ယခင် အပိုင်း(၁)မှ အဆက် ….
လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ
ရေးသူ- တက္ကသိုလ်ဘုန်းနိုင်
(၃)
နိမိတ်ပုံတွေသာမက ဂျွန်ကိ(တ်)စ်၏ စကားကလည်း ပေါ်လာသည်။
ကျွန်တော်တို့က ကဗျာဖတ်သည်။ ကဗျာစပ်သည်။ မကြာခဏ ကဗျာဆိုသည်။
ဘာနည်းဟု ဆွေးနွေးကြသည်။ အင်း … ငြင်းခုံသည့် အခါလည်း ငြင်းခုံကြသည်။
အမှန်က ကဗျာအကြောင်း ကျွန်တော်တို့ ဘယ်လောက် သိကြသနည်း။
ဂျွန်ကိ(တ်)(စ်)ကတော့ ရိုသားစွာ ၀န်ခံသည်။
ကဗျာပညာဆိုသည်က ဧရာမ ကျောက်တောင် နံရံကြီးပါ။ သူနှင့်ယှဉ်တော့ လူဆိုသည်က
သေးသေးလေး။ နိမ့်နိမ့်လေး။ မော့ကြည့်လိုက်တိုင်း ကျောက်တောင်နံရံကြီးက စီးစီးမိုးမိုး
ကြီး။ မြင့်မြင့်မားမားကြီး။ ရှိသမျှ သတ္တိလေးတွေကုန်ပြီး ဇက်ပုသွားချင်သည်။ အေးအေး
ဆေးဆေး ရိုးရိုးသားသား ရွက်စားမုန်လာပွင့် လိုက်ခူးနေရသည်က အကောင်းသား။
သို့ရာတွင် ကျောက်တောင်နံရံကြီးကို မော့မော့မကြည်ဘဲလည်း မနေနိုင်။
ကျောက်တောင်နံရံကြီးက ….
ကျွန်တော်တို့ စကားတစ်ခွန်းကို ဘာသာပြန်ကြည့်ရအောင်။
ရောမအလင်္ကာဆရာကြီး ဆီးဆီလိယက်စ် (Caecilius) က စပြောသည်။ ထို့နောက်
ရောမတွင်နေသော ခေါမပညာရှင် လွန်ဂျီနက်စ် (Longinus) က အဓိပ္ပါယ်အကျယ်
ဆက်ဖွင့်သည်။ …. ဟူးပဆက်စ် (Hupsous) … ။
ခေါမ စကားလုံးနောက်တွင် အင်္ဂလိပ်စကား ဆက်ဘလင်းမ်ဟု ဘာသာပြန်သည်။
ဂျာမန် ဒဿနပညာရှင်ကြီး ကန်းတ် (Kant) က သဘာဝ တရားကြီး၌ ရှိသော
ဆက်ဘလင်းမ် ဂုဏ်သတ္တိအကြောင်း အောက်ပါအတိုင်း ဖွင့်ဆိုသည်။
ရဲဝံ့သည်။ စီးမိုးထားသည်။ ထို့ကြောင့် ခြိမ်းခြောက်သည်။ ခြိမ်းခြောက်ပြနေသော
ကျောက်တောင်ထွတ်ကြီးများ၊ လျှပ်ပန်းတွေဖြာ၊ မိုးကြိုးပစ်သံတွေနှင့်အတူ ရွေ့လျား
ခြင်းက ကောင်းကင်တွင် တလိပ်လိပ် ဆင်တက်လာနေသော တိမ်တိုက်ကြီးများ၊
အကြမ်းပတမ်း နိုင်လှသော ဖျက်ဆီးမှုစွမ်းအင်ကို ပြနေသော မီးတောင်ကြီးများ၊
သူ့နောက်တွင် ပျက်စီးမှုတွေ တပုံကြီးထားခဲ့သော မုန်တိုင်းကြီးများ၊ ဒေါသူပုန်ထနေ
သည့် ဆုံးစ မမြင်သော သမုဒ္ဒရာကြီးများ၊ အားကြီးသော မြစ်ကြီးမှ မာန်ဟုန်ပြင်းသော
ရေတံခွန်ကြီးများ စသည် စသည်။ ဤဥပမာများက သူတို့၏ တန်ခိုးအင်အားနှင့်
ယှဉ်လိုက်လျှင် လူ့စိတ်၏ ခုခံနိုင်စွမ်းကို သေးသေးမှုန့်မှုန့် ဖြစ်သွားစေသည်။
သို့ရာတွင် ဘေးကင်းစိတ်ချရာမှ ကြည့်နေရလျှင် သူတို့ကို မြင်ရသည်မှာ ကြောက်
စရာကောင်းလေ သူတို့က ဆွဲဆောင်ညှို့ငင်လေ ဖြစ်သည်။ ဤဥပမာအခြင်းအရာ
တို့ကို မရောက်ဖူးသော အမြင့်ဆီ ရောက်အောင် မြှင့်တင်ပေးသည်။
ကျွန်ုပ်တို့၏ စိတ်သန္တာန်တွင်းမှ တမျိုးတမည်ဖြစ်သော ခုခံနိုင်စွမ်းကိုလည်း
မျက်မှောက်ပြု တွေ့သိစေသည်။ ဤအသစ် တွေ့သိသော စိတ်၏ ခုခံနိုင်စွမ်းက
သဘာဝတရားကြီး၌ ထင်ရှားရှိနေသော အလုံးစုံလွှမ်းခြုံသည့် တန်ခိုးစွမ်းနှင့်
ပခုံချင်း ယှဉ်ဝံ့အောင် ကျွန်ုပ်တို့အား သတ္တိသွေး ပေးလေ၏။
ဤဖွင့်ဆိုချက်အတိုင်းဆိုသော် ဆက်ဘလင်းမ် ဆိုသည်မှာ လူ့စိတ်ကို အမြင့်
ရောက်အောင် မြှင့်ပေးသော အမြင့်မြှင့်ဂုဏ် ဖြစ်လေသည်။
ဟူးပဖက်စ်၊ ဆက်ဘလင်းမ် ဟူသော စကားတို့၏ အဓိပ္ပါယ်မှာ အမြင့်မြှင့်ဂုဏ်ဟု
ဘာသာပြန်နိုင်သည်ဟု ထင်သည်။ ကျွန်တော်တို့ လင်္ကာကျမ်းများ၌ ဆိုသော
ကိုးပါးသော နာဋယရသ မှ အဗ္ဘူတ သဘောနှင့် ဆင်သည်။ ၀ီရရသ၊ ဘယာနကရသ
သဘောတွေနှင့်လည်း မကင်း။
ကန်း(တ်)က သဘောတရားကြီး၌ ရှိနေသော အမြင့်မြှင့်ဂုဏ်သာမက ကဗျာ၌ရှိသော
အမြင့်မြှင့်ဂုဏ်ကိုပါ ပြောသည်။ ဆီးဆိလိယက်စ်တို့၊ လွန်ဂျီနက်စ်တို့ကလည်း
ကဗျာမှ အမြင့်မြှင့်ဂုဏ်ကို ပြောသည်။
ကဗျာပညာကို ကျောက်တောင်နံရံကြီးနှင့် နှိုင်း၍ ညည်းဆိုစဉ်အခါက ဂျွန်ကိ(တ်)(စ်)
၏ စိတ်တွင် ကန်း(တ်)၏ အမြင့်မြှင့်ဂုဏ် ဖွင့်ဆိုချက်အရိပ်ကြီး မိုးနေသည်ဟု ကျွန်တော်
ထင်သည်။ အင်း …. ယခုလည်း ကျွန်တော့် စိတ်တွင် ထိုအရိပ်ကြီး မိုးနေသည်။
ကြီးကျယ်မြင့်မြတ်လှသော ကဗျာအကြောင်း ငါပြောပြနိုင်ပါ့မလား။ ငါက ဘာကောင်
မို့နည်း။ ငါလည်း ကိ(တ်)(စ်)လိုပင် ကျောက်တောင်ကြီးအောက်မှာ … မြင်းခွာရွက်
နုတ်နေသူ။
ခက်သည်က ကန်း(တ်) ပြောခဲ့သလိုပင် သည်ကျောက်တောင်ကြီးက တခါမြင်
မိလျှင် အခါခါ မော့မကြည့်ဘဲ မနေနိုင်။
သည်တော့ မော့ကြည့်မိသည်။ မြင်းခွာရွက်ထက် နည်းနည်းပါးပါး သာသည်တို့ကို
အသင့်အတင့် ပြောပြနိုင်မည် ထင်ပါသည်။
(၄)
ပြောစကားမှ အသံတွေ၊ ရေးစကားမှ အက္ခရာတွေသည် အစက ဘာမှ မဟုတ်။
အနတ္တတွေသာ ဖြစ်သည်။ မမှတ်မိနိုင်တော့သော ရှေးပဝေသဏီ တချိန်က
အများသဘောတူ သတ်မှတ်လက်ခံချက်ကြောင့် အဓိပ္ပါယ်တွေ ရှိလာရသည်။
ဤတွင် ထုံးတစ်ခု၏ အခြေခံမူ (element) ပေါ်လာသည်။
လူလက်ခံခြင်း (acceptance) ဖြစ်လေသည်။
အနုပညာမှ ထုံးတို့အတွက် အခြား အခြေခံမူ တစ်ခု ရှိသေးသည်။
ဥပမာ အဖြစ် ပန်းချီပညာကို ကြည့်ကြမည်။
ပန်းချီဆရာ တစ်ဦးသည် ရှုမျှော်ခင်း ပန်းချီတချပ်ကို ဆွဲမည် ပြင်သည်။
အပြင်လောကမှ တကယ့် ရှုမျှော်ခင်း၌ အတိုင်းအတာ (dimension) သုံးဖက်
ရှိသည်။ အလျား၊ အနံ၊ ထု။ သူ သုံးသည့် ကားချပ်မှာက အလျားနှင့် အနံ
ဟူသည့် အတိုင်းအတာ နှစ်ဖက်သာ ရှိသည်။ နှစ်ဖက် အတိုင်းအတာသာရှိသော
ပစ္စည်းပေါ်တွင် သုံးဖက် အတိုင်းအတာပေါ်အောင် သူ လုပ်ရလေမည်။
သူ သုံးသော ပစ္စည်း၏ ကန့်သတ်ဘောင် (limitation) အတွင်းမှ ပြားနေသော
အရာ၌ ထု- အနက်ပေါ်သည့် အသွင် ဖြစ်လာအောင် သင်္ကေတနိမိတ်ပုံများ
(Symbois) ကို သူ တီထွင် ဆောက်လုပ်ရမည်။ သူက တီထွင် ဆောက်လုပ်သည်။
လူတို့က လက်ခံသည်။ ဤသို့ဖြင့် ပန်းချီကား ပြားချပ်ချပ်ကြီး၌ မရှိသော
ထု- အနက်ကို အရှိအဖြစ် ကျွန်တော်တို့ မြင်ကြသည်။
(ဆက်ရန် …။)
(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)
Jul 2, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment