Jul 4, 2009

ထင်းရှူးပင်ရိပ် (၂)

ရေးသူ- မောင်သာနိုး

ယခင် အပိုင်း(၁) မှ အဆက် …..

အနောက်တိုင်းကဗျာ
(၁)
“စိန်ခြူးကြာညောင်” နဲ့ “ကွန်မြူနစ် ကြေညာစာတန်း”

ဟိုးလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က စာရေးသူဟာ နိုင်ငံခြားသား သတင်းစာရာ
တစ်ဦးနဲ့အတူ ဗမာပန်းချီဆရာ တစ်ဦးအိမ် အလည်ရောက်သွားပါတယ်။ အတော်
အသင့် ထင်ရှားတဲ့ ပန်းချီဆရာတစ်ဦးပါ။ ပန်းချီအကြောင်း စကားပြောကြယင်းက
နိုင်ငံခြားမိတ်ဆွေက “ခင်ဗျားတို့ဆီမှာ ခုဘယ်လို ထရင်းတွေ လိုက်နေကြပါသလဲ”
လို့ မေးလိုက်ပါတယ်။ ကျွန်တော့် မိတ်ဆွေပန်းချီဆရာခမျာ သူ့မေးခွန်းကို နားမလည်
နိုင်အောင် ဖြစ်သွားရပြီး ကြောင်နေတော့တယ်။ ကျွန်တော်ကပဲ ၀င်ပြီး “သြော်
ကျွန်တော်တို့ဆီမှာ ထရင်းတွေ ဘာတွေသိပ်မရှိသေးပါဘူး ခင်ဗျာ၊ အစဉ်အလာ
လမ်းကြောင်းအတိုင်း ဒီလိုပဲရေးဆွဲနေကြပါတယ်” လို့ ပြောလိုက်ရပါတယ်။ အဲဒီ
အချိန်အပိုင်းဆီက ခေတ်ပြိုင် အနုပညာထရင်းတွေကို ခေတ်မီမီ လေ့လာသိမြင်နေ
တဲ့ ပန်းချီကျော်တွေလဲ မြန်မာပြည်မှာ ရှိကောင်းရှိနေပါလိမ့်မယ်။ ဒါပေမဲ့ တော်
တော် များများကဖြင့် ကျွန်တော်မိတ်ဆွေလို ကိုယ်သင်လာခဲ့ဖူးတဲ့ ရေးနည်း
ဆွဲနည်းကလေးနဲ့ပဲ လူပုံဆွဲလိုက် ရှုမျှော်ခင်းပုံဆွဲလိုက်၊ ရေဆေးဆွဲလိုက်၊ ဆီဆေး
ဆွဲလိုက် ဒါလောက်နဲ့ ပြီးနေကြသူတွေပါပဲ။ “မော်ဒန်အတ်”တို့ “ဆာရီယဲလစ်ဇင်း”
တို့ “အင်ပရက်ရှင်နစ်ဇင်း” တို့ဆိုတဲ့ အသံတွေ ပန်းချီလောကက ကြားရတာ
မကြာသေးပါဘူး။

ဒါပေမယ့် ဒီနေရာမှာ မြန်မာပန်းချီလောကဟာ မြန်မာစာပေလောကထက်
ကံကောင်းလှပါတယ်။ ခုနေခါမှာ ခေတ်ပေါ် မြန်မာပန်းချီကားတွေ ပေါ်နေပြီ၊
ပေါ်တာမှ တော်တော်အဆင့်အတန်းမီမီ ပေါ်နေပြီဖြစ်ပေမဲ့ “မော်ဒန်” မြန်မာ
ကဗျာရယ်လို့ မူးလို့မှ ရှုစရာ မရှိသေးပါဘူး။ ဟုတ်ကဲ့၊ ကျွန်တော်တို့ အောင်ချိမ့်
ဟာ လက်ဝဲသုဒ္နရလို ရတုပိုဒ်စုံ မရေးတော့ပါဘူး၊ ကျွန်တော်တို့ အိုအောင်ဟာလဲ
ရှင်မဟာ ရဋ္ဌသာရလို ဇာတ်ကြီးဆယ်ဖွဲ့ထဲက ကောင်းနိုးရာရာရှာပြီး ပျို့တစ်ပုဒ်
ခမ်းခမ်းနားနားဖြစ်အောင် အားထုတ်တာမျိုး မလုပ်တော့ပါဘူး။ ဒါပေမယ့် အကြောင်း
အရာတွေ ပိုပြီးကျယ်ပြန့်လာတာ၊ မျိုးစုံလာတာ၊ စာဟန်တွေ သစ်လာတာ(သစ်လာ
တာကော ဟုတ်မှဟုတ်ရဲ့လား)က လွဲရင် စာပေမှာ စိမ့်ဝင်နေတဲ့ “ခံစားနိုင်စွမ်း”
ဆိုတာကတော့ ပိန်မသာ လိန်မသာပါပဲ။ (ပူးတွဲ ပေးထားတဲ့ ဇယားကို ကြည့်ပါ။)

ကနေ့အချိန်မှာ ကျနော်တို့ဟာ အဘက်ဘက်က ခေတ်နဲ့ရင်ပေါင်တန်းနိုင်အောင်
အားထုတ်နေကြပြီ။ ခေတ်ကို အတော်အသင့်လိုက်မီလာတာလဲ ရှိရဲ့။ ဒါပေမယ့်
နောက်ကျနေတာက များနေသေးတယ်။ အဲဒီများတဲ့ထဲမှာ စာပေက ထိပ်ကပြေး
နေတယ်။ ဒီတော့ ကျနော်တို့ ဘာလုပ်ကြမလဲ။ ကျနော်တို့ ကြိုးစားကြရမယ်၊
လေ့လာကြရမယ်။ သူများတွေ ဘယ်အဆင့်ရောက်နေတယ်ဆိုတာကို သိမြင်
ကြရပေလိမ့်မယ်။ သိမြင်လာတာနဲ့အမျှ ပိုပြီး အစွမ်းထက်လာအောင်၊ အားကောင်း
လာအောင် လုပ်ကြရမှာလဲ။ “ပြည်သူအတွက်စာပေ” လို ကျွေးကြော်နေချိန်မှာ
ကျွန်တော်တို့ ကဗျာတွေဟာ ပြည်သူကိုအကျိုးပြုနေရဲ့လား။ အကျိုးပြုနေရင်
လည်း ဘယ်လောက် အဆင့်အထိ ထက်ထက်မြက်မြက်ပြုနေတာလဲ။ ဒီထက်
ထက်မြက်လာအောင်ကော မလုပ်နိုင်တော့ဘူးလား။ ဘယ်လို လုပ်ကြမလဲ။
ဒါကို ကျွန်တော်တို့ ဆန်းစစ်ကြရပါလိမ့်မယ်။

ရာဇ၀င်စာအုပ်ကို ခဏ ကောက်ကိုင်ပြီး ကျွန်တော်တို့တိုင်းပြည် အဘက်ဘက်
က ခေတ်နောက်ကျခဲ့ရခြင်း အကြောင်းကို ဆန်းစစ်ကြည့်ရင် အဓိက အကြောင်း
ရင်းက “အထီးကျန်ခြင်း” ၀ါ “အဆက်ပြတ်ခြင်း” ဆိုတာ တွေ့ရပါလိမ့်မယ်။
သူများတကာတွေ ကျောက်တိုင် ကျောက်လုံးကြီးတွေနဲ့ နန်းတော်ကြီးတွေ၊
ဘုရားကျောင်းကြီးတွေ တည်ဆောက်နေကြချိန်မျာ ကျွန်တော်တို့က သစ်ကလေး
ဝါးကလေးနဲ့ “သစ်ခက်တဲနန်း” အပြိုင်ဆောက်ကြတုန်းပဲ။ သူများတကာတွေ
ရေနွေးငွေ့ကို ကကြိုးတန်ဆာဆင်ပြီး စက်ကြီးတွေ၊ ယာဉ်ကြီးတွေ မောင်းနှင်း
လာနေချိန်မှာလည်း ကျွန်တော်တို့က “ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်”
တုန်းပဲ။ သူများတကာတွေက “ပစ္စည်းမဲ့ လူတန်းစားမှာ ဘာမှဆုံးရှုံးစရာ မရှိဘူး၊
နှောင်ကြိုးပဲ ဆုံးရှုံးစရာရှိတယ်” လို့ ကမ္ဘာတုန်အောင် ဟစ်ကျွေးလိုက်တဲ့ အချိန်
မှာလဲ ကျွန်တော်တို့ကတော့ “စိန်ခြူးရယ်တဲ့ ကြာညောင် ကြာညောင်” ကောင်း
တုန်းပဲ။ ကျွန်တော်တို့ ဖိုးဖွားတွေရဲ့ ဒီ “အဆက်ပြတ်မှု” အစဉ်အလာဆိုးကို
ကျွန်တော်တို့ဟာ ကနေ့အထိ အမွေခံချင်ကြတုန်းပဲ ဖြစ်နေတယ်။ ကျွန်တော်
တို့ အဖိုးအဖွားတွေထက် အများကြီး အခွင့်အလမ်းသာလာပြီဖြစ်တဲ့ ကျွန်တော်
တို့တတွေဟာ ဒီ “ဗမာဥာဉ်” ကြီးကို အစတုံးပစ်ဖို့ ကောင်းလှပြီ။

ဒီလို တင်ပြလိုက်တဲ့အတွက် ကျွန်တော်တို့ ဆိုလိုတာကို အဓိပ္ပါယ်အကောက်
မမှားလိုက်ဖို့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့က သူများလုပ်တဲ့ အတိုင်း
လိုက်လုပ်ရမယ်၊ အတုခိုးရမယ်လို့ ဂျောက်တွန်းနေတာ မဟုတ်ဘူး။ သူများ
ရောက်နေတဲ့ အဆင့်ကို သိရမယ်၊ သူများ သုံးနေတဲ့ နည်းနာတွေကို သိရမယ်၊
သူ့နည်းထဲက ကိုယ်လက်ခံနိုင်တာကို ယူသုံး၊ ကိုယ့်ဟာကိုယ် တီထွင်သင့်တာ
ကို တီထွင်၊ ဒီလိုလုပ်ခြင်းဖြင့် သူ့ထက်မကျော်ရင်သာရှိစေ၊ နောက်တော့ မကျ
စေရဘူး၊ ရင်ပေါင်တန်း ရှိနေစေရမယ်လို့ ကျွန်တော်တို့က ဆိုချင်တယ်။ ဒီ
ဆိုလိုချက်အတိုင်းပဲ ဒီစာအုပ်ကို ကျွန်တော်ပြုစုပါတယ်။ ဒီ စာအုပ်ထဲမှာ
ကျွန်တော် ရွေးချယ်တင်ပြထားတဲ့ ကဗျာဆရာ အားလုံးကို ကျွန်တော် သဘော
ကျတာ မဟုတ်ပါဘူး။ သူ့မှာ ထူးချွန်တာရှိခဲ့ရင်၊ သူ့နည်းကို သိသင့်တယ်လို
ယူဆယင် စာရင်းထဲမှာ ထည့်လိုက်တာပါပဲ။ ဒီစာအုပ်ဟာ ကနေ့ခေတ်ရဲ့
သြဇာတိက္ကမ ကြီးမားတဲ့ ကမ္ဘာ့အစိတ်အပိုင်းဖြစ်တဲ့ အနောက်တိုင်းက ကဗျာ
ဆရာတွေရဲ့ ကဗျာ့လမ်းကြောင်းတွေ၊ သူတို့သုံးနေတဲ့နည်း (တက်ခနိက)တွေ၊
အယူအဆတွေကို အထိုက်အလျောက် စုံစုံစေ့စေ့ မိတ်ဆက်ပေးနိုင်အောင်
“နိပါတ်ခင်း” ပြနိုင်အောင် အားထုတ်ထားပါတယ်။

(ဆက်ရန် ….။)

(မှတ်ချက်။ ။ အမျိုးသားစာပေ အကျိုးစီးပွားအတွက် သိမ်းဆည်းထားသော
ဆရာမောင်သာနိုး၏ ထင်းရှူးပင်ရိပ် စာအုပ်ကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာမောင်သာနိုးနှင့် ဆရာ့မိသားစုဝင်များအား
ရိုသေစွာ တောင်းပန်အပ်ပါသည်။ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

No comments: