Aug 30, 2008

ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း

ရေးသူ - တက္ကသိုလ်ဘုန်းနိုင်

(၁)
အလှ ....

တန်ခိုးကြီး လှသော စကား တစ်လုံး။ စာပေနှင့် အနုပညာ နယ်မှ စကား
လုံး တစ်လုံး။ သြော် ... အမှန်တော့ လူ့လောက၌လည်း တန်ခိုး ကြီးလှ
ပါပေသော စကား တစ်လုံး။
သူ့ကို လူတိုင်းက နားလည်သည် ထင်သည်။ နားလည် သကဲ့သို့ပင်
လူတိုင်းက ပြောနေကြသည်။ နားလည်သည်ဟု လူတိုင်းက ဆုံးဖြတ်တား
တော့ သူ့အနက် အဓိပ္ပါယ်ကို အထူး မဖွင့်ဆိုကြတော့။ နားလည်သည်
လေ။ နားလည်သည့်အတိုင်း ပြောမည်။ နားလည်သည် မဟုတ်လား။

တန်ခိုးကြီးလာလျှင် လူတိုင်းက သိသည် ထင်ကြသည်။ ပေါ်ထင်သည်
မဟုတ်လား။ ပေါ်ထင်တော့ သိသည်ပေါ့။ ဘာများ လျှို့ဝှက်ချက်တွေ
ရှိနေ၍နည်း။ ပေါ်ထင်နေသည့် နောက်မှ လျှို့ဝှက်ချက် ဆိုသည် ရှိနိုင်
ပါဦးမည်လား။

တစ်ခုတော့ ရှိသည် ... ။ ပလေတို ကတော့ သည်လို ပြောသည်လေ၊
အရစ္စတိုတယ်လ် ကလည်း သည်ပုံ ပြောခဲ့သေးသည်။ ကိတ်တို့၊ ရှယ်
လီတို့ ပြောတာလား။ သိသပေါ့။ သူ့တိုက ရိုမင်းတစ်ဆစ်တ် တွေပဲ။
ရီးရယ်လစ်ဇင်း ကတော့ အဟင်း ... ဟင်း ... ။ သိတယ်ပေါ့ဗျာ၊ သိပ်
သိတာပေါ့။ ခင်ဗျာ ... အရှင်မဟာရဋ္ဌသာရ။ သူက ပြောလို့လား။ ဦး
ပုည။ သူ့ သောနုတ္တိုရ်ကြီးတို့၊ ရေသည် လင်မယားတို့ ကတော့
အရုပ်ဆိုးပါ့ဗျာ။ သူ့ စာလား ...၊ လှတယ် ပြောရမှာပေါ့။ ဘာပြုလို့လဲ
ဆိုတော့ အင်း ... ဦးပုည မဟုတ်လား။ ဗျာ... မြတ်ဗုဒ္ဓ ဘုရား၊ ဗုဒ္ဓ၊
ဗုဒ္ဓက ဘာဟောလို့တုံး။ အဲဒါတော့ အဲဒါတော့ ... ။




ကျွန်တော်တို့က အလှကို ဤမျှ နားလည်ကြသည်။
ကျွန်တော်တို့ ဆိုသူများတွင် ကျွန်တော် ထိပ်က ပါသည်။ အမှန်က
ကျွန်တော်သည် ဖီလော်ဆော်ဖာ မဟုတ်။ စာရေးသူ၊ ကဗျာ ရေးသူ။
ကိုယ့်ရင်ထဲ လှသည်ထင်ရာကို စာရေးချလိုက်သည်။ ကဗျာဖွဲ့ ချ
လိုက်သည်။ သို့ရာတွင် စာရေးဆရာ၊ ကဗျာဆရာဟု ဘွဲ့အတပ်ခံရ
ပြီမင့် အလှနှင့်ဆိုင်သော ဒဿနလေး များကို ဟိုနည်းနည်း သည်
နည်းနည်း ပြောတတ်ရသည်။ ပြောတတ်အောင်လည်း ဟိုနည်းနည်း
သည်နည်းနည်း လေ့လာထားရသည်။ ငြင်းကြ ခုံကြတော့လည်း
ကိုယ်သိသမျှကို ကိုယ့်အစွဲနှင့်ကိုယ် အားကိုးပြီး ငြင်းသည်၊ ခုံသည်။

ယခုတော့ အသက်ကလေး ရလာသည်။ နွယ်ကြိုးကို အဖျားမှတင်
ကိုင်ပြီး ပြောမိလေသလား၊ အလယ်ကသာ ဆုပ်ပြီး ငြင်းနေမိလေ
သလား၊ သြော် ... နွယ်ဆိုသည်ကလည်း ဘယ်က နွယ်နည်း။ သူ့
ရေမြေမှာ ပေါက်သည့် နွယ်လော၊ ကိုယ့်ရေမြေမှာ ပေါက်သည့်နွယ်
လော။
သူ့ရေမြေမှာ ပေါက်သည့် နွယ်ကို ဆုပ်ကိုင် ပြောနေမိသည်ဟု
မကြာခဏ ကျွန်တော် ထင်မိသည်။
မှားလျှင်လည်း ခွင့်လွှတ်ကြစေ လိုပါသည်။

(၂)
စာပေနှင့် အနုပညာနယ်တွင် အလှ ဟူသော စကားကို သုံးလာကြ
သည်မှာ မကြာသေးပါ။ ရှေးကတော့ ကောင်းသည်၊ ရသ ပေါ်သည်၊
ဂုဏ်မြောက်သည်။ ဤသို့သာ သုံးကြသည်။ အနောက်တိုင်း စာပေ
များကို ဖတ်လာ ကြသောအခါ အလှဟူသော စကားနှင့် ကျွန်တော်
တို့ ရင်းနှီးလာကြသည်။

လူအများ သိကြပြီးဖြစ်သော ကိတ်၏ ကဗျာမှ စ,ပြောရမည် ထင်
သည်။ ကိတ်က “အင်ဒီမီအင်” (Endymion) ဟူသော ကဗျာရှည်
ကြီးကို စပ်သည်။ အင်ဒီမီအင် ဆိုသည်မှာ သိုးကျောင်းသားလေး
တစ်ဦး၏ နာမည် ဖြစ်လေသည်။ သူ့ကိုမှ ချစ်မိသူ။ သြော် ... ည
အခါ များတွင် ချစ်ခင် သမှုနှင့် သူ့အပေါ် ယုယရသူက “ဆီလီးနီး”
(Silene)။ ဆီလီးနီး ဆိုသည်မှာ လနတ်သမီး၏ အမည်။

ကျွန်တော် ငယ်စဉ်က အလှမဖုရား တစ်ဦးအတွက် ကဗျာတစ်ပုဒ်
စပ်ဖူးသည်။ ပုံမနှိပ် ဘူးပါ။ သူ့အတွက်သာ ဖြစ်သဖြင့် ပုံမနှိပ်ပါ။
“စန်းငွေယုန်ပျံ
ဗိမာန်နန်းရှင်
သက်လည်လျှင်သို့
အံ့ထင်မူးရိပ်
ရွှန်းရွှန်းဖိတ်ခဲ့။”
သည်တုန်းက ဆီလီးနီးကို ကျွန်တော် မသိပါ။ အင်ဒီမီအင် ကိုလည်း
မသိပါ။

ကျွန်တော် သိသည်က သူ။ ကျွန်တော့် သူ။ သူ့ကို ဟောသည် မြေသို့
ခဏ သက်သက်လာသည့် စန်းငွေယုန်ပျံ၊ ဗိမာန်နန်းရှင်ဟု ကျွန်တော်
ထင်သည်။ ကိတ်၏ ကဗျာကို ဖတ်ဖူးထားလျှင် သူ့ကို ဆီလီးနီးဟု
ကျွန်တော် ခေါ်မိမည်လော မသိ။ ကိုယ်ကတော့ အင်ဒီမီအင် ပေါ့။
အမှန်က ဤမျှ ကျွန်တော် ကံမကောင်းခဲ့ပါ။

အင်ဒီမီအင်နှင့် ဆီလီးနီး တို့က ခေါမ ဂန္တ၀င်မှာ လာသည်။ လှပသော
လွမ်းဖွယ် ဂန္တ၀င်။ ကိတ်က ဤကဗျာကြီးကို လှလှပပ ဖွဲ့ဆို၏။ ဤ
ကဗျာ၏ ပထမဆုံး စာကြောင်းကပင် စာပေ သမိုင်းတွင် ကျန်ရစ်သည်။
ကမ္ဘာ့ လူသား အများ၏ နှုတ်ဖျားတွင် ရေပန်းစား၏။
“အလှ ဟူသည်မှာ
ထာဝရ ပျော်ရွှင်စရာ”

ထိုစဉ်က ကိတ်သည် ငယ်ပါသေး၏။ ငယ်သူပီပီ သူမြင်သော အလှကို
သူခံစားရ သကဲ့သို့ပင် ရိုးရိုးလေး ပြောချခဲ့သည်။ ဟိုးရှေးရှေးတုန်းက
အဘိုးကြီး ပလေတို ပြောသည်နှင့်တော့ မတူပါ။

အလှချင်းတော့ မတူပါ။ သြော် ... မတူဟု ထင်စရာပါ။

(၃)
ပလေတိုက ခက်သည်။
သြော် ...ခက်ခက်ကိုမှ တွေးသော ဖီလိုဆိုဖာကို ခက်သည်ဟု ပြောရ
သည်မှာ အားနာဖိုတော့ အကောင်းသား။

ခေါမ လူမျိုးတွေမှာ ပြဿနာ ခြောက်ရပ်အတွက် အစဉ် ခေါင်းရှုပ်နေ
တတ်ကြသည်။ အချစ်၊ အလှ၊ အကောင်း၊ တရားမျှတခြင်း၊ လွတ်လပ်
ခြင်း၊ အမှန်တရား။
အဲသည် အရာတွေက ဘာတွေနည်း။ ဘယ်သို့နည်း။ ဘယ်သဘော
နည်း။

အနောက် ကမ္ဘာမှာ သည်ကိစ္စကို စ,တွေးမိကြ သူတွေ ဖြစ်တော့ ကိုယ့်
ဘာသာ ကိုယ်ပဲ တွေးကြရသည်။ အခြား ဘယ်သူ့ကိုမှ အားကိုး၍ မရ။
တခြားလှမ်းလှမ်း ဌါးစရာ၊ လှမ်းချေးစရာ မရှိ။ ကိုယ့်ဟာနှင့် ကိုယ်။ ကိုယ့်
လမ်း ကိုယ်ထွင်။ ကိုယ့်စကားလုံး လေးတွေပင် ကိုယ်ထွင် သုံးရသည်။
သည်တော့ အနှစ် ထောင်နှင့်ချီ ကွာသည့် သည်မှာခေတ်ကနေ
ပလေတို ကို နားလည်ရန် လှမ်းပြီး ကြိုးစား ကြည့်ရသည်မှာ ခက်သည်။

ဖီလိုဆိုဖီ ဆိုသည်မှာ အမှန်တရားကို ဆွေးနွေးသည့် ပညာရပ်ဟု ယနေ့
ခေတ်တွင် လူတော်တော်များများက နားလည်း ထားကြသည်။ ဖီလို
ဆိုဖီဟု ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ခြောက်သွေ့သော၊ ခက်မာ
သော၊ နှလုံးသား ကိစ္စမှ ကင်းသော၊ ခံစားမှု သဘောများ သုဉ်းသော
ပျင်းစရာ ငြီးငွေ့စရာတွေကို ဆွေးနွေးတော့မည် ထင်တတ်ကြသည်။

အဘိုးကြီး ပလေတိုနှင့် သူ့ထက်ပင် အဘိုးကြီး ဖြစ်သော ဆိုကရေးတီးဇ်
တို့က အချစ်နှင့် အလှအကြောင်းကို ဆွေးနွေး ကြသောအခါ မျက်လုံး
ပြူးချင်ကြသည်။ မပြူးပါနှင့်။ သူတို့အတွက် အချစ်နှင့် အလှမှာ
သေရေး ရှင်ရေး။

တစ်ခုတော့ ရှိသည်။ သည်အဘိုးကြီးတွေနှင့် ခေါမလူမျိုးတွေ အတွက်
သေရေး ရှင်ရေး ဖြစ်နေသော အချစ်နှင့်အလှမှာ ကောင်လေးတွေ၊
ကောင်မလေးတွေ အတွက် သေရေး ရှင်ရေး ဖြစ်နေသည့် အချစ်နှင့်
အလှမျိုးတော့ မဟုတ်။ သို့ဖြစ်လျှင် ဘာကြောင့် အချစ်နှင့် အလှဟူ
သော စကားကို သုံးရသနည်း။ ကျုပ်တို့ အချစ်နှင့် ကျုပ်တို့ အလှ
နေပါရစေ။ သည်အဘိုးကြီးတွေက တခြားစကား ရှာသုံးပေါ့။
ခုတော့ ... ။
ခေတ္တ သည်းခံပါဦး။ ဟိုးမာ (Homer) ဆိုသည့် အဘိုးကြီး တစ်ဦး
ရှိသေးသည်။ ပလေတို၏ ဆရာ ဆိုကရေးတီးဇ် ထက်ပင် များစွာ...
များစွာ ပို၍ အဘိုးကြီး ဖြစ်လေသည်။ သူကတော့ ကဗျာ ဆရာကြီးပါ။
လောကမှ ဟိုအကြောင်း သည်အကြောင်းတွေကို ဖီလိုဆိုဖာ တွေ
ထက် စောပြီး ကဗျာဆရာတွေက ပြောကြသည်။ ကဗျာဆရာ တကယ်
ပြောလာပြီဆိုတော့ ဖီလိုဆိုဖာတွေ သတိထား နားထောင် ကြရသည်။
ဟိုးမာကို ဆိုကရေးတီးဇ်ရော ပလေတိုပါ နားထောင် ကြရသည်။

ဟယ်လင်ဟု ခေါ်သော မိန်းမချောလေး တစ်ယောက်ကြောင့် ခေါမ
တွေစစ်တိုက်ကြရသည်။ ထရွိုင်မြို့ကြီးကို ၀ိုင်းတိုက်သည့် ထရိုးဂျင်
စစ်ပွဲ ကြီးပါလေ။ ခရစ်မပေါ်မီ နှစ်ပေါင်း နှစ်ထောင်ခန့်မှာ တကယ်ကြီး
များတိုက်ခဲ့ကြသည်။ ကြားဖူးကြမည် ယုံသည်။ ဟိုးမာက ထိုဧရာမ စစ်
ပွဲကြီးကို “အိလိယက်” (Iliad) ဟူသော ကဗျာကြီး ဖွဲ့သည်။ ခေါမ စာ
ပေ၊ နောက် ဥရောပစာပေ အပေါင်း၏ ကဗျာ့ ဘိုးအေကြီး ဖြစ်သည်။
စာပေအကြောင်း ပြောပြော၊ လူ့သဘာဝ လူ့စရိုက် အကြောင်းပြော
ပြော သူတို့လောကမှာ ဟိုးမာနှင့် အိလိယက် အကြောင်း မပါလျှင်
မပြည့်စုံတတ်။

သူ့ ဧရာမ ကဗျာကြီး၏ ဧရာမ သင်ခန်းစာကြီးနှင့် ပက်သက်၍ ဟိုးမာ
က ဟောသည်ပုံ ကြွေးကြော် မြွက်ဟ, ခဲ့သည်။
“Two things greater than all things are:
One is Love, the other is War.”
“အရာ ခပ်သိမ်းတို့ထက် ကြီးကျယ်သော အရာနှစ်ခု ရှိသတည်း။ တစ်
ခုကား အချစ်၊ တစ်ခုကား စစ်”

ကောင်လေးတွေ ကောင်မလေးတွေ ဟိုးမာကို အရမ်း ပစ်ကြည်ညိုသွား
ကြမည် ထင်သည်။ စစ်ကို အသာထားဦး။ အချစ်အကြောင်း သို့ သွား
ကြမည်။ ဟိုးမာကြီး ကိုယ့်၌က အချစ်ကို ရေးကြီး ခွင့်ကျယ် လုပ်လိုက်
သောအခါ ဆိုကရေးတီးဇ်တို့ ပလေတို တို့လည်း ရေးကြီးခွင့်ကျယ်
လုပ်လာ ကြရတော့၏။

အချစ်အကြောင်း ပြောသောအခါ အလှအကြောင်း ပါလာ ရသည်။
မပါ မဖြစ်။ အလှအကြောင်း ပြောသောအခါလည်း အချစ် အကြောင်း
ပါလာရသည်။ မပါ မဖြစ်။ ကောင်လေးတွေ ကောင်မလေးတွေလည်း
သည်အတိုင်း ပြောနေကြသည်။ အဘိုးကြီး ပလေတို တို့လည်း သည်
အတိုင်း ပြောခဲ့ကြသည်။ အချစ်နှင့် အလှ၊ ပြီးတော် အလှနှင့် အချစ်။

ပြောရမည်။ အချစ် ဆိုသည်မှာ လူမှာ ဖြစ်သည်။ အခြားမှာ မဖြစ်။
တိရစ္ဆာန်တွေမှာ ဖြစ်ချင် ဖြစ်မည်။ သို့ရာတွင် သူတို့ စကား မပြော
တတ်။ သည်တော့ သူတို့ အချစ်အကြောင်းက သိပ်မရေရာ၊ မသေ
ချာ။ လူမှာ ဖြစ်သော အချစ်ကမူ သေချာသည်။ ရေရာသည်။ အလှ
ဆိုသည်မှာလည်း လူမှာ ဖြစ်သည်။ အခြားမှာ မဖြစ်။ အခြားမှာ ဖြစ်
ချင်တာ ဖြစ်နေတာသည် “ဖြစ်နေတာ” ပဲဖြစ်သည်။ အလှ မဖြစ်
သေး။ လူက လှလိုက်တော့မှ အလှ ဖြစ်သွားသည်။

ဤအထိ ကောင်လေးတွေ၊ ကောင်မလေးတွေနှင့် အဘိုးကြီး
ပလေတို တို့ တူကြသည်။ အဘိုးကြီး အမယ်ကြီးတွေသည်
ကောင်လေးတွေ ကောင်မလေးတွေ ဖြစ်ပြီးမှ အဘိုးကြီး အမယ်
ကြီး ဖြစ်လာရသည်။
ဤသဘောကို ကဗျာဆရာ ၀တ်ဇ်ဝတ်သ် (Wordsworth) က
အားမနာ ပါးမနာ ပြောချခဲ့သည်။
“The Child is Father of the Man.”
“ကလေးဘ၀ ဆိုသည့်မှာ လူကြီးဘ၀၏ ဖအေပါ။”

ဖီလိုဆိုဖာတွေ၊ စိတ်ပညာရှင်တွေ ရေးကြီး ခွင့်ကျယ် လုပ်၍ ကိုး
ကားရ၊ ဆွေးနွေးကြရသည့် ကဗျာဆရာ၏ စကားတစ်ခု ဖြစ်ပြန်
သတည်း။ သည်တော့ ကောင်လေးတွေ၊ ကောင်မလေးတွေနှင့်
အဘိုးကြီး ပလေတို တို့မှာ အခြေခံ တူညီမှုတွေ များစွာ ရှိသည်။
“အချစ်ဟူသည်မှာ ပိုင်ဆိုင်လိုခြင်းပါ”

သူ့ ဆရာ ဆိုကရေးတီးဇ်ကို ကိုးကားပြီး အဘိုးကြီး ပလေတိုက ပြော
သည်။
ကန့်ကွက်ရန် ရှိပါသလား။
အဘိုးကြီး ပလေတိုက ထပ်ဆင့်၍ ကြွေးကြော်သည်။
“အချစ်ပိုင်ဆိုင်လိုသော အရာမှာ အခြားမဟုတ်။ အလှတည်း။”
ဘာပြောချင်ကြသေး သနည်း။

ဘာမျှ ပြောကြမည် မဟုတ်ပါ။ ကောင်လေးတွေ၊ ကောင်မလေးတွေ
အပြောနှင့် ပြောကြည့်မည်။
ထောက်ခံသည်။ အရမ်းကြီး ပစ်ထောက်ခံသည်။
အဘိုးကြီး ပလေတိုက အလှဆိုသည်ကို ဆက်လက် ဖွင့်ဆိုသည်။
အဲသည်မှာတော့ ခွကျချင်လာသည်။ ခွကျသည်ဟု မပြော။
ခွကျချင်လာသည်။

(၄)
အဘိုးကြီး ပလေတိုက အချစ် ပိုင်ဆိုင်လိုသော အလှဆိုသည်မှာ
ကောင်းခြင်း ဖြစ်သည်ဟု ဖွင့်ဆိုလိုက်သည်။
ကောင်းခြင်း။ အဲ… ကောင်းတာပေါ့။ အချစ် ပိုင်ဆိုင်ချင်တဲ့ အလှ
ဆိုတာဟာ … ကောင်းတာ။
အလှ ဆိုတာဟာ ကောင်းတာ။ အင် … အင် … တစ်မျိုးကြီးပဲ။

zzplato.jpg

ကျွန်တော် ကိုယ်တိုင်လည်း တစ်မျိုးကြီးပဲဟု ထင်ခဲ့သည်။
မြန်မာလို ရိုးရိုး ပြောကြည့်မည်။ အချစ် ဆိုတာဟာ လှတာကို
လိုချင်တာဟေ့။ အဲသည် လှတာ ဆိုတာကလဲ ကောင်းတာတဲ့
ဟေ့။ အဘိုးကြီး ပလေတို နောက်တီးနောက်တောက် ပြောနေ
သည် မဟုတ်။ ရှုကြီး၊ အတည်ကြီးနှင့် ပြောနေသည်။

ခေါမ တစ်ယောက် အနေနှင့် မူလပြဿနာကြီး ခြောက်ရပ်ဆီ
သူပြန် ရောက်သွား၏။ အချစ်၊ အလှ၊ အကောင်း၊ တရားမျှတခြင်း၊
လွတ်လပ်ခြင်း၊ အမှန်တရား … ။ သည်ပြဿနာ ခြောက်ရပ်နှင့် ကင်း
ပြီး သူ မစဉ်းစားတတ်။ သည်ပြဿနာ ခြောက်ရပ် ကလည်း တစ်ခု
နှင့်တစ်ခု ကင်းပြီး စဉ်းစား၍က မရ။

အလှကို သူချစ်သည်။ လှသော လောကမှာ သူနေလိုသည်။ အနည်း
ဆုံး လှသော လူ့ဘောင်မှာ သူနေလိုသည်။ လူ့ဘောင်ကြီး လှအောင်
ဘယ်သို့ လုပ်မည်နည်း။ လူ့ဘောင်ကြီး လှပအောင် လူတွေကို လှ
အောင် လုပ်ပစ်ရမည်။ လူတွေ လှအောင် ဆိုတော့ လူကြီး ဘ၀၏
ဖခင်ဖြစ်သော ကလေးဘ၀ကို လှပအောင် လုပ်ပစ်ရမည်။
ကလေးတွေကို အလှချစ်တတ်ပြီး အရုပ်ဆိုးမှု မုန်းတတ်အောင် သင်
ကြား ပေးရမည်။ သည်တွင် မပြီးသေး … ။

ကြောင်းကျိုးဆက်သွယ် ဆင်ခြင်မှုကို ဂရုဓမ္မပြုကာ နှစ်လိုလက်ခံ
တတ်ရန်လည်း သင်ပေး ရဦးမည်။ သည်တော့မှ ပညာရှိမည်။ ပညာ
ဆိုသည်ကလည်း အလှတစ်မျိုး။ ပညာစစ်ဆိုလျှင် လှရမည်။ အလှ
စစ်ဆိုလျှင်လည်း ပညာ ဖြစ်ရမည်။

အလှနှင့် ပညာ ဆိုသည်မှာ ဘုရားသခင် ဆိုသည့် သဘော၏ အနှစ်
အသား၊ အမြုတေ။ ပညာတတ်သည် ဆိုခြင်းမှာ ဘုရားသခင် သဘော
ကို မျက်မှောက် ပြုလိုက်ခြင်း ဖြစ်ဘိသကဲ့သို့ လူသား အကျိုးကို ရွက်
ဆောင်ခြင်းလည်း မည်သည်။

အဘိုးကြီး ပလေတို၏ အထင်ရှားဆုံး ကျမ်းဖြစ်သည့် “သမ္မတ နိုင်ငံ”
(The Republic) ခေါ်သော ကျမ်းမှ အချစ်၊ အလှ၊ ပညာ တို့အကြောင်း
ဖြစ်သတည်း။


(ဒီနေရာတွင် အဆုံးသတ်ခွင့် ပြုပါ။)
(မှတ်ချက်။ ။၃၁.၈.၂၀၀၈ နေ့တွင် ကျရောက်မည့် ဘလော့ဒေး အား
ကြိုဆိုသော အားဖြင့် ဤပို့စ်ကို ဆရာ တက္ကသိုလ်ဘုန်းနိုင်၏ ခပ်သိမ်း
ကလျာ ရှုဖွယ်သာတည်း စာအုပ်မှ ကောက်နုတ်၍ ထပ်ဆင့် ကူးယူ
ဖော်ပြ ပါသည်။)

Aug 25, 2008

မြေးတွေနှင့်အတူ ဘွဲ့ယူသူ အပိုင်း(၂)

ရေးသူ- သိန်းဖေမြင့်

တနင်္ဂနွေနေ့ မနက်ခင်းမှာ ကျွန်တော်တော့ ဆန္ဒအတိုင်း လုပ်နိုင်လေ
သည်။ ကျွန်တော်သည် ဒေါ်သိန်းထံ သွားပြီး ချီးကျူး လိုက်သည်။ ရှေး
ဟောင်း နှောင်းဖြစ်တွေ ပြန်ပြော ကြသည်။ ဒေါ်သိန်းကို ကျွန်တော်
သတိရသည်မှာ သူ၏ မျိုးချစ် ပြည်ချစ်စိတ်ကြောင့် ဖြစ်၏။ ဒေါ်သိန်းတို့
ငယ်ငယ်က ကုမ္မာရီ အမျိုးသမီး လှုပ်ရှားမှု များတွင် ပါဝင်ခဲ့ဖူးသည်ကို
ယခင်က ဆွေးနွေး မေးမြန်း ဖူးပါ၏။ သို့သော် ၀ိုးတ၀ါးသာ မှတ်မိတော့
သည်။ ယခု ပြန်ပြီး ဆွေးနွေး မေးမြန်းရသည်။

ပြည်မြို့မှာ ကျင်းပသော ဂျီစီဘီအေ ညီလာခံ၊ မန္တလေးမြို့မှာ ကျင်းပသော
ဂျီစီဘီအေ ညီလာခံ၊ ရန်ကုန်မှာ ကျင်းပသော ၀ိုင်အမ်ဘီဒဘလျူအေ
(Y.M.B.W.A) (ဗုဒ္ဓဘာသာ အမျိုးသမီး ပျိုများ အသင်း) အစည်းအဝေး
တို့ကို ဒေါ်သိန်း တက်ခဲ့ရသည်။ ငယ်ငယ် ရွယ်ရွယ်နှင့် စွာသော နယ်
ကိုယ်စားလှယ် ဖြစ်ခဲ့ လေသည်။ ၎င်းနောက် အမျိုးသမီး အဖွဲ့ချုပ်မှာ
ဒေါ်ဘွားရှင် (သုံးဆယ် )က ဥက္ကဋ္ဌ၊ ဒေါ်လှရွှေ (ကွယ်လွန်သူ ပညာရှိ
ဦးဖိုးလတ်၏ ဇနီး) က စက္ကရီတေရီ (အကျိုးဆောင် သို့မဟုတ် ယခု
ခေတ် အခေါ် အတွင်းရေးမှူး) ဖြစ်ကြပြီး ဒေါ်သိန်းက တွဲဖက် အကျိုး
ဆောင် ဖြစ်ခဲ့သေးသည်။

ထိုစဉ်က အမျိုးသမီး လှုပ်ရှားမှုများကို ကုမ္မာရီဟု ခြုံ၍ ခေါ်ကြသည်။
သို့သော် မကြာလှပါ။ ဂျီစီဘီအေကြီး ကွဲလေတော့သည်။ ၀ံသာနုများ၊
ကုမ္မာရီများ အဖွဲ့အမျိုးမျိုး ပေါ်လာလေသည်။




ထိုအခါ ဒေါ်သိန်းသည် နိုင်ငံရေး အဖွဲ့အစည်းများမှ ရှောင်ခွါနေလေ
တော့သည်။ ကျောင်းဆရာမသာ ဆက်လုပ် နေလေတော့သည်။
ကျိုက်လတ်မှာ (၁၃) နှစ်၊ ဖျာပုံမှာ (၁၃) နှစ်၊ ရန်ကုန်မှာ (၁၃) နှစ်၊
ကျောင်းဆရာမ သက်ချည်း (၃၉) နှစ်၊ ယခု ကျောင်းဆရာမ မလုပ်
တော့ပါ။ သို့သော် ဆရာမကြီး ဖြစ်နေရတုန်းပင်။ သူ့ထံ ချဉ်းကပ်
လာ သူများကို သင်ကြား ပို့ချ ပေးနေရတုန်းပင်။

ကိုယ်တိုင်မှာမူ ဒေါ်သိန်းသည် ခုနှစ်တန်း အောင်သည်အထိ သာ
ကျောင်းနေ၍ သင်ကြားလေ့လာ ခဲ့ရသည်။ ၁၉၂၈ ခုနှစ်က (၁၀)
တန်းကို (ပြင်ပကျောင်းသား အဖြစ်ဖြင့်) အလွတ်ဖြေဆို အောင်မြင်
ခဲ့သည်။ ဆရာဖြစ် သင်တန်း စာမေးပွဲ ကိုလည်း အလွတ်ဖြေဆို
အောင်မြင် ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် အိုင်အေကို အလွတ်ဖြေဆို
အောင်မြင်သည်။ ထိုအချိန်တွင် ဒေါ်သိန်းသည် သွေးတိုးရောဂါ ရှိ
နေလေပြီ။ သို့သော လက်မလျှော့။ အနေအထိုင် ဆင်ခြင်လိုက်၊
ဆေးစားလိုက်၊ စာကျက်လိုက်၊ စာမေးပွဲဖြေလိုက်၊ တစ်ရစ်ပြီး တစ်
ရစ် အောင် အောင် ကြိုးစားသည်။ ၁၉၆၄ ခုနှစ်တွင်ကာ ဘီအေ
နောက်ဆုံးနှစ် စာမေးပွဲကို တစ်ကြိမ်တည်းနှင့် အောင်မြင် လေ
တော့သည်။

ကျွန်တော် “ဘာတွေကို ယူခဲ့သလဲ။”
ဒေါ်သိန်း “အင်္ဂလိပ်စာ၊ ဒါကတော့ မထူးပါဘူး။ သူများကိုလည်း သင်
ပေး နေရတယ်။ ၀ါသနာလည်း ပါတော့ ဖတ်နေရတာပဲ။ နောက်ပြီး
နိုင်ငံရေး နားလည်ချင်တာနှင့် နိုင်ငံရေးသိပ္ပံ ပညာကို ယူလိုက်တယ်။
ခေတ်သစ် ဥရောပ ရာဇ၀င်ကတော့ သူ့အတွဲလိုက် ယူဖို့လိုလို့ ယူ
လိုက်တာပဲ။”

ကျွန်တော် “ ဆရာမကြီး ခုလို ဘီအေ အောင်လို့ ကိုယ့်အတွက် ဘာ
အကျိုးများ ရှိမယ် ထင်သလဲ။”
ဒေါ်သိန်း “ ကိုယ်ကျိုးတော့ ဘာမှရှိဖို့ မမျှော်လင့်ပါဘူး။ အိုင်အေ စာ
မေးပွဲ ဖြေတုန်းကကိုပဲ ပင်စင် သက်ကျော်နေပြီ။ ကျောင်းဆရာမ
(၃၉)နှစ် လုပ်ခဲ့ပေမယ့် ပင်စင်ရတဲ့ ကျောင်းမျိုးလည်း မဟုတ်ပါဘူး။
ရှေးက ပညာအုပ် ခန့်တုန်းကလည်း မလုပ်ခဲ့ဘူး။ ကိုယ့်ကျိုးနဲ့ တွက်
ရင် ဘီအေအောင်လို့လည်း ဘာမျှမထူးဘူး။ သို့ပေမယ့် လူငယ်တွေ၊
ကိုယ့်မြေးမြစ်တွေသာမက အားလုံးသော ခုခေတ် လူငယ်တွေ
အားကြ စေချင်တယ်။ ဒါ့ကြောင့် မအောင် အောင် အောင် ကြိုးစား
ခဲ့တာပဲ။”

ဒေါ်သိန်း မျှော်လင့်သည့်အတိုင်း ဒေါ်သိန်း၏ အောင်မြင်မှုသည် လူ
ငယ်များကို အားကြစေသည်။ တကယ်တော့ ဒေါ်သိန်း မျှော်လင့်သည်
ထက်ပင် ပိုပါသေးသည်။ ဒေါ်သိန်း၏ အောင်မြင်မှုသည် လူကြီးလူငယ်၊
ကျားမ မရွေး၊ အားလုံးသော ပြည်သူများကို အားကြ စေသည်။ ဇွဲ .. ဇွဲ
.. ဇွဲရှိက အောင်နိုင်သည်ဟု ဆရာမကြီး ဒေါ်သိန်းက သင်ပေးနေ
ပါသည်။


(ကွယ်လွန်သူ စာရေးဆရာနှင် နိုင်ငံရေး ခေါင်းဆောင်ဟောင်း ဦးသိန်းဖေမြင့်
၏ သူတို့ခေတ်၊ သူတို့အတိတ်၊ သူတို့အရိပ်၊ ပွင့်ပွင့်လင်းလင်း သတင်းစာ
ဖြတ်ပိုင်းများ စာအုပ်မှ မူရင်းအတိုင်း ထင်ဆင့် ကူးယူ ဖော်ပြ ပါသည်။)

Aug 24, 2008

မြေးတွေနှင့်အတူ ဘွဲ့ယူသူ အပိုင်း(၁)

ရေးသူ- သိန်းဖေမြင့်


ဆရာမကြီး ဒေါ်သိန်းကာ မြေးတွေနှင့်အတူ တက္ကသိုလ်ဘွဲ့ ယူသူတည်း။
ဆရာမကြီး ဒေါ်သိန်းသည် အသက် (၇၀) ပြည့်သော နှစ်တွင် ရန်ကုန် ၀ိဇ္ဇာ
နှင့် သိပ္ပံ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရလေသည်။ ဒေါ်သိန်းသည်
အိမ်ထောင်ကျဖူးသူ မဟုတ်ချေ။ သို့သော် သူ့အကိုနှင့် သူ့ယောက်မတို့
သည် တစ်နေ့တည်း ကွယ်လွန်သွားခဲ့ကြပြီး၊ ကလေးငယ်များ ကျန်ရစ်ခဲ့
ရာ အပျိုကလေး ဘ၀ဖြင့်ပင် မသိန်းသည် တူ တူမ များအား သားသမီး
များ အဖြစ်ဖြင့် မွေးစား ထိန်းသိမ်း ခဲ့ရလေသည်။ သို့ဖြင့် ယခုအခါ မြေး
တွေသာမက မြစ်များပင် ရနေလေပြီ။

၁၅၊ ဇန်န၀ါရီ၊ ၁၉၆၆ စနေနေ့က တက္ကသိုလ် ဘွဲ့ယူသူတွေမှာ များသော
အားဖြင့် ဒေါ်သိန်း၏မြေးများ အရွယ် ပင်တည်း။ ကျွန်တော်သည် ဆရာမ
ကြီး ဒေါ်သိန်းကို လွန်ခဲ့သော အနှစ် (၂၀)လောက် ကပင် သိကျွမ်းခဲ့ရ
လေသည်။

ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ညီညွတ်သော ဖဆပလ ခေတ်တွင် ကျွန်တော်
ဖျာပုံသို့ ရောက်ခဲ့ရ၏။ ဗမာပြည် ကွန်မြူနစ် ပါတီ ခေါင်းဆောင်မှုဖြင့် ဖျာပုံ
အမျိုးသမီး အဖွဲ့အစည်း တည်ထောင်ထားရာ ဒေါ်သိန်းသည် ရှေ့ကနေပြီး
မားမား မတ်မတ်ရပ်ကာ ကူညီ အားပေးခဲ့လေသည်။ ညီညွတ်သော ဖဆပလ
၏ အထွေထွေ နိုင်ငံရေး လှုပ်ရှားမှု များကိုလည်း ကူညီး အားပေး ခဲ့ပေ
သည်။ ဖဆပလ ကွန်မြူနစ်တွေ မကွဲမီ ၁၉၄၆ ခုနှစ်ဦးပိုင်တွင် ကွန်မြူနစ်
ပါတီက ခေါင်းဆောင်ပြီး၊ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ညီလာခံ တစ်ခုကို
ရွှေတိဂုံ အလယ်ပစ္စယံ ဒိုက်ဦး ဇရပ်တွင် ကျင်းပ ခဲ့လေသည်။ ထိုညီလာခံ
၌ ဆရာမကြီး ဒေါ်သိန်းက သဘာပတိ အဖြစ်ဖြင့် ဆောင်ရွက် ခဲ့လေသည်။




ထို့နောက် ဖဆပလ ကွန်မြူနစ် ကွဲကြသည်။ ထို့နောက် ပြည်တွင်းစစ်ဖြစ်
သည်။ ထို့နောက် ဒေါ်သိန်းကို ပါတီ နိုင်ငံရေးနှင့် ပါတီလှုပ်ရှားမှု များတွင်
ရှေ့တန်းမှာ လုံးဝ မတွေ့ ရတော့ချေ။

၁၉၄၉ ခုနှစ်တွင်ကာ ဖျာပုံ အစိုးရ အထောက်အပံ့ခံ ဗုဒ္ဓဘာသာ (နေရှင်
နယ်) ကျောင်းမှ ထွက်ခဲ့ပြီး၊ ရန်ကုန်တွင် အလွတ် ပညာသင် ကျောင်း
များ၌ ဆရာမ လုပ်နေ လေသည်။ ကျွန်တော်သည် ဆရာမကြီး ဒေါ်သိန်း
အား ရန်ကုန်မြို့တွင် ကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေး အစည်းအဝေးများ
၌ လည်းကောင်း၊ ဆိုရှယ်လစ် နိုင်ငံများနှင့် မိတ်ဆွေဖြစ် လုပ်ငန်းများ၌
လည်းကောင်း၊ ပမညတ တရားပွဲများ၌ လည်းကောင်း၊ ထောက်ခံအား
ပေး နေသူ လိုလားသူ အဖြစ်ဖြင့် တွေ့ရ လေသည်။

သို့ တွေ့သောအခါများ၌ အခြားအကြောင်း များကို စကားစပ်၍ ပြောမိ
သော်လည်း သူ့ဆရာမ လုပ်ငန်းကို စကား မစပ်မိပါ။ သူကိုယ်တိုင် စာ
မေးပွဲတွေ ဖြေလိမ့်မည်ဟု လည်း လုံးဝ မမျှော်လင့်ပါ။ ထိုကြောင့် ဘွဲ့
နှင်းသဘင် အခမ်းအနား ကျင်းပရာတွင် အသက် (၇၀) ရှိ ဒေါ်သိန်းဘွဲ့
ယူမည် ဖြစ်ကြောင်း၊ သတင်းစာ များတွင် ဓါတ်ပုံနှင့် ပါလာသော အခါ
ကျွန်တော် များစွာ အံ့သြရသည်။ ၀မ်းလည်း သာရသည်။

ဒေါ်သိန်းသည် ဘီအေ စာမေးပွဲကို ၁၉၄၆ ခုနှစ်တွင် အပြင် ကျောင်းသား
အဖြစ်ဖြင့် ဖြေဆို အောင်မြင်ခဲ့ခြင်း ဖြစ်လေသည်။ ဘွဲ့နှင်းသဘင် ကျင်းပ
သောနေ့၌ ဘွဲ့ယူရန် ဒေါ်သိန်း ထွက်လာသော အခါ၊ ပရိတ်သတ်၏
အာရုံမှာ သူထံသို့ စုပြုံရောက်ရှိ နေလေသည်။ ဒေါ်သိန်း စင်ပေါ်သို့
တက် လိုက်သောအခါ လက်ခုပ်သြဘာ သံများ ဆူညံ သွားလေသည်။

ကျွန်တော်သည် လက်ခုပ်တီးရုံ နှင့်အားမရ၊ ထိုင်ရာမှ ထပြီး ဒေါ်သိန်းအား
နှုတ်ဆက် ချီးကျူးချင်သည်။ သို့သော် ကျွန်တော့မှာ တက္ကသိုလ် အပေါင်း
သဟာယ လူကြီးပီပီ ဘောင်းထုပ်၊ ၀တ်ရုံ၊ ပ၀ါစုံချဖြင့် က္ကနြေ္ဒရရ ကြီးနေ
လေရာ ဆန္ဒရှိသည့် အတိုင်း မလုပ်နိုင်ခဲ့ချေ။ ဒေါ်သိန်း စင်မြင့်ပေါ်မှ ဆင်း
သွားသော အခါ ရင်တွင်းမှာ ပီတိလှိုင်း အပြည့်ဖြင့် လှိုက်ဖို၍ နေလေ
သည်။ ဒေါ်သိန်း သူ့နေရာသို့ ပြန်ရောက်သည် အထိ ပရိတ်သတ်က သြ
ဘာပေးနေကြသည်ကို သတိပြု လိုက်မိသည်။


(ကွယ်လွန်သူ စာရေးဆရာနှင့် နိုင်ငံရေး ခေါင်းဆောင်ဟောင်း ဦးသိန်းဖေမြင့်
၏ သူတို့ခေတ်၊ သူတို့အတိတ်၊ သူတို့အရိပ်၊ ပွင့်ပွင့်လင်းလင်း သတင်းစာ
ဖြတ်ပိုင်းများ စာအုပ်မှ မူရင်းအတိုင်း ထင်ဆင့်ကူးယူ ဖော်ပြပါသည်။)

Aug 23, 2008

ဇာတ်လိုက်က ဘယ်လိုပုံစံဖြစ်မလဲ အပိုင်း(၂)


ရေးသူ - အောင်ခင်မြင့်
(ဘ၀အတွေ့အကြုံ)

ကျနော်က “မင်း၊ အခုလေးတင် ဆင်းရဲပြီး ဈေးရောင်း မကောင်း ဖြစ်နေတဲ့
ကုလား အဖိုးကြီး ကျွေးတာကိုလည်း စားနေသေးတယ် …. ဆင်းရဲသားတွေ
ဘက်က ရပ်တည် ပေးတဲ့ စာပေနဲ့ အနုပညာတွေကို တိုက်ခိုက် နေပါလား”
လို့ ပြန်လည် ပြောဆို ပါတယ်။ အဲလို ကျနော်တို့ နှစ်ယောက် စကားတွေ
ပြောပြီး ရွှေဂုံတိုင် မီးပွိုင့်အလွန် အုတ်လမ်းပေါ် လမ်းလျှောက်နေတုန်း ကျနော်
တို့ ရှေ့မှာ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး သုံး … လေးယောက်နီးပါး အုပ်စု
လိုက် လမ်းလျှောက် နေကြပါတယ်။

အဲဒါနဲ့ ညို… က ကျနော်ကို လက်တို့ပြီး လေသံတိုတိုလေး နဲ့“အဲဒီလူက
ဗိုလ်စိန်မှန် ရပ်ကွပ်ထဲက ကွ၊ အရင်က အရမ်းဆင်းရဲ တယ်၊ ဆင်းရဲလို့
အလုပ်ကို အရမ်းကြိုးစားတာ အခု တော်တော် အောင်မြင်ပြီး ချမ်းသာသွား
တာ၊ ရုပ်ရှင်ထဲက လိုကွ” လို့ ပြောပါတယ်။ ကျနော်က “မင်းခုနက ပြော
တော့ စာရေးဆရာတွေက ဆင်းရဲသား ဇာတ်လိုက် သုံးတာ မှားနေတယ်
ဆို၊ ကောင်းတယ် ဆိုးတယ် ဆိုတာဟာ ဆင်းရဲ .. ချမ်းသာ ဆိုတဲ့ ပေတံနဲ့
တိုင်းလို့ မရပါဘူးကွာ” လို့ ပြောလိုက် ပါတယ်။ အဲဒီ အချိန်မှာပဲ ကားလမ်း
ရယ့် အခြား တဘက်က အမျိုးသမီး လေး … ငါးယောက် ကျနော်တို့ ဘက်
အခြမ်း ကို အသည်းအသန်း လမ်းဖြတ် ကူးလာ ပါတယ်။




“ဟဲ့ လင်ခိုးမတွေ၊ မယား ငုတ်တုပ်နဲ့ နေ့ခင်း ကြောင်တောင်ကြီး၊ သူများ
လင်ကို ကြောင်တောင် နိုက်ချင်တဲ့ ကောင်မတွေ ….ေ…” လို့ ဆဲရေး
တိုင်းထွာပြီး လက်ထဲမှာ ပါလာတဲ့ ချာလီ ထီးတွေနဲ့ ကျနော်တို့ ချီးကျူးပြော
ဆိုနေသော အုပ်စုကို အတင်း ၀င်ရိုက်ပါတယ်။ သူတို့ အုပ်စုလိုက် ရန်ပွဲ
ရယ့် အနီးဆုံး နေရာမှာ ရှိတဲ့ ကျနော်တို့ နှစ်ယောက်လည်း ကြောင်
တောင်တောင် ဖြစ်သွားပြီး ပါးစပ် အဟောင်းသား နဲ့ ရန်ပွဲကို ကြည့်
နေပါတယ်။

ပွဲက တော်တော်ကြမ်းပါတယ်။ ဆံပင်တွေ ဆွဲပြီး ရိုက်တဲ့ သူက ရိုက်၊ ထီးနဲ့
ချတဲ့ သူက ချနဲ့ ရှုပ်ရှက်ခက် နေပါတယ်။ တစ်ဦးတည်း ဖြစ်နေသော
အမျိုးသားက အမျိုးသမီး ရှစ်ယောက် … ကိုးယောက် ကြားမှာ ဟိုဖက်ပြေး
ဆွဲလိုက်၊ ဒီဘက် ပြေးဆွဲလိုက်နဲ့ ခြာလည်ပတ် ရမ်းနေပါတယ်။ လမ်းသွား
လမ်းလာတွေ လည်း အမျိုးသမီး အုပ်စုလိုက် ရန်ပွဲကို ထူးဆန်းစွာနဲ့ ၀ိုင်း
အုံးပြီး ကြည့်နေကြတာ လူတစ်ရာ နီးပါးလောက် ရှိပါတယ်။ အုတ်လမ်း
ပေါ်က ဖြတ်သန်းနေတဲ့ ကားတွေတောင် ကားရပ်ပြီး ကြည့်ရတဲ့ အဆင့်
ဆိုတော့ ရန်ပွဲ အနေအထားက တော်တော်ကို အဆင့် မနိမ့်ပါဘူး။

ပထမ ဦးဆုံး ရန်ပွဲအတွင်းကို တိုက်ပုံအနက်ရောင် ၀တ်ဆင်ထားတဲ့
အသက်အရွယ် ကြီးရင့်သော လူကြီး နှစ်ဦး ၀င်လာပါတယ်။ အဲဒီလူကြီး
နှစ်ယောက်က နိုင်ငံရေး ပါတီတစ်ခုရယ့် ရင်ထိုးတွေ တပ်ဆင် ထားပါတယ်။
လူကြီးတွေ ပါးစပ်က “ဟဲ့..ဟဲ့ .. ခလေးမတို့ …. တော်ကြ ..တော်ကြ …
မင်းတို့ဟာ … လူမြင်မကောင်း သူမြင်မကောင်း … လမ်းမကြီးပေါ်မှာ…”
လို့ ပြောဆိုပြီး ရန်ဖြစ်နေတဲ့ အမျိုးသမီးတွေ ကြား စေတနာနဲ့ ၀င်တား
ပါတယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ နံဘေးကို မာစတာဂျစ် တစ်စီး ထိုး
စိုက် လာပြီး ကားပေါ်က စစ်ယူနီဖောင်း ၀တ်ဆင်ထားတဲ့ မျက်မှန်နဲ့ လူ
တစ်ယောက် ဆင်းလာပါတယ်။ သူက “ဟေ့ … အားလုံး ရပ်ကြစမ်း …ငါ
ပြောနေတယ် … ရပ်ဆို ရပ် …ငါက ဗဟန်းမြို့နယ် မ၀တ ဥက္ကဋ္ဌ … ဗိုလ်မှူး
စံကြည်ကွ” လို့ ပြောပါတယ်။ သူနဲ့ အတူ ကားပေါ်က စစ်သား နှစ်ယောက်
… သုံးယောက်လည်း ဆင်းလာ ပါတယ်။

ဗိုလ်မှူးစံကြည်က သူ့စစ်သား နှစ်ယောက်ကို ရန်ဖြစ်နေသော အုပ်စု တစ်
အုပ်စုလုံးကို ဗဟန်းမြို့နယ် မ၀တ ရုံးအထိ ခြေလျင်လျှောက်ပြီး ခေါ်ခဲ့ဖို့
ပြောပါတယ်။ အဲဒီအပြင် သက်သေ အနေနဲ့ ကြားက ၀င်တားတဲ့ လူကြီးနှစ်
ယောက်ကို အရင် ခေါ်ပါတယ်။ ပြီးတော် သူ့မျက်လုံးက အဲဒီ ရန်ပွဲနဲ့ အနီး
ဆုံး မှာ ရပ်ကြည့်နေတဲ့ ကျနော်တို့ နှစ်ယောက်ဘက်ကို လှည့်လာပြီး။
“ဟို ကလေးနှစ်ယောက် … မင်းတို့လည်း မ၀တ ရုံးကို လိုက်ခဲ့ရမယ်”
လို့ ပြောပါတယ်။

ကျနော့် သူငယ်ချင်း ညို…. က ကျနော်ကို “ကိုအောင် … ဒိုး … ဒိုးဟ (ပြေး
… ပြေးဟ = အထာ စကားဖြင့်)” ပြောလိုက်မှ ကျနော်တို့ နှစ်ယောက်လည်း
အုတ်လမ်း အတိုင်း တည့်တည့်ကြီး အသက်ကုန်ပြေး ကြပါတယ်။ ကျနော်တို့
ထွက်ပြေးတာက မ၀တ ရုံးကို မလိုက်ချင်လို့ မဟုတ်ပါဘူး။ ကိုယ့်ကိစ္စ ဖြစ်တဲ့
အစည်းအဝေးပွဲ ကို မရောက်မှာ ဆိုးလို့ပါ။ ဒီလိုနဲ့ တော်တော်လေး ပြေးပြီး
နောက်ကို လှည့်ကြည့်တော့ နောက်က ဘယ်သူမှ မလိုက်လာပါဘူး။ အဲဒီ
တော့မှ သက်ပြင်း ချနိုင်ပါတယ်။ ကျနော် ခါးကြားထဲမှာ ထိုးထားတဲ့ လီနင်
စာအုပ်ကို သတိရသွားပြီး နောက်ကျောကို စမ်းကြည့်လိုက်တော့ စာအုပ် ကျ
ကျန်ရစ် ခဲ့ပါပြီး။ ကျနော်လည်း အစည်းအဝေး လုပ်နေချိန်မှာ ပျောက်သွားတဲ့
စာအုပ်ကို တွေးပြီး စိတ်မကောင်း ဖြစ်နေခဲ့ပါတယ်။

ကျနော်တို့ နှစ်ယောက် အစည်းအဝေး အပြီး လာလမ်း အတိုင်း ပြန်ခဲ့
ကြ ပါတယ်။
(ညို… ) “ကဲ့ ဘယ်လိုလဲ ဒီနေ့ အတွက် ဇာတ်လိုက်က မောင်စံကြည်
ဖြစ်နေပါလား၊ တော်သေးတယ် မောင်စံကြည် ဖြစ်နေလို့ ….ကောင်း
စံဦးများ ဖြစ်လိုကတော့ ငါတို့ ဒီလိုပြေးပုံ မျိုးနဲ့ဆိုရင် ကျည်ဆံနဲ့ ညားပြီ”
(ကျနော်)“မင်း ချီးမွမ်း နေတဲ့ လူတွေလေ၊ အရှက်မရှိ ပေတရာပေါ်မှာ
ရန်ဖြစ်တာ၊ ကြားက ငါ့စာအုပ်လေး ပျောက်သွားတယ် …”
(ညို … ) “အဲဒါပေါ့ ကွ … ဆင်းရဲသား ဇာတ်လိုက်လေ … အောင်မြင်
မှုရယ့် ဒဏ်ကို မခံနိုင်ဘူး … လူတွေ ဒီလိုပဲလေ …”
(ကျနော်) “ လုပ်ပြန်ပြီး ဒီဇာတ်လိုက် ပြဿနာ … ဘုန်းကြီးတွေ ဟောတဲ့
တရားထဲကလို … ပညာနဲ့ အကျင့်သီလ သဘောပါကွာ … ဆင်းရဲ ချမ်းသာ
မဟုတ်ဘူး … ငွေရအောင် ရှာနိုင်တာနဲ့ လူမှုရေးကို လုပ်ချင် သလို လုပ်
တတ်တဲ့ စိတ်ပဲ အဓိက ကျပါတယ် ကွာ …. ”

ကျနော်တို့ ငြင်းခုန်ပြီး စကားပြောရင် နဲ့ သာသနာ့ ရိပ်သာ ကားဂိတ်နား
ကို ရောက်ခဲ့ ပါတယ်။ အလာတုန်းက ဘရာကြော် အလကားကျွေး ခဲ့တဲ့
ကုလား အဖိုးကြီး နံဘေးလဲ ရောက်ရော။ အဖိုးကြီးက “ဟေ့ကောင်တွေ၊
ရွှေတိဂုံ ဘုရားသွားဖူးပြီး ပြန်လာတာလား၊ ဗိုက်ဆာ နေရင် ငါ့ ဘရာကြော်
ကို အကြွေးနဲ့ ၀ယ်စား လို့ရတယ်” လို့ လှမ်းပြော ပါတယ်။ ညို… က
“အရာကြီး လည်း … ကုသိုလ် ရအောင် အလကားပဲ ကျွေးလိုက် လေ”
လို့ ပြန်ပြော ပါတယ်။

တရပ်ကွပ်ထဲသား ဖြစ်နေတဲ့ ကုလား အဖိုးကြီး လည်း သူ့သား အရွယ်
ဖြစ်နေတဲ့ ကျနော်တို့ နှစ်ယောက် ကို ဘရာကြော် .. လေး…. ငါးလုံး
လောက်စီ …စက္ကူကို ကတော့ပုံစံ လုပ်ပြီး ဘရာကြော် ထည့်ပေးပါတယ်။
အဲဒီအချိန်မှာ ညို …. က “ဟေ့ … ကိုအောင်၊ မင်းစာအုပ် … ဒီမှာ ..ဒီမှာ…
အရာကြီးစီ ရောက်နေပြီး... အရာကြီး … ဒီဘရာကြော် ထုတ်ပေးတဲ့ စက္ကူ
ဘယ်က ရလဲ” လို့ မေးလိုက်ပါတယ်။ အရာကြီးက “ငါ့သမီးလေး မီးပွိုင့်မှာ
မီးနီ မိနေတဲ့ ကားတွေကို … စံပယ်ပန်း လိုက်ရောင်း နေတာလေကွာ…
အဲဒါ အပြန်မှာ လမ်းပေါ်က ဒီစာအုပ်ကို တွေ့လို … ငါဘရာကြော် ထုတ်ဖို့
…ယူ လာတာကွ … မင်းတို့ စာအုပ်လား … လမ်းပေါ်မှာ ရထားတဲ့ စာအုပ်
ဆိုတော့ ပိဿာချိန် ဈေးပေးရင် … ပြန်ပေးမယ်” လို့ ပြောပါတယ်။

ကျနော်လည်း စာအုပ်ကို ပိဿချိန်ဈေးနဲ့ အကြွေး ပြန်ဝယ်ခဲ့ ရပါတယ်။
စာအုပ်က အဖုံးနဲ့ အစပိုင်း စာရွက် … သုံး ..လေးရွက် လောက်တော့
ဆုတ်ဖြဲ ပြီးနေ ပါပြီး။ မောင်မင်းကြီးသား ညို… ရယ့်ပါးစပ်က အလကား
ရတဲ့ ဘရာကြော် ကို စားရင် “စိတ်မညစ် ပါနဲ့၊ ကိုအောင်ရယ် … မင်းဖတ်
နေတဲ့ လီနင် စာပေက ဆင်းရဲသား မျက်နှာမွဲ တွေ ကောင်းစားဖို့ မလား၊
အခုလည်း စာအုပ်ကို သေသေချာချာ မဖတ်မိတဲ့ ဆင်းရဲသားက နည်းနည်း
လောက် ဖြဲပြီး … အကြော် ထုတ်မိတာပါ ကွာ .. တကယ့် ဇာတ်လိုက်က
အရာကြီးကွ” လို့ ရီဖြဲဖြဲနဲ့ ပြောပါတယ်။

(ပြီးပါပြီး။)

Aug 20, 2008

ဇာတ်လိုက်က ဘယ်လိုပုံစံဖြစ်မလဲ အပိုင်း(၁)


ရေးသူ - အောင်ခင်မြင့်
(ဘ၀ အတွေ့အကြုံ)


ဟိုး လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ် တွေ တုန်းက ကျနော်နဲ့ သူငယ်ချင်း ဖြစ်သူ
ညို... တို့ ဗဟန်းမြို့နယ် အကသ (အခြေခံပညာ ကျောင်းသားများသမဂ္ဂ)
ရယ့် ကိုယ်စားလှယ်တွေ အဖြစ် အုတ်လမ်းမှာရှိတဲ့ ဒေါ်ချိုချိုကျော်ငြိမ်း ခြံဝန်း
ထဲက ဂိုဒေါင်ကြီး ( သတင်းစာ အဟောင်းတွေ အထုပ်လိုက်ရှိတယ်) မှာ ပြုလုပ်
တဲ့ ရန်ကုန်တိုင်း အကသ ကျောင်းသား စုဝေးရာကို ရောက်ခဲ့ပါတယ်။

အစည်းအဝေးမှ အပြန် ဘတ်စ်ကားခ မရှိလို့ စကား တပြောပြောနဲ့လမ်းလျှောက်
ရင် ဖတ်ထားသမျှ စာပေတွေ အကြောင်း ပြောလိုက် ငြင်းလိုက်ရင်နဲ့ပဲ အိမ်ကို ပြန်
ခဲ့ကြ ပါတယ်။ ကျနော်တို့ အိမ်ပြန်ပုံ လမ်းကြောင်းက ရွှေဂုံတိုင် အုတ်လမ်း ကနေ
မီးပွိုင့် အထိ သွားတယ်။ ပြီးတော် ကမ္ဘာအေး ဘုရားလမ်း အတိုင်း ဘိုးဘွားရိပ်သာ
ရှေ့ကနေ ဖြတ်ပြီး မဟာစည် သာသနာ့ ရိပ်သာ လမ်းထဲကို ၀င်တယ်။ ရိပ်သာရှေ့
က ဖြတ်ပြီး သာသနာ့ရိပ်သာ လမ်းအဆုံး ကနေ ကျနော်တို့ ရပ်ကွပ်ရယ့် နောက်
ဖေးကို ရောက်ပါတယ်။

ကျနော်အိမ်မှာ လက်ယာ ဒီမိုကရေစီ စာအုပ်ဆိုလို့ “ဦးနု” ရေးတဲ့ ပြည်ထောင်စု
ပန်းတိုင် ဆိုတဲ့ စာအုပ်ရယ်၊ စတာလင် လက်ထက် “ကိရော့” လုပ်ကြံခံရလို့
ပါတီထဲက လူတွေကို စတာလင်က အစုလိုက် အပြုန်းလိုက် ရှင်းလင်းမှုမှာ
အမေရိကန် ကို ထွက်ပြေး ရောက်ရှိခဲ့တဲ့ “ကျန်လူတစ်ယောက်” ဆိုတဲ့ စာအုပ်
လောက်ပဲ ရှိပါတယ်။ ကျန်တဲ့ စာအုပ် အများစုက မာ့စ် လီနင် စာပေတွေ များ
ပါတယ်။ ရသ ၀တ္ထု ဆိုရင် ဆင်းရဲသား ဇာတ်လိုက်တွေ ပါဝင်တဲ့ ၀တ္ထုတွေက
အများစု ဖြစ်ပါတယ်။




ကျနော်က အကသ ရန်ကုန်တိုင်းရယ့် အစည်းအဝေးတွေ ကို သွားရင် မြန်မာ
လို ဘာသာပြန် လီနင်ရယ့် “လက်ရွေးစင် ကျမ်း” အတွဲတွေ ထဲက စာအုပ်တစ်
အုပ်ကို ခါးကြားထိုးပြီး အမြဲ ယူဆောင် နေကြပါ။ ညိုေ.... (ဒဂုံ အကသ)နဲ့
သက်ဝင်းအောင် (တာမွေ အကသ) တို့က ကျနော်ကို တွေ့ရင် “ဟေ့ကောင်၊
ဘယ်လိုလဲ စာအုပ်တွေကို အလွတ်ကျက် နေတာ ဘယ်နှစ်အုပ် အလွတ်ရပြီးလဲ”
လို့ စ နောက် နေကြပါ။

တနေ့ကြတော့ ထုံးစံအတိုင်း လီနင် စာအုပ်ကို ခါးထဲထိုးပြီး ညို...နဲ့ အတူ
ရန်ကုန်တိုင်း အစည်းအဝေး ကို ခြေလျင်လျှောက်ပြီး လာခဲ့ပါတယ်။ မဟာစည်
သာသနာ့ ရိပ်သာ ကားမှတ်တိုင်နား လည်းရောက်ရော ကျနော်တို့ ရပ်ကွပ်ထဲက
ဘရာကြော် သေးသေးလေးတွေကို လက်ဆွဲ မီးဖိုးလေးနဲ့ ရောင်းတဲ့ ကုလား
အဖိုးကြီးကို တွေ့ရပါတယ်။ သူနံဘေးက ဖြတ်သွားတော့ အဖိုးကြီးက “ဟေ့
ကောင်ကလေးတွေ ဘယ်သွားမလို့လဲ၊ ငါ့ ဘရာကြော် အားပေးဦး လေကွာ”
လို့ လှမ်းပြောပါတယ်။

ညို....က “အရာကြီး၊ နေကောင်းလား၊ ဈေးရောင်းကောင်းလား၊ ကျနော်တို့
တိုင်းပြည်ကို ကယ်တင်မလို့ ကြိုးစားနေတယ်၊ ပိုက်ဆံတော့ မရှိဘူး၊ စေတနာ
ရှိရင် အလကားကျွေး၊ ပိုက်ဆံ မရှိလို့ ဘတ်စ်ကားတောင် မစီးပဲ လမ်းလျှောက်
နေရတယ် ဗျို့” လို့ ရီပြီး ပြောပါတယ်။ ကုလား အဖိုးကြီးလည်း ကျနော်တို့နှစ်
ယောက်ပုံစံကို ကြည့်ပြီး သနားသွားပုံ ရပါတယ်။ လက်ဝါးနဲ့ ခဏနေအုံးလို့
လက်ကာ ပြပြီး ဘရာကြော် ထုတ်ဖို့ စက္ကူ ရှာနေပါတယ်။ တဆက်တည်းမှာပဲ
သူ့ ပါးစပ်က “ စက္ကူ ဈေးကြီးတယ်၊ နင်တို့ကို ငါ့ ဘရာကြော် အလကားကျွေး
မယ်၊ ဒါပင်မဲ့ လက်ဝါးဖြန့်ပြီး သယ်သွား၊ စက္ကူနဲ့တော့ ထုတ်မပေး နိုင်ဘူး” လို့
ပြောပြီး တစ်ယောက်ကို ဘရာကြော် သေးသေးလေးတွေ ဆယ်လုံး ဆယ့်ငါးလုံး
နီးပါး အလကား ပေးခဲ့ပါတယ်။

ကျနော်တို့ နှစ်ယောက်လည်း ဘရာကြော်လေး စားလိုက်၊ ရွှေဂုံတိုင်က မြန်မာ့
အလင်း သတင်းစာတိုက်မှာ တပ်ဆွဲထားတဲ့ နယ်မြေ ကွပ်ကဲရေးမှူး ဗိုလ်ကြီး
ကောင်းစံဦးရယ့် မိုက်ရိုင်းပုံတွေ ပြောလိုက်နဲ့ပဲ အုတ်လမ်းက ဒေါ်ချို အိမ်ကို
ချီတက် ကြပါတယ်။ ရွှေဂုံတိုင် မီးပွိုင့်လည်း ကျော်ရော ညို.... ပါးစပ်က ဘရာ
ကြော်ကို ပလုပ်ပလောင် ၀ါးရင် “ငါတို့ ဆင်ခြေဖုံး ရပ်ကွပ်တွေမှာ နေရတဲ့ ပြည်
သူတွေ ဘ၀က ဆင်းရဲ လိုက်တာ၊ ဒီလောက် ဆင်းရဲ နေတဲ့ကြားထဲ ဆင်းရဲသား
အကြောင်းတွေ ရေးတဲ့ စာပေတွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ ကြည့်ပြီး ငါ့တော့
သိပ်ဘ၀င် မကျဘူး၊ တခါ လာလည်း ဇာတ်လိုက် ကောင်လေးက ဆင်းရဲ လို့
ငယ်ငယ်ရွယ်ရွယ် နဲ့ ကျောင်းထွက်၊ သစ်စက်မှာ အလုပ် လုပ်၊ တနေ့ကြတော့
သစ်ပုံကြီး အပေါ်က တော်တော် လေးတဲ့ သစ်တုံးကြီး က ပြုတ်ကျ လာတယ်။

အဲဒီအချိန်မှာ အသက်အရွယ် အိုမင်းပြီး လက်လုပ်လက်စား အလုပ်သမား
ကြီးတစ်ယောက်ရယ့် ခေါင်းပေါ် တည့်တည့်ကို လာထိမဲ့ ပုံစံ၊ အဲဒါကို ကောင်
လေးက အဲဒီ အလုပ်သမားကြီးကို တွန်းဖယ်တယ်၊ သစ်တုံးက ကောင်လေး
ခြေထောက်ပေါ် ပြုတ်ကျသွားတော့ ကောင်လေးက ခြေကျိုးတယ်၊ အဲလိုဖြစ်
တော့ ခုနက ကောင်လေး ကယ်ခဲ့တဲ့ အလုပ်သမားကြီးရယ့် သမီးက ကောင်
လေး အိမ်ကို လာပြီး ကျေးဇူး တင်ကြောင်း ဘာဘာညာညာ လာလုပ်တယ်၊
ဒီလိုနဲ့ပဲ သူတို့ နှစ်ယောက် သမီးရည်စား ဘ၀ကို ရောက်သွားတယ်၊ ကောင်
မလေးက အသက်အရွယ်ကြီးရင့် နေတဲ့ သူ့ဖခင်ကို သစ်စက်က အလုပ်မပြုတ်
အောင် သစ်စက်ပိုင်ရှင် သူဌေး အိမ်မှာ အိမ်ဖော် သွားလုပ် ပေးတယ်၊ တနေ့
တော့ ကောင်မလေး ကို သူဌေးက ခြေတော် တင်တယ်၊ ဒီလိုနဲ့ပဲ ကောင်မ
လေးမှာ လူမသိ သူမသိပဲ ကိုယ်ဝန်ရှိလာတယ်။

ဒါကို ကောင်လေးက ဘ၀တူ အလုပ်သမားချင်း ဆိုပြီး ကူညီတဲ့ အနေနဲ့ ကောင်
မလေးကို လက်ထပ်တယ်၊ နောက်ဆုံးကြတော့ လူယုတ်မာ သူဌေးလည်း သူ့
အကုသိုလ် ကံကြောင့် သေသွားတယ်၊ အဲဒါမျိုး စာပေတွေ၊ ရုပ်ရှင်တွေ၊ သီချင်း
တွေ ကို ကြည့်နေရတော့ ငါ့ စိတ်ထဲ သူဌေး ဆိုတာ အားလုံး လူယုတ်မာတွေ
လား လို့တောင် ထင်မိတယ်၊ ချမ်းသာတဲ့ လူမှန်ရင် ပေါက်ကရ လုပ်တယ်လို့
မဖြစ် ဖြစ်အောင် တွန်းပို့ နေသလိုပဲ” လို့ ပြောပါတယ်။


(ဆက်လက်ဖော်ပြပါ့မည်။)

Aug 18, 2008

သူ့မှာတမ်း

(ရေးသူ - မင်းသုဝဏ် )

zmin thu wunn.jpg

သူတို့ အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။

“ အမောင်ပြောက်ကျား၊ ချစ်သူ အားကို
ဘာများ မှာခဲ့လိုသနည်း။”

“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။”

“အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့လိုသနည်း။”




“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတည်ခဲ့ကြောင်း ပြောပါလေ။”

“အမောင်ပြောက်ကျား၊ တိုင်ပြည်အားကို
ဘာများ မှာခဲ့လိုသနည်း။”

“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။”

ယမ်းငွေ့ အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား။ ။

(မြ၀တီ မဂ္ဂဇင်း မတ်လ၊ ၁၉၆၃။)

Aug 10, 2008

မှတ်မိသမျှလွန်ခဲ့သော အနှစ်(၂၀) အပိုင်း- (၄)

ရေးသူ - အောင်ခင်မြင့်

“အပြင် ပြန်ထွက်ကြဟေ့” လို့ တစ်ယောက်က စပြီး အော်လိုက် ပါတယ်။
ကျနော်နဲ့ နံဘေးက ကိုရင်လေး လည်း လမ်းမကြီး ရှိရာ လမ်းသွယ် ထိပ်ဘက်
ကို ပြေးထွက် ခဲ့ပါတယ်။ လမ်းသွယ် ထိပ်ကို မရောက်ခင် အပေါက်ဝ မှာ စစ်တပ်
သုံး တီအီး11 ကားတွေ ရပ်ထား တာကို လှမ်းမြင် နေရ ပါတယ်။ လမ်းသွယ်ထဲ
ကို ရောက်ပြီးမှ လမ်းမကြီး ဘက်ကို ထွက်ပြေးဖို့ လူတချို့ ဇွတ်အတင်း ကြိုးစား
နေသလို အခြေ အနေမှာ တော်တော်လေး ဆိုးဝါး နေပါတယ်။ စစ်တပ်သုံး တီအီး
11 ကားရယ့် ခေါင်းပိုင်း ကားမောင်းသူ ထိုင်တဲ့ ခေါင်းမိုးပေါ်မှာ စက်သေနတ်
ကို ဒေါက်ထောက်ပြီး လမ်းမကြီး တလျောက် ပြေးနေတဲ့ သူတွေကို
အတွဲလိုက် ပြစ်နေပါတယ်။ ကျနော် အပါအ၀င် လမ်းသွယ် ထဲမှာ ပိတ်မိနေတဲ့
လူ အရေအတွက် ဟာ ခန့်မှန်းချေ လူ (၂၀၀) ကျော်လောက် ရှိပါတယ်။

အဲဒီ အချိန်မှာ ကျနော် တော်တော်လေး ထိန့်လန့်ပြီး သွေးပျက် နေခဲ့ပါတယ်။
ကျနော်နဲ့ ကိုရင်လေးလည်း လမ်းသွယ်ရယ့် အဆုံးမှာရှိတဲ့ လမ်းပိတ်ထားတဲ့ အိမ်
ကြီးဘက်ကို ပြေးလိုက် အပေါက်ဝကို လှမ်းပြီး မြင်တွေ့ နိုင်တဲ့ အကွေ့လေးဘက်
ကို ပြေးလိုက်နဲ့ ဆောက်တည်ရာ မရ ဖြစ်နေ ပါတယ်။ လူတွေ အားလုံးလည်း
ကျနော်လို လမ်းသွယ်လေး ထဲမှာ ဟိုပြေးလိုက် ဒီပြေးလိုက် ဖြစ်နေ ကြပါတယ်။

“၀င်လာပြီး …. ၀င်လာပြီး” ဆိုတဲ့ အသံကို စကြားရတဲ့ အချိန်မှာ ကျနော်ဟာ လမ်း
အဆုံးပိုင်းမှာ ရှိနေတဲ့ အိမ်ကြီးရယ့် ပိတ်ထားတဲ့ သံတံခါးကြီးနဲ့ မနီးမဝေး မှာ
ရှိနေပါတယ်။ ကျနော် မတ်တပ်ရပ် နေသော နေရာနဲ့ လေး … ငါးပေ လောက်ပဲ
ဝေးတဲ့ အကွားအဝေး တစ်ခုမှာ အဖြူအစိမ်း ၀တ်ထားတဲ့ ကျောင်းသူလေး နှစ်ဦး
လွယ်အိတ် လေးတွေ ပိုက်ပြီး ငိုကြွေး နေကြပါတယ်။ သူတို့ နှစ်ဦးရယ့် နံဘေးမှာ
ဈေးခြင်းတောင်း ကိုင်ထားတဲ့ အမျိုးသမီးကြီး တစ်ဦးက သူတို့ကို အားပေး နှစ်သိမ့်
နေတာ တွေ့ရ ပါတယ်။

တစ်ချက်ခြင်း နဲ့ အတွဲလိုက် ပြစ်တဲ့ သေနတ်သံတွေ ကို အနီးဆုံး အနေအထားနဲ့
စပြီး ကြားလိုက်ရတဲ့ အချိန်မှာ ….. “ ဒါကာကြီး … ဘယ်လို လုပ်ကြမလဲ” လို့
ကိုရင် လေးရယ့် အသံကြောင့် ကျနော်လည်း တော်တော်ကို လှုပ်လှုပ်ရှားရှား
ဖြစ်သွား ပါတယ်။ တချို့ လူတွေက လမ်းသွယ်ရယ့် ညာဘက်မှာရှိသော လူတစ်ရပ်
ကျော် မြင့်တဲ့ အုတ်နံရံ ကို တွယ်တက်ဖို့ ကြိုးစား ကြပါတယ်။ လမ်းမကြီး ဘက်ကို
လှမ်းကြည့်ရင် မြင်နိုင်တဲ့ လမ်းကွေ့ ဘက်က လူတချို့ လက်မြှောက်ပြီး အဖမ်းခံဖို့
လုပ်နေကြ ပါတယ်။ အားလုံးလည်း အသက် မသေပဲ လွတ်မြောက်ဖို့ နည်းလမ်း
မျိုးစုံ လုပ်နေ ကြပါတယ်။ ငိုသံတွေ၊ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုန်သံတွေ၊
အားပေး နှစ်သိမ့် သံတွေ၊ သေနတ် သံတွေနဲ့ ဆူညံနေပြီး ကမ္ဘာပျက်နေ သလား၊
ငရဲပြည် ကို အရှင် လတ်လတ် ရောက်နေသလား လို့တောင် ထင်ရ ပါတယ်။

အပြစ်မဲ့ သူများရယ့် ချောင်းပိတ် အသတ် ခံရမှု ….




ကျနော့် မြင်ကွင်းထဲ ပထမဆုံး သတိထား မိလိုက်တဲ့ အရာက လမ်းသွယ်ရယ့်
ဘယ်ဘက် တော်တော်မြင့်တဲ့ ကုန်းမြင့်ကြီး၏ အောက်ခြေမှာ ရှိသော ရေမြောင်း
ပဲ ဖြစ်ပါတယ်။ ရေမြောင်းထဲမှာ မြောင်းရေက အပြည့် မဟုတ်ပဲ အပေါ်မှာ
လွတ်နေ တာကို တွေ့ရ ပါတယ်။ ရေမြောင်းကို ဖုံးထားတဲ့ ကျောက်ပြား တွေ
က နေရာတိုင်းမှာ မရှိပဲ ဟိုတစ်ကွက် ဒီတကွက် ဖုံးထားပြီး၊ ကျနော်လည်း မြောင်း
ထဲ ဆင်းပြီး ပုန်းအောင်းဖို့ စိတ်ကူး ၀င်ခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီ အချိန်မှာ
ကျနော် ပါးစပ်က နံဘေးက ကိုရင်လေးကို “ကိုရင် … ဒီမြောင်းထဲကို … ဆင်းပုန်း
မယ် … မြန်မြန်လာ” လို့ ခေါ်ပြီး ရေမြောင်းထဲ ကို ဆင်းခဲ့ ပါတယ်။ ကျနော် မှတ်
မိသလောက် အဲဒီ ရေမြောင်းဟာ အကျယ် နှစ်ပေခွဲ … သုံးပေ လောက်ပဲ ရှိပြီး
အနက် က သုံးပေခွဲ … လေးပေ လောက် ရှိမယ်လို့ ထင်ပါတယ်။ မြောင်းထဲ ကို
ကျနော် စပြီး ဆင်းလိုက်တော့ မြောင်းရေက ကျနော့် ခြေသလုံး တ၀က် လောက်
ပဲ ရှိနေတာကို တွေရ ပါတယ်။ ကျနော်နဲ့ကိုရင်ငယ်လေး တို့နှစ်ဦး ရေမြောင်းထဲ
ခုန်ချပြီး မြောင်းကို ဖုံးထားတဲ့ ကျောက်ပြားတွေ အောက်ကို အမြန်သွားခဲ့ ကြပါ
တယ်။ ကျောက်ပြားတွေ အောက်ကို ၀င်ဖို့ ကြိုးစားတော့ မတ်တပ်ရပ်ပြီး ၀င်
လို့လုံးဝ မရပါဘူး။ ဒါနဲ့ ဆောင့်ဆောင့် ထိုင်ပြီး ၀င်ရ ပါတယ်။ ကျနော်နဲ့ ကိုရင်
ငယ် တို့လို ခန္ဓာကိုယ် ပိန်တဲ့ သူတွေ အတွက် ပုန်းလို့ ရတဲ့ အနေအထား
မျိုး ဖြစ်ပါတယ်။ ၀တဲ့ သူတွေ၊ လူကြီးတွေ လုံးဝ ပုန်းလို့ မဖြစ်နိုင်တဲ့ အခြေအနေ
မျိုးပါ။

ကျောက်ပြားအောက် ရေမြောင်းထဲမှာ ကျနော်နဲ့ ကိုရင်ငယ်လေး နှစ်ယောက်
စပြီး ဆောင့်ဆောင့် ထိုင်တဲ့ အချိန်မှာ ကျနော့်စိတ်ထဲ အပေါ်မှာ တုန်းက ကတုံ
ကရီနဲ့ ငိုကြွေး နေတဲ့ ကျောင်းသူလေး နှစ်ဦးနဲ့ ဈေးခြင်းတောင်း ကိုင်ထားတဲ့
အမျိုးသမီး ကြီးကို သတိရ မိပါတယ်။ ကျောက်ပြားအောက်မှာ မဲမှောင် နေပြီး၊
အလင်းရောင် ဆိုလို့ လမ်းမကြီး ပေါ်က ရေတွေ မြောင်းထဲ ရောက်အောင် စီး
ဆင်းတဲ့ ကျောက်ပြားနှစ်ခု ထိစပ်ရာက ရေဆင်းပေါက်လေး တစ်ခုပဲ ရှိပါတယ်။
အဲဒီ အပေါက်က ၀င်လာတဲ့ အလင်းရောင် နည်းနည်းလေး ကြောင့် ကျနော်နဲ့
ကိုရင်ငယ်တို့ နှစ်ဦး၊ တစ်ယောက် မျက်နှာကို တစ်ယောက် အနည်းငယ်လောက်
မြင်တွေ့ နေရပါတယ်။မြောင်းထဲ ရောက်ပြီး နှစ်မိနစ် …. သုံးမိနစ် လောက်ပဲ
ကြာမယ်လို့ ထင်ပါ တယ်။အပေါ်မှာ အတွဲလိုက် ပြစ်တဲ့ သေနတ်သံ တွေ၊ လူ
တစ်ယောက်ယောက် ကို တစ်ခုခု ထိမှန် သွားလို့ အော်ဟစ်တဲ့ အသံနက် ကြီး
တွေကို နီးနီးကပ်ကပ် ကြားနေ ရပါတယ်။ စစ်တပ်ဟာ ကျနော်တို့ လူအုပ်စု
ကြီး ပိတ်မိနေတဲ့ လမ်းသွယ် တစ်ခုလုံးကို ပိတ်ဆို့ပြီး အထဲကို ၀င်ရှင်း နေပါပြီး။

ကျနော်ရော ကိုရင်ပါ တော်တော်လေး ကရောင်ခြောက်ခြား ဖြစ်ပြီး မျက်နှာမှာ
လည်း မျက်ရည်တွေကျ၊ ပါးစပ် ကလည်း အသံ မထွက်ရဲပဲ ရသမျှ ဘုရား စာ
တွေကို ရွတ်နေ မိပါတယ်။ အဒီအချိန်မှာ ဘုရားစာကို ကျနော် ရွတ်ကြည့်တာ
အကြောက်လွန် နေလို့လား မပြောတတ်ပါ၊ အမြဲတမ်း အလွတ်ရနေတဲ့ သံ
ဗုဒ်ဓေ ဂါထာလည်း အစ ပဲ ရွတ်လို့ ရပါတယ်။ ရှေ့ကို မရောက်ပါဘူး။ ဒါနဲ့
ခုနှစ်တန်း ကျောင်းသား အထိ တက်ဘူးတဲ့ နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း
မှာ သင်ခဲ့ဘူးသော ဆုတောင်း ပုံစံနဲ့ “အဖ ဘုရား သခင်၊ နာမတော် ကို အမှီ
ပြု၍ ဆုတောင်း ပါတယ်၊ သားတော်ရယ့် အသက်ကို ကယ်တော် မူပါ … ”
စသဖြင့် ပါးစပ်ကနေ တိုးတိုးလေး ရွတ်ဆိုပြီး ဆုတောင်း ခဲ့ပါတယ်။ ကျနော်
တို့ အခြေအနေက ကျိန်းသေပေါက် သေရတော့မယ့် အနေအထား လုံးဝ
ဖြစ်နေ ပါတယ်။ ကျနော့် စိတ်ထဲမှာ အင်္ကျီနဲ့ ခန္ဓာကိုယ် ကြားထဲ ထိုးထည့်
ထားသော ဖိနပ်အသစ်လေးကို ကျနော် အသတ်ခံရပါက တစ်ယောက်ယောက်
အိမ်ကို ပြန်ပို့ပေးခဲ့ရင် ကောင်းမယ်လို့ ကရောင်ခြောက်ခြား တွေးနေ မိပါတယ်။
(မှတ်ချက်။ ။အဲဒီ အချိန်က ကျနော်သည် လမ်းလျှောက် အလွန်မြန်ပြီး ဖိနပ်
ပျက်လေ့ ရှိပါတယ်၊ မိသားစုက တစ်လလျင် ဖိနပ်အသစ် တစ်ရံ ၀ယ်ပေး
နေရ သောကြောင့် အမများ ၏ ဆူပူမှုကို မကြာခဏ ခံရ ပါတယ်။)

အဲဒီအချိန်မှာပဲ “၀ုန်း” ဆိုတဲ့ အသံကို ကြားလိုက် ရပြီး ကျနော်နဲ့ ကိုရင်လေး
ပုန်းနေတဲ့ ကျောက်ပြားပေါ် တစ်ယောက်ယောက် မတ်တပ် ရပ် နေပြီး လို့
သိလိုက် ရပါတယ်။ အဲဒါနဲ့ ကျနော်လည်း ရေဆင်းပေါက် ကနေ အပေါ်ကို
ကြည့်လိုက်တော့ ခုနက ဈေးခြင်းတောင်း ကိုင်ထားတဲ့ အမျိုးသမီးကြီး ကျနော်
တို့ ပုန်းနေတဲ့ ကျောက်ပြားပေါ် မတ်တပ်ရပ်ပြီး နံရံမှာ ကပ်နေတာ ကို တွေ့
ရပါတယ်။ စစ်သား တစ်ယောက်လည်း သူ့ရယ့် ရှေ့တည့်တည့်မှာ ရှိနေပုံ
ရပါတယ်။ သေနတ် ပြောင်းဝမှာ တပ်ထားတဲ့ လှံစွပ် (ဘက်နက်) ကို မြင်နေ
ရပါတယ်။ အဲဒီ အမျိုးသမီးကြီးက “ကျမ ဆန္ဒပြတဲ့ လူတွေထဲမှာ လုံးဝ မပါဝင်
ဘူး၊ ဈေးသွားမလို့ အိမ်က ထွက်လာတာပါ၊ သေနတ် သံတွေ ကြားပြီး၊ လူတွေ
ထွက်ပြေးတော့ … ကျမ လည်း ကြောက်လို့ ပြေးရင် … သူတို့နဲ့ အတူ ဒီနေရာ
ကို ရောက်နေတာ ပါ” လို့ ငိုယိုပြီး တောင်းပန် နေပါတယ်။ အဲဒီ စကားလည်း
ဆုံးရော အဲဒီ ဈေးခြင်းတောင်း ကိုင်ထားတဲ့ အမျိုးသမီးကြီး ရယ့် ရင်ဝမှာ လှံစွပ်
ထိုးဝင် သွားတာကို ကျောက်ပြား အောက်ကနေ ကျနော် တွေ့လိုက် ရပါတယ်။

ပါးစပ်က “အင့်” ဆိုပြီး အဲဒီ အမျိုးသမီးကြီး အသံ ထွက်သွား သလို သူ့ရင်
ပက်က သွေးတွေလည်း ပန်ထွက် လာပါတယ်။ အဲဒီ သွေးတချို့ ဟာ တိုက်
တိုက် ဆိုင်ဆိုင် ကျောက်ပြား နှစ်ခု ထိစပ်နေတဲ့ ရေဆင်းပေါက် ရယ့် အောက်
ကနေ ချောင်းကြည့်နေတဲ့ ကျနော့် မျက်နှာပေါ် ကျလာ ပါတယ်။ ကျနော်လည်း
အကြောက်လွန်ပြီး ၀တ်ထားတဲ့ ပုဆိုးထဲကို ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေး
(ကြောက်ချီး) တွေ ထွက်ကြ ကုန်ပါတယ်။ စစ်သားတွေ စစ်ဖိနပ် သံတွေ၊
ဆဲသံတွေ၊ လူတွေရယ့် ငိုယို တောင်ပန်းသံတွေ၊ သေနတ် အတွဲလိုက် ပြစ်ခတ်
သံတွေ ဟာ ကျနော်တို့ ခေါင်းပေါ်မှာ ရှိတဲ့ လမ်းသွယ်လေး ထဲမှာ ပွတ်လော
ရိုက်နေ ပါတယ်။ ကျနော် နံဘေးက ကိုရင်လေး လည်း အကြောက်လွန်ပြီး
ကျနော် လက်ကို လာကိုင် ထားပါတယ်။ အဲလိုနဲ့ တစ်နာရီခွဲ ... နှစ်နာရီ
လောက် ကြာမယ်လို့ ကျနော် ထင်ပါတယ်။ အပေါ်က အသံ တစ်ခုကို စပြီး
ကြား ရပါတယ်။

“အမလေး ... အဖြစ်ဆိုးလှချည့်လား ... လာကြည့်ကြ ပါအုံး ... ” ဆိုတဲ့ အသံ
တွေ ကြားရပါတယ်။ အဲဒီအချိန်မှာ နံဘေးက ကိုရင်လေးက “ဒါကာကြီး ....
စစ်ခွေးတွေ ... အပေါ်မှာ ... မရှိတော့ဘူး ထင်တယ် ... ဒါကာကြီး” လို့ပြော
ပါတယ်။ အဲဒါနဲ့ ကျနော်နဲ့ကိုရင်လေး ရေမြောင်း ကျောက်ပြား အောက်က
နေ ထွက်ပြီး လမ်းပေါ်ကို တက်ခဲ့ပါတယ်။ အရာရာ အားလုံးဟာ မကြည့်ရက်
စရာ ပါပဲ။ လူသေ အလောင်းတွေတော့ မတွေ့ ရပါဘူး။ ဒါပင်မဲ့ အဲဒီ လမ်း
သွယ်လေးရယ့် မျက်နှာပြင် တစ်ခုလုံး အေးပြီး ခဲသွားတဲ့ သွေးခဲကြီးတွေ
နေရာတိုင်း လိုလိုမှာ အပုံလိုက် ဖြစ်နေ ပါတယ်။ ကျနော်တို့လို ရေမြောင်းဖုံး
ကျောက်ပြားအောက် မှာ ပုန်းခိုခွင့် ရလို့ မသေပဲ ကျန်ခဲ့တဲ့ လူ စုစုပေါင်း
ဆယ်ယောက် ကျော်လောက် ထွက်လာတာ ကို တွေ့ရ ပါတယ်။ ကျနော့်
အင်္ကျီနဲ့ ပုဆိုးမှာ မြောင်းထဲက ညစ်ပက်တဲ့ အညစ်အကြေးတွေ၊ အကြောက်
လွန်ပြီး ထွက်ကျတဲ့ အညစ်အကြေး တွေ၊ သွေးတွေရယ့် စွန်းထင်းမှု တွေနဲ့
စုတ်ပျက်သပ် နေပါတယ်။

အဲဒီအချိန်ထိ ကျနော်စိတ်တွေ အကြောက်လွန်ပြီး ကြောင်တောင်တောင်
ဖြစ်နေတာ လွဲရင် အခြေအနေ ကောင်းပါ သေးတယ်။ အဲလိုနဲ့ ကျနော်နဲ့
ကိုရင်လေး တို့ လမ်းသွယ်လေး ထဲကနေ လမ်းမကြီး ရှိရာ ဘက်ကို ထွက်
လာ ခဲ့ကြ ပါတယ်။ လမ်းတလျောက်မှာ လည်း သွေးအိုင် တွေက အပြည့်
ပါပဲ။ လမ်းထိပ်နား လည်း ရောက်ခါနီး ကျနော်မြင် လိုက်ရတဲ့ မြင်ကွင်းက
ပုဆိုးတွေ၊ ထမီတွေ စုပြီး ပုံထားတာ ကျနော့်အရပ် နီးပါလောက် ရှိပါတယ်။
လမ်းသွယ်နဲ့ လမ်းမကြီး ထိစပ်တဲ့ အပေါက်ဝမှာ လူတွေအများကြီးက ကျနော်
တို့ကို စိုက်ကြည့် နေကြ ပါတယ်။ လမ်းသွယ်ရယ့် ထိပ်၊ လမ်းမကြီး ပေါ်က
အဲဒီ အ၀တ်အစားပုံ နံဘေးနား ရောက်ခါနီးမှ မတ်တပ်ရပ် နေတဲ့ လူကြီး
တစ်ယောက်ကို ကျနော်က “ဦးလေး၊ အဲဒီ အ၀တ်အစားတွေ က ဘယ်သူ
ဟာတွေ လဲ” လို့ မေးလိုက်ပါတယ်။

အဲဒီလူကြီးက “မင်းတို့ နဲ့အတူ ဒီလမ်းထဲ ပြေးဝင်လို့ ပိတ်မိပြီး ... အသတ်
ခံရတဲ့ ... မင်းတို့ သူငယ်ချင်းတွေရယ့် ... အလောင်းတွေကို ...စစ်တပ်က
ကားပေါ် ပြစ်တင်တာ ... အဲဒါ ကားနောက်ဘက်က သံချိတ်နဲ့ သူတို့အ၀တ်
အစားတွေ ... ချိတ်မိပြီး ကျန်ခဲ့တာ” လို့ ပြောပါတယ်။ ကျနော်လည်း အဲဒီ
အ၀တ်အစားပုံ ကို သေသေချာချာ ကြည့်လိုက်တော့ ရစရာ မရှိအောင်
သွေးတွေ ပေနေတဲ့ အခြေခံ ပညာ ကျောင်းသား၊ ကျောင်းသူတွေ အသုံးပြု
သော ပုဆိုး အစိမ်းတွေ၊ ထမီ အစိမ်းတွေက အများစု ဖြစ်ပြီး၊အဲဒီ အ၀တ်အစား
ပုံကြီး ပတ်လည်နဲ့ နေရာ တချို့မှာ လူ့ခန္ဓာကိုယ် အတွင်းပိုင်းထဲက ထွက်
ကျထားတဲ့ ကလီစာ တချို့ ကို မြင်လိုက် ရပါတယ်။ ကျနော် ဘယ်လို ဖြစ်သွား
သလဲ ကျနော် မသိတော့ ပါ။ ကျနော် ရုတ်တရက် ခွေပြီး လမ်းပေါ် လဲကျ
သွားပါတယ်။ ကျနော့် နားထဲမှာ အသံတွေ ကြားနေ ရပြီး ကျနော့် မျက်စိ
လဲ ပြာဝေပြီး ချာချာလည် နေပါတယ်။ လူကြီးတစ်ယောက် က ကျနော့်ကို
ဆွဲထူးရင် လူတွေကို လှမ်းခေါ် နေပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီးကြီး
တစ်ဦးက ငိုယိုပြီး ပြောနေတဲ့ အသံတချို့ ကို ကျနော့်နား ထဲ ကြားနေ ရ
ပါတယ်။
“ကောင်လေး ... သနားပါတယ် ... သူ့အိမ်က မိဘတွေ... တော်တော် စိတ်ပူ
နေမယ်နဲ့ တူတယ် ... တစ်ယောက်ယောက် သူ့ကို အိမ်အထိ ...လိုက်ပို့
ပေးလိုက်ကြပါ”


ကျနော် သတိ ပြန်ရတဲ့ အချိန်မှာ ကျနော်တို့ မိသားစု နေတဲ့ အိမ်ရှေ့က ဆေးခန်း
ရယ့် ကုတင်ပေါ် ကျနော် ရောက်နေ ပါတယ်။ နံဘေးမှာ အမေနဲ့ အမတွေရယ့် ငို
ယိုသံတွေ လည်း ကြားနေ ရပါတယ်။ ရပ်ကွပ်ထဲက အိမ်နီး နားချင်းတွေလည်း
ဆေးခန်းထဲ ရောက်နေတဲ့ ကျနော်ကို လာကြည့်နေလို့ ဆေးခန်း တစ်ခုလုံး တရုန်း
ရုန်း ဖြစ်နေပါတယ်။ဘယ်လို အိမ်ပြန်ရောက်လာတာ လည်းလို့ မေးကြည့်တော့
အကိုကြီး တစ်ယောက်က ကျနော့် အင်္ကျီအိတ်ထဲက ကျောင်းသားကဒ်မှာ ပါတဲ့
လိပ်စာ အတိုင်း အိမ်အထိ လိုက်ပို့ သွားကြောင်း ကျနော့် အဖေက ခေါင်းကုတ်
ပြီး ပြောပါတယ်။

နိဂုံး .....

အထက်ပါ အဖြစ်အပျက်များနဲ့ ပက်သက်ပြီး ၁၉၈၉ ခုနှစ်တွင် ကျနော်သည်
အခြေခံ ပညာ ကျောင်းသား သမဂ္ဂ လျို့ဝှက် ရုံးစိုက်ရာ မော်ထော်လေး လမ်း
အလယ်ပိုင်းတွင် တစ်ကြိမ်၊ ရန်ကင်းမြို့နယ် ကျောက်ကုန်းကွေ့ တွင်ရှိသော
လူ့ဘောင်သစ် ပါတီ ရုံးခန်းတွင် တစ်ကြိမ် နိုင်ငံခြားသား များ၏ အင်တာဗျူးများ
ကို မှတ်မိ သလောက် ပြန်လည် ပြောပြခဲ့ ပါတယ်။ အခင်းဖြစ်ပွားမှုတွင် ကျနော်
နဲ့အတူ ကိုရင်လေး အပါအ၀င် လူ (၁၃) ဦးခန့် လွတ်မြောက်ပြီး လူတစ်ရာ
ကျော် သို့မဟုတ် နှစ်ရာ နီးပါးတို့မှာ စစ်တပ်၏ ရက်စက်စွာ သတ်ဖြတ်မှုကို
ခံခဲ့ ရကြောင်း နိုင်ငံခြားသား သတင်းထောက်က ကျနော့်ကို ပြောပါတယ်။
ယင်းနိုင်ငံခြားသား က သူ့လက်ထဲတွင် ရှိသော သွေးရူး သွေးတန်းဖြင့် ပြေးနေ
သည့် ကျနော့် ဓါတ်ပုံကို လိုက်ပြပြီး စုံစမ်းရာမှ အကသ ခေါင်းဆောင်
တချို့နဲ့ တွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းတွင် ကျနော်ဖြစ်နေကြောင်း
သိသွားပြီး မိတ်ဆက်ပေးရာမှ အင်တာဗျူး လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းနိုင်ငံခြား
သားလက်ထဲ တွင် ရှိနေသော ကျနော့် ဓါတ်ပုံလေးကို ကျနော် ကိုယ်တိုင် အမှတ်
တရ ပြန်လည် မတောင်းခဲ့ခြင်း မှာ ကျနော်၏ ပေါ့ဆမှု တစ်ခု ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ် မလေးရှား နိုင်ငံ အတွင်း မြန်မာ့ ဒီမိုကရေစီ အရေး စတင်
လှုပ်ဆောင် နေစဉ် ကွယ်လွန်သူ ဆရာကြီး ကြေးမုံ ဦးသောင်းက အထက်ပါ
ရှစ်လေးလုံး ကာလ အတွင်း ကျနော့် အဖြစ်အပျက်ကို မှတ်တမ်း ရယူခဲ့ပါတယ်။
ကျနော်နဲ့ အတူ လွတ်မြောက် ခဲ့သော ကိုရင်လေး၏ ဘွဲ့အမည်၊ လွတ်မြောက်
ခဲ့သော သူများ၏ နေရပ် လိပ်စာများ၊ ဒုတိယ အဆင့် ချောင်းပိတ် အသတ်ခံရ
သော လမ်းအမည်၊ ရပ်ကွပ် လိပ်စာများ မေးမြန်းမှုတွင် ကျနော်ဘက်က တိတိ
ကျကျ ပြန်လည် ဖြေဆိုနိုင်မှု အားနည်း ခဲ့ပါတယ်။ ဆရာကြီး ကြေးမုံး ဦးသောင်း
၏ ပြောပြချက် အရ ယင်း ၁၉၈၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့ နံနက်တွင်
ဝင်ဒါမီယာ အတွင်း လူထု၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ပြစ်ခတ် ဖြိုခွဲခဲ့သော
အဖြစ် အပျက် ငါးနေရာ ရှိခဲ့ကြောင်း၊ ယင်းတို့မှာ ဓမ္မစေတီ လမ်းထိပ်၊ ၀င်ဒါ
မီယာ အောက်ချိုင့်၊ ချင်းချောင်း ရိပ်သာ လမ်းသွယ် နံပါတ် (၁)၊ ရွှေတောင်
ကုန်း ဖြတ်လမ်းတို နှင့် အခြား ၀န်ကြီး တစ်ဦး၏ နေအိမ် အပေါက်ဝတို့ ဖြစ်
ကြောင်း သိရ ပါတယ်။ ကျနော် ပါဝင်ခဲ့သည့် ယင်းဆန္ဒပြ ပြည်သူ လူထုသည်
အာဏာရှင် ဦးနေ၀င်းနဲ့ အတူ အငြိမ်းစား ယူခဲ့သော နိုင်ငံတော် သမ္မတဟောင်း
ဦးစန်းယု နေအိမ်သို့ ချီတက် ဆန္ဒပြမှုတွင် လူစုများ ကွဲသွားပြီး အစုလိုက်
အပြုန်း လိုက် အသတ်ခံ ရသော မှတ်တမ်းများ ရှိခဲ့သည်ဟု သိရပါတယ်။


(ပြီးပါပြီး။)

Aug 7, 2008

မှတ်မိသမျှလွန်ခဲ့သော အနှစ်(၂၀) အပိုင်း- (၃)

ရေးသူ - အောင်ခင်မြင့်

ကျနော် ရှစ်လေးလုံး ညက ရွှေတိဂုံ စေတီ ရင်ပြင်ကို ည ကိုးနာရီ လောက်မှာ
ရောက်ခဲ့ ပါတယ်။ ရောက်ရောက်ချင်းပဲ ကျနော့်အကို နဲ့ ရပ်ကွပ်ထဲက အသိ
တွေ (၁၀)ယောက် လောက်ကို တွေ့ရပါတယ်။ အဲဒါနဲ့ အကို ကို “မင်းအိမ်ပြန်
တော့၊ တော်ကြာ မင်းရော ငါရော ပျောက်နေလို့ အမေ တအား စိတ်ပူနေမယ်”
လို့ ပြောပြီး ဇွတ်အတင်း အိမ်ပြန်ခိုင်း ရပါတယ်။ သူက မျက်မှန် ပါဝါ အထူးကြီး
တပ် ရတဲ့ သူပါ။ မျက်မှန် ချွတ်ထားရင် အဝေးကို ဘာမှ မမြင်ရပါဘူး။

ရွှေတိဂုံ စေတီ ရင်ပြင်ရယ့် တနင်္ဂနွေ ဒေါင့်နဲ့ မျက်နှာချင်းဆိုင် တန်ဆောင်း
တစ်ခုမှာ တရားပွဲ စင်မြင့် တစ်ခုရှိနေပြီး လူတော်တော် များများ တရားပွဲ
ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ အများစုက မဆလ အစိုးရရယ့် ညံဖျင်းမှုတွေ
အသုံးမကျလို့ ပြည်သူ ဒုက္ခရောက် ရတဲ့ ဘ၀တွေ နဲ့ ပက်သက်ပြီး တရား
ဟောနေ ကြပါတယ်။ ကျနော် အမှတ်ရဆုံး ကတော့ စင်မြင့်ပေါ် ကို လူနှစ်
ယောက် တက်လာပါတယ်။ သူတို့ က သီချင်း တစ်ပုဒ် ဆိုမယ်လို့ ပထမ
ပြောပါတယ်။ သူတို့ သီဆိုတဲ့ သီချင်းက ၁၉၁၇ ခုနှစ် ဘောရှီဗစ် တော်လှန်
ရေး တုန်းက ကရင်မလင် နန်းတော် ကို ၀င်မသိမ်း ခင် တော်လှန်ရေး သမား
တွေ သီဆိုခဲ့တဲ့ သီချင်းလို့ ပြောပါတယ်။ ကျနော်လည်း တော်တော် စိတ်ဝင်
စားသွားပါတယ်။ သူတို့ နှစ်ဦး က ရုရှား ဘာသာ စကားနဲ့ အဲဒီ သီချင်းကို
သီဆို သွားပါတယ်။ သီချင်း သီဆို အပြီးမှ လက်ခုတ်သံ တွေဟာ ရွှေတိဂုံ
ရင်ပြင်မှာ သောသောညံ ခဲ့ပါတယ်။ ကျနော် သီချင်း စာသားကို နားမလည်း
ပါ။ သို့သော် နားထောင်လို့ ကောင်းတယ်ဆိုတာ ၀န်ခံပါတယ်။

ဒီလိုနဲ့ပဲ တရားပွဲမှာ နားထောင်လိုက်၊ ရပ်ကွပ်ထဲက အသိတွေနဲ့ စကားပြော
လိုက်နဲ့ မနက် လေးနာရီ လောက်မှာ တန်ဆောင်း တစ်ခုထဲမှာ စပြီး အိပ်ခဲ့ပါ
တယ်။ (၉)ရက်နေ့ မနက် ခုနှစ်နာရီခွဲ လောက် ရှိမယ်လို့ ကျနော် ထင်ပါတယ်။
ရွှေတိဂုံ သပိတ်စခန်း ကြီးကြပ်ရေး ကော်မတီလို့နာမည်ပေးထားတဲ့ မြို့နယ်
ပေါင်းစုံ သပိတ်မှောက် အင်းအားစု များထဲ မှအသက်ကြီး တဲ့ လူကြီးများက
မြို့နယ် အလိုက် ရင်ပြင်တော်မှာ လူစုဖို့ လော်စပီကာ ကနေ အော်ပါတယ်။




ကျနော်လည်း အိပ်ယာက နိုးသွားပြီး ဘေးကြည့်လိုက်တော့ အသိတွေကို
မတွေ့ ရပါဘူး။ ကျနော်လည်း အသိတွေ တွေ့လိုတွေ့ငြား ရှာကြည့်တော့
ဗဟန်း အထက (၁) က ကျောင်းသား နှစ်ဆယ် လောက်ကို တန်ဆောင်
တစ်ခုထဲမှာ သွားတွေ့ ပါတယ်။ သူတို့က ဆီထမင်းတွေ စားနေပါတယ်။
အဲဒီ အချိန်မှာ ကျနော်က အဖြူနဲ့ အစိမ်း မ၀တ် ထားပါဘူး။ ညဖက်ကြီး အိမ်
ရှေ့ ကနေ ဆန္ဒပြ အုပ်စုနဲ့ လိုက်လာတာ ပါ။ အထက်တန်း ကျောင်းသား ကဒ်
တော့ ကျနော်သွားလေရာ မှာ အိပ်ထဲထည့် လေ့ ရှိပါတယ်။ ဒါနဲ့ သူတို့
ကို ကျနော်က ဗဟန်း အထက (၃)က ကျောင်းသား တစ်ဦးဖြစ်ကြောင်း ပြော
ပြပါတယ်။ သူတို့က ဆန္ဒပြ ချီတက် ရာမှာ သူတို့နဲ့ အတူ လိုက်ပါဖို့ ပြောပြီး
သူတို့ စားနေတဲ့ ဆီထမင်း ကို ကျွေးပါတယ်။ မနက် ရှစ်နာရီလောက်မှာ
ကျနော်တို့ ဗဟန်းမြို့နယ် ကိုယ်စားပြု ကျောင်းသားများက မိမိကိုယ့်ကို မိမိ
သရဏံဂုံ တင်ကြ ပါတယ်။ ကျောင်းသား တစ်ယောက်က ပုဆိုးဟောင်း တစ်
ထည်ကို ယူလာပြီး ကျနော်တို့ က ကိုယ့်မြို့နယ် ကိုယ်စားပြု ခေါင်းစည်း ပိတ်စ
အဖြစ် ဆွဲဖြဲ ကြပါတယ်။ အရောင်က အပြာရောင် အကွက်ကျား ပုဆိုးဟောင်း
တစ်ထည်ပါ။ ကျနော် မှတ်မိ သလောက် အဲဒီအချိန် တုန်းက ကျနော်တို့မှာ
ခွန်ဒေါင်း တံဆိပ်ပါ ခေါင်းစည်း ဘယ်မြို့နယ်မှ မရှိသေး ပါဘူး။


ပြီးတော် မြို့နယ်အလိုက် ဆန္ဒပြ ချီတက်ဖို့ တန်းစီ ကြပါတယ်။ ထိပ်ဆုံးက
လူဦးရေ များတဲ့ မြောက်ဥက္ကလာပ၊ ဒုတိယ တောင်ဥက္ကလာပ၊ တတိယက အင်း
စိန်၊ စတုတ္ထက လှိုင် လို့ ထင်ပါတယ်၊ ကျနော်တို့ ဗဟန်းက ငါးခုမြောက် နေရာ
က ဖြစ်ပါတယ်။ ကျနော် မှတ်မိ သလောက် ခွန်ဒေါင်း အလံ ပါ မပါ
မကျိန်းသေပါ။ မဆလ ခေတ်သုံး ကြယ် ဆယ့်လေးပွင့် ပါ နိုင်ငံတော် အလံကို
စောက်ထိုး လွှင့်ပြီး ကိုင်ကြပါတယ်။ ကျနော် တို့ အရှေ့ဘက် မုခ်က ဆင်းပြီး
ရေတာရှည် လမ်းအတိုင်း ထွက်လာပါတယ်။ ရွှေဂုံတိုင် မီးပွိင့် ဘက်ကနေ ဖြတ်
ပြီး ဗဟန်း အထက (၁) ကျောင်းဘက် အထိ ချီတက် လာပါတယ်။ လူဦးရေ
တော်တော် များပါတယ်။ အများစုက လူငယ်တွေပါ၊ လူကြီး တချို့ လည်း ပါဝင်
ပါတယ်။

ဗဟန်း အထက (၁) ကျောင်းလည်း ကျော်တက် လာရော ကျနော်က နံဘေးက
ကျောင်းသား တစ်ယောက်ကို မေးကြည့်ပါတယ်။ အခု ဘယ်ဘက်ကို ချီတက်နေ
လဲ ဆိုတော့ သူလည်း မသိဘူး လို့ ပြန်ဖြေပါတယ်။ ဒါနဲ့ ဓမ္မစေတီ လမ်းဘက်က
နေ ၀င်ဒါမီယာထဲ ချီတက်နေတဲ့ ဆန္ဒပြ လူတန်းကြီး ၀င်ရောက်ပါတယ်။ လမ်းကွေ့
တစ်ခု ကို မရောက်ခင် စစ်ကား အငယ်စား သုံးစီး ကျနော်တို့နဲ့ မျက်နှာချင်းဆိုင်
ဘက် ကို လာပြီး ကျနော်တို့နဲ့ လမ်းကြောင်း ပြောင်းပြန် ဖြတ်သွား ပါတယ်။
သူတို့ စစ်ကားတွေ ကျနော်တို့ အနီးဖြတ်ချိန်မှာ ကျနော် တို့က …..
“တစ်ပါတီ စနစ် ဖျက်သိမ်းရေး ”
“ဒီမိုကရေစီ ရရှိရေး”
“ဗိုလ်မှူးချုပ် အောင်ကြီး လွတ်မြောက်ရေး”
“ဗိုလ်ချုပ် ပေးတဲ့ စစ်ပညာ ကျောင်းသား၊ ပြည်သူ သတ်ဖို့ မဟုတ်ဘူး”
လို့ ကြွေးကြော် ကြပါတယ်။

လမ်းကွေ့ တစ်ခုကို ကွေ့လိုက်တာ နဲ့ ရှေ့ မှာ လမ်းကို ပိတ်ပြီး စစ်ကားတွေ အများ
ကြီး ရပ်ထားတာ ကို တွေ့ရပါတယ်။ သိပ်မကြာပါဘူး ရှေ့က ချီတက်နေတဲ့ သူတွေ
ရပ်လိုက်တော့ ကျနော်တို့လည်း ရပ်လိုက်ပါတယ်။ ကျနော်တို့လည်း ကြွေးကြော်
သံတွေ လည်း အသံကုန် အော်ဟစ်ကြပါတယ်။ သိပ်မကြာပါဘူး ရှေ့က လူတွေစ
ပြီး ငုတ်တုပ် ထိုင်ကြ ပါတယ်။ အဲဒီတော့မှ ဟိုရှေ့ဆုံးမှာ ရှိနေတဲ့ စစ်သားတွေကို
သဲသဲကွဲကွဲ မြင်ရ ပါတယ်။ စစ်သားတွေ က ထိုင်လျက် တစ်မျိုး၊ မတ်တပ်ရပ် ပုံစံ
နဲ့တမျိုး ပြစ်ခတ်ဖို့ အသင့် ပြင်ထား တာကို တွေ့ရပါတယ်။ ကျနော်တို့ လူအုပ်စု
လမ်းမ ပေါ် ငုတ်တုတ် ထိုင်နေတဲ့ ရှေ့ဆုံးမှာ စည်းတွေ တားထားတာ ကို တွေ့ရ
ပါတယ်။ စည်း နှစ်လိုင်းရယ့် နောက်မှာ စစ်တပ် က အသင့်ပြင် ထားတာ ဖြစ်ပါ
တယ်။ ကားသွားလို့ ရတဲ့ လမ်းမှာ အပြည့် ဖြစ်နေတဲ့ ကျနော်တို့ လူအုပ်စုကြီးက
ထိုင်ပြီး ကြွေးကြော်သံ တွေကို ဆက်တိုက် ကြွေးကြော် နေပါတယ်။ စစ်တပ်က
လည်း စစ်တပ်သုံး တီအီး 11 ကားပေါ်မှ ငါးမိနစ် အတွင်း လူစု ခွဲရန် လော်စပီကာ
နဲ့ လှမ်းအော် ပါတယ်။

သွေးချောင်းစီး ပွဲ စပြီး …..

စစ်တပ် က လူစုခွဲဖို့ လော်စပီကာနဲ့ လှမ်းအော် နေချိန် အတွင်းမှာပဲ ကျနော်တို့
လူအုပ်စုကြီး နောက်က သံရုံးကား တစ်စီး ရှေ့ကို သွားဖို့ လမ်းပိတ် မိနေပါတယ်။
ဘယ်သူ က ဘယ်လို ပြောပြလိုက်လည်း ကျနော် မသိပါ။ အဲဒီကား လူအုပ်စု
အတွင်း ကို ဖြည်းဖြည်းချင်း မောင်းဝင်လာပြီး ရှေ့ကို သွားဖို့ ကြိုးစားပါတယ်။
လူတွေလည်း သံရုံးကား ရှေ့ကို သွားနိုင်ဖို့ ထိုင်ရာက ထပြီး နေရာပေးကြ
ပါတယ်။ ကားပုံစံက အရောင်တော့ ကျနော် မမှတ်မိ တော့ပါ။ ဆလွန်းကား နံ
ပါတ်ပြား အဖြူပါ။ ကားပေါ်မှာ ကားမောင်းသူ နိုင်ငံခြားသား တစ်ယောက်တည်း
ပါတာ ကို တွေ့ရ ပါတယ်။ ကားမောင်းသူ နိုင်ငံခြားသားက ရှေ့မှာ စစ်ကားတွေ
ပိတ်ပြီး တားထားတာ ကို တွေ့သွားတော့ လမ်းဖယ်ပေးဖို့ ဟွန်းစ တီး ပါတယ်။

ကျနော်တို့ လူအုပ်ကြီးလည်း ကြွေးကြော်သံတွေ ကို အသံကုန် အော်ဟစ်ခါ
သံရုံးကား နောက်ကနေ ကပ်လိုက်ပြီး ရှေ့ကို ချီတက် ကြပါတယ်။ တစ်ချက်ခြင်း
ပြစ်တဲ့ သေနတ်သံ ဆယ်ချက်ကျော်လောက် ကျနော် ကြားလိုက်ရပါတယ်။
ကျနော် အဲဒီ သေနတ်သံတွေ စပြီး ကြားနေရတဲ့ အချိန်အထိ စစ်တပ်ဟာ ပြည်
သူကို တကယ်တမ်း ရက်ရက်စက်စက် တော့ သတ်မှာ မဟုတ်ဘူး ခြောက်လှန့်
တဲ့ သဘော လည်း ပါတယ်လို့ အရင်က စိတ်ထဲ ဖြစ်ခဲ့ ဘူးပါတယ်။ ကျနော်ရှေ့
တစ်ယောက်ကျော်က ကျောင်းသား တစ်ယောက် လဲကျ သွားပါတယ်။

အဲဒါနဲ့ ကျန်တဲ့ လူတွေ သူ့ကို ကျနော် နံဘေးက ခြံအ၀င် ဂိတ်ရယ့် အုတ်ခုံတန်း
လေးအထိ တွဲပြီး သယ်လာ ပါတယ်။ ကျနော် မတ်တပ်ရပ်ပြီး နေတဲ့ နေရာက
ဘေးအစွန်းမှာ ဖြစ်ပါတယ်။ အဲဒီ သေနတ် ထိသွားတဲ့ ကျောင်းသား နံဘေးကို
ကျနော် သေသေချာချာ သွားကြည့် ပါတယ်။ သေနတ် ကျည်ဆံက သူ့ကို
ဖောက် မသွားပါဘူး။ သူ့ နောက်ကျောမှ တစ်ဆို့နေပါတယ်။ အဲဒီ အချိန်မှာ
သံရုံး ကားလည်း ရှေ့ကို ဆက်မသွားပဲ နောက်ကို ပြန်လှည့်လာ ပါတယ်။ ကား
ပေါ်မှာ သေနတ်မှန် ထားတဲ့ သူတွေ တော်တော် များများကို ကားထဲမှာ
တွေ့ရပါတယ်။

ကျနော်နံဘေး ရောက်နေတဲ့ သေနတ်မှန် သွားတဲ့ ကျောင်းသား ကိုလည်း ကျနော်
အပါအ၀င် ကျန်တဲ့ ကျောင်းသားတွေက ၀ိုင်းသယ်ပြီး ကားထဲ ကို သွင်းပါတယ်။
ဒါပင်မဲ့ မရပါဘူး ကားထဲမှာ လူအရမ်း များနေပါတယ်။ ကားမောင်းသူ နိုင်ငံခြား
သားက သူ ကားမောင်းဖို့ ထိုင်တဲ့ ခုံမှာပဲ ဇွတ်အတင်း ထည့်လိုက်လို့ ရသွားပါ
တယ်။ ကားထဲ ရောက်နေတဲ့ သူ အားလုံး နီးပါးဟာ သေနိုင်တဲ့ နေရာတွေ မှာ
သေနတ်မှန် ထားတဲ့ သူတွေပါ။ လက်မောင်း ရှပ်မှန်တဲ့ လူတို့ ခြေထောက်ရှပ် မှန်
တဲ့ သူတွေလည်း ရှိပါတယ်။ သူတို့ကို ကားရှေ့ စက်အဖုံး (ဘောနက်) ပေါ်မှာ
တင်ပြီး ကျနော်တို့ ချီတက်လာတဲ့ လမ်းကြောင်း နောက်ဘက်ကို မောင်းနှင်းသွား
ပါတယ်။ လူတွေလည်း မြို့နယ် အလိုက် နေရာယူတဲ့ သဘောကနေ အားလုံး
ရောထွေး သွားပါတယ်။ ကျနော်နံဘေးမှာ ကိုရင်ငယ်လေး တစ်ပါး ရှိနေပါတယ်။

ဘယ်သူမှ နောက်ပြန်လှည့်ပြီး ပြေးဖို့ မလုပ်သေးပါဘူး။ သေနတ် အတွဲလိုက် ပြစ်
ခတ်တဲ့ အသံတွေ သောသောညံ သွားပါတယ်။ “ပြေး .. ပြေး ..ပြေးဟေ့” လို့ အ
သံ စကြားမှ ကျနော်လည်း သတိဝင် သွားပြီး စပြေး ပါတယ်။ ပြေးနေရင်နဲ့ ကျနော်
စီးထားတဲ့ ဖိနပ် နှစ်ဘက်ကို ကောက်ပြီး အင်္ကျီထဲ ထည့်ပါတယ်။ နံဘေး က ကိုရင်
လည်း ကျနော်နဲ့ အတူ လိုက်ပြီး ပြေးနေတာ တွေ့ ရပါတယ်။ ပြေးနေရင်နဲ့ နောက်
ကို တစ်ချက် လှည့်ကြည့်လိုက်တော့ လမ်းပေါ်မှာ လူတွေ သုံး .. လေးဆယ် လောက်
လဲပြီး မထနိုင်တဲ့ အနေအထားနဲ့ သေနတ်မှန်ပြီး လဲကျ ကျန်ရစ် နေတာကို တွေ့
ရပါတယ်။ လမ်းပေါ် မှာ ဖိနပ်တွေ၊ ပိုက်ဆံအိတ်တွေ၊ ခေါင်းစည်း ပိတ်စတွေ အစုံဘဲ
ပြန်ကျဲ နေပါတယ်။ ကျနော် အပါအ၀င် အားလုံးနီးပါး လမ်းဘေးကို ကပ်ပြီး ပြေးနေ
ကြပါတယ်။ သေနတ်မှန် လို့ ကျန်ခဲ့တဲ့ သူတွေကို ဘယ်သူမှ သွားပြီး တွဲမခေါ်နိုင်
တော့ ပါဘူး။ အတွဲလိုက် ပြစ်ခတ်လိုက်တဲ့ ကျည်ဆံ တွေ ကျနော်တို့ ခေါင်းပေါ်က
နေ တ၀ီဝီ နဲ့ ဖြတ်သံတွေ ကြားနေ ရပါတယ်။ ကျနော်ရှေ့က လမ်းမအတိုင်း ပြေး
နေတဲ့ သူတွေ ထဲက လေး .. ငါးယောက်လောက် ထပ်ပြီး လဲကျ သွားပါတယ်။

ကျနော်လည်း သွားတွဲ ခေါ်မလို့ ဟန်ပြင် လိုက်ပါတယ်။ နံဘေးက ကိုရင်လေးက
“ဒါကာကြီး၊ လမ်းပေါ် မတက်နဲ့၊ သွားဆွဲခေါ်ရင်၊ ဆွဲတဲ့လူ ထပ်သေ သွားမယ်
ဒါကာကြီး” လို့ ငိုသံပါနဲ့ ပြောမှ ကျနော်လည်း နောက်ပြန်ဆုတ်လိုက်ပါတယ်။
ပြေးနေရင် သေနတ်မှန်လို့ လဲသွားတဲ့ လူတွေ နံဘေးကို အရောက်မှာ ကျနော်
တစ်ချက် ကြည့်မိလိုက်ပါ တယ်။ သေနတ်မှန်လို့ လဲနေတဲ့ သူတွေ အားလုံးဟာ
အဖြူနဲ့ အစိမ်းကို ၀တ်ထားတဲ့ ကျနော်လို အရွယ်မရောက်သေးတဲ့ အခြေခံ
ပညာ ကျောင်းသား တွေပါ။ သူတို့မသေ သေးပါဘူး။ တချို့ သွေးအိုင်ထဲမှာ
လူးနေကြပါတယ်။ ကျနော် ဘယ်လိုဖြစ် သွားလည်း မသိပါဘူး။ ကြောက်စိတ်
လား၊ ၀မ်းနည်းလို့လား၊ ဒေါသထွက်လို့လားမခွဲခြား တတ်ပါ။ ကျနော့်
မျက်ရည်တွေ ကျနေပါတယ်။ ပါးစပ်ကလည်း အော်ဆဲပြီး ဆက်ပြေး နေ
ရပါတယ်။

အဲလိုနဲ့ ခြေဦးတည့်ရာ ပြေးနေရင် လမ်းမကြီး ပေါ်ကနေ ဘေးဘက်ကို ဖောက်
ထွက်တဲ့ လမ်းသွယ် ပုံစံ တစ်ခုကို သွားတွေ့ ပါတယ်။ လမ်းပုံစံက ကွေ့ကွေ့
ကောက်ကောက် လေးပါ။ အဆုံးကို ဘာမှ မမြင်ရ ပါဘူး။ ကျနော်တို့ ပြေးနေ
သော ညာဘက် အခြမ်း၏ ရှေ့ဆုံးက ဦးဆောင်တဲ့ လူတွေ အဲဒီ လမ်းလေး ကို
စတွေ့ပြီး၊ အဲဒီ လမ်းသွယ်ပုံစံ လေးထဲကို ပြေးဝင် ကြပါတယ်။ ဘယ်ဘက် အခြမ်းက
လူတွေ ကတော့ လမ်းမကြီး အတိုင်း ဆက်ပြေး နေကြပါတယ်။ ကျနော်တို့ဘက်ကို
သူတို့ ကူးလာလို့ လုံးဝ မရပါဘူး။ သေနတ်သံ တွေက အတွဲလိုက် ပြစ်နေ ဆဲပါ။
အဲလိုနဲ့ လမ်းသွယ် ထဲ ကျနော်တို့ လူအုပ်ကြီး ပြေးဝင်လို့ သိပ်မကြာ ပါဘူး ရှေ့
ဆုံးက ဦးဆောင်ပြီး ပြေးဝင်တဲ့ လူတွေ ပြန် လှည့်လာ ပါတယ်။ သူတို့ ပါးစပ်က
“သွားပြီး … ငါတို့မှားသွားပြီး …. ဒါ လမ်းမဟုတ်ဘူး၊ အနောက်ဘက် ရောက်နေ
တဲ့ ခြံအတွက် ဖောက်ထားတဲ့ လမ်း … ဒုက္ခပါပဲ” လို့ ပြောကြ ပါတယ်။

အရက်စက်ဆုံး လူသတ်ပွဲ ……

ရှေ့ဆုံးက ပြေးဝင်သူတွေနဲ့ ကျနော်လို နောက်က လိုက်လာတဲ့ သူတွေ အကြီး
အကျယ် စကားများ ကြပါတယ်။ ကျနော် ကျော်ဖြတ် ပြေးဝင်ခဲ့တဲ့ လမ်းသွယ်ထိပ်
ကို လှမ်းကြည့်လိုက်တော့ မမြင်ရပါ။ လမ်းက ကွေ့ကွေ့လေး ဖြစ်နေပြီး ကျနော်
ရောက်နေတဲ့ နေရာ အဲဒီ အကွေ့လေး နားမှာ ဖြစ်ပါတယ်။ ရှေးဆုံးကို လည်း
မရောက် တရောက်နေရာမှာ ဖြစ်ပါတယ်။ ရှေ့မှာ ကြည့်လိုက်တော့ အိမ်ကြီး
တစ်လုံး ရယ့် ဂိတ်ဝ သံတံခါးကြီးတွေ ပိတ်ထား ပါတယ်။ ဘယ်ဘက်မှာ ပေ
လေး … ငါးဆယ် လောက်မြင့် တဲ့ ကုန်းမြင့် တစ်ခုကို မြင်ရပါတယ်။ ညာဘက်
မှာ ရှစ်ပေ … ကိုးပေ လောက် မြင့်တဲ့အုတ်နံရံကြီး တစ်ခုကို မြင်ရပါတယ်။
ဘယ်ဘက်က ကုန်းမြင့်ကြီးရယ့် အောက်ခြေမှာရေမြောင်း တစ်ခုကို တွေ့ရပြီး၊
အဲဒီရေမြောင်းကို ကျောက်ပြားတွေနဲ့ မညီမညာ ဟိုနား နှစ်ပြား … သုံးပြား၊
ဒီနား နှစ်ပြား…. သုံးပြား ပုံစံနဲ့ ဖုံးအုပ်ထားတာ ကို တွေ့ ရပါတယ်။

(ဆက်လက် ဖော်ပြမည်။)

Aug 4, 2008

မှတ်မိသမျှလွန်ခဲ့သော အနှစ်(၂၀) အပိုင်း- (၂)

ရေးသူ - အောင်ခင်မြင့်

သြဂုတ်လ (၇) ရက်နေ့ မနက်ပိုင်း တွင် ကမ္ဘာအေး စေတီ အနီး၌ကျနော် လိုက်ပါ
လာသော ဟိုင်းလက်ကား ခေါင်းမိုးပေါ်တွင် ရဟန်းပျို တချို့ ရှိပါတယ်။ ကိုယ်တော်
များက “၀ဏ္ဍ သီရီ” ပြုတ်ကျရေး ကို ကြွေးကြော် ကြပါတယ်။ ကားအတွင်း မှာရှိတဲ့
ကျနော်နဲ့ ကျနော့် သူငယ်ချင်းလည်း ၀ိုင်းကူ အော်ပေးကြ ပါတယ်။ ကျနော်တို့
သည် ထိုနာမည် ကို အရင်က တစ်ခါမျှ မကြားဘူးပါ။ အိမ်ပြန်ရောက် ၍ လူကြီး
တွေကို မေးကြည့်မှ သံဃာ့ ကောင်စီ၏ တွဲဖက် အကျိုးတော်ဆောင်ချုပ်ဟု သိ
ရပါတယ်။ ( ညီတော် အာနန္ဒာ၏ ဘ၀ တသက်တာမှတ်တမ်း စာအုပ် ရေးသားခဲ့
သော အရှင် ၀ဏ္ဍသီရိ)

သြဂုတ် လ (၈) ရက်နေ့ နံနက် ကျောင်းစာသင် ခန်းထဲမှာ ကျနော် အပါအ၀င်
ကျောင်းသားတိုင်း လိုလို အပြင်မှာ တစ်ခုခု ဘယ်တော့ စဖြစ်မလဲ ဆိုတဲ့ စိတ်နဲ့
ကျောင်း ပြတင်းပေါက် မှ လမ်းမ ပေါ် မကြာခဏ ကြည့်နေ ကြပါတယ်။
နံနက် (၈) နာရီ ပတ်ဝန်းကျင် ခန့်တွင် ကျောင်းမှ ရှစ်တန်း ကျောင်းသား
နှစ်ဦးနဲ့ တခြား လူငယ် သုံးဦးသည် ကြယ်ငါးပွင့် ပါရှိသော ပါလီမန် ဒီမိုကရေစီ
ခေတ်သုံး နိုင်ငံတော် အလံ အား သယ်ဆောင် လာပြီး ကျောင်းပေါက်ဝ အနီး
တွင် စတင် ကြွေးကြော် ကြပါတယ်။ ငါးမိနစ် ခန့် အကြာတွင် ကျိုက္ကဆံ ကွင်း
ထဲမှ စစ်ကား များ ချက်ချင်း ရောက်ရှိလာပြီး ကျောင်းအနီးရှိ ဂွတ္တလစ် (ယနေ့
အခေါ် ဆရာစံ ရပ်ကွပ်) တောင်ပိုင်း မှ ကောင်စီ လူကြီးများနှင့် ပူးပေါင်းပြီး
သူတို့ ကို ဖမ်းဆီး သွားပါတယ်။ ကျနော်တို့ အထက (၃) ဗဟန်း ကျောင်းကို
နံနက် ကိုးနာရီ ခန့်တွင် ကျောင်းသား အားလုံး အား အိမ်ပြန်လွှတ်ပြီး ကျောင်း
ပိတ် ကြောင်း ဆရာများ က ကြေငြာ ပါတယ်။

နံနက် (၁၀) နာရီ ခန့်မှာ သက်တော် ကြီးရင့်နေသော ဆရာတော် တစ်ပါး
ဦးဆောင်ပြီး ကျောင်းသား (၅၀) ခန့် ပါသော ဆန္ဒပြ အင်းအားစု တစ်စု
သည် တာမွေ ဘက်မှ ဦးချစ်မောင်လမ်း ကို ဖြတ်ခါ ရန်ကင်း ဘက်သို့
စတင် ချီတက် တာကို တွေ့ရပါတယ်။ လမ်းမပေါ်တွင် လူများ ဟိုနေရာ
တစ်စု ဒီနေရာ တစ်စု ပုံစံဖြင့် ကြီးမားသော လူထု ချီတက်ပွဲ ဘယ်ဘက်က
လာမလဲ။ တောင်ဥက္ကလာပ ဘက်လား၊ မြောက်ဥက္ကလာပ ဘက်လား
စသဖြင့် စောင့်မျှော် နေကြပါတယ်။နေ့လည် (၁၂)နာရီ ခန့်တွင် ကျနော်
သည် အရှေ့ မြင်းပြိုင်ကွင်း လမ်း တာမွေ အထက (၃) အနီးသို့ ရောက်ရှိ
ခဲ့ပါတယ်။ နာရီဝက် ခန့် အကြာတွင် လူအင်းအားခန့်မှန်းချေ သုံးထောင်
ခန့်ရှိသော ဆန္ဒပြ လူထုကြီး ချီတက် လာတာကို တွေ့ရ ပါတယ်။ ကျနော်
သည် ယင်းလူအုပ်စု ကြီးနှင့် အတူ လိုက်ပါခဲ့ရာ သိမ်ဖြူလမ်း အတိုင်း မြို့
ထဲသို့ ရောက်ရှိပါတယ်။ ကုန်သည်လမ်း အတိုင်း အမေရိကန် သံရုံးရှေ့မှာ




တော်တော်ကြာအောင် ဆန္ဒပြ ကြွေးကြော် ကြပါတယ်။ ကုန်သည်လမ်း မှ
ဆူလေ ဘုရားလမ်း ကို ဖြတ်ခါ မြို့တော်ခန်းမ ရှေ့သို့ ရောက်ရှိ ပါတယ်။

ကျနော်တို့ မြို့တော် ခန်းမ ရှေ့ ရောက်ရှိချိန်မှာ လူအင်းအား တစ်သောင်း
ခန့် ရှိသော လူုထုကြီးသည် မဟာဗန္ဓုလ လမ်းအတိုင်း လမ်းမတော် ဘက်
မှ မြို့တော်ခန်းမ ရှေ့သို့ ချီတက် လာပါတယ်။ အဲဒီ အချိန်မှာပဲ လော်လီကား
တစ်စီး ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် သခင်ကိုယ်တော်မှိုင်းပုံ များကို ကိုင်
ဆောင် ထားသော ကျောင်းသား တစ်စု ဦးဆောင်ပြီး လူအင်းအား နှစ်သောင်း
ခန့်လည်း ဗိုလ်တထောင်ဘက် မှ မြို့တော်ခန်းမ ရှေ့သို့ ချီတက် လာပါတယ်။
မြို့တော် ခန်းမ ရှေ့မှာ ချီတက်လာသူ ရော လမ်းဘေးမှ ပတ်ဝန်းကျင်မှ ကြည့်
နေသူရော ခန်းမှန့် ချေ လေး … ငါးသောင်း ခန့် ရှိမယ် လို့ ကျနော် ထင်ပါ
တယ်။ ညနေ သုံးနာရီ လောက်ဟု ကျနော် ထင်ပါသည် ကျောင်းသား လူငယ်
တချို့သည် မြို့တော် ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘက် အခြမ်းရှိ စစ်သား
များကို လူထုအား မပစ်ခတ် ရန် ရှစ်ခိုး တောင်းပန်း ကြပါတယ်။

8888.jpg


ဆူလေ လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့် အရောက်တွင် နောက်
သို့လှည့်ကြည့်ရာ လူအင်းအား မှာ တော်တော် ကို များပြားပြီး ခန့်မှန့်ချေ
တစ်သိန်း နီးပါး ရှိပါတယ်။ ဆူလေ လမ်းပေါ်တွင် ကျနော်တို့ ဆန္ဒပြ လူထု
ကြီးဖြတ်သန်း နေစဉ် လူထု အတွင်းသို့ အောင်ကြီး တံဆိပ် ကိတ်မုန့်များ
လမ်းဘေးမှ ပေးဝေ ကြပါတယ်။ အပြန်တွင် ဆူလေ ဘုရားလမ်း အတိုင်း
ဆင်းလာပြီး အောင်ဆန်းကွင်းကို ပတ်ခါ တာမွေဘက် သို့ လာလမ်းအတိုင်း
ပြန်ခဲ့ပါတယ်။

ကျနော်သည် အိမ်သို့ ပြန်ရောက်ပြီး ညဘက် အိမ်ရှေ့၌ ရှိနေစဉ်
မြောက်ဥက္ကလာပ ဘက်မှ အခြေခံ ပညာ ကျောင်းသား များသည် ကြယ်
(၁၄) ပွင့် ပါသော မဆလ ခေတ်သုံး နိုင်ငံတော် အလံကို စောက်ထိုးလွှင့်ခါ
ချီတက် လာတာကို တွေ့ ရပါတယ်။ သူတို့က ရွှေတိဂုံ ဘုရားတွင် သပိတ်
စခန်းဖွင့် ထားပြီး ဖြစ်ကြောင်း ပြောဆို သဖြင့် သူတို့နှင့် အတူ သြဂုတ်လ
(၈)ရက်နေ့ ညတွင် ချီတက် ဆန္ဒပြရင် ရွှေတိဂုံ ရင်ပြင်သို့ ရောက်ရှိ
ခဲ့ပါတယ်။

(ဆက်လက် ဖော်ပြမည်။)

Aug 3, 2008

မှတ်မိသမျှလွန်ခဲ့သော အနှစ်(၂၀) အပိုင်း- (၁)

ရေးသူ - အောင်ခင်မြင့်

နိဒါန်း .....

အခုတလော ကျနော် တစ်ယောက် ကိုယ့်ဘလော့ မှာ စာရေးခြင်းထက် သူများ
ဘလော့တွေမှာ လိုက်ပြီး စာဖတ်နေသော အချိန်က ပိုများ ပါတယ်။ တချို့သော
အကြောင်းအရာ များ ရေးခြင်း သောလည်း ဓါတ်ပုံများ၊ မှတ်တမ်းမှတ်ရာ များ မွဲတေ
လှသောကြောင့် ရေးနိုင်သော အနေအထား မရောက်ပဲ ကိုးလို့ကန့်လန့် ဖြစ်နေပါ
တယ်။ ရေးလိုက်လျင် လည်း သတ်ပုံအမှား တပုံတပင် နဲ့ ခရီးသွား နေရတာ များပါ
တယ်။ ဆရာမ မိုးချိုသင်း ရေးထားသော “ထမင်းသိုး ဟင်းသိုး” ဆောင်းပါထဲ ကလို
ထမင်းသိုး ဟင်းသိုး ဖြစ် ပစေ၊ ရေးတော့ ရေးရမှာ ပဲလို့ ခံယူပြီး ရေးလိုက်ပါတယ်။

နည်းနည်းများများ ရေးပရစေ …..

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ နဲ့ ပက်သက်ပြီး သတင်းနှင့် မီဒီယာ
တွေ၊ ဘလော့ တွေမှာ ပုံစံ အမျိုးမျိုး ရေးသား တင်ပြ တာကို ဖတ်ရူရတာ အရမ်း
ကောင်းပါတယ်။ တကယ့်ကို ဖတ်လို့ ကြည့်ရူလို့ မ၀ နိုင်အောင်ကို ကောင်းလှပါတယ်။
အဲဒါနဲ့ ကျနော်လည်း ကျနော် ပါဝင်ခဲ့သမျှ ကျနော့် မျက်စီ ရှေ့မှောက်မှာ သိခဲ့သမျှ ဖြစ်
ခဲ့ သမျှတွေကို ဖောက်သည် ချလိုက်ပါတယ် စာချစ်သူတို့ …….

၁၉၈၈ ခုနှစ်မှာ ကျနော့် အသက် (၁၅) နှစ်ဖြစ်ပြီး ကိုးတန်း ကျောင်းသား တစ်ဦး ဖြစ်ပါ
တယ်။ ကျနော် စပြီး ပါဝင်ခဲ့တာက ဇွန်လ (၂၁)ရက် မှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်
ပင်မ မှ ဆေးတက္ကသိုလ် (၁) လမ်းမတော် သို့ ချီတက်ပွဲ ဖြစ်ပါတယ်။ ချီတက်ပွဲကို ဦး
ဆောင်တဲ့ နောင်တော် တက္ကသိုလ် ကျောင်းသားကြီး များက အေးအေး ဆေးဆေးနဲ့
ငြိမ်းငြိမ်း ချမ်းချမ်း ချီတက်ဖို့ ကျနော်တို့ အဖြူအစိမ်း ၀တ်တွေကို ဟောပြော စည်းရုံး
ခဲ့ပါတယ်။ သို့ပင်မဲ့ တခြားသူတွေတော့ ကျနော် မသိပါ၊ ကျနော်နဲ့ ကျနော့် သူငယ်ချင်း
တချို့က လုံထိန်းတွေ တုတ်နဲ့ရိုက်ရင် ပြန်ခုခံဖို့ ကျောင်းလွယ်အိတ် ထဲမှာ လေးခွနဲ့
လောက်စာလုံးတွေ ထည့်ယူလာ ပါတယ်။ ဟံသာဝတီ အ၀ိုင်း၊ အဲဒီခေတ်ကရွှေသွေး၊
တေဇ ဂျာနယ် ဆိုင်းဘုတ် အနီး ရုန်းရင်းဆန်ခတ် ဖြစ်တော့ ကျနော်လည်း လေးခွကို
ထုတ်ပြစ်ပါတယ်။ ဘယ်လုံထိန်းကိုမှ မထိပါ အကြောက်လွန်း နေသောကြောင့် ဖြစ်ပါ




တယ်။ လုံထိန်း လေးယောက် ပြည်လမ်း ပေါ်က ကားလမ်း အလယ်မျဉ်းကြောင်း အ
တိုင်း တစ်လောင်းနဲ့ တစ်လောင်း ဓါတ်တိုင် တစ်တိုင် ခြားလောက် မဝေးသော အ
နေအထားများနဲ့ သေးဆုံး နေတာကို တွေ့ခဲ့ရပါတယ်။ ကျောင်းသား အများစုမှာ
မျက်နှာများတွင် လက်ကိုင်ပါဝါ များ စည်းကြ ပါတယ်။

အဲဒီ ဇွန်လ (၂၁) ရက် ချီတက်ပွဲ နောက်ပိုင်းမှာ ရွှေတိဂုံ ရင်ပြင်တော် ကျောင်းသား
လှုပ်ရှားမှုသို့ ကျနော် ရောက်ခဲ့ပါတယ်။ စုဝေးခဲ့တဲ့ နေရာက “အောင်မြေ”
မှာ ဖြစ်ပါတယ်။ အဲဒီခေတ်က ရွှေတိဂုံ အောင်မြေမှာ ဒီခေတ်လို ပုံစံမျိုး မဟုတ်ပါ၊
ဖယောင်းတိုင်တွေ တင်ထွန်းတဲ့ သစ်သားခုံ တွေ ရှိပါတယ်။ ပထမဆုံး တစ်ယောက်နဲ့
တစ်ယောက် စပြီး လူစုဖို့ ချိန်းဆိုတဲ့ နေရာက ပထမ ကျောင်းသား သပိတ် အထိန်း
အမှတ် ကျောက်တိုင် မှာ ဖြစ်ပါတယ်။ စနေဒေါင့် အနီးမှာပါ။ အဲဒီနေရာ ကနေ နေ့
လည် (၁) နာရီ ၀န်းကျင်ခန့်မှာ စတင်ကြွေးကြော်ပြီး “အောင်မြေ” ကို သွားပါတယ်။

ပြီးတော် သစ်သားခုံ တွေပေါ် တက်ပြီး အဲဒီခေတ်က မဆလ အစိုးရ အသုံးမကျ
ကြောင်းတွေ တရားတက် ဟောကြပါတယ်။ အဲဒီခေတ်တုန်းက နေ့စား အလုပ်သမား
တစ်ယောက်ရဲ့ တစ်ရက် ၀င်ငွေဟာ ခြောက်ကျပ်ခွဲ ဖြစ်ပြီး၊ သမ၀ါယမ ဆိုင် မှပေး
သော“ဧည့်မထ” ဆန် တစ်ပြည်ရယ့် ထုတ်ဈေးမှာ (၂)ကျပ် ဆယ်ပြား ဖြစ်ပါတယ်။
စုဝေးသူ လူငယ်အများစုမှာ အခြေခံပညာ ကျောင်းသားများ ဖြစ်ပါတယ်။ တရားပွဲ
စင်မြင့်လို့ ကျနော်တို့ အမည် ပေးထားတဲ့ သစ်သားခုံ တွေပေါ် တက်ပြီး သတ္ထုတွင်း
ဝန်ကြီးဌါန၏ ကျောက်မျက် ရတနာ အရောင်း ပြပွဲများတွင် ရရှိသော ငွေ အမြောက်
အများကို “ဦးနေ၀င်း” အလွဲသုံးစား လုပ်ပြီး ပြည်သူများမှာ တနေ့လျင် ခြောက်ကျပ်
ခွဲဖြင့် ဆင်းရဲမွဲတေ ပုံများကို ဟောပြော ကြပါတယ်။ ရွှေတိဂုံ ရင်ပြင် အောင်မြေ လူစု
ပွဲ စတင်သော ကနဦး ရက်များတွင် ဘုရားဖူး ပရိတ်သတ် နည်းပါတယ်။ နောက်ပိုင်း
ရက်တွေမှာ ကျောင်းသားရော ပရိတ်သတ်ပါ များလာ ပါတယ်။ လူစုပွဲကို ညနေ
လေးနာရီ လောက်မှာ လူစု ခွဲ ပါတယ်။

ကျောင်းသား လူငယ်များ၏ တစ်ဦးနှင့် တစ်ဦး ဟောပြောချက်များမှာ အားလုံးနီးပါး
ဆင်တူ ကြပါတယ်။ အဲဒီရက်များ အတောအတွင်း မဆလ အစိုးရကို အကြည်ညို
ပျက်အောင် လုပ်ဆောင်မှုဖြင့် ဦးအောင်ကြီးနှင့် နိုင်ငံရေးသမား ဟောင်းများ၊ စစ်
တပ်မှ အငြိမ်းစား အရာရှိ ဟောင်းများ အဖမ်းခံရပါတယ်။ ၀ါဆိုလပြည့်နေ့ နောက်
ပိုင်း ရွှေတိဂုံရင်ပြင် ကျောင်းသားငယ် စုဝေးခွင့် ကို အစိုးရက ဟန့်တားလိုက်ပါတယ်။
ဘုရားပေါ်သို့ အဖြူအစိမ်း ၀တ်ဆင် ထားသော ကျောင်းသားများ၊ လူငယ် အုပ်စု
များ တက်ရောက်ခွင့် ကို မပေးတဲ့ အပြင် ၀ါဆိုလပြည့် နေ့မှာ လူစုဖို့ ကြွေးကြော်တဲ့
ကျောင်းသား လူငယ် များကို လုံထိန်းက ဘုရား ရင်ပြင်ပေါ်မှာ နံပါတ်တုတ် နဲ့ လိုက်
ရိုက်ပြီး ဖမ်းဆီး ပါတယ်။ ဒါကြောင့် “မြန်မာ ကျောင်းသား မြန်မာ ဘုရား မဖူးရ” လို့
ကျောင်းသား လူငယ်များ က အစိုးရ ကို သရော် ကြပါတယ်။

ဇူလိုင်လ နောက်ဆုံးပတ် အတွင်း အစိုးရ က ကျိုက္ကဆံကွင်းမှာ အရေးပေါ် ပါတီ ညီ
လာခံ လုပ်ပြီး ဇူလိုင်လ (၂၇)ရက်နေ့ ဟု ထင်ပါသည် ဦးစိန်လွင် ကို မဆလ ပါတီ၏
ဥက္ကဋ္ဌ နဲ့ နိုင်ငံတော် သမ္မတ တာဝန် ပေးခဲ့ပါတယ်။ ဘီဘီစီ အသံလွှင့် ဌါနမှ သြဂုတ်
လ ရှစ်ရက်နေ့ တွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ဆန္ဒပြပွဲ များ ဖြစ်ပွားနိုင်ကြောင်း
သတင်း ကြေငြာ ပါတယ်။

(ဆက်လက် ဖော်ပြပါမည်။)

Aug 2, 2008

တကယ့်လူ အတွက် ပဒုံမာ ဓါတ်ဘူး

ရေးသူ - စစ်ငြိမ်းဒီရေ

“မာနတွေ အရည်ပျော်ပြီး
သိက္ခာနဲ့ လဲခဲ့တာက
Evolution ။

ဆုတံဆိပ်တွေ မရခဲ့သလို
လက်ခုတ်သံကို မကြိုဆိုခဲ့တာက
Revolution ။”

သူ့သမီးရယ့် နွားနို့ဆိုင်လေး က မနက် (၁၀)နာရီ လောက်ဆို စဖွင့်ပါတယ်။
ကျနော် ဆိုင်ထဲမှာ ထိုင်နေလို့ မကြာခင်မှာပဲ သူ့ အပေါ်ထပ်က နေ
ဆင်းပြီး ဆိုင်ထဲ ၀င်လာပါတယ်။ ကျနော်ကို မြင်တော့ သူက တစ်ချက်ပြုံးပြပြီး
“ဟေ့ ကောင်လေး၊ ပျောက်လှချည်းလား၊ ငါတောင် အိမ်က လူတွေကို မေးနေ
သေးတယ် … ဒါနဲ့ စကားမစပ် … တောင်ဥက္ကလာပ က မောင်သန်း ဆုံးတုန်း
က … သူ့ အသုဘ ကို မင်းလိုက်ပို့ လား .. မင်းတို့ အိမ်က ဘယ်သူတွေ…
လိုက်ပို့ ကြလဲ”
“အဘပြောတဲ့ မောင်သန်း ဆိုတာ ဘယ်သူလဲ .. ကျနော်လည်း မေ့နေလို့”

သူ့မျက်မှန်အထူးကြီး ထဲက နေ မျက်လုံးကြီးပြူးပြီး ..
“ဟ .. မင်းအဖေရယ့် သူငယ်ချင်း … ဘတ်စ်ကား မောင်းတဲ့ မောင်သန်းကို
ပြောတာပေါ့ … သူ့ သားလေး နှစ်ယောက်က သူ့ကားမှာ … စပယ်ယာလုပ်
တယ် လေကွာ … မင်းအဖေနဲ့ ရှေ့ဆင့် နောက်ဆင့် ဆုံးသွားတာလေ”
“သြော် ကျနော် မှတ်မိပြီး၊ အဖေရှိတုန်းက တော်လှန်ရေးနေ့ မတိုင်ခင် …
သူတို့ ငယ်သူငယ်ချင်းတွေ အမှတ်တရ ညစား စားပွဲလုပ်ရင် … မိသားစု
တွေကို အသွားအပြန် ကြိုပို့ လုပ်ပေးတဲ့ ခေါင်းဖြူနေတဲ့ ဟို အဘကြီးကို
ပြောတာ မလား … ဦးသန်း အသုဘကို ကျနော့်အမကြီး ဘဲ လိုက်ပို့
ဖြစ်တယ် အဘ”

“မင်းမဆိုးဘူး … မှတ်မိသားပဲ” လို့ ပြောလိုက်တဲ့ သူ့ရယ့် လေသံက
သိပ်ကျေနပ်ပုံ မရပါဘူး။ ပေတရာပေါ်မှာ ကြိုးပြတ်သွားလို့ ကျလာတဲ့
စက္ကူ စွန်တစ်ခုရယ့် နောက်ကို ပြေးလိုက်နေသော ကလေး တစ်အုပ်ကို
ကြည့်ရင် ….
“အော် ယောနင်း တွေ … ယောနင်းတွေ … မန္တလေးက လက်ဖက်ရောင်းတဲ့
ကျော်သိန်းလောက်ပဲ...ကျန်ပါတော့လား …တခါတလေကြတော့ …သေမင်း
ဟာ မျက်နှာလိုက်နေ သလိုပဲ…သူတို့ထက် အသက်ကြီးတဲ့ ငါကို မခေါ် ပဲ…
ငယ်တဲ့သူတွေကို အရင် ခေါ်သွားပါလား”လို့ ပြောပြီး ရေနွေကြမ်း သောက်နေ
ပါတယ်။




“ဘာလဲ အဘရယ့် .. ယောနင်းဆိုတာ … အဘရော အဲဒီ ယောနင်းလား”
“ငါက .. ယောနင်း မဟုတ်ပါဘူး … ယောနင်း ဆိုတာ ဂျပန်ခေတ်တုန်းက
ဘီအိုင်အေမှာ ပါဝင်ခဲ့ပြီး … ဘီအိုင်အေ ဖျက်သိမ်းတော့ ဘီဒီအေ ခေတ်မှာ
အသက် (၁၆) အောက် ရဲဘော် ခြောက်ဆယ် လောက်ကို သင်ကြားပေး ခဲ့တဲ့
စစ်တက္ကသိုလ် မူလတန်း ပေါ့ …ဒီခေတ် အခေါ်ဆို ဒုဗိုလ် ပေါ့ကွာ … မင်းအဖေ
က တခါမှ မပြောပြဘူးလား .. ငါက အဲဒီ ယောနင်း တွေ ကို …ကောက်ရိုးခြေ
ထောက်.. မြက်ခြေထောက် တွေ လို့ ခေါ်တယ်… ဟား ဟား.. ” လို့ ပြော
ပြီး ရယ်မော နေပါတယ်။


“အဘပြောလိုက်ရင် .. အထူးအဆန်းတွေ ကြည့်ပဲ …ဘာလဲ ကောက်ရိုး
ခြေထောက် … မြက် ခြေထောက် ဆိုတာ”
“သူတို့က တောသားတွေ လေ … ဘယ်ခြေထောက် နဲ့ ညာခြေထောက်ကို
ဘယ်ညာ … ဘယ်ညာ ဆိုပြီး မခွဲခြားတတ်ဘူး …အဲဒါ ငါက တမင်စနောက်ပြီး
လှောင်ပြောင်တဲ့ အခေါ်အဝေါ် တစ်ခုပါ … ဘယ်ခြေထောက်မှာ ကောက်ရိုးကို
စည်း .. ပြီးတော် ညာခြေထောက်မှာ မြက်ကို စည်းပြီး… လေ့ကျင့်ရေး ကွင်းထဲ
ရောက်ရင်.. ကောက်ရိုး ခြေထောက် … မြက် ခြေထောက် အော်ပြီး လေ့ကျင့်တဲ့
သူတွေလို့ … အသက်တွေ ကြီးလာတော့ လမ်းမှာ တွေ့ရင် ဒီလို စနောက်ပြီး
ခေါ်နေကြလေ” လို့ ဟာသ ဆန်ဆန်ပြောနေပင်မဲ့ သူ့မျက်နှာ ပေါ်မှာ ပျော်ရွှင်
နေတဲ့ အပြုံးရိပ်တွေ မတွေ့ ရပါဘူး။

“အဘပြောတော့ အဘလည်း တောက တက်လာတဲ့ တောသား ဆို”
လို့ ကျနော်က ပြောလိုက်တော့၊ ပါးရည်တွေ တွန့်နေတဲ့ သူ့မျက်နှာကို
အားရ ပါးရ ပြုံးလိုက်ပြီး …
“ငါက ကြက်သမား … စစ်မဖြစ်ခင် ရန်ကုန် တက်လာတော့ … တိုက်ကြက်ဖ
တစ်ကောင်ကို ရင်ခွင်ထဲ ပိုက်ပြီး တက်လာတာ ကွ … သားခွဲခါစ ကြက်အထီး
လေး တစ်ကောင်ကို တိုက်ကြက် ဖြစ်အောင် …ဘယ်လို မွေးရမလဲ… သူ့အိပ်
တန်းကို ဘယ်လို အမြင့်မှာ ထားရမလဲ… ဘယ်လို ပတ်ဝန်းကျင်မှာ သူ့ကို
ထားရမလဲ ဆိုတာ ငါကောင်းကောင်း သိတယ် … အဲ မင်းဆရာတွေလို …
သီအိုရီတွေ … ဖော်မြူလာ တွေ တော့ ငါက မရဘူး … ရန်ကုန်ရောက်မှ
ကိုယ့်နာမည်ကို အင်္ဂလိပ်လို စာလုံးပေါင်း တတ်လာတာ … အခုတောင် ငါ
စဉ်းစား မိတယ် … ရပ်ကွပ်ထဲမှာ တချို့ ငါနဲ့ သက်တူ ရွယ်တူ အဘိုးကြီး
တွေ ပိုက်ဆံရအောင် အိမ်ရှေ့မှာ ဆိုင်းဘုတ်တွေ ချိတ်ထားတယ် ….
ဦးရှင်ကြီး တင်သည်တဲ့ … ငါလည်း ငါ့အိမ်ရှေ့မှာ ဆိုင်းဘုတ် ချိတ်မလို့…
ကြက်သမား ကောင်းကောင်း ဖြစ်ချင်ရင် ကြွခဲ့ပါ … ဆရာဖြစ် သင်ကြား
ပေးမည်လို့ … ဘယ်နဲ့လဲ မောင်ရေ မမိုက်ဘူးလား … ဟဲဟဲ ”

“မင်းတို့ အိမ်မှာ မင်းအဖေ မသေခင်က ရခဲ့တဲ့ သစ်သား ဘောင်ကြီးတပ်
ထားတဲ့ ကပစ ထုတ် တီဗွီရော ရှိသေးလား၊ ငါစီမှာတော့ မောင်သန်း…လက်
ဆောင် အတင်းထိုးပြီး ပေးခဲ့တဲ့ ပဒုံမာ ဓါတ်ဘူး လေးတော့ ရှိသေးတယ်”လို့
မေးပါတယ်။
“ရှိတော့ ရှိသေးတယ် အဘ၊ ဒါပင်မဲ့ ပုံရိပ်တွေ သိပ်မကောင်းလို့၊ အိမ်ပေါ်ထပ်
မှာပဲ ထားတယ်၊ အောက်ထပ်က ဧည့်ခန်းထဲမှာ အသစ်ထပ်ဝယ် ထားတဲ့ တီဗွီပဲ
သုံးတာ များတယ် အဘ၊ ဘာဖြစ်လို့လဲ” လို့ ပြန်မေးလိုက်တော့ …
“ဒီဇာတ်လမ်း ဘယ်လို စပြောရမလဲ မသိဘူး…ဒီလိုကွ…အဲ…မင်း..လွတ်လပ်ရေး
နေ့ကို သိလား” လို့ သူက ပြောပါတယ်။
“အဘ ကလဲ လာနောက်နေပြန်ပြီး၊ ဇန်န၀ါရီလ လေးရက်နေ့ လေ” လို့ ကျနော်
က လူတိုင်း သိပါတယ် ဆိုတဲ့ ပုံစံနဲ့ ပြောလိုက်တော့ သူက …

“အင်း …. ဒီလိုကွ … မင်းက ငယ်သေးတော့ ဘယ်မှတ်မိ မလဲ… မင်းတို့ ခပ်ငယ်
ငယ်တုန်းက … နှစ်စဉ်နှစ်တိုင်း မတ်လ (၂၆)ရက်နေ့ ညနေမှာ … ကင်းဝန်မင်းကြီး
လမ်းမှာ … ဆဲပွဲ …အဲ တော်လှန်ရေးနေ့ အထိန်းအမှတ် ညစား စားပွဲ လုပ်တယ်…
အဲဒီမှာ မင်းအဖေရယ့် ငယ်သူငယ်ချင်း ယောနင်း အုပ်စု သီးသန့် လုပ်တာ … သူတို့
မိသားစုတွေ..မယားတွေ သားသမီးတွေနဲ့ပေါ့…အဲဒီနေ့ တစ်ညနေ ကို အဲဒီလူကြီး
… ဗိုလ်နေ၀င်း က Pass ပေးထားတယ် ... မူးချင်သလို မူး.. ဆဲချင်ရာ ဆဲပေါ့…
တချို့ ရဲဘော်ဟောင်း တွေဆိုရင် … အဲဒီ ညစား စားပွဲက ပြန်လာရင်….တော်လှန်
ရေးပန်းခြံ ကို … သေးနဲ့ ကော့ပန်း တာတောင် ဘယ်သူမျှ မဖမ်းရဲဘူး…တစ်ချို့ဆို
ဗိုလ်နေ၀င်း ကို စိတ်နာပြီး…အိမ်အပြန် လမ်းတလျှောက်…နာမည်တပ်ပြီး အော်ဆဲ
တာ… ထောက်လှမ်းရေး ဆို… အဲဒီ တစ်ညနေ ကို အရမ်းလည်း အလုပ်ရှုပ်…
မူးနေတဲ့ အဘိုးကြီးတွေ ကို အိမ်အထိ လိုက်ပို့ရပေါ့ …ဒါကြောင့် အဲဒီနေ့ကို
လွတ်လပ်ရေး နေ့ လို့ ထောက်လှမ်းရေး က နာမည် ပေးထားတာ … တစ်နှစ်ကျ
တော့… မောင်သန်း တစ်ယောက် …အဲဒီ အခမ်းအနား ကနေ မူးပြီး ငါ့အိမ်ကို
ရောက်လာတယ်… အကိုတဲ့… လူတိုင်း မော်ကွန်းဝင်တိုင်း… နိုင်ငံဂုဏ်ရည်တိုင်း…
ပြည်တွင်းစစ်မှာ လုပ်အားပေးဘူးတဲ့ သူတိုင်း … ကပစ ထုတ် တီဗွီ ရတယ်…
ကျနော် ကြတော့ မရဘူးဗျာ… ကျနော်က လိုချင်လို့ မဟုတ်ပါဘူး … အိမ်က
ကလေးတွေ က အိမ်မှာ တီဗွီမရှိလို့ သူများအိမ် သွားကြည့်တော့… အခုလို
တော်လှန်ရေးနေ့ နီးရင် ရုပ်မြင် သံကြားက လွှင့်တဲ့… ဘာလဲ… အမိမြေက
သား ကောင်းများ…ဆိုတဲ့ ရုပ်ရှင်ကို တီဗွီမှာကြည့်ရတော့.. သူတို့ ရှက်တယ်
တဲ့…သူတို့ကို တခြားသူတွေက… နင်တို့အဖေလည်း မော်ကွန်းဝင်ဖြစ်ပြီး
ကပစ ထုတ် တီဗွီ မရ ဘူးလားတဲ့…အကိုရာ…ကျနော် အရမ်းရှက်တယ်
လို့… ညစား စားပွဲက တိုက်တဲ့ အရက်တွေ ဇွတ်သောက်လာပြီး ငိုသံကြီးနဲ့…
ငါကို ပြောတယ်”

“ငါက ပြောတယ်၊…ငါလည်း အဲဒီတီဗွီ လျှောက်လည်း မလျှောက်ဘူး…ရလည်း
မရဘူး …ဒါပင်မဲ့ မင်းကလေးတွေ သူများအိမ်မှာ မျက်နှာ အငယ်ခံပြီး တီဗွီ
သွားကြည့် နေရတယ် ဆိုရင်…ငါအိမ်က တီဗွီ မင်းယူသွားလို့…ပြောတော့လည်း
သူက လက်မခံဘူး…ဒါနဲ့ မင်းဘယ်လို ဘယ်သူစီကို လျှောက်လဲလို့ မေးလိုက်
တော့…နိုင်ငံတော် ကောင်စီ တွဲဖက် အတွင်းရေးမှူးစီ လျှောက်လွှာ တင်ရတယ်
တဲ့…ဘယ်သူက လျှောက်လွှာရေး ပေးလဲ ဆိုတော့ …သူ့ချွေးမက ရေးပေးတယ်
လို့ ပြောတယ်… အဲဒါနဲ့ ငါလည်း မင်းဘာတွေ ရေးလည်းဆိုတော့…သူ…ဂျပန်
တော်လှန်ရေး မှာပါဝင် ခဲ့ပြီး…စစ်တောင်း မြစ်ကမ်း တိုက်ပွဲမှာ… ပထမ တိုက်ပွဲ
အောင်ပွဲ ရရှိသောကြောင့်… အောင်ပွဲခံသော အနေဖြင့် တပ်စု တစ်စုလုံး မူးနေ
ပြီး…ဒုတိယ အကြိမ် ဂျပန် စစ်ကြောင်းဆင်းလာသော အခါ…ကင်းသမား…
အမူးလွန်၍…ကင်းငိုက်သောကြောင့် ဂျပန်က စခန်းတစ်ခုလုံးကို…အသံတိတ်…
လှံစွပ်ဖြင့် ထိုးသတ်သွားရာ… အမူး လွန်ပြီး ..ကုတင်အောက် ပြုတ်ကျနေသော
…သူ လွတ်မြောက် ခဲ့ပါတယ်လို့ …ရေးလိုက်မိတယ်လို့ ပြောတော့ …. ငါဖြင့်
ရီ လိုက်ရတာ …. အူတောင် နာတယ်… ငါလည်း သူကို အားပေးလိုက်ပါတယ်
ခဏလောက် စောင့်ပါ… မင်း ပြဿနာကို … ငါကြိုးစားပြီး ဖြေရှင် ပေးမယ်
လို့… ကတိ ပေးလိုက်တယ်”

“အဘက ဘယ်လို ဖြေရှင်း ပေးလိုက် သလဲ” လို့ ကျနော်က မေးလိုက်တော့
သူမျက်နှာ က ရုပ်ရှင်ထဲက အောင်ပွဲရခဲ့တဲ့ စစ်သူကြီး တစ်ယောက်လို ပြုံးနေ
ပါတယ်။

“ငါကို နှစ်စဉ် နှစ်တိုင်း မင်းပြောတဲ့ ဇန်န၀ါရီလ လေးရက်နေ့…ဦးနု လွတ်လပ်ရေး
နေ့ အခမ်းအနားကို ဖိတ်တယ်… ကိုလေးတို့ ဦးနုတို့ ထိုင်းပြေးပြီးတဲ့ နောက်ပိုင်း
…ငါ အဲဒီ အခမ်းအနား မတက်တာ နှစ်တွေ တော်တော်ကြာလာ လို့…ဖိတ်စာ
လိုက်ပို့တဲ့ ထောက်လှမ်းရေး ကတောင်… အိမ်လာပြီး ဟိုမေး ဒီမေးနဲ့…ဒါနဲ့
မောင်သန်း ကိစ္စလည်း ကြားရော… ငါစိတ်ထဲ ထောင်းခနည်း.. ဖြစ်သွားတာနဲ့…
ငါလည်း အဲဒီ အခမ်းအနား သွားတက်တာပေါ့…ငါ့ မျက်နှာလည်း မြင်ရော…အဲဒီ
လူကြီး တော်တော် အံသြ နေတယ်…စားသောက်တဲ့ အချိန်မှာ စားပွဲတစ်ဝိုင်းကို
လူ လေး ငါးယောက် လောက်ဘဲ ထိုင်စားကြတာ… စားလဲ ပြီးရော…အချိုတည်ဖို့
ရှေ့ဟောင်း နှောင်းဖြစ်တွေ ပြောဖို့….စားပွဲခုန် တွေ စီပြီး ထိုင်ကြတော့…နှစ်အုပ်
စု ဖြစ်သွားတယ်…ငါ့ နံဘေးမှာ ဆရာကြီး ဦးသိန်းဟန် ထိုင်တယ်…ငါလည်း စကား
ပြောဖို့ ခြောင်းနေတာ….အင်း…ငဖားတွေ…. တစ်ယောက်ပြီး တစ်ယောက် အဲဒီ
လူကြီး ကို ဖားနေလိုက် တာ ပြီးကို မပြီး နိုင်ဘူး… ဒါနဲ့ နည်းနည်းလောက် ကြာ
တော့… ဒို့ နံဘေး ရောက်လာတယ်… ”

“အဲဒီတော့ အဘက ဘာပြော လိုက်လဲ”
“သူက စပြောတယ်… မင်းနေကောင်းလား တဲ့ … တခါတလေ ကြရင် မင်းကို
…ငါ အရမ်း သတိရ ပါတယ်တဲ့… မိသားစုရော စီးပွားရေးတွေ ဘာတွေ အဆင်
ပြေလားတဲ့… သူ့ ပါးစပ်က အဲလို့ စပြောတော့ ကျန်တဲ့ သူတွေလည်း ငါ့ကို
ဝိုင်းကြည့်နေ ကြတာပေါ့… ငါလည်း ပြောလိုက်ပါတယ်… ကျနော် အဆင်ပြေပါ
တယ်…ဒုက္ခရောက် မှာလည်း မကြောက်ပါဘူး … ဒါပင်မဲ့ တခါတလေ ကြရင်
ကျနော် ကိုယ်တိုင်ရော ကျနော်နဲ့ ပက်သက်တဲ့ သူတွေရော ဒုက္ခရောက်တာ
ကြည့် ပြီး… ကျနော် တော်တော် သံဝေဂ ရတယ်… ကျနော် ဘ၀က ဆရာကို
ပြစ်မှားမိလို့ ကျေးဇူးကန်းမိလို့ ကျိန်စာ သင့်နေတယ်လို့ ခံစားရတယ် ပြော
လိုက်တော့ …. သူက… မင်းက တိုင်းပြည်အတွက် အလုပ် လုပ်ခဲ့တဲ့ သူပါ ….
ဘယ်လို ကျိန်စာ တွေမှ မရှိနိုင်ပါဘူးတဲ့…. ငါက… ကျနော် ဆိုလိုတာ က
ကျနော်တို့ ဂျပန်စီမှာ စစ်ပညာ သင်ယူခဲ့ပြီး သူတို့ကို… ကျနော် ပြန်တိုက် ပြန်
သတ်ခဲ့လို့ အခု ကျနော့် ရဲဘော်ရဲဘက် တစ်ယောက် ဆိုရင် ဂျပန်က လာတဲ့
ပစ္စည်းတွေ နဲ့ ထုတ်တဲ့ တီဗွီလေး တစ်လုံးတောင် မ၀ယ်နိုင် ရှာဘူးလို့ ပြော
ထည့် လိုက်တယ်… အဲဒါနဲ့ အဲဒီလူကြီးက… ဘယ်သူ တီဗွီ မရတာ လည်းလို့
မေးလည်း မေးလိုက် ရော …. ငါက …. ဂျပန်ခေတ် တုန်းက တော်ဘုရားကြီး
နတ်ရွာစံ ဖို့ ကိစ္စ မှာ အမိန့်စာ လာပေးတဲ့… မောင်သန်း တစ်ယောက် အခု
တော်လှန်ရေးနေ့ ဂုဏ်ပြု ရုပ်ရှင် …အမိမြေက သူရဲကောင်းများ ဆိုတာကို
မကြည်နိုင်ရှာဘူး ဗျာလို့ ပြောလိုက်တော့… ကျော်ထင်က.. အကိုကလည်း..
ရုပ်ရှင် နာမည်က အမိမြေက သားကောင်းများ ပါတဲ့…. ဆရာကြီး ဦးသိန်းဟန်
က ရီ ပြီး… မင်းလည်း သူရဲကောင်း တစ်ဦးပါတဲ့ … ၀င်ပြောတယ်… ငါက …
ကျနော် အရွယ်လည်း ရလာပြီး ဆရာရယ်… သူရဲကောင်းတော့ မဖြစ်ချင်
တော့ဘူး…. သူတော်ကောင်းဘဲ ဖြစ်ချင်တာ ဗျာလို့ ပြောချ လိုက်တော့ …
ဆရာကြီးတောင် ပါးစပ် အဟောင်းသာ ဖြစ်သွားတယ်”လို့ ပြောပြီး နံရံကို အကြာ
ကြီး စိုက်ကြည့်နေတယ်၊ တော်တော်လေး ကြာမှ ရေနွေးတွေ တခွက်ပြီး တခွက်
ဆက်တိုက် သောက်ပြီး အမောဖြေနေတယ်။

“အဘ…. အဲဒါနဲ့ ဦးသန်း တီဗွီ ရသွားလား အဘ”
“အေး ... မောင်သန်းအိမ်ရော ငါအိမ်ရော တီဗွီ တစ်လုံးစီ ထောက်လှမ်ရေးက
လာပို့ပါတယ်၊ ငါက လက်မခံ ပါဘူး၊ အတင်းငြင်းပြီး ပြန်ပေးလိုက်တယ်၊ မောင်သန်း
ကိုတော့ တောင်ပန်းတဲ့ အနေနဲ့ တီဗွီအပြင် အဲဒီ ပဒုံမာ ဓါတ်ဘူးလေးတွေ ငါးဘူး
လက်ဆောင် ပေးသွားတယ် …. အဲဒါ မောင်သန်း က ငါကိုပေးရင် လက်မခံမှာ သိလို့….
ငါ..အိမ် မှာ မရှိတဲ့ အချိန် … အိမ်က ကလေးတွေကို ဇွတ်အတင်း ထိုးပေးသွားတာ
…. အခုတော့ မောင်သန်းလည်း လောကကြီးထဲက ထွက်သွားပြီးလေ”

(ပြီးပါပြီး)