပ်နေရတယ်၊ သတင်းစာပို့တဲ့ အလုပ်ကို
သိပ်မလုပ်ချင်ဘူးခင်ဗျ။ ပြီးတော့ ဒီရပ်ကွပ်က သတင်းစာသွားပို့ရတဲ့ အိမ်
တွေကိုလည်း ကျွန်တော်မကြိုက်ဘူး။ သတင်းစာမှန်မှန်မရောက်ရင်း သတင်း
စာ နောက်ကျရင် ကျွန်တော့်ကိုဆူတယ်။ ကျိန်းလားမောင်းလားလုပ်တယ်။”
“ဒါပေမယ့် ကောင်းတဲ့ သတင်းစာဖတ် ပရိတ်သတ်လည်း အများကြီးရှိပါ
တယ်။ သူတို့က စာနာကြတယ်။ ကြင်နာတယ်။ သတင်းစာပို့တဲ့ ကောင်
လေးတွေထဲမှာ ကျွန်တော်ထက်ငယ်တဲ့ ကောင်လေးတွေလည်းရှိတယ်
ခင်ဗျ။ တချို့ဆိုရင် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်လောက်ပဲ ရှိသေးတယ်။
ကျွန်တော်ကလည်း ဆယ့်ငါးနှစ်သားက လုပ်လာတာပဲလေ။ ခုဆိုရင် သုံး
နှစ်ရှိပြီ။ သုံးနှစ်အတွင်း ဘာမှ မစုဖြစ်သေးဘူးခင်ဗျာ။ ဘတ်ကြိုးကလေး
တစ်ကုံး ၀ယ်မယ်လို့ ပိုက်ဆံစုထားတယ်။ စုရင်းစုရင်း ရွှေဈေးက တက်
သွားတော့ ကျွန်တော် ဘယ်မှာဝယ်နိုင်တော့လို့လဲ။ ခုတော့ ဘတ်ကြိုးကို
စိတ်မကူးတော့ပါဘူး။ ထမင်းနှပ်မှန်အောင် စားရရင် တော်ပါပြီ။
ခုဆို ကျွန်တော်တို့အိမ်မှာ လူငါးယောက်ရှိတယ်။ အဖေနဲ့အမေရယ်၊ ကျွန်
တော့်အမ နှစ်ယောက်ရယ်၊ ကျွန်တော်ရယ် ပေါင်းငါးယောက်ပေါ့၊ ငါးယောက်
မှာ အဖေက ပင်စင် လစာလေးရယ်၊ ညစောင့် လခကလေးရယ် ရတယ်။ ရုံး
မှာလုပ်တဲ့ အမက တစ်ထောင်ကျော်လောက်ရတယ်။ ဆီးထုပ် ထုပ်တဲ့ အမ
ကလည်း တစ်ထောင်ကျော်လောက် ရတယ်။ ကျွန်တော်က ခြောက်ရာ ရ
တယ်။ သုံးထောင်တော့ ၀င်ပါတယ်။ ရရစားစားပါပဲ ဦးလေးရယ်။ ဒီကုန်ဈေး
နှုန်းနဲ့ဆိုရင် လကုန်အောင် မသုံးရပါဘူး။ ကျွန်တော် အလုပ်လုပ်လို့ အဖတ်
တင်တာကတော့ ဒီဘိုင်းစကယ်လေး တစ်စီးပဲ အဖတ်တင်ပါတယ်။ သတင်း
စာပို့ရတာဆိုတော့ အချိန်ကုန်သက်သာအောင်၊ မြန်အောင်ဆိုပြီး ဘိုင်စကယ်
အဟောင်းကလေး တစ်စီးကို သူငယ်ချင်းတစ်ယောက်ဆီက အရစ်ကျနဲ့
ဝယ်ထားတာပါ။ ကျေးဇူးပါပဲ ဦးလေး သတင်းစာ မှန်မှန် မရောက်ရင် ပြော
ပါနော်။”
(၁၉၉၃၊ အောက်တိုဘာ၊ ကလျာ။)
(မှတ်ချက်။ ။ ဆရာမြသန်းတင့်၏ ခေတ်ပြိုင်ရုပ်ပုံလွှာများ စာအုပ်မှာ ကူး
ယူဖေါ်ပြပါသည်။ အကြောင်းကြောင်းကြောင့် ဆရာ၏ ကျန်ရစ်သူ မိသား
စုနှင့် စာအုပ်ထုတ်ဝေသူတို့ ထံမှ တိုက်ရိုက်ခွင့်ပြုချက် မယူနိုင်ခဲ့သည့်
အတွက် တောင်းပန်ပါသည်။)
Sep 12, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment