Jul 24, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၈)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၇)မှ အဆက် …..

“ဘာနှင့် အသွင်တူသည်။ ဘာသံနှင့် တူသည်။ ဘယ်အတွေ့နှင့် တူသည်။
ဘယ်အရသာနှင့် တူသည်။ ဘယ်အနံ့နှင့် တူသည်။ …” ဤသည်မှာ ကမ္ဘာဦး
အစမှ ကဗျာ့ဖေါ်မြူလာ ဖြစ်သည်။

ဤသို့ဖြစ်လျှင် စကားတန်ဆာ (figures of speech) တွေ ဆွေးနွေးနေသည်
မဟုတ်လောဟု မေးနိုင်ပါသည်။
မှန်ပါသည်။ ဆွေးနွေးနေပါသည်။
သို့ရာတွင် စကားတန်ဆာ၊ အလင်္ကာ။
ဥပမာ- ဥပမေယျစသော … စသော စကားများကား ကဗျာအကြောင်း ပြောတိုင်း
ပြောကြပါများသဖြင့် ဖွတ်ဖွတ်ညက်ညက် ကြေနေလေပြီ။

အင်္ဂလိပ်ဘာသာ၌ ထရိုက်တ် (trite) ဟူသော စကားလုံးတစ်လုံးရှိသည်။
မူလ လက်တင်ဘာသာအဓိပ္ပါယ်မှာ ပွန်းရှသည်။ စားသွားသည်ဟု ဖြစ်၏။
သုံးပါများလွန်းသဖြင့် (၀ါ) အသုံးလွန်သောကြောင့် မူလကရှိသော လတ်ဆတ်
လန်းဆန်းမှု၊ သစ်လွင်မှု၊ အသက်ရှင်မှု၊ အားမာန်ပြည့်မှုတွေ ပွန်းရှ၊ ညှိုးနွမ်း၊
ဆုတ်ယုတ်၊ ရိုးအီသွားသော သဘောကို ထရိုက်တ်ဟု ခေါ်သည်။ အနောက်
တိုင်း ခေတ်သစ်ကဗျာဆရာတွေကြားတွင် စကားတန်ဆာတွေအကြောင်း
ပြောလျှင် ထရိုက်တ်တွေ လာရွတ်ပြနေသည်ဟု စိတ်ကုန်ကြောင်း ညည်းတတ်
ကြသည်။

အင်း … စိတ်ကုန်မည်ဆိုလျှင်လည်း ကုန်ထိုက်သော အကြောင်းတွေက ရှိသည်။

ကဗျာအကြောင်းအမှန် သိလှသည်မဟုတ်ဘဲ ကဗျာအကြောင်းပြောချင်သူအချို့
တို့က ကဗျာကျမ်းများမှ ဆိုသော ဝေါဟာရကြီးများ၊ စကားလုံးကြီးများ၊ သဘော
များ၌ တပ်ထားသော အမည်များ၊ ထုံးများ၊ စည်းကမ်းများ … စသည် စသည်တို့ကို
အလွတ်ရွတ်ပြ၍ အာဘောင်အရင်းသန်သန် “မှုတ်” တတ်ကြသည်။ ထိုသူတို့
“မှုတ်” သော အရာတို့မှာ များသောအားဖြင့် သူသူငါငါ သိပြီးသည်တို့ ဖြစ်နေ
သောကြောင့် အသစ်သီလိုသူ အများတို့ “စိတ်ကုန်” မိကြသည်မှာ မဆန်းချေ။

ထရိုက်တ်တွေ ဖြစ်နေသောကြောင့် စိတ်ကုန်မိကြသည်ဖြစ်စေကာမူ စကား
တန်ဆာတွေ အကြောင်းတော့ ဆွေးနွေးသင့်သည်။ အထူးသဖြင့် စကားတန်ဆာ
တွေ၏ အခြေခံကိစ္စတို့ကိုမူ လေးလေးနက်နက် ဆွေးနွေးသင့်သည်။

ဖစ်ဂါးစ်အော့ဖ် စပိခ်ျကို စကားတန်ဆာဟု ခေါ်လိုက်ရခြင်းကိုပင် ကျွန်တော်အနေ
နှင့် အားမရလှပါ။
စကားကို တန်ဆာဆင်သည်။ မှန်ပါ၏။ ဘာကြောင့် တန်ဆာဆင်သနည်း။
တန်ဆာဆင်ခြင်းဆိုသည်မှာ မလိုဘဲ ဆင်ခြင်းလည်း ရှိသည်။

ကျွန်တော်တို့ ယခုဆွေးနွေးလိုသည်မှာ တန်ဆာဆင်ရသော စကားတန်ဆာ
ဆင်ခြင်း၏ သဘာဝနှင့် ကိစ္စ ဖြစ်လေသည်။
အထက်တွင် ကဗျာဆရာ လုပ်ရသည့် ဘ၀ကူးပေးခြင်း သို့မဟုတ် ဘ၀ပြောင်း
ပေးခြင်း အကြောင်းကို ဆိုခဲ့ပြီ။ ဤသို့ဘ၀ ပြောင်းပေးခြင်းကိစ္စအတွက် စကား
လုံးတို့ကို ပြုပြင်စီရင်ခြင်းကို လိုက်ဆင်ရသော စကားတန်ဆာဟု ခေါ်သည်။
ကျွန်တော်တို့ မြန်မာ ကဗျာကျမ်းများတွင် အတ္ထလင်္ကာရဟု ခေါ်သည့် တန်ဆာ
ဆင်ခြင်း ဖြစ်သည်။

ဘာကြောင့် ဤသို့ပြုပြင်စီရင်ရသနည်း။
အဓိပ္ပါယ် ထိထိမိမိ ပေါက်သွားသည် ဆိုခြင်းမှာ ဘာပါနည်း။
နားလည်သွားသည်ဟူသော အဖြေနှင့် မလုံလောက်ပါ။ နားလည်ဖို့ ကိစ္စလောက်
ကိုမူ စကားပြေက တတ်နိုင်သည်။ အချို့နေရာတွင် ပို၍ပင် တတ်နိုင်သေးသည်။

ဤတွင် ဂိုးထဲ၏ စကားဆီသို့ ပြန်ရောက်လာသည်။
အာရုံတံဆိပ် အရိပ်များ …… ။
ကဗျာဆရာ၏ မနောဝိဥာဏ်ကြီးတွင်းမှ အာရုံတံဆိပ် အရိပ်များသည် ပြင်ပကမ္ဘာ
ကြီးမှ ပကတိဖြစ်သော အရောင်တွေ မဟုတ်။ မျဉ်းတွေ မဟုတ်။ အသားတွေ၊
ထုတွေ မဟုတ်။ အတွေ့တွေ၊ အသံတွေ၊ အနံ့တွေ၊ အရသာတွေ မဟုတ်။
အင်း … အာရုံတံဆိပ်အရိပ် ….။ အာရုံတံဆိပ် အရိပ်သာ။ စကားလုံးတွေကလည်း
အရောင်တွေ … မျဉ်းတွေ … ထုတွေ စသည်စသည် မဟုတ်။

သည်ကြားထဲက ကဗျာဆရာသည် တပါးသူ၏ မနောဝိဥာဏ်တွင်း၌ မိမိမြင်သလို။
သိသလို။ ခံစားရသလို …. စသည် စသည် … ပေါ်လာအောင် လုပ်ယူရမည်။
ပေါ်လာအောင် ….။ ထင်လာအောင် …. ။

ဤစကားများက ကဗျာ၌ အရေးကြီးလှသော သဘောတစ်ခုဆီ ညွှန်ပြနေသည်။
အင်မစ်ဂျရီ (imagery)

(၈)
ယခင်လက ဆောင်းပါးအဆုံးကို အင်မစ်ဂျရီဟူသော စကားလုံးနှင့် ကျွန်တော်ပိတ်
ခဲ့သည်။ ဤစကားကို ဘာသာပြန်၍ ရလျက်သားနှင့် မူလ အင်္ဂလိပ်စကားအတိုင်း
ကျွန်တော် တမင်ဖော်ပြခဲ့ခြင်း ဖြစ်လေသည်။

ခေတ်ပြိုင်ကဗျာလောကတွင် အင်မစ်ဂျရီ ပြောကြသည်။ ခေတ်ပြိုင်ကဗျာအများတွင်
အင်မစ်ဂျရီကို ကြိုးကြိုးစားစား ဖော်ကြည့်နေကြသည်။

အင်မစ်ဂ်ျ (image)အင်မဂျစ်ဇင်းမ် (imagism) ။ အင်မစ်ဂျရီတို့ကား အမှန်မှာ
ခေတ်ပြိုင် ကဗျာအကြောင်းပြောမှ မဟုတ်။ ဘယ်ခေတ်က ဘယ်ကဗျာအကြောင်း
ပြောပြော ယင်းသဘောတို့အကြောင်း ထည့်သွင်း မဆွေးနွေးလျှင် မဖြစ်။

ယင်းစကားလုံး သုံးလုံးအနက် မူလကျသော စကားမှာ အင်မစ်ဂ်ျ ဖြစ်လေသည်။
ထိုစကားကလည်း လက်တင်စကား အင်မဂို (imago) မှ ဆင်းသက်လာသည်။
တူအောင် တုထားခြင်း၊ ပုံတူ၊ ရုပ်ထုဟု အဓိပ္ပါယ်ရသည်။

အင်္ဂလိပ်စကား အင်မစ်ဂ်ျတွင် တစ်ခုနှင့်တစ်ခု အဓိပ္ပါယ် ဆင်တူသော၊ သို့မဟုတ်
သဘောချင်း တနည်းမဟုတ် တနည်း ဆက်သွယ်နေသော အဓိပ္ပါယ်ပေါင်းနာမ်
အဖြစ် (၈) မျိုး၊ ကြိယာအဖြစ် (၅) မျိုး ရှိသည်။

တုခြင်း ပုံတူ၊ ရုတ်ထု၊ ပန်းချီပန်းပုဖြင့် လူ သို့မဟုတ် အရာဝတ္ထုတို့ကို ပုံဖော်ပြ
ထားခြင်း (ကြေးရုပ်၊ ကျောက်ရုပ်၊ ဆင်းတုတော်တို့ အပါအ၀င်) မှန်တစ်ခု ရောင်
ပြန်ထုတ်၍ လည်းကောင်း၊ မှန်ဘီလူးတို့မှ အလင်းရောင်ညွတ်ကွေးမှုဖြင့် ထုတ်ပေး
ခြင်းကြောင့် လည်းကောင်း တွေ့ရသော မြင်မှု အခြား လူ၊ အခြားအရာတစ်ခုနှင့်
အလွန်တူနေသော တပါးသော လူ၊ တပါးသော အရာတစ်ခု စိတ်၌ ထင်သော
ပုံသဏ္ဌာန်တစ်ခု၊ သဘောတစ်ခု၊ အမြင်တစ်ခု၊ အစွဲအမှတ် တစ်ခု။ နမူနာတစ်ခု၊
ပုံသေ ဥပမာ တစ်ခု၊ သင်္ကေတ နိမိတ်ပုံတစ်ခု၊ ဂုဏ်သတ္တိပေါ်လွင်မှု တစ်ခု။
ပီသသော ကိုယ်စားပြုမှု၊ အစစ်အမှန်နှင့် ခွဲခြားမရအောင် ဖော်ပြမှု စကားတန်ဆာ၊
ဥပမာ၊ ဥပစာ၊ ဥဒါဟရုဏ် ခွဲခြားစိတ်ဖြာ စိတ်ပညာ၌ အထူး သတ်မှတ်သုံးသသော
မသိစိတ်တွင်း၌ တစုံတယောက်နှင့် တူအောင် စိတ္တဇနည်းဖြင့် တည်ထုထားသော
ပုံရုပ်သဏ္ဌာန် တစ်ခု။

ကြိယာအဖြစ် ဆိုလျှင် … တုသည်၊ ပုံဖော်သည်၊ သရုပ်ဖော်သည်။ ရောင်ပြန်သည်၊
မှန်ရိပ်ထုတ်သည်။ စိတ်၌ ပုံဆွဲသည်၊ စိတ်ကူးသည်နမူနာအဖြစ် ပြုသည်၊ ပုံသေ
ပုံစံပြသည် ပီပီပြင်ပြင် ဖေါ်ပြသည်၊ စကားတန်ဆာများဖြင့် ဖေါ်ပြသည်။

အင်မစ်ဂျရီ ဆိုသည်မှာ အင်မစ်ဂ်ျ၏ စိတ္တဇနာမ် ဖြစ်သည်။ အင်မစ်ဂျစ်ဇင်းမ်ကား
ယေဘုယျအားဖြင့် အင်မစ်ဂ်ျ၏ စိတ္တဇနာမ်ဖြစ်ပြီး အထူးအားဖြင့်မူ (၁၉၁၄) ခု
နောက်၌ ပေါ်လာသော မော်ဒန်ကဗျာ လှုပ်ရှားမှုနှင့် သဘောတရား ဖြစ်သည်။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

No comments: