Sep 13, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၁၃)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၁၂)မှ အဆက် …..

ဟံမာမင်း ….။ သူရို့ စကားတွေနှင့် ပြောရသည်မှာ လက်ဝင်းလိုက်ပါဘိ။ မြန်မာလို
ရိုးရိုးလေးပြောရလျှင် သညာအမှတ်တွေ။ ပညတ်တွေ။ …..။ သညာအမှတ်တွေ၊
ပညတ်တွေ မှန်သမျှက ….. ကွန်ဗင်းရှင်းန်တွေ …. ။ အဲ …. သမုတိသစ္စာတွေ။

“တင့်လှပေဟန်။ ဘက်မရန်တည့်။ ခြောက်တန်နတ်ရွာ။ ဘုံကလာသို့၊ ပြာပြာ
လတ်လတ်၊ မွတ်မွတ်ညက်ညက် …..။”
အဲတာကကော …။ ဓါတုကလျာတော့ မဟုတ်။ မျဉ်းကွေးတွေ၊ မျဉ်းကောက်တွေ၊
မျဉ်းဖြောင့်တွေ၊ အစက်တွေ …။ သို့ရာတွင် ကျွန်တော်တို့က ဓါတုကလျာ၏ ပုံရိပ်ကို
လှမ်းဆွဲသည်။ တိတိကျကျပြောရလျှင် နတ်သျှင်နောင် ထုသွန်းပို့လိုက်သော အာရုံ
ပုံရိပ်ကို လှမ်းဆွဲသည်။

ဤသို့သော သဘောကြောင့် တွေးတာတွေ၊ စိတ်ကူးတာတွေ၊ စိတ်ကူးယဉ်တာတွေ၊
အိပ်မက်တွေ …. အားလုံးကို စိတ်ပညာက ဆင်းမ်ဘိုးလစ်ခ် အက်တီဗတီ
(symbolic activity) ဟု ခေါ်သည်။ နိမိတ္တ ပစ္စည်းသုံးသော အပြုအမူဟု ဘာသာ
ပြန်ရမည် ထင်သည်။ ဤအပြုအမူ အားလုံး၌ (၀ါ) ဤမနောကံအားလုံး၌ လူသည်
အကောင်ဒြပ်အထည် ကိုယ်ရှိသော ဘာတစ်ခုကိုမှ ကိုင်တွယ်မသုံး။ အာရုံတွေ၊
အာရုံပုံရိပ်တွေ၊ နိမိတ္တတွေကိုသာ အဲ … “ကိုင်တွယ်” သုံးသည်။ တခါတရံ နိမိတ္တ
တွေနှင့် လွမ်းလို့ … မောလို့ … ပင်ပန်းလို့ ….။ ဒုက္ခ …. ။

ရိုးရိုးစကားမှ အင်မဂျရီ (၀ါ) အာရုံပုံရိပ်ဖော်ခြင်းနှင့် ကဗျာမှ အာရုံပုံရိပ် ဖော်ခြင်းတို့
ကြား ခြားနားမှုသည် အမျိုးအစားအားဖြင့် ခြားနားမှု မဟုတ်ဘဲ အင်အား အရှိန်
အဟုန်၏ ခြားနားမှုသာ ဖြစ်သည်။ ကဗျာမှ အာရုံပုံရိပ်များက အင်အားတွေ၊ အရှိန်
အဟုန်တွေ ပိုကြီးသည်။ ပိုပြင်းသည်။ ပိုကြီးအောင် ပိုပြင်းအောင်လည်း ကဗျာဆရာ
က ကြိုးစားသည်။

“သူ့ကို ချစ်လိုက်တာဗျာ။ သူနဲ့သာ နီးရမယ်ဆိုရင် ကျွန်တော် ဘာမဆိုလုပ်ပါရဲ့။”
လာပြန်ချေပြီ … စကားတန်ဆာ …။
အချစ်ဇော ဆန္ဒကို စကားသက်သက်က ဤမျှသာ ပြောသည်။ ကဗျာကမူ …
“မမလေးကို ချစ်လိုက်ပါတဲ့ အာရုံ။ ရွှေမြင့်မိုရ် တစ်တောင်လုံး၊ တုံးမှတ်လို့ ခုန်။”
လူသည် မြင့်မိုရ်တောင် မပြောနှင့် ခြတောင်ပို့ ကြီးကြီးကိုပင် လွတ်အောင် ခုန်နိုင်
သူ မဟုတ်။

ကိစ္စ မရှိပါ။ သည်လို ကဗျာစကားကို လူတွေက ခွင့်လွှတ်လက်ခံသည်။ ဤနေရာ
မှာက ယုတ္တိဗေဒကို ဆင်ခြင်စစ်ဆေးနေခြင်း မဟုတ်။ အချစ်ဇောဆန္ဒပေါ်အောင်
ဘယ်လောက် ပြောနိုင်သနည်း ဟူသည်ကိုသာ စိတ်ဝင်စားကြသည်။ ကဗျာဆရာ
ပြောလိုက်သော စကားကိုလည်း သိပ္ပံဆိုင်ရာ အချက်အလက်ဖြစ်မယူ။ လောက
၌ များလှသော အချက်အလက်တွေအနက် တစ်ခုဖြစ်သော ခံစားမှု အချက်
အလက်ကို စကားတန်ဆာဆင်လျက် ပြောသည်။

စကားတန်ဆာများကား အာရုံပုံရိပ် ထုံးတမ်းစဉ်လာ အများအနက်က အသုံးဝင်
သော အဖို့အစု တစ်ခု ဖြစ်သည်။ သူရို့ ကဗျာလောကတွင် စကားတန်ဆာ
(၇)မျိုး ရှိသည်။

(၁)မက်တဖား (metaphor)
မက်တဖား ဆိုသည်မှာ ခြားနားသော အရာနှစ်ခုကို တူစေပြီး တစ်ခုကို အခြား
တစ်ခုကဲ့သို့ ပြောခြင်းဖြစ်၏။
ပြီးခဲ့သော အပတ် ဆောင်းပါး၌ ဖော်ပြခဲ့သော ဦးမင်း၏ “စိန်ဗိတာန်”နှင့် “ရွှေရစ်”။
ဤဥပမာသည် မက်တဖား ဖြစ်သည်။ သို့၊ ကဲ့သို့၊ နှယ်၊ လို့ … ဟူသော
နှိုင်းယှဉ်ကြောင်းပြ အဆက်အသွယ်များ၏ အကူအညီ မယူချေ။

(၂) ဆင်မလီး (simile)
ဆင်မလီး ဆိုသည်မှာ မတူခြားနားသော အရာနှစ်ခုကို တူဘိသကဲ့သို့ ပြောခြင်း
ဖြစ်သည်။ ဥပမာ “ဝေလငါးကဲ့သို့ ကြီးမားသော နှလုံး”။ “မျက်ရည်တို့ ၀ိုင်အရက်
လား စီးဆင်းသည်” ။

မက်တဖားနှင့် ဆင်မလီးတို့၏ ခြားနားချက်ကား ဆင်မလီးတွင် ဥပမာပေးချက်၊
ခိုင်းနှိုင်းချက်ကို မ၀ှက်မပြု သိသာ ထင်ရှားအောင် (explicit) ဖော်ပြသည်။
အင်္ဂလိပ် ဘာသာတွင် as, like ဟူသော နှိုင်ယှဉ်ကြောင်းပြ စကားများနှင့်
အတူတွဲ၍ သုံးသည်။ မြန်မာတွင်လည်း သို့၊ ကဲ့သို့၊ ပမာ၊ နှယ် တို့နှင့်
တွဲ သုံးရ၏။

(ဆက်ရန်။)

No comments: