ရေးသူ- တက္ကသိုလ်ဘုန်းနိုင်
ယခင် အပိုင်း(၁၁)မှ အဆက် …..
ကဗျာဆရာသည် သူ့ စိတ်တွင်းမှ အာရုံပုံရိပ်ကို အာရုံအတိုင်း တစုံတရာသော
တန်ခိုး အဘိဥာဏ်အစွမ်းဖြင့် စာဖတ်သူထံ တိုက်ရိုက် ပေးနိုင်သည် မဟုတ်။
ထိုသို့ ပို့ပေးနိုင်လျှင် သူ ကဗျာစပ်နေရန် မလိုတော့။
သူ လုပ်နိုင်သည်မှာ အာရုံပုံရိပ် ထုသွန်းပြီး အာရုံပုံရိပ်ကို ပို့ပေးခြင်းသာ ဖြစ်သည်။
ဘာနှင့် အာရုံပုံရိပ်ကို ထုသွန်းသနည်း …. ။
စကားလုံးများနှင့် ထုသွန်းသည်။ ….. ။
ဘာနှင့် အာရုံပုံရိပ်တွေကို ပို့ပေးသနည်း။
စကားလုံးများနှင့် ပို့ပေးသည်။
ဘာကြောင့် ဤသို့ သူ လုပ်နိုင်သနည်း။
ဤကား ကွန်ဗင်းရှင်းန်အော့ဖ် အင်မဂျရီ (convention of imagery) ခေါ် အာရုံ
ပုံရိပ်ဖေါ် ထုံးတမ်းစဉ်လာ ရှိနေသောကြောင့် ဖြစ်လေသည်။ တနည်း အာရုံပုံရိပ်
ဖော်မှုဆိုင်ရာ အများသဘောတူ လက်ခံထားချက်များ ရှိနေသောကြောင့် ဖြစ်လေသည်။
ဤအချက်မှာလည်း ထူးလှ ဆန်းလှသည် မဟုတ်ချေ။
စကားဟု ခေါ်သော စနစ်ကိုယ်နှိုက်က အာရုံပုံရိပ်ဖော်မှုဆိုင်ရာ အများသဘောတူ
လက်ခံထားချက်များ ဖြစ်လေသည်။
လူးနာ သို့မဟုတ် လူနာဟူသော အသံကို ကြားလျှင် လက်တင်ဘာသာစကား
ပြောကြသူတွေက ငွေလမင်း၏ အာရုံပုံရိပ်ကို တန်းဖမ်းမိမည်။ ကျွန်တော်တို့ မြန်မာ
တွေကမူ ဆေးရုံးပေါ်မှ ရောဂါသည်၏ အာရုံပုံရိပ်ကို သွားဖမ်းပေမည်။ ဤအသံနှင့်
ပက်သက်ပြီး အီတာလီယန်နှင့် မြန်မာတွေ အများသဘောတူ လက်ခံထားချက်ခြင်း
တူမှ မတူပဲကိုး။
ကဗျာစနစ်မှ ထုံးတမ်းများသည် စကားစနစ်မှ ထုံးတမ်းများမှ လာသည်။
သူရို့၌ အဆို တရပ်ရှိသည်။
“The substance of poetry is also the very stuff of words.”
“ကဗျာ၏ အနှစ်အသား ဒြပ်ပစ္စသည်းသည် စကားလုံးများ၏ မူလဘူတ
ဒြပ်ပစ္စည်းလည်း ဖြစ်ပေသည်”
“Words mean what we mean them to mean, and what we
accept them as meaning, and nothing else.”
“စကားဆိုသည်မှာ ကျွန်ုပ်တို့ ထွက်စေလိုသော အဓိပ္ပါယ်ကို ထွက်ပေးသော
အရာ ဖြစ်သည်။ တနည်းဆိုရလျှင် ဤသို့ ဤသို့ အဓိပ္ပါယ်ရှိသည်ဟု ကျွန်ုပ်တို့
အများ လက်ခံထားသော အရာဖြစ်သည်။ အခြား ဘာမျှ မဟုတ်။”
တနည်းဆိုလျှင် စကားတွေရော၊ အာရုံတွေရော၊ အာရုံပုံရိပ်တွေရော၊ အားလုံး
သည် နိမိတ္တခေါ် ဆင်းဘိုးလ် (symbol) တွေချည်း ဖြစ်သည်။
ဆင်းဘိုးလ်ကို -
Something that stands for or represents another thing
“ အခြားသော အရာတစ်ခု၏ ကိုယ်စား ရပ်တည်သော (၀ါ) အခြားသော အရာ
တစ်ခုကို ကိုယ်စားပြုသော ထိုအရာမှ တပါးဖြစ်သည့် အရာတစ်ခု။”
ဟု အဓိပ္ပါယ်ဖွင့်ဆိုသည်။
“လမင်း” ဆိုသော အသံသည် ကောင်းကင်က လမင်းကြီးမဟုတ်။ “လ”နှင့်“မင်း”
ဟူသော အက္ခရာများမှာလည်း အဖြူပေါ်ထင်နေသော မျဉ်းကွေး မျဉ်းကောက်နှင့်
အစက်အပြောက်များသာ ဖြစ်သည်။ ကောင်းကင်က လမင်းကြီး မဟုတ်။ သို့ရာတွင်
မြန်မာတစ်ယောက်အတွက် သူတို့က ကောင်းကင်က လမင်းကြီးကို ကိုယ်စား
ပြုထားသည်။
“စစ်လမ်းမြေတာ၊ ချီလေရာတွင်” နတ်သျှင်နောင် မြင်ယောင်နေသော အာရုံမှာ
“ရွှေပြည်တောင်ငူ၊ နန်းမြင့်သူ” မဟုတ်။ ရှေးက မြင်ခဲ့ဖူးသော အတိတ်ဓမ္မာရုံသာ
ဖြစ်သည်။ သြော် … ခုချိန်တော့ ခမျာ မည်သို့ ရှိနေရှာမည်ဟု စိတ်ကူးနှင့် ကြံတွေး
၍ ပေါ်လာသော သဏ္ဌာန်က ရှိကဲ့သည်လည်းမဟုတ်၊ ရှိနေသည်လည်း မဟုတ်သော
ကြောင့် အနာဂါတ် ဓမ္မာရုံ။ နှစ်ခုလုံးသည် ပထ၀ီ၊ အာပေါ၊ ၀ါယော၊ တေဇော ဓါတ်
လေးပါးဖြင့် ပစ္စုပ္ပန်မှာ “ဘွားဘွားကြီး” ပေါ်နေကြသည် မဟုတ်။ ဤသို့ ဓါတ်လေးပါး
နှင့် ရှိနေသော ဓါတုကလျာမှ အခြားတပါး ဖြစ်သော အရာတွေ …။ ဆင်းဘိုးလ် …။
အဘိဓမ္မာစကားနှင့် ဆိုရလျှင် သညာတွေ။ သညာမှာက ပရမတ်အသား တစ်ပြားဖိုး
မျှ မပါ။ ပညတ်သက်သက်တွေ။ ပညတ်ဆိုသည်က အများက သမုတ်ထားသော
အရာတွေ။
ခမ်းနားစွ။ ဆန်းပြားစွ။ ကြီးမားစွ။ လှလည်း လှပေစွ …။
ဂုဏ်မြောက်သော ရှေးမြန်မာကဗျာတိုင်း၌ အာရုံပုံရိပ်တွေကို ထင်ထင်ရှားရှား
မိမိရရ တွေ့ရသည်။
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့် ရေပွက် … (အနန္တသူရိယ)။
ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်းခေါင်မဟူ …. (ရှင်မဟာရဋ္ဌသာရ)။
နှစ်ဆူလ၀န်း၊ ဥဒည်စွန်းက၊ ပေါ်ထွန်းသောယောင်၊ ရွှေနန်းချောင်ဝယ်၊ အရောင်
ပေါင်းစု၊ စောမုဒု၏၊ ဖွံ့နုပျို့ပျို့၊ ရွှေရင်စို့ …. (တွင်းသင်းမင်းကြီး)။
စိမ်းပြာညိုမြ၊ ခြယ်စုံလှသို့၊ ညွန့်ပမမြန်း၊ ထွေထွေစွန်းသား၊ ရေပန်းမြစ်ဆိပ်၊
ပွင့်မျောရိပ်မှ … (နတ်သျှင်နောင်)။
တိုင်းရက်သည့် ကက်ပလာ၊ မိုးရွာသည်နှင့် အဆင်သင့်၊ အလိုက်ခွင့် ဆီဆိုင်၊
အတိုင်အလှဲ့၊ ဂျင်ပဲ့ချင်း ပေါက်ကြစို့၊ နောက်မဆုတ်တမ်း …. (ဦးပုည)။
ဤနမူနာများ အားလုံးသည် နားလည်ရုံ သာမန် အဓိပ္ပါယ်တွေကို ပေးသည်သာမက
ရူပါရုံပမာ ပသာဒ အာရုံရိပ်တွေကို ဖန်ဆင်းပြသည်။
အချို့အာရုံရိပ်တွေက အာရုံရိပ်အဖြစ်နှင့်သာ ရပ်မနေဘဲ နိမိတ်ပုံတွေ ဖြစ်ဖြစ်
သွားသည်။
“စိန်ဗိတာန် ပုံသစ်မတဲ့ …. ရွှေရစ်ဆင်း” ဟူသော စကားတွေက ကျွန်တော့်ကို
နိမိတ်ပုံ ပေးသည်။ ထို နိမိတ်ပုံ၏ လှုံ့ဆော်မှုကြောင့် ရင်ခုန်ပွင့် မဂ္ဂဇင်း၌
“စိန်ဗိတာန် ပုံသစ်မတဲ့ … ရွှေရစ်ဆင်း” ဟူသော အမည်နှင့်ပင် ကျွန်တော် မဂ္ဂဇင်း
ဝတ္ထုရှည် တစ်ပိုဒ် ရေးမိခဲ့သည်။ ကျွန်တော့်ဝတ္ထုမှ စိန်ဗိတာန်ကား မိုးကောင်းကင်
မည်ကာ မဟုတ်တော့။ ကျွန်တော်မြင်မိသော ဒဿန တစ်ရပ်(၀ါ) ဓမ္မတာတစ်ခု၏
နိမိတ္တသဘော ဖြစ်ခဲ့၏။
(ဆက်ရန် …။)
(မှတ်ချက်။ ။ ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်
ပါသည်။ မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦး
ကဖြစ်စေ၊ စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက်
အီမေးလ် လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင်
ယခုတင်ပြပါ ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။
…. စစ်ငြိမ်းဒီရေ ။)
Sep 7, 2009
Subscribe to:
Post Comments (Atom)
2 comments:
ရောက်တယ်။ ဖတ်သွားတယ် ကိုအောင်ရေ..
လာဖတ်သွားတယ်ကိုအောင်ရေ့...ကျေးဇူးပါဗျာ
Post a Comment