Jul 13, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၆)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၅)မှ အဆက် …..

ကျွန်တော် ယခုတင်ပြနေသော အချက်မှာ … “အာရုံ သိလွန်သဘော” ကိုပင်
ကဗျာဆရာသည် မိအောင် ဖမ်းတတ်၏။ ကဗျာဆရာကောင်းတို့သည် ဖမ်းမိ
လည်း ဖမ်းမိကြသည်။

ဘာနှင့် ဖမ်းသနည်း။ စကားလုံးနှင့် ဖမ်းမိကြသည်။
ဘယ်ကဲ့သို့ ဖမ်းမိသနည်း။ မူလ မေးခွန်းဆီသို့ပင် ပြန်လည်လာခဲ့သည်။

ပြခဲ့သော နမူနာများကို ပြန်စစ်လျှင် ကဗျာစပ်မည့် ကဗျာဆရာသည် အခြေအနေ
တစ်ခုအတွင်း၌ ရောက်နေသည်။ အခြေအနေဆိုသော စကားမှာ ဆစ်ချူးအေးရှင်း
(Situation) ဟူသော စကားကို ဘာသာပြန်ထားခြင်း ဖြစ်လေသည်။ အခြေအနေ
ဆိုသည်မှာ အဆက်အဆံမဲ့သော သီးသန့် ကင်းလွတ်တည်ရှိနေခြင်းကို မဆိုလို။
ပြုပြင်စီရင်သော ဆက်ဆံမှုတို့ အလယ်၌ တည်ရှိနေခြင်းကို ဆိုလိုသည်။

အရှင် ဥတ္တမကျော်၏ အခြေအနေကို ကြည့်ပါ။
ရုပ်ပတ်ဝန်းကျင်အားဖြင့် စာဆိုရှင်သည် တောတောင်တို့တွင်းမှာ ဖြစ်သည်။
တောတောင်တို့တွင်းမှာ ဖြစ်သောကြောင့် သစ်ပင်တွေရှိမည်။ သစ်ရွက်တွေ
ရှိမည်။ ပန်းတွေ ရှိမည်။ ဌက်သံတွေ ရှိမည်။ တောင်တန်းတွေ တောင်ကုန်းတွေ
ရှိမည်။ မြေကြီးကိုလည်း မြင်ရမည်။ ကောင်းကင်ကိုလည်း မြင်ရမည်။ တိမ်တွေ
နေရောင်တွေ အရိပ်တွေကိုလည်း တွေ့ရမည်။ တောကြား၌ တိုက်သောလေကို
လည်းကောင်း၊ မြေနှင့်ထိသော ခြေမှ အတွေ့ကိုလည်းကောင်း ခံစားရမည်။
တောနံ့ တောင်နံ့ ပန်းနံ့တွေကိုလည်း ရှူရမည်။

အဲသည် ရုပ်ပတ်ဝန်းကျင်အပြင် ရှင်ဥတ္တမကျော်ဟု ခေါ်သော ပုဂ္ဂိုလ်၏ အခြေ
အနေကလည်း ရှိသေးသည်။
ရှင်ဥတ္တမကျော်သည် နတ်သျှင်နောင် မဟုတ်။

သစ်ရွက်တို့ “၀ါကြန်နီမောင်း။ ပင်တိုင်းပြောင်း” သည့် ရုပ်ပတ်ဝန်းကျင်မှာ
နတ်သျှင်နောင်လည်း ရောက်နေဖူးသည်။ ထိုအခါ …. “ပန်းစုံရောယှက်၊
ထုံးမြရွက်နှင့်” တင့်တယ်သော “သက်ပေါင်းထင်ယုံ၊ လှနိတုံ” ကို သတိရ
သည်။ ၀ိဘက်ထွေပြား၍ လဲဝါပမာ လေ၀ယ်လျှောကျသော ရသေ့ ကို သတိ
မရ။ တနည်း …. သစ်ရွက်ဝါ၏ အမူအရာနှင့် ဈာန်လျှောသော ရသေ့၏ အမူအရာ
ကို မဆက်သွယ်မိ။ သစ်ရွက်၏ အ၀ါရောင်နှင့် ဓါတုဆွေ၏ နိတုံရွှေအဆင်း ကို
တော့ ဆက်သွယ်မိသည်။

ရှင်ဥတ္တမကျော် စိတ်သန္တာန်အတွင်း၌ ဓါတုဆွေ မရှိ။ သူတော်မြတ်ဖြစ်သောကြောင့်
ဈာန်၊ အဘိညာဉ်၊ သီလ၊ သမာဓိ သဘောတွေတော့ ရှိသည်။ သည်တော့ ….
သစ်ရွက်၏ အမူအရာနှင့် ၀ိဘက်ထွေပြား၍ ဈာန်လျှော့ရသော ရသေ့၏ အမူအရာ
ကို ဆက်သွယ်မိသည်။

နတ်သျှင်နောင်က အချစ်နှင့် အလွမ်းဘက်ယိုင်သွားသည်။ အရှင် ဥတ္တမကျော်က
သံဝေဂနှင့် ကရုဏာဘက် ညွတ်သွားသည်။

ကဗျာဆရာ ရောက်နေသော အခြေအနေသည် တစ်ခုနှင့် တစ်ခုချင်းသာ ဆက်ဆံ
နေသည့် “ပေါက်ပင်းကိုင်းညွတ်၊ ဗျိုင်းနိမိတ်” ဆက်သွယ်ခြင်းမျိုး မဟုတ်။
“ပစ္စယ သာမဂ္ဂီ” ဟုခေါ်သော အထောက်အပံ့ “အကြောင်းပေါင်းစုံ” တို့ ဆုံလာသော
ပြုပြင်စီရင်မှုအများ၏ အလယ်ခွင်သာ ဖြစ်လေသည်။

တဘက်မှာက ရုပ်ပတ်ဝန်းကျင်မှ ပြုပြင်စီရင်မှုတွေ ရှိသည်။
အရောင်တွေ၊ မျဉ်းဖြောင့် မျဉ်းကွေးတွေ။ အသံတွေ။ အနံ့တွေ။ ပူခြင်း၊ အေးခြင်း၊
နူးညံ့ခြင်း၊ မာကျောခြင်း စသော, စသော အထိအတွေ့တွေ။ ငြိမ်ခြင်း၊ လှုပ်ခြင်း
ဆိုသည့် အမူအရာတွေ …. ။

တဘက်ကလည်း ပုဂ္ဂိုလ်၏ အဇ္ဈတ္တ။ စိတ်ပညာမှ စကားတစ်ခုကို ဌါးသုံးကြည့်မည်။
အတွင်း ပတ်ဝန်းကျင် (internal environment)။ အတွင်းပတ်ဝန်းကျင် ဆိုသည်မှာ
နောက်ခံကားပမာ ဖြစ်နေသော ကဗျာဆရာ၏ အတွေ့အကြုံတွေ၊ အမှတ်သညာတွေ၊
အစွဲအလန်းတွေ၊ စရိုက်တွေ၊ ချစ်မှု မုန်းမှုတွေ၊ ခံစားမှုတွေ၊ လိုချင်မှုတွေ၊ မလိုချင်
မှုတွေ ….. ။

မြန်မာနားလည်ပြီးသော အဘိဓမ္မာနှင့် ဆိုမည်။
မနောအကြည်ကြီးသည် ကျန်အကြည် တံခါးငါးပေါက်မှ ၀င်လာသမျှကို အရင်းအတိုင်း
ထင်ရုံသာ ထင်ပြနေသည့် အဗျာပါရ မှန်ကြီး မဟုတ်။ သူ့၌လည်း ပြုပြင်စီရင်တတ်
သော သဘောတွေ ကိန်းနေသည်။

လျှပ်ပန်းလျှပ်နွယ်ကဲ့သို့ မဖြစ်ပေါ်မီက ရှိနေသည်ဟုတ်။ ဖြစ်ပေါ်ပြီးနောက် ဆက်ရှိ
နေသေးသည် မဟုတ်။ ဖြစ်ပေါ်ပြီး နောက်ဆက်ရှိနေသေးသည် မဟုတ်။ သို့ရာတွင်
ပစ္စယ အကြောင်းအပေါင်းစုံလာဆုံလာလျှင် အာကာသ ၀ိဇ္ဇုပါဒေါဝ၊ ကောင်းကင်မှ
လျှပ်ပန်းလျှပ်နွယ်ကဲ့သို့ ဖြစ်ပျက်လာရန် ပြုပြင်စီရင်တတ်သော “ခန္ဓာ” တွေ ကိန်း
နေသည်။

အနောက်နိုင်ငံမှ ဆရာတွေက ဤမျှတော့ မပြောပြတတ်။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

No comments: