Jul 30, 2009

ဧရာဝတီမှ ယမုနာသို့


ရေးသူ- ဒဂုန်တာရာ

အောက်တွင် မြင်ရသော ရခိုင်ရိုးမ တောင်တန်းများမှာ ဆရာချုံ၏ အဝေး
ကြည့် ပန်းချီကား မြင်ကွင်းကဲ့သို့ ပြားနေကြပေသည်။ ညို့ညို့စိမ်းနေသော
သစ်ပင်များ လှိုင်းထနေကြသည်။ ဤစိမ်းသော လှိုင်းဂယက်များထဲတွင်
စက္ကူလုပ်နိုင်သော ၀ါးပင်များ ရှိလေရဲ့ဟု တွေးကာ စက္ကူစက်ကြီးတွေ
ဆောက်နိုင်လျှင်တော့ စာပေထုတ်လုပ်ရေး လုပ်ငန်းများ တွင်ကျယ်လာကာ
စာရေးသူတွေ ဟန်ကျတော့မှာဘဲဟု လကြေး မှန်ပေါက်မှ ပွတ်သတ်တိုးနှင်
သွားကြသော တိမ်ဖြူစများကို ငေးကာ စိတ်ကူး ကွန့်မြူးမိသည်။

သို့သော် စက္ကူစက်ကြီးမှာ လေထဲတွင် ငြိမ့်ကနဲလျှောအဆင်း၌ ရခိုင်ရိုးမ
တောင်ကြားထဲ စိုက်ကျသွားလေ၏။ လျှိုမြှောင်ခင်တန်း စိမ့်စမ်း စုံမြိုင်ထဲတွင်
ပုန်းနေကြသော သူပုန်များ၏ စခန်းထဲ ရောက်သွားမလား။

လေကြောတွင် မျောနေပြန်လေ၏။ နံနက် နေရောင်သည် တိမ်မြှင်ကြားမှ
ဖြာထိုးကျကာ သက်တန့်ရောင်သည် ၀ိုးတ၀ါး လက်နေပြန်လေသည်။

ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်အထိ နယူးဒေလီမြို့တွင် ကျင်းပမည့် အာရှ
စာရေးဆရာ ညီလာခံသို့ တက်ရောက်ရန် စိတ်ရှိသော်လည်း မိမိစရိတ်နှင့်
မိမိ လိုက်ပါရန် ဆုံးဖြတ်ချက်အရ ငွေကြေး ရှာနေခဲ့ရသည်။ စာရေးသူများ
အဖို့ ငွေတထောင်ခန့် ရရန်မှာ မလွယ်ကူချေ။ “စာရေးဆရာအသင်းဘယ်လဲ”
ဟူသော ဝေဖန်မှုဆောင်းပါးနှင့် ပက်သက်၍ ရှုမ၀နှင့် “အခြင်းများ”ထား၍
ခပ်ခွာခွာ နေသောအခါလည်း ဖြစ်၏။ ကျွန်တော်မှာ ထုတ်ဝေသူများနှင့်
ဆက်ဆံရာ၌ “ဇီဇာကြောင်” သူတယောက် ဖြစ်ရာ စာပေလွတ်လပ်ခွင့်နှင့်
ပက်သက်၍ မကြာခဏ ဆိုသလို စကားများခဲ့ရဘူးသည်။ သို့သော် အရေး
ကြုံလာ၍ မတတ်နိုင်။ ရှုမ၀ ဦးကျော်ထံ ပြေးကာ ငွေ ကြိုတင်ပေးရန် စကား
ကမ်းလှမ်း ထားရလေ၏။ နိုင်ငံခြားသွားသည့်အခါ ငွေလိုတတ်သည်ဖြစ်၍
ရှုမ၀ ဦးကျော် ပြောထားသည့် ငွေနှင့်လည်း မလုံလောက်သဖြင့် ကြံရပြန်သည်။
တညနေတွင် ကန်တော်ကြီးရှိ ပြည်ထောင်စုကလပ်သို့ သွားသည်။

ဦးဗဆွေ ၀န်ကြီးဖြစ်မှ တခါနှစ်ခါသာ တွေ့ဘူးသည်။ သခင်ကိုယ်တော်မှိုင်း
ကြေးရုပ် ရန်ပုံငွေအတွက် ကိစ္စပေါ်တုန်းက ဖြစ်၏။ ၁၉၅၄ က ကျွန်တော်
ပရာဟာက အပြန် အလုပ်သမား အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ဦးဗဆွေအား
ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးသို့ တက်ရန် ဖိတ်ကြားချက်ယူကာ
သွားဘူး၏။ ဟုမ်းလမ်းရှိ သူ၏အိမ်ဂိတ်ဝ တဲကလေးတွင် တနာရီခန့်စောင့်ကာ
၃ ရက် ဆက်သွားသော်လည်း တွေ့ခွင့်မရခဲ့။ နောက်ဆုံးနေ့တွင်ကား
“ကိုဗဆွေ။ ခင်ဗျားဆီ ကျွန်တော် ၃ ရက် ဆက်လာတယ်။ ခင်ဗျားဆီက
အလုပ်တောင်းဘို့ လာတာ မဟုတ်ဖူး။ ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီက
ဖိတ်စာ ကိုယ်တိုင်လာပေးတာ။ ဒါဘဲ” ဟု စာရေး၍ အပါးတော်မြဲထံ ပေးထား
ခဲ့၏။ သခင်ကိုယ်တော်မှိုင်းကြေးရုပ် ရန်ပုံငွေအတွက် ကိစ္စပေါ်လာ၍ အိမ်
မသွားချင်ကြောင်း ပြောမိရာ မိတ်ဆွေတယောက်က “ဦးဗဆွေ တွေ့ချင်ရင်
ညနေပိုင်း ပြည်ထောင်စု ကလပ်သာ သွားပါဗျာ” ဟု အကြံပေး၍ သွားဘူး
သည်။ ကျွန်တော်က သူ့အိမ် လာရသည့် အခက်အခဲကို ပြောပြရာ
ဦးဗဆွေက ရယ်မော၍ “အချို့ကိစ္စတွေက အပါးတော်မြဲ လက်ထဲတင်
ပြီးသွားတာကွ၊ တချို့စာတွေဘာတွေဆိုတာ ကိုယ့်လက်ထဲတောင်
ရောက်တာ မဟုတ်ဖူး” ဟု ပြောလေသည်။

ကျွန်တော်သည် ဗိလိယက်ခန်းထဲသို့ စွတ်ဝင်သွားလေသည်။ ခါတိုင်း
ကဲ့သို့ပင် ဗိလိယက်ခုံ နှစ်ခုံကြားရှိ ကြိမ်ပက်လက်ကုလားထိုင်တွင်
စီးကရက်ဖွာနေသော ၀န်ကြီးချုပ် ဦးဗဆွေကို အသင့်တွေ့ရသည်။
နံ့သာရောင် ဟာဝေယံရှပ်၊ အဖြူပေါ်မှ အကွက်နှင့် ချည်လုံချီ ၀တ်ထား
လေသည်။ ကျွန်တော်လည်း သူ့ဘေးရှိ ခွေးခြေကလေးတွင် အသာထိုင်
လိုက်သည်။ သူက ပက်လက်လှန်နေ၍ ကျွန်တော်သည် ကုလားထိုင်
လက်ရမ်းကို ထောက်ကာ စကားပြောရလေ၏။ ဧည့်ခန်းမှ ရေဒီယိုသံမှာ
ပျံ့လွင့် ညံစီလျက်ရှိ၏။

ဦးဗဆွေက “ဆိုစမ်းပါအုံး” ဟု ပြုံးကာ မေးလိုက်သည်။
“အာရှ စာရေးဆရာ ညီလာခံအတွက် အကူအညီ လာတောင်းတာ”

အာရှ စာရေးဆရာ ညီလာခံအကြောင်း ရှင်းပြသည်။ ကျွန်တော့်စိတ်ထဲတွင်
ရှိသည်ကား ငွေကြေး စရိတ်စက ရကောင်းမှ ရမည်။ သို့သော် အနည်းဆုံး
နိုင်ငံကူးလက်မှတ် မြန်မြန်ရအောင်တော့ ၀န်ကြီးချုပ်အနေနှင့် လုပ်ပေးနိုင်
လိမ့်မည်ဟု ထင်ထားသည်။
“မင်းတို့ အဖွဲ့ဟာက အတိုက်အခံတွေဘဲကွ”
ကိုဗဆွေသည် နေရာမှ မတ်လာလေ၏။
“ဘယ်မှာပါလို့တုံးဗျ”
“လိန်းချိန်းမှဘဲ။ သိန်းဖေ တယောက်လုံး ပါနေတာ”

ကျွန်တော်က အာရှ စာရေးဆရာ ညီလာခံကို အိန္ဒိယပြည် ၀န်ကြီးချုပ် နေရူး
က အားပေးပုံ၊ နိုင်ငံရေးမပါပုံ စသည်များ ပြောပြနေစဉ် အပါးရှိ ဗိလိယက်ထိုး
နေသော ၀န်ကြီး ဦးထွန်းဝင်းက “ဟေ့ ဟေ့ ၀န်ကြီးချုပ်ကို ဘာလာ နှူးနေတာ
လဲ။ ကိုယ်တို့ဆဲဘို့ ပိုက်ဆံပေး လွှတ်ရမှာလားကွ” ဟု လှည့်ပြောလိုက်သည်။

ဦးထွန်းဝင်းမှာ အင်္ကျီလက်တိုကလေးနှင့် ဖြစ်သည်။ သူတို့နှစ်ယောက်ကြည့်ရ
သည်မှာ ကျောင်းသားဘ၀က သမဂ္ဂအောက်ထပ် ဗိလိယက်ခုံတွင် ကစားနေ
ကြသလို ထင်မိသည်။ ဦးထွန်းဝင်းမှာ အရင်တုန်းကကဲ့သို့ပင် ခပ်ဆတ်ဆတ်
ပြောသည်။

“ဟုတ်တယ်ကွ။ ကိုယ်တို့ဆဲဘို့ ပိုက်ဆံပေး လွှတ်ရတာမျိုး ဖြစ်နေပါအုံးမယ်
ကွာ။ ကြည့်လဲလုပ်ပါအုံး” ဟု ကိုဗဆွေက ပြုံးရယ်ကာ ပြောနေပြန်လေသည်။
သူ့ဖာသာသူ သဘောကျသလို ထပ်ရယ်နေပြန်၏။ ဦးထွန်းဝင်းမှာ ကြူတန်
ကို မြေဖြူပွတ်ယင်း တဖက်စွန်းသို့ ရောက်သွားသည်။

“ကဲ ခင်ဗျားတို့ကို ဆဲချင်တယ်ဘဲ ထားပါအုံး၊ ဒီ စာရေးဆရာ ညီလာခံက
ဘယ်လိုလုပ်ပြီး ဆဲမလဲ။ ဆဲမယ့်အကွက်ကော ရှိလို့လား။ နောက်ပြီး
ကိုသိန်းဖေကလွဲရင် နိုင်ငံရေးသမား ဘယ်သူပါလို့လဲ။ ကျွန်တော် နိုင်ငံရေး
သမားလားဗျာ။ ပြောစမ်းပါအုံး”

ကိုယ်စားလှယ် အဖွဲ့ဝင်များ၏ နာမည်နာမနှင့်တကွ ညီလာခံတွင် ဆွေးနွေး
ကြမည့် အစီအစဉ်များကို အသေးစိတ် ပြောပြနေသည်ကို ကိုဗဆွေသည်
နားထောင်ကာ ခေါင်းညိတ်နေသည်။ သူသည် စီးကရက်တလိပ် ထပ်ညှိပြန်သည်။

“ကျုပ်တို့ ဖဆပလ အစိုးရ နွား အစိုးရ မဟုတ်ဖူးနော်။ ကျွန်တော် လွှတ်တော်
မှာ ပြောတာ ကြားတယ် မဟုတ်လား” ဟု ဦးထွန်းဝင်းက ဗိလိယက် ထိုးနေရင်းက
လှမ်းကာ ရယ်မော ပြောနေလေသည်။
ကျွန်တော်က ဆက်လက် ရှင်းပြနေရ၏။

“သိန်းဖေ မနေ့က ကိုယ့်ဆီလာတယ် ပြောတယ်။ အလုပ်များနေတာနဲ့ မတွေ့
လိုက်ဖူး။ ဒီအကြောင်း လာပြောတာဘဲ၊ ဦးသန့်နဲ့ သွားတွေ့ဘို့ အကြောင်း
ကြားလိုက်တယ်။ မင်းတို့အထဲမှာ ကိုယ်ကြိုက်တဲ့သူတွေ ပါ ပါတယ်”

အချို့နာမည်များကို ပြောနေလေသည်။ ကိုယ်စားလှယ်မှာ ကိုယ်စားလှယ်
အဖြစ် သွားသင့်လောက်အောင် မဟုတ်သည်ကိုလည်း ဝေဖန်သည်။ ကျွန်တော်
က ကိုယ်စားလှယ်ရွေးရာ၌ ဘာကြောင့် ပါလာရသည်ကို ရှင်းပြလိုက်သည်။
ထိုနောက် စဉ်းစားနေပြီး “ခေါင်းခေါက်ပြီး စရိတ်ပေးတယ်ဆိုရင်လဲ
ဒို့ ဘယ်တရားရာ ကျမလဲကွာ”

ကျွန်တော်မှာ စရိတ်ပေးမည့်အကြောင်း စဉ်းစားနေသည်။ အံ့အားသင့်
နေမိသည်။ ထင်ထားသည်ထက် လိုက်လျောနေသည်ကို တွေ့နေရ၏။

“တယောက်ကို စရိတ်ဘယ်လောက်ကုန်မလဲ”
“ရှစ် ရှစ်ရာလောက်တော့ ကျမယ်ထင်တယ်”
“တထောင်ထားပါကွာ”
နောက်ဆုံး၌ ငွေလေးထောင်ပေးနိုင်မည့်အကြောင်း ဆိုက်ရောက်တော့
သည်။ စာရေးဆရာအသင်းက ညီလာခံသို့ ဆက်ကြေး ငွေတထောင်
ပေးရန် ဆုံးဖြတ်ထားကြောင်းလည်း ပြောပြလိုက်သည်။

ကိုထွန်းဝင်းလည်း ပွဲပြီးသွား၍ ကျွန်တော်တို့နှင့် လာထိုင် စကားပြောနေ
လေသည်။
“နေပါအုံးကွ။ မင်းတို့ ကိုယ်စားလှယ်အဖွဲ့ထဲမှာ ရှေးအစဉ်အလာ
ယဉ်ကျေးမှုစာပေနဲ့ ပက်သက်တဲ့ ပုဂ္ဂိုလ်တွေ မပါ ပါလားကွ”

“ဟုတ်တယ်။ ရမှ မရဘဲကို။ ကျွန်တော် ပထမဆုံး ဆရာဇော်ဂျီ သွားပြော
သေးတယ်။ ဆရာကလဲ မလိုက်နိုင်ဘူး ပြောလိုက်တယ်။ ကျွန်တော်တို့က
ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ်တောင် လိုက်ဖို့ပြောတာ။ ခင်ဗျား
ပြောရင် ပြောကြည့်ပါလား”

ကိုဗဆွေလည်း အတန်ငယ် စဉ်းစားနေပြီး
“ဦးသာမြတ်တို့ ဦးဖိုးလတ်တို့ကောကွာ”
“ကျွန်တော်တို့အနေနဲ့တော့ ကြိုက်တယ်။ ကျွန်တော်တို့ အာရှညီလာခံ
အစီအစဉ်ထဲမှာကိုက အာရှအစဉ်အလာ ယဉ်ကျေးမှုဖလှယ်ရေး ပြဿနာ
တွေ ဆွေးနွေးဘို့ ပါသားဘဲ။ ဒီလို သုတေသီတွေပါရင် ဟန်ကျတာပေါ့”

“ဒီလို လုပ်ကွာ။ ကိုယ် ဦးသန့်နဲ့ တိုင်ပင်ပြီး စီစဉ်လိုက်မယ်။ နောက်ထပ်
အတည်ပြုဘို့ ၁၃ ရက်နေ့ လာနိုင်မလား။ မင်းတို့ ကိုယ်စားလှယ်ထဲက
လူတွေနဲ့ပေါ့။ အချိန်ကို ချိန်းလိုက်မယ်။ မင်း ဘယ်အကြောင်းကြားရမှာလဲ”

ကျွန်တော်က လိပ်စာ ရေးပေးလိုက်သည်။ ကိုဗဆွေလည်း အတော်ကြာ
ကြည့်နေပြီး ၁၃၆ ကို “ဝေေ၀” ဟု ဖတ်နေလေ၏။
“ခင်ဗျား ဖတ်လို့ရရဲ့လား”
“မင်းလက်ရေးကလဲကွာ”
ကိုဗဆွေလည်း ဟက်ဟက်ပက်ပက် ရယ်မောနေလေသည်။

ထို့နောက် စာရေးဆရာအသင်းအကြောင်း ရောက်သွားကြသည်။ စာရေး
ဆရာအသင်းနှင့် ပတ်သက်၍ အစိုးရပိုင်းက ထင်ထားသည်များမှာ မှားယွင်း
နေသည်ကို တွေ့ရ၍ ရှင်းပြောပြနေသည်။ သတင်းစာထဲ ပါတာ၊ အဖျား
ဆွတ် ပြောကြတာတွေကို ယုံကြည်၍မရနိုင်ကြောင်း ပြောရသေးသည်။
စာရေးဆရာ အသင်းထဲသို့ နိုင်ငံရေးအင်အားစုများ ထိုးဝင်မလာ မဟုတ်၊
ဝင်လာကြောင်း၊ သို့သော် စိုးရိမ်စရာ ကောင်းအောင် နိုင်ငံရေးကို အသင်း
အနေနှင့် လုပ်၍ မရနိုင်ကြောင်းလည်း ကျွန်တော့်ထင်မြင်ချက်များကို
ပြောပြလိုက်သည်။ သခင်လေးမောင် စသူများက စာရေးဆရာကြီးများ
အဖြစ် နိုင်ငံခြားတွင် “ကိုယ်ထင်” ပြကြသည့် အကြောင်းလည်း ပါသည်။

“ဒီလိုဆိုရင် ကိုယ်လဲ စာရေးဆရာပေါ့ကွ ဟားဟား”
“ဖြစ်နိုင်တာပေါ့။ ခင်ဗျားလဲ ကောလိပ်မဂ္ဂဇင်းမှာ ၀တ္ထုတို ရေးခဲ့ဘူးသားဘဲ”

“ကျွန်တော်လဲ အသင်းဝင် ဖြစ်နိုင်တာဘဲ။ သတင်းစာထဲမှာ နာမည်
အမျိုးမျိုးနဲ့ ရေးနေတာဘဲ” ဟု ကိုထွန်းဝင်းကပါ ရယ်မော ပြောနေလေသည်။

“လက်ရှိ စည်းမျဉ်းအရတော့ အသင်းဝင် ဖြစ်နိုင်တာပေါ့။ အသင်းဝင် အရည်
အခြင်း သတ်မှတ်ထားတာက သိပ်ရော့ရဲတယ်”
“ကိုယ်တို့ ဖဆပလ ကတော့ ဒါမျိုးမလုပ်ဖူးနော်။ ဖဆပလ က ဒါမျိုး မလုပ်
ဖူး။ ငွေတထောင်လောက် အကုန်ခံနိုင်ရင် အသင်းစီးနိုင်တာပေါ့” ဟု
ကိုထွန်းဝင်းက ပြောပြီးရယ်နေသည်။

“အခုလဲ အခွင့်အရေးကော်မတီဆိုပြီး ဖွဲ့ထားတာ ရှိပါတယ်။ ဒီကော်မတီ
မှာ ဦးထင်ဖတ်က တာဝန်ခံဘဲ။ အဲဒီကော်မတီမှာ စာရေးဆရာဆိုတာ
ဘာလဲဆိုတာ ဆွေးနွေး အဓိပ္ပာယတ္ထ ဖော်ကြပြီး အရည်အခြင်းသတ်မှတ်ပြီး
စည်းမျဉ်းကိုပြင်ဘို့ ဆုံးဖြတ်ချက် ရှိပါတယ်”

“ဒီမယ် မင်းတို့လဲ မင်းတို့ဖာသာ၊ ဒို့လဲ ဒို့ဖာသာ နေတာလဲ ခပ်ကောင်း
ကောင်းကွ။ ကိုယ်တို့လဲ နေသာတာပေါ့ မဟုတ်လား”
ကိုဗဆွေသည် စီးကရက် ထပ်ညှိကာ ပြုံးနေလေသည်။

သတိရသလို ပြောလိုက်သည်။ ကျွန်တော်က ကာဖီ တခွက်မှာကာ
သူ့စကားကို အခြေပြု၍ စာရေးဆရာနှင့် အစိုးရဆက်ဆံရေး သဘော
တရားများကို စဉ်းစားနေမိသည်။
“ဟော၊ အခု မင်းက လာပြောတယ်ဆိုတော့လဲ ဒို့ စဉ်းစား နေရပြီ
မဟုတ်လား”
ကျွန်တော်သည် အပြင်ဘက်သို့ ငေးနေမိသည်။ ကန်တော်ကြီး ရေပြင်မှာ
ကျောက်ကျောတုံးကဲ့သို့ မဲနေလေ၏။
“ကိုယ် ဆိုလိုတာက ဒို့ကို ဖော်လံဖားရမယ်လို့လဲ ဆိုတာ မဟုတ်ပါဘူး။
ကိုယ့်စည်းနဲ့ကိုယ် နေကြဘို့ ပြောတာပါ”
ထို့နောက် စာပေအကြောင်း ရောက်သွားလေသည်။
“မင်းရေးတဲ့ ကြာပန်းရေစင်က ဆုံးသွားပလားကွ”
“ခင်ဗျားကလဲ ဖတ်တယ်လဲ ဆိုသေးရဲ့၊ ဆုံးမှန်းတောင် မသိဘူးလား။ သုံးလ
တောင် ရှိသွားပလား မပြောတတ်ဖူး” ဟု ဆိုသော် ကိုဗဆွေမှာ ပြုံးနေလေ၏။
“ဖတ်ပါတယ်ကွာ။ မင်းဟာက အဆက်နဲ့ဆိုတော့ ပျင်းတာပေါ့ကွ”

နောက်သုံးရက်ခန့်ကြာသောအခါ အတွင်းဝန် ဦးသန့်မှ တဆင့် ၀န်ကြီးချုပ်
နှင့် သွားတွေ့ရသည်။ စရိတ်အတွက် ငွေလေးထောင် အတည်ဖြစ်ကာ
ယဉ်ကျေးမှုဌာန ညွှန်ကြားရေးဝန် ဦးသာမြတ် လိုက်မည့်အကြောင်း သိရ
လေ၏။ ကျွန်တော်တို့ ပြင်ဆင်ရေးကော်မတီကလည်း ဦးသာမြတ်ကို
ကိုယ်စားလှယ်အဖွဲ့တွင်ပါရန် သဘောတူကြပါသည်။

အမှန်အားဖြင့် ဦးသာမြတ်မှာ မြန်မာပြည် လာရောက်ကြသည့် နိုင်ငံခြား
ယဉ်ကျေးမှုအဖွဲ့များ ဧည့်ခံရေးကော်မတီ သဘာပတိအဖြစ် အလုပ်များ
နေသဖြင့် ဒီဇင်ဘာ ၂၁ ရက်၊ ၂၂ ရက်လောက်မှ နောက်ကျလိုက်ရန်
ဖြစ်သော်လည်း ယဉ်ကျေးမှုဝန်ကြီး၏ ခွင့်ပြုချက်ကြောင့် ကျွန်တော်တို့
နှင့်အတူပင် တလေယာဉ်ပျံထဲ လိုက်ပါလာသည်။

ရခိုင်ရိုးမကို ကျော်သောအခါ ကျွန်းများဖြင့် ပြောက်ထားသော ကျွန်းဆွယ်
ကမ်းစကို ဖြတ်ပျံလေသည်။ ငယ်ငယ်တုန်းက သစ်သားခွက်ကြီးထဲ၌
သဲများပုံကာ ရေလွှတ်၍ ပထ၀ီသင်ရသည်များကို သွားအမှတ်ရမိလေသည်။
ကျောင်းနေစဉ်က မြေပုံဆွဲ ၀ါသနာပါခဲ့ဘူးသည်။ ရခိုင်ကမ်းရိုးတန်းဆွဲသော
အခါ ခဲတံကို တုန်ကာ တွန့်၍ ရေးတတ်သည်။ ယခု စိတ်ကူးထဲက အတွန့်
များကို မြင်ရလေပြီ။ စိတ်ကူးထက် လှနေပေသည်တကား။

နေရောင်၌ကား တဖျတ်ဖျတ် လက်နေသော ကျောက်သံ ပတ္တမြားပုံထဲ၌
အနီ အစိမ်း။ မြေအငူသည် ထိုးထွက်နေကြ၏။ လှေကလေးများမှာ ရွက်
ကော့ကလေး မျှောနေသကဲ့သို့ပင်။ သောင်စပ်၌ ဖြူဖွေးသော ရေမြှပ်များ
သည် တကွဲတပြားစီ ပြန့်ကြဲကာ ပေါလောဝေနေကြ၏။ ကမ်းစောင့်
နတ်သမီး ရေကစား၍ ဆပ်ပြာမြှုပ်များ ကျန်ရစ်နေသလားဟု ကဗျာစိတ်ကူး
ယဉ်၍မှ အဆုံးမသတ်ခင် စစ်တွေလေဆိပ် မြေပြင်သို့ ဒိတ်ကနဲ
လာ တိုက်မိလေ၏။

စစ်တွေမှာ ကျွန်တော်ရောက်ချင်သော မြို့ဖြစ်၏။ မြို့ထဲသို့ လှည့်လည်
ကြည့်ချင်သော်လည်း အချိန်မရကြောင်း သိရ၍ မလည်နိုင်တော့။ လေဆိပ်
မြင်ရသည်မှာ တရုတ်ပြည်မှ ဟန်ကောကို သွားသတိရမိလိုက်၏။ ရိုးရိုး
ကလေးပင် ဖြစ်၏။ သံပြားပေါက်များ နင်းကား လေဆိပ် လက်ဖက်ရည်ဆိုင်
သို့ လျှောက်သွားရင်း “အောက် အာကာဗွီ၊ ၀ါရောထွီ၍” စသော ရတုရှင်
ရခိုင်ကဗျာစာဆို ဥက္ကာပျံ၏ မြေပါကလားဟု အောက်မေ့လာသည်။ ရခိုင်
ပြည်ကား စိမ်းစိမ်းစိုစို ရှိသည်။

(ဤမျှသာ။ ။)

(မှတ်ချက်။ ။ ဆရာကြီး ဒဂုန်တာရာ၏ “ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါ
စာအုပ်မှ ထပ်ဆင့် ကူးယူဖော်ပြပါသည်။ “ဧရာဝတီမှ ယမုနာသို့
ခေါင်းစဉ်အောက်ရှိ အပိုင်း(၁) ကိုသာ ဖော်ပြထားပါသည်။ စာပေ
မူပိုင်ခွင့်အရ ဆရာကြီး ဒဂုန်တာရာအား ရိုသေစွာ တောင်းပန်
ပါသည်။ … စစ်ငြိမ်းဒီရေ …)

Jul 28, 2009

သခင်ချစ်၏ အတ္ထုပ္ပတ္တိ



ရေးသူ- စစ်ငြိမ်းဒီရေ

သခင်ချစ်ကို အဖ ဦးနွဲ့၊ အမိ ဒေါ်အေးချိုတို့မှ ၁၉၁၀ ခုနှစ်တွင် ပဲခူးတိုင်း
သနပ္ပင်မြို့တွင် မွေးဖွားခဲ့သည်။ (မွေးဖွားသောရက်စွဲ အတိအကျ မသိရပေ။)

သနပ္ပင်မြို့နှင့် ရန်ကုန်မြို့တို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၃၀ ခုနှစ်နောက်ပိုင်းမှ စ၍ ကျောင်းဆရာ ဖြစ်ခဲ့သည်။ ထိုစဉ်မှာပင် နဂါးနီ
ဦးထွန်းရွှေနှင့် ဆက်သွယ်၍ နိုင်ငံရေးလှုပ်ရှားမှုများ၌ တက်ကြွစွာ စတင်
ပါဝင်ခဲ့သည်။

၁၃၀၀ ရာပြည့် အရေးတော်ပုံ မတိုင်ခင် ကာလအတွင်း ဆရာချစ်သည် တို့ဗမာ
အစည်းအရုံးသို့ ၀င်ရောက်ပြီး သခင်ချစ်ဟူသော အမည်ကို ခံယူခဲ့သည်။

ဗမာ့ လွတ်လပ်ရေးအတွက် အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ ဦးဆောင်
သော ဗဟိုမြေအောက် တော်လှန်ရေးအဖွဲ့တွင် သခင်ထွန်းရွှေ (နဂါးနီဆရာ
ထွန်းရွှေ) နှင့်အတူ စည်းရုံးရေး ဌာန တွင် တာဝန်ယူခဲ့သည်။

ဗမာ့လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံသို့ စစ်ပညာသွားရောက် သင်ကြား
မည့်သူများနှင့် မြေအောက်တော်လှန်ရေး ရဲဘော်များအတွက် ရန်ကုန်မြို့
ပုဇွန်တောင် ရေကျော်တွင် သမ၀ါယမ ဈေးဆိုင်ဖွင့်၍ ကိုယ်ကျိုးစွန့် အနစ်
နာခံကာ ရှာဖွေ ကျွေးမွေးခဲ့သည်။

ဒုတိယကမ္ဘာစစ်မတိုင်ခင် ဗမာ့လွတ်လပ်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော
လက်ဝဲ(ကွန်မြူနစ်စနစ် လိုလားသူ)၊ လက်ယာ (ပါလီမန်ဒီမိုကရေစီစနစ်
လိုလားသူ) ဒုတိယအဆင့်ရှိသော ခေါင်းဆောင်အားလုံးကို ဦးဆောင် ဦးရွက်ပြု
ခဲ့သူဖြစ်သည်။ (ဗိုလ်ချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ရန်ကုန်
ဘဆွေ၊ သခင်တင်မြ၊ ရဲဘော်ဌေး အစရှိသူများ အပါအ၀င်။)

ပြည်တွင်းသို့ လျှို့ဝှက်စွာ ပြန်ဝင်လာသော ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များထံ
တွင် ပဲခူးမြို့အနီးရှိ စည်တီးရွာ၌ စစ်ပညာကို အစောဆုံး ပြန်လည်သင်ကြား
ခဲ့သူ ဖြစ်သည်။



ဒုတိယကမ္ဘာစစ်ကာလအတွင်း အင်္ဂလိပ်အစိုးရ မဆုတ်ခွာခင် အချိန်နှင့် ဂျပန်
စစ်တပ်များ လက်နက်မချခင် အချိန်များအထိ လက်နက်ကိုင် မြေအောက် လျှို့ဝှက်
တိုက်ခိုက်ရေး တာဝန်များကို ဦးဆောင်ခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ ဂျပန်စစ်တပ်များ စတင်ဝင်ရောက်လာချိန်တွင်
တို့ဗမာအစည်းအရုံး၏ ဌာနချုပ် ဥက္ကဋ္ဌ သခင်မြ နှင့်အတူ အထွေထွေအတွင်း
ရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။

ပြည်သူ့အရေးတော်ပုံ ပါတီ (နောင် ဆိုရှယ်လစ်ပါတီ) တွင် အရေးပါသော
ခေါင်းဆောင် တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ဂျပန်စစ်တပ်များ အထက်မြန်မာနိုင်ငံသို့ ချီတက်ချိန်တွင် ရန်ကုန်မြို့ ရေကျော်
တွင် နေထိုင်သော မခင်သန်းညွန့် (ခ) အမာ (ခ) မခင်သန်း (ခ) မချစ်မေနှင့်
လက်ထပ် ထိမ်းမြားခဲ့သည်။

၁၉၄၄ ခုနှစ် သြဂုတ်လတွင် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ရန် အတွက်
ဖ.တ.ပ.လ (ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်) အဖွဲ့ကို
စတင် ဖွဲ့စည်းခဲ့သော ခေါင်းဆောင် (၉) ဦးအနက် ပြည်သူ့အရေးတော်ပါတီ၏
အရေးပါသော ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။

၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် တိုင်း(၄)၏ နိုင်ငံရေးမှူးအဖြစ်
တာဝန် ထမ်းဆောင်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အပြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖ.ဆ.ပ.လ
အဖွဲ့ချုပ်ကြီးတွင် နံပါတ် (၁၀) မြောက် ခေါင်းဆောင်အဖြစ် တာဝန်ယူ
ဆောင်ရွက်ခဲ့သည်။

လွတ်လပ်ရေး မရခင် ၁၉၄၇ ခုနှစ် ပါလီမန် ရွေးကောက်ပွဲတွင် ရန်ကုန်မြို့
သိမ်ဖြူ- အမတ်လောင်းအဖြစ် ၀င်ရောက်ခဲ့သည်။

၁၉၄၈ ခုနှစ်တွင် ဗ.က.ပ (သခင်သန်းထွန်း ဦးဆောင်သော ဗမာပြည် ကွန်မြူနစ်
ပါတီ) ၏ လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင် တောခိုခဲ့သည်။

၁၉၆၈ ခုနှစ်မှ စ၍ ဗ.က.ပ၏ အထွေထွေအတွင်းရေးမှူး တာဝန်ကို စတင်
ထမ်းဆောင်ခဲ့သည်။

၁၉၇၅ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် မ.ဆ.လ အစိုးရ၏ သစ္စာခံတပ်ဖွဲ့
များနှင့် တိုက်ပွဲဖြစ်ပွားပြီး ပဲခူးရိုးမ တနေရာတွင် ကျဆုံးခဲ့သည်။

သခင်ချစ်နှင့် ဇနီးသည် ဒေါ်ခင်သန်းတို့မှ သမီးကြီး မစောနွဲ့(ခ) မအေးငြိမ်း၊
သမီးလတ် မစန်းရီ(ခ) မခင်ညို၊ သားငယ် မောင်ထွန်းရီ(ခ) ဗထူးတို့ကို
မွေးဖွားခဲ့သည်။

(နောက်ဆက်တွဲ) …

သခင်ချစ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန်အတွက် နိုင်ငံရေးလှုပ်ရှား
မှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်သည်။ လွတ်လပ်ရေးအတွက် ဒုတိယ
ကမ္ဘာစစ် အကြိုကာလများနှင့် ဂျပန်စစ်တပ်များ လက်နက်မချခင် အချိန်များ
အထိ လက်နက်ကိုင် မြေအောက် လျှို့ဝှက် တာဝန်များကို ဦးဆောင်ခဲ့သူ
ဖြစ်သည်။ လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုများတွင်
နာမည်ကျော်ခဲ့သူ အများအပြားကို မွေးထုတ်ပေးခဲ့သော ဆရာ တစ်ဦး
ဖြစ်သည်။

မှီငြမ်းကိုးကားစာရင်း
-တို့ဗမာ့အစည်းအရုံးသမိုင်း (ပ+ဒု)
-သခင်တင်မြ၏ ဘုံဘ၀မှာဖြင့်
-ဇင်+ချစ် နောက်ဆုံး(၂)
-သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ(ပ+ဒု)
-စာရေးဆရာ ရန်ကုန်ဘဆွေ၏ စာအုပ်များ
-သခင်အောင်ကြီး၏ ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာဆောင် ဆောင်းပါး
-အင်တာနက် စာမျက်နှာများ

Jul 27, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၉)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၈)မှ အဆက် …..

အင်မစ်ဂျစ်ဇင်းအကြောင်း နောက်ပိုင်းတွင် ပိုမိုဆွေးနွေးစရာ ရှိပါသည်။ ယခုမူ
ပိုမို အခြေခံကျသော အင်မစ်ဂ်ျအကြောင်း ဆွေးနွေးလိုပါသည်။

အထက်၌ ဖော်ပြခဲ့သည့်အတိုင်းပင် အင်မစ်ဂ်ျဟူသော စကား၌ အဓိပ္ပါယ်တွေ
များစွာ ရှိနေသည်။ အဓိပ္ပါယ်တွေ များစွာရှိသော်လည်း တစ်ခုနှင့် တစ်ခုက
မသိမသာ ရိုးရိုးရိပ်ရိပ် အမျိုးတော် ဆက်နွယ်နေသည်။ တဖန်မည်မျှ အမျိုးတော်
ဆက်နွယ်နေသည်ဖြစ်စေ ခြားနားကွဲပြားမှု ရှိသည်ကမူ ရှိနေမြဲ။ သူတို့ ကဗျာ
လောက၌ အင်မစ်ဂ်ျအကြောင်းပြောလျှင် တိတိကျကျဘောင်ခတ်လျက် ပြော
သည်လည်း ရှိသည်။ ယေဘုယျ အထွေထွေအဓိပ္ပါယ် ထွက်စေလျက် ပြောသည်
လည်း ရှိသည်။ ကဗျာဆရာသည် သိပ္ပံဆရာလည်း မဟုတ်၊ ဒဿနိကဆရာ
လည်း မဟုတ်သဖြင့် စကားလုံးတွေကို အစွမ်းကုန် လွတ်လပ်မှုယူလျက်
ယေဘုယျ အထွေထွေ အဓိပ္ပါယ်နှင့် သုံးတတ်သော ဥာဉ်စရိုက်ရှိရာ ထိုဥာဉ်
စရိုက်သည် ကဗျာသဘော ဆွေးနွေးသူများ (အထူးသဖြင့်) ကဗျာသဘော
ဆွေးနွေးသည့် ကဗျာဆရာများ၌ ပါသွားတတ်သည်။

ဤအကြောင်းတို့ကြောင့် အင်မစ်ဂ်ျကို ဘာသာ အမျိုးမျိုးပြန်ထားကြသည်။
ပုံရိပ်။ နိမိတ်ပုံ။ အာရုံရိပ်၊ သင်္ကေတနိမိတ်ပုံ။ အာရုံတံဆိပ်အရိပ် …. စသည်
… စသည် ….။

ပါဠိမှ ဆင်းသက်လာသော စကားများနှင့် တွဲသုံးသောအခါ အထူးသတိပြုရ
သည်။ အကြောင်းကား မူလ မာဂဓ စကား၌လည်း အဓိပ္ပါယ်ခွဲတွေ အများရှိ
နေသည်။

နိမိတ်ပုံမှ နိမိတ်ကို နမူနာယူကြည့်ကြမည်။
နိမိတ်ဆိုသည်မှာ မာဂဓစကား နိမိတ္တမှ ဆင်းသက်လာသည်။ နိမိတ္တ သို့မဟုတ်
(Nimittam) ကို အင်္ဂလိပ် ဘာသာဖြင့် အဓိပ္ပါယ် (၇) မျိုး ပေးသည်။

Sign, Mark, Token, Omen; Cause, Reason; Pudendum …… ဟူ၍ ဖြစ်သည်။
မြန်မာလို ဘာသာပြန်လျှင် ….
အမှတ်လက္ခဏာ။ အမှတ်အသား။ အထိန်းအမှတ်။ အတိတ်နိမိတ်။ ဖြစ်စေသော
အကြောင်း။ အကျိုးအကြောင်း။ ပြင်ပလိင်အင်္ဂါ ….. ဟု အဓိပ္ပါယ်တွေ ရသည်။

ဤအဓိပ္ပါယ်တွေပေါ် ထောက်တွေးသော် နိမိတ်ပုံ ဆိုသော စကားသည် အင်မစ်ဂ်ျ
ထက် ဆင်းမ်ဘိုးလ် (symbol) ဟူသော စကားနှင့် အဓိပ္ပါယ် ပိုနီးစပ်သည်။
ဆင်းမ်ဘိုးလ်ကို သင်္ကေတ ဖွဲ့စည်းမှု၊ ဆင်းမ်ဘိုးလ်လစ်ဇင်းမ် (symbolism)
ကို သင်္ကေတဖွဲ့စည်းမှုဝါဒဟု ဘာသာပြန်မှုများလည်း ရှိလာသည်။

ဤတွင် သင်္ကေတဟူသော စကားကို စစ်ဆေးရန် လိုလာပြန်သည်။
သင်္ကေတ (sanketo) ဟူသော မာဂဓစကားကို အင်္ဂလိပ်ဘာသာဖြင့် …..
Engagement, Appointment, Rendezvous …. ဟူသော အဓိပ္ပါယ်တွေ
ပေးသည်။ မြန်မာလို ….
ကတိက၀တ်ပြုမှု (သဘောတူမှု)။ သတ်မှတ်ရွေးချယ်မှု။ ချိန်းချက်ရာဌာန ….
ဟု အဓိပ္ပါယ်တွေ ရှိသည်။ ဆရာကြီး လယ်တီပဏ္ဍိတ ဦးမောင်ကြီးက သူ့
ပါဠိဓါန်ချုပ်တွင် သင်္ကေတကို …. အမှတ်အသား။ ချိန်းချက်ရာဌာနဟု
အဓိပ္ပါယ် ပေးခဲ့သည်။

ဤအဓိပ္ပါယ်တွေ အတိုင်းလိုလျှင် သင်္ကေတဟူသော စကားနှင့် ဆင်းမ်ဘိုးလ်
ဟူသော စကားတို့မှာ အဓိပ္ပါယ်ခြင်း ဝေးကွားလှသည်။ ကတိက၀တ်ပြုမှု
(သဘောတူမှု)၊ သတ်မှတ်ရွေးချယ်မှု ဟူသော အဓိပ္ပါယ်တွေကို အစွမ်းကုန်
ဆန့်ဆွဲလျက် ဆင်းမ်ဘိုးလ်ဆီရောက်အောင် လုပ်လျှင်ကား ရကောင်းရမည်။
သို့ရာတွင် ဝေးကွာသည်ကမှု ဝေးကွာသည်ပင် ဖြစ်လေသည်။

အာရုံရိပ်၊ အာရုံတံဆိပ်အရိပ်တို့မှ အာရုံဟူသော အကြောင်းကို ဆွေးနွေးလိုပါ
သည်။ အာရုံဆိုသော စကားမှာ မြန်မာတိုင်းလိုလို မြန်မာသိနှင့် သိနေသော
စကားတစ်လုံး ဖြစ်သည်။

အာရုံသည် အာရမ္မကာ (arammanam) ဟူသော မာဂဓစကားမှ ဆင်းသက်
လာသည်။ ပါဠိတော်တွင် အာရမ္မဏ ဟူသော စကား ကား အဓိပ္ပါယ်ကျယ်ဝန်း
လှစွာ၏။ နှိုက်နှဲလှစွာ၏။ ထူးကဲလှစွာ၏။ သာမန်ပုထုဇဉ်တို့၏ ဥာဏ်မျိုးဖြင့်
ပြည်ပြည်စုံစုံ သိနိုင်ခဲစွာ၏။ …..


အာရမ္မဏ (၀ါ) အာရုံကို ဝေခွဲသိနိုင်လာလျှင် …..။
အာရုံကို အာရုံဟု မဝေခွဲနိုင်အောင် ပြုပြင်ကြသော၊ စီရင်ကြသော၊ တဏှာ ….
မာန … ဒိဋ္ဌိတွေ စွဲစေ ကပ်စေ ငြိစေတတ်သော အာရမ္မဏိက ခေါ် အကြောင်းတရား
တွေ ကင်းဆိတ်သွားလျှင် ….၊ အာရုံသဘောလေးသည်ပင် အနိစ္စယာဉ်၊ ဒုက္ခယာဉ်၊
အနတ္တယာဉ်တို့၌ ပါလျှက် ကြေပျက်သုဉ်းဆိတ်ကာ … ပစ္စုပန်ဆတ်ဆတ် သင်္ခတ
ပရမတ်သဘောလေးတစ်ခုသည် နိယျာနဋ္ဌ (ထွက်မြောက်ခြင်း) ဟေတုဋ္ဌ (နောက်
တဖန်မဖြစ်ခြင်း) ဒဿနဋ္ဌ (မပြုပြင်သော အမှန်ကိုမြင်ခြင်း) အဓိပတေယျဋ္ဌ (ကြီး
မှူးစိုးရခြင်း) သဘောတို့ဆီ စိုက်ရောက်သွားလျှင် ….
တနည်း …သိသုဒ္ဓိမဂ် မြန်မာပြန်၌ ဆိုသည့် အတိုင်း
“အလုံးစုံသော သင်္ခါရ နိမိတ်အာရုံနှင့် ခန္ဓာအယဉ် အာရုံသည် သင်္ခါရနိမိတ်မရှိသော
မပြတ်ဖြစ်နေသည့် ခန္ဓာအယဉ်မရှိသော …. ” သဘောသို့ ဆိုက်ရောက်သွားလျှင်
….
ဘာဖြစ်သွားမည်နည်း။

ကျွန်တော် မပြောပါ။ မပြောထိုက်ပါ။ ပြောရန် ကျွန်တော် မတန်ပါ။ ပရိယတ် …
ပဋိပတ်နှင့် ပြည်စုံတော်မူကြသည့် ဆရာတော် အရှင်သူမြတ်များထံ
ဓမ္မသာကစ္ဆာ ပြုတော်မူကြပါလေ။

ကျွန်တော် ပြောပြလိုသည်ကား … အာရုံ(၀ါ) အာရမ္မဏကို စာလုံးသေးသေး
လေးများဖြင့် စာမျက်နှာကြီးတစ်ခု အပြည့်နီးပါး ရှင်းလင်းဖွင့်ဆိုလျက် အဓိပ္ပါယ်
(၁၁)မျိုး ပေးသည်။ ယင်းအဓိပ္ပါယ်တို့ကား ….
တစုံတရာ နားခိုမှီတည်နေရသည့် အရာ။ အထောက်အခံတစ်ခု။ တည်ငြိမ်ရန်
ပံ့ပိုးပေးသော အရာတစ်ခု။ အခြေခံ ပစ္စည်းတစ်ခု။ မြေခံတစ်ခု။ အကြောင်း။
ရုပ်ဝတ္ထု။ အရာဝတ္ထု။ စက္ခုစသော အကြည်ဓါတ်တို့က ဖမ်းယူသောအရာ။
အတွေးအမြင်တစ်ခု။ သဘောတစ်ခု ….
ဟူ၍ ဖြစ်သည်။

ကိုဘုန်းနိုင်ရယ် … ပညာပြနေတာလား။ ဘာသန္တတရတွေ သုံးလှချည်လားဟု
အပြစ်တင်တော်မူကြလျှင် ရိုသေစွာ ရှင်းပြတောင်းပန်လိုပါသည်။

လေးစားအပ်ပါသော မျိုးဆက်သစ်ကဗျာဆရာ။
ဆရာတို့ ကျွန်တော်တို့က ကဗျာဆရာအဖြစ် ခံယူကြပြီးဖြစ်လေတော့ စကားလုံး
တွေနှင့် ဤဘ၀တွင် မခွဲပဲတွဲနေကြရပြီ။ ကိုယ်လိုရာဖန်တီးဖို့ စကားလေးတွေကို
အရင်းအနှီးလုပ်၍ အသုံးပြုနေကြရပြီ။

အထူးသဖြင့် တပါးရေမြေက စကားတွေကို မသုံးမဖြစ် … မယူမဖြစ်၍ … သုံးမိယူမိ
လျှင် ကျကျနန စီစစ်အနက် ဖွင့်ဆိုပြီးမှသာ သုံးမိယူမိသင့်သည်ဟု ကျွန်တော် ထင်
ပါသည်။ ရှေးတခါက ဤသို့ မပြုမိသဖြင့် မလိုအပ်သော အငြင်းပွားမှုတွေ ရှိခဲ့
ဖူးသည်။ သူရို့မြေ သူရို့ပြည်တွင် ချုပ်ငြိမ်းကင်းပျောက် ဖြေရှင်းပြီးသော ပြဿနာ
များကို ကျွန်တော်တို့ဆီတွင် ဧရာမ မဟာပြဿနာသစ် ပြုလုပ်၍ ငြင်းကြ ခုံကြ
တိုက်ကြ ခိုက်ကြ အင်း … မုန်းကြဖူးသည်။ ဤ၀မ်းနည်းဖွယ် သမိုင်းမျိုးကို
ကျွန်တော် ထပ်မကြုံလိုပါ။

ဆွေးနွေးနေသော အာရုံသဘောဆီ ပြန်သွားကြပါမည်။

(၉)
ဤဆောင်းပါး အခန်း(၇)၌ ဆိုခဲ့သည်အတိုင်း အနောက်နိုင်ငံကဗျာ၌ အာရုံသဘော
အင်းမစ်ဂ်ျသည် အလွန် အရေးကြီးလေသည်။

ကဗျာဆရာသည် ကဗျာမစပ်မီ (၀ါ) ကဗျာကို ရွတ်မချမီ … ရေးမချမီ … စိတ်တွင်း၌
ဗျာပါရတွေ တသီတတန်းကြီးဖြစ်သည်။ ဤစိတ်တွင်းမှ ဗျာပါရတွေကို မြန်မာစကား
ဖြင့် စိတ်ကူးသည်၊ စဉ်းစားသည်၊ တွေးတောသည်ဟု ပြောကြသည်။ သူရို့ဘာသာ
စကားတွင် အင်မဂျင်း (imagine) ဟု ပြောသည်။ အင်မဂျင်း ဆိုသော စကားမှာလည်း
အင်မစ်ဂ်ျကပင် ဆင်းသက်လာသည်။

အင်မဂျင်းကို စိတ်၌ ပုံဖော်ခြင်း၊ သဘောတစ်ခု အမှတ်သညာတစ်ခု ဖြစ်ပေါ်စေခြင်း၊
စိတ်တွင်း၌ ပေါက်ပွားတိုးတက်စေခြင်း၊ ဖြေလေသည်ဟု ယူခြင်း၊ ခန့်မှန်းခြင်း၊ စဉ်းစား
ခြင်းဟု အဓိပ္ပါယ် ပေးသည်။

အင်မဂျင်းဟူသော စကားမှ အင်မဂျင်နေးရှင်း (imagination) ဟူသော စကားဆင်း
သက်လာပြန်သည်။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

Jul 24, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၈)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၇)မှ အဆက် …..

“ဘာနှင့် အသွင်တူသည်။ ဘာသံနှင့် တူသည်။ ဘယ်အတွေ့နှင့် တူသည်။
ဘယ်အရသာနှင့် တူသည်။ ဘယ်အနံ့နှင့် တူသည်။ …” ဤသည်မှာ ကမ္ဘာဦး
အစမှ ကဗျာ့ဖေါ်မြူလာ ဖြစ်သည်။

ဤသို့ဖြစ်လျှင် စကားတန်ဆာ (figures of speech) တွေ ဆွေးနွေးနေသည်
မဟုတ်လောဟု မေးနိုင်ပါသည်။
မှန်ပါသည်။ ဆွေးနွေးနေပါသည်။
သို့ရာတွင် စကားတန်ဆာ၊ အလင်္ကာ။
ဥပမာ- ဥပမေယျစသော … စသော စကားများကား ကဗျာအကြောင်း ပြောတိုင်း
ပြောကြပါများသဖြင့် ဖွတ်ဖွတ်ညက်ညက် ကြေနေလေပြီ။

အင်္ဂလိပ်ဘာသာ၌ ထရိုက်တ် (trite) ဟူသော စကားလုံးတစ်လုံးရှိသည်။
မူလ လက်တင်ဘာသာအဓိပ္ပါယ်မှာ ပွန်းရှသည်။ စားသွားသည်ဟု ဖြစ်၏။
သုံးပါများလွန်းသဖြင့် (၀ါ) အသုံးလွန်သောကြောင့် မူလကရှိသော လတ်ဆတ်
လန်းဆန်းမှု၊ သစ်လွင်မှု၊ အသက်ရှင်မှု၊ အားမာန်ပြည့်မှုတွေ ပွန်းရှ၊ ညှိုးနွမ်း၊
ဆုတ်ယုတ်၊ ရိုးအီသွားသော သဘောကို ထရိုက်တ်ဟု ခေါ်သည်။ အနောက်
တိုင်း ခေတ်သစ်ကဗျာဆရာတွေကြားတွင် စကားတန်ဆာတွေအကြောင်း
ပြောလျှင် ထရိုက်တ်တွေ လာရွတ်ပြနေသည်ဟု စိတ်ကုန်ကြောင်း ညည်းတတ်
ကြသည်။

အင်း … စိတ်ကုန်မည်ဆိုလျှင်လည်း ကုန်ထိုက်သော အကြောင်းတွေက ရှိသည်။

ကဗျာအကြောင်းအမှန် သိလှသည်မဟုတ်ဘဲ ကဗျာအကြောင်းပြောချင်သူအချို့
တို့က ကဗျာကျမ်းများမှ ဆိုသော ဝေါဟာရကြီးများ၊ စကားလုံးကြီးများ၊ သဘော
များ၌ တပ်ထားသော အမည်များ၊ ထုံးများ၊ စည်းကမ်းများ … စသည် စသည်တို့ကို
အလွတ်ရွတ်ပြ၍ အာဘောင်အရင်းသန်သန် “မှုတ်” တတ်ကြသည်။ ထိုသူတို့
“မှုတ်” သော အရာတို့မှာ များသောအားဖြင့် သူသူငါငါ သိပြီးသည်တို့ ဖြစ်နေ
သောကြောင့် အသစ်သီလိုသူ အများတို့ “စိတ်ကုန်” မိကြသည်မှာ မဆန်းချေ။

ထရိုက်တ်တွေ ဖြစ်နေသောကြောင့် စိတ်ကုန်မိကြသည်ဖြစ်စေကာမူ စကား
တန်ဆာတွေ အကြောင်းတော့ ဆွေးနွေးသင့်သည်။ အထူးသဖြင့် စကားတန်ဆာ
တွေ၏ အခြေခံကိစ္စတို့ကိုမူ လေးလေးနက်နက် ဆွေးနွေးသင့်သည်။

ဖစ်ဂါးစ်အော့ဖ် စပိခ်ျကို စကားတန်ဆာဟု ခေါ်လိုက်ရခြင်းကိုပင် ကျွန်တော်အနေ
နှင့် အားမရလှပါ။
စကားကို တန်ဆာဆင်သည်။ မှန်ပါ၏။ ဘာကြောင့် တန်ဆာဆင်သနည်း။
တန်ဆာဆင်ခြင်းဆိုသည်မှာ မလိုဘဲ ဆင်ခြင်းလည်း ရှိသည်။

ကျွန်တော်တို့ ယခုဆွေးနွေးလိုသည်မှာ တန်ဆာဆင်ရသော စကားတန်ဆာ
ဆင်ခြင်း၏ သဘာဝနှင့် ကိစ္စ ဖြစ်လေသည်။
အထက်တွင် ကဗျာဆရာ လုပ်ရသည့် ဘ၀ကူးပေးခြင်း သို့မဟုတ် ဘ၀ပြောင်း
ပေးခြင်း အကြောင်းကို ဆိုခဲ့ပြီ။ ဤသို့ဘ၀ ပြောင်းပေးခြင်းကိစ္စအတွက် စကား
လုံးတို့ကို ပြုပြင်စီရင်ခြင်းကို လိုက်ဆင်ရသော စကားတန်ဆာဟု ခေါ်သည်။
ကျွန်တော်တို့ မြန်မာ ကဗျာကျမ်းများတွင် အတ္ထလင်္ကာရဟု ခေါ်သည့် တန်ဆာ
ဆင်ခြင်း ဖြစ်သည်။

ဘာကြောင့် ဤသို့ပြုပြင်စီရင်ရသနည်း။
အဓိပ္ပါယ် ထိထိမိမိ ပေါက်သွားသည် ဆိုခြင်းမှာ ဘာပါနည်း။
နားလည်သွားသည်ဟူသော အဖြေနှင့် မလုံလောက်ပါ။ နားလည်ဖို့ ကိစ္စလောက်
ကိုမူ စကားပြေက တတ်နိုင်သည်။ အချို့နေရာတွင် ပို၍ပင် တတ်နိုင်သေးသည်။

ဤတွင် ဂိုးထဲ၏ စကားဆီသို့ ပြန်ရောက်လာသည်။
အာရုံတံဆိပ် အရိပ်များ …… ။
ကဗျာဆရာ၏ မနောဝိဥာဏ်ကြီးတွင်းမှ အာရုံတံဆိပ် အရိပ်များသည် ပြင်ပကမ္ဘာ
ကြီးမှ ပကတိဖြစ်သော အရောင်တွေ မဟုတ်။ မျဉ်းတွေ မဟုတ်။ အသားတွေ၊
ထုတွေ မဟုတ်။ အတွေ့တွေ၊ အသံတွေ၊ အနံ့တွေ၊ အရသာတွေ မဟုတ်။
အင်း … အာရုံတံဆိပ်အရိပ် ….။ အာရုံတံဆိပ် အရိပ်သာ။ စကားလုံးတွေကလည်း
အရောင်တွေ … မျဉ်းတွေ … ထုတွေ စသည်စသည် မဟုတ်။

သည်ကြားထဲက ကဗျာဆရာသည် တပါးသူ၏ မနောဝိဥာဏ်တွင်း၌ မိမိမြင်သလို။
သိသလို။ ခံစားရသလို …. စသည် စသည် … ပေါ်လာအောင် လုပ်ယူရမည်။
ပေါ်လာအောင် ….။ ထင်လာအောင် …. ။

ဤစကားများက ကဗျာ၌ အရေးကြီးလှသော သဘောတစ်ခုဆီ ညွှန်ပြနေသည်။
အင်မစ်ဂျရီ (imagery)

(၈)
ယခင်လက ဆောင်းပါးအဆုံးကို အင်မစ်ဂျရီဟူသော စကားလုံးနှင့် ကျွန်တော်ပိတ်
ခဲ့သည်။ ဤစကားကို ဘာသာပြန်၍ ရလျက်သားနှင့် မူလ အင်္ဂလိပ်စကားအတိုင်း
ကျွန်တော် တမင်ဖော်ပြခဲ့ခြင်း ဖြစ်လေသည်။

ခေတ်ပြိုင်ကဗျာလောကတွင် အင်မစ်ဂျရီ ပြောကြသည်။ ခေတ်ပြိုင်ကဗျာအများတွင်
အင်မစ်ဂျရီကို ကြိုးကြိုးစားစား ဖော်ကြည့်နေကြသည်။

အင်မစ်ဂ်ျ (image)အင်မဂျစ်ဇင်းမ် (imagism) ။ အင်မစ်ဂျရီတို့ကား အမှန်မှာ
ခေတ်ပြိုင် ကဗျာအကြောင်းပြောမှ မဟုတ်။ ဘယ်ခေတ်က ဘယ်ကဗျာအကြောင်း
ပြောပြော ယင်းသဘောတို့အကြောင်း ထည့်သွင်း မဆွေးနွေးလျှင် မဖြစ်။

ယင်းစကားလုံး သုံးလုံးအနက် မူလကျသော စကားမှာ အင်မစ်ဂ်ျ ဖြစ်လေသည်။
ထိုစကားကလည်း လက်တင်စကား အင်မဂို (imago) မှ ဆင်းသက်လာသည်။
တူအောင် တုထားခြင်း၊ ပုံတူ၊ ရုပ်ထုဟု အဓိပ္ပါယ်ရသည်။

အင်္ဂလိပ်စကား အင်မစ်ဂ်ျတွင် တစ်ခုနှင့်တစ်ခု အဓိပ္ပါယ် ဆင်တူသော၊ သို့မဟုတ်
သဘောချင်း တနည်းမဟုတ် တနည်း ဆက်သွယ်နေသော အဓိပ္ပါယ်ပေါင်းနာမ်
အဖြစ် (၈) မျိုး၊ ကြိယာအဖြစ် (၅) မျိုး ရှိသည်။

တုခြင်း ပုံတူ၊ ရုတ်ထု၊ ပန်းချီပန်းပုဖြင့် လူ သို့မဟုတ် အရာဝတ္ထုတို့ကို ပုံဖော်ပြ
ထားခြင်း (ကြေးရုပ်၊ ကျောက်ရုပ်၊ ဆင်းတုတော်တို့ အပါအ၀င်) မှန်တစ်ခု ရောင်
ပြန်ထုတ်၍ လည်းကောင်း၊ မှန်ဘီလူးတို့မှ အလင်းရောင်ညွတ်ကွေးမှုဖြင့် ထုတ်ပေး
ခြင်းကြောင့် လည်းကောင်း တွေ့ရသော မြင်မှု အခြား လူ၊ အခြားအရာတစ်ခုနှင့်
အလွန်တူနေသော တပါးသော လူ၊ တပါးသော အရာတစ်ခု စိတ်၌ ထင်သော
ပုံသဏ္ဌာန်တစ်ခု၊ သဘောတစ်ခု၊ အမြင်တစ်ခု၊ အစွဲအမှတ် တစ်ခု။ နမူနာတစ်ခု၊
ပုံသေ ဥပမာ တစ်ခု၊ သင်္ကေတ နိမိတ်ပုံတစ်ခု၊ ဂုဏ်သတ္တိပေါ်လွင်မှု တစ်ခု။
ပီသသော ကိုယ်စားပြုမှု၊ အစစ်အမှန်နှင့် ခွဲခြားမရအောင် ဖော်ပြမှု စကားတန်ဆာ၊
ဥပမာ၊ ဥပစာ၊ ဥဒါဟရုဏ် ခွဲခြားစိတ်ဖြာ စိတ်ပညာ၌ အထူး သတ်မှတ်သုံးသသော
မသိစိတ်တွင်း၌ တစုံတယောက်နှင့် တူအောင် စိတ္တဇနည်းဖြင့် တည်ထုထားသော
ပုံရုပ်သဏ္ဌာန် တစ်ခု။

ကြိယာအဖြစ် ဆိုလျှင် … တုသည်၊ ပုံဖော်သည်၊ သရုပ်ဖော်သည်။ ရောင်ပြန်သည်၊
မှန်ရိပ်ထုတ်သည်။ စိတ်၌ ပုံဆွဲသည်၊ စိတ်ကူးသည်နမူနာအဖြစ် ပြုသည်၊ ပုံသေ
ပုံစံပြသည် ပီပီပြင်ပြင် ဖေါ်ပြသည်၊ စကားတန်ဆာများဖြင့် ဖေါ်ပြသည်။

အင်မစ်ဂျရီ ဆိုသည်မှာ အင်မစ်ဂ်ျ၏ စိတ္တဇနာမ် ဖြစ်သည်။ အင်မစ်ဂျစ်ဇင်းမ်ကား
ယေဘုယျအားဖြင့် အင်မစ်ဂ်ျ၏ စိတ္တဇနာမ်ဖြစ်ပြီး အထူးအားဖြင့်မူ (၁၉၁၄) ခု
နောက်၌ ပေါ်လာသော မော်ဒန်ကဗျာ လှုပ်ရှားမှုနှင့် သဘောတရား ဖြစ်သည်။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

Jul 23, 2009

ပန်းတိုင်ပြာ



ဒီအခန်းငယ်ထဲ …..
နံဘေးမှာလည်း ပြာ
အရှေ့မှာလည်း ပြာ
အသိကလည်း ပြာ
ကတိကလည်း ပြာ
နေရာတိုင်းမှာ ပြာ
ကိုယ်တိုင်လည်း ပြာ

ပြာထဲမှာ မွေးပြီး
ပြာထဲမှာ ကြီးခဲ့လို့
ပြာတွေက ဒို့ကမ္ဘာ
ပြာတွေကို စာပြီး
ပြာအဖြစ်ကို ဂုဏ်ပြုလို့
ပြာတွေမှ မြင့်မြတ်မဟာ
ပြာလမ်းမှာ လျှောက်လှမ်းပြီး
ပြာအရိပ်မှာ ချွေးသိပ်လို့
ပြာပုံထဲက ပြာ
ပြာတံဆိပ်တွေ ချိတ်ဆွဲပြီး
ပြာလက်တွေ နူတ်ဆက်လို့
ပြာတွေရဲ့ ပြာ

“ပြာအဖြစ်မှ နိုးထလော့”

ဇာတ်လမ်းလေး ဆုံးသွားရင်
မှတ်တမ်းလေး ပြီးသွားရင်
ချစ်တဲ့သူတွေ အားလုံး
မုန်းတဲ့သူတွေ အားလုံး
အားလုံးသည် ပြာ
ပြာ
….
….
ပြာ။ ။


-စစ်ငြိမ်းဒီရေ

(ဓါတ်ပုံကို အင်တာနက် ဒီနေရာ ကူးယူထားပါတယ်။)

Jul 18, 2009

မြေလူးပွဲ

အိမ်မက်ဆိုးထဲ
မျက်လုံးတွေ ရေငုပ်တဲ့ ည
အဲဒီညမှာ
ဌက်တအုပ်က နူတ်ဆက်လေပြီ။

ကောက်ရိုးမီးများ လှပ
သက်ပြင်းမောများ ယိမ်းက
ဂျိုးကူသံများ လွင့်ပျောက်
ရိုးမဆင်များ တောက်ခေါက်
ခေါင်းလောင်းထိုးသံများ မဆုံးသော ည
အဲဒီညမှာ
ဌက်တအုပ်တော့ လက်ပြလေပြီ။

ဒီလှိုင်းတွေ မတက်ခင်
ခရာရှည်တွေ မဆုံးခင်
အလံခေါက်ရိုးတွေ မသိမ်းခင်
တောင်တန်းတွေ မငိုခင်
ငရဲခွေးတွေ မမိခင်
နိဗ္ဗာန်ဘုံတံခါး ဖွင့်သောည
အဲဒီညမှာ
ဌက်တအုပ်တော့ ထွက်ခွာလေပြီ။

ငွေရောင်ဓါးတွေ မကျသေး
ရွှေရောင်ပိတ်ကား မချသေး
နရီစည်းသံများ မဆုံးသေး
မီးလုံးဝါများ မငြိမ်းသေး
မုန်းတိုင်းများ မနိုးသေး
မီးတောင်များ မပေါက်သေး
ရာသီမမှန်သော နှင်းဆီပန်းများပွင့်သော ည
အဲဒီညက
ဌက်တအုပ် …. ။


-စစ်ငြိမ်းဒီရေ

Jul 17, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၇)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၆)မှ အဆက် …..
(မှတ်ချက်။ ။အပိုင်း(၆)နှင့် အပိုင်း(၇)၏ ထက်ဝက် မရှိသောကြောင့် အပိုင်း(၇)၏
ကျန် ထက်ဝက်မှ စတင်ဖော်ပြပါသည်။)

ဓါတ်လေးပါးသဘောနှင့် သူ့သဘာဝ သူဆောင်လျက် သူ့ဘာသာသူ “ဘွားဘွား”
ပေါ်နေသည့် ပြင်ပကမ္ဘာ။ အကြည်ဓါတ်တို့နှင့်တကွ ပြုပြင်စီရင်တတ်သော
မနောဝိဥာဏ်နှင့် လူဖြစ်နေသည့် ကဗျာဆရာ။ သူ့မနောဝိဥာဏ်မှ အာရုံတံဆိပ်
အရိပ်တို့ကို တတ်နိုင်သမျှ အရင်းအတိုင်း ပရိဿတ်ဆီသို့ ပို့ဆောင်ဆက်သွယ်
လိုသော ကဗျာဆရာ၏ ကိစ္စ ….။ တစ်နည်း …..

ပြုပြင်စီရင်တတ်သော အခြေအနေဘောင်အတွင်း၌ ရောက်နေရသော ကဗျာဆရာ
၏ ဘ၀ ….။

ဤအချက်တို့ကို လက်ခံနိုင်လျှင် ကဗျာဆရာတို့ အမှတ်မထင် အလွယ်တကူ
လက်သုံးအဖြစ် ပြောမိတတ်ကြသော စကားအချို့တို့၏ မပြည့်စုံမှုကို သတိပြု
မိကြလေမည်။

“ကျွန်တော်တို့ကတော့ …. အရှိကို အရှိအတိုင်း တင်ပြတယ်ခင်ဗျ။”

ဤစကားမျိုးဆိုသူသည် မိမိကိုယ်က ကင်မရာကြီး၊ မိမိထုတ်လုပ်လိုက်သည်က
ဖလင်ကော်ပြားဟု မဆိုလိုတန်ဟု ထင်ပါသည်။ အခြားသော အဓိပ္ပါယ်မရှိပါလျှင်
အစွန်းတဘက်ရောက်သော ဤစကားမျိုးက မပြည့်စုံ။

“ကျွန်တော်တို့ကတော့ ရင်ထဲခံစားရတာကို တင်ပြတာပဲ။”
ဤစကားမျိုးပြောသူကလည်း ခံစားမှုဟူသည်ကို အထုပ်ကလေးနှင့် ထုပ်ပြီး
လက်ဆင့်ကမ်းပေး၍ ရသည့်အရာပမာ မယူဆတန်ရာဟု ထင်ပါသည်။
တစ်ပါးသော အဓိပ္ပါယ်နှင့် သုံးသည် မဟုတ်လျှင် ဤစကားသည်လည်း အခြား
သော တစ်ဘက်စွန်းမှ မပြည်စုံသော စကားတစ်ခုသာ ဖြစ်လေသည်။

နှိုက်နဲသော သဘောတို့ကို အသာဖယ်ထား။ သာမန် အာရုံသိတရားများကိုပင်
မိမိသိသည်ကဲ့သို့ တစ်ပါးသူ သိရန် မည်သို့ ဆက်သွယ်ရသနည်း။
ဤနေရာ၌ အခြားအနုပညာရှင်တို့နှင့် ကဗျာဆရာ၏ အဖြစ်က မတူလေ။

အရောင်သည် အရောင်ကို ဖော်ပြနိုင်သည်။ မျဉ်းသည် မျဉ်းကို ဖော်ပြနိုင်သည်။
ပင်လယ်ပြာတစ်ခုကို ဖော်ပြလိုသော ပန်းချီဆရာ၌ ဆေးပြားရှိသည်။ သူလိုချင်
သော အပြာမျိုး ရရှိရန် စပ်ဖို့ သူ့၌ အခြား အရောင်ဆေးတွေ ရှိသည်။ တတိယ
ဒိုင်မင်းရှင်း ဒုက္ခမှ လွဲ၍ ကျန်သောမျဉ်းတွေ ဖေါ်ရန် သူ့မှာ မျဉ်းတွေ ရှိသည်။
မျဉ်းဖြောင့် ယူမလား။ မျဉ်းကွေး ယူမလား။

ခက်သည်ကား … ကဗျာဆရာ အတွက်မူ သူသုံးနိုင်သည့် ပစ္စည်းများမှာ စကား
လုံးများ ….။ စကားလုံးများမှအပ အခြား မရှိ။

အရာဝတ္ထုတွေနှင့် စကားလုံးကြား ရှိသော ဆက်သွယ်ရေးက အရောင်နှင့်
အရောင်၊ မျဉ်းနှင့်မျဉ်းကဲ့သို့ တိုက်ရိုက်ဆက်သွယ်ခြင်းမျိုး မဟုတ်။
စကားလုံးများက နွေးလည်းမနွေး၊ အေးလည်းမအေး။ လင်းလည်းမလင်း၊
မှောင်လည်းမမှောင်။ စကားလုံးများ၌ အရသာမရှိ။ အနံ့မရှိ။

စကားလုံးများနှင့် ဘာကိုမျှ တိုက်ရိုက် ဆက်သွယ်ပေး၍ မရ။
ကဗျာဆရာသည် ဘ၀ကူးပေးခြင်း (transfer) သို့မဟုတ် ဘ၀ပြောင်းပေးခြင်း
(translate) လုပ်ပေးရသည်။
ကဗျာဆရာက ပင်လယ်ပြာအကြောင်း ပြောချင်သည်။ သို့ရာတွင် အပြာမျိုးပေါင်း
မရေမတွက်နိုင်အောင် ရှိသည်။ ကိုယ်လိုချင်သော အပြာကို ဘယ်ပုံပြာပြမည်နည်း။

ကဗျာဆရာ၌ စပ်ဟပ်ခြယ်ပြရန် ဆေးမရှိ။
ကဗျာဆရာသည် မိမိဖေါ်ပြလိုသော အရာနှင့် တခြားစီ ဖြစ်သော်လည်း တူသော
အခြားအရာတို့၏ ဆက်သွယ်ခြင်း (၀ါ) ဆွေမျိုးတော်ခြင်းကို အားကိုးလက်ကိုင်
ပြုရသည်။ စည်းကမ်းကား တူသော အခြားအရာသည် ဖေါ်ပြလိုသော အရာထက်
ပိုမိုခိုင်ခံ့စွဲမြဲ ရမည်။ ခုတစ်မျိုး ခုတစ်မျိုး ပြောင်းရွေ့တတ် ပြယ်တတ်သော အရာမျိုး
မဖြစ်စေရ။

အင်္ဂလိပ် မော်ဒန်ကဗျာတစ်ခုက ဤသို့ဖော်ပြသည်။
“ … လား(ခ်)စပါးပွင့်ပြာရောင် ပင်လယ်ကို မွှေ့ကာ လှိုင်းထိပ်တို့ကို ဌက်ဥဖြူ
ရောင် ရေမြှုပ်များအဖြစ် ကွဲကြေစေပြီး၊ ကျောက်စိမ်းဖျော့ရောင်လှိုင်းတွန့်
တစ်တွန့်ပြီး တစ်တွန့်ကို အားဘူးကာကွေ့၏ သောင်ခြေသို့ တွန်းပို့လျက်
လေညှင်းက တိုက်နေသည်။”

ကောင်းကင်အကြောင်းပြောသည်ကိုလည်း ကြည့်ပါ။
“ …. ဆားလ်ဗီးယား ပန်းဆုပ်၏ မှောင်ပြာသော ထိပ်စွန်းကဲ့သို့ ပြာနေသည့်
ကောင်းကင်ကြီး၏ မှောက်ထားသော ခွက်သည် ပင်လယ်ထက်တွင် ခုံးခုံးမိုး
လျက်နေ၏။”

ဟိုးရှေ့ ရှေးပဝေဏီက ခေါမကဗျာ ဆရာကြီး ဟိုးမားက ပင်လယ်ကို
အရက်မှိုင်းမှိုင်းရောင် ပင်လယ် (Wine-dark sea) ဟု ဆိုခဲ့သည်။
ဟိုးမားနှင့် မော်ဒန်ကဗျာဆရာကြား၌ နှစ်တွေ ခေတ်တွေ ထောင်နှင့်ချီလျက်
ခြားခဲ့ပြီး။ သူတို့နှစ်ဦးကြား ကဗျာသဘောတရား အမြင်တွေ၊ ဘ၀နှင့်လောက
ဆိုင်ရာ ဒဿနအမြင်တွေ စင်္ကြာဝဋ္ဌာ ခြားနေမည်။ သို့ရာတွင် သူတို့နှစ်ဦးကြား
တူညီနေသည့် တစ်ခုရှိ၏။

သူတို့နှစ်ဦးလုံး မိမိဖေါ်ပြလိုသော အရာနှင့် တခြားစီဖြစ်သော်လည်း တူသော
အခြားအရာတို့၏ ဆက်သွယ်ခြင်း(၀ါ) ဆွေမျိုးတော်ခြင်းကို အားကိုးလက်ကိုင်
ပြုကြသည်။

ဤသို့ဆိုလျှင် ကြားခံပစ္စည်း၏ ကန့်သတ်ချက် ဘောင်အတွင်း၌ အလုပ် လုပ်
ကြရာ၌ မော်ဒန်သမားသည် ဟိုးမာရှေ့ ခြေတစ်လှမ်းမျှ မကျော်နိုင်သေးပေ။
(ခွင့်လွှတ်ကြပါ။)

မတတ်နိုင်ပါ။ အပြင်ပကမ္ဘာလောကကြီးမှ ကျွန်တော်တို့၏ အာရုံတွေကို ထိခိုက်
နှိုးဆွလာချက်တွေကို တဆင့် ပြန်ပြောလေတိုင်း သွယ်ဝိုက်ဆက်သွယ်ရခြင်း
(Indirection) ကို ကျွန်တော်တို့ မရှောင်လွှဲနိုင်ပါ။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

Jul 15, 2009

ကဝေပျို



ရင်ဝဆီကို ထိအောင်ပြစ်ဖို့
မုဆိုးသဏ္ဌာန် ဒူးထောက်တတ်ပြီး
အရူးတွေရဲ့ လက်ခုပ်သံကြား
ကော်ဇောပေါ်မှာ လမ်းလျှောက်ကျင့်သူ။ ။


-စစ်ငြိမ်းဒီရေ

(ဓါတ်ပုံကို အင်တာနက် ဒီနေရာက ရယူထားပါတယ်။)

Jul 14, 2009

ကျွန်တော်၏ မှတ်သား သိမ်းဆည်းထားသမျှ

ရေးသူ- စစ်ငြိမ်းဒီရေ

စာအုပ်တစ်အုပ်ကို အင်တာနက်ပေါ်မှာ ကွန်ပြူတာ မျက်နှာပြင်ပေါ်မှာ ဖတ်ရူရတာ
ထက် ကိုယ်ပိုင် ၀ယ်ယူ ဖတ်ရူရတာ ပိုပြီး သင့်တော်မယ်လို့ ယူဆပါတယ်။
ဥပမာ … မျက်စိ အာရုံစိုက်မှု လျှော့ပါး သက်သာစေ ပါတယ်။

ကျနော် ပြည်တွင်းမှာ နေထိုင်ခဲ့စဉ် အချိန်ကာလများအတွင်း စာရေးဆရာ ဘ၀၊
ကဗျာဆရာ အဖြစ်ကို ယောင်လို့တောင် အိပ်မက် မမက်ခဲ့ပါဘူး။ တကယ်ပါ။
ကွန်ပြူတာ သင်တန်းလည်း မတက်ခဲ့ပါဘူး။ မလေးရှားမှာ တော်လှန်ရေးနယ်မြေ
ထူထောင်ဖို့ ကြိုးစားရင်ကနေ ကိုသက်ဦး ကျေးဇူးကြောင့် ကွန်ပြူတာ ဆိုတာကြီး
ကို အနည်းငယ် နားလည်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်လောက်မှာ ဂျပန်နိုင်ငံ က မြန်မာ့
ဒီမိုကရေစီအရေး လှုပ်ရှားသူ (ဦး)ကိုကျော်ကျော်စိုးတို့ ဦးဆောင်ပြီး ထုတ်ဝေတဲ့
Voice of Burma စာစောင်မှာ စစ်ငြိမ်းဒီရေ ဆိုတဲ့ အမည်နဲ့ ဆောင်းပါးတချို့
စပြီး ရေးခဲ့ပါတယ်။ ကျနော့် ဖြတ်သန်းမှုအရ အ.က.သ (အခြေခံပညာကျောင်း
သားများ သမဂ္ဂ) လှုပ်ရှားမှုတွေ များနေလို့ “ကျောင်းသားလှုပ်ရှားမှုနဲ့ အမိနိုင်ငံ
တော်” လို့ ခေါင်းစဉ်တပ်ပြီး သိသလောက်၊ ဖြတ်သန်းခဲ့သလောက် ရေးခဲ့ပါတယ်။

ပြည်တွင်းမှာတုန်းက နိုင်ငံရေးလှုပ်ရှားမှု သဘော သဘာဝအရ စာပေနယ်၊
သမိုင်းအစဉ်အလာ ရှိတဲ့ လူကြီး အတော်များများနဲ့ ရင်းနှီးခဲ့ပါတယ်။ နှစ်စဉ်
လိုလို တာမွေမြို့နယ်၊ ကျောက်မြောင်းဖက်က စာပေဟောပြောပွဲတွေကို
သွားရောက် နားထောင်ခဲ့ပါတယ်။ တချို့ကိစ္စတွေက ခေတ်သဘော သဘာဝအရ
စာအုပ်ထဲမှာ မပါတဲ့ နူတ်ပြောသမိုင်း(ပါးစပ်ရာဇ၀င်) တွေလည်း ရှိတတ်၊ ဖြစ်တတ်
ပါတယ်။

ဥပမာ … ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိတာဝန်ကို ထမ်းဆောင်ခဲ့တဲ့
ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း) က ကျောက်မြောင်း၊ သြဘာလမ်းအလယ်ပိုင်း၊
ဆွမ်းလောင်းအသင်းရဲ့ ဆွမ်းသိမ်းပွဲ အထိန်းအမှတ် စာပေဟောပြောပွဲမှာ …..

“ဂဠုန်ဦးစော ဦးဆောင်သော မျိုးချစ်ပါတီသည် လက်နက်အမြောက်အများကို
ပိုင်ဆိုင်ထားသည်ဟု သတင်းများ အခိုင်အလုံ ရရှိပြီးဖြစ်ကြောင်း၊ လေ့ကျင့်မှု
အချို့ကို နေအိမ်ဝန်းအတွင်း လေ့ကျင့်ဆောင်ရွက်နေကြောင်း”

… ဆရာကြီး ဒီးဒုတ်ဦးဘချိုက ဗိုလ်ထွန်းလှအား ….
ဗိုလ်ချုပ်အောင်ဆန်း ကံဇာတာ နိမ့်ပါးနေကြောင်း၊ ဗုဒ္ဓဟူးသားဖြစ်သည့်
ဗိုလ်ထွန်းလှသည် စနေသားဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူတကွ
အမြဲတမ်း နေထိုင်သင့်ကြောင်း။

… ဗိုလ်ထွန်းလှသည် ကျဆုံးလေသူ အာဇာနည်စာရင်းဝင် အတွင်းဝန်
ဦးအုန်းမောင်၏ နေအိမ်သို့ ၁၉.၇.၁၉၄၇ နေ့ အစည်းအဝေးအတွက်
သွားရောက် ဖိတ်ကြားသော အခါ …..

ဦးအုန်းမောင်သည် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အစည်းအဝေးသို့
တက်ရောက်ခွင့် ရသဖြင့် အထူးပျော်ရွှင် ၀မ်းမြောက်နေကြောင်း၊ ဦးအုန်းမောင်
၏ ဇနီးသည်ကလဲ ၂၂.၇.၁၉၄၇ နေ့တွင် နေအိမ်တွင် အလှူ ပြုလုပ်မည်
ဖြစ်သဖြင့် ဗိုလ်ထွန်းလှအား ဖိတ်ကြားခဲ့ကြောင်း။
……. …… ….

အထက်မှာ ဖော်ပြခဲ့သလိုပါပဲ ဟိုဟာလေ မှတ်ထားလိုက်၊ ဒီဟာလေ မိတ္တူ
ဆွဲပြီး သိမ်းထားလိုက် ပုံစံမျိုးတော့ ကျနော် ပြုလုပ်ခဲ့ပါတယ်။

ယခုလက်ရှိ ကျနော့် စာမျက်နှာပေါ်မှာ ဖော်ပြထားတဲ့ ဆရာတက္ကသိုလ်
ဘုန်းနိုင်၏ လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ ဆိုတဲ့ ဆောင်းပါးများသည်လည်း ထိုနည်း
တူစွာပဲ ကျနော် သိမ်းဆည်းခဲ့တဲ့ မိတ္တူများပဲ ဖြစ်ပါတယ်။ တချို့မိတ္တူများ
သည် နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သဖြင့် တော်တော်လေး မှုန့်ဝါးဝါး ဖြစ်နေ
ပါတယ်။ “ကတ္တီပါ လမ်းခွဲ” အပေါ် ပြန်လမ်း ချေပရေးသားထားတဲ့ မဂ္ဂဇင်း
ဆောင်းပါး မိတ္တူများဆိုရင် ဖတ်လို့ မရအောင် ဟောင်းနွမ်း နေပါပြီ။ ဒီ
လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ ဆောင်းပါးများသည် စာအုပ်တစ်အုပ်အဖြစ် ဒီနေ့
အထိ ထွက်ရှိ မလာတာကို ကျနော်လည်း လုံးဝ မပြောပြတတ်ပါ။

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ ဆောင်းပါးများကို ဆရာတက္ကသိုလ် ဘုန်းနိုင်သည်
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတွင် ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် စတင်ဖော်ပြ
ခဲ့ပြီး ၂၀၀၂ ခုနှစ် မတ်လမှာ အဆုံးသတ်ခဲ့ပါတယ်။ အပိုင်းပေါင်း (၁၁၁)ပိုင်းကို
(၁၁)နှစ်ကြာအောင် ရေးသား ပြုစု ခဲ့ပါတယ်။ ကျနော်လည်း နှစ်သက်စွာဖြင့်
မိတ္တူဆွဲပြီး သိမ်းဆည်းခဲ့ပါတယ်။

အခုတော့ ကျနော့် လက်ထဲမှာ အပိုင်းအချို့ မရှိတော့ပါ။
ပျောက်ဆုံးခဲ့သော အပိုင်းများမှာ ….
အပိုင်းနံပါတ် (၆)၊ (၇)၏ ထက်ဝက်၊ (၂၇)၊(၂၉)၊(၃၁)၊(၃၅)၊(၁၀၀)၊(၁၀၂)၊
(၁၀၃)၊(၁၀၆) တို့ ဖြစ်ပါတယ်။

ယနေ့ခေတ်ကာလမှာ သတင်းနှင့် နည်းပညာသဘောအရ လူအတော်များများ
(လူငယ်၊လူလတ်ပိုင်း) သည် အလုပ်အကိုင်နှင့် အခွင့်အလမ်း များကို မျက်မှောက်
ရရှိနိုင်မှုနောက်ကို တကောက်ကောက် လိုက်ပါနေတယ်လို့ ကျနော် ယူဆ
ပါတယ်။ မွေးရပ်မြေ (မြန်မာပြည်)မှာလည်း မကောင်းဆိုးဝါး အာဏာရူးတွေ
အုပ်ချုပ်နေတော့ စာပေလွတ်လပ်ခွင့် သို့မဟုတ် လွတ်လပ်စွာ ထုတ်ဖော်ရေး
သား ပိုင်ခွင့်ဆိုတာလည်း စကားလုံးအားဖြင့်တောင် တစ္ဆေလိုပဲ ဖြစ်နေတယ်
လို့ ယုံကြည်မိပါတယ်။ ဒါကြောင့် စာပေအပေါ် တန်ဖိုးထားသူများ လေ့လာ
ဖတ်ရူနိုင်ရန် အလို့ဌါ ကျနော့် အနေဖြင့် ဖော်ပြနေခြင်း ဖြစ်ပါတယ်။

စာပေဆိုင်ရာ မူပိုင်ခွင့်အရ အခုလို ဖော်ပြနေခြင်းသည် ကျန်ရစ်သူမိသားစု
၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတာမို့ ဆရာတက္ကသိုလ်ဘုန်းနိုင်၏
ကျန်ရစ်သူမိသားစုဝင် တစ်ဦးဦးကပဲ ဖြစ်ဖြစ်၊ ဆရာ့စာပေများအပေါ် တန်ဖိုး
ထားသူ တစ်ဦးဦးကပဲ ဖြစ်ဖြစ် တစုံတရာ ကန့်ကွက်ပြောဆိုခြင်းရင်
ကျနော့်ရဲ့ အင်တာနက် လိပ်စာ ko.aungdk@gmail.com
ကို အကြောင်းကြားပါ။ ကျနော် တင်ထားသမျှ ပို့စ်အားလုံးကို ဖြုတ်ချ
ပေးပါ့မယ်။

ကျနော် ဒီဆောင်းပါးများ ဖော်ပြနေခြင်းသည် ကဗျာဝါဒ၊ ကဗျာစစ်ပွဲတွေ
ဖြစ်စေခြင်းလို့ ဖော်ပြနေခြင်းမျိုး လုံးဝ မဟုတ်ပါ။ ကျနော် သိထားတာတွေ၊
ကျနော် သိမ်းဆည်းထားတာတွေကို တခြားသူများလည်း သိစေချင်လို့
လက်ဆင့်ကမ်းခြင်း စေတနာသက်သက်သာ ဖြစ်ပါတယ်။

ဒီဆောင်းပါးများကို ပြည်တွင်းက ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ကျန်ရစ်သူ
မိသားစုသည် စာအုပ်အဖြစ် ပြန်လည် ထုတ်ဝေခဲ့ရင် ၀ယ်ယူအားပေးကြ
ပါလို့ ရိုးသားစွာ တောင်းဆို ပါရစေ။

Jul 13, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၆)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၅)မှ အဆက် …..

ကျွန်တော် ယခုတင်ပြနေသော အချက်မှာ … “အာရုံ သိလွန်သဘော” ကိုပင်
ကဗျာဆရာသည် မိအောင် ဖမ်းတတ်၏။ ကဗျာဆရာကောင်းတို့သည် ဖမ်းမိ
လည်း ဖမ်းမိကြသည်။

ဘာနှင့် ဖမ်းသနည်း။ စကားလုံးနှင့် ဖမ်းမိကြသည်။
ဘယ်ကဲ့သို့ ဖမ်းမိသနည်း။ မူလ မေးခွန်းဆီသို့ပင် ပြန်လည်လာခဲ့သည်။

ပြခဲ့သော နမူနာများကို ပြန်စစ်လျှင် ကဗျာစပ်မည့် ကဗျာဆရာသည် အခြေအနေ
တစ်ခုအတွင်း၌ ရောက်နေသည်။ အခြေအနေဆိုသော စကားမှာ ဆစ်ချူးအေးရှင်း
(Situation) ဟူသော စကားကို ဘာသာပြန်ထားခြင်း ဖြစ်လေသည်။ အခြေအနေ
ဆိုသည်မှာ အဆက်အဆံမဲ့သော သီးသန့် ကင်းလွတ်တည်ရှိနေခြင်းကို မဆိုလို။
ပြုပြင်စီရင်သော ဆက်ဆံမှုတို့ အလယ်၌ တည်ရှိနေခြင်းကို ဆိုလိုသည်။

အရှင် ဥတ္တမကျော်၏ အခြေအနေကို ကြည့်ပါ။
ရုပ်ပတ်ဝန်းကျင်အားဖြင့် စာဆိုရှင်သည် တောတောင်တို့တွင်းမှာ ဖြစ်သည်။
တောတောင်တို့တွင်းမှာ ဖြစ်သောကြောင့် သစ်ပင်တွေရှိမည်။ သစ်ရွက်တွေ
ရှိမည်။ ပန်းတွေ ရှိမည်။ ဌက်သံတွေ ရှိမည်။ တောင်တန်းတွေ တောင်ကုန်းတွေ
ရှိမည်။ မြေကြီးကိုလည်း မြင်ရမည်။ ကောင်းကင်ကိုလည်း မြင်ရမည်။ တိမ်တွေ
နေရောင်တွေ အရိပ်တွေကိုလည်း တွေ့ရမည်။ တောကြား၌ တိုက်သောလေကို
လည်းကောင်း၊ မြေနှင့်ထိသော ခြေမှ အတွေ့ကိုလည်းကောင်း ခံစားရမည်။
တောနံ့ တောင်နံ့ ပန်းနံ့တွေကိုလည်း ရှူရမည်။

အဲသည် ရုပ်ပတ်ဝန်းကျင်အပြင် ရှင်ဥတ္တမကျော်ဟု ခေါ်သော ပုဂ္ဂိုလ်၏ အခြေ
အနေကလည်း ရှိသေးသည်။
ရှင်ဥတ္တမကျော်သည် နတ်သျှင်နောင် မဟုတ်။

သစ်ရွက်တို့ “၀ါကြန်နီမောင်း။ ပင်တိုင်းပြောင်း” သည့် ရုပ်ပတ်ဝန်းကျင်မှာ
နတ်သျှင်နောင်လည်း ရောက်နေဖူးသည်။ ထိုအခါ …. “ပန်းစုံရောယှက်၊
ထုံးမြရွက်နှင့်” တင့်တယ်သော “သက်ပေါင်းထင်ယုံ၊ လှနိတုံ” ကို သတိရ
သည်။ ၀ိဘက်ထွေပြား၍ လဲဝါပမာ လေ၀ယ်လျှောကျသော ရသေ့ ကို သတိ
မရ။ တနည်း …. သစ်ရွက်ဝါ၏ အမူအရာနှင့် ဈာန်လျှောသော ရသေ့၏ အမူအရာ
ကို မဆက်သွယ်မိ။ သစ်ရွက်၏ အ၀ါရောင်နှင့် ဓါတုဆွေ၏ နိတုံရွှေအဆင်း ကို
တော့ ဆက်သွယ်မိသည်။

ရှင်ဥတ္တမကျော် စိတ်သန္တာန်အတွင်း၌ ဓါတုဆွေ မရှိ။ သူတော်မြတ်ဖြစ်သောကြောင့်
ဈာန်၊ အဘိညာဉ်၊ သီလ၊ သမာဓိ သဘောတွေတော့ ရှိသည်။ သည်တော့ ….
သစ်ရွက်၏ အမူအရာနှင့် ၀ိဘက်ထွေပြား၍ ဈာန်လျှော့ရသော ရသေ့၏ အမူအရာ
ကို ဆက်သွယ်မိသည်။

နတ်သျှင်နောင်က အချစ်နှင့် အလွမ်းဘက်ယိုင်သွားသည်။ အရှင် ဥတ္တမကျော်က
သံဝေဂနှင့် ကရုဏာဘက် ညွတ်သွားသည်။

ကဗျာဆရာ ရောက်နေသော အခြေအနေသည် တစ်ခုနှင့် တစ်ခုချင်းသာ ဆက်ဆံ
နေသည့် “ပေါက်ပင်းကိုင်းညွတ်၊ ဗျိုင်းနိမိတ်” ဆက်သွယ်ခြင်းမျိုး မဟုတ်။
“ပစ္စယ သာမဂ္ဂီ” ဟုခေါ်သော အထောက်အပံ့ “အကြောင်းပေါင်းစုံ” တို့ ဆုံလာသော
ပြုပြင်စီရင်မှုအများ၏ အလယ်ခွင်သာ ဖြစ်လေသည်။

တဘက်မှာက ရုပ်ပတ်ဝန်းကျင်မှ ပြုပြင်စီရင်မှုတွေ ရှိသည်။
အရောင်တွေ၊ မျဉ်းဖြောင့် မျဉ်းကွေးတွေ။ အသံတွေ။ အနံ့တွေ။ ပူခြင်း၊ အေးခြင်း၊
နူးညံ့ခြင်း၊ မာကျောခြင်း စသော, စသော အထိအတွေ့တွေ။ ငြိမ်ခြင်း၊ လှုပ်ခြင်း
ဆိုသည့် အမူအရာတွေ …. ။

တဘက်ကလည်း ပုဂ္ဂိုလ်၏ အဇ္ဈတ္တ။ စိတ်ပညာမှ စကားတစ်ခုကို ဌါးသုံးကြည့်မည်။
အတွင်း ပတ်ဝန်းကျင် (internal environment)။ အတွင်းပတ်ဝန်းကျင် ဆိုသည်မှာ
နောက်ခံကားပမာ ဖြစ်နေသော ကဗျာဆရာ၏ အတွေ့အကြုံတွေ၊ အမှတ်သညာတွေ၊
အစွဲအလန်းတွေ၊ စရိုက်တွေ၊ ချစ်မှု မုန်းမှုတွေ၊ ခံစားမှုတွေ၊ လိုချင်မှုတွေ၊ မလိုချင်
မှုတွေ ….. ။

မြန်မာနားလည်ပြီးသော အဘိဓမ္မာနှင့် ဆိုမည်။
မနောအကြည်ကြီးသည် ကျန်အကြည် တံခါးငါးပေါက်မှ ၀င်လာသမျှကို အရင်းအတိုင်း
ထင်ရုံသာ ထင်ပြနေသည့် အဗျာပါရ မှန်ကြီး မဟုတ်။ သူ့၌လည်း ပြုပြင်စီရင်တတ်
သော သဘောတွေ ကိန်းနေသည်။

လျှပ်ပန်းလျှပ်နွယ်ကဲ့သို့ မဖြစ်ပေါ်မီက ရှိနေသည်ဟုတ်။ ဖြစ်ပေါ်ပြီးနောက် ဆက်ရှိ
နေသေးသည် မဟုတ်။ ဖြစ်ပေါ်ပြီး နောက်ဆက်ရှိနေသေးသည် မဟုတ်။ သို့ရာတွင်
ပစ္စယ အကြောင်းအပေါင်းစုံလာဆုံလာလျှင် အာကာသ ၀ိဇ္ဇုပါဒေါဝ၊ ကောင်းကင်မှ
လျှပ်ပန်းလျှပ်နွယ်ကဲ့သို့ ဖြစ်ပျက်လာရန် ပြုပြင်စီရင်တတ်သော “ခန္ဓာ” တွေ ကိန်း
နေသည်။

အနောက်နိုင်ငံမှ ဆရာတွေက ဤမျှတော့ မပြောပြတတ်။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

Jul 9, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၅)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၄)မှ အဆက် …..

(၅)
ကဗျာဆရာသည် သူ့မနောအကြည်တွင် ထင်လာသော အာရုံတံဆိပ် အရိပ်
တို့ကို မိအောင်ဖမ်းပြီး ယင်းတို့ကို သူပိုင်ကြားခံပစ္စည်းဖြစ်သည့် စကားလုံး
တို့ဖြင့် ပို့ဆောင်ဆက်သွယ်မှုကို ပြုလုပ်သည်ဆိုခြင်းမှာ အလွန်ယေဘုယျ
ကျသော ဖေါ်ပြမှု ဖြစ်သည်။ ယေဘုယျ ဖေါ်ပြမှုမှန်သမျှသည် မတိကျ
မပြည့်စုံလေ။

ကျွန်တော်တို့က တိတိကျကျ ပြည့်ပြည့်စုံစုံ သိလိုသည်။
သူ့ ကိစ္စပြီးမြောက်အောင် ကဗျာဆရာသည် ဘယ်ကဲ့သို့ လုပ်လိုက်သနည်း။

တိကျပြည့်စုံသော ခွဲခြမ်းစိတ်ဖြာမှုအတွက် တိကျသော နမူနာပုံစံများ ထုတ်ယူ
ကြည့်ကြမည်။
သစ်ရွက်ကြွေသည်ကို မြင်သည်။
သစ်ရွက်သည် ရုပ်လောက ပတ်ဝန်းကျင်မှ အရာဝတ္ထု တစ်ခုဖြစ်သည်။ ကြွေခြင်း
မှာလည်း ရုပ်လောက ပတ်ဝန်းကျင်မှ အဖြစ်အပျက်တစ်ခု ဖြစ်သည်။

သစ်ရွက်ဟူသော အရာဝတ္ထု။ ကြွေခြင်းဟူသော ထိုအရာဝတ္ထု၏ အမူအရာ။
ကဗျာဆရာက ယင်းနှစ်ခုတို့ကို မြင်သည်။ သို့ရာတွင် မြင်ခြင်းသည် “မြင်မှုမတ္တံ”
(၀ါ) ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ၌ မရပ်။ ဣဋ္ဌ-အနိဋ္ဌ ရိပ်တို့ “မျက်တောင်ခတ်” သွားသည်။
သောမနဿ- ဒေါမနဿ ဝေဒနာရိပ်တို့လည်း “မျက်တောင်လိုက်ခတ်” သည်။

မျက်တောင်ခတ်သည် ….။ မှန်သည်။ တဒင်္ဂ တခဏ တမုဟုတ် … အလွန်မြန်သည်။
ဤမြန်လှသော အာရုံတံဆိပ်အရိပ်တို့ကို ကဗျာဆရာသည် မလွတ်အောင် တုပ်နှောင်
အမိဖမ်းသည်။ သူသည် ကဗျာဆရာအစစ်ဖြစ်လျှင် မိမည်။

အပြင် ရုပ်လောက၌ ဓါတ်လေးပါးအဖြစ် “ဘွားဘွား” ဖေါ်ပြနေသည့် ယနပညတ်၊
သမူဟ ပညတ်တွေကို မိအောင် ဖမ်းပြရသည့်က လွယ်သေးသည်။ ပလေတိုကြီး
ပြောသည့် အာရုံသိလွန် “သဘော” တွေကို ဖမ်းပြရသည်က အလွန်ခက်သည်။
ခက်ပါစေ။ ကဗျာဆရာကမူ အမိလိုက်ဖမ်းသည်။

တောင်စွယ်နေကွယ်တော့မည့် သူသတ်ကုန်း၌ …. အချိန်ကများများ မကျန်တော့။
သူ့စိတ်သန္တာန်တွင် အာရုံတံဆိပ် အရိပ်ပေါင်းများစွာ ပေါ်နေသည်။ ယင်းတို့အထဲမှ
အဓိက အာရုံတံဆိပ် အရိပ်ကိုသာ “အနန္တသူရိယ” က ဖမ်းသည်။

သူ၏ မရှိတော့ပြီဖြစ်သော သခင်၏ ရွှေနန်းစည်းစိမ် …။ နောက်တက်လာသည့်
သူ့အား သူသတ်ကုန်းသို့ ပို့လိုက်သည့် သခင်သစ်၏ ရွှေနန်းစည်းစိမ် ….။
လူတွေ …၊ ဘ၀ဆိုတာတွေ၊ တွယ်တာမြတ်နိုးကြသည့် အဖိုးတန်သည်ဆိုသော
အရာတွေ၊ အဲဒီဟာတွေ အားလုံးကို စိုးမိုးလွှမ်းခြုံထားသည့် “ဓမ္မတာ သဘော”
တစ်ခု …။ သည် ဓမ္မတာသဘောကို မိအောင် ဖမ်းပြလိုက်သော အခါ …..

“ရွှေအိမ်နန်းနှင့်
ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက်
ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ
မင်းချမ်းသာကား
သမုဒ္ဒရာ
ရေမျက်နှာထက်
ခဏတက်သည့်
ရေပွက်ပမာ
တသက်လျာတည်း”

ကမ္ဘာရှည်သမျှတည်မည့် မြန်မာကဗျာတစ်ပိုဒ် ဖြစ်လာခဲ့သည်။

“သမုဒ္ဒရာ၊ ရေမျက်နှာ” ဆိုသည် နေရာ (space) ကြီး၏ သင်္ကေတနိမိတ်ပုံ ဖြစ်သည်။
“ရေပွက်” ဟူသည်က ဖြစ်ပျက်အစဉ် (event) ၏ သင်္ကေတ နိမိတ်ပုံ …။
“ခဏတက်သည့်” ဆိုသည်က အချိန် (time) ….။

နေရာ၊ အချိန်နှင့် ဖြစ်ပျက်မှု အစဉ်တို့ကို လွှမ်းခြုံထားသည့် ဥာဏ်ဖြင့်သာ သိနိုင်သော
အာရုံသိလွန် ဓမ္မတာသဘောကို သင်္ကေတ နိမိတ်ပုံတွေနှင့် အနန္တသူရိယက “ရော့ …
ယူရစ်ကြလေ” ဟု ဖမ်းပေးခဲ့ခြင်း ဖြစ်၏။

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ကဗျာဝိဒူအဖြစ်ကို ကျွန်တော်တို့ သိရှိကြ၏။
ဆရာတော်ဘုရားကြီးနှင့် ပက်သက်သည့် လူသိနည်းလှပြီး (သိသူရှိလျှင်လည်း) ဥာဏ်မီ
ရန် ခဲယှဉ်းလှသော ကဗျာတစ်ပိုဒ်ကို ဖေါ်ပြလိုပါသည်။ ကြောင်ပန်းဆရာတော် ဘုရားကြီး
က ကျင့်ကြံအားထုတ်၍ စိတ်ကျေနပ်သော အဆင့်တဆင့်အရောက်၌ လယ်တီဆရာတော်
ဘုရားကြီးထံ ကဗျာနှင့် လျှောက်တင်သည်။

“မှန်ရိပ်ကယ်အသွင်။ နာမ်ရိပ်ကယ်ပါပေါ့ ဘုရား။”
ထိုအခါ လယ်တီဆရာတော်ဘုရားကြီးက … ကဗျာနှင့်ပင် ချီးမြှောက် အဆုံးအဖြတ်ပေးသည်။

“လေခမြေသက်
ဈာန်ဝိတက်သို့
သစ်ရွက်ရော်ရီ
ဣန္ဒနီဝယ်
သိင်္ဂီတ၀က်
ဖက်၍ဆေးစုံ
ခြယ်သောပုံလို”

အရှင် ဥတ္တမကျော်က ဤသို့ တုပ်နှောင် အမိဖမ်းလိုက်၏။ သူဖမ်းပုံမြဲလှသဖြင့်
အင်းဝခေတ်က မိထားသည်မှာ ယနေ့အထိလွတ်မသွား။

နောက်နမူနာပုံစံ တခုဆီ သွားကြမည်။
သူ့အလှကို “ဆောင်းကျူးနွေစ။ သာလွန်ည၌။ သက်မျှစုရုံး။ နှလုံးကြွင်းမဲ့။
ကြွေခဲ့မတတ်။” ပထမဦးစွာ မြင်ခဲ့ရသည်။ ထိုမြင်ခဲ့ရသော အလှကို နတ်သျှင်နောင်
က အမိဖမ်းသည်။

“ထွေထွေကြည့်တိုင်း
ပြစ်မျိုးရိုင်းသည်
စံခိုင်းလှော်သစ်
ရွှေနှယ်နစ်မျှ
တင်ပြစ်မခက်
လဲ့လဲ့ညက်ကို
တက်နတ်ဘုံနေ
ခုသာကြွေဟု
ထင်ချေရူမြှော်”

နတ်သျှင်နောင် ဖမ်းပြခဲ့သော အာရုံအရိပ်သည်လည်း “တင်လှပေဟန်” အဖြစ်
အမြဲလှပေ၏။

ကဗျာဆရာ၏ ကိစ္စကလည်း အရှုပ်သား။ တခါတရံတွင် သူ့နေရာ ကိုယ်ဝင်၍
သူတွေ့သော အာရုံတံဆိပ် အရိပ်ကို ကိုယ်က ဖမ်းပေးရ၏။

သူက ဈာန်ရ, ရသေ့။ ကိုယ်က …. ကဗျာဆရာ တွင်းသင်းမင်းကြီး
တွေ့လိုက်ရသော အရာကလည်း ဈာန်ရ, ရသေ့ကို ဈာန်မှ လျှောကျစေသည့်
အရာ …..။ ယုံလောက်ဖွယ် (believableness) ရှိအောင် ဖမ်းပြပေးရမည်။
မလွယ်လှသော ကိစ္စပါတကား။

သို့ရာတွင် တွင်းသင်းမင်းကြီးက “မုဒုလက္ခဏာပျို့” တွင် မလွယ်သောအမူကို
ပြုပြခဲ့၏။

“နှစ်ဆူလ၀န်း
ဝိဒေကျွန်းက
ပေါ်ထွန်းသောယောင်
ရွှေနန်းချောင်ဝယ်
အရောင်ပေါင်းစု
စောမုဒု၏
ဖွံ့နုပျို့ပျို့
ရွှေရင်စို့ကို
နှစ်လို့ လေးမြတ်
ရှုမိလတ်သည်
ရိုးပြတ်ခြင်ဆီချင်းချင်းတည်း …။”

“ကြောင်ပန်းရဲ့ မြှီးတံတို၊ အဆီကို စားပါလို့၊ အသားကိုမျို။ ကြောင်အိုပေမြှေး၊
အိပ်ပါတော့လေး။”

နိုင်ငံခြားမှ လာသည့် ဟိုကျင့်စဉ် သည်ကျင့်စဉ်မှ ဟိုကဗျာသည် ကဗျာအကြောင်း၊
လူငယ် ကဗျာဆရာ အချို့နှင့် လူကြီးအချို့ ပြောနေကြသည်။
ကိုယ်ပိုင် “ပတ္တမြား” များကိုလည်း ပြန်ရူကြရန် တိုက်တွန်းလိုပါသည်။

လယ်တီဆရာတော်ဘုရားကြီးနှင့် ကြောင်ပန်းဆရာတော်ဘုရားကြီးတို့ ဖမ်းပြ
သော “သဘော” တို့မှာ သာမန် ပုထုဇဉ်တို့အတွက် ရာခိုင်နှုန်းပြည့် ဥာဏ်မီ
နားလည်ရန် ခက်လှကြောင်း ၀န်ခံလို ပါသည်။ ပရိယတ်၊ ပဋိပတ် မပြည်စုံဘဲ
အရမ်းအဓိပ္ပါယ် မဖွင့်ဆိုမိရန်လည်း သတိပေးလိုပါသည်။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

Jul 7, 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၄)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

(ယခုလက်ရှိ တင်ပြနေဆဲ “ကန့်ကွက်မည့်သူ ရှိရင် ဖော်ပြလော” အမည် အစား
မူရင်း အမည်ဖြစ်သော လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီကို ပြောင်းလဲလိုက်ပါသည်။)

ယခင် အပိုင်း(၃)မှ အဆက် …..

တောလယ်က လိုဏ်ဂူမြနန်း၊ မြို့လယ်က ရဝေခန်းမဆောင် သလွန်ညောင်၊
ပင်လယ်က ၀င်ကစွပ်ကောင်၊ တောင်တန်းခြေက ဒဟတ်ပန်း၊ တောတွင်းမီးရှာ
သည့် ယောင်္ကျား၊ ပိုးစုန်းကြူးနှင့် ကောက်ရိုးမျှင်၊ ကေသာသုံးတောင်ကြော့နှင့်
ဆံထုံးတော်ကြီး တမာသီး၊ ဒေါင်ဒင်းသံသာနှင့် ကိုတံငါ၊ မြို့ဝန်မင်းနှင့် သဇင်ပန်း၊
သောက်ရှူးကြယ်နှင့် ချစ်သူ့မျက်လုံး၊ နွားပြာချိုလိမ်ကော့နှင့် ချဉ်ပေါင်ဟင်း၊
မိဿရာသီမှ ပွင့်သိင်္ဂီ ရွှေရင်ခတ်နှင့် စိတြကြယ်။ နောက် …. အင်း … အများကြီး။
တုံးမှတ်၍ ခုန်လိုက်ချင်သော မြင်းမိုရ်တောင်ကြီးတို့၊ မင်ဖျော်လိုက်ချင်သော
သမုဒ္ဒရာကြီးတို့ကလည်း ရှိသေးသည်။
အဲသည်အာရုံတရားတွေနှင့် ကဗျာဆရာ။

ကဗျာဆရာကလည်း အမှုကို ပွေသည်။ အာရုံတရားတွေကို အာရုံတရားအဖြစ်
ထားလိုက်ပါလား။
ဟင့်အင်း … မထားနိုင်၊ မထားနိုင်ပါ။

သြော် …. အရှင်မဟာရဋ္ဌသာရ ညည်းသကဲ့သို့ “သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်”
ဟုသာ ညည်းရမည် ထင်သည်။ ထင်ထင်လာသော အာရုံတရားတွေကို ကဗျာဆရာ
က “ခံစား” သည်။ ခံစားရုံနှင့် ရပ်နေပါလား။ မရပ်။

မိအောင် “ဖမ်း”ပြီး မလွတ်အောင် “တုပ်နှောင်” ထားချင်သည်။
ဘာနှင့် ဖမ်းပြီး၊ ဘာနှင့် တုပ်နှောင်ထားမည်းနည်း။
“စကားလုံးများ” နှင့် ဖမ်းပြီး စကားလုံးများနှင့် တုပ်နှောင်ထားချင်သည်။ မင်း….
ဘယ်ပြေးချင်သနည်း။
ဘာနှင့် ဖမ်းပြီး၊ ဘာနှင့် တုပ်နှောင်ထားမည်နည်း။

ဤနေရာတွင် ကမ္ဘာကျော် ဂျာမန် ကဗျာဆရာကြီး ဂိုးတဲ” (Goethe)
ကမ္ဘာကျော်သော စကားကို ကိုးကား ဖော်ပြလိုပါသည်။ ဂိုးတဲ၏ ဂန္တ၀င်မြောက်
လက်ရာများအနက် “ဖောက်စ်တ်” (Faust) ဟု ခေါ်သော ဇာတ်လမ်း ကဗျာ
ရှည်ကြီးသည် ထင်ရှား ကျော်ကြားလှသည်။ ဤကဗျာရှည်ကြီးသည် ဘယ်
သဘောကို သရုပ်သကန် ဖော်ထားပါသနည်းဟု စူးစမ်းသူများက မေးမြန်းကြ
သည်။

သာမန် မေးသည် မဟုတ်၊ အဖြေ မပေးမခြင်း အားမနားတမ်း မေးကြလေရာ
နောက်ဆုံး၌ ဂိုးတဲကြီး ဖြေရတော့၏။

“ယေဘုယျ ပြောရလျှင် အာရုံခြောက်ပါးမှ သီးခြားကင်းလွတ်နေသော သဘော
တစုံတရာကို သရုပ်သကန်ဖော်ရန် ကြိုးစားခြင်းသည် ကဗျာဆရာ တဦးအနေဖြင့်
ကျွန်တော် ပြုလုပ်လေ့ရှိသော ကျင့်သုံးမှု မဟုတ်ပါ။ နိုးကြားသွက်လက်သော
စိတ်ကူးဥာဏ် ဓါတ်အားက တင်ပြလာသည့် အာရုံတံဆိပ် အရိပ်တို့ကို တင်ပြ
လာသည့်အတိုင်း ကျွန်တော့် အတွင်းအကြည်က လက်ခံယူပါသည်။ အာရုံတံဆိပ်
အရိပ်တွေကလည်း ရာနှင့်ချီ၍ များလှပါဘိကောင်း။ အချို့က မွေ့လျော်ဖွယ်၊
အချို့က ရွှင်ရွှင်ပျပျ သွက်သွက်လက်လက်၊ အချို့က ချစ်စဖွယ်၊ အချို့က အရောင်
မျိုးစုံ စုံစုံကြွယ်ကြွယ်။ များလှပါဘိသည်။ ဤတွင် ကဗျာဆရာ တဦးအနေနှင့်
ဘာလုပ်ရပါမည်နည်း။ အခြားတော့ လှုပ်စရာ မရှိ။ ပထမ ….. အာရုံတံဆိပ် အရိပ်
တွေကို စိတ်တွင်း၌ ပုံလောင်း ရပါသည်။ ပုံဖော် ရပါသည်။ ဒုတိယ ….. ကျွန်တော်
ရေးပြီးသည်ကို ဖတ်ကြသူ၊ ကြားကြသူတို့သည် ယင်းအာရုံတံဆိပ် အရိပ်တွေကို
တသဝေမတိမ်း လက်ခံရရှိကြရအောင် ကျွန်တော် ဖန်တီး လုပ်ဆောင်ရပါသည်။
ထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း ရှိသော ထပ်ဆင့်တင်ပြနိုင်စွမ်းနှင့် ဖန်တီး
လုပ်ဆောင် ရပါသည်”

ကဗျာဆရာ၏ ကိစ္စကို အသားခြေ- အနှစ်တေပြီး ဂိုးတဲ ပြောပြခြင်း ဖြစ်လေသည်။
ဂိုးတဲ ပြောပြချက်အရ …..

(၁) ပြင်ပ၊ ပကတိလောကကြီးမှ အရင်းခံ၍ လာသော်လည်း စိတ်တွင်း၌ သူ့သင်္ခါရ
နှင့် သူ ပြုပြင်ပြောင်းလဲ ဖြစ်ပေါ်လာသည့် “ဖန်တက်ဇမာဂေါရိယ”(Phantasmagoria)
ခေါ် အာရုံတံဆိပ် အရိပ်တွေနှင့် ပြွမ်းသော “စိတ်ကူးဥာဏ်လောက” ရှိသည်။
(၂)ထင်ဟပ်လာသော အာရုံတံဆိပ် အရိပ်တို့ကို အမိဖမ်းတတ်အောင် ဓါတ်သွင်း
ထားသည့် ဖလင်နှင့်တူသည့် ကဗျာဆရာ၏ စိတ်ရှိသည်။
(၃)ထိုအာရုံ တံဆိပ်အရိပ်တို့ကို ပုံသဏ္ဌာန်ဖော်ပြီး ပို့ဆောင်ဆက်သွယ်ပေးလို
သော လှုံဆော်စိတ်ကလည်း ကဗျာဆရာ၌ ရှိသည်။

စကားထူး စကားဆန်း ဖြစ်နေသော ဖန်တကဇမာဂေါရိယ အကြောင်း ရှင်းပြလို
ပါသည်။
ဤစကား၏ မူလ အဓိပ္ပါယ်မှာ မျက်လှည့်မှန်ပြောင်း မီးအိမ် ဖြစ်သည်။ ထိုမှန်ပြောင်း
မီးအိမ်အတွင်းသို့ ထည့်လိုက်သော ပစ္စည်းတို့သည် အချင်းချင်း ရောယှက်ကာ
အရွယ်အမျိုးမျိုး၊ သဏ္ဌာန်အမျိုးအမျိုး၊ အရောင်အမျိုးမျိုး ပြောင်းလဲ၍ ဖြစ်ပေါ်
လှည့်စားတတ်သည်။ ဤသဘာဝကို တင်စားပြီး စိတ်ကူးဥာဏ်လောကမှ သိမြင်
ခံစားမှုများ၊ အိပ်မက်လောကမှ သိမြင်ခံစားမှုများကို ဖန်တက်ဇမာဂေါရိယဟု
ခေါ်သည်။

မြန်မာတို့ သိပြီးသာ အဘိဓမ္မာနှင့် ရှင်းလျှင် ပိုလွယ်ပါသည်။
အဆင်းနှင့် အကြည်တိုက်လျှင် မြင်မှုဆတ်ဆတ် စက္ခုသမ္ဖဿ ဖြစ်သည်။ ယင်း
ဖဿ ကို မနောသဉ္စေတနာက မနောဝိညာဏ်ကြီးဆီ ပို့ပေးသည်။
မနောဝိညာဏ်ကြီးဆီ ရောက်ပါမှ ပုထုဇဉ်၏ သိမှုကြီး ပြီးပြည်စုံသည်။ ပုထုဇဉ်
၏ သိမှုကြီးဆိုသည်မှာ “ပညတ်နှင့် တကွ တင်” ၍သိခြင်း ဖြစ်သည်။ ပညတ်နှင့်
တကွ တင်၍ သိခြင်း ဆိုသည်မှာ ….. နာမပညတ်၊ သဏ္ဌာန ပညတ်ပေါ်၍
ဣဋ္ဌ၊ အနိဋ္ဌရိပ်တို့ မျက်တောင်ခတ်ကာ သောမနဿ ဝေဒနာ၊ ဒေါမနဿ
ဝေဒနာတို့နှင့်ယှဉ်လျက် သိခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ….
“မာယူပမာနဉ္စ ၀ိညာယံ” …..

မနောဝိညာဏ်ကြီးသည့် မျက်လှည့်ဆရာကြီးနှင့်တူ၏ဟု မြတ်စွာဘုရား
ဟောတော်မူသည်။ အရိယာ အရှင်မြတ်များကို သာမနောဝိညာဏ်ကြီး
မျက်လှည့်ပြ၍ မရတော့၊ အရိယာ အရှင်မြတ်များကား ဒိဌေ ဒိဋ္ဌ မတ္တံ
ခေါ် မြင်မှုဆတ်ဆတ် ပရမတ်ကိုသာ ဆွဲကိုင်လေသည်။

ကဗျာဆရာသည် ပုထုဇဉ်သာ ဖြစ်လေသည်။ သူ မြင်လျှင် ကြားလျှင် နာမပညတ်၊
သဏ္ဌာန ပညတ်တို့အဖြစ်နှင့်သာ မြင်သည်။ ကြားသည်။ ဣဋ္ဌရိပ်၊ အနိဋ္ဌရိပ်တို့ကို
သူ လက်ခံသည်။ သူ့ မြင်မှု ကြားမှုတို့၌ သောမနဿ ဝေဒနာ၊ ဒေါမနဿ ဝေဒနာ
အမြဲကပ်လျက် ပါနေသည်။ အဲ …. အဲတာတွေ အားလုံးကို သူက ပြန်ဖောက်သည်
ချ ပြောပြချင်သေးသည်။

“အာရုံမျက်မြင်၊ ဖူးမြော်ချင်၍၊
သည်တွင် ရွှေမြို့၊ သည်သို့ စေတီ၊
သည်ဆီ ရွှေနန်း၊ ဖြောင့်တန်းတော့မည်
စိတ်ကရည်သည် …. ”
လက်ဝဲသုန္ဒရ အမတ်ကြီးက သူ့ စိတ်ကူးမှ ပုံရိပ်တို့ကို ဤသို့ ဖော်ခဲ့၏။

“မနောဓါတ်ကပွေဗျာ၊ သောမနဿ ဝေဒနာ ပြင်းလိုက်ပါဘိ၊ တင်းဆည်မရ
ဖြေကာ၊ ယင်းအကြည် ယဒယာ တမေက သာကဲ၊ ချွေပဌာနာလို့ သာခဲ့ရပါတော့၊
စွဲတဲ့ မေတ္တာ …… ”
ဦးပြုံးချိုကလည်း သူ့ ဖန်တက်ဇမာဂေါရိယ ကို ဤသို့ သရုပ်ခွဲပြခဲ့၏။

သူရို့ အနောက်တိုင်းသားတွေက ဤမျှ အဘိဓမ္မာ မသိ။ သည်တော့ … ဖန်တက်ဇမာ
ဂေါရိယ … သည်လောက်သာ။
ထားပါတော့။
သူ့ ဖန်တက်ဇမာဂေါရိယတွင်းမှ အာရုံတံဆိပ် အရိပ်တွေကို ကဗျာဆရာက အမိဖမ်း
ပြီး မလွတ်အောင် တုပ်နှောင်ထားသည်တို့ကို ပုံပန်းမပျက်စေဘဲ မူရင်းအတိုင်း သူ့
ပရိသတ်ဆီ တပ်ဆင့် ပို့ဆောင်ပေးချင်သေးသည်။

နာမ ပညတ်လေးတွေလည်း သည်အတိုင်း၊ သဏ္ဌာန ပညတ်လေးတွေလည်း သည်
အတိုင်း၊ ဣဋ္ဌ-အနိဋ္ဌ အရိပ်လေးတွေကလည်း သည်အတိုင်း၊ သောမနဿ-ဒေါမနဿ
ဝေဒနာလေးတွေကလည်း သည်အတိုင်း။ မူရင်းအတိုင်း။

ကဗျာဆရာ ရင်ဆိုင်ရသော ပြဿနာ၊ သာမန်လူနှင့် ခြားနားသော ကဗျာဆရာ၏
သွေးငင်ကြမ္မာ၊ ၀ါသနာ ကိစ္စ။
သူ့ ကိစ္စ ပြီးမြောက်ရန် ကဗျာဆရာသည် သူပိုင် ကြားခံပစ္စည်းကို သုံးရသည်။
သူပိုင် ကြားခံ ပစ္စည်းက အခြားမဟုတ် …..
စကားလုံးများသာ။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

Jul 5, 2009

ကန့်ကွက်မည့်သူ ရှိရင် ဖော်ပြလော (၃)

ယခင် အပိုင်း(၂)မှ အဆက် ….

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ
ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

နောက်ထပ် ဥပမာတစ်ခုကို ကြည့်ကြဦးမည်။
ပြဇာတ်ရေးဆရာ တစ်ဦးက ပြဇာတ် ရေးလေသည်။
ပြဇာတ်ရေးဆရာ သုံးခွင့်ရှိသော အချိန်၏အကြာမှာ သုံးနာရီသာ ဖြစ်သည်။
သို့ရာတွင် သူ့ဇာတ်လမ်းက ရက်တွေ၊ လတွေသာမက နှစ်တွေကို ဖြတ်သန်း
ဖြစ်ပျက်ရမည်။

ပြဇာတ်ဆရာ၌လည်း သုံးသော ပစ္စည်း၌ ကန့်သတ်ဘောင် ရှိနေလေသည်။
ဤကန့်သတ်ဘောင်အတွင်းမှ ပြဇာတ်ဆရာသည် အစ်အမှန်အချိန် (real time)
ပမာ ခံစားရမည့် ဇာတ်ခုံအချိန် (stage time) ကို ဖန်တီး လုပ်ဆောင်ပြရမည်။

ပြင်ပလောက၌ နာရီသည် လတွေနှင့် အရှည်အလျား တထပ်တည်းမကျကြောင်း
ကျွန်တော်တို့သိသည်။ သို့ရာတွင် ပြဇာတ်ကြည့်နေတုန်းတွင် ကျွန်တော်တို့
နာရီကို လအဖြစ် လက်ခံသည်။ နှစ်အဖြစ် လက်ခံသည်။

ကျွန်တော်တို့ ငယ်ငယ်က “ချစ်ရေစင်” ဇာတ်ကား ကြည့်ရသည်။ “မောင်တင်မောင်”
နှင့် “မေရှင်” တွေ့ကြ၊ ချစ်ကြပြီး ကွဲသွားကြသည်။ ကြည့်ချိန် နာရီပိုင်းအတွင်း
ပြတင်း၌ မေရှင် ပေါ်လာသည်။
“သြော် …. ပိတောက်တွေ ပွင့်ပြန်ပေါ့လား”
သည်လို ညည်းပြီး မေရှင်က သမိုင်း၌ ထာဝရ အသက်ရှင်နေသော ချစ်ရေစင် သီချင်း
ကို ဆိုသည်။
တစ်နှစ် … ။ တစ်နှစ် ကြာခဲ့ ပါပကောလား …။ မေရှင်နှင့် အတူ ကျွန်တော်တို့
လိုက်မျက်ရည်ဝဲသည်။

နာရီသည် နှစ် မဟုတ်။ သို့ရာတွင် ဇာတ်၌ နာရီကို နှစ်အဖြစ် ကျွန်တော်တို့ ကြည်
ကြည်ဖြူဖြူ လက်ခံသည်။ အတိုင်းအတာနှစ်ဖက်သာ ရှိသော ပန်းချီကားပြား၌
အတိုင်းအတာ သုံးဖက်ရှိသည်ဟု ကျွန်တော်တို့ ကြည်ကြည်ဖြူဖြူ လက်ခံသည်။

မရှိ … မဟုတ်သော အရာကို အရှိ … အဟုတ်ဟု မြင်ခြင်း ထင်ခြင်းကို အီလူးရှင်း
(illusion) ဟု ခေါ်သည်။ ထင်မြင် ယောင်မှားမှုဟု ကဗျာဆန်ဆန် ဘာသာပြန်ကြ
မည်။ အနုပညာနယ်မှ အဓိက ကျသော ထုံးတို့တွင် လူလက်ခံခြင်း သက်သက်သာ
မက။ ထင်မြင် ယောင်မှားမှုကို လက်ခံခြင်း (acceptance of illusion) ပါဝင်
နေသည်။

ဤသည်ကား အနုပညာထုံးတစ်ခု၏ ဒုတိယမြောက် အခြေခံမှု ဖြစ်လေသည်။
အနုပညာ ဆိုသည်မှာ ပို့ဆောင်ဆက်သွယ်ခြင်း (Communication) ကိစ္စ ရှိသည်။
စိတ်ကူးများ၊ အမြင်များ၊ ခံစားမှုများ၊ အကျိုးဝေဒနာများ (impressions) ကို ပို့ဆောင်
ဆယ်သွယ်ရေး ကြားခံပစ္စည်း (medium) ရှိသည်။ တိုအောင် ကြားခံပစ္စည်းဟု
ခေါ်ကြမည်။ ကြားခံပစ္စည်းနှင့် ယင်းက ပို့ဆောင်ဆက်သွယ်ပေးသော(၀ါ) ယင်းက
သယ်ပိုးသော အရာတို့သည် တပ်ထူမညီ အခြား ဖြစ်သည်။

ဇာတ်ခုံအချိန်သည် အစစ်အမှန် အချိန်မဟုတ်။ ကားချပ်တစ်ခု၌ တတိယ အတိုင်း
အတာ မရှိ။ စကားလုံးများသည် အရာဝတ္ထုတွေ၊ အဖြစ်အပျက်တွေ မဟုတ်။ ဤ
နမူနာတိုင်း၌ ကြားခံပစ္စည်း အသီးသီးနှင့် အပို့ဆောင်ခံ အရာတို့ကြား ခြားနား
သော ကြောင်းကျိုးဆက်သွယ်မှုများ ရှိသည်။ သို့ရာတွင် နမူနာအားလုံး၌ တူညီ
သော အခြေခံ အချက်တစ်ခု ရှိသည်။

ထိုအချက်ကား …..
“အရာတစ်ခုကို ယင်းမှတစ်ပါး ခြားနားသော အရာအဖြစ် လက်ခံခြင်း” ဖြစ်သတည်း။
ဤတွင် အနုပညာနယ်မှ လူလုပ်ထားသော ထုံးတို့ကို ကျယ်ကျယ်ပြန့်ပြန့် အနက်
အဓိပ္ပါယ် ဖွင့်ဆို၍ ရလေပြီ။
“Convention, therefore, so far as art is concerned, represents concurrence
in certain accepted methods of communication”
“ထို့ကြောင့် အနုပညာနယ်နှင့် ဆိုင်သမျှ ထုံးဆိုသည်မှာ လက်ခံထားပြီးဖြစ်သော
ပို့ဆောင်ဆယ်သွယ်ရေးနည်းတို့ကို လူအများ နှစ်ခြိုက်သဘောတူကြခြင်းကို
ဆိုလိုသည်”

အနုပညာတိုင်း၌ အခြေခံထုံးတို့သည် ထိုအနုပညာ၏ ကြားခံပစ္စည်း၏ သဘော
သဘာဝမှ ပေါက်ဖွား ကြီးထွားလာခဲ့သည်။ တဖန် ထုံးတို့သည် ထုံးအသစ်တို့ကို
လည်း မွေးဖွားပေးတတ်လေသည်။ ထုံးအမြစ်မ တစ်ခုမှ ထုံးမြစ်သေး မြစ်မွှားများ
ပွားလာပုံကို လိုက်လျှင် မဆုံး။

ရှိစေတော့။
ယခု ကျွန်တော်တို့က ကဗျာအကြောင်း ပြောနေကြသည်။ သည်တော့ ကဗျာမှ
ထုံးတို့၏ အခြေအမြစ်ကား အဘယ်နည်း။ ဤမေးခွန်းကို ဖြေရန် နောက်ထပ်
မေးခွန်းတစ်ခုကို မေးရမည်။

ကဗျာဆရာသည် ကဗျာဆရာတစ်ဦးအနေနှင့် ဘာပြဿနာတွေကို ဖြေရှင်းရန်
ရင်ဆိုင် တွေ့ရပါသနည်း။

ကဗျာဆရာတစ်ဦး ရင်ဆိုင်တွေ့ကြုံနေရသော ပြဿနာများကို စာရေးဆရာကြီး
ဝီလျံ ဂျိမ်းစ်” (William James) က နာမည်တပ်ပေးခဲ့ဖူး၏။
(The blooming welter)
တိုက်ရိုက်ဘာသာပြန် ဆိုရလျှင် …..
“ဖူးငုံပွင့်လန်း ဖြစ်ထွန်း လာနေသော ရောပြွမ်းရှုပ်ထွေးခြင်းများ” ဟု အဓိပ္ပါယ်ရသည်။

တောတခွင်၌ ဟိုအဖူးက ဖူးလိုက်၊ သည်အပွင့်က ပွင့်လိုက်၊ ဟိုအညွန့်က ထွက်
လိုက်၊ သည်အခက်က ဖြာလိုက်နှင့် စဉ်ဆက်မပြတ် ဖြစ်ထွန်းသည့် သဘော။
သို့မဟုတ် …..

ပင်လယ်ပြင်၌ ဟိုလှိုင်းက မြင့်လိုက်၊ သည်လှိုင်းက နိမ့်လိုက်၊ လူးသည့်လှိုင်းက
လူး၊ ပြေးသည့်လှိုင်းက ပြေး၊ ကွဲသည့်လှိုင်းက ကွဲ၊ ရေမြှပ်လေးတွေက တပွက်ပွက်
တစီတစီ၊ ရေ၀ဲကလေးတွေက တခွေခွေ တလည်လည်နှင့် စဉ်ဆက်မပြတ် ဖြစ်ထွန်း
နေသည့် သဘော။ တစ်နည်းဆိုရလျှင် အာရုံအဖြစ် စဉ်ဆက်မပြတ်ထင်၊ ထင်လာ
သည့် သဘောတွေ။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

Jul 4, 2009

ထင်းရှူးပင်ရိပ် (၂)

ရေးသူ- မောင်သာနိုး

ယခင် အပိုင်း(၁) မှ အဆက် …..

အနောက်တိုင်းကဗျာ
(၁)
“စိန်ခြူးကြာညောင်” နဲ့ “ကွန်မြူနစ် ကြေညာစာတန်း”

ဟိုးလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က စာရေးသူဟာ နိုင်ငံခြားသား သတင်းစာရာ
တစ်ဦးနဲ့အတူ ဗမာပန်းချီဆရာ တစ်ဦးအိမ် အလည်ရောက်သွားပါတယ်။ အတော်
အသင့် ထင်ရှားတဲ့ ပန်းချီဆရာတစ်ဦးပါ။ ပန်းချီအကြောင်း စကားပြောကြယင်းက
နိုင်ငံခြားမိတ်ဆွေက “ခင်ဗျားတို့ဆီမှာ ခုဘယ်လို ထရင်းတွေ လိုက်နေကြပါသလဲ”
လို့ မေးလိုက်ပါတယ်။ ကျွန်တော့် မိတ်ဆွေပန်းချီဆရာခမျာ သူ့မေးခွန်းကို နားမလည်
နိုင်အောင် ဖြစ်သွားရပြီး ကြောင်နေတော့တယ်။ ကျွန်တော်ကပဲ ၀င်ပြီး “သြော်
ကျွန်တော်တို့ဆီမှာ ထရင်းတွေ ဘာတွေသိပ်မရှိသေးပါဘူး ခင်ဗျာ၊ အစဉ်အလာ
လမ်းကြောင်းအတိုင်း ဒီလိုပဲရေးဆွဲနေကြပါတယ်” လို့ ပြောလိုက်ရပါတယ်။ အဲဒီ
အချိန်အပိုင်းဆီက ခေတ်ပြိုင် အနုပညာထရင်းတွေကို ခေတ်မီမီ လေ့လာသိမြင်နေ
တဲ့ ပန်းချီကျော်တွေလဲ မြန်မာပြည်မှာ ရှိကောင်းရှိနေပါလိမ့်မယ်။ ဒါပေမဲ့ တော်
တော် များများကဖြင့် ကျွန်တော်မိတ်ဆွေလို ကိုယ်သင်လာခဲ့ဖူးတဲ့ ရေးနည်း
ဆွဲနည်းကလေးနဲ့ပဲ လူပုံဆွဲလိုက် ရှုမျှော်ခင်းပုံဆွဲလိုက်၊ ရေဆေးဆွဲလိုက်၊ ဆီဆေး
ဆွဲလိုက် ဒါလောက်နဲ့ ပြီးနေကြသူတွေပါပဲ။ “မော်ဒန်အတ်”တို့ “ဆာရီယဲလစ်ဇင်း”
တို့ “အင်ပရက်ရှင်နစ်ဇင်း” တို့ဆိုတဲ့ အသံတွေ ပန်းချီလောကက ကြားရတာ
မကြာသေးပါဘူး။

ဒါပေမယ့် ဒီနေရာမှာ မြန်မာပန်းချီလောကဟာ မြန်မာစာပေလောကထက်
ကံကောင်းလှပါတယ်။ ခုနေခါမှာ ခေတ်ပေါ် မြန်မာပန်းချီကားတွေ ပေါ်နေပြီ၊
ပေါ်တာမှ တော်တော်အဆင့်အတန်းမီမီ ပေါ်နေပြီဖြစ်ပေမဲ့ “မော်ဒန်” မြန်မာ
ကဗျာရယ်လို့ မူးလို့မှ ရှုစရာ မရှိသေးပါဘူး။ ဟုတ်ကဲ့၊ ကျွန်တော်တို့ အောင်ချိမ့်
ဟာ လက်ဝဲသုဒ္နရလို ရတုပိုဒ်စုံ မရေးတော့ပါဘူး၊ ကျွန်တော်တို့ အိုအောင်ဟာလဲ
ရှင်မဟာ ရဋ္ဌသာရလို ဇာတ်ကြီးဆယ်ဖွဲ့ထဲက ကောင်းနိုးရာရာရှာပြီး ပျို့တစ်ပုဒ်
ခမ်းခမ်းနားနားဖြစ်အောင် အားထုတ်တာမျိုး မလုပ်တော့ပါဘူး။ ဒါပေမယ့် အကြောင်း
အရာတွေ ပိုပြီးကျယ်ပြန့်လာတာ၊ မျိုးစုံလာတာ၊ စာဟန်တွေ သစ်လာတာ(သစ်လာ
တာကော ဟုတ်မှဟုတ်ရဲ့လား)က လွဲရင် စာပေမှာ စိမ့်ဝင်နေတဲ့ “ခံစားနိုင်စွမ်း”
ဆိုတာကတော့ ပိန်မသာ လိန်မသာပါပဲ။ (ပူးတွဲ ပေးထားတဲ့ ဇယားကို ကြည့်ပါ။)

ကနေ့အချိန်မှာ ကျနော်တို့ဟာ အဘက်ဘက်က ခေတ်နဲ့ရင်ပေါင်တန်းနိုင်အောင်
အားထုတ်နေကြပြီ။ ခေတ်ကို အတော်အသင့်လိုက်မီလာတာလဲ ရှိရဲ့။ ဒါပေမယ့်
နောက်ကျနေတာက များနေသေးတယ်။ အဲဒီများတဲ့ထဲမှာ စာပေက ထိပ်ကပြေး
နေတယ်။ ဒီတော့ ကျနော်တို့ ဘာလုပ်ကြမလဲ။ ကျနော်တို့ ကြိုးစားကြရမယ်၊
လေ့လာကြရမယ်။ သူများတွေ ဘယ်အဆင့်ရောက်နေတယ်ဆိုတာကို သိမြင်
ကြရပေလိမ့်မယ်။ သိမြင်လာတာနဲ့အမျှ ပိုပြီး အစွမ်းထက်လာအောင်၊ အားကောင်း
လာအောင် လုပ်ကြရမှာလဲ။ “ပြည်သူအတွက်စာပေ” လို ကျွေးကြော်နေချိန်မှာ
ကျွန်တော်တို့ ကဗျာတွေဟာ ပြည်သူကိုအကျိုးပြုနေရဲ့လား။ အကျိုးပြုနေရင်
လည်း ဘယ်လောက် အဆင့်အထိ ထက်ထက်မြက်မြက်ပြုနေတာလဲ။ ဒီထက်
ထက်မြက်လာအောင်ကော မလုပ်နိုင်တော့ဘူးလား။ ဘယ်လို လုပ်ကြမလဲ။
ဒါကို ကျွန်တော်တို့ ဆန်းစစ်ကြရပါလိမ့်မယ်။

ရာဇ၀င်စာအုပ်ကို ခဏ ကောက်ကိုင်ပြီး ကျွန်တော်တို့တိုင်းပြည် အဘက်ဘက်
က ခေတ်နောက်ကျခဲ့ရခြင်း အကြောင်းကို ဆန်းစစ်ကြည့်ရင် အဓိက အကြောင်း
ရင်းက “အထီးကျန်ခြင်း” ၀ါ “အဆက်ပြတ်ခြင်း” ဆိုတာ တွေ့ရပါလိမ့်မယ်။
သူများတကာတွေ ကျောက်တိုင် ကျောက်လုံးကြီးတွေနဲ့ နန်းတော်ကြီးတွေ၊
ဘုရားကျောင်းကြီးတွေ တည်ဆောက်နေကြချိန်မျာ ကျွန်တော်တို့က သစ်ကလေး
ဝါးကလေးနဲ့ “သစ်ခက်တဲနန်း” အပြိုင်ဆောက်ကြတုန်းပဲ။ သူများတကာတွေ
ရေနွေးငွေ့ကို ကကြိုးတန်ဆာဆင်ပြီး စက်ကြီးတွေ၊ ယာဉ်ကြီးတွေ မောင်းနှင်း
လာနေချိန်မှာလည်း ကျွန်တော်တို့က “ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်”
တုန်းပဲ။ သူများတကာတွေက “ပစ္စည်းမဲ့ လူတန်းစားမှာ ဘာမှဆုံးရှုံးစရာ မရှိဘူး၊
နှောင်ကြိုးပဲ ဆုံးရှုံးစရာရှိတယ်” လို့ ကမ္ဘာတုန်အောင် ဟစ်ကျွေးလိုက်တဲ့ အချိန်
မှာလဲ ကျွန်တော်တို့ကတော့ “စိန်ခြူးရယ်တဲ့ ကြာညောင် ကြာညောင်” ကောင်း
တုန်းပဲ။ ကျွန်တော်တို့ ဖိုးဖွားတွေရဲ့ ဒီ “အဆက်ပြတ်မှု” အစဉ်အလာဆိုးကို
ကျွန်တော်တို့ဟာ ကနေ့အထိ အမွေခံချင်ကြတုန်းပဲ ဖြစ်နေတယ်။ ကျွန်တော်
တို့ အဖိုးအဖွားတွေထက် အများကြီး အခွင့်အလမ်းသာလာပြီဖြစ်တဲ့ ကျွန်တော်
တို့တတွေဟာ ဒီ “ဗမာဥာဉ်” ကြီးကို အစတုံးပစ်ဖို့ ကောင်းလှပြီ။

ဒီလို တင်ပြလိုက်တဲ့အတွက် ကျွန်တော်တို့ ဆိုလိုတာကို အဓိပ္ပါယ်အကောက်
မမှားလိုက်ဖို့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့က သူများလုပ်တဲ့ အတိုင်း
လိုက်လုပ်ရမယ်၊ အတုခိုးရမယ်လို့ ဂျောက်တွန်းနေတာ မဟုတ်ဘူး။ သူများ
ရောက်နေတဲ့ အဆင့်ကို သိရမယ်၊ သူများ သုံးနေတဲ့ နည်းနာတွေကို သိရမယ်၊
သူ့နည်းထဲက ကိုယ်လက်ခံနိုင်တာကို ယူသုံး၊ ကိုယ့်ဟာကိုယ် တီထွင်သင့်တာ
ကို တီထွင်၊ ဒီလိုလုပ်ခြင်းဖြင့် သူ့ထက်မကျော်ရင်သာရှိစေ၊ နောက်တော့ မကျ
စေရဘူး၊ ရင်ပေါင်တန်း ရှိနေစေရမယ်လို့ ကျွန်တော်တို့က ဆိုချင်တယ်။ ဒီ
ဆိုလိုချက်အတိုင်းပဲ ဒီစာအုပ်ကို ကျွန်တော်ပြုစုပါတယ်။ ဒီ စာအုပ်ထဲမှာ
ကျွန်တော် ရွေးချယ်တင်ပြထားတဲ့ ကဗျာဆရာ အားလုံးကို ကျွန်တော် သဘော
ကျတာ မဟုတ်ပါဘူး။ သူ့မှာ ထူးချွန်တာရှိခဲ့ရင်၊ သူ့နည်းကို သိသင့်တယ်လို
ယူဆယင် စာရင်းထဲမှာ ထည့်လိုက်တာပါပဲ။ ဒီစာအုပ်ဟာ ကနေ့ခေတ်ရဲ့
သြဇာတိက္ကမ ကြီးမားတဲ့ ကမ္ဘာ့အစိတ်အပိုင်းဖြစ်တဲ့ အနောက်တိုင်းက ကဗျာ
ဆရာတွေရဲ့ ကဗျာ့လမ်းကြောင်းတွေ၊ သူတို့သုံးနေတဲ့နည်း (တက်ခနိက)တွေ၊
အယူအဆတွေကို အထိုက်အလျောက် စုံစုံစေ့စေ့ မိတ်ဆက်ပေးနိုင်အောင်
“နိပါတ်ခင်း” ပြနိုင်အောင် အားထုတ်ထားပါတယ်။

(ဆက်ရန် ….။)

(မှတ်ချက်။ ။ အမျိုးသားစာပေ အကျိုးစီးပွားအတွက် သိမ်းဆည်းထားသော
ဆရာမောင်သာနိုး၏ ထင်းရှူးပင်ရိပ် စာအုပ်ကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာမောင်သာနိုးနှင့် ဆရာ့မိသားစုဝင်များအား
ရိုသေစွာ တောင်းပန်အပ်ပါသည်။ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

Jul 3, 2009

ထင်းရှူးပင်ရိပ် (၁)

ရေးသူ- မောင်သာနိုး

(မှတ်ချက်။ ။ အမျိုးသားစာပေ အကျိုးစီးပွားအတွက် သိမ်းဆည်းထားသော
ဆရာမောင်သာနိုး၏ ထင်းရှူးပင်ရိပ် စာအုပ်ကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာမောင်သာနိုးနှင့် ဆရာ့မိသားစုဝင်များအား
ရိုသေစွာ တောင်းပန်အပ်ပါသည်။ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

tharnoe1.jpg

tharnoe2.jpg


tharnoe3.jpg

tharnoe4.jpg

tharnoe5.jpg

Jul 2, 2009

ကန့်ကွက်မည့်သူ ရှိရင် ဖော်ပြလော (၂)

ယခင် အပိုင်း(၁)မှ အဆက် ….

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ
ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

(၃)
နိမိတ်ပုံတွေသာမက ဂျွန်ကိ(တ်)စ်၏ စကားကလည်း ပေါ်လာသည်။

ကျွန်တော်တို့က ကဗျာဖတ်သည်။ ကဗျာစပ်သည်။ မကြာခဏ ကဗျာဆိုသည်။
ဘာနည်းဟု ဆွေးနွေးကြသည်။ အင်း … ငြင်းခုံသည့် အခါလည်း ငြင်းခုံကြသည်။
အမှန်က ကဗျာအကြောင်း ကျွန်တော်တို့ ဘယ်လောက် သိကြသနည်း။

ဂျွန်ကိ(တ်)(စ်)ကတော့ ရိုသားစွာ ၀န်ခံသည်။
ကဗျာပညာဆိုသည်က ဧရာမ ကျောက်တောင် နံရံကြီးပါ။ သူနှင့်ယှဉ်တော့ လူဆိုသည်က
သေးသေးလေး။ နိမ့်နိမ့်လေး။ မော့ကြည့်လိုက်တိုင်း ကျောက်တောင်နံရံကြီးက စီးစီးမိုးမိုး
ကြီး။ မြင့်မြင့်မားမားကြီး။ ရှိသမျှ သတ္တိလေးတွေကုန်ပြီး ဇက်ပုသွားချင်သည်။ အေးအေး
ဆေးဆေး ရိုးရိုးသားသား ရွက်စားမုန်လာပွင့် လိုက်ခူးနေရသည်က အကောင်းသား။
သို့ရာတွင် ကျောက်တောင်နံရံကြီးကို မော့မော့မကြည်ဘဲလည်း မနေနိုင်။

ကျောက်တောင်နံရံကြီးက ….
ကျွန်တော်တို့ စကားတစ်ခွန်းကို ဘာသာပြန်ကြည့်ရအောင်။
ရောမအလင်္ကာဆရာကြီး ဆီးဆီလိယက်စ် (Caecilius) က စပြောသည်။ ထို့နောက်
ရောမတွင်နေသော ခေါမပညာရှင် လွန်ဂျီနက်စ် (Longinus) က အဓိပ္ပါယ်အကျယ်
ဆက်ဖွင့်သည်။ …. ဟူးပဆက်စ် (Hupsous) … ။

ခေါမ စကားလုံးနောက်တွင် အင်္ဂလိပ်စကား ဆက်ဘလင်းမ်ဟု ဘာသာပြန်သည်။
ဂျာမန် ဒဿနပညာရှင်ကြီး ကန်းတ် (Kant) က သဘာဝ တရားကြီး၌ ရှိသော
ဆက်ဘလင်းမ် ဂုဏ်သတ္တိအကြောင်း အောက်ပါအတိုင်း ဖွင့်ဆိုသည်။

ရဲဝံ့သည်။ စီးမိုးထားသည်။ ထို့ကြောင့် ခြိမ်းခြောက်သည်။ ခြိမ်းခြောက်ပြနေသော
ကျောက်တောင်ထွတ်ကြီးများ၊ လျှပ်ပန်းတွေဖြာ၊ မိုးကြိုးပစ်သံတွေနှင့်အတူ ရွေ့လျား
ခြင်းက ကောင်းကင်တွင် တလိပ်လိပ် ဆင်တက်လာနေသော တိမ်တိုက်ကြီးများ၊
အကြမ်းပတမ်း နိုင်လှသော ဖျက်ဆီးမှုစွမ်းအင်ကို ပြနေသော မီးတောင်ကြီးများ၊
သူ့နောက်တွင် ပျက်စီးမှုတွေ တပုံကြီးထားခဲ့သော မုန်တိုင်းကြီးများ၊ ဒေါသူပုန်ထနေ
သည့် ဆုံးစ မမြင်သော သမုဒ္ဒရာကြီးများ၊ အားကြီးသော မြစ်ကြီးမှ မာန်ဟုန်ပြင်းသော
ရေတံခွန်ကြီးများ စသည် စသည်။ ဤဥပမာများက သူတို့၏ တန်ခိုးအင်အားနှင့်
ယှဉ်လိုက်လျှင် လူ့စိတ်၏ ခုခံနိုင်စွမ်းကို သေးသေးမှုန့်မှုန့် ဖြစ်သွားစေသည်။
သို့ရာတွင် ဘေးကင်းစိတ်ချရာမှ ကြည့်နေရလျှင် သူတို့ကို မြင်ရသည်မှာ ကြောက်
စရာကောင်းလေ သူတို့က ဆွဲဆောင်ညှို့ငင်လေ ဖြစ်သည်။ ဤဥပမာအခြင်းအရာ
တို့ကို မရောက်ဖူးသော အမြင့်ဆီ ရောက်အောင် မြှင့်တင်ပေးသည်။

ကျွန်ုပ်တို့၏ စိတ်သန္တာန်တွင်းမှ တမျိုးတမည်ဖြစ်သော ခုခံနိုင်စွမ်းကိုလည်း
မျက်မှောက်ပြု တွေ့သိစေသည်။ ဤအသစ် တွေ့သိသော စိတ်၏ ခုခံနိုင်စွမ်းက
သဘာဝတရားကြီး၌ ထင်ရှားရှိနေသော အလုံးစုံလွှမ်းခြုံသည့် တန်ခိုးစွမ်းနှင့်
ပခုံချင်း ယှဉ်ဝံ့အောင် ကျွန်ုပ်တို့အား သတ္တိသွေး ပေးလေ၏။

ဤဖွင့်ဆိုချက်အတိုင်းဆိုသော် ဆက်ဘလင်းမ် ဆိုသည်မှာ လူ့စိတ်ကို အမြင့်
ရောက်အောင် မြှင့်ပေးသော အမြင့်မြှင့်ဂုဏ် ဖြစ်လေသည်။
ဟူးပဖက်စ်၊ ဆက်ဘလင်းမ် ဟူသော စကားတို့၏ အဓိပ္ပါယ်မှာ အမြင့်မြှင့်ဂုဏ်ဟု
ဘာသာပြန်နိုင်သည်ဟု ထင်သည်။ ကျွန်တော်တို့ လင်္ကာကျမ်းများ၌ ဆိုသော
ကိုးပါးသော နာဋယရသ မှ အဗ္ဘူတ သဘောနှင့် ဆင်သည်။ ၀ီရရသ၊ ဘယာနကရသ
သဘောတွေနှင့်လည်း မကင်း။

ကန်း(တ်)က သဘောတရားကြီး၌ ရှိနေသော အမြင့်မြှင့်ဂုဏ်သာမက ကဗျာ၌ရှိသော
အမြင့်မြှင့်ဂုဏ်ကိုပါ ပြောသည်။ ဆီးဆိလိယက်စ်တို့၊ လွန်ဂျီနက်စ်တို့ကလည်း
ကဗျာမှ အမြင့်မြှင့်ဂုဏ်ကို ပြောသည်။

ကဗျာပညာကို ကျောက်တောင်နံရံကြီးနှင့် နှိုင်း၍ ညည်းဆိုစဉ်အခါက ဂျွန်ကိ(တ်)(စ်)
၏ စိတ်တွင် ကန်း(တ်)၏ အမြင့်မြှင့်ဂုဏ် ဖွင့်ဆိုချက်အရိပ်ကြီး မိုးနေသည်ဟု ကျွန်တော်
ထင်သည်။ အင်း …. ယခုလည်း ကျွန်တော့် စိတ်တွင် ထိုအရိပ်ကြီး မိုးနေသည်။

ကြီးကျယ်မြင့်မြတ်လှသော ကဗျာအကြောင်း ငါပြောပြနိုင်ပါ့မလား။ ငါက ဘာကောင်
မို့နည်း။ ငါလည်း ကိ(တ်)(စ်)လိုပင် ကျောက်တောင်ကြီးအောက်မှာ … မြင်းခွာရွက်
နုတ်နေသူ။

ခက်သည်က ကန်း(တ်) ပြောခဲ့သလိုပင် သည်ကျောက်တောင်ကြီးက တခါမြင်
မိလျှင် အခါခါ မော့မကြည့်ဘဲ မနေနိုင်။
သည်တော့ မော့ကြည့်မိသည်။ မြင်းခွာရွက်ထက် နည်းနည်းပါးပါး သာသည်တို့ကို
အသင့်အတင့် ပြောပြနိုင်မည် ထင်ပါသည်။

(၄)
ပြောစကားမှ အသံတွေ၊ ရေးစကားမှ အက္ခရာတွေသည် အစက ဘာမှ မဟုတ်။
အနတ္တတွေသာ ဖြစ်သည်။ မမှတ်မိနိုင်တော့သော ရှေးပဝေသဏီ တချိန်က
အများသဘောတူ သတ်မှတ်လက်ခံချက်ကြောင့် အဓိပ္ပါယ်တွေ ရှိလာရသည်။

ဤတွင် ထုံးတစ်ခု၏ အခြေခံမူ (element) ပေါ်လာသည်။
လူလက်ခံခြင်း (acceptance) ဖြစ်လေသည်။
အနုပညာမှ ထုံးတို့အတွက် အခြား အခြေခံမူ တစ်ခု ရှိသေးသည်။
ဥပမာ အဖြစ် ပန်းချီပညာကို ကြည့်ကြမည်။

ပန်းချီဆရာ တစ်ဦးသည် ရှုမျှော်ခင်း ပန်းချီတချပ်ကို ဆွဲမည် ပြင်သည်။
အပြင်လောကမှ တကယ့် ရှုမျှော်ခင်း၌ အတိုင်းအတာ (dimension) သုံးဖက်
ရှိသည်။ အလျား၊ အနံ၊ ထု။ သူ သုံးသည့် ကားချပ်မှာက အလျားနှင့် အနံ
ဟူသည့် အတိုင်းအတာ နှစ်ဖက်သာ ရှိသည်။ နှစ်ဖက် အတိုင်းအတာသာရှိသော
ပစ္စည်းပေါ်တွင် သုံးဖက် အတိုင်းအတာပေါ်အောင် သူ လုပ်ရလေမည်။

သူ သုံးသော ပစ္စည်း၏ ကန့်သတ်ဘောင် (limitation) အတွင်းမှ ပြားနေသော
အရာ၌ ထု- အနက်ပေါ်သည့် အသွင် ဖြစ်လာအောင် သင်္ကေတနိမိတ်ပုံများ
(Symbois) ကို သူ တီထွင် ဆောက်လုပ်ရမည်။ သူက တီထွင် ဆောက်လုပ်သည်။
လူတို့က လက်ခံသည်။ ဤသို့ဖြင့် ပန်းချီကား ပြားချပ်ချပ်ကြီး၌ မရှိသော
ထု- အနက်ကို အရှိအဖြစ် ကျွန်တော်တို့ မြင်ကြသည်။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

Jul 1, 2009

ကန့်ကွက်မည့်သူ ရှိရင် ဖော်ပြလော (၁)

လီရနာ၊ဂင်္ဂါ၊ဧရာဝတီ
ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

(၁)
“ကဗျာပညာ ကျောက်တောင် နံရံကြီးက ကျွန်တော့် အထက်မှာ မြင့်မြင့်မားမားကြီး
စီးမိုးထားသည်။ သူ့အောက်မှာ ကျွန်တော်တစ်ယောက်က ရွက်စားမုန်လာပွင့်
လိုက်ခူးနေသူသာ ဖြစ်သည်။ ကြောက်ရွံ့တုန်လှုပ်ဖွယ် ကောင်းလှသော
အလုပ်ပါတကား”
ဂျွန်ကိ(တ်)(စ်)

(၂)
ကဗျာအကြောင်း ပြောမည်ကြံသောအခါ နိမိတ်ပုံလေးတွေ ခေါင်းတွင်း ၀င်လာသည်။

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ ….. ။
လီရနာ ဆိုသည်မှာ ခေါမတိုင်း အားဂတ်စ် (Argos) နယ်မှ မြစ်ကလေးတစ်ခု၏
အမည် (Lerna) ဟု စာလုံးပေါင်းထားလေရာ၊ လားနာဟု အသံထွက်သည်လား၊
လီရနာဟု အသံထွက်သည်လား ကျွန်တော် သေချာပေါက် မသိ၊ ဖြစ်နိုင်ဖို့ များသည့်
လီရနာဟုပဲ ခေတ္တခေါ်ကြရအောင်။

ဟိုရှေးရှေးတုန်းက …. ။
ဟိုရှေးရှေးတုန်းက ဆိုသည်မှာ ဖြစ်ချင်တာဖြစ်နိုင်သော သမိုင်း ဟိုမှာဘက်အခါ
ကို ဆိုလိုပါသည်။ ထိုခေတ်အခါကို မစ်သီကယ်လ်အေးခ်ျ (Mythical Age) ဟု
ခေါ်ပါသည်။ ယုံစရာ ပုံပမာခေတ် … ဤသို့ ကဗျာဆန်ဆန် ခေါ်ကြမည်။

အဲသည့် ယုံစရာ ပုံပမာခေတ် ဟိုရှေးရှေးတုန်းက အားဂက်စ်ပြည့်ရှင်သမီး
မင်းသမီးလေး အေမီမနီး (Amymone) နှင့် ခေါမတန်ခိုးရှင် နတ်ဘုရား ပိုးဆိုက်ဒင်
(Poseidom) တို့ တောတွင်း တစ်နေရာမှာ ဆုံတွေ့ ချစ်ကြိုးခွေမိသည်။

အားဂက်စ် တစ်နယ်လုံး မိုးတွေခေါင်၊ မြစ်တွေခန်း၊ ရေတွေရှားနေသည်မို့ အေမီမနီး
သည် ခမည်းတော် အမိန့်နှင့် ရေရှာရန် ထွက်လာခဲ့ခြင်းဖြစ်လေသည်။
မိုးတွေခေါင်၊ မြစ်တွေခန်းအောင် ပိုးဆိုက်ဒင်ကပင် လုပ်ထားခြင်းဖြစ်သည်။
ယခုတော့ သံယောဇဉ်နှောင်ဖွဲ့မိသူလေး၏ ကိုယ်ရေးဒုက္ခ ဖြစ်နေပါပကော။

ကျောက်ဆောင်တစ်ခုထက် ထိုးစိုက်နေသော မိမိ၏ အသွားသုံးခွရှိသော လှံကြီးကို
ပိုးဆိုက်ဒင်က အေမီမနီးကို ဆွဲနုတ်စေသည်။ လှံသွားရာ သုံးပေါက်မှ ရေချိုတွေ
ပန်းထွက်လာပြီး လီရနာမြစ်ဖြစ်၍ စီးသွားသည်။

ထိုအချိန်မှစ၍ အေမီမနီး ရေထွက်ဦးက ဘယ်သောအခါမှ ရေထွက်မရပ်။ ဘယ်မြစ်
တွေ ရေခန်းခန်း လီရနာမြစ်က မခန်း။
ချစ်ခြင်းမေတ္တာ ရေထွက်ဦးနှင့် သည်ရေထွက်ဦးမှာ မြစ်ဖျားခံလေသည့်မြစ် ….။
ကဗျာဆန်သည်။

သြော် … ကျွန်တော်တို့နှင့် အတော်ရင်းနှီးသော ဂင်္ဂါမြစ်ကြီး မြစ်ဖျားခံလာပုံကလည်း
ဆန်းကြယ်သည်။ ဟိမ၀န္တာတောင်ကြီးကား အကျယ်ယူဇနာ သုံးထောင်၊ အမြင့်ယူဇနာ
ငါးရာ၊ တောင်ထွတ်ပေါင်း ရှစ်သောင်း လေးထောင် ရှိသည်။ ကေလာသ၊ကာလ၊ စိတြ၊
သုဒဿန၊ ဂန္ဓမာဒနတို့ကား ထူးခြားသော တောင်ထွတ်ကြီး ငါးခုဖြစ်၏။ ထိုတောင်
ထွတ်ကြီးငါးခုတို့၏ အကြား တောင်ထိတ်ဝယ် အန၀တတ်ရေအိုင် ရှိလေသည်။

ထိုရေအိုင်ကြီး၌ အရှေ့ဘက်တွင် ခြသေ့င်္ခံတွင်း၊ မြောက်ဘက်တွင် မြင်းခံတွင်း၊
အနောက်ဘက်တွင် ဆင်ခံတွင်း၊ တောင်ဘက်တွင် နွားခံတွင်းနှင့် တူကုန်သော
ပြွန်လေးခုရှိသည်။

ခြသေ့င်္ပြွန်မှထွက်သော ရေတို့သည် အရှေ့အရပ်သို့ မြစ်တွေဖြစ်လျက် စီးသွားသည်။
မြင်းပြွန်မှထွက်သော ရေတို့သည် မြောက်အရပ်သို့။ ဆင်ပြွန်မှထွက်သော ရေတို့သည်
အနောက်အရပ် ဥရောပဆီသို့၊ နွားပြွန်မှထွက်သော ရေတို့သည် တောင်အရပ်ဆီသို့
အသီးသီး မြစ်တွေဖြစ်လျက် စီးသွားကြကုန်၏။

နွားပြွန်မှထွက်သော ရေတို့သည် အန၀တတ်အိုင်ကြီးဆီ ဦးတည်လျက် လက်ယာရစ်ဝဲ
နှစ်ပတ် သုံးပတ် လှည့်သည်။ ထိုနေရာကို အာဝဋဂင်္ဂါဟု ခေါ်သည်။ ထိုမှ တောအရပ်
ကဏ္ဍမည်သော ကျောက်ဖျာပေါ်တွင် ယူဇနာခြောက်ဆယ်ခန့် စီးသွားသည်။ ထိုအရပ်
ကို ကဏ္ဍဂင်္ဂါဟု ခေါ်ကြသည်။ ထိုမှ တောင်ဘက် အနိမ့်ချောက်ထဲသို့ မြေမထိဘဲ
ကောင်းကင်ခရီးဖြင့် ယူဇနာခြောက်ဆယ်ခန့်သွား၍ တိရင်္ဂလကျောက်ဖျာပေါ်သို့
ကျသည်။ ကောင်းကင်ခရီးဖြင့် စီးသွားသော ရေစိုင်ရေလုံးကြီးကို အာကာသဂင်္ဂါဟု
ခေါ်ကြသည်။

ထိုမှ တိရင်္ဂလကျောက်ဖျာထက်တွင် ထူးအိုင်ကြီး ဖြစ်သွားရာ တိရင်္ဂလရေကန်ဟု
ခေါ်ကြသည်။ ထိုရေကန်မှ ကျောက်ကမ်းပါးကို ထိုးဖောက်လျက် တောင်ဘက်သို့
ယူဇနာ ခြောက်ဆယ်ခန့် စီးလာပြန်၏။ ထိုအရပ်ကို ဗဟလဂင်္ဂါဟု ခေါ်ကြသည်။
ထိုမှ တောင်အရပ်သို့ မြေထဲငုပ်လျှိုးလျက် ဥမင်ထွင်း၍ ယူဇနာခြောက်ဆယ်ခန့်
သွားပြန်သည်။ ထိုအရပ်ကို ဥမင်္ဂဂင်္ဂါဟု ခေါ်ကြသည်။ ဥမင်္ဂဂင်္ဂါမှအထွက်တွင်
ဝိဇ္ဇာမည်သော တောင်ကြီးသို့ တိုက်၍ ရေငါးစိုင် ကွဲသည်။ တစ်စိုင်ကား ဂင်္ဂါ၊
တစ်စိုင်ကား ယမုန်နာ၊ တစ်စိုင်ကား အစိရ၀တီ၊ တစ်စိုင်ကား မဟီ၊ တစ်စိုင်ကား
သရဘူဟု မြစ်ကြီးငါးသွယ် ဖြစ်သွားသည်။

ဂင်္ဂါမြစ်ကြီး၏ ဇာတ်လမ်းက ကြီးမားထည်ဝါ ခံ့ညားရွံ့လောက်သည်။ ကဗျာခံစား
မှုစကားနှင့် ပြောရလျှင် ဆက်ဘလင်းမ် (Sublime) ဖြစ်သည်။

ဧရာဝတီဇာတ်လမ်းကကော … ။
ရှေးရှေးတုန်းက ဧရာဝတီ နှစ်ခုရှိသည်။ တစ်ခုက ဘာရတဗာရှဟု ခေါ်သော
ဟိုရှေးရှေးတုန်းက အိန္ဒိယတိုက်ငယ်မှာ ရှိသည်။ (Iravati) ဟု စာလုံးပေါင်းပြီး
ခရမ်းပိမ့်ပင်(၀ါ) လိမ္မော်ပင်ပေါများရာ မြစ်ဟု အဓိပ္ပါယ်ရသည်။ သိန္ဒုမြစ်ကြီးကို
သူရဿတီမြစ်နှင့် ဆုံရာမှ အထက်သို့ ဆန်လိုက်သွားပါ။ တစ်နေရာတွင် သုံးမြွှာ
ကွဲနေပြန်၏။ အလယ်မြစ်အတိုင်း ဆက်၍ ဆန်တက်ပါ။ ထိုမြစ်သည်လည်း
သုံးမြွှာ ထပ်ကွဲသည်။ ယင်းသုံးမြွှာအနက် အရှေ့ဘက်ဆုံးမှ မြစ်အမည်က
ရှေးရှေးက ဧရာဝတီ၊ မဒရဘိုင်းမှာ ရှိသည်။ ယခုအခါ တစ်ပါးသော ယဉ်ကျေးမှု
အောက်ရောက်၍ ရှေးအမည်ပျောက်ကာ ရာဝီ (Ravi) ဟုသာ သိကြသည်။

ကျွန်တော်တို့ပိုင် ဧရာဝတီက မြန်မာပြည်မြောက်ပိုင်း၌ စသည်။ ဟိမ၀န္တာကြီး၏
အရှေ့ဘက်ရှိ မြစ်တွေမှာ ခြသေ့င်္ပြွန်မှ ထွက်သည်ဆိုတော့ … မစ်သီကယ်သဘော
အရ ကျွန်တော်တို့ ဧရာဝတီသည်လည်း ကမ္ဘာ့ဦးက ကမ္ဘာ့တန်ဆာ အန၀တတ်
အိုင်ကြီးမှ လာသည်။ ဂင်္ဂါနှင့် ဆွေမျိုးအရင်းကြီးတော်သည်။

သြော် … လီရနာမြစ်သည်လည်း ဆင်ပြွန်မှ လာသောရေဟု ခေါ်နိုင်သည်။
လီရနာမြစ်က မြေထဲပင်လယ်တွင်း စီးဝင်သည်။ ဂင်္ဂါမြစ်နှင့် ဧရာဝတီတို့က
အိန္ဒိယသမုဒ္ဒရာအတွင်း စီးဝင်းသည်။

သမုဒ္ဒရာရေဆိုသည်က တစ်ခုနှင့်တစ်ခု ဆက်နေသည်။ မဆက်ပါနှင့်ဟု ပြောမရ။
ကမ္ဘာမြေအထက်မှာက လေထုရှိသည်။ အဲသည် လေထုတွင်းမှာက သမုဒ္ဒရာမှ
တက်လာသော ရေခိုးရေငွေ့တွေရှိသည်။
လီရနာရေ၊ ဂင်္ဂါရေ၊ ဧရာဝတီရေတို့သာမက ရှိရှိသမျှ မြစ်ရေတို့ သမုဒ္ဒရာမှာလည်း
ဆုံကြသည်။ လေထုတွင်းမှာလည်း ဆုံကြသည်။ ပြီးတော့ ….

ကမ္ဘာမြေပြင်ပေါ် မိုးရေအဖြစ် ပြန်ကျကြသည်။
လီရနာရော၊ ဂင်္ဂါရော၊ ဧရာဝတီရော …. တူမျှသော ဂုဏ်တစ်ခု ရှိသေးသည်။

ကမ္ဘာတည်သရွေ့ …. သူတို့မခန်းပါ။
ကဗျာအကြောင်းပြောမည်ကြံရုံနှင့် ကျွန်တော့်ခေါင်းတွင်းမှာ ပေါ်လာသော
နိမိတ်ပုံများ ဖြစ်ပါသည်။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်အား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)