Jul 27, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၉)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၈)မှ အဆက် …..

အင်မစ်ဂျစ်ဇင်းအကြောင်း နောက်ပိုင်းတွင် ပိုမိုဆွေးနွေးစရာ ရှိပါသည်။ ယခုမူ
ပိုမို အခြေခံကျသော အင်မစ်ဂ်ျအကြောင်း ဆွေးနွေးလိုပါသည်။

အထက်၌ ဖော်ပြခဲ့သည့်အတိုင်းပင် အင်မစ်ဂ်ျဟူသော စကား၌ အဓိပ္ပါယ်တွေ
များစွာ ရှိနေသည်။ အဓိပ္ပါယ်တွေ များစွာရှိသော်လည်း တစ်ခုနှင့် တစ်ခုက
မသိမသာ ရိုးရိုးရိပ်ရိပ် အမျိုးတော် ဆက်နွယ်နေသည်။ တဖန်မည်မျှ အမျိုးတော်
ဆက်နွယ်နေသည်ဖြစ်စေ ခြားနားကွဲပြားမှု ရှိသည်ကမူ ရှိနေမြဲ။ သူတို့ ကဗျာ
လောက၌ အင်မစ်ဂ်ျအကြောင်းပြောလျှင် တိတိကျကျဘောင်ခတ်လျက် ပြော
သည်လည်း ရှိသည်။ ယေဘုယျ အထွေထွေအဓိပ္ပါယ် ထွက်စေလျက် ပြောသည်
လည်း ရှိသည်။ ကဗျာဆရာသည် သိပ္ပံဆရာလည်း မဟုတ်၊ ဒဿနိကဆရာ
လည်း မဟုတ်သဖြင့် စကားလုံးတွေကို အစွမ်းကုန် လွတ်လပ်မှုယူလျက်
ယေဘုယျ အထွေထွေ အဓိပ္ပါယ်နှင့် သုံးတတ်သော ဥာဉ်စရိုက်ရှိရာ ထိုဥာဉ်
စရိုက်သည် ကဗျာသဘော ဆွေးနွေးသူများ (အထူးသဖြင့်) ကဗျာသဘော
ဆွေးနွေးသည့် ကဗျာဆရာများ၌ ပါသွားတတ်သည်။

ဤအကြောင်းတို့ကြောင့် အင်မစ်ဂ်ျကို ဘာသာ အမျိုးမျိုးပြန်ထားကြသည်။
ပုံရိပ်။ နိမိတ်ပုံ။ အာရုံရိပ်၊ သင်္ကေတနိမိတ်ပုံ။ အာရုံတံဆိပ်အရိပ် …. စသည်
… စသည် ….။

ပါဠိမှ ဆင်းသက်လာသော စကားများနှင့် တွဲသုံးသောအခါ အထူးသတိပြုရ
သည်။ အကြောင်းကား မူလ မာဂဓ စကား၌လည်း အဓိပ္ပါယ်ခွဲတွေ အများရှိ
နေသည်။

နိမိတ်ပုံမှ နိမိတ်ကို နမူနာယူကြည့်ကြမည်။
နိမိတ်ဆိုသည်မှာ မာဂဓစကား နိမိတ္တမှ ဆင်းသက်လာသည်။ နိမိတ္တ သို့မဟုတ်
(Nimittam) ကို အင်္ဂလိပ် ဘာသာဖြင့် အဓိပ္ပါယ် (၇) မျိုး ပေးသည်။

Sign, Mark, Token, Omen; Cause, Reason; Pudendum …… ဟူ၍ ဖြစ်သည်။
မြန်မာလို ဘာသာပြန်လျှင် ….
အမှတ်လက္ခဏာ။ အမှတ်အသား။ အထိန်းအမှတ်။ အတိတ်နိမိတ်။ ဖြစ်စေသော
အကြောင်း။ အကျိုးအကြောင်း။ ပြင်ပလိင်အင်္ဂါ ….. ဟု အဓိပ္ပါယ်တွေ ရသည်။

ဤအဓိပ္ပါယ်တွေပေါ် ထောက်တွေးသော် နိမိတ်ပုံ ဆိုသော စကားသည် အင်မစ်ဂ်ျ
ထက် ဆင်းမ်ဘိုးလ် (symbol) ဟူသော စကားနှင့် အဓိပ္ပါယ် ပိုနီးစပ်သည်။
ဆင်းမ်ဘိုးလ်ကို သင်္ကေတ ဖွဲ့စည်းမှု၊ ဆင်းမ်ဘိုးလ်လစ်ဇင်းမ် (symbolism)
ကို သင်္ကေတဖွဲ့စည်းမှုဝါဒဟု ဘာသာပြန်မှုများလည်း ရှိလာသည်။

ဤတွင် သင်္ကေတဟူသော စကားကို စစ်ဆေးရန် လိုလာပြန်သည်။
သင်္ကေတ (sanketo) ဟူသော မာဂဓစကားကို အင်္ဂလိပ်ဘာသာဖြင့် …..
Engagement, Appointment, Rendezvous …. ဟူသော အဓိပ္ပါယ်တွေ
ပေးသည်။ မြန်မာလို ….
ကတိက၀တ်ပြုမှု (သဘောတူမှု)။ သတ်မှတ်ရွေးချယ်မှု။ ချိန်းချက်ရာဌာန ….
ဟု အဓိပ္ပါယ်တွေ ရှိသည်။ ဆရာကြီး လယ်တီပဏ္ဍိတ ဦးမောင်ကြီးက သူ့
ပါဠိဓါန်ချုပ်တွင် သင်္ကေတကို …. အမှတ်အသား။ ချိန်းချက်ရာဌာနဟု
အဓိပ္ပါယ် ပေးခဲ့သည်။

ဤအဓိပ္ပါယ်တွေ အတိုင်းလိုလျှင် သင်္ကေတဟူသော စကားနှင့် ဆင်းမ်ဘိုးလ်
ဟူသော စကားတို့မှာ အဓိပ္ပါယ်ခြင်း ဝေးကွားလှသည်။ ကတိက၀တ်ပြုမှု
(သဘောတူမှု)၊ သတ်မှတ်ရွေးချယ်မှု ဟူသော အဓိပ္ပါယ်တွေကို အစွမ်းကုန်
ဆန့်ဆွဲလျက် ဆင်းမ်ဘိုးလ်ဆီရောက်အောင် လုပ်လျှင်ကား ရကောင်းရမည်။
သို့ရာတွင် ဝေးကွာသည်ကမှု ဝေးကွာသည်ပင် ဖြစ်လေသည်။

အာရုံရိပ်၊ အာရုံတံဆိပ်အရိပ်တို့မှ အာရုံဟူသော အကြောင်းကို ဆွေးနွေးလိုပါ
သည်။ အာရုံဆိုသော စကားမှာ မြန်မာတိုင်းလိုလို မြန်မာသိနှင့် သိနေသော
စကားတစ်လုံး ဖြစ်သည်။

အာရုံသည် အာရမ္မကာ (arammanam) ဟူသော မာဂဓစကားမှ ဆင်းသက်
လာသည်။ ပါဠိတော်တွင် အာရမ္မဏ ဟူသော စကား ကား အဓိပ္ပါယ်ကျယ်ဝန်း
လှစွာ၏။ နှိုက်နှဲလှစွာ၏။ ထူးကဲလှစွာ၏။ သာမန်ပုထုဇဉ်တို့၏ ဥာဏ်မျိုးဖြင့်
ပြည်ပြည်စုံစုံ သိနိုင်ခဲစွာ၏။ …..


အာရမ္မဏ (၀ါ) အာရုံကို ဝေခွဲသိနိုင်လာလျှင် …..။
အာရုံကို အာရုံဟု မဝေခွဲနိုင်အောင် ပြုပြင်ကြသော၊ စီရင်ကြသော၊ တဏှာ ….
မာန … ဒိဋ္ဌိတွေ စွဲစေ ကပ်စေ ငြိစေတတ်သော အာရမ္မဏိက ခေါ် အကြောင်းတရား
တွေ ကင်းဆိတ်သွားလျှင် ….၊ အာရုံသဘောလေးသည်ပင် အနိစ္စယာဉ်၊ ဒုက္ခယာဉ်၊
အနတ္တယာဉ်တို့၌ ပါလျှက် ကြေပျက်သုဉ်းဆိတ်ကာ … ပစ္စုပန်ဆတ်ဆတ် သင်္ခတ
ပရမတ်သဘောလေးတစ်ခုသည် နိယျာနဋ္ဌ (ထွက်မြောက်ခြင်း) ဟေတုဋ္ဌ (နောက်
တဖန်မဖြစ်ခြင်း) ဒဿနဋ္ဌ (မပြုပြင်သော အမှန်ကိုမြင်ခြင်း) အဓိပတေယျဋ္ဌ (ကြီး
မှူးစိုးရခြင်း) သဘောတို့ဆီ စိုက်ရောက်သွားလျှင် ….
တနည်း …သိသုဒ္ဓိမဂ် မြန်မာပြန်၌ ဆိုသည့် အတိုင်း
“အလုံးစုံသော သင်္ခါရ နိမိတ်အာရုံနှင့် ခန္ဓာအယဉ် အာရုံသည် သင်္ခါရနိမိတ်မရှိသော
မပြတ်ဖြစ်နေသည့် ခန္ဓာအယဉ်မရှိသော …. ” သဘောသို့ ဆိုက်ရောက်သွားလျှင်
….
ဘာဖြစ်သွားမည်နည်း။

ကျွန်တော် မပြောပါ။ မပြောထိုက်ပါ။ ပြောရန် ကျွန်တော် မတန်ပါ။ ပရိယတ် …
ပဋိပတ်နှင့် ပြည်စုံတော်မူကြသည့် ဆရာတော် အရှင်သူမြတ်များထံ
ဓမ္မသာကစ္ဆာ ပြုတော်မူကြပါလေ။

ကျွန်တော် ပြောပြလိုသည်ကား … အာရုံ(၀ါ) အာရမ္မဏကို စာလုံးသေးသေး
လေးများဖြင့် စာမျက်နှာကြီးတစ်ခု အပြည့်နီးပါး ရှင်းလင်းဖွင့်ဆိုလျက် အဓိပ္ပါယ်
(၁၁)မျိုး ပေးသည်။ ယင်းအဓိပ္ပါယ်တို့ကား ….
တစုံတရာ နားခိုမှီတည်နေရသည့် အရာ။ အထောက်အခံတစ်ခု။ တည်ငြိမ်ရန်
ပံ့ပိုးပေးသော အရာတစ်ခု။ အခြေခံ ပစ္စည်းတစ်ခု။ မြေခံတစ်ခု။ အကြောင်း။
ရုပ်ဝတ္ထု။ အရာဝတ္ထု။ စက္ခုစသော အကြည်ဓါတ်တို့က ဖမ်းယူသောအရာ။
အတွေးအမြင်တစ်ခု။ သဘောတစ်ခု ….
ဟူ၍ ဖြစ်သည်။

ကိုဘုန်းနိုင်ရယ် … ပညာပြနေတာလား။ ဘာသန္တတရတွေ သုံးလှချည်လားဟု
အပြစ်တင်တော်မူကြလျှင် ရိုသေစွာ ရှင်းပြတောင်းပန်လိုပါသည်။

လေးစားအပ်ပါသော မျိုးဆက်သစ်ကဗျာဆရာ။
ဆရာတို့ ကျွန်တော်တို့က ကဗျာဆရာအဖြစ် ခံယူကြပြီးဖြစ်လေတော့ စကားလုံး
တွေနှင့် ဤဘ၀တွင် မခွဲပဲတွဲနေကြရပြီ။ ကိုယ်လိုရာဖန်တီးဖို့ စကားလေးတွေကို
အရင်းအနှီးလုပ်၍ အသုံးပြုနေကြရပြီ။

အထူးသဖြင့် တပါးရေမြေက စကားတွေကို မသုံးမဖြစ် … မယူမဖြစ်၍ … သုံးမိယူမိ
လျှင် ကျကျနန စီစစ်အနက် ဖွင့်ဆိုပြီးမှသာ သုံးမိယူမိသင့်သည်ဟု ကျွန်တော် ထင်
ပါသည်။ ရှေးတခါက ဤသို့ မပြုမိသဖြင့် မလိုအပ်သော အငြင်းပွားမှုတွေ ရှိခဲ့
ဖူးသည်။ သူရို့မြေ သူရို့ပြည်တွင် ချုပ်ငြိမ်းကင်းပျောက် ဖြေရှင်းပြီးသော ပြဿနာ
များကို ကျွန်တော်တို့ဆီတွင် ဧရာမ မဟာပြဿနာသစ် ပြုလုပ်၍ ငြင်းကြ ခုံကြ
တိုက်ကြ ခိုက်ကြ အင်း … မုန်းကြဖူးသည်။ ဤ၀မ်းနည်းဖွယ် သမိုင်းမျိုးကို
ကျွန်တော် ထပ်မကြုံလိုပါ။

ဆွေးနွေးနေသော အာရုံသဘောဆီ ပြန်သွားကြပါမည်။

(၉)
ဤဆောင်းပါး အခန်း(၇)၌ ဆိုခဲ့သည်အတိုင်း အနောက်နိုင်ငံကဗျာ၌ အာရုံသဘော
အင်းမစ်ဂ်ျသည် အလွန် အရေးကြီးလေသည်။

ကဗျာဆရာသည် ကဗျာမစပ်မီ (၀ါ) ကဗျာကို ရွတ်မချမီ … ရေးမချမီ … စိတ်တွင်း၌
ဗျာပါရတွေ တသီတတန်းကြီးဖြစ်သည်။ ဤစိတ်တွင်းမှ ဗျာပါရတွေကို မြန်မာစကား
ဖြင့် စိတ်ကူးသည်၊ စဉ်းစားသည်၊ တွေးတောသည်ဟု ပြောကြသည်။ သူရို့ဘာသာ
စကားတွင် အင်မဂျင်း (imagine) ဟု ပြောသည်။ အင်မဂျင်း ဆိုသော စကားမှာလည်း
အင်မစ်ဂ်ျကပင် ဆင်းသက်လာသည်။

အင်မဂျင်းကို စိတ်၌ ပုံဖော်ခြင်း၊ သဘောတစ်ခု အမှတ်သညာတစ်ခု ဖြစ်ပေါ်စေခြင်း၊
စိတ်တွင်း၌ ပေါက်ပွားတိုးတက်စေခြင်း၊ ဖြေလေသည်ဟု ယူခြင်း၊ ခန့်မှန်းခြင်း၊ စဉ်းစား
ခြင်းဟု အဓိပ္ပါယ် ပေးသည်။

အင်မဂျင်းဟူသော စကားမှ အင်မဂျင်နေးရှင်း (imagination) ဟူသော စကားဆင်း
သက်လာပြန်သည်။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

3 comments:

ဆောင်းယွန်းလ said...

တန်ဘိုးရှိတဲ့စာပေတွေကိုမျှဝေပေးမှုအတွက်
ကျေးဇူးအလွန်တင်ရှိကြောင်းပါကိုအောင်ရေ

မမသီရိ said...

ကိုအောင်ရေ
ဒီစာတွေ ပြန်ဖတ်မိတော့
ကိုယ့်ကဗျာတွေ အတွက် ရှက်ပြုံး ပြုံးမိတော့တယ်
ပို့စ်အောက် က လေဘယ်တွေ ပြောင်းမှ ဖြစ်မယ် ထင်ရဲ့း)

ကိုအောင်(ပျူနိုင်ငံ) said...

ကိုဆောင်းယွန်းလနှင့် မမသီရိ စာတွေလာဖတ်တာ
ကျေးဇူးပါ၊ စာတွေ ရိုက်ပြီးတင်ရတာ နည်းနည်းတော့
လက်ညှောင်းတယ် ... ဟီး...။