Jul 7, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၄)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

(ယခုလက်ရှိ တင်ပြနေဆဲ “ကန့်ကွက်မည့်သူ ရှိရင် ဖော်ပြလော” အမည် အစား
မူရင်း အမည်ဖြစ်သော လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီကို ပြောင်းလဲလိုက်ပါသည်။)

ယခင် အပိုင်း(၃)မှ အဆက် …..

တောလယ်က လိုဏ်ဂူမြနန်း၊ မြို့လယ်က ရဝေခန်းမဆောင် သလွန်ညောင်၊
ပင်လယ်က ၀င်ကစွပ်ကောင်၊ တောင်တန်းခြေက ဒဟတ်ပန်း၊ တောတွင်းမီးရှာ
သည့် ယောင်္ကျား၊ ပိုးစုန်းကြူးနှင့် ကောက်ရိုးမျှင်၊ ကေသာသုံးတောင်ကြော့နှင့်
ဆံထုံးတော်ကြီး တမာသီး၊ ဒေါင်ဒင်းသံသာနှင့် ကိုတံငါ၊ မြို့ဝန်မင်းနှင့် သဇင်ပန်း၊
သောက်ရှူးကြယ်နှင့် ချစ်သူ့မျက်လုံး၊ နွားပြာချိုလိမ်ကော့နှင့် ချဉ်ပေါင်ဟင်း၊
မိဿရာသီမှ ပွင့်သိင်္ဂီ ရွှေရင်ခတ်နှင့် စိတြကြယ်။ နောက် …. အင်း … အများကြီး။
တုံးမှတ်၍ ခုန်လိုက်ချင်သော မြင်းမိုရ်တောင်ကြီးတို့၊ မင်ဖျော်လိုက်ချင်သော
သမုဒ္ဒရာကြီးတို့ကလည်း ရှိသေးသည်။
အဲသည်အာရုံတရားတွေနှင့် ကဗျာဆရာ။

ကဗျာဆရာကလည်း အမှုကို ပွေသည်။ အာရုံတရားတွေကို အာရုံတရားအဖြစ်
ထားလိုက်ပါလား။
ဟင့်အင်း … မထားနိုင်၊ မထားနိုင်ပါ။

သြော် …. အရှင်မဟာရဋ္ဌသာရ ညည်းသကဲ့သို့ “သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်”
ဟုသာ ညည်းရမည် ထင်သည်။ ထင်ထင်လာသော အာရုံတရားတွေကို ကဗျာဆရာ
က “ခံစား” သည်။ ခံစားရုံနှင့် ရပ်နေပါလား။ မရပ်။

မိအောင် “ဖမ်း”ပြီး မလွတ်အောင် “တုပ်နှောင်” ထားချင်သည်။
ဘာနှင့် ဖမ်းပြီး၊ ဘာနှင့် တုပ်နှောင်ထားမည်းနည်း။
“စကားလုံးများ” နှင့် ဖမ်းပြီး စကားလုံးများနှင့် တုပ်နှောင်ထားချင်သည်။ မင်း….
ဘယ်ပြေးချင်သနည်း။
ဘာနှင့် ဖမ်းပြီး၊ ဘာနှင့် တုပ်နှောင်ထားမည်နည်း။

ဤနေရာတွင် ကမ္ဘာကျော် ဂျာမန် ကဗျာဆရာကြီး ဂိုးတဲ” (Goethe)
ကမ္ဘာကျော်သော စကားကို ကိုးကား ဖော်ပြလိုပါသည်။ ဂိုးတဲ၏ ဂန္တ၀င်မြောက်
လက်ရာများအနက် “ဖောက်စ်တ်” (Faust) ဟု ခေါ်သော ဇာတ်လမ်း ကဗျာ
ရှည်ကြီးသည် ထင်ရှား ကျော်ကြားလှသည်။ ဤကဗျာရှည်ကြီးသည် ဘယ်
သဘောကို သရုပ်သကန် ဖော်ထားပါသနည်းဟု စူးစမ်းသူများက မေးမြန်းကြ
သည်။

သာမန် မေးသည် မဟုတ်၊ အဖြေ မပေးမခြင်း အားမနားတမ်း မေးကြလေရာ
နောက်ဆုံး၌ ဂိုးတဲကြီး ဖြေရတော့၏။

“ယေဘုယျ ပြောရလျှင် အာရုံခြောက်ပါးမှ သီးခြားကင်းလွတ်နေသော သဘော
တစုံတရာကို သရုပ်သကန်ဖော်ရန် ကြိုးစားခြင်းသည် ကဗျာဆရာ တဦးအနေဖြင့်
ကျွန်တော် ပြုလုပ်လေ့ရှိသော ကျင့်သုံးမှု မဟုတ်ပါ။ နိုးကြားသွက်လက်သော
စိတ်ကူးဥာဏ် ဓါတ်အားက တင်ပြလာသည့် အာရုံတံဆိပ် အရိပ်တို့ကို တင်ပြ
လာသည့်အတိုင်း ကျွန်တော့် အတွင်းအကြည်က လက်ခံယူပါသည်။ အာရုံတံဆိပ်
အရိပ်တွေကလည်း ရာနှင့်ချီ၍ များလှပါဘိကောင်း။ အချို့က မွေ့လျော်ဖွယ်၊
အချို့က ရွှင်ရွှင်ပျပျ သွက်သွက်လက်လက်၊ အချို့က ချစ်စဖွယ်၊ အချို့က အရောင်
မျိုးစုံ စုံစုံကြွယ်ကြွယ်။ များလှပါဘိသည်။ ဤတွင် ကဗျာဆရာ တဦးအနေနှင့်
ဘာလုပ်ရပါမည်နည်း။ အခြားတော့ လှုပ်စရာ မရှိ။ ပထမ ….. အာရုံတံဆိပ် အရိပ်
တွေကို စိတ်တွင်း၌ ပုံလောင်း ရပါသည်။ ပုံဖော် ရပါသည်။ ဒုတိယ ….. ကျွန်တော်
ရေးပြီးသည်ကို ဖတ်ကြသူ၊ ကြားကြသူတို့သည် ယင်းအာရုံတံဆိပ် အရိပ်တွေကို
တသဝေမတိမ်း လက်ခံရရှိကြရအောင် ကျွန်တော် ဖန်တီး လုပ်ဆောင်ရပါသည်။
ထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း ရှိသော ထပ်ဆင့်တင်ပြနိုင်စွမ်းနှင့် ဖန်တီး
လုပ်ဆောင် ရပါသည်”

ကဗျာဆရာ၏ ကိစ္စကို အသားခြေ- အနှစ်တေပြီး ဂိုးတဲ ပြောပြခြင်း ဖြစ်လေသည်။
ဂိုးတဲ ပြောပြချက်အရ …..

(၁) ပြင်ပ၊ ပကတိလောကကြီးမှ အရင်းခံ၍ လာသော်လည်း စိတ်တွင်း၌ သူ့သင်္ခါရ
နှင့် သူ ပြုပြင်ပြောင်းလဲ ဖြစ်ပေါ်လာသည့် “ဖန်တက်ဇမာဂေါရိယ”(Phantasmagoria)
ခေါ် အာရုံတံဆိပ် အရိပ်တွေနှင့် ပြွမ်းသော “စိတ်ကူးဥာဏ်လောက” ရှိသည်။
(၂)ထင်ဟပ်လာသော အာရုံတံဆိပ် အရိပ်တို့ကို အမိဖမ်းတတ်အောင် ဓါတ်သွင်း
ထားသည့် ဖလင်နှင့်တူသည့် ကဗျာဆရာ၏ စိတ်ရှိသည်။
(၃)ထိုအာရုံ တံဆိပ်အရိပ်တို့ကို ပုံသဏ္ဌာန်ဖော်ပြီး ပို့ဆောင်ဆက်သွယ်ပေးလို
သော လှုံဆော်စိတ်ကလည်း ကဗျာဆရာ၌ ရှိသည်။

စကားထူး စကားဆန်း ဖြစ်နေသော ဖန်တကဇမာဂေါရိယ အကြောင်း ရှင်းပြလို
ပါသည်။
ဤစကား၏ မူလ အဓိပ္ပါယ်မှာ မျက်လှည့်မှန်ပြောင်း မီးအိမ် ဖြစ်သည်။ ထိုမှန်ပြောင်း
မီးအိမ်အတွင်းသို့ ထည့်လိုက်သော ပစ္စည်းတို့သည် အချင်းချင်း ရောယှက်ကာ
အရွယ်အမျိုးမျိုး၊ သဏ္ဌာန်အမျိုးအမျိုး၊ အရောင်အမျိုးမျိုး ပြောင်းလဲ၍ ဖြစ်ပေါ်
လှည့်စားတတ်သည်။ ဤသဘာဝကို တင်စားပြီး စိတ်ကူးဥာဏ်လောကမှ သိမြင်
ခံစားမှုများ၊ အိပ်မက်လောကမှ သိမြင်ခံစားမှုများကို ဖန်တက်ဇမာဂေါရိယဟု
ခေါ်သည်။

မြန်မာတို့ သိပြီးသာ အဘိဓမ္မာနှင့် ရှင်းလျှင် ပိုလွယ်ပါသည်။
အဆင်းနှင့် အကြည်တိုက်လျှင် မြင်မှုဆတ်ဆတ် စက္ခုသမ္ဖဿ ဖြစ်သည်။ ယင်း
ဖဿ ကို မနောသဉ္စေတနာက မနောဝိညာဏ်ကြီးဆီ ပို့ပေးသည်။
မနောဝိညာဏ်ကြီးဆီ ရောက်ပါမှ ပုထုဇဉ်၏ သိမှုကြီး ပြီးပြည်စုံသည်။ ပုထုဇဉ်
၏ သိမှုကြီးဆိုသည်မှာ “ပညတ်နှင့် တကွ တင်” ၍သိခြင်း ဖြစ်သည်။ ပညတ်နှင့်
တကွ တင်၍ သိခြင်း ဆိုသည်မှာ ….. နာမပညတ်၊ သဏ္ဌာန ပညတ်ပေါ်၍
ဣဋ္ဌ၊ အနိဋ္ဌရိပ်တို့ မျက်တောင်ခတ်ကာ သောမနဿ ဝေဒနာ၊ ဒေါမနဿ
ဝေဒနာတို့နှင့်ယှဉ်လျက် သိခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ….
“မာယူပမာနဉ္စ ၀ိညာယံ” …..

မနောဝိညာဏ်ကြီးသည့် မျက်လှည့်ဆရာကြီးနှင့်တူ၏ဟု မြတ်စွာဘုရား
ဟောတော်မူသည်။ အရိယာ အရှင်မြတ်များကို သာမနောဝိညာဏ်ကြီး
မျက်လှည့်ပြ၍ မရတော့၊ အရိယာ အရှင်မြတ်များကား ဒိဌေ ဒိဋ္ဌ မတ္တံ
ခေါ် မြင်မှုဆတ်ဆတ် ပရမတ်ကိုသာ ဆွဲကိုင်လေသည်။

ကဗျာဆရာသည် ပုထုဇဉ်သာ ဖြစ်လေသည်။ သူ မြင်လျှင် ကြားလျှင် နာမပညတ်၊
သဏ္ဌာန ပညတ်တို့အဖြစ်နှင့်သာ မြင်သည်။ ကြားသည်။ ဣဋ္ဌရိပ်၊ အနိဋ္ဌရိပ်တို့ကို
သူ လက်ခံသည်။ သူ့ မြင်မှု ကြားမှုတို့၌ သောမနဿ ဝေဒနာ၊ ဒေါမနဿ ဝေဒနာ
အမြဲကပ်လျက် ပါနေသည်။ အဲ …. အဲတာတွေ အားလုံးကို သူက ပြန်ဖောက်သည်
ချ ပြောပြချင်သေးသည်။

“အာရုံမျက်မြင်၊ ဖူးမြော်ချင်၍၊
သည်တွင် ရွှေမြို့၊ သည်သို့ စေတီ၊
သည်ဆီ ရွှေနန်း၊ ဖြောင့်တန်းတော့မည်
စိတ်ကရည်သည် …. ”
လက်ဝဲသုန္ဒရ အမတ်ကြီးက သူ့ စိတ်ကူးမှ ပုံရိပ်တို့ကို ဤသို့ ဖော်ခဲ့၏။

“မနောဓါတ်ကပွေဗျာ၊ သောမနဿ ဝေဒနာ ပြင်းလိုက်ပါဘိ၊ တင်းဆည်မရ
ဖြေကာ၊ ယင်းအကြည် ယဒယာ တမေက သာကဲ၊ ချွေပဌာနာလို့ သာခဲ့ရပါတော့၊
စွဲတဲ့ မေတ္တာ …… ”
ဦးပြုံးချိုကလည်း သူ့ ဖန်တက်ဇမာဂေါရိယ ကို ဤသို့ သရုပ်ခွဲပြခဲ့၏။

သူရို့ အနောက်တိုင်းသားတွေက ဤမျှ အဘိဓမ္မာ မသိ။ သည်တော့ … ဖန်တက်ဇမာ
ဂေါရိယ … သည်လောက်သာ။
ထားပါတော့။
သူ့ ဖန်တက်ဇမာဂေါရိယတွင်းမှ အာရုံတံဆိပ် အရိပ်တွေကို ကဗျာဆရာက အမိဖမ်း
ပြီး မလွတ်အောင် တုပ်နှောင်ထားသည်တို့ကို ပုံပန်းမပျက်စေဘဲ မူရင်းအတိုင်း သူ့
ပရိသတ်ဆီ တပ်ဆင့် ပို့ဆောင်ပေးချင်သေးသည်။

နာမ ပညတ်လေးတွေလည်း သည်အတိုင်း၊ သဏ္ဌာန ပညတ်လေးတွေလည်း သည်
အတိုင်း၊ ဣဋ္ဌ-အနိဋ္ဌ အရိပ်လေးတွေကလည်း သည်အတိုင်း၊ သောမနဿ-ဒေါမနဿ
ဝေဒနာလေးတွေကလည်း သည်အတိုင်း။ မူရင်းအတိုင်း။

ကဗျာဆရာ ရင်ဆိုင်ရသော ပြဿနာ၊ သာမန်လူနှင့် ခြားနားသော ကဗျာဆရာ၏
သွေးငင်ကြမ္မာ၊ ၀ါသနာ ကိစ္စ။
သူ့ ကိစ္စ ပြီးမြောက်ရန် ကဗျာဆရာသည် သူပိုင် ကြားခံပစ္စည်းကို သုံးရသည်။
သူပိုင် ကြားခံ ပစ္စည်းက အခြားမဟုတ် …..
စကားလုံးများသာ။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

No comments: