Jul 5, 2009

ကန့်ကွက်မည့်သူ ရှိရင် ဖော်ပြလော (၃)

ယခင် အပိုင်း(၂)မှ အဆက် ….

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ
ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

နောက်ထပ် ဥပမာတစ်ခုကို ကြည့်ကြဦးမည်။
ပြဇာတ်ရေးဆရာ တစ်ဦးက ပြဇာတ် ရေးလေသည်။
ပြဇာတ်ရေးဆရာ သုံးခွင့်ရှိသော အချိန်၏အကြာမှာ သုံးနာရီသာ ဖြစ်သည်။
သို့ရာတွင် သူ့ဇာတ်လမ်းက ရက်တွေ၊ လတွေသာမက နှစ်တွေကို ဖြတ်သန်း
ဖြစ်ပျက်ရမည်။

ပြဇာတ်ဆရာ၌လည်း သုံးသော ပစ္စည်း၌ ကန့်သတ်ဘောင် ရှိနေလေသည်။
ဤကန့်သတ်ဘောင်အတွင်းမှ ပြဇာတ်ဆရာသည် အစ်အမှန်အချိန် (real time)
ပမာ ခံစားရမည့် ဇာတ်ခုံအချိန် (stage time) ကို ဖန်တီး လုပ်ဆောင်ပြရမည်။

ပြင်ပလောက၌ နာရီသည် လတွေနှင့် အရှည်အလျား တထပ်တည်းမကျကြောင်း
ကျွန်တော်တို့သိသည်။ သို့ရာတွင် ပြဇာတ်ကြည့်နေတုန်းတွင် ကျွန်တော်တို့
နာရီကို လအဖြစ် လက်ခံသည်။ နှစ်အဖြစ် လက်ခံသည်။

ကျွန်တော်တို့ ငယ်ငယ်က “ချစ်ရေစင်” ဇာတ်ကား ကြည့်ရသည်။ “မောင်တင်မောင်”
နှင့် “မေရှင်” တွေ့ကြ၊ ချစ်ကြပြီး ကွဲသွားကြသည်။ ကြည့်ချိန် နာရီပိုင်းအတွင်း
ပြတင်း၌ မေရှင် ပေါ်လာသည်။
“သြော် …. ပိတောက်တွေ ပွင့်ပြန်ပေါ့လား”
သည်လို ညည်းပြီး မေရှင်က သမိုင်း၌ ထာဝရ အသက်ရှင်နေသော ချစ်ရေစင် သီချင်း
ကို ဆိုသည်။
တစ်နှစ် … ။ တစ်နှစ် ကြာခဲ့ ပါပကောလား …။ မေရှင်နှင့် အတူ ကျွန်တော်တို့
လိုက်မျက်ရည်ဝဲသည်။

နာရီသည် နှစ် မဟုတ်။ သို့ရာတွင် ဇာတ်၌ နာရီကို နှစ်အဖြစ် ကျွန်တော်တို့ ကြည်
ကြည်ဖြူဖြူ လက်ခံသည်။ အတိုင်းအတာနှစ်ဖက်သာ ရှိသော ပန်းချီကားပြား၌
အတိုင်းအတာ သုံးဖက်ရှိသည်ဟု ကျွန်တော်တို့ ကြည်ကြည်ဖြူဖြူ လက်ခံသည်။

မရှိ … မဟုတ်သော အရာကို အရှိ … အဟုတ်ဟု မြင်ခြင်း ထင်ခြင်းကို အီလူးရှင်း
(illusion) ဟု ခေါ်သည်။ ထင်မြင် ယောင်မှားမှုဟု ကဗျာဆန်ဆန် ဘာသာပြန်ကြ
မည်။ အနုပညာနယ်မှ အဓိက ကျသော ထုံးတို့တွင် လူလက်ခံခြင်း သက်သက်သာ
မက။ ထင်မြင် ယောင်မှားမှုကို လက်ခံခြင်း (acceptance of illusion) ပါဝင်
နေသည်။

ဤသည်ကား အနုပညာထုံးတစ်ခု၏ ဒုတိယမြောက် အခြေခံမှု ဖြစ်လေသည်။
အနုပညာ ဆိုသည်မှာ ပို့ဆောင်ဆက်သွယ်ခြင်း (Communication) ကိစ္စ ရှိသည်။
စိတ်ကူးများ၊ အမြင်များ၊ ခံစားမှုများ၊ အကျိုးဝေဒနာများ (impressions) ကို ပို့ဆောင်
ဆယ်သွယ်ရေး ကြားခံပစ္စည်း (medium) ရှိသည်။ တိုအောင် ကြားခံပစ္စည်းဟု
ခေါ်ကြမည်။ ကြားခံပစ္စည်းနှင့် ယင်းက ပို့ဆောင်ဆက်သွယ်ပေးသော(၀ါ) ယင်းက
သယ်ပိုးသော အရာတို့သည် တပ်ထူမညီ အခြား ဖြစ်သည်။

ဇာတ်ခုံအချိန်သည် အစစ်အမှန် အချိန်မဟုတ်။ ကားချပ်တစ်ခု၌ တတိယ အတိုင်း
အတာ မရှိ။ စကားလုံးများသည် အရာဝတ္ထုတွေ၊ အဖြစ်အပျက်တွေ မဟုတ်။ ဤ
နမူနာတိုင်း၌ ကြားခံပစ္စည်း အသီးသီးနှင့် အပို့ဆောင်ခံ အရာတို့ကြား ခြားနား
သော ကြောင်းကျိုးဆက်သွယ်မှုများ ရှိသည်။ သို့ရာတွင် နမူနာအားလုံး၌ တူညီ
သော အခြေခံ အချက်တစ်ခု ရှိသည်။

ထိုအချက်ကား …..
“အရာတစ်ခုကို ယင်းမှတစ်ပါး ခြားနားသော အရာအဖြစ် လက်ခံခြင်း” ဖြစ်သတည်း။
ဤတွင် အနုပညာနယ်မှ လူလုပ်ထားသော ထုံးတို့ကို ကျယ်ကျယ်ပြန့်ပြန့် အနက်
အဓိပ္ပါယ် ဖွင့်ဆို၍ ရလေပြီ။
“Convention, therefore, so far as art is concerned, represents concurrence
in certain accepted methods of communication”
“ထို့ကြောင့် အနုပညာနယ်နှင့် ဆိုင်သမျှ ထုံးဆိုသည်မှာ လက်ခံထားပြီးဖြစ်သော
ပို့ဆောင်ဆယ်သွယ်ရေးနည်းတို့ကို လူအများ နှစ်ခြိုက်သဘောတူကြခြင်းကို
ဆိုလိုသည်”

အနုပညာတိုင်း၌ အခြေခံထုံးတို့သည် ထိုအနုပညာ၏ ကြားခံပစ္စည်း၏ သဘော
သဘာဝမှ ပေါက်ဖွား ကြီးထွားလာခဲ့သည်။ တဖန် ထုံးတို့သည် ထုံးအသစ်တို့ကို
လည်း မွေးဖွားပေးတတ်လေသည်။ ထုံးအမြစ်မ တစ်ခုမှ ထုံးမြစ်သေး မြစ်မွှားများ
ပွားလာပုံကို လိုက်လျှင် မဆုံး။

ရှိစေတော့။
ယခု ကျွန်တော်တို့က ကဗျာအကြောင်း ပြောနေကြသည်။ သည်တော့ ကဗျာမှ
ထုံးတို့၏ အခြေအမြစ်ကား အဘယ်နည်း။ ဤမေးခွန်းကို ဖြေရန် နောက်ထပ်
မေးခွန်းတစ်ခုကို မေးရမည်။

ကဗျာဆရာသည် ကဗျာဆရာတစ်ဦးအနေနှင့် ဘာပြဿနာတွေကို ဖြေရှင်းရန်
ရင်ဆိုင် တွေ့ရပါသနည်း။

ကဗျာဆရာတစ်ဦး ရင်ဆိုင်တွေ့ကြုံနေရသော ပြဿနာများကို စာရေးဆရာကြီး
ဝီလျံ ဂျိမ်းစ်” (William James) က နာမည်တပ်ပေးခဲ့ဖူး၏။
(The blooming welter)
တိုက်ရိုက်ဘာသာပြန် ဆိုရလျှင် …..
“ဖူးငုံပွင့်လန်း ဖြစ်ထွန်း လာနေသော ရောပြွမ်းရှုပ်ထွေးခြင်းများ” ဟု အဓိပ္ပါယ်ရသည်။

တောတခွင်၌ ဟိုအဖူးက ဖူးလိုက်၊ သည်အပွင့်က ပွင့်လိုက်၊ ဟိုအညွန့်က ထွက်
လိုက်၊ သည်အခက်က ဖြာလိုက်နှင့် စဉ်ဆက်မပြတ် ဖြစ်ထွန်းသည့် သဘော။
သို့မဟုတ် …..

ပင်လယ်ပြင်၌ ဟိုလှိုင်းက မြင့်လိုက်၊ သည်လှိုင်းက နိမ့်လိုက်၊ လူးသည့်လှိုင်းက
လူး၊ ပြေးသည့်လှိုင်းက ပြေး၊ ကွဲသည့်လှိုင်းက ကွဲ၊ ရေမြှပ်လေးတွေက တပွက်ပွက်
တစီတစီ၊ ရေ၀ဲကလေးတွေက တခွေခွေ တလည်လည်နှင့် စဉ်ဆက်မပြတ် ဖြစ်ထွန်း
နေသည့် သဘော။ တစ်နည်းဆိုရလျှင် အာရုံအဖြစ် စဉ်ဆက်မပြတ်ထင်၊ ထင်လာ
သည့် သဘောတွေ။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

1 comment:

ဆောင်းယွန်းလ said...

စာလာဖတ်သွားပါတယ်ကိုအောင်ရေ
ပို့စ်အတွက် ကျေးဇူးတင်ပါကြောင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ