Sep 30, 2008

ကျေးဇူးပြု၍ မက်ခီယာဗယ်လီ

ရေးသူ- စစ်ငြိမ်းဒီရေ

360px-Macchiavelli01.jpg

မက်ခီယာဗယ်လီ
မင်းရဲ့ အဘိဓါန်
မင်းသားကျမ်းကို
အီတာလျံအတွက် မင်း ရေးသားပါ
ဖလော့ရင့်အတွက် မင်း မွေးဖွားပါ
တို့ကိုတော့ လက်ဆောင်မပေးနဲ့။




အကြွေးရှိလဲ ကျေပါစေ
ဝဋ်ရှိလဲ ပြေပါစေ
မင်းစိတ်မှာ အမျိုးဂုဏ်ချစ်
တို့ဘ၀ မိုင်းဂရဲ့န်ထ် ဖြစ်။ ။


(မှတ်ချက်။ ။ မက်ခီယာဗယ်လီ= Nicolo Di Bernardo Machiavelli,
မင်းသားကျမ်း= The Prince, မိုင်းဂရဲ့န်ထ် = Migrant)

Sep 28, 2008

မြစ်ကူးခရီး (ဇာတ်သိမ်းပိုင်း)

ရေးသူ- ဂျူး


လေကြောင်း ပြောင်းသွားလို့လား။ လေမတိုက် တော့လို့လား။ သောင်ခုံ ကမ်းအနီး
တွင် လှေသမားက ရွက်ကို ရုတ်သိမ်းလိုက်သည်။ လှော်တက်ကို မြစ်အောက် ကြမ်း
ပြင်သို့ ထောက်ပြီး လှေကို တွန်းယူ ရွေ့သည်။ မြစ်အောက်ခြေ ကြမ်းပြင်က လှော်
တက် တစ်လျားတောင် မနက်တော့ပါ။ ထိုအခါကျမှ ကျွန်မ ရေပြင်ကို ငုံ့ကြည့်မိ
သည်။ မြစ်အောက်ခြေကို ကျွန်မ မြင်နေရ၏။ ကျောက်စရစ်ခဲတွေနှင့်။ ကျွန်မ ပျော်
သွားသည်။ စိတ်လည်း ပေါ့ပါးသွားသည်။ အခုလို ရေမှာတော့ ကျွန်မ ရေမနစ်နိုင်
တော့ဘူး။ ခြေထောက်ထောက် ရပ်လိုက်လျှင် ကျွန်မ၏ ခါးလောက်တောင် နက်မှာ
မဟုတ်ပါ။ ကျွန်မ၏ လက်ကို ရေပြင်ထဲ နှစ်လိုက်ပြီး အောက်ခြေကို လက်ဖျားဖြင့်
ထိကြည့်သည်။ ကျောက်စရစ်ခဲ တစ်ခုတလေကို ဆွဲနုတ်ယူဖို့ ကြိုးစားသည်။ သို့သော်
လှေအသွားနှုန်းက ခပ်မြန်မြန် ဖြစ်နေလို့လား ရေစီးကြောင့်လား ကျွန်မ ကျောက်ခဲ
တစ်လုံးမှ မမိပါ။

ထို့ကြောင့် လှေဝမ်းသည် ပို၍ တိမ်းသော မြစ်ကြမ်းခင်းဆီ ရောက်လာသည်။ ကျောက်
စရစ်ခဲတို့နှင့် ပွတ်တိုက်သံလိုလို တဂျစ်ဂျစ် ကြားရသည်။ ကျွန်မသည် နွေရာသီ မြစ်
ကြောင်းကို သည်လောက် တိမ်တိမ်လေးမှ တစ်ခါမှ မကူးသန်းဖူး သဖြင့် အထူးအဆန်း
ဖြစ်ပြီး စိတ်ပေါ့ပါးလျက်ရှိသည်။

ခဏအကြာမှ လှေသမားက မြစ်ထဲသို့ ဆင်း၏။ မိန်းကလေးက လှေပဲ့ပိုင်းသို့ ပြောင်း
ထိုင်လိုက်၏။ ဒူးဆစ်လောက်သာ ရှိသော ရေပြင်မှ ပိုပိုတိမ်ရာ ကမ်းစပ် သောင်ခုံသို့
လှေသမားလေး ကူးသွားသည်။ သူ့လက်ထဲမှာ ကြိုးရှည်ရှည် တစ်ချောင်း။ ထိုကြိုးကို
ကိုင်လျက် သူက သောင်ခုံအစပ် ရေတစ်ဝက် ကုန်းတစ်ဝက်တွင် လမ်းလျှောက်သွား
သောအခါ ကျွန်မတို့၏ လှေသည် သူ ဦးတည်ရာသို့ လိုက်ပါသွား၏။ လှေက ရေပြင်
တိမ်တိမ်ပေါ်မှာ။ လှေပေါ်မှာ ခရီးသည် သုံးဦးနှင့် မိန်းကလေး စုစုပေါင်း လေးယောက်
ပါသည်။ အာလူးအိတ်၊ ဈေးခြင်းတောင်း၊ အ၀တ်အိတ်တို့ ပါသည်။ ထိုအလေးချိန်ကို
လှေသမားလေးက ခါးကိုင်းအောင် ဆွဲနေခြင်း ဖြစ်သည်။ ကျွန်မ မနေတတ် မထိုင်တတ်
ဖြစ်လာသည်။ စိတ် မသိုးမသန့် ဖြစ်လာသည်။ ကျွန်မ၏ လှေခရီးတွင် အဲသည်လို လူ
က ဆွဲယူရသည့် ဖြစ်စဉ် ပါလိမ့်မည်ဟု မတွေးခဲ့မိ။




အပေါ်မှ နေက စူးစူးရှရှ။ အောက်ဘက်မှာက ကိုယ်တစ်ပိုင်း ရေစိုရွှဲလျက် ဖိနပ်မပါ၊
သောင်ခုံတန်းအစပ်မှာ အားသွန်ခွန်စိုက် လှေကို လိုရာသို့ ကြိုးရှည်ရှည်ဖြင့် ဆွဲရင်း
လမ်းလျှောက်နေသော လှေသမားငယ်ကို ကျွန်မ အားနာစကား ဘယ်လိုပြောရမှန်း
မသိ။ ကျွန်မလည်း ထိုသောင်ခုံမှာ လမ်းလျှောက်ဆိုလျှင် လျှောက်နိုင်သားပဲ။ ရေထဲ
ဆင်းသွားပြီး လမ်းလျှောက်လိုက်ရမလား။ ကျွန်မထဘီ ဒူးဆစ်ကျော်အထိ ရေစိုလိမ့်
မည်။ သို့သော် ကျန်ခရီးသည် နှစ်ယောက်ကတော့ ဘာမှ မခံစားရလေဟန် ရှိသည်။
အဒေါ်ကြီးက အိပ်မငိုက်တော့ဘဲ ဘေးဘီကို ကြည်လျက် ဆေးပေါ့လိပ်ကို ဖွာလျက်။
ခရီးသည် ယောက်ျားကလည်း လှေသမား၏ ၀န်ကို သူပါဝင်ဆွဲလျှင် ကောင်းမလား
ဟူသည့် အတွေးမျိုး တစ်စက်မျှ မတွေးမိဟန် ရှိသည်။ ပဲ့ပိုင်းမှ မိန်းကလေးကို ကျွန်မ
လှမ်းကြည့်လိုက်၏။ မိန်းကလေးသည် လှော်တက်ဖြင့် ပဲ့ကိုင်ရင်း သူ့ယောက်ျားရှိရာ
သို့ ကြည့်လိုက် မျက်နှာချင်းဆိုင်တည့်တည့် ရေပြင်ကို ကြည့်လိုက်ဖြင့် ခပ်အေးအေး
ပုံစံရှိသည်။ ယောက်ျားကို ကြည့်သည့် အကြည့်မှာ သနားကရုဏာ အရိပ်အယောင်
ကိုမတွေ့။ အားနာမှုကို မတွေ့။ ချစ်ကြင်နာမှုလည်း မတွေ့။ အလုပ်တစ်ခုကို ပြီးစီး
အောင် နှစ်ယောက်ပေါင်းပြီး လုပ်ရမည်ဟူသည့် တာဝန်ယူ သူတစ်ယောက်၏ မျက်
နှာထားမျိုးသာ ရှိသည်။

လှေသမားလေးက ကြိုးကို လက်နှစ်ချောင်းဖြင့် ဆွဲရုံနှင့် မနိုင်တော့ဟန်ရှိ၏။ သူ့
ပခုံးပေါ်မှာ ကြိုးကို ထမ်းလျက် ဆွဲနေသည်။ လှေသမားလေး သီချင်းမဆိုနိုင်တော့ပြီ။

လှေတစ်စင်းလုံးနှင့် လူတွေ၏၀န်ကို ထမ်းထားရသည့် လှေသမားလေး နေရာတွင်
ကျွန်မ၏ ချစ်သူသာဆိုလျှင်၊ မှန်းဆ မြင်ယောင် ကြည့်လိုက်မိသည့်အခါ ကျွန်မရင်
ထဲမှာ စူးစူးနစ်နစ် နာကျင်သွားသည်။ ထိုချစ်သူနှင့် မကြာခဏ ကတောက်ကဆ
စကားများရသည်ကို စိတ်ကုန် နေစေဦးတော့၊ နေရာတကာ ဆရာလုပ်လွန်း
လှသည်ဟု စိတ်ကုန်နေစေဦးတော့။ ကျွန်မ ဘယ်လို နှလုံးသားမျိုးဖြင့် လှေဝမ်း
ထဲမှာ တည်တည်ငြိမ်ငြိမ် ထိုင်ပြီး လိုက်ပါနိုင်ပါ့မလဲ။ ဟိုမှာက ပခုံးပေါ်မှာ ကြိုးကို
သည်အတိုင်း တင်ပြီး ဆွဲနေပြီလေ။ လှေတစ်နေရာရာမှာ ပုဆိုးပိုင်းလေး မျက်နှာ
သုတ်ပုဝါ ပိုင်းလေးမှ မရှိဘူးလား။ ထိုအ၀တ်ခေါက်လေးကို သူ့ပခုံးပေါ်မှာ ကြိုး
အောက်ကနေ ခုခံပေးဖို့ ကျွန်မတွေးမိသည်။ ဒါက နေ့စဉ်လုပ်နေကျ ၀တ္တရား
ဆိုလျှင် ပိုလို့တောင် ခုဖို့အဆင့်သင် ပြင်ထားရဦးမည်။ အခုတော့ ကျွန်မ ရှာ
သမျှမှာ ပုဆိုးပိုင်းလည်း မတွေ့၊ မျက်နှာသုတ် ပုဝါပိုင်းလည်း မတွေ့။ ကျွန်မ
ရင်ထဲမှာ ကျင်ခနဲနာသွားသဖြင့် သူ့ထံမှ မျက်နှာလွှဲလိုက်မိ၏။ အားနာစရာကြီး
ပေါ့ ရေပြင်ကိုသာ ငုံ့ကြည့်ပြီးလိုက်လာမိသည်။ ဘယ်လို ဇနီးပါလိမ့်။ ခင်ပွန်းက
ဝန်တစ်ခုလုံးထမ်းပြီး သဲသောင်ပူပူမှာ ဖိနပ်မပါ ကိုယ်အောက်ပိုင်း စိုရွှဲပြီး ကြိုးဖြင့်
ဆွဲနေသည့် လှေပေါ်မှာ လှော်တက်ဖြင့် ပဲ့ကိုင်လျက် အေးအေးလူလူ လိုက်ပါ နိုင်
သတဲ့လား။

သံကိုင်းကို ရောက်ဖို့ အတော်လိုသေးသည်။ လှမ်းတော့ မြင်နေရပြီ။ သို့
သော် လှမ်းမြင်နေရသည့် အစိမ်းရောင်စုစုကမ်းပါးဆီသို့ ရောက်အောင် နှစ်
ကွေ့လောက် ကွေ့ပြီး လှော်ရဦးမည်။ ဆယ့်ငါးမိနစ် မိနစ် နှစ်ဆယ်လောက်
သောင်ခုံတန်းမှာ လှေကို ဇွဲဖြင့်ဆွဲလာပြီးသောအခါ သောင်ခုံတန်းအဆုံးတွင်
လှေသမားလေးက လှေဆီသို့ ပြန်လာ၏။ ကျွန်မ၏ လေးပင်နေသော နှလုံး
က ပြန်လည်ပေါ့ပါးသွားပါသည်။ တော်ပါသေးရဲ့။ လှေသမားလေးက ကျွန်မ၏
စိတ်မသက်သာမှုကို ခံစားမိလေဟန်ဖြင့် ကျွန်မကို ပြုံးပြသည်။ ကျွန်မလည်း
သက်ပြင်းချပြီး သူ့ကို ပြုံးပြလိုက်ပါသည်။

နောက်ထပ် မြစ်ပြင်ကျယ်ကျယ်ကို လှေလှော်ကြရ ပြန်လေသည်။ အနောက်ဘက်
ကမ်းပါးနှင့် နီးရာမှာ လှော်ခြင်းဖြစ်သည်။ အရှေ့ဘက်ကမ်းကိုတော့ အလယ်ကျွန်း
သောင်ခုံကိုကျော်လျက် မှုန်ပျပျ လှမ်းမြင်နေရသည်။

ဟောဟိုမှာ သံကိုင်း။ ကျွန်မ မြင်နေရသည့် သံကိုင်းမှာ လွန်ခဲ့သည့် ဆယ်နှစ်က
မြင်ခဲ့သည့် သံကိုင်းနှင့် ခြားနား နေသလိုရှိသည်။ လှေသည် တရွေ့ရွေ့နှင့် ကမ်းပါး
ဆီသို့ နီးနီးလာသည်။ အရင်က သံကိုင်းသည် ကမ်းပါးပြတ်ကြီး တော်တော်မြင့်၏။
အခုသံကိုင်းက ကမ်းပါးသည် ကုန်းလျှောသာ ဖြစ်နေပြီး မတူ ထူးခြားနေသည်။ မြစ်
သည် ကွေ့ကာ ၀ိုက်ကာ စီးဆင်းသဖြင့် ကုန်းမြေကို တိုက်စားပြီး ပြိုကျစေပြီပေါ့။
အရာရာ ပြောင်းလဲ သွားပြီပေါ့။ သံကိုင်းမြစ်ဆိပ်က ပိုပြီး ကျဉ်းသွားပြီ။ အရင်တုန်း
ကလို ညောင်ပင်ကြီး
တွေ လက်ဖက်ရည်ဆိုင်တွေ ထမင်းဆိုင်တွေ မရှိတော့ပေ။
ထနောင်းပင်စုစုလည်း
မမြင်ရေတော့သလို မြင်းလှည်းဆိပ်ဆိုတာလည်း ပျောက်
ကွယ်ခဲ့ပြီ။ မြင်ရသမျှမှာ
အိမ်ကျဲကျဲ၊ ထနောင်းပင် ကျိုးတိုးကျဲတဲ စီရီထားသည့်
မညီမညာ မြေလမ်းတစ်ခု။


ကျွန်မတို့ လှေဆိုက်သည့် ကမ်းပါးသည် သင်္ဘောဆိုက်သည့် ကမ်းပါး၏ခပ်လှမ်း
လှမ်း မြစ်အထက်ပိုင်း နေရာဖြစ်သည်။ ဟိုးအရင်က ကမ်းပါးပြတ်ပေါ်တက်ဖို့
သစ်သားပြား ကုန်းဘောင်ကို ခင်းပြီးမှ တက်လို့ရသည်။ အခုတော့ သစ်သားကုန်း
ဘောင် မလိုတော့ဘဲ။ လှေနှင့်ကပ်လျက် ကုန်းမို့မို့ကို အသာခြေလှမ်း လိုက်ရုံပါပဲ။

ခရီးဆောင်အိတ်ထဲမှ ပိုက်ဆံအိတ်ကို ကျွန်မ ထုတ်ယူလိုက်သည်။ လှေခ ပေးရမည်။
လှေခက ၇၀၀ ကျပ်တဲ့။ ကျွန်မ တစ်ထောင်တန် တစ်ရွက်ကို လှမ်းပေးရင်း မအမ်းနဲ့
တော့ဟု ပြောရင် အားနာစရာများ ကောင်းမလားဟု တွေးနေမိသည်။
“ဆရာမ”
လှေသမားလေးက ကျွန်မကို ဆရာကန်တော့ပွဲ အပြီး ချက်ချင်း ပြန်မှာလားဟု မေး
သည်။ မဟုတ်ပါ။ ကျွန်မ အမ ၀မ်းကွဲအိမ်မှာ တစ်ညအိမ်ပြီးမှ ပြန်မှာပါ။ ကျွန်မ အမ
အိမ်အထိ မနက်ဖြန် သူလာခေါ်ပါရစေဟု ဆိုသည်။ ကျွန်မ တွန့်ဆုတ်သွားသည်။
နောက်တစ်ကြိမ် သူ့လှေကို စီးရမှာ အားနာလို့ ဖြစ်ပါသည်။
“မနက်ဖြန် ရှောက်တောဘက်ကနေ လှည့်ပြန်မလားလို့ လှေလှော်ရတဲ့သူတွေကို
အားနာတယ်”

လှေသမားလေးက ကွမ်းစားထားသည့် သွားနီနီများ ပေါ်အောင် ရယ်၏။
ဆရာမကလည်း ပြောင်းပြန် ပြောနေပြန်ပြီ။ လှေလှော်မှ ထမင်းစားရတဲ့ သူတွေ
ကို
အားနာလို့ လှေမစီးရင် ကျွန်တော်တို့ ထမင်းငတ်မှာပေါ့။ ဆရာမတို့ လှေစီး
မှ
ကျွန်တော်တို့ ပိုက်ဆံရမှာလေ

အင်း ဟုတ်တော့ဟုတ်ပါရဲ့။ အခုအခါ မကွေးနှင့် မင်းဘူးကြား တံတားကြီး ခင်း
လိုက်
ပြီ။ ချောက်နှင့် ဆိပ်ဖြူမှာလည်း မြစ်ကူးတံတား ခင်းလိုက်ပြီ။ ဧရာဝတီ အရှေ့
ဘက်
ကမ်းနှင့် အနောက်ဘက်ကမ်းကို ကားတွေဖြင့် ဖြတ်သန်းကြသည်။ ကူးတို့
လှေလေး
တွေ စီးမည့် ခရီးသည်တွေသည် မြစ်ကူးတံတားများကို ကျော်ဖြတ်လျက်
ကားဖြင့်သာ
သွားကြတော့သည်။ ဒါကြောင့်လည်း သံကိုင်း ဆိပ်ကမ်းက ခြောက်
သွေ့ ခေါင်သွားခြင်း
ဖြစ်ပါလိမ့်မည်။

“ဘာ ရပ်ကွပ်လဲ ဆရာမ”
“ကုန်းဇောင်း ရပ်ကွပ်”
“ကျွန်တော် အဲဒီအထိ လာကြိုမယ်။ ဆရာမ ဘယ်အချိန်လောက် ပြန်ထွက်မလဲ”
“အင်း ခုနှစ်နာရီခွဲနဲ့ ရှစ်နာရီကြားပေါ့”
လှေသမား ဇနီးမောင်နှံသည် ကျွန်မဆီက လှေစီးဖို့ အတည်ပြုစကားကြောင့် ပြုံး
သွားပါသည်။

ကျွန်မ ခွာမြင့် ဖိနပ်ချွတ်ပြီး ကုန်းပေါ် တက်လာရပါသည်။ ထနောင်းပင်အောက်မှာ
ရပ်ထားသော တစ်စီးတည်းသော မြင်းလှည်းဆီ မလျှောက်သွားမီ အောက်အနိမ့် မြစ်
ပြင်မှာ ဆိုက်ထားသည့် သူတို့လှေကို တစ်ချက် ငုံ့ကြည့်လိုက်မိသည်။ သူတို့နှစ်
ယောက် လှေပေါ်မှာ ထိုက်လျက် အထုပ်တစ်ထုပ်ကို ဖြည်လိုက်တာကို မြင်ရသည်။
ဘေးပတ်လည် မည်းတူးနေသော ဒန်အိုးလေး နှစ်လုံး၊ တစ်လုံးပေါ်သို့ တစ်လုံးထပ်
လို့။ အောက်က အိုးအကြီးထဲမှာ ထမင်းတွေ။ အပေါ်က အိုးသေးထဲမှာက ဘာမှန်း
မကွဲပြားသော ခပ်နီနီဟင်းတွေ။ သူတို့ ကျွန်မကို မေ့သွားကြလောက်ပါပြီ။ တစ်
ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်လျက် ပြုံးရယ်လိုက်ကြသည်ကို မြင်ရ
သည်။ ထို့နောက် မိန်းကလေးက သူ့ယောက်ျား၏နဖူးမှ ချွေးတို့ကို လက်ဖြင့်
သုတ်ပေးလိုက်တာကို မြင်ရသည်။

ကျွန်မ စိတ်မှတ်မထင် ပြုံးလိုက်မိသွားသည်။
မြင်းလှည်းဆီသို့ လျှောက်လာသော ကျွန်မခြေလှမ်းများကို ကျွန်မ ငုံ့ကြည့်လာမိ
သည်။ သိပ်မကြာတော့သည့် ဆယ်စုနှစ်များတွင် ကျွန်မ ခြေဖ၀ါးအောက်က ကုန်း
မြေသည်
မြစ်ပြင် ဖြစ်သွားနိုင်ပါသည်။


(ပြီးပါပြီး။)
(ကလျာ မဂ္ဂဇင်းပါ စာရေးဆရာမ ဂျူး၏ မြစ်ကူးခရီး ကို ထပ်ဆင့် ကူးယူဖော်ပြပါ
သည်။)

Sep 26, 2008

မြစ်ကူးခရီး (ဒုတိယပိုင်း)

ရေးသူ- ဂျူး


ကိုယ်ဝန်ဆောင် မိန်းကလေးက ကျွန်မကို လှေတစ်စင်းဆီ လက်ညွှန့်ပြသည်။
ကျွန်မ လိုက်ပါရမည့်လှေ။ ကျွန်မသည် အနောက်ဘက်ကမ်းသို့ သွားမလို့ပါ
လားဟု သတိပြန်ရသွား၏။ အို လှေကလည်း သေးသေးလေးပါလား။ ကျွန်မ
စိုးရိမ်းသွားသည်။ လှေဆိပ်သို့ မိန်းကလေးနှင့်အတူ လိုက်မလာခင်မှာ ကျွန်မ
အသေအချာ မေးခဲ့သည်။ လှေက ကြီးရဲ့လား။ လူဘယ်နှစ်ယောက် စီးနိုင်တဲ့
လှေလဲ။ အို ဆယ်ယောက်ကျော် စီးလို့ရတယ်။ အကြီးကြီးဟု မိန်းကလေးက
အားရပါးရ ဖြေခဲ့၏။ ကြည့်စမ်း အခုတော့ သေးသေးလေး။ ပေါင်းမိုးလေးတော့
လုပ်ထားပါသည်။ ၀ါးချောင်းကွပ် ဖျာပေါင်းမိုးလေးက လူနှစ်ယောက်လောက်ပဲ
အရိပ်ရလိမ့်မည်။ ကျွန်မ အရင် လှေပေါ် ရောက်နှင့်နေသော ခရီးသည်နှစ်ယောက်
က ထိုအရိပ်မှာ။ ကျွန်မနှင့်ဆိုလျှင် ခရီးသည် သုံးယောက်ပေါ့။ ထိုနှစ်ယောက်က
ကျွန်မ လှေထဲ ဆင်းလာသည်ကို ဖယ်ပေးဖော်မရ။ မိန်းမက ဆေးပေါ့လိပ် တစ်တို
ကို ဖွာရှိုက် နေသည်။ ယောက်ျားက စတီးခပ်ပါးပါး ထမင်းချိုင့်ကို ဖွင့်ပြီး ထမင်း
စားနေသည်။ ကျွန်မ တက်လိုက်တော့ လှေက ရေထဲသို့ ထပ်နစ်ဝင်သွားသည်။
လှေထဲ ၀င်မိတော့ လှေ၏ အခြေအနေကို ကျွန်မ ပိုသိသွားပြီး စိတ်မသက်မသာ
ဖြစ်မိသည်။

လှေထဲမှာ ရေတွေရှိသည်။ ထိုရေတို့သည် အခုမှ ၀င်လာသည့် ပုံစံမရှိ။ ရှေးရှေး
ကတည်းက ရေတွေဝင်နေကျ ပုံစံလို လှေကြမ်းခင်း သစ်သားပြင်မှာ ရေညှိပင်
တက်နေပြီ။ လှေကို စပ်ထားသည့် သစ်သားတွေက ပိတ်စေ့မနေဘဲ အပေါ်ပိုင်း
တချို့နေရာတွင် ဟ နေသည်။ ထို အဟသည် ပုံမှန်ဆိုလျှင် ရေပြင်၏ အထက်
မှာ ရှိသည်။ သို့သော် မိန်းကလေးက လှေပေါ် တက်လိုက်သည့်အခါ လှေက
ငြိမ့်ခနဲ နစ်သွားပြီး ထိုအပေါက်က ရေပြင်အောက်ရောက်ကာ ရေစိမ့်ဝင်လာသည်။
လှေကို ကန့်လန့်ဖြတ်ခင်းထားသော ပျဉ်ပြားတန်းပေါ်မှာ ကျွန်မ ထိုင်လိုက်သည်။
မိန်းကလေးကတော့ လှေ၏ပဲ့ပိုင်း အမြင့်ထိပ်မှာ ထိုင်သည်။ သူ လှော်မှာလား။
မိန်းကလေး လှော်မည့် လှေကို ကျွန်မ စီးချင်ပါသည်။ သို့သော် ကိုယ်ဝန်ဆောင်
မိန်းကလေး လှော်ခတ်မည့် လှေကိုတော့ မစီးရက်နိုင်ပါ။




လှေကို လာလာထိသည့် ရေလှိုင်းသံတွေနှင့် အတူ ရပ်ထားသည့် လှေက အသာ
အယာ လှုပ်နေ၏။

ကျွန်မ အလုပ်လုပ်ရာ မှန်အဆောက်အဦမြင့်ကြီးထဲမှ လေအေးစက်၏ မွန်းကျပ်
ကျပ် လေအေးသည် ယခုမြစ်ပြင်က လေအေးနှင့် အေးပုံချင်းမတူ။ သည်မှာက
စိုစွတ်သည့် ရနံ့ တစ်ခုပါသည်။ ဟိုမှာက ခြောက်သွေ့သည့် အအေး။

ထိုင်ထိုင်ချင်း လုပ်မိသည်ကတော့ လှေဝမ်းထဲမှ ရေတွေကို ထုတ်ပစ်ဖို့ ခပ်သည့်
ခွက် ရှာခြင်းပါပဲ။ ခွက်တော့ မဟုတ်။ ဗီနိုင်း ပလတ်စတစ်ဘူးခွံ တစ်ခုကို ထက်
ပိုင်းဖြတ်ထားပြီး သစ်သားလက်ကိုင်တန်းလေး တပ်ထားသည့် ဘူးခွံခွက်ကို
တွေ့သည်။ လှေဝမ်းထဲက တစ်မိုင်လောက် ရေထဲမှာ ပေါလောလေး။ ကျွန်မ
အဖြူပုံးခွံကို လက်က ကိုင်ဖို့ စိုးရွံ့နေဆဲမှာပင် ထိုင်နေသည့် ခရီးသည် အမျိုး
သမီးက ဆေးပေါ့လိပ်ကို ပါးစပ်မှာ ကိုက်လျက် ဘူးခွံကို ကောက်ကိုင်သည်။
ထို့နောက် သူ့လှေမို့ သူတာဝန်ရှိသည့်အလား မပြောမဆို ရေကို တစ်ခွက်ချင်း
ခပ်ကာ မြစ်ထဲသို့ သွန်သွန်ချလေသည်။

လှေ မထွက်သေး။ လှေကို လှော်တော့မလားဟု ကျွန်မ မျှော်လင့်တကြီး ကြည့်ပေမဲ့
မိန်းကလေးက မလှုပ်မယှက် ထိုင်နေဆဲ။ မိန်းကလေး ၀တ်ထားသော အင်္ကျီသည်
ခပ်ပါးပါး ပန်းရောင်အရိပ်ပန်းစ ဖြစ်သဖြင့် မြစ်ပြင်မှလေဖြင့် လှုပ်ခတ်နေသည်။
ပါးပြင်မှာ သနပ်ခါး ပါးကွက်ကြားသည် တစွန်း တစ ကွက်နေပြီ။ လှေထဲက ခရီးသည်
တွေကို မိန်းကလေးက ကြာကြာမကြည့်။ မျက်လုံးလွှဲပစ်ပြီး ကမ်းစပ်သောင်ခုံဆီ
သာ ခဏခဏ လှမ်းကြည့်သည်။ မကြာမီမှာ ရောက်လာတော့မည့် တစ်ယောက်
ယောက်ကို မျှော်ကြည့်သလိုလို။ ခရီးသည် ထပ်ရဖို့ မျှော်နေတာလား။

ကျွန်မ အနောက်ဘက်ဆီသို့ မျှော်ကြည့်သည်။ မြစ်ပြင်အကျယ်ကို မမြင်ရ။ ကျွန်း
သောင်ခုံ တန်းကလေးကိုသာ မြင်ရသည်။ တကယ့် ဧရာဝတီမြစ်သည် ထိုသောင်ခုံ
တန်းကလေး၏ တစ်ဖက်မှာ ရှိသည်။ မြစ်ပြင်ပေါ်သို့ ရောက်သည့်အခါ ရေပြင်၏
ခြောက်လှန့်မှုကို စတင် ခံစားရသည်။ ကျွန်မ သွားရမည့် နေရာသည် ရေအစုန်လား
ရေအဆန်လား သိအောင် အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို စိတ်မှန်းဖြင့် တွက်
ကြည့်သည်။ ရေဆန်။ ရေဆန်မို့ ခရီးက ပိုကြာမည်။ လေသာလျှင်တော့ ရွက်ဖြင့်
တိုက်သွားလျှင် ခရီးတွင်မှာပေါ့။

မိန်းကလေး၏ မျက်နှာ လှစ်ခနဲ ၀င်းပသွားသည်။ မိန်းကလေး မျက်လုံး အကြည့်
က ကမ်းစပ်သောင်ခုံဆီ။ ကျွန်မ လှမ်းကြည့်လိုက်သည်။ လူငယ် တစ်ယောက်။
တစ်ယောက်တည်း လမ်းလျှောက် လာနေသည်။ သူ့ပုံစံက ခရီးသည်နှင့်မတူ။
ခရီးသည် ဆိုပါလျှင်လည်း အနောက်ဘက်ကမ်း ရွာတစ်ခုခုမှပဲ ဖြစ်မည်။ ပုဆိုး
တိုတို၏ ခါးပုံစက ကြီးကြီး။ လက်ထဲမှာ ဘာမှ မပါ။ ခရီးသည် မဟုတ်ပါ။ ထိုလူ
ငယ်သည် နေဆီသို့ လှမ်းမော့ ကြည့်သည်။ အချိန်ကို ခန့်မှန်းသည့် သဘော
ဖြစ်မည်။ ထို့နောက် ကျွန်မတို့ လှေရှိရာသို့ ကြည့်သည်။ သူ့ဟန်က နှေး တွဲ့
တွဲ့မှ ခပ်သွက်သွက်အဖြစ် ချက်ချင်း ပြောင်းသွားသည်။ သူ ခြေလှမ်းကျဲကျဲ
ဖြင့် လှေဆီသို့ အပြေး လျှောက်လာသည်။

မိန်းကလေး၏ ၀င်းပသော မျက်နှာနှင့် လူငယ်၏ ခြေလှမ်းတို့ကို သတိပြုမိ
သည့်အခါ သူတို့နှစ်ယောက်၏ ဆက်စပ်မှုကို အလိုလို ရိပ်မိသွားသည်။
မိန်းကလေး၏ကိုယ်ဝန်ကို ကျွန်မ တစ်ချက် ကြည့်လိုက်မိပြန်သည်။ မိန်းကလေး
၏ မျက်ဝန်းများမှာ တောက်ပ နေသည်။ ချစ်ရည် ရွှန်းတဲ့ မျက်ဝန်းလဲ့ပြာပြာ ဆို
တာ များလား။ လှေပေါ်သို့ လွှားခနဲ ခုန်တက်လိုက်သော လူငယ်၏ အလေးချိန်
ကြောင့် လှေက နစ်ဝင် သွားပြန်၏။ လူငယ်၏ ညိုသော အသားအရေမှာ လေ
တိုက်ခံထားရသဖြင့် ခြောက်သွေ့ နေသည်။ မိန်းကလေးက လှေပေါ် ရောက်လာ
သော လူငယ်ကို မျက်စောင်းထိုးသည်။ ထို မျက်စောင်းမှာ မုန်းတီးခါးသီးမှုကို
မတွေ့ရ။ လူငယ်က ပြုံးသည်။ မိန်းကလေးက အပြစ်တင် စကားတွေ ပြောသည်။
လူငယ်က ပြန်ဖြေရှင်းသည်။ လေတိုးသံကြောင့် ထို့ပြင် လေယူ လေသိမ်း မြန်
ဆန်သောကြောင့် သဲသဲကွဲကွဲ မသိ။ ကြာနေသည့် အတွက် အပြစ်တင် စကားဟု
တော့ သိသာသည်။ သို့သော် မိန်းကလေး၏အသံမှာ စူးစူးရှရှ မဟုတ်။ ချိုတောင်
ချိုနေ သလိုလို။ လူငယ်က ပြုံးရင်း ဘေးက ကပ်လျက် လှေပေါ်မှာ မတ်တတ်ရပ်
နေသည့် လူတစ်ယောက်ကို ဆေးပေါ့လိပ်တစ်လိပ် လှမ်းပေးသည်။ အခုမှ ကမ်း
ကပ်လိုက်သော နောက်ထပ်လှေ တစ်စင်းပေါ်မှ ထမင်းအိုးကို ပိုက်ပြီး ဆင်းလာ
သည့် အသက် ဆယ်နှစ်အရွယ် လှေသမားလေးကို ကမ်းစပ်မှ ကလေးအမေ
အမျိုးသမီးတစ်ယောက်က စနောက်ဟန်ဖြင့် ထမင်းအိုး ဆွဲလုသည်။ ဘာဟင်း
တွေလဲ ငါ့ကျွေးပါဦးဟု ပြောသည်။ အမယ် ခရမ်းသီးချက်ပါလားဟု ပြောသည်။
ကောင်လေးက မရယ်မပြုံး သူ့ထမင်းအိုးကို ပြန်တောင်းသည်။

ကျွန်မတို့ လှေသမား မိန်းကလေးက ထိုအမျိုးသမီးအား သစ်သားငုတ် ပျောက်သွား
ပြီဟု ပြောသည်။ လှေကို ကမ်းစပ်မှာ ကပ်ပြီး ကြိုးချည်ထားရာတွင် သုံးသည့် သစ်
သားငုတ်မှာ ခပ်ကြီးကြီး မဟုတ်နိုင်။ ဘယ်လိုလုပ်ပြီး ပျောက်သွားပါလိမ့်။ လှေ၏
ရွက်တိုင်ကို ကျွန်မတို့ လှေသမား လူငယ်က ထူ သည်။ ရွက်အဖြစ် သုံးသည့် ဖြူဖတ်
ဖြူရော် အ၀တ်စကြီးသည် ဖြန့်လိုက်သည့်အခါ စပ်ရာတွေ လေး၊ ငါးခုနှင့် တစ်ထည်
ဖြစ်နေသည်ကို တွေ့ရသည်။ ပါးပါးလှပ်လှပ်။ တစ်နေရာက ထောင့်မှန်ပုံစံ ပြဲနေ
သည်။ သို့သော် လေကိုတော့ စုယူသိမ်းဆည်းပြီး လှေရွေ့အောင် ရွက်လွှင့် ပေးပါ
လိမ့်မည်။

လှေငယ်ကလေး စထွက်ပါပြီ။ ပဲ့ကိုင်တက်၏ တကျိကျိ မြည်သံနှင့် ရွက်၏ တဖတ်ဖတ်
မြည်သံတို့သည် လှေ၏ဂီတ ဖြစ်သည်။ သောင်ခုံတန်းကို ကွေ့ဝိုက်ပြီးသော အခါ မြစ်
ပြင်ကျယ်ထဲသို့ လှေရောက်သွားသည်။ ကျွန်မတို့ ကိုယ်ခန္ဓာ ကိုးဆယ်ရာခိုင်နှုန်းက
ရေတွေတဲ့။ ဒါပေမဲ့ ကျွန်မကို မြစ်ရေပြင်ထဲ ချလိုက်လျှင် ရေနှင့် တစ်သားတည်းရော
သွားမလား။ ဝေးပါသေးသည်။ ရေ၏ အောက်ခြေထိ နစ်ဝင် မြုပ်သွားနိုင်သည်။ လှေ
၏ ကျွန်းသားသစ်အနှစ်တွေထဲမှာ ရေဘယ်နှစ်ရာခိုင်နှုန်း ပါဝင်ပါလိမ့်။ သိပ်သည်းဆ
ဆိုသည့် စကားလုံး မပေါ်ခင်က လူတွေ ရေကူးတတ်သလား။

လှေဝမ်းထဲသို့ စိမ့်စိမ့်ဝင်လာနေသော ရေတွေကို ခရီးအစတုန်းက ခပ်ထုတ်နေခဲ့သော
မိန်းမကြီးက အခုတော့ ငိုက်မျဉ်းနေသလို မျက်စိမှိတ်လျက် စိတ်ချလက်ချ လိုက်ပါလာ
သည်။ ရေတွေကတော့ တော်တ်ာဝင်လာပြန်ပြီ။ ခွက်လေးက လှေဝမ်းထဲက ရေထဲတွင်
ပေါလောမျောနေသည်။ ကဲ သည်တစ်ခါ ကျွန်မ ခပ်ထုတ်မည်ဟု ဆုံးဖြတ်လိုက်သည်။
တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဟူသည့်စကားကို အခုမှပိုပြီး ခံစားတတ်လာ
သည်။ ကျွန်မ ထိုင်နေသည့်နေရာကပဲ လှေပေါက်ပေါက် သူထိုင်နေရာသည့် နေရာကပဲ
လှေပေါက်ပေါက် ရေ၀င်တော့ ဒီတစ်လှေတည်းမှာပဲ ၀င်တာပဲ။ နစ်လျှင် အတူတူနစ်ကြ
မည်။ ကျွန်မ ထိုအဖြူရောင် ဘူးခွံပြတ်ကလေးဖြင့် ရေတွေကို ခပ်ထုတ် လိုက်သည်။

ခရီးသည် ယောက်ျားက ထမင်းစားပြီးသွားတော့ ထမင်းချိုင့်ကို မြစ်ရေဖြင့် ဆေးကြော
သည်။ သူ့ချိုင့်ထဲမှ ဆီအကပ်တို့သည် မြစ်ရေ ပေါ်တွင် သက်တံရောင် အကွက်သေး
များအဖြစ် တစ်ခဏ ဆီဝေ့သွားသည်။ မြစ်ပြင်မှာ ရေလှိုင်းမထန်။ တည်ငြိမ်နေပြီး ဟို
ဘက်သည်ဘက်ကမ်းကို မြင်နေရ သဖြင့် ကျွန်မ၏ ကြောက်စိတ်ကို နည်းနည်း ထိန်း
ချုပ် နိုင်သွား၏။ ခရီးသည် ယောက်ျားက လှေသမား လူငယ်နှင့် စကားပြောလာ ကြ
သည်။ သူတို့စကားတွေမှာ ရွာမှာ ပြသည့် ဘောလုံးပွဲ အကြောင်း၊ ဘုရားပွဲတုန်းက
မ၀ယ်ဖြစ်လိုက်သည့် ဖိနပ်တစ်ရံ အကြောင်း၊ ဆန်ဈေးနှုန်းမြင့်သည့် အကြောင်း စသည်
ဖြင့် ရောက်တတ်ရာရာ ဖြစ်သည်။ သို့သော် သူတို့စကားထဲမှာ မိန်းကလေး၏ ကိုယ်ဝန်
အကြောင်းမပါ။

သားဦး ကိုယ်ဝန်ဖြစ်သလား။ မွေးဖွားဖို့ သားဖွားဆရာမနှင့် အပ်ထားသလား။ အရပ်
လက်သည်နှင့် မွေးမှာလား။ အရင့်အမာကိုယ်ဝန်နှင့် ဇနီးသည်ကို လှေဦးမှာ ထိုင်စေ
ပြီး လှော်ခပ်ခိုင်းထားသော လူငယ်သည် စိတ်မသက်မသာ အားတုံ့အားနာဟန်
လုံးဝ မရှိ။ လုံးဝ ပုံမှန်ပဲ။ နေ့စဉ်သည်လိုပဲ ခိုင်းနေကျ ဖြစ်မည်။ မိန်းကလေးကလည်း
ငြူစူဟန်၊ စိတ်ကောက်လိုဟန် မရှိ။ ခိုင်းရက်လေခြင်းဟု ၀မ်းနည်းဟန်လည်း မရှိ။
ရိုးရှင်းသော မျက်နှာထားဖြင့် လှော်တက်ကို စည်းချက်ညီညီ အားသွန် ခွန်စိုက် ခတ်
လျက် ရှိသည်။ ခရီးသည် အဒေါ်ကြီးအား လှေအကြောင်းကို အိတ်သွန်ဖာမှောက် ပြော
နေသဖြင့် သူ့ယောက်ျားက မိန်းကလေးကို လှမ်းပင်ငေါက်လိုက်သေးသည်။ ဘာတွေ
လျှောက်ပြော နေတာတုန်းတဲ့။ မိန်းကလေးက အပြစ်ကင်းစင်သော မျက်နှာဖြင့် ဟုတ်
တာပြောတာဟု အရိုးခံ အမူအရာဖြင့် ပြောပြီး ရယ်၏။

သူတို့ အခု ကူးတို့ လိုက်နေသော လှေသည် သူတို့ အပိုင်လှေ မဟုတ်။ ဌားထားရ
သော လှေဖြစ်သည်။ လှေဌားခက တစ်ရက်ကို ၅၀၀ ကျပ် ပေးရသည်။ ရေနံချောင်း
ဆိပ်ကမ်းတွင် ဆိပ်ကမ်းအခွန်ခ အဖြစ် လှေဆိုက်ခ တစ်ခေါက်ကို ၁၅၀ ကျပ် ပေးရ
သေးသည်။ သံကိုင်းဘက်ကမ်း ကျတော့လည်း လိုက်ပါသည့် ခရီးသည် တစ်ဦးလျှင်
သုံးဆယ်ကျပ် အခွန်ပေးရသည်။ ဒါဖြင့် ခရီးသည်တွေဆီက လှေခ ဘယ်လောက်
ရသလဲ။ ကျွန်မသည် ဈေးနားမှာ လှေစီးမည့် ခရီးသည်ကို လိုက်ရှာခေါ်သည့် ကိုယ်
ဝန်ဆောင် မိန်းကလေးကို အားပေးလိုသဖြင့်သာ လိုက်ပါ လာခဲ့သော်လည်း လှေခ
ဘယ်လောက် ပေးရမလဲဟု မမေးမိခဲ့။

လှေတစ်စင်းကို ငွေတစ်သိန်းလောက် ဈေးရှိသည်မို့ မ၀ယ်နိုင်ပါတဲ့။ မိန်းကလေး
၏စကားကို လှေသမား လူငယ်က ဟန့်သည်။ နင် ဘာသိလို့ လျှောက်ပြောနေ
တာတုန်း။ ဘယ်လို လုပ်ပြီး တစ်သိန်းနဲ့ ရမှာတုန်း။ ဒီလှေ အဟောင်းကြီးတောင်
ရှစ်သောင်းလောက် ဆိုတာ။ ဖာလို့ထေးလို့ မလောက်နိုင်တဲ့ လှေ။ သစ်ကောင်း
ကောင်းနှင့် လှေသန့်သန့် ၀ယ်လျှင် တစ်သိန်းခွဲနှင့် နှစ်သိန်းကြားမှာ ပေးရမည်။
ကိုယ့်ကိုယ်ပိုင်လှေကို လှော်ပြီး ကူးတို့လိုက်ဖို့က လှေသမား လူငယ်၏ အိမ်မက်
ဖြစ်သည်။

မိန်းကလေးသည် တစ်ချက်တစ်ချက်တွင် မျက်နှာသို့ တိုက်ခတ်လာသော လေကို
ခေါင်းခါယမ်းပြီး အံတုသည်။ ဆံပင်များ လွင့်စင်ဖွာနေသဖြင့် သူမ၏ ကျယ်ဝန်းသော
နဖူးပြင်ကို မြင်ရသည်။ ဆံပင်လွင့်လွင့်သွားသော နဖူးစပ်မှ အသားက ပိုဖြူဝင်းနေပြီး
မျက်နှာပြင် အသားနှင့် တစ်ရောင်စီ ဖြစ်သည်ကို မြင်ရသည်။ သြော် နဂိုတုန်းက
အသားဖြူဖြူလတ်လတ် ဖြစ်မလား။ ကူးတို့လှေသမားလေးကို ယူမိလို့ နေလောင်ခံ
ရတဲ့ လှေထိုးအလုပ်ကို ကူလုပ်နေရတာလား။ သူမရဲ့ မိဘတွေကရော ဘယ်မှာ နေ
ကြတာလဲ။ သူမ ကိုယ်ဝန်ရနေပြီကို သိရဲ့လား။ အခုလို အဆင့်မြင့် ဆေးပညာတွေ
နည်းပညာတွေ ခေတ်မှာ အရပ်လက်သည်ဖြင့် မွေးကောင်း မွေးမိကြတော့မလို့
ဆိုတာရော သိကြပါ့မလား။ ကျွန်မ၏ ဘောင်ကျော်သွားသော အတွေးကို ချက်ချင်း
ပင် ပြန်ရုတ်သိမ်းလိုက်ရသည်။ ကျွန်မကို မေမေ မွေးဖွား ခဲ့စဉ်တုန်းကတော့ အရပ်
လက်သည်ဖြင့်ပဲ မွေးခဲ့ရသည်။ အရပ်လက်သည် အဒေါ်ကြီး၏နာမည်မှာ ဒေါ်ခွေးညို
တဲ့။ ကျွန်မအောက်က ညီမနှစ်ယောက်ကိုလည်း ထိုဒေါ်ကြီးပဲ မွေးပေးခဲ့သည်။

မြစ်ရေစီးသံနှင့် လှော်တက်ခတ်သံ၊ ရွက်ကို လေတိုးသံ အသံတို့၏ နောက်မှာ
သီချင်းညည်းသံတစ်ခု။ လှေသမား လူငယ် သီဆိုလိုက်သော သီချင်းသံ။ သီချင်း
က တောရွာသီချင်း မဟုတ်ဘဲ ရော့ခ်ဂီတ သီချင်း ဖြစ်နေသဖြင့် ကျွန်မ အံသြ
သွားသည်။ မိန်းကလေး၏ ရယ်သံသဲ့သဲ့ကို ကြားရသည်။ သူ့ယောက်ျား သီချင်း
ဆိုတာကို လှောင်ပြောင်သရော်သည့် ရယ်သံတော့ မဟုတ်။ သဘောကျပြီး
စနောက်ချင်သည့် ရယ်သံ ဖြစ်ပါသည်။ ရယ်သံသည် ပွင့်လင်း၏။ ခွန်အားပါ၏။
ချစ်မြတ်နိုးမှုလည်း ပါ၏။ ဘ၀ကို ကျေနပ်မှုတောင် ပါနေသည်ဟု ထင်သည်။
သူမ၏ ရယ်သံသည် ဧရာဝတီမြစ်၏ ဟိုဘက် သည်ဘက် ကမ်းပါး သောင်ခုံတန်း
တို့မှ ပြန်လွင့်စင်လာကာ ရေလှိုင်းတို့အကြား ပဲ့တင်ထပ်သွားသည်။ ထိုရယ်သံကို
မြစ်ပြင်ပေါ်က လေကလည်း တွန်းဖယ် မပစ်နိုင်။ ရေလှိုင်းသံတွေလည်း မစုပ်ယူနိုင်။


(ဆက်လက် ဖော်ပြမည်။)
(ကလျာ မဂ္ဂဇင်းပါ စာရေးဆရာမ ဂျူး၏ မြစ်ကူးခရီး ကို ထပ်ဆင့် ကူးယူဖော်ပြပါ
သည်။)

Sep 25, 2008

မြစ်ကူးခရီး (ပထမပိုင်း)

ရေးသူ- ဂျူး

scan0009.jpg

ကြယ်ပုံစံ အ၀ါရောင် မြေကပ်ပန်းပွင်းများကို မြင်ရပြီ။ မြို့ကြီးမှာ မရှိသည့် ပန်း
များ။ ကျွန်မ ခြေဖ၀ါး အောက်က အရာသည် မြစ်ကြမ်းခင်းတစ်ခု ဖြစ်ခဲ့ဖူးသည်။
မြင့်မားသော ရေလှိုင်းများ၊ ကမ်းကို မမြင်နိုင်လောက်အောင် ကျယ်ပြန့်သည့်
မြစ်ပြင်။ အခုတော့ ကုန်းမြေ တစ်ခုပေါ့။

ကဗျာတစ်ပုဒ်ကို စိတ်ထဲက သတိရမိသည်။
လူ့ကိုယ်ခန္ဓာတွင် ၉၀ ရာခိုင်နှုန်းက ရေဓါတ်ဖြစ်သည်။ အဲဒီအချက်က တခြား
သောအရာတွေထက် ပိုဂမ္ဘီရ ဆန်သည်။ ထို့ပြင် ရေဆုတ် ရေတက် နိယာမများ
ကို ဖီဆန်နိုင်စွမ်း မရှိ။ ဒါဖြင့် သမုဒ္ဒရာတွေကို ရွေ့လျား စေနိုင်သည့် “လ”သည်
ကျွန်မတို့ လူသားတွေကိုလည်း တက်စေ ကျစေနိုင်မှာ ပေါ့။ ဒါကြောင့်ပဲ ကျွန်မ
တို့သည် နေ့အခါ မြို့ကြီးတွေဆီ လျှံကျကြ။ ထူထပ် ရှုပ်ထွေးသည့် လမ်းတွေ
ဆီ စီးဆင်းရင်း အခြား ခန္ဓာကိုယ်များကို ဖြတ်သန်းခဲ့ကြ။ ကျွန်မတို့ အလုပ်လုပ်
ရာ မှန်အဆောက်အဦး မြင့်မြင့်တွေထဲ ကျွန်မတို့ ကိုယ်ခန္ဓာတွေဖြင့် သွန်းလောင်း
ဖြည့်။

ညနေ အမှောင်သန်းသည့်အခါ လာရာ လမ်းတွေဆီ ပြန်ဆုတ်ခွာ ခဲ့ကြ။ ကမ်းကို
ပြေးရိုက်ပြီး ပြန်စီးလားသည့် ရေလှိုင်းတွေလိုပဲ မြစ်သွယ် ကွန်ကရစ်များဆီကနေ
ဆင်ခြေဖုံးတွေဆီ ပြန်ဝင်ကြ။ အက်တလန်တစ် သမုဒ္ဒရာ နောက်တစ်ကြိမ် အထီး
ကျန် တိတ်ဆိတ်ရ။

ဒါကြောင့်ပေါ့။ သူတို့ ရလာတဲ့မြေကို အကုန် ပြန်ဆုံးရှုံး ကြရတဲ့ ဘယ်ကိုမှမရောက်
သည့် ကဗျာတွေကို ကျွန်မတို့ ရေးသား နေကြသည်။ ဒါကြောင်ပဲပေါ့။ ကျွန်မတို့၏
ရေဆာ ငတ်မွတ်ခြင်းကို ကျွန်မတို့၏ ဆန္ဒတွေကို ဘယ်တော့မှ မမှတ်မိကြတော့။
ဂျနီဖာဂရက်ရှန်၏ ကဗျာ။




ကျွန်မ ကိုယ်ခန္ဓာမှာ ကိုးဆယ်ရာခိုင်နှုန်းက ရေတွေတဲ့။
မြစ်ရေပြင် ဖြစ်ခဲ့ဖူးသော ကုန်းမြေတစ်ခု ပေါ်မှာ ကျွန်မ လမ်းလျှောက် နေခဲ့ပါ
လားဟု တွေးမိလျှင် မှော်အတတ်ဖြင့် စီရင်ထားသည့် ခြေလှမ်းများလိုလို ကိုယ့်
ကိုယ်ကို ထင်မိ၏။ နှစ်ပေါင်းရာနှင့် ချီသည့် ကာလတွေတုန်းက မြစ်ပြင်။ ဧရာဝတီ
ကုန်းမြေပေါ် လမ်းလျှောက်နေသူက ကျွန်မ တစ်ယောက်တည်း မဟုတ်။ လေး
ယောက် ငါးယောက်။ လေးကောင် ငါးကောင်၊ ၀န်တင်လှည်းတပ် နွားတွေ။ ကျွန်မ
၏ဘေးမှာ ဖြတ်သန်းသွားနေသည်။ လှည်းဘီးတွေဖြင့် အထပ်ထပ် ကြိတ်ဖိခံရ
သော မြေသည် နုညက်သော ဖုံတွေ ဖြစ်နေပြီး သဲတွေရောလျက် လေ ခပ်ကြမ်း
ကြမ်းအဝှေ့တွင် အလုံးလိုက်တက်လာသည့်အခါ ကျွန်မ၏ ဆံပင်တွေပေါ် ကပ်
ငြိ ဖွာလွင့်သွားရုံသာမက နှုတ်ခမ်းဆီမှာ ခပ်ရှရှ သဲမှုန့်အတွေ့ကိုပါ ရသည်။

မြေပြင်သည် သဲသောင်မဟုတ်။ သစ်ပင်ကြီးတွေ ပေါက်သော ကုန်းမြေပြင်
ဖြစ်သည်။ ရွာတွေ တည်ထောင်ထားသည့် မြေဖြစ်သည်။ မြေနုကျွန်းဟုတောင်
ခေါ်နိုင်ပါဦးမလား။ မြေရင့်ကျွန်းဟု ခေါ်လျှင် မှန်မည်လား။ ဆူးချုံတွေဖြင့် စည်း
ရိုးကာထားသည့် တလင်းမာမာ အိမ်ဝိုင်းတွေထဲမှာ ကြက်တွေ နွားတွေရှိသည်။
အခွံကနေ ဆွဲလှန်ပြီး စုစည်းကာ အခြောက်လှန်းထားသည့် အတန်းလိုက် ပြောင်း
ဖူးခြောက်တွေက အိမ်တွေကို ခြယ်သ ထားသလိုပဲ။

လမ်းသည် လှည်းလည်းသွားပြီး လူလည်းသွားသည်။ ကျဉ်းကျဉ်းလေးပါပဲ။ မျက်
နှာချင်းဆိုင်မှာ လှည်းတစ်စီး လာနေသည်။ နွားနှစ်ကောင်က ကျွန်မနှင့် တည့်
တည့်။ ကျွန်မဘေးကို ကပ်ပေးဖို့ မြေပြင်မရှိ။ သည့်ထပ် ထပ်ကပ်ပေးရလျှင်
အနီးက ခြံစည်းရိုးအခြေကို နင်းမိတော့မည်။ သို့သော် ခြံစည်းရိုးက ဆူးနှင့် နွား
ဦးချို နှစ်ခုမှာ တစ်ခုပဲ ရွေးရမည် ဆိုလျှင် ဆူးကို ရွေးပါမည်။ ကျွန်မ၏ ဖိနပ်က
အမြင့်မို့ ဆူးမဖောက်နိုင်။

ကျွန်မဘေးမှာ ကိုယ်ဝန်ဆောင် မိန်းကလေးက စကား တတွတ်တွတ်ပြောလာ
သည်။ မိန်းကလေးက ဖိနပ်မပါ။ အားနာဖို့ ကောင်းပါသည်။ ကျွန်မ၏ ခေါင်းထက်
က နေသည် စူးစူးရဲရဲ ပူပြင်းသည်။ အောက်က ခြေဖ၀ါးပြင်သည် သဲထဲသို့
နစ်နစ်ပြီး ၀င်သဖြင့် ရုန်းပြီး နင်းရသည်။ ခြေလှမ်း တစ်လှမ်း စာကို နှစ်လှမ်းစာ
မက ပင်ပန်းသည်။ ရှေ့နားဆီမှာ လှေဆိပ်မှ ဆင်းလာသော မိသားစုတစ်စု
လျှောက်လာနေသည်။ ကလေးအငယ်ကလေးကို မိခင်က ခါးထစ်ခွင်ချီထားသည်။
ကလေးအကြီးက မိခင်နောက်မှ တစ်လှမ်းချင်း လိုက်ပါ လမ်းလျှောက်နေသည်။
ဖခင်က ဌက်ပျောသီး တစ်ခိုင်ကို ပခုံးမှာ ပုဆိုးခေါက်ခုလျက် ထမ်းလာသည်။
ပုလွေသံ တစ်ခုကို ကြားရသည်။ ပုလွေမှုတ်သူကို မမြင်ရ။ ဌက်အော်သံတွေ
ကို ကြားရသည်။ ဌက်တွေကို မမြင်ရ။ သစ်ပင် အကိုင်းအခတ် အရွက်တွေထဲ
မှာ မြုပ်နေမှာပေါ့။ အရွက်သေးသေး မာမာပြောင်ပြောင် ဘာရွက်ပါလိမ့်။ ပင်စည်
ကို ကြည့်တော့လည်း ဘာပင်မှန်း မသိ အရွက်ကို မော့ကြည့်တော့လည်း ဘာပင်
မှန်း မသိ။ အရွက်တွေကို ငယ်စဉ်က နာမည်ရေးမှတ်လျင် စာအုပ်ကြားထဲ ညှပ်ခဲ့
မှတ်ခဲ့ဖူးသည်။ အထူးဆန်းဆုံး အရွက်မှာ စွယ်တော်ရွက်၊ အလှဆုံးအရွက်မှာ
ဗောဓိညောင်ရွက်။

ဧရာဝတီမြစ်ပြင်၏ အကျယ်ဆုံးနေရာ ဘယ်နေရာလဲ မသိသော်လည်း ကျွန်မ
လျှောက်နေရသည့် မြေပြင်ကျယ်ကြီးသည် ဧရာဝတီမြစ်မှ သောင်ထွန်းလာသော
မြေပြင်ကျယ်ကြီး ဖြစ်သည်။ နှစ်မိုင်လောက်များ ရှိပြီလားဟု မောမောပန်းပန်း
တွေးမိသည်။ သည်လောက်တောင် မြစ်ကြီးက ပြောင်းလဲသွားခဲ့သတဲ့လား။ လွန်ခဲ့
သည့် ဆယ်နှစ်က မြစ်ကမ်းစပ်ကို ရောက်ဖို့ ခြေလှမ်းတွေ သည်လောက် မဝေးပါ
ဘူး။ အခုတော့ ဝေးလှချည်လား။ ရေမမြင်ရ။ ရေအနံ့ကိုတော့ ရသည်။ ရေအနံ့
သည် ခပ်စိမ်းစိမ်း၊ စိုစိုစွတ်စွတ်လေက သယ်ဆောင်လာသည်။ ဘယ်မှာလဲ မြစ်
ကမ်းစပ်။ ဘယ်မှာလဲ မြစ်ရေပြင်။ ၀ါးစို အနံ့ပါသည်။ ရွာရိုး အပြင်သို့ ခြေလှမ်း
လှမ်းလိုက်သည်နှင့် သဲပြင်ကျယ်ကြီးကို တမျှော်တခေါ် မြင်ကွင်းကျယ်ကျယ် မြင်
ရတော့သည်။ ရွာမရှိ အိမ်မရှိ။ ကိုင်းခင်း မရှိ။ လောကတစ်ခွင်လုံး သဲပြင်။ ထိုသဲပြင်
မှာ ခြေလှမ်းလှမ်းရ ပိုခက်သည်။ သို့သော် မြစ်နှင့် နီးပြီဟု သိလိုက်၏။

မြေကြီးသည် သဲပြင်သက်သက်။ သဲလှိုင်းတို့သည် တစ်ပေခန့် မြင့်မားသည်။
ကောင်းကင်သည် ပြာလွင်နေ၏။ ပြာလွင်သော ရေပြင်ကျဉ်းကျဉ်းကို မြင်ရပြီ။
လှည်းအိမ်မှ ဖြုတ်ထားသော နွားတွေသည် သဲပြင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်
နေကြသည်။ နွားတွေ၏ လည်ဂုတ်မှာ ထမ်းပိုးရာဖြင့် အသားမာတက်ပြီး ကြမ်း
တမ်းနေသည်။ အရေပြားအရောင်နှင့် မတူပဲ စိမ်းပြာပြာ ညိုပြာပြာ ဖြစ်နေသည်။
လှည်းနှစ်စီးကတော့ ရေစပ်မှာ။ ထိုလှည်းတွေကို ဆွဲရသည့် နွားတွေ မနားရဘဲ
ဝါးစို တွေကို လှည်းပေါ်သို့ တစ်ကြိမ်ထမ်းတင်တိုင်း လည်ဂုတ်ညွတ်လျက် မတ်
တတ်ရပ် နေကြသည်။ ခပ်လှမ်းလှမ်းမှာ နောက်ထပ် လှည်းတစ်စီး။ ကြိုးတုတ်
ထားသော ၀က်တွေကို လှည်းပေါ်မှ မော်တော်ပဲ့ထောင်ပေါ်သို့ တင်ချ နေကြ
သည်။ ထိုလှည်း၏ ထမ်းပိုးကို ထမ်းထားရသည့် နွားတွေကတော့ ၀က်တစ်ကောင်
လျော့သွားတိုင်း လည်ဂုတ်သား အလေးချိန် လျော့သွားတာမို့ သက်သာရာ
ရပေမည်။


(ဆက်လက် ဖော်ပြမည်။)
(ကလျာ မဂ္ဂဇင်းပါ စာရေးဆရာမ ဂျူး၏ မြစ်ကူးခရီး ကို ထပ်ဆင့် ကူးယူဖော်ပြပါ
သည်။ စာအိတ်မှတဆင့် လက်ခံရရှိသောကြောင့် စာရွက်သား သက်သက်ဖြစ်ပါ
သည်။ မဂ္ဂဇင်းထုတ်သော လနှင့် ခုနှစ် ရှာမတွေ့ပါ။ အကြောင်းကြောင်းကြောင့်
စာရေးသူထံမှ တိုက်ရိုက်ခွင့်ပြုချက် မယူနိုင်ခဲ့မှုကို တောင်းပန် ပါသည်။)

Sep 24, 2008

ပထမဆုံး နောက်ဆက်တွဲများ


ရေးသူ- အောင်ခင်မြင့်
(ရယ်စရာ မောစရာ ဘ၀အတွေ့အကြုံ)


(အကိုကြီး ကိုအောင်သာငယ် စလိုက်တဲ့ ဘ၀ တစ်ခုရယ့် ပထမဆုံး ဇာတ်လမ်း
က မပြီးသေးဘဲ နောက်ဆက်တွဲတွေ တက်လာ ပါတယ်။ ဒီနေရာမှာ ကျနော့်
သဘောက တော်ကြာ ရေးနေရင်နဲ့ အတ္တုပ္ပတ္တိ သဘော ဖြစ်နေမှာလည်း ဆိုးမိ
ပါတယ်။ ကျနော်ကတော့ ရယ်စရာ မောစရာ ပျော်စရာ တစ်ခုအဖြစ် ဆက်လက်ပြီး
တင်ပြလိုက် ပါတယ်။)

ပထမဆုံး ဖတ်ဖူးသော ရုပ်ပြ စာအုပ်- မျောက်သုံးကောင် (ကာတွန်း
သော်က။)
ပထမဆုံး ပစ်ဖူးသော သေနတ်- ဘုရားဈေးက ၀ယ်လာတဲ့ ၀ါးသေနတ်။
ပထမဆုံး ကစားဖူးတဲ့ ကစားနည်း- တူတူပုန်းတမ်း။
ပထမဆုံး ရုပ်ရှင်ကြည့်တဲ့ နေရာ - “တုံချမ်” လို့ ခေါ်တဲ့ တွန်းလှည်းကြီး
ပေါ်မှာပါ။ အဲဒါကို ကလေး ရုပ်ရှင်ရုံလို့လည်း ခေါ်ပါတယ်။ တစ်လမ်းဝင်
တစ်လမ်းထွက်နဲ့ လိုက်ပြတဲ့ ရုပ်ရှင်ရုံ တွန်းလှည်းပါ။ သံဘော်ဒီနဲ့ လုပ်ထား
ပြီး အောက်ခံ တွန်းလှည်းပေါ် တင်ထားပါတယ်။ တစ်ခါ ကြည့်ရင် ကလေး
၁၀- ယောက်လောက် ကြည့်လို့ ရပါတယ်။ နေလုံ မိုးလုံ ရုပ်ရှင်ရုံ အသေးစား
ပါ။ ရုပ်ရှင်ပြ သမားက တိတ်ခွေကိုလက်တဖက်နဲ့ လှည့်ပြီး၊ သူ့ပါးစပ်က အသံ
မျိုးစုံ ထွက်ပြ ရပါတယ်။ တီးလုံး အနေနဲ့ ကြေးလင်ပန်းကို ကျန်လက်တစ်ဖက်
နဲ့တီးလိုက်ရင် “ချမ်” လို့ အသံထွက် လို့ “တုံချမ်” လို့ ခေါ်တာပါ။ ၈၈ ခုနှစ်
နောက်ပိုင်းမှာ အဲဒါမျိုး ပျောက်ကွယ်သွားပါတယ်။ အရင် မဆလ ခေတ်က
မွေးတဲ့ သူတွေကို မေးကြည့်ပါ။ ဇာတ်လမ်းက အစ အဆုံး မပြပါ။ ကောင်းကွက်
တွေကို ရွေးပြီး မိနစ် ၂၀ သို့မဟုတ် နာရီဝက်လောက်ဘဲ ပြပါတယ်။




ပထမဆုံး အစအဆုံး ကြည့်ဖူးတဲ့ ရုပ်ရှင်- လေလွင့်လိပ်ပြာ (သရဲကားပါ။)
မဆလ ခေတ်တုန်းက မော်ကွန်းရုပ်ရှင်လို့ ခေါ်တဲ့ အစိုးရ အစီအစဉ်နဲ့ ဆင်
ခြေဖုံး ရပ်ကွပ်တွေမှာ လိုက်ပြပါတယ်။ အဲဒီ သရဲကား ကို ကြည့်ပြီး ညဘက်
အိမ်သာ သွားရင် “ရဲရဲတောက် တို့ဗမာတွေ သတ္တိခဲတွေ … ရာဇတ်ဝင်ထွန်း
တောက် .. အောင်စွမ်းနေ … ” စစ်သီချင်း အော်ဆိုပြီး အိမ်သာ ကို သွားခဲ့
ပါတယ်။ ကြောက်လို့ အသံပေးပြီး အိမ်သာ တက်ခဲ့တာပေါ့။
(နောက်ပိုင်း သရဲကားတွေကို မဆလ အစိုးရက ပိတ်ပင်ခဲ့ပါတယ်။)

ပထမဆုံး နားထောင်ဖူးသော ကတ်ဆက်ခွေ ဇာတ်လမ်း- ဗိုလ်အောင်ဒင်။
(“ဒီမယ် ရာမ ဗိုလ်လုပ်ချင်တဲ့ ကောင်ဆိုတာ သေနတ်ကို ဒီလို ပစ်တတ်
ရတယ်” လို့ ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ကော်လိပ်ဂျင်နေ၀င်း က
အသံနဲ့ သရုပ်ဆောင်တဲ့ ဇာတ်လမ်းပါ။)
ပထမဆုံး ဖတ်ဖူးသော နိုင်ငံခြား ၀တ္ထု- Wuthering Height ။
(ကျနော်တို့ ၁၀ တန်း ကျောင်းသား ဘ၀က သင်ရိုး စာအုပ်ပါ။)

ပထမဆုံး ကျောင်းပြေးခြင်း- ဇွန် ၂၁၊ ၁၉၈၈ ခုနှစ်။
ကျနော်တို့ မိသားစုက ကျောင်းမတက်ချင်ရင် အိမ်မှာ အိပ်နေလို့ ရပါတယ်။
ကျောင်းပြေးတာကို လုံးဝ လက်မခံပါဘူး။ အဲဒီနေ့ ကျောင်းပြေးခဲ့တာက
ကျနော့် ဘ၀ကို စတင် ပြောင်းလဲ ခဲ့ပါတယ်။ မှတ်မိသမျှ လွန်ခဲ့သော အနှစ်
၂၀ (ပထမ ပိုင်း) မှာ ဖတ်ကြည့်ပါ။

ပထမဆုံး လုပ်ခဲ့ဖူးသော အနုပညာ -(ဂစ်တာ တီးခြင်း၊ သင်တန်း တက်ခြင်း၊
စင်မြင့်ပေါ်တွင် သီဆို တီးခတ်ခြင်း၊ ၀ယ်ယူ နားထောင်ခြင်း။)
“စစ်တုရင်” ထိုးခြင်း မှ လွဲ၍ ကျနော် ဘာကိုမှ စိတ်မ၀င်စား ခဲ့ပါ။ အချိန်ရှိ
သရွေ့ စစ်တုရင် နဲ့ဘဲ ကုန်ဆုံး ခဲ့ပါတယ်။ ဘောလုံးလည်း မကန်တတ်ပါ။
ခြင်းလုံးလည်း မခတ် တတ်ပါ။ ဂစ်တာတို့ သီချင်းစာအုပ်တို့၊ တိတ်ခွေတို့ ဆို
တာ ကျနော်နဲ့ ဝေးပါတယ်။ အခုမှ သောတရှင် ပရိတ်သတ်ပါ။
ပထမဆုံး နားထောင်ဖူးသော စာပေဟောပြောပွဲ- ဆွမ်းဆန်စိမ်း လောင်းပွဲ
အထိန်းအမှတ်။ (၁၉၉၃ ခုနှစ်၊ သြဘာလမ်း အလယ်ပိုင်း၊ ကျောက်မြောင်း၊
တာမွေမြို့နယ်။ ဟောပြောသူ- ဆရာ တက္ကသိုလ်နေ၀င်း၊ ဆရာ နန္ဒသိန်းဇံ၊
ဆရာကြီး ဦးရွှေအောင်။)

ပထမဆုံး တွေ့ဆုံဖူးသော သတင်းစာဆရာ- တိုးတက်ရေး သတင်းစာ
အယ်ဒီတာဟောင်း အဘ တိုးတက်ရေး သခင်အုံးမြင့်နဲ့ (၁၉၈၈- ၈၉)
ခုနှစ် တွေတုန်းက ဖြစ်ပါတယ်။

ပထမဆုံး နားထောင်ဖူးသော နိုင်ငံရေး တရားပွဲ- ကိုမိုးသီးဇွန်။
(ဇွန် ၂၁၊ ၁၉၈၈ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် ပင်မ။)

ပထမဆုံး စကားပြောဖူးသော နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်- ဒေါ်အောင်ဆန်း
စုကြည်။ (ဒေါ်ခင်ကြည် ဈာပန၊ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ။)

ပထမဆုံး ပါဝင်ဖူးသော အစည်းအရုံး - မ.က.ဒ။ ဒေါက်တာမောင်မောင်
လက်ထက်မှာ လက်ရှိ အဖမ်းခံနေရဆဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်း
ဆောင် ကိုမင်းဇေယျာကြီးနဲ့ ကိုဌေးကြွယ်တို့ ဦးဆောင်တဲ့ (မြန်မာနိုင်ငံ
လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့)။
စစ်တပ် အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာ အ.က.သ (အခြေခံပညာ
ကျောင်းသားများ သမဂ္ဂ၊ ရန်ကုန်တိုင်း။) မှာ ဆက်လက် ပါဝင် ခဲ့ပါတယ်။

ပထမဆုံး စိတ်လှုပ်ရှားဖွယ် ဖြစ်ရပ်- ကျနော်ရေးထားပါတယ်။
(မှတ်မိသမျှ လွန်ခဲ့သော အနှစ် ၂၀၊ တတိယပိုင်း နဲ့ စတုတ္ထပိုင်း ။)

လာဖတ်သူ အားလုံးလည်း ဒီလောက်ဆို ကျေနပ်မယ်လို့ ထင်ပါတယ်။
အရင်က တင်ပြထားတဲ့ “ပထမဆုံးများ” ကို ဒီနေရာက နေ ပေါင်းဖတ်လိုက်
ရင် ကျနော့်ရဲ့ ပထမဆုံးတွေ ပြည်စုံပြီလို့ ထင်ပါတယ်။

Sep 22, 2008

ပထမဆုံးများ


ရေးသူ- အောင်ခင်မြင့်
(ရယ်စရာ မောစရာ ဘ၀အတွေ့အကြုံ)


အကိုကြီး ကိုအောင်သာငယ် Tag လိုက်တော့ ရေးရတော့မှာပေါ့။ ကိုယ့်
အကြောင်း ကိုယ်ရေးရင် မကောင်းတာတွေ ပါမှာလည်း နည်းနည်းတော့
လန့်မိပါတယ်။ ရယ်စရာ ပျော်စရာ တစ်ခုလို သဘောထားပြီး ကျနော့်
ရယ့် ပထမဆုံးများကို ဖော်ပြလိုက်ပါတယ်။

ပထမဆုံး တက်ရသည့် ကျောင်း- အ.မ.က (၇) ဗဟန်း
ပထမဆုံး တက်ရသည့် အတန်း- သူငယ်တန်း(က) (နှစ်ခန်းဘဲ ရှိပါတယ်။)
ပထမဆုံး အတန်းပိုင် ဆရာမ- ဒေါ်မြကျင်

ပထမဆုံးသော သူငယ်ချင်း(ယောင်္ကျားလေး)- မျိုးဇော်ဝင်း (ပုရွတ်ဆိတ်လို့
ကျနော်က ခေါ်ပါတယ်။ သူ ငယ်ငယ်တုန်းက ခန္ဓာကိုယ် တအားသေး ပါ
တယ်။ ကျနော်တို့ခေတ်က မူကြို ခေတ် မစားပါ။ ထိုကြောင့် သူရော ကျနော်
ပါ အသက် ၃၊ ၄ နှစ်အရွယ် ကတည်းက အကို အမများ တက်သည့် မူလတန်း
ကျောင်းတွင် ကျောင်းပျော် ကျောင်းသားများ အနေဖြင့် ကြိုတင် တက်ခဲ့ဖူး
ပါတယ်။)
ပထမဆုံးသော သူငယ်ချင်း(မိန်းကလေး)- သိပ်မမှတ်မိတော့ပါ၊ ခင်မင် ရင်း
နှီးခဲ့သော သူငယ်ချင်းများစွာ ရှိခဲ့ ပါတယ်။

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာအုပ်- သူငယ်တန်း ဖတ်စာ။
ပထမဆုံး ဖတ်ရသည့် စာအုပ် (မှတ်မိသမျှထဲက) - ပြန်စဉ်းစာကြည့်တော့ စာ
အုပ် (၃) အုပ် ရောထွေးနေပါတယ်။ လိုက်ခဲ့တော့ မြနန္ဒာ (ဆရာမြသန်းတင့်)၊
ယောနသန်ဇင်ယော်(ဓမ္မိက ဦးဘသန်း)၊ ကျူရိုးရှင် (ရေးသူအမည် မမှတ်မိပါ။)




ပထမဆုံး ရဖူးသော ဆု - ဒုတိယဆု (ရန်ကုန်တိုင်း၊ မိုးရာသီ အသက် ၁၄ နှစ်
အောက် ကျောင်းပေါင်းစုံ စစ်တုရင် ပြိုင်ပွဲ။ ကြွားတယ်လို့ မထင်ပါနဲ့ ဗျာ။ ဒါလေ
ဘဲ အမှတ်တရ ရဖူးပါတယ်။)
ပထမဆုံး ရဖူးသော လက်ဆောင် - သကြားလုံး အထုပ်ကြီး (ခရစ်စမတ် လက်
ဆောင်အဖြစ် ဘုရားကျောင်းမှာ ပေါက်တဲ့ မဲပါ။ အခု ကျနော် ဗုဒ္ဓဘာသာ
ဝင် ပါ။)

ပထမဆုံးအကြိမ် ထီပေါက်ခြင်း (ချဲထီ)- 8888 တော်လှန်ရေး ကာလ အတွင်း
၉၁၆ ဆိုတဲ့ ဂဏန်းနဲ့ ချဲထီ ပေါက်ပါတယ်။ အလျော်မရပါ။ ချဲဒိုင် ထွက်ပြေးသွား
လို့ပါ။
ပထမဆုံးအကြိမ် ဘောလုံးပွဲလောင်းခြင်း - မြန်မာနဲ့ ကမ္ဘောဒီယား ကစားပွဲဖြစ်
ပါတယ်။ မြန်မာရှူံး သွားပါတယ်။ ၃ ဂိုး ၀ ဂိုးနဲ့ပါ။ ကျနော့်ရှိသမျှလည်း ကုန်တာ
ပေါ့ ဗျာ။

ပထမဆုံး ရောက်ဖူးသော အခြားမြို့ - လှည်းကူး။ (လှည်းကူးက ရန်ကုန်တိုင်းပါ။
သို့ပင်မဲ့ ကျနော်တို့ ငယ်ငယ်တုန်းက သွားရေးလာရေး ခက်ပါတယ်။ အဝေး
ပြေး ကားဂိတ်က လသာလမ်းမှာ ရှိပါတယ်။ အဲဒီက ဘတ်စ်ကားတွေ မနက်
၁၀ နာရီလောက် စထွက်ရင် ဟိုနေရာဝင် ကုန်တင်လိုက်။ ဒီနေရာဝင် ကုန်တင်
လိုက်နဲ့ လှည်းကူးကို ညနေ ၄ နာရီလောက်မှ ရောက်ပါတယ်။ အမေ့ ဇာတိပါ။)

ပထမဆုံး ရောက်ခဲ့သော နိုင်ငံခြား- ထိုင်းနိုင်ငံ။
ပထမဆုံး သောက်ဖူးသော ဆေးလိပ် - နွားတံဆိပ် ဆေးပေါ့လိပ်။
ပထမဆုံး ထိုင်ဖူးသော လက်ဖက်ရည်ဆိုင်- ခရေရိပ်။ ရန်ကင်းမြို့နယ် အ၀ိုင်း
လေး ရဲတပ်ရင်း မရောက်ခင် ဆရာစံလမ်းမပေါ်မှာ ရှိခဲ့ဖူး ပါတယ်။

ပထမဆုံး သောက်ခဲ့သည့် အရက်- ဘီအီး အရက်ဖြူပါ၊ လစ်ပိုနဲ့ ရောပြီး
သောက်ခဲ့ပါတယ်။ တာမွေလမ်းဆုံ က “ပွိုင့်” ဆိုင်မှာ ဖြစ်ပါတယ်။ ဆယ်
တန်း စာမေးပွဲ နောက်ဆုံးဘာသာ ဖြစ်တဲ့ Bio (ဇီဝဗေဒ) ဖြေပြီးတဲ့ နေ့
ကပါ။
ပထမဆုံး ၀င်ငွေရှာသော အလုပ်- စကော့ဈေး (ဗိုလ်ချုပ်ဈေးအဟောင်း)က
E ရုံးမှာ ဆယ်တန်း အောင်ခါစက ကားအတွင်း ပလပ်စတစ် အမဲရောင် ကပ်
တဲ့ အလုပ်။ အဲဒီ ပလပ်စတစ် အမဲရောင် ကပ်ထားရင် ကားထဲကို မမြင်ရလို့
မယားငယ်မှန် ကပ်တဲ့ လုပ်ငန်းလို့ ခေါ်ပါတယ်။
ပထမဆုံး ရဖူးသော လစာ- တစ်ထောင်ကျပ်။ အဲဒီခေတ်တုန်းက တရုတ်တန်း
က “စိန်ဂေဟာ” တို့၊ “ဆင်မင်း”တို့လို စတိုးဆိုင်ကြီးမှာ လုပ်တဲ့သူတောင်
တစ်လကို ၈၀၀၊ ၉၀၀ လောက်ဘဲ ရပါတယ်။

ပထမဆုံး သီဆိုသော သီချင်း- ဦးရှင်ကြီး နတ်ပင့်တဲ့ သီချင်း ဖြစ်ပါတယ်။ အတန်း
ထဲက ခပ်စွာစွာ ကောင်မလေးတစ်ယောက်ရယ့် အိမ်မှာ အိမ်ဌားအဖြစ် ဦးရှင်ကြီး
နတ်တင်တဲ့ အဘိုးအိုမိသားစု ဌားနေပါတယ်။ သူတို့ အိမ်ရှေ့မှာ “ဦးရှင်ကြီး
တင်သည်” လို့ ဆိုင်းဘုတ်ချိတ်ထားလို့ အဲဒီကောင်မလေးကို နောက်ချင်တာ
နဲ့ ဦးရှင်ကြီး နတ်ပင့်တဲ့ သီချင်းကို အလွတ်ကျက်ခဲ့တာပါ။

ပထမဆုံး ရင်ခုန်မှု - မန္တလေး သင်္ကြန်ပွဲတစ်ခုမှာ တော်တော်မြင့်တဲ့ ရေကစား
စင်မြင့်ပေါ်က ရေလှမ်းပက်တဲ့ မျက်မှန်တပ်ထားသော ကောင်မလေး
တစ်ယောက်ပါ။
ပထမဆုံး ရေးခဲ့သော ရည်စားစာ- ကျနော်ရေးတော့ ရေးခဲ့ပါတယ်။ မပေးဖြစ်
ခဲ့ပါ။ ရည်စား စကားတော့ ပြောခဲ့ပါတယ်။ ကျနော့်ကို လက်ခံနိုင်မလား… ။

ပထမဆုံး ရေးသော ကဗျာ- အုန်းသီးထဲကို ထောက်ခံမဲ ဘယ်လို ရောက်လဲ
ပထမဆုံး ဘလော့ပို့စ် - တိုးတက်လာတဲ့ မြန်မာ့ ရုပ်ရှင်


Sep 21, 2008

“မိမိကိုယ်ကို မဲဇာသို့ပို့ခြင်း”

ရေးသူ- ဒဂုန်တာရာ

zzimage_mini.jpg

တရံရောခါ
ရာဇာသေနင်း၊ ရွှေစိတ်တော်နှင့်
ခန့်မသင့်၍၊ ဘုရင့်အာဏာစက်
လက်ဝဲသုန္ဒရ၊ မင်းခ ကဗျာဆရာ
မဲဇာသို့ ပို့လိုက်သတည်း။

ငါ တစ်မူကား
မည်သူကမျှ၊ အမိန့်မချ
မိမိဆန္ဒဖြင့်၊ မြို့ပြမှ ခွာ
မဲဇာသို့ သွားနေလိုက်သည်။

ခေတ်သစ်မဲဇာ
ထိုနေရာကား၊ ကတ္တရာလမ်းမှ
ဝေးကွားလှလျက်၊ လယ်ကွင်းတစ်ဘက်
တစ်ဘက်မှာတော၊ တောင်တစ်ကြောနှင့်
အပြောကျယ်စွာ၊ ကောင်းကင်ပြာနှင့်
ဘယ်မှာကြည့်လေ၊ စိမ်းမြကြွေနှင့်
ရေကန်အတွင်း၊ နေနှစ်စင်းတည်း
ထွက်စပုလဲ၊ ၀င်ကရွှေဝါ
နေစကြာ၊ လစကြာ၊ ရေကန်သာတွင်
ဖန်လွှာ မှန်လွှာ၊ ရေကန်သာတွင်
စကြာမှန်ပြောင်း လှည့်လည်လျက်။




ကြယ်၊ လ၊ နေနှင့်
ရေမြေကောင်းကင်၊ သစ်ပင်တောတောင်
အမှောင် အလင်း၊ နဂိုရင်းဖြင့်
ဖုံးခြင်းမရှိ၊ ကွယ်ခြင်းမရှိ
ပကတိအဖြစ်၊ ရိုးဖြောင့်လှစ်ပြ
အစစ်အမှန်၊ အရိုးခံလျှင်
သဘာဝ၏ ဟန်အတိုင်း။

တစ်နေရာတွင်
ရှေ့မှာလယ်ကွင်း၊ ရေဆင်းချောင်းစပ်
ကွေ့ပတ်ခွေရစ်၊ လှိုင်မြစ်သို့ထွက်
လယ်ကွက် ကန်သင်းကြား၊ ဖြတ်သန်းသွားရာ
ငါးများခုန်ထွက်၊ ဂဏန်းတက်ကြ
ရေစအိုင်နား၊ ချဉ်ပေါင်ခါးပြင်
လယ်ကန်စွန်းပင်၊ စားချင် ခူးသွား
ဖထီးစကား၊ ကြားရလေပြန်
သူ့ ဆီးခြံအပေါက်ဝ၊ တစ်ခေါ်လောက်ဝေး
ရွှံ့စေးလမ်းမှ၊ လျှောက်ခဲ့ရသည်
အေးချမ်းပေစွ။

မိုးသက်လေဆင်
ရေပြင်လယ်ကွင်း၊ ရွှေရောင် ငွေရောင်
မြရောင် စိန်ရောင်၊ တိမ်တောင် ရိပ်ထင်
စိမ်းမျှင်စန၊ မြတုံးမျှောတင်
နေ့တွင် ဖိတ်လက်၊ ညတွင် မှိုင်းမြ
လမှုန်၊ ကြယ်မှုန်၊ စံပယ်စုံ ကန်စွန်းငုံ
ဖြူငုံလူးလွန့်
ရေတွင်ကူးခပ်၊ တဖျတ်ဖျတ်တည့်
ရေစပ်လယ်ခင်း၊ ဖြူဖွေးကြွ။

ကောက်စိုက်ချိန်တွင်
ရေပြင်ဖွေးဖွေး၊ မိုးရိပ်ပြေးလွှား
နေ့စားလုပ်သား၊ ကောက်စိုက်သမများ
လှုပ်လှုပ်ရွရွ၊ ထဘီတိုမ
ဂဒူးဆောင်းကြ၊ ခမောက်ဆောင်းကြ
ကားချပ်ခြယ်သ၊ ဘ၀ရသ
လှပပေစွ။

နေ့အခါတွင်၊ ဟင်းလင်းပြင်မို့
လေထန်းပြင်းပြင်း၊ ရိုက်ခတ်ထုတ်ချင်း
နှုတ်သီးကောက်စွ၊ မြေမွခြစ်ကာ
အစာရှာကြ၊ အော်မြည်ကြနှင့်
ဘဲတစ်မလည်း၊ ရေစချောင်းတိမ်
မြည်ကျူးသံယှက်၊ ကြက်သံ ဘဲသံ
ညယံတွင်ကား၊ ဖားအော်သံကား
ပိုးမွှားပုစဉ်းသံ၊ ပရစ်သံတို့
တစ်ယံမဆိတ်၊ တောသံခိပ်မှာ
သာယာပေစွ။

ဤမဲဇာကျွန်း
စခန်းသာမော၊ ကျေးလက်တောတွင်
ငါလျှင် မွေ့ပျော်၊ တစ်ကိုယ်တော်တည့်
ရေးဖော် မရှိ၊ ဖတ်ဖော် မရှိ
ဝေဖန်သူ မရှိ၊ တိုက်ခိုက်သူ မရှိ
အမိန့် မရှိ၊ လျှောက်လွှာ မရှိ
ငါ့ကို မသိ၊ ငါ့စာ မသိ
အမုန်း မရှိ၊ စစ်ပွဲ မရှိ
ပကတိထင်ဟပ်၊ စိမ်းရိုင်းလတ်ဆတ်
လွတ်လပ်နယ်မြေ၊ ငြိမ်းချမ်းမြေ။ ။


၃ - ၇- ၈၆
(မိုးဝေ၊ သြဂုတ်၊ ၁၉၈၆)
(စံပယ်ဖြူ မဂ္ဂဇင်း၊ အမှတ် ၉၊ စက်တင်ဘာ ၂၀၀၃၊ ဆရာကြီး ဒဂုန်တာရာ၏
“မုန်းသူ မရှိ၊ ချစ်သူသာ ရှိ၊ ရန်သူ မရှိ၊ မိတ်ဆွေသာ ရှိ” ဆောင်းပါးမှ ထပ်ဆင့်
ကူးယူ ဖော်ပြပါသည်။ အကြောင်းကြောင်းကြောင့် ဆရာကြီးထံမှ တိုက်ရိုက်
ခွင့်ပြုချက် မယူနိုင်ခဲ့မှုကို တောင်းပန်ပါသည်။)

Sep 20, 2008

Escape from Sobibor


ရေးသူ - စစ်ငြိမ်းဒီရေ
(ရုပ်ရှင် ခံစားမှု)

SobiborMonument01.jpg

အတွေးထဲမှာ ၁၉၈၉ ခုနှစ်လောက်ကနေ ယနေ့အချိန်အထိ ကြိမ်ဖန်များ
စွာ ကြည့်ခဲ့ဘူးတဲ့ ရုပ်ရှင်တစ်ခုကို သတိရမိပါတယ် …

ဇာတ်လမ်းနာမည်က Escape from Sobibor ဆိုတဲ့ နာဇီ အကျဉ်းထောင်
ထဲက ဂျူးတွေ ထွက်ပြေးလွတ်မြောက်တဲ့ ရုပ်ရှင်ကားပါ။ ဒုတိယ ကမ္ဘာစစ်
အတွင်း ဂျူးလူမျိုးတွေကို ချုပ်နှောင်းထားတဲ့ ဂျာမန် နာဇီ အကျဉ်းစခန်း
တွေထဲမှာ အဲဒီစခန်း တစ်ခုဘဲ ဂျူးတွေ ထွက်ပြေး လွတ်မြောက်ခဲ့ဘူးပါတယ်။
အင်တာနက်ပေါ်မှာလည်း ကြည့်လို့ ရပါတယ်။ youtube မှာရှိပါတယ်။
ပြည်တွင်းမှာ နေထိုင်သူတွေ ဆိုရင် ဗွီဒီယိုခွေ အဟောင်းဆိုင်တွေ သို့
မဟုတ် VCD အဖြစ် နိုင်ငံခြား ကားဟောင်းတွေ ပြန်ကူးပေးတဲ့ ဆိုင်မှာ
ရှာဖွေကြည့်ပါ။ တကယ် ဖြစ်ရပ်မှန် ဇာတ်လမ်းပါ။ နှလုံးရောဂါ ရှိရင်တော့
သတိထားပြီး ကြည့်ပါ။ အရမ်းငယ်ရွယ်တဲ့ ကလေးတွေ မကြည့်ရူသင့်ပါဘူး။




ဒီဇာတ်လမ်းထဲက အကျဉ်းသားတွေရယ့် ဘ၀ဟာ ယနေ့ ဆိုးဝါးနေတဲ့ စစ်
အာဏာရှင် လက်အောက်က ကျနော်တို့ မြန်မာပြည်က ပြည်သူတွေရယ့် ဘဝ
နဲ့ ပုံစံတူတယ်လို့ ထင်ပါတယ်။ အဲဒီ နာဇီ အကျဉ်းစခန်းဟာ ပိုလန်နိုင်ငံ
အရှေ့ပိုင်း ယူကရိန်းနဲ့ ဘီလာရုစ် နယ်စပ်နားမှာ ရှိခဲ့ပါတယ်။ ဂျူးလူမျိုးတွေ
ကို အဆိပ်ငွေ့ပေးပြီး သုတ်သင်ရေး စခန်းပါ။ ဂျူးလူမျိုး တစ်သိန်း အဆိပ်ငွေ့
နဲ့ သေဆုံးခဲ့ပါတယ်။ အခြားသော သတ်ဖြတ်မှုနည်းလမ်း မျိုးစုံ အပါအ၀င်
ဂျူးလူမျိုး နှစ်သိန်းခွဲ ဒီစခန်းမှာ သေဆုံးခဲ့ပါတယ်။ အဲဒီစခန်းမှာ အလုပ်သမား
အဖြစ် မသေခင် အလုပ်လုပ်ပေးနေရတဲ့ ဂျူးလူမျိုး ခြောက်ရာနဲ့ ဒုတိယ
ကမ္ဘာစစ်အတွင်း စစ်သုံးပန်းအဖြစ် အဖမ်းခံရတဲ့ ဆိုဗီယက်ရုရှားစစ်သား
တွေ ပူးပေါင်းပြီး ဒီစခန်းက ထွက်ပြေးဖို့ ကြိုးစား ခဲ့တာပါ။

ဂျူးလူမျိုး သုံးရာနီးပါး လွတ်မြောက်ခဲ့ပါတယ်။ ဒီအကျဉ်းစခန်း Sobibor
“ဆိုဘီဘိုအ်” ကို ၁၉၄၂ ခုနှစ် မေလမှာ စတင်ဖွင့် ခဲ့ပါတယ်။ အကျဉ်းသား
တွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ ၁၉၄၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်
နေ့ နောက်ပိုင်းက စပြီး အဲဒီအကျဉ်းစခန်းကို နာဇီဂျာမန် အစိုးရက ပိတ်ပြစ်
ခဲ့ပါတယ်။ ဒီ ရုပ်ရှင် ဇာတ်လမ်း Escape from Sobibor ဟာ ရွှေကမ္ဘာလုံး
ဆုတံဆိပ်ကို ရရှိ ခဲ့ပါတယ်။

ဒီဖြစ်ရပ်မှန် ဇာတ်လမ်းမှာ …
ကမ်းကုန်အောင် ရက်စက်မှုတွေ … …
ဆန္ဒစောမှုနဲ့ သတ္တိကို အလွဲသုံးစား ဆောင်ရွက်မှုတွေ … …
မညီညွတ်မှုတွေ ... ...
ထွက်ပြေးတာ ပြန်မိလို့ ကိုယ်နဲ့အတူတူ အသတ်ခံဖို့ အတွက် အပြစ်မဲ့တဲ့
လူတွေထဲကို သွားရောက် ခေါ်ဆောင်ပုံတွေ ... ...
အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်မှုနဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ နောက်လိုက်
တွေရယ့် အခန်းကဏ္ဍတွေ … …
ထွက်ပြေးလို့ သေနတ်နဲ့ပစ်ရင် သေရမှာ ကြောက်လို့ ငိုတဲ့လူတွေ … …
ထွက်မပြေးဘဲနဲ့ ငူငူကြီး ရပ်နေတဲ့ လူတွေ … …
စခန်းပတ်လည်မှာ ကာရံထားတဲ့ သံဆူးကြိုးတွေကို ခန္ဓာကိုယ်နဲ့ ဖိချပြီး
နောက်ကလူတွေ ပြေးဖို့ အနစ်နာခံသူတွေ … …
ထွက်ပြေးရင် စခန်းအပြင် ရောက်ပြန်တော့ မိုင်းကွင်းထဲမှာ နောက်ကလူတွေ
အတွက် ရှေ့ကနေ အသေခံပြီး ပြေးသူတွေ …. ….
နဲ့
ယနေ့ မြန်မာပြည် စစ်အာဏာရှင် စနစ်ဆိုးအောက်က ဘ၀တွေနဲ့
နှိုင်းယှဉ် လေ့လာနိုင် ပါတယ်။

အဲဒီရုပ်ရှင်ထဲကလို စနစ်ဆိုး တစ်ခုကို တော်လှန်ဖို့ ဘာတွေ … ဘယ်လို
တွေ … … ရှိသင့်တယ် … … ဖြစ်သင့်တယ် … သုံးသပ် နိုင်ပါတယ်။




(ဤမျှသာ။)

Sep 18, 2008

ဆပ္ပဒ အပိုင်း(၂)

ရေးသူ - ပါရဂူ


ဥတ္တရာဇီဝမထေရ်သည် သီဟိုဠ် ဘုရား၊ ပုထိုးများကို လှည့်လည် ဖူးမျှော်
လျက် သာသနာရေးကိစ္စများကို ပြုလုပ်ဆောင်ရွက်ပြီးသောအခါ မြန်မာ
နိုင်ငံသို့ ပြန်ကြွလာသည်။ သို့ရာတွင် သူနှင့်အတူ ပါသွားသော သီဟိုဠ်
ရောက်မှ ရဟန်းဖြစ်သည့် ဆပ္ပဒမှာမူ အပြန်ခရီး၌ ဥတ္တရာဇီဝမထေရ်နှင့်
ပြန်လိုက် မလာတော့ပေ။ ပိဋကတ်စာပေ သင်ကြား ဆည်းပူးရန် သီဟိုဠ်
၌ ကျန်ရစ်ခဲ့သည်။ မိမိတိုင်းပြည် ပြန်သွားပါက အဆွေအမျိုး ကြောင့်ကြ
ဗျာပါဒကြောင့် စာဖြောင့်ဖြောင့် သင်ကြားနိုင်မည် မဟုတ်ပေ။ သီဟိုဠ်၌
ကား လွတ်လွတ်လပ်လပ် စာသင်ကြား လေ့လာနိုင်သည်။ ယင်းစိတ်ကူး
ဖြင့် သီဟိုဠ်၌ နေရစ်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်ကား သီဟိုဠ် ပရက္ကမဗာဟု စိုးမိုး အုပ်ချုပ်နေချိန် ဖြစ်သည်။
ပရက္ကမဗာဟုသည် ဘုန်းလက်ရုံးနှင့် ပြည်စုံသည်။ သူ၏ ရေတပ်သည်
အိန္ဒိယတောင်ပိုင်းနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ် တစ်ခွင်အထိ ကျက်စား
နေလေသည်။

၁၁၆၄ ခုနှစ်၊ နန်းတက်ချိန်မှစ၍ ပရက္ကမဗာဟုသည် ဗုဒ္ဓသာသနာကို
ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်သည်။ သူ့လက်ထက်တွင်
သီဟိုဠ်၌ ဗုဒ္ဓသာသနာ အခြေအနေသည် တိုးတက် ကောင်းမွန်နေ
သည်။ နေပြည်တော်ဖြစ်သည့် ပိုလန္ဒရုဝ ၌ ရဟန်း သံဃာတော်များ
အတွက် ကျောင်းတိုက်များကို အများအပြား ဆောက်လုပ် လှူဒါန်း
သည်။ ရှင်ဗုဒ္ဓဃောသ၏ အဋ္ဌကထာ ကျမ်းများကို ဖွင့်ဆိုသည့် ဋီကာ
ကျမ်းများကို ရဟန်းပေါင်း တစ်ထောင်စုပြီး တစ်နှစ်တည်းဖြင့် အပြီး
ရေးသား ကြသည်။




ပရက္ကမဗာဟုသည် ပုဂံမင်းဆက် ဘုရင်များဖြစ်သည့် နရသူ၊ မင်းယဉ်
နရသိင်္ခ၊ နရပတိစည်သူတို့နှင့် ခေတ်ပြိုင်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဆပ္ပဒ
သီဟိုဠ်ရောက်နေသည်မှာ ထိုခေတ် ထိုကာလ၀န်းကျင် တွင် ဖြစ်သည်။

နိုင်ငံကလည်း အေးချမ်းသာယာနေသည်။ သာသနာကလည်း ထွန်းကား
နေသည်။ ပါဠိပိဋကတ် သင်ကြားလေ့လာမှုကလည်း ပြန့်ပွားခေတ်စား
နေသည်။ ထိုအချိန်၊ ထိုဝန်းကျင်၌ နေရ၍ ဆပ္ပဒသည် ပါဠိပိဋကတ်နှင့်
အဖွင့်အဋ္ဌကထာ ကျမ်းများ၊ ဋီကာကျမ်းများကို သင်ကြား လေ့လာရသည်
မှာ အလွန် အဆင်ပြေနေသည်။ တော်ပေ့ ကျော်ပေ့ဆိုသည့် သီဟိုဠ် ပညာ
ရှင် ရဟန်းတော်များထံ ဆည်းကပ်ပြီး တကယ့်ပညာတတ်တစ်ဦး ဖြစ်
အောင် ကြိုးစား အားထုတ်သည်။ မြန်မာနိုင်ငံတွင် သင်ကြားလေ့လာမှု
မရှိသေးသည့် ကျမ်းစာများကို သင်ကြားသည်။ သီဟိုဠ်ကျွန်း၏ သာသနာ
ရေး ဓလေ့ထုံးစံနှင့် အစဉ်အလာများကိုလည်း မှတ်ယူသည်။ သီဟိုဠ်ကျွန်း
ရှိ ဗုဒ္ဓယဉ်ကျေးမှုနှင့် စေတီပုထိုးများကိုလည်း လေ့လာသည်။

သီဟိုဠ်ကျွန်း၌ ဆပ္ပဒ နေထိုင် သီတင်းသုံးနေသည်မှာ ဆယ်နှစ်ဆယ်မိုး
ကြာသွားပြီ။ အတောင်အလက်လည်း စုံလာပြီ။ ရဟန်းငယ် ဘ၀မှ
မထေရ်ဘ၀ ရောက်လာပြီ။ ပိဋကတ် ကျမ်းစာများကိုလည်း အဠကထာ
ဋီကာများနှင့် တကွ သင်ယူတတ်မြောက်ပြီးလေပြီ။ မိမိဇာတိ နိုင်ငံ၏
ခေါ်သံကို ကြားနေရပြီ။

ဥတ္တရာဇီဝမထေရ် သီဟိုဠ်ရောက်စဉ်က သီဟိုဠ် ရဟန်းတော်များနှင့်
တစ်ပေါင်းတည်း သံဃာ့ကံ သံဃာ့ကိစ္စ ပြုလုပ် ဆောင်ရွက်နိုင်သော်
လည်း သီဟိုဠ်၌ အနေကြာသွားသော ဆပ္ပဒကမူ သီဟိုဠ်သာသနာ
သြဇာလွှမ်းမိုးမှု ခံရပြီး မြန်မာရဟန်းများ အပေါ် အမြင်တစ်မျိုး မြင်လာ
သည်။ မြန်မာနိုင်ငံ ပြန်ရောက်သွားသည့်အခါ ပုဂံပြည်ရှိ ရဟန်းများနှင့်
သံဃာ့ကံ သံဃာ့ကိစ္စတို့ကို အတူတကွ မပြုလုပ်လိုက မိမိတစ်ဦးတည်း
ငေါင်းစင်းစင်း ဖြစ်နေလိမ့်မည်။ ပုဂံပြည်တွင် သံဃာ့ကံ သံဃာ့ကိစ္စကို
မိမိ စိတ်တိုင်းကျ ပြုလုပ်ဆောင်ရွက်ရန် သီဟိုဠ်ကျွန်းမှ မိမိနှင့်အတူ
စိတ်သဘောတူ အကျင့်သိက္ခာတူ ရဟန်းလေးပါးကို မိမိနှင့်တစ်ပါးတည်း
ပုဂံသို့ ခေါ်ဆောင်သွားရပါမူ ပုဂံတွင် သံဃာ့ကံ သံဃာ့ကိစ္စ ပြုလုပ်
ဆောင်ရွက်ရေးအတွက် အခက်အခဲ တွေ့လိမ့်မည် မဟုတ်ပေ။

ယင်းသို့ စဉ်းစားစိတ်ကူးပြီးလျှင် ဆပ္ပဒသည် သီတင်းသုံးဖော် ဖြစ်ကြ
သော တာမရလိပ္ပတိသား သီဝလိမထေရ်၊ ကမ္ဘောဇမင်း၏ သားတော်
တာမလိန္ဒမထေရ်၊ ကိဉ္စပူရသား အာနန္ဒာမထေရ်၊ သီဟိုဠ်ကျွန်းသား
ရာဟုလမထေရ်တို့ကို ခေါ်ပြီးလျှင် ၁၁၈၁-၁၁၈၂ ခုနှစ်၌ မြန်မာနိုင်ငံ
ပြန်လာသည်။

မထေရ်ငါးပါးတို့သည် သင်္ဘောကြုံနှင့် လိုက်လာကြရာ ပုသိမ်သို့ ၀ါဆို
ခါနီး ကပ်ရောက် လာကြသည်။ ၀ါဆိုချိန် ကပ်နေပြီဖြစ်၍ ပုဂံသို့ ဆက်
မသွားတော့ဘဲ ပုသိမ်၌ တစ်ဝါ ဆိုကြသည်။ ပုသိမ်၌ ယင်းရဟန်းတော်
များ ၀ါကပ်သော ကျောင်းတိုက်တည်ရာနှင့် အရာမ် တံတိုင်းများသည်
နောက်နှစ်ပေါင်းများစွာ ကြာသည့်အထိ ပုသိမ်မြို့ဟောင်း၏ တောင်ဘက်
၌ တည်ရှိနေသည်။ ယင်း ရဟန်းတော်များ သမုတ်သွားခဲ့သော သိမ်တော်
ရာလည်း ယခုထက်တိုင် ပုသိမ်မြို့၌ ရှိနေသည်။

သီတင်းဝါလကျွတ်သော အခါကျမှ ဆပ္ပဒမထေရ်သည် အဖော် ရဟန်းလေး
ပါးနှင့်အတူတကွ ပုဂံသို့ ကြွလေသည်။ ပုဂံရောက်သောအခါ ဆပ္ပဒ ရင်ဆို့
သွားသည်။ သူ့ဆရာရင်း ဥတ္တရာဇီဝ မထေရ်သည် သူ ပုဂံမရောက်ခင်
ကလေး ကပ်ပြီး ပျံလွန်တော်မူသွားသည်။

မိမိ၏ ကျေးဇူးရှင်ဆရာနှင့် ရှင်ကွဲ ကွဲနေရာမှ ဖူးတွေ့ရန် အားခဲထားသော်
လည်း မဖူးတွေ့လိုက်ရဘဲ ရက်ပိုင်းကလေး တေ့လွဲ လွဲပြီး သေကွဲ ကွဲသွား
ရသည်ဖြစ်၍ ယူကျုံးမရ ဖြစ်သွားလေသည်။ ဆပ္ပဒသည် သူ့ဆရာ၏ သင်္ချိုင်း
ဂူသို့ သွားလျက် “တပည့်တော်သည် ဆရာအရှင်မြတ်အား ကျေးဇူးဆပ်
သည့် အနေဖြင့် ဆရာအရှင်မြတ်လိုလား တောင့်တသည့်အတိုင်း ဗုဒ္ဓ သာ
သနာ ကြီးပွား တိုးတက်ရာ တိုးတက်ကြောင်းကို ကြိုးပမ်းဆောင်ရွက်ပါမည်”
ဟု အဓိဋ္ဌာန် ပြုလိုက် လေသည်။

ဆပ္ပဒသည် လူမျိုးစုအစွဲ ရှိသည်။ ပုဂံသာသနာ၌ ယခင်က မိမိဆရာ မွန်
လူမျိုး ဥတ္တရာဇီဝသည် အကြီးအမှူးဖြစ်သည်။ ယခု သူပြန်ရောက်လာသည့်
အခါတွင်ကား မြန်မာ ရဟန်းများကား အကြီးအမှူး ဖြစ်နေကြသည်။ ထို့ပြင်
သီဟိုဠ် သာသနာ့ ဂိုဏ်းစွဲလည်း ဆပ္ပဒတွင် မှီခိုကိန်းအောင်း နေပြီ။ လူမျိုး
စုအစွဲနှင့် ဂိုဏ်းဂဏစိတ်သည် ဆပ္ပဒ အား ပုဂံ၌ သီဟိုဠ် သံဃာ့ဂိုဏ်းသစ်
တစ်ဂိုဏ်း တည်ထောင်ရန် လှုံ့ဆော် ခဲ့လေသည်။ ထို့ကြောင့် ဟံသာဝတီ
မွန်ဘုရင် ဓမ္မစေတီ ရေးထိုးထားသော ကလျာဏီ ကျောက်စာ၌ပင် ဆပ္ပဒ
သီးခြားဂိုဏ်း ထောင်ခြင်းမှာ “မာန၀သေန” (မာန်ကြောင့်) ဟု ရေးထိုး
မှတ်တမ်း တင်ထားသည်။

မည်သို့ပင် ဖြစ်စေ သီဟိုဠ်ကျွန်းမှ “မဟာဝိဟာရ နိကာယ” ဂိုဏ်းသည်
မြန်မာနိုင်ငံ၌ ခြေကုတ် ရရှိသွားလေပြီ။ ဆပ္ပဒသည် မြန်မာနိုင်ငံ၌ သီဟိုဠ်
သံဃာ့ဂိုဏ်းကို စတင် တည်ထောင်သော ဂိုဏ်းခေါင်းဆောင် ဖြစ်သည်။
ထိုအချိန်မှစ၍ ပုဂံ၌ သံဃာ့ဂိုဏ်း နှစ်ဂိုဏ်း ကွဲသွားသည်။ ပထမဂိုဏ်း၏
ပင်မမှာ ရာမညတိုင်း သထုံဖြစ်ပြီး ဒုတိယဂိုဏ်း၏ မြစ်ဖျားခံရာမှာ သီဟိုဠ်
ကျွန်းဖြစ်သည်။ ရာမညတိုင်း သထုံမှ ရှင်အရဟံ ဆောင်ကြဉ်းလာသော
ပထမဂိုဏ်းကို “ပုရိမသံဃာ” သို့မဟုတ် “ပုရိမဂိုဏ်း” (ရှေးဦးဂိုဏ်း) ဟူ၍
လည်းကောင်း၊ သီဟိုဠ်ကျွန်းမှ ဆပ္ပဒ ဆောင်ကြဉ်းလာသော ဒုတိယဂိုဏ်း
ကို “ပစ္ဆိမသံဃာ” သို့မဟုတ် “ပစ္ဆိမဂိုဏ်း” (နောက်ပေါ်ဂိုဏ်း) ဟူ၍ လည်း
ကောင်း ခေါ်ဝေါ် သမုတ်ကြသည်။

ထိုအချိန်၌ ပုဂံပြည်ရှင် ဘုရင်မှာ နရပတိစည်သူ ဖြစ်သည်။ ဘုရင်သည်
ဆပ္ပဒနှင့် မထေရ်လေးပါးအား အကျင့်သိက္ခာနှင့် ပညာအရာတွင် ထူး
ချွန်သူများဖြစ်ခြင်းကြောင့် များစွာ ကြည်ညို လေးစားသည်။ ဘုရင်၏
ထောက်ပံ့အားပေးမှုဖြင့် မထေရ်ငါးပါးသည် ဧရာဝတီမြစ်ထဲတွင်
ဥဒကုက္ခေပ ရေသိမ်အဖြစ် လှေဖောင်ဖွဲ့လျက် ပဉ္စင်းလောင်းများစွာကို
ပဉ္စင်းခံပေးသည်။ ထိုအချိန်မှစ၍ သီဟိုဠ်သံဃာဂိုဏ်းသည် တဖြည်းဖြည်း
ကြီးပွား တိုးတက်လာရာ ပုဂံ၌သာမကတော့ဘဲ မြန်မာနိုင်ငံ အခြားဒေသ
များသို့အထိ ပြန့်ပွား သွားလေသည်။
… … …

ပုဂံခရီးသည်၏ အာရုံသည် အတိတ်မှ ပစ္စပ္ပုန်ဆီသို့ ပြန်ရောက် လာသည်။
ဆပ္ပဒ မထေရ် တည်ထားသော သီဟိုဠ်စေတီ ပုထိုး ပုံသဏ္ဌာန် ဆပ္ပဒ
စေတီသည် နှစ်ပေါင်း (၉၀၀) နီးပါးမျှ ကြာရှိပြီ ဖြစ်သော်လည်း ပုဂံခေတ်၏
သမိုင်းတစ်ကွက်ကို ပြောပြနေတုန်းပင် ဖြစ်သည်။ သီဟိုဠ်သွား ဒုတိယဓမ္မ
ခရီးသည် ဆပ္ပဒ မထေရ်၏ အတ္ထုပ္ပတ်ကို ရေးစပ်သီကျူး နေတုန်းပင်
ဖြစ်သည်။

ပုဂံ ခရီးသည် စီးနင်းလိုက်ပါသွားသော ကားသည် ညောင်ဦးမှ ပုဂံသို့
ဦးတည်နေပြီ။ သို့သော် ခရီးသည်ကမူ ဆပ္ပဒ စေတီတွင် မမြင်ရသော
အက္ခရာစာလုံးများဖြင့် ရေးထိုး မှတ်တမ်းတင်ထားသည့် ဆပ္ပဒ ၏
အတ္ထုပ္ပတ်ကို စိတ်ထဲက ဖတ်နေတုန်းပင် ရှိသေးသည်။


(ပြီးပါပြီး။)
(ဆရာကြီး ပါရဂူ၏ ပုဂံခရီးသည် စာအုပ်မှ ကောက်နုတ် ဖော်ပြပါ
သည်။ အကြောင်းကြောင်းကြောင့် ဆရာကြီးထံမှ တိုက်ရိုက်ခွင့်ပြု
ချက် မယူနိုင်မှုကို တောင်းပန်ပါသည်။)

Sep 17, 2008

ဆပ္ပဒ အပိုင်း(၁)

ရေးသူ - ပါရဂူ

zzanpatda.jpg

ဆပ္ပဒစေတီသည် ပုဂံ၏ သမိုင်းဝင် ထင်ရှားသော စေတီတစ်ဆူ ဖြစ်သော်
လည်း ပုဂံ၌ တည်ရှိမနေဘဲ ညောင်ဦးတွင် တည်ရှိနေသည်။ ရန်ကုန်မြို့
လယ်ရှိ ဆူးလေဘုရား ပတ်လည် ယာဉ်သွားလမ်းနှင့် လူသွားလမ်းများ
ပေါ်၌ ယာဉ်များ၊ ခရီးသွား ခရီးလာများ ဥဒဟို သွားလာနေကြ သော်
လည်း ဆူးလေဘုရား ပေါ်တက်၍ ဘုရားဝတ်ပြုသူမှာ အလွန်တရာမှ အရေ
အတွက် နည်းပါးသည်။ ဆပ္ပဒစေတီလည်း ထိုနည်းအတိုင်းပင်။

စေတီဘေးက ယာဉ်သွားလမ်းကြောင်းနှင့် လူသွားလမ်းကြောင်းပေါ်၌
ယာဉ်များ၊ ခရီးသွားခရီးလာများ အဆက်မပြတ် သွားလာနေကြသော်
လည်း စေတီပေါ်တက်၍ ဘုရားဖူးသူမှာမူ တစ်ထောင် တစ်ယောက်
မရှိပေ။ တကူးတက ပုဂံ၊ ညောင်ဦးသွားပြီး ဘုရားဖူးကြသည့် ဘုရားဖူး
ခရီးသည်များပင် ဤစေတီသို့ မရောက်ကြပေ။ သို့ရာတွင် စေတီဘေး
တွင် ယာဉ်လမ်း၊ လူသွားလမ်း ရှိနေသဖြင့် ဤစေတီမှာ မဖူးချင် မြင်
လျက်သား ဖြစ်နေသည်။ သို့သော် သမိုင်း သုတေသီများမှတစ်ပါး သာမန်
ဘုရားဖူးများနှင့် ခရီးသွား ခရီးလာများမှာမူ ဤစေတီ၏ သမိုင်းဝင် အနက်
အဓိပ္ပါယ်ကို မသိ မမြင်ကြဘဲ ပုဂံဘုရားအို ဘုရားပျက်များထဲက သာမန်
ဘုရား တစ်ဆူ၊ စေတီ တစ်ဆူလောက်သာ အောက်မေ့ကြသည်။

ဤပုဂံခရီးသည် သည်ပင် ပုဂံသို့ လေးကြိမ်တိတိ ရောက်သော်လည်း
စတုတ္ထအကြိမ်ရောက်မှ သမိုင်းခြေရာ ကောက်လို၍ ဤစေတီသို့ သွား
ရောက်ခြင်း ဖြစ်သည်။ ပုဂံတစ်နေရာ၌ စတည်းချနေသော ပုဂံခရီးသည်
သည် ညောင်ဦးသွားသော ကိုယ်ပိုင်ကားကြုံနှင့် လိုက်လာသည်။




စေတီသည် ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်း ညောင်ဦးအထွက်
လက်ယာဘက်ကပ်လျက် တည်ရှိသည်။ တစ်နည်း ပြောရလျှင် ညောင်ဦး
သို့ တောင်ဘက်မှအ၀င် ကားလမ်းဘေး၌ တည်ရှိနေသည်။ စေတီ၏
ပရိဝှဏ်၌ အာရုံခံတန်ဆောင်း မရှိပေ။ ဘုရားအို ဘုရားပျက်တစ်ဆူ အဖြစ်
ဖြင့်သာ နေပူကျဲကျဲထဲ၌ ထီးထီးကြီး တည်ရှိနေသည်။ ပရိဝှဏ် အပြင်ဘက်
၌မူ သစ်ပင် တစ်ပင်နှစ်ပင် ပေါက်နေသည်။

ပုဂံခရီးသည်သည် လှေကားဆယ်ထစ်လောက် ရှိသော အုတ်လှေကားကို
ပေါင်းကူးထားသည့် မုခ်ပေါက်မှ ၀င်လျက် ရင်ပြင်ပေါ်တက်သွားသည်။
ရင်ပြင်ပေါ်၌ လူသူအရိပ်အယောင် တစ်ယောက်မျှပင် မတွေ့ရပေ။ စေတီ
ရင်ပြင်၏ ဘေးပတ်လည်၌ ယာဉ်များနှင့် လမ်းသွားလမ်းလာများ ဥဒဟို
လှုပ်ရှား သွားလာနေကြသော်လည်း ပရိဝှဏ် အတွင်း၌မူ ငြိမ်သက်နေ
သည်။ အပြုအပြင် အမွမ်းအမံ လုံးဝ မရှိဘဲ ရှေးဟောင်း ပကတိအသွင်
အုတ်နီရောင်ထနေသော စေတီတစ်ဆူ တည်းသာလျှင် ငေါင်းစင်းစင်း
ကြီး တည်းရှိနေသည်။

ပုဂံခရီးသည်သည် စေတီကို အုတ်ခုံဖိနပ်တော်မှ အထက် ထုပိကာ
အထိ အောက်မှ အထက်သို့ လည်းကောင်း၊ အထက်မှ အောက်သို့
လည်းကောင်း အပြန်ပြန် အထပ်ထပ် မျက်စိ ကစားကြည့်လိုက်သည်။
စေတီမှာ ဂူဘုရားမဟုတ်ဘဲ သီဟိုဠ်စေတီပုံ ရိုးရိုး မြေစိုက်စေတီ ပုထိုး
မျှသာ ဖြစ်သည်။ အောက်ခံ ဖိနပ်တော်မှာ လေးထောင့်ပုံ ဖြစ်သည်။
အုတ်ခံဖိနပ်တော်ပေါ်၌ တည်ထားသော ခေါင်းလောင်းပုံ သဏ္ဌာန်စေတီ
ကို ဖူးတွေ့ရသည်။ ခေါင်းလောင်းပုံသဏ္ဌာန်စေတီ အထက်၌ရှိသော
ဓါတ်တော်တိုက်မှာလည်း လေးထောင့်ပုံသဏ္ဌာန်ပင် ဖြစ်သည်။ ဓါတ်
တော်တိုက်၏ အထက်၌ကား ထုပိကာအထွတ်ကို ပုံသဏ္ဌာန် ခပ်ဆန်း
ဆန်း ပြုလုပ်ထားသည်။

ထုပိကာအထွတ်၏ ထိပ်ပိုင်းမှတစ်ပါး စေတီသည် ပင်ကိုယ်အတိုင်း
အပြည်အစုံပင် ကျန်ရှိနေသေးသည်။ ဆပ္ပဒစေတီသည် ညောင်ဦးမြို့
အတွင်း၌ တစ်မူ ထူးခြားစွာ တည်ရှိလျက် ရှေးအတိတ်က စပြီး ယခု
ကာလအထိ ပုဂံခရီးသည်များအား ဂိတ်ဝမှ ဆီးကြို နေသကဲ့သို့ပင်
ထင်နေရသည်။ ပုဂံ ခရီးသည်သည် ဆပ္ပဒစေတီကို ဖူးမြော်ရင်း ကုန်း
ဘောင်ခေတ်၊ အင်းဝခေတ်၊ ပင်းယခေတ်တို့ကို ကျော်လွန်လျက် ရှေး
အတိတ် သမိုင်း ပုဂံခေတ်ဆီသို့ အာရုံရောက်သွားသည်။
….. …. …..
အနော်ရထာမင်းကြီး လက်ထက်တွင် မြန်မာနှင့် သီဟိုဠ် (သီရိလင်္ကာ)
ဆက်သွယ်မှုသည် အတော်ပင် ခိုင်မာနေပြီ။ အနော်ရထာ မတိုင်မီ
ကပင် မြန်မာနှင့် သီဟိုဠ်သည် သာသနာရေး ဆက်သွယ်မှု ရှိနေပြီ။
ထိုအချိန်၌ သီဟိုဠ်က မြန်မာနိုင်ငံကို “ရာမညဒေသ” ဟုခေါ်သည်။
စင်စစ် “ရာမညဒေသ” ဟူသည်မှာ မွန်နိုင်ငံကို ခေါ်သည့် ဝေါဟာရ
စကားလုံး ဖြစ်သော်လည်း သီဟိုဠ်က ဆိုလိုသည့် “ရာမညဒေသ”
မှာ မြန်မာတစ်နိုင်ငံလုံးကို ခြုံ၍ ခေါ်သည့် အမည်နာမ ဖြစ်သည်။

အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင် ပထမ ၀ိဇယဗာဟု (အေဒီ
-၁၀၅၅ -၁၁၁၀) ထံသို့ သံတမန် အဖွဲ့တစ်ဖွဲ့ စေလွှတ်လျက် ဗုဒ္ဓ
စွယ်တော်ကို တောင်းခံခဲ့လေသည်။

ထိုအချိန်က မြန်မာနှင့် သီဟိုဠ်သည် သာသနာရေး အရသာ မကဘဲ
နိုင်ငံရေးအရလည်း ဆက်သွယ်မှု ရှိနေပြီ။ သီဟိုဠ်ဘုရင် ၀ိဇယဗာဟု
သည် အိန္ဒိယတောင်ပိုင်းမှ စောလ (ဒမိလ) လူမျိုးများ ကျူးကျော်တိုက်
ခိုက် လာသောအခါ စီးပွားရေး၊ သာသနာရေးမှစ၍ အစစအရာရာ ချွတ်
ခြုံကျသွားခဲ့သည်။ ထိုအချိန်က သီဟိုဠ်သာသနာသည် မည်မျှ ယိမ်း
ယိုင်သွားသနည်းဆိုလျှင် ဥပသမ္ပပဒကံ စသော သံဃာ့ကံ ဆောင်ရွက်
ရန်အတွက်ပင် အရည်အချင်းပြည့် မထေရ်များ ရှားပါးနေသဖြင့် ဦးရေ
ပြည့်အောင် မနည်း ရှာဖွေရလေသည်။

ယင်းအခြေအနေတွင် သီဟိုဠ်ဘုရင်သည် အနော်ရထာမင်းကြီးထံ
သံတမန်အဖွဲ့ စေလွှတ်လျက် ရာမညဒေသမှ ရဟန်းသံဃာတော်
များကို ပင့်ဖိတ်ခဲ့လေသည်။ ယင်းသို့ တစ်ပြည်ထောင်နှင့် တစ်
ပြည်ထောင်၊ တစ်မင်းနှင့် တစ်မင်း ချစ်ကြည်သော ဆက်သွယ်မှု
ရှိသောကြောင့် ပုဂံအနော်ရထာမင်းကို “သီဟိုဠ်ဘုရင် ၀ိဇယဗာဟု
၏ အကြည်တော်ဘုရင်” ဟုပင် ခေါ်ဝေါ်သမှုပြုကြသည်။

သီဟိုဠ် (သီရိလင်္ကာ)နှင့် မြန်မာသည် ယင်းသို့ နိုင်ငံရေးအရ လည်း
ကောင်း၊ သာသနာရေးအရ လည်းကောင်း ဆက်သွယ်မှု ရှိနေသော
ကြောင့် မြန်မာနိုင်ငံမှ ရဟန်းသံဃာတော်များသည် သီဟိုဠ်နှင့် လမ်း
ပေါက်နေကြသည်။ မြန်မာနိုင်ငံမှ သီဟိုဠ်သို့ ပထမဦးဆုံး ကြွသော
ရဟန်းတော်မှာ ပံ့သကူမထေရ် ဖြစ်သည်။

ကျန်စစ်သာမင်းကြီး၏ မြေးတော် အလောင်းစည်သူမင်းကြီး ကံကုန်
သွားသောအခါ သားတော်နရသူက ထီးနန်းဆက်ခံသည်။ သားတော်
အကြီး မင်းရှင်စောသည် အဝေးရောက်နေ၍ ထီးနန်း လက်လွတ်သွား
သောကြောင့် လက်လွတ်သွားသော ထီးနန်းကို တိုက်ခိုက်ယူရန် ချီ
တက် လာလေသည်။

ဤတွင် နရသူက ပံ့သကူမထေရ်အား “နောင်တော်အား နန်းလွှဲအပ်
ပါမည်” ဟုပြော၍ စေ့စပ်ခိုင်းသည်။ ပံ့သကူမထေရ်က ကြားဝင်၍ ဖြန်
ဖြေသည်။ နရသူသည် နောင်တော် မင်းရှင်စောအား နန်းကိုမူ လွှဲအပ်
သည်။ သို့ရာတွင် ညတွင်းချင်းပင် ဖယ်ရှားပစ်လိုက်လေသည်။ ထို
အခါ ပံ့သကူမထေရ်သည် နရသူအား မျက်ပြီး ပုဂံတွင် မနေတော့ဘဲ
သီဟိုဠ် ကြွသွားသည်။ နရပတိစည်သူမင်းကြီး နန်းတက်မှ ပုဂံ
ပြန်ကြွ လာလေသည်။

ပံ့သကူမထေရ်နောက် သီဟိုဠ်သို့ ဒုတိယကြွလာသော ရဟန်းတော်
မှာ ဌက်ပစ်တောင်ဂိုဏ်း၏ ဦးစီးနာယက ဥတ္တရာဇီဝ မထေရ် ဖြစ်သည်။
ပံ့သကူမထေရ်သည် ဥတ္တရာဇီဝမထေရ် အရင် သီဟိုဠ် ကြွသော ရဟန်း
တော် ဖြစ်သည်။ သို့ရာတွင် “သီဟိုဠ်သွား ပထမ ဓမ္မခရီးသည်” ဘွဲ့
ကို မရပေ။ သူ၏ ခရီးမှာ ဓမ္မခရီးသက်သက် မဟုတ်သောကြောင့် ဖြစ်
တန်ရာ၏။ ယင်းဘွဲ့ကို ရသူကား ဥတ္တရာဇီဝ မထေရ် ဖြစ်သည်။

ခရစ်နှစ် ၁၁၈၀ တွင် ဥတ္တရာဇီဝ မထေရ် ခရီးစထွက်သည်။ ခရီးအစ
၌ သင်္ဘောဆိပ်ရှိရာ ပုသိမ်သို့ လာရသည်။ ဥတ္တရာဇီဝ မထေရ်နှင့်
အတူ ရဟန်းအချို့အပြင် ဆပ္ပဒ အမည်ရှိ သာမဏေ တစ်ပါးလည်း
ပါသွားသည်။ ဆပ္ပဒသည် ပုသိမ်ကျေးလက် ဆပ္ပဒရွာသား မွန်အမျိုး
သား ဖြစ်သည်။ ဆပ္ပဒ ရွာသား ဖြစ်သောကြောင့် သူ့အမည်သည်
လည်း ဆပ္ပဒဟု တွင်နေသည်။ ပုဂံခေတ်က ဆပ္ပဒရွာမှာ ယခုခေတ်
ပုသိမ် ငပုတော ဖြစ်သည်ဟု အဆိုရှိသည်။

သီဟိုဠ်ကျွန်းတွင် ဥတ္တရာဇီဝ မထေရ်သည် သီဟိုဠ်ရဟန်း သံဃာတော်
များနှင့် ပုလဲနံပ သင့်သွားသည်။ နှစ်နိုင်ငံမှ ရဟန်းတော်များသည် ရေ
မြေဒေသအရ ကွဲပြားခြားနားနေသော်လည်း သူတို့၏ ပင်မ၊ သူတို့၏
ရေသောက်မြစ်မှာ တစ်ခုတည်း ဟု ယူဆကြသည်။ မူလပင်မမှာ မဇ္ဈိမ
ဒေသမှ ဗုဒ္ဓသာသနာ ဖြစ်သည်။

မဇ္ဈိမဒေသ၌ အသောကမင်းကြီးလက်ထက် တတိယ သင်္ဂါယနာတင်
ပြီးသောအခါ သာသနာပြု မထေရ်များသည် ကိုးတိုင်း ကိုးဌါနသို့ သာ
သနာပြု ခရီး ကြွကြသည်။ ကိုးတိုင်း ကိုးဌါနထဲ၌ လင်္ကာဒီပကျွန်းနှင့်
သုဝဏ္ဍဘုမ္မိလည်း ပါဝင်သည်။ သီဟိုဠ်သို့ ရှင်မဟာမဟိန္ဒ ကြွရောက်
ပြီး သုဝဏ္ဍဘုမ္မိသို့ သောဏနှင့် ဥတ္တရမထေရ်တို့ ကြွရောက်ကြသည်။
ဥတ္တရာဇီဝ မထေရ်သည် သောဏနှင့် ဥတ္တရမထေရ် တို့မှ ဆင်းသက်
လာသည့် တပည့်အနွယ် ဖြစ်သည်။ သီဟိုဠ်ရဟန်းများကား ရှင်မဟာ
မဟိန္ဒ၏ တပည့်အဆက်အနွယ်များ ဖြစ်သည်။

ထို့ကြောင့် သူတို့သည် ရေမြေဒေသအလိုက် ကွဲပြားခြားနား နေသော်
လည်း မူလမြစ်ဖျားခံရာမှာ တစ်ခုတည်းသာဖြစ်၏ဟု ယူဆကြပြီးလျှင်
သံဃာ့ကံကို တစ်ပေါင်းတည်း တစ်စည်းတည်း ပြုကြသည်။ ဥတ္တရာဇီဝ
နှင့် ပါလာသည့် ဆပ္ပဒသာမဏေမှာ အသက်စေ့ပြီး ရဟန်းပြုချိန် ရောက်
နေပြီဖြစ်၍ သီဟိုဠ်ရောက် မြန်မာရဟန်းများနှင့် သီဟိုဠ်ရဟန်းများသည်
ညီညွတ်စွာ စုပေါင်းပြီးလျှင် ဆပ္ပဒသာမဏေအား ပဉ္စင်းခံ ပေးလိုက်ကြ
လေသည်။

ဆပ္ပဒသည် “သီဟိုဠ်သွား ဒုတိယ ဓမ္မခရီးသည်” ဘွဲ့အမည်ရရှိသူ ဖြစ်
သွားလေသည်။


(ဆက်လက်ဖော်ပြပါမည်။)
(ဆရာကြီး ပါရဂူ၏ ပုဂံခရီးသည် စာအုပ်မှ ကောက်နုတ် ဖော်ပြပါ
သည်။ အကြောင်းကြောင်းကြောင့် ဆရာကြီးထံမှ တိုက်ရိုက်ခွင့်ပြု
ချက် မယူနိုင်မှုကို တောင်းပန်ပါသည်။)

Sep 13, 2008

Burma: It can't wait.




youtube မှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။

Sep 12, 2008

သတင်းစာ မှန်မှန် မရောက်က တိုင်ကြားပါ အပိုင်း(၂)

ရေးသူ- မြသန်းတင့်


“သူရိယ သတင်းစာဆိုတာ မင်းကြားဖူးလား”
မကြားဖူးဟု သူကဖြေသည်။
“မြန်မာ့အလင်း သတင်းစာတော့ ရှေးတုန်းက ရှိခဲ့တဲ့ သတင်းစာလို့
ပြောသံ ကြားဖူးတယ်”

“အေး၊ ဟုတ်တယ်။ ရှေးတုန်းက၊ ရှေးတုန်းက ရှိခဲတဲ့ဆိုတာ စစ်မဖြစ်မီ
အင်္ဂလိပ်ခေတ်က နာမည်ကြီးတဲ့ သတင်းစာကြီး နှစ်စောင်ရှိတယ်။ တစ်
ခုက မြန်မာ့အလင်း သတင်းစာ၊ နောက်တစ်ခုက သူရိယ။ သူရိယ သတင်း
စာမှာ အယ်ဒီတာ တစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့နာမည်က ဦးအောင်ထူး
တဲ့။ နောက်တော့ အောင်ထူးဆိုတဲ့ ကလောင်နာမည်နဲ့ စာအုပ်တွေ ဘာ
တွေလည်း ရေးခဲ့ဖူးတယ်။ အဲဒီ ဦးအောင်ထူး၊ သတင်းစာဆရာ ဦးအောင်
ထူးဟာ မင်းလိုပဲ သတင်းစာ ပို့တဲ့ သူငယ်ကလေးတဲ့ကွ။ သတင်းစာ ပို့
ရင်း သတင်းစာ အလုပ်ကို စိတ်ဝင်စားလာပြီး သတင်းဆရာ ဖြစ်သွားတာ။
မင်းကော သူ့လို မဖြစ်ချင်ဘူးလား”

မောင်သန်းဇော်သည် ဘာမျှမပြောဘဲ ရယ်နေသည်။ ရှက်ကိုးရှက်ကန်း
လည်း ဖြစ်နေသည်။

“သူ့လိုပဲ အမေရိကန်တို့ ဘယ်တို့မှာလည်း သတင်းစာပို့တဲ့ သူငယ်
ကလေးကနေ သတင်းစာဆရာ ဖြစ်သွားတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေ
အများကြီး ပဲကွ၊ သူတို့လို မဖြစ်ချင်ဘူးလား”

မောင်သန်းဇော်သည် အရယ်ရပ်သွားကာ သူ့မျက်နှာသည် လေးနက်
သည့် အသွင်ကို ဆောင်သွားသည်။
“ကျွန်တော်တို့လိုဟာတွေ ဘယ်မှာ သတင်းစာဆရာကြီး ဖြစ်နိုင်ပါ့မလဲ
ခင်ဗျာ” ဟု စိတ်ပျက်သည့် လေသံဖြင့် ဆိုသည်။

ကျွန်တော်က အညတရဘ၀မှ သတင်းစာဆရာကြီးတွေ ဖြစ်သွားသည့်
ပုဂ္ဂိုလ်ကျော် တစ်ဒါဇင် နီးပါကို ရွတ်ပြသည်။ သို့ရာတွင် သူနားမ၀င်ပါ။




“ကျွန်တော့်ဘ၀က ဘာမှ ရေရာတာမဟုတ်ပါဘူး ဦးလေးရာ ဂျီတီအိုင်
ကျောင်းသားပဲ ဖြစ်မလား။ သတင်းစာပို့ပဲ ပြန်ဖြစ်မလား၊ အဖေ့လို ည
စောင့်ပဲ လုပ်ရမလား ဆိုတာ ဘာမှ ပြောလို့ မရသေးပါဘူး။ ဦးလေး
ပြောတဲ့ သတင်းစာဆရာကြီး တစ်ယောက်ဖြစ်ဖို့ ဆိုတာကတော့
ကျွန်တော့် စိတ်ထဲမှာ တစ်ခါမှတောင် မစဉ်းစားဖူးပါဘူး”

“ခု သတင်းစာပို့တာ ဒီရပ်ကွပ်မှာပဲ လုပ်နေတာလား”
“မဟုတ်ပါဘူးခင်ဗျ၊ ဟို… ရပ်ကွပ်မှာလည်း ပို့ခဲ့ရဖူးသေးတယ်။ အဲဒီ
ရပ်ကွပ်ကို ဘယ်သူမှ သတင်းစာ မပို့ချင်ကြဘူး။ အဲဒီရပ်ကွပ်က ခြံကြီး
တွေ၊ ၀င်းကြီးတွေနဲ့။ သူတို့ရပ်ကွပ်ကို သတင်းစာပို့တာ သိပ်ပြဿနာ
ပေါ်တယ်။ ဦးလေး စဉ်းစားကြည့်လေ။ သူတို့က ခြံကြီးတွေနဲ့နေတာ။
သံ ၀င်းထရံတွေ၊ အုတ်တံတိုင်းတွေနဲ့။ သံဝင်းတံခါးကြီးတွေက ပိတ်ထား
ကြတာ။ ဒီတော့ ကျွန်တော်တို့က သတင်းစာပို့ရင် ခြံစည်းရိုးက ပုဏ္ဍရိပ်
ချုံတွေကို ကျော်ပြီး ခြံဝင်းထဲ ရောက်အောင် ပစ်ရတယ်။ အစတုန်းကတော့
သံတံခါးမှာ ညှပ်ပစ်ခဲ့တယ်။ သတင်းစာကို တခြားလူက ယူသွားတော့ သူ
တို့ သတင်းစာ မရဘူးပေါ့။ ကျွန်တော့်ကို ကိုယ်စားလှယ်ဆီကို တိုင်တာ
ပေါ့။ ကျွန်တော်ကလည်း နေ့တိုင်း မှန်မှန်ပို့တဲ့အကြောင်း၊ သံဝင်းတံခါး
မှာ လိပ်ပြီး ညှပ်ပစ်ခဲ့တဲ့ အကြောင်း ပြောတယ်။ ဒီတော့ သူတို့က မရဘူး
တဲ့။ သူတို့ မရတာ လေးငါးရက် ရှိပြီတဲ့။ သတင်းစာဖိုးကို တစ်လစာ
အပြည့် မပေးနိုင်ဘူးတဲ့။ နုတ်ပြီးပေးမယ်တဲ့။ ဒီမှာတင် သတင်းစာ ကိုယ်
စားလှယ်နဲ့ စကားများတယ်။ နောက်ဆုံးတော့ ကိုယ်စားလှယ်က လျော့
ပေးလိုက်ပြီး ဖတ်သူလက်ကို ရောက်အောင် မပို့နိုင်ဘူးဆိုပြီး ကျွန်တော့်
ကို လုပ်ခထဲက ဖြတ်တယ်။”

“ဒါနဲ့ နောက်တော့ ကျွန်တော်က သတင်းစာကို ခြံစည်းရိုးကိုကျော်ပြီး
အထဲရောက်အောင် ပစ်သွင်းတယ်။ အဲဒီလို ပစ်သွင်းတော့လည်း ပြဿ
နာ တစ်ခုပေါ်လာတယ်။ မိုးတွင်းဆိုရင် သတင်းစာတွေ ရေဆိုကုန်တယ်
တဲ့။ ကျွန်တော်တို့ သတင်းစာပိုတဲ့ ကောင်လေးတွေ မိုက်ရိုင်းတယ်တဲ့။
တကယ်ဆိုရင် တံခါးဝမှာ လူခေါ်ခေါင်းလောင်း ရှိတယ်တဲ့။ ဒီခေါင်းလောင်း
ကို ဆွဲလှုပ်ပြီး ခေါ်ပေးပါတဲ့။ ဒါနဲ့ ကျွန်တော် တစ်ရက် နှစ်ရက်လောက်
ခေါင်းလောင်းတီးတယ်။ တော်တော်နဲ့ ထွက်မလားဘူး။ ထွက်လာတော့
လည်း တချို့အိမ်က မျက်နှာထားကြီးနဲ့။ တချို့အိမ်ကလည်း သူတို့ကို
ဒီလိုခေါ်ပြီး သတင်းစာ ပေးတာ ရပါမို့လားဆိုပြီး ဟောက်တယ်။ တချို့
ကျတော့လည်း အကြာကြီးနေမှ ထွက်လာတယ်။ ဦးလေးစဉ်းစားကြည့်
လေ။ ကျွန်တော် တစ်မနက်ထဲကို အိမ်ပေါင်း ၇၀ လောက်ရောက်အောင်
ဝေရမှာ။ တစ်အိမ် တစ်အိမ်ကို သူတို့ထွက်လာတဲ့ အထိ စောင့်နေရင်
ကျွန်တော့်အလုပ် ဘယ်မှာ ပြီးပါတော့မလဲ။ ဒီတွင် ကျွန်တော်က ၀င်းဝမှာ
စာထည့်တဲ့ သေတ္တာကလေး တစ်လုံးချိတ်ဖို့ ပြောတယ်။ ဒီတော့ တချို့
အိမ်က ဒါမင်းအလုပ် မဟုတ်ဘူးတဲ့။ ငါချိတ်ချင် ချိတ်မှာပေါ့တဲ့။ မင်း
အလုပ်က သတင်းစာပို့ရုံပဲတဲ့။ ဘာလုပ်ရမယ်ဆိုတာ၊ ညာလုပ်ရမယ်ဆို
တာ မင်းပြောဖို့ မလိုဘူးတဲ့။ ဘယ်လောက်ခက်သလဲ ဦးလေး။”

ကျွန်တော်သည် သူ့စကားကို နားထောင်ရင်း ရယ်ရသေးသည်။
“တချို့ကျတော့လည်း လကုန်လို့ သတင်းစာဖိုးသွားကောက်ရင် မရှိဘူး။
နောက်မှလာခဲ့လို့ ပြောလိုက်တာမျိုးတွေရှိတယ်။ မိန်းမကြီး တစ်ယောက်
ဆိုရင် ပေါ်တင်ကြီးကိုလုပ်တာ။ ကျွန်တော်က သတင်းစာဖိုးသွားကောက်
တော့ သူ့သားလေးက မေမေရေ၊ သတင်းစာဖိုးလာတယ် ပြောတယ်။ ဒီ
တော့ အဘွားကြီးက တိုးတိုးနဲ့ လူကြီးတွေမရှိဘူးလို့ပြောလိုက်လို့ ပြော
သံကို ကျွန်တော်ကိုယ်တိုင် နားနဲဆတ်ဆတ် ကြားလိုက်ရတယ်။ တချို့
လည်း အိမ်မှာမရှိဘူး။ အဲဒီလိုအခါမျိုးဆိုရင် ကျွန်တော်တို့မောရောပဲ။
နောက်တစ်ခါအလုပ်ပျက်ခံပြီး လာရတယ်။ တစ်အိမ်လုံး မနက်သွားလည်း
မရှိ။ ညနေသွားလည်း မရှိလို့ ကျွန်တော် ည ၇ နာရီ ၈ နာရီလောက်ကျမှ
သွားပြီးတောင်းရတယ်။ ဒီတော့ ဒီအချိန်မှာ လာရပါမို့လားဆိုပြီး စိတ်
ဆိုးသေးတယ်။ ပိုက်ဆံပေးတော့လည်း ဆောင့်ကြီးအောင့်ကြီးနဲ့ သူ့
ပိုက်ဆံကို အလကားလာတောင်းတဲ့ အတိုင်းပဲ။ ဘာပဲဖြစ်ဖြစ်လေ ကျွန်
တော်တို့အဖို့တော့ ယူရတာပေါ့။ သူဖာသာသူ ဘယ်လောက်စိတ်ဆိုး
ဆိုး ကိုယ့်ပိုက်ဆံရအောင်တော့ ယူရတာပေါ့။ တစ်ခါတော့ သတင်းစာဖိုး
သွားတောင်းတာ ခွေးနဲ့ရှူးတိုက်လွှတ်တယ်။ ကျွန်တော့်မှာ ခွေးကိုက်ခံ
ရတယ် ဦးလေး။ ခွေးကိုက်တော့မှ သူတို့က စောစောတုန်းက မသိဘဲ
ခုမှသိတဲ့ ပုံမျိုးလုပ်သေးတယ်။ ကိုယ်စားလှယ်ကို ခွေးကိုက်ခံရတဲ့ အကြောင်း
ပြောတော့ ကိုယ်စားလှယ်ကလည်း နောက်ကြည့်သွားပေါ့တဲ့။ ဒါပဲပြော
တယ်။ ကျွန်တော့်မှာတော့ ဆေးရုံးကိုသွားပြီး ဗိုက်ကို ဆေးထိုးရသေး
တယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုန်အကျခံပြီး ထိုးရတာ။ ဘယ်သူကမှ
စိုက်ပေးတာ မဟုတ်ဘူး။ တိုက်ကတော့ ဘယ်ပေးမလဲ သူတို့ခန့်ထား
တာမှ မဟုတ်ဘဲနဲ့ကို။ သူတို့နဲ့ ဆိုင်မှမဆိုင်ဘဲကို။”

“ကျွန်တော်တော့ မရှိလို့သာ လုပ်နေရတယ်၊ သတင်းစာပို့တဲ့ အလုပ်ကို
သိပ်မလုပ်ချင်ဘူးခင်ဗျ။ ပြီးတော့ ဒီရပ်ကွပ်က သတင်းစာသွားပို့ရတဲ့ အိမ်
တွေကိုလည်း ကျွန်တော်မကြိုက်ဘူး။ သတင်းစာမှန်မှန်မရောက်ရင်း သတင်း
စာ နောက်ကျရင် ကျွန်တော့်ကိုဆူတယ်။ ကျိန်းလားမောင်းလားလုပ်တယ်။”

“ဒါပေမယ့် ကောင်းတဲ့ သတင်းစာဖတ် ပရိတ်သတ်လည်း အများကြီးရှိပါ
တယ်။ သူတို့က စာနာကြတယ်။ ကြင်နာတယ်။ သတင်းစာပို့တဲ့ ကောင်
လေးတွေထဲမှာ ကျွန်တော်ထက်ငယ်တဲ့ ကောင်လေးတွေလည်းရှိတယ်
ခင်ဗျ။ တချို့ဆိုရင် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်လောက်ပဲ ရှိသေးတယ်။
ကျွန်တော်ကလည်း ဆယ့်ငါးနှစ်သားက လုပ်လာတာပဲလေ။ ခုဆိုရင် သုံး
နှစ်ရှိပြီ။ သုံးနှစ်အတွင်း ဘာမှ မစုဖြစ်သေးဘူးခင်ဗျာ။ ဘတ်ကြိုးကလေး
တစ်ကုံး ၀ယ်မယ်လို့ ပိုက်ဆံစုထားတယ်။ စုရင်းစုရင်း ရွှေဈေးက တက်
သွားတော့ ကျွန်တော် ဘယ်မှာဝယ်နိုင်တော့လို့လဲ။ ခုတော့ ဘတ်ကြိုးကို
စိတ်မကူးတော့ပါဘူး။ ထမင်းနှပ်မှန်အောင် စားရရင် တော်ပါပြီ။

ခုဆို ကျွန်တော်တို့အိမ်မှာ လူငါးယောက်ရှိတယ်။ အဖေနဲ့အမေရယ်၊ ကျွန်
တော့်အမ နှစ်ယောက်ရယ်၊ ကျွန်တော်ရယ် ပေါင်းငါးယောက်ပေါ့၊ ငါးယောက်
မှာ အဖေက ပင်စင် လစာလေးရယ်၊ ညစောင့် လခကလေးရယ် ရတယ်။ ရုံး
မှာလုပ်တဲ့ အမက တစ်ထောင်ကျော်လောက်ရတယ်။ ဆီးထုပ် ထုပ်တဲ့ အမ
ကလည်း တစ်ထောင်ကျော်လောက် ရတယ်။ ကျွန်တော်က ခြောက်ရာ ရ
တယ်။ သုံးထောင်တော့ ၀င်ပါတယ်။ ရရစားစားပါပဲ ဦးလေးရယ်။ ဒီကုန်ဈေး
နှုန်းနဲ့ဆိုရင် လကုန်အောင် မသုံးရပါဘူး။ ကျွန်တော် အလုပ်လုပ်လို့ အဖတ်
တင်တာကတော့ ဒီဘိုင်းစကယ်လေး တစ်စီးပဲ အဖတ်တင်ပါတယ်။ သတင်း
စာပို့ရတာဆိုတော့ အချိန်ကုန်သက်သာအောင်၊ မြန်အောင်ဆိုပြီး ဘိုင်စကယ်
အဟောင်းကလေး တစ်စီးကို သူငယ်ချင်းတစ်ယောက်ဆီက အရစ်ကျနဲ့
ဝယ်ထားတာပါ။ ကျေးဇူးပါပဲ ဦးလေး သတင်းစာ မှန်မှန် မရောက်ရင် ပြော
ပါနော်။”


(၁၉၉၃၊ အောက်တိုဘာ၊ ကလျာ။)
(မှတ်ချက်။ ။ ဆရာမြသန်းတင့်၏ ခေတ်ပြိုင်ရုပ်ပုံလွှာများ စာအုပ်မှာ ကူး
ယူဖေါ်ပြပါသည်။ အကြောင်းကြောင်းကြောင့် ဆရာ၏ ကျန်ရစ်သူ မိသား
စုနှင့် စာအုပ်ထုတ်ဝေသူတို့ ထံမှ တိုက်ရိုက်ခွင့်ပြုချက် မယူနိုင်ခဲ့သည့်
အတွက် တောင်းပန်ပါသည်။)

Sep 9, 2008

သတင်းစာ မှန်မှန် မရောက်က တိုင်ကြားပါ အပိုင်း(၁)

ရေးသူ- မြသန်းတင့်

zzzmya.jpg
(ဆရာမြသန်းတင့် ၁၉၂၉-၁၉၉၈)

သူသည် နွေဆိုလျင် တရုတ်ဖြစ် တီရှပ် အင်္ကျီကလေးနှင့် ကျောင်း
စိမ်း လုံချည်လေးကို ၀တ်ထားပြီး၊ ခေါင်းပေါ်တွင် ဟွန်ဒါ၊ ယာမဟာ၊
လပ်ကီးစထရိုက် သို့မဟုတ် နိုင်ငံခြား ကုမ္ပဏီ တစ်ခုခု၏ ကြော်ငြာ
ကို ရေးထားသည့် ကြက်လျှာစွန်း ဦးထုပ်လေး တစ်လုံးကို ဆောင်း
ထား တတ်သည်။ မိုးတွင်းဆို လျှင်လည်း ထိုအတိုင်းပင်။ ထီးတို့၊
မိုးကာတို့ မပါဘဲ မိုးရေထဲတွင် ဘိုင်စကယ်လေး တစ်စင်းဖြင့် ရောက်
လာတတ်သည်။

ဆောင်းတွင်း ဆိုလျှင်တော့ အလွန် ဟောင်းနွမ်းနေပြီဖြစ်သည့် မြန်မာ
ချုပ် ဂျင်းဂျက်ကက်ကလေး တစ်ထည် ထပ်ဝတ်လာတတ်သည်။
ကျောင်းစိမ်းလုံချည် ကလေးကမူ ခါးပေါ်တွင် အမြဲတွေ့ ရတတ်သည်။
သူ့ဘိုင်စကယ်နောက်က ကယ်ရီယာပေါ်တွင်မူ သတင်းစာ တစ်ထပ်
ကြီး တင်လာသည်။ အင်္ဂလိပ် သတင်းစာနှင့် မြန်မာ သတင်းစာများ
ဖြစ်သည်။ အများအားဖြင့်တော့ မြန်မာ သတင်းစာတွေသာ ဖြစ်သည်။
သူ့ သတင်းစာ ပို့လမ်းကြောင်းတွင် အင်္ဂလိပ်စာ ဖတ်သူ ဆို၍ သိပ်
မရှိ။ လေးငါး ဆယ်အိမ် လောက်သာရှိသည်။

အင်္ဂလိပ် သတင်းစာ ဖတ်သူများမှာ အများအားဖြင့် အရာရှိအရာခံများ
နှင့် ကျောင်းဆရာများ သာဖြစ်သည်။ ကျန်အိမ်များကမူ မြန်မာ သတင်း
စာကို အဖတ်များကြသည်။ အင်္ဂလိပ် သတင်းစာက အရွက်ရေများသည်။
အရွက်ကြီးသည် ဆိုပြီး ယူကြသည့် အိမ်များလည်း ရှိသည်။ အများ
အားဖြင့်မူ မြန်မာ သတင်းစာကိုသာ အဖတ်များကြသည်။




တစ်နေ့တွင် ကျွန်တော်ဆီသို့ သတင်းစာဖိုး လာကောက်ရင်း သူနှင့်
ကျွန်တော် စကား လက်ဆုံကျသည်။ အစတုန်းကတော့ သူက သိပ်
စကား မပြောချင်။ သတင်းစာဖိုး တွေကို အချိန်မီလိုက်ကောက်ဖို့ စိတ်
စောနေသည်။ ခဏကြာတော့ သူသည် အရှိန်ရလာကာ သူ့အကြောင်း
များကို ကျွန်တော့်အား ပြောပြနေသည်။

“ကျွန်တော့် နာမည်က မောင်သန်းဇော်လို့ ခေါ်ပါတယ်။ အသက် ၁၈
နှစ် ရှိပါပြီ။ ကျွန်တော် ဆယ်တန်း ဖြေထားပါတယ်။ မအောင်ရင်တော့
ဘာလုပ်ရမယ် မသိသေးပါဘူး။ အောင်ရင်တော့ ဂျီတီအိုင်ကို တက်မယ်
လို့ စိတ်ကူးထားပါတယ်။ တက်ခွင့်ရရင်ပေါ့လေ၊ တက္ကသိုလ်ကိုတော့
ဆက်နေနိုင်မယ်လို့ မထင်ပါဘူး။ အခြေအနေ ပေးရင်တော့ အဝေးသင်
တက္ကသိုလ်ကို တက်မယ်လို့ စိတ်ကူး ထားပါသေးတယ်။ ကိုယ်က
အောင်မလား၊ မအောင်ဘူးလား။ ဂျီတီအိုင် ကို တက်ဖြစ်မလား၊ မတက်
ဖြစ်ဘူးလား ဆိုတာ ဘာမှ မရေးရာသေးပါဘူး။”

“ဟုတ်ကဲ့။ ကျွန်တော်မှာ မိဘအစုံအလင် ရှိပါသေးတယ်။ အဖေက
အရင်တုန်းကတော့ အစိုးဌါန တစ်ခုမှာ စာရေးကြီးပါ။ ဌါနခွဲ စာရေး
ကြီးပေါ့လေ။ ခုတော့ အဖေ ပင်စင်ယူပြီး အလုပ်တစ်ခု ၀င်လုပ်နေ
ပါတယ် ခင်ဗျာ။ ကုမ္ပဏီအလုပ်တို့ ဘာတို့ မဟုတ်ပါဘူး။ ညစောင့်
အလုပ်ပါ။ အမျိုးတစ်ယောက်က သွင်းပေးလို့ ရုံးတစ်ရုံးမှာ ညစောင့်
ရပါတယ်။ ပုတ်ပြတ်နဲ့ လုပ်ရတာပါ။ အဖေက သိပ်လက်ဖက်ရည် ကြိုက်
တယ် ခင်ဗျ။ ပြီးတော့ ဆေးလိပ်လည်း ကြိုက်တယ်။ ဒီတော့ သူ့လက်
ဖက်ရည်ဖိုးလေးနဲ့ ဆေးလိပ်ဖိုးလေး ရအောင် ဆိုပြီး ၀င်လုပ်တာပါ။

သားသမီးတွေက အဖေ့ လက်ဖက်ရည်ဖိုးနဲ့ ဆေးလိပ်ဖိုးကို ပေးပါ့မယ်
လို့ ပြောပေမယ့် လက်မခံဘူး။ မင်းတို့မှာလည်း မင်းတို့စရိတ်နဲ့တောင်
မင်းတို့ မလောက်ဘူးတဲ့။ သူ့ကို မထောက်နဲ့တဲ့။ ဟုတ်ကဲ့။ ကျွန်တော်
တို့မှာ မွေးချင်း ငါးယောက် ရှိပါတယ်။ ကျွန်တော်က အငယ်ဆုံးပါ။
ကျွန်တော် အကို အကြီးဆုံးကတော့ မရှိတော့ပါဘူး။ ဆုံးသွားပါပြီ။ သူ
ဆုံးသွားတာက ဆေးစွဲပြီး ဆုံးသွားတာပါ။ ဆေးစွဲပြီး ရဲဘက်စခန်းရောက်
ပါတယ်။ နောက် ရဲဘက်စခန်းက ထွက်ပြေးလာပြီး အိမ်ကို လာအိပ်လိုက်၊
တခြား သွားရှောင်နေလိုက်နဲ့ ဥပဒေကို ရှောင်တိမ်းနေပါတယ်။ အဖေက
တရား ဥပဒေနဲ့ မလွတ်တဲ့ဟာမျိုးဆိုရင် သိပ်ကြောက်တယ်။ ဒီတော့
အိမ်မှာလည်း လက်မခံရဲဘူး။ နောက်တော့ သူလည်း ဟိုနေဒီနေနဲ့
ရှောင်တိမ်းသွားလာနေရင် ဆုံးသွားတာပါပဲ။ ဆုံးတော့လည်း တခြား
အရပ်မှာ သွားဆုံးတာပါ။”

“ဒုတိယက အမပါ။ သူက ဆယ်တန်း မအောင်ဘူး။ အိမ်ထောင်ကျသွား
ပြီး အိုးခွဲစားပါတယ်။ နေတော့ ကျွန်တော်တို့ အိမ်မှာပဲပေါ့။ တော်သေး
တာပေါ့။ အိမ်ဈေး မြေဈေးတွေ မတက်ခင်တုန်းက တောမှာရှိတဲ့ အမေ
အမွေရတဲ့ မြေကွက်ကလေးကို ရောင်းပြီး၊ အဲဒီ အိမ်ကလေးကို ၀ယ်
လိုက်လို့။ သုံးပင်နှစ်ခန်း အိမ်ကလေးပါ။ အဲဒီတုန်းကတော့ အဖေက
လည်း ပင်စင် မယူသေးဘူး။ အမေကလည်း တစ်ဘက်မှာ စက်ချုပ်
တယ်။ ကျွန်တော်တို့တတွေ ကလည်း သိပ်မကြီးသေးတော့ စရိတ်သိပ်
မကုန်သေးဘူးလေ။ ဒီတော့ စုမိဆောင်းမိတာကလေးတွေ နည်းနည်းပါး
ပါး ရှိတယ်။ အမေ့ဦးလေး တစ်ယောက် ပန်းထိမ်လုပ်တော့ ရွှေကလေး
ဘာလေးတွေကိုလည်း သူ့ဆီက လပေးနဲ့ ၀ယ်စုထားလို့ အဲဒီတုန်းက
ချောင်လည်ပါတယ်။ ဒါပေမယ့် အကိုက ဆေးစွဲ၊ ကျွန်တော်တို့ ကလည်း
ကျောင်းသားတွေ ဖြစ်လာတော့ ကျောင်းစရိတ်တို့ ဘာတို့ ကုန်လာ
ပြီလေ။”

“တတိယကလည်း မိန်းကလေးပါပဲ။ သူကတော့ ဘွဲ့ရသွားပါပြီ။ ဘီကွမ်း
စီပီအေနဲ့ ဘွဲ့ရလို့ သူက စာရင်းရုံးမှာ လုပ်ပါတယ်။ ခု ကချင်ပြည်နယ်
ကို သွားပြီး အမှုထမ်း ရပါတယ်။ သူတို့မြို့ကလေးမှာ ကုန်စရာရယ်လို့
သိပ်မရှိဘူး။ မိန်းကလေးဆိုတော့ ချွေချွေတာတာ နေတတ်တယ်။ စာရင်း
စစ်သွားလို့ ခရီးစရိတ်တို့၊ နေတွက်တို့ ရတဲ့အတွက် သူက စုမိပါတယ်။
တစ်နှစ်တစ်နှစ်ကို နှစ်ခါသုံးခါလောက်တော့ ငွေပို့တတ်ပါတယ်။ တစ်ခါ
ပို့ရင် နှစ်ထောင်၊ သုံးထောင်။ များတဲ့အခါ ဆိုရင်လည်း ငါးထောင်လောက်
အထိ စုဆောင်းပြီး ပို့ပါတယ်။ ပြီးတော့ လူကြုံကောင်းရင်၊ ဒါမှမဟုတ်
သူပြန်လာရင် စားစရာ သောက်စရာတို့၊ ပဲတို့၊ ဆီတို့၊ ကြက်သွန်တို့၊
ငရုတ်တို့လည်း ပါလာတတ် ပါတယ်။”

“စတုတ္ထကလည်း မိန်းကလေးပါပဲ။ သူကတော့ ဆယ်တန်း မအောင်ပါ
ဘူး။ နှစ်ခါလောက်ကျတော့ ဆက်မဖြေတော့ပါဘူး။ စာမေးပွဲကိုလည်း
မဖြေချင်တော့ဘူးတဲ့။ ကျောင်းလည်း မနေချင်ဘူး၊ ပညာလည်း ဆက်
မသင်ချင်ဘူးတဲ့။ ပညာသင်ရမှာ ပျင်းတယ်တဲ့။ စိတ်မပါဘူးတဲ့။ သူ့ကို
ကျောင်းဆက် ထားရင်လည်း သူအောင်မှာ မဟုတ်ဘူးတဲ့။ သူက စာ
သင်ရတာကို ၀ါသနာ မပါဘူးတဲ့။ ရှင်းရှင်းပဲပြောတယ်။ ဒါနဲ့ အဖေက
သူ့ကို ကျောင်းဆက် မထားတော့ပါဘူး။”

“မင်းအဖေကကော သူပြောတာကို လက်ခံသလား။ ကျောင်းဆက်နေဖို့
မတိုက်တွန်းဘူးလား”

“အဖေက ခပ်အေးအေးပဲ နေတတ်တယ်လေ။ အေး … မနေချင်ဘူး ဆို
ရင်လည်း မနေနဲ့ပေါ့တဲ့။ ဒါပဲပြောတယ်။ အမေကတော့ အတင်းထား
ချင် ပါသေးတယ်။ ဒါပေမယ့် အဖေက သူ စာသင်တာကို မပျော်ပိုက်ရင်
ဘယ်နှယ့်လုပ်မလဲ။ ဆက်ထားရင်လည်း အချိန်ကုန်ရုံ၊ ငွေကုန်ရုံပဲ ရှိ
မှာပေါ့လို့ ပြောတယ်။ ကျွန်တော့်အမ အငယ်ဆုံးက ပထမတော့ အမေ
စက်ချုပ်ရင် ကူချုပ်ပေးတာတို့၊ ကြယ်သီးတပ်တာတို့ လုပ်ပေးပါတယ်။
နောက်တော့ ခုခေတ်က နိုင်ငံခြား အင်္ကျီတွေ ရောက်လာတော့ စက်က
သိပ်မချုပ်ရတော့ဘူးလေ။ အထက်ဆင် တပ်တာတို့၊ ယောက်ျား လုံ
ချည်ချုပ်တာတို့ လောက်ပဲ ရှိတော့တယ်။ ဒါနဲ့ အမေက သူ့ စက်
ကလေးကို ရောင်းပစ်လိုက်တယ်။ အကိုကြီးကို ဆေးကုရတာတွေ
လည်း ပါတာပေါ့လေ။ ဒါနဲ့ အမအငယ်က လုပ်ငန်းရှင် တစ်ယောက်ဆီ
မှာ ဆီးထုပ် ထုပ်ပါတယ်။ လုပ်နိုင်ရင် လုပ်နိုင်သလောက် ရပါတယ်။
ပျမ်းမျှ လေးငါးဆယ်တော့ ရပါတယ်။”

“မင်း သတင်းစာပို့ လုပ်တာ ဘယ်လောက် ကြာပြီလဲ”

“သုံးနှစ်လောက် ရှိပါပြီ။ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေက သတင်း
စာ ကိုယ်စားလှယ် လုပ်ပါတယ်။ သူ့ဆီမှာ လခနဲ့ လုပ်တာပါ။ ကျွန်တော့်
အလုပ်က သတင်းစာတွေကို လိုက်ပို့ရတယ်။ သတင်းစာဖိုးတွေကို လိုက်
ကောက် ရပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်ဆီမှာ သတင်းစာပို့
တဲ့ ကောင်လေးတွေ လေးယောက်လောက် ရှိပါတယ်။ ကိုယ့်လမ်းကြောင်း
နဲ့ကိုယ် ပို့ရပါတယ်။ ပိုက်ဆံတောင်းရင်လည်း ဒီအတိုင်းပါပဲ။ ကျွန်တော်
သတင်းစာပို့ လမ်းကြောင်းမှာ အိမ် ၆၀ ကျော် ၇၀ နီးပါး ရှိပါတယ်။ အဲဒါ
တွေကို ကျောင်းမသွားခင် ရောက်အောင် ပို့ရပါတယ်။ ကျွန်တော်ကျောင်း
က နေ့လယ်ကျောင်း ဆိုတော့ အချိန်ရပါတယ်။ တစ်ခါတလေမှာ သတင်း
စာ နောက်ကျတော့ ကျွန်တော်တို့ ၁၁ နာရီလောက်မှ ပို့လို့ ပြီးပါတယ်။
တစ်ခါတလေ သိပ်နောက်ကျလွန်းရင်လည်း နောက်တစ်နေ့ကျမှ နှစ်ရက်
စာပေါင်းပြီး ပို့ ရပါတယ်။ သတင်းစာ ဖတ်သူကိုတော့ တောင်းပန်းရတာ
ပေါ့လေ။”


(ဆက်လက်ဖော်ပြမည်။)
(မှတ်ချက်။ ။ ဆရာမြသန်းတင့်၏ ခေတ်ပြိုင်ရုပ်ပုံလွှာများ စာအုပ်မှာ ကူး
ယူဖေါ်ပြပါသည်။ အကြောင်းကြောင်းကြောင့် ဆရာ၏ ကျန်ရစ်သူ မိသား
စုနှင့် စာအုပ်ထုတ်ဝေသူတို့ ထံမှ တိုက်ရိုက်ခွင့်ပြုချက် မယူနိုင်ခဲ့သည့်
အတွက် တောင်းပန်ပါသည်။)

Sep 5, 2008

“စောင့်တတ်သူ”


မျှဝေပေးသူ - စစ်ငြိမ်းဒီရေ


စာဖတ်သူ ချစ်ဆွေတို့ရေ ကျနော့် အီမေးလ် ကို ရောက်လာတဲ့ စာတစ်စောင်
ထဲက ပုံပြင်လေး တစ်ပုဒ်ကို ပြန်ပြောပြမယ် ဗျာ။ ပုံပြင်လေးရယ့် အမည်ကို
“စောင့်တတ်သူ” လို့ ပေးထားပါတယ်။

… “စောင့်တတ်သူ” …

zTortoisesAlcedo.jpg




ဟိုးရှေးရှေးတုန်းက လိပ်မိသားစု တစ်စုဟာ ပျော်ပွဲစား ထွက်ဖို့ ပြင်ဆင်ကြပါ
တယ်။ သူတို့ သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစား ထွက်ဖို့
ပြင်ဆင်တာလည်း (၇)နှစ် တောင် ကြာပါတယ်တဲ့။ နောက်ဆုံးတော့ လိပ်
မိသားစု အိမ်က ထွက်လာပြီး သင့်တော်တဲ့ နေရာကို ရှာကြပါတယ်။ ထွက်
လာပြီး (၂)နှစ် အကြာမှာတော့ သူတို့အတွက် အကောင်းဆုံး နေရာ တစ်ခု
ကို ရှာတွေ့သွားကြပါတယ်။

အဲဒီနေရာကို သန့်ရှင်းရေး လုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာတွေကို
ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင်တာ တို့ကိုတော့ (၆)လ အကြာမှာ ပြီး
စီး သွားပါတယ်။ အဲဒီအခါကျမှ သူတို့ “ဆား” မေ့ကျန်ခဲ့တာကို သိလိုက်ရပါ
တယ်။ “ဆား” မပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူးလို့
သူတို့ ထင်တယ်။ အဲဒီကိစ္စကို အကြာကြီး ဆွေးနွေး အပြီးမှာတော့ အငယ်
ဆုံး လိပ်ကလေးကို အိမ်မှာ “ဆား” ပြန်ယူဖို့ ရွေးချယ်ပြီး တာဝန် ပေးလိုက်
ကြ ပါတယ်။ မိသားစုထဲမှာ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး
ငိုယို ပါတော့တယ်။ နောက်တော့ ကတိ တစ်ခုတောင်းပြီးမှ သွားမယ်လို့
သဘော တူပါတယ်။ ကတိကတော့ ဘယ်သူမှ သူပြန်မရောက်မချင်း အစား
အသောက်တွေကို မစားပါဘူး ဆိုတဲ့ ကတိပါပဲ။ တမိသားစုလုံးက သဘော
တူ လိုက်တော့မှ လိပ်ကလေး ထွက်သွား ပါတော့တယ်။

သုံးနှစ်ကြာတဲ့ အထိ လိပ်ကလေး ပြန်ရောက် မလာပါဘူး။ ငါးနှစ် …ခြောက်
နှစ် … ခုနစ်နှစ်မြောက် လာတဲ့ အခါမှာတော့ အသက်ကြီးဆုံး လိပ်ကြီးက
ဗိုက်ဆာတဲ့ ဒဏ်ကို မခံနိုင်ရှာတော့ပါဘူး။ ဒါကြောင့် သူတော့ စားတော့
မယ်လို့ပြောပြီး အသားညှပ် ပေါင်မုန့်ထုပ်ကို ဖွင့်လိုက် ပါတော့တယ်။ အဲဒီ
အချိန်မှာပဲ လိပ်ကလေးက သစ်ပင် အနောက်ကနေ ရုတ်တရက် ထွက်လာပြီး
အော်ပြော လိုက်ပါတယ်။

“တွေ့လား! သားကို စောင့်ကြမှာ မဟုတ်ဘူး ဆိုတာ သိသားပဲ၊ တော်ပြီး
“ဆား” သွား မယူတော့ဘူး … ”


(ပုံပြင်လေးကို ဒီနေရာမှာ အဆုံးသတ်ခွင့် ပြုပါ။)

Sep 4, 2008

အိပ်ငိုက်တတ်ရင် စာပေသမား မဟုတ်ဘူး

ရေးသူ - လူထု စိန်ဝင်း

ဒီနေ့ခေတ်ပေါ် ဂျာနယ်လစ် လူငယ်တွေနဲ့ စကားပြော ဖြစ်တဲ့ အခါတိုင်း
ထုံးစံအတိုင်း ပြောမြဲစကားကို ပြောဖြစ်တာချည်းပါပဲ။ သူတို့ဆီက ပြန်ဖြေ
တဲ့ အဖြေကလည်း ထုံးစံအတိုင်း ကြားရမြဲ စကားသာ ဖြစ်ပါတယ်။

လူငယ် ဂျာနယ်လစ်တွေကို ပြောမြဲ စကားက “စာ များများ ဖတ်ပါ” ဆိုတာ
ပဲ ဖြစ်ပါတယ်။ လူငယ်တွေ ပြန်ပြောတဲ့ စကားကလည်း ပြောမြဲတိုင်း “စာ
ဖတ်ချိန်ကို မပေးနိုင်ပါဘူး ခင်ဗျာ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီအကြောင်း
အပ်ကြောင်းထပ် နေ့စဉ် ပြောနေရသလို စာရေးခဲ့တဲ့ အကြိမ်လည်း မနည်း
တော့ပါဘူး။ ဒါပေမယ့် “ဟောရင်းသာ ပျံတော်မူရ” မယ့် ကိန်း ဆိုက်နေပါ
ပြီ။ လူငယ်တွေရဲ့ အဖြေက ပြောင်းလဲ မသွားပါဘူး။ “စာဖတ်ချိန် မပေးနိုင်
ပါဘူး” ဆိုတာချည်း ဖြစ်ပါတယ်။

ဂျာနယ်လစ် လူငယ်တွေနဲ့ နေ့စဉ်နဲ့အမျှ ထိတွေ့ နေသူ ဖြစ်တာကြောင့်
ဒီနေ့ခေတ် လုပ်နေကိုင်နေကြတဲ့ အခြေအနေတွေကို သိပါတယ်။ လူနှစ်
ယောက်တစ်ပိုင်းနဲ့ မဖြစ် ဖြစ်အောင် လုပ်ကိုင်နေကြတာ တွေကိုလည်း
သဘော ပေါက် နားလည်ပါတယ်။ ဒါပေမယ့် “စာဖတ်ချိန် မပေးနိုင်ဘူး”
ဆိုတာကိုတော့ လက်ခံလို့ကို မရနိုင်အောင် ရှိပါတယ်။ ကျွန်တော်တို့
တစ်တွေဟာ အလုပ် ဘယ်လောက်များများ ထမင်းစားဖို့ကို အချိန်မရ
ဘူး ဆိုပြီး ထမင်းမစားဘဲ မနေကြပါဘူး။ တစ်ခါတလေ နပ်ကျော် သွား
လို့ မနက်စာ ညစာ ပေါင်းပြီး စားလိုက် ရတာတွေ ရှိတတ် ပါတယ်။ ဒါ
ပေမယ့် စားတော့ စားဖြစ်ကြတာပါပဲ။

ကိုယ်တိုင်က သတင်းသမား ဖြစ်တာကြောင့် သတင်းတွေနောက် လိုက်
ရင်း နှစ်နပ် သုံးနပ် ထမင်း မစားလိုက်ရတာ မျိုး တွေ့ကြုံဖူး ပါတယ်။
နှစ်ည သုံးည မအိပ်ဘဲ နေခဲ့ရတာ မျိုးတွေလည်း ကြုံဖူးပါတယ်။ သင်္ကြန်
မှာလို ရေပိုက်ကြီးနဲ့ ထိုးတာ ခံဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထမင်းစား
ရဖို့တော့ ဖြစ်အောင် ဖန်တီးပြီး စားခဲ့တာပါပဲ။




စာနယ်ဇင်း သမားမှာ နေ့ည ဆိုတာ မရှိဘူး။ အလုပ်ချိန် ရယ်လို့ မရှိ
ဘူး။ သတင်းမှန်သမျှ အရေးကြီးတာပဲ ဆိုတဲ့ သဘာဝတွေကို နားလည်း
ပါတယ်။ ဒါပေမယ့် စာဖတ်ချိန်ကို လုံးလုံး မရှိဘူးဆိုတာတော့ မဟုတ်
နိုင်ပါဘူး။ ဖတ်ချင်စိတ် ရှိရင် အချိန်ဆိုတာက ကြံဖန်ပြီး လုပ်ယူရင် ရ
တာ ချည်းပါပဲ။ အရေးကြီးတာက ဖတ်ချင်စိတ်ပါ။

“ဖတ်ချင်စိတ်” တော့ ရှိပါတယ်။ အချိန်မရလို့ပါ ဆိုတဲ့ စကားဟာ
တကယ်တော့ ဆင်ခြေကန်တာ သက်သက်ပါ။ ဖတ်ချင်စိတ် ပြင်းပြင်း
ပြပြ မရှိလို့သာ မဖတ်တာပါ။ မဖတ်ရရင် မနေနိုင်လောက်အောင်ကို
ဖတ်ချင်စိတ် ကြီးမာရင် ကြံဖန် အချိန်ယူပြီး ဖတ်မှာပါပဲ။ မခံမရပ်နိုင်
လောက်အောင် ထမင်း ဆာလာရင် မီးရထားပေါ် ဘတ်စ်ကားပေါ်မှာ
တောင် ထမင်းဘူးဖွင့် စားတာမျိုး တွေ့ဖူးပါတယ်။ အလုပ်ခွင်ထဲ စာသင်
ခန်းထဲမှာလည်း လူမမြင်အောင် စားတတ်ကြတာပါပဲ။ ထမင်းဘူး မရှိရင်
လည်း ရှိတာရတာကို အချဉ်ထုပ်တောင် မရှောင် ရှာပြီး စားလေ့ ရှိကြ
ပါတယ်။

စာဖတ်တာလည်း အဲဒီလို လုပ်လို့ရတာပဲ မဟုတ်လား။ ဘတ်စ်ကားဂိတ်
တို့ ဘူတာရုံတို့မှာ နာရီဝက် တစ်နာရီ အလကားရပ်ပြီး နေရချိန်တွေမှာ
ဂျာနယ်လောက်တော့ ဖတ်လို့ရတာပဲ။ ဘတ်စ်ကားပေါ် ရထားပေါ်မှာ
လည်း ဖတ်လို့ ရတာပဲ။ သတင်းစာတို့ ဂျာနယ်တို့ဆိုတာမျိုးက စိမ်ပြေ
နပြေ အရသာ ခံဖတ်ရတာမျိုးမှ မဟုတ်တာ။ သွားရင်း လာရင်း လုပ်ရင်း
ကိုင်ရင်း ဖတ်လို့ ရတာမျိုးတွေပါ။ အရသာခံဖတ်ရတဲ့ ၀တ္တူ စာအုပ်လို
မျိုး၊ ဖတ်ရင်း တွေးတော စဉ်းစားရတဲ့ ပညာရပ် ဆိုင်ရာလို စာအုပ်မျိုးကျ
တော့ နာရီဝက် တစ်နာရီ အားလပ်ချိန် ရတဲ့ အခါမျိုးကျမှ ဖတ်ပေါ့။

စာသမား ပေသမားတိုင်း ညအိပ်ရာမ၀င်မီမှာ အနည်းဆုံး တစ်နာရီ
လောက်တော့ စာဖတ်ချိန် ယူသင့်ပါတယ်။ တစ်နေလုံး ပင်ပန်းထားလို့
ညနက်အောင် မနေနိုင်ဘူးလို့တော့ မပြောပါနဲ့။ စာပေသမား၊ စာနယ်
ဇင်းသမားတို့ အလုပ်ဆိုတာ စက်ရုံထဲက အလုပ်သမားတို့ရဲ့ အလုပ်
မျိုးကို ကာယခွန်အား စိုက်ထုတ်ပြီး ချွေးဒီးဒီးကျအောင် လုပ်ရတဲ့ အလုပ်
မျိုး မဟုတ်ပါဘူး။

စာပေကို စွဲစွဲမြဲမြဲ နှစ်နှစ်ကာကာကြီး ၀ါသနာပါတဲ့ သူဆိုရင် စာဖတ်ခြင်း
ဟာလည်း အပန်းဖြေခြင်းပါပဲ။ စာပေသမား စစ်စစ်မှန်ရင် စာဖတ်ရင်
ဘယ်တော့မှ အိပ်မငိုက်ပါဘူး။ စာဖတ်ရင်း အိပ်ငိုက်တတ်သူ ဆိုရင် စာ
ပေသမား အစစ် မဟုတ်ဘူး။ လူအထင်ကြီးအောင် ဟန်ဆောင်ပန်ဆောင်
စာပေသမား အမည်ခံထားတာလို့သာ မှတ်လိုက်ပါ။ ဒါမှမဟုတ်လည်း
တခြား အလုပ်မရှိလို့ ကြုံရာဝင်လုပ်တဲ့ အနေနဲ့ စာနယ်ဇင်းသမား ဖြစ်နေ
တဲ့သူလိုသာ မှတ်လိုက်ပါ။

ဒီလိုပြောတာ ဘုမသိ ဘာမသိ ပြောတာလို့ မထင်စေချင်ပါဘူး။ နေ့စဉ်
မနက် ဆယ်နာရီက နောက်တစ်နေ့ မနက် သုံးနာရီအထိ အလုပ်လုပ်ရတဲ့
သတင်းစာ သမားလုပ်ခဲ့သူ တစ်ဦးအနေနဲ့ ပြောတာပါ။ “မျက်စီအကျင့်၊
ဝမ်း အချင့်” ဆိုတဲ့ စကားအတိုင်း အိပ်တယ်၊ စားတယ်ဆိုတာ အကျင့်ပေါ်
မှာ မူတည် ပါတယ်။ ပြောခဲ့တဲ့အတိုင်း မနက် ဆယ်နာရီက နောက်နေ့
မနက် သုံးနာရီလောက်အထိ နေ့စဉ် အလုပ်လုပ် နေခဲ့ရပေမယ့် အိပ်ငိုက်
တယ်လို့ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အခု အသက် ၆၀ ကျော်တဲ့ အထိ
လည်း ည တစ်ချက်ခွဲ နှစ်ချက်အထိ စာရေးစာဖတ် လုပ်နေဆဲ ဖြစ်တယ်။
ဒါပေမယ့် နေ့လယ်နေ့ခင်း တစ်ရေးတစ်မော အိပ်စက် အနားယူတယ်လို့
မရှိပါဘူး။

zzzaz.jpg

ဘာမှ လုပ်စရာလည်း မရှိ၊ ဖတ်စရာလည်း မရှိ၊ ဘယ်မှ သွားစရာလည်း
မရှိတဲ့ ဆယ်ပေခန်းလေး တစ်ခုထဲမှာ တစ်ယောက်တည်း ခြောက်နှစ်
ခုနစ်နှစ် နေခဲ့ရချိန်များကတောင် နေ့လည်နေ့ခင်း အိပ်တဲ့ အကျင့်
မလုပ် ခဲ့ပါဘူး။ တစ်နေ့ခင်းလုံး ပတ်ချာလည်အောင် လမ်းလျှောက် နေခဲ့
တာပါပဲ။ ဒါကြောင့် အိပ်ခြင်း၊ စားခြင်းဆိုတာ အကျင့်ပေါ်မှာ မူတည်တယ်
လို့ ပြောတာပါ။

စာဖတ်ခြင်းကိုပဲ ဘာကြောင့်များ ဒါလောက် ရေးကြီးခွင်ကျယ်လုပ်ပြီး
ပြောနေရတာလဲလို့ မေးစရာ ရှိပါတယ်။ စာနယ်ဇင်းသမား လူငယ်တွေ
အတွက် ပြောနေ၊ ရေးနေတာ ဖြစ်လို့ အလေးထား ပြောနေတာပါ။ စာ
နယ်ဇင်းသမား အလုပ်ဆိုတာ စာမဖတ်ဘဲနဲ့ လုပ်လို့မရပါဘူး။ စာဖတ်
ခြင်းဟာ စာနယ်ဇင်းသမားအတွက် အရေးကြီးဆုံး အဓိက အလုပ်ဖြစ်ပါ
တယ်။

စာနယ်ဇင်းသမား မှန်ရင် ဘယ်ကိစ္စမဆို ဟိုစပ်စပ်၊ ဒီစပ်စပ်တော့ သိထား
ဖို့ လိုပါတယ်။ အဲဒီလို သိဖို့ စာဖတ်ရတာ ဖြစ်ပါတယ်။ စာနယ်ဇင်းသမား
ဆိုတာ ကောင်းတာလည်း သိဖို့ လိုပါတယ်။ မကောင်းတာလည်း သိဖို့
လိုပါတယ်။ အဲဒါကြောင့် ဘာစာမဆို ဖတ်ရမှာပဲ ဖြစ်ပါတယ်။ ကောင်းတာ
ကို ဘာကြောင့် ကောင်းတာလဲ၊ ဘယ်လို ကောင်းတာလဲ သိမှ ကိုယ်တိုင်
ကောင်းတာ လုပ်နိုင်ပါတယ်။ မကောင်းတာကိုလည်း ဘာကြောင့် မကောင်း
တာလဲ၊ ဘယ်လို မကောင်းတာလဲ သိမှ ကိုယ်တိုင် မကောင်းတာ မလုပ်မိ
အောင် ရှောင်ကြဉ် နိုင်ပါတယ်။ အဲဒါကြောင့် စာဖတ်ဖို့ ထပ်ခါတလဲလဲ
တိုက်တွန်း နေရတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ စာနယ်ဇင်းတွေ အဆင့်အတန်းမြင့်၊ မမြင့် ဆိုတာ ကျွန်တော်
တို့ စာနယ်ဇင်းသမားတွေ အဆင့်အတန်းမြင့်၊ မမြင့်ပေါ် မူတည် ပါတယ်။
ကျွန်တော်တို့ စာနယ်ဇင်း သမားတွေ အဆင့်အတန်းမြင့်ဖို့ စာဖတ်ခြင်းက
လွဲပြီး တခြားနည်းလမ်း မရှိပါဘူး။ အဲဒါကြောင့် စာနယ်ဇင်းသမား မှန်သမျှ
စာများများ ဖတ်ကြပါ။ မဖတ်ရ မနေနိုင်ဘူး ဆိုတဲ့ အဆင့်ထိ ရောက်အောင်
ကို ဖတ်ကြပါလို့ ထပ်မံ တိုက်တွန်း လိုက်ပါရစေဦး။


လူထုစိန်ဝင်း
၁၁-၁-၂၀၀၅
( မတ်လ၊ ၂၀၀၅ ခုနှစ် မဟေသီ မဂ္ဂဇင်းမှ ထပ်ဆင့် ကူးယူ ဖော်ပြပါတယ်။
အကြောင်းကြောင်းကြောင့် တိုက်ရိုက် ခွင့်ပြုချက် မယူနိုင်ခဲ့မှု အတွက် ဆရာ
လူထု ဦးစိန်ဝင်း အား တောင်ပန်ပါတယ်။ )